Transparency Myanmar

transparency.myanmar@gmail.com

Fobes Asia Magazine, By Lee Kuan Yew, 3rd December 2010

လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် အကြီးအကျယ် တိုးတက်ခဲ့ရာ တစ်နှစ်လျှင် ၁၀ % တစ်ခါတစ်ရံ ၁၂ % ထိ မှန်မှန်တက်ခဲ့သည်။ တရုတ် နိုင်ငံသည် ထိုသို့ မြင့်မားသည့် တိုးတက်မှုနှုန်းကို နောက်ထပ် အနည်းဆုံး ဆယ်စုနှစ် တစ်ခု ထိန်းသိမ်း ထားနိုင်မည်လော။ ကျွန်ုပ် အနေဖြင့်မူ ထိန်းသိမ်း ထားနိုင်မည်ဟု ထင်မြင်သည်။ တရုတ်သည် အခြေခံမှစ၍ တက်လာခြင်း ဖြစ်ပြီး၊ ၎င်း၏ ၁.၃ ဘီလီယမ်ရှိ ပြည်တွင်း စားသုံးသူများကပင် ထိုနှုန်းကို ထိန်းထားနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါ စားသုံးသူများ၏ ဝင်ငွေများ အနက်က ပိုလျှံငွေမှာ တိုးတက်လျက် ရှိသောကြောင့် ဖြစ်သည်။

၎င်း၏ GDP ကလည်း တိုးတက်လာသောကြောင့် နိုင်ငံတကာနှင့် ပတ်သက်သော ကိစ္စရပ်များတွင် ၎င်း၏ ပြောစကား အရာ ရောက်လာသော အခြေအနေသို့ ရောက်ရှိလာသည်။ တရုတ်၏ အစွန်ရှိ ကိုရီးယား၊ ဂျပန်နှင့် တိုင်ဝမ်အပြင် အာဆီယံ ဆယ်နိုင်ငံသည် တရုတ်၏ တိုးတက် လာသော သြဇာ လွှမ်းမိုးမှုကို ခံစာေးနရသည့် နိုင်ငံများ ဖြစ်သည်။ ၎င်းနိုင်ငံများသည် ၎င်းတို့၏ မူဝါဒများကို ဆုံးဖြတ်ရာတွင် တရုတ်ကို ထည့်သွင်း စဉ်းစားလာကြရပြီ ဖြစ်သည်။ တိုက်ရိုက် ခြိမ်းခြောက်မှုများ မရှိသော်လည်း၊ ၎င်း၏ ကြီးမားသော ဈေးကွက်နှင့် ဆက်သွယ်ရန် ငြင်းဆန်သူအား၊ ၎င်း၏ အကျိုးစီးပွားကို ဆန့်ကျင်သူအဖြစ် တရုတ်က ဒဏ်ခတ်နိုင်သည့် အနေအထားတွင် ရှိသည်။ ထို့ကြောင့် အဆိုပါ နိုင်ငံများသည် ၎င်းတို့ကို တရုတ်အား မနှစ်သက်သည့် နိုင်ငံအဖြစ် မြင်သွားမည်ကို မလိုလားကြပေ။ ထိုနည်းတူစွာပင် ကမ္ဘာ တစ်လွှားတွင်လည်း ထိုသို့သော တရုတ်အား ရှောင်ဖယ်၍ မရနိုင်သော အခြေအနေမှာ တိုးပွားလာလျက် ရှိပြီး၊ ကမ္ဘာကြီး၏ ပါဝါ ချိန်ခွင်လျှာသည် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

အမေရိကန်ကလည်း တရုတ်၏ တိုးတက် ကြီးထွား လာနေသော အနေအထားကို သဘောပေါက်သည်။ တစ်ဦးချင်း၏ သဘောထားအမြင် အပေါ် မူတည်၍ တရုတ်က ပြန်လည် တုန့်ပြန်လိမ့်မည် ဖြစ်သည်။ တရုတ်က ၎င်းအပေါ် မနှစ်မြို့ဟု ယူဆခဲ့လျှင် ၎င်း၏ ထောက်ခံမှု လိုအပ်သော နိုင်ငံတကာ ကိစ္စရပ်များနှင့် မူဝါဒများတွင် ပူးပေါင်း ဆောင်ရွက်မှု မပြုပဲ တုန့်ပြန်လိမ့်မည် ဖြစ်သည်။

စင်္ကာပူသည် တရုတ်နှင့် အထူး ဆက်ဆံရေး ရှိသည်။ စင်္ကာပူ နိုင်ငံသား မိမိတို့သည် ၇၅ % တရုတ်သွေး ပါပြီး၊ တရုတ်သည် ဒုတိယ ဘာသာစကား ဖြစ်ကာ၊ ကျောင်းများတွင် တရုတ် ဘာသာကို သင်ကြားနေသည်။ ထို့ကြောင့် ကောင်းမွန်သော ဆက်သွယ်ရေး ရှိပြီး၊ တရုတ် ကုမ္ပဏီ ၃၅၀၀ ခန့်သည် စင်္ကာပူတွင် အခြေစိုက်၍ စီးပွားရေး လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအထဲမှ ကုမ္ပဏီ ၁၅၅ ခုသည် စင်္ကာပူ စတော့ ဈေးကွက်တွင် စာရင်းဝင်လျက် ရှိသည်။ တရုတ်များသည် စင်္ကာပူတွင် အခြေစိုက်၍ ဒေသတွင်းကို လေ့လာပြီး၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာ ဈေးကွက်များသို့ တဖြည်းဖြည်း ဝင်ရောက်ခဲ့သည်။ ထို့အပြင် စင်္ကာပူ နိုင်ငံသား တရုတ် စီးပွားရေး သမားများသည် မန်ဒရင်း ဘာသာစကားကို ပြောနိုင်သဖြင့် တရုတ်တွင် ရင်းနှီး မြှုပ်နှံ၍ တရုတ် လုပ်သားများ စုစည်းရာတွင် လွယ်ကူသည်။ သို့သော် စင်္ကာပူကို ဖြစ်စေ၊ ဒေသတွင်း နိုင်ငံများကို ဖြစ်စေ တရုတ်က အသာစီး ဆက်ဆံနေသော ကိစ္စရပ်မှာ တရုတ် အာဏာပိုင်များက ၎င်းတို့၏ စာပေ ရေးသားမှုမှာ လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) BC ၃၀၀၀ မှ စခဲ့သည် ဖြစ်ရာ၊ "ခင်ဗျားတို့ နိုင်ငံ သက်တမ်း ဘယ်လောက် ရှိပြီလဲ" ဟု ပြောလေ့ ရှိခြင်းပင် ဖြစ်သည်။

တရုတ်၏ အစွန် ကျွန်းဆွယ်နိုင်ငံများသည် တရုတ် ဈေးကွက်၏ ဆွဲဆောင်မှုကို မည်သူမျှ မတွန်းလှန်နိုင်ပေ။ တဖြည်းဖြည်းနှင့် ကျွန်ုပ်တို့သည် တရုတ်၏ စီးပွားရေး ပတ်လမ်း အတွင်းသို့ မရပ်မနား သက်ဆင်း ကြရတော့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခု အတွင်း တရုတ်၏ မူဝါဒများကို ပြန်ကြည့်လျှင် တရုတ်သည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းများ ဖြစ်သော ကိုရီးယား၊ ဂျပန်နှင့် တိုင်ဝမ်အပြင် အာဆီယံ နိုင်ငံများကိုလည်း ၎င်း၏ စီးပွားရေး အဖွဲ့အစည်း အတွင်း သွပ်သွင်းရန် မူဝါဒတိုင်းတွင် ရည်ရွယ်ချက် ထား၍ ချမှတ်ခဲ့သည်ဟု သံသယ အနည်းငယ် ရှိဖွယ် ဖြစ်သည်။ တချိန်တည်းမှာပင် ကျွန်ုပ်တို့ကလည်း ၎င်းနှင့် ကူးသန်း ရောင်းဝယ်မှု ရင်းနှီး မြှုပ်နှံမှု အကျိုး အမြတ်များ ပေါ်တွင် ပျော်မွေ့ခဲ့ကြသည် ဖြစ်သည်။

တရုတ်သည် ဒေသတွင်းက လစ်လျူရှု၍ မရနိုင်တော့သော နိုင်ငံရေးနှင့် စီးပွားရေး ပါဝါ ဖြစ်လာနေသည်။ သို့သော် တရုတ်ကလည်း အမေရိကန်ကို လစ်လျူရှု၍ မရနိုင်သော အခြေအနေ ရှိပြန်သည်။ အမေရိကန်၏ သန်း ၃၁၀ သော လူဦးရေသည် တရုတ်၏ ၁.၃ ဘီလီယံ လူဦးရေနှင့် စာလျှင် နည်းလွန်းလှသည်ဟု ဆိုသော်လည်း အမေရိကန် ပြည်သူ တစ်ဦးချင်းစီ၏ ဝယ်လိုအားသည် တရုတ်လူမျိုး တစ်ဦးထက် အဆများစွာ သာလွန် နေသည်။ အမေရိကန် အနေဖြင့် တရုတ်၏ ဆွဲဆောင်နေမှုကို တုန်ပြန်ရေး အတွက် အချိန် ရှိနေသေးသည် ဖြစ်ရာ ဒေသတွင်း အခြား နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ရရှိရေးကို ပြုလုပ်ရမည် ဖြစ်သည်။ သို့မှသာ ထိုတိုင်းပြည်များ အဖို့ တရုတ်ဈေးကွက် တစ်ခုတည်းပေါ်တွင် မှီခိုနေရမှုအား အကာအကွယ် ပေးသလို ဖြစ်ချေမည်။

ကံမကောင်းစွာပင် အမေရိကန် ကွန်ဂရက်သည် လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် FTA အသစ် မှန်သမျှကို ဆန့်ကျင်နေသည်။ အကယ်၍ လာမည့် ကွန်ဂရက်သည် FTA များကို ဆက်လက် ဆန့်ကျင်နေမည် ဆိုပါက၊ တန်ဖိုးရှိသော အချိန်များ ကုန်ဆုံးသွားမည် ဖြစ်ပြီး၊ နောက်တဖန် ကြိုးစားရန် အလွန် နောက်ကျ သွားလိမ့်မည် ဖြစ်သည်။ ကွန်ဂရက် အနေဖြင့် ယခု ကိစ္စတွင် ဆုံးရှုံးမှု ကြီးမားနိုင်သည် ဆိုသည်ကို သဘော ပေါက်အောင် ပြုလုပ်ရမည် ဖြစ်သည်။ အမေရိကန်နှင့် တရုတ် ဈေးကွက်များကြား ဆက်ဆံရေးတွင် သာတူညီမျှ တန်းတူဖြစ်ရေး ဆိုသည့် ကိစ္စမှာ သာ၍ ခက်ခဲလာပြီ ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ နှစ်စဉ် ဒေသတွင်း နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများ အပေါ်တွင် ထုတ်ကုန် သွင်းကုန်များ အပေါ်တွင် တရုတ်က အမေရိကန်ထက် ပို၍ ဆွဲဆောင်မှု ရှိလာသည်။ FTA မရှိပဲ ပင်လျှင် ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်နှင့် အာဆီယံ နိုင်ငံများသည် တရုတ်၏ စီးပွားရေးတွင် စုစည်း မိကြတော့မည် ဖြစ်သည်။ ထိုရလဒ်မှာ အမေရိကန် အတွက် မကောင်းပေ။

ထိုကိစ္စအား တန်ပြန် ထိန်းညှိရေး အတွက် အိန္ဒိယအား ဆွဲသွင်း လာရေးသည် အရေးကြီးသည်။ သို့သော် အိန္ဒိယက အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်နှင့် အာဆီယံ နိုင်ငံများနှင့် FTA ကို ဝင်ရောက်ရန် ဆန္ဒ ရှိမရှိ မသိနိုင်ပေ။ စင်္ကာပူနိုင်ငံ အတွက်မူ အိန္ဒိယနှင့် FTA ရှိပြီး ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သို့သော် မိမိတို့ နိုင်ငံမှာ သေးငယ်သော နိုင်ငံလေး ဖြစ်သည့် အလျောက် အထက်ပါ ထုတ်ကုန် သွင်းကုန် ဈေးကွက်ကြီးကို ထိန်းညှိ ပေးနိုင်လောက်အောင် ကိုယ်စားပြုခြင်း မရှိပေ။ အကယ်၍သာ အိန္ဒိယက စုပေါင်း ဈေးကွက်တွင်းသို့ ဝင်ရန် သဘောတူပါက တရုတ်၏ ဆွဲအားကို ပြန်လည် ထိန်းကျောင်းရန် လုံလောက်သော အင်အားပင် ဖြစ်ချေမည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 6th December 2010

ကရင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာ အစိုးရ တပ်ဖွဲ့များ အကြား တိုက်ခိုက်မှုများ နောက်တစ်ချီ ဖြစ်ပွားခြင်းကြောင့် ဒုက္ခသည် တစ်ထောင်ကျော် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေး ဝင်ရောက် သွားကြသည်ဟု သိရသည်။

မဲဆောက် ခရိုင် တမ်ဘွန် မယ်ဟာဝမ်ရှိ နယ်ခြား ကင်းလှည့် ရဲတပ်ဖွဲ့ စခန်းတွင် ဒုက္ခသည် ၁၁၂၉ ဦး ခိုလှုံနေသည်ဟုလည်း တပ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဒုက္ခသည် အများစုမှာ တိုက်ပွဲ ဖြစ်ပွားသည့် သောကြာနေ့ညက ထွက်ပြေး လာကြသော်လည်း နောက်ဆုံး ၅ ဦး အသုတ်မှာမူ မနေ့ညကမှ ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲများ ဖြစ်ပွားနေသရွေ့ အာဏာပိုင်များက ဒုက္ခသည်များကို မြန်မာ နိုင်ငံသို့ ပြန်မပို့ပါဟု ပြည်နယ် အုပ်ချုပ်ရေးမှူးက အခိုင်အမာ ပြောကြားသည်။

"တိုက်ပွဲတွေ အချိန် အတော်ကြာ ဆက်ဖြစ်နေမယ့် အလားအလာ များပါတယ်။ လူသားချင်း စာနာတဲ့ အုပ်စုတွေနဲ့ ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်တွေကို အစာ၊ ရေ၊ ဆေးဝါး စောင့်ရှောက်မှုတွေ ဖြည့်ဆည်းပေးပြီး၊ အကောင်းဆုံး စောင့်ရှောက်နေပါတယ်" ဟု ၎င်းက ဆိုသည်။

နယူးယောက် အခြေစိုက် Human fights watch ကမူ ထိုင်းအစိုးရအား "မြန်မာနိုင်ငံ အရှေ့ပိုင်း ပဋိပက္ခမှ ထွက်ပြေးလာသော ဒုက္ခသည်များကို အချိန် မတန်ခင် ဌာနေ ပြန်ပို့ခံရသည့် လူသား ပင်ပေါင် ဘောလုံးများ အဖြစ် ဆက်ဆံနေခြင်းကို ရပ်တန့်ရန်" တောင်းဆိုထားသည်။

နိုဝင်ဘာလ တိုက်ပွဲများ ဖြစ်ပွားချိန် မှစ၍ ဒုက္ခသည် ၂ သောင်းကျော် ထိုင်းနိုင်ငံသို့ ဝင်ရောက် ထွက်ပြေး သွားကြပြီး ရက်ပိုင်းအတွင်း အများစု ပြန်လာကြသည့် အချိန်တွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်းကြောင့် ဒုက္ခသည်များ ဆက်တိုက် ထွက်ပြေး နေကြရသည်ဟု လူ့အခွင့်အရေး အုပ်စု၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ခိုလှုံစဉ် ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ် လိုအပ်နေသည့် အရပ်သားများ အပေါ် အစိုးရ တပ်ဖွဲ့များ၏ အကြမ်းဖက် နည်းဗျူဟာများ ပြောင်းလဲသွားစေရန် နိုဝင်ဘာ ၇ ရက် မြန်မာနိုင်ငံ ရွေးကောက်ပွဲက ဘာမှ လုပ်ဆောင်ပေးခြင်း မရှိဟု  Human Rights Watch အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ E Laine Pearson က ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံက လူမျိုးစု ပဋိပက္ခကြောင့် ထွက်ပြေးရတဲ့ လူတွေဟာ တိုက်ပွဲတွေ ဖြစ်ပွားချိန်မှာ ထိုင်းနိုင်ငံထဲကို လိုလိုလားလား ခွင့်ပြုခြင်း မခံရပဲ ဝင်ပြေးကြရပြီး သေနတ်သံ တိတ်သွား သွားခြင်း ဌာနေကို ချက်ချင်း ပြန်ရတဲ့ လူသားပင်ပေါင် ဘောလုံးတွေလို ဆက်ဆံခြင်း ခံနေရပါတယ်" ဟု သူမက ပြောကြားသည်။

"ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ အမှန်တကယ် တိုက်ပွဲ ပြီးဆုံးပြီး အန္တရာယ် ရှိနေသေးတယ် ဆိုရင် ဒုက္ခသည်တွေကို ပြန်မလွှတ်သင့်ပါဘူး။ လူသားချင်း စာနာတဲ့ အေဂျင်စီတွေ ဆီက ကာကွယ် ပေးမှုနဲ့ အကူအညီ ရရှိနိုင်မယ့် နယ်စပ်နဲ့ ခပ်လှမ်းလှမ်း ဘေးကင်းတဲ့ နေရာတွေမှာ နေထိုင် ခိုလှုံခွင့် ပေးထားသင့်ပါတယ်" ဟု သူမက ဆိုသည်။

တပ်ခ် ပြည်နယ်နှင့် မျက်နှာချင်းဆိုင် ကရင်ပြည်နယ် မြဝတီမြို့ကို DKBA တပ်ဖွဲ့က ရွေးကောက်ပွဲနေ့တွင် သိမ်းပိုက် လိုက်ချိန်၌ တင်းမာမှုများ ပြင်းထန်သွားခဲ့ပြီး အစိုးရ တပ်ဖွဲ့၏ တန်ပြန် တိုက်ခိုက်မှုကြောင့် အရပ်သား မြောက်မြားစွာ ထိုင်းနိုင်ငံသို့ ဝင်ပြေး ခိုလှုံခံကြရသည်။

နယ်စပ် တစ်လျှောက် နေရာများစွာတွင် တိုက်ပွဲများ ကြိုကြား ကြိုကြား အဆက်မပြတ် ဖြစ်ပွားကာ အစိုးရ တပ်ဖွဲ့များက ကြီးကြီးမားမား စုဖွဲ့ စစ်ရေး တည်ဆောက် နေသောကြောင့် ကျေးရွာများ အဆက်မပြတ် နေရာ ပျောက်ဆုံးမှုကို ဖြစ်ပွားစေခဲ့သည်။

"အပြန်အလှန် ပစ်ခတ်မှုတွေ ကြားမှာ ပိတ်မိနေတဲ့ အရပ်သားတွေ အတွက် စာနာ၊ ကရုဏာမှုကို လက်ရှိ တိုက်ခိုက်နေတဲ့ နှစ်ဖက်စလုံးက ပြသခြင်း မရှိတာကတော့ စိတ်မကောင်း စရာပါ" ဟု Pearson က ဆက်လက် ပြောကြားသည်။

စစ်ဖက် ပစ်မှတ်၊ အရပ်ဖက် ပစ်မှတ် မခွဲခြားပဲ သိမ်းကျုံး ပစ်ခတ်မှုများ၊ အဓမ္မ လုပ်သားအဖြစ် ပေါ်တာ ဆွဲခြင်း ကဲ့သို့သော လူ့အခွင့်အရေး ညှင်းပန်းမှုများ၏ ဒဏ်ကို မြန်မာ ပြည်သူများ ကြုံတွေ့ ခံစားနေရသည်ဟု သူမက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

EU Business, 3rd December 2010

အလှည့်ကျ ဥရောပ သမဂ္ဂ ဥက္ကဌ တာဝန် ယူထားသော ဘယ်လ်ဂျီယံ သံအမတ်ကြီးသည် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ လာရောက် တွေ့ဆုံပြီး သူမ၏ ဒီမိုကရေစီ တိုက်ပွဲတွင် ထောက်ခံ ကူညီမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီး Steven Vanackere က သတင်း ထုတ်ပြန်ချက်တွင် ပြောကြားရာ၌ သံအမတ်ကြီးက သူမအား မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကြိုးပမ်းမှုများ အပေါ် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ကျောထောက် နောက်ခံပေးမည်ဟု ပြောခဲ့သည်ဟု ဆိုသည်။

"နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ၊ မျှော်မှန်းသလို ရလဒ်များ မထွက်ပေါ်လာတာကြောင့်၊ ဘယ်ဂျီယံရော အခြား အီးယူ အဖွဲ့ဝင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး ဒီမိုကရက်တစ် အတိုက်အခံ အပေါ် နောက်ကရပ်ပေးပါမယ်" ဟု ၎င်းက ပြောသည်။

"ဒီမိုကရက်တစ် အတိုက်အခံ၊ တိုင်းရင်းသား လူမျိုးစုများနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်း တွေရဲ့ အသံကို နားထောင်ဖို့ဟာ အလွန်တရာ အရေးကြီးပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးက ၂၁၀၀ ခန့် ရှိသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

"မြန်မာ အစိုးရကို တိုက်တွန်း လိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက လွှတ်ပေးခဲ့တာဟာ အခြား နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ပထမ ခြေလှမ်း ဖြစ်စေချင်တာပါပဲ" ဟု Vanackere က ပြောသည်။

မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းစွာ အစိုးရအား ဆန့်ကျင်သူများအား ရာဇဝတ်မှုဟု မသဲကွဲသော ဥပဒေများဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိနေသေးသည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 30th November 2010

ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာသည့် ကြားတွင် မဟာမိတ် မြောက်ကိုရီးယားကို သြဇာသုံးရန် တရုတ်နိုင်ငံ အပေါ် ဖိအားများ ကျရောက်လာသဖြင့် လျှို့ဝှက် သိပ်သည်းလွန်းသော ကမ္ဘာ့ အပယ်ခံ မြောက်ကိုရီးယားက ၎င်း၏ ကျယ်ပြန့်သော နျူကလီယာ အစီအစဉ်ကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုခဲ့ရာ ဗဟိုခွာအား စနစ်သုံး untrifuqes ထောင်ပေါင်း များစွာ ရှိနေသည်ဟု ဆိုသည်။

နျူကလီယာဗုံး ထုတ်လုပ်ရန် ဒုတိယ လမ်းကြောင်း တစ်ခု ဖြစ်သည့် ယူရေနီယမ် သန့်စင်မှု လုပ်ငန်းနှင့် ပတ်သက်၍ နျူကလီယာ လက်နက်ပိုင် ပြုံယမ်း၏ ထုတ်ဖော် ပြောဆိုမှုမှာ အရပ်သား ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့သော တောင်ကိုရီးယားကျွန်းသို့ အမြောက် ပစ်ခတ်မှုအပြီး တစ်ပတ် အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လက်ရှိ တည်ဆောက်နေသော ရေသွက် နည်းပညာသုံး ဓာတ်ပေါင်းဖိုမှာ လျင်မြန်စွာ တိုးတက် ပြီးစီးလျက် ရှိပြီး၊ လောင်စာ ဖူလုံစေရန် အတွက် untrifuques ထောင်ပေါင်းများစွာ ထည့်သွင်း တပ်ဆင်ထားသည့် ယူရေနီယမ် သန့်စင် စက်ရုံမှာမူ လည်ပတ်နေပြီဟု ရိုဒွန်းဆင်မွန် သတင်းစာက သတင်း ဖော်ပြသည်။

အနာဂတ်တွင် ငြိမ်းချမ်းစွာ အသုံးပြုမည့် ရည်ရွယ်ချက်ဖြင့် နျူကလီယာ စွမ်းအင် ဖွံ့ဖြိုးရေး စီမံကိန်းများ ပိုမို ထွက်ပေါ်လာမည်ဟု အစိုးရ အာဘော် KNCA သတင်းဌာနကို ကိုးကား၍ သတင်းစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ကျယ်ပြန့်လာသော နျူကလီယာ အစီအစဉ်၊ ယွန်ပြောင်းကျွန်းကို တိုက်ခိုက်မှုကို အရေးပေါ် ဆွေးနွေးရန် တရုတ်၏ အဆိုပြုချက် စသည်တို့ကို ဆွေးနွေးရန် အတွက် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ဒီဇင်ဘာ အစောပိုင်းတွင် ဝါရှင်တန်၌ စည်းဝေးကြမည်ဟု ဆိုးလ်က ပြောကြားသည်။

အဆိုပါ သုံးနိုင်ငံ ဒီဇင်ဘာ ၆ ရက်တွင် တွေ့ဆုံကြမည်ဟု ဂျပန် Nikkei သတင်းဌာနက ထုတ်ပြန်သည့် ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း တောင်ကိုရီးယား မြေပေါ်မှ အရပ်သားများကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုအဖြစ် ယွန်ပြောင်းကျွန်းပေါ်သို့ အမြောက်ဖြင့် ပစ်ခတ် ရန်စခဲ့သည့် မြောက်ကိုရီးယားကို တရုတ်နိုင်ငံက သြဇာသုံး၍ ထိန်းချုပ်စေရန် အမေရိကန် ပြည်ထောင်စုက လိုလားလျက် ရှိနေသည်။

တရုတ် နိုင်ငံကမူ မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေကြသည့် ၆ နိုင်ငံမှ ထိပ်သီးများ တွေ့ဆုံ ဆွေးနွေးရန် အဆိုပြုထားသည်။ ရုရှားနှင့် တရုတ် နိုင်ငံတို့ အဆိုပါ အုပ်စုတွင် ပါဝင်သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား စစ်တပ်များကလည်း အနာဂတ်တွင် ကျူးကျော် ရန်စမှုများ မလုပ်စေရန် ပြုံယမ်းကို ဟန့်တားရန် ရည်ရွယ်သည်ဟု ပြောဆိုထားသည့် အင်အားပြမှု အဖြစ် ကျွန်းဆွယ် အနောက်ဖက် ကမ်းရိုးတန်း အလွန်တွင် ၃ ရက်ကြာ အကြီးစား စစ်ရေး လေ့ကျင့်မှုများကို အင်္ဂါနေ့တွင် စတင်ခဲ့ကြသည်။

ယခင်က လျှာနှင့်သွား တမျှ နီးစပ်သည့် ဆက်ဆံရေးအဖြစ် ပြောဆိုခဲ့ကြသည့် ပီကင်း - ပြုံယမ်း ဆက်ဆံရေးမှာ လက်ရှိနှစ်ပိုင်းများတွင် ပျက်ပြားလာပြီး၊ အထူးသဖြင့် ၂၀၀၆ တွင် တစ်ကြိမ် ယခုနှစ် မေလတွင် တစ်ကြိမ် ပြုံယမ်းက နျူကလီယာ စမ်းသပ် ပေါက်ခွဲမှုများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးက ၎င်း၏ အပယ်ခံနိုင်ငံနှင့် တရုတ်တို့၏ ဆက်ဆံရေးမှာ "ဘယ်သူဖျက်ဖျက် ဒို့မပျက်" ဟု ယခင်အပတ်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 28th November 2010

မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား ကရင် သူပုန်များ ကြားတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမှုကြောင့် တနင်္ဂနွေနေ့က မြန်မာ ရွာသား (၁၀၀၀) ကျော်သည် ထိုင်းနိုင်ငံသို့ ထွက်ပြေး လာကြသည်ဟု မျက်မြင် သက်သေများနှင့် တာဝန် ရှိသူများက ပြောကြားခဲ့သည်။

မြန်မာ စစ်တပ်နှင့် DKBA ကြားတွင် ယခုလ ဒုတိယ အကြိမ် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စနေနေ့က ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်သို့ လူနှစ်ရာခန့် ထွက်ပြေးလာ အပြီး တနင်္ဂနွေနေ့တွင် လူ (၁၀၀၀)ခန့် ထပ်မံ ထွက်ပြေးလာခြင်း ဖြစ်သည်။

နိုဝင်ဘာ (၈) ရက်နေ့က နေရာ နှစ်ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ ကရင်အဖွဲ့မှ ခွဲထွက်သော အဖွဲ့တစ်ခုသည် မြဝတီ၏ နေရာ တော်တော် များများကို သိမ်းယူခဲ့သည်။ ထို့ကြောင့် လူ (၁၂၀၀၀) ခန့် မဲဆောက်သို့ ထွက်ပြေး လာခဲ့ကြပြီး ဒုံးကျည်များ ထိုင်းနိုင်ငံသို့ ကျရောက်မှုကြောင့် ထိုင်းလူမျိုး ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ပဋိပက္ခများသည် မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုကြား တင်းမာမှု များကြောင့် ဖြစ်ခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင်များသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကတည်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် တိုက်ပွဲ ဝင်ခဲ့ကြသည်။ တိုင်းရင်းသား အဖွဲ့ တစ်ဒါဇင် ကျော်ကျော်မှာ အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူ ထားသော်လည်း သေချာ ရေရာမှု မရှိ ဖြစ်နေပေသည်။

မြန်မာ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များကို အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် တိုက်တွန်းလျက် ရှိပြီး၊ အများစုက လက်မခံဘဲ ရှိရာ ပဋိပက္ခ ဖြစ်လာပါက ထိခိုက် ဆုံးရှုံးမှုများ ရှိလာနိုင်သည်။

အစိုးရကလည်း အချို့ တိုင်းရင်းသား ခေါင်းဆောင်များ ရွေးကောက်ပွဲ ဝင်ရန် ကြိုးစားမှုအား ငြင်းပယ်ခဲ့သည်။ ၎င်းတို့သည် နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံ ခဲ့ခြင်းကြောင့် ဖြစ်သည်။ အများစုက အစိုးရကို မယုံကြည်ကြပဲ မြန်မာနိုင်ငံသည် ဖက်ဒရယ် ပြည်ထောင်စုသာ ဖြစ်သင့်သည်ဟု ယုံကြည်လျက် ရှိကြသည်။

ဝေဖန် သုံးသပ်သူများက စစ်ဖြစ်လာမည်ဟု မျှော်လင့်လျက် ရှိပြီး၊ ထိုသို့ ဖြစ်လာပါက ထိုင်းနှင့် မြန်မာနိုင်ငံ၏ အဓိ စီးပွားရေးနှင့် နိုင်ငံရေး မဟာမိတ် တရုတ်တို့ကို စိုးရိမ် ပူပန်မှုများ ဖြစ်စေမည် ဖြစ်သည်။ တရုတ်က ပဋိပက္ခ ဖြစ်လာပါက ဒုက္ခသည် ကိစ္စများ၊ ကုန်သွယ်ရေးနှင့် အရေးကြီးသော စွမ်းအင် စီမံကိန်းများ နှောင့်နှေးမည်ကို စိုးရိမ်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.eubusiness.com, 25th November 2010

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက် သူမ အပေါ် ချမှတ်ထားသော ချုပ်ချယ်မှုများကို ရုတ်သိမ်းကာ သူမနှင့် ဆွေးနွေးပွဲများ ကျင်းပရန် ဥရောပ သမဂ္ဂက မြန်မာ စစ်ဖက် အုပ်ချုပ်သူများကို ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် ဖမ်းဆီးထားရာမှ နိုဝင်ဘာ ၁၃ ရက်တွင် လွှတ်ပေးခဲ့ခြင်းအား ဥရောပ ပါလီမန်က ကြိုဆိုကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ပြုလုပ်ပြီးမှ လွှတ်ပေးသည့် အချက်ကိုမူ ပြစ်တင် ဝေဖန်လျက် ရှိသည်။

သူမအား လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း အကျယ်ချုပ် ဖမ်းဆီးထားခဲ့ပြီးနောက် ယခု တစ်ကြိမ် လွတ်မြောက်လာမှုသည် လမ်းကြောင်းမှန်ကို ဦးတည်သည့် ပထမခြေလှမ်း အဖြစ် ကောက်ချက်ချနိုင်သည်ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း သူမအား အစိုးရ လုံခြုံရေး အဖွဲ့အစည်းများ၏ စောင့်ကြည့်မှုအောက်တွင် ထားရှိသည့် အချက်ကိုမူ စိုးရိမ်ပူပန်ကြောင်း ဥရောပ ပါလီမန်က ထုတ်ဖော် ပြောကြားသည်။

သူမအား ခြွင်းချက်မရှိ၊ ချုပ်ချယ်ခြင်းမရှိ လွှတ်ပေးခြင်းသာ ဖြစ်သင့်သည်ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်ရန် မြန်မာ အစိုးရကို ဥရောပ ပါလီမန်က ပြင်းပြင်းထန်ထန် တိုက်တွန်းသည်ဟုလည်း ဖော်ပြ ပါရှိသည်။

ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ကြွယ်ဝနေသော ဒီမိုကရေစီ ကင်းမဲ့သည့် စစ်အစိုးရကို ထောက်ခံအားပေးခြင်းအား ရပ်ဆိုင်းရန်နှင့် တိုင်းပြည်တွင် အပြုသဘော ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် ပိုမို ဖိအားပေးရန် ဥရောပ ပါလီမန် အမတ်များက မြန်မာ၏ အဓိက ကုန်သွယ်ဖက် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အာဆီယံ ၁၀ နိုင်ငံ တို့ကို တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ၁၉၉၀ ရွေးကောက်ပွဲများတွင် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက လုံးဝ အာဏာ လွှဲမပေးခဲ့ပါ။ ယခု တစ်ကြိမ်တွင်လည်း သူမအား ပါဝင်နိုင်ခြင်း မရှိစေရန် တားမြစ်သည့် ရွေးကောက်ပွဲ ဥပဒေကို တုန့်ပြန်သည့် အနေဖြင့် NLD ပါတီက ယခုလ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး နောက်ပိုင်း ပါတီ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, 27th November 2010

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်အား လတ်တလော ကိစ္စရပ်များသည် လက်ခံ နိုင်ဖွယ် မရှိသဖြင့် မြောက်ကိုရီးယားအား ရှင်းရှင်းလင်းလင်း သိစေရေး ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က ပြောကြားရာတွင် ကလင်တန်သည် သောကြာနေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi နှင့် မြောက်ကိုရီးယား ကိစ္စအား ရှည်လျားစွာ ဖုန်းဖြင့် စကားပြောခဲ့သည်ဟု ဆိုသည်။ ကလင်တန်က Beijing အား မြောက်ကိုရီးယား၏ အပြုအမူသည် လက်မခံ နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိစေရန် ဆောင်ရွက်ရေးကို တိုက်တွန်း အားပေးခဲ့ကြောင်း Crowley က ပြောသည်။

Beijing တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပါ ဖုန်းစကား ပြောမှုကို အတည်ပြုခဲ့ပြီး၊ သောကြာနေ့က Yang သည် မြောက်ကိုရီးယား သံအမတ်နှင့် သီးခြား တွေ့ဆုံခဲ့သည်။ တရုတ်က ထုတ်ပြန်သော သတင်း ကြေညာချက်တွင် Yang က လက်ရှိ အခြေအနေ အပေါ် စိုးရိမ် ပူပန်မှုများ ရှိနေကြောင်း၊ ကိုရီးယား နှစ်နိုင်ငံသည် စိတ်ရှည် သည်းခံမှု ပြသသင့်ပြီး၊ တွေ့ဆုံ ဆွေးနွေးပြီး ပြဿနာ အဖြေရှာသင့်ကြောင့် ဆိုခဲ့သည်။

အင်္ဂါနေ့က မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ရသောကြောင့် တောင်ကိုရီးယား အစိုးရသည် ပြန်လည် ထူထောင်ရေးကို ကြိုးစား လုပ်ဆောင်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 27th November 2010

ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်သည်  မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စနေနေ့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ အိမ်တွင်းပုန်း စစ်ဖက် အုပ်ချုပ်သူများကမူ ၎င်းနှင့် လိုလို လားလား တွေ့ဆုံလိုသည့် လက္ခဏာ မရှိပါ။

ဗီဂျေး နမ်ဘီယာသည် မြန်မာနိုင်ငံတွင် ၇ နှစ်ကြား နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ နိုဝင်ဘာ ၁၃ ရက်တွင် လွတ်မြောက်လာသူ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ၂ နာရီ နီးပါးမျှ တွေ့ဆုံခဲ့သော်လည်း ၎င်း၏ ခရီးစဉ်တွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် အစိုးရဝန်ကြီးများ ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်မည့် အစီအစဉ် မပါဝင်ပါ။

နမ်ဘီယာ အနေဖြင့် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ အပြီး သီတင်းပတ် အနည်းငယ် အကြာ၊ အရပ်ဖက် အစိုးရသစ် မဖွဲ့စည်းခင် စပ်ကြား ၎င်း၏ ပထမဆုံး ခရီးစဉ်တွင် စစ်ဖက် အစိုးရနှင့် တွေ့ဆုံရန် မအောင်မြင် ခဲ့ခြင်းသည် စစ်ဖက် ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းမည့် အနောက် နိုင်ငံများ၏ အားထုတ်မှုများတွင် အခက်အခဲ များစွာ ရှိနေနိုင်သည်ကို ညွှန်ပြနေသည်ဟု သံတမန်များက ပြောဆိုသည်။

ယခုနှစ် အစောပိုင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခြင်း ခံရသူ နမ်ဘီယာသည် ယခု သီတင်းပတ်ကုန် ရုံးပိတ်ရက်တွင် သံတမန်များ၊ လတ်တလော ရွေးကောက် တင်မြှောက်ခံ အမတ်များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး တနင်္လာနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဟု သိရသည်။

စစ်ဖက် အာဏာရှင်များကို ဆန့်ကျင်မှုကြောင့် လွန်ခဲ့သော ၂၁နှစ်အတွင်း ၁၅ နှစ်ခန့် ပုံစံ အမျိုးမျိုးဖြင့် ထိန်းသိမ်းခြင်း ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဖက် ခေါင်းဆောင်များက ပြစ်ဒဏ် လျှော့ပေါ့ လွတ်ပေးခဲ့ခြင်း ဖြစ်ကာ သူမအား လွှတ်ပေးချိန်မှ စ၍ စစ်ဗိုလ်ချုပ်များ၏ ရည်ရွယ်ချက်များ အပေါ် အများစုက သံသယ ရှိခဲ့ကြသည်။

သူမက ကုလသဂ္ဂ သံတမန်၏ ခရီးစဉ်ကို ကြိုဆိုလိုက်ပြီး ကုလ သမဂ္ဂနှင့် ပိုမို တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခဲ့သည်။

"ကျွန်မတို့ လုပ်ချင်တဲ့ ကိစ္စကို သူ့ကို ပြောပြခွင့် ရတဲ့အပြင် ကုလ အထွေထွေ အတွင်းရေးမှူးရဲ့ ခံစားချက်တွေကို သိဖို့ အခွင့်အရေး ရခဲ့ပါတယ်" ဟု သူမက သတင်းထောက်များအား ပြောကြားခဲ့သည်။

"အားလုံးအတွက် အကျိုး ရှိတဲ့ တွေ့ဆုံမှုပါ၊ ကျွန်မတို့ ဒီထက် ပိုပြီး တွေ့ဆုံဖို့ လိုအပ်ပါတယ်" ဟုလည်း သူမက ဆိုသည်။

စစ်ဖက် ဗိုလ်ချုပ်ကြီးများ၏ ရိုင်းပြမှုသည် ကုလသမဂ္ဂနှင့် နှစ်အတန်ကြာ ဆက်ဆံရေး တန်းနေခဲ့ပြီးနောက် ယခုဆိုင် ပူးပေါင်း ဆောင်ရွက်ရန် မလိုလားသည့် လက္ခဏာပင် ဖြစ်သည်ဟု အမည် မဖော်လိုသူ အငြိမ်းစား မြန်မာ ပညာရှင် တစ်ဦးက ပြောကြားလိုက်သည်။

"ဒါဟာ ဇာတ်ကွက် အသစ်ရဲ့ အစပိုင်းလို့ ပြောလို့ ရပါတယ်၊ ကုလသမဂ္ဂ ကိုယ်စားလှယ် အသစ်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်မှု၊ အရွေးချယ်ခံ ပါတီနှင့် ကိုယ်စားလှယ်လောင်း အသစ်တွေ အစ ရှိသဖြင့် ပေါ့ဗျာ၊ ဒါပေမယ့် အဓိက သော့ချက်က ပလေယာ ပျောက်နေသေးတယ်" ဟု ၎င်းက ပြောကြားသည်။

"ထိပ်ပိုင်း အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြင်း မရှိတဲ့ အတွက် သူ့ရဲ့ ခရီးစဉ်ကနေ သိသာ ထင်ရှားတဲ့ ရလဒ်ကို မမျှော်လင့်နိုင်ပါဘူး" ဟု ၎င်းက မှတ်ချက် ပေးသည်။

နမ်ဘီယာသည် ယခင်က တရုတ်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဖြစ်သောကြောင့် မြန်မာ စစ်အစိုးရ၏ အဓိက မဟာမိတ် ဖြစ်သော ဘီဂျင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဟု ယုံကြည်ရသည်။ ၎င်းသည် မြန်မာနိုင်ငံ အကြောင်း တိုင်းပြည်၏ နိုင်ငံရေး လုပ်ငန်းစဉ်တို့နှင့် ဆက်စပ် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးရန် အတွက် အိန္ဒိယ၊ တရုတ်နှင့် စကာင်္ပူ နိုင်ငံများသို့ လတ်တလော သွားရောက်ခဲ့သည်။

နမ်ဘီယာသည် ဘန်ကီမွန်း၏ ရုံးအဖွဲ့ အကြီးအကဲ ဖြစ်ပြီး အီဘရာဟင် ဂမ်ဘာရီ၏ နေရာကို အစား ဝင်ရောက်လာသူ ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ ဆိုင်ရာ ဂမ်ဘာရီမှာ ထိရောက်စွာ တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 25th November 2010

Meng'a ရွာရှိ နယ်စပ် စစ်ဆေးရေး စခန်းရှေ့ရှိ ကွက်လပ်မှာ အကြီးအကျယ် ခြောက်ကပ်လျက် ရှိသည်။ လေးထပ်တိုက်မှ လှမ်းကြည့်လျှင် ရေစီးသန်သော နမ့်ခမြစ် အပေါ်ရှိ တံတား တစ်ဖက်ကမ်းမှာ မြန်မာနိုင်ငံ ဖြစ်သည်။ တရုတ် အာဏာပိုင်များသည် မြန်မာဖက်တွင် စစ်ဖြစ်မည်ကို စိုးရိမ်မှုကြောင့် နယ်စပ် ဖြတ်ကျော်မှုကို ကန့်သတ်ထားသည်။ စစ်ဖြစ်ပွားမည့် အချက်သည် တရုတ် အတွက် အိပ်မက်ဆိုးပင် ဖြစ်သည်။

Meng'a သည် တရုတ်အတွက် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်သည့် အဓိက ဝင်ပေါက် ဖြစ်သည်။ မြစ်တစ်ဖက်ကမ်းတွင် မြန်မာနိုင်ငံ အထူးဒေသ (၂) မြို့တော် ပန်ဆန်း ရှိသည်။ အားလပ်ရက်များတွင် တရုတ် ဧည့်သည်များသည် ၎င်းတို့ တိုင်းပြည်တွင် လောင်းကစား ပိတ်ပင်ထားမှုကြောင့် ပန်အင်း ကာစီနိုသို့ နေ့ချင်းပြန် လာရောက် လည်ပတ်လျက် ရှိသည်။ သို့သော် ယခုလပိုင်းများအတွင်း တရုတ်သည် နယ်စပ်တွင် နေထိုင်သူများကိုသာ တံတား ဖြတ်ကူးခွင့် ပေးသည်။ အဆိုပါ အထူးဒေသ (၂) ကို တိုင်းရင်းသား လက်နက်ကိုင်များတွင် အင်အား အကြီးဆုံး ဖြစ်သော 'ဝ' တပ် (USWA) က ထိန်းချုပ်ထားသည်။ တရုတ်က ကြောက်ရွံ့သည့် အချက်မှာ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ကျင်းပပြီးနောက် USWA နှင့် အခြား လက်နက်ကိုင်များ ၎င်းတို့ အမိန့်နာခံ လာရေးအတွက် နှစ်ရှည်လများ အပစ်အခတ် ရပ်စဲထားမှုကို ချိုးဖောက်၍ စစ်တိုက်ရန် အသင့်ပြင်မှုကိုပင် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက USWA နယ်မြေ၏ မြောက်ဖက်ရှိ ကိုးကန့်ဒေသတွင် တရုတ် တိုင်းရင်းသားများ ပါဝင်သော စစ်တပ်အား မြန်မာတပ်က ချေမှုန်းခဲ့သည်။ ဒုက္ခသည် (၃၇၀၀၀) ခန့်သည် တရုတ်နိုင်ငံ ယူနန် နယ်မြေထဲသို့ ထွက်ပြေးခဲ့ကြသည်။ အာဏာပိုင်များသည် ၎င်းတို့အား အစာရေစာနှင့် ယာယီတဲများ ပေးပို့ပေးခဲ့သည်။ အများစုမှာ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြသည်။ သို့သော် USWA ကမူ စစ်ပွဲအတွက် ကာကွယ်ရေးကို ကောင်းကောင်း ပြင်ဆင်ထားသည်။ အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်များအား ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် တောင်းဆိုနေသော်လည်း၊ ထိုင်းနှင့် တရုတ်နယ်စပ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ပြုလုပ်သော နယ်မြေအား တပါးသူအား လွှဲပြောင်းပေးရေးကို အချို့ကသာ စိတ်ဝင်စားသည်။

အသံဗလံ အချို့ကို စတင် ကြားလာရပြီ ဖြစ်သည်။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံပိုင် မီဒီယာများသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို သူပုန်များဟု ညွှန်းဆို ပြောကြားခဲ့ရာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်ရန် သဘောတူပြီးကတည်းက ထိုအသုံးအနှုန်းကို အသုံးပြုခဲ့ခြင်း မရှိပေ။ ကိုးကန့်ကိစ္စကြောင့် KIA သည် ရွာသားများအား လက်နက် တပ်ဆင်ပေးပြီး၊ အစိုးရ၏ တိုက်ခိုက်လာမှုကို ကာကွယ်ရန် ပြင်ဆင်ခဲ့သည်။ တရုတ် ခရီးသွားလုပ်ငန်း၏ အဓိကနေရာ တစ်ခုဖြစ်သော စစ်ဆောင်ပနား၏ တဖက်ကမ်းရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ကလည်း အင်အား ဖြည့်တင်းလျက် ရှိသည်။ USWA သည် လက်နက်များ ဝယ်ယူနိုင်ရန် မက်သာဖက်တမင်းနှင့် ဟီးရိုးအင်းများကို ပိုမို ထုတ်လုပ်ခဲ့ကြောင်း ပြည်ပရောက် မြန်မာများက သတင်းပေးပို့ခဲ့ကြသည်။ USWA သည် အင်အား (၂၀၀၀၀) ရှိရာ KIA နှင့် NDAA တို့ထက် များပြားသည်။

USWA မူးယစ်ဆေးဝါး ပိုမို ထုတ်လုပ်သည့် သတင်းမှာ တရုတ်အတွက် သတင်းဆိုးပင် ဖြစ်သည်။ တရုတ်မှာ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများ မခံရအောင် ကြိုးစားနေရသော နိုင်ငံ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်သည် 'ဝ' တောင်သူများ တဖြည်းဖြည်း ဘိန်း စိုက်ပျိုးမှုကို လျော့ချပြီး၊ အစားထိုး သီးနှံအဖြစ် ရာဘာနှင့် ကော်ဖီများ စိုက်ပျိုးရန် ပံ့ပိုးပေးခဲ့သည်။

Meng'a တွင် နေထိုင်သူ တစ်ဦးက ပြီးခဲ့သည့်နှစ်က သူမသည် ရာဘာပင်များ စိုက်ပျိုးထားရာ တစ်စုံတစ်ယောက်က မီးရှို့ခဲ့ခြင်းကြောင့် ရာဘာ စိုက်ပျိုးခြင်းကို စွန့်လွှတ်ခဲ့ရသည်။ သူမကမူ မြန်မာ စစ်တပ်၏ လက်ချက်ဟု သံသယ ရှိနေသည်။

တရုတ်သည် ဝေခွဲရခက်သော အခြေအနေနှင့် ကြုံတွေ့နေရသည်။ ၎င်းသည် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် မြန်မာနိုင်ငံအား အရေးကြီးသည်ဟု အလေးထားပြီး မြန်မာ အစိုးရအား ပံ့ပိုးပေးခဲ့သည်။ တချိန်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း နီးကပ်သော ဆက်ဆံရေးများ ရှိနေပြန်သည်။ USWA နှင့် NDAA တို့မှာ မြန်မာပြည် ကွန်မြူနစ်ပါတီမှ ပေါက်ဖွားလာသူများ ဖြစ်ပြီး နယ်စပ်ဒေသများမှာပင် နေရာယူထားပြီး၊ တစ်ချိန်က တရုတ်ထံမှ လက်နက်များ ရယူထားခဲ့သည်။ တရုတ်သည် အဆိုပါ လက်နက်ကိုင်များ မူးယစ်ဆေးဝါး ရောင်းဝယ်သည်ကို မနှစ်မြို့ပေ။ သို့သော် ၎င်းတို့၏ နယ်မြေကို ကြားခံနယ်မြေ အဖြစ် အသုံးဝင်သည်ကို သဘောတွေ့လျက် ရှိသည်။ မြန်မာနိုင်ငံဥည် ကုလသမဂ္ဂတွင် တရုတ်၏ ထောက်ခံပေးမှုကို သဘောကျသော်လည်း တရုတ်၏ ပြိုင်ဖက် အိန္ဒိယကိုလည်း မျက်နှာ မပျက်ရအောင် ဆက်ဆံလျက် ရှိသည်။ တရုတ်မှာ ရန်ဖြစ်ခြင်းကို မလိုလားချေ။ ဘရပ်ဆဲ အခြေစိုက် International Crisis Group က ပြောကြားရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက UWSA နှင့် မြန်မာ အစိုးရကြားတွင် တရုတ်က ပွဲစားသဖွယ် လုပ်၍ စကားပြောစေခဲ့သော်လည်း အဖြေမထွက်ခဲ့ဟု ဆိုသည်။

ယူနန်ရှိ အစိုးရ တာဝန်ရှိသူများသည် နယ်စပ် တည်ငြိမ်မှု ထိန်းသိမ်းရေးကို အထူး စိတ်ဝင်စားသည်။ ယူနန် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် သတ္ထု တူးဖော်ရေး၊ ရာဘာနှင့် အခြား စက်မှုလုပ်ငန်းများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားသည်။ ပန်ဆန်း၏ လူနေမှုစနစ်သည် တရုတ် နယ်စပ်မြို့များ အဆင့် နောက်တွင် နှေးကွေးနေသေးသော်လည်း၊ ပန်ဆန်း၏ တိုးတက်မှုများမှာ တရုတ် စီးပွားရေးကြောင့်ဟု ကျေးဇူးတင်ရမည်ဟု ဆိုသည်။ ပန်ဆန်းတွင် အားလုံး တရုတ်စာနှင့်သာ ရေးသားထားပြီး၊ ယွမ်ငွေကိုသာ အသုံးပြုသည်။ ထိုနည်းတူ တရုတ်နိုင်ငံတွင်လည်း 'ဝ' ပြည်နယ် လိုင်စင်နံပါတ်နှင့် ကားများ တွေ့နေရသည်။ Meng'a တွင် ပြောစမှတ် တစ်ခုမှာ 'ဝ'  ဖက်မှ ထရပ်ကား စီးလုံးပြည့် ဒေါ်လာငွေများ တရုတ်ပြည်သို့ ခိုးသွင်းရန် ကားဒရိုင်ဘာအား ဒေါ်လာ ထောင်ပေါင်းများစွာ ပေးသည်ဟု ဆိုသည်။ ထိုအချက်က 'ဝ' များ မည်မျှ ချမ်းသာသည် ဆိုသည်ကို ပြသခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

ယမန်နှစ်က ကိုးကန့်တွင် တိုက်ပွဲဖြစ်ပွားစဉ်က တရုတ်နယ်ထဲသို့ အမြောက်ဆံ (၃) လုံး ကျခဲ့ရာ တစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများမှာ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်နေသော တရုတ် နိုင်ငံသားများ ဖြစ်ကြသည်။ ယခု တရုတ်က နယ်စပ် ဖြတ်ကျော်မှုကို ကန့်သတ်ထားသည့်တိုင် နယ်စပ်ဂိတ်တွင် ငွေပေး၍ မြစ်ကို ဖြတ်ကူးလျက် ရှိရာ နေ့စဉ် ဒါဇင်နှင့် ချီ၍ ဖြတ်ကူးနေကြောင်း ရွာသားတစ်ဦးက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 22nd November 2010

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ပြေလျော့စေရေး အတွက် လုပ်ငန်း စတင်လျက် ရှိပြီး၊ ဝါရှင်တန်၊ ဆိုးလ်၊ ပြုံယမ်းတို့နှင့် ဆွေးနွေးပွဲများ အတွဲလိုက် ကျင်းပနေသည်။

တောင်ကိုရီးယား ပိုင်ကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့သည့် အင်္ဂါနေ့က အကြမ်းဖက် ဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်အောင် ရှောင်ရှားရေးသည် ဦးစားပေး ကိစ္စ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ယခု ဖြစ်ရပ်တွင် တောင်ကိုရီးယားက ပြန်လည် တုန့်ပြန် ပစ်ခတ်ခဲ့ပြီး၊ အမေရိကန် တပ်ဖွဲ့များနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို တနင်္ဂနွေနေ့တွင် စတင်မည်ဟု ကြေညာခဲ့သည်။

၎င်းစစ်ရေး လေ့ကျင့်မှုသည် ကျွန်းဆွယ် ဒေသကို စစ်ပွဲ ချောက်ကမ်းပါးသို့ တွန်းပို့ နေသည်ဟု ပြုံယမ်းက ပြောကြားသည်။ အမေရိကန်နှင့် အခြား အင်အားကြီး နိုင်ငံများက ပြုံယမ်း၏ တစ်ဦးတည်းသော မဟာမိတ် ဘီဂျင်းအား ၎င်း၏ သြဇာကို သုံး၍ အကြပ်အတည်းကို ပြေလည်အောင် ပြုလုပ်ရန် အကြိမ်ကြိမ် တိုက်တွန်းထားကြသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီသည် မြောက်ကိုရီးယား သံအမတ်နှင့် သောကြာနေ့က တစ်ဦးချင်း တွေ့ဆုံခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း တယ်လီဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာန ထုတ်ပြန်ချက် အရ သိရှိရသည်။

လတ်တလော ထိပ်တန်း ဦးစားပေး ကိစ္စမှာ အနေအထားကို ထိန်းချုပ် နိုင်ရေးနှင့် အဆိုပါ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပွား စေရေးပင် ဖြစ်သည်ဟု သတင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးခြင်း စကားပြောဆိုမှု၏ အသေးစိတ် အချက် အနည်းငယ်ကို ထုတ်ပြန်ခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေး ဌာနက ယခုတိုင် မှတ်ချက် မပေးသေးပါ။

အင်္ဂါနေ့က တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့စဉ် အနည်းဆုံး တောင်ကိုရီးယား (၄) ဦး သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်ရပ်ကြောင့် တောင်ကိုရီးယားက ၎င်း၏ ကာကွယ်ရေး ဝန်ကြီးကို အစားထိုး ခန့်အပ်ကာ ကျွန်းပေါ်မှ အရပ်သား အများစုကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

သောကြာနေ့ မွန်းလွဲပိုင်းက နောက်တစ်ကြိမ် ဖြစ်ပွားသော ဖြစ်ရပ်တွင် ကျွန်းအနီးမှ အမြောက်သံများ ကြားရသဖြင့် လူအများ အပြေးအလွှား ပုန်းရှောင်ခဲ့ကြရသည်။ သို့သော်လည်း ၎င်းပစ်ခတ်သံများသည် မြောက်ကိုရီးယားတို့၏ ပုံမှန် စစ်ရေး လေ့ကျင့်ခန်းမှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု တောင်ကိုရီးယား စစ်ဖက်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

အထက်ပါ ဖြစ်ရပ်ကြောင့် သတိပေး တပ်လှန့်ထားစဉ် အတောအတွင်း တောင်ကိုရီးယားရှိ အမေရိကန် တပ်မှူး ဗိုလ်ချုပ် ဝေါ်လ်တာရှပ်သည် ယွန်ပြောင်းကျွန်းသို့ သွားရောက်ခဲ့သည်။

အင်္ဂါနေ့က အမြောက်များဖြင့် ပစ်ခတ်မှုသည် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုပဲ ပြီးဆုံးခဲ့သော ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲ နောက်ပိုင်း မြောက်ကိုရီးယားတို့၏ ရန်စမှုများထံမှ တစ်ခုသာ ဖြစ်သည်။

ယွန်ပြောင်းကျွန်းနှင့် နီးနီးကပ်ကပ် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ကာ အမြောက်ဖြင့် ပစ်အောင် လှုံ့ဆော် ရန်စခဲ့သည်ဟု ပြုံယမ်းက တောင်ကိုရီးယားကို ပြစ်တင် စွပ်စွဲလိုက်သည်။

နောက်ပိုင်းတွင် မြောက်ကိုရီးယား အစိုးရပိုင် KNCA သတင်းဌာနက ဆိုးလ်က စီစဉ်နေသော သီတင်းပတ်ကုန် စစ်ရေး လေ့ကျင့်မှုကို ကန့်ကွက် သတိပေး ပြောကြားခဲ့သည်။

မြောက်ကိုရီးယားကို ပစ်မှတ်ထားသည့် စစ်ရေး လေ့ကျင့်မှုများ ထပ်မံ ပြုလုပ်ရန် စစ်ပွဲ လိုလားသူများက မိုက်မိုက်မဲမဲ စီစဉ်နေမှုကြောင့် ကိုရီးယား ကျွန်းဆွယ်၏ အနေအထားမှာ စစ်ပွဲနှင့် တစ်လက်မချင်း နီးကပ်လာနေသည်ဟု KNCA ကြေညာချက်တွင် ဖော်ပြထားသည်။

မကြာမီ ပြုလုပ်မည့် အမေရိကန် - တောင်ကိုရီးယားတို့၏ (၄)ရက်ကြာ စစ်ရေး လေ့ကျင့်ခန်းများကို ယခုအပတ် တိုက်ခိုက်မှု မတိုင်မီကပင် ကောင်းစွာ စီစဉ်ထားပြီးဖြစ်ကာ မြောက်ကိုရီးယားနှင့် တရုတ် နှစ်နိုင်ငံ စလုံးကို ဒေါသထွက်စေခဲ့သည်။

တရုတ် ကမ်းရိုးတန်းမှ ကီလိုမီတာ ၃၂၀ အထိ ကျယ်ပြန့်သော ၎င်း၏ သီးသန့် စီးပွားရေးဇုံ အနီးတွင် မည်သည့် ကျူးကျော် ရန်စမှုမှ မလုပ်ရန် ဘီဂျင်းက သတိပေးထားသည်။

သို့သော်လည်း ပင်တာဂွန်က တရုတ်နိုင်ငံသည် ရေတပ် လေ့ကျင့်မှုများနှင့် ပတ်သက်၍ သတင်း ရရှိထားပြီး ဖြစ်သည်ဟု အခိုင်အမာ ပြောကြားလိုက်ပြီး တရုတ် နိုင်ငံကို ဦးတည် ပြုလုပ်ခြင်း မဟုတ်ဟုလည်း ခုခံပြောကြားခဲ့သည်။

ယခင်က ပြုလုပ်ခဲ့သည့် စစ်ရေး လေ့ကျင့်ခန်းများ နည်းတူ ယခုလေ့ကျင့်မှုများသည် ကာကွယ်ရေးအသွင် သဘာဝကို ဆောင်ပြီး၊ ရန်လိုသော မြောက်ကိုရီးယားအား တားဆီးမှု ခိုင်မာ တောင့်တင်းစေရန် ရည်ရွယ်သည်ဟု ပင်တာဂွန်က ပြောကြားသည်။

တချိန်တည်းတွင် တောင်ကိုရီးယားကလည်း ယွန်ပြောင်းကျွန်းပေါ်ရှိ တပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်လိုက်ပြီး အလားတူ ကျူးကျော်ရန်စသည့် ဖြစ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် တုန့်ပြန်နိုင်ရန် အတွက် တွေ့ဆုံညှိနှိုင်းရေး စည်းကမ်းများကို ပြောင်းလဲမည်ဟု ပြောကြားလိုက်သည်။

တွေ့ဆုံညှိနှိုင်းရေး စည်းမျဉ်းဟောင်းများသည် စစ်ပွဲဖြစ်ပေါ်မှုကို တားဆီးရန် အတွက် အလွန်အမင်း အလေးထားလွန်းသည်ဟု တောင်ကိုရီးယား ကက်ဘိနက်က ဆုံးဖြတ်သည်။

မြောက်ကိုရီးယားက စစ်ဖက် (သို့) အရပ်ဖက် ပစ်မှတ်များကို တိုက်ခိုက်မှုပေါ် မူတည်၍ လာမည့် အနာဂတ်တွင် အဆင့်အမျိုးမျိုးဖြင့် တုန့်ပြန်ခြင်းကို တောင်ကိုရီးယားက အကောင်အထည် ဖော်တော့မည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီက ၎င်း၏သားငယ် ကင်ဂျုံအန်းအား သိသိသာသာ အာဏာလွှဲပြောင်းမှု ပြုလုပ်နေသည့် အတွက် ယခု သီတင်းပတ် တင်းမာမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.