Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၈.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မည့်အစီအစဉ်ကြောင့် အနောက်နိုင်ငံများစိုးရိမ်

(BBC သတင်းဌာနမှ 16 March 2012 ရက်စွဲပါ North Korea to launch rocket, sparking Western fears ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့နိုင်ငံရေးရာသီ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်ကြားမှု

(VOA သတင်းဌာနမှ 16 March 2012 ရက်စွဲပါ Celebrity, Novelty Mark Burmese Political Season ကို ဘာသာ ပြန်ဆိုသည်)

**************************************************************

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မည့်အစီအစဉ်ကြောင့် အနောက်နိုင်ငံများစိုးရိမ်

(BBC သတင်းဌာနမှ 16 March 2012 ရက်စွဲပါ North Korea to launch rocket, sparking Western fears ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံတော် ခေါင်းကိုင်ဖခင်ကြီး ကင်အီဆွန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂြိုလ်တု တပ်ဆင် တင်ဆောင်နိုင်သည့် ဒုံးကျည်တစ်စင်း ပစ်လွှတ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းကြေညာသည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကို ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အကြားတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကိုရီးယား အာကာသနည်းပညာ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။ တောင်ကိုရီးယားနိုင်ငံကမူ အဆိုပါ ဒုံးကျည်ပစ်လွှတ်မည့် အစီအစဉ်သည် "စိုးရိမ်စရာကောင်းသော ရန်စပြုမူမှု တစ်ရပ်" ဖြစ်ကြောင်း ပြောဆိုပြီး ဂျပန်နိုင်ငံက အဆိုပါလုပ်ရပ်မျိုးကို ကန့်သတ်ထိန်းချုပ်ရန် တိုက်တွန်းသည်။ ယခုကဲ့သို့ ဒုံးကျည် ပစ်လွှတ်မည့် အစီအစဉ်သည် ၂၀၀၉ ခုနှစ်အတွင်း အလားတူဒုံးကျည်စမ်းသပ်မှု ပြုလုပ်ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်သော ဆုံးဖြတ်ချက် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သကဲ့သို့ဖြစ်နေသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို ဖြတ်ကျော်ကာ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ဖူးခဲ့သည့်အတွက် ယခု တစ်ကြိမ်တွင်လည်း ဂျပန်တို့က စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။ ဂျပန်အစိုးရအဖွဲ့ဝန်ကြီး အိုစာမူဖူကူရှီးမားက သတင်းဌာနများကိုပြောဆိုရာတွင် "ဂျပန်သည် မြောက်ကိုရီးယား၏ အခြေအနေကို စောင့်ကြည့်ရန်နှင့် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ အကျပ်အတည်း စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားပြီ ဖြစ်သည်" ဟု ဆိုသည်။

"ယခုလို ဒုံးကျည်ပစ်လွှတ်မယ့်ကိစ္စဟာ ဒိုင်ယာလော့ခ်ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းချက်တွေအပေါ် ကြားဝင် နှောင့်ယှက်သလိုဖြစ်နေပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် မြောက်ကိုရီးယားအနေနဲ့ ဂြိုလ်တုတပ်ဆင်ထားတဲ့ ဒုံးကျည်ပစ်လွှတ်မှုမပြုလုပ်ဖို့ ကျွန်တော်တို့က အလေးအနက်ထား တိုက်တွန်းလိုပါတယ်" ဟု ၎င်းကဆိုသည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကမူ "အဆိုပါလုပ်ရပ်သည် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချိုးဖောက်မှု တစ်ရပ်ဖြစ်သည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်" ဟု ဆိုသည်။ "ယင်းလုပ်ရပ်သည် ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မည့် ရန်စပြုမူမှုသာ ဖြစ်သည်"ဟု တိတိလင်းလင်း ဆိုသည်။

မြောက်ကိုရီးယားကွန်မြူနစ်အစိုးရသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ကြေညာခဲ့သေးသည်။ အဆိုပါသဘောတူညီချက်သည် အမေရိကန်ပြည်ထောင်စုမှ ပေးပို့မည့် တန်ချိန် နှစ်သိန်းလေးသောင်းခန့်ရှိသော စားနပ်ရိက္ခာ အကူအညီနှင့် လဲလှယ်သည့်သဘောဖြင့် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားက ၂၀၀၉ ခုနှစ်အတွင်း စမ်းသပ်ပစ်လွှတ်မှုများပြုလုပ်ခဲ့ပြီးနောက် မိမိတို့တိုင်းပြည်၏ ဂြိုလ်တုမှာ ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ ဝင်ရောက်နိုင်ကြောင်း၊ ယင်းလုပ်ရပ်သည် မြောက်ကိုရီးယား ဂြိုလ်တု နည်းပညာဆိုင်ရာ စမ်းသပ်မှုတစ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းစမ်းသပ် ပစ်လွှတ်မှုကို အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က ပြစ်တင်ဝေဖန်ခဲ့ပြီး နောက်ဆုံးတွင် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားနှင့် တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုများ မပြုလုပ်ရန် ကုလသမဂ္ဂက ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသံတမန်များကမူ မြောက်ကိုရီးယားက ပစ်လွှတ်သော ဂြိုလ်တုသည် အာကာသတွင်းသို့ရောက်ရှိသည့် အရိပ်အယောင်မျိုး မတွေ့ရကြောင်း၊ တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန်သာ ဖြစ်ကြောင်း ပြောကြားသည်။

*****************************************************

မြန်မာ့နိုင်ငံရေးရာသီ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်ကြားမှု

(VOA သတင်းဌာနမှ 16 March 2012 ရက်စွဲပါ Celebrity, Novelty Mark Burmese Political Season ကို ဘာသာ ပြန်ဆိုသည်)

ဧပြီလ ၁ ရက်နေ့ မြန်မာနိုင်ငံတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် လစ်လပ်နေသည့် ကိုယ်စားလှယ်နေရာ အနည်းငယ်မျှအတွက်သာ ဖြစ်သည့်တိုင် ယင်းရွေးကောက်ပွဲအပေါ် ပြည်သူအများစု၏ စိတ်ပါဝင်စားမှုမှာ လျော့နည်းနေခြင်း မရှိသည်ကို တွေ့ရသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးမှုပြုလုပ်သည့် နေရာတိုင်းတွင် ထောင်ပေါင်းများစွာသော လူအုပ်ကြီးက လိုက်ပါလေ့ရှိကြပြီး "အမေစု" ဟူ၍ ကြွေးကြော်အော်ဟစ်ကာ သူမနှင့် NLD အပေါ် ၎င်းတို့ထားရှိသည့် ဆန္ဒသဘောထားကို ထုတ်ဖော်ပြသကြသည်။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ဟစ်ဟော့အဆိုတော် ဇေယျာသော်ကဲ့သို့သော ယခင်နိုင်ငံရေးအကျဉ်းသားများက NLD ပါတီမှနေ၍ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခင်တစ်နှစ်ကျော်ကာလကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ကျခံနေခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ သူမအနေဖြင့် ပါတီအတွက် မဲဆွယ်စည်းရုံးမှုများကို လွတ်လပ်စွာပြုလုပ်နိုင်နေသည်ကိုတွေ့ရပေရာ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော်မျှ စစ်အာဏာရှင်စနစ်အောက် ရောက်ရှိခဲ့ရာမှ လျင်မြန်သော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ဟုပင် ဆိုရမည်။ သူမ၏ မဲဆွယ်စည်းရုံးပွဲများသည် မြန်မာပြည်သူပြည်သားများအတွက် ပျော်ရွှင်စရာကောင်းသော ပွဲတော်များသဖွယ်ပင်ဖြစ်လာသည်။

မမေထွေးကဲ့သို့ ဗွီဒီယိုသတင်းထောက်တစ်ဦးသည်ပင် ရွေးကောက်ပွဲနှင့်ပတ်သက်သော သတင်းဖြစ်ရပ်များကို လွတ်လပ်စွာ ရိုက်ကူး သတင်းရယူလျက် ရှိသည်။ ယခုလိုမျိုး ရွေးကောက်ပွဲမဲဆွယ်မှုများကို ယခင် တစ်နှစ်ကျော် ကာလလောက်ကဆိုပါက စဉ်းစား၍ပင်မရနိုင်ခဲ့ကြောင်း မမေထွေးက ဆိုသည်။ "အခုလိုလာရောက်ကြတဲ့ လူအုပ်ကြီးထဲက လူအတော်များများက NLD နဲ့ပတ်သက်လို့ ကောင်းကောင်းသိကြမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို မြင်ချင်၊ တွေ့ချင်တာသက်သက်နဲ့လာကြတာ" ဟု သူမကဆိုသည်။ ရွေးကောက်ပွဲမဲဆွယ်မှု လွလပ်စွာ လုပ်ကိုင်ခွင့်ရရှိသောကြောင့် စိတ်လှုပ်ရှားစရာများရှိနေသည့်တိုင် အချို့ကမူ နိုင်ငံခြားသတင်းမီဒီယာများနှင့်တွေ့ဆုံပြောဆိုမှုမပြုလုပ်ဝံ့ကြပေ။ မဲဆွယ်ပွဲသို့ လာရောက်ကြည့်ရှုသူ အမျိုးသားတစ်ဦးကမူ "ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခါဖူးမှမတွေ့ဖူးလို့ ဒီကိုလာတာပါ။ ကျွန်တော့်အနေနဲ့ တခြား ပြောစရာ ဘာမှမရှိပါဘူး" ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်ကျော်ကြားမှုကြောင့် NLD ရုံးခွဲများသည် ယခုအခါ နိုင်ငံခြားသားများ အပါအဝင် လူအတော်များများ အတွက် စိတ်ဝင်တစားကြည့်ရှုစရာနေရာများသဖွယ်ဖြစ်လာသည်။ ပြင်သစ်လူမျိုး ကမ္ဘာလှည့်ခရီးသည်တစ်ဦးက ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း သိရှိရသောအခါ လွန်စွာ စိတ်ကြည်နူးမိသလို လှုပ်ရှားမိကြောင်းပြောကြားသည်။ "ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရတာ အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မထင်ပါတယ် သူမဟာ အင်မတန်ရဲစွမ်းသတ္တိရှိပြီး ထူးခြားတဲ့ဘဝမျိုးကို ပိုင်ဆိုင်ထားပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ့ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ခိုင်မာသော အရိပ်လက္ခဏာများ မြင်တွေ့နေရသည့်တိုင် မဲပေးရာတွင် လွတ်လပ်မျှတမှု အမှန်တကယ် ရှိ၊မရှိ ဟူသော ကိစ္စအတွက် စိုးရိမ်ပူပန်မိကြောင်း NLD မှ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ဦးဉာဏ်ဝင်းကဆိုသည်။ "ကျွန်တော်တို့တတွေ အခက်အခဲ ပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် မဲဆန္ဒရှင်စာရင်းတွေ မှားယွင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အခက်အခဲ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်မှာပါ" ဟု ၎င်းကဆိုသည်။ "အသက်မပြည့်သေးတဲ့ မဲဆန္ဒရှင်တွေ စာရင်းထဲမှာ ပါလာတယ်။ တချို့ဆိုရင် အသက် ၁၀ နှစ်နဲ့ ၁၂ နှစ်လောက်ပဲရှိသေးတာ" ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲစည်းရုံးရေးပုဂ္ဂိုလ် အတော်များများကမူ ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်ကျော်ကြားမှုနှင့် ပါဝါကြောင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများထံမှ စိစစ်ကြီးကြပ်မှုများရရှိကာ သန့်ရှင်းသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်မြောက်အောင် အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက် ရှိကြသည်။

***************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment