Transparency Myanmar

transparency.myanmar@gmail.com

Sky News.2010, 26th January 2010

ဗြိတိန်နိုင်ငံသည် ကာလ ကြာမြင့်စွာ စီးပွားရေး ကျဆင်းနေမှုကို အဆုံးသတ်ရန် တာစူနေကာ ထုတ်ပြန်လိုက်သော စာရင်း ဇယားများအရ နိုင်ငံသည် ပြန်လည် တိုးတက်အောင် နောက်ဆုံးတွင် လုပ်ဆောင်နိုင်ခဲ့ကြောင်းကို ပြသနေပါသည်။

၂၀၀၈ ဒုတိယ လေးလပတ်မှ စ၍ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသော ဗြိတိန်နိုင်ငံသည် ယခု ပထမဆုံး အကြိမ် စီးပွားရေး ပြန်လည် တိုးတက် လာသည်ကို ယနေ့ ထုတ်ပြန်သော ၂၀၀၉ နောက်ဆုံး လေးလပတ် GDP  ဂျီဒီပီ အချက်အလက်များက ပြသလိမ့်မည် ဟု စီးပွားရေး ပညာရှင်များက မှန်းဆနေပါသည်။

အကယ်၍ ဗြိတိန်သည် ၂၀၀၉ နောက်ဆုံး လေးလပတ်တွင် တိုးတက်မှု မရှိခဲ့ပါက အလွန် အံ့​သြ တုန်လှုပ်မိမည် ဖြစ်ပြီး စီးပွားရေး သရုပ်ခွဲ လေ့လာ မှန်းဆခြင်းကို စွန့်လွှတ်ရန်ပင် စဉ်းစားမိလိမ့်မည် ဖြစ်သည်ဟု IHS Global Insight မှ ဗြိတိန် စီးပွားရေး ပညာရှင် အကြီးအကဲ  Howard Archer  က ပြောကြားပါသည်။

ဗြိတိန်သည် G 7 ဂျီဆဲဗင်း နိုင်ငံများ၌ စီးပွားရေး အကျပ်အတည်း အတွင်း ကျန်ရှိနေသော နောက်ဆုံး နိုင်ငံ ဖြစ်ပြီး ယခင် နှစ်ကုန်ပိုင်း ထုတ်ပြန်သော တတိယ လေးလပတ် ရလဒ်များအရ စီးပွားရေး ကျုံ့နေဆဲ ဖြစ်သဖြင့် များစွာ အံ့သြ ခဲ့ကြရပါသည်။

နောက်ဆုံး GDP အချက်အလက်များအရ အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ စီးပွားရေး ၀.၄% တိုးတက်ခဲ့သည်ကို ပြသလိမ့်မည်ဟု မှန်းဆနေကြပြီး ၀.၂% ကျဆင်းနေခြင်းမှ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ကျဆင်းနေမှု တရားဝင် အဆုံးသတ်သွားမည့် အလားအလာများ မြင်တွေ့ရပြီ ဖြစ်သော်လည်း ပြန်လည် သန်စွမ်း နလံထူလာပြီဟု အသေအချာ မပြောနိုင်သေးပါ။

IME နှင့် ကုလသမဂ္ဂ ၂ ဖွဲ့စလုံးက ယခု နှစ်အတွင်း နှစ်ထပ်ကွမ်း စီးပွားရေး ကျဆင်းမှု ဖြစ်လာနိုင်သည်ဟု သတိပေးကြကာ ပြည်သူလူထု၏ ငွေချေးငှားမှုမှာလည်း တစ်ချိန်လုံး မြင့်မားနေဆဲ ဖြစ်ပါသည်။

"တကယ်လို့ စီးပွားရေး အကျပ်အတည်း ကနေ လွတ်မြောက် လာခဲ့ရင်တောင် ခက်ခက်ခဲခဲ ကြိုးစားမှုနဲ့ ပြန်လည် စတင်ကြရလိမ့်မယ် ဆိုတဲ့ အချက်ဟာ အင်မတန် တန်ဖိုးရှိတဲ့ ထောက်ညွှန် ပြသမှု တစ်ခု ဖြစ်တယ်" ဟု Daiwa Capital Markets Europe မှ စီးပွားရေး ပညာရှင် Colin Ellis က ပြောကြားပါသည်။

ဘတ်ဂျက် လိုငွေပြမှု ကြီးမားနေခြင်း လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ အလုပ်အကိုင်များ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရေးနှင့် လုပ်ခများ တိုးပေးရန် အစပျိုးနေမှုများသည် လာမည့်နှစ် အနည်းငယ် အတွင်း ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာလိမ့်မည်။

စီးပွားရေး ကျုံ့ဝင်မှု ၃.၅ %  ရှိလိမ့်မည် ဟု ကြိုတင်၍ တရားဝင် ခန့်မှန်းခဲ့ကြသော်လည်း ၂၀၀၉  ခုနှစ် အတွင်း စီးပွားရေးသည် ၄.၇၅ % အထိ ကျုံ့ဝင် သွားခဲ့သည် ဟု သိရှိရပြီး ဗြိတိန်၏ စီးပွားရေး ကျဆင်းမှုသည် ထင်ထားသည်ထက် ပို၍ နက်ရှိုင်းကြောင်း ချန်ဆယ်လာ Alistair Darling က ဝန်ခံ ပြောကြား လိုက်ပါသည်။

တစ်နိုင်ငံလုံး၏ ထုတ်လုပ်မှုသည် ၂၀၁၀ အတွင်း ၁ % မှ ၁.၅ % အထိ အသင့်အတင့် ကြီးထွားလာလိမ့်မည် ဟု Mr Oarling က ၎င်း၏ ယခင် ခန့်မှန်းချက်နှင့် ပူးတွဲ၍ သုံးသပ်လိုက်ပါသည်။

ငွေကြေး အကြပ်အတည်းကြောင့် အလုပ်လက်မဲ့ ပြဿနာ ကြီးထွား လာခြင်းကို ဗြိတိန်က အပြင်းအထန် ကြိုးစား ဖြေရှင်းလျက် ရှိပြီး ယခုကဲ့သို့ လေးလပတ် ကာလ ၆ခုမျှ စီးပွားရေး ကျုံ့ဝင် ခဲ့ရမှုသည် ၁၉၅၅ မှစ၍ မှတ်တမ်းတင် ခဲ့သမျှတွင် အချိန်အကြာဆုံး စီးပွားရေး ကျဆင်းမှု ဖြစ်သည် ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

by Nehginpao Kipgen, www.huffingtonpost.com, 26th January 2010

မနှစ်က ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ပထမဆုံး အာဖရိက နွယ်ဖွား အမေရိကန် တစ်ဦးသည် အမေရိကန် ပြည်ထောင်စု၏ ၄၄ ဦးမြောက် သမ္မတ အဖြစ် ရာထူး လက်ခံခဲ့ပါသည်။ ဤစာရေးသူသည် ဝါရှင်တန် ဒီစီ၏ အသည်းနှလုံး National Mall တွင် ဆောင်းရာသီ အအေးဒဏ်ကို အံတုရင်း ရောက်ရှိလာသော ထောင်ပေါင်း များစွာသော လူများတွင် တစ်ဦး အပါအဝင် ဖြစ်ပါသည်။

ကျွန်ုပ်သည်လည်း ကမ္ဘာပေါ်ရှိ သန်းပေါင်း များစွာသော လူများကဲ့သို့ပင် တက်ကြွ ဖျတ်လတ်သော Barack H.Obama ၏ အခမ်းအနား မိန့်ခွန်းကို နားထောင်ရန် အလွန် စိတ်အား ထက်သန် ခဲ့ပါသည်။ Obama သည် ၎င်း၏ မူဝါဒကို ဖော်ပြသော မိန့်ခွန်းတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ရန်သူများရော  မိတ်ဆွေများပါ တန်းတူ ဆက်ဆံခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းမှ အမေရိကန် အပေါ် အမြင် ပြောင်းစေရန် ထည့်သွင်း ပြောကြားခဲ့ရာ အများ၏ စိတ်ပါဝင်စားစွာ အလေးပေး နားထောင်မှုကို တွေ့ရှိခဲ့ရပါသည်။

အာဏာရှင် အစိုးရများကို ရည်ရွယ်၍ Obama က ဆွေးနွေးသော စကားကို ပြောကြားရာတွင် ''အကျင့်ပျက် ခြစားမှု၊ လိမ်ညာမှုနှင့် မိမိနှင့် သဘောထား မတူသူများ၏ အသံကို တိတ်နေ စေခြင်းအားဖြင့် အာဏာကို ဖက်တွယ် ထားသူများကို ပြောလိုပါတယ်။ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားတဲ့ ဖက်မှာ နေနေကြတယ် ဆိုပေမယ့် ခင်ဗျားတို့ ဆုပ်ထားတဲ့ လက်သီးများကို လက်ဆွဲ နှုတ်ဆက်ဖို့ လိုလားတယ် ဆိုရင် ကျွန်တော်တို့က လက်ကို ဆန့်တန်းပြီး အသင့် ရှိနေပြီးသားပါ  '' ဟု ပြောကြားခဲ့ပါသည်။

Obama သည် ဒီမိုကရက်တစ် ပါတီ၏ သမ္မတဟောင်း အဖြစ် အမည် စာရင်း သွင်းရန် အကြို ရွေးကောက်ပွဲ အနိုင်ရရှိကတည်းက ဝါရှင်တန် အနေဖြင့် မြန်မာနိုင်ငံကို မည့်သို့ အကျိုးရှိရှိ ချဉ်းကပ်မလဲ ဆိုသည့် အချက် ကို ငြင်းခုံလျက် ရှိနေပြီ ဖြစ်ပါသည်။ ပြည်ပရောက် မြန်မာ အတိုက်အခံ အဖွဲ့ အများစုသည် သမ္မတ ဘွတ်ရှ် ၏ အရေးယူမှုနှင့် အထီးကျန် ဖြစ်စေခြင်း မူဝါဒကို များစွာ သဘောကျ ကြပါသည်။

အမြင် အမျိုးမျိုး၊ အကြံဥာဏ် အမျိုးမျိုး ရှိနေသည့် ကြားမှပင် Obama အစိုးရသည် မြန်မာ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်များ အပါအဝင် အဖွဲ့များစွာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါသည်။ အမေရိကန် အနေဖြင့် မြန်မာနိုင်ငံကို အရေးယူမှုများမှ ဖယ်ခွာ၍ ဆက်ဆံရေး မူဝါဒကို ကျင့်သုံးရန် အကြံပြုသူ လူအနည်းစုတွင် စာရေးသူ ကျွန်ုပ်လည်း ပါဝင်ပါသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့က China Post တွင် ကျွန်ုပ်သည် '' အမေရိကန် တို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အရေးယူ ပိတ်ဆို့မှုချဉ်း မဟုတ်ပဲ၊ အခြား ပြောင်းလဲ ဆက်ဆံကြည့်ပါ'' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားခဲ့ပါသည်။ အဆိုပါ ဆောင်းပါးတွင် ပဋိပက္ခဖြင့် ချဉ်းကပ်ခြင်း၏ မထိရောက်မှုများကို ဖော်ပြခဲ့ပြီး၊ အမေရိကန် အစိုးရ အနေဖြင့် မြန်မာ ဗိုလ်ချုပ်များကို အထီးကျန်ပြုထားသော ၎င်း၏ သမားရိုးကျ မူဝါဒကို စွန့်ခွာပြီး၊ ဗိုလ်ချုပ်များနှင့် ထိတွေ့ ဆက်ဆံမှု စတင် ပြုလုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့အရေး အတွက် အဖြေရှာရာတွင် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခြင်း သက်သက်ဖြင့် မထိရောက်နိုင်ကြောင်း သဘောပေါက်သင့်ပြီး။ အခြားတဖက်တွင် ထိတွေ့ ဆက်ဆံရေး ပြုလုပ်၍ ရနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဟီလာရီ ကလင်တန် သည် နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် သူမ၏ ပထမဆုံး အာရှ ခရီးစဉ်ကို သွားရောက်ခဲ့ပါသည်။ Obama အစိုးရ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော မူဝါဒ ကိုသူမက အများသို့ ကျေညာချက် ထုတ်ပြန်ရာတွင် အရေးယူမှု ချမှတ်ထားသော မိမိတို့၏ ယခင် လမ်းကြောင်းသည် မြန်မာအစိုးရကို လွှမ်းမိုးနိုင်ခြင်း မရှိသည်မှာ ထင်ရှားနေပါသည် ဟု ဖော်ပြခဲ့ပါသည်။ ထို့အတူပင် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းများ ကျင့်သုံးနေသည့် မြန်မာတို့နှင့် ဆက်ဆံရေး မပြတ်တောက်စေရန် ဆက်ဆံရေးဝါဒ ကျင့်သုံးနေခြင်းသည်လည်း မြန်မာကို လွှမ်းမိုးနိုင်ခြင်း မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ နောက်ဆုံးရက် သတ္တပတ်များ၊ သမ္မတ ရွေးကောက်ပွဲ ကာလများက Bush အစိုးရသည် မြန်မာနိုင်ငံသို့ အထူး ကိုယ်စားလှယ် စေလွှတ်ရန် အမည်စာရင်း တင်သွင်းခဲ့ရာ မအောင်မြင်ခဲ့သော်လည်း၊ အဆိုပါ အကြံအစည်ကို ဝေဖန် သုံးသပ်သူများ၊ လေ့လာသူအများက ကြိုဆိုခဲ့ပါသည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့က Washington Times တွင် ''ဖြစ်နိုင်သည့် ထွက်ရပ်လမ်း'' ခေါင်းစဉ်ဖြင့် ကျွန်ုပ်၏ အမြင်ကို ရေးသားသည့် ဆောင်းပါး၌ နိုင်ငံတကာ ချဉ်းကပ်မှု ပုံစံဖြင့် ဦးဆောင်မည့် အထူး ကိုယ်စားလှယ်၏ အရေးပါပုံကို ဖော်ပြခဲ့ပါသည်။ ဒေသ အကြောင်း နားလည်သူ အထူး ကိုယ်စားလှယ်ကို ရွေးချယ်ခြင်းတွင် ဥာဏ်ကြီးရန် လိုကြောင်း၊ အရှေ့ အာရှ၏ သံအမတ်အသစ် Kurt Campbell ကို တာဝန်ပေးလျှင် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ အထီးကျန်ပြုမှုကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ရာ မအောင်မြင်ခဲ့သည် ဖြစ်ရာ ထိတွေ့ ဆက်ဆံကြည့်ရန် အချိန် ဖြစ်ကြောင်း အကြံပြု ရေးသားခဲ့ပါသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် Obama အစိုးရသည် ၉လကြာ မူဝါဒ ပြန်လည် သုံးသပ် အပြီးတွင် မြန်မာ စစ်ခေါင်းဆောင်များ အပေါ် အရေးယူမှုများကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း ၎င်းတို့ ဆက်ဆံခြင်းကို စတင်မည် ဖြစ်ကြောင်း ကျေညာခဲ့ပါသည်။

အဆိုပါ မူဝါဒကို ကြိုဆိုသောအားဖြင့် ကျွန်ုပ်သည် Korea Times တွင် ၂၀၀၉ အောက်တိုဘာ ၉ ရက်နေ့က '' အမေရိကန် ပြည်ထောင်စုသည် မြန်မာတို့၏ ကွဲပြား ခြားနားမှုများကို နားလည်ရမည် '' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားခဲ့ပါသည်။ မူဝါဒ အသစ်သည် အမေရိကန် အစိုးရ အတွက် ထိတွေ့ ဆက်ဆံမည့် အဖွဲ့များရော အရေးယူ ပိတ်ဆို့မည့် အဖွဲ့များကြား ဆက်ဆံရေးတွင် ပေါင်းကူးတံတား အဖြစ် ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ထိတွေ့ ဆက်ဆံရေး မူဝါဒကြောင့် ယခုအခါ Obama အစိုးရသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ အိန္ဒိယ နှင့် ရုရှား တို့ဖြင့် အလုပ်လုပ်၍ ရပြီ ဖြစ်ပါသည်။ အရေးယူ ပိတ်ဆို့ရေးမူကိုလည်း ထားရှိခြင်းဖြင့် မိမိ၏ ရှေးရှေးကတည်းက မဟာမိတ် EU နှင့်လည်း အတူတူ အလုပ် လုပ်နိုင်ဦးမည် ဖြစ်ပါသည်။

လက်ရှိ အချိန်တွင်မူ ဝါရှင်တန်၏ ဦးစားပေး စာရင်းတွင် ပြည်တွင်းရော နိုင်ငံတကာ တွင်ပါ မြန်မာ့အရေးသည် အချိန် မပေးနိုင်ပဲ ချောင်ထိုးခံနေရပေသည်။ အီရတ်နှင့် အာဖဂန် နစ္စတန်ရှိ စိန်ခေါ်နေသော စစ်ပွဲများ၊ အီရတ်၏ နိုင်ငံရေး အုံကြွမှုများ၊ မြောက်ကိုးရီးယားနှင့် နျူကလီးယား အရေးများက အခြားကိစ္စများထက် အရေးကြီးနေပါသည်။

အမေရိကန် ပြည်တွင်းတွင် Obama အစိုးရ မတွက် မီးလောင်နေသော ကိစ္စရပ်များမှာ စီးပွားရေး နာလံထူမှု နှေးကွေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု agenda ၏ မရေရာမှုများ ရှိနေပါသည်။ ယခုနှစ်တွင် ပြုလုပ်မည့် ကွန်ဂရက် ရွေးကောက်ပွဲ ကလည်း ရှိသေးသည်။ သေဆုံးသွားသော ဆီနိတ်တာ Edward M. Kennedy  နေရာတွင် ရီပတ်ဗလစ်ကင် အား ရှုံးနိမ့်ခြင်းမှာ အစိုးရအတွက် မနက် နှိုးစက်ပေးထားခြင်း ခံရသလိုပင် ဖြစ်နေပေသည်။

တစ်ချိန်တည်းတွင်ပင် မြန်မာစစ် အစိုးရသည် ယခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေပြီး၊ ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ရက်တို့ကိုမူ ကျေညာခြင်း မရှိသေးပါ။ အဓိက အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် မချသေးပေ။

မြန်မာ့ နိုင်ငံရေး အနာဂတ်သည် မသေချာမှုများ ရှိနေသေးသော်လည်း၊ အမေရိကန် အစိုးရ၏ ဆက်ဆံရေးကတော့ ဆက်လက် ရှိနေရေးသည် အရေးကြီးပါသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကြားတွင် အဓိပ္ပာယ် ရှိသော တွေ့ဆုံ ဆွေးနွေးမှု ရှိလာမှသာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် လမ်းစ ပေါ်မည် ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် နှစ်ပေါင်း ငါးဆယ်ခန့် ပြဿနာ ဖြစ်နေသော တိုင်းရင်းသား အရေးများအတွက် ဗိုလ်ချုပ်များကို အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆက်လက် ဖိအား ပေးနေရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခ သဘာဝ သည် သမိုင်းကြောင်းနှင့် ချီသော တိုင်းရင်းသားများနှင့် ဆိုင်သော နိုင်ငံရေး ကိစ္စများ ရှိနေပေရာ အဖြေရှာရေးတွင် နက်နက်နဲနဲ ခွဲခြား စိတ်ဖြာရန်၊ စနစ်တကျ ချဉ်းကပ်ရန်နှင့် အားလုံးကို ထည်းသွင်း စဉ်းစား ကူညီပေးရန် လိုအပ် လှပါသည်။       

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th January 2009

          ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ogea Quintana သည် ဖေဖော်ဝါရီ (၁၄) မှ (၂၀) အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ၎င်းက တစ်နှစ်အတွင်း ဒုတိယအကြိမ် လာရောက်ရန် ယခင်နှစ်က တောင်းဆိုထားခဲ့ခြင်း ဖြစ်ပြီး မြန်မာ အစိုးရကမူ ယခု ခရီးစဉ်သည် အချိန်ကိုက် မဟုတ်ဟု ဆိုပါသည်။

          ပြီးခဲ့သော မတ်လက ၎င်း၏ လေ့လာ တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တင်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းနိုင်ငံ ရုံးခွဲ၏ အဆိုအရ သိရပါသည်။

          အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များ စသူတို့နှင့် တွေ့ဆုံခွင့် ရရန် Quintana က မြန်မာ အာဏာပိုင်များကို တောင်းဆိုထားသည်ဟု အင်္ဂါနေ့က မြန်မာ ရေဒီယို အသံလွှင့်ဌာန တစ်ခုနှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် လူ့အခွင့်အရေး အနေအထားများကို လေ့လာရေးအတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် တောင်းဆို ထားသေးသည်ဟု ဆိုပါသည်။

          ကုလသမဂ္ဂသို့ မနှစ်က တင်သွင်းသော ၎င်း၏ အစီရင်ခံစာတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို အမှန်တကယ် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသား (၂၁၅၆) ဦးစလုံးကို လွှတ်ပေးရန် Quintana က တောင်းဆိုထားပါသည်။

          ၂၀၀၈ မေလတွင် ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ၎င်းအား ရာထူး ခန့်အပ်ချိန်မှ စ၍ Quintana သည် မြန်မာနိုင်ငံသို့ (၂) ခေါက် သွားရောက်ခဲ့ပြီး ၂၀၀၉ ဖေဖော်ဝါရီတွင် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ၎င်း၏ အခွင့်အာဏာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပ်နှင်းထားခြင်း ဖြစ်သည်။

          မနှစ်က ၎င်း၏ နောက်ဆုံး ခရီးစဉ်အတွင်း အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် သီးသန့် တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် ကရင်ပြည်နယ်ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ပြီး မြန်မာအစိုးရက ပေါ်တာ ဆွဲထားစဉ် ထွက်ပြေးရန် ကြိုးစားမှုဖြင့် ထောင်ကျနေသော အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

          Quintana က စစ်ဖက် အစိုးရအား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်ချက် အဆင့် (၄) ဆင့် ပြုလုပ်ရန် တိုက်တွန်း ထားပါသည်။ အဆိုပါ အဆင့် (၄) ဆင့်မှာ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသော ဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်ရန်၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို အာမခံမည့် တရားသူကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန်၊ အရပ်သားတို့၏ အခွင့်အရေးများ အပါအဝင် ပြဿနာ ဖြစ်ပွားနေသော နယ်မြေများအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လေးစားရေး အတွက် တပ်မတော်ကို ပြင်ဆင် ဖွဲ့စည်းရန် စသည်တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာအစိုးရ အာဘော် ဖြစ်သော သတင်း မီဒီယာတွင် ဟေတီငလျင် ဘေးဒုက္ခသည်များအား အမေရိကန် တပ်ဖွဲ့များက ကယ်ဆယ်ရေး လုပ်ဆောင်ပေးသည့် သတင်းများကို ထည့်သွင်း ဖော်ပြခြင်း မပြုရန် ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံရှိ သတင်းသမားများ၏ ထုတ်ဖော် ပြောကြားချက် များအရ သိရှိရပါသည်။

ဇန်နဝါရီလ ၁၂ ရက် နေ့က လှုပ်ခတ်ခဲ့သော ဟေတီ နိုင်ငံ၏ ငလျင် ဘေးဒုက္ခနှင့် ပတ်သက်သော သတင်းသည် အခြားနိုင်ငံများတွင် လှုပ်ရှားသော ငလျင် ဘေးဒုက္ခများနှင့် နှိုင်းယှဉ် ပါက သတင်း ထုတ်ပြန်မှုများ မရှိသလောက် ဖြစ်ကာ နှုတ်ပိတ် နေရသည့် ပုံစံမျိုး ဖြစ်လျက် ရှိပါသည်။

ထို့ပြင် အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၁၆၀၀၀ နှင့် အခြား အနောက်နိုင်ငံ တပ်ဖွဲ့ဝင်များ လူသားချင်း စာနာ ထောက်ထားသော အားဖြင့် အကူအညီပေးလျက် ရှိသည့် သတင်းကိုလည်း စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာန (စာပေ ဆင်ဆာအဖွဲ့) က ထည့်သွင်း ဖော်ပြခြင်း မပြုရန် ပိတ်ပင် ထားကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များမှ ရရှိသော သတင်းများက ဆိုပါသည်။

အဆိုပါ ဟေတီ သတင်းအစား ကာရစ်ဘီယန်တွင် တရုတ်နိုင်ငံက သက်သာ ချောင်ချိရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံများကိုသာ အလေးပေး ဖော်ပြလျက် ရှိသည်။

"ဟေတီမှာ အမေရိကန် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သတင်းကို အစိုးရ သတင်းစာတွေက ထုတ်ဖော် ရေးသားတာ မလုပ်ကြပါဘူး" ပြည်တွင်းဂျာနယ် တစ်စောင်မှ သတင်းထောက် တစ်ဦးက ဧရာဝတီ သတင်းဌာနသို့ ပြောကြားပါသည်။

စာပေ စိစစ်ရေး အဖွဲ့သည် အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံတော် ပေါ်လစီနှင့် ပတ်သက်ပြီး အကဲဆတ်သည့် မည်သည့် သတင်း ပေးပို့ချက်ကိုမဆို ပိတ်ပင် တားမြစ်လေ့ ရှိကြောင်း ၎င်းက ဆိုပါသည်။

လတ်တလော အနေ အထားတွင် နိုင်ငံ့ ဝန်ထမ်းများအား အစိုးရက လစာ တိုးမြှင့်ပေးလိုက်သည့် သတင်းနှင့် တရုတ် အစိုးရနှင့် နာမည်ကျော် Google အင်တာနက် ကုမ္ပဏီတို့အကြား ပြဿနာ ဖြစ်ပွားနေသည့် သတင်းတို့ကို စာပေစိစစ်က ပိတ်ပင်ထားသည်ဟု ဆိုပါသည်။

ဟေတီနှင့် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများဒဏ်ကို လတ်တလော အလူးအလဲ ခံထားရသော နိုင်ငံများ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ အချို့မှာ ဆိုးရွာစွာ ပျက်စီး ထိခိုက်ခဲ့ရကာ လူပေါင်း ၁၄၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။ လူဦးရေ နှစ်သန်း လောက်မှာလည်း နာဂစ် ဆိုင်ကလုန်းဒဏ်ကို ယနေ့အထိ ခံစားနေရဆဲ ဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ပြီးသော ကာလများတွင် စစ်အစိုးရက နိုင်ငံတကာက အကူအညီ အထောက်အပံ့များ ပေးပါမည် ဟူသော ကမ်းလှမ်းချက်များကို ပယ်ချခဲ့ပြီး နိုင်ငံတကာ သတင်း မီဒီယာများကိုလည်း ဝင်ရောက် သတင်းရယူခွင့် ပိတ်ပင်ခဲ့ပါသည်။ ထိုစဉ်က ယခု ဟေတီနိုင်ငံတွင် အမေရိကန်နှင့် အနောက်နိုင်ငံ တပ်ဖွဲ့များ ဝင်ရောက်ပြီး လူသားချင်း စာနာ ထောက်ထားသော အကူအညီများ ပေးသည့် ပုံစံမျိုးကို စစ်အစိုးရက မလိုလားသောကြောင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ စစ်အစိုးရသည် ပြည်တွင်းရေးကို နိုင်ငံတကာက ဝင်ရောက် စွက်ဖက်မည့် အရေးကို စိုးရွံ့ ထိတ်လန့်သောကြောင့် ယင်းသို့ အကူအညီပေးမည့် ကမ်းလှမ်းချက်များကို ပယ်ချခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် နောက်ဆုံးတွင် မြန်မာ စစ်အာဏာပိုင်များက နိုင်ငံတကာမှ စစ်ဘက် မဟုတ်သည့် အရပ်သား ကယ်ဆယ်ရေး အဖွဲ့များကို ဝင်ရောက် လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ဟေတီ ငလျင် ကယ်ဆယ်ရေးနှင့် ပတ်သက်သော နိုင်ငံတကာ ကွန်ဖရင့် တစ်ရပ်ကို ငလျင်လှုပ်ပြီး တစ်ပတ်ကျော်၊ နှစ်ပတ် နီးပါးခန့် ဇန်နဝါရီလ ၂၅ ရက်နေ့က ကနေဒါနိုင်ငံတွင် ကျင်းပ ဖြစ်ခဲ့သည်ဟု သိရပါသည်။

မြန်မာ နာဂစ် ဆိုင်ကလုန်း ကိစ္စတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကွန်ဖရင့်ကို စစ်အစိုးရက မုန်တိုင်း တိုက်ခတ်ပြီး တစ်လမျှ အကြာတွင်မှ ပြုလုပ်ခဲ့သည်။

ဤအတော အတွင်းမှာပင် သတင်း ပေးပို့ချက်များအရ ဟေတီငလျင်တွင် သေဆုံးသွားသော လူပေါင်း ၁၅၀၀၀၀ ခန့်တွင် အဆိုပါ နိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား NGO ဝန်ထမ်းများလည်း ပါဝင်သည်ဟု သိရှိရပါသည်။

အင်တာနက် ဘလော့ဂ် (Blog) အတော် များများကလည်း ဟေတီငလျင်တွင် မြန်မာနိုင်ငံသား NGO ဝန်ထမ်းများ သေဆုံးခဲ့သည်ဟု သတင်း ပေးပို့သည်။ ဟေတီ ငလျင်တွင်မှ လွတ်မြောက်လာသော မြန်မာ နိုင်ငံသားတစ်ဦး၏ အဆိုအရ ငလျင်တွင် မြန်မာနိုင်ငံသား ဆရာဝန် တစ်ဦး ပျောက်ဆုံးနေပြီး ၎င်း၏ အမည်မှာ ဦးမြတ်သူ ဖြစ်ကြောင်း Freedom News Group က သတင်း ပေးပို့ပါသည်။

Irrawaddy မှ Burma Media Gagged on Haiti Relief Effort ကို ဘာသာပြန် ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th January 2009

          ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ogea Quintana သည် ဖေဖော်ဝါရီ (၁၄) မှ (၂၀) အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ၎င်းက တစ်နှစ်အတွင်း ဒုတိယအကြိမ် လာရောက်ရန် ယခင်နှစ်က တောင်းဆိုထားခဲ့ခြင်း ဖြစ်ပြီး မြန်မာ အစိုးရကမူ ယခု ခရီးစဉ်သည် အချိန်ကိုက် မဟုတ်ဟု ဆိုပါသည်။

          ပြီးခဲ့သော မတ်လက ၎င်း၏ လေ့လာ တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တင်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းနိုင်ငံ ရုံးခွဲ၏ အဆိုအရ သိရပါသည်။

          အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များ စသူတို့နှင့် တွေ့ဆုံခွင့် ရရန် Quintana က မြန်မာ အာဏာပိုင်များကို တောင်းဆိုထားသည်ဟု အင်္ဂါနေ့က မြန်မာ ရေဒီယို အသံလွှင့်ဌာန တစ်ခုနှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် လူ့အခွင့်အရေး အနေအထားများကို လေ့လာရေး အတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် တောင်းဆို ထားသေးသည်ဟု ဆိုပါသည်။

          ကုလသမဂ္ဂသို့ မနှစ်က တင်သွင်းသော ၎င်း၏ အစီရင်ခံစာတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို အမှန်တကယ် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသား (၂၁၅၆) ဦးစလုံးကို လွှတ်ပေးရန် Quintana က တောင်းဆိုထားပါသည်။

          ၂၀၀၈ မေလတွင် ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ၎င်းအား ရာထူး ခန့်အပ်ချိန်မှ စ၍ Quintana သည် မြန်မာနိုင်ငံသို့ (၂) ခေါက် သွားရောက်ခဲ့ပြီး ၂၀၀၉ ဖေဖော်ဝါရီတွင် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ၎င်း၏ အခွင့်အာဏာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပ်နှင်းထားခြင်း ဖြစ်သည်။

          မနှစ်က ၎င်း၏ နောက်ဆုံး ခရီးစဉ်အတွင်း အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် သီးသန့် တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် ကရင်ပြည်နယ်ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ပြီး မြန်မာအစိုးရက ပေါ်တာ ဆွဲထားစဉ် ထွက်ပြေးရန် ကြိုးစားမှုဖြင့် ထောင်ကျနေသော အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

          Quintana က စစ်ဖက် အစိုးရအား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်ချက် အဆင့် (၄) ဆင့် ပြုလုပ်ရန် တိုက်တွန်း ထားပါသည်။ အဆိုပါ အဆင့် (၄) ဆင့်မှာ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသော ဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်ရန်၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို အာမခံမည့် တရားသူကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန်၊ အရပ်သားတို့၏ အခွင့်အရေးများ အပါအဝင် ပြဿနာ ဖြစ်ပွားနေသော နယ်မြေများအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လေးစားရေး အတွက် တပ်မတော်ကို ပြင်ဆင် ဖွဲ့စည်းရန် စသည်တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, By Aung Zaw, 27th January 2009

          မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အချိန်ကို စီမံ ခန့်ခွဲရာတွင် ကောင်းမွန်စွာ စီမံနိုင်ကြောင်း အများက ပြောလေ့ ရှိကြပါသည်။ ၂၀၀၈ ခုနှစ်က မေလတွင် အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမည်ဟု ကြေညာ၍ လူတိုင်းကို အံ့အားသင့် စေခဲ့ပါသည်။

          ထို့နောက် သူသည် ငြိမ်သက်သွားပြန်ပြီး လူတိုင်းအား ရွေးကောက်ပွဲ ဥပဒေနှင့် ရွေးကောက်ပွဲ ကျင်းပမည့် ရက်တို့ကို ခန့်မှန်း ပြောဆိုမှုများ ဖြစ်စေခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသည် အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲတတ်သူ တစ်ဦး ဖြစ်ပါသည်။

          ယခု အပတ်တွင် သတင်း ပေးပို့ချက်များအရ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ကျောက်ပန်းတောင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာလတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရှိရ ပြန်ပါသည်။

          ထို့ကြောင့် ယခု သတင်းစကားသည် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲပြီးမှ လွှတ်ပေးမည်ဟု ကမ္ဘာကို ပြောလိုသလောဟု အဓိပ္ပာယ် ကောက်ယူနိုင်မလား။ အဘယ်ကြောင့် ဆိုသော် ဂျပန်နိုင်ငံ၏ သြဇာရှိ သတင်းစာ တစ်စောင် ဖြစ်သော အဆာဟိရှင်ဘွန်းတွင် ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပဖွယ် ရှိကြောင်း အတည်မပြုနိုင်သော သတင်း တစ်ခုကို ဖော်ပြခဲ့ဖူးပါသည်။ သန်းရွှေ၏ အချိန်ကို စီမံခန့်ခွဲမှု ဖြစ်စဉ်တွင် စမ်းသပ်မှု တစ်ခုပင် ဖြစ်လိမ့်မည်။

          ပြန်စဉ်းစားပါက ဗိုလ်ချုပ် မောင်ဦးသည် ပြီးခဲ့သည့် မေလက ဒေါ်အောင်ဆန်းစုကြည်၏ တရာားခွင် နောက်ဆုံးနေ့တွင် နေရာတစ်ခုမှ ပါဝင် ကပြသွားခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ သူသည် တရားရုံး အခန်းအတွင်းသို့ ရုပ်ရှင်ပြကွက် ဆန်ဆန် တစ်လှမ်းချင်း ဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ထားခြင်းအား ဗိုလ်ချုပ်မှူးကြီး၏ လျော့ပေါ့ပေးသည့် ကြေညာချက်အား ဖတ်ကြားသွားခဲ့ပါသည်။ သန်းရွှေ ဤသို့ လုပ်လိမ့်မည်ဟု မည်သူက ဟောကိန်းထုတ်ခဲ့ဖူးသနည်း။ ကျွန်ုပ်၏ အမြင်တွင်တော့ တစ်ဦးမျှ မရှိခဲ့ပါ။

          ယခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေ အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးလိုပုံ မရသည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်ပါသည်။ အကယ်၍သာ သူမကို ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် လွှတ်ပေးခဲ့မည် ဆိုပါက သူမ၏ NLD ပါတီသည် ဝက်ဝက်ကွဲ အောင်ပွဲခံ သွားလိမ့်ဦးမည် ဖြစ်ပြီး စစ်အစိုးရ၏ လမ်းညွှန်မြေပုံ (၇) ဆင့်လည်း ရည်မှန်းချက် ပျက်သွားနိုင်ပါသည်။

          ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသည် ၁၉၉၀ တုန်းကလို နောက်တစ်ကြိမ် အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ ရွေးကောက်ပွဲ မြင်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့လျှင်၊ ရွေးကောက်ပွဲ မလုပ်ခင်ကပင် နိုင်ပြီဟု ဗိုလ်ချုပ်မှူးကြီး စိတ်ချ ယုံကြည်လို့ ရမည် ဖြစ်ပါသည်။

          ၎င်း၏ ယုံကြည်မှု တိုးလာရသည့် အချက်မှာ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂနှင့် ဒေသတွင်း အစိုးရများကဲ့သို့သော နိုင်ငံတကာ အသိုင်းအဝိုင်းသည် ယခုအခါ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန် ဆောင်းဆိုနေမှုများ ရပ်သွားပြီး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်ကိုသာ တောင်းဆိုမှု ရှိတော့သည့် အချက် ဖြစ်ပါသည်။

          သို့သော် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့သည် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပါဝင်နိုင်ရန် ထိန်းသိမ်းထားသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

          အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က မကြာသေးမီက အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဖြစ်စေရန် တောင်းဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အားလည်း သူမ၏ပါတီ လုပ်ဖော်ကိုင်ဖက်များနှင့် အပြန်အလှန် ထိတွေ့ ဆက်ဆံခွင့် ပေးပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ခွင့် ပေးရန် မြင်တွေ့လိုကြောင်း ပြောခဲ့ပါသည်။

          ယခု အပတ်တွင်လည်း အမေရိကန် ပြည်ထောင်စု လူထုရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး P.J Crowley က နေ့စဉ် သတင်းအကျဉ်း ရှင်းလင်းရာတွင် သတင်းထောက်များအား ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် မိမိတို့ တောင်းဆိုခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း၊ အမြန်ဆုံး လွှတ်ပေးသင့်သည်ဟု မိမိတို့ ထင်မြင်ကြောင်း၊ သူမအား ရွေးကောက်ပွဲပြီးမှ လွှတ်မည်ဆိုပါက ကံကြမ္မာ မကောင်းနိုင်ဟု မိမိထင်ကြောင်း ပြောသွားပါသည်။

          Obama အစိုးရ၏ မြန်မာ အစိုးရနှင့် ပတ်သက်ရသော တာဝန်ရှိသူများသည် မြန်မာ အစိုးရမှ မည်သည့် စိတ်ဝင်စားမှုကိုမျှ မပြသောကြောင့် စောင့်မျှော်ရသည်မှာ အချည်းနှီး ဖြစ်သောကြောင့် စိတ်မရှည်သည့် လက္ခဏာများ ပြသလျက် ရှိပါသည်။

          ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က လွန်ခဲ့သော အပတ်က ကွန်ဂရက် အစည်းအဝေးတစ်ခုတွင် ဆီနိတ်တာများအား ပြောကြားရာတွင် မိမိတို့ ပထမခြေလှမ်း အဖြစ် ကြိုးစားခဲ့ကြောင်း၊ သို့သော် အထူး ပြောလိုသည့် အချက်မှာ တစ်ဦးတည်းက ရသည့် အဖြစ်မျိုးတော့ မဖြစ်စေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          Campbell က ဆက်လက် ပြောကြားရာတွင် အစိုးရ၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒကို ပုံမှန် သုံးသပ်ခြင်းတွင် မိမိတို့၏ မူလ အခြေခံ ရည်မှန်းချက်မှာ ပြည်သူများ၏ ရပိုင်ခွင့်များကို လေးစားသော ဒီမိုကရက်တစ် အစိုးရ ဖြစ်ပေါ်ရေးနှင့် အိမ်နီးချင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ ဆက်ဆံရေး ဖြစ်ကြောင်း ထပ်မံ အတည်ပြု ခဲ့ပါသည်။

          ၎င်းက အကျယ်ချဲ့၍ ဆက်လက် ရှင်းလင်းရာတွင် မြန်မာ အာဏာပိုင်များ အပေါ် လက်တွေ့ကျသော ဆက်ဆံရေး မူဝါဒသည် မိမိတို့၏ ရည်မှန်းချက်များ ရရှိရေးအတွက် အကောင်းဆုံး မျှော်လင့်ထားကြောင်း၊ မိမိတို့ ရည်မှန်းသော အချက်များ အတွက် အဓိပ္ပာယ်ရှိသော တိုးတက်မှုများကို မြန်မာအာဏာပိုင်များ အကောင်အထည် မဖော်မချင်း အမေရိကန်တို့၏ အရေးယူမှုများကို ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          Campbell ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ပညာများစွာ ရရှိသည် ဖြစ်ရာ မြန်မာ ဝန်ကြီးချုပ်၊  ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အကြောင်းအရာ ထောင့်စုံ ဆွေးနွေး ခဲ့ပါသည်။

          အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ NLD ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံရမှုကို များစွာ ကျေနပ်ကြောင်း ပြောခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် ၎င်းတို့နှင့် နက်နက်နဲနဲ ဆွေးနွေးမှုများ၊ ကျယ်ပြန့်စွာ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။

          သို့သော် အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ အစိုးရ ကိုယ်စားလှယ်များနှင့် စကားပြောခဲ့ပြီး မည်သည့် အချိန် သတ်မှတ်ချက်မျှ ထွက်ပေါ်လာခြင်း မရှိချေ။ ဗိုလ်ချုပ်မှူးကြီးကပဲ ရင်ထဲမှာ သိမ်းထားသလား၊ သို့မဟုတ် သူကိုယ်တိုင်ပင် ရက်သတ်မှတ်ချက် မစဉ်းစားရသေးသလော မသိနိုင်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပလောင် သုတေသီများက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော အစီရင် ခံစာသစ် တစ်ရပ်အရ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်အစိုးရ၏ ထိန်းချုပ်မှု အောက်တွင်ရှိသော ဒေသတွင် ဘိန်းစိုက်ပျိုးမှုမှာ လွန်ခဲ့သော ၃ နှစ်ကထက် တစ်ရှိန်ထိုး မြင့်မား တိုးတက်လာကြောင်း သိရှိရပါသည်။

အဆိပ်သင့် တောင်ကုန်းများဟု  အမည်ပေးထားသော မိုင်းတုန်နှင့် နမ့်ခမ်းမြို့နယ်များတွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် များအတွင်း ဘိန်းစိုက် ဟက်တာပေါင်း ၄၅၀၀ ခန့်ရှိရာ ယခင်ကထက် ငါးဆမျှ တိုးမြင့်ခဲ့ကြောင်း ပလောင် အမျိုးသမီးအဖွဲ့ (Palaung Women's Organization) က ဆိုသည်။

အဆိုပါ ပမာဏသည် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ အဖွဲ့က ပြုစုသော နှစ်စဉ် ဘိန်းစိုက်ပျိုးမှု ဆိုင်ရာ စာရင်းဇယားများထက် အဆပေါင်းများစွာ ပိုနေပါသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ၊ စစ်တပ်များ နှင့် အစိုးရအား ထောက်ခံသည့် လက်နက်ကိုင် အဖွဲ့အစည်း များသည် ဘိန်းစိုက်ပျိုးသူများထံမှ အကောက်ခွန် နှင့် အမြတ်အစွန်းများစွာ ရရှိလျက် ရှိပါသည်။

တရားဝင် ဆောင်ရွက်လျက်ရှိသော မူးယစ်ဆေး တားဆီးကာကွယ်ရေး အသင်းအဖွဲ့များသည် ဘိန်းစိုက်ခင်းများ ပပျောက်အောင် ဆောင်ရွက်ရမည့် အစား ဒေသခံ စိုက်ပျိုးသူများထံမှ ငွေများကို ခြိမ်းခြောက် တောင်းခံလျက်ရှိရာ ဘိန်းစိုက်ပျိုးမှု ဆက်လက်ဖြစ်ပေါ်အောင် တွန်းအားပေး နေသကဲ့သို့  ရှိပါသည်။

မှတ်တမ်းများအရ မိုင်းတုန်ဒေသတွင် ၂၀၀၇-၂၀၀၈ ခုနှစ် ကာလများက ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဆက်ဆိုင်ရာ လုပ်ပိုင်ခွင့် ရှိသူများထံ လာဘ်ထိုးရသည့် ငွေပမာဏမှာ ကျပ် ၃၇ သန်း (အမေရိကန် ဒေါ်လာ ၃၇၀၀၀) ရှိကြောင်း သိရပါသည်။

အဆိုပါ ဒေသများသည် ပလောင်ဒေသ လွတ်မြောက်ရေး တပ်ဖွဲ့ (PSLA) ခေါ် ဒေသခံ တပ်ဖွဲ့၏ အုပ်ချုပ်မှု လက်အောက်တွင် ရှိသည်။ ထိုတပ်ဖွဲ့များသည် ၂၀၀၅ ခုနှစ်က လက်နက်ချရန် အတင်းအကျပ် တိုက်တွန်းခြင်း ခံခဲ့ရပြီး စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သော အဖွဲ့များလည်း ဖြစ်ပါသည်။

ထိုအချိန်မှစ၍ စစ်အစိုးရသည် သူ၏တပ်များကို တိုးချဲ့ကာ နယ်မြေပိုမို ထိန်းချုပ်နိုင်ရန် ၎င်းကို ထောက်ခံသည့် လက်နက်ကိုင် အဖွဲ့များ တိုးပွားအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ အခြေအနေကို ပြောရရင်တော့ စစ်အစိုးရရဲ့ တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကတော့ နေရာတကာမှာ ရှိနေပါတယ်။ ဒါဟာ မူးယစ်ဆေး ပိုမိုထုတ်လုပ်ပြီး ဆေးစွဲသူတွေ ပိုများလာဖို့ ဖြစ်စေပါတယ်" ဟု အစီရင်ခံစာ တင်ပြသူ သုတေသီ လွေးနွေးဟောင်း က ပြောပါသည်။

အဆိုပါ ဒေသများတွင် မူးယစ်ဆေးစွဲသူနှုန်း မြင့်မားလျက် ရှိသည်။ မိုင်းတုန်မြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ ကွင်းဆင်း သုတေသနပြုချက် အရ အသက် ၁၅ နှစ်အထက် အရွယ်ရှိ ယောက်ျားလေးဦးရေ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းသည် ဘိန်း သို့မဟုတ် ဘိန်းဖြူ စွဲနေကြသည်။

"ကျွန်မတို့ဒေသမှာ မူးယစ်ဆေးစွဲသူကို လက်မထပ်ဘူးဆိုရင် လက်ထပ်ရမယ့်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူတိုင်းဟာ ဆေးစွဲနေကြတာကိုး။ ဆေးမစွဲတဲ့ သူတွေတော့ ရှိပါတယ်၊ ဒါပေမဲ့သူတို့က ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေပါ" ဟု သုတေသန ပြုလုပ်ရာတွင် တွေ့ဆုံမေးမြန်းခံရသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။

အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ပပျောက်၍ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးကို လုပ်ဆောင်ရာတွင် မူးယစ်ဆေးဝါး ပြဿနာကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။

"စစ်အစိုးရ အာဏာတည်မြဲနေသေးသရွေ့ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက ပြည်သူတွေဟာ မူးယစ်ဆေး အဆိပ်သင့် နေဦးမှာပါပဲ" ဟု သုတေသန လုပ်ဆောင်ခဲ့သူ လွေးနွေးဟောင်းက ပြောကြား ပါသည်။

Asian Tribune မှ Opium cultivation surging under junta's control in Burma ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 26th January 2009

          ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို အင်္ဂါနေ့တွင် တောင်းဆိုလိုက်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အပြီးတွင် သူမကို လွှတ်ပေးဖွယ် ရှိကြောင်း တပ်မတော် အစိုးရက လက္ခဏာများ ပြသခဲ့ပြီးနောက် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

          တစ်ကမ္ဘာလုံးက တောင်းဆိုနေသည့် အတွက် သူမအား နိုဝင်ဘာလအတွင်း လွှတ်ပေးရန် တပ်မတော် အစိုးရက စဉ်းစားနေကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲများ ပြီးမှ ဖြစ်ဖွယ် ရှိကြောင်း ကြားသိရသည်ဟု ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၏ ပါတီ NLD က ပြောကြားပါသည်။

          ရွေးကောက်ပွဲပြီးမှ သူမအား လွှတ်ပေးရန် အဆင်ပြေမည် ဟူသော အကြံဥာဏ်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က သတင်းထောက်များကို ပြောကြားပါသည်။

          သူမ လွတ်မြောက်ရေးအတွက် မြန်မာ အစိုးရကို ဖိအားပေးမှုများ ဆက်တိုက် ပြုလုပ်သွားမည် ဟုလည်း ၎င်းက ပြောပါသည်။

          မြန်မာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို လွှတ်တော်တွင်း ဦးဆောင် ထောက်ခံသူ ဆီနိတ်တာ Jim Webb နှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံမှု အပြီးတွင် Philip Crowley က ပြောကြားခဲ့ခြင်း ဖြစ်သည်။

          နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ၁၉၆၂ ကပင် အာဏာသိမ်းခဲ့သည့် စစ်ဖက် အစိုးရက လုံးဝ အသိအမှတ် မပြုခဲ့ပါ။

          ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ် (၂) စု နီးပါး နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ထားခြင်းအား ရုတ်သိမ်းပေးရန် နိုင်ငံတကာ၏ အဆက်မပြတ် မေတ္တာရပ်ခံမှုများကို စစ်ဖက် အစိုးရက ငြင်းဆန်နေခဲ့ပါသည်။

          ယခုနှစ်အတွင်း တချိန်ချိန်၌ ကျင်းပပေးရန် မြန်မာအစိုးရက စီစဉ်နေသည့် ရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေး တရားဝင်စေရန် အတွက် ရွှေ့မှုတစ်ခုသာ ဖြစ်သည်ဟု ယုံကြည်နေသော အတိုက်အခံ ပါတီက အကြီးအကျယ် သံသယပွားလျက် ရှိပါသည်။

          အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရသည် နိုင်ငံတကာ ရပ်ဝန်းသို့ မြန်မာနိုင်ငံ ပြန်လာခြင်းကို ထောက်ခံသည့် မျှော်လင့်ချက်များဖြင့် တပ်မတော် အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေပါသည်။

          သို့သော်လည်း နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား လူမျိုးစုများအပေါ် စစ်ရေးအရ တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း အမေရိကန် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

online.wsj.com, 26th January 2010

(Jan 19 မှ Kalley Currie ၏ India Can Move the needle on Burma မှ ကောက်နုတ် ဖော်ပြသည်။)

          မြန်မာနိုင်ငံတွင် လက်နက်များ တပ်ဆင်နေမှုများသည် မြန်မာနိုင်ငံရှိ အာဏာ ရူးသွပ်သော ဗိုလ်ချုပ်များ၊ ဆိုးသွမ်းသော ဗိုလ်ချုပ်များ၏ အစီအမံ အိပ်မက်များ မဟုတ်ပါ။ တရုတ်တို့၏ သေချာစွာ စီမံထားသော ရွေ့ကွက် ဖြစ်ပြီး၊ တရုတ်က အိန္ဒိယ၏ ရန်ကို ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကို ကြားခံအဖြစ် အသုံးပြုနေခြင်းသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဤမျှလောက် ကာကွယ်ရေး၊ တိုက်ခိုက်ရေးတို့အတွက် လက်နက် တပ်ဆင်ရန် အကြောင်းပြချက် မရှိချေ။ အာဆီယံ အိမ်နီးချင်းများ အန္တရာယ်လည်း မရှိပါ။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်လည်း ဆိပ်ကမ်း၊ နယ်နမိတ် ပြဿနာ မရှိပါ။ ပြည်တွင်း မငြိမ်သက်မှုများကို အာဏာရှင်ဆန်ဆန် ထိန်းချုပ်ဖို့ ဆိုလျှင် ယခင်ရှိပြီး သာမန် လက်နက်များ ဖြင့် လုံလောက်ပြီ ဖြစ်ပါသည်။

          တရုတ်သည် ၁၉၆၀ ခုနှစ် များဆီက အိန္ဒိယ၏ ဟိမဝန္တာ နယ်မြေအတွင်း စတုရန်း မိုင်သန်း ပေါင်းများစွာ နှင့် တိဗက်တို့ကို တရားမဝင် နေရာယူထားမှုဖြင့် မတင်းတိမ်ပဲ အိန္ဒိယကို နယ်စပ်ကိစ္စနှင့် ပတ်သက်၍ မကြာခဏ တူးဆွပါသည်။ တရုတ်သည် အိန္ဒိယ၏ အနောက်မြောက် နယ်မြေမှ Arunachal Pradesh နယ်ကို တောင်းဆိုလျက် ရှိပါသည်။ မြန်မာနိုင်ငံသည် တရုတ်၏ ကျောထောက် နောက်ခံပြုမှုဖြင့် လက်နက်အင်အား တောင့်တင်းပါက၊ အိန္ဒိယသည် ရင်ဆိုင်ရမည့် စစ်မျက်နှာ တစ်ခု တိုးလာမည် ဖြစ်ပါသည်။ ယခုအခါ အိန္ဒိယသည် ၎င်း၏ အရှေ့ဖက် ပြည်နယ်များတွင် Maoist သူပုန် များနှင့် ပြဿနာ ရင်ဆိုင်နေရပါသည်။

          အိန္ဒိယ အနေဖြင့် တရုတ်နှင့် မြန်မာနိုင်ငံများကို ယုံကြည်ရလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ချူအင်လိုင်းသည် နေရူး၏ ယုံကြည်မှုနှင့် Pansheel မူများကို လိုက်နာရန် ပျက် ကွက်ခဲ့ပါသည်။ ထိုကတည်းက အိန္ဒိယသည် တရုတ်ကို ယုံကြည်ရသည့် စာရင်းတွင် ပယ်ဖျက်ခဲ့ရ သည်။ သို့သော် အိန္ဒိယ၏ ခေါင်းဆောင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း စစ်ပွဲ ဆန့်ကျင်သူ ဖြစ်သည့် အလျှောက်၊ အိန္ဒိယ ပြည်သူများကို အနာဂတ်အတွက် လုံခြုံရေး စိတ်ချရသည်ဟု သက်သေ ပြရမည့်အစား စကားပြောခြင်း ဖြင့်သာ အချိန်ကုန်နေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Htet Aung, the Irrawaddy, 25th January 2010

          အရှေ့တောင် အာရှနိုင်ငံများ အသင်း (Asean) မှ ခေါင်းဆောင်များသည် နိုင်ငံတကာနှင့် အာဆီယံကြား ဆက်ဆံရေးတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာ ဗိုလ်ချုပ်များက ကန့်လန့် ကန့်လန့်ဖြစ်လျက် ရှိသည့် အခြေအနေမှာ မြန်မာနိုင်ငံ၏ ယခုနှစ် ရွေးကောက်ပွဲအပြီးတွင် ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။

          ဇန်နဝါရီ လလယ်ပိုင်းက ဗီယက်နမ်တွင် ကျင်းပသော အာဆီယံ ဝန်ကြီး အဆင့် ဆွေးနွေးပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က ပြောကြားရာတွင် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ သည် ယခုနှစ်တွင် မြန်မာ့အရေးကိစ္စ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီး ထားကြောင်း ဖော်ပြ ခဲ့ကြပြီး ဖြစ်ကြောင်း၊ သို့မှသာ အာဆီယံ အဖွဲ့ကြီးအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးရော ပူးပေါင်း ဆောင်ရွက်မှု များတွင်ပါ ကဏ္ဍသစ်သို့ သွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          အာဆီယံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ ပြည်သူများ ခံစားနေရမှုများကို ဘေးချိတ် ထားပြီး၊ အဖွဲ့ဝင် နိုင်ငံများကြား ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ထပ်မံ ဖော်ထုတ်ခဲ့ကြပါသည်။

          အာဆီယံ အနေဖြင့်မူ စစ်အစိုးရကို ဆက်ဆံရသည်နှင့် စာလျှင် ရွေးချယ် တင်မြှောက်ခံ အရပ်သား အစိုးရနှင့် ဆက်ဆံရမည်ကို ပို၍ လိုလားမည် ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို ပုံမှန်အတိုင်း ပြန်ဖြစ်စေပြီး၊ ပြန်လည် စုစည်းပြီးသော နိုင်ငံ ဖြစ်စေမည်ဟု ယုံကြည်ရန်ကို မူ အကောင်းမြင်လွန်းသည်ဟု ဆိုရမည် ဖြစ်ပါသည်။

          အာဆီယံ ခေါင်းဆောင်များသည် အခြေခံ ဥပဒေအသစ်နှင့် ရွေးကောက်ပွဲ ကျင်းပပေးခြင်း အပေါ် စစ်အစိုးရ၏ အပေါင်းလက္ခဏာ ဆောင်သော ခြေလှမ်းအဖြစ် ရှုမြင်ကြပါသည်။ အခြေခံ ဥပဒေ အသစ်တွင် တိုင်းရင်းသားများအတွက် နိုင်ငံရေး ရပိုင်ခွင့်များကို ခွင့်ပြု ပေးထားသဖြင့် အာဆီယံ ခေါင်းဆောင်များ အနေဖြင့် အကောင်းမြင်ကြခြင်း ဖြစ်ပါသည်။ အခြေခံ ဥပဒေတွင် အဓိက တိုင်းရင်းသား ပြည်နယ်များကို ကိုယ်ပိုင် ပါလီမန်ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အဖြစ် ခွင့်ပြုထားပါသည်။

          အထက်ပါ အချက်များသည် အကောင်းဖက်သို့ ဦးတည်သော ပြောင်းလဲမှုများ ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဝ သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) တို့သည် အဘယ်ကြောင့် လက်နက် ဖျက်သိမ်းရေး ကိစ္စသည် ကြန့်ကြာနေရသနည်း။ အဆိုပါ အစီအစဉ်များ နောက်ကွယ်တွင် မည်သည့် အခက်အခဲများ ရှိမည်နည်း။

          ပြီးခဲ့သည့် နှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ မအောင်မြင်သော ဆွေးနွေးပွဲပေါင်းများစွာ၊ ရွှေ့ဆိုင်းမှုများစွာ ရှိခဲ့ပြီး အင်အား (၄၀၀၀) ရှိ KIA နှင့် အစိုးရသည် ဆက်လက် စကားပြောနေဆဲ အဆင့်တွင်ပင် ရှိနေပါသည်။ နောက်ဆုံး KIA ၏ အဆိုပြုချက်မှာ အကယ်၍ အစိုးရသည် ပင်လုံစာချုပ်ပါ စည်းမျဉ်းများကို လိုက်နာမည် ဆိုပါက လက်နက် ဖျက်သိမ်းရေး သဘောတူမည် ဖြစ်ကြောင်း ဖြစ်ပါသည်။

          လိပ်ခဲတည်းလည်း ဖြစ်သော ကိစ္စတစ်ခုမှာ KIO နယ်မြေအတွင်း စစ်ဖက်ဌာနခွဲထက် စာလျှင် ၎င်းတို့ လုပ်ဆောင်လျက် ရှိသော အုပ်ချုပ်ရေးဌာနများကို အစိုးရက အသိအမှတ်ပြုရန် ဖြစ်သည် ၎င်းတို့၏ အုပ်ချုပ်ရေး ဌာနသည် KIO နယ်မြေအတွင်း ပညာရေး၊ ကျန်းမားရေး၊ စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပါသည်။

          အကယ်၍ KIA ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့လျှင် KIA မှ ရာထူးကြီးသော ဗိုလ်မှူးကြီးမှ ဗိုလ်ချုပ်များအထိ နေရာ မရှိပေ။ ထို့ကြောင့် KIA က Kachin Regional Guard Force (KRGF) ကို အဆိုပြုထားပြီး၊ ထိုအဖွဲ့တွင် ယခင် KIA ခေါင်းဆောင်ပိုင်း တည်ဆောက်ပုံ အတိုင်း ရေးဆွဲထားပါသည်။

          KIO ခေါင်းဆောင်များသည် ကချင်ပြည်နယ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အတွက် ကိုယ်စားလှယ်များကို တိုက်ရိုက် ခန့်ထားနိုင်ရန်ကိုလည်း ကြိုးစားလျက် ရှိပါသည်။ ဝေဖန် သုံးသပ်သူများကမူ အထက်ပါ အတိုင်း ပြုလုပ်မည့် အစီအစဉ်သည် ဒီမိုကရေစီ နည်းလမ်း မကျကြောင်း စစ်အစိုးရ၏ မိုးကျရွှေကိုယ် ပုံစံကိုသာ ပုံတူ ကူးချထားသည်နှင့် တူကြောင်း ဆိုပါသည်။

          အခြား တိုင်းရင်းသားအဖွဲ့ တစ်ခု ဖြစ်သော UWSA သည် သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်ရေးထက် ဝ ပြည်နယ် အသစ်ကို ဖန်တီးရန် ကြိုးစားလျက် ရှိပါသည်။

          ဖွဲ့စည်း တည်ဆောက်ပုံ ရှုဒေါင့်မှ ကြည့်လျှင်၊ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ အသစ်သည် ဒေသဆိုင်ရာ လွှတ်တော်များကို ဥပဒေပြုခွင့် အာဏာနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဦးဆောင်အဖွဲ့ များ ဖွဲ့စည်းခွင့် ပြုထားရာ ဗဟိုမှ ချုပ်ကိုင် မထားသည့် စနစ်ကို အသုံးပြုထားပါသည်။

          အခြေခံ ဥပဒေ အပိုဒ် ၅၆ တွင် ရှမ်းပြည်နယ်ရှိ UWSA ချုပ်ကိုင်ထားသော ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် မြို့နယ် ခြောက်မြို့နယ်ဖြင့် ခွင့်ပြုထားပါသည်။ ထို့ကြောင့် အခြား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဇုံ ငါးခု ဖြစ်သော နာဂ၊ ဓနု၊ ပအို့စ်၊ ပလောင်နှင့် ကိုးကန့်တို့နှစ် တန်းတူ အခွင့်အရေးရမည် ဖြစ်ပါသည်။

          သို့သော် အခြေခံဥပဒေ အပိုဒ် ၁၉၈ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥပဒေပြုအဖွဲ့များ သည် ၎င်းတို့ ဒေသအတွက် လိုအပ်၍ ဥပဒေပြုလိုလျှင် လွတ်လပ်စွာ ပြုခွင့်ပေးမထားပဲ အကယ်၍ အဆိုပါ ဥပဒေသည် အမျိုးသား လွှတ်တော်နှင့် သော်လည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်မှ ချမှတ်ထားသော ဥပဒေများနှင့် မညီညွှတ်လျှင် မပြုနိုင်သည့် ချုပ်ကိုင်မှုများ ပြုလုပ်ထားပါသည်။

          အမျိုးသား လွှတ်တော်တွင် စစ်တပ်မှ ၂၅ % သော နေရာကို ရယူထားရာ၊ အကျိုးဆက် အနေဖြင့် ဗိုလ်ချုပ်များ သဘောမတူသည့် ဥပဒေများကို ပယ်ချရန် ဗီတိုအာဏာ ခွင့်ပြုထားသည်နှင့် အတူတူပင် ဖြစ်ပါသည်။

          သို့ဖြစ်ပါရာ အခြေခံ ဥပဒေတွင် နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးနှင့် အဓိက တိုင်းရင်းသား အဖွဲ့များအပေါ် ဥပဒေ ပြုခွင့်အာဏာကို အကန့်အသတ်ဖြင့် ခွင့်ပြုထားခြင်း တို့သည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် အဓိက အတားအဆီးများပင် ဖြစ်ပါသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံပဲ နိုင်ငံရေးပါတီ ဖွဲ့၍ ရွေး ကောက်ပွဲ ဝင်ရေးကိုလည်း စောင့်ကြည့်လျက် ရှိနေပါသည်။

          ယခု အခြေအနေများကို အာဆီယံ ခေါင်းဆောင်များက အံ့သြခြင်းတော့ မရှိကြပါ။ အကယ်၍သာ မြန်မာဗိုလ်ချုပ်များသည် စင်္ကာပူမှ လီကွမ်ယူလို၊ မလေးရှားမှ မဟာသီယာ မိုဟာမက်တို့ ကဲ့သို့ အစွမ်းအစ ထက်မြက်ခဲ့လျှင် မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ် များစွာကပင် တည်ငြိမ်သော စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေကို ရရှိပြီး ဖြစ်နေမည် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.