Transparency Myanmar

transparency.myanmar@gmail.com

AFP, 21st September 2010

ဆယ်စုနှစ် များစွာအတွင်း အကြီးမားဆုံး ကွန်မြူနစ် ပါတီ ညီလာခံ ပြုလုပ်ရန် ကြိုးစားနေသော အပယ်ခံ မြောက်ကိုးရီးယား နိုင်ငံအား နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲများသို့ ပြန်လာမည့် ဆန္ဒရှိပါက ထုတ်ဖော် ပြသရန် အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။

မြောက်ကိုးရီးယား အနေဖြင့် နျူကလီယာ အစီအစဉ်ကို စွန့်လွှတ်ရန်နှင့် နျူကလီယာ ကင်းရှင်းသော ကိုးရီးယား ကျွန်းဆွယ် ဖြစ်လာရန် သဘောတူ ထားခဲ့သော ဝတ္တရားကို လိုက်နာ ဖြည့်ဆည်းရေးနှင့် ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်လာရေးမှာ မြောက်ကိုးရီးယား နိုင်ငံသားများ၏ စွမ်းအားပေါ်တွင် တည်နေသည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Robert Gibbs က ဆိုသည်။

နျူကလီယာ မပြန့်ပွားရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများအတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အဆိုပါ ဒေသသို့ သွားရောက်ရန် ပြင်ဆင်နေခြင်းနှင့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီးက ၎င်း၏ အငယ်ဆုံးသားအား အာဏာအမွေ ပေးလိမ့်မည်ဟု လေ့လာသူများ မှန်းဆနေကြသော စက်တင်ဘာလ ၂၈ ရက်တွင် ကျင်းပဖွယ် ရှိသည့် ပါတီ ညီလာခံတို့ကြောင့် အဆိုပါ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြုံယမ်း၏ ကွန်မြူနစ် ပါတီ ညီလာခံ ကျင်းပမှု သက်သက်အပေါ် မှတ်ချက်ပေးရန် အမေရိကန် တာဝန်ရှိသူများက ငြင်းဆိုခဲ့သော်လည်း အပယ်ခံနိုင်ငံ၏ အကြီးအကဲ အနေဖြင့် နျူကလီယာကို အစီအစဉ် စွန့်လွှတ်ရန် ၂၀၀၅ ခုနှစ်က ပေးခဲ့သော ကတိကို လိုက်နာရမည့် ကိစ္စမှာ သီးသန့်ကိစ္စ တစ်ခု ဖြစ်သည်ဟု ပြောကြားလိုက်သည်။

မြောက်ကိုးရီးယား၏ အနေအထားနှင့် ပတ်သက်၍ မေးမြန်းမှုကို နိုင်ငံခြားရေး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ Mark Toner က ဖြေကြားရာတွင် "မြောက်ကိုးရီးယား နိုင်ငံ ရှေ့ဆက်ရမယ့် လမ်းကတော့ သူ့ရဲ့ ကတိကဝတ်တွေကို စောင့်ထိန်းဖို့ပါပဲ'' ဟု ပြောဆိုခဲ့သည်။

"ခြောက်နိုင်ငံ ဆွေးနွေးပွဲကို သူတို့ အမှန်တကယ် ပြန်လာချင်တယ်လို့ ကျွန်တော်တို့ ယုံကြည် လက်ခံနိုင်မယ့် လက္ခဏာတွေကို ကျွန်တော်တို့ ရှာဖွေနေဆဲပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာပဲလုပ်လုပ်၊ ကြိုဆိုရမှာပါ'' ဟု Toner က ဆိုသည်။

တရုတ်၊ ဂျပန်၊ ရုရှား၊ ကိုးရီးယား ၂ နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည့် ၂၀၀၅ ခုနှစ် ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် မြောက်ကိုးရီးယားက လုံခြုံရေး အာမခံချက်နှင့် အပြင်းအထန် လိုအပ်နေသော ကယ်ဆယ်ရေး အကူအညီများ ရရှိရန် အပြန်အလှန်အားဖြင့် နျူကလီယာ အစီအစဉ်ကို စွန့်လွှတ်ရန် သဘောတူခဲ့သည်။

သို့သော်လည်း မြောက်ကိုးရီးယားသည် အမေရိကန် ပြည်ထောင်စုကို ရန်လိုသည်ဟု စွပ်စွဲကာ ပြီးခဲ့သော နှစ်တွင် ဆွေးနွေးပွဲများမှ စိတ်ဆိုးမာန်ဆိုး နှုတ်ထွက်သွားခဲ့သည်။ နောက်ပိုင်းတွင် ဆွေးနွေးပွဲ ပြန်စရန် သဘောတူခဲ့သော်လည်း ၎င်းအား နျူကလီယာ လက်နက် နိုင်ငံအဖြစ် ရှေးဦးစွာ ဆက်ဆံရမည်ဟု အပြင်းအထန် တောင်းဆိုခဲ့သည်။

မြောက်ကိုးရီးယား အပေါ် မဟာဗျူဟာမြောက် သည်းခံ စိတ်ရှည်မှုကို ကျင့်သုံးနေသော သမ္မတ အိုဘားမား အစိုးရက အကယ်၍ မြောက်ကိုးရီးယား ပြန်လည် တက်ရောက်လျှင် ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် အဆင်သင့် ရှိသော်လည်း ဝါရှင်တန် အနေဖြင့် မည်သည့် အစီအစဉ်သစ်ကိုမျှ ကမ်းလှမ်းမည် မဟုတ်ဟု ပြောကြားသည်။

ဤအတောအတွင်း အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုများကို အရှိန်မြှင့်ရန် နိုင်ငံတကာ ကြိုးပမ်းမှုများကို ဦးဆောင်လျက် ရှိသည်။

နိုင်ငံခြားရေး ဌာန၏ ပြောကြားမှုအရ နျူကလီယာ မပြန့်ပွားရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ အကြံပေး Robert Einhorn သည် စက်တင်ဘာ ၂၈ မှ ၃၀ အထိ တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကာ တစ်ချိန်တည်းတွင် မြောက်ကိုးရီးယားနှင့်လည်း အစည်းအဝေး ပြုလုပ်မည်ဟု သိရှိရသည်။

Einhorn အနေဖြင့် ကိစ္စရပ်များစွာကို ဆွေးနွေးမည် ဖြစ်သော်လည်း အီရန်နှင့် မြောက်ကိုးရီးယား အရေးအပေါ် ကြီးကြီးမားမား အလေးထား ဆွေးနွေးမည်ဟု Toner က ဆိုသည်။

Einhorn ၏ ခရီးစဉ်ကို နိုင်ငံခြားရေး ဌာနက ယခင်က ကြေညာခဲ့ဖူးသော်လည်း ရက်အတိအကျ မထုတ်ပြန်ခဲ့ပေ။ ၎င်းသည် တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံများသို့လည်း ယခင်က သွားရောက်ခဲ့ပြီး ဖြစ်သည်။

အင်္ဂါနေ့ အစောပိုင်းတွင် မြောက်ကိုးရီးယား နိုင်ငံပိုင် မီဒီယာက "ထိပ်ပိုင်း ခေါင်းဆောင်များ တင်မြှောက်ရန်အတွက် အာဏာရ ကွန်မြူနစ်ပါတီ ညီလာခံကို စက်တင်ဘာ၂၈ ရက်တွင် ကျင်းပမည်'' ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းညီလာခံသည် ကျန်းမာရေး ချို့ယွင်းနေသော ခေါင်းဆောင်ကြီး ကင်ဂျုံအီးထံမှ သားငယ် ကင်ဂျုံအန်းအား အာဏာအမွေ လွှဲပြောင်းပေးရန် လမ်းဖောက်လိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာအစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော ဆန္ဒမဲပေးခွင့် ရရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် နာမည် ပါဝင်မှု မရှိသောကြောင့် သူမသည် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲသို့ လာရောက် မဲပေးပိုင်ခွင့် မရှိသူ အဖြစ် တရားဝင် သတ်မှတ် ခံလိုက်ရပြီ ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင် ဥပဒေ နည်းလမ်း မျိုးစုံဖြင့် ကန့်သတ် ပိတ်ပင်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ကော်မရှင်က အခြားသော ရွေးကောက် တင်မြှောက် ခံပိုင်ခွင့်ရှိသူများ စာရင်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သည့် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာမည် ဖြစ်သည်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက အသိအမှတ် မပြုဘဲ နှစ်ပေါင်း ၂၁ နှစ်တာ ကြာမျှ အာဏာ ဆုပ်ကိုင်ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

မြန်မာပြည်သူများ အနေဖြင့် ဆန္ဒမဲပေးခွင့် ရခဲ့သည့် နောက်ဆုံး ဖြစ်ရပ်မှာ ၂၀၀၈ ခုနှစ်က ဖြစ်သည်။ စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ သစ်ကို လူထု ဆန္ဒ သဘောထား ကောက်ယူပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဆန္ဒမဲ ပေးပိုင်ခွင့် စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည် ပါဝင်ခဲ့သေးသည်။ သို့သော် ယခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူနှင့် ပြစ်ဒဏ်ကျ ခံနေရသူများ အနေဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသောကြောင့် သူမအနေဖြင့် မဲပေးနိုင်တော့မည် မဟုတ်ပေ။

ရွေးကောက်ပွဲ ဆိုင်ရာ အဆိုပါ ဥပဒေ စည်းမျဉ်း စည်းကမ်းများသည် ဒေါ်အောင်ဆန်းစုကြည်အတွက် တမင်သက်သက် ရည်ရွယ် ထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု အများက ရှုမြင်ကြသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ၏ ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုရာတွင် အဓိက အသုံးပြုရာ လမ်းကြောင်း တစ်ခု ဖြစ်သော မလက္ကာ ရေလက်ကြား အတွင်း ရေကြောင်း သွားလာရေး ပိတ်ဆို့မှု အပါအဝင် ပြဿနာ မျိုးစုံ ဖြစ်ပေါ်လျက် ရှိသောကြောင့် ထိုင်းအစိုးရက မြန်မာနိုင်ငံ၊ ထားဝယ် ရေနံ ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်း အမြန်ဆုံး စတင်ရန် အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသာ ပြီးဆုံးသွားပါက ထိုင်းနိုင်ငံ အနေဖြင့် ကုန်ပစ္စည်း ထားရှိမှုနှင့် လုပ်သား စရိတ်စက ဆိုင်ရာ ကုန်ကျငွေ များစွာ သက်သာသွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်မည် ဖြစ်သည်။ မလက္ကာ ရေလက်ကြားကို ရှောင်ရှားနိုင်မည့် အခြား ဖြစ်နိုင်ခြေ ရှိသည့် လမ်းကြောင်း တစ်ခုအား ထိုင်းအစိုးရက လေ့လာ တိုင်းတာမှုများ ပြုလုပ်ပြီး အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အဆိုပြု တင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ မေလတွင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာအရ Italian-Thai Development ကုမ္ပဏီက ထားဝယ် ရေနက် ဆိပ်ကမ်း၏ Site Operator အဖြစ် တာဝန်ယူ လုပ်ကိုင်မည် ဖြစ်သည်။

မြန်မာ အစိုးရနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့လည်း MoU တစ်ရပ်ကို လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း ထိုင်းစီးပွားရေးနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ပူးတွဲ ကော်မတီ (JSCCIB) ဒုတိယ ဥက္ကဌ Tanit Sorat က ပြောကြားသည်။

ဘတ်ငွေ ၃၅၀ ဘီလီယံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းရသည့် အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို JSCCIB က ကြီးမှူးပြီး Westgate Landbridge အမည်ရ စီမံကိန်း လက်အောက်မှ ထိုင်းအစိုးရ ဌာနများနှင့် စီးပွားရေး လုပ်ကိုင်သူများ အကြား ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။ စီးမံကိန်းတွင် အခြားသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် PTT၊ Nippon Steel၊ Egat နှင့် Petroleum National Berhad(Petronas) တို့ ပါဝင်သည်။

Landbridge စီမံကိန်းကို အပိုင်း နှစ်ပိုင်း ခွဲ၍ အကောင်အထည် ဖော်မည် ဖြစ်သည်။ ပထမ တစ်ပိုင်းမှာ လေးလမ်းသွား လမ်းမကြီး တစ်ခုကို လာမည့် ၂၀၁၁ ခုနှစ် အစောပိုင်း ကာလမှ စတင် ဖောက်လုပ်မည့် အစီအစဉ်ဖြစ်ပြီး ဒုတိယ တစ်ပိုင်းမှာ ရှစ်လမ်းသွား လမ်းမကြီး ဖောက်လုပ်ရေး ဖြစ်သည်။ နှစ်ပိုင်းစလုံး လာမည့် ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းရသည်။

Italian-Thai Development ကုမ္ပဏီမှ စီမံကိန်း မန်နေဂျာ Surin Vichian က အဝေးပြေး လမ်းမကြီးမှာ ကချနာဘူရီ ပြည်နယ် Phu Nam Ron မြို့မှ စတင်ကာ မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ချိတ်ဆက်မည် ဖြစ်ပြီး ကီလိုမီတာ ၁၆၀ ရှည်လျားမည်ဟု သိရသည်။

လက်ရှိ အနေအထားတွင် ထားဝယ်မှ Phu Nam Ron အကြား ကီလိုမီတာ ၁၀၀ အကွာအဝေး အထိ စီမံကိန်းအတွက် လမ်းကြောင်း ရှင်းလင်းမှုများ၊ တိုင်းထွာ မှတ်သားမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းနေရသော ပြဿနာများ ရှိသောကြောင့် သစ်တော ထူထပ်သည့် နေရာများတွင် စီမံကိန်းအတွက် လုပ်ကိုင် ဆောင်ရွက်မှုများကို ရှောင်ရှားသွားမည်ဟု သိရသည်။ သို့သော် မြန်မာနှင့် ထိုင်းအစိုးရတို့ ပူးတွဲ စီစဉ်ထားသည့် လမ်းဖောက်လုပ်ရေး စီမံကိန်းမှာ မည်သည့် ကျေးရွာ သို့မဟုတ် ကွန်မြူနစ်တီ တစ်ခုကိုမျှ ဖြတ်သန်းသွားမည် မဟုတ်ပေ။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် ပင်လယ် ဆိပ်ကမ်းများ နှင့် စက်မှုဇုန်များလည်း ပါဝင်သည်။ လာမည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စ၍ ပင်လယ် ရေနက်ဆိပ်ကမ်းကို စတင် တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါ ရေနက်ဆိပ်ကမ်း တစ်ခုတည်း အတွက် ကုန်ကျငွေ ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

The Nation သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

democracy for Burma, 20th September 2010

မြန်မာနိုင်ငံ သို့မဟုတ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာ နိုင်ငံ၏ မိတ်ဆွေများ အဖွဲ့သည် ကုလသမဂ္ဂ အထွေထွေ စကား အချေအတင် ပြောခြင်း (UN General Dabate) ရက်သတ္တပတ်တွင် နေရာ ရလိမ့်မည် ဖြစ်သည်။ ထိုသို့ ပြင်ဆင်မှုများ ကြားတွင် ကုလသမဂ္ဂမှ အဖွဲ့ (၁၅) ခုသည် စက်တင်ဘာလ (၁၆) ရက်နေ့က မီဒီယာအတွက် Paley Center တွင် မြန်မာ နိုင်ငံတွင် အမျိုးသမီးများ အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ စုံးစမ်းရေး အဖွဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

Nobel Women's Intiative မှ Jody Williams က လူရည်သန့် နယူးယောက် မြို့သားများကို ပြောကြားရာတွင် အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် Susan Rice အား မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ စုံစမ်းရေး အတွက် တောင်းဆိုမှုတွင် နောက်ကျရခြင်းအတွက် ကျေးဇူးတင်ကြောင်း စာရေးသင့်သည်ဟု ဆိုသည်။

သမ္မတ Obama က သန်းရွှေ၏ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရန် မူဝါဒ ပြောင်းခဲ့စဉ်က၊ အမေရိကန်၏ ရပ်တည်မှု ပြောင်းလဲခြင်း အတွက် အချို့က ကောင်းသော ရပ်တည်မှုဟု မပြောခဲ့ကြပေ။ ဘယ်သောအခါမျှ ဖြစ်လာလိမ့်မည် မဟုတ်သော နိုင်ငံတကာ စုံစမ်းရေးကို တောင်းဆိုမှုတွင် ပါဝင်ရန် အမည်မခံသော အမေရိကန် အစိုးရ တာဝန်ရှိသူ အတွက်သာ လွယ်ကူလိမ့်မည်ဟု ယုံကြည်မှု မရှိသူများက ပြောသည်။

ကုလသမဂ္ဂ  လုံခြုံရေး ကောင်စီမှ နေ့စဉ် သတင်း ပေးပို့နေသော Inner City Press က အမေရိကန်သည် ယခုအခါ မြန်မာနိုင်ငံ ကိစ္စကို တင်ပြရန်ပင် မကြိုးစားတော့ဟု အသေအချာ ပြောခဲ့သည်။ စက်တင်ဘာ (၁၆) မတိုင်မီ အစောပိုင်းက Inner City Press  နှင့် တွေ့ဆုံခဲ့သော အကြီးတန်း အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက အတွင်းရေးကို ပြောကြားရာတွင် လာမည့် မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖွဲ့ အစည်းအဝေးအတွက် ဘာမျှ ညွှန်ကြားချက် မရှိဟု ဆိုသည်။

စက်တင်ဘာ (၁၆) ရက် ဆွေးနွေးပွဲတွင် စဉ်းစားရန် တင်ပြမည့် မဟာဗျူဟာမှာ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) သို့ မြန်မာ နိုင်ငံအား ပို့ဆောင်ရေးကို ဖိအားပေးရေး ဖြစ်သည်။ မြန်မာ နိုင်ငံသည် ICC  အဖွဲ့ဝင် နိုင်ငံ မဟုတ်သည့် အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ပြုလုပ်ပေးရုံဖြင့် အဆိုပါ ကိစ္စ မပြီးမြောက်နိုင်ပေ။

သို့သော် မြန်မာနိုင်ငံကို ICC သို့ ပို့ဆောင်ရေး ကိစ္စတွင် တရုတ်နှင့် ရုရှားတို့၏ ထောက်ခံမှု ရရှိရေးမှာမူ ရှင်းလင်းစွာ သိရှိနိုင်သော အချက် ဖြစ်သည်။ ကြာသပတေး နေ့ညက ဆွေးနွေးပွဲတွင် ထူးဆန်းသော အချက်မှာ China ဆိုသော စကားလုံးကို လုံးဝ မဟခြင်းပင် ဖြစ်သည်။ အချို့ တက်ရောက်သူများက အနေဖြင့် အောင်မြင်ရန် အခွင့်အလမ်း မရှိသော မဟာဗျူဟာကို မြှင့်တင်ရာတွင် ထူးဆန်းမှုများ တွေ့ကြရခြင်း ဖြစ်သည်။ သို့သော် ဤမဟာဗျူဟာမှာ ရည်မှန်းချက် ပန်းတိုင် ဟုတ်မဟုတ်ကိုမူ မေးခွန်းထုတ်ရန် ရှိနေသည်။

၂၀၁၀ မတ်လက မြန်မာနိုင်ငံ၏ အမျိုးသမီးများ အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ဆိုင်ရာ အစည်းအဝေး အပြီးတွင် Jody Williams နှင့် Women's League of Burma မှ သင်းသင်းအောင် အပါအဝင် အခြားသူများသည် အထွေထွ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ယခု အချိန်ထိ ဘာမျှ ထူးခြား မလာသေးသည်မှာ အမှန် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Human Rights Watch, 20th September 2010

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်ကို ဖိလစ်ပိုင် အစိုးရ အနေဖြင့် လူသိရှင်ကြား ထောက်ခံ အားပေးသင့်ကြောင်း Human Rights Watch က ဖိလစ်ပိုင် သမ္မတ နစ်နိုအကွီနို (၃) ထံ ပေးစာတွင် ယနေ့ တောင်းဆိုလိုက်သည်။

Human Rights Watch က သမ္မတ အကွီနိုအား အထက်ပါ ကိစ္စကို အာဆီယံ အဖွဲ့တွင် တင်ပြ ဆွေးနွေးရန်နှင့် ၂၀၁၀ စက်တင်ဘာလ ၂၄ ရက်နေ့တွင် နယူးယောက်၌ ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုပြုချက်ကို အားပေး ထောက်ခံရန် တိုက်တွန်းလျက် ရှိသည်။

"အကွီနို အစိုးရ အနေနဲ့ အာဆီယံကို ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ညှဉ်းပန်း နှိပ်စက်မှု ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းသင့်ပါတယ်" ဟု Human Rights Watch မှ အာရှ ရေးရာ ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြားသည်။ "အာဆီယံ အဖွဲ့ အနေနဲ့လည်း သူ့ရဲ့ အဖွဲ့ဝင်တွေထဲက လူ့အခွင့်အရေး ညှင်းပန်းမှုတွေကို ကိုင်တွယ်ဖို့ လက်ရှောင်နေတာထက် တရား မျှတမှုကိုပဲ အားပေး မြှင့်တင်ဖို့ လိုပါတယ်" ဟုလည်း သူမက ဆက်လက် ပြောကြားသည်။

ဇွန်လ ၃၀ ရက်က ပြောကြားခဲ့သော နှုတ်ခွန်းဆက် မိန့်ခွန်းတွင် အကွီနိုက "တရားမျှတမှု မရှိဘဲနဲ့ ပြန်လည် ရင်ကြားစေ့ ပေါင်းစည်းလို့ မရနိုင်ပါဘူး။ ရာဇ၀တ်မှုတွေကို အရေးမယူဘဲ ထားလိုက်မယ်ဆိုရင် ထပ်ထပ်ခါခါ ကျူးလွန်အောင် ခွင့်ပေးသလို ဖြစ်နေလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ "ဒါက မြန်မာ နိုင်ငံအတွက် သီးသန့် ခေါင်းလောင်း ထိုးလိုက်တာပါ" ဟု Human Rights Watch က ဆိုသည်။ မြန်မာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ကျူးလွန်ခဲ့ကြသော ရာဇ၀တ်မှုများ အရေးယူ မခံရဘဲ လွတ်မြောက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စကို အားပေးရာတွင် အကွီနို အနေဖြင့် သူ၏ ကွယ်လွန်သူ မိခင် ကိုရာဇဉ်အကွီနို ဖောက်ခဲ့သော လမ်းကို လိုက်ရမည် ဖြစ်သည်။ ၁၉၉၉ ဇွန်လ အာရှပစိဖိတ်ဒေသ ဒီမိုကရေစီ ခေါင်းဆောင်များ ဖိုရမ်တွင် "အခု မြန်မာနိုင်ငံရဲ့ အလှည့်ပါ" ဟု ခေါင်းစဉ် တပ်ထားသော မိန့်ခွန်းကို သူမက ပြောကြားရာတွင် "အခု မြန်မာနိုင်ငံမှာ တရားမျှတမှု ပျောက်ဆုံးနေတဲ့ အတွေးကနေ နောက်ဆက်တွဲ ပေါ်လာတဲ့ တရားမျှတမှု ခံစားချက် တစ်မျိုး ဖိလစ်ပိုင်တွေရဲ့ စိတ်မှာ ရှိနေပါတယ်။ ဒီနှစ်တွေ အတောအတွင်း မြန်မာလူထုဟာ သနား ညှာတာခြင်း၊ အလုပ် ကြိုးစားခြင်းတွေ ရှိခဲ့သလို ရဲရင့်မှုနှင့် သည်းခံမှုတွေကိုလည်း ပြသခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။

ဆယ်စုနှစ် တစ်စု ကြာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆိုးဝါးသော လူ့အခွင့်အရေး၊ ညှဉ်းပန်းမှုများ အတွက် တာဝန်မယူမှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး ယခု နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်သည် တရားမျှတမှုအတွက် အရေးပါသည့် အဆင့်တစ်ဆင့် ဖြစ်လာဖွယ် ရှိသည်ဟု Human Rights Watch က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးမည့် နိုင်ငံတကာ ကော်မရှင် တစ်ရပ် ဖွဲ့စည်းရေး အလားအလာကို စဉ်းစား သုံးသပ်ရန် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ogea Quintana က မတ်လတွင် ကုလသမဂ္ဂကို တောင်းဆိုခဲ့သည်။

အဆိုပါ ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို လူသိရှင်ကြား ထောက်ခံ ကြေညာခဲ့သော နိုင်ငံများတွင် သြစတြေးလျ၊ ကနေဒါ၊ ချက်ရီပတ်ဘလစ်၊ ဟန်ဂေရီ၊ ဆလိုဗေးကီးယား၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

"သမ္မတ အကွီနိုရဲ့ လူ့အခွင့်အရေး ပြောဆိုမှုတွေကို အလုပ်နဲ့ သက်သေပြဖို့ အတွက် လက်ရှိ မြန်မာနိုင်ငံ အနေအထားက အခွင့်အရေးပါပဲ" ဟု Pearson က ဖိအားပေးလိုက်သည်။

နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်ကို ထောက်ခံခြင်းသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ဖောက်ဖျက်မှု မှတ်တမ်းများကို စိုးရိမ်ပူပန်မှုကြောင့် ထုတ်ဖော်ခဲ့သည့် ဖိလစ်ပိုင်၏ ယခင် လုပ်ရပ်များနှင့် တစ်ထပ်တည်း ကျလိမ့်မည်ဟု Pearson က ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 BBC News, 20th September 2010

စက်မှု လုပ်ငန်းသုံး ဓာတုပစ္စည်း မယ်လမင်း ပါဝင်သည့် နို့မှုန့်များ ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ မြောက်ပိုင်း နို့ထွက်ပစ္စည်း လုပ်ငန်းမှ လူ ၇ ဦးကို ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မယ်လမင်း ပါဝင်သော သက်တမ်းလွန် နို့မှုန့်များနှင့် ပတ်သက်၍ စွပ်စွဲ ခံရသူများထဲတွင် ရှန်ဇီပြည်နယ် နို့ထွက်လုပ်ငန်း တစ်ခုမှ အထွေထွေ မန်နေဂျာ ပါဝင်သည်ဟု ဥပဒေ အရာရှိများက ပြောကြားသည်။

မသန့်ရှင်းသော နို့မှုန့် ၂၆ တန်ကို နိုင်ငံ အလယ်ပိုင်း ဟူနန်နှင့် ဟီနန် ပြည်နယ်များတွင် ဖြန့်ဖြူးခဲ့ကြခြင်း ဖြစ်သည်။

မယ်လမင်း ပါဝင်သည့် နို့မှုန့်များကြောင့် ၂၀၀၈ ခုနှစ်အတွင်း ကလေးငယ် ၆ ဦး သေဆုံးခဲ့ပြီး ၃ သိန်းခန့် နေထိုင် မကောင်း ဖျားနာခဲ့ကြရသည်။

မယ်လမင်းသည် ဖိုင်ဘာ ပလပ်စတစ်များ၊ ဓါတ်မြေသြဇာများနှင့် အင်္ဂတေ ဖျော်စပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း ဖြစ်သည်။

မယ်လမင်းကို စားသောက်ကုန်များတွင် ထည့်သွင်း လိုက်သောအခါ ပရိုတင်း ဓါတ်အား မြင့်မားသော လက္ခဏာ ပေါ်ထွက်လာသော်လည်း ကျောက်ကပ် ကျောက်တည်ခြင်းနှင့် ကျောက်ကပ် ပျက်စီးမှုကို ဖြစ်ပွားစေနိုင်သည်။

၂၀၀၈ ခုနှစ်တွင် တရုတ် နို့ထွက်ပစ္စည်း ကုမ္ပဏီ ၂၂ ခု၏ ထုတ်ကုန်များ၌ မယ်လမင်းကို တွေ့ရှိခဲ့ရာ၊ တရုတ် နို့ထွက်ပစ္စည်း ကုမ္ပဏီ ၅ ခုလျှင် ၁ ခု ပါဝင် ပတ်သက်နေခြင်းပင် ဖြစ်သည်။

အဆိုပါ ယုတ်ညံ့သော လုပ်ရပ်တွင် ပါဝင် ပတ်သက်သည့် လူ ၂၀ ခန့်ကို တရုတ် အစိုးရက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ၂ ဦးကိုမူ သေဒဏ် ချမှတ်ခဲ့သည်။

၎င်းဖြစ်ရပ်ကြောင့် ကမ္ဘာတစ်လွှားမှ တရုတ် နို့ထွက် ပစ္စည်းများကို ပြန်လည် သိမ်းဆည်းခဲ့ကြရသည်။

ယင်းသို့ မယ်လမင်း ပါသော နို့ထွက်ပစ္စည်းများနှင့် ပတ်သက်၍ နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည့် ကြားမှ ၂၀၀၈  နောက်ပိုင်း ၎င်းပစ္စည်းများ ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Indo.Asian News Service, 20th Sept 2010

မီဇိုရမ် ပြည်နယ် အစိုးရသည် ပြည်နယ်တွင်း တရားမဝင် နေထိုင်သော မြန်မာ နိုင်ငံသားများကို စတင် နှိမ်နှင်းလျက် ရှိသည်ဟု သက်ဆိုင်ရာ အရာရှိများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

မီဇိုရမ် ရဲတပ်ဖွဲ့သည် အိုက်ဇောနှင့် ဆင်ခြေဖုံး ဒေသများတွင် အသိုက်အမြုံ ထူထောင်နေသော တရားမဝင် နေထိုင်သူ မြန်မာ ၅၂ ဦး ကို ပြီးခဲ့သော ၂ ရက်က ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

အဆိုပါ တရားမဝင် ဝင်ရောက် နေထိုင်သူများကို မြန်မာ နိုင်ငံသို့ မကြာမီ ပြန်ပို့မည်ဟုလည်း သိရှိရသည်။

မီဇိုရမ် ပြည်နယ် တဝှမ်း နေထိုင်နေသော မြန်မာများမှာ ခန့်မှန်းခြေ အရေအတွက် ငါးသောင်းခန့် ရှိသည် ဟုလည်း သိရသည်။

မီဇိုရမ် အစိုးရသည် ပြည်နယ်တွင်းရှိ ကျောက်မျက် ရတနာဆိုင်များ၊ ကားဝပ်ရှော့များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ အထည်စက်ရုံများ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ် လုပ်နေသော မြန်မာများအား ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ဝင်ခွင့် ပါမစ်နှင့် ယာယီ နေထိုင်ခွင့်များ ထုတ်ပေးခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံသား မြောက်မြားစွာသည် မီဇိုရမ် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်၍ နေထိုင်လျက် ရှိကြသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

တရားဝင် ပြည်ဝင် ပါမစ် မပါသော မြန်မာ-မီဇို လူမျိုးများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကူးကာ ကုန်သွယ်ရေး ကိစ္စအတွက် ၁၆ ကီလိုမီတာ အထိ သွားလာနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ဝင်ခွင့် ပါမစ်နှင့် ယာယီ နေထိုင်ခွင့် ပါမစ်များ ထုတ်ပေးခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံသား မြောက်မြားစွာသည် မီဇိုရမ် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်၍ နေထိုင်လျက် ရှိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

တရားဝင် ပြည်ဝင် ပါမစ် မပါသော မြန်မာ-မီဇို လူမျိုးများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကူးကာ ကုန်သွယ်ရေး ကိစ္စအတွက် ၁၆ကီလိုမီတာ အထိ သွားလာနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက မီဇိုရမ် အစိုးရကို လတ်တလော ပြောကြားခဲ့ကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

၎င်းတို့ အနက်မှ အချို့သည် မူးယစ်ဆေးဝါး ဆက်စပ် အမှုများ အပါအဝင် ရာဇဝတ်မှုခင်းများ လတ်တလော ကျူးလွန်လျက် ရှိကြသောကြောင့် ရဲတပ်ဖွဲ့က နှိမ်နှင်းခဲ့ရခြင်း ဖြစ်သည်ဟု ရဲမှူးက ဆိုသည်။

"တစ်ချိန်တည်းမှာ ထရိုင်ပူရ အနောက်ပိုင်း ဆိုနာမူရာ နယ်စပ်က တဆင့် အိန္ဒိယ နိုင်ငံထဲကို ဝင်လာကြတာပါ" ဟု ရဲအရာရှိက ပြောကြားသည်။

၎င်းမြန်မာများအား ကနဦး စစ်ဆေး မေးမြန်းရာတွင် ၎င်းတို့က ထရိုင်ပူရနှင့် အာသံမှ တဆင့် အိန္ဒိယ နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းမှာ အလုပ်အကိုင် ရှာဖွေရန် ဖြစ်သည်ဟု ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Indo.Asian News Service, 20th September 2010

လာမည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံနှင့် တာဝန်ရှိ စစ်ဘက် အရာရှိများအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရန် အဆိုပြုထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။ ယင်းသို့ အဆိုပြုခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်၌ ကာလ အတန်ကြာ ဖြစ်ပေါ်နေသော တင်းမာမှုများ လျော့ကျ သွားမည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ပြီးခဲ့သည့် မတ်လတွင် နစ်မြုပ်ခဲ့သည့် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား ဘက်က တာဝန်ယူ လုပ်ကိုင်ပေးမှုများ ပြုလုပ်လာရေး၊ တောင်ကိုရီးယားအပေါ် ပြုံယမ်း ကွန်မြူနစ် အစိုးရက ပြစ်တင် ဝေဖန်မှုများ၊ အနောက်ဘက် ကမ်းခြေဒေသမှ အငြင်းပွားဖွယ် ရေပိုင်နက် ကိစ္စ အစရှိသည်တို့ အတွက် ဆွေးနွေး ညှိနှိုင်းရန် အဆိုပြုထားခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက စက်တင်ဘာလ ၂၄ ရက်နေ့တွင် အပစ်အခတ် ရပ်စဲထားသည့် ကျေးရွာ ဖြစ်သော Panmunjom ၌ တောင်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က အဆိုပြုခဲ့သည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ် တိုက်ခိုက် ခံရခြင်းကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့က စွပ်စွဲ ပြောဆိုမှုများ ပြုလုပ်ခဲ့သည့် အချိန်မှစ၍ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လိပ်ခဲတည်းလည်း အခြေအနေသို့ ရောက်ရှိခဲ့သည်။

မြောက်ကိုရီးယားကမူ စွပ်စွဲ ပြောဆိုချက်များ တစ်ခုမှ ဟုတ်မှန်မှု မရှိကြောင်း ငြင်းပယ်ထားသည်။

မြောက်ကိုရီးယားက ရေလွှမ်းမိုးမှုနှင့် ရေးဘေး ဒုက္ခသည်များ အရေးကိစ္စများ၊ စီးပွားရေး ကျဆင်းမှုများ အတွက် ခဲရာခဲဆစ် လုပ်ကိုင်နေရခြင်း၊ ကင်ဂျုံအီလ်၏ ခေါင်းဆောင်နေရာ လွှဲပြောင်း ပေးရေးအတွက် ပြင်ဆင်နေရခြင်း အစ ရှိသည်တို့ကြောင့် တောင်-မြောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာမှုများ ပြေလျော့လာမည့် အနေအထားမျိုး တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်ကိုရီးယားက မြောက်ကိုရီးယား ရေဘေး ဒုက္ခသည် များအတွက် ဆန်များ တင်ပို့ပေးခဲ့သည်။ တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများ ပြေငြိမ်းရေးအတွက် ကြိုးပမ်းမှု တစ်ရပ်ဟုလည်း ယူဆရသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 19th September 2010

ပြီးခဲ့သည့် အပတ်က ဖမ်းထားသော တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဂျပန်က လွှတ်မပေးပါက ပြင်းထန်သော တုန့်ပြန်မှုများ ပြုလုပ်မည်ဟု တရုတ်က တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။

တရုတ် ကပ္ပတိန်သည် အရှေ့ တရုတ် ပင်လယ်ရှိ အငြင်းပွားနေသော Diaoyu ကျွန်းများမှ ထွက်လာပြီး ဂျပန် ကင်းလှည့် သင်္ဘော နှစ်စီးနှင့် ၀င်တိုက်မိသောကြောင့် ယခုလ အစောပိုင်းက ဖမ်းဆီးထားခြင်း ဖြစ်သည်။ ၎င်းကို ဂျပန် တာဝန်ရှိသူများအား တာဝန် ထမ်းဆောင်စဉ် ၀တ္တရား နှောင့်ယှက်မှုကြောင့် ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

          "ကျွန်ုပ်တို့ အနေနဲ့ တရုတ် ကပ္ပတိန်ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ ဂျပန်ကို တောင်းဆိုပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ma Zhaoxu က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက သတင်း ဖော်ပြခဲ့သည်။

တရုတ်သည် ၀န်ကြီးအဆင့်နှင့် အထက် နှစ်နိုင်ငံ ဖလှယ်ရေး အစီအစဉ်များ ရပ်ဆိုင်းထားကြောင်း ဆင်ဟွာက သတင်း ဖော်ပြခဲ့ပါသည်။ တရုတ်သည် ဂျပန်နှင့် နှစ်နိုင်ငံ လေကြောင်း တိုးချဲ့ပျံသန်းရေး၊ လေကြောင်း ရပိုင်ခွင့်များ တိုးချဲ့ရေး ကိစ္စများ ဆွေးနွေးနေမှုများကို ရပ်ဆိုင်းထားကြောင်း ဖော်ပြထားသည်။

          ကျောက်မီးသွေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းထားကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

          "ဂျပန်ဟာ ဆက်ခေါင်းမာပြီး နောက်ထပ် အမှား ကျူးလွန်မယ် ဆိုရင်တော့ တရုတ်အနေနဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု ပြုလုပ်မှာ ဖြစ်ပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို ဂျပန်က ခံရမှာ ဖြစ်ပါတယ်" ဟု Ma က သတင်း ကြေငြာချက်တွင် ပြောခဲ့သည်။

          ဂျပန်သည် သင်္ဘောသား (၁၄) ဦးကို လေယာဉ်ဖြင့် တရုတ်သို့ ပြန်ပို့ခဲ့ပြီး ငါးဖမ်း သင်္ဘောကိုလည်း ပြန်ပေးခဲ့ပြီး ဖြစ်သည်။

          အဆိုပါ အဖြစ်အပျက်သည် နှစ်နိုင်ငံကြားနှင့် နိုင်ငံသားများကြား တင်းမာမှုကို ဖြစ်စေသည်။

          Beijing, Shanghai နှင့် Shenyang တို့တွင် စနေနေ့က ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး တရုတ်ရှိ ဂျပန်သံရုံးက တရုတ်ပြည်ရှိ ဂျပန် နိုင်ငံသားများအား သတိဝိရိယ ရှိကြရန် သတိပေးခဲ့သည်။

          "တရုတ်အနေနဲ့ ထပ်တလဲလဲ ပြောလိုတာက ကပ္ပတိန်အပေါ် ဂျပန်ရဲ့ တရားဥပဒေအရ အရေးယူမှု အဆင့်ဆင့်ဟာ တရားမ၀င်ပါဘူး။ လုပ်လို့ မရပါဘူး။ ကျွန်ုပ်တို့ အနေနဲ့ ဂျပန်တို့က ကပ္ပတိန်ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မဟုတ်ရင်တော့ ဖြစ်လာသမျှ ခါးစည်းခံရပါလိမ့်မယ်" ဟု Ma က သတိပေး ပြောကြားခဲ့သည်။