CURRENT AFFAIR |
ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ
- လျှပ်စစ်ကဏ္ဍ ပုဂ္ဂလိကဝင်ရောက်ရင်းနှီးမြှုပ်နှံချိန်တွင် မီးပျက်ပါက တရားစွဲဆိုလျော်ကြေးတောင်းခွင့်များရရှိမည်
- ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်
- မြစ်ဆုံနှင့် အခြားရေကာတာများရပ်ဆိုင်းရေး နိုင်ငံတကာမြစ်ချောင်းများနေ့အခမ်းအနားတွင် ကျင်းပပြုလုပ်
လျှပ်စစ်ကဏ္ဍ ပုဂ္ဂလိကဝင်ရောက်ရင်းနှီးမြှုပ်နှံချိန်တွင် မီးပျက်ပါက တရားစွဲဆိုလျော်ကြေး တောင်းခွင့် များရရှိမည်
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားနှင့် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံချိန်ထိတိုင် လျှပ်စစ်မီး ပြတ်တောက်မှုများဆက်လက်ဖြစ်ပေါ်နေပါက နိုင်ငံတကာကဲ့သို့ ယင်းလျှပ်စစ်ပြတ်တောက်မှုများအပေါ် ကုမ္ပဏီများကို ဥပဒေအရ တရားစွဲဆိုလျော်ကြေးတောင်းပိုင်ခွင့်များ ရရှိလာနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် ကျွမ်းကျင်သူပညာရှင်များက လျှပ်စစ်ရောင်းဝယ်ရေးဥပဒေကို ရေးဆွဲလျက်ရှိပြီး အဆိုပါ ဥပဒေရေးဆွဲပြီးပါက လွှတ်တော်သို့တင်ပြ အတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍမျိုးစုံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ရန် လွှတ်တော်မှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိတိုင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးအခက်အခဲ ရှိနေသေးသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စောင့်ဆိုင်းနေသူများမှာတုံ့ဆိုင်းလျက်ရှိသည့် အပြင် လျှပ်စစ်မီးကဏ္ဍတွင်လည်း အစိုးရမှ အာမခံချက်ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် ရေအားလျှပ်စစ်ကိုသာ အဓိကအားထားနေရသည်ဖြစ်ရာ နွေရာသီ ကဲ့သို့အချိန်မျိုးတွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးပေးနိုင်ရန် စွမ်းအင်လိုအပ်ချက်များ အဆမတန်မြင့်တက်လာခဲ့ပြီး နိုင်ငံတွင်း စက်မှု ဇုန်များ၊ လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အချိန်ပိုင်းဖြင့်သာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း စက်မှုဇုန်များအား အချိန်ပိုင်းနှင့်မီးပေး၍ ရပ်ကွက်နှင့် ကျေးရွာ များအား အချိန်ပြည့်မီးပေးလျက်ရှိသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲများပြီးဆုံးပါက ရပ်ကွက်နှင့်ကျေးရွာများအား ယခင်ကဲ့သို့ အချိန်ပိုင်းဖြင့်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စာမေးပွဲကာလပြီးဆုံးပါကလည်း ပြည်သူများ ဓာတ်အားရရှိမှု လျော့နည်းမသွားနိုင်စေရန် စီမံကိန်း Plan တစ်ခု ရေးဆွဲကာ လျှပ်စစ်ဓာတ်အားပိုမိုရရှိရေးဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ ၂၀၊ ၂၁ နှင့် ၂၂ ရက်နေ့ များတွင် နိုင်ငံတွင်းလျှပ်စစ်မီးအများဆုံး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
YC
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ရင်ဘောင်တန်း အဆင့်အတန်းမီစေနိုင်ရန် ရည်ရွယ်၍ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မြန်မာနိုင်ငံတွင်လည်း စားသုံးသူကာကွယ်ရေးအသင်းမှ ကြီးမှူး၍ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတ်လ ၁၅ ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့မှာ လာမည့် ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ၅၃ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါခန်းမတွင် ပထမဆုံးအကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျန်းမာရေးနှင့်ပတ်သက်သော ပညာပေးအစီအစဉ်များ၊ စားသုံးသူအခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်သော တေးသရုပ်ဖော်အစီအစဉ်များ ပါဝင်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ကဏ္ဍမျိုးစုံ၊ အလွှာမျိုးစုံတွင် စားသုံးသူအခွင့်အရေးမှာ ရှားပါးလာသကဲ့သို့ ထိုသို့ စားသုံးသူအခွင့်အရေး ဖောက်ဖျက်ခံရမှုများကိုလည်း မည်သည့်နေရာတွင် တိုင်ကြားရမည်ကို သိရှိခြင်းမရှိကြောင်း တာမွေမြို့နယ်နေ မအေးအေးမာက ပြောကြားသည်။
YC
မြစ်ဆုံနှင့် အခြားရေကာတာများရပ်ဆိုင်းရေး နိုင်ငံတကာမြစ်ချောင်းများနေ့အခမ်းအနားတွင် ကျင်းပပြု လုပ်
၂၀၁၃ မတ်လ ၁၄ ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာမြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုအထိမ်းအမှတ်နေ့တွင် မြန်မာ နိုင်ငံအတွင်း သမ္မတ၏အမိန့်ဖြင့် ရပ်ဆိုင်းခံထားရသည့် မြစ်ဆုံနှင့် အခြားရေကာတာစီမံကိန်းများ လုံးဝရပ်ဆိုင်းရေးလှုပ်ရှားမှု လူထု တွေ့ဆုံပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ကချင်ပြည်နယ်အခြေစိုက် လူထု အခြေပြုဖွံ့ဖြိုးရေးအဖွဲ့(MRJ)နှင့် ဒေသခံများ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီမြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ မေခနှင့်မလိခမြစ်ပေါ်တွင် တည်ရှိသော ရေအား လျှပ်စစ် စီမံကိန်း ၇ ခုတည်ဆောက်မှု ရပ်တန့်ရေး၊ အဆိုပါ မြစ်ချောင်းများပေါ်တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ရွှေတူး ဖော်ရေးလုပ်ငန်း များ ရပ်တန့်ရေးနှင့် စီမံကိန်းဆောင်ရွက်မှုကြောင့် ပြောင်းရွှေ့ခံရွာသားများ ရွာနှင့်လယ်ယာမြေများပေါ်တွင် ပြန်လည်နေထိုင် လုပ်ကိုင် ခွင့်ရရေးကိစ္စရပ်များနှင့် ၎င်းတို့လက်ရှိ တွေ့ကြုံနေရသော အခက်အခဲပြဿနာများအား တင်ပြခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်တွင် ရေကာတာတည်ဆောက်မှုများကြောင့် ဒုက္ခရောက်ခဲ့ကြသည့် နိုင်ငံပေါင်း ၂၀ ရှိ ကိုယ်စားလှယ် များက နိုင်ငံတကာအစည်းအဝေးတစ်ခုကို ကျင်းပ၍ မတ်လ ၁၄ ရက်နေ့အား ကမ္ဘာ့မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့အဖြစ် သတ် မှတ် လှုပ်ရှားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံ တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI မှဆောင်ရွက်လျက်ရှိသော မြစ်ဆုံ ဆည်ရေကာတာစီမံကိန်းအား တစ်နိုင်ငံလုံးရှိ ပြည်သူများက လက်သင့်မခံသည့်အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းအတွင်း မြစ်ဆုံဆည် ရေကာတာစီမံကိန်းအား လုံးဝရပ်ဆိုင်း ပေးထားမည် ဖြစ်ကြောင်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားကတိပေးခဲ့သည်။
YC