Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၅.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နယ်စပ်လုံခြုံမှုရှိရေးနှင့် တိုင်းရင်းသားပဋိပက္ခအဆုံးသတ်ရေး အကောင်အထည်ဖော်ရန် မြန်မာကို တရုတ်တိုက်တွန်း

(AP သတင်းဌာနမှ 23 Feb 2012 ရက်စွဲပါ China calls on Myanmar to ensure security along border, end ethnic conflicts ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် အမေရိကန်တို့ ပထမဆုံးလုပ်သင့်သည့်အရာ

(Huffington Post မှ 23 Feb 2012 ရက်စွဲပါ Stenley Weiss ရေးသားသော The first thing the U.S should do in Myanmar ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************************

နယ်စပ်လုံခြုံမှုရှိရေးနှင့် တိုင်းရင်းသားပဋိပက္ခအဆုံးသတ်ရေး အကောင်အထည်ဖော်ရန် မြန်မာကို တရုတ်တိုက်တွန်း

(AP သတင်းဌာနမှ 23 Feb 2012 ရက်စွဲပါ China calls on Myanmar to ensure security along border, end ethnic conflicts ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံထိစပ်လျက်ရှိသော နယ်စပ်ဒေသတစ်လျှောက် လုံခြုံမှုရှိအောင် အခိုင်အမာ လုပ်ကိုင် ဆောင်ရွက်သင့်သည်ဟု အိမ်နီးချင်း တရုတ်နိုင်ငံက သတိပေးတိုက်တွန်းလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။

မကြာသေးခင်က မဲခေါင်မြစ်အတွင်းသွားလာလျက်ရှိသော တရုတ်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် တရုတ်ပြည်တွင်းသို့ ဒုက္ခသည်မြောက်မြားစွာ ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းသို့ တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။

ယမန်နှစ်အတွင်း ရွှေတြိဂံဒေသအနီး မဲခေါင်မြစ်အတွင်း သွားလာလျက်ရှိသော ရေယာဉ်တစ်စီးအား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ တရုတ်သင်္ဘာသား ၁၃ ဦးသေဆုံးသွားပြီးနောက် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လေးနိုင်ငံပူးပေါင်းပြီး ဒီဇင်ဘာလတွင် မဲခေါင်မြစ်တွင်း ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ရွှေတြိဂံဒေသသည် မူယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ အမြောက်အမြားလုပ်ကိုင်လျက်ရှိသော ဒေသဖြစ်သည်။

ထို့ပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုမျာကြောင်း ကချင်တိုင်းရင်းသားပြည်သူများစွာ တရုတ်ပြည်သို့ ဝင်ရောက်ခိုလှုံခဲ့ကြသည်။ "နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးထိန်းသိမ်းဖို့ဆိုတာ နှစ်နိုင်ငံစလုံးရဲ့အကျိုးစီးပွားဖြစ်ပါတယ်" ဟု တရုတ်အစိုးရ အကြံပေးအရာရှိချုပ် Jia Qinglin ၏ ပြောကြားချက်ကို ကိုးကားပြီး AP သတင်းကဖော်ပြသည်။ မစ္စတာ Jia Qinglin သည် မြန်မာနိုင်ငံ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဘေဂျင်းမြို့တော်၌ တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

"တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို လေးစားအသိအမှတ်ပြုပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုပေါ်ထွန်းရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကို မြန်မာနိုင်ငံအနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်တော်တို့ တရုတ်အစိုးရက မျှော်လင့်နေပါတယ်" ဟု မစ္စတာ Jia Qinglin ကပြောကြားသည်။

တရုတ်ပြည်သည် မြန်မာနိုင်ငံကို နှစ်အတော်ကြာအုပ်ချုပ်ခဲ့သော စစ်အစိုးရ၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး စစ်လက်နက်နှင့် ရင်းနှီးမြှုပ်နှံမှုများ အဓိကပြုလုပ်ပေးသည့် ရင်းမြစ်တစ်ခုသဖွယ်ဖြစ်ခဲ့သည်။ သို့သော် ယမန်နှစ်အတွင်း မြန်မာနိုင်ငံတွင် အရပ်ဘက်အစိုးရတစ်ရပ် ပေါ်ထွန်းခဲ့ပြီး အနောက်နိုင်ငံများနှင့် စတင်ဆက်ဆံမှုများ ပြုလုပ်လာပြီးနောက် တရုတ်-မြန်မာဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။

တရုတ်-မြန်မာဆက်ဆံရေးအကြား အဓိကပြောင်းလဲခဲ့သည့် အပြောင်းအလဲတစ်ခုမှာ တောင်ပိုင်း ယူနန်ပြည်နယ်အတွက် ကချင်ပြည်နယ်တွင်း တည်ဆောက်လျက်ရှိသော တရုတ်ကျောထေက်နောက်ခံ မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။ Jia Qinglin က နှစ်နိုင်ငံ ဆက်ဆံရေးအကြား အဖုအထစ်များနှင့် ပတ်သက်၍ အတိအကျ ထုတ်ဖော်ပြောဆိုမှုမပြုခဲ့သော်လည်း "တရုတ်-မြန်မာဆက်ဆံရေးတွင် မျှော်လင့် မထားသော အခွင့်အရေးများရှိသလို စိန်ခေါ်မှုများလည်းရှိနေသည်" ဟု ဆိုသည်။

မြန်မာအစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သလို မီဒီယာအများအပေါ် တင်းကြပ်ပိတ်မှုများလည်း လျှော့ချပေးလျက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နှစ်ပေါင်းများစွာဖြစ်ပေါ်ခဲ့သည့် စစ်မက်ပဋိပက္ခချုပ်ငြိမ်းရန် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များ လုပ်ဆောင်လျက်ရှိသည်။  သို့သော် ၂၀၁၁ ခုနှစ် ဇွန်လအတွင်း ကချင်ပြည်နယ်၌ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ စစ်ပြေးဒုက္ခသည် များစွာမှာ လျှိုမြောင်တောတောင်များကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ အချို့ဒုက္ခသည်များ ကချင်ပြည်နယ် ဘက်သို့ ပြန်လည် ဝင်ရောက်လာပြီ ဖြစ်သော်လည်း အချို့မှာ တရုတ်နယ်စပ်ဒေသ၌ပင် ဆွေမျိုးများနှင့်အတူနေထိုင်လျက်ရှိသည်ဟု ယုံကြည်ရသည်။

ကချင်ဒုက္ခသည်များအဓိက ခိုလှုံနေထိုင်ရာ Yingjiang ကောင်တီပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လက်ရှိအနေအထားတွင် ဒုက္ခသည်များ ဝင်ရောက်မှု လျော့ကျလာလျက် ရှိကြောင်း၊ အချို့သောအချိန်ကာလများတွင်မူ ဒုက္ခသည်ဝင်ရောက်မှု လုံးဝမရှိကြောင်းပြောကြားသည်။ "အများစုကတော့ မြန်မာပြည်ပြန်သွားကြပါပြီ။ ဒီဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အများကြီးမဟုတ်တော့ပါဘူး" ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

*************************************************************************

မြန်မာနိုင်ငံတွင် အမေရိကန်တို့ ပထမဆုံးလုပ်သင့်သည့်အရာ

(Huffington Post မှ 23 Feb 2012 ရက်စွဲပါ Stenley Weiss ရေးသားသော The first thing the U.S should do in Myanmar ကို ဘာသာ ပြန်ဆိုသည်)

(Stenley Weiss သည် ဝါရှင်တန်အခြေစိုက် Business Executives for National Security တည်ထောင်သူဥက္ကဋ္ဌ ဖြစ်ပြီး ဆောင်းပါးသည် ယင်း၏ ကိုယ်ပိုင် အယူအဆ ဖြစ်သည်)

သမ္မတဘားရက်အိုဘားမားသည် ငယ်စဉ်ကလေးဘဝက အင်ဒိုနီးရှားတွင် နေထိုင်ခဲ့ပြီး ဂျကာတာ၏ ယဉ်ကျေးမှု၊ ဘာသာစကားတို့ကို သင်ယူခဲ့သည်။ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono သည် အမေရိကန်ပြည်ထောင်စုတွင် စစ်တပ်အရာရှိ သင်တန်း တက်ရောက်ခဲ့ရာ SBY ဟု လူသိများခဲ့ပြီး U.S Army Command နှင့် စစ်ဦးစီးတက္ကသိုလ်တို့ကို တက်ရောက်ခဲ့သည်။ ဤသည်မှာ သမ္မတနှစ်ဦး အခြားတိုင်းပြည်များတွင် ကိုယ်စီ နေထိုင် တွေ့ကြုံခဲ့ရသည့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်များ ဖြစ်သည်။

သမ္မတအိုဘားမားသည် နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့ခြင်းမှာ ယင်းအတွက် ကမ္ဘာလုံးဆိုင်ရာ အမြင်ရရှိရေး အတွက် လက်ဆောင်ဖြစ်ကြောင်း အများက မှတ်ချက်ပေးသည်။ သို့သော် ကံမကောင်းသော အချက်တစ်ခုမှာ SBY ၏ အတွေ့အကြုံမှာ အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် တစ်ခုတည်းသော အတွေ့အကြုံ ဖြစ်နေခြင်း ဖြစ်သည်။ ဒေသတွင်းတွင် ယခုကဲ့သို့ စစ်ခေါင်းဆောင်မှုမှ အရပ်သား အုပ်ချုပ်မှုသို့ ထင်ရှားစွာ ပြောင်းနေချိန်တွင် SBY နှင့် အခြားထောင်ပေါင်းများစွာကို အမေရိကန်သို့ ပို့၍ သင်ယူသော International Military Education and Training (IMET) အစီအစဉ်အပေါ် အဓိပ္ပာယ်ရှိရှိ မတက်ရောက်ရန် ကန့်သတ်ထားခြင်းသည် အရပ်သားအုပ်ချုပ်မှု၊ ဒီမိုကရေစီ တန်ဖိုးများနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ တတ်ကျွမ်းသော မျိုးဆက်သစ်ခေါင်းဆောင်များ မွေးထုတ်မပေးနိုင်ရန် ကာဆီးထားသကဲ့သို့ ဖြစ်နေချေသည်။

စာရေးသူအနေဖြင့် စဉ်းစားမိခဲ့သောအချက်မှာ လွန်ခဲ့သော ၁ဝ နှစ်က နေထိုင်ခဲ့ဖူးသော အင်ဒိုနီးရှားနိုင်ငံတွင် IMET မှ မွေးထုတ်ပေးလိုက်သော အရာရှိများသည် အင်ဒိုနီးရှားနိုင်ငံတွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စီမံခန့်ခွဲနိုင်သည်ကို စဉ်းစားမိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲဖြင့် ကမ္ဘာသို့ တံခါးဖွင့်ပေးခဲ့ရာ အလားအလာကောင်းများနှင့် စွမ်းအားသစ်များအပေါ် လျစ်လျူရှု၍ မရသော အခြေအနေဖြစ်လာပေသည်။ အကယ်၍ မြန်မာနိုင်ငံတွင် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ ချောမောစွာ ကျင်းပနိုင်ခဲ့လျှင် အမေရိကန်သည် ယင်း၏အကျိုးစီးပွားအရ အရေးယူမှုများကို ရုတ်သိမ်းဖွယ် ရှိနေသည်။ အရေးယူမှုများ ဖြေလျော့ပေးပြီး အမေရိကန်အနေဖြင့် ပထမဆုံး လုပ်သင့်သည့်ကိစ္စမှာ မြန်မာနိုင်ငံသို့ IMET အစီအစဉ်ပြန်လည် သယ်ဆောင်လာရန်နှင့် မြန်မာ့လူ့အဖွဲ့အစည်းကို ဘဝသစ်များဖြင့် အသက်ရှုချောင်စေရန် အကူအညီပေးရမည် ဖြစ်သည်။ မြန်မာပြည်သူများသည် ရာစုနှစ်ထက်ဝက်ခန့် တရားဥပဒေစိုးမိုးမှု၏ အကာအကွယ်ကို မခံစားခဲ့ရသော သူများဖြစ်သည်။

IMET ကို ၁၉၇၆ တွင် စတင်တည်ထောင်ပြီး အမေရိကန်နှင့် နိုင်ငံခြားစစ်တပ်များကြား ဆက်ဆံရေးကို အားကောင်းစေရန် လုပ်ဆောင်ပေးသော အစီအစဉ် ဖြစ်သည်။ IMET သည် အမေရိကန်နှင့် ချစ်ကြည်ရေး ပြုလုပ်ထားသော နိုင်ငံများမှ အလားအလာရှိသော အရာရှိငယ်များအား အမေရိကန် ပြည်ထောင်စုတွင် ခေါ်ယူ၍ လွတ်လပ်သော လူ့အဖွဲ့အစည်းရှိ စွမ်းအားပြည့်ဝနေသော အရပ်သား-စစ်တပ် ဆက်ဆံရေးပုံစံကို သင်ကြားပေးသည်။ ၁၉၉၁ တွင် လွှတ်တော်သည် IMET အစီအစဉ်၌ လူ့အခွင့်အရေးမြှင့်တင်ရေးကို ပေါ်ပေါ်တင်တင် အလေးပေး သင်ကြားမှုကိုပါ တိုးချဲ့လာသည်။ လောလောဆယ်တွင် အဆိုပါအစီအစဉ်သည် အကူအညီပေးငွေ ဒေါ်လာသန်း ၁ဝဝ ရှိပြီး ကမ္ဘာတလွှားနိုင်ငံ ၁၃ဝ မှ ကျောင်းသား ၇ ထောင်ကျော်ကို သင်ကြားပေးလျက် ရှိသည်။

ထိုအထဲတွင် မြန်မာနိုင်ငံ ပါဝင်ခြင်းကား မရှိသေးပေ။ ဇင်ဘာဘွေ၏ ရောဘတ် မူဂါဘီ ကဲ့သို့သော သနားညှာတာခြင်းမရှိသည့် အာဏာရှင်နှင့် AWOL မဟာမိတ်များဖြစ်သော ပါကစ္စတန်တို့ကိုပင် IMET အစီအစဉ်များ ထည့်သွင်းသော်လည်း အမေရိကန်သည် မြန်မာနိုင်ငံအပေါ် IMET အစီအစဉ်နှင့် အခြားအကူအညီများ ဖြတ်တောက်ထားပေသည်။

ထိုသို့ ဖြတ်တောက်ခြင်းမပြုမီက အမေရိကန်နှင့်မြန်မာကြားတွင် စစ်အရာရှိငယ် ထောင်ပေါင်းစွာ လူးလားခေါက်ပြန်ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၂ မတိုင်မီ ၁၄ နှစ် အတွင်း IMET မတည်ထောင်မီကပင် မြန်မာနိုင်ငံအရာရှိငယ်ထောင်ပေါင်းများစွာအား အမေရိကန်သို့ စေလွှတ် ခဲ့ပါသည်။ ၁၉၆၂ ခုနှစ် အာဏာရှင်ဦးနေဝင်းအာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင်ပင် အမေရိကန်သည် မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပါသည်။ အမေရိကန်က အမေရိကန်ကအရေးယူမှုများ မချမှတ်မိက မြန်မာအရာရှိ ၂၅၅ ဦးအား အမေရိကန်စစ်ရေး လေ့ကျင့်မှုများ ပေးခဲ့ရာ အခြားတိုင်းပြည်များထက် ပမာဏများ ပြားခဲ့ပါသည်။

IMET အစီအစဉ်များ ပေးခြင်းကဲ့သို့ ကူညီခြင်းများသည် ဒီမိုကရေစီအခြေကျပြီးသော နိုင်ငံနှင့် အာဏာအကြိမ်ကြိမ်သိမ်းပြီး စီးပွားရေး ချွတ်ခြုံ ကျနေသော တိုင်းပြည်ကြား အာမခံချက်ရှိသော ဆက်ဆံရေး လမ်းကြောင်းကို ဖြစ်စေသည်။ သို့သော် ယနေ့မြန်မာနိုင်ငံမှ ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံတွင်းမှာပင် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းကြောင့် အကျိုးဆက်အားဖြင့် George Town တက္ကသိုလ်မှ ပါမောက္ခ David Steinberg ရေးသား ထားသကဲ့သို့ ပြင်ပကမ္ဘာနှင့် မထိတွေ့နိုင်အောင် ကြီးစွာ အကာအကွယ်ပြုထားသည့် သဖွယ်ဖြစ်နေသည်ဟု ပြောရမည်ဖြစ်သည်။

IMET အစီအစဉ်တွင် မြန်မာနိုင်ငံမပါဝင်ခြင်းသည် တိုင်းပြည်၏ လက်ရှိအခက်အခဲများ၏ အဓိကအချက်ဖြစ်ပါသည်။ နိုင်ငံတစ်ခုတွင် စစ်တပ်သည် လှေကြီးလှေငယ်ဆင့်သည့် သဘောရှိလာသည်နှင့် စစ်တပ်အပေါ်တွင်သာ အာရုံကျနေခြင်းသည် ရေရှည်တည်ငြိမ်ရေးနှင့် တိုင်းပြည် အလားအလာကောင်းများကို ခြိမ်းခြောက်လာမည်ဖြစ်သည်။ မြန်မာစစ်တပ်ထဲ၌ အသက်(၅၅)နှစ်အောက် အရာရှိငယ်များတွင် လွတ်လပ်သော လူ့အဖွဲ့အစည်း ဆိုသည်ကို သိရှိသူမည်သူမျှမရှိပေ။ စစ်တပ်မှာ အရာရှိငယ်များအတွင်း လူထုအခြေပြု အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်ခုတွင် မည်သို့အရေးပါသည်ကို အတွေ့အကြုံမရ မချင်း မြန်မာနိုင်ငံသည် အလားအလာကောင်းများအပြည့်အဝရရှိနိုင်မည်မဟုတ်ပေ။

IMET အစီအစဉ်အရ အကျိုးခံစားရသော စစ်တပ်သည် ဝေဖန်စရာလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟူသော မေးခွန်းမျိုး မရှိခဲ့ဘူးပေ။ အမေရိကန်အစိုးရ Accountability Office ၏ မကြာမီက ပြန် လည်သုံးသပ်မှုအရ IMET အစီအစဉ်တွင်ပါဝင်သော နိုင်ငံများ၏ သုံးပုံ တစ်ပုံသော မလွတ်လပ်သော နိုင်ငံများ ကို လူ့အခွင့်အရေးနှင့်ပတ်သက်၍ လေးစားလိုက်နာရန် ပို၍အလေးအနက်ထားရသည်ဟုဆိုပါသည်။ IMET ကို ပူးတွဲကိုင်တွယ်သော အမေရိကန်နိုင်ငံခြားရေးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုကိစ္စကို ပိုမိုအား ကောင်းစေရန် ပြုလုပ်ရမည်ဖြစ်ပါသည်။

IMET ဖြတ်တောက်ခြင်းကြောင့် ပြုပြင်ပြောင်းလဲရေးကို လုံးဝအားနည်းသွားစေသည်။ “သင်၏ စစ်တပ်သည် ပို၍ စစ်တပ်ပီသလာပြီး၊ လူ့အခွင့်အရေး လေးစားလာသည်ဆိုပါက မိမိတို့ဆက်လက်သင်ကြား လိမ့်မည်မဟုတ်”ဟုဆိုသည်။ စီးပွားရေးအရ ဆက်ဆံမှုများ မကြာခဏ ပြုလုပ်ပေးခြင်းသည် စီးပွားရေးအရ လုံးဝအထီးကျန်ပြုထားခြင်းထက်စာလျှင် လူ့အဖွဲ့အစည်း လစ်ဘရယ်ဖြစ်လာစေရန် ပိုမိုပြုလုပ်ပေးနိုင်ပါသည်။  ထို့အတူပင် IMET ၏ စစ်တပ်စစ်တပ်ချင်းဆက်ဆံရေးသည် မိမိတို့ သြဇာလွှမ်းမိုးရေးအတွက် အထောက်အကူ ဖြစ်ပါသည်။

ဝေဖန်သူများသည် အဆိုးများကိုသာ အာရုံပြုလေ့ရှိပြီး၊ မျှော်လင့်ချက်များကို ပြောဆိုလေ့မရှိပေ။ Centre for Civil-Military Relations ၏ လေ့လာချက်အရ IMET တွင်ပါဝင်ခဲ့သူများ၏ ၉၅% ကပြန်လည်တင် ပြရာတွင် ၎င်းတို့သည် အမေရိကန်စနစ်အပေါ်နားလည်မှုတိုးတက်ခဲ့ရကြောင်း၊ ၈၄% ကမူ ၎င်းတို့၏ အမေရိကန်အပေါ် အမြင်ပြောင်းခဲ့ပြီး၊ အကောင်းဖက်သို့ ဦးတည်ကြောင်းဆိုကြသည်။ စာရေးသူတွေ့ခဲ့ရသော အင်ဒိုနီးရှားအရာရှိငယ် အတော်များများသည် အင်ဒိုနီးရှား၌ တဖြည်းဖြည်းဖြစ်ပေါ်တိုးတက်မှုအတွက် ပို ကောင်းသော နည်းလမ်းများရှိကြောင်းသိရှိနေကြပါသည်။ အကြောင်းမှာ ၎င်းတို့ကို အမေရိကန်သို့ ပို့၍ ပညာ သင်ယူစေခဲ့ခြင်းကြောင့်ဖြစ်သည်။

အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးဟောင်း Yunus Yosfiah သည် ပြန်ကြားရေးဝန်ကြီးဖြစ်ပြိး သတင်းစာလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ထောက်ခံသူဖြစ်သည်။ ၎င်းက စာရေးသူအား “ကျွန်တော်ပထမဆုံး Kansas က Fort Leavenworth မှာ လွတ်လပ်ခြင်းရဲ့ ပထမဆုံးပြင်ဆင်ချက်ရဲ့ အရေးကြီးပုံကို စတင်သင်ယူ ခဲ့ရပါတယ်”ဟု ဆိုသည်။

မြန်မာစစ်တပ်ခေါင်းဆောင်များထို့သို့ပြောလာမည့်နေ့ကို စာရေးသူစောင့်မျှော်နေလျက် ရှိပါသည်။ သမ္မတ Obama ၏ နောက်ဆုံးဘတ်ဂျက်တွင် မြန်မာနိုင်ငံသို့ အကူအညီပေးမည့် ဒေါ်လာ ၂၇.၂ သန်း ပါဝင်ပါသည်။ အဆိုပါအကူအညီသည် လူထုအခြေပြုအဖွဲ့အစည်းများ အားကောင်းရန် ရည်ရွယ်သောအကူအညီဖြစ်သည်။ အောင်မြင်ရန် အကောင်းဆုံးနည်းလမ်းမှာ IMET အစီအစဉ်ပြန်လည်ပေးအပ်ရန်ဖြစ်ပါသည်။ သို့မှသာ အင်ဒိုနီးရှားမှ စစ်ဗိုလ်ချုပ်များကဲ့သို့ အမေရိကန်တွင် နေထိုင်ပညာသင်ခွင့်ရမည်ဖြစ်သည်။ လောကတွင် ပန်းသီးအညံ့စားများလည်း ရှိနေနိုင်ပါသည်။ Fort Bragg တွင် သင်တန်းတစ်ခါ ခေါ်ပေးရုံမျှဖြင့်တော့ တိုင်းပြည်ကို နေ့ချင်းညချင်းပြောင်းသွားအောင်မလုပ်နိုင်ပေ။ သို့သော် ကမ္ဘာနိုင်ငံများအား မှန်ကန်သော ရေရှည် တည်တံမည့် အာဏာသည် သေနတ်ပြောင်းဝမှ လာသည်မဟုတ်ဘဲ ပြည်သူ့ဆန္ဒမဲပေးခြင်းမှသာ ရရှိနိုင်မည်ဆိုသည်ကို ပြသရန် ခရီးရှည်ကြီး လျှောက်လှမ်းရလိမ့်မည် ဖြစ်ချေသည်။

*************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment