Asia Times Online, By Marwaan Macan-Markar, 14th December 2010
ထိုင်း-မြန်မာ နယ်စပ်တွင် လက်ရှိ ဖြစ်နေသော ပဋိပက္ခများ အစိုးရတပ်များနှင့် တိုင်းရင်းသား သူပုန်များကြား အားစမ်းခြင်းများသည် ထိုဒေသများတွင် စစ်ဖြစ်မည့် အလားအလာများ တိုးပွား လာခြင်းပင် ဖြစ်ပြီး ၎င်းဒေသများတွင် အစိုးရက နှစ်ပေါင်း ခြောက်ဆယ် အတွင်း ပထမဆုံး အကြိမ် စစ်တပ်မှ ချုပ်ကိုင်နိုင်ရေး အတွက် နောက်ဆုံး စစ်ပွဲ ဆင်နွှဲမည်ဟု ယူဆနေသည်။
နိုဝင်ဘာလ အစောပိုင်းက DKBA တပ်မ တစ်ခုသည် မြန်မာ နယ်စပ်မြို့ မြဝတီကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ကရင်လူမျိုး အရပ်သား ၃၄၀၀၀ ခန့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။
အစိုးရ တပ်များက DKBA ထံမှ ထိုဒေသများကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းကြောင့် အသေ အပျောက် မည်မျှ ရှိမည်ကိုမူ ရှင်းရှင်း လင်းလင်း သိရှိရခြင်း မရှိပေ။ အဆိုပါ တိုက်ပွဲများကို ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်မှ စောင့်ကြည့်နေသော မြန်မာ အချို့က ပြောကြားရာတွင် တိုက်ပွဲ ပြင်းထန်စဉ် ကာလ အတွင်း လူလေးဦးထက် မနည်း သေဆုံးသည်ဟု ဆိုသည်။
"အခြေအနေ ကတော့ နည်းနည်း အရေးကြီးပါတယ်။ မြန်မာ အစိုးရက တော်တော် စိတ်ဆိုးပုံ ရတယ်" ဟု ပြည်ပတွင် နေထိုင်သူ မြန်မာ့ အရေး ကျွမ်းကျင်သူ ဝင်းမင်းက ပြောကြားခဲ့သည်။ "ဒါဟာ စစ်အစိုးရက တိုင်းရင်းသား သူပုန်တွေကို တစ်ချိန်တည်းမှာ တိုက်နိုင်တယ် ဆိုပြီး အင်အား ပြလိုက်တာပါပဲ။ တခြား လက်နက်ကိုင်များကိုလည်း ညှိပြီး မတိုက်ဖို့ ဖိအား ပေးလိုက်တာပါ" ဟု ၎င်းက ပြောသည်။
ဆယ်စု နှစ်ပေါင်း များစွာ ပြည်တွင်းစစ် ဖြစ်နေသော ဒေသများတွင် တင်းမာမှုများ ပြန်လည် ဖြစ်လာရန် ဆွပေးလိုက်သော နောက်ဆုံး စနက်မှာ ၂၀၀၉ ခုနှစ် ဧပြီလက အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များအား ၎င်း၏ လက်အောက်ခံ အဖြစ် သွတ်သွင်းရန် ကြိုးစားမှုကြောင့် ဖြစ်သည်။
အဆိုပါ တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ် အစီအစဉ်ကို တိုင်းရင်းသား လက်နက်ကိုင် အားလုံးက သဘော တူကြသည် မဟုတ်ဘဲ ထိုသဘော မတူသည့် အထဲတွင် DKBA လည်း ပါဝင်သည်။
"အစိုးရဟာ နယ်ခြားစောင့်တပ် ဆန့်ကျင်တဲ့ အားနည်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို အရင် စတိုက်မှာ ဖြစ်ပါတယ်။ DKBA ကတော့ အစိုးရရဲ့ ပစ်မှတ်နဲ့ ကွက်တိပဲ။ အစိုးရက နှစ်စဉ် တိုင်းရင်းသား ဒေသ တစ်ခုချင်းကို သိမ်းပိုက်ပြီး၊ မြန်မာနိုင်ငံ တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်" ဟု ဝင်းမင်းက Inter Press Service (IPS) နှင့် အင်တာဗျူးတွင် ရှင်းပြခဲ့သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည့် လက္ခဏာများ ရှိကြောင်း ပြည်ပ မြန်မာ မီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါ ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင်များသည် ၁၉၈၉ နှင့် ၁၉၉၅ ကြား အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် သဘောတူ စာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့တွင် ပါဝင်သည်။
တရုတ် နယ်စပ် အနီးရှိ တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေးမှာ မသေချာသော အခြေအနေတွင် ရှိကြောင်း နယူးယောက် အခြေစိုက် Human Rights Watch က ဖော်ပြခဲ့သည်။ "တင်းမာမှုတွေဟာ ၂၀၁၁ မှာလည်း ဆက်ဖြစ် နေဦးမှာပါ။ ရှမ်းပြည်နယ်မှာ နယ်ခြားစောင့်တပ် အစီအစဉ်ကြောင့် တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်" ဟု ဆိုသည်။
မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးသည် တိုင်းပြည်၏ ၅၆ သန်းသော လူဦးရေ၏ ၄၀ % ရှိသည်။
မြန်မာ နိုင်ငံသည် ၁၉၄၈ ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ရကတည်းက မြန်မာက တိုင်းပြည် တစ်ခုလုံး လွှမ်းမိုးခြင်း မပြုနိုင်ရန် တိုင်းရင်းသားများနှင့် သွေးခွဲခြင်း ခံခဲ့ရသည်။ ထို့ကြောင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း အစောပိုင်း ကာလများတွင် ရန်ကုန်ရှိ ဗဟိုအစိုးရသည် တိုင်းပြည် တစ်ဝက်ခန့်ကို လက်လှမ်းမီ ချုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။
ထိုအချိန် မှစ၍ ချိန်ခွင်လျှာသည် သိသာစွာ ပြောင်းလဲလာခဲ့ရာ တပ်မတော်သည် ယခုအခါ အင်အား လေးသိန်း ရှိလာခဲ့ပြီး၊ တိုင်းပြည်၏ နေရာ အတော်များများကို ထိန်းချုပ် လာနိုင်သည်။ အင်အား လေးသောင်းခွဲခန့် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကလည်း စစ်တပ်၏ လုံးဝ ချုပ်ကိုင်နိုင်ရေးမူ ကြားတွင် ဆက်လက် ရပ်တည်လျက် ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် အတွင်း အထက်ပါ အောင်မြင်မှုများကြောင့် မြန်မာ စစ်တပ်သည် တိုင်းပြည်ကို စုစည်းရေး အတွက် တစ်ခုတည်းသော အင်အားစုမှာ စစ်သားများသာ ဖြစ်သည်ဟု စဉ်းစား တွေးဆလာသည်။ "ယူနီဖောင်း ဝတ်ထားသူများက အတိတ်ကို ပြန်ကြည့်လျှင် ၎င်းတို့သည် တစ်စစီ ပြိုကွဲနေသည့် တိုင်းပြည်ကို တွေ့ရမည် ဖြစ်ပြီး၊ ၎င်းတို့ကို ပြန်လည် စုစည်းရန် အင်အား လိုအပ်ခဲ့သည်သာ ဖြစ်သည်" ဟု မြန်မာ သမိုင်းပညာရှင် သန့်မြင့်ဦးက The River of Lost footsteps တွင် ရေးသားထားသည်။
"စစ်တပ်က သူတို့ကိုယ် သူတို့ အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် လုပ်စရာတွေ သူတို့ မပြီးသေးဘူးလို့ ယူဆနေတယ်။ သူတို့ စိတ်ထဲမှာ တိုင်းပြည် တည်ဆောက်ရေး၊ မြန်မာ့သမိုင်းသစ် ရေးထိုးရေး အတွက် စိန်ခေါ်မှုတွေ ဖန်တီးမှုတွေ လုပ်ပေး ရဦးမယ်လို့ ထင်မှတ်နေတယ်" ဟု သန့်မြင့်ဦးက ၎င်း၏ စာအုပ်တွင် ရေးသားထားသည်။
ပုံမှန်မဟုတ်ဟု ယူဆရသော ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၄၇ နှင့် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေများထက်စာလျှင် တိုင်းပြည်အပေါ် စစ်တပ်၏ အမြင်ကို ပိုမို ထင်ဟပ် ပြသနေသည်။
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ အပြီးတွင် စစ်အစိုးရ ထောက်ခံသော ပါတီက အငြင်းပွားဖွယ် အခြေအနေများဖြင့် အနိုင်ရခဲ့ပြီးနောက် စစ်အစိုးရသည် ၂၀၁၁ အစောပိုင်းတွင် ၂၀၀၈ အခြေခံ ဥပဒေဖြင့် အမြင့်ဆုံး အဆင့်သို့ ချီတက်တော့မည် ဖြစ်သည်။
၂၀၀၈ အခြေခံ ဥပဒေတွင် တိုင်းပြည်တွင် တပ်မတော် တစ်ခုတည်းသာ ရှိရမည်ဟု ဖော်ပြလျက်၊ စစ်တပ်တွင် အာဏာ တည်မြဲရေးကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
"စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း မရှိရင်၊ အဖွဲ့တွေကို တရားမဝင် ကျေညာမယ်လို့ ရာဇသံ ပေးထားပါတယ်" ဟု ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ထုတ်ဝေသော ရှမ်းသံတော်ဆင့် သတင်း အေဂျင်စီမှ အယ်ဒီတာ ခွန်စိုင်းက ပြောသည်။
စစ်အစိုးရဟာ ပါလီမန် အများစု ဆန္ဒနဲ့ အခြေခံ ဥပဒေ ဆိုတဲ့ လက်နက် နှစ်ခုကို သုံးပြီး၊ အစိုးရသစ် လက်ထက်မှာ နယ်ခြားစောင့်တပ် အစီအစဉ် ကိစ္စကို တင်သွင်း ပါလိမ့်မည်ဟု ၎င်းက IPS သို့ ပြောသည်။ "သူတို့ဟာ တိုင်းရင်းသား အဖွဲ့ အားလုံးကို တပ်မတော် လက်အောက် သွတ်သွင်းဖို့ လုပ်ပါလိမ့်မယ်" ဟု ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.