Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံတွင် လူမှုရေး မတည်ငြိမ်မှုများ မြင့်တက်လျက် ရှိရာ အစိုးရ အနေဖြင့်  ပုဂ္ဂလိက ဈေးကွက်များအပေါ် ကန့်သတ် ချုပ်ခြယ်မှုများကို လျှော့ချရမည့် ကိန်းသို့ ဆိုက်ရောက် လျက် ရှိကြောင်း သတင်း ပေးပို့ချက်များအရ သိရပါသည်။

မြောက်ကိုရီးယား အစိုးရက ငွေကြေး တန်ဖိုး ပြန်လည် သတ်မှတ်မှုများ ပြုလုပ်ခဲ့ရာ နိုင်ငံသားတို့မှာ စုငွေ အတော်များများ ဆုံးရှုံးသွားခဲ့ရကြောင်း၊ သို့အတွက်ကြောင့် လူမှုရေး မတည်ငြိမ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ယင်းသို့ ငွေတန်ဖိုး ပြန်လည် ပြင်ဆင် သတ်မှတ်ခြင်းသည် မြောက်ကိုရီးယား ခေါင်းဆောင် တို့က နိုင်ငံ စီးပွားရေးကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားမှု တစ်ရပ် ဖြစ်ဟန် ရှိပါသည်။

တောင်ကိုရီးယား နိုင်ငံ အခြေစိုက် နိုင်ငံတကာ သတင်းထောက်များ၏ အဆိုအရ မြောက်ကိုရီးယားတွင် ဖြစ်ပေါ်နေသော လူမှု မတည်ငြိမ်မှုအတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ စီးပွားရေး ဈေးကွက်များကို လွတ်လပ်စွာ လည်ပတ်ခွင့် ပြုရန်သာ ဖြစ်ပါသည်။

တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIS) ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ယခုအခါ မြောက်ကိုရီးယား အစိုးရသည် မတူညီသော ဈေးကွက် အသီးသီးတွင် ကန့်သတ် ထိန်းချုပ်မှုများ လျှော့ချပေးမည့် အရိပ်အယောင်များ တွေ့မြင်နေရသည်ဟု ပြောပါသည်။

"အာဏာပိုင်တွေက ပြည်သူတွေရဲ့ တောင်းဆိုမှုကို ဆက်ပြီး လျစ်လျူရှု ထားနိုင်မယ့် အခြေအနေ မရှိပါဘူး" ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားပါသည်။

ဆိုးလ်မြို့ အခြေစိုက် BBC သတင်းထောက် John Sudworth က လက်တလော ရက်သတ္တပတ် များအတွင်း ဖြစ်ပေါ်နေသော လူမှုရေး မတည်ငြိမ်မှုများ၊ ငွေကြေး ဖောင်းပွမှုများ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုများကြောင့် မြောက်ကိုရီးယား စီးပွားရေး သမားများ၊ ကုန်သည်များနှင့် မှောင်ခို သမားများသည် လုံခြုံရေး တင်းကြပ်လွန်းသည့် တရုတ်နယ်စပ် ဒေသကို ဖြတ်ကျော်ကာ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း သတင်း ပေးပို့ပါသည်။

မြောက်ကိုရီးယားနှင့် အဆက်အသွယ် ရှိသော အသင်းအဖွဲ့များ၏ အဆိုအရ အချို့သော ပြည်သူများသည် ဈေးများကို လှည့်လည် စောင့်ကြပ်သော လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက် ခဲ့ကြသည်ဟု ဆိုပါသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြောက်ကိုရီးယား အစိုးရက ဘဏ်လက်မှတ်များ အားလုံး ပြန်လည် လဲလှယ်ရမည် ဟူသော အမိန့် ဒီကရီ တစ်ရပ် ထုတ်ပြန် လိုက်ပြီးနောက် ယင်းသို့ မတည်မငြိမ်မှုများ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ပြင် ပြည်သူများ လက်ဝယ်တွင် ရှိသော ငွေကြေးများကို လဲလှယ်ရမည့် ပမာဏကိုလည်း ပြုံးယမ်း အစိုးရက တင်းကြပ်စွာ ကန့်သတ်ခဲ့ရာ အဆိုပါ ငွေပမာဏထက် များပြားသော ငွေကြေး ကိုင်ဆောင်သူတို့၏ ငွေများမှာ တန်ဖိုး တစ်ပြားမှ မရှိတော့သည့် ကိန်းသို့ ဆိုက်ရောက်သွားသည်။

သို့အတွက်ကြောင့် တင်းမာမှုများ၊ လူမှုရေး မတည်ငြိမ်မှုများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်း ပေးပို့ချက်များက ဆိုပါသည်။

ထိန်းချုပ် ကိုင်တွယ်ရန် ကြိုးပမ်းချက် ယင်းသို့ ငွေကြေးတန်ဖိုး ပြောင်းလဲ သတ်မှတ်မှုကြောင့် မြောက်ကိုရီးယားတွင် ငွေကြေး ဖောင်းပွမှုများ အဆမတန် ဖြစ်ပွားခဲ့ရသည်။

မြောက်ကိုရီးယား ကုန်သည်များက ယင်းသို့ ငွေကြေး တန်ဖိုး ပြောင်းလဲ သတ်မှတ်မှု ပေါ်ထွက် ခဲ့ပြီးနောက် ရုတ်ချည်းပင် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် မြောက်ကိုရီးယား ဝမ် ၉၈ သို့ ရောက်ရှိသွားကြောင်း၊ ယခုအခါ ၁ ဒေါ်လာလျှင် ဝမ် ၃၀၀ မှ ၅၀၀ အကြားတွင် ရှိကြောင်း ပြောကြားပါသည်။

တောင်ကိုရီးယား သတင်းစာ တစ်စောင် ဖြစ်သော Chosun Ilbo ၏ ရေးသားချက်အရ ယင်းသို့ ပလုံးပထွေး အနေအထားမျိုးကို ဖြစ်ပေါ်စေခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် မြောက်ကိုရီးယား အစိုးရက ဘဏ္ဍာရေး ဆိုင်ရာ အရာရှိကြီး တစ်ဦးကို အလုပ်ထုတ် ပစ်လိုက်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်း လောက်ကတည်းက ကွန်မြူနစ် ပါတီ၏ စီးပွားရေးနှင့် ဘဏ္ဍာရေး စီမံကိန်း ဆိုင်ရာ ဒါရိုက်တာ Pak Nam-Ki ဆိုသူမှာ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်တွင် ကန့်သတ်မှု ရှိသော ဈေးကွက် ပြုပြင် ပြောင်းလဲမှု မူဝါဒ တစ်ရပ်ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ မူဝါဒအရ ပြည်သူများ အနေဖြင့် လွတ်လပ်သော ဈေးကွက်သဘောဖြင့် ကုန်ပစ္စည်းများ ဝယ်ယူ၊ ရောင်းချခွင့် ရရှိခဲ့သည်။

အဆိုပါ ဈေးကွက်များသည် မြောက်ကိုရီးယား၏ သာမန် လူတန်းစားများအတွက် လွန်စွာ အရေးကြီးသော အသက်သွေးကြော တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ နိုင်ငံတော်ပိုင် ဈေးဆိုင်များတွင် မရရှိနိုင်သော လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ကုန်များကို ကျယ်ပြန့်သော အတိုင်းအတာဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့ကြသည်။

BBC သတင်းဌာန၏ North Korea eases market curbs ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment