Transparency Myanmar

transparency.myanmar@gmail.com

Reuters, 2nd June 2010

တရုတ် ဝန်ကြီးချုပ်သည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလ အတွင်း အဓိက သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ပြီး နယ်စပ် တည်ငြိမ်ရေးနှင့် ပတ်သက်သည့် ခက်ခဲသော ပြဿနာကို အိမ်နီးချင်း မြန်မာ စစ်ဖက် အစိုးရ အကြီးအကဲနှင့် ကြာသပတေးနေ့တွင် ဆွေးနွေးခဲ့သည်။

၁၆ နှစ် အတွင်း တရုတ် ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံး မြန်မာ ခရီးစဉ်အဖြစ် လည်းကောင်း၊ ယခုနှစ်ကုန် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ မကျင်းပမီ အချိန်ကိုက်၍ လည်းကောင်း ပေါ်ထွက်ခဲ့သည့် ၃ ရက်ကြာ ခရီးစဉ် အတွင်း ဝမ်ကျားပေါင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် "အဝေးမြို့တော် နေပြည်တော်" တွင် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံလုံးသည် ကိစ္စများစွာ အပေါ်တွင် တခဲနက် သဘောတူညီမှု ရရှိခဲ့ကြပြီး နောက်တစ်ဆင့် ရှေ့တိုးသည့် အနေဖြင့် အဓိက သဘောတူညီချက် မြောက်မြားစွာကို လက်မှတ် ရေးထိုးခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ယုက ဘီဂျင်းတွင် ပြောကြားလိုက်သည်။

ဂျန်ယုက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာ၌ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ သိပ္ပံ နှင့် နည်းပညာဆိုင်ရာ သဘောတူညီမှု အတွဲပေါင်း များစွာကို နှစ်ဖက် လက်မှတ် ရေးထိုးခဲ့ကြသည့် ဆွေးနွေးပွဲများတွင် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်လည်း ပါဝင် တက်ရောက်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာ စစ်ဖက် အစိုးရ၏ အဓိက မဟာမိတ်နှင့် ကုန်သွယ်ဘက် ဖြစ်ပြီး အနောက်နိုင်ငံများက ပစ်ပယ်ထားသော မြန်မာနိုင်ငံမှ မက်လောက်စရာ သဘာဝ သယံဇာတများကို ထုတ်ယူရန် ဆန္ဒ ပြင်းပနေသော နိုင်ငံဖြစ်သည်။ ၂၀၀၉ နိုဝင်ဘာလတွင် တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ CNPC က မြန်မာပြည်ကို ဖြတ်သန်း၍ ပိုက်လိုင်း တည်ဆောက်မှုကို စတင်ခဲ့သည်။

သို့သော်လည်း မနှစ်က သြဂုတ်လတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စွန်နယ်ဖျား ဒေသ၌ အစိုးရ တပ်ဖွဲ့များနှင့် ကိုးကန့် လက်နက်ကိုင်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပြေး ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်နိုင်ငံထဲ ဝင်ပြေးခဲ့ကြသဖြင့် အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားလု နီးပါး ဖြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် စီးပွားရေး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေး အင်အားကြီးမားမှု အတိုင်းအတာနှင့် နှိုင်းယှဉ်ကြည့်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို လုပ်ကိုင်ခွင့် ရရှိလာမည် ဖြစ်ကြောင်း မြန်မာထိတ်တန်း သံတမန်တစ်ဦးက ဘေဂျင်းမြို့တွင် ပြောကြားလိုက်သည်။

"တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ ပိုမို လုပ်ကိုင်လာနိုင်မှာပါ" ဟု သံအမတ်ကြီး ဦးသိန်းလွင်က China Daily က အီးမေးလ်ဖြင့် မေးမြန်းသော အင်တာဗျူးကို ပြန်လည် ဖြေဆို ပေးပို့သည်။

စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနှင့် တယ်လီ ဆက်သွယ်ရေး အစရှိသည့် အရေးပါသော အခန်းကဏ္ဍများတွင် တရုတ် နိုင်ငံအနေဖြင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ကြောင်း၊ သဘာဝ ရင်းမြစ် ကြွယ်ဝ ချမ်းသာသော မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံများ မြှင့်တင်ရန် စိတ်အား ထက်သန်လျက် ရှိကြောင်း အီးမေးလ်မှ တစ်ဆင့် China Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွင် စတုတ္ထ အကြီးဆုံး နိုင်ငံလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၇၃ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ဒေါ်လာသန်း ၃၃၀ ဖြစ်သည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းသည် နှစ်နိုင်ငံ စလုံးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း သံအမတ်ကြီး ဦးသိန်းလွင်က ရည်ညွှန်း ပြောဆိုသည်။

ဒေသတွင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အစရှိသော အချက်များကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း မြန်မာ သံအမတ်ကြီးက ပြောသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံ ပိုက်လိုင်း တည်ဆောက်ရန်နှင့် ဒေါ်လာ ၁ ဒဿမ ၀၄ သန်း တန်ဖိုးရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရန် သဘောတူညီ ခဲ့ကြသည်။ သတင်း ပေးပို့ချက်များအရ ရေနံ ပိုက်လိုင်းဖြင့် တစ်နေ့လျှင် ရေနံစည် ၂၄၀၀၀၀ ခန့် ပို့လွှတ်နိုင်ပြီး ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တစ်နေ့လျှင် ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်သည်။

"အဲဒီ စီမံကိန်းက မြန်မာနိုင်ငံကို တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ ပိုပြီး လာရောက်အောင် လုပ်ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်" ဟု သံအမတ်ကြီးက ပြောကြားသည်။

တရုတ်နှင့် အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) ကလည်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို လုပ်ကိုင် လာနိုင်ရေးအတွက် အကူအညီ ပေးလိမ့်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

"စီးပွားရေးသမား အများစုကတော့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ကြိုဆိုကြတယ်" ဟု ဆိုသည်။ ယင်း သဘောတူညီချက်ကို လူဦးရေ ဟူသော အကြောင်းကိစ္စဖြင့် ပြောပါက ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ ဖြစ်ကြောင်း ညွှန်းဆိုသည်။ တရုတ် အာဆီယံ FTA မှာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဘေဂျင်း အစိုးရသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကူအညီ ပေးရန် အမြဲတစေ အသင့် ရှိနေခဲ့ကြောင်း၊ သို့အတွက်ကြောင့် တရုတ်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း ဖြစ်သလို စစ်မှန်သော မိတ်ဆွေလည်း ဖြစ်ကြောင်း မြန်မာ သံအမတ်ကြီးက သတ်မှတ် ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီလတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က "ဘေဂျင်း အစိုးရသည် မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖြစ်ထွန်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ ပေါ်ထွန်းသည်ကို တွေ့မြင်လိုသည့် ဆန္ဒ ရှိပါကြောင်း" ဟြေကြားသည်။

မြန်မာ သံအမတ်ကြီး ဦးသိန်းလွင်က မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် ရည်ရှည် ချစ်ကြည် ရင်းနှီးမှုများကို ခံစားနိုင်ခဲ့သည်ဟု ဆိုသည်။ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ထူထောင်ပြီးနောက် များမကြာမီ ကာလအတွင်း တရုတ်နှင့် သံတမန် ဆက်ဆံရေး စတင် ထူထောင်သည့် အာရှနိုင်ငံ အနည်းငယ်တွင် မြန်မာလည်း ပါဝင်ခဲ့သည်။ တရုတ်နှင့် မြန်မာသည် ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း အဆင့်မြင့် အရာရှိကြီးများ၊ သံတမန်များ အပြန်အလှန် စေလွှတ်မှုများ ပြုလုပ်ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။

တရုတ်-မြန်မာ ပြည်သူများ အပြန်အလှန် ဆက်ဆံမှု မြှင့်တင်ရေး သိသာ ထင်ရှားလာသည့် ကိစ္စကိုလည်း သံအမတ်ကြီး ဦးသိန်းလွင်က အရေးစိုက် ပြောဆိုသည်။

လက်ရှိ နှစ်များအတွင်း တရုတ်သည် မြန်မာ ကျောင်းသားများအတွက် ပညာရေး အခွင့်အလမ်း ရှာရာ နေရာသစ် တစ်ခု ဖြစ်လာသည်ကို တွေ့မြင်ရသည်မှာ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ၎င်းက ဆိုသည်။ ယခင်က မြန်မာ ကျောင်းသားများသည် ပညာရေး အခွင့်အလမ်းများ ရှာရာ၌ စင်ကာပူနှင့် အမေရိကန် ပြည်ထောင်စုတို့ကိုသာ ပထမ ဦးစားပေး ရွေးချယ်ခဲ့ကြသည်။

China Daily သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 1st June 2010

ယခုနှစ်ကုန် ရွေးကောက်ပွဲများ ကျင်းပပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် "အဟောင်း" နှင့် "အသစ်" အဖြစ် ကိုယ်စားပြု ထွက်ပေါ်လာနိုင်သည့် ပါတီ ၂ ခု ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF နှစ်ဖွဲ့လုံးနှင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အီးယူ ကိုယ်စားလှယ် အဖွဲ့တို့ ယမန်နေ့က တွေ့ဆုံခဲ့သည်။

ယခုအခါ ဖျက်သိမ်းထားရသော NLD ပါတီမှ သဘော ကွဲလွဲသူ ပါတီဝင်ဟောင်းများ ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF သည် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် မူလ ပါတီ၏ စည်းမျဉ်းများကို နောက်ကွယ်တွင် သစ္စာဖောက်ခြင်းသာ ဖြစ်သည်ဟု ယခင် အတိုက်အခံ ပါတီဝင်များက ပြစ်တင် စွပ်စွဲခဲ့ကြသည်။

သို့ရာတွင် ယခင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ခဲ့သူ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက "အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ချဉ်းကပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လွှတ်တော်တွင်းမှ ကြိုးစားခြင်းသာ ဖြစ်ကြောင်းနှင့် မိမိတို့ ပါတီသည် အတိုက်အခံနှင့် အစိုးရအကြား ပွင့်လင်းစွာ ဆွေးနွေးရန် နည်းလမ်းရှာမည် ဖြစ်ကြောင်း" ရန်ကုန်သို့ ရောက်ရှိနေသည့် အီးယူ ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့က ပြောကြားခဲ့သည်ဟု သိရှိရသည်။

အခြားတစ်ဖက်တွင် NLD ပါတီက ၎င်း၏ ရွေးကောက်ပွဲ ဆန့်ကျင်သော သဘောထားကို ထပ်ဖန် တလဲလဲ ပြောကြားခဲ့ပြီး ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ပါတီဝင်တွေကို ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပါ လို့ပဲ အဆက်မပြတ် တိုက်တွန်းခဲ့ပါတယ်။ ဘာလုပ်ရမယ်။ ဘယ်သူ့ကို မဲထည့်ရမယ် စသဖြင့် ကျွန်တော်တို့ မပြောခဲ့ပါဘူး" ဟု ပြောကြားသည်။

NDF ရွေးကောက်ပွဲ ဝင်မည့် ကိစ္စကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခင်လက ထုတ်ဖော် ပြောကြားခဲ့သော်လည်း ပါတီ နှစ်ခုကြားတွင် အမြင် မကြည်လင်ကြ ဟု သတင်းများ ထွက်လာခြင်းကို ဦးဥာဏ်ဝင်းက ငြင်းပယ်လိုပုံ ရသည်။ စစ်အုပ်ချုပ်ရေး ခိုင်မြဲစေရန် ရည်ရွယ် လှည့်ဖြားမှုဟု ဆန်းစစ် ဝေဖန်သူများက စွပ်စွဲထားသည့် ရွေးကောက်ပွဲများကို ပါဝင် ယှဉ်ပြိုင်ခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချနေကြသည့် ရွေးကောက်ပွဲများကို တရားဝင်အောင် ပံ့ပိုးပေးရာ ရောက်လိမ့်မည်ဟု NLD က အပြစ်တင်ခဲ့သည်။

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု ပြုလုပ်လာအောင် မြန်မာ အစိုးရအား ဖိအားပေးရန် အီးယူက ကြိုးစားသင့်သည်ဟု NLD က ပြောကြား တုန့်ပြန်နေချိန်တွင် ဦးဥာဏ်ဝင်းကမူ "အီးယူ ကိုယ်စားလှယ် အဖွဲ့ မိမိတို့ အဖွဲ့ကို ထောက်ခံသည်။ ရွေးကောက်ပွဲ မဝင်သည့် မိမိတို့ ဆုံးဖြတ်ချက်ကိုလည်း လေးစားသည်" ဟု ပြောကြားခဲ့သည်။

အောက်တိုဘာ (သို့) နိုဝင်ဘာလ အတွင်း တစ်ချိန်ချိန်ဟု ခန့်မှန်း ပြောဆိုနေကြသော ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို မြန်မာနိုင်ငံသို့ မလာရန် ပိတ်ပင် ထားမည်ဟု မြန်မာ အစိုးရက ကြေညာထားသည်။

"အမျိုးသား ဒီမိုကရေစီ အင်အားစု NDF သည် လွှတ်တော် အတွင်းသို့ ရောက်ရှိရန် မျှော်လင့်ထားပြီး ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အခြေခံ ဥပဒေကို ပြောင်းလဲရန် ကြိုးစားမည် ဖြစ်၍ မြန်မာ အစိုးရကို နယ်စပ်များ ဖွင့်၍ အကဲခတ်များအား ဝင်ခွင့်ပေးအောင် ဖိအားပေးကြပါ" ဟု ဦးခင်မောင်ဆွေက အီးယူ ဝန်ကြီးများကို တောင်းဆိုလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အကြား သံတမန် ဆက်ဆံရေး စတင်သည့် နှစ်ပေါင်း ၆၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် နေပြည်တော် မြို့တော်သို့ လာရောက် လည်ပတ်မှုသည် မြန်မာ-တရုတ် သမိုင်း စာမျက်နှာသစ် တစ်ရပ် ဖွင့်ရန် တရုတ်နိုင်ငံက ကြိုးပမ်းလျက် ရှိသည် ဟူသော အချက်ကို ဖော်ပြနေသည်။

မစ္စတာ ဝမ်ကျားပေါင်၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရှိပြီးသား အပြန်အလှန် ကုန်သွယ်ရေးကို ဆက်လက် မြှင့်တင်ရန် သဘောတူညီမှု စာချုပ်များစွာကို လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ယဲ့တာဘို၏ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြသည်။ ယခုနှစ် ဖေဖော်ဝါရီတွင် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၆၄ သန်းအထိ ရောက်ရှိခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတွင် နှစ်ကာလ ကြာရှည်သော ခင်မင်ရင်းနှီးမှု သမိုင်းရှိပြီး လက်ရှိ ဆယ်စုနှစ်များအတွင်း နိုင်ငံခြား ကျူးကျော်မှုများကို ခုခံ ကာကွယ်ရာ၌ လည်းကောင်း၊ အမျိုးသား လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး တို့အတွက် တိုက်ပွဲ ဝင်ကြရာ၌ လည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ကျောထောက်နောက်ခံ ပြုခဲ့ကြသည်ကို တွေ့ရကြောင်း သံအမတ်ကြီး ယဲ့တာဘိုက ဖြည့်စွက် ပြောကြားသည်။

Beijing Review စာစောင်အတွက် သံအမတ်ကြီး ယဲ့တာဘို ရေးသားသော ဆောင်းပါးတွင် "မြန်မာနိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် တရုတ်နိုင်ငံ၏ မူဝါဒ ဖြစ်သော 'တရုတ် တစ်ပြည်ထောင်တည်း မူဝါဒ (One-China Policy)' ကို မမှိတ်မသုံ ထောက်ခံပြီး ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းချက်များကို ဆန့်ကျင်ခဲ့သည်ကို တွေ့ရကြောင်း" ထည့်သွင်း ဖော်ပြခဲ့သည်။

"ထို့အတူ တရုတ်သည်လည်း မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ နယ်မြေ ပိုင်နက် လုံခြုံရေးနှင့် ဥပဒေ အခွင့်အလမ်းများ တည်တံ့ရေးအတွက် ကြိုးပမ်းမှု မှန်သမျှကို ကျောထောက် နောက်ခံ ပေးရန် အမြဲတစေ အသင့် ရှိနေပါကြောင်း" ၎င်းက ဆောင်းပါးတွင် ဆက်လက် ဖော်ပြသည်။

အထက်ပါ သုံးသပ် ရေးသားချက်သည် မြန်မာ စစ်အစိုးရက သူစိမ်း နိုင်ငံခြားသားများအပေါ် ကြောက်ရွံသည့် စိတ်နေ သဘောထားကို ရောင်ပြန်ဟပ်စေသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံခြားသားများနှင့် နိုင်ငံခြား အဖွဲ့အစည်းများအပေါ် လွန်စွာ ကြောက်လန့်ခဲ့သောကြောင့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပြည်ပ အကူအညီ အထောက်အပံ့များ၊ အကူအညီ ပေးရေး အဖွဲ့အစည်းများကို လုံးဝ လက်သင့်မခံဘဲ ငြင်းပယ်ခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်သော စီနီယာ သံတမန်များကို ရှောင်ရှားခဲ့ပြီး စစ်တပ်အင်အားကို လွန်စွာ ကြီးမားလာအောင် တည်ဆောက်ယူသည်။ မြန်မာနိုင်ငံတွင် တိုင်းတစ်ပါး ရန်သူ မရှိသော်ငြား နှစ်စဉ် ဘတ်ဂျက်ငွေ၏ ၄၀ ရာခိုင်နှုန်းကို စစ်ရေးတွင် အသုံးချနေသည်။ လက်ရှိ အနေအထားအထိ မြန်မာစစ်တပ်တွင် တပ်ဖွဲ့ဝင် အင်အား ငါးသိန်း ရှိသည်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတစ်ခုလုံး အပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု တဖြည်းဖြည်းချင်း ကြီးထွားလာမှုသည် အမေရိကန် ပြည်ထောင်စုကို စိုးရိမ်စိတ်များ ကြီးထွားစေသည်။ တရုတ်ပြည်က ရေငုံ နုတ်ပိတ် နေထိုင်မှုကြောင့် မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေးဆိုင်ရာ ဆက်စပ် လုပ်ကိုင်မှုသစ်များ တိုးပွားမည့် အလားအလာများ ရှိနေကြောင်း အမေရိကန် ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားသည်။

ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ် တည်တံ့ ခိုင်မြဲရေးအတွက် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု အနောက်ကမ္ဘာ နိုင်ငံများက ပြစ်တင် ဝေဖန်မှုများ မည်သို့ပင် ရှိနေသော်ငြား မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲကို ထောက်ခံမည့် သူများကို ရှာဖွေလျက် ရှိသည်။

မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း အတည်ပြု ပြောဆိုပြီးနောက် တရုတ်နိုင်ငံကလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြေညာချက် တစ်ရပ်ကို အကျဉ်းချုံး ထုတ်ပြန်သည်။ "အဆိုပါ ကိစ္စသည် ရွေးကောက်ပွဲ လက်ခံ ကျင်းပသည့် နိုင်ငံပေါ်တွင်သာ တာဝန်အပြည့် ရှိသည်" ဟု တရုတ်က ဆိုသည်။

University of Kent မှ တရုတ်-မြန်မာရေးရာ ကျွမ်းကျင်သူ Pak K Lee ဆိုသူက "အမှန် တကယ်တမ်း ပြောရရင် တရုတ်က ရွေးကောက်ပွဲလွန် ကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ တည်ငြိမ်မှု အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

"လက်ရှိ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ သန်းရွှေနဲ့ မောင်အေး တို့က ရွေးကောက်ပွဲ ပြီးရင် ရာထူးကနေ ဖယ်ပေးဖွယ် ရှိပါတယ်။ ဒါပေမဲ့ လုံးဝ အငြိမ်းစားယူတဲ့ သဘောမျိုးတော့ ဟုတ်မှာ မဟုတ်ပါဘူး၊ အဲဒီအချိန်မှာ တရုတ်က အသစ် တက်လာမယ့် အစိုးရ ခေါင်းဆောင်တွေနဲ့ ပထမဆုံး နားလည်မှု ရယူချင်တယ်။ အဲဒီ အစိုးရအဖွဲ့ရဲ့ မူဝါဒသစ်ကိုလည်း ကောင်းကောင်း နားလည် သဘောပေါက်ချင်တယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပို၍ ဆိုရပါက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် နိုင်ငံတကာက စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများသည် တရုတ်ပြည်ကြောင့် တဖြည်းဖြည်းချင်း လျော့ကျလာသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် နိုင်ငံဖြစ်သလို မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ်ပြင်ထဲမှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူရန်လည်း ကြိုးပမ်းနေသူ ဖြစ်သည်။

Beijing Review စာစောင်တွင် သံအမတ်ကြီး ယဲ့တာဘိုက "ဒီစီမံကိန်းတွေ အားလုံးက မြန်မာ စီးပွားရေးအင်အား ကောင်းမွန်လာအောင် မောင်းနှင်အားတစ်ခု ဖြစ်ရုံသာမက မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ကိုလည်း ဖန်တီးပေးနိုင်သည်။ ဒီစီမံကိန်းတွေကြောင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ထွန်းမှုများ ဖြစ်ပေါ်စေသည်" ဟု ရေးသားသည်။

မည်သို့ပင်ဖြစ်စေ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့များက တရုတ်အနေဖြင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းများကို အမြန်ဆုံး ရပ်ဆိုင်းသင့်ကြောင်း၊ အကြောင်းမှာ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုများကြောင့် ဖြစ်ပေါ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရုတ်တွင် တာဝန်ရှိ၍ ဖြစ်ကြောင်း ဖိအားပေး ပြောဆိုလျက် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 1st June 2010

တရုတ် နှင့် မြန်မာ အကြား ရှုတ်ထွေးသော ဆက်ဆံရေးနှင့် ပတ်သက်သော အချက် ၅ ချက်ကို ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

(၁)     မြန်မာဟု ကမ္ဘာက မသိခင် ၁၉၄၉ ခုနှစ်က BURMA သည် ကွန်မြူနစ် တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို အသိအမှတ်ပြုသော ပထမဆုံး နိုင်ငံများတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း ၁၉၆၀ ခုနှစ်များ၌ ရန်ကုန် (Rangoon) တွင် တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ဆက်ဆံရေး ပျက်ပြားခဲ့သည်။

(၂)     ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ တောင်းဆိုသော ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့ပြီးနောက် မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ချိန်တွင် တရုတ်နိုင်ငံက နေရာ ဝင်ယူခဲ့ပြီး အကူအညီများ၊ လက်နက်များ ထောက်ပံ့ကာ ကုန်သွယ်ရေးကို မြင့်တင်ခဲ့သည်။

          အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်များက ၎င်းတို့၏ မြောက်ဖက် အိမ်နီးချင်း အင်အားကြီး နိုင်ငံအပေါ်တွင် စိုးရွံ့နေဆဲ ဖြစ်သော်လည်း ဘီဂျင်းက မြန်မာ စစ်ဖက် အစိုးရ အတွက် ကြီးမားသော သံတမန်ရေး အကူအညီများဖြင့် အဆက်မပြတ် ပံ့ပိုးခဲ့သည်။

(၃)     တရုတ်သည် မြန်မာတွင် ဒေါ်လာ ၁ ဘီလျံ ကျော်ကျော် ရင်းနှီးမြှုပ်နှံခဲ့ရာ အဓိကအားဖြင့် သတ္တုတူးဖော်ရေး ကဏ္ဍတွင် ဖြစ်ပြီး မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး ပြည်ပ ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာများက ဆိုသည်။ ၂၀၀၈ ခုနှစ်အတွင်း အပြန်အလှန် ကုန်သွယ်ရေးမှာ ၁/၄ ခန့် တိုးတက်ခဲ့ပြီး၊ ဒေါ်လာ ၂.၆၃ ဘီလျံသို့ ရောက်ရှိခဲ့သည်။ တရုတ် ကုမ္ပဏီများသည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် ကြီးကြီးမားမား ပါဝင် ပတ်သက်နေကြသည်။

(၄)     မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအား အိန္ဒိယ သမုဒ္ဒရာသို့ ခြေချခွင့်ကို ပေးခဲ့ရာ ကုန်းတွင်းပိတ် တရုတ် အနောက်တောင်ပိုင်း ပြည်နယ်များ အတွက် ပို့ကုန်လုပ်ငန်းနှင့် ရေနံ၊ ဓာတ်ငွေ့ တင်သွင်းခြင်း သာမကပဲ စစ်ရေး အခြေစိုက် စခန်းများ (သို့) ကြိုတင် နေရာဦးခွင့် အတွက် အလားအလာများပါ ပေါ်ထွက်လာသည်။

          သင်္ဘော ထူထပ်၍ မဟာဗျူဟာမြောက် စိုးရိမ်ရသော မလက္ကာ ရေလက်ကြားကို ဖြတ်သန်း ကွေ့ဝိုက်ရသည့် တရုတ်နိုင်ငံ၏ ရေနံစိမ်း ခရီးရှည်ကို ရေကြောချုံ့ရန် ရည်ရွယ်သည့် ပိုက်လိုင်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် တရုတ်နိုင်ငံပိုင် စွမ်းအင် အုပ်စု CNPC က မြန်မာနိုင်ငံတွင် ရေနံစိမ်း ဆိပ်ကမ်း ဆောက်လုပ်ခြင်းကို အောက်တိုဘာလတွင် စတင်ခဲ့သည်။

(၅)     နှစ်နိုင်ငံ ဆက်ဆံရေးသည် အချိန်နှောင်းမှ ပြိုကွဲမလို ဖြစ်ခဲ့ရသည်။ နှစ်နိုင်ငံ နယ်ခြား မြန်မာဖက်ခြမ်းတွင် ကိုးကန့် သူပန်များနှင့် အစိုးရ တပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် ပြီးခဲ့သော သြဂုတ်လတွင် ဒုက္ခသည်ပေါင်း မြောက်မြားစွာ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြရာ ဘီဂျင်းက အလွန် ဒေါသထွက်ခဲ့သည်။

          ၂၀၀၇ ခုနှစ်တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ တောတွင်းရောက် မြို့တော်သစ် နေပြည်တော် အပေါ် မြှောက်ပင့် ချီးကျူးမှုကို ထုတ်ပြန်ရာတွင် "ဆင်းရဲ နွမ်းပါးသော မြန်မာနိုင်ငံ အနေဖြင့် ၎င်းတို့၏ ဆွေမျိုးပေါက်ဖေါ် တရုတ် မိတ်ဆွေများကိုပင် ဦးစွာ အသိပေးခြင်း မရှိဘဲ ယခုကဲ့သို့ ကုန်ကျစရိတ် ကြီးမားသော ပြောင်းရွှေ့မှုကို ပြုလုပ်ခဲ့ခြင်း အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်" ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 2nd June 2010

တရုတ်-မြန်မာ ချစ်ကြည်ရေး ပြိုကွဲရေး ပြိုကွဲလုနီး အချိန်ကို ကျော်လွန်ခဲ့ပြီး အကောင်းဆုံး အချိန်သို့ ရောက်နေချိန်တွင် "သူတော်ချင်းချင်း သတင်းလွေ့လွေ့'' ပေါင်းဖက်မှု ဟု အများက သတ်မှတ်ထားကြသော မဟာမိတ် ၂ နိုင်ငံ အကြား ဆက်ဆံရေး အရ ယခု အပတ် ရောက်ရှိလာမည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးချုပ်ကို ကြိုဆိုရန် အတွက် မြန်မာအစိုးရက ကော်ဇောနီကို ဖြန့်ခင်းတော့မည် ဖြစ်သည်။

အိမ်နီးချင်း ၂ နိုင်ငံအကြား ဆုတ်ယုတ်သွားခဲ့သော ဆက်ဆံရေးများကို ဆန့်ကျင်သည့် အနေဖြင့် လည်းကောင်း၊ ဆယ်စုနှစ် ၂ စု အတွင်း မြန်မာ့ ပထမဆုံး ရွေးကောက်ပွဲများ မတိုင်ခင် အဖြစ်လည်းကောင်း ပေါ်ထွက်လာသည့် ၂ ရက်ကြာ ခရီးစဉ် အဖြစ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ဦးတည်လိုက်သည်။ ဤသည်မှာ ၁၉၉၄ ခုနှစ် နောက်ပိုင်း တရုတ် ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး မြန်မာခရီးစဉ် ဖြစ်သည်။

အာရှတိုက်၏ စီးပွားရေး မဟာ အင်အားကြီး နိုင်ငံသည် ပေါလောမျောနေသော မြန်မာနိုင်ငံကို ကုန်သွယ်ရေး ဆက်ဆံမှုများ၊ လက်နက် ရောင်းချမှုများဖြင့် တစ်လျှောက်လုံး ကူညီရင်း "ထားခဲ့ပြီး လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ဗီတိုအာဏာ သုံးစွဲခွင့်ကို အလွှဲ သုံးကာ မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ အရေးယူ ဆောင်ရွက်မှုများမှ ကာကွယ်ပေးခဲ့သည်။ တည်ငြိမ်လာသော အိမ်နီးခြင်း နိုင်ငံ၏ ယုံကြည်မှုကို ရရှိသော တရုတ်နိုင်ငံသည် အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံမှ သဘာဝ သယံဇာတများကို ထုတ်ယူခွင့် ရရှိခဲ့သည်။

"ဒါက အမြဲတမ်း ဖြစ်နေတဲ့ "သူတော် အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်မှု'' ပါပဲ" ဟု University of Hong kong မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Lan Holliday က မှတ်ချက် ပေးလိုက်သည်။

မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်များမှာ လုံခြုံရေးကောင်စီ အတွင်းမှ နိုင်ငံတကာ ဆိုင်ရာ ပံ့ပိုး ထောက်ခံမှု အချို့ကို လိုအပ်နေသည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ အတွင်းမှ သဘာဝ သယံဇာတများကို ရယူရန် လိုအပ်နေသည်။ ရေနံနှင့် ဓါတ်ငွေ့များ မြန်မာနိုင်ငံကို ဖြတ်သန်း သယ်ဆောင်ခွင့်ကိုလည်း လိုအပ်နေသည်။ စွမ်းအင် ဆာလောင်နေသည့် တရုတ်နိုင်ငံသည် စစ်ဖက်အစိုးရ ၏ အဓိက မဟာမိတ်နှင့် ကုန်သွယ်ဖက် ဖြစ်သလို အပယ်ခံနိုင်ငံ၏ အတော်အတန် ကြီးမားသည့် သဘာဝ သယံဇာတများကို ထုတ်ယူရန် ဆန္ဒပြင်းပြနေသော ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါသည်။ ပြီးခဲ့သော နိုဝင်ဘာလတွင် တရုတ် ထိပ်တန်း ရေနံ လုပ်ငန်းကြီးက မြန်မာနိုင်ငံကို ဖြတ်သန်းမည့် ပိုက်လိုင်း တည်ဆောက်မှုကို စတင်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်စွန်နယ်ဖျားတွင် စစ်ဖက် အစိုးရ တပ်ဖွဲ့များနှင့် ကိုးကန့် လူမ်ျိုးစု တပ်ဖွဲ့တို့ မနှစ်က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ထောင်ပေါင်းများစွာသော စစ်ပြေး ဒုက္ခသည်များ တရုတ်ပြည်ထဲ ဝင်လာသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး " ကျဲ '' သွားခဲ့သည်။ တရုတ်က မြန်မာနိုင်ငံအပေါ် ရှားရှားပါးပါး အပြစ်တင်မှုကို ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်တွင်း တရုတ်မျိုးနွယ်စုတို့ အဓိကနေထိုင်ရာ ကိုးကန့်ဒေသတွင် ဖြစ်ပွားသော ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Theworldtoday.org, By Ashley South, May 2010

ယခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် အတွက် မြန်မာ စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေ ငါးခုကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အချို့ အတိုက်အခံများနှင့် နိုင်ငံရေးသမားများက ရွေးကောက်ပွဲကို သပိတ်မှောက်လိမ့်မည် ဖြစ်သော်လည်း အချို့က ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိသည့် အခွင့်အရေးတွင် ပါဝင်ရန် ပြင်ဆင်လျက် ရှိကြသည်။

ရွေးကောက်ပွဲသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအမံများပင် ဖြစ်ပြီး၊ သူ၏ နေရာ ဆက်ခံရေး မဟာဗျူဟာကို ပြသခြင်း ဖြစ်သည်။ ၎င်းကိုယ်တိုင် နေ့စဉ်နှင့်အမျှ ကိုင်တွယ်နေရသော တိုင်းပြည်ရေးရာများမှ ရုန်းထွက်လိုဟန် ရှိပြီး၊ အကြွင်းမဲ့ အာဏာကို မည်သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမျှ မပေးခဲ့ရန် စီမံထားခြင်း ဖြစ်သည်။ ကန့်လန့်ကာ နောက်ကွယ်မှ အာဏာ ဆက်လက် ချုပ်ကိုင်ရေး အစီအမံ တစ်ခုလည်း ဖြစ်သည်။

အကယ်၍ ဦးသန်းရွှေနှင့် သူ၏ အတွင်းစည်း အသိုင်းအဝိုင်းသည် ယခု လုပ်ငန်းစဉ်များတွင် ၎င်းတို့ ချုပ်ကိုင်မှု မပြုလုပ်နိုင်ဟု ယူဆလာသည့် တစ်နေ့တွင် ယခု ရွေးကောက်ပွဲများကို ဖျက်ပစ်နိုင် သေးသည်။ ယခု ဇာတ်ညွှန်းတွင် အာရုံလွှဲရန် လှည့်ဖျားချက် အနေဖြင့် တိုင်းပြည်၏ အရေးပေါ် အခြေအနေဟု အထင်ရောက်စေမည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခ အသစ်တစ်ဖန် ဖြစ်စေရန် ဆွပေးခြင်းပင် ဖြစ်ပေသည်။ အမှန်တကယ်တွင်မူ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်ကပင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်ရန် သဘောတူညီထားခဲ့ပြီး ဖြစ်သည်။

အစိုးရသည် ရှေ့ဆက် သွားလိမ့်မည်ဟု ယုံကြည်ရပြီး၊ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ ချုပ်ကိုင်မှုကို စုစည်းမိစေပြီး တရားဝင်စေရန် ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ ထိုအကြောင်းများကြောင့်ပင် အတိုက်အခံ လှုပ်ရှားသူ အများစုသည် အဆိုပါ ဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသည်။ ထိုအထဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အစိုးရ၏ အစီအစဉ် အတိုင်း ဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။ မကြာသေးမီက NLD သည် ရွေးကောက်ပွဲတွင် ပါဝင်ရေး အတွက် မှတ်ပုံတင် လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

သို့သော် မည်သို့ဆိုစေကာမူ အစိုးရက ချုပ်ကိုင်ထားမှု မရှိသော နိုင်ငံရေးသမားများ၊ အစိုးရကို ဆန့်ကျင်နေသော အဖွဲ့များ ရွေးကောက်ပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသူများလည်း ရှိသည်။ အဆိုပါ ပြင်ဆင်နေသော အဖွဲ့များတွင် တိုင်းရင်းသား ကိုယ်စားလှယ် အချို့လည်း ပါဝင်သည်။ တိုင်းရင်းသားများသည် တိုင်းပြည် လူဦးရေ၏ သုံးပုံတစ်ပုံခန့် ရှိသည်။

 ပြောင်းလဲမှု တစ်ခုခု အတွက်

လွတ်လပ်သော ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အဘယ်ကြောင့် စိတ်ဝင်စားရသနည်း။ ၎င်းတို့သည် အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်ထားသော ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု တစ်ခုတည်းကြောင့် မဟုတ်ပေ။ ၎င်းတို့သည် မြန်မာနိုင်ငံရေး အဖြေအတွက် နည်းလမ်း တချို့တွေ့ရှိထားပြီး ထိုနည်းလမ်းကို အစိုးရ စီမံသော လမ်းကြောင်း အတွင်းမှသာ လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ အချို့ကိစ္စများတွင် အလားအလာ ကောင်းသော အခွင့်အလမ်းများ အချို့ကိုပင် လင်းလက် ရောင်ခြည် သန်းနေသည်ကို တွေ့နေရပြီ ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ ဖိနှိပ်မှုများ ရှိသော တိုင်းပြည်တွင် ရွေးကောက်ပွဲမှ နိုင်ငံရေး ကွက်လပ်များ ဖန်တီးပေးနိုင်လိမ့်မည် ဟူသော သီးသန့် ခံယူချက်များ ရှိလာခဲ့သည်။ အမှန်တကယ်ပင် အစိုးရသည် စစ်တပ်နှင့် ပတ်သက် ရင်းနှီးသော စီးပွားရေးသမားများ အပါအဝင် လုပ်ငန်းရှင်များအား ၎င်းတို့ အကျိုးစီးပွား အတွက် ပိုမို ကျယ်ပြန့်သော အခွင့်အလမ်းများ ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။

နိုင်ငံရေးသမားများနှင့် လေ့လာသူ အများစုကမူ ယခုလို လိပ်ခဲတည်းလည်း အခြေအနေထက် စာလျှင် ပြောင်းလဲမှု တစ်ခုက ပိုကောင်းသည်ဟု ခံယူကြသည်။ စစ်တပ်မှ ထုတ်ပြန်သော ဥပဒေ အောက်တွင် နေရသည်ထက်စာလျှင် ပြဿနာများ ရှိနေသည် ဆိုဦးတော့၊ အခြေခံ ဥပဒေ တစ်ခုမှ ထုတ်ပြန်သော ဥပဒေများ အောက်တွင် ပို၍ နေလိုပေသည်။ အမှန်တကယ်ပင်၊ ယခု ရွေးကောက်ပွဲများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထွက်ပေါက် မဟာဗျူဟာ (Exit Strategy) ပင် ဖြစ်ငြားလည်း အားပေးသင့်သည်ဟု မြန်မာနိုင်ငံတွင် ပြောင်းလဲမှုကို လိုလားသူ အများစုက ဆိုကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ရှုခင်းကို လေ့လာသူ အများစုကမူ အတိုက်အခံ၏ အဓိက အခက်အလက် နှစ်ခုကို သိရှိ နားလည်ကြသော မြို့ပြ အခြေခံသော ဒီမိုကရေစီ လှုပ်ရှားမှုများ ဖြစ်သည်။ နောက်တစ်ခုမှာ စုစည်းမှု သိပ်မရှိသော တိုင်းရင်းသား သူပုန်များ ဖြစ်သည်။ တိုင်းရင်းသား သူပုန်များသည် တစ်ချိန်က တိုင်းပြည် တနံတလျား လှုပ်ရှားခဲ့ကြသော်လည်း မကြာသေးမီနှစ်များ အတွင်း ထိုင်းနယ်စပ် ကွက်ကွက်တွင်သာ လှုပ်ရှားနိုင်တော့သည်။ မြန်မာ အစိုးရသည် အဆိုပါ နယ်စပ်ဒေသများတွင် သူပုန်များကို တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ပေါင်း များစွာသော အရပ်သားများ ထွက်ပြေးခဲ့ကြရသည်။

 တတိယ အင်အားစု

သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေး ရှုခင်းတွင် အခြား အရေးကြီးသော နယ်ပင် ကဏ္ဍများလည်း ရှိနေသေးသည်။ ထိုအထဲတွင် စစ်အစိုးရ အပေါ် အလံဖြူ ပြလိုက်သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ အပေါ်လွှာများ (Political Elites) များ ပါဝင်သည်။ အဆိုပါ Political Elites များသည် လက်နက်ကိုင်ထားသူများ မဟုတ်ကြဘဲ၊ အစိုးရ ထိန်းချုပ်ထားသည့် ကြားမှပင် ပြောင်းလဲမှု အတွက် လမ်းကြောင်းရှာ အလုပ်လုပ်နေသူများ ဖြစ်ကြသည်။

အစိုးရနှင့် ရန်လိုခြင်း မပြုဟု သဘောထား ထုတ်ပြထားသော တိုင်းရင်းသား လက်နက်ကိုင်များတွင် ပြင်ဆင်မှု အားအကောင်းဆုံးမှာ ကချင် တိုင်းရင်းသားများပင် ဖြစ်သည်။ ၁၉၉၄ ခုနှစ်က အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော KIO မှ ထိပ်တန်း ခေါင်းဆောင် အချို့သည် မကြာသေးမီက KIO မှ အငြိမ်းစား ယူခဲ့ကြပြီး၊ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (Kachin State Progressive Party) ထောင်၍ ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်လျက် ရှိသည်။

အဆိုပါ ပါတီသည် မြန်မာပြည် မြောက်ဖျားရှိ ကချင် လူဦးရေ ကြီးမားသော လူထု၏ ထောက်ခံမှု ရရှိလိမ့်မည် ဖြစ်သည်။ သို့သော် ထိုအခွင့်အလမ်းမှာလည်း ငြင်းပယ်ခံရဖွယ် ရှိနေရာ အကယ်၍ အစိုးရက KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များကို ရွေးကောက်ပွဲ မတိုင်မီ အစိုးရတပ် လက်အောက် သွပ်သွင်းရေးကို ဆက်လက် ကြိုးစားနေပါက၊ အခွင့်အလမ်း လက်လွတ်ရဖွယ် ရှိသည်။ အစိုးရ၏ ကြိုးပမ်းမှုမှာ ကချင်ပြည်နယ် အပါအဝင် နယ်စပ်များတွင် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည် ဖြစ်ပွားရန် အကွက်ဆင်ထားခြင်း ဖြစ်သည်။

နောက်တစ်ခုမှာ ကရင် တိုင်းရင်းသား အသိုင်းအဝိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကရင်လူမျိုး ပါတီ နှစ်ခု ရွေးကောက်ပွဲ ဝင်ရန် ရှိပြီး၊ တစ်ခုမှာ ကရင်ပြည်နယ်မှာ ထွက်ပေါ်လာမည် ဖြစ်ပြီး၊ အခြားတစ်ခုမှာ ရန်ကုန်မြို့တွင် အခြေစိုက်မည် ဖြစ်သည်။ ရန်ကုန်မြို့တွင် အခြေပြုမည့် ပါတီသည် ကရင်စစ်စစ်များ နေထိုင်သည့် မဲဆန္ဒနယ်များ မဟုတ်သည့် ဧရာဝတီတိုင်းမှ မြန်မာလူမျိုးများပါ ရောထွေး နေထိုင်သည့် ကရင်ရွာများထံမှ ဆန္ဒမဲများ ရရှိရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။

အရေးကြီးသော အချက်တစ်ခုမှ ထွက်ပေါ်လာသော ပလေယာများမှာ မြန်မာ့နိုင်ငံရေး၏ တတိယ အင်အားစု (Third Force) နှင့် ဆက်နွယ်နေခြင်းပင် ဖြစ်သည်။ အဆိုပါ တတိယ အင်အားစုသည် မူရင်းအားဖြင့် မြန်မာအများစုအား အရွေ့အတွက် အကူအညီပေးရန် ကြိုးစားနေသော အင်အားစု ဖြစ်သည်။ ထိုအရပ်ဖက် ကွန်ယက် (Civilian Network) သည် စစ်အစိုးရ ကျောထောက်နောက်ခံပြု ပါတီများကို မရွေးချယ်မိစေရန်၊ ပါတီများ အတွက် ဖြစ်သည်။ NLD နှင့် မဆိုင် လွတ်လပ်စွာ ရပ်တည်သော နိုင်ငံရေးအရ NLD နှင့် အမြင်မတူသူများကို ဆိုလိုသည်။

တိုင်းရင်းသားများနှင့် လက်နက်ကိုင် ပဋိပက္ခများ နှစ်ပေါင်း ခြောက်ဆယ်ခန့် ကြာပြီးနောက် ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားများနှင့် အခြား အီလစ် (Elite) အုပ်စုများ အတွက် နိုင်ငံရေး ရည်မှန်းချက်များ ပုံဖော်ရန်နှင့် အမျိုးသား နိုင်ငံရေး စင်မြင့်တွင် ယှဉ်ပြိုင်ရန် ရတောင့်ရခဲ အခွင့်အရေးပင် ဖြစ်သည်။ ထိုသို့ ပြောရခြင်းမှာ တိုင်းရင်းသား ပါတီ အများစုသည် အမျိုးသား အဆင့် လွှတ်တော် နှစ်ခုထက်စာလျှင် မိမိတို့ ဒေသဆိုင်ရာ လွှတ်တော်များတွင် အနိုင်ရရန် အာရုံပြုထားကြ သည်။ ၎င်းတို့သည် သက်ဆိုင်ရာ ပြည်နယ် တိုင်းလွှတ်တော်များတွင် အမတ်နေရာ များများရရှိခြင်း အားဖြင့် တိုင်းရင်းသားများနှင့် အုပ်ချုပ်သူများကြား ရာစုနှစ် တစ်ဝက်ကျော်ကြာ ပဋိပက္ခ ဖြစ်ပွားနေသော ကိစ္စရပ်များ အတွက် ပြေရာပြေကြောင်း စကားပြောရာတွင် သြဇာ လွှမ်းမိုးမှု ရှိလိမ့်မည် ဖြစ်ပေသည်။

တိတိကျကျ ဆိုရသော် တိုင်းရင်းသား နိုင်ငံရေးသမားများ မျှော်လင့်သော အချက်များမှာ ၎င်းတို့ လူမျိုး အများစု နေထိုင်ရာ ဒေသ ကျောင်းများ၊ ရုံးများတွင် ၎င်းတို့ တိုင်းရင်းသား ဘာသာ သင်ကြားခွင့်၊ အသုံးပြုခွင့် ရရှိရေး၊ ၎င်းတို့ ဒေသရှိ သဘာဝ သယံဇာတများ ထုတ်ယူ သုံးစွဲခွင့် ရရှိရေးနှင့် အစိုးရထံမှ ရန်ပုံငွေ ခွဲဝေ ရရှိရေးများ ဖြစ်သည်။ ထို့အပြင် ၎င်းတို့က နိုင်ငံရေး ကွက်လပ်များ ပိုမို ဖန်တီးနိုင်ရေး၊ သို့မှသာ အရပ်သား လူ့အဖွဲ့အစည်းကို အခြေခံ၍ လူ့အဖွဲ့အစည်း တိုးတက်မှု ရှိစေနိုင်မည်ဟု မျှော်လင့်ကြသည်။ ထို့အပြင် ရေရှည် အောက်ခြေမှ စ၍ ဒီမိုကရေစီ ကျကျ ခံစားရရှိနိုင်ရေးကို မျှော်လင့်ကြသည်။

သို့သော် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် အစိုးရ၏ လုပ်ငန်းစဉ်များကို တရားဝင် အသိအမှတ် ပြုလိုက်သကဲ့သို့ ဖြစ်ခြင်း၊ စစ်တပ်မှ အုပ်ချုပ်ရေးကို စုစည်းနေမှုအား ထောက်ခံလိုက်သကဲ့သို့ ဖြစ်နေခြင်း စသည့် အများက အထင်မှား အမြင်မှားနိုင်သည့် အန္တရာယ်နှင့် ရင်းကြရသည်။ ထို့အပြင် ရွေးကောက်ပွဲ ဝင်ခြင်းကြောင့် ၎င်းတို့၏ ရပ်တည်ချက် အပေါ် တိုင်းရင်းသား အသိုင်းအဝိုင်းက စိတ်ပျက်ခြင်းကို ခံရကာ အင်အားချိနဲ့ လာနိုင်ပေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ တဖြည်းဖြည်း ပြောင်းလဲမှုကို ဖြစ်စေရန် ကြိုးစားမှုသည် မယိမ်းမယိုင်သည့် မူရှိသည်ဟု ဆိုရမည် ဖြစ်ပြီး၊ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

 နိုင်ငံတကာ၏ ထည့်သွင်း စဉ်းစားမှု

ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ အမြင်ကို အလေးထား စဉ်းစားရမည် ဆိုလျှင် တရုတ်နိုင်ငံ၏ အနေအထားမှာ အရေးတကြီး ထည့်သွင်း စဉ်းစားရမည့် အချက် ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ဖက်ရှိ အိမ်နီးချင်း နိုင်ငံကြီးသည် ၎င်း၏ အဓိက ပထဝီ မဟာဗျူဟာအရ ဆရာကြီး ဖြစ်နေသည်။ တရုတ်နိုင်ငံသည် မြန်မာ ဗိုလ်ချုပ်များ၏ ဥပဒေမဲ့ အုပ်ချုပ်ခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကဲ့သို့သော နေရာများတွင် အကာအကွယ် ပေးခဲ့ပြီး၊ အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများကို ခံစားခွင့် ရခဲ့သည်။ ထို့အပြင် အာဆီယံ အဖွဲ့ကြီးမှ နိုင်ငံများ အပေါ်တွင်မူ ၎င်းတို့၏ သြဇာလွှမ်းမိုးမှု မရှိသော်လည်း အလေး ဂရုတော့ ပြုရသည်။ ထိုနိုင်ငံများသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိနေကြပြီး နိုင်ငံ တည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုသာ ရှာဖွေနေကြသည်။

ဥရောပနှင့် အမေရိကန်တို့၏ မြန်မာနိုင်ငံ အပေါ် သဘောထားများသည် နားထောင်၍ လေးစားဖွယ် ကောင်းသော်လည်း ရိုးသားမှု မရှိသောကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပေါ် သြဇာ လွှမ်းမိုးမှု သိပ်မရှိလှပေ။ ဗြိတိသျှ အစိုးရက ဖြစ်စေ၊ အမေရိကန် ပြည်ထောင်စုက ဖြစ်စေ၊ ဥရောပ သမဂ္ဂက ဖြစ်စေ၊ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ရွေးကောက်ပွဲများကို ကျင်းပတော့မည် ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲ မကျင်းပ ဖြစ်ခဲ့လျှင်သော်မှ၊ အနောက်နိုင်ငံ၏ ဖိအားများကြောင့်ကား မဟုတ်ပေ။ မြန်မာနိုင်ငံရေးတွင် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှု မရှိရခြင်းမှာ မြန်မာနိုင်ငံရေး၏ သဘာဝကို နားလည်မှု လွဲခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင်းမှ ရွေးကောက်ပွဲ ဝင်ရန် ကြိုးစားနေသူများသည် အစိုးရ၏ အကန့်အသတ်များ ကြားမှ ထွက်ပေါက် အနည်းငယ် အတွင်းမှ အကောင်းဆုံး မျှော်လင့်၍ ကြိုးစားနေကြရခြင်း ဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ ပြင်ပမှ နိုင်ငံရေးသမားများ ထက်စာလျှင် အမှန်တကယ် နေရာ ပိုရသင့်ပြီး၊ ၎င်းတို့ကို နားလည် ပေးကြရသူများမှာလည်း နိုင်ငံတွင်းရှိ အကန့်အသတ်များနှင့် အခွင့်အလမ်းများကို ချိန်ထိုး စဉ်းစားပြီးမှ နားလည်ပေးကြရခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 31st May 2010

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်မှုအဖြစ် သံသယ အဖြစ် လက်နက်များ တင်ဆောင်လာသည့် မြောက်ကိုရီးယား သင်္ဘောတစ်စင်း မြန်မာနိုင်ငံတွင် ယခင်လက ဆိုက်ကပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက လျင်မြန်စွာ တုန့်ပြန်လှုပ်ရှား ခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဧပြီလ တတိယပတ် အတွင်းတွင် အမေရိကန် နိုင်ငံခြားရေး ဌာနက အာဆီယံမြို့တော်များသို့ အရေးပေါ် အကြောင်းကြားလွှာ ပေးပို့ခဲ့ရာတွင် မေ ၃ ရက် မှ ၅ ရက်အထိ ဆီယက်တယ်နှင့် ဝါရှင်တန်ဒီစီတွင် ကျင်းပရန် စီစဉ်ထားသော အာဆီယံ - အမေရိကန် စီးပွားရေး ဝန်ကြီးများ တွေ့ဆုံပွဲကို မြန်မာ ကိုယ်စားလှယ် အဆင့်အတန်း အားလုံး မပါဝင်ဘဲ ပြုလုပ်ရန် အကြံပြုခဲ့သည်။ ထိုသို့ လွန်ကဲသော အပြုအမူသည် အာဆီယံ ခေါင်းဆောင်များကို အံ့အားသင့်စေခဲ့သည်။

အမေရိကန်၏ ရာဇသံသည် ခြောက်လုံး၊ လှန့်လုံး မဟုတ်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ကြောင်း အမှန်တကယ် ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့ထားသော ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လေးစား လိုက်နာကြောင်း တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိပါက ကြောက်မက်ဖွယ် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည် ဟူသော ပြင်းထန်သည့် သတိပေးမှုကို မြန်မာနှင့် ကျန်အာဆီယံ တစ်ဖွဲ့လုံးထံ ယခုတစ်ခေါက် ပေးပို့ရန် အမေရိကန်က ဆန္ဒရှိနေသည်။ နိုင်ငံရေး ကိစ္စများကို အသာထား၍ ယခု မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်သည် အနာဂတ် အာဆီယံ - အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။ အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီမှ တဆင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး နှင့် အာဆီယံ စီးပွားရေး ဝန်ကြီးများ အကြား လအတန်ကြာ အသေးစိတ် ကြိုတင် စီစဉ်ထားခဲ့သော သြဇာကြီးမားသည့် စီးပွားရေး တွေ့ဆုံပွဲကို အမေရိကန်က အဆင့်လျှော့ ကျင်းပခဲ့ခြင်းသည် ပထမဆုံး အကြိမ် ထုံးစံ မဟုတ်သော ဆောင်ရွက်မှု တစ်ခု ဖြစ်ခဲ့သည်။

စင်္ကာပူမှ လွဲ၍ ကျန်အာဆီယံ နိုင်ငံအားလုံး နီးပါးက ၎င်းတို့၏ ကုန်သွယ်ရေး (သို့) စက်မှုဝန်ကြီးများ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြချိန်တွင် အမေရိကန် တောင်းဆိုသည့် အတိုင်း မြန်မာ ကိုယ်စားလှယ်များ မပါဘဲ တွေ့ဆုံပွဲကို ဆက်လက် စီစဉ်ပြုလုပ်သင့်ကြောင်း သဘောတူခဲ့ကြသည်။ သို့ရာတွင် လိုက်လျော ညှိနှိုင်းမှု အချို့ ပြုလုပ်အပြီးတွင် ဝါရှင်တန် ဒီစီ မြန်မာသံရုံးမှ ယာယီသံရုံး တာဝန်ခံ အဆင့်ကို လက်ခံ တက်ရောက်ခွင့် ပေးရန် အမေရိကန်က အလျော့ပေး သဘောတူခဲ့သည်။ သို့သော်လည်း ရန်ကုန်မှ သံတမန်များကို တိုက်ရိုက် စေလွှတ်လိုသော မြန်မာ အစိုးရက ထိုအစီအစဉ်ကို လက်ခံခြင်း မပြုရန် ရွေးချယ်ခဲ့သည်။ ထို့အပြင် အာဆီယံ၏ သဘောတူညီမှု မရှိဘဲ "အရှေ့တောင်အာရှ စီးပွားရေး အသိုင်းအဝိုင်း တွေ့ဆုံပွဲ" ဟု နာမည်သစ်ကို သုံးစွဲခဲ့ခြင်းမှာ ရယ်ရွှင်ဖွယ် ကောင်းလှသည်။ ၎င်းမှာ ယခင်က သုံးခဲ့ဖူးသော အမည်တစ်ခု ဖြစ်ဖွယ် ရှိသည်။

လတ်တလောတွင် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် သွားရောက်ခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က စစ်အစိုးရ ခေါင်းဆောင်များအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို အပြည့်အဝ လိုက်နာ ကျင့်သုံးရန် ဒဲ့ဒိုး ပြောကြားခဲ့သည်။ ဤသည်မှာ မြောက်ကိုရီးယားနှင့် မြန်မာအကြား ဆက်နွယ်မှု ကြီးထွားလာခြင်းနှင့် နျူကလီယာ ဆက်စပ် နည်းပညာများ လွှဲပြောင်း ပေးပို့ခြင်းတို့ အပေါ် ဝါရှင်တန်၏ အပြင်းအထန် စိုးရိမ်မှုကို ပြသခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ဇွန်လကလည်း မြောက်ကိုရီးယား ကုန်သင်္ဘော ကန်နမ်သည် အမေရိကန် ရေတပ်၏ နောက်ယောင်ခံမှုကြောင့် မြန်မာသို့ ဦးတည်နေရာမှ ပြန်လှည့်သွားခဲ့သည်။

အဖျက်စွမ်းအားကြီး လက်နက်များ တပ်ဆင်ရာတွင် အသုံးပြုမည့် အဆင့်မြင့် ပလူတိုနီယံ ထုတ်လုပ်နိုင်မည့် နျူကလီယာ ဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် မြန်မာနိုင်ငံကို မြောက်ကိုရီးယားက ကူညီ ထောက်ပံ့နေသည့် အထောက်အထားများကို ၂၀၀၀ ခုနှစ်ကပင် အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့များက စုဆောင်း ရရှိခဲ့သည်။ မြန်မာ စစ်တပ်မှ ထွက်ပြေး ခိုလှုံလာသော တပ်မတော် အရာရှိ နှစ်ဦးထံမှ ရရှိသော သတင်းများ၊ တယ်လီဖုန်း ကြားဖြတ် နားထောင်မှုများ၊ ထိုင်း - မြန်မာ နယ်စပ်မှ ပေးပို့သော ထောက်လှမ်းရေး သတင်းများကို အသုံးပြု တင်ပြထားသည့် အစီရင်ခံစာများအား မနှစ်က ထုတ်ပြန်ခဲ့ရာ သတင်းအချက် အားလုံးက မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ကို လက်ညှိုးညွှန်ပြ နေသည်။

ယင်းသို့ အစီရင်ခံစာများ နောက်ဆုံးအကြိမ် ထွက်လာသောအခါ စစ်အစိုးရ၏ နျူကလီယာ ရည်ရွယ်ချက်များ အပေါ်တွင် စစ်ရေး ကျွမ်းကျင်သူများနှင့် မဟာဗျူဟာ ပညာရှင်များ အကြား သံသယများ ကြီးထွားလာခဲ့သည်။ အများစုကမူ အထောက်အထား ပြည့်စုံမှု မရှိဟု ဆိုကြသည်။ အချို့ကမူ နိုင်ငံတကာ အမြင်တွင် စစ်အစိုးရ သိက္ခာကျစေရန် ကြိုးစားမှုဟု ရှုမြင်ကြသည်။ နောက်ဆက်တွဲ မေးမြန်းစူးစမ်းမှု အနေဖြင့် အထူးသဖြင့် လက်ရှိ လျှို့ဝှက် နျူကလီယာ အစီအစဉ်တွင် တိုက်ရိုက် ပတ်သက်ခဲ့သူ မြန်မာ့ တပ်မတော် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းအား မေးမြန်းခဲ့ရာ မြန်မာ အစိုးရသည် နျူကလီယာ နည်းပညာကို စုံစမ်း လေ့လာနေသည် ဟူသော အချက် ရှင်းလင်းစွာ ပေါ်ထွက်လာသည်။ IAEA တွင် အလုပ်လုပ်ခဲ့ဖူးသော အရာရှိ တစ်ဦးထံမှ ကျွမ်းကျင်သူ မှတ်ချက်နှင့်အတူ များပြားသော သတင်း အချက်အလက်သစ်များ အပေါ် အခြေခံ တင်ပြသည့် အထူး အစီရင်ခံစာကို ယခု တစ်ပတ်တွင် ထုတ်ပြန်မည် ဖြစ်သည်။

ယခုအတိုင်း ဆိုပါက ၁၉၉၅ အရှေ့တောင်အာရှ  နျူကလီယာ လက်နက် ကင်းစင်ရေးဇုံ SEANWFZ နှင့် မပြန့်ပွားရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သော အာဆီယံနှင့် အဖွဲ့ဝင်များ၏ ရည်မှန်းချက်များ ပြည့်ဝရန် အလှမ်းဝေးနေဦးမည် ဖြစ်သည်။ လောလောဆယ်တွင် အာဆီယံသည် SEANWFZ ဆိုင်ရာ ပဋိဥာဉ် စာတမ်းကို လက်မှတ်ထိုးရန် အဓိက နျူကလီယာ ပါဝါ နိုင်ငံကြီးများ အားလုံးကို ခက်ခက်ခဲခဲ စည်းရုံးနေသည်။ ၎င်းပဋိဥာဉ်ကို လက်ခံရန် တရုတ်နိုင်ငံကလည်း နှောင့်နှေး ကြန့်ကြာနေသည်။

အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် နျူကလီယာ စွမ်းအင်နှင့် လုံခြုံမှု အပေါ် တူညီသော ပုံစံ တစ်ခုဖြင့် မည်ကဲ့သို့ ဆက်လက် လှုပ်ရှားကြမည် ဆိုသည်ကို အာဆီယံ အဖွဲ့အတွင်း တခဲနက် သဘောတူညီမှု မရရှိခြင်းကြောင့် ယခုကိစ္စမှာ ဆက်လက် ရှုပ်ထွေးနေဦးမည် ဖြစ်သည်။ နျူကလီယာ လက်နက် မပြန့်ပွားရေး သဘောတူ စာချုပ် အဖွဲ့ဝင် နိုင်ငံများ၏ မကြာသေးမီက ကျင်းပခဲ့သော ညီလာခံတွင် သဘာပတိ အဖြစ် ဆောင်ရွက်ကာ ဦးဆောင်ကဏ္ဍမှ ပါဝင်နေသည့် ဖိလစ်ပိုင်နိုင်ငံ၏ နျူကလီယာ လက်နက် မတပ်ဆင်ရေး မူဝါဒကို အာဆီယံက ယေဘုယျအားဖြင့် ထောက်ခံထားသည်။

ထိုင်း၊ ဘရူနိုင်း၊ မြန်မာနှင့် အင်ဒိုနီးရှားတို့က နျူကလီယာ စမ်းသပ်မှု အပြည့်အဝ တားမြစ်ချက် စာချုပ်ကို ယခုတိုင် လက်မှတ် မထိုးသေးခြင်းမှာလည်း မဖြေရှင်းနိုင်သေးသည့် ပြဿနာ တစ်ခု ဖြစ်သည်။ အင်ဒိုနီးရှား၏ ကိစ္စကို ကြည့်လျှင် ၎င်းနိုင်ငံသည် စာချုပ်၏ နောက်ဆက်တွဲ ၂ စာရင်းတွင် ပါဝင်နေပြီး သဘောတူညီချက်များကို ဆက်လက် ကျင့်သုံးရန်အတွက် အဆိုပါ စာရင်းတွင် ပါဝင်သော ၄၄ နိုင်ငံစလုံးက လက်မှတ် ရေးထိုးရမည် ဖြစ်သည်။ လာမည့် အောက်တိုဘာလတွင် ဟနွိုင်း၌ ပြုလုပ်မည့် အာဆီယံ ထိပ်သီး ညီလာခံတွင် အာဆီယံအဖွဲ့ အတွင်း ကျင့်သုံးနိုင်မည့် အများသဘောတူ အနေအထား တစ်ရပ်ကို အာဆီယံ ခေါင်းဆောင်များ လေ့လာ သုံးသပ်ကြမည် ဖြစ်သည်။ ထို့အပြင် တောင်တရုတ်ပင်လယ်၊ ရာသီဥတု အပြောင်းအလဲ၊ နျူကလီယာ နည်းပညာ ဆက်စပ်ကိစ္စများ စသည့် အကဲခတ်သည့် ကိစ္စများ အပေါ်တွင် အာဆီယံ အနေဖြင့် မည်သို့ ကိုင်တွယ်မည် ဆိုသည့် ပြဿနာမှာလည်း ကျန်ရှိနေသေးသည်။

လတ်တလော ဝါရှင်တန် ဒီစီတွင် ကျင်းပခဲ့သော နျူကလီယာ ညီလာခံတွင် နျူကလီယာ စွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် မပြန့်ပွားရေး ဆိုင်ရာ သဘောထားများ တင်ပြကြရန် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဖိတ်ကြားခဲ့သည်။ ၎င်းတို့က နျူကလီယာ အကြမ်းဖက် ဝါဒကို တားဆီးရန် ဆောင်ရွက်မည့် ညီလာခံ၏ အစီအစဉ်ကို ထောက်ခံခဲ့ကြသည်။ အဆိုပါ အာဆီယံ အဖွဲ့ဝင်များတွင် စွမ်းအင်ရင်းမြစ် အတွက် ငြိမ်းချမ်းစွာ အသုံးပြုမည့် နျူကလီယာ ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် ရေရှည် အစီအစဉ်များ ရှိနေသည်။ ဗီယက်နမ်က နျူဓာတ်အားပေး စက်ရုံ နှစ်ရုံ တည်ဆောက်ရန် ယခင်ကပင် ဆုံးဖြတ်ထားခဲ့ပြီး ထိုင်းနိုင်ငံကလည်း လာမည့် ၁၀ နှစ် အတွင်း နျူဓာတ်အားပေး စက်ရုံ တစ်ရုံ တည်ဆောက်ရန် စီစဉ်နေသည်။ အင်ဒိုနီးရှားကလည်း နျူကလီယာ စွမ်းအင်ကို လေ့လာရန် လွှတ်တော်၏ ခိုင်မာသော အားပေး ထောက်ခံမှုကို ရရှိထားသည်။ စင်္ကာပူ စီးပွားရေး မဟာဗျူဟာ ကော်မတီကပင်လျှင် ၎င်းတို့ ကျွန်းနိုင်ငံ၏ စွမ်းအင် ဖူလုံရေး အတွက် ရေရှည် ဖြေရှင်းနည်း အဖြစ် နျူကလီယာ စွမ်းအင်ကို စဉ်းစားသင့်ကြောင့် အကြံပြုထားသည်။ အိုဘားမားသည် ယခုလ ဒုတိယပတ် အတွင်း အင်ဒိုနီးရှားသို့ သွားရောက်မည့် အချိန်တွင် ယခုကိစ္စကို အသေအချာ ထပ်မံ ဆွေးနွေးဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နျူကလီယာ လုပ်ငန်းစဉ် အပေါ် ထိုင်းလုံခြုံရေး ယန္တရားက ဂရုတစိုက် မရှိခြင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ပင် ဖြစ်သည်။ ယခင် နှစ်ကုန်ပိုင်းက ကာကွယ်ရေး ကောင်စီ၏ ထုံးစံ မဟုတ်သော အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းမှလွဲလျှင် သြစတြေးလျ ထောက်လှမ်းရေးနှင့် ရင်းနှီးစွာ ဆက်ဆံ လုပ်ကိုင်နေသည့် ထိုင်းစစ်ဖက် ထောက်လှမ်းရေး အရာရှိ လက်တဆုပ်စာ အတွင်း၌သာ ယခုကိစ္စကို ဆွေးနွေးခဲ့ကြသည်။ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်ကို စတင်မည့် နျူကလီယာ စွမ်းရည် အားလုံးကို ဖော်ပြခြင်း မပြုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ကို ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ယခုတိုင် မယုံကြည်သေးပါ။ စိုးရိမ် ပူပန်သော အရာရှိများကမူ ပြည်တွင်းရေး ပြဿနာများအား ဦးစားပေး ဖြေရှင်းနေရဆဲ အခြေအနေကို စောဒက တက်လျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရာသီဥတု ပြောင်းလဲမှုအပေါ် ထိရောက်သော ဆောင်ရွက်ချက်များ ပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ရရှိရန် အတူ လက်တွဲ လုပ်ကိုင်သွားမည်ဟု အာဖဂန် နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ လာအို၊ မော်လဒိုက်၊ မြန်မာနှင့် နီပေါ အပါအဝင် အီးယူမှ ကိုယ်စားလှယ်များ သဘော တူညီလိုက်ပြီ ဖြစ်သည်။

မေလ ၃၀-၃၁ ရက်နေ့၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့တွင် ကျင်းပသော ကမ္ဘာ့ ဥတုရာသီ ပြောင်းလဲမှု မဟာမိတ်အဖွဲ့ (GCCA)၏ အာရှဒေသ ဆိုင်ရာ ကွန်ဖရင့်၌ အဆိုပါ နိုင်ငံများမှ ကိုယ်စားလှယ်များက အာရှဒေသတွင်း ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်ချက်များကို ဆင်ခြင် သုံးသပ်ခဲ့ကြသည်။

ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေးအတွက် ထိရောက်မှု ရှိသော ကမ္ဘာလုံးဆိုင်ရာ သဘော တူညီချက် ထွက်ပေါ်ရန်နှင့် ထိရောက်သော မဟာဗျူဟာများနှင့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်စေရန် လိုအပ်သော ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ကိုယ်စားလှယ်များက အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

အာရှဒေသရှိ ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ၊ သေးငယ်သော ကျွန်းနိုင်ငံများအား ရာသီဥတု ဖောက်ပြန်မှုနှင့် ပတ်သက်၍ အကူအညီ အထောက်အပံ့ ပေးရန် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မော်လဒိုက် နိုင်ငံနှင့် အီးယူမှ ကိုယ်စားလှယ်များက ပူးတွဲ ကြေညာချက် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူ ကြေညာချက်အရ အီးယူသည် အမျိုးသား ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာများ ချမှတ်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

GCCA အဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် ဥရောပ ကော်မရှင်က စတင် တည်ထောင်ပေးခဲ့သည်။ အီးယူနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ အထူးသဖြင့် ဖွံဖြိုးမှု နိမ့်ကျသော နိုင်ငံများနှင့် အသေးစား ကျွန်းနိုင်ငံများ အကြား ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဒိုင်ယာလော့ခ်များ ထဲထဲဝင်ဝင် ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဥရောပ ကော်မရှင်က တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ GCCA စေ့စပ် ညှိနှိုင်းမှုများကြောင့် အီးယူနှင့် ဒေသတွင်း အုပ်စုများအကြား သဘောတူ ကြေညာချက်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။ ၂၀၀၈-၂၀၁၀ နှစ်များတွင် အီးယူက GCCA အတွက် ယူရိုငွေ သန်း ၁၀၀ ဘတ်ဂျတ် ချထားပေးနိုင်ခဲ့သည်။

Europolitics ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ (NLD)က ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ အမြင်နှင့် ရပ်တည်မှုကို သိရှိရန် စုံစမ်း မေးမြန်းလျက် ရှိကြောင်း စုံစမ်း မေးမြန်းလျက် ရှိကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ၏ Special Branch(SB) အဖွဲ့မှ ထောက်လှမ်းရေး အရာရှိများက စစ်ကိုင်းတိုင်း၊ ရွှေဘို အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများထံသို့ သွားရောက်ပြီး နိုင်ငံရေး အမြင်များကို မေးမြန်း စုံစမ်းနေကြကြောင်း နာဂစ် ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သောကြောင့် ယင်းအကျဉ်းထောင်တွင် ဖမ်းဆီး အကျဉ်းချခံထားရသော မယဉ်ယဉ်ဝိုင်း၏ အစ်မဖြစ်သူ အဆိုအရ သိရသည်။

"သူ့(မယဉ်ယဉ်ဝိုင်း)ကို NLD ရွေးကောက်ပွဲ ဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်သလဲလို့ မေးကြတယ်။ သူကလည်း NLD ရဲ့ ရပ်တည်မှုက ဘာလဲဆိုတာတောင် မသိဘူးလို့ ဖြေခဲ့တယ်လို့ ပြောတယ်" ဟု မယဉ်ယဉ်ဝိုင်း၏ အစ်မဖြစ်သူ မမိုးက ပြောကြားသည်။ မမိုးသည် ပြီးခဲ့သည့် မေလအတွင်း မယဉ်ယဉ်ဝိုင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရွှေဘို အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံခဲ့သည်။ အဆိုပါ ရွှေဘို အကျဉ်းထောင်တွင် မယဉ်ယဉ်ဝိုင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရသည်။

"ပြီးတော့ ထောက်လှမ်းရေး အရာရှိကြီးတွေက NLD ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြပြီး သူ့ကို ပေးဖတ်တယ်။ ပြီးတော့ သူဘယ်လို ထင်သလဲဆိုတာကို ပြောခိုင်းတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းကို NLD ပါတီက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ယင်း ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊  ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရေး၊ NLD နှင့် စစ်အစိုးရ အကြား ဒိုင်ယာလော့ခ် စတင် ပြုလုပ်ရေး  အစရှိသည်တို့ကို တောင်းဆို ထားသည်။

ထောက်လှမ်းရေး အရာရှိများက ၎င်းတို့ SB အဖွဲ့မှ ဖြစ်ကြောင်း အသိပေး ပြောဆိုပြီး အကျဉ်းထောင်ထဲမှ နိုင်ငံရေး အကျဉ်းသားတိုင်းကို တွေ့ဆုံ မေးမြန်းကြကြောင်း မမိုးက ဖြည့်စွက် ပြောဆိုသည်။  ယင်းသို့ NLD ၏ ရွေးကောက်ပွဲ သပိတ်မှောက်မှုနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားများကို ထောက်လှမ်းရေး အရာရှိများ သွားရောက် တွေ့ဆုံ မေးမြန်းရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ စစ်အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိတ်ကျေနပ်မှု ရယူနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိရာ သဘောထား ပျော့ပျောင်းသော နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီ ဦးစားပေး လွှတ်ပေးရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။

မြန်မာ တစ်နိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းစာ ဆရာများ၊ ရှေ့နေများ၊ သံဃာတော်များ၊ လူမှုကယ်ဆယ်ရေး လုပ်ကိုင်သူများ အပါအဝင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၅၀ ဦး ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ မယဉ်ယဉ်ဝိုင်းမှာ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခ ရောက်သူများကို အကူအညီ ပေးခဲ့ရာ စစ်အစိုးရက တရားမဝင်သော အသင်းအဖွဲ့များဆိုင်ရာ အက်ဥပဒေဖြင့် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အကျဉ်းထောင်သို့ သွားရောက်ပြီး မယဉ်ယဉ်ဝိုင်းနှင့် တွေ့ဆုံစဉ် စကား ပြောဆိုမှုများကို SB မှ အရာရှိနှစ်ဦးက အသံသွင်းစက်ဖြင့် ဖမ်းယူခဲ့ကြောင်း မမိုးက ပြောကြားသည်။ သို့သော် မြန်မာ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများက အလားတူ မေးမြန်းမှုမျိုး ပြုလုပ်မှု မရှိသေးကြောင်း ပြောကြားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် ဖမ်းဆီး အကျဉ်းချ ခံထားရေသော အကျဉ်းထောင်သို့ သွားရောက်ခဲ့သော်လည်း အထူး ထောက်လှမ်းရေး အဖွဲ့မှ အရာရှိများ လာရောက် မေးမြန်းမှုများ မရှိသေးကြောင်း ၎င်း၏ ညီမဖြစ်သူက ပြောကြားသည်။

"သူ့(ကိုဋ္ဌေးကြွယ်)ရဲ့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ NLD နဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး သူ့ဆီကို လာမေးတာ မရှိသေးပါဘူး" ဟု ၎င်းက ပြောကြားသည်။ "သူ့ရဲ့ သဘောဆန္ဒကတော့ ရွေးကောက်ပွဲမှာ နိုင်ငံရေးသမားတွေ အားလုံး ပါဝင်ပြီး မျှမျှတတ ဖြစ်ဖို့ပါပဲ။ နိုင်ငံရေး သမားတိုင်း ပါဝင်ခွင့် မရတဲ့ ရွေးကောက်ပွဲမျိုးကို သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်" ဟု ဆိုသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.