လွန်ခဲ့သော ၂ နှစ် ၂၀၀၈ မေလဆန်းတွင် ဆိုင်ကလုံး နာဂစ်စ်က မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြို့တော်ဟောင်း ရန်ကုန်တို့ကို ဝင်ရောက် ဖျက်ဆီးခဲ့ရာတွင် ၁၆၀ ကီလိုမီတာနှုန်း လေပြင်းနှင့် ကြီးမားသော လှိုင်းလုံးများကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ရသည်။
ထိုအချိန်က တိုင်းပြည် အပေါ် ၎င်းတို့၏ အာဏာ ခြေကုတ်မြဲရန် ဦးစားပေး ဆောင်ရွက်နေသော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်ရ စစ်ဖက် အစိုးရသည် မြန်မာပြည်သူတို့၏ ဘဝရှင်သန်ရေးကို ကူညီရန် ပျက်ကွက်ခဲ့သည်။ နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများအား ပြည်ဝင်ခွင့် ဗီဇာ မပေးခြင်း၊ တားဆီး ပိတ်ဆို့ခြင်းတို့ အပြင် ကယ်ဆယ်ရေး မီးမောင်းထိုးပြမည့် နိုင်ငံခြား သတင်းထောက်များကိုလည်း မောင်းထုတ်ခဲ့သည်။ အခြေခံ ဥပဒေသစ် အတွက် ဟန်ဆောင် ပန်ဆောင် ဆန္ဒခံယူပွဲ ကျင်းပ ပြီးစီးသွားမှသာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို မုန်တိုင်း ဒဏ်ခံ ပြည်သူများထံ သွားရောက်ရန် ခွင့်ပြုခဲ့သည်။
သို့ရာတွင် သိန်းပေါင်း များစွာသော မြန်မာ ပြည်သူတို့ကမူ စောင့်ဆိုင်းခြင်း မရှိခဲ့ပါ။ မိတ်ဆွေ အချင်းချင်း စုရုံး၍ စေတနာ့ ဝန်ထမ်း အဖွဲ့များ ဖွဲ့ကာ အလှူပစ္စည်းများကို စုစည်းပြီး အလုံးစုံ ပျကစီးသွားသော ဒေသများသို့ သွားရောက်၍ အစားအစာနှင့် သောက်ရေ ဖြန့်ဝေခြင်း၊ နားခိုရန် တဲများ ဆောက်လုပ်ပေးခြင်း၊ ဒဏ်ရာရသူများကို ဆေးကုသခြင်း၊ အလောင်းများ မြှုပ်နှံပေးခြင်း၊ အသက်ရှင် ကျန်ရစ်သူများ ပြန်လည် ထူထောင်ရန် ကူညီခြင်းများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အဖွဲ့များသည် အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ တေးသံရှင်များ၊ လုပ်ငန်းရှင်များ၊ ခရီးသွား ကုမ္ပဏီများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တတ်အားသမျှ ကူညီရန် မြန်မာပြည် တစ်ဝှမ်းမှ ရောက်လာသူများ စသည့် နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော ကယ်ဆယ်ရေး အဖွဲ့များပင် ဖြစ်သည်။
ဆိုင်ကလုံး အပြီး အရေးပေါ် နေ့ရက်များတွင် ရက်စက်မှုမှ ကရုဏာကြီးမှုသို့ ပြောင်းလဲနိုင်စွမ်း မရှိသည့် ရက်စက်သော အစိုးရ၏ သွေးအေးမှု အပေါ် ရဲရင့်သော မြန်မာပြည်သူများက နှာခေါင်းရှုံ့ခဲ့ကြသည်။ "လူသားချင်း စာနာ ထောက်ထားတဲ့ လုပ်ငန်းတွေမှာ ကျွန်တော်တို့ တွေ့ဆုံနိုင်အောင် နေရာ တစ်ခု ဖန်တီးပေးခဲ့သူက နာဂစ်စ် ဆိုင်ကလုံးပါ၊ အစိုးရ မဟုတ်ပါဘူး" ဟု မြန်မာ ကယ်ဆယ်ရေး လုပ်သား တစ်ဦးက မှတ်ချက်ပေးခဲ့သည်။
ကယ်ဆယ်ရေး အတွက် ဖွဲ့စည်းလိုက်ကြသော အရပ်ဖက် အဖွဲ့အစည်း ရာဂဏန်းခန့် ပေါ်ပေါက်လာကာ လုပ်ငန်းများ အဆက်မပြတ် လုပ်ဆောင်ရန် ချိတ်ဆက်ရင်း ကြီးထွားလာခဲ့ကြသည်။ သို့ရာတွင် အစိုးရက ထပ်မံ ချမှတ်သော အကန့်အသတ်များ ရှိလာပြန်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက်နေသော်လည်း အစိုးရ၏ ညံ့ဖျင်းသော တုန့်ပြန် ဆောင်ရွက်မှု အပေါ် ပြစ်တင် ဝေဖန်သူများကို အရေးယူခဲ့သည်။ နာမည်ကျော် ဟာသ သရုပ်ဆောင် ဇာဂနာနှင့် အရပ်သား ကယ်ဆယ်ရေး လုပ်သား ၂၀ ခန့်မှာ ဖမ်းဆီးခြင်း ခံရပြီး ၎င်းတို့ကို အစိုးရက မတရား စွပ်စွဲ၍ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ရာ ဇာဂနာမှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။
ကြီးထွားလာသော နိုင်ငံတကာ ကယ်ဆယ်ရေး တုန့်ပြန် ဆောင်ရွက်မှုကြောင့် အစိုးရနှင့် ပုံမှန် ဆက်ဆံရေးကို အထောက်အကူ ဖြစ်စေပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နိုင်ငံတကာ အကူအညီနှင့် ကျွမ်းကျင်မှုတို့ လိုအပ်ကြောင်းကို စစ်ဖက် ခေါင်းဆောင်များ ကောင်းစွာ သဘောပေါက် လာကြပြီဟု ပြည်ပ အကဲခတ် သမား အချို့က ယုံကြည်နေမှုနှင့် အတူ ဆိုင်ကလုံး အပြီး လအတန်ကြာတွင် အကောင်းမြင် ဝါဒ ထွက်ပေါ်လာခဲ့သည်။ မြန်မာအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံ တို့၏ ၃ ပွင့်ဆိုင် အဖွဲ့သည် မြန်မာနိုင်ငံ တစ်ဝှမ်း ဖွံ့ဖြိုးရေး စီမံကိန်းများ ဖြန့်ကျက်ရန် ပုံစံ တစ်ခု အဖြစ် ယူဆခဲ့ကြသည်။
၂ နှစ်အကြာတွင်မူ အဆိုပါ မျှော်လင့်ချက်များမှာ ရေစုန်မျော သွားခဲ့ပြီ ဖြစ်သည်။ နာဂစ်စ် ကယ်ဆယ်ရေး လုပ်ငန်းမှ ထွက်ပေါ်လာသော အကျိုးရလဒ်ကို ကျန် တစ်နိုင်ငံလုံးသို့ တိုးချဲ့ကူညီရေး နည်းလမ်း အဖြစ် ယူဆ၍ မရပါဟု မြန်မာနိုင်ငံတွင်းမှ လူသားချင်း စာနာသော ကယ်ဆယ်ရေး ဝန်ထမ်းများက Human Rights Watch သို့ ပြောကြားခဲ့သည်။ ပြည်ပ ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးက မှတ်ချက်ပေးရာတွင် ''တကယ်လို့ စစ်ဗိုလ်ချုပ်တွေကသာ သူတို့ရဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ လည်ပင်းပေါ်က ဖယ်ပေးလိုက်မယ် ဆိုရင် မြန်မာနိုင်ငံက ထောင်တက်သွားမှာပါ'' ဟု ပြောကြားခဲ့သည်။
လက်ရှိ အနေအထားတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေး ခြင်းတောင်းထဲမှ ထွက်မလာ နိုင်သေးပါ။ ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုနှုန်းမှာ အာရှတိုက်တွင် အာဖဂန်နစ္စတန် ပြီးလျှင် အဆိုးဆုံး ဖြစ်နေသည်။ တိုင်းပြည် လူဦးရေ၏ သုံးပုံ တစ်ပုံမှာ ဆင်းရဲမွဲတေမှု စံနှုန်းထက် ပိုမို နိမ့်ကျနေသည်။ ကယ်ဆယ်ရေး အေဂျင်စီများ၏ စီမံချက်များ အပေါ် စစ်ဖက် အစိုးရက ကန့်သတ် ချုပ်ချယ်မှုကြောင့် ကမ္ဘာတွင် တစ်ဦးချင်း ပြည်ပ အကူအညီ လက်ခံရရှိမှု အနိမ့်ဆုံး အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိစေခဲ့သည်။ (တစ်ဦးလျှင် ၂.၈ ဒေါ်လာ) တစ်ဦးလျှင် ဒေါ်လာ ၅၀ ခန့် အကူအညီ ရနေသော အိမ်နီးချင်း လာအိုနိုင်ငံနှင့် နှိုင်းယှဉ် သုံးသပ်ကြည့်နိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဇုံနှင့် ယခင် ဘိန်းစိုက်ပျိုးသော ရှမ်းပြည်နယ် ဒေသများတွင် အဓိက ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်။ နိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်မှ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင် တစ်သန်းကျော် အနက် အများစုမှာ အာဟာရ ချို့တဲ့မှုကို ဆိုးဝါးစွာ ခံစားနေရသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင်လည်း ကမ္ဘာ့ အကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေမှုကြောင့် သန်းနှင့် ချီသော ပြည်သူများ နေစရာ ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေး ဝန်ထမ်းများ၏ ကြိုးပမ်းမှုမှာလည်း အစိုးရ၏ တင်းကြပ်မှုများ၊ တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများကြောင့် အကန့်အသတ် ရှိနေသည်။ အဆိုပါ ဒေသတွင် အရေးပေါ် အကူအညီ လိုအပ်နေသော်လည်း တိုက်ပွဲဇုံ အတွင်းသို့ အကူအညီများ ဖြန့်ဝေရေး အတွက် နယ်စပ် ဖြတ်ကူးရန် နည်းလမ်းသစ်များ ရှာနေရခြင်းကြောင့် ဥရောပ သမဂ္ဂ၊ သြစတြေးလျ စသော လူသားချင်း စာနာသည့် အဓိက အလှူရှင်များမှာ တုံ့ဆိုင်း နှောင့်နှေးလျက် ရှိသည်။
တစ်ချိန်တည်းတွင် မြန်မာ အစိုးရသည် အရံ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ခန့် ပိုင်ဆိုင်ထားသကဲ့သို့ သဘာဝ ဓါတ်ငွေ့ တင်ပို့မှုမှ တစ်လလျှင် ခန့်မှန်းချေ ဒေါ်လာသန်း ၁၅၀ ခန့်ရနေသည်ဟု ခန့်မှန်းထားကြသော်လည်း ပြည်သူများ အတွက် ရက်ရောစွာ သုံးစွဲရန် တွန့်ဆုတ်နေသည်။ အစိုးရက ပြည်သူတို့ အပေါ် ထောက်ပံ့သော မသဒ္ဓါ ရေစာ အကူအညီမှာလည်း ပွင့်လင်းမြင်သာမှု မရှိပါ၊ အနောက်နိုင်ငံ ပိတ်ဆို့မှု စာရင်းတွင် ပါသော အေရှားဝေါလ်၊ ထူးထရိတ်ဒင်း၊ မက်စ်မြန်မာ စသည့် အစိုးရနှင့် နိုင်ငံရေး အရ ဆက်နွယ်သည့် ကုမ္ပဏီများအား အစိုးရ ကိုယ်စားလှယ်များမှ တစ်ဆင့် ကန်ထရိုက်များ ချပေးနေခြင်း ဖြစ်သည်။ ထို့အပြင် အစိုးရသည် တိုင်းပြည်၏ ဘဏ္ဍာငွေ အများစုကို စစ်လက်နက် ပစ္စည်းများ၊ စစ်ဖက် အခြေခံ အဆောက်အဦးများနှင့် နေပြည်တော် မြို့တော်သစ် တည်ဆောက်ခြင်း လုပ်ငန်းတွင် သုံးစွဲ ဖြုန်းတီးပစ်ခဲ့သည်။ ယခုကဲ့သို့ ဒုစရိုက် ကျူးလွန်၍ နိုင်ငံအပေါ် သစ္စာမဲ့သော အစိုးရကို ဖိအားပေးနိုင်ရန် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ပိုမို ကောင်းမွန်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပြီး စစ်ဖက် အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ စီးပွားရေး ရောင်းရင်းများ အပေါ် ပစ်မှတ်ထားသော ဘဏ္ဍာရေး ပိတ်ဆို့မှုများကို ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည်။ စစ်ဖက် ခေါင်းဆောင်ပိုင်း၏ အကျိုးစီးပွားနှင့် ဝင်ငွေ အပေါ် ဖိအား တိုးမြှင့်ခြင်းသည်သာလျှင် ၎င်းတို့အား သယံဇာတများကို တိုင်းပြည် အတွက် ပိုမို အကျိုးရှိစွာ သုံးစွဲစေရန် ဝက်အူတင်းနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူသားချင်း စာနာ ထောက်ထားသော နယ်ပယ်ချဲ့ထွင် နိုင်ရန် မျှော်လင့်ချက်မှာ မြန်မာ့ အရပ်ဖက် လူ့အဖွဲ့အစည်း၏ တာဝန်သာ ဖြစ်သည်။ နိုင်ငံတကာ အလှူရှင်များနှင့် ကုလသမဂ္ဂ အေဂျင်စီများသည် ၎င်းတို့၏ လူသားချင်း စာနာ ထောက်ထားသော ကြိုးပမ်းမှုများကို ပိုမို အထောက်အကူ ဖြစ်စေမည့် နည်းလမ်းများ ရှာဖွေသင့်သလို တစ်ချိန်ထဲတွင် ၎င်းတို့၏ အကူအညီများသည် စစ်ဖက် အစိုးရနှင့် မိသားစုများ ပိုင် ကုမ္ပဏီများ၊ အစိုးရ ရောင်းရင်း လုပ်ငန်းရှင်များ အမြတ် မထွက်စေရန် ဂရုစိုက်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ ပြဿနာများ အတွက် တစ်ခုတည်းသော အဖြေနှင့် မျှော်လင့်ချက်မှာ မြန်မာပြည်သူများသာ ဖြစ်သည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.