Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အားသစ်လောင်းဖို့အချိန်တန်ပြီ

*****************************************

ဆောင်းပါးကဏ္ဍ

အားသစ်လောင်းဖို့အချိန်တန်ပြီ

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံရေးအပြောင်းအလဲများကိုလက်ရှိခေါင်းဆောင်များ (ruling elites)မှ ဆွဲ၍ ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၂ ခုနှစ် နိုင်ငံရေးအခင်း အကျင်းမှာ မြန်မာပြည်တွင်ရှိနိုင်ဖို့ ခဲယဉ်းခဲ့သော အမျိုးသားညီညွတ်ရေးကို တစ်ဖန်ပြန်ရလာသည့် အခင်းအကျင်းမျိုးဖြစ်သည်။ တနည်းဆိုရလျှင် လူ့အ ဖွဲ့အစည်းတွင် အပေါ်ထပ်အဆောက်အအုံကြီးတစ်ခုလုံး ပုံသဏ္ဍန်ပြောင်းလဲသွားခဲ့သည်။ ပြောင်းလဲသွားခဲ့သည့် အပေါ်ထပ် အဆောက်အအုံကြောင့် အခြေခံ အဆောက်အအုံဖြစ်သည့် ပြည်သူများ၏ စီးပွားရေးဘဝမှာ ထင်ထင်ရှားရှား သက်ရောက်မှုမရှိသေးသည်ကို တွေ့နေရသည်။ သို့သော် ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် အပေါ်ထက် အဆောက်အအုံနှင့် အခြေခံ အဆောက်အအုံတို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုများ ပိုမို ဖြစ်ထွန်းလာနိုင် သည့် အနေအထားတချို့ကိုတော့ မြင်တွေ့နေရသည်။ စီးပွားရေးပညာရှင်များ၏ မြန်မာ့စီးပွားရေးနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ ဖိုရမ်များ၊ အစိုးရကို စီးပွားရေးအပြောင်းအလဲများနှင့် ပတ်သက်သည့် အကြံပေးမည့် ပညာရှင်အဖွဲ့အစည်းကို ပြင်ပရောက် မြန်မာပညာရှင်များ ပါဝင်လာနိုင်မှုနှင့် ပညာရှင်များကြား ပြင်ဆင်သင်သည့် စီးပွားရေးမူဝါဒရေးရာ ငြင်းခုံမှုများကို သတင်းမီဒီယာများမှ ဖော်ပြခြင်းတို့ ခပ်စိပ်စိပ် ဖြစ်ပေါ်လာလျက်ရှိသည်။ ထို အတွက်ကြောင့် ၂၀၁၂ခုနှစ် နှစ်လယ်လောက်မှ စတင်၍ မူဝါဒချမှတ်သူများကြား စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် ဆောင်ရွက် လာဖို့ရှိလာသည်။ သို့သော် အပေါ်ထပ် အဆောက်အအုံအပြောင်းအလဲလိုဆွဲ၍ ပြောင်းလဲရမည်မဟုတ်ဘဲ အခြေခံ အဆောက်အအုံအပြောင်းအလဲကို ပြည်သူတစ်ရပ်လုံးပါဝင်နိုင်ဖို့ တွန်း၍ ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံမှာ နောက်ဆုံးတန်း တွင်ရှိနေသည်။ မတိမ်းမယိမ်းနိုင်ငံဟူ၍ လာအို၊ ကမ္ဘောဒီယား၊ ဗီယမ်နမ်၊ ဘရှုနိုင်းနိုင်ငံတို့သာ ရှိသည်။ သို့တိုင်အောင် ၎င်းနိုင်ငံများတွင် ဈေးကွက်စီးပွား ရေးနှင့် ပတ်သက်သည့် အင်စတီကျူးရှင်း (ဥပမာ- ဘဏ္ဍရေးဈေးကွက်)များ တစ်စုံတစ်ရာ အတိုင်းအတာထိ တည်ဆောက်ပြီးဖြစ်သည်။ မြန်မာနိုင်ငံမှာ တော့ ယခုမှ စလုံးရေးစရမည့် အနေအထားဖြစ်သည်။ ယခုအခါတွင် မြေယာပိုင်ဆိုင်ခွင့် ဥပဒေများကို ပြဋ္ဌာန်း၍ မြေယာ ပြုပြင်ပြောင်းလဲမှုများကို လုပ် ဆောင်နေလျက်ရှိသည်။ ယင်းမှာလယ်ယာစိုက် ပျိုးရေးသာအဓိကလုပ်ကိုင်သည့် နိုင်ငံတစ်ခုဖို့ အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဟုမြင်မိပါသည်။ တောင် ကိုရီယားနိုင်ငံသည်လည်း ကိုရီးယားစစ်ပွဲအပြီး မြေယာ ပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ယင်းမြေယာ ပြုပြင် ပြောင်းလဲမှုနှင့်အတူ စက်မှုထူထောင်ရေးကိုပါ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သည်။ ယအခုအချိန်အခါသည် မြန်မာနိုင်ငံမှာ ယခင် ကုန်ထုတ် ဆက်ဆံရေးအဟောင်း (mode of production)၏ ပုံသဏ္ဍန်မကျမှုများကို အားထုတ်ပြင်ဆင်ရင်းဖြင့် ကုန်ထုတ်ဆက်ဆံရေးအသစ်သို့ ချင်းနင်း ဝင်ရောက် လာသည့် တနည်းစက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အားယူသည့် (take off) အချိန်လည်းဖြစ်သည်။

မြန်မာနိုင်ငံမှာ စီးပွားရေးအပြောင်းအလဲကို ယခုမှ အားယူလုပ်ဆောင်ရမည်ဖြစ်သော်လည်း ကိုယ့်ရှေ့က ဖွံ့ဖြိုးတိုးတက်မှုကို ရယူသွားနိုင်သည့် အရှေ့အာရှနိုင်ငံများ၏ ဥပမာများကို လေ့လာသုံးသပ်နိုင်သည့် အခွင့်အလမ်းရှိသွားသည့် နောက်မှလိုက်သည့် နိုင်ငံတစ်ခု(late comer) ဖြစ်သည်။ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်တို့မှာ တောင်အမေရိကနိုင်ငံများနှင့် ယှဉ်လျှင် ဆယ်စုနှစ် လေးစုအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်ခဲ့သည့်အတွက် အာရှအံ့ဘနန်းဟုပင် ဝိဂြိုလ်ပြုခဲ့ကြသည်။ ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေးမော်ဒယ်ကို လေ့လာ သုံးသပ်ကြည့်ပါက တူညီသည်အချက်နှစ်ခုမှာ နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခြင်း (macroeconomic stability)နှင့် ပို့ကုန် ဦးစားပေးမူဝါဒ (export-oriented policy)ကို အဓိက ကျင့်သုံးခဲ့သည်။ ယင်းနိုင်ငံများ နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်အောင် မူဝါဒလေးခု အလေးထား အကောင်အထည်ဖော်ခဲ့သည်။

(၁) ဘတ်ဂျက်လိုငွေပြမှုကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း

နိုင်ငံအဆင့်စီးပွားရေးမတည်ငြိမ်မှု မဖြစ်ပေါ်စေဘဲလို ငွေဖြည့်တင်းနိုင်လောက်သည့် အနိမ့်ဆုံးပမာဏကို ထိန်ထားနိုင်အောင် ဆောင်ရွက်ခဲ့သည်။ စင် ကာပူနိုင်ငံ၏ စီးပွားရေးအင်စတီကျူးရှင်းဖြစ်သော ငွေကြေးဘုတ်အဖွဲ့မှ ဘတ်ဂျက်လိုငွေပြမှု မဖြစ်ပေါ်အောင် မပြတ်စောင့်ကြည့်ခဲ့သည်။ စင်ကာပူ နိုင်ငံလို အင်စတီကျူးရှင်းမှ စောင့်ကြည့်သည့် နိုင်ငံရှိသလို အင်ဒိုနီးရှားနိုင်ငံမှ ဘတ်ဂျက်ညီမျှရေးဥပဒေ (balance budget law)နှင့် ထိုင်းနိုင်ငံမှ ငွေလဲ နှုန်းစီမံခန့်ခွဲမှု မူဘောင် (exchange rate management framework)အစရှိသည့် စည်းမျဉ်းစည်းကမ်း အခြေခံချဉ်းကပ်မှုဖြင့် ဘတ်ဂျက်လိုငွေပြမှု ကိုစနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်။

(၂) ငွေကြေးဖောင်းပွမှု အလယ်အလတ်မှ အနိမ့်အဆင့်ရောက်အောင် ပြင်ဆင်ခြင်း

ငွေကြေးဖောင်းပွမှုကို အလယ်အလတ်မှ အနိမ့်အဆင့် ထားရှိနိုင်ရန်နှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော ဘဏ္ဍရေးမူဝါဒများ၏ အကျိုးကျေးဇူးကြောင့် အရှေ့အာရှ နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများမှာ တည်ငြိမ်သည့် အစစ်အမှန်အတိုးနှုန်းကိုရရှိခဲ့ကြသည်။

(၃) ပြည်ပကြွေးမြီကို ထိန်းသိမ်းထားနိုင်ခြင်း

ပို့ကုန်ပမာဏ မြင့်မားမှုဟာ ပြည်ပကြွေးမြီးကို အဆင့်သင့် ဝန်ဆောင်မှုပေးနိုင်သည်ဟူသော အဓိပ္ပါယ် သက်ရောက်မှုရှိနေသည်။ အရှေ့အာရှနိုင်ငံများ၏ ဖွံ့ဖြိုးမှုမြင့်မားခြင်းကြောင့် အရင်းအနှီးအတွက် လိုအပ်သောချေးငွေများကို အတိုးနှုန်းနှင့်အတူ ပြန်လည်ပေးဆပ်နိုင်ခဲ့သည်။

(၄) နိုင်ငံခြားငွေလဲနှုန်းကို ဆီလျှော်မှုရှိသောမူဝါဒချမှတ်၍ ကျင့်သုံးအကောင်အထည်ဖော်ခြင်း

အရှေ့အာရှနိုင်ငံများသည် မိမိတို့၏ ငွေကြေးကို အမေရိကန်ဒေါ်လာနှင့် နှုန်းသေ(fixed rate) ချိတ်ဆက်ထားကြသည်။  ကမ္ဘာ့ရေနံဈေးတက်မှုကြောင့် ဖြစ်ပေါ်လာရသော နိုင်ငံအဆင့် စီးပွားရေးမတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် အရှေ့အာရှ နိုင်ငံအများစုမှာ နိုင်ငံခြားငွေလဲနှုန်းကို အသေ ချိတ်ဆက်ထား ရာမှာ စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် နှုန်းရှင်စနစ်ကို(managed floated) ပြောင်းလဲ၍ အကြိမ်ကြိမ်အခါခါပြင်ဆင်ခဲ့ကြသည်။

အရှေ့အာရှနိုင်ငံများ၏ နောက်ထပ်တူညီသည့်အချက်မှာ ပို့ကုန်ဦးစားပေးခြင်းမူဝါဒ ဖြစ်သည်။ ပို့ကုန်ဦးစားပေးနှင့်အပြိုင် နိုင်ငံအများစု ကျင့် သုံးခဲ့သည့် စီးပွားရေးမူဝါဒတစ်ခုမှာ သွင်းကုန်အစားထိုးရေး (import substitution) ဖြစ်သည်။ သို့သော် နှစ်ပေါင်း ၄၀ ကျင့်သုံးပြီးနောက်တွင် ပို့ကုန် ဦးစားပေးသည့် နိုင်ငံများသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို ရောက်ရှိခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခေတ်လုံး သွင်းကုန်အစားထိုးရေးကိုသာ အဓိက ကျင့်သုံးခဲ့သည့်အတွက်ကြောင့် မှောင်ခိုဈေးကွက် ကြီးထွားလာခြင်း၊ နိုင်ငံခြားကြွေးမြီးများ မပေး ဆပ်နိုင်ခြင်းတို့ ဖြစ်ပေါ်လာကာ ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ပို့ကုန်ဦးစားပေးမူဝါဒ ကျင့်သုံးမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည့် စီးပွားရေးပညာရှင်များထဲတွင် မြန်မာ့စီးပွားရေးပညာရှင် ဒေါက်တာ လှမြင့် လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခချုပ် ဖြစ်ခဲ့ဖူးသည့် ဒေါက်တာလှမြင့်၏ ပြည်တွင်းဖူလုံလျှင် ပြည်ပသို့ တင်ပို့ပြီး စီးပွားရေးဖွံ့ဖြိုးမှု ရယူနိုင်သည်ဟူသော ပိုလျှံမှု၏တိုးတက်မှု (advance of surpluses) သဘောတရားမှာ  ရိုးရိုးလေးပင်ဖြစ်သည်။ သို့သော် ယင်းသ ဘောတရားမှာ မြန်မာနိုင်ငံတွင် မကျင့်သုံးနိုင်ခဲ့ဘဲ အရှေ့အာရှနိုင်ငံများတွင်သာ ကျင့်သုံးခဲ့ကြသည်။ ရလဒ်အားဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကွာဟချက် ကြီးမားသွားခဲ့သည်။ ယခုအခါတွင်တော့ ပို့ကုန်ဦးစားပေးရေးကို ပညာရှင်များကြား အဓိကထား ပြောကြားလာခဲ့ကြသည့်အတွက် ယင်းသဘောတရားမှာ မြန်မာနိုင်ငံတွင် ပြန်လည် အသက်ဝင်လာတော့မည် ဖြစ်သည်။ အစိုးရမှ မက်ကရိုအဆင့် စီးပွားရေးတည်ငြိမ်မှုနှင့် ပို့ကုန်ဦးစားပေးမူဝါဒကို ဟန်ချက်ညီညီ ထိန်းကျောင်းပဲ့ကိုင်သွားနိုင်မှသာလျှင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးရေးပန်းတိုင်ကိုအရောက်လှမ်းနိုင်မည်။

                                                     မြန်မာ့စီးပွားရေးကိုအားသစ်လောင်းဖို့ အချိန်တန်ပြီ။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment