Transparency Myanmar

transparency.myanmar@gmail.com

      မြန်မာ့နိုင်ငံရေးတွင် ပင်မ အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ (NLD) ပယ်ဖျက်ခြင်း မခံရအောင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်း အရ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း NLD က ထုတ်ဖော် ပြောဆိုလိုက်သည်။

      အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏  အမျိုးသား ဒီမိုကရေစီ ပါတီသည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည် မှတ်ပုံ တင်ခြင်း မရှိပါက ရွေးကောက်ပွဲ ဥပဒေအရ ပါတီအဖြစ်မှ တရားဝင် ပယ်ဖျက်ရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့အတွက်ကြောင့် သတ်မှတ်ရက် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေ နည်းလမ်းဖြင့် ပါတီ ပယ်ဖျက်ခြင်း မခံရအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

      ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြန်မာနိုင်ငံ ဗဟို တရားရုံးတော်မှ တစ်ဆင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ မြန်မာနိုင်ငံ အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်ရာ အဆိုပါ ဥပဒေအပိုင်း အချို့ကို ပြန်လည် ပြင်ဆင်ပေးရန် ဗဟိုတရားရုံးသို့ အမှုဖွင့် လျှောက်ထားခဲ့ကြောင်း NLD က ဆိုသည်။

      NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း၏ အဆိုအရ ဗဟို တရားရုံး ညွှန်ကြားရေးမှူးချုပ်က အမှုနှင့် ပတ်သက်၍ အကြောင်းကြား ပြောဆိုရန် NLD မှ ခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

      "ဗဟို တရားရုံးတော်ကို ကျွန်တော်တို့ရဲ့ လျှောက်ထားစာတွေကို သူက ပြန်ပေးပါတယ်။ ဥပဒေတွေက တရားဝင် ဖြစ်သွားပြီလို့ ပြောတယ်။ လောလောဆယ် ကျွန်တော်တို့မှာ ဘာဆက် လုပ်မယ်ဆိုတဲ့ အစီအစဉ် တစ်ခုမှ မရှိသေးပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

      အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ သပိတ်မှောက်ကြောင်း ပြီးခဲ့သည့်လက ထုတ်ဖော် ကြေညာခဲ့သည်။ ယခု ဗဟို တရားရုံးတော်သို့ အမှုဖွင့် လျှောက်ထားရာ၌ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သူများနှင့် ဖွဲ့စည်းထားသော ပါလီမန် လွှတ်တော်တစ်ရပ် ပေါ်ထွန်းရေးလည်း ပါဝင်သည်။

      NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း အပြတ်အသတ်ဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို မသိကျိုးနွံပြုကာ အာဏာလည်း လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

Bangkokpost မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

      ၁၉၉၅ ခုနှစ်လောက်က ဖြစ်သည်။ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို The Economistစာစောင်က မျှော်လင့်ချက် ကင်းမဲ့နေသော မြန်မာနိုင်ငံအတွက် အခြား မျှော်လင့်ချက် တစ်စုံတရာများ ရှိသည်ဟု ထင်မြင်မိပါသလားဟု မေးခဲ့ရာ သူမက "ကျွန်မ မမျှော်လင့်မိဘူး" ဟု ခပ်ပြတ်ပြတ်ပင် ပြန်ဖြေခဲ့သည်။ ထိုစဉ်က ဒေါ်စုကြည်၏ အသံမှာ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်၏ လေသံနှင့်ပင် တူနေသေးသည်။ သူမက "ကျွန်မ အစွမ်းကုန်ကြိုးစားနေပါတယ်" ဟု ထပ်မံ ပြောခဲ့သေးသည်။

      ယခုဆိုလျှင် နှစ်ပေါင်း ၁၅ နှစ်တိတိ ကြာမြင့်သွားပြီ ဖြစ်သည်။ စစ်အစိုးရက အရပ်ဘက် အစိုးရ တစ်ရပ် ထွက်ပေါ်စေနိုင်မည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် မည်သို့ပင် အစီအစဉ်များ ရေးဆွဲနေသော်ငြားလည်း မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ဟူသည့် ပေါ့ပြက်ပြက် ဆန်သော နှစ်သိမ့်မှု တစ်ခုသဖွယ်သာ ဖြစ်နေသေးသည်။ ပေါ့ပြက်ပြက် နိုင်သည်ဟု ဆိုရခြင်းမှာ ခြေခြေမြစ်မြစ် မရှိဘဲ ပြောခြင်း မဟုတ်။ သက်သေ အထောက်အထားများ ရှိ၍ ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပေါ် စစ်အစိုးရ၏ တုံ့ပြန်မှုကို ကြည့်ပါက သိနိုင်သည်။ နာဂစ်ကိစ္စသည် စစ်အစိုးရအပေါ် အပြုသဘော ဆောင်သည့် အမြင်မျိုး မထားရှိသင့်ဟု သတိပေး နေသကဲ့သို့ ရှိသည်။

      သေသေချာချာ ဆန်းစစ်ကြည့်ပါ။ "များစွာသော ပြည်သူလူထု၏ အသက်ကို ကယ်တင်ပေးမည့် အကူအညီများကို နှောင့်နှေး ကြန့်ကြာအောင် မည်သို့သော အစိုးရမျိုးက အားတက်သရော လုပ်မည်နည်း"။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက် မွှေနှောက်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၃၈၃၀၀ သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ရသည်။ သို့တိုင်အောင် စစ်အစိုးရက အခြားနိုင်ငံများက ပေးသော အကူအညီများ၊ အထောက်အပံ့များကို လက်သင့်ခံ ရယူပါမည်ဟု ခေါင်းမငြိမ့်ဘဲ ရက်ရက်စက်စက်ပင် ခေါင်းခါခဲ့သည်။ ကုလသမဂ္ဂ၊ မရေမတွက် နိုင်သော NGO များနှင့် အမေရိကန် ရေတပ်တို့သည်ပင် နာဂစ် ဒုက္ခသည်များကို ကူညီရန် စိတ်ဆန္ဒ ပြင်းခဲ့သည့်တိုင် စစ်အစိုးရ၏ ခါးခါးသီးသီး ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ အချိန် အတန်ကြာသောအခါ ရောက်မှ အချို့သော အကူအညီများ ဝင်ရောက်ခွင့် ရရှိခဲ့သည်။ သို့သော် ဒုက္ခသည် အများစုအတွက် အလာကောင်းသော်လည်း အခါနှောင်းသွားသည့် အကူအညီများ ဖြစ်ခဲ့ရသည်။

      ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Emma Larkin ဟူသော ကလောင် အမည်ဖြင့် အမေရိကန် နိုင်ငံသူ တစ်ဦး အခြေစိုက် နေထိုင်သည်။ Emma သည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြည်ဝင်ခွင့် ဗီဇာ ရရှိခဲ့သည်။ Emma သည် ဗီဇာ ရရှိလိုက်သောကြောင့် အထီးကျန် ဧကစာ ဖြစ်နေသော မြန်မာ စစ်အစိုးရနှင့် ပြင်ပနိုင်ငံများ အကြားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခကို အနီးကပ် လေ့လာခွင့် ရရှိခဲ့သည်။ "သတင်း အချက်အလက်တွေ၊ ဒေတာတွေ ဘယ်မှာ ရနိုင်မလဲ ဆိုတာ သိတဲ့လူများ ရှိပါသလား" ဟု မေးခွန်းထုတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိကျ မှန်ကန်သော သတင်း အချက်အလက် ရယူနိုင်ရေး ဟူသည် အိပ်မက်သဖွယ်ပင် ဖြစ်သည်။ အကယ်၍ ရယူနိုင်သည့် နေရာ ရှိသည် ဆိုပါကလည်း စစ်အစိုးရ၏ ခြိမ်းခြောက်မှု၊ ကြမ်းကြမ်းတမ်းတမ်း ငြင်းပယ်မှုနှင့်သာ ထိပ်တိုက် တိုးပေလိမ့်မည်။

      သို့အတွက်ကြောင့် Emma အနေဖြင့် စစ်အစိုးရ အဘယ့်ကြောင့် အကြင်နာတရား ကင်းမဲ့စွာ ပြုမူ နေထိုင်နေရသနည်း ဟူသည့် ဆိုလိုရင်းကို ပေါ်လွင်စေမည့် စာအုပ် ရေးသားရာတွင် များစွာ အခက်တွေ့ရသည်။ ဖြစ်နိုင်ခြေ ရှိသော အချက်မှာ စစ်အစိုးရသည် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ရယူရန် ထိတ်လန့်နေသူ ဖြစ်သည်။ အကူအညီ ပေးရေး၊ ကယ်ဆယ်ရေး ဟူသော ကြိုးပမ်းချက်များက ကျူးကျော် ဝင်ရောက်မှု ဟူသည့် သဘောမျိုး ဖြစ်နေမည်ကို စစ်အစိုးရက ကြောက်လန့်နေဟန် ရှိသည်။ ပို၍ ဖြစ်နိုင်ခြေ ရှိသည်မှာ စစ်အစိုးရသည် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သောကြောင့် နိုင်ငံခြားသား အကူအညီ ပေးရေး အဖွဲ့များကို ဝင်ရောက်ခွင့် ပြုရန် အလွန်အမင်း ထိတ်လန့်နေခြင်း ဖြစ်နိုင်သည်။ မြန်မာပြည်သူ ဒုက္ခသည်များအပေါ် အမှန်တကယ် အကူအညီ ပေးမည့် နိုင်ငံခြား အဖွဲ့အစည်းများကို စစ်အစိုးရက လွန်စွာ ယုံမှားသံသယ ဖြစ်နေခြင်းပင် ဖြစ်သည်။

      မြန်မာ စစ်အစိုးရနှင့် ပတ်သက်၍ ထွက်ပေါ်နေသော ရှင်းမရ နိုင်သည့် ကောလာဟလများကို ရှင်းထုတ် ရေးသားနိုင်ရန် Emma က ကြိုးပမ်းခဲ့သည်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အယူသည်းကြသည် ဟူသည်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ မှန်လည်း မှန်ကန်သည်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ညချမ်း တစ်ခုတွင် စစ်အစိုးရ နံပါတ်-၁ ခေါင်းဆောင်ကြီး၏ ဇနီးဖြစ်သူသည် မြန်မာပြည်သူများ ဘာသာရေးအရ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီ ပရဝုဏ် တစ်ဝိုက်တွင် ခွေးတစ်ကောင်၊ ဝက်တစ်ကောင် နှင့်အတူ လမ်းလျှောက်ထွက်ခဲ့သည် ဟူသော ကောလာဟလ ရှိခဲ့ဖူးသည်။ နံပါတ်-၁ စစ်ခေါင်းဆောင်ကြီး၏ ဇနီးဖြစ်သူ ယင်းသို့ လမ်းလျှောက်ထွက်သည့် သတင်းကို အများစုကလည်း ယုံကြည်ကြသည်။ ခွေးသည် တနင်္လာနံကို ကိုယ်စားပြုပြီး ဝက်က ဗုဒ္ဓဟူးနံကို ကိုယ်စားပြုသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂါနေ့တွင် မွေးသူဖြစ်ရာ ယင်းသို့ ခွေး၊ ဝက်တို့နှင့် စိမ်ပြေနပြေ လမ်းလျှောက်ပေးရုံဖြင့် သူမအား သြဇာအာဏာ တစ်ပြားသားမှ မရှိအောင် လုပ်ပေးရာ ရောက်သွားသည်။

      သို့ဖြစ်ရာ နာဂစ်ကိစ္စကို ကြည့်လျှင် ဗေဒင်ဆရာများ၊ အကြားအမြင် ဆရာများက နိုင်ငံခြားမှ အကူအညီများ လက်သင့်မခံရန် အကြံပေးခဲ့ကြခြင်းလည်း ဖြစ်ဟန် ရှိသည်။ မြန်မာ စစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ကလည်း ၎င်းကိုယ်၎င်း မြန်မာ ဘုရင်ကြီး တစ်ပါးကဲ့သို့ ထင်မှတ်နေပုံ ရသည်။ ထို့ကြောင့် အောက်လက်ငယ်သား ကျေးကျွန်များ ဘာဖြစ်နေသည်၊ ဘာတွေ လုပ်နေသည် ဟူသော ကိစ္စကို စိတ်ဝင်စားခြင်း မရှိပေ။ "ပြည်သူတွေ သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဘုရင်မင်းမြတ်ကြီး သန်းရွှေ၏ အရေးမဟုတ်" ဟူ၍ ဖြစ်နေသည်။

      ဤသို့သော အယူအဆ မျိုးများကြောင့် နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသော ဇာတ်လမ်းတစ်ပုဒ်လည်း ပေါ်ထွက်ခဲ့ရသည်။ ယင်းမှာ မြန်မာ ပြည်သူလူထု၏ ယဉ်ကျေးမှု အလေ့အထများနှင့် စိတ်ခံစားချက်များ၊ အကြင်နာ တရားများသည် မြန်မာစစ်တပ်၏ ကိုလိုနီ ပြု ခံရခြင်းပင် ဖြစ်တော့သည်။ ဆိုရလျှင် မြန်မာ နိုင်ငံရေးအတွက် အစွမ်းကုန် ကြိုးပမ်း အားထုတ်ရာ၌ သင်ခန်းစာကောင်း တစ်ရပ် လိုအပ်နေသည်ဟုပင် ပြောရမည် ဖြစ်တော့သည်။

The Economist စာစောင်မှ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

BBC News, By Anna Jones, 6th May 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေအား တရားမျှတမှု မရှိဟု ဆိုကာ ရွေးကောက်ပွဲ အတွက် ပါတီကို မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခု ညသန်းခေါင် ပြီးလျှင် ပါတီ အဖြစ် ရပ်တည်ခွင့် ရှိတော့မည် မဟုတ်ပေ။

NLD ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာ ရရှိခဲ့ခြင်း မရှိပေ။ ထိုအချိန်မှ စ၍ ဒီမိုကရေစီ အတွက် မည်သည်ကိုမျှ လုပ်ကိုင်နိုင်ခြင်း မရှိဘဲ၊ ၎င်း၏ ထိပ်ပိုင်း ခေါင်းဆောင် အတော်များများမှာလည်း နှစ်ရှည် ထောင်ဒဏ်များ ကျခံခဲ့ရသည်။

ဦးဝင်းတင်သည် NLD ကို တည်ထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး၊ အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား အဖြစ် ၂၄ နှစ်ခန့် နေခဲ့ရသည်။

NLD ၏ ရပ်တည်ခွင့် ရပ်ဆိုင်းသွားသည့်တိုင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပါတီ၏ ဆုံးဖြတ်ချက်ကို နောင်တ မရမိကြောင်း ဦးဝင်းတင်က BBC သို့ ပြောသည်။

"ဥပဒေက ဆိုးပါတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မလဲ။" ဟု ဦးဝင်းတင်က ပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ပြစ်ဒဏ် ကျခံနေရသူများကို ပါတီမှ ထုတ်ပယ်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်များသည် နိုင်ငံရေး အကျဉ်းသားများ အဖြစ် ရှိနေဆဲ ဖြစ်သည်။

ဥပဒေတွင် NLD ၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိမှုအား ပယ်ဖျက်ခဲ့သည်။

"ဥပဒေတွေဟာ ကျွန်တော်တို့ အပေါ် ရည်ရွယ်ချက်ဖြင့် မတရား ဖိနှိပ်ဖို့ မမှန်မကန် လုပ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ ပါတီ တစ်ခုလုံး အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုအချိန်ဟာ ကျွန်တော်တို့ အတွက် ကြီးကျယ်တဲ့ အချိန်ပါ။ စစ်တပ်ကို ကျွန်တော်တို့ ပါတီဟာ အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုတဲ့ ကြီးကျယ်တဲ့ သတင်းစကား ပါးလိုက်တာပါပဲ" ဟု ၎င်းက ပြောသည်။

၎င်းက ပြောကြားရာတွင် ရန်ကုန်ရှိ NLD ရုံးချုပ်တွင် စိတ်ခံစားမှုအရ ဝမ်းနည်းနေမည် ဖြစ်သော်လည်း မတရားသည့် ဥပဒေကို ဆန့်ကျင်ရန် စိတ်ဓာတ် ခိုင်မာနေသည်ဟု ဆိုသည်။ ပါတီအပေါ် သစ္စာရှိသူများကမူ မျက်ရည်ကျ နေကြလိမ့်မည် ဖြစ်သည်။

"ထောင်ကျနေတဲ့ လူငယ် တစ်ယောက်ရဲ့ မိဘတွေက ရုံးကို စားစရာတွေ လာပို့ပါတယ်" ဟု ၎င်းက ပြောသည်။

ဝါရင့်ခေါင်းဆောင် တစ်ဦးက ပြောကြားရာတွင် NLD သည် တိုင်းရင်းသား ကိုယ်စားပြု ပါတီအချို့နှင့် အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရွေးကောက်ပွဲသည် တရားမဝင်၊ အများ လက်ခံနိုင်ဖွယ် မရှိကြောင်း ရှင်းရှင်းလင်းလင်း သိစေခြင်း ဖြစ်သည်ဟု ဆိုသည်။

"ပြည်သူတွေက ကျွန်တော်တို့ကို မဲပေးကြတယ် ထားဦး။ အခြေအနေအရ ဥပဒေအရ ကျွန်တော်တို့ မနိုင်နိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

"ဘယ်နိုင်ငံရေး ပါတီမှ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အခြေခံ ဥပဒေအရ ကျွန်တော်တို့ နိုင်ခဲ့ရင်လည်း၊ ကျွန်တော်တို့ အစိုးရဖွဲ့လို့ မရပါဘူး။ ဘာမှ လုပ်လို့ မရပါဘူး" ဟု ၎င်းက ပြောသည်။

အခြေခံ ဥပဒေ အရ ပါလီမန်၏ ၂၅ % သော နေရာကို စစ်တပ်မှ နေရာယူထားသည်။ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ပါလီမန်တွင် မဲ ၇၅ % နှင့် အထက် ရရှိရန် လိုအပ်သည် ဖြစ်ရာ စစ်တပ်၏ ထောက်ခံမှုလည်း လိုသည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

မြန်မာ အစိုးရ လက်ရှိ ထိပ်တန်း ခေါင်းဆောင် အချို့သည် စစ်တပ် ရာထူးမှ ထွက်ကာ အရပ်သားအဖြစ်၊ ပါလီမန်တွင် စစ်တပ် မဟာမိတ် အရေအတွက် တိုးပွားရေး အတွက် လုပ်ဆောင်နေသည်။

NLD ထောက်ခံသူများ အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ဦးဝင်းတင်က ပြောကြားခဲ့သည်။

"ပြည်သူတွေက NLD ဒါမှမဟုတ် အခြားသူ တစ်ဦးဦးကို မဲပေးလိုမှာပဲ။ သူတို့ မဲပေးလိုသူတွေ မပါရင်၊ မဲပေးဖို့ ငြင်းရပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

"အဲဒါဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်ပြီး၊ ပြည်သူတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ရင်၊ ဒီမိုကရေစီရေး အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်တာပါပဲ" ဟု ဆိုသည်။

NLD ၏ အချို့ အဖွဲ့ဝင်များသည် သပိတ်မှောက်ရန်နှင့် ပါတီ ရပ်တည်ခွင့် မရှိမည်ကို သဘောမတူကြောင်း သတင်း ပေးပို့ချက်များအရ သိရှိရသည်။

၎င်းတို့သည် ကိုယ်ပိုင်ပါတီ ဖွဲ့၍ ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ သို့သော် NLD သည် မေလ ၆ ရက်နေ့တွင် ပြီးဆုံးသွားမည် မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

"ကျွန်တော်တို့မှာ ပြည်သူတွေရဲ့ ထောက်ခံမှု ရနေဆဲပါ။ ကျွန်တော်တို့ လက်မြှောက် အရှုံးပေးသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ဟာ နိုင်ငံရေး ပါတီ အဖြစ် အစည်းအဝေးတွေ မလုပ်နိုင်တော့ပါဘူး။ ကြေညာချက်တွေ မထုတ်နိုင်တော့ပါဘူး။ ဒါပေမယ့် လူတွေကြားမှာတော့ အလုပ် လုပ်နိုင်ပါသေးတယ်။ နိုင်ငံနဲ့ အဝှမ်း ကျွန်တော်တို့ ရုံးတွေ သုံးရာလောက် ရှိပါတယ်။ မြို့နယ်တိုင်း နီးပါးမှာ ရှိပါတယ်။ အဲဒီတော့ ပါတီအနေနဲ့ မဟုတ်ဘဲ အဖွဲ့တစ်ခု အနေနဲ့ လူတွေအတွက် အလုပ် လုပ်ပေးနိုင်ပါသေးတယ်။ မနက်ဖြန်ဆိုရင် ရုံးတွေကို ရပ်ဆိုင်းဖို့ အာဏာပိုင်တွေ လာတော့မယ် ထင်တယ်။ မနက်ဖြန်ကို ဘာဖြစ်မယ် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ ရှိနေမှာပါ" ဟု ဦးဝင်းတင်က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 6th May 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် တရုတ် ဝန်ကြီးချုပ်နှင့် စီစဉ်ထားသော ဆွေးနွေးပွဲ မတိုင်မီ တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့သည်ဟု တောင်ကိုရီးယား သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညက ပြည်သူ့ မဟာခန်းမဆောင်တွင် ပြုလုပ်သော ညစာစားပွဲ မကျင်းပမီ ကင်ဂျုံအီနှင့် သမ္မတ ဟူကျင်းတောင်တို့ တွေ့ဆုံခဲ့ကြသည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနက ပြောကြားသည်။

ကင်ဂျုံအီသည် ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်ဟုလည်း သိရှိရသည်။

စီးပွားရေးနှင့် လုံခြုံရေး ကိစ္စများနှင့် ပတ်သက်သည်ဟု ယူဆနေကြသော ကင်ဂျုံအီ၏ ခရီးစဉ်ကို သက်ဆိုင်ရာ နိုင်ငံများက လျှို့ဝှက်ထားသည်။

ဘေဂျင်းနှင့် ပြုံးယမ်းက ကင်ဂျုံအီ၏ ခရီးစဉ်ကို အတည်ပြုခြင်း မရှိသော်လည်း တရုတ်နိုင်ငံသို့ အထူးရထားဖြင့် ရောက်ရှိပြီးချိန်မှ စ၍ ကင်ဂျုံအီကို အကြိမ်ပေါင်း များစွာ တွေ့မြင်နေရသည်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက ပြည်သူ့ မဟာ ခန်းမဆောင် အပြင်ဘက်တွင် မြောက်ကိုရီးယား အလံတပ် လိုင်မိုစင်းကားများကို တွေ့မြင်ခဲ့ရသည်ဟု အေပီ သတင်းဌာနက ဖြော်ပသည်။

ကင်ဂျုံအီသည် ဟူကျင်းတောင်နှင့် တွေ့ဆုံခဲ့ပြီး ကြာသပတေးနေ့တွင် ဝမ်ကျားပေါင်နှင့် တွေ့ဆုံမည်ဟု ကိုရီးယား သတင်းဌာနများက ဖော်ပြခဲ့သော နေရာမှာ အဆိုပါ ခန်းမဆောင်ပင် ဖြစ်သည်။

သမ္မတ ဟူကျင်းတောင်နှင့် နောက်ထပ် တွေ့ဆုံရန် အလားအလာ ရှိသည်ဟုလည်း တောင်ကိုရီးယား သတင်းဌာနများက ဆိုသည်။

မြောက်ကိုရီးယား၏ သက်ကြားအို ခေါင်းဆောင်သည် ၂၀၀၆ ခုနှစ်တွင် တရုတ် ခရီးစဉ် နောက်ပိုင်း ပြည်ပခရီး သွားတော့မည် မဟုတ်ဟု ယခင်က မှန်းဆခဲ့ကြသည်။

ကင်ဂျုံအီသည် ဘေဂျင်းသို့ ရထားဖြင့် မလာမီ တရုတ်မြောက်ပိုင်း ဒါလီယန်းနှင့် တီယန်ဂျင် မြို့တော်များရှိ စက်ရုံများ၊ စက်မှုဇုန်များ၊ ဆိပ်ကမ်းများကို ဝင်ရောက် လည်ပတ်ခဲ့သည်ဟုလည်း သိရှိရသည်။

မြောက်ကိုရီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံသည် ပြုံးယမ်း အပေါ် ကြီးမားစွာ လွှမ်းမိုးထားနိုင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New York Times, By Seth Mydans, 6th May 2010

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီသည် အနှစ်နှစ်ဆယ် လုံးလုံး မြန်မာ စစ်အစိုးရကို ဒီမိုကရေစီနှင့် ပတ်သက်၍ ဆန့်ကျင်ရာ ဗဟိုချက်မ ဖြစ်ခဲ့ပြီး သောကြာနေ့ နံနက် ၁၂း၀၁ နာရီတွင် တရားဝင် ရပ်ဆိုင်းသွားပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက ပြောကြားရာတွင် ပါတီအနေဖြင့် နိုင်ငံရေးနှင့် မသက်ဆိုင်သော အဖွဲ့ အဖြစ် လူမှုရေး လုပ်ငန်းများဖြင့် အကောင်းဆုံး လုပ်ဆောင်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ပါတီ ရပ်ဆိုင်းသွားခဲ့ရခြင်းမှာ ရွေးကောက်ပွဲသည် ဒီမိုကရေစီ မကျဟု ဝေဖန်ကာ ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပါတီအဖြစ် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့ခြင်းကြောင့် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် မရှိတော့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒီမိုကရေစီ အရေးအခင်း အရှုပ်အထွေးများ အကြားမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အစိုးရက အာဏာ လွှဲပေးခဲ့ခြင်း မရှိခဲ့ပါ။ ထိုအချိန်မှ စ၍ ဗိုလ်ချုပ်များကို စိန်ခေါ်ခဲ့သော အဓိက အသံ အကျယ်ဆုံး အဖွဲ့ဖြစ်ပြီး၊ ရွေးချယ် တင်မြှောက်ခံရသော အမတ်များ အပါအဝင် အဖွဲ့ဝင် ရာပေါင်းများစွာမှာ အဖမ်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ် အတွင်း အချိန် အတော်များများအား နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိခြင်း ခံခဲ့ရသည်။

"ကျွန်တော်တို့ တိုက်ပွဲငယ်လေးကို ရှုံးတာပါ။ စစ်ပွဲကြီးမှာ ရှုံးနိမ့်တာ မဟုတ်ပါဘူး" ဟု ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ရန်ကုန်မြို့မှ တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ဦးဥာဏ်ဝင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်ပြီး ပြီးခဲ့သည့်လ လဆန်းပိုင်းက သူမထံ သွားရောက်စဉ်က "သူမက ကျွန်တော့်ကို ပြောတယ်။ ပြည်သူတွေ အတွက် လူမှုရေး လုပ်ငန်းတွေနဲ့ ပြန်စရမှာပဲ" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ပါတီသည် နိုင်ငံရေး အကျဉ်းသား တစ်ဦးချင်းအား အလှူငွေ မှန်မှန် လှူဒါန်းပြီး၊ ၂၀၀၈ ခုနှစ် မေလက နာဂစ် မုန်တိုင်း အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်လျက် ရှိသည်။

"ကျွန်တော်ကတော့ ပါတီက ပြီးဆုံးသွားပြီလို့ မထင်ဘူး" ဟု Rutgers တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ မြန်မာ့အရေး ကျွမ်းကျင်သူ Josef Silverstein က ပြောကြားခဲ့သည်။ "ကျွန်တော် ထင်တယ်။ သူတို့က အသံဗလံ မထွက်ဘဲ လုပ်လို့ ရအောင် မှန်းဆနေပုံ ရတယ်။ အစိုးရကလည်း ခွင့်ပြုလိမ့်မယ် ထင်တယ်"  ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော အသက် ၈၂ နှစ်ရှိ ပါတီ ဒုတိယ ခေါင်းဆောင် ဦးတင်ဦးက ငယ်ရွယ်တဲ့ မျိုးဆက်သစ်များမှာ ပါတီ၏ ဒီမိုကရေစီ လုပ်ငန်းများ ဆက်လုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းအနေနှင့် ယုံကြည်မှု အပြည့်ရှိကြောင်း ဆိုသည်။

"ကျွန်တော်တို့ကတော့ ကြီးပါပြီ။ ဒါပေမယ့် မျိုးဆက်သစ် တွေကတော့ တက်ကြွပါတယ်"  ဟု ၎င်းက ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောသည်။

"လူတွေ ဖြစ်စေချင်တာကို ကျောခိုင်းတာတော့ မဟုတ်ပါဘူး။ လူထုကို ဘယ်တော့မှ မစွန့်ခွာပါဘူး" ဟု ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စ၍ နေအိမ် အကျယ်ချုပ် ၇ နှစ် ကျခံနေရာမှ လွတ်မြောက်ခဲ့သူ ဦးတင်ဦးက ပြောသည်။

ယခုနှစ်တွင် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဆိုအရ ယခုနှစ် ရွေးကောက်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ အတိုက်အခံကို ကန့်သတ်မှုများ ပြုလုပ်ခြင်းကြောင့် ဝေဖန် သုံးသပ်သူများရော၊ အတိုက်အခံ အတွက်ပါ ယခု ရွေးကောက်ပွဲသည် အရပ်သား အစိုးရ နောက်ကွယ်မှ စစ်အစိုးရ အုပ်ချုပ်မှုကို တရားဝင်အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားရာတွင် မြန်မာ အစိုးရသည် အများ လက်ခံသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် လိုအပ်သော အခြေအနေများ ဖြစ်ပေါ်အောင် မလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 6th May 2010

မြန်မာနိုင်ငံတွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို သဘောမတူသဖြင့် သပိတ်မှောက်ခဲ့သော အဓိက အတိုက်အခံပါတီမှ ခေါင်းဆောင်ပိုင်း ပါတီဝင်များက ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီတစ်ခု ခွဲထွက် ဖွဲ့စည်းနေသည် ဟု ပြောကြားလိုက်သည်။

NLD ပါတီဝင် ဒေါက်တာသန်းငြိမ်းက VOA မြန်မာပိုင်း အစီအစဉ်သို့ ကြာသပတေးတွင် ပြောကြားရာ၌ ၎င်းနှင့်အတူ အခြားပါတီဝင်များသည် National Democratic Force အမည်ဖြင့် ပါတီသစ် တစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။ လာမည့် နှစ်ကုန် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် NDF ကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများထံ မှတ်ပုံတင်မည်ဟုလည်း ၎င်းက ပြောကြားသည်။

NDF ၏ နိုင်ငံရေး ရည်မှန်းချက်သည် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော NLD ပါတီ၏ ရည်မှန်းချက်နှင့် များစွာ ခြားနားမည် မဟုတ်ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။ အကြောင်းမှာ NLD ပါတီသည် တရားဝင် ဆက်လက် ရပ်တည်ရေး အတွက် စစ်အစိုးရ၏ စည်းကမ်းကို လက်ခံရန် ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

စစ်ဖက် အစိုးရက ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေသစ်အရ NLD သည် ထောင်ကျနေသော ပါတီဝင်များကို ပါတီမှ ထုတ်ပယ်ကာ ကြာသပတေးနေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်ပြီး သို့မဟုတ်ပါက ဖျက်သိမ်းခံရမည် ဖြစ်သည်။

ပါတီသစ် ဖွဲ့စည်းရန် ခွဲထွက်မည့် ဆုံးဖြတ်ချက် အပေါ် NLD ပါတီက ချက်ချင်း ထင်မြင်ချက် မပေးသေးပါ။

NLD ပါတီက ရွေးကောက်ပွဲ အတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ အထိန်းသိမ်းခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် လိုအပ်သည့် ရွေးကောက်ပွဲ စည်းကမ်းကြောင့် ဖြစ်သည်။ NLD ပါတီ ရန်ကုန်ဌာနချုပ်သည် လူသားချင်း စာနာသော လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်သော်လည်း နိုင်ငံရေးနှင့် ဆက်လက် ပတ်သက်မည် မဟုတ်ဟု ပါတီဝင်များက ပြောကြားခဲ့သည်။

NLD ပါတီဝင် အချို့သည် ကြာသပတေးနေ့ ရုံးမဆင်းမီ ဌာနချုပ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီများကို လိပ်သိမ်းခဲ့ကြသည်။

အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ပေးရန် NLD ပါတီ၏ လျှောက်ထားမှုကို ဗဟို တရားရုံးက ငြင်းပယ်လိုက်သည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရန်ကုန်မြို့မှ သတင်းထောက်များအား အစောပိုင်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ် ၂၀ အတွင်း ၁၄ နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သည့် သြဂုတ်လက နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ထပ်မံ ချမှတ်ခြင်း ခံခဲ့ရသည်။

သူမ၏ ပါတီသည် ၁၉၉၀ နောက်ဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အဆိုပါ ရလဒ်ကို စစ်ဖက် အစိုးရက လက်ခံရန် ငြင်းဆန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 5th May 2010

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ လက်ဆုပ်လက်ကိုင် ပြနိုင်သော တိုးတက်မှုများ ပြုလုပ်နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့အပေါ် ပိုမို တင်းကြပ်သော အရေးယူမှုများ အသစ်တဖန် ပြုလုပ်ရန် အမေရိကန် ဆီနိတ် လူနည်းစု ခေါင်းဆောင် Mitch McConnell က အမတ်များကို တိုက်တွန်းလိုက်သည်။

ရီပတ်ဗလစ်ကင် အမတ် ဖြစ်သော McConnell က ဗုဒ္ဓဟူးနေ့က ဒီမိုကရက် ပါတီ ထိန်းချုပ်သော ဆီးနိတ်တွင် တစ်နှစ်တစ်ခါ အတည်ပြုရမည့် အရေးယူမှု ဥပဒေ တစ်ခုကို မိတ်ဆက်ပေးပြီး ထိုသို့ တောင်းပန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်းက ပြောကြားရာတွင် လက်ရှိ အမေရိကန်၏ အရေးယူမှုများကို ဆက်လက် ထားရှိရန်နှင့် အကယ်၍ ရုတ်သိမ်းပေးခဲ့ပါက မြန်မာ အစိုးရ လိုချင်သော တရားဝင်မှုကို ပေးလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

McConnell က ဆက်လက် ပြောကြားရာတွင် အမေရိကန်နှင့် ကုလသမဂ္ဂတို့သည် မြန်မာ စစ်အစိုးရ အပေါ် နှစ်ပေါင်း နှစ်ဆယ် နီးပါး ဆက်ဆံရန် ကြိုးစားခဲ့သော်လည်း တိုင်းပြည်ကို ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေး အတွက် မည်သည့် တိုးတက်မှုမျှ မရခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့်နှစ်က Obama အစိုးရသည် မြန်မာနိုင်ငံ အပေါ် အထီးကျန်စေခြင်း၊ အရေးယူခြင်း တို့ထက် လက်တွေ့ကျသော ဆက်ဆံရေး ထူထောင်ရန် အလေးပေးသော အမေရိကန် မူဝါဒသစ်ကို ကြေညာခဲ့သည်။

သို့သော် Obama အစိုးရက လက်ရှိ အရေးယူ ပိတ်ဆို့မှုများကိုမူ ရုတ်သိမ်းခြင်း မပြုကြောင်း ပြောခဲ့သည်။ လက်ရှိ အရေးယူမှုတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အဓိက ခြေလှမ်းများ မပြုလုပ်မချင်း၊ အမေရိကန်တို့နှင့် ကုန်သွယ်ရေးကို လုံးဝ ပိတ်ထားမည် ဖြစ်သည်။

မြန်မာ အစိုးရသည် ယခုနှစ်တွင် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရန် ကတိပေးထားပြီး ဖြစ်သည်။ သို့သော် အဓိက အတိုက်အခံ ပါတီက ၎င်းတို့၏ အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မဝင်နိုင်စေရန် တားဆီးထားသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်လျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 5th May 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် တရုတ်နိုင်ငံသို့ လျှို့ဝှက် ခရီးစဉ် အဖြစ် သွားရောက်စဉ် အတောအတွင်း တရုတ် ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် မျှော်လင့်ထားပြီး ယခု ဘေဂျင်းတွင် ရောက်ရှိနေသည်။

အဆိုပါ ခရီးစဉ်ကို ပြုံးယမ်းက အတည်ပြုခြင်း မရှိသော်လည်း တရုတ်သို့ ရထားဖြင့် ရောက်ရှိပြီးချိန်မှ စ၍ ကင်ဂျုံအီအား အကြိမ်ပေါင်း များစွာ တွေ့မြင်နေရပြီ ဖြစ်သည်။

တရုတ်သည် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်ဘက် ဖြစ်သလို မြောက်ကိုရီးယားကို ထိထိရောက်ရောက် လွှမ်းမိုးထားသော နိုင်ငံလည်း ဖြစ်သည်။

ဆွေးနွေးပွဲများသည် စီးပွားရေး အကူအညီနှင့် မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ် အပေါ် စေ့စပ် ညှိနှိုင်းမှုများကို အဓိက ထားလိမ့်မည်ဟု မျှော်လင့်ရသည်။

ကင်ဂျုံအီအား ၂၀၀၆ တရုတ် ခရီးစဉ် နောက်ပိုင်း ပြည်ပ ခရီးသွားတော့မည် မဟုတ်ဟု မှန်းဆထားခဲ့ကြသည်။

၎င်း၏ ခရီးစဉ်များကို များသောအားဖြင့် ၎င်း ပြန်မရောက်မချင်း အတည်ပြုလေ့ မရှိသော်လည်း ၎င်း တရုတ်တွင် ရောက်ရှိနေကြောင်း ဓာတ်ပုံနှင့် မျက်မြင် သက်သေ သတင်းများ ထွက်ပေါ်လာသည်။

 

လမ်းများ ပိတ်ထားပြီ

'ကင်' ၏ သံချပ်ကာ မီးရထားသည် တနင်္လာနေ့တွင် နယ်စပ်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံသို့ ရောက်ရှိသွားသည်ဟု ယုံကြည်ရသည်။

၎င်းသည် ဘေဂျင်းသို့ မီးရထားဖြင့် မသွားမီ တရုတ် မြောက်ပိုင်းမြို့တော် ဒါလီယန်းနှင့် တီယန်ဂျင်ရှိ စက်ရုံများ၊ စက်မှုဇုံများ၊ ဆိပ်ကမ်းများကို ဝင်ရောက် လည်ပတ်ခဲ့ပြီး ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

ပြည်ပ အရေးကြီး ပုဂ္ဂိုလ်များ ရောက်ရှိလျှင် နေထိုင်လေ့ ရှိသော ဘေဂျင်း ဒိုင်ယုတိုင် ဧည့်ရိပ်သာတွင် ဗုဒ္ဓဟူးနေ့က ကြီးမားသော မြောက်ကိုရီးယား အလံတပ် ယာဉ်တန်းကြီးကို တွေ့မြင်ရသည်။

လမ်းအချို့ကို ပိတ်ဆို့ထားခြင်း နှင့်အတူ ဧည့်ရိပ်သာ အနီးတဝိုက်ကို လုံခြုံရေး အထူး တင်းကြပ်ထားသည်။

ခရီးစဉ်၏ အဓိက အကြောင်းရင်းကို လျှို့ဝှက်ထားသည့် အတွက် တရုတ်ထံမှ 'ကင်' လိုချင်သော အရာကို သိရှိရန် ခက်ခဲသည်ဟု ဘီဂျင်းမှ BBC သတင်းထောက် Michael Bristow က ပြောကြားသည်။

သို့ရာတွင် ငွေကြေး ဖောင်းပွမှု ဖြစ်စေခဲ့သော မနှစ်က ငွေတန်ဖိုး ပြောင်းလဲမှု အကျပ်အတည်းမှ ရုန်းထရန် အတွက် ဘီဂျင်းထံမှ စီးပွားရေး အကူအညီရရန် ကြိုးစားခြင်း ဖြစ်ဖို့ များကြောင်း ဘီဘီစီ သတင်းထောက်က ပြောသည်။

ဘေဂျင်းကလည်း မြောက်ကိုရီးယားအား နျူကလီယာ ရည်မှန်းချက်များ စွန့်လွှတ်၍ ၆ နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရေးကို တိုက်တွန်းရန် ယခု ခရီးစဉ်ကို အသုံးချဖွယ် ရှိသည်ဟုလည်း ဆိုသည်။

စစ်သင်္ဘော ပေါက်ကွဲ နစ်မြုပ်မှုကြောင့် တောင် နှင့် မြောက် အကြား တင်းမာမှုများ ကြီးထွားနေသော အချိန်တွင် ယခု ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တောင်ကိုရီးယား ရေတပ် သင်္ဘော ချိုနန်သည် အကြောင်းရင်း မသိရသေးသော ပေါက်ကွဲမှုကြောင့် မတ်လ ၂၆ ရက်နေ့တွင် နစ်မြုပ်သွားခဲ့ပြီး သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဆိုးလ်က တိကျသော အစီရင်ခံစာ မထုတ်ပြန်သေးသော်လည်း အဆိုပါ ပေါက်ကွဲမှု နောက်ကွယ်တွင် မြောက်ကိုရီးယား ရှိနေသည်ဟု တောင်ကိုရီးယား အများစုက ယုံကြည်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.reliefweb.int, By UN Special Rapporteur, 5th May 2010

မြန်မာ ပြည်သူများ လူ့အခွင့်အရေး နှင့်ပတ်သက်၍ ကြီးကြီးမားမား ခံစားခွင့် ရရှိစေမည့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေး ပြုလုပ်ရန် ပေးထားသော ကတိကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် လုပ်ဆောင်ရန် ပါတီ မှတ်ပုံတင်ခွင့် နောက်ဆုံးရက် မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana က အစိုးရကို တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး အရာရှိက ထုတ်ပြန်သော ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လေးစား ယုံကြည်ထိုက်သော ရွေးကောက်ပွဲများ ဖြစ်ပေါ်စေမည့် အခြေအနေများ ဖန်တီးရန် ပြည်တွင်း၊ ပြည်ပမှ မေတ္တာရပ်ခံမှုများကို မြန်မာ အစိုးရက ယခုတိုင် တုန့်ပြန်ခြင်း မရှိပါ။ ယခုအခါ မြန်မာ အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပြစ်မရှိသော နိုင်ငံရေး အကျဉ်းသား အားလုံးကို အလွန် အရေးကြီးသော ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် လွှတ်ပေးခြင်းဖြင့် မြန်မာ ပြည်သူတို့ အတွက် ငြိမ်းချမ်းမှုနှင့် ပြောင်းလဲ တိုးတက်မှု ရရှိရေးတွင် ၎င်းတို့၏ ရိုးသားမှုကို ပြသရမည့် အချိန်ပင် ဖြစ်သည်။

ယခုကဲ့သို့ အပြစ်မဲ့ အကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ထားသော နိုင်ငံရေးပါတီများ ပြန်လည် စဉ်းစားလာကြမည် ဖြစ်ကာ သမိုင်းဝင် ထင်ရှားမည့် လုပ်ငန်းစဉ်တွင် နိုင်ငံသား အားလုံး တက်ကြွစွာ ပါဝင်ရေးကို ချောမွေ့စေလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲရက်ကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြန်မာ အစိုးရက မတ်လ ၉ ရက်တွင် အချိန် အတန်ကြာ မျှော်လင့် စောင့်စားနေကြသည့် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန် ကြေညာခဲ့သည်။ အများနှင့်ဆိုင်သော နိုင်ငံရေး လုပ်ငန်းစဉ် ချို့တဲ့နေသည့် ယခု ရွေးကောက်ပွဲ ဥပဒေများသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းမည့် လက္ခဏာ မရှိဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ထုတ်ပြန်ခဲ့သည်။ ဤကဲ့သို့ သုံးသပ်မှုကို ပညာရှင်များ၊ နိုင်ငံရေးသမားများ မြောက်များစွာနှင့် အာဆီယံ အပါအဝင် နိုင်ငံများစွာက ထောက်ခံခဲ့ကြသည်။

မိမိ ယခင်က ပြောကြားခဲ့သည့် အတိုင်း ယခု ရွေးကောက်ပွဲများ မြန်မာ ပြည်သူများ အတွက် အရေးကြီးပြီး လူ့အခွင့်အရေး အနေအထားများ အမှန်တကယ် တိုးတက်လာရေး အတွက် အခွင့်အလမ်းများကို ထောက်ပံ့ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ သို့ရာတွင် လာမည့် ရွေးကောက်ပွဲများ လက်ခံ ယုံကြည်ထိုက်ကြောင်းကို အစိုးရက သက်သေပြရန် လိုနေသည်။ အစိုးရသည် ပြည်သူတို့၏ အပြည့်အဝ ပါဝင်မှုကို တံခါးဖွင့်ပေးရမည်။ ပွင့်လင်း မြင်သာမှုကို ပြသရမည်။ ပြည်သူတို့၏ လွတ်လပ် မျှတစွာ ရွေးချယ်မှုကို ခွင့်ပြုသည့် အပြုအမူကိုလည်း လူကြီး လူကောင်းဆန်စွာ ပြသရမည်။

အကယ်၍ အပြစ်မဲ့ အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ၊ ချက်ချင်း လွှတ်ပေးမည် ဆိုပါက လက်ရှိ ရွေးကောက်ပွဲ ဥပဒေမှာ အပြစ်အနာ မကင်းသော်လည်း အားလုံး ပါဝင်ခွင့် ပိုမို ရရှိမည့် လုပ်ငန်းစဉ် ဖြစ်နိုင်ရန် အလားအလာ ရှိနေပါသေးသည်။ အမတ်လောင်းများ (သို့) ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် လူထု၏ ရှေ့မှောက်တွင် မဲရေတွက်ခြင်း ကဲ့သို့သော မျှတသည့် ရွေးကောက်ပွဲ အတွက် စည်းကမ်းချက် အချို့မှာ ရွေးကောက်ပွဲ ဥပဒေတွင် အံဝင်ခွင်ကျ ပါဝင်နေသည်။ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ကို အပ်နှင်းထားသော လုပ်ပိုင်ခွင့်များမှာ နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုများကို နှောင့်နှေးစေနိုင်သည်။

အကယ်၍ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် စည်းဝေးခွင့်ကို အပြည့်အဝ ခွင့်ပြုရန် အစိုးရက အာမခံချက် ပေးပါက အဆိုပါ တင်းကျပ်သော စည်းကမ်းများကို နားလည် လက်ခံပေးနိုင်မည့် အလားအလာ ရှိနေသည်။

ယခုကဲ့သို့ အထွေထွေ ရွေးကောက်ပွဲများ အတွက် ပြင်ဆင်နေသော အခြေအနေမျိုးတွင် မြန်မာ စစ်တပ်နှင့် အပစ်ရပ် အဖွဲ့များ အကြား တင်းမာမှု ကြီးထွားလာခြင်းသည် အနှောင့်အယှက် ဖြစ်စရာ သတင်းများ ဖြစ်နေသည်။ မိမိ အနေဖြင့် ထပ်မံ၍ အလေးအနက် ပြောကြားလိုသည်မှာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးတွင် မြန်မာ ပြည်သူ အားလုံး ပါဝင်ရမည့် အချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာ ပြည်သူများ လူ့အခွင့်အရေး နှင့်ပတ်သက်၍ ကြီးကြီးမားမား ခံစားခွင့် ရရှိစေမည့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေးကို ပြုလုပ်ရန် ကတိပေးထားခြင်းအား မှန်မှန်ကန်ကန် အကောင်အထည် ဖော်ရန် မြန်မာ အစိုးရ အတွက် နောက်မကျသေးပါဟု မိမိ အနေဖြင့် ယုံကြည်နေသည်။

Mr. Tomas Ojea Quintana ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၀၈ မေလတွင် ခန့်အပ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ကုလသမဂ္ဂ အထူးအရာရှိ တစ်ဦး အနေဖြင့် မည်သည့် အစိုးရ၊ မည်သည့် အဖွဲ့အစည်း၏ တစ်စုံတစ်ရာ ထိန်းချုပ်မှု မရှိဘဲ လွတ်လွတ်လပ်လပ် တစ်ဦးတည်း ဆောင်ရွက်ခြင်းဖြင့် တာဝန် ထမ်းဆောင်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.radioaustralianews.net.au, 6th May 2010

မြန်မာနိုင်ငံ၏ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ပါတီ ဖျက်သိမ်း မခံရမီ နောက်ဆုံး စုဝေးခြင်း အဖြစ် ပါတီ၏ ရုံးချုပ်တွင် ကျင်းပခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေ အသစ်အရ ပါတီကို ပြန်လည် မှတ်ပုံတင်ခြင်း မပြုခဲ့ပါ။

ဥပဒေသစ်အရ ပါတီသည် ယနေ့ ညသန်းခေါင်ပြီးလျှင် တရားဝင် သက်တမ်းကုန်မည် ဖြစ်သည်။

ပါတီက ပြောကြားရာတွင် ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီ မကျကြောင်း၊ တရားမျှတမှု မရှိကြောင်း၊ ထို့ကြောင့် ၎င်း၏ ပါတီ မှတ်ပုံ ပြန်လည် မတင်ခြင်းသည် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းပင် ဖြစ်ကြောင်း ပြောသည်။

ပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပါတီ၏ ဆိုင်းဘုတ်ကို သော်လည်းကောင်း၊ ခွပ်ဒေါင်း အလံကို သော်လည်းကောင်း ဖြုတ်ချခြင်း မပြုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်ဟု Associated Press သတင်း အေဂျင်စီက သတင်း ပေးပို့ခဲ့သည်။

၎င်းက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ကိုယ်စားလှယ်မှ တဆင့် ပါတီ အဖွဲ့ဝင်များသို့ သူမသည် ပြည်သူများကို လည်းကောင်း၊ သူမ၏ ဒီမိုကရေစီ အတွက် ရုန်းကန်မှုများကို လည်းကောင်း ဘယ်သောအခါမျှ ကျောခိုင်းလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.