အလုံမြို့နယ်ရှိ အေးရှားဝေါလ် (Asia World) ဆိပ်ကမ်းအား ယခုနှစ်အတွင်း နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီအောင် တိုးချဲ့မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ အေးရှားဝေါလ် ဆိပ်ကမ်းကို ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (စတီဗင်လော ဟုလည်းခေါ်သူ) ပိုင်ဆိုင်ပြီး ၎င်းသည် စစ်အစိုးရ နှင့် အနီးကပ် စီးပွားရေး လုပ်ကိုင် နေမှုကြောင့် အမေရိကန် အစိုးရ၏ ပိတ်ဆို့ အရေးယူခြင်းခံ ရသူများ စာရင်းတွင် ပါဝင်သူဖြစ်ပါသည်။
ဦးထွန်းမြင့်နိုင် လည်ပတ်လုပ်ကိုင်လျက်ရှိသော အဆိုပါ ဆိပ်ကမ်းကို "အလုံဂျက်တီ" ဟု လူသိများပြီး အဆိုပါဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုအတွက် အရေးပါသော စင်တာ တစ်ခုသဖွယ် ဖြစ်နေသည်။
"ကျွန်တော်တို့ ကြားသိရသလောက်တော့ အေးရှားဝေါလ် ဆိပ်ကမ်းကို ကြည့်မြင်တိုင်မြို့ နယ်အထိ တိုးချဲ့လိမ့်မယ်။ အေးရှားဝေါလ် အဆင့်မြှင့်တင်ဖို့အတွက် စုစုပေါင်း ကျပ်ငွေ ၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၄၀) လောက်ကုန်ကျလိမ့်မယ်" ဟု အေးရှားဝေါလ် နှင့် နီးစပ်သော သတင်းရင်းမြစ်က Mizzima ကို ပြောပါသည်။
မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများ အဆိုအရ ဦးထွန်းမြင့်နိုင်သည် စစ်အစိုးရ၏ အရေးပါသော စီးပွားရေး မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ခံ ထားရပါသည်။
Mizzima သတင်းဌာနက အဆိုပါ ဆိပ်ကမ်း တိုးချဲ့ မြှင့်တင်သည့် ကိစ္စနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်၏ အမြင်ကို သိရှိရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု တစုံတရာမရရှိခဲ့ပေ။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ဆက်သွယ် မေးမြန်းကြည့်ရာ အေးရှားဝေါလ် ဆိပ်ကမ်းတိုးချဲ့ ဆောက်လုပ်ရန် စီစဉ်ခြင်းသည် သစ်၊ ဘိလပ်မြေနှင့် အခြားသော ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းများ၊ တင်ပို့မှုများ ကောင်းမွန်စွာ ပြုလုပ်နိုင်ရန် ဖြစ်သည်ဟု အပေါ်ယံ သဘောဆန်သော
အဖြေသာ ရရှိခဲ့ပါသည်။
အဆိုပါ ဆိပ်ကမ်းနှင့် လွန်စွာနီးကပ်လျက်ရှိသော နာမည်ကျော် သီရိမင်္ဂလာဈေးမှ ဈေးဆိုင် ပိုင်ရှင်တစ်ဦးအား မေးမြန်းကြည့်ရာ ၎င်းက "ကျွန်တော်ဒီဈေးမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းချ လာတာ ငါးနှစ်ရှိပါပြီ။ အထိုင်လည်းကျနေပြီ။ အခု စည်ပင်ရုံးက စာရေးတစ်ယောက်က ဒီဈေးကို နေရာသစ်တစ်ခုကို ရွှေ့ပြောင်းတော့မယ်လို့ လာပြောပါတယ်။ ဘယ်နေရာကို ပြောင်းရွှေ့မယ် ဆိုတာတော့ မသိသေးပါဘူး။ နောက်ပြီးတော့ အဲဒီစည်ပင် စာရေးက ပြောသွားသေးတယ် ဈေးသစ်မှာ ဆိုင်ခန်းရချင်ရင် ပိုက်ဆံ ထပ်သွင်းရမယ်တဲ့။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းကို မသိပါဘူး" ဟု ပြောကြားပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦး၏ ပြောဆိုမှုမှာ အဆိုပါ ဈေးဆိုင်ပိုင်ရှင်နှင့် ကွဲပြားခြားနားပါသည်။ ဈေးဆိုင်ပိုင်ရှင်များ အနေဖြင့် ရွှေ့ပြောင်းရန် လိုမည် မဟုတ်ကြောင်း၊ အကြောင်းမှာ သီရိမင်္ဂလာဈေး ဖျက်မည်ဟူသော တရားဝင် အမိန့်ကြေညာစာ တစ်စောင်မျှ မထုတ်ပြန်သောကြောင့် ဖြစ်ကြောင်း အဆိုပါ စည်ပင်အရာ ရှိက ပြောပါသည်။
အေးရှားဝေါလ် ဆိပ်ကမ်းပိုင်ရှင် ဦးထွန်းမြင့်နိုင်သည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပါဝင် ယှဉ်ပြိုင်လျှက်ရှိသော မကွေးယူနိုက်တက် ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ကချင်ပြည်နယ်တွင်လည်း ရွှေတွင်း အမြောက်အများ ပိုင်ဆိုင်လုပ်ကိုင် နေသူလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူများသည် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာလာသော နိုင်ငံကူး သင်္ဘောတစ်စီး ပေါ်မှ ဘိန်းဖြူ ၂၉ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါသည်။
Mizzima သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.