Transparency Myanmar

transparency.myanmar@gmail.com

        အလုံမြို့နယ်ရှိ အေးရှားဝေါလ် (Asia World) ဆိပ်ကမ်းအား ယခုနှစ်အတွင်း နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီအောင် တိုးချဲ့မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အေးရှားဝေါလ် ဆိပ်ကမ်းကို ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (စတီဗင်လော ဟုလည်းခေါ်သူ) ပိုင်ဆိုင်ပြီး ၎င်းသည် စစ်အစိုးရ နှင့် အနီးကပ် စီးပွားရေး လုပ်ကိုင် နေမှုကြောင့် အမေရိကန် အစိုးရ၏ ပိတ်ဆို့ အရေးယူခြင်းခံ ရသူများ စာရင်းတွင် ပါဝင်သူဖြစ်ပါသည်။

ဦးထွန်းမြင့်နိုင် လည်ပတ်လုပ်ကိုင်လျက်ရှိသော  အဆိုပါ ဆိပ်ကမ်းကို "အလုံဂျက်တီ" ဟု လူသိများပြီး အဆိုပါဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုအတွက် အရေးပါသော စင်တာ တစ်ခုသဖွယ် ဖြစ်နေသည်။

"ကျွန်တော်တို့ ကြားသိရသလောက်တော့ အေးရှားဝေါလ် ဆိပ်ကမ်းကို ကြည့်မြင်တိုင်မြို့ နယ်အထိ တိုးချဲ့လိမ့်မယ်။ အေးရှားဝေါလ် အဆင့်မြှင့်တင်ဖို့အတွက် စုစုပေါင်း ကျပ်ငွေ ၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၄၀)  လောက်ကုန်ကျလိမ့်မယ်" ဟု အေးရှားဝေါလ် နှင့် နီးစပ်သော သတင်းရင်းမြစ်က Mizzima ကို ပြောပါသည်။

မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများ အဆိုအရ ဦးထွန်းမြင့်နိုင်သည် စစ်အစိုးရ၏ အရေးပါသော စီးပွားရေး မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ခံ ထားရပါသည်။

Mizzima သတင်းဌာနက အဆိုပါ ဆိပ်ကမ်း တိုးချဲ့ မြှင့်တင်သည့် ကိစ္စနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်၏ အမြင်ကို သိရှိရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု တစုံတရာမရရှိခဲ့ပေ။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ဆက်သွယ် မေးမြန်းကြည့်ရာ အေးရှားဝေါလ် ဆိပ်ကမ်းတိုးချဲ့ ဆောက်လုပ်ရန် စီစဉ်ခြင်းသည် သစ်၊ ဘိလပ်မြေနှင့် အခြားသော ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းများ၊ တင်ပို့မှုများ ကောင်းမွန်စွာ ပြုလုပ်နိုင်ရန် ဖြစ်သည်ဟု အပေါ်ယံ သဘောဆန်သော
အဖြေသာ ရရှိခဲ့ပါသည်။

အဆိုပါ ဆိပ်ကမ်းနှင့် လွန်စွာနီးကပ်လျက်ရှိသော နာမည်ကျော် သီရိမင်္ဂလာဈေးမှ ဈေးဆိုင် ပိုင်ရှင်တစ်ဦးအား မေးမြန်းကြည့်ရာ ၎င်းက "ကျွန်တော်ဒီဈေးမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းချ လာတာ ငါးနှစ်ရှိပါပြီ။ အထိုင်လည်းကျနေပြီ။ အခု စည်ပင်ရုံးက စာရေးတစ်ယောက်က ဒီဈေးကို နေရာသစ်တစ်ခုကို ရွှေ့ပြောင်းတော့မယ်လို့ လာပြောပါတယ်။ ဘယ်နေရာကို ပြောင်းရွှေ့မယ် ဆိုတာတော့ မသိသေးပါဘူး။ နောက်ပြီးတော့ အဲဒီစည်ပင် စာရေးက ပြောသွားသေးတယ် ဈေးသစ်မှာ ဆိုင်ခန်းရချင်ရင် ပိုက်ဆံ ထပ်သွင်းရမယ်တဲ့။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းကို မသိပါဘူး" ဟု ပြောကြားပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦး၏ ပြောဆိုမှုမှာ အဆိုပါ ဈေးဆိုင်ပိုင်ရှင်နှင့် ကွဲပြားခြားနားပါသည်။ ဈေးဆိုင်ပိုင်ရှင်များ အနေဖြင့် ရွှေ့ပြောင်းရန် လိုမည် မဟုတ်ကြောင်း၊ အကြောင်းမှာ သီရိမင်္ဂလာဈေး ဖျက်မည်ဟူသော တရားဝင် အမိန့်ကြေညာစာ တစ်စောင်မျှ မထုတ်ပြန်သောကြောင့် ဖြစ်ကြောင်း အဆိုပါ စည်ပင်အရာ ရှိက ပြောပါသည်။

အေးရှားဝေါလ် ဆိပ်ကမ်းပိုင်ရှင် ဦးထွန်းမြင့်နိုင်သည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပါဝင် ယှဉ်ပြိုင်လျှက်ရှိသော မကွေးယူနိုက်တက် ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ကချင်ပြည်နယ်တွင်လည်း ရွှေတွင်း အမြောက်အများ ပိုင်ဆိုင်လုပ်ကိုင် နေသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူများသည် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာလာသော နိုင်ငံကူး သင်္ဘောတစ်စီး ပေါ်မှ ဘိန်းဖြူ ၂၉ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါသည်။

Mizzima သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Burma News International, 5-Mar-2010

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ရခိုင်ပြည်နယ် ဘူးသီးတောင်သို့ လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများ လေ့လာရန် လာရောက်စဉ်က စကားပြောရန် ကြိုးစားသူ ရိုဟင်ဂျာ လူမျိုး တစ်ဦးမှာ ဖမ်းခံရပြီး ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း ကာယကံရှင်၏ ဆွေမျိုး တစ်ဦးက ပြောပါသည်။

ဖမ်းဆီးခံရသူမှာ အသက် ၄၈ နှစ် ရှိ ကျော်မောင် (ခေါ်) Nurul Haque  ဖြစ်ပြီး ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပါသည်။ ၎င်းသည် စစ်ထောက်လှမ်းရေး အတွက် လည်းကောင်း၊ နစက အတွက် လည်းကောင်း၊ အလုပ် အများကြီး လုပ်ပေးခဲ့သူ ဖြစ်ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်အား စကားပြောရန် ကြိုးစားသောကြောင့် ၎င်းအား မတ်လ (၁) ရက်နေ့ နံနက်(၉) နာရီခန့်တွင် ဘူးသီးတောင် ရဲစခန်းမှ သူ၏ နေအိမ်တွင် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပါသည်။

ဖမ်းဆီးပြီးနောက် ၎င်းအား ဘူးသီးတောင် ရဲစခန်းသို့ ခေါ်သွားပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ကြောင်း သိရှိရပါသည်။ နောက်ဆုံးတွင် ၎င်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ သွားရောက်မှုဖြင့် တရားစွဲဆိုခဲ့ပါသည်။ ယမန်နေ့က ဘူးသီးတောင် တရားရုံးမှ ၎င်းအား ထောင်ဒဏ်(၆)လ ချမှတ်ခဲ့ပြီး ဒဏ်ငွေကျပ် သုံးသိန်းလည်း ချမှတ်ခံရကြောင်း ၎င်း၏ ရင်းနှီးသော သူငယ်ချင်း တစ်ဦးက ပြောပါသည်။

Quintana ဘူးသီးတောင် သို့ လာရောက်စဉ်က ဘူးသီးတောင် ထောင်နှင့် ဆေးရုံတို့ သို့သွားရောက်ကြည့်ရှုခဲ့ပါသည်။ ဘူးသီးတောင် မြို့နယ် မယကရုံးတွင် Quintana သည် ဘူးသီးတောင်မှ ရိုဟင်ဂျာ လေးဦး၊ မောင်းတောမှ ရိုဟင်ဂျာ လေးဦး တို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ထိုသို့ တွေ့ဆုံချိန်တွင် ဘူးသီးတောင်မြို့နယ် မဝတဥက္ကဋ္ဌနှင့် ထောက်လှမ်းရေးမှ အရာရှိများ တက်ရောက်ကြပါသည်။ ထို့ကြောင့် လာရောက်တွေ့ဆုံကြသော ရိုဟင်ဂျာများသည် အာဏာပိုင်များကို ကြောက်သောကြောင့် အဖြစ်မှန်များကို မပြောရဲကြပေ။ သို့သော် ကုလသမဂ္ဂ ကိုယ်စားလှယ်သည် အဆိုပါ ရိုဟင်ဂျာများအား လိမ္မာပါးနပ်စွာ မေးခွန်းများ မေးခဲ့ပါသည်။

'' ထောက်လှမ်းရေးက အရာရှိတွေ ပတ်လည်မှာ ဝိုင်းနေတော့ ကုလသမဂ္ဂ ကိုယ်စားလှယ် အနေနဲ့ ရိုဟင်ဂျာတွေကို မေးခွန်းတစ်ခုခု မေးဖို့ မလွယ်လှပါဘူး '' ဟု ဘူးသီးတောင်မှ ကုန်သည် တစ်ဦးက ပြောပါသည်။

အဆိုပါ ရိုဟင်ဂျာများသည် ကုလမဂ္ဂ ကိုယ်စားလှယ် ပြန်သွားပြီးနောက် စကားမှား ပြောမိ၍ ဖမ်းခံရမည်ကို ရင်တထိတ်ထိတ်နှင့် အိမ်တွင် နေကြရကြောင်း၊ သို့တိုင်အောင် ၎င်းတို့သည် အစိုးရ၏လူများ ဖြစ်ကြောင်း၊ အခြား လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

Quintana မလာမီ တစ်ရက်က ထောက်လှမ်းရေး နှင့် ရဲမှ ပုဂ္ဂိုလ်များကို ထောင်သား အသွင် ဝတ်လျက် ဘူးသီးတောင် ထောင်ထဲသို့ လွှတ်ထားခဲ့ပြီး၊ ထောင်သားများထံမှ အစိုးရ ဆန့်ကျင်ရေး စကားများ ကုလသမဂ္ဂ ကိုယ်စားလှယ်သို့ ပြောသူအား စောင့်ကြည့်ရန် တာဝန်ပေးခဲ့ကြောင်း နစက အတွက် လုပ်ပေးရသူတစ်ဦးက ပြောပါသည်။

Quintana သည် နေပြည်တော်တွင် အစိုးရ၏ အဓိက ပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ငါးရက်ကြာ နေထိုင်စဉ် အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင် သို့ သွားရောက်ခဲ့ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများအား ကြည့်ရှုရန် လာရောက်ခြင်း ဖြစ်ပါသည်။

၎င်း၏ ခရီးစဉ် အတွင်း ၎င်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခဲ့သလို၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ၎င်းအား တွေ့ဆုံခြင်း မရှိ ခဲ့ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 7-Mar-2010

အရှေ့ အာဖရိက ကမ်းလွန်တွင် နော်ဝေး ကုမ္ပဏီပိုင် ဓာတု ပစ္စည်းတင် သင်္ဘော အပိုင်စီး ခံရမှုကို ဥရောပကမဂ္ဂ ပင်လယ် ဓားပြနှိမ်နှင်းရေး မစ်ရှင်က ယမန်နေ့တွင် အတည်ပြုခဲ့ပြီး ၂၁ ဦးပါ သင်္ဘောသား အဖွဲ့မှာ အားလုံး မြန်မာနိုင်ငံမှ ဖြစ်သည်ဟု ပြောကြားပါသည်။

သောကြာနေ့က မဒါဂါ စကားနိုင်ငံ ကမ်းလွန်တွင် ဓာတုပစ္စည်းတင် UBT Ocean သင်္ဘော အပိုင်စီးခံရသည်ဟု သင်္ဘောပိုင်ရှင် နော်ဝေး ကုမ္ပဏီ  Brovictank  က ပြောကြားခဲ့ပြီး ယခု အခါ သင်္ဘောသည် မြောက်ဖက်သို့ ဦးလှည့်ကာ ဆိုမာလီယာသို့ ခုတ်မောင်းနေသည်ဟု ဆိုပါသည်။

UBT Ocean သင်္ဘောအဖွဲ့သား ၂၁ဦး စလုံးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ လက်ရှိ အနေအထားကို မိမိတို့ စောင့်ကြည့်နေသည်ဟု ဥရောပ သမဂ္ဂ  NAVFOR  မစ်ရှင်က ပြောကြားသည်။

မာရှယ်ကျွန်းစု အလံတင်ထားသော သင်္ဘောသည် ယူအေအီးနိုင်ငံ ဖူဂျိုင်ရာမှ တန်ဇန်နီးယား မြို့တော် ဒါအက်ဆာလမ် သို့ ခုတ်မောင်းနေစဉ် အပိုင်စီးခံရခြင်း ဖြစ်သည်။

ပင်လယ် ဓားပြများ ပုံမှန် ကျက်စားရာ ဇုံ၏ တောင်ဖက် အနီးမှ လမ်းကြောင်း ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု Brovictank ဒါရိုက်တာ Sveen Pedersen က သောကြာနေ့တွင် ပြောကြားသည်။

သင်္ဘောနှင့် အဆက်အသွယ် ရရန် ကြိုးစားနေသော်လည်း ပင်လယ်ဓားပြများ စီးနင်းပြီး နောက်ပိုင်း မည်သည့် စကားမျှ လက်ခံရရှိခြင်း မရှိဟု စင်္ကာပူ အခြေစိုက် သင်္ဘောလိုင်းက မနေ့က ပြောဆိုသည်။

အဆက်အသွယ် ရနိုင်ဘို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ သင်္ဘာသားတွေ လုံခြုံရေး၊ ဘေးကင်းရေးကို အဓိက စိတ်ပူနေပါတယ်ဟု စင်္ကာပူ သင်္ဘောလိုင်း Nautictank Pte Ltd ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

သင်္ဘောနဲ့၊ ကပ္ပတိန်နဲ့၊ ပင်လယ်ဓားပြတွေနဲ့ ဘယ်သူနဲ့မှ အဆက်အသွယ်မရသေးပါဘူးဟု ပြောရေးဆိုခွင့်ရှိသူ Edword Ion ကပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news, 6th Mar 2010

ဒေသခံ စစ်တပ် အာဏာပိုင်များက ပြည်သူ့စစ်အဖွဲ့သို့ အတင်းဝင်ခိုင်းမှုကြောင့် မြန်မာပြည် တောင်ပိုင်း မွန်ပြည်နယ်မှ လူ ၁၀၀ ခန့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဝင်ပြေးခဲ့ကြကြောင်း မွန် လူသားချင်း စာနာရေး ဝန်ထမ်းများ၏ ပြောကြားမှုအရ သိရှိရသည်။

ပြည်သူ့စစ် အဖွဲ့ဝင်များ အတင်းအကြပ် စုဆောင်းနေမှုကို ရှောင်ရှားရန် အတွက် မွန်ပြည်နယ်တွင်းရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ လူအတော်များများ ဆက်တိုက် ထွက်ပြေးနေသည်ဟု မွန်ကယ်တင်ခြင်းအဖွဲ့ အတွင်းရေးမှူး ဇော်မင်းဦးက သောကြာနေ့တွင် မဉ္ဇိမသို့ ပြောကြားသည်။

ရွာသားတွေကို ပြည်သူ့စစ်ထဲ အတင်းဝင်ခိုင်းတယ်။ မဝင်ရင် လစဉ်ကြေး ၇ သောင်းကျပ် ပေးရမယ်လို့ တောင်းတယ်။ ဒီတော့ လူတွေက သည်းမခံနိုင်ကြတော့ဘဲ ထွက်ပြေးကြတာပါဟု ၎င်းက ရှင်းပြသည်။

          ထိုင်း-မြန်မာ နယ်စပ်အနီး ထားဝယ်ခရိုင်ရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ဝင်ပြေးလာကြခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အပစ်ရပ် အဖွဲ့တစ်ဖွဲ့ဖြစ်သော NMSP က ထွက်ပြေးလာကြသော ရွာသားများကို စတင် နေရာချပေးနေသည်။

"အခု NMSP အရာရှိတွေက ပြန်ပြီး နေရာချပေးတဲ့ အနေနဲ့ နေစရာ မြေနဲ့ လယ်စိုက်ဖို့မြေ ပေးနေတယ်။ ဒုက္ခသည်စခန်းတော့ မရှိပါဘူး"ဟု ကယ်ဆယ်ရေး ဝန်ထမ်းက ရှင်းပြသည်။

ပြည်ပ အခြေစိုက် လွတ်လပ်သော မွန်သတင်းဌာနမှ အယ်ဒီတာ နိုင်ကဆော့မွန်က ပြောကြားရာတွင် အစိုးရက မွန်နှင့် ကရင် ဒေသများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူ့စစ် အဖွဲ့များ စတင် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း၊ ထိန်းချုပ်မှုကို မလိုလားသော ဒေသခံ တိုင်းရင်းသားများကို ငြိမ်သက်အောင် တပ်မတော်က မကိုင်တွယ်နိုင်၍ ဖြစ်ကြောင်း သုံးသပ်သည်။ သို့သော်လည်း ပြည်သူ့စစ် အစီအစဉ်ကို တပ်မတော်က အထောက်အပံ့ ပေးမည် မဟုတ်ဟု ၎င်းက ဆိုသည်။

"မွန်နဲ့ကရင် လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သိရအောင် ပြည်သူ့စစ်တွေကို သတင်းပေးအဖြစ် အသုံးပြုလိမ့်မယ်။ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စတွေမှာလည်း သုံးလိမ့်မယ်" ဟု နိုင်ကဆော့ မွန်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, By Rachel Harvey, 5th Mar 2010

ထိုင်းနိုင်ငံသည် ဒလိုင်းလားမား၏ ညီမဖြစ်သူအား ပြည်ဝင်ခွင့် ဗီဇာပေးရန် ငြင်းဆန်ခဲ့ရာ တရုတ်၏ စိတ်ဆိုးမှုကို မဖြစ်စေချင်၍ဟု ဆိုသည်။

တိဗက် ခေါင်းဆောင် ဒလိုင်းလားမား၏ ညီမဖြစ်သူ Jetsun Pema သည် ဘန်ကောက်တွင် ကျင်းပမည့် တိဗက်ယဉ်ကျေးမှု ပွဲတော်တွင် အဓိက မိန့်ခွန်းပြောရန် အတွက် ဗီဇာ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာတွင် သူမ ထိုင်းနိုင်ငံတွင် ရှိနေလျှင် နိုင်ငံရေးနှင့် ဆက်စပ် ပတ်သက်နေမည်ကို စိုးရိမ်သောကြောင့် သူမ၏ ပြည်ဝင်ခွင့် ဗီဇာ တောင်းခံမှုအား ငြင်းပယ်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် တိဗက်ကို ၎င်း၏ အချုပ်အချာပိုင် နယ်မြေအတွင်းမှ အရေးကြီးသော အစိတ်အပိုင်း အဖြစ် သတ်မှတ်ပြီး ဒလိုင်းလားမားအားလည်း အန္တရာယ်ရှိသော ခွဲထွက်ရေးသမား အဖြစ် သတ်မှတ်ခဲ့သည်။

လာမည့် သောကြာနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပမည့် တိဗက် ဘာသာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုပွဲတော်ကို တက်ရောက်ရန် အိန္ဒိယတွင် နေထိုင်သူ တိဗက် လူမျိုး ၃၀ ခန့်ကို ဗီဇာ ပေးထားပြီး ဖြစ်သည်။ သို့သော် ဂုဏ်ထူးဆောင် ဧည့်သည်တော်မှာမူ စာရင်းတွင် ပျောက်နေသည်။

ဒလိုင်းလားမား၏ ညီမဖြစ်သူ Jetsun Pema သည် အသက် ၆၉ နှစ် ရှိပြီ ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် "Tibet: My Story" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောရန် ရှိသည်။

သို့သော် ထိုင်း အစိုးရသည် သူမ၏ မိန့်ခွန်းကို နိုင်ငံရေးသတင်း ထုတ်ပြန်ချက် အဖြစ် တရုတ်က အဓိပ္ပာယ် ကောက်ယူလိမ့်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က BBC သို့ ပြောကြားရာတွင် ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာကပင် ရပ်တည်လာသည့် မူဝါဒ ဖြစ်သည့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိုင်းနိုင်ငံကို အသုံးချ၍ အခြားနိုင်ငံတစ်ခုအား ဝေဖန်ခြင်း၊ အန္တရာယ်ပြုခြင်းများ ခွင့်မပြုရန်ကို လိုက်နာမည် ဖြစ်ကြောင်း ဆိုသည်။

Beijing နှင့် ဘန်ကောက် အကြား တိုးတက်လာသော ကုန်သွယ်မှုကလည်း အချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ထိုင်း အစိုးရသည် သံတမန်ရေးရာအရ စိတ်ဆိုးမှုများကို ရှောင်ရှားလိုသည်ဟု ဆိုသော်လည်း ၎င်းအားပေး၍ ပြုလုပ်နေသော ယဉ်ကျေးမှုပွဲတော်သည် နိုင်ငံရေးအရ ပတ်သက် ဆက်နွယ်နေသည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ထိုင်းအစိုးရသည် အိမ်နီးချင်းနိုင်ငံများမှ လာသော ရွှေ့ပြောင်းလုပ်သားများ နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူ အနီရောင်အကျီဝတ် ဆန္ဒပြအုပ်စုများ ပူးပေါင်း သွားမည်ကို စိုးရိမ်သောကြောင့် စိစစ်မှုများကို ယခင်ကထက် တင်းကြပ်စွာ ပြုလုပ်သွားမည် ဟု သိရပါသည်။

အစိုးရ ဆန့်ကျင်ရေး အုပ်စုများ မတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြုလုပ်မည့် ဆန္ဒပြပွဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ပူးပေါင်းလိမ့်မည်ဟူသော သတင်းများ ထွက်ပေါ်နေမှုသည် ကောလာဟလ သက်သက်သာဖြစ်သည်ဟု ထိုင်းအလုပ်သမား ဝန်ကြီး Phaitoon Kaeuthong က ပြောကြားပါသည်။

မည်သို့ပင် ဆိုစေကာမူ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်များအနေဖြင့် မိမိတို့၏  အလုပ်သမားများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန်နှင့် ၎င်းတို့ မှတ်ပုံတင်ထားသော နယ်မြေမှ တစ်ပါး အခြားနယ်မြေများသို့ သွားရောက်ခွင့် မပြုကြရန် အလုပ်သမား ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထား ပါသည်။

"အလုပ်သမားတွေ ခရီးထွက်စရာရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခရီးထွက်မယ့် အကြောင်းကိစ္စ သတင်းအချက်အလက်တွေကို အာဏာပိုင်တွေဆီ တင်ပြရပါမယ်။ ထိုင်းနိုင်ငံရဲ့ အခြေခံ ဥပဒေအရ နိုင်ငံရေးလှုပ်ရှားမှုကို ထိုင်းလူမျိုးတွေသာ လုပ်ကိုင်ခွင့် ရှိပါတယ်" ဟူ၍ ထိုင်း ပြည်သူ့ဆက်ဆံရေး ဌာန၏ မူဝါဒကို ကိုးကား၍ ထိုင်းအရာ ရှိတစ်ဦးကဆိုသည်။

ထို့ပြင် ယခုကာလအတွင်း မော်တော်ယာဉ်များကို စစ်ဆေးရာတွင် လက်နက်နှင့် အခြား မှတ်ပုံတင် လိုင်စင်ကတ်ပြားများ ပါ ထည့်သွင်းစစ်ဆေးသွားမည် ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ဆန္ဒပြသူများ နှင့် အတူရော၍ ရွှေ့ပြောင်း လုပ်သားများပါ ပူးပေါင်းမည်ဆိုပါက မလိုလား အပ်သော ပြဿနာများ ထွက်ပေါ်လာနိုင်သည်ဟု အလုပ်သမား ဝန်ကြီးက ဆိုပါသည်။

အလုပ်သမား ဝန်ကြီးဌာန၏ စာရင်းဇယားများအရ ထိုင်းနိုင်ငံတွင် ယမန်နှစ်က အလုပ်သမား ၁ ဒဿမ ၃ သန်းရှိရာ ၎င်းတို့အနက် ငါးသိန်းခန့်မှာ မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့မှ ဖြစ်သည်ဟု ဆိုသည်။

အစောပိုင်းကာလတွင် ထိုင်းအာဏာပိုင်များက အဆိုပါ မှတ်ပုံမတင်ရသေးသော အလုပ်သမား ငါးသိန်းအား အမိနိုင်ငံ အသီးသီးသို့ ပြန်ပို့မည်ဟု ကြေညာခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် မတ်လ ၂ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင် အသစ်ရရှိရေး အတွက် လျှောက်ထားနိုင်သည်ဟု သတ်မှတ်ရက်ကို တိုးမြှင့်ပေးခဲ့သည်။

အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရက်တစ် မဟာမိတ် (DAAD) အုပ်စု (သို့မဟုတ်) အနီရောင် အင်္ကျီဝတ် ခေါင်းဆောင်များသည် မတ်လ ၁၂ ရက်မှ ၁၄ ရက်အထိ မြို့တော် ဘန်ကောက် တစ်ဝိုက် ဝန်ကြီးချုပ် အဘီဆစ် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများကို ငြိမ်းချမ်းစွာ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

အဆိုပါ ဆန္ဒပြပွဲတွင် လူပေါင်း ၁ သန်း အထိ ပါဝင်နိုင်ရေးအတွက် DAAD ခေါင်းဆောင်များ က နိုင်ငံတစ်ဝန်း လိုက်လံစည်းရုံး ဆော်သြလျက် ရှိသည်။ ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်သည် အာဏာရှိစဉ် ကာလအတွင်း ၎င်း၏ မိသားစုပိုင် Shin Satellite ကုမ္ပဏီ အကျိုးအမြတ် ရရှိရေးအတွက် မြန်မာနိုင်ငံသို့ ငွေချေးခဲ့ကြောင်း၊ ထိုငွေများသည် ထိုင်းပြည်သူ့ ဘဏ္ဍာများ ဖြစ်သောကြောင့် သက်ဆင်ရှင်နာဝပ် ပိုင်ဆိုင်သော ဘတ်ငွေ ၇၆ ဒဿမ ၆ ဘီလီယံအနက်မှ ၄၆ ဒဿမ ၃၇ ဘီလီယံ ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ထိုင်းတရားရုံးတော်က အမိန့် ချမှတ်လိုက်ပြီးနောက် ယင်းသို့ ဆန္ဒပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရပါသည်။

Mizzima သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုနှစ်အတွင်း စစ်သုံးစရိတ်များကို ၇ ဒဿမ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန် ကြေညာသည်။

တရုတ်နိုင်ငံ အနေဖြင့် စစ်ဘက်ရေးရာ အသုံးစရိတ်အတွက် ယခုနှစ်တွင် ၅၃၂ ဒဿမ ၁ ဘီလီယံ ယွမ် အထိ သုံးစွဲသွားမည် ဖြစ်သည်ဟု နှစ်စဉ် ကျင်းပမြဲဖြစ်သော ပါလီမန် ဆွေးနွေးပွဲတွင် အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

GDP ၏ အချိုးအဆအရ ဆိုပါက တရုတ်ပြည်သည် အခြားနိုင်ငံများထက် စစ်ရေး အသုံးစရိတ် တွင် လျော့နည်းလျက်ပင် ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ စစ်သုံးစရိတ် သည် တရုတ်ပြည် ထက် များပြားကြောင်း ၎င်းကရှင်းပြသည်။

တရုတ်နိုင်ငံ အနေဖြင့် စစ်သုံးစရိတ်များနှင့် ပတ်သက်လာပါက ပွင့်လင်းမှု ရှိသင့်သည်ဟု အမေရိကန် ပြည်ထောင်စုက ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည်။ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ တရုတ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Li Zhaoxing က တရုတ်နိုင်ငံ အနေဖြင့် စစ်သုံးစရိတ် ကိစ္စအပေါ် ပွင့်လင်းမြင်သာမှုများ ပိုမိုထားရှိ လာပါကြောင်း ပြောကြားသည်။

ယခုကဲ့သို့ စစ်သုံးစရိတ်များ တိုးမြှင့်လိုက်ခြင်းကြောင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို ယခင်ကထက် လုပ်ကိုင်သွားနိုင်မည်ဟု ဆိုပါသည်။ သို့သော် မစ္စတာ Li ZHaoxing က "တရုတ်ပြည် စစ်အသုံးစရိတ် တိုးမြှင့်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိမိတို့ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက် ကို ကာကွယ်စောင့် ရှောက်ရန်သာ ဖြစ်ပါတယ်" ဟု ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

KNU ခေါင်းဆောင်ဟောင်း ဖဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုရာဖန်းအား ကမ္ဘာ့စီးပွားရေး ဖိုရမ်က ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင် (Global Yong Leader) အဖြစ်ရွေးချယ် လိုက်ကြောင်း သိရပါသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များ ဆွေးနွေးပွဲ၌ ပြည်ပြေး လူငယ်နိုင်ငံရေး လှုပ်ရှားသူ မစ္စ ဇိုရာဖန်းအား လူငယ်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

Burma Campaign UK ၏ နိုင်ငံတကာရေးရာ စေ့စပ် ညှိနှိုင်းရေးမှူး လည်းဖြစ်သော မစ္စဖန်း သည် နိုင်ငံတကာမှ လူငယ်ပေါင်း ၂၀၀ အနက် ကမ္ဘာ့လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်သည် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာမှ လူငယ်များ၏ လူမှုရေး စွမ်းဆောင်နိုင်မှု နှင့် ကမ္ဘာကြီး၏ အနာဂတ်ကို ပုံဖော်ပေးနိုင်သူ လူငယ်များအား Global Young Leader) အဖြစ် ရွေးချယ်လေ့ ရှိပါသည်။

"မြန်မာနိုင်ငံကို ကမ္ဘာက ပိုပြီးအာရုံစိုက်လာအောင် Burma Campaign UK အဖွဲ့ကနေ လည်းကောင်း၊ ကရင်တိုင်းရင်းသား အဖွဲ့အစည်းများကနေ သော်လည်းကောင်း ကြိုးပမ်း ပေးနေပါတယ်" ဟု မစ္စဖန်းက DVB သို့ ပြောကြားပါသည်။

"ကျွန်မအခုလို လူငယ်ခေါင်းဆောင်အဖြစ် ဂုဏ်ပြုချီးမြှောက်ခြင်း ခံရတာဟာ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်ရဲ့ မတ ရား ပြုလုပ်မှုတွေကို ကမ္ဘာက သိအောင် အစွမ်းကုန် လုပ်ခဲ့လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အာရုံ စိုက်လာအောင် မီဒီယာတွေ၊ အသင်းအဖွဲ့တွေ ကနေ တစ်ဆင့် လုပ်ခဲ့လို့ပါ" ဟု ၎င်းက ဆက်လက် ပြောဆိုပါသည်။

ကမ္ဘာ့ လူငယ်ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက် တန်ဇန်နီးယား နိုင်ငံ၊ Dar es Salaam မြို့တွင် မေလ ၂ ရက်နေ့မှ ၇ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ထိပ်သီးဆွေးပွဲတွင် ကမ္ဘာ့လူငယ် ခေါင်းဆောင် အမြောက်အမြား တက်ရောက် ကြလိမ့်မည် ဟု ဆိုသည်။

DVB သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ကလေးမြို့တွင် မြန်မာစစ်တပ်က လူငယ်များအား တပ်မတော်ထဲ ဝင်ရန် ဖိအားပေး စည်းရုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်က မင်းလှရွာကို စစ်သားတွေ ရောက်လာပါတယ်။ ည ၁၀ နာရီလောက် ရှိမယ်ထင်တယ်။ သူတို့က ရွာက လူငယ် လေးယောက်ကို ဖမ်းခေါ်သွားကြတယ်။ ဒါပေမဲ့ သူတို့တွေထဲက သုံးယောက် ပြန်ပြီး ထွက်ပြေးလာကြတယ်။ တစ်ယောက်တော့ ကျန်ခဲ့တယ်။ အသက် ၁၈ အရွယ် တန်းတန်း ဆိုတဲ့ ကောင်လေးကျန်ခဲ့တာပါ" ဟု ဒေသခံတစ်ဦးက ပြောပါသည်။

မြန်မာစစ်တပ်မှ စစ်သားများသည် ကလေးမြို့နယ်တွင် တစ်ရွာဝင် တစ်ရွာထွက် လူငယ်များ ကို လိုက်လံ ရှာဖွေလျက်ရှိရာ ရွာခံများက လူငယ်များကို ညပိုင်းအချိန်၌ နေအိမ်တွင်း ပုန်းအောင်း နေစေကြောင်း သိရသည်။

မင်းလှကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ အဆိုပါ ဒေသတွင် စစ်တပ်က စစ်သားစုဆောင်းရေး တပ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူ လူငယ် စုစုပေါင်း ၂၀ ခန့်ရှိသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင်လည်း မြန်မာစစ်တပ်မှ စစ်သားများက လူငယ် ၁၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြပြီး စစ်ရေးလေ့ကျင့်ရေး စခန်းသို့ ပို့လိုက်ကြသည်။ စစ်တပ်က ဖမ်းဆီးသွားသော လူငယ်များအားလုံးကို ကလေးမြို့နယ်ရှိ ဒိုင်းကြည် စစ်ရေး လေ့ကျင့်ရေး စခန်းတွင် ထားရှိသည်ဟု ဆိုသည်။

Khonumthung News မှ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

mizzima news, 5 March 2010

          မြန်မာထိပ်သီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု လူတကာကို ဆက်တိုက် ပြောကြားနေသော်လည်း အရာရာတိုင်းကို လျှို့ဝှက်ထားပါသည်။ ပြည် ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွှတ်တော် ကိုယ်စားလှယ်များ တင် မြှောက်ရန် ရွေးကောက်ပွဲများ ယခုနှစ် ကျင်းပပေးမည်ဟု ယခုသီတင်းပတ် အစောပိုင်းက ကျရောက် သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံပိုင် သတင်းစာအားလုံး၏ ရှေ့စာမျက်နှာ တွင် ဖော်ပြခဲ့သော သဝဏ်လွှာတွင် တွေ့မြင်ရပါသည်။

          နိုင်ငံလူဦးရေ၏ ၆၀% ကျော်ရှိသော တောင်သူလယ်သမားများကို "ငြိမ်းချမ်းသော၊ ခေတ်မှီသော၊ ဖွံ့ဖြိုးသော နိုင်ငံကို တည်ဆောက်နိုင်စွမ်း ရှိသူများနှင့် ဒီမိုကရေစီ စနစ်ကို မှန်ကန်စွာ ကျင့်သုံးမည့်သူ ကိုယ်စားလှယ်များကို ရွေးချယ်ကြပါဟု ၎င်းက တိုက်တွန်း ပြောကြားလိုက်သည်။ သို့ သော်လည်း အမှန်တကယ်မှာမူ နောက်ကွယ်မှ တိုင်းတပါးသားများ၏ အားကိုးဖြင့် နိုင်ငံတော်တည် ငြိမ်မှုနှင့် ပြည်သူတို့၏ အေးချမ်းမှုကို အနှောက်အယှက်ပေးမည့် အန္တရာယ်များအား ကာကွယ်ရန် လူတိုင်းတွင် တာဝန်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးက သတိပေးခဲ့ခြင်းသာ ဖြစ်သည်။

          ပါတီစုံဒီမိုကရေစီစနစ်သို့ ချီတက်ရန် အဆင့် ၇ ဆင့်ပါလမ်းညွှန်မြေပုံ၏ အပိုင်းတစ်ခုအဖြစ် ရွေးကောက်ပွဲများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြေညာပေးနေသော်လည်း ထိုလမ်းမှာ ရှည်လျား၍ အပိတ်အဆို့များ ချထားမည့်ပုံ ရှိပါသည်။ ဘာမှ မသိရသေးသော်လည်း ယခုနှစ်အတွင်း တချိန်ချိန်တွင် ရွေးကောက်ပွဲများ ကျင်းပပေးမည် ဆိုသည်ကို သံသယရှိသူ မရှိပါ။

          အာဏာပိုင်များ ပိတ်ပင်မထားသည့် ရွေးကောက်ပွဲ ကိစ္စများကို မျက်နှာဖုံး မတင်ရန် ပြည်တွင်း မီဒီယာများအား တားမြစ်ထားသလို ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ Tomas Ojea Quintana ၏ နောက်ဆုံး ခရီးစဉ်တွင် ပြောကြားခဲ့သော မှတ်ချက်များကို ဖော်ပြခြင်းအားလည်း တားမြစ် ထားပါသည်။

          မဲရွေးပွဲများသည် လူတိုင်းအား ရော်ရမ်းမှန်းဆမှုများ၊ မသေချာမရေရာမှုများကိုဖြစ်ပေါ်စေပြီး ရွေးကောက်ပွဲဝင်မလား(သို့)အားလုံးအတူတကွ သပိတ်မှောက်မလား ဟု ဆုံးဖြတ်နိုင်ခြင်း မရှိသည့် ဒီမိုကရေစီ အင်အားစုများအကြား စိတ်ဝမ်းကွဲမှုကို ဖြစ်ပွားစေပါသည်။

          မြန်မာနိုင်ငံတွင်းရှိ အရာရာကို အသေးစိတ် စီမံခန့်ခွဲနေသူ အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက "ရွေးကောက်ပွဲ ကျင်းပပေးမည်။ လွတ်လပ်၍မျှတသော ရွေးကောက်ပွဲများဖြစ်စေရမည်" စသော စကားလုံးများကိုသာ ထပ်ဖန်တလဲလဲ ရွက်ဆိုနေပါသည်။ ဤသည်မှာ ယခုနှစ်အစောပိုင်းက ၎င်းသတိပေးခဲ့သည့်အတိုင်း မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ကြရန် ပြည်သူများကို နားသွင်းနေခြင်းသာ ဖြစ်သည်။

          ပြည်သူများ စိတ်ရှုတ်ထွေး၍ ကြောက်ရွံ့နေကြခြင်းမှာ အံ့သြစရာမရှိပါဟု ထင်ရှားသော မြန်မာ လူမှုရေး သုတေသနပညာရှင်နှင့် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်း ခင်ဇော်ဝင်းက ပြောကြား ပါသည်။

          မကြာမှီလာမည့် ရွေးကောက်ပွဲများမှာ အရာရာတိုင်းအပေါ်တွင် လွှမ်းမိုးနေပါသည်။ စကား စမြည် ပြောဆိုဆွေးနွေးသော အကြောင်းအရာတိုင်းသည် ရွေးကောက်ပွဲနှင့် ပတ်သက်နေပြီး ရွေး ကောက်ပွဲရက်လည်း မကြေညာသေး၊ နိုင်ငံရေးပါတီများလည်း မှတ်ပုံမတင်ရသေးသော အနေအထား တွင် အစိုးရဘက်တော်သား အုပ်စုများက မဲဆွယ်စည်းရုံးနေကြခြင်း၏ ရလဒ်မှာ အစိုးရအနေဖြင့် လုံးဝ လှုပ်ရှားမှုမရှိခြင်းပင် ဖြစ်သည်။

          ကျွန်တော်တို့ ခေါင်းပေါ်မှာ တစ္ဆေအရိပ် မိုးထားတာနဲ့ တူနေပါတယ်ဟု ပြောကြားသူမှာ အငြိမ်းစား  အရပ်ဖက်ဝန်ထမ်း ဦးအေးဝင်း ဖြစ်ပါသည်။ ကြည့်ရသည်မှာ အားလုံးကို စနစ်တကျ စီစဉ်ပြီးသည့် နောက်ဆုံး အချိန်ပိုင်းအထိ လူတိုင်းကို မှန်းဆရခက်အောင် ပြုလုပ်ထားမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြိုတင်အတွက်ချထားသော မဟာဗျူဟာ၏ အဓိကအစိတ်အပိုင်း ဖြစ်ပုံ ရပါသည်။ ထိုဗျူဟာများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများ၏ စစ်မြေပြင်တွင် များစွာ အသားကျခဲ့သည့် နည်းလမ်းများ ဖြစ်ပါသည်။

          သို့ဖြစ်၍ အနာဂတ်နိုင်ငံရေး ထိန်းချုပ်နိုင်မှုအတွက် တိုက်ပွဲဆင်နွှဲရာတွင် ၎င်းတို့ လက်ခံကျင့် သုံးနေသည့် နည်းလမ်းများမှာ စစ်မဟာဗျူဟာများ ဖြစ်နေပါသည်။ တိုက်ခိုက်ရေး သမားများသည် အခွင့်အရေး တစုံတရာ ပေးလိမ့်မည် မဟုတ်ပါ။ ထို့အပြင် ၎င်းတို့နားမလည်နိုင်သေးသော အချက်မှာ ပြည်သူတို့၏ နှလုံးသားနှင့် စိတ်ဓာတ်ကို တိုက်ခိုက်ရာတွင် အလွယ်တကူ အနိုင်ရနိုင်မည် မဟုတ်ခြင်း နှင့် အရာရာတိုင်းသည် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာတတ်ခြင်း ပင် ဖြစ်သည်။

          "မြန်မာပြည်မှာ လူတိုင်းက ရွေးကောက်ပွဲအကြောင်း ပြောနေကြတယ်" ဟု ပြောကြားသူမှာ မြန်မာ့ရေးရာ ကျွမ်းကျင်သူ သြစတြေးလျ ပါလီမန်အမတ် Janelle Saffin ဖြစ်ပါသည်။ လတ်တလေ မြန်မာနိုင်ငံသို့ ပုဂ္ဂိုလ်ရေး ခရီးစဉ် သွားရောက်ခဲ့သော ၎င်းက "ကောင်းတဲ့ကိစ္စတစ်ခုလား၊ ပါဝင်သင့်တဲ့ ကိစ္စလား ဆိုတာကို လူတိုင်းက သဘောထားကွဲနေတယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေတောင် သဘောထား ကွဲနေကြတယ်"ဟု ပြောကြားပါသည်။

          မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် လမ်းညွှန်ချက်များကို မကြာမှီထုတ်ဖော် ပြောကြားရမည်သာ ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ကို လာမည့် သီတင်းပတ်များအတွင်း ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်နေကြပြီး သင်္ကြန်မတိုင်ခင် ဖြစ်ဖို့များပါသည်။

          ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana က ၎င်း၏ လတ်တလော မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရွေးကောက်ပွဲအကြောင်းကို ဆွေးနွေးရန် ဆန္ဒရှိခဲ့သော်လည်း မြန်မာအစိုးရ၏ မလိုလားမှုနှင့် ရှောင်ရှားမှုကိုသာ ကြုံတွေ့ခဲ့ရပါသည်။ ရွေးကောက်ပွဲအတွက် တာဝန်ရှိသည့် အစိုးရ အရာရှိကြီးများဖြစ်သော ပြည်ထဲရေးဝန်ကြီး၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်နှင့် ရဲချုပ်တို့သည် Quintana နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် ရွေးကောက်ပွဲအကြောင်း အသေးစိတ် ပြောကြားခြင်း မရှိဘဲ ဥပဒေကြောင်းအရ ပြင်ဆင် ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲ ဥပဒေကို အချိန်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း သာမန်မျှသာ ပြောကြားခဲ့ကြပါသည်။ အမှန်တကယ်မှာမူ ရွေးကောက်ပွဲ ဥပဒေမှာ ရေးဆွဲပြီးဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတည်ပြုရန် စားပွဲပေါ်တွင် တင်ထားခြင်းသာ ဖြစ်သည်။

          သို့ရာတွင် မှတ်ပုံတင်ခွင့် ပြုသည့်အချိန်၌ စစ်အစိုးရ ကိုယ်စားလှယ်လောင်းများ အားပေး ထောက်ခံမှု ရရှိရန် ဆောင်ရွက်နေမှုများကိုမူ အစိုးရခေါင်းဆောင်များက ရပ်ဆိုင်းခြင်း မရှိသေးပါ။

          မြန်မာနိုင်ငံ တဝှမ်းရှိ ပြင်ဆင်ဆောင်ရွက်မှုများမှာ အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲများအတွက် တိတ်ဆိတ်စွာ လုပ်ဆောင်နေကြပါသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အရပ်ဖက် ဝန်ထမ်းများက နိုင်ငံရေး စည်းရုံးမှုကို ထိထိရောက်ရောက် စတင်နေချိန်တွင် အစိုးရစီမံခန့်ခွဲမှု ယန္တယားကို သွက်လက်ခြင်းမရှိဘဲ နှောင့်နှေးအောင် ပြုလုပ်ထားပါသည်။

          နိုင်ငံပိုင် မီဒီယာများဖြစ်သော သတင်းစာများနှင့် ရုပ်သံလိုင်းများမှာလည်း အစိုးရ ဝန်ကြီးများ၏ လူထုအခမ်းအနား တက်ရောက်မှု အစီအစဉ်များ၊ ဖွံ့ဖြိုးရေးစီမံကိန်း သတင်းများဖြင့် သာ ပြည့်နေပါသည်။ ဒေသခံ ခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက်မှုများ၊ ဖွံ့ဖြိုးရေး ရန်ပုံငွေ ပေးအပ်မှုများကိုသာ ဖော်ပြနေကြပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခုနှစ်အစောပိုင်းက အပတ်စဉ် ကျင်းပနေကျ အစိုးရ ကက်ဘိနက် အစည်းအဝေးကို ရက်ရွှေ့ပေးခဲ့ပြီး ဝန်ကြီးများအား သတ်မှတ်နယ်မြေများတွင် ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် အခြားလှူဒါန်းငွေများ ပေးအပ်ရန်အတွက် ကြာသပတေးနှင့် တနင်္ဂနွေနေ့အတွင်း ခရီးလှည့်လည်ခွင့် ပေးခဲ့ပါသည်။

          ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် ဆုံးဖြတ်ချက် မချရ သေးပါဟု ရန်ကုန်မှ အမည်မဖော်လိုသူ ကုလသမဂ္ဂအရာရှိကြီးတစ်ဦးက ပြောကြားပါသည်။ အရေးကြီး စီမံကိန်းသစ်အချို့ကို ရွေးကောက်ပွဲ ပြီးမှသာ စတင်နိုင်မည်ဟု အစိုးရဝန်ကြီးများက ကုလသမဂ္ဂ အရာရှိများနှင့် နိုင်ငံတကာ ထောက်ပံ့ ကယ်ဆယ်ရေး အဖွဲ့အစည်းများအား ပြောကြား ထားပါသည်။ ဥရောပ NGO များတွင်လည်း ဧပြီလအထိ ပိတ်ပင်ထားသော လက်ရှိ စီမံချက်များသာ ရှိနေသည်ဟု မြန်မာနိုင်ငံကို စောင့်ကြည့်နေသော ဘန်ကောက်မှ ဥရောပ သံတမန်တစ်ဦး၏ အဆိုအရ သိရ ပါသည်။

          စစ်ဖက်အစိုးရ ထောက်ခံသူ ကိုယ်စားလှယ်လောင်းများအား ရန်ပုံငွေ ထောက်ပံ့ရေးနှင့် ရွေးကောက်ပွဲ မဲဆွယ်မှုများကို ကြီးကြပ်ကွပ်ကဲရန် အကျင့်ပျက် ခြစားမှုဖြင့် နာမည်ကြီးသော စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းကို တာဝန်ပေးထားသည်ဟု စစ်တပ်နှင့် နီးစပ်သော သတင်းရပ်ကွက် များက ဆိုပါသည်။ ၎င်းအနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပုံ မရသော်လည်း ရွေး ကောက်ပွဲ စီမံခန့်ခွဲမှုများကို ကြီးကြပ် ကွပ်ကဲပေးစေရန် ၎င်းအား ဗိုလ်ချုပ်မှူးကြီးက မျှော်လင့်ထားသည် ဟုလည်း သိရပါသည်။

          အစိုးရ မူဝါဒများအတွက် လူထုထောက်ခံမှု ရယူရန် လွန်ခဲ့သော ၁၅ နှစ်က ဖွဲ့စည်းခဲ့သည့် အစိုးရနောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) က ရွေးကောက်ပွဲတွင် အစိုးရ ထောက်ခံသော ကိုယ်စားလှယ်လောင်းများကို ကူညီထောက်ပံ့လိမ့်မည်ဟု စစ်ဖက်သတင်းရပ် ကွက်ဆိုပါသည်။

          ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲများတွင် စစ်တပ်လိုလားသော ပါတီဖြစ်ခဲ့သည့် သက်တမ်းရင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (NUP) ကို ယခုအခါ မဟာဗျူဟာအတွင်း ထပ်မံ ထည့်သွင်းထားပါသည်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP) သည် တပ်မတော်၏ ညီအမပါတီ ဖြစ်သည်ဟု စစ်တပ်မိသားစုများအား ပြောကြားထားကြောင်း အစိုးရသတင်းရပ်ကွက်မှ သိရှိရသည်။

          ယခင်လက ရန်ကုန်တွင် ကုလသမဂ္ဂကိုယ်စားလှယ် Quintana နှင့် NUP ခေါင်းဆောင်များ တွေ့ဆုံစဉ်က "ရွေးကောက်ပွဲဥပဒေ မထုတ်ပြန်သေး၍ တရားမဝင်သေးသော်လည်း ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ ပါတီမူဝါဒလည်း ချမှတ်ပြီးကြောင်း၊ နိုင်ငံတဝှမ်း ထိရောက်စွာ စည်းရုံးလျက်ရှိကြောင်း" ၎င်းတို့က ဝန်ခံပြောဆိုခဲ့ပါသည်။

          အမှန်တကယ်ပင် အထက်ပါ ကိစ္စများသည် အတိုက်အခံများ မလုပ်နိုင်သည့် အရာများသာ ဖြစ်သည့် မှတ်ပုံမတင်ရသေးဘဲ အသစ်ဖွဲ့စည်းခဲ့သည့် United Democracy Party သည် စစ်အစိုးရအပေါ် သဘောထား ပျော့ပြောင်းသော ပါတီတစ်ခု ဖြစ်သော်လည်း ယခင်နှစ်က ပြုလုပ်ခဲ့သည့် မိတ်ဆက်တွေ့ဆုံပွဲ အစည်းအဝေးအပြီးတွင် ကြိုတင်ခွင့်မတောင်းဘဲ နောက်တစ်ကြိမ် မပြုလုပ်ရန် အာဏာပိုင်များ၏ သတိပေးခြင်း ခံခဲ့ရပါသည်။ လူ ၅ ဦးထက် ပို၍ စုဝေးခြင်းကို တားမြစ်ထားသည့် အတွက် ထောင်ဒဏ် ၇ နှစ်အထိ အပြစ်ပေးနိုင်သည် ဟုလည်း ဆိုပါသည်။

          အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ ကမူ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ဆုံးဖြတ်ခြင်းကို ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်သည့် အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားပါသည်။ အဆိုပါကိစ္စသည် ပြည်တွင်းမှ နိုင်ငံရေးလှုပ်ရှားသူ များနှင့် ပညာရှင်များစွာက သတိပေး ကန့်ကွက်နေသည့် ကိစ္စတစ်ခုဖြစ်သည်။

          "ရွေးကောက်ပွဲက အရေးကြီးပါတယ်။ တကယ်လို့ လက်ရှိအခွင့်အလမ်းကို မဖမ်းနိုင်ခဲ့ဘူး ဆိုရင် သိပ်နောက်ကျသွားမှာပါ။ ရွေးကောက်ပွဲ ဥပဒေ မကြေညာခင် ဆုံးဖြတ်ပြီး ပြင်ဆင် ထားရပါလိမ့်မယ်"ဟု ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဦးသုဝေက ချင်းမိုင်တွင် သတင်းထောက်များ အား ပြောကြားခဲ့ပါသည်။ "လက်ရှိအစိုးရကို ပြည်သူတွေက မကြိုက်ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးပြီး ပြောင်းလဲနိုင်မဲ့ အခွင့်အရေးကို အခုရနေပါပြီ" ဟုလည်း ၎င်းကပြောဆိုပါသည်။

          ယင်းသို့ ယူဆသူများမှာ လူတိုင်းတော့ မဟုတ်ပါ "စစ်တပ်က အရာရာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမဲ့ ရွေးကောက်ပွဲတွေကို ဘာဖြစ်လို့ ပြိုင်ရမှာလဲ" ဟု ပြောကြားသူမှာ ပြည်ပရောက် Burmese Pro Democracy Movement ၏ ပြောရေးဆိုခွင့်ရှိသူ ဇင်လင်းဖြစ်ပါသည်။ "လွတ်လပ်စွာ စည်းဝေးခွင့် မရှိဘူး၊ လွတ်လပ်စွာ ပြောဆိုခွင့် မရှိဘူး၊ လွတ်လပ်စွာ ဆွေးနွေးခွင့် မရှိဘူး၊ ဒီတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ" ဟု ၎င်းကဆိုပါသည်။

          သို့ရာတွင် ပြည်တွင်း၌ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ခင်ဇော်ဝင်းကမူ အဆိုပါအချက်ကို သဘောမတူပါ။ ဒီမိုကရေစီစနစ်ကို တွန်းအားပေးရန် ပေါ်ထွက်လာသည့် အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်သင့်သည် ဤအခွင့်အလမ်းကို ရွေးကောက်ပွဲများက အထောက်အပံ့ ပေးလိမ့်မည် ရွေးကောက်ပွဲများ ကျင်းပသည့်အခါ ဒီမိုကရေစီကို ထောက်ခံသည့် ပါတီများကို ပြည်သူများက မဲပေး ကြလိမ့်မည်ဟု ၎င်းက မဇ္ဈွှိမသတင်းဌာနသို့ ပြောကြားပါသည်။

          သဘောကွဲလွဲမှုများက ၎င်းတို့အား ကြီးမားစွာ အဟန့်အတားပြုနေသည့် တိုင်အောင် ဒီမိုကရေစီ လိုလားသူများအား ရွေးကောက်ပွဲတွင် ပါဝင်ရန် တိုက်တွန်းအားပေးမှုများ ရှိနေပါသည်။ ၎င်းတို့၏ ခေါင်းဆောင်များက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် မှားယွင်းသော လုပ်ငန်းစဉ် တစ်ခုကို တရားဝင်အောင် ကူညီသလို ဖြစ်သွားလိမ့်မည်ဟု စိုးရိမ်ပူပန် နေကြချိန်တွင် မြန်မာပြည်သူ အများစုက စစ်တပ်ကို ဆန့်ကျင်မဲပေးရန် အခွင့်အရေးကို ဆုပ်ကိုင်ကာ နောက်ဆုံးအကြိမ် အနေဖြင့် ကြိုးစားရန် ပြင်ဆင်နေကြပါသည်။

          ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ရွေးကောက်ပွဲများကိုတော့ ကျင့်ပလိမ့်မည်ဟု ပြောကြားသူမှာ ရန်ကုန်မှ ရခိုင်ကျောင်းသား ညီညီ ဖြစ်သည်။ "ကျွန်တော်တို့အတွက် ရွေးချယ်စရာ မရှိဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မဲပေးမှာပါ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က စစ်အစိုးရရဲ့ လက်သပ် မွေးတပည့်မဟုတ်တဲ့ ကိုယ်စားလှယ်လောင်းတချို့ရှိနေဖို့ပါ" ဟုလည်း ၎င်းကဆိုပါသည်။

          "သန်းခေါင်းထက် ညဥ့်မနက်တော့ပါဘူး။ အစကထဲက မှောင်နေပြီးသားပါ၊ အနှစ် ၂၀ ကျော်ဆုံး ရှုံးခဲ့ပြီးပါပြီ၊ အခုတစ်ကြိမ် အခွင့်အရေးကို လက်လွှတ်လိုက်ရင် ပြည်သူတွေပိုပြီး ထိခိုက်ခံစားရပါလိမ့်မယ်" ဟု ခင်ဇော်ဝင်းက သုံးသပ်ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.