Transparency Myanmar

transparency.myanmar@gmail.com

English.people.com.cn, 8th March 2010

          ယခုနှစ်အတွင်း စတင် အကျုံးဝင် သက်ရောက်မည့် တရုတ်-အာဆီယံ ကုန်သွယ်ရေး လွတ်လပ်နယ်မြေ (CAFTA) ၏ လုပ်ငန်းဆောင်တာများမှ တစ်ဆင့် တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် စီးပွားရေး ကောင်စီဝန် ဂျင်ဟောင်ဂျန်က တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

          CAFTA ဖွဲ့စည်း တည်ထောင်လိုက်ခြင်းကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ချောမွေ့ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်လိမ့် မည်ဟုလည်း ၎င်းက ဆိုသည်။

          တရုတ်အစိုးရ တရားဝင် စာရင်းဇယားများအရ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသည် ၂၀၀၉ ခုနှစ်တွင် ယခင်နှစ်ကထက် ၁၀ % မြင့်တက်ကာ အမေရိကန် ဒေါ်လာ ၂.၉၀၇ ဘီလျံအထိ ရောက်ရှိခဲ့သည်ဟု သိရသည်။ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးတွင် တရုတ်မှ မြန်မာသို့ တင်ပို့မှုမှာ ဒေါ်လာ ၂.၂၆ ဘီလျံ ရှိခဲ့ပြီး မြန်မာမှ တရုတ်သို့ တင်သွင်းမှုမှာ ဒေါ်လာ ၆၄၆ သန်း ရှိခဲ့သည်ဟုလည်း စာရင်း ထုတ်ပြန်သည်။

          ၂၀၀၈ ခုနှစ် အကုန်တွင် တရုတ်က မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံခဲ့သော တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၃၃၁ ဘီလျံ ရှိခဲ့ပြီး သတ္ထုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများတွင် အဓိက မြှုပ်နှံခြင်း ဖြစ်သည်။

          တရုတ်နိုင်ငံသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဘက် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတွင် စတုတ္ထ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ်လည်းကောင်း ရပ်တည်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 8th March 2010

စစ်ဖက် အစိုးရ လက်အောက်ခံ မြန်မာ တရားရုံးက အမေရိကန် နိုင်ငံသားတစ်ဦး ဖြစ်သော ညီညီအောင်ကို လိမ်ညာစွပ်စွဲကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သောကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဆွေးနွေး ညှိနှိုင်းရန် စိတ်ဝင်စားမှု မရှိဟု မြန်မာက ကမ္ဘာကို ကြေညာသလို ဖြစ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားထားသော စစ်ဖက် အစိုးရက ယခု ညီညီအောင်၏ ကိစ္စကြောင့် အမေရိကန် အစိုးရ၏ မြန်မာနှင့် ဆွေးနွေး ညှိနှိုင်းရေး မူဝါဒ အပေါ်တွင် ဆိုးကျိုး သက်ရောက်မည် မဟုတ်ဟု ယုံကြည်ထားပုံ ရသည်။

ညီညီအောင်ကို စတင် ဖမ်းဆီးစဉ်မှ စ၍ မြန်မာ အစိုးရက မည်သည့်အရာမျှ လိုက်လျောခြင်း မပြုဘဲ ၎င်း၏ ကိုယ်စား အမေရိကန် ပြည်ထောင်စု၏ သံတမန်ဆိုင်ရာ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုခဲ့ပြီး နိုင်ငံတကာ ဥပဒေကိုလည်း မထီမဲ့မြင် ပြုခဲ့သည်။ ညီညီအောင်ကို မနှစ်က စက်တင်ဘာ ၃ ရက်တွင် ရန်ကုန် လေဆိပ်၌ မြန်မာအစိုးရက ဖမ်းဆီးခဲ့သည်။ အကျဉ်းစံ ဒီမိုကရေစီ လှုပ်ရှားသူ ညီညီအောင်သည် ကင်ဆာရောဂါ ခံစားနေရပြီး ဆေးကုသခွင့် မရသူ မိခင်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ညီညီအောင်အား ဖမ်းဆီးမှုကို အမေရိကန် သံရုံးသို့ အကြောင်းကြားရမည့်အစား ၎င်းအား အစာနှင့်ရေ အငတ်ထားခြင်း၊ နာရီသံများဖြင့် အိပ်မရအောင် နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း စသည်တို့ကိုသာ တစ်ပတ်ခန့် ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ ဖမ်းဆီး နှိပ်စက်မှုများသည် ဗီယင်နာ ညီလာခံ စည်းမျဉ်းများနှင့် နှိပ်စက် ညှဉ်းပန်းခြင်း မပြုရန် တားဆီးထားသော နိုင်ငံတကာ ဥပဒေများအရ လိုက်နာရမည့် စည်းကမ်းများကို မြန်မာနိုင်ငံက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်။

နိုင်ငံတကာ ဥပဒေအရ တာဝန်ယူ လိုက်နာရမည့် စည်းကမ်းများကို ဖောက်ဖျက်ရုံ သာမက လွန်ခဲ့သော ၅ လ တစ်လျှောက်လုံး ကောင်စစ်ဝန်နှင့် တွေ့ဆုံခွင့်ကိုပါ ညီညီအောင်အပေါ် ပိတ်ပင် ထားခဲ့သည်။ ရှေ့နေများနှင့် တွေ့ဆုံခွင့်ကိုလည်း တားမြစ်ထားခဲ့ပြီး ခုံရုံးတင် စစ်ဆေးခြင်းကိုလည်း လူသိရှင်ကြား မပြုလုပ်ခဲ့ပါ။ ညီညီအောင်အား ထောင်ထဲတွင် ၁ လခန့် တိုက်ပိတ် ထားခဲ့သည်ဟုလည်း သိရှိရသည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်မူ ဒီမိုကရေစီ လှုပ်ရှားမှုများ အပေါ် အရေးယူသည့် အနေဖြင့် ညီညီအောင်အား လိမ်ညာ စွဲချက်တင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ညီညီအောင် အပေါ် မြန်မာ အစိုးရ၏ ပြုမူဆက်ဆံပုံများမှာ တုန်လှုပ်စရာ ကောင်းသည်။ ယင်းသို့ တုန်လှုပ်သွားကြခြင်း ဖြစ်နိုင်ချေ အကြောင်းရင်းမှာ ညီညီအောင် ကိုယ်စား အမေရိကန် ပြည်ထောင်စု၏ သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများကို မြန်မာအစိုးရက လုံးဝ ဂရုမစိုက်ပဲ နေပြခဲ့ခြင်းပင် ဖြစ်သည်။ ညီညီအောင်အား ရှေ့နေများနှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခြင်းကို တုန့်ပြန် လိုက်လျောရမည့်အစား လူသိရှင်ကြား အမှုစစ်ဆေးခြင်းကိုပင် ပိတ်ပင်ထားခဲ့သည်။

ညီညီအောင်အား နှိပ်စက် ညှင်းပန်းမှုများကို ရပ်ဆိုင်းရန်နှင့် ကောင်စစ်ဝန်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုနေကြခြင်းကို တုန့်ပြန်ရမည့်အစား အာဏာပိုင်များက တိုက်ပိတ် အကျဉ်းချထားခဲ့ပြီး ရှေ့လျှောက်တွင်လည်း ထောင်ဝင်စာ တွေ့ဆုံခွင့်မရှိဟု ပြောကြားခဲ့ကြသည်။

မြန်မာ စစ်ဖက် အစိုးရက ၎င်း၏ ပြည်သူများအပေါ် အထိန်းအကွပ် မရှိ ကြောက်မက်ဖွယ် ပြုမူ ဆက်ဆံပုံများကို အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကျေနပ်စွာ ခွင့်ပြုထားသလို ဖြစ်နေသည်။ ညီညီအောင်နှင့် သူ့မိခင် အပြင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ခန့် မြန်မာနိုင်ငံတွင် ရှိနေသည်။ အထင်ရှားဆုံးသူမှာ အားလုံးသိကြသည့်အတိုင်း အတိုက်အခံ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ထို့ပြင် သူမသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်း သော အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်း ဖြစ်သည်။

မြန်မာ အစိုးရကဲ့သို့ မိမိပြည်သူများအပေါ် ရာဇဝတ်မှု ကျူးလွန်နေသော နိုင်ငံမျိုးဆိုသည်မှာ မည်သည့် အချိန်တွင် ကြည့်ကြည့် အရေအတွက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ မြန်မာ အစိုးရသည် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစုများကိုလည်း စစ်ပွဲ ဆင်နွှဲနေသည်။ ၁၉၉၀ မှစ၍ ရေတွက်ပါက အစိုးရ ဖျက်ဆီးခဲ့သော ကျေးရွာပေါင်း ၃၀၀၀ ကျော်ခန့် ရှိ၍ အဆိုပါ တိုင်းရင်းသား လူနည်းစုများ အပေါ် မုဒိန်းမှု၊ နှိပ်စက် ညှင်းပန်းမှု၊ လူသတ်မှုများ ကျူးလွန်ခဲ့သည်။

ပြည်တွင်းရှိ နေအိမ်များမှ ထွက်ပြေး တိမ်းရှောင်သူ အရေအတွက်ကို ဖုံးကွယ်ထားပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသော ဒုက္ခသည် အရေအတွက်မှာ တစ်သန်းကျော် ရှိသည်။ မြန်မာ စစ်ဖက် အစိုးရသည် ကမ္ဘာပေါ်ရှိ အဖိနှိပ်ဆုံး အစိုးရများတွင် ထိပ်ဆုံးက ပါဝင်နေပြန်သည်။

ထိုအချက်များကြောင့်ပင် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိရန်နှင့် ဒီမိုကရေစီ ထွန်းကားလာစေရန် အတွက် အမေရိကန်၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းနေကြခြင်း ဖြစ်သည်။ သို့ရာတွင် မြန်မာ အစိုးရအနေနှင့် ရှေးဦးစွာ နားလည်ထားရမည့် အချက်မှာ ၎င်း၏ ပြည်သူများအပေါ် ဆက်ဆံရာတွင် လည်းကောင်း၊ နိုင်ငံတကာ ဆက်ဆံရေးကို ဆောင်ရွက်ရာတွင် လည်းကောင်း နိုင်ငံတကာ စံနှုန်းများအရ လက်သင့်ခံနိုင်မည့် ဘောင်အတွင်းမှ လုပ်ဆောင်မှသာလျှင် ဆွေးနွေး ညှိနှိုင်းမှု ဖြစ်မြောက်နိုင်လိမ့်မည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ထို့အပြင် အမေရိကန် နိုင်ငံသားတစ်ဦးကို ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် မတရား ဖမ်းဆီး နှိပ်စက်ခြင်းကို အမေရိကန် နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက သည်းခံမည်မဟုတ် ဆိုသည်ကိုလည်း မြန်မာအစိုးရက နားလည်ထားရလိမ့်မည်။ အကယ်၍ မြန်မာ အစိုးရသည် အမေရိကန်နှင့် ဖြစ်စေ၊ အခြားနိုင်ငံများနှင့် ဖြစ်စေ ညှိနှိုင်းဆွေးနွေးရန် ဆန္ဒရှိပါက အထိန်းအကွပ် မရှိ လုပ်ချင်တိုင်း လုပ်နေ၍ မဖြစ်နိုင်ပါ။ ပြည်ပ နိုင်ငံသားများ၏ လူ့အခွင့်အရေးကိုလည်း လေးစားရလိမ့်မည်။

ညီညီအောင်ကို ချက်ချင်း လွှတ်ပေးရေး အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တောင်းဆိုရန် သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်တို့အား ပုဂ္ဂိုလ်ရေးအရ တိုက်တွန်းလိုက်သည်။ မြန်မာစစ်ဖက် အစိုးရသည် မြန်မာပြည်သူများ၏ ဘဝကို လုံးဝ ဂရုမစိုက်ကြောင်း မိမိတို့ သိရှိထားသည်။ အမေရိကန် အစိုးရ အနေဖြင့် ၎င်း၏ နိုင်ငံသား တစ်ဦးကို ဂရုစိုက်ရန် မြန်မာအစိုးရကို ကိုင်တွယ်နိုင်လိမ့်မည်ဟုသာ မျှော်လင့်ရုံ ရှိတော့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသရှိ စက်မှုဇုန် တစ်ခုတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က လုံလောက် မျှတသည့် လုပ်အားခ ရရှိရေး တောင်းဆိုဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။ လုပ်သားအင်အား ၄၀၀၀ ခန့် က တစ်နေရာတည်းတွင် ထိုင်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။

တောင်ဒဂုံမြို့နယ် အမှတ် ၂ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ နှစ်ရုံမှ လုပ်သားများ နံနက် ၈ နာရီခန့်တွင် စတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ "စက်ရုံလုပ်သားတွေဟာ ကုမ္ပဏီရဲ့ ဖယ်ရီ ဘတ်စ်ကား တွေပေါ်ကဆင်းပြီး သူတို့ရဲ့ စက်ရုံ ဝင်းထဲကို ဝင်ရောက်ဖို့ ငြင်းခဲ့ကြပါတယ်။ ပြီးတော့ ဆန္ဒပြကြတယ်။

မကြာခင်မှာပဲ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့တွေ ရောက်လာပါတယ်" ဟု မျက်မြင်တစ်ဦးက ပြောကြားပါသည်။ အဆိုပါ စက်ရုံနှစ်ရုံကို SGI အမည်ရှိ ကုမ္ပဏီက ပိုင်ဆိုင်သည်။ "စက်ရုံပိုင်ရှင်က လုပ်သားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်ရောပေးမှာပါ လို့ ပြောပြီး သူတို့ကို အိမ်ပြန်ဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်" ဟု အခြားမျက်မြင်တစ်ဦးက ပြောပါသည်။

ယခုလတ်တလောကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့ရှိ စက်ရုံ လုပ်သားများ အနေဖြင့် လက်ရှိရရှိနေသော လုပ်အားခ အပေါ် ကျေနပ်မှုမရှိကြပေ။ ကုန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်လျက်ရှိရာ ရရှိသော လစာငွေများသည် အခြေခံ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူရုံမျှဖြင့် ကုန်သလောက် ဖြစ်သွားသည် ဟုဆိုသည်။

ထိုနည်းတူ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံအလုပ်သမား များကလည်း လုပ်ခငွေ တိုးမြှင့်ရေး နှင့် လုပ်သားဘဝ မြှင့်တင်ရေး အတွက် တောင်းဆိုသည့် ဆန္ဒပြမှုများ ပြုလုပ်ကြကြောင်း သိရပါသည်။ ထိုအလုပ်သမားများမှာလည်း တစ်နေရာတည်းတွင် ထိုင်ကာ ဆန္ဒပြကြခြင်း ဖြစ်ပါသည်။

အဆိုပါ ဆန္ဒပြမှုများအတွက် အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်ရုံ အလုပ်ရုံများမှ လုပ်သားများ၊ စီမံရေးရာဌာနများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းလျက်ရှိ ပါသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ အကြီးအကဲတစ်ဦးကမူ အစိုးရဝန်ထမ်းများ၏ လစာငွေကို တိုးမြှင့်လိုက်ခြင်းကြောင့် ယခုကဲ့သို့ လုပ်သားများ မကျေမနပ် ဖြစ်ခဲ့ရခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

အစိုးရ ဝန်ထမ်းများသည် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ လစာငွေ ၂ သောင်းစီ တိုးမြှင့်ရရှိ ခဲ့ကြသည်။ "ဗီယက်နမ်နဲ့ ကမ္ဘောဒီယား စတဲ့နိုင်ငံတွေမှာတော့ လုပ်သားတစ်ယောက်ကို အနည်းဆုံး ဒေါ်လာ ၁၂၀ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်လကို ဒေါ်လာ ၃၀ ကနေ ၅၀ ဝန်းကျင် လောက်ပဲရကြတာပါ" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။

Irrawaddy သတင်းဌာနမှ သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်အစိုးရ တာဝန်ရှိသူတဦး၏ ပြောကြားချက် (၃)

ပိတောက်မြေ 2010 March 9
https://www.blogger.com/comment.g?blogID=7012297844331854525&postID=1462294494949739520
ကျွန်တော်အရင်က ပြောခဲ့ဖူးသလိုပေါ့ဗျာ။ အချိန်တန်တော့ ထွက်လာပါပြီ။
ဒီတော့ အားလုံး ဆုံးခန်းတိုင်အောင် ဖတ်စေချင်ပါတယ်။ လောလောဆယ်တော့
ဒီတစ်ပတ်လုံး နေ့စဉ်ထုတ်သတင်းစာတွေမှာ နေ့စဉ်နှင့် အမျှ ဆိုသလို
ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

တစ်ချို့ ဥပဒေတွေဟာ နိုင်ငံတော်မှာ နိုင်ငံရေးပါတီတွေကို ကြပ်ထားတယ်လို့
ထင်ကောင်း ထင်နိုင်ပေမယ့် သေချာ လေးနက်စွာတွေးကြည့်မယ်ဆိုရင် ဒီမိုကရေစီ
နိုင်ငံကြီးများရဲ့ စံချိန်စံညွှန်းများနဲ့ ကိုက်ညီ ရေးဆွဲ ခဲ့တာ
ဖြစ်ကြောင်း လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ပါတီများ ဖွဲ့စည်းခြင်း
အပိုင်းကျရင် မိတ်ဆွေ များ ငြင်းကြခုန်ကြအုန်းမှာ မြင်ယောင်ပါသေးတယ်။
နောက်ပြီး လွှတ်တော်အမတ်များ မှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲ ၀င်ခြင်း
အပိုင်းတွေကို မိတ်ဆွေများ ပိုစိတ်ဝင်စားကြမှာပါ။

ကျွန်တော် ပြောခဲ့သလိုပေါ့။ မတ်လ ထဲမှာ ရွေးကောက်ပွဲ ဥပဒေထွက်မယ်။
ပြီးရင် ကော်မရှင် အဆင့်ဆင့် ဆက်လက် ဖွဲ့စည်းမယ်။ တာဝန်ပေးမယ်။
ဒီအချိန်ကာလဟာ သင်္ကြန် မတိုင်ခင် ဒီအတိုင်းပဲ သွားပါမယ်။ နောက်-
နိုင်ငံရေးပါတီများကို သင်္ကြန်အပြီးမှာ ဖိတ်ခေါ်ပါမယ်။
မှတ်ပုံတင်ခိုင်းပါမယ်။ ပြီးရင် စီစစ်ပါမယ်။ မေလအတွင်းမှာ
မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီများကို ထုတ်ပြန်ကြေငြာပါ့မယ်။
ဒီအချိန်က စပြီး နိုင်ငံရေးပါတီများ စတင်စည်းရုံးရေးဆင်းနိုင်ပြီ
ဖြစ်ပါတယ်။ စည်းရုံးချိန် -၆ လခန့် ရမှာ ဖြစ်ပြီး ၂၀၁၀ နိုဝင်ဘာလ ၁၁ ရက်။
(၁၁-၁၁-၂၀၁၀) မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပ
ပြုလုပ်မှာ ဖြစ်ပါတယ်။

မိတ်ဆွေများ ကြိုက်နှစ်သက်ရာ ပါတီနဲ့ လွှတ်တော်အမတ်များကို
ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။ အသည်းကြားက မဲတစ်ပြားက ဘယ်သူ့ဘက်ကို သာမလဲ
ဆိုတာ စောင့်ကြည့်ကြရုံသာ ရှိပါတယ်။
March 9, 2010 1:11 AM

စစ်အစိုးရ တာဝန်ရှိသူတဦး၏ ပြောကြားချက် (၂)

မိတ်ဆွေတွေ ဆွေးနွေးသွားကြတာ ကောင်းပါတယ်။ ကျွန်တော်အရင်ကလဲ
ဝင်ရောက်ဆွေးနွေးဖူးသလိုပေါ့ဗျာ။ ရွေးကောက်ပွဲကတော့ လုပ်ဖြစ်သွားမှာ
သေချာပါတယ်။ မည်သို့သော ကန့်ကွက်မှုတွေ၊ မပါဝင်မှုတွေ ပါဝင်မှု တွေ
ပြောနေစေကာမူ ရွေးကောက်ပွဲသည် နေ့စဉ်နှင့်အမျှ နီးသထက်နီးလာသည်ကို
သတိထားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီလအတွင်း တပ်မတော်နေ့
(တော်လှန်ရေးနေ့) နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရွေးကောက်ပွဲ ဥပဒေ
ကြေငြာမယ်လို့ ခန့်မှန်းပါတယ်။
အချိန်အတိအကျ မရှိသေးလို့ ဘေးထိုင်၊ ဘုပြောမနေကြပါနဲ့။ ၂၀၁၀ ဒီဇင်ဘာလ ၃၁
ရက်ထက်တော့ နောက်မကျဘူးဆိုတာ မိတ်ဆွေများ ခန့်မှန်းသိနိုင်ကြပါတယ်။
အရေးကြီးတာက မိမိတို့ရဲ့ ပါတီ ရည်မှန်းချက် လမ်းစဉ်တွေ၊ မူဝါဒတွေကို
ပြည်သူသိအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနိုင်ကြတာပဲ မဟုတ်လား။
ဒီနေရာမှာ ဘယ်ပါတီပဲ ၀င်ပြိုင်ဝင်ပြိုင် နိုင်ငံရေးလုပ်တဲ့ နေရာမှာ
ငွေရှိမှ ဖြစ်မယ်။ ကိုယ်တိုင် ငွေရှိရင် ရှိ၊ မရှိရင်
ထောက်ပံ့ပေးနိုင်မယ့် အသိုင်းအ၀ိုင်းကြီး တစ်ခု ရှိနေဖို့ လိုတယ်ဗျ။
ရွေးကောက်ပွဲ ဥပဒေရဲ့ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုတဲ့ အပိုင်းမှာ
- နိုင်ငံရေးပါတီတစ်ရပ်သည် ပါတီဖွဲ့စည်းခွင့် ရရှိသည်နှင့် တစ်ပြိုင်နက်
ရွေးကောက်ပွဲ ၀င်ကြေးစပေါ်ငွေအဖြစ် သိန်း ၅၀၀ တင်ရမည် တို့။
လွှတ်တော်အမတ်လောင်းသည် ရွေးကောက်ပွဲဝင်ကြေး ၁၀ သိန်း တင်ရမည် တို့
ဖြစ်လာမယ်နော်။ အရင်တုန်းက ထက် များဖို့ပဲ ရှိတယ်လေ။ နည်းသွားဖို့တော့
မဖြစ်နိုင်ဘူး။ ဒီတော့ ရန်ပုံငွေ မတောင့်တင်းရင်၊ ပိုက်ဆံမရှိရင်
နိုင်ငံရေးမလုပ်နိုင်ဘူး ဖြစ်နေတယ်။
နောက်တစ်ခု စဉ်းစားမိတာက ပါတီများများ သိပ်ပေးဖွဲ့မယ့် ပုံမပေါ်ဘူးပေါ့လေ။
ဒါလဲ တစ်မျိုးကောင်းတာပဲ။ သိပ်များတော့လဲ စဉ်းစားရ ခက်ပါတယ်။
ဒီမိုကရေစီနိုင်ငံကြီးတွေလို ပါတီနဲနဲ နဲ့ ပွဲစည်တာမျိုး ဖြစ်ချင်ပေမယ့်
တိုင်းရင်းသားတွေ အရေးကလဲ ရှိနေပြန်တယ်။ အခုတောင် " ၀ " ကိစ္စ ဘယ်လို
ဖြစ်မယ် မပြောတတ်သေးဘူးလေ။ ကျွန်တော့် သဘောကတော့ ဘယ်တိုင်းရင်းသားမှ
လက်နက်မကိုင်စေချင် တော့ပါဘူး။
အားလုံး နိုင်ငံရေးကို စုပေါင်းအဖြေရှာ ညှိနှိုင်းကြဖို့ပါ။
နိုင်ငံရေးမကောင်းရင် ဘာမှ မကောင်းနိုင်ဘူး။ အပြုသဘောဆောင်တဲ့
ယုံကြည်နားလည်မှု ဟာ အခုအချိန်မှာ အရမ်းလိုအပ်နေတဲ့ နိုင်ငံရေးလိုအပ်ချက်
တစ်ခု ဖြစ်တယ်လို့ ယူဆမိပါတယ်။ အားလုံးပါဝင်စေချင်တယ်ဗျာ။ ဘယ်လိုပဲ
ဖြစ်ဖြစ် မစသေးတာထက်စာရင် စလိုက်ကြရအောင်။ မလုပ်သေးတာထက်စာရင်
လုပ်လိုက်ကြရအောင်။ မဖြစ်သေးတာထက်စာရင် ဖြစ်လာတာကို
ကြိုဆိုလိုက်ကြရအောင်။ အခက်အခဲတွေ လိုအပ်ချက်တွေ အများကြီး ပါ။
ပြောနေရုံနဲ့ မပြီးပါဘူး။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းတည်ငြိမ်စွာ
ပြောင်းလဲနိုင်ပြီး ကမ္ဘာ့အလယ်မှာ ပြန်လည် တင့်တယ်လို့ ဖွံ့ဖြိုးမှုအပေါင်း
သရဖူဆောင်းနိုင်ပါစေဗျား။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသားများ
အားလုံး တက်ညီလက်ညီ ပြန်လည် ရုန်းထနိုင်စွမ်းအားကြီးမားပုံကို ကမ္ဘာကို
ပြသနိုင်ကြပါစေဗျား။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, 8th March 2010

မြန်မာနိုင်ငံတွင် နာဂစ် မုန်တိုင်းဒဏ် ခံရသော ဒေသများ၌ ပြန်လည် ထူထောင်ရေး အတွက် ပေးနေသည့် အကူအညီများကို လာမည့် ဇူလိုင်လတွင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဟနွိုင်းတွင် ကျင်းပသော အာဆီယံ လူသားချင်း စာနာသော အကူအညီပေးရေး လုပ်ငန်းအဖွဲ့ Asean Humanitarian Task Force ၏ ခုနှစ်ကြိမ်မြောက် အစည်းအဝေးတွင် အာဆီယံက ကြေညာခဲ့သည်။

သို့ရာတွင် နာဂစ်ဒဏ်ခံရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လူပေါင်း ငါးသိန်းခန့်သည် အမိုးအကာမဲ့၊ အလုပ်အကိုင်မဲ့ ဖြစ်လျက် ရှိနေသေးကြောင်း မြန်မာနိုင်ငံတွင်းရှိ NGO အဖွဲ့များ ပါဝင်သော ကယ်ဆယ်ရေး အဖွဲ့များက ပြောကြားခဲ့သည်။

လူသားချင်း စာနာသော လုပ်ငန်းစဉ်များ ဇူလိုင်လတွင် ပြီးဆုံးရန် ပြင်ဆင်ရာ၌ အာဆီယံသည် အဆိုပါ ဒေသများသို့ အကူအညီများ အရှိန်မြှင့်၍ ပေးသွားမည် ဖြစ်ပြီး၊ ပြန်လည် ထူထောင်ရေး အတွက် ညှိနှိုင်းပေးသည့် ကဏ္ဍကို မြန်မာ အစိုးရသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း အာဆီယံ၏ ကြေညာချက်အရ သိရှိရသည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူး Surin Pitsuwan က ပြောကြားရာတွင် AHTF က ၎င်း၏ လုပ်ငန်းစဉ်များကို ၂၀၁၀ ဇူလိုင်လတွင် ရပ်ဆိုင်းမည်ဟု ဆိုသော်လည်း နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ နှစ်ချီ၍ ကြာနိုင်ကြောင်း ပါဝင်သည်။

နောက်ဆုံး ထုတ်ပြန်သော ပြန်လည် သုံးသပ်မှု အမှတ် (၃) တွင် လစ်ဟာမှုများ ရှိနေသေးကြောင်း၊ နေအိမ်များ၊ အသက်မွေးမှု ဘဝများ၊ ရေနှင့် သန့်ရှင်းမှုတို့တွင် လိုအပ်ချက်နှင့် ကွာဟဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် အဆိုပါ လိုအပ်ချက်များ အမြန် ပြန်လည်ရရှိရေး အတွက် အရှိန်မြှင့်ရန် အရေးကြီးကြောင်း Surin က ပြောကြားခဲ့သည်။ ဆိုင်ကလုန်း နာဂစ်သည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့ပြီး၊ လူပေါင်း ၁၄၀,၀၀၀ သေဆုံးပြီး၊ လူ ၂ သန်းခန့်ကို များစွာ ထိခိုက်မှုများ ဖြစ်စေခဲ့သည်။

Surin က ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြီး လုပ်ကိုင်ပေးရာမှ ရရှိသော သင်ခန်းစာများကို မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း၊ နာဂစ်ဒဏ်ခံ အသိုင်းအဝိုင်းများ ခံစားရမှုများ လျော့ပါးသွားရေးအတွက် ၂၀၁၀ ဇူလိုင်လ အထိ ညှိနှိုင်းရေး ကဏ္ဍကို ဆက်လက် တာဝန်ယူထားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရာတွင် အဆင်ပြေ ချောမွေ့ရေး အတွက် ပြင်ဆင်ကြရန် ပြောကြားခဲ့သည်။

စောင့်ကြည့် လေ့လာသူများက အာဆီယံက အကူအညီ ရပ်ဆိုင်းမည့် ဇူလိုင်လ နောက်ပိုင်းတွင်လည်း ပြန်လည် ထူထောင်ရေး လိုအပ်မည့် အိမ်ထောင်စုများစွာ ကျန်ဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်မြှင့်ရခြင်း အကြောင်းမှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ခြင်း အစိတ်အပိုင်း တစ်ခု ဖြစ်လိမ့်မည်ဟု ယူဆရပြီး၊ နိုင်ငံခြားသားများအား ရွေးကောက်ပွဲ ကျင်းပချိန်တွင် မြန်မာနိုင်ငံ၌ ရှိမနေစေလိုသည့် သဘော ဖြစ်မည်ဟု ၎င်းတို့က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀၀၉ ခုနှစ်က အာဆီယံသည် လူသားချင်း စာနာသည့် လုပ်ငန်း အသိုင်းအဝိုင်း နှင့်အတူ နာဂစ်ဒဏ် ခံစားရသူများ အရေးတကြီး လိုအပ်ချက် အတွက် အမေရိကန် ဒေါ်လာ ၁၀၃ သန်း ပေးရန် အသနားခံခဲ့သည်။

၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စုစုပေါင်း ဒေါ်လာ ၉၁.၃ သန်းထိ တိုးပေးခဲ့ပြီး၊ ဒေါ်လာ ၃၈.၅၇ သန်းမှာ ထိုဒေသတွင် လုပ်ကိုင်နေသော အဖွဲ့များနှင့် ရန်ပုံငွေများမှ လက်ခံ ရရှိပြီး ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

        အလုံမြို့နယ်ရှိ အေးရှားဝေါလ် (Asia World) ဆိပ်ကမ်းအား ယခုနှစ်အတွင်း နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီအောင် တိုးချဲ့မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အေးရှားဝေါလ် ဆိပ်ကမ်းကို ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (စတီဗင်လော ဟုလည်းခေါ်သူ) ပိုင်ဆိုင်ပြီး ၎င်းသည် စစ်အစိုးရ နှင့် အနီးကပ် စီးပွားရေး လုပ်ကိုင် နေမှုကြောင့် အမေရိကန် အစိုးရ၏ ပိတ်ဆို့ အရေးယူခြင်းခံ ရသူများ စာရင်းတွင် ပါဝင်သူဖြစ်ပါသည်။

ဦးထွန်းမြင့်နိုင် လည်ပတ်လုပ်ကိုင်လျက်ရှိသော  အဆိုပါ ဆိပ်ကမ်းကို "အလုံဂျက်တီ" ဟု လူသိများပြီး အဆိုပါဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုအတွက် အရေးပါသော စင်တာ တစ်ခုသဖွယ် ဖြစ်နေသည်။

"ကျွန်တော်တို့ ကြားသိရသလောက်တော့ အေးရှားဝေါလ် ဆိပ်ကမ်းကို ကြည့်မြင်တိုင်မြို့ နယ်အထိ တိုးချဲ့လိမ့်မယ်။ အေးရှားဝေါလ် အဆင့်မြှင့်တင်ဖို့အတွက် စုစုပေါင်း ကျပ်ငွေ ၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၄၀)  လောက်ကုန်ကျလိမ့်မယ်" ဟု အေးရှားဝေါလ် နှင့် နီးစပ်သော သတင်းရင်းမြစ်က Mizzima ကို ပြောပါသည်။

မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများ အဆိုအရ ဦးထွန်းမြင့်နိုင်သည် စစ်အစိုးရ၏ အရေးပါသော စီးပွားရေး မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ခံ ထားရပါသည်။

Mizzima သတင်းဌာနက အဆိုပါ ဆိပ်ကမ်း တိုးချဲ့ မြှင့်တင်သည့် ကိစ္စနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်၏ အမြင်ကို သိရှိရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု တစုံတရာမရရှိခဲ့ပေ။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ဆက်သွယ် မေးမြန်းကြည့်ရာ အေးရှားဝေါလ် ဆိပ်ကမ်းတိုးချဲ့ ဆောက်လုပ်ရန် စီစဉ်ခြင်းသည် သစ်၊ ဘိလပ်မြေနှင့် အခြားသော ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းများ၊ တင်ပို့မှုများ ကောင်းမွန်စွာ ပြုလုပ်နိုင်ရန် ဖြစ်သည်ဟု အပေါ်ယံ သဘောဆန်သော
အဖြေသာ ရရှိခဲ့ပါသည်။

အဆိုပါ ဆိပ်ကမ်းနှင့် လွန်စွာနီးကပ်လျက်ရှိသော နာမည်ကျော် သီရိမင်္ဂလာဈေးမှ ဈေးဆိုင် ပိုင်ရှင်တစ်ဦးအား မေးမြန်းကြည့်ရာ ၎င်းက "ကျွန်တော်ဒီဈေးမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းချ လာတာ ငါးနှစ်ရှိပါပြီ။ အထိုင်လည်းကျနေပြီ။ အခု စည်ပင်ရုံးက စာရေးတစ်ယောက်က ဒီဈေးကို နေရာသစ်တစ်ခုကို ရွှေ့ပြောင်းတော့မယ်လို့ လာပြောပါတယ်။ ဘယ်နေရာကို ပြောင်းရွှေ့မယ် ဆိုတာတော့ မသိသေးပါဘူး။ နောက်ပြီးတော့ အဲဒီစည်ပင် စာရေးက ပြောသွားသေးတယ် ဈေးသစ်မှာ ဆိုင်ခန်းရချင်ရင် ပိုက်ဆံ ထပ်သွင်းရမယ်တဲ့။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းကို မသိပါဘူး" ဟု ပြောကြားပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦး၏ ပြောဆိုမှုမှာ အဆိုပါ ဈေးဆိုင်ပိုင်ရှင်နှင့် ကွဲပြားခြားနားပါသည်။ ဈေးဆိုင်ပိုင်ရှင်များ အနေဖြင့် ရွှေ့ပြောင်းရန် လိုမည် မဟုတ်ကြောင်း၊ အကြောင်းမှာ သီရိမင်္ဂလာဈေး ဖျက်မည်ဟူသော တရားဝင် အမိန့်ကြေညာစာ တစ်စောင်မျှ မထုတ်ပြန်သောကြောင့် ဖြစ်ကြောင်း အဆိုပါ စည်ပင်အရာ ရှိက ပြောပါသည်။

အေးရှားဝေါလ် ဆိပ်ကမ်းပိုင်ရှင် ဦးထွန်းမြင့်နိုင်သည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပါဝင် ယှဉ်ပြိုင်လျှက်ရှိသော မကွေးယူနိုက်တက် ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ကချင်ပြည်နယ်တွင်လည်း ရွှေတွင်း အမြောက်အများ ပိုင်ဆိုင်လုပ်ကိုင် နေသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူများသည် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာလာသော နိုင်ငံကူး သင်္ဘောတစ်စီး ပေါ်မှ ဘိန်းဖြူ ၂၉ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါသည်။

Mizzima သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Burma News International, 5-Mar-2010

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ရခိုင်ပြည်နယ် ဘူးသီးတောင်သို့ လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများ လေ့လာရန် လာရောက်စဉ်က စကားပြောရန် ကြိုးစားသူ ရိုဟင်ဂျာ လူမျိုး တစ်ဦးမှာ ဖမ်းခံရပြီး ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း ကာယကံရှင်၏ ဆွေမျိုး တစ်ဦးက ပြောပါသည်။

ဖမ်းဆီးခံရသူမှာ အသက် ၄၈ နှစ် ရှိ ကျော်မောင် (ခေါ်) Nurul Haque  ဖြစ်ပြီး ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပါသည်။ ၎င်းသည် စစ်ထောက်လှမ်းရေး အတွက် လည်းကောင်း၊ နစက အတွက် လည်းကောင်း၊ အလုပ် အများကြီး လုပ်ပေးခဲ့သူ ဖြစ်ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်အား စကားပြောရန် ကြိုးစားသောကြောင့် ၎င်းအား မတ်လ (၁) ရက်နေ့ နံနက်(၉) နာရီခန့်တွင် ဘူးသီးတောင် ရဲစခန်းမှ သူ၏ နေအိမ်တွင် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပါသည်။

ဖမ်းဆီးပြီးနောက် ၎င်းအား ဘူးသီးတောင် ရဲစခန်းသို့ ခေါ်သွားပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ကြောင်း သိရှိရပါသည်။ နောက်ဆုံးတွင် ၎င်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ သွားရောက်မှုဖြင့် တရားစွဲဆိုခဲ့ပါသည်။ ယမန်နေ့က ဘူးသီးတောင် တရားရုံးမှ ၎င်းအား ထောင်ဒဏ်(၆)လ ချမှတ်ခဲ့ပြီး ဒဏ်ငွေကျပ် သုံးသိန်းလည်း ချမှတ်ခံရကြောင်း ၎င်း၏ ရင်းနှီးသော သူငယ်ချင်း တစ်ဦးက ပြောပါသည်။

Quintana ဘူးသီးတောင် သို့ လာရောက်စဉ်က ဘူးသီးတောင် ထောင်နှင့် ဆေးရုံတို့ သို့သွားရောက်ကြည့်ရှုခဲ့ပါသည်။ ဘူးသီးတောင် မြို့နယ် မယကရုံးတွင် Quintana သည် ဘူးသီးတောင်မှ ရိုဟင်ဂျာ လေးဦး၊ မောင်းတောမှ ရိုဟင်ဂျာ လေးဦး တို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ထိုသို့ တွေ့ဆုံချိန်တွင် ဘူးသီးတောင်မြို့နယ် မဝတဥက္ကဋ္ဌနှင့် ထောက်လှမ်းရေးမှ အရာရှိများ တက်ရောက်ကြပါသည်။ ထို့ကြောင့် လာရောက်တွေ့ဆုံကြသော ရိုဟင်ဂျာများသည် အာဏာပိုင်များကို ကြောက်သောကြောင့် အဖြစ်မှန်များကို မပြောရဲကြပေ။ သို့သော် ကုလသမဂ္ဂ ကိုယ်စားလှယ်သည် အဆိုပါ ရိုဟင်ဂျာများအား လိမ္မာပါးနပ်စွာ မေးခွန်းများ မေးခဲ့ပါသည်။

'' ထောက်လှမ်းရေးက အရာရှိတွေ ပတ်လည်မှာ ဝိုင်းနေတော့ ကုလသမဂ္ဂ ကိုယ်စားလှယ် အနေနဲ့ ရိုဟင်ဂျာတွေကို မေးခွန်းတစ်ခုခု မေးဖို့ မလွယ်လှပါဘူး '' ဟု ဘူးသီးတောင်မှ ကုန်သည် တစ်ဦးက ပြောပါသည်။

အဆိုပါ ရိုဟင်ဂျာများသည် ကုလမဂ္ဂ ကိုယ်စားလှယ် ပြန်သွားပြီးနောက် စကားမှား ပြောမိ၍ ဖမ်းခံရမည်ကို ရင်တထိတ်ထိတ်နှင့် အိမ်တွင် နေကြရကြောင်း၊ သို့တိုင်အောင် ၎င်းတို့သည် အစိုးရ၏လူများ ဖြစ်ကြောင်း၊ အခြား လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

Quintana မလာမီ တစ်ရက်က ထောက်လှမ်းရေး နှင့် ရဲမှ ပုဂ္ဂိုလ်များကို ထောင်သား အသွင် ဝတ်လျက် ဘူးသီးတောင် ထောင်ထဲသို့ လွှတ်ထားခဲ့ပြီး၊ ထောင်သားများထံမှ အစိုးရ ဆန့်ကျင်ရေး စကားများ ကုလသမဂ္ဂ ကိုယ်စားလှယ်သို့ ပြောသူအား စောင့်ကြည့်ရန် တာဝန်ပေးခဲ့ကြောင်း နစက အတွက် လုပ်ပေးရသူတစ်ဦးက ပြောပါသည်။

Quintana သည် နေပြည်တော်တွင် အစိုးရ၏ အဓိက ပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ငါးရက်ကြာ နေထိုင်စဉ် အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင် သို့ သွားရောက်ခဲ့ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများအား ကြည့်ရှုရန် လာရောက်ခြင်း ဖြစ်ပါသည်။

၎င်း၏ ခရီးစဉ် အတွင်း ၎င်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခဲ့သလို၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ၎င်းအား တွေ့ဆုံခြင်း မရှိ ခဲ့ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 7-Mar-2010

အရှေ့ အာဖရိက ကမ်းလွန်တွင် နော်ဝေး ကုမ္ပဏီပိုင် ဓာတု ပစ္စည်းတင် သင်္ဘော အပိုင်စီး ခံရမှုကို ဥရောပကမဂ္ဂ ပင်လယ် ဓားပြနှိမ်နှင်းရေး မစ်ရှင်က ယမန်နေ့တွင် အတည်ပြုခဲ့ပြီး ၂၁ ဦးပါ သင်္ဘောသား အဖွဲ့မှာ အားလုံး မြန်မာနိုင်ငံမှ ဖြစ်သည်ဟု ပြောကြားပါသည်။

သောကြာနေ့က မဒါဂါ စကားနိုင်ငံ ကမ်းလွန်တွင် ဓာတုပစ္စည်းတင် UBT Ocean သင်္ဘော အပိုင်စီးခံရသည်ဟု သင်္ဘောပိုင်ရှင် နော်ဝေး ကုမ္ပဏီ  Brovictank  က ပြောကြားခဲ့ပြီး ယခု အခါ သင်္ဘောသည် မြောက်ဖက်သို့ ဦးလှည့်ကာ ဆိုမာလီယာသို့ ခုတ်မောင်းနေသည်ဟု ဆိုပါသည်။

UBT Ocean သင်္ဘောအဖွဲ့သား ၂၁ဦး စလုံးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ လက်ရှိ အနေအထားကို မိမိတို့ စောင့်ကြည့်နေသည်ဟု ဥရောပ သမဂ္ဂ  NAVFOR  မစ်ရှင်က ပြောကြားသည်။

မာရှယ်ကျွန်းစု အလံတင်ထားသော သင်္ဘောသည် ယူအေအီးနိုင်ငံ ဖူဂျိုင်ရာမှ တန်ဇန်နီးယား မြို့တော် ဒါအက်ဆာလမ် သို့ ခုတ်မောင်းနေစဉ် အပိုင်စီးခံရခြင်း ဖြစ်သည်။

ပင်လယ် ဓားပြများ ပုံမှန် ကျက်စားရာ ဇုံ၏ တောင်ဖက် အနီးမှ လမ်းကြောင်း ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု Brovictank ဒါရိုက်တာ Sveen Pedersen က သောကြာနေ့တွင် ပြောကြားသည်။

သင်္ဘောနှင့် အဆက်အသွယ် ရရန် ကြိုးစားနေသော်လည်း ပင်လယ်ဓားပြများ စီးနင်းပြီး နောက်ပိုင်း မည်သည့် စကားမျှ လက်ခံရရှိခြင်း မရှိဟု စင်္ကာပူ အခြေစိုက် သင်္ဘောလိုင်းက မနေ့က ပြောဆိုသည်။

အဆက်အသွယ် ရနိုင်ဘို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ သင်္ဘာသားတွေ လုံခြုံရေး၊ ဘေးကင်းရေးကို အဓိက စိတ်ပူနေပါတယ်ဟု စင်္ကာပူ သင်္ဘောလိုင်း Nautictank Pte Ltd ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

သင်္ဘောနဲ့၊ ကပ္ပတိန်နဲ့၊ ပင်လယ်ဓားပြတွေနဲ့ ဘယ်သူနဲ့မှ အဆက်အသွယ်မရသေးပါဘူးဟု ပြောရေးဆိုခွင့်ရှိသူ Edword Ion ကပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news, 6th Mar 2010

ဒေသခံ စစ်တပ် အာဏာပိုင်များက ပြည်သူ့စစ်အဖွဲ့သို့ အတင်းဝင်ခိုင်းမှုကြောင့် မြန်မာပြည် တောင်ပိုင်း မွန်ပြည်နယ်မှ လူ ၁၀၀ ခန့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဝင်ပြေးခဲ့ကြကြောင်း မွန် လူသားချင်း စာနာရေး ဝန်ထမ်းများ၏ ပြောကြားမှုအရ သိရှိရသည်။

ပြည်သူ့စစ် အဖွဲ့ဝင်များ အတင်းအကြပ် စုဆောင်းနေမှုကို ရှောင်ရှားရန် အတွက် မွန်ပြည်နယ်တွင်းရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ လူအတော်များများ ဆက်တိုက် ထွက်ပြေးနေသည်ဟု မွန်ကယ်တင်ခြင်းအဖွဲ့ အတွင်းရေးမှူး ဇော်မင်းဦးက သောကြာနေ့တွင် မဉ္ဇိမသို့ ပြောကြားသည်။

ရွာသားတွေကို ပြည်သူ့စစ်ထဲ အတင်းဝင်ခိုင်းတယ်။ မဝင်ရင် လစဉ်ကြေး ၇ သောင်းကျပ် ပေးရမယ်လို့ တောင်းတယ်။ ဒီတော့ လူတွေက သည်းမခံနိုင်ကြတော့ဘဲ ထွက်ပြေးကြတာပါဟု ၎င်းက ရှင်းပြသည်။

          ထိုင်း-မြန်မာ နယ်စပ်အနီး ထားဝယ်ခရိုင်ရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ဝင်ပြေးလာကြခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အပစ်ရပ် အဖွဲ့တစ်ဖွဲ့ဖြစ်သော NMSP က ထွက်ပြေးလာကြသော ရွာသားများကို စတင် နေရာချပေးနေသည်။

"အခု NMSP အရာရှိတွေက ပြန်ပြီး နေရာချပေးတဲ့ အနေနဲ့ နေစရာ မြေနဲ့ လယ်စိုက်ဖို့မြေ ပေးနေတယ်။ ဒုက္ခသည်စခန်းတော့ မရှိပါဘူး"ဟု ကယ်ဆယ်ရေး ဝန်ထမ်းက ရှင်းပြသည်။

ပြည်ပ အခြေစိုက် လွတ်လပ်သော မွန်သတင်းဌာနမှ အယ်ဒီတာ နိုင်ကဆော့မွန်က ပြောကြားရာတွင် အစိုးရက မွန်နှင့် ကရင် ဒေသများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူ့စစ် အဖွဲ့များ စတင် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း၊ ထိန်းချုပ်မှုကို မလိုလားသော ဒေသခံ တိုင်းရင်းသားများကို ငြိမ်သက်အောင် တပ်မတော်က မကိုင်တွယ်နိုင်၍ ဖြစ်ကြောင်း သုံးသပ်သည်။ သို့သော်လည်း ပြည်သူ့စစ် အစီအစဉ်ကို တပ်မတော်က အထောက်အပံ့ ပေးမည် မဟုတ်ဟု ၎င်းက ဆိုသည်။

"မွန်နဲ့ကရင် လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သိရအောင် ပြည်သူ့စစ်တွေကို သတင်းပေးအဖြစ် အသုံးပြုလိမ့်မယ်။ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စတွေမှာလည်း သုံးလိမ့်မယ်" ဟု နိုင်ကဆော့ မွန်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, By Rachel Harvey, 5th Mar 2010

ထိုင်းနိုင်ငံသည် ဒလိုင်းလားမား၏ ညီမဖြစ်သူအား ပြည်ဝင်ခွင့် ဗီဇာပေးရန် ငြင်းဆန်ခဲ့ရာ တရုတ်၏ စိတ်ဆိုးမှုကို မဖြစ်စေချင်၍ဟု ဆိုသည်။

တိဗက် ခေါင်းဆောင် ဒလိုင်းလားမား၏ ညီမဖြစ်သူ Jetsun Pema သည် ဘန်ကောက်တွင် ကျင်းပမည့် တိဗက်ယဉ်ကျေးမှု ပွဲတော်တွင် အဓိက မိန့်ခွန်းပြောရန် အတွက် ဗီဇာ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာတွင် သူမ ထိုင်းနိုင်ငံတွင် ရှိနေလျှင် နိုင်ငံရေးနှင့် ဆက်စပ် ပတ်သက်နေမည်ကို စိုးရိမ်သောကြောင့် သူမ၏ ပြည်ဝင်ခွင့် ဗီဇာ တောင်းခံမှုအား ငြင်းပယ်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် တိဗက်ကို ၎င်း၏ အချုပ်အချာပိုင် နယ်မြေအတွင်းမှ အရေးကြီးသော အစိတ်အပိုင်း အဖြစ် သတ်မှတ်ပြီး ဒလိုင်းလားမားအားလည်း အန္တရာယ်ရှိသော ခွဲထွက်ရေးသမား အဖြစ် သတ်မှတ်ခဲ့သည်။

လာမည့် သောကြာနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပမည့် တိဗက် ဘာသာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုပွဲတော်ကို တက်ရောက်ရန် အိန္ဒိယတွင် နေထိုင်သူ တိဗက် လူမျိုး ၃၀ ခန့်ကို ဗီဇာ ပေးထားပြီး ဖြစ်သည်။ သို့သော် ဂုဏ်ထူးဆောင် ဧည့်သည်တော်မှာမူ စာရင်းတွင် ပျောက်နေသည်။

ဒလိုင်းလားမား၏ ညီမဖြစ်သူ Jetsun Pema သည် အသက် ၆၉ နှစ် ရှိပြီ ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် "Tibet: My Story" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောရန် ရှိသည်။

သို့သော် ထိုင်း အစိုးရသည် သူမ၏ မိန့်ခွန်းကို နိုင်ငံရေးသတင်း ထုတ်ပြန်ချက် အဖြစ် တရုတ်က အဓိပ္ပာယ် ကောက်ယူလိမ့်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က BBC သို့ ပြောကြားရာတွင် ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာကပင် ရပ်တည်လာသည့် မူဝါဒ ဖြစ်သည့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိုင်းနိုင်ငံကို အသုံးချ၍ အခြားနိုင်ငံတစ်ခုအား ဝေဖန်ခြင်း၊ အန္တရာယ်ပြုခြင်းများ ခွင့်မပြုရန်ကို လိုက်နာမည် ဖြစ်ကြောင်း ဆိုသည်။

Beijing နှင့် ဘန်ကောက် အကြား တိုးတက်လာသော ကုန်သွယ်မှုကလည်း အချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ထိုင်း အစိုးရသည် သံတမန်ရေးရာအရ စိတ်ဆိုးမှုများကို ရှောင်ရှားလိုသည်ဟု ဆိုသော်လည်း ၎င်းအားပေး၍ ပြုလုပ်နေသော ယဉ်ကျေးမှုပွဲတော်သည် နိုင်ငံရေးအရ ပတ်သက် ဆက်နွယ်နေသည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.