Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post ,4 Dec 2009

          စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ ဗဟိုတရားရုံးက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးခြင်းနှင့် ပတ်သက်သော အယူခံလွှာကို ကြားနာရန် သဘောတူလိုက်သည်ဟု တာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးက သောကြာနေ့တွင် ပြောကြားပါသည်။

          အမေရိကန် လူမျိုးတစ်ယောက် သူမ၏ ခြံဝင်းအတွင်းသို့ ရေကူး ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ လွန်ခဲ့သည့် သြဂုတ်လက နောက်ထပ် ၁၈ လ အကျယ်ချုပ် ကျခံရန် တရားရုံးက အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း တရားရုံးက သူမ၏ ကနဦး အယူခံလွှာကို အောက်တိုဘာလတွင် ပယ်ချခဲ့ပြီး ဖြစ်သည်။

          ဗဟိုတရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကို ကြားနာရန် ဆုံးဖြတ်ခဲ့ပါသည်။ ရှေ့နေများသည် ဒီဇင်ဘာ ၂၁ ရက်မတိုင်မီ တရားရုံးသို့ လျှောက်လဲချက်များ တင်သွင်းရမည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောပါသည်။

          မြန်မာအစိုးရ၏ တရားဝင် ဆုံးဖြတ်ချက်နှင့် ပတ်သက်သော သတင်းများ ထွက်ပေါ်လာခြင်းမှာ ဥရောပသမဂ္ဂက မြန်မာအစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ အဆက်မပြတ် စတင်ပြုလုပ်တော့မည်ဟု ကြေညာခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ အမေရိကန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ ပိုမို ရင်းနှီးလာသော ဆက်ဆံရေး၏ နောက်ဆက်တွဲအဖြစ် အီးယူက ကြေညာခဲ့ခြင်း ဖြစ်သည်ဟု အာဆီယံ သံအမတ်တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲပါသည်။

          သံအမတ်ကြီး David Lipman သည် လွန်ခဲ့သော တစ်ရက်က သံတမန် ဆိုင်ရာ အသိအမှတ်ပြုမှု ရရှိရန် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ပြီးနောက် ရန်ကုန်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

          မိနစ် ၃၀ ကြာ တွေ့ဆုံမှုနှင့် ပတ်သက်၍ Lipman က ပြောပြသည်မှာ ဥရောပ သမဂ္ဂနှင့် မြန်မာနိုင်ငံအကြား အနာဂတ် ဆက်ဆံရေးနှင့် ပတ်သက်၍ ကောင်းမွန်စွာ ဆွေးနွေးခဲ့ကြပြီး ရှေ့ရေးကို မျှော်တွေးခဲ့ကြသည်ဟု ဆိုပါသည်။

          မြန်မာအစိုးရသည် ဥရောပသမဂ္ဂနှင့် ဆွေးနွေးရန် လိုလာပုံရသည်ဟု မိမိ ယူဆကြောင်း၊ ၎င်းတို့သည် အမေရိကန်ပြည်ထောင်စုနှင့်တွေ့ဆုံ ဆွေးနွေးပြီ ဖြစ်ကြောင်း စသဖြင့် Lipman က ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Op Ed News ,By Zin Linn,4 Dec 2009

          ယနေ့ မြန်မာနိုင်ငံသည် ဆုံမှတ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ တာဝန်ရှိသော တပ်မတော်အစိုးရ သည် ယနေ့ အခြေအနေကိုသာ ဆက်လက် ထိန်းသိမ်းထားလိုကြပြီး၊ လူအများစုကမူ ပြောင်းလဲမှု အသစ်တစ်ခုကို မျှော်လင့်နေကြပါသည်။ ပြည်သူများက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်များကို တောင်းဆိုနေသော်လည်း အစိုးရကမူ နိုင်ငံသားများ၏ အခြေခံ ရပိုင်ခွင့်များကို ခွင့်ပြုရန် ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်ပါသည်။

          ထို့ကြောင့်ပင် ပြည်သူအများစုသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တွင် ပထမ အချက်အနေဖြင့် ၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီမူများနှင့် မကိုက်ညီသောကြောင့် ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုထားပြီး၊ ဒုတိယအချက်အနေဖြင့် ရွေးကောက်ပွဲ တွင် အားလုံး ပါဝင်စေရမည် ဖြစ်ပြီး၊ လွတ်လပ်၍ တရားမျှတစေရန် နိုင်ငံတကာ ကြီးကြပ်မှုအောက်တွင် ပြုလုပ်ရန် တောင်းဆိုထားပါသည်။

          နိုင်ငံတကာ အသိုင်းအဝန်းကလည်း နိုင်ငံတကာ ထောက်ခံမှု ရရှိစေရန် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းထားပါသည်။

          အမေရိကန် ပြည်ထောင်စုမှ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel တို့သည် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက် ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘာမျှ မည်မည်ရရ အောင်မြင်မှု မရရှိခဲ့ပေ။ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်အပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် လည်းကောင်း၊ အတိုက်အခံများနှင့် လည်းကောင်း၊ တိုင်းရင်သား ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံခဲ့ရပါသည်။ သို့သော် ၎င်းတို့ အဘယ်ကြောင့် တစ်ဦးတည်းသော အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့် မရခဲ့သနည်း ဆိုသည်ကိုမူ ၎င်းတို့ ကိုယ်တိုင် မသိရှိရပေ။

          အချို့သော သုံးသပ်သူများ၏ အဆိုအရ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ လာကတည်းက မီဒီယာများကို ပိုမိုကန့်သတ်မှုများ ပြုလုပ်ခြင်း၊ အင်တာနက် အသုံးပြုသူများကို ပိုမို ချုပ်ကိုင်လာခြင်း၊ ဖမ်းဆီးမှုများ ပိုမို လုပ်ဆောင်လာခြင်းနှင့် တိုင်းရင်းသားများကို ပိုမို တိုက်ခိုက်လာခြင်း စသည်တို့ကို ပြုလုပ်လျက် ရှိပါသည်ဟု ဆိုပါသည်။

          အကယ်၍ အစိုးရသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ ရိုးသားခဲ့မည်ဆိုလျှင် မီဒီယာများကို လွတ်လပ်ခွင့် ပေးရမည် ဖြစ်ပါသည်။ အားကောင်းသော ဒီမိုကရေစီ ဖြစ်စေရေးအတွက် သတင်း အချက်အလက် ရရှိမှုသည် အရေးကြီးပါသည်။ Universal declaration of Human Rights အပိုဒ် ၁၉ တွင် "လူတိုင်းသည် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ ရှိရမည်။ အဆိုပါ ရပိုင်ခွင့်များတွင် မိမိတို့ ထင်မြင် ယူဆချက်များကို အနှောင့်အယှက်မရှိ လွတ်လပ်စွာ ကိုင်စွဲထားနိုင်ခွင့်၊ သတင်းများနှင့် အကြံဥာဏ်များကို မီဒီယာများမှ တစ်ဆင့် ရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖလှယ်ခွင့် ရှိရမည် ဖြစ်ပြီး၊ အကန့်အသတ်မဲ့ ဖြစ်စေရမည်"ဟု ဆိုပါသည်။

          သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေး အတိုက်အခံများ၊ သတင်းစာဆရာများနှင့် မီဒီယာပုဂ္ဂိုလ် များသည် အာဏာရှင်အစိုးရ လက်အောက်တွင် အတင်းကြပ်ဆုံး ကန့်သတ်မှုများ အောက်တွင် နေကြရပါသည်။ တိုင်းပြည်အများစုတွင် သတင်းစာဆရာများနှင့် မီဒီယာ လုပ်ကိုင်သူများသည် ကိုယ့်အလုပ် ကိုယ်လုပ်၍ အေးချမ်းစွာ နေနိုင်ကြပါသည်။ သို့သော် တပ်မတော် အုပ်ချုပ်သော မြန်မာနိုင်ငံတွင်မူ မီဒီယာသည် အလွန် အန္တရာယ်များပြီး ဆူးခင်းသော လမ်းကို လျှောက်နေကြရသည်။ ဂျပန်လူမျိုးသတင်းစာ ဆရာ Kenji Nagai သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် အသတ်ခံခဲ့ရပြီး၊ အခြား မြန်မာ သတင်းစာဆရာများလည်း ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။

          Burma Media Association and Reporters Sans Frontieres ၏ အဆိုအရ ၂၀၀၈ မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် နာဂစ် ဆိုင်ကလုန်းအပြီး သတင်းစာဆရာ အနည်းဆုံး ၁၂ ဦးခန့်နှင့် အခြား မီဒီယာလုပ်ကိုင်သူ ကဗျာဆရာ၊ စာရေးဆရာ ဒါဇင်ပေါင်း များစွာသည် ထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။

          အချို့ ထောင်နှစ်ရှည် ပြစ်ဒဏ်ကျခံရသူများတွင် ဒါရိုက်တာနှင့် လူရွှင်တော် ဇာဂနာနှင့် Blogger နေဘုန်းလတ်တို့ ပါဝင်ပါသည်။ ကဗျာဆရာ စောဝေသည် Valentine Day ကဗျာတွင် အာဏာမက်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ရည်ရွယ် ရေးသားထားမှုကြောင့် ၂၀၀၈ ဇန်နဝါရီတွင် အဖမ်းခံရပြီး ထောင်ဒဏ် ၂ နှစ် အပြစ်ပေး ခံခဲ့ရပါသည်။

          နယူးယောက် အခြေစိုက် သတင်းစာဆရာများအား အကာအကွယ်ပေးရေး ကော်မတီ (CPJ) ကလည်း အောက်တိုဘာ ၂၈ ရက်နေ့က အလွတ် သတင်းစာဆရာနှင့် Blogger ပိုင်စိုးဦး (ခေါ်) ဂျေပိုင်အား ဖမ်းဆီးမှုအား ပြင်းထန်စွာကန့်ကွက်ခဲ့ပါသည်။ ၎င်းသည် နာဂစ် ကယ်ဆယ်ရေး လုပ်အားပေးအဖွဲ့ လင်းလက်ကြယ်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၎င်းအား ချက်ချင်း လွှတ်ပေးရန် CPJ က တောင်းဆိုခဲ့ပါသည်။ ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားမည် ဆိုသည့် တပ်မတော်အစိုးရကို ယုံကြည်မှု ကင်းမဲ့စေသည်ဟု ဆိုပါသည်။

          CPJ ၏ အရှေ့တောင်အာရှ အကြီးတန်း ကိုယ်စားလှယ် Shawn W Crispin က မြန်မာအစိုးရသည် ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်နေသည် ဆိုသော်လည်း သတင်းစာဆရာများကို မှန်မှန် ဖမ်းဆီး ထိန်းသိမ်းလျက် ရှိနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။ သတင်းစာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ မြင်သာသည့် တိုးတက်မှုများ ရှိမှသာ နိုင်ငံတကာ ဖိအားပေးမှုများကို လျော့ချနိုင်မည် ဖြစ်သည်ဟု ၎င်းက ပြောပါသည်။

          အမည်မဖော်လိုသူ အလွတ် သတင်းစာဆရာတစ်ဦးက ပြောကြားရာတွင် အောက်တိုဘာ တတိယအပတ်မှ စ၍ ဖျော်ဖြေရေးသမားများ၊ စာရေးဆရာများ၊ သတင်းလုပ်ကိုင်သူများကို ဖမ်းဆီးလျက်ရှိရာ အယောက် ၂၀ ခန့် ရှိသွားပြီ ဖြစ်ပါသည်ဟု ဆိုပါသည်။ အောက်တိုဘာ ၂၁ ရက်မှ ၂၈ ရက် အတွင်း ဖမ်းဆီးခြင်း ဝရမ်းမပါဘဲ အဖမ်းခံရသော သူများမှာ The Voice, The Favorite, ပြည်မြန်မာ နှင့် ကန္တရဝတီ ဂျာနယ်မှ ဝန်ထမ်းများ ပါဝင်သည်ဟု ဆိုပါသည်။

          ၎င်းက ရဲများနှင့် စစ်ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၈ ဦးခန့်ကို အမည်နှင့်တကွ ပြောပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အလင်္ကာ ဝတ်ရည်ဂျာနယ်မှ ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက်၊ The Foreign Affairs မှ အယ်ဒီတာ သန့်ဇင်စိုး၊ အလွတ် သတင်းထောက် ညီညီထွန်း (ခ) မီးဒုတ်၊ အလွတ်သတင်းထောက်နှင့် Blogger ပိုင်စိုးဦး (ခ) ဂျေပိုင်တို့ ဖြစ်ပြီး ကျန်လေးဦးမှာ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်သော အောင်မြတ်ကျော်သူ၊ သက်ကို၊ မြင့်သိန်းနှင့် မင်းမင်းတို့ ဖြစ်သည်ဟု ဆိုပါသည်။

          အဖမ်းခံရသူများမှာ ယမန်နှစ်က နာဂစ် ကယ်ဆယ်ရေးအဖွဲ့တစ်ခု ဖြစ်သော လင်းလက်ကြယ် အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ အဆိုပါအဖွဲ့သည် ရန်ကုန် အခြေစိုက်အဖွဲ့ ဖြစ်ပြီး အဖွဲ့ဝင် ၄၀ ခန့် ရှိ၍ သတင်းထောက်များ၊ လူမှုရေး တက်ကြွသူ လူငယ်များ ပါဝင်ပါသည်။ ၎င်းတို့သည် နာဂစ်ဒေသမှ မိဘမဲ့ ကလေးများကို ကျောင်းသုံးစာအုပ်များနှင့် ကျောင်းစရိတ်များ ထောက်ပံ့နေသူများ ဖြစ်ကြသည်။

          ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာမသိမ်းခင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ သတင်းစာ လွတ်လပ်ခွင့် ရှိသော နိုင်ငံများစာရင်းတွင် ထိပ်က ရှိခဲ့ပါသည်။ အင်္ဂလိပ်၊ တရုတ်၊ ဟိန္ဒူဘာသာ တို့ဖြင့် ရေးသားသော သတင်းစာများ အပါအဝင် သတင်းစာပေါင်း ၃ ဒါဇင်ခန့်ကို ၁၉၄၈-၁၉၆၂ အတွင်း အရပ်ဖက် အစိုးရ လက်အောက်တွင် ထုတ်ဝေခဲ့ပါသည်။ သတင်းထောက်များသည် ဝန်ကြီးချုပ်ရုံးကိုပင် ဝင်ထွက်ခွင့် ရှိပြီး နိုင်ငံတကာ သတင်းအေဂျင်စီများနှင့်လည်း လွတ်လပ်စွာ ဆက်သွယ်ခွင့် ရှိခဲ့ပါသည်။

          ၁၉၆၂ စစ်တပ်က အာဏာ သိမ်းလိုက်သောအခါ အနေအထားများ ပြောင်းလဲသွားခဲ့ပါသည်။ သတင်းစာအားလုံးကို စစ်တပ်က ပြည်သူပိုင်သိမ်းခဲ့ပြီး စာပေစိစစ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းကာ သာရေးနာရေး ကြော်ငြာများ အပါအဝင် ပုံနိုပ်စာပေ အားလုံးကို တင်းကြပ်စွာ စိစစ် ဖြတ်တောက်ခဲ့ပါသည်။

          အစိုးရသည် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေးဌာနကို အဓိက လက်ကိုင်ထား၍ ချုပ်ကိုင် ဖိနှိပ်မှုများ ပြုလုပ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေသည် လွတ်လပ်သော အခြေအနေမှ ထောင်နှုတ်ခမ်း ဝလျှောက်ရသော အခြေအနေသို့ ထိုးကျနေပါသည်။ နေ့စဉ် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များသည် အစိုးရ၏ ကြီးကြပ်မှု၊ ဆင်ဆာများအောက်တွင် ရှိပါသည်။ ပုဂ္ဂလိက ဂျာနယ်များ၊ မဂ္ဂဇင်းများသည်လည်း အစိုးရ စာပေစိစစ်ရေး အောက်တွင် စိစစ်ပြီးမှ ထုတ်ဝေရပါသည်။ မည်သည့် ပုံနှိပ် ထုတ်ဝေမှုမျှ စာပေစိစစ်ရေး၏ ခွင့်ပြုချက် မပါဘဲ ထုတ်ဝေခွင့် မရှိချေ။

          ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အခြားမီဒီယာများကို အစိုးရက ဝါဒဖြန့်ချိရေးအတွက် ချုပ်ကိုင်ထားပြီး၊ အတိုက်အခံများအတွက် ခွင့်ပြုမထားပါ။ ယခု လတ်တလော ပေါ်ပေါက်လာသော FM အစီအစဉ်များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ် ထောက်ခံသူ ကိုယ်စားလှယ်များ မဲဆွယ်ရေး အတွက် အသုံးပြုလိမ့်မည် ဖြစ်ပါသည်။

          စစ်အစိုးရသည် FM ရေဒီယို၏ လူကြိုက်များမှုကို အခွင့်ကောင်းယူလိမ့်မည် ဖြစ်ပါသည်။ ပြည်ပ မီဒီယာများ နားမထောင်နိုင်စေရန် FM အစီအစဉ်များကို လွှင့်ထုတ်နေခြင်း ဖြစ်သည်။ အတိုက်အခံ ပါတီများ နေရာ မရစေရေးအတွက် မီဒီယာကို ကိရိယာ တစ်ခုသဖွယ် အသုံးပြုနေပါသည်။

          အစိုးရအနေဖြင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ဖွဲ့စည်းခွင့်များ ပါဝင်သော လူ့အခွင့်အရေးများကို အာမခံခြင်း မရှိခဲ့လျှင်၊ ရွေးကောက်ပွဲသည် အဓိပ္ပာယ် မဲ့နေဦးမည် ဖြစ်ပါသည်။

          ဒီမိုကရေစီ၏ အသက်သည် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခြင်းနှင့် ဆိုင်ပါသည်။ မြန်မာနိုင်ငံရှိ မီဒီယာ လုပ်ကိုင်သူများသည် နိုင်ငံတကာ မီဒီယာအဖွဲ့များ၏ ထောက်ခံမှု ကူညီမှုများကို မျှော်လင့်လျက် ရှိနေကြပါသည်။ သို့မှသာ တိုင်းပြည်၏ အသွင်ပြောင်းမှုတွင် မီဒီယာသည် ကဏ္ဍတစ်ခုမှ ပါဝင် ကပြနိုင်မည် ဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့် မရှိဘဲနှင့်တော့ တိုင်းပြည် တစ်ခုတွင် လူမှုရေး သာတူညီမျှမှု သို့မဟုတ် ဒီမိုကရေစီ မရရှိနိုင်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News,5 - Dec - 2009

နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို ရွေးချယ်ခြင်းသည် အဆိုပါ နိုင်ငံ၏ တိုးတက်ခြင်း (သို့) ကျဆုံးခြင်း တစ်ခုမဟုတ် တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ယခင်က လွဲမှားမှုများသည် လမ်းမှား ရောက်သွားသော နိုင်ငံကို ကာကွယ် မပေးနိုင်ခဲ့သော်လည်း အကောင်းကို မျှော်လင့်ထားပါသည်။ ဆယ်စုနှစ်ပေါင်း များစွာ နိုင်ငံရေးနှင့် စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းခြင်း၏ အကျိုးဆက်ကြောင့် ၂၀၁၀ နောက်ပိုင်းတွင် တိုင်းပြည်အား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရန် မှန်ကန်သော အုပ်ချုပ်ရေးစနစ်ကို စိစစ် ရွေးချယ်ရန် အခြေအနေ ဖြစ်ပေါ်လာပါသည်။

ပထမ ကမ္ဘာစစ် အလွန် ကမ္ဘာကြီးတွင် နိုင်ငံရေး၊ စီးပွားရေးစနစ် ပုံစံ (၅) ခု ပေါ်ပေါက်ခဲ့သည်။

(၁)     အလယ်အလတ် လမ်းစဉ် လစ်ဘရယ် ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက်ဆိုင်ရာ ပုဂ္ဂလိက ထိန်းချုပ်သော စီးပွားရေးစနစ် (အမေရိကန် ပုံစံ)

(၂)     အလယ်အလတ် လမ်းစဉ် လစ်ဘရယ် ဒီမိုကရေစီ၏ စီမံခန့်ခွဲမှု အောက်တွင် ဈေးကွက်ကို ဖေါ်ဆောင်သည့် စနစ် (ဥရောပပုံစံ)

(၃)     ဒီမိုကရေစီနှင့် ဈေးကွက်ကို တိုက်ရိုက် ကျင့်သုံးသည့် စနစ် (အာရှကျားတို့၏ ပုံစံ)

(၄)     အလယ်အလတ် လမ်းစဉ် လစ်ဘရယ် ဒီမိုကရေစီနှင့် တွဲထားသော စီမံကိန်း စီးပွားရေးစနစ် (အိန္ဒိယပုံစံ)

(၅)     ကွန်မြူနစ် ဝါဒက လမ်းညွှန်သော စီမံကိန်း စီးပွားရေးစနစ် (ယခင် ဆိုဗီယက် ရုရှား ပုံစံ) စသည်တို့ ဖြစ်ပါသည်။

          ၁၉၈၉ ဘာလင် တံတိုင်း ပြိုကျမှုနှင့်အတူ နိုင်ငံပေါင်းများစွာသည် တစ်ပါတီ နိုင်ငံရေးစနစ် ကျင့်သုံးနေခိုက် စီမံကိန်း စီးပွားရေးစနစ်ကို ရွေးချယ်ရန် သင့် / မသင့်ကို ကောင်းစွာ သဘောပေါက် သွားကြပါသည်။ ၎င်းအကျိုးဆက်ကြောင့်ပင် ဆဋ္ဌမမြောက် နိုင်ငံရေး၊ စီးပွားရေး အုပ်ချုပ်မှုပုံစံ အသစ်တစ်ခု ထပ်တိုးလာခဲ့ပါသည်။ တစ်ပါတီ နိုင်ငံရေးစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်ပင် ဖြစ်ပါသည်။ တရုတ်၊ လာအို၊ ဗီယက်နမ် တို့သည် အထက်ပါ ဆဋ္ဌမပုံစံကို ကျင့်သုံးသော နိုင်ငံများ ဖြစ်ပြီး ရုရှားကမူ စစ်အေးတိုက်ပွဲ အပြီးတွင် ပုံစံ (၅) မှ ပုံစံ (၃) သို့ ပြောင်းလဲခဲ့ကာ အိန္ဒိယက ပုံစံ (၄) ကို စွန့်လွှတ်ပြီး ပုံစံ (၁) သို့ ကူးပြောင်းပါသည်။

          သို့သော်လည်း ၂၀၀၈ ခုနှစ်တွင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားပျက်ကပ် ဖြစ်ပွားလာသောအခါ အမေရိကန်စနစ် ပုံစံ (၁) မှာ ရေပန်းစားမှု လျော့ကျသွားပြီး ဥရောပစနစ် ပုံစံ (၂) ကို ပိုမို နှစ်သက်လာကြပါသည်။ သို့ဖြစ်၍ ဥရောပစနစ် ပုံစံ (၂) နှင့် ဈေးကွက် စီးပွားရေး ကျင့်သုံးသော တစ်ပါတီစနစ် ပုံစံ (၆) ကို အကြီးအကျယ် စိတ်ဝင်စားလျက် ရှိကြပါသည်။

          သို့ရာတွင် သတ္တမမြောက်ပုံစံ တခုဖြစ်သည့် (၂၁) ရာစု ခေတ်မှီနိုင်ငံများ၏ အမြင့်ဆုံး မျှော်လင့်ချက်ကို အဆုံးစွန် သုံးသပ်ထားသော ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ် ဒီမိုကရေစီကို ပေါင်းစပ်ထားသည့် စနစ် ပုံစံ (၇) လည်း ထွက်ပေါ်လာပြန်ပါသည်။

          ဆိုရှယ် ဒီမိုကရေစီကို ဆိုရှယ်လစ် ဒီမိုကရေစီနှင့် ရောထွေး၍ မစဉ်းစားသင့်ပါ။ ဆိုရှယ် ဒီမိုကရေစီသည် ပါတီစုံစနစ် ဖြစ်ပါသည်။ အလယ်အလတ် လစ်ဘရယ် ဒီမိုကရေစီနှင့်လည်း မတူဘဲ လူအဖွဲ့အစည်းအတွင်း လူမှုရေး မျှတမှုကို ဦးစားပေးထားသည့် ပုံစံအစား ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အခြေခံသော ပုံစံကို ပိုမို ရည်ညွှန်းသည့် စနစ် ဖြစ်ပါသည်။ ဈေးကွက် စီးပွားရေးနှင့် ဒီမိုကရက်တစ် အစိုးရ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစည်း ကျင့်သုံးမည့် ပုံစံသစ်တစ်ခု ဖြစ်သည်။

          စကင်ဒီနေးဗီးယန်း နိုင်ငံများသည် နောက်ဆုံးစနစ် ပုံစံ (၇) ကို အကောင်အထည်ဖော် ကျင့်သုံး၍ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှု ရနိုင်သည်ကို နားလည် လက်ခံခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံသည်လည်း ယခု နောက်ဆုံးစနစ်ကို ကျင့်သုံးသော နိုင်ငံများ စာရင်းတွင် ပါဝင်လာနိုင်သည်ဟု မှန်းဆမှုများလည်း ရှိနေပါသည်။

          မြန်မာနိုင်ငံ စီးပွားရေး နိုင်ငံရေး ဦးတည်ချက်၏ ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မည်သို့ ရှိနိုင်ပါသနည်း ဟု မေးစရာ ရှိပါသည်။

          မြန်မာနိုင်ငံသည် ဗြိတိန်ထံမှ လွတ်လပ်ရေး ရသည့်အချိန်မှ စ၍ ကာလ (၃) ခုကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုနိုင်ပါသည်။

(၁)     ၁၉၄၈ - ၁၉၆၂ ကာလ၊ ဝန်ကြီးချုပ် ဦးနု၏ လက်အောက်တွင် ပုံစံ (၂) ကို စမ်းသပ် ကျင့်သုံးခဲ့သည်။

(၂)     ၁၉၆၂  - ၁၉၈၈ ကာလ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အုပ်ချုပ်မှု အောက်တွင် ပုံစံ (၅) ကို ရွေးချယ်ခဲ့သည်။

(၃)     ၁၉၈၈ ခုနှစ်မှ ယခုအချိန်ထိ ကာလ၊ တပ်မတော် အစိုးရသည် နိုင်ငံရေး အုပ်ချုပ်မှု အာဏာကို လက်မလွှတ်ဘဲ စီးပွားရေး ကျဆင်းမှုကို ဖြေရှင်းရန် နည်းလမ်းအဖြစ် ပုံစံ (၆) ကို ကျင့်သုံးခဲ့သည်။

          သို့သော်လည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် မြန်မာနိုင်ငံသည် ပုံစံ (၃) ကို လက်ခံ ကျင့်သုံးမည့် ဖြစ်နိုင်ချေကို သိသာထင်ရှားစွာ တွေ့မြင်နေရပါသည်။ သို့ရာတွင် ပုံစံ (၇) နှင့် အနီးစပ်ဆုံး ဆင်တူသည့် စနစ်တခုကို ပြောင်းလဲမည့် အနေအထားလည်း ရှိနေနိုင်ပါသည်။ ထို့အပြင် ခေတ်မီ စက်မှုနိုင်ငံအဖြစ် အမှန်တကယ် တိုးတက် ဖွံ့ဖြိုးရန် အလျင်အမြန် သဘောပေါက် သွားနိုင်သည်ဟုလည်း ယခုတိုင် မျှော်လင့်ချက် ရှိပါသေးသည်။

          မည်သို့ပင်ဖြစ်စေ ပုံစံ (၇) ဖြင့် အနာဂါတ် မျှော်လင့်ချက်များ အောင်မြင်လိုပါက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရမည် ဖြစ်သည်။ အကယ်၍ လာမည့်နှစ် ရွေးကောက်ပွဲများကိုသာ ပယ်ချခဲ့ပါက မြန်မာနိုင်ငံရေး အခြေအနေသည် လမ်းကြောင်းမှန်ရန် ကြိုးစားနေခြင်းမှ လုံးဝ အလှမ်းကွာသွားမည် ဖြစ်ပြီး မူလ ဒုံရင်း အခြေအနေသို့ ပြန်ရောက်သွားပါလိမ့်မည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး အလွှာအနေဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့၏ ပါဝင် ပတ်သက်မှုနှင့် ရပ်တည်မှု ကဏ္ဍကို အသေအချာ စဉ်းစားရပါလိမ့်မည်။ ၎င်းတို့ အလေးအနက်ထား၍ စဉ်းစား သုံးသပ်ရမည့် အချက်မှာ ၎င်းတို့ ပါဝင် လှုပ်ရှားခြင်း (သို့) ဘာမှ မလှုပ်ရှားခြင်းသည် မြန်မာနိုင်ငံ "ပြန်လည် ဦးတည်မှု" ၏ အနာဂါတ် ဖြစ်နိုင်ချေ အခွင့်အလမ်းများ အပေါ်တွင် မည်သို့ အကျိုး သက်ရောက်နိုင်ပါသနည်း ဟူသော အချက်ပင် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

telegraphindia.com,6 - Dec - 2009

        ULFA ဦးစီးချုပ် Paresh Barue သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် အပတ်က ပြန်ရောက်သွားကြောင်း သတင်းများက ဆိုပါသည်။

          Barue သည် ဒီဇင်ဘာလ (၂) ရက်နေ့အထိ မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်တွင် နေထိုင်ခဲ့ပြီး၊ ထိုသို့ နေထိုင်စဉ် ဂြိုလ်တုဖုန်းဖြင့် ၎င်း၏ အာသံမှ အဆက်အသွယ်များဖြင့် အဆက်မပြတ်ခဲ့ကြောင်း အဆိုပါ သတင်းများက ဆိုပါသည်။

          ၎င်းသည် ၎င်း၏ အဆက်အသွယ်များ၏ အကူအညီဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ ၎င်းအဆက်အသွယ်များမှာ People's Liberation Army မှ ဖြစ်နိုင်ကြောင်း ဆိုပါသည်။

          လွန်ခဲ့သော နှစ်များအတွင်း ဘာရူးသည် တရုတ်ပြည်တွင်း၌ ဝင်လိုက် ထွက်လိုက် လှုပ်ရှားနေခဲ့ပြီး National Socialist Council of Nagalim ကဲ့သို့သော သူပုန်အဖွဲ့များထံမှ အကူအညီ ရရှိခဲ့သည်ဟု သိရပါသည်။

          သို့ရာတွင် ဟာသတစ်ခုအနေနှင့် NSCN ဝါရင့်ခေါင်းဆောင်က ဘာရူး၏ ရပ်တည်မှု ခက်ခဲလာခြင်းကို မေးခွန်းထုတ်ခဲ့ရာတွင် အကယ်၍ ဘာရူးသာ အခြား အကြမ်းဖက် အဖွဲ့များနှင့် ဆက်လက် ဆက်သွယ်နေပါက အိန္ဒိယ အစိုးရအနေနှင့် ၎င်းနှင့် မည်သို့ ဆွေးနွေးမည်နည်းဟု ဒင်မာမူမှ ဖုန်းဖြင့် ပြောကြားခဲ့ပါသည်။

          အကြမ်းဖက် နည်းလမ်းများသည် အမြဲတမ်း အဆင်မပြေပါ။ တစ်စုံတစ်ရာကို ၎င်းအနေနှင့် ရွေးချယ်သင့်သည်ဟု NSCN ခေါင်းဆောင်က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP,7th - Dec - 2009

        အမျိုးသား လုံခြုံရေး အကြံပေး James Jones က တနင်္ဂနွေနေ့က ပြောကြားခဲ့ရာတွင် အယ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်သည် ယခုအချိန်အထိ အာဖဂန် နစ္စတန် နိုင်ငံတွင်း၌ တခါတရံ ရှိနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။

        ဘင်လာဒင်သည် ပါကစ္စတန် နိုင်ငံတွင်း၌ ရှိနေသည်ဟု လက်ရှိ အမေရိကန် ပြည်ထောင်စုက များသောအားဖြင့် ယူဆနေပါသည်။ သို့ရာတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီး Jones ကမူ ဘင်လာဒင်သည် မြောက်ဝါဇီရစ္စတန် နယ်တွင်း တစ်နေရာ၌ ပုန်းအောင်းနေပြီး တစ်ခါတစ်ရံတွင် နယ်ခြား၏ ဟိုဘက် ဒီဘက် ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်တွင် ရှိနေတတ်သည်ဟု မှန်းဆ ပြောကြားလိုက်ပါသည်။

          အထက်ပါ ကိစ္စနှင့် ပတ်သက်၍ Jones က ဆွေးနွေးခဲ့ရာတွင် အလွန့် အလွန် ခက်ခဲ ကြမ်းတမ်းသော တောင်တန်းများ ထူထပ်သည့် နယ်မြေ ဖြစ်ပါသည်။ များသောအားဖြင့် မထိန်းချုပ် နိုင်ခဲ့သော ဒေသကို ရရှိအောင် မိမိတို့ လုပ်ဆောင်နေပြီး ယခုတစ်ကြိမ် ပေါ်ထွက်လာသော ၎င်းကို ပြေးခွင့် ပေးမှာလား၊ ဖမ်းဆီးနိုင်မှာလား၊ ပစ်သတ်နိုင်မှာလား ဆိုသည့် အချက်မှာ အလွန် အရေးကြီး၍ သေချာအောင် ပြုလုပ်ရပါလိမ့်မည်ဟု ဆိုပါသည်။

          ဘင်လာဒင် မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသောအချက်နှင့် ပတ်သက်၍ တိကျ သေချာသော ထောက်လှမ်းရေး သတင်းကောင်းများ မရသည်မှာ နှစ်ပေါင်း အတန်ကြာခဲ့ပြီဟု ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်က ပြောကြားခဲ့ပါသည်။ ဘင်လာဒင်ကို အာဖဂန် နစ္စတန်တွင် လတ်တလော မြင်တွေ့ခဲ့ရသည်ဟူသော အစီရင်ခံစာကို မိမိအနေဖြင့် အတည်မပြုနိုင်သေး ဟုလည်း ဆိုပါသည်။

          အကယ်၍ မိမိတို့ သံသယ ရှိသည့်အတိုင်း ဘင်လာဒင်သည် မြောက်ဝါဇီရစ္စတန်တွင် ရှိနေသည် ဆိုပါက ၎င်းနယ်မြေသည် ပါကစ္စတန် အစိုးရ ယန္တရား လက်လှမ်းမမှီသော ဒေသဖြစ်ပြီး တခါတရံ လုံးဝအုပ်ချုပ်နိုင်ခြင်းပင် မရှိခဲ့ဟု ဂိတ်စ်က ပြောပါသည်။

          နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ဘင်လာဒင်နှင့် အခြား အယ်ကေဒါ ခေါင်းဆောင်များကို ဖမ်းဆီးရန် (သို့) သတ်ဖြတ်ရန် ကိစ္စမှာ အလွန် အရေးကြီးပါသည်။ သို့သော်လည်း လက်ရှိ ပျောက်ဆုံးနေသော တိုးတက်မှု အမြောက်အမြားကို သေချာစွာ ပြုလုပ်နိုင်ရမည်ဟု ပြောကြားပါသည်။

          ဆီနိတ်တာ ဂျွန်မက်ကိန်းကမူ ဘင်လာဒင်သည် အဝေးသို့ ထွက်သွားလိုက်၊ ပြန်လာလိုက်ဖြင့် လှုပ်ရှားနေသည်ဟု ဒေသခံ ပြည်သူများက ၎င်းအား ပြောကြားသည်ဟု ဆိုပါသည်။ ဘင်လာဒင်အား အနံ့ခံ ရှာဖွေနေမှုကြောင့် လေ့ကျင့်ရေး အခြေစိုက်စခန်းများ ထူထောင်ခြင်းနှင့် အကြမ်းဖက်များအား လက်နက် တပ်ဆင်ခြင်းကို တားဆီးနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောပါသည်။ မက်ကိန်းက ဆက်လက်၍ အကယ်၍များ အယ်ကေဒါ ခေါင်းဆောင်များကို ကောင်းကင်ဘုံသို့ ပို့ပေးနိုင်ခဲ့ပါက (သတ်နိုင်ခဲ့ပါက) "ဘင်လာဒင် မရှိဘဲ အယ်ကေဒါ အဖွဲ့ မအောင်မြင်နိုင်ဟု မထင်လိုက်ပါနဲ့" ဟု သုံးသပ် ပြောကြားခဲ့ပါသည်။

          Jones က CNN ၏ State of the Union အစီအစဉ်၊ ရောဘတ်ဂိတ်စ်နှင့် ကလင်တန်က ABC ၏ This week, NBC ၏ Meet the press၊ CBS ၏ Face the Nation၊ မက်ကိန်းက NBC စသော မီဒီယာများတွင် တွေ့ဆုံ ပြောကြား ခဲ့ကြခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Canada.com,5 - Dec - 2009

        အချိန်မှာ မနက်ခင်း ဝေလီဝေလင်း ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ ရွာတစ်ရွာမှာ (၁၃) နှစ် အရွယ် ကလေးတစ်ယောက်သည် ခွေးတစ်အုပ် ထိုး၍ ဟောင်လိုက်သော အသံကို ကြားလိုက်ရပါသည်။ သူမ၏ မိဘများသည် သူမတို့ မောင်နှမ တစ်စုကို အမြန် စုစည်းလိုက်ပြီး အစိုးရ စစ်တပ်က စက်သေနတ်များ ပစ်ခတ်၍ တဲများ မီးရှို့နေသော ဇာတိရွာမှ သူတို့ မိသားစု (၁၀) ဦး ထွက်ပြေးလာခဲ့ပါသည်။

          အနီးအနားရှိ တောအုပ်အတွင်းမှ မြစ်ကမ်းဘေးတွင် မိသားစု ပုန်းအောင်း၍ ရွာတွင်းမှ မြင့်တက်လာသော မီးခိုးလုံးများကို စောင့်ကြည့်ခဲ့ကြပါသည်။ ညပိုင်းသို့ ရောက်သောအခါ တောထဲမှ ထွက်၍ မြစ်ကို ဖြတ်ကူးကာ အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းမှ ဒုက္ခသည် စခန်းများသို့ ထွက်ခွာခဲ့ကြပါသည်။

          ၁၉၉၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် ဖြစ်ပါသည်။

          ယခုအခါ ကြီးပြင်းလာသော ကရင်လူမျိုး ဇစ်ပိုရာမင်းသည် "ကရင်လူမျိုးကို ရှာတွေ့နိုင်မည့် တစ်ခုတည်းသော နေရာမှာ ပြတိုက်ပင် ဖြစ်သည်" ဟု ကြုံးဝါးခဲ့သည့် မြန်မာစစ် အစိုးရ ခေါင်းဆောင်များကို ပြန်လည် သတိရနေပါသည်။

          သို့ရာတွင် ကနေဒါ နိုင်ငံ အနှံ့ ပျံ့နှံ့ နေထိုင်ကြသည့် နေရာများအနက်မှ တစ်ခုဖြစ်သော ကနေဒါ အနောက်ဖက် ကမ်းရိုးတန်းတွင် နေထိုင်သော ကရင်လူမျိုးစု အသိုင်းအဝိုင်းလေးက ဘာများ ပြောနိုင်ပါဦးမည်နည်း။

          ၂၀၀၆ ခုနှစ်တွင် ကနေဒါနိုင်ငံ Langley, BC တွင် ပထမဆုံး အခြေချ နေထိုင်ခွင့်ရသော ကရင်လူမျိုး ဒုက္ခသည် (၃၅၀) ၌ ဇစ်ပိုရာမင်းလည်း ပါဝင်ခဲ့ပါသည်။

          သူမသည် ယခုအခါ ဒေသတွင်း ခရိုင်ကျောင်း တစ်ကျောင်းတွင် အလုပ်လုပ်နေပြီး BC (British Columbia) တွင် ဘဝကို နေသားကျအောင် ကြိုးစားနေသော ကရင်လူငယ်များကို ကူညီနေပါသည်။ သူမ ကူညီနေသော မိဘစုံတွဲများအနက် (၂) ဦးမှာ အေလီရှာ (၄၃ နှစ်) နှင့် ၎င်း၏ ဇနီး နွဲ့နွဲ့ (၃၆ နှစ်) တို့ ဖြစ်ပြီး ၂၀၀၇ ခုနှစ်က ရောက်ရှိခဲ့ပါသည်။

          ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းတွင်းရှိ ဝါးတဲကလေးမှ ထွက်ခွာခဲ့စဉ်က မိမိတို့ မိသားစု အလွန် ပျော်ရွှင်ခဲ့သည်ဟု အေလီရှာက ပြောပြပါသည်။

          ကနေဒါ အစိုးရက ၎င်း၏ မိသားစုကို လက်ခံလိုက်ကြောင်း ကြားသိရသည့် အချိန်တွင် အေလီရှာ တွေးမိသည်မှာ "အကယ်၍ မိမိတို့သာ ကနေဒါ ရောက်သွားခဲ့ပါက သွားချင်ရာကို လွတ်လပ်စွာ သွားနိုင်ပြီ၊ ကလေးများအတွက်လည်း မျှော်လင့်စရာ အနာဂတ် ရှိလာပြီ" ဟူ၍ ဖြစ်ပါသည်။

          မိသားစုလိုက် Langley သို့ ရောက်ရှိလာပြီး ဆီးနှင်းဖုံးသော တောင်တန်းများ အနားသတ်ထားသည့် တောင်ကြားဒေသကို တွေ့ရသည့်အခါ ဒီနေရာမျိုးကို အိမ်မက်တောင် မမက်ဘူးပါဟု တွေးတောမိကြောင်း ၎င်းက ပြောပါသည်။

          ဒေသတွင်း ခရိုင်ကျောင်းမှ အခြေချ အလုပ်သမားတစ်ဦး ဖြစ်သူ လီဇာဆက်ဒလာ က ပြောင်းရွှေ့ အခြေစိုက်သော မိသားစုများကို Seasonal Donation Bank က ကူညီ ပံ့ပိုးကြောင်း၊ ဟော်ကီ အားကစားကလည်း ကရင်လူငယ်များ၏ ကြံခိုင်ရေးကို အထောက်အကူ ပြုကြောင်း ဝမ်းပန်းတသာ ပြောပြပါသည်။ "စုစည်း ညီညွတ်အောင် အမှန်တကယ် အထောက်အကူ ရပါတယ်၊ ကနေဒါ ကလေးများနှင့်လည်း တွေ့ဆုံ ခင်မင်ခွင့် ရပါတယ်" ဟု သူမက ရှင်းပြပါသည်။

          ယခင်နှစ်က ကရင် ကလေးငယ်များအတွက် ဟော်ကီ ကစားကွင်း ပစ္စည်းများကို Donation Bank က ပေးအပ် ကူညီခဲ့ပါသည်။ လူငယ်လေးများသည် road hockey ကစားခွင့်ရကြပြီး ဆယ်ကျော်သက် လူငယ် (၄၀) ခန့်မှာ NHL အသင်းဟောင်း Trevor Linden ၏ အစီအစဉ်များတွင် ပါဝင်ဆင်နွှဲ နေကြပြီ ဖြစ်သည်။

          "အခုအချိန်မှာ သူတို့ကို သူတို့ ကနေဒီယမ် လို့တောင် ထင်နေကြပြီ။ ပြီးတော့ အရင်က ရေခဲကိုတောင် မမြင်ဘူးတဲ့ ကလေးတွေ အတွက်တော့ သိပ်ကို အံ့သြစရာကောင်းတဲ့ အတွေ့အကြုံပေါ့ရှင်" ဟု ဇစ်ပိုရာမင်းက ဆက်လက် ပြောကြားပါသည်။

          ကနေဒါ နိုင်ငံသား တယောက်ရဲ့ တန်ဖိုးကို အလေးထားတတ်အောင် Langley အသိုင်းအဝိုင်းက အမှန်တကယ် စည်းရုံး ဆောင်ရွက်နိုင်သည်ဟု ဆက်ဒလာက ချီးကျူးပါသည်။

          ဒီကို ရောက်လာတဲ့ မိသားစုတွေရဲ့ ဇာတ်လမ်းတွေကို ကြားရာတွင် အလွန် ရင်နာမိသည်ဟု ပြောခဲ့သူ ဆက်ဒလာက အခု ကနေဒါမှာ နေထိုင်ခွင့်ရတာ ခေါင်းပေါ်မှာ လုံခြုံတဲ့ အမိုးရှိနေသလို အရမ်း ကံကောင်းတယ်လို့ ခံစားမိပါတယ်ဟု ဖွင့်ဟ ပြောပြခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Scoop Independent News , Terry Evans, 6 Dec 2009

          မြန်မာနိုင်ငံ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများအား ဆေးကုသမှုများ ပြုလုပ်ပေးရန် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ငြင်းဆိုနေကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံ  ဒီမိုကရေစီ လှုပ်ရှားမှုများတွင် အဓိက ပုဂ္ဂိုလ်နှစ်ဦး ဖြစ်သော မင်းကိုနိုင်နှင့် ဦးဂမ္ဘီရ တို့သည် ပြီးခဲ့သည့် လမှစ၍ တဖြည်းဖြည်း ကျန်းမာရေး ချွတ်ယွင်းလာခဲ့ပါသည်။ ၎င်းတို့နှစ်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၃၀ ခန့်သည် ကျန်းမာရေး အခြေအနေ ဆိုးရွားလျက် ရှိပြီး မည်သည့် ဆေးကုသမှုကိုမျှ မခံခဲ့ကြရပါ။

          မြန်မာနိုင်ငံတွင် စုစုပေါင်း နိုင်ငံရေး အကျဉ်းသား ၂၁၇၃ ဦး ရှိပါသည်။

          ၎င်းတို့တွင် ဘုန်းတော်ကြီး ၂၅၁ ပါး၊ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး၊ ကျောင်းသား ၂၈၄ ဦး၊ အမျိုးသမီး ၁၇၉ ဦး၊ NLD အဖွဲ့ဝင် ၄၃၃ ဦး၊ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် လှုံ့ဆော်သူ ၃၄ ဦး၊ တိုင်းရင်းသား ၂၀၆ ဦး၊ ဆိုင်ကလုန်း နာဂစ် လုပ်အားပေး ၃၀ ဦး၊ ကျောင်းဆရာ ၂၆ ဦး၊ မီဒီယာ လှုပ်ရှားသူ ၄၃ ဦး၊ ရှေ့နေ ၁၂ ဦးနှင့် နေမကောင်းသူ ၁၃၀ ဦး ပါဝင်ပါသည်။

          ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် တက်ကြွစွာ လှုပ်ရှားသူ ၁၁၇၆ ဦးကို ဖမ်းဆီးခဲ့ပြီး ယခုတိုင် ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။ ထောင်ထဲတွင် ၎င်းတို့သည် ကြောက်စရာ ကောင်းသော နှိပ်စက်မှုများကို ကြုံတွေ့ကြရသည်။ လျှပ်စစ်နှင့် တို့ခြင်း၊ အဓမ္မ ပြုကျင့်ခြင်း၊ အသားနီ လန်သည်အထိ သံတုတ်နှင့် ပွတ်ခြင်း၊ ပြင်းထန်စွာ ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်း စသည့် ပြင်းထန်သော နှိပ်စက်မှုများကို ခံကြရပါသည်။ ထောင်သား အများစုသည် အခန်းထဲတွင် ၂၄ နာရီ နေကြရပြီး အစာရေစာ ပြည့်စုံအောင် မပေးသဖြင့် ကျန်းမာရေး ချို့ယွင်းလျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy,Dec 2009         

နိုဝင်ဘာလက ကျင်းပသော ရန်ကုန် မော်တော်ကားပြပွဲသို့ လာရောက်သော ဧည့်သည် ပရိသတ်များကို အမှန်တကယ် ဆွဲဆောင်ခဲ့သည့် အရာမှာ အရောင်အသွေး စုံလင်သည့် အပေါစား ကားများ မဟုတ်ဘဲ အစိုးရအဖွဲ့ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ၁၈ နှစ်သား လူရှုပ်ကလေး နေရွှေသွေးအောင် ဖြစ်ပါသည်။

          နေရွှေသွေးအောင် ကားပြပွဲသို့ ရောက်လာပြီး နာရီ အတန်ကြာ အချိန်ဖြုန်းခဲ့ခြင်းမှာ အောက်တိုဘာ ၂၇ ရက်က ရန်ကုန် ရာမာဒါဟိုတယ် အနီးတွင် သေနတ်(သို့) ဓားကိုင်ထားသော လူတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့သည် ဟူသော အင်တာနက်ပေါ်တွင် တင်ထားသော ကောလာဟလများ ပပျောက်စေရန် မျက်နှာပြခဲ့ခြင်း ဖြစ်ပုံ ရပါသည်။

          "First ever sport compact automotive event" ဟု အမည် ပေးထားသော ကားပြပွဲမှာ အမှန်တကယ်ပင် ကျစ်လစ် သိပ်သည်းပြီး ကား ၂၃ စီးသာ ပြသထားပါသည်။ MR2, Supra, Sky line, RX2 နှင့် Mark 2 စသော ပြည်တွင်းသို့ ဝင်လာသည့် ကားများကို အနည်းငယ် ပြုပြင် ပြောင်းလဲထားသော ပုံစံများသာ ဖြစ်ပါသည်။

          အချို့ကားများကို အတွင်းခန်းနှင့် ထိုင်ခုံများ ပြောင်းလဲထားပြီး အခြားကားများ၏ အပြင်ပိုင်းပုံစံကို ပြိုင်ကားနှင့် တူအောင် ပြင်ဆင် ပြောင်းလဲထားသည်ဟု ပြိုင်ပွဲ စီစဉ်သူတစ်ဦးက ဆိုပါသည်။

          ပြိုင်ကားများ ပိုင်ဆိုင်သော ကားဝါသနာရှင် မျိုးအောင်ခိုင်က ယခုပြပွဲကို စီစဉ်ခြင်း ဖြစ်ပြီး မြန်မာထိပ်သီး အာဏာပိုင်များ၏ ချမ်းသာသော မိသားစုများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

          ကျော်ကြားသူများအား တွေ့မြင်လိုသူများက မြန်မာနိုင်ငံ၏ သြဇာကြီး ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ (နေအိမ် ရှေ့တွင် ဇိမ်ခံကား ၄ စီးခန့် အနည်းဆုံး ထိုးထားသူ) ကို ရှာဖွေကြသော်လည်း ၎င်း၏သား မော်တော်ကားရူးလေးကို မည်သည့် နေရာတွင်မျှ ရှာမတွေ့ပါ။ "ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာ ကားတွေ အများကြီး ရှိပြီးသားပဲလေ"ဟု ပြပွဲလာ ပရိသတ်တစ်ဦးက မှတ်ချက်ပေးပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua ,7 Dec 2009

          ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အနောက်ဖက်ဒေသ ရခိုင်ပြည်နယ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၃ ခု အစိုးရက ထပ်မံ တည်ဆောက်နေသည် ဟု တနင်္လာနေ့က ထုတ်ပြန်သော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းများအရ သိရှိရသည်။

          ဝိုင်ဒင်၊ သူဌေးချောင်းနှင့် လေးမြို့မြစ်ဟု အမည်ပေးထားသော ရေအား လျှပ်စစ် စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ သုံးစွဲမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းများ ပြီးစီးသွားပါက လျှပ်စစ်ဓာတ်အား ၆၈၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဟု ဆိုပါသည်။

          ရခိုင်ပြည်နယ် တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၃၀ မဂ္ဂါဝမ်သာရှိသဖြင့် ပိုမိုထွက်ရှိ သော လျှပ်စစ်ဓာတ်အားကို အခြားတိုင်းနှင့် ပြည်နယ်များ၊ စီးပွားရေးဇုံများ၊ စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးသွားမည် ဟုလည်း ဖော်ပြထားပါသည်။

          ယခုနှစ် မေလက ရှမ်းပြည် မြောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် ရွှေလီ ၁ ရေအားလျှပ်စစ် စီမံကိန်းကိုလည်း တည်ဆောက်နေပါသည်။

          တစ်ချိန်ထဲတွင်ပင် မြန်မာနိုင်ငံ၏ အကြီးဆုံးရေအားလျှပ်စစ် စီမံကိန်းဖြစ်သော မန္တလေးတိုင်း ရဲရွာ စီမံကိန်းမှာ ပြီးစီးလုနီးပြီဖြစ်၍ လျှပ်စစ်ဓာတ်အား ၇၉၀ မဂ္ဂါဝမ်ထုတ်လွှတ်ပေးနိုင်မည်ဟု ဆိုပါသည်။

          ယခုအချိန်ထိ စုစုပေါင်း စက်တပ်ဆင် ထုတ်လုပ်မှု စွမ်းအားမှာ ၆၈၄ မဂ္ဂါဝပ် ဖြစ်ပြီး ၂၀၀၈ - ၂၀၀၉ ရာသီတွင် လျှပ်စစ်ဓာတ်အား တစ်နာရီလျှင် ၆.၆၂ ဘီလျံ ကီလိုဝပ် ထုတ်လွှတ်ပေးနိုင်မည်ဟု တရားဝင် စာရင်းဇယားများအရ သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy Magazine Vol 17 No.9 December, By Aung Zaw

          အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ရန်လိုမှုများ ရပ်ဆိုင်းပြီး ချဉ်းကပ် ဆက်ဆံမှုသည် မြန်မာနိုင်ငံဘက်မှ လိုက်ပါ ဆောင်ရွက်ခြင်း မရှိပါက ခဏနှင့် ရပ်လိုက်ရလိမ့်မည် ဖြစ်ပါသည်။

          အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမားသည် ၎င်း၏ အာရှတိုက် ခရီးစဉ်အတွင်း မြန်မာအစိုးရ ခေါင်းဆောင်များအား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်နှင့် လာမည့်နှစ် ကျင်းပမည့် ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှစေရန်၊ ပွင့်လင်း၍ မြင်သာ ထင်သာ ရှိစေရန် တိုက်တွန်းခဲ့ပါသည်။

          Obama နှင့် လိုက်ပါသွားသော အာဏာပိုင်များကလည်း အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံများ၊ တိုင်းရင်းသားအဖွဲ့များ ပါဝင်သော မြန်မာနိုင်ငံရှိ နိုင်ငံရေးနှင့် ပတ်သက်မှုများ အားလုံးကို တွေ့ဆုံ ဆွေးနွေးရန် ထပ်မံ တိုက်တွန်း ခဲ့ပါသည်။

          စင်္ကာပူတွင် အာဆီယံ ခေါင်းဆောင်များနှင့် Obama တွေ့ဆုံအပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်ရာတွင်လည်း အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို တိုက်တွန်းထားပါသည်။

          အဆိုပါ ပူးတွဲ ကြေညာချက်ရော၊ Obama ၏ ပြန်မပြော နားမထောင် မြန်မာအစိုးရအပေါ် အသနားခံမှုများ ဖြစ်သော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ဆွေးနွေးရေး လမ်းဖွင့်ပေးရန် ကိစ္စရပ်များသည် အရေးကြီးသည်ဟု အချက်ပြရုံသာ ဖြစ်ပါသည်။ ၎င်းတို့အားလုံးက မြန်မာ စစ်အစိုးရသည် ရွေ့လိမ့်မည် မဟုတ်ကြောင်း သိကြပါသည်။

          အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြုလုပ်ရမည့် အလုပ်များစွာ ရှိကြောင်း ဝန်ခံထားပါသည်။ သူမက ပြောကြားရာတွင် ယခုကိစ္စမှာ လွယ်ကူလိမ့်မည်ဟု လည်းကောင်း၊ မြန်ဆန်လိမ့်မည်ဟု လည်းကောင်း ထင်ယောင်ထင်မှား မဖြစ်စေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ရှင်းရှင်းပြောရလျှင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်၏ မူဝါဒသည် ပြည့်စုံအောင် ထည့်သွင်းထားပြီး၊ အပေါင်းလက္ခဏာ ဆောင်သော တုံ့ပြန်မှုများကိုလည်း လက်ခံရရှိပါသည်။

          ပို၍ အရေးကြီးသော အချက်မှာ အမေရိကန်အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုများကို ဆက်လက်  ထောက်ခံမည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ ပြည်တွင်း၊ ပြည်ပရှိ အတိုက်အခံများသည် အမေရိကန်ကို မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေအား ဝင်ရောက် ညှိနှိုင်းပေးနိုင်သည့် ကဏ္ဍတွင် ရှိသည်ဟု သတ်မှတ်ထားကြပါသည်။

          အမေရိကန်၏ မူဝါဒ အသစ်အတွက် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ချမှတ်ထားသော အရေးကြီးသော အချက်များအပေါ် ထောက်ခံ အားပေးသော တုံ့ပြန်မှုများဖြင့် စတင် ရမည် ဖြစ်သော်လည်း၊ အရိုးစွဲနေသော သံသယ တုံ့ပြန်မှုများကိုသာ ရရှိပါသည်။

          မကြာသေးသော အတိတ်ကာလများကို ပြန်ကြည့်လျှင်လည်း မြန်မာစစ်စိုးရနှင့် ဆက်ဆံရန် ကြိုးစားသမျှ အချည်းအနှီး ဖြစ်ခဲ့သည်ချည်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်များ၊ ဒေသတွင်း ခေါင်းဆောင်များသည် နိုင်ငံရေး ဖြေရှင်းမှုအတွက် အဖြေရှာရေး မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ဖူးပါသည်။ အားလုံး လက်ဗလာနှင့် လှည့် ပြန်လာရပြီး၊ အကြီးအကျယ် မကျေနပ်မှုများကို ဖော်ပြခဲ့ကြသည်။

          မြန်မာနိုင်ငံ၏ အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မည်သည့် လိုက်လျောမှုမျှ  ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ယခု တစ်ကြိမ်တွင်မူ တစ်မျိုး ခြားနားစွာ လုပ်ဆောင်ရန် ၎င်းတွင် အကြောင်း ပြချက် မရှိပါ။

          အမေရိကန်၏ မူဝါဒသစ်ကို လေ့လာပြီးနောက်၊ သန်းရွှေသည် ၎င်း၏ လက်အောက်ငယ်သားအား အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ယခုတော့ နေပြည်တော်နှင့် ဆက်ဆံရေး ပြုလုပ်ရန် လိုလားနေကြကြောင်း၊ နောက်ဆုံးတော့ သူ၏ စစ်အစိုးရ၏ အပြုသဘော ဆောင်သော တိုးတက်မှုများကို သဘောပေါက်လာကြပြီ ဖြစ်ကြောင်း၊ ပြောစေရန် တွန်းအားပေးသလို ဖြစ်ခဲ့ရသည်။

          ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ထိုကဲ့သို့ စဉ်းစားလိမ့်မည် ဆိုသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ကမ္ဘာကြီးက စစ်အစိုးရကို ချဉ်းကပ်ပုံ ပြောင်းခဲ့သော်လည်း နည်းလမ်းများကတော့ အလုံးစုံ ပြောင်းလဲ မသွားသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် သူ့လုပ်ရပ်များကို အများက မှားသည်ဟု ထင်နေသော်လည်း၊ သူ့အနေဖြင့် မှန်ကန်သည်ဟု ယူဆ နေလိမ့်မည်မှာမူ မအံသြကြပါနှင့်။

          မည်သို့ဆိုစေကာမူ ပြီးခဲ့သည့် နိုဝင်ဘာလက ၎င်းတို့၏ အဆင့်မြင့် မစ်ရှင်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီးနောက် အမေရိကန်တို့သည် မြန်မာအစိုးရဘက်မှ အဓိပ္ပါယ် ပြည့်ဝသော အပြုအမူအချို့ ပြန်လည် ပြသရန် မျှော်လင့်နေပေလိမ့်မည်။

          အကယ်၍ သန်းရွှေသည် Obama ၏ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်နှင့်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ်ပေးရန် တောင်းဆိုမှုများကို ဂရုမစိုက်ခဲ့လျှင် အမေရိကန်၏ မူဝါဒ အသစ်သည် အားနည်းပြီး အောက်ကျ ခံလွန်းသည်ဟု ဆိုရမည် ဖြစ်ပါသည်။

          သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် အမေရိကန်တို့သည် အတိုင်းအဆ မရှိ သည်းခံနိုင်လိမ့်မည်ဟု လည်းကောင်း၊ တစ်ဖက်သတ်တည်း ဆက်ဆံရေးကို လက်ခံလိမ့်မည်ဟု လည်းကောင်း၊ မှားယွင်း တွက်ဆ မနေသင့်ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယား မဟုတ်ပါ။ ရိုင်းပြသော မြောက်ကိုရီးယား အစိုးရအပေါ် ၎င်း၏ ခြိမ်းခြောက်မှုများအတွက် အမေရိကန်တို့က မဟာဗျူဟာအရ စိတ်ပါဝင်စားမှုများစွာ ရှိနေပါသည်။ ထို့ကြောင့် မြောက်ကိုရီးယားကို အမေရိကန်တို့က ဆက်လက် ဆက်ဆံနေပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် အားပေးလျက် ရှိပါသည်။

          မြန်မာနိုင်ငံကိစ္စတွင်မူ၊ အမေရိကန် အစိုးရသစ်သည် မုန့်ဝေရေးရော၊ တုတ်ဝေရေးရော ပါဝင်သည့် မူဝါဒကို ချမှတ်ခဲ့ပြီး၊ အခွင့်အလမ်း အနည်းငယ် အဆိုပြုထားရာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် လျစ်လျူရှု မထားသင့်ပေ။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘက်မှ တုံ့ပြန်လိမ့်မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ဝါရှင်တန်၏ ဆက်ဆံရေး ထူထောင်ရန် အဆိုပြုချက်ကို အလေးအနက် ထားရန် လုံလောက်သည့် နိုင်ငံရေး ခံယူချက် မရှိခြင်းပင် ဖြစ်ပါသည်။

          ဓားစာခံနှင့် အလောင်းအစား ပြုသူများသည် မည်သည့်အခါမျှ လိုက်လျောရိုး ထုံးစံ မရှိချေ။ ထို့ ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အလှည့်ရောက်မှ ချွင်းချက် မရှိနိုင်ပေ။

          နောက်ဆုံး တစ်နေ့တွင် အမေရိကန်တို့အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်တွင် မြန်မာအစိုးရက ဆက်ဆံရေး တိုးတက်မှုများအတွက် ငြင်းပယ်ခဲ့မှုကြောင့် အရှက်ရလိမ့်မည် မဟုတ်ပေ။ ယခု တွေ့ဆုံ စကားပြောမှုများ ရပ်ဆိုင်းသွားခဲ့သော်လည်း နောက်ထပ် ခြောက်လအတွင်း အမေရိကန်တို့သည် ဆက်ဆံရေးကို ကျော်ခိုင်းသွားပေလိမ့်မည်။

          ထိုအခါ အမေရိကန်-မြန်မာ ဆက်ဆံရေး သက်တမ်း တိုသည်ကို တွေ့ရမည် ဖြစ်ပြီး၊ ဝါရှင်တန်မှာလည်း သည်းခံမှု အတိုင်းအတာ ကုန်ဆုံးသွားမည် ဖြစ်ပြီး၊ စစ်အစိုးရအပေါ် အရေးယူမှုများ ပိုမို တင်းကျပ်လာနိုင်ပေသည်။

          တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတွင်းမှ အဖိနှိပ်ခံ ပြည်သူများအတွက်လည်း မည်သည့် ပြောင်းလဲမှုမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.