Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးဘောဂဗေဒ အပြောင်းအလဲ ဖြစ်ပေါ်ချိန်တန်

***************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးဘောဂဗေဒ အပြောင်းအလဲ ဖြစ်ပေါ်ချိန်တန်

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခင်းအကျင်းသည် အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို စာရေးသူအနေဖြင့် ၁၆.၁.၂၀၁၂ ထုတ် Yangon Chronicle တွင် နိုင်ငံရေးချိန်ခွင်လျှာပြောင်းလဲချိန်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသစ်ပေါ်ထွန်းလာပြီဖြစ်သည့် နိုင်ငံရေးအင်စတီ ကျူးရှင်းများသည် အဆိုပါ နိုင်ငံရေးအင်အားစုများ၏ လမ်းကြောင်း ရွေးချယ်မှုအပေါ် များစွာမူတည်ကြောင်း Path dependency သီအိုရှုထောင့်မှ ရေးသားတင်ပြခဲ့ပါသည်။ ယခု စာရေးသူ ဆက်လက် သုံးသပ်တင်ပြလိုသည့် အကြောင်းအရာမှာ နိုင်ငံရေးအင်အားစုများ၏ ရွေးချယ်လမ်းသည့်လမ်းကြောင်း၍ ပေါ်မူတည်ကာ စီးပွားရေး အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်နှင့် ယင်းတို့ရလဒ် (result) တို့ပင် ဖြစ်သည်။ ရှေ့ဦးစွာ အားလုံးပါဝင်မှု ရှိနိုင်ပြီဖြစ်သော မြန်မာနိုင်ငံရေး ဖြစ်စဉ်သစ်တွင် ဖြစ်တန်ရာသော နိုင်ငံရေး scenario များကို စိစစ်သုံးသပ်ကြည့်မည်။

ယခု လက်ရှိ အာဏာရပါတီကြီးဖြစ်သော USDP ပါတီနှင့် ယင်းပါတီမှ နိုင်ငံတော် အဆင့်မြင့်ရာထူးများကို တာဝန်ထမ်းဆောင်နေသူများမှာ (သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်လျှင် မိခင်ပါတီနှင့် ပတ်သက်ခြင်း မရှိတော့ဟု ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဆိုထားသည့်တိုင်) ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာ အပ်နှင်းခြင်းခံရသည့် dejure political power ရှိသူများဖြစ်သည်။ တနည်းဆိုရလျှင် အဆိုပါ တရားဝင် အာဏာရှိသူများဖြင့် အုပ်ချုပ်ရေး၊ လွှတ်တော် အစရှိသည့် နိုင်ငံရေးအင်စတီကျူးရှင်းများမှာ ပြည်ထောင်စုအပါအဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပေါ်ပေါက်လာခဲ့ပြီး ဖြစ်သည်။ တရားဝင်အာဏာ မရှိသော်လည်း လူထုရော၊ နိုင်ငံတကာကပါ ထောက်ခံသည့် အတိုက်အခံအသွင်ဆောင်သည့် နိုင်ငံရေးအင်အားစုများမှာလည်း မြန်မာနိုင်ငံရေးတွင် ဖယ်ထုတ်လို့ မရသည့် အင်အားစုကြီးဖြင့် ဖြစ်တည်လျက်ရှိသည်။ ထိုအင်အားစုကြီးမှာ တရားဝင်အာဏာရှိသူများကို လူထုလမ်းပေါ်ထွက်သည့် နည်းလမ်းကို အဓိကအသုံးပြု၍ လူ့အဖွဲ့အစည်းအတွက် ယင်းတို့ဖြစ်စေချင်သော နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် defacto political power ပိုင်ဆိုင်သူများဟု သတ်မှတ်၍ ရနိုင်ပါသည်။

သီအိုရီအရ အဆိုပါ defacto political power ပိုင်ဆိုင်သူများမှာ နိုင်ငံ၏ အရင်းအမြစ်များ(စီးပွားရေး) ဝေခွဲဖြန့်ဖြူးမှု၌ (distribution of resource) ခိုင်မာသည့် စီးပွားရေးအင်အားတစ်ရပ်ကို ဆုပ်ကိုင်ထားနိုင်သည့် လူလတ်တန်းစား အင်အားစုများသာ ဖြစ်လေ့ရှိပါသည်။ ဥပမာအားဖြင့် ပြင်သစ်တော်လှန်ရေး ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ ဗော်လ်တိုင်းယား (Voltaire) ပြောင်မြောက်သည့် သရော်စာအရေးသားများကြောင့် မဟုတ်သိလို ရှုးဆိုး (Rousseau) ၏ စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ စာပေများကြောင့်လည်း မဟုတ်ပေ။ အဓိကမှာ လူလတ်တန်းစားများက စီးပွားရေး ကဏ္ဍ၏ ခေါင်းဆောင်မှုနေရာကို ရယူလာနိုင်ခဲ့၍ ဖြစ်သည်။ ကုန်သွယ်ရေးအပါအဝင် ကုန်ထုပ်လုပ်မှု အကန့်အသစ်များ ရှိနေခြင်းကြောင့် ယင်းတို့ကို ဖြစ်စေသော နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် စီးပွားရေး စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ရန် နိုင်ငံရေးအာဏာကို ရယူလာခြင်းဖြစ်သည်။ ခေတ်ပြိုင် ခေတ်မီရေး သီအိုရီများ၌လည်း ဒီမိုကရေစီခိုင်မာရေးနှင့် စီးပွားရေး တိုးတက်မှုတွင် လူလတ်တန်းစား၏ အခန်းကဏ္ဍမှာ အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း အခိုင်အမာသုံးသပ်တင်ပြမှုများ လည်းရှိနေသည်။ တနည်းအားဖြင့် ဆိုရလျှင် စီးပွားရေးလွတ်လပ်မှု လိုလားချက်ကြောင့် ဖြစ်ပေါ်ရသော အောက်ခြေမှအပေါ်သို့ တိုက်တွန်းပြောင်းလဲသည့် နည်းလမ်း (bottom-up approach) ပင် ဖြစ်သည်။

သို့သော် ခေတ်ပြိုင် မြန်မာနိုင်ငံရေးဘောဂဗေဒအခင်းအကျင်းမှာ ထိုသို့ (bottom-up approach) ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ရန် မည်သို့မှ အခြေအနေ မရှိ။ အကြောင်းရင်းမှာ ယခင် စစ်အစိုးရမှာ အရှင်းရှင်စနစ်ကို ကျင့်သုံးသည် ဆိုသော်လည်း မက်လုံး (incentive) နှင့် အရည်အချင်းအဓိကစနစ် (meritocracy) စနစ်ကို ကျင့်သုံးခဲ့ခြင်းမဟုတ်သည့်အပြင် နိုင်ငံရေးအရလည်း ဗဟိုဦးစီးစနစ်ဖြစ်ခြင်းကြောင့် မူဝါဒရေးရာ အဖြာဖြာတွင် မူထက်လူကိုသာ အဓိကထားခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် အဘရေးရာ ကျွမ်းကျင်သူများသာ အာဏာနှင့် ကြွယ်ဝမှုတည်မြဲသည့် စနစ်ဖြစ်ခဲ့ခြင်းကြောင့် နိုင်ငံရေးတွင် လာဘ်စားမှုနှင့် လုပ်ပိုင်ခွင့်ကျော်၍ လုပ်ဆောင်မှု များဖြစ်ပေါ်ခဲ့ရပြီး စီးပွားရေးတွင်လည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေးစနစ်သာ ရေရှည်အောင် မြင်မှုရရှိခဲ့သည်။ ထိုအတွက်ကြောင့် အထက်ကဆိုခဲ့သလို နိုင်ငံ၏ အရင်းအမြစ်များဝေခွဲဖြန့်ဖြူးမှု၌ လူလတ်တန်းစား၏ အခန်းကဏ္ဍမှာ သေးငယ်လွန်းလှခြင်းကြောင့် defacto Political power မှာလည်း ထိထိရောက်ရောက် မရှိခဲ့ပေ။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ဆန္ဒပြမှုများရှိခဲ့သော်ငြားလည်း အုပ်ချုပ်မှုစနစ်ကြီး တစ်ခုလုံး ပြောင်းလဲသွားသည်အထိ (regime change) ဖြစ်ပေါ်ခဲ့ခြင်းမရှိချေ။ ထိုအစား ဆန္ဒပြမှုများကို အကြိမ်ကြိမ် အင်အားသုံးနှိပ်ကွပ်ခဲ့သည့်အပြင် ဆန္ဒပြရာတွင် ဦးဆောင်သူများကိုလည်း နှစ်ရှည်ထောင်ချခဲ့မှုများ ဖြစ်ပေါ်ခဲ့ရသည်။

သို့သော် တပ်မတော်အစိုးရမှာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ နဂိုကတည်းက ကြိုတင်ကြံစီထားပြီး ဖြစ်သည့်အလျှောက် ကိုယ်ကျိုးစီးပွားအပါအဝင် မတည်မငြိမ်ဖြစ်မှုကို ရှောင်ရှားသည့်အနေဖြင့် အဓိက အတိုက်အခံများ (တချို့ကို ရွေးကောက်ပွဲဥပဒေဖြင့် ပါဝင်ခွင့်မရအောင် ဆောင်ရွက်ခဲ့ပြီး တချို့မှာ နှစ်ရှည် ထောင်ချခံထားရချိန်)ကို ပါဝင်ခွင့် မပေးခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပကာ အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အထက်မှအောက်သို့ ပြောင်းလဲ အကောင်အထည်ဖော်သည့် (Top-down approach) သာလျှင်ဖြစ်သည်။ သို့သော် လက်ရှိ နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံရေးစေတနာမှာ မှန်ကန်သည်ဟုပင် ဆိုချင်ပါသည်။ နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်အောင်၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရအောင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ခဲ့သည်။ တနည်းအားဖြင့် ဆိုရလျှင် နိုင်ငံရေးအင်စတီကျူးရှင်း အပြောင်းအလဲ (institutional change)ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်သည်။ နောင်လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အဓိကနိုင်ငံရေး အတိုက်အခံပါတီကြီးဖြစ်သော NLD ပါတီမှ လွတ်လပ်မဲဆန္ဒနယ် နေရာအပြည့်နီးပါးကို ဝင်ပြိုင်မည် ဖြစ်ရာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိမည့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ကို နိုင်ငံတော်အကြီးအကဲများ၏ နိုင်ငံရေးစေတနာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ လက်ရှိ  နိုင်ငံရေးသမား တို့သည်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် တစ်တပ်တစ်အား ပါဝင်လာမည့်အမျိုးသားရေး အင်အားစု ကြီးပင် ဖြစ်သည်။ လွှတ်တော်တွင်း နိုင်ငံရေးတွင်ဖြစ်စေ လွှတ်တော်ပြင်ပနိုင်ငံရေးတွင်ဖြစ်စေ ပါဝင်လာမည့် အဆိုပါ နိုင်ငံရေးအင်အားစုကြီးမှာ ၎င်းတို့၏ နဂိုရှိနှင့် ပြီးသည့် ပြည်သူ့အပေါ် ထားရှိသည့် စေတနာ ပြောင်းလဲ မသွားနိုင်ဟု စာရေးသူယုံကြည်ပါသည်။

လွှတ်တော်တွင်းရောက်ရှိလာတော့မည့် နိုင်ငံရေးအင်အားစုရောလွှတ်တော်တွင်းရော၊ လွှတ်တော် ပြင်ပပါ လှုပ်ရှားတော့မည့် နိုင်ငံရေး အင်အားစုရော၊ လွှတ်တော်တွင် နဂိုရှိနှင့်နေပြီး ရွေးကောက်ခံဒီမိုကရေစီ အင်အားစုများရော နိုင်ငံသားတစ်ဦးချင်း ကြွယ်ဝချမ်းသာမှုရှိသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ သားအခွင့်အရေးကို နိုင်ငံသားအားလုံးအတွက် ရယူပေးချင်မည်သာဖြစ်သည်။ ယင်းမှာ ဝိဝါဒ ကွဲပြားစရာမရှိပါ။ နိုင်ငံတော်သမ္မတကြီးမှ နိုင်ငံ၏အဓိက စီးပွားရေး မူဝါဒဖြစ်သော ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ချမှတ် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တနေ့ တစ်ဒေါ်လာ အောက်ဖြင့် လုပ်ကိုင်စားသောက်နေသည့် လူဦးရေမှာသန်းချီရှိနေသည့်အပြင် လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသမှာ ပင်အဓိက နေထိုင်ကြသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပါအဝင် နိုင်ငံ၏နှိုင်းရအသာစီးရမှု (competitive advantage) ရှိသည့် စီးပွားရေးကဏ္ဍကို ဖော်ဆောင်ဖန်တီးလုပ်ဆောင်ရမည် ဖြစ်သော်လည်း နိုင်ငံသားတစ်ဦးချင်း ကြွယ်မှုရှိပြီး လူမွဲနိုင်ငံအဖြစ်မှ တက်လှမ်းနိုင်ရန်မှာ အချိန်မဆွဲပဲလုပ်ဆောင်ရမည့် နိုင်ငံ့အရေးပင် ဖြစ်သည်။ ယင်းကို လက်ရှိ အစိုးရနှင့် လွှတ်တော်မှ မှန်မှန်ကန်ကန် မူဝါဒချမှတ် အကောင်အထည်ဖော်နိုင်ရန် အတိုက်အခံအသွင်ဆောင်သည့် အထက်ပါနိုင်ငံရေးအင်အားစုကြီးမှ လွဲမှားနေသည့်အရာများကို လွှတ်တော်တွင်းမှာ သာမက သတင်းမီဒီယာများမှတစ်ဆင့် ထောက်ပြဝေဖန်ပြောဆိုရမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေမြင့်မားမှု ရှိမှသာ လူနေမှုအဆင့်အတန်း မြင့်မားလာမှာဖြစ်ပြီး လူလတ်တန်းစားလည်း အားကောင်းကောင်းနှင့် ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ရွေးကောက်ပွဲ ဒီမိုကရေစီမှ ခိုင်မာအားကောင်းသည့် ဒီမိုကရေစီ (consolidated democracy) အဖြစ် အသွင်ကူးပြောင်းရေးမှာ Top-town approach အဖြစ်သွားရမည်မဟုတ်ဘဲ bottom-up approach ဖြင့်သွားရမည်သာဖြစ်ရာ လူလတ်တန်းစားအားကောင်းရေးမှာ ယနေ့ နိုင်ငံအရေးတွင် ပါဝင်ပတ်သက်နေသည့် အမျိုးသားရေး အင်အားစုကြီး တစ်ရပ်လုံး၏ တာဝန်ဖြစ်ပါကြောင်း…။

***************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment