Bangkokpost.com, 8th February 2010
မြန်မာနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ ဆန်တင်ပို့မှု ပမာဏ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာသို့ ဆန်တင်ပို့မှု ဈေးကွက် ဝေစုများ ဆုံးရှုံးသွားနိုင်ပြီး၊ ထိုင်းအနေဖြင့် ကမ္ဘာ့နံပါတ် (၁) ဆန်တင်ပို့သော နိုင်ငံအဖြစ်မှ နေရာ ဖယ်ပေး ရနိုင်ပါသည်။
ထိပ်တန်း စက်မှု ပညာရှင် အချို့က ပြောကြားရာတွင် ဒေသတွင်း ဆန်တင်ပို့မှု အောင်မြင်လာခြင်းသည် အရှေ့တောင် အာရှ တစ်ခုလုံး၏ စီးပွားရေးကိုပါ ဆွဲတင်သလို ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့်လည်း သူ၏ နေရာကို ကမ္ဘာ့ အဓိက ဆန်ရောင်းဝယ်ရာ ဗဟိုဌာန အဖြစ် ဖွင့်ပေးခြင်းဖြင့် ဆက်လက်ထိန်းသိမ်းရန် အခွင့်အလမ်းများ ရရှိမည် ဖြစ်ပါသည်ဟု ပြောကြားခဲ့ ပါသည်။
မိမိတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်တို့၏ ဆန်တင်ပို့မှု မြင့်တက်လာမှုကို စိုးရိမ်နေမည့်အစား မိမိတို့ နည်းပညာများ လေ့လာရေး၊ ဈေးကွက် ရှာဖွေရေး၊ ဖြန့်ဝေမှု စွမ်းရည် တိုးတက်စေရေး၊ ဆန်ထုတ်လုပ်မှု စွမ်းအားနှင့် အခြေခံ အဆောက်အအုံ ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအား ဆန်ရောင်းဝယ်ရေး ဗဟိုဌာန ဖြစ်အောင် မြှင့်တင်ရေးတို့ကို အာရုံပြု လုပ်ဆောင်သင့်ကြောင်း ထိုင်း ဆန်တင်ပို့သူများ အသင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားခဲ့ပါသည်။
ထိုသို့ ပြုလုပ်ခြင်းကြောင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (AFTA) အရ ရရှိမည့် အကျိုးရလဒ်များကို တိုးတက်အောင် ပြုလုပ်နိုင်လိမ့်မည် ဖြစ်ပါသည်။ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံတို့သည် ယခု ဇန်နဝါရီလ (၁) ရက်နေ့ မှစ၍ ဆန်သွင်းကုန် အပေါ် အခွန် ကောက်ခံမှု ပယ်ဖျက်ပေးရန် သဘောတူညီပြီး ဖြစ်ပါသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ်တို့သည် ၂၀၁၅ ခုနှစ်တွင် စတင်ရန် သဘောတူကြပြီး ဖြစ်ပါသည်။
အာဆီယံ ဒေသသည် ၂၀၀၈ ခုနှစ်က ဆန်တန်ချိန် သန်းပေါင်း ၁၀၈ သန်း ထုတ်လုပ်ခဲ့ပြီး၊ တစ်ကမ္ဘာလုံး ထုတ်လုပ်မှု ဆန်တန်ချိန် သန်းပေါင်း ၄၃၃ သန်း၏ ၂၄ % ရှိပါသည်။
ထိုင်းနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့သော နိုင်ငံ နှစ်ခု ဖြစ်ပြီး နှစ်နိုင်ငံပေါင်း ဆန်တန်ချိန် ၁၄ သန်း တင်ပို့ခဲ့ရာ မနှစ်က တစ်ကမ္ဘာလုံး ဆန်တင်ပို့မှု ပမာဏ၏ တစ်ဝက် ရှိပါသည်။
၂၀၀၉ ခုနှစ်က ဗီယက်နမ်သည် ဆန်တန်ချိန် ၆ သန်း တင်ပို့ခဲ့ပြီး ယမန်နှစ်က တန် ၄.၆ သန်းသာ တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် မနှစ်က ဆန်တန်ချိန် တစ်သန်းခန့် တင်ပို့နိုင်ခဲ့ရာ လွန်ခဲ့သော နှစ်နှစ်က တန် ၃၀,၀၀၀ သာ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
Mr. Chookiat က ပြောကြားရာတွင် အဆိုပါ နိုင်ငံများ၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ဈေးနှုန်းတွင် ပြိုင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု စရိတ် သက်သာပြီး၊ ထွက်နှုန်း မြင့်သောကြောင့်ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည် ဆန်တိုးတက် တင်ပို့ရန် အလားအလာ အများကြီး ကောင်းကြောင်း၊ ၎င်း၏ မြစ်ဝကျွန်းပေါ် ဒေသတွင် စိုက်ပျိုး ဧရိယာကောင်း များစွာ ရှိပြီး တစ်နှစ်လျှင် ဆန်တန်ချိန် တန်သန်း ၃၀ ထိ ထုတ်လုပ်နိုင်ရန် များစွာ အထောက်အကူ ပြုကြောင်း ၎င်းက ပြောပါသည်။
သို့သော် မြန်မာနိုင်ငံတွင် ပိုမို ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် နည်းပညာများ လိုအပ်နေဆဲ ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံကို ဒေသတွင်း ဆန်ရောင်းဝယ်မှု ဗဟိုဌာန အဖြစ် ရောက်ရှိအောင် နှစ်အနည်းငယ် စောင့်ရဦးမည် ဖြစ်ကြောင်း ပြောပါသည်။ ထိုင်းနိုင်ငံသည် ပထမအဆင့် အနေဖြင့် အာဆီယံ အဖွဲ့ဝင်များကို ဆန်ဈေးကွက် ဖွင့်ပေးရမည် ဖြစ်ပြီး၊ ပြန်လည် တင်ပို့ရန် တင်သွင်းလာသည့် ဆန်များကို ထိုင်းဆန်များနှင့် မရောမိစေရန် ဂိုဒေါင်များတွင် ရှင်းရှင်းလင်းလင်း ခွဲထားရန် လိုအပ်ကြောင်း ၎င်းက ပြောပါသည်။
နိုင်ငံခြားသား ပွဲစားများနှင့် ရောင်းဝယ်ရေး ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ခြေချင်းလိမ်နေပြီး၊ စပါးများကို ဈေးအနိမ့်ဖြင့် ဝယ်ယူနေကြကြောင်း ၎င်းက ပြောပါသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ဈေးနှုန်း ပြိုင်ဆိုင်ရမှုကို ရှောင်ရှားနိုင်ပါသည်။ အထူးသဖြင့် ၂၅ မှတ် ဆန်ဖြူ (25 % grade white rice) တွင် မြန်မာနိုင်ငံမှ ဆန်သည် ဈေးပိုပေါ ပါသည်။ ယမန်နှစ်က ၂၅ မှတ် ဆန်ဖြူ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၄၀ (၁၁၂၅၆ ဘတ်) မှ ၃၅၀ ထိ မြန်မာနိုင်ငံမှ ဈေးဖွင့်ခဲ့ချိန်တွင် ထိုင်းဆန်သည် တစ်တန်လျှင် ဒေါ်လာ ၅၀၀ ရှိပါသည်။
Chookiat က ဆက်လက် ပြောကြားရာတွင် ဗီယက်နမ် ဆန်တင်ပို့သူများသည် ကမ္ဘောဒီးယားအား ပူးပေါင်း ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘောဒီးယားသည် ပြီးခဲ့သည့် နှစ်များအတွင်း ဆန်ထုတ်လုပ်မှု တိုးတက်လာခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ထိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Pramotc Vanichanont ကလည်း Chookiat ၏ အမြင်အတိုင်း ထပ်တူ ပြောကြားခဲ့ပါသည်။
အစိုးရ အနေဖြင့် ဆန် ထုတ်လုပ်မှုကို လာမည့် ၅ နှစ် မှ ၁၀ နှစ် အတွင်း မဟာဗျူဟာ စီမံကိန်းများ ချမှတ်ကာ အာဆီယံ နှင့် အာဆီယံ + ၃ နိုင်ငံတို့၏(တရုတ်၊ တောင်ကိုရီးယား နှင့် ဂျပန်) ဈေးကွက်ကို ချဲ့ထွင်ပြီး ဝင်ငွေများ ရရန် ပြုလုပ်သင့်ကြောင်း Pramote က တောင်းဆိုခဲ့ပါသည်။
မိမိတို့ အနေဖြင့် အရည်အသွေး အမြင့်ဆုံး ဆန်များ ရောင်းချနိုင်ရေးကို ရည်မှန်းထားရမည် ဖြစ်ပြီး ကျန်းမာရေး အတွက် စားသုံးရန်နှင့် အာဟာရဓာတ် မြင့်မားစွာ ပါဝင်သော ဆန်များကဲ့သို့သော တန်ဖိုးမြှင့် ဆန်ထုတ်ကုန်များဖြင့် ဈေးကွက် ဝေစုသစ် ရှာဖွေရမည် ဖြစ်ကြောင်း Pramote က ပြောကြား ခဲ့ပါသည်။
ထိုင်းနိုင်ငံ အနေဖြင့် လာမည့် ငါးနှစ် မှ ဆယ်နှစ် အတွင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှုများ တိုးတက်လာမှုကို ရှောင်ရှားရန်နှင့် ကမ္ဘာ့ ဆန်တင်ပို့မှု စာရင်းတွင် ဦးဆောင်နေရာ ဖယ်မပေးရရန် အတွက် ရှင်းလင်းသည့် မဟာဗျူဟာ အမြင်နှင့် ဦးတည်ချက်များ ရှိရန် လိုအပ်သည်ဟု Pramote က ဆိုပါသည်။
မြန်မာ နှင့် ဗီယက်နမ်တို့ ဆန်တင်ပို့မှု တိုးတက်လာခြင်းကို စိုးရိမ်ရန် မလိုကြောင်း Pramote က ဆိုပါသည်။
မြန်မာနိုင်ငံတွင် စပါး တစ်တန်လျှင် ထုတ်လုပ်မှု စရိတ် ဘတ် ၁၅၀၀ မှ ၁၈၀၀ ကြားတွင် ရှိပြီး ထိုင်းနိုင်ငံတွင် ဘတ် ၄၆၀၀ ရှိကြောင်း၊ သို့သော် အရည်အသွေး များစွာ ကွာခြားကြောင်း ၎င်းက ပြောပါသည်။
ထိုင်းဆန်သည် မြန်မာဆန်ထက် ဆန်သား ပိုရှည်ပြီး အရသာရော အရောင်ပါ မတူညီပေ။
ပြီးခဲ့သည့် နှစ်နှောင်းပိုင်းက မြန်မာ ဆန်စက် ပိုင်ရှင်များသည် ၎င်းတို့၏ ထိုင်း လုပ်ဖော်ကိုင်ဖက် များထံမှ ဆန်အမျိုးမျိုး ထုတ်လုပ်နိုင်ရေး အတွက် ထိုင်း - မြန်မာ ဆန်စက် လုပ်ငန်းရှင်များ အစည်းအဝေးတွင် အကူအညီ တောင်းခံ ခဲ့ပါသည်။
အဖွဲ့ဝင် ၉၀၀ ကျော် ပါဝင်သော မြန်မာ ဆန်စက် လုပ်ငန်းရှင်များ အသင်းသည် ဆန်တင်ပို့မှု တိုးတက်ရေးအတွက် စိတ်အား ထက်သန်ပြီး၊ အကောင်းမြင် မျှော်လင့်လျက် ရှိကြပါသည်။
၎င်းတို့သည် ၂၀၀၀ ရွေးကောက်ပွဲ မတိုင်မီ ကုန်သွယ်ရေး စည်းမျဉ်းများ ဖြေလျော့ပေးမှုကို မျှော်လင့်လျက် ရှိနေကြပါသည်။
မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာ မသိမ်းမီက ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့ပါသည်။
၎င်းတို့သည် ပိုမို ကောင်းမွန်အောင် ပြင်ဆင်မှုများ လျင်မြန်စွာ ပြုလုပ်လျက် ရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်း ဆန်တင်ပို့မှု ဗဟိုဖြစ်အောင် အားကောင်းစေရန် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင့် Chookiat က ပြောကြားခဲ့ပါသည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.