yangonchronicle2011 Op-Ed |
၁.၁၀.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ဒီမိုကရေစီမြန်နှုန်းမြင့်ရန် စည်းကမ်းအရေးကြီးသည်
*****************************************
ဆောင်းပါးကဏ္ဍ
ဒီမိုကရေစီမြန်နှုန်းမြင့်ရန် စည်းကမ်းအရေးကြီးသည်
ဒေါက်တာဓမ္မပိယ (ITBMU)
(အောက်တိုဘာလ ၃ ရက်နေ့ထုတ် The Myanmar Post Journal မှ ထုတ်ယူဖော်ပြချက်။)
ခေတ်တွေပြောင်းလာပြီဆိုတော့ မြန်မာနိုင်ငံကို ခေတ်မီတိုးတက်တဲ့အသွင်နဲ့ တွေ့ချင်၊ မြင်ချင်သူတွေကလည်း များမှများ၊ အရိပ်တကြည့်ကြည့် နဲ့ စောင့်ကြည့်ရတာတွေကြာလာတော့ နှေးကွေးရကောင်းလားလို့ အားမလိုအားမရဖြစ်နေသူတွေ ရှိပါတယ်။
ဒီမိုကရေစီစနစ်ဆိုတာ လူတွေထင်ထားသလို ဖြစ်ချင်ရာတွေကို တင်ပြရင် တစ်ချက်လွှတ်အမိန့်တော်နဲ့ အလျှင်အမြန် ဆောင်ရွက်နိုင်တဲ့ သက်ဦး ဆံပိုင် ဘုရင်စနစ်မျိုးလည်း မဟုတ်ပါ။ အမိန့်အာဏာထုတ်ပြီးလျှင် “ရေဗူးပေါက်တာမလိုချင်၊ ရေပါဖို့ကအဓိက”ဆိုတဲ့ ချက်ချင်းအကောင်အထည် ဖော် ပေးရတဲ့ အာဏာရှင်စနစ်မျိုး မဟုတ်ပါ။ ဒီမိုကရေစီစနစ်ဆိုတာ တရားဥပဒေနှင့်အညီ အုပ်ချုပ်နိုင်ဖို့ ဥပဒေရေးရာတွေကို အမှားနည်းနိုင်သမျှနည်းအောင် ရေးဆွဲပေးရတဲ့ စနစ်မျိုးဖြစ်လို့ ဥပဒေရေးဆွဲရာမှာပဲဖြစ်ဖြစ်၊ စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရာမှာပဲဖြစ်ဖြစ် နှေးကွေးပါတယ်။ ဒါကို ပြည် သူ၊ ပြည်သားတွေ စိတ်ရှည်ရှည်ထားနိုင်ကြဖို့ပါ။
ဒီမိုကရေစီစနစ်ဟာ တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်းတို့ကို ပြုလုပ်ပြီးမှ အကောင်းဆုံးနည်းလမ်းတစ်ခု အသင့်တော်ဆုံး နည်းလမ်းတစ်ခုကို ရွေးချယ်အတည်ပြု၊ ပြဠာန်းပေးရတဲ့ စနစ်မျိုးဖြစ်လို့ အလျင်စလိုပြုလုပ်ပေးလို့ မရနိုင်ပါ။ ဥပဒေနှင့်အညီ စီမံကိန်းတစ်ခုကို ချမှတ်တဲ့ အခါ စီမံကိန်းနဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးနိုင်ဖို့ ပညာပေးတွေကို အရင် ပြုလုပ်ပေးကြရမှာပါ။ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည် ဖော် နိုင်အောင် စီမံဆောင်ရွက်ကြရမှာပါ။ ဥပမာ လာဘ်ပေး၊ လာဘ်ယူ ကိစ္စမျိုးပါ။ လာဘ်ပေး၊ လာဘ်ယူကင်းရှင်းတဲ့ နိုင်ငံဖြစ်ဖို့ တည်ထောင်နိုင်ဖို့ဟာ လွယ် ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါ။
နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒရေးရာတွေကို ပြည်သူတွေ စိတ်သန့်သန့်ရှင်းရှင်းနဲ့ လိုက်နာနိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေကို မူဝါဒအားဖြင့် မချမှတ်ခင် သို့မဟုတ် မူဝါဒကိုချမှတ်ပြီးတဲ့အခါ ဒီမူဝါဒရဲ့ ရည်ရွယ်ချက်တွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို ပြည်သူ၊ ပြည်သားတွေ သိအောင် ကြိုတင်အသိပေးထားရပါမယ်။ ဥပမာ အခွန်ဘဏ္ဍာကိစ္စမျိုး၊ ပညာရေးပြုပြင်ပြောင်းလဲမယ့်ကိစ္စမျိုး ကြိုတင်သိထားမှ ကြိုတင်ပြင်ဆင်နိုင်မှာပါ။ တစ်ကယ် တော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ဘယ်ကိစ္စမျိုးကိုမှ ပုန်းလျှိုးကွယ်လျှိုးပြုလုပ်နေစရာ အကြောင်းမရှိပါ။ စနစ်ဆိုတာ ပြည်သူ၊ပြည်သားတွေကပါ ပါဝင်လိုက်နာကျင့်သုံးနိုင်ပါမှ စည်းကမ်းပြည့်ဝတဲ့စနစ်၊ စည်းကမ်းပြည့်ဝတဲ့ လူမျိုးဆိုတာ ဖြစ်လာနိုင်မှာပါ။ စည်းကမ်းရှိတဲ့ ပြည်သူတွေများလာပါမှ စည်း ကမ်းရှိတဲ့နိုင်ငံဆိုတာ ဖြစ်လာမှာပါ။ ဆိုလိုချင်တာကတော့ အဆင့်ရှိရှိကမ္ဘာနဲ့ ဆက်ဆံချင်ရင် နေတက်၊ ထိုင်တက်ဖို့ လိုပါတယ်။ ကွမ်းကို စည်းမဲ့ကမ်းမဲ့ ထွေး။ ဆေးလိပ်ကို စည်းမဲ့ကမ်းမဲ့သောက်။ အမှိုက်တို့၊ စားပြီးသောက်ပြီး အချဉ်ထုပ်အခွံ၊ ငှက်ပျောခွံ၊ ဖျော်ရည်ဗူးခွံ စတာတို့ကို စည်းမဲ့၊ ကမ်းမဲ့ စွန့်ပစ် တာမျိုးတွေဟာ အဆင့်ရှိတဲ့ လူမျိုးတို့ရဲ့ အမူအကျင့်တွေမဟုတ်ပါဘူး။ သတိထားဆင်ခြင်သင့်ပါတယ်။ “မြန်မာလူမျိုးတွေ စည်းကမ်းမရှိဘူး”တဲ့။ မြန်မာ နိုင်ငံလောက် စည်းကမ်းများတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ရှိမှာမဟုတ်ပါ။ ဟိုနားမှာလည်းစည်းကမ်း၊ ဒီနားမှာလည်းစည်းကမ်း၊ စည်းကမ်းနို့တစ်ဘုတ်တွေ များ လွန်းလှပါတယ်။ တစ်ကယ်တော့ စည်းကမ်းမရှိတာ မဟုတ်ပါ။ မလိုက်နာတာပါ။ စည်းကမ်းရေးဆွဲရတယ်ဆိုတာ ဖတ်ရန်မျှသာမဟုတ်ဘဲ လိုက်နာနိုင်ဖို့ အ ရေးကြီးပါတယ်။ စာသင်ကျောင်းတစ်ကျောင်း သို့မဟုတ် ရုံးတစ်ရုံးရဲ့ အဝန်းအဝိုင်းထဲကို ဝင်ကြည့်ပါ။ စည်းမျဉ်း၊ စည်းကမ်းတွေက များလွန်းလှပါတယ်။ ရှိသမျှ စည်းမျဉ်း၊ စည်းကမ်းတွေကိုသာ အကုန်အစဉ်ဖတ်ရမယ်ဆိုရင် အလုပ်တောင်လုပ်ချိန်ရမှာ မဟုတ်ဘူး။ စည်းမျဉ်း၊ စည်းကမ်းတွေ ပြည်သူ၊ ပြည် သားတွေ လိုက်နာစေချင်ရင် နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးနိုင်ရပါမယ်။ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာစေချင်ရင် နံပါတ် ၁ က ကျောသား၊ ရင်သားမခွဲခြားဘဲ ဆက်ဆံပေးဖို့ပါ။ ရာထူးရှိသူ၊ ရာထူးမဲ့သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ပေးကမ်းနိုင်သူ၊ မပေးကမ်းနိုင်သူရယ်လို့ ခွဲခြားဆက်ဆံမှု မပြုဘဲ အပြစ်ရှိသူကို အပြစ်နဲ့တန်အောင် အရေးယူပြီး အပြစ်ကင်းစွာနေထိုင်နိုင်ဖို့ ကာကွယ်ပေးရပါမယ်။ အများမျှော်လင့်ထားတဲ့ ဥပဒေစိုးမိုးရေးဆိုတာ ဒီအခြေခံသဘောတရားတွေကို အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။
ဥပဒေစိုးမိုးရေးဆိုတဲ့ စကားကို မြန်မာပြည်သူ၊ ပြည်သားတွေ ဂဃနဏ နားလည်ထားကြဟန် မတူသေး။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်အိမ်ရှေ့ ကို အမှိုက်လာပစ်ရင် မကြိုက်သော်လည်း သူများအိမ်ရှေ့ကို ကိုယ်တိုင်က အမှိုက်ပစ်နေကြတယ်။ စည်းကမ်းမှာ ခြွင်းချက်ထားပြီး ကျင့်သုံးလို့မရပါ။ ခြွင်း ချက်ထားပြီး ကျင့်သုံးနေကြရင် လူမျိုးပျောက်သွားခဲ့ရတဲ့ သာဓကတွေ သမိုင်းမှာထင်ကျန်နေဆဲ ရှိနေပါသေးတယ်။
တစ်ချိန်တစ်ခါက မြန်မာနိုင်ငံမှာ စည်းကမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အထက်အဖွဲ့အစည်းနှင့် အောက်အဖွဲ့အစည်း အတော်ကို ကွာခြားသွားခဲ့ ပါတယ်။ ဥပမာ-လူကြီးတွေရဲ့ကားနဲ့ဖြစ်စေ၊ လူကြီးသားသမီးတွေရဲ့ ကားနဲ့ဖြစ်စေ မီးနီကို ဖြတ်ကူးလို့ ယာဉ်ထိန်းရဲက အဲဒီကားကို တားဆီးမိခဲ့ရင် အဲဒီ တားဆီးမိတဲ့ ယဉ်ထိန်းရဲ ထုချေလွှာတင်ရတဲ့အဖြစ်မျိုးပါ။ အဲဒီအချိန်အခါက ယာဉ်စည်းကမ်းထိန်းရဲတွေဟာ လူကြီးတွေရဲ့ကား၊ အရပ်သားတွေရဲ့ ကား တွေကို ခွဲခြားမှတ်သားထားရပါတယ်။ ဒါ ကြောင့် ရဲတွေကလည်း အရပ်ဘက်ကကားတွေကို ဖမ်းဆီးခဲ့ရင် လာဘ်ပေး၊ လာဘ်ယူ ပြုလုပ်ခြင်းဖြင့် အားလုံး အိုကေ ဖြစ်သွားရပါတယ်။
ဒီဖြစ်ရပ်မျိုးတွေ သင်ခန်းစာယူပြီး ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက် ကျင့်သုံးတော့မယ်ဆိုရင် လာဘ်ပေး၊ လာဘ်ယူကိစ္စမျိုးမှာ လာဘ်ယူ သူကို အရေးယူသင့်သလို လာဘ်ပေးသူတွေကိုလည်း အရေးယူသင့်ပါတယ်။ ဒီလိုပြုလုပ်နိုင်မှသာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်မှာ လာဘ်ပေး၊ လာဘ် ယူကိစ္စတွေ ကင်းရှင်းသွားမှာပါ။ တစ်ကယ်တော့ ဒီလာဘ်ပေး၊ လာဘ်ယူကိစ္စတွေဟာ နေရာတိုင်း၊ ဌာနတိုင်းမှာလိုလို ယနေ့အချိန်ထိ ရှိနေဆဲပါ။ သူ့နည်း သူ့ဟန်နဲ့ လှုပ်ရှားနေကြဆဲပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းအားလုံးကို ခြုံငုံကြည့်တော့ စနစ်တစ်ခုရဲ့ ချို့ယွင်းချက်ဟာ ပြည်သူ၊ ပြည်သားတွေရဲ့ စိတ် ဓါတ်တွေကို ဘယ်လောက်အထိ ပျက်ပြားသွားစေခဲ့တယ်ဆိုတာ သိသာလှပါတယ်။
အမှားဆိုတာ သိလို့မှားတာပဲဖြစ်ဖြစ်၊ မသိလို့မှားတာပဲဖြစ်ဖြစ် ဘယ်အမှားမျိုးမှ မကောင်းပါ။ စည်းမျဉ်း၊ စည်းကမ်းဆိုတာ လိုက်နာဖို့ပါ။ ခွင့်လွှတ် ဖို့ မဟုတ်ပါ။ တိုင်းပြည်တွင်းမှာ ပြည်သူ၊ ပြည်သားတိုင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့ဆိုတာ စည်းကမ်းရှိမှဖြစ်မှာပါ။ စည်းကမ်းပြည့်ဝတဲ့ နိုင်ငံတော် သစ်တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အလိုအပ်ဆုံးအရာဟာ လူတွေစည်းကမ်းရှိမှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေစည်းကမ်းရှိဖို့ အရေးကြီးပါ တယ်။ ပြည်သူတွေစည်းကမ်းရှိရင် ဒီမိုကရေစီစနစ်တိုးတက်မှု မနှေးကွေးနိုင်တော့ပါဘူးလို့ ဆိုချင်ပါတယ်။
****************************************
Google Drive: create, share, and keep all your stuff in one place.