Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံသားများ အနေဖြင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလတွင် ရွေးကောက်ပွဲ ပျက်ပြားအောင် နှောင့်ယှက် ဖျက်ဆီးမည့် အန္တရာယ်မှ ဝိုင်းဝန်း ကာကွယ်ကြရန်နှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြရန် ဝန်ကြီးချုပ် ဦးသိန်းစိန်က တိုက်တွန်း ပြောကြားကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲသည် စစ်ဘက် အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေးသို့ အသွင် ကူးပြောင်းရေးကို အကောင်အထည် ဖော်နိုင်မည် ဖြစ်ပြီး သမိုင်းတွင် အရေးကြီးသော မှတ်တိုင် တစ်ခု ဖြစ်သည်ဟု မြန်မာနိုင်ငံကို ဆယ်စုနှစ် များစွာ အုပ်ချုပ်လာခဲ့သည့် စစ်အစိုးရက ဆိုသည်။

"ရွေးကောက်ပွဲ အောင်မြင်နိုင်ရေးသည် အမျိုးသားရေး ဂုဏ်သိက္ခာ တစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်မှု ရှိကြောင်း၊ သို့အတွက်ကြောင့် ရွေးကောက်ပွဲ ပျက်ပြားအောင် လုပ်ဆောင် မည့်သူများ အန္တရာယ်မှ ကာကွယ်ကြရန် လိုအပ်ကြောင်း" မြန်မာ ဝန်ကြီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။

မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ပျက်ပြားအောင် အကြမ်းဖက် အုပ်စုများ သို့မဟုတ် အစိုးရ ဆန့်ကျင်ရေး အုပ်စုများက အကွက်ချ စီစဉ်လျက် ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက စွပ်စွဲ ရေးသားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခုကဲ့သို့ အစိုးရ အဆင့်မြင့် အရာရှိကြီး တစ်ဦးက သတိပေး ပြောကြားခြင်းမှာ ယခု အကြိမ် ပထမဆုံး ဖြစ်သည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်က ရွေးကောက်ပွဲအပေါ် ခြိမ်းခြောက်မှု ဟူသော ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် စွပ်စွဲ ပြောဆိုမှု မပြုခဲ့ပေ။ မြန်မာ စစ်အစိုးရကို အဓိက စိန်ခေါ် ခြိမ်းခြောက်သူဟု ယူဆရသည်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သို့သော် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာပြီး သပိတ် မှောက်ထားသည်။ ထို့ပြင် ရွေးကောက်ပွဲအပေါ် ကျေနပ်မှု မရှိသော ပြည်သူများ အနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့် ရှိကြောင်း သူမက ပြောရေးဆိုခွင့် ရှိသူမှ တစ်ဆင့် ထုတ်ဖော် ပြောဆိုထားသည်။

နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရများက ရွေးကောက်ပွဲ အပေါ် ကန့်သတ် ချုပ်ချယ်သော ဥပဒေများဖြင့် ပြဋ္ဌာန်းထားမှုကို ကြည့်ပါက အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှု ရှိလာနိုင်စရာ မရှိကြောင်း ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်တွင် နောက်ဆုံး ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို မသိကျိုးနွံ ပြုလုပ်ပြီး အာဏာ လွှဲပြောင်းပေးမှု မပြုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်မှာ နှစ်ပေါင်း ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ရသည်။

မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်က မျိုးချစ် ပုဂ္ဂိုလ်များ အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ ပြိုကွဲ မသွားစေရန် ကာကွယ် စောင့်ရှောက်ရမည် ဖြစ်သည်ဟုလည်း တိုက်တွန်း ပြောကြားသည်။ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ ဆေးရုံတစ်ခု ဖွင့်လှစ်ပွဲ အခမ်းအနားတွင် ယင်းသို့ တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်သည် စစ်အစိုးရ ကျောထောက် နောက်ခံ ပေးခြင်း ခံထားရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ၏ ခေါင်းဆောင် ဖြစ်သည်။ ၎င်းနှင့်အတူ အခြား အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၂၆ ဦးသည် လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေး အတွက် ပြီးခဲ့သည့် ဧပြီလတွင် စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 1st October 2010

ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းမှုနှုန်းမှာ သြဂုတ်လတွင် တိုးတက်ခဲ့သော်လည်း ငွေတန်ဖိုး တက်မှုက တိုင်းပြည် စီးပွားရေးကို ခက်ခဲစေသဖြင့် ၁၈ လ ဆက်တိုက် ဈေးနှုန်းများ ကျဆင်းခဲ့သည်။

ရာသီအလိုက် ထိန်းညှိထားသည့် အလုပ် လက်မဲ့နှုန်းမှာ သြဂုတ်လတွင် ၅.၁ % သို့ ကျဆင်းခဲ့သည်ဟု အစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဇူလိုင်လ ၅.၂ % သို့ ကျဆင်းခဲ့ပြီး ယခု ဆက်လက်၍ ဒုတိယလ အဖြစ် ဆက်တိုက် ကျဆင်းမှု ဖြစ်သည်ဟု ဆိုသည်။

စုစုပေါင်း အလုပ်လက်မဲ့ ဦးရေမှာ  ၃.၃၇ သန်း ရှိရာ ယခင်နှစ်ကထက် ၆.၆ % လျှော့နည်းသွားခြင်း ဖြစ်သည်။ အလုပ်အကိုင် ရှိသူများမှာလည်း ၀.၃ % လျှော့ကာ ၆၂.၇၈ သန်း ရှိသည်ဟု ဆိုသည်။ အလုပ် လက်မဲ့နှုန်းသည် အလုပ်အကိုင် တက်ကြွစွာ ရှာဖွေ နေကြသူများ ကိုသာ ရေတွက်ခြင်း ဖြစ်ပြီး အလုပ်အကိုင် ရှာဖွေမှု လုံးလုံးလျားလျား စွန့်လွှတ်ထားသူများ မပါဝင်ပါ။

တစ်ချိန်တည်းတွင် လတ်ဆတ်သော စားသောက်ကုန်များ ပါဝင်ခြင်း မရှိသည့် အဓိက စားသုံးသူ ဈေးနှုန်း ညွှန်းကိန်းမှာလည်း သြဂုတ်လတွင် ယခုနှစ် အစောပိုင်းကထက် ၁ % ကျဆင်းသွားသည်ဟု ပြည်တွင်းရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သီးခြား အစီရင်ခံစာ ထုတ်ပြန်ထားသည်။

အထက်ပါ ကိန်းဂဏန်းများသည် ကျိုဒို သတင်းဌာနက ပြုလုပ်သော ပျှမ်းမျှ ဈေးကွက် စစ်တမ်းနှင့်လည်း ကိုက်ညီမှု ရှိသည်ဟု သိရသည်။

ဈေးနှုန်းများ ကျဆင်းမှုကြောင့် တစ်ဦးချင်း ဝယ်လိုအား တက်လာသော်လည်း ငွေတန်ဖိုး မာခြင်းသည် စီးပွားရေး ကဏ္ဍ တစ်ခုလုံးအတွက် အထွေထွေ ဆုတ်ယုတ်စေသည်။

ယခု ဖြစ်ရပ်မျိုးသည် ဂျပန်နိုင်ငံကို ၁၉၉၀ ခုနှစ်များ အတွင်းက ဒုက္ခပေးခဲ့ဘူးပြီး ကုမ္ပဏီ အကျိုးအမြတ်များ ကျဆင်းမှုကြောင့် ဖွံ့ဖြိုးမှု နှေးကွေးသွားခြင်း၊ လစာ ဖြတ်တောက်မှု မီးပွားကို ဖြစ်ပေါ်စေခြင်း စားသုံးသူများက ဝယ်ယူမှုများကို ဆိုင်းငံ့သွားခြင်း တို့အပြင် ကြွေးမြီ ဝန်ပိမှုကိုလည်း မြင့်တက်စေနိုင်သည်။

အိမ်သုံး ပစ္စည်းများနှင့် ပညာရေး ဆိုင်ရာ ဈေးနှုန်းများ သိသိသာသာ ကျဆင်းကြောင်း ကိုလည်း တွေ့ရှိရသည်။

တိုကျိုမြို့အတွက် အဓိက စားသုံးသူ ဈေးနှုန်း ညွှန်းကိန်း ကြိုတင် အစီရင်ခံစာ၌ စက်တင်ဘာလတွင် ၁ % ကျဆင်းမှုက ယခုလ အတွက် တစ်နိုင်ငံလုံး ထပ်မံ ကျဆင်းမှုသို့ ဦးတည်လိမ့်မည် ဟု ညွှန်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Channel News Asia, By Natalie Carney, 29th September 2010

ဗုဒ္ဓဟူးနေ့က နယူးယောက်ရှိ (၆၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အာဆီယံ နိုင်ငံရေး ဝန်ကြီးများသည် စီးပွားရေးနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးရေး ကိစ္စကို ပြောကြားခဲ့ကြသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားရာတွင် အာရှ၌ စီးပွားရေးအရ သာတူ ညီမျှမှု မရှိခြင်းကို ကြောက်ရွံ့ကြောင်း မီးမောင်း ထိုးပြခဲ့သည်။

"ကမ္ဘာလုံး ဆိုင်ရာ စနစ်မှာ အခြေခံမှစ၍ ဖွဲ့စည်းပုံကို ပြောင်းလဲမှု မလုပ်ဘဲ၊ ငွေဖော်ရ လွယ်သော ပစ္စည်းများ ပိုင်ဆိုင်မှုများ တိုးလာခြင်းဟာ၊ ပိုင်ဆိုင်မှု ပူးပေါင်း ပေါက်ကွဲမှု အသစ်တစ်မျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။ အာရှတွင် ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ ဒါကို ပြုပြင် ပြောင်းလဲဖို့ ဆိုရင် နိုင်ငံတကာ ကုန်သွယ်မှု စနစ်ဟာ အမြဲတမ်း တံခါးဖွင့် ထားရပါမယ်။ ဒါမှသာ ဈေးကွက်ကို ချိန်ညှိရေးနဲ့ ဈေးနှုန်းများ အမှန်တကယ် ရှိသင့်တဲ့ အဆင့်မှာ ရှိမှာပါ" ဟု Yeo က ပြောသည်။

အဆင့်မြင့် နည်းပညာများ ဖြန့်ဝေ ပေးရေးကိုလည်း Yeo က အလေးပေး ပြောကြားခဲ့သည်။ ဖွံ့ဖြိုး တိုးတက်မှု အောင်မြင်၍ ရေရှည် ထိန်းသိမ်းထားနိုင်မှု အတွက် အဓိက ကျမှုကို ဖော်ပြခဲ့သည်။

"ဂလိုဘယ် လိုက်ဇေးရှင်းနှင့် နည်းပညာ၏ အားသာချက်များကို အသုံးချပြီး ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့ အဝေးဆုံး အစိတ်အပိုင်းက နေရာတွေကို ပညာရေးတွေ ဖြန့်ဝေနေနိုင်ပါပြီ။ ဒီပညာရေးနဲ့ပဲ နိုင်ငံသား တစ်ဦးချင်းစီကို အကျင့်ပျက် ခြစားမှု၊ အာဏာ အလွဲ သုံးစားမှုများမှ ကာကွယ်ပြီး ဒီမိုကရေစီကို ဖော်ဆောင်စေနိုင်မှာ ဖြစ်ပါတယ်" ဟု Yeo က ပြောသည်။

တစ်ချိန်တည်းမှာပင် လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပွင့်လင်း မြင်သာမှု ရှိရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံ ခေါင်းဆောင်များ၏ တောင်းဆိုမှုများကို မြန်မာစစ်အစိုးရက တုန့်ပြန် ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ဟာ ဘယ်လို စိန်ခေါ်မှုများကို ကြုံတွေ့ပါစေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်ရေးကို အကောင်းဆုံး လုပ်ဆောင်သွားမယ် ဆိုတာ ကတိပြုပါတယ်" ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa ကလည်း ဒီမိုကရေစီကိုသာ ဦးတည် ပြောခဲ့ပြီး၊ နိုင်ငံများရှိ ယဉ်ကျေးမှု၊ ဘာသာရေး၊ ယုံကြည်မှုများနှင့် တိုးတက်သော လူ့အဖွဲ့အစည်းများ ကြားတွင် စိတ်ရှည် သည်းခံရေးနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားရေး တို့ကို အလေးပေး ပြောကြားခဲ့သည်။

"အင်ဒိုနီးရှားဟာ ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်တာနဲ့ အညီ အစ္စလာမ်၊ ဒီမိုကရေစီနဲ့ ခေတ်မီခြင်းတို့ကို လက်တွဲ ဖော်ဆောင်ထားတယ် ဆိုတဲ့ အချက်ကို သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ မဆုံးနိုင်တဲ့ ခရီးရှည်ကြီးပါပဲ။ စိန်ခေါ်မှု အသစ်တွေကို ကိုင်တွယ်နိုင်စွမ်းပြီး တဖြည်းဖြည်း ဖြစ်ပေါ် တိုးတက်မှုကို ထိန်းသိမ်းထားရပါ့မယ်" ဟု Marty က ပြောသည်။

တရုတ် ငွေကြေး ငြင်းခုံမှု၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် မြောက်ကိုးရီးယား ခေါင်းဆောင် ဆက်ခံမှု စတဲ့ အာရှတိုက်၏ ဒေသတွင်း အရေးကိစ္စများတွင် ကမ္ဘာ့ ဇာတ်ခုံပေါ်တွင် ထိပ်တန်းမှ နေရာယူထားဆဲ ဖြစ်သည်။

အခြား အလေးပေး ပြောကြားသော အကြောင်းအရာများတွင် အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်မည့် အကြောင်းနှင့် အမေရိကန် သမ္မတ Barack Obama ၏ အင်ဒိုနီးရှားသို့ ပထမဦးဆုံး တရားဝင် ခရီးစဉ် အကြောင်းများ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, By Peter Simpson, 30th September 2010

မြန်မာ နိုင်ငံသည် အနှစ် နှစ်ဆယ်အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်လျက် ရှိရာ အိမ်နီးချင်း တရုတ်ထံမှ အားကောင်းသော ထောက်ခံ ကူညီမှုကို ရရှိထားသည်။

Beijing သည် မြန်မာ ရွေးကောက်ပွဲအား ထောက်ခံသော နိုင်ငံ အနည်းငယ်တွင် တစ်ခု အပါအဝင် ဖြစ်သည်။

ယခု ရွေးကောက်ပွဲများသည် ဒီမိုကရေစီသို့ သွားရာလမ်းနှင့် အရပ်သား အုပ်ချုပ်ရေး အတွက် ဗဟိုပင် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရက ပြောကြားခဲ့သည်။ သို့သော် အမေရိကန် ပြည်ထောင်စု အပါအဝင် ဝေဖန် သုံးသပ်သူများက နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်မည် ဖြစ်ပြီး စစ်တပ်မှ အာဏာ ချုပ်ကိုင်နိုင်ရေးကိုသာ ရေးဆွဲထားခြင်း ဖြစ်သည်ဟု ပြောခဲ့ကြသည်။

International Crisis Group ၏ အစီရင်ခံစာ

International Crisis Group ၏ မကြာသေးမီက အစီရင်ခံစာတွင် တရုတ်၏ ထိပ်တန်း အလေးပေးမှုမှာ ဒီမိုကရေစီ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိစပ်နေသော ကီလိုမီတာ ၂၂၀၀ ရှည်လျားသော နယ်စပ် လုံခြုံရေးပင် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သော နှစ်က မြန်မာ စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တရုတ် တိုင်းရင်းသားများ နေထိုင်ရာ ကိုးကန့်တွင် စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ ဒုက္ခသည် သောင်းနှင့် ချီ၍ တရုတ် နိုင်ငံထဲသို့ ထွက်ပြေးခဲ့သည်။

Beijing သည် ၎င်း၏ တပ်များကို နယ်စပ်တွင် တည်ငြိမ်မှု ရှိရေးအတွက် နေရာ ချထားခဲ့သည်။

International Crisis Group ၏ အရှေ့မြောက် အာရှ ပရောဂျက် ဒါရိုက်တာ Stephaine Kleine-Ahlbrandt က Beijing သည် အငိုက် မိသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

"Beijing က မြန်မာ အစိုးရက အဲ့လို စစ်ရေးအရ ဖြေရှင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး။ နယ်စပ်မှာ ရှိတဲ့ တရုတ်အစိုးရ တာဝန်ခံတွေကတောင် ဘာမှ မသိလိုက်တော့ Beijing က အံ့သြသွားတာပေါ့" ဟု သူမက ပြောသည်။

ထို့ကြောင့် ထိုစဉ်ကတည်းက Beijing သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အနီးကပ် ဆက်ဆံလာခဲ့သည်ဟု Ahlbrandt က ပြောသည်။

တရုတ်၏ ရင်းနှီး မြှုပ်နှံမှု

International Crisis Group၏ အဆိုအရ၊ တရုတ်၏ မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများသည် မြန်မာ အများစု၏ တရုတ်အပေါ် အကောင်း မမြင်မှုကို ချေဖျက် မပစ်နိုင်ဟု ဆိုသည်။

တရုတ်၏ စွမ်းအင် ကဏ္ဍတွင် ကြီးမားစွာ ရင်းနှီး မြှုပ်နှံနေမှုမှာ မြန်မာနိုင်ငံတွင်း မကျေနပ်မှုများကို ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Beijing သည် ထိုင်းနှင့် စင်္ကာပူတို့နောက်တွင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ် ကုမ္ပဏီများသည် ပွင့်လင်း မြင်သာမှု မရှိခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာများကို အလေး မထားခြင်းနှင့် အကျိုးအမြတ် ခွဲဝေမှုများတွင် တရား မျှတမှု မရှိခြင်းတို့ကြောင့် မြန်မာ အများစုက မကျေနပ်ကြဟု အစီရင်ခံစာက ပြောသည်။

ပြီးခဲ့သည့် ဧပြီလက ကချင်ပြည်နယ်ရှိ တရုတ်တို့ တည်ဆောက်လျက် ရှိသော ရေလှောင်တမံတွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့သည်။

ဤပေါက်ကွဲမှုသည် တရုတ်စီးပွားရေး လုပ်ငန်းများအပေါ် မကျေနပ်မှုကြောင့်ဟု တရုတ် နိုင်ငံခြား ဆက်ဆံရေး ပညာရှင် အချို့က ယူဆခဲ့ကြသည်။

စီပွားရေး အခန်းကဏ္ဍ

Xiamen တက္ကသိုလ် အရှေ့တောင် အာရှ လေ့လာရေး ဗဟိုဌာန ပါမောက္ခ Zhang Xudong က ပြောကြားရာတွင် မြန်မာ နိုင်ငံသား အများစု မကျေနပ်မှုများမှာ စီးပွားရေးအရ ကွာဟပြီး သာတူ ညီမျှမှု မရှိခြင်း၏ ရလဒ် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းကြီးများကို တရုတ် ကုမ္ပဏီများက လုပ်ကိုင်လျက် ရှိရာ မြန်မာ အများစုသည် တရုတ် ရရှိသော ကြီးမားသော အမြတ်အစွန်းများကို ခံစားရခဲသောကြောင့်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ် လုပ်နေသော တရုတ် အများစုသည် မြန်မာ့ ယဉ်ကျေးမှုကို အကျွမ်းတဝင် မရှိမှုသည်လည်း တစ်ချက် ဖြစ်ကြောင်း Zhang က ပြောခဲ့သည်။

ထိုအချက်များက နားလည်မှု လွဲမှားခြင်းများကို ဖြစ်စေသည်ဟု ၎င်းက ထင်မြင်ကြောင်း၊ ထို့အပြင် အစိုးရ၏ တိုင်းရင်းသားများ အပေါ် ထားရှိသော မူဝါဒများက ထပ်ဆင့် လိုက်သောအခါ တောက်လောင်ရခြင်းပင် ဖြစ်သည်ဟု Zhang က ဆိုသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Jiang Yu က Intervational Crisis Group ၏ တွေ့ရှိချက်များကို ငြင်းဆိုခဲ့ပြီး၊ မြန်မာ နိုင်ငံနှင့် ကူးသန်း ရောင်းဝယ်ရေးနှင့် နှစ်ဖက်စလုံး ညီတူညီမျှ အကျိုးအမြတ် ရကြသည်ဟု ဆိုသည်။ Jiang က ပြောကြားရာတွင် တရုတ် အစိုးရသည် တရုတ် ကုမ္ပဏီများအား ဒေသဆိုင်ရာ ဥပဒေများနှင့် အမိန့်များကို လိုက်နာရန်နှင့် ပတ်ဝန်းကျင် ဆိုင်ရာ ကာကွယ်မှုများကို အလေးပေးရန်၊ ဒေသဆိုင်ရာ ရိုးရာ ယဉ်ကျေးမှုများကို လေးစားရန် အမြဲ တိုက်တွန်းကြောင်း ပြောခဲ့သည်။

Beijing ၏ စီးပွားရေး မူဝါဒကို ဝေဖန်သူများက တရုတ်၏ မြန်မာနိုင်ငံနှင့် စီးပွားရေး ကိစ္စများသည် တည်ငြိမ်ရေး၊ အထူးသဖြင့် နယ်စပ်ရှိ တိုင်းရင်းသားများနှင့် ကြားတွင် တည်ငြိမ်ရေးပေါ်တွင် မူတည်နေသည်ဟု တရုတ်က ယုံကြည်နေသည်ဟု ပြောကြားခဲ့သည်။

စက်တင်ဘာလ အစောပိုင်းက နယ်စပ်အရေး မအေးသောကြောင့် တရုတ်ကို စိုးရိမ်ပူပန်မှုများ ပိုစေခဲ့သည်။

အချို့ တိုင်းရင်းသား နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပပေးမည် မဟုတ်ကြောင်း မြန်မာ အစိုးရက ပြောကြားခဲ့သည်။

ယခုအခါ Beijing သည် ရွေးကောက်ပွဲကို ပြောင်ကျကျ ထောက်ခံပြီး အန္တရာယ်ကို ဝယ်ယူနေကြောင်း Albrandt  ကပြောသည်။

"နောက်ဆုံးတော့ တရုတ်အတွက် အခြေအနေတွေဟာ အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။ တရုတ်က ရွေးကောက်ပွဲ တရားဝင်ရေး အတွက်ပဲ အာရုံထားတာကိုး။ ဒါပေမယ့် တိုင်းရင်းသား အဖွဲ့တွေ မပါဝင်နိုင်တော့ တရားဝင် အသိအမှတ် ပြုဖို့ ခက်ခဲနိုင်ပါတယ်" ဟု Albrandt က ပြောသည်။

မြန်မာ ပါလီမန်တွင် နေရာ ခွဲဝေချထားမှု

မြန်မာ နိုင်ငံ၏ အခြေခံ ဥပဒေသစ်အရ ပါလီမန်၏ ၂၅ % သော နေရာကို စစ်တပ်အတွက် သတ်မှတ်ပေးထားသည်။ ယခုနှစ် အစောပိုင်းက ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် ပြစ်ဒဏ် ကျခံရသူများ ရွေးကောက်ပွဲတွင် မပါဝင်ရန် တားဆီးထားပြီး၊ ထောင်ထဲတွင် ရှိနေသော အဖွဲ့ဝင်များကို ပါတီမှ ထုတ်ပယ်ရန် ပါရှိသည်။

ထိုအထဲတွင် အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်သည်။ ၎င်း၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နေအိမ် အကျယ်ချုပ် ကျခံနေရသည်။

NLD သည် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ရန် ငြင်းဆန်ပြီး၊ ပါတီမှာလည်း ဖျက်သိမ်းခံခဲ့ရသည်။

ကုလ သမဂ္ဂ၏ ဝန်ကြီးများပါဝင်သော အုပ်စုသည် မကြာသေးမီက  မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ ရွေးကောက်ပွဲအား အားလုံးက လက်ခံစေရန် အုပ်စု အားလုံး ပါဝင်စေရန် ပြောခဲ့သည်။ တရုတ်သည်လည်း အဆိုပါ ဝန်ကြီး အဆင့် အုပ်စုတွင် ပါဝင်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 1st October 2010

မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသော အမေရိကန် လွှတ်တော် အမတ်တစ်ဦးက မြန်မာစစ်ဖက် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု သတင်းလွှင့်ပြီး ၎င်းတို့၏ ရွေးကောက်ပွဲ အတုကို တရားဝင် အသိအမှတ် ပြုခံရအောင် ပရိယာယ် ဆင်နေသည်ဟု ကြာသပတေးနေ့တွင် စွပ်စွဲလိုက်သည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမှ တာဝန်ရှိသူ အချို့က ပြောကြားခဲ့သည်ဟု သိရှိရသည်။ သူမ၏ ပါတီ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့ပြီးနောက် အစိုးရက ပါတီကို အာဏာ လွှဲမပေးဘဲ ပါတီခေါင်းဆောင် သူမကို ယခုအချိန်အထိ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

"ဒီကိစ္စဟာ မြန်မာ စစ်အစိုးရရဲ့ "ဖမ်းတမ်း လွှတ်တမ်း ကစားပွဲ"လို့ အရင်ကတည်းက ကျွန်တော်တို့ ရှုမြင်ထားပါတယ်။ သူတို့က အပြောင်းအလဲကို ဗန်းပြ ဖန်တီးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးရင် သူမကို တရားမျှတမှု ကင်းမဲ့စွာ ထပ်ပြီး ဖမ်းဆီးလေ့ ရှိပါတယ်" ဟု မြန်မာ အစိုးရ အပေါ် ပြင်းထန်စွာ ဒဏ်ခတ် အရေးယူမှုကို ထောက်ခံသူ နယူးယောက် ဒီမိုကရက်တစ် လွှတ်တော်အမတ် Joseph Crowley က ပြောကြားသည်။

"တကယ်လို့ စစ်အစိုးရက အပြောင်းအလဲ ပြုလုပ်ဖို့နဲ့ ဒီမိုကရေစီ ပြည့်ဝမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ အမှန်တကယ် လိုလားတယ် ဆိုရင် သူမနဲ့ သူမရဲ့ ပါတီဝင်တွေကို အခု လွှတ်ပေးရမှာပါ၊ အခုတော့ သူမကို လွှတ်ပေးမယ်လို့ ပြောတာဟာ မမျှတတဲ့ ရွေးကောက်ပွဲတွေ တရားဝင်အောင် ပရိယာယ် ဆင်မှု တစ်ခု ဖြစ်နေကာ စစ်အစိုးရက အာဏာကို ဆက်လက် ရယူဖို့အတွက် ဘာမဆို လုပ်မယ်၊ ပြောမယ် ဆိုတဲ့အချက် ထင်ရှားနေတာ တို့ကတော့ စိတ်မကောင်း စရာပါပဲ" ဟု Crowley က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို တရားဝင်စေမည့် လီဆယ်မှု တစ်ခုဟု ပြစ်တင် ဝေဖန်ကာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို သပိတ် မှောက်ထားသည်။ အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား အစိုးရကလည်း မြန်မာ အစိုးရအား ပစ်ပယ်ခြင်းထက် ယခုနည်းဖြင့် သိမ်းသွင်းရန် ရည်ရွယ်ကာ ဒိုင်ယာလော့ ဆွေးနွေးမှုကို ယခင်နှစ်က စတင်ခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲ၏ လက်ခံ ယုံကြည်နိုင်မှု သိက္ခာအပေါ် သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားထားသည်။

သို့သော်လည်း အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး Shivshankar Menon က မြန်မာ ရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ ရှေ့ရှုသည့် အရေးပါသော အဆင့်တစ်ဆင့် ဖြစ်နိုင်ကြောင်း ကြာသပတေးနေ့က ဝါရှင်တန်တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် ၎င်း၏ အရှေ့ဖက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို လတ်တလော ပြောင်းလဲ ကျင့်သုံးနေသည့် နိုင်ငံ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, AFP, 30th September 2010

မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းခံနေရသူ နိုဘယ်ဆုရှင်မှာ သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်း နှစ်စေ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် လွတ်မြောက်လိမ့်မည်ဟု အမည် မဖော်လိုသော သတင်း ရပ်ကွက်က ဆိုသည်။

"နိုဝင်ဘာလကတော့ ကျွန်တော်တို့အတွက် အရေးကြီးပြီး အလုပ်များမယ့် လပါပဲ၊ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာမှာကြောင့်ပါ" ဟု AFP သို့ ပြောကြားခဲ့သော အမည် မဖော်လိုသော အရာရှိက "နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲပြီး အပြီး မကြာမီ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မှာပါ"ဟု ဆိုသည်။

အမည် မဖော်လိုသော အရာရှိ နောက်တစ်ဦးကလည်း အဆိုပါလည်း အဆိုပါ သတင်းကို အတည်ပြု ပြောဆိုခဲ့ပြီး "ဥပဒေအရ ဆိုရင်တော့ သူမကို အဲဒီနေ့မှာ လွှတ်ပေးရမှာပါ" ဟု ဖြည့်စွက် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီသည် ၎င်းတို့ အောင်ပွဲခံခဲ့သည့် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည် မဟုတ်ဘဲ စစ်အုပ်ချုပ်ရေး အာဏာကို အရပ်ဖက် မျက်နှာဖုံး စွပ်သည့် အတုအယောင် ရွေးကောက်ပွဲဟု ဝေဖန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်းလျား ကန်စောင်း နေအိမ်သို့ အမေရိကန် လူစိမ်းတစ်ဦး ရေကူး ဝင်ရောက်လာမှု အပေါ် အစိုးရက သူမအား တရားစွဲဆို ပြစ်ဒဏ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 30th September 2010

မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များသည် အလုပ်ဖြစ် ရှင်သန်နေသော မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို နှိမ်နှင်းရန် ကြိုးစားခြင်းထက် ၎င်းအပေါ်မှ ဝင်ငွေများ ရရှိနေပြီး နယ်စပ်အနီး ဘိန်းစိုက်ပျိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် သဘော တူညီမှုများ ပြုလုပ်နေသည်ဟု ယနေ့ အစီရင်ခံစာ တစ်စောင်က ဖော်ပြသည်။

ဒီဇင်ဘာလ ကုလသမဂ္ဂ လေ့လာရေး အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း၌ ဘိန်းထုတ်လုပ်မှု ကြီးထွားနေကြောင်း ဖော်ပြခဲ့ပြီးနောက် ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစာ ဦးဆောင်သည့် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး စီမံချက်၏ အစီရင်ခံစာ ဆက်လက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အာဖကန် နစ္စတန်၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သူ မြန်မာနိုင်ငံ၏ ဘိန်း ၉၅ % ကို အဆိုပါ ဒေသတွင် စိုက်ပျိုး ထုတ်လုပ်ခြင်း ဖြစ်သည်။

ဆယ်စုနှစ် ပေါင်းများစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများကဲ့သို့ ရှင်သန်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲ မတိုင်မီ လက်နက် ချရန် အစိုးရ၏ တောင်းဆိုမှုကို ငြင်းဆန်နေကြသော လက်နက်ကိုင် သူပုန်များကို တိုက်ခိုက်ရန် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာအစိုးရက မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို အသုံးချလျက် ရှိသည်။

စစ်အစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်သို့ ပူးပေါင်းရန် ငြင်းဆန်မှု အပေါ်တွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားလာဖွယ် ရှိသဖြင့် လက်နက်ခဲယမ်း စုဆောင်းရေး အတွက် ငွေရှာရန် ဝ တပ်ဖွဲ့ (UWSA) ကဲ့သို့သော တရုတ်မျိုးနွယ်စု သူပုန်များက ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို တိုးမြှင့်လာခြင်း ဖြစ်သည်ဟု လေ့လာသူများက ပြောကြားသည်။

သို့ရာတွင် ၂၀၀၄ ခုနှစ် နောက်ဆုံးထား၍ ဖယ်ရှားရန် သန္နိဋ္ဌာန် ချထားသည်ဟု ဆိုသော ဝင်ငွေကောင်း မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို တိုက်ဖျက်မည့် အစိုးရ၏ ကတိကဝတ်အပေါ် သံသယ ရှိကြောင်း ယခု အစီရင်ခံစာက ညွှန်ပြနေသည်။

လက်နက်ကိုင် သူပုန်များသည် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်တွင် မူးယစ်ဆေးဝါး စက်ရုံသစ်များ "တည်" နေကြသည်ဟု အစီရင်ခံစာ ရေးသားသူ ခွန်ဆိုင်းဂျာရန်က ဆိုသည်။ "သူတို့ဟာ အစိုးရအပေါ် နိုင်ငံရေး သစ္စာစောင့်သိမှုကြောင့် ဆုလာဘ်တွေ ရနေတာပါ" ဟု ၎င်းက အစီရင်ခံစာတွင် ဖော်ပြသည်။ ဟီးရိုးအင်း ချက်လုပ်ရန် အတွက် ဘိန်းစေး ခြစ်ရန် ပေါ်ပီပင်ကို ရှမ်းပြည်နယ် ၅၅ မြို့နယ် အနက် ၄၆ မြို့နယ်တွင် စိုက်ပျိုးကြပြီး ၎င်းမြို့နယ် အများစုမှာ မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသည့် မြေအကျယ်အဝန်းမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ၅၀ % မြင့်တက်လာကာ ၇၈၃၃၀ ဧကသို့ ရောက်ရှိခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မှုခင်း ဆိုင်ရာ ဌာန UNODC က ယခင်နှစ်က ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်၊ ထိုင်း၊ လာအိုတို့ နယ်နိမိတ်ချင်း ထိစပ်နေသော ရွှေတြိဂံ နယ်မြေမှာ အရှေ့တောင် အာရှ၏ အဓိက ဘိန်းထုတ်လုပ်ရာ ဒေသ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးဒေသ ရှမ်းပြည်နယ်သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု များစွာ၏ ဇာတိ နေအိမ် ဖြစ်ပြီး ၎င်းတို့၏ ကိုယ်စား ပြုမှုကို အခြေခံ ဥပဒေက ကန့်သတ်ထားခြင်း တို့ကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်ရန် ငြင်းဆန်ထားကြသည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံကို ၎င်းတို့၏ နိုင်ငံအဖြစ် အသိအမှတ်ပြုသူ လက်နက်ကိုင် အုပ်စု အနည်းငယ်သာ ရှိပြီး လတ်တလော ဖွဲ့စည်းထားသော တိုင်းရင်းသား နိုင်ငံရေး ပါတီများ ရှိနေသော်လည်း ရွေးကောက်ပွဲသည် ဒေသတွင်း ထောက်ခံမှု များစွာ ရမည့် လက္ခဏာ မရှိပါ။ သူပုန်များကလည်း မဲရုံကို ဖျက်ဆီးရန် ကြိုးစားနိုင်ဖွယ် ရှိသည်။

မြန်မာ အစိုးရကလည်း လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရန် မလွယ်ကူသော အနေအထား ရှိသည့် ကျေးရွာပေါင်း ၃၀၀ တွင် မဲပေးပွဲကို ပယ်ဖျက်ကြောင်း ယခုလ အစောပိုင်းတွင် ကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ ကျေးရွာ အများစု ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 30th September 2010

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် Abhisit Vejjajiva သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေး အတွက် လာမည့် လတွင် မြန်မာနိုင်ငံသို့ တစ်ရက်တာ သွားရောက် လည်ပတ်ရန် စီစဉ်လျက် ရှိသည်။

Abhisit သည် ရွေးကောက်ပွဲ ပြီးနောက် မြန်မာ အစိုးရ၏ အစီအစဉ်များကို နားထောင်မည် ဖြစ်ပြီး၊ အတိုက်အခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျ နေသူများ၏ အခြေအနေနှင့် တိုင်းရင်းသား အုပ်စုများ၏ ပြဿနာများကို ဆွေးနွေးမည် ဖြစ်သည်။

ယင်းသည် အောက်တိုဘာ (၁၁) ရက်တွင် သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ၀န်ကြီး Kasit Piromya က ပြောကြားရာတွင် ထိုင်းသည် မြန်မာနိုင်ငံနှင့် နယ်စပ် ညှိနှိုင်းရေး ပြင်ဆင်မှုများ၊ နှစ်နိုင်ငံ ဆက်သွယ်မှု၊ လမ်းနှင့် တံတားများ တည်ဆောက်မှု၊ ထိုင်းအစိုးရက ငွေကြေး ထောက်ပံ့နေသော ကော့ကရိတ်ရှိ လမ်းဖောက်လုပ်မှု တိုးတက်မှုများကို ဆွေးနွေးမည် ဖြစ်သည်ဟု ဆိုသည်။

"ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့ အခုမှ စတင်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနဲ့ တံခါးဖွင့် စီးပွားရေး မူဝါဒတွေကို လေ့လာလိုပါတယ်။ ထိုင်း ပုဂ္ဂလိက ကဏ္ဍက ၀င်ရောက်နိုင်မယ့် အခြေအနေကိုလည်း လေ့လာလိုပါတယ်။ စီးပွားရေး မျက်နှာစာမှာ ထိုင်းအနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့် ရှိနေတယ် ဆိုတာ သိစေချင်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, By Ali Kotarumalos, 30th Sept 2010

လူဦးရေ ပြည့်ကျပ်လွန်းပြီး ကားများ ပိတ်ဆို့လွန်းသော၊ ရေကြီးတတ်သော မြို့တော်အတွက် အင်ဒိုနီးရှား သမ္မတ၏ အဖြေမှာ မြို့တော်ကို ပြောင်းရွှေ့ရေးပင် ဖြစ်သည်။

"ဓမ္မဓိဋ္ဌာန် ကျကျ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဂျကာတာဟာ စံပြမြို့တော် တစ်ခု မဟုတ်တော့ပါဘူ" ဟုSusilo Bambang Yudhoyono က ပြောကြားခဲ့သည်။ ၎င်းသည် သစ်တောများ ဖုံးလွှမ်းနေသော ဘော်နီကျွန်းသို့ မြို့တော်အတွက် နေရာရှာရန် အဖွဲ့များ စေလွှတ်ခဲ့သည်။

ယခင်ကတည်းက မြို့တော်ကို ပြောင်းရွှေ့ရန် အဆိုပြု တင်ပြခဲ့ဖူးရာ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အနေဖြင့် ဒေါ်လာ (၁၁) ဘီလီယံ ကုန်ကျမည်ဖြစ်၍ အစီအစဉ် ပျက်သွားခဲ့ဖူးသည်။ ယခုလည်း ထိုသို့သော ကံကြမ္မာမျိုး ဖန်မလာနိုင်ဟု မပြောနိုင်သေးပေ။ လူဦးရေ (၁၀) သန်း ရှိသော မြို့ကြီးအဖို့ ချုပ်ရိုးကွဲသလို ပေါက်ကွဲ မထွက်မီ တစ်ခုခု လုပ်ရန် လိုအပ်သည်မှာ ထင်ရှားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မိုးတွင်း ကာလတွင် ခါးလောက်ရှိသော ရေများ လမ်းများ မြုပ်နေပြီး၊ အိမ်များထဲသို့ စီးဝင်ခြင်းတို့ ဖြစ်ကာ တစ်ခါတစ်ရံ ဒါဇင်ပေါင်း များစွာသော လူများ ဓါတ်လိုက် သေဆုံးကြရသည်။

ကားပေါင်း (၆.၇) သန်းသည် လမ်းမပေါ်တွင် သွားလာနေပြီး ဖြစ်သော်လည်း နေ့စဉ် ကားအသစ် (၅၀၀) ကျော်နှင့် မော်တော်ဆိုင်ကယ် (၁၅၀၀)ခန့် ထပ်မံ ဝင်ရောက်နေသည်။ ထို့ကြောင့် ကားများ၏ ရွှေ့လျားနှုန်းသည် တစ်နာရီလျှင် ၆ မိုင် (၁၀ ကီလိုမီတာ) နှုန်းသာ ရှိပြီး မြို့ထဲတွင် ရွေ့ရွေ့ဖြင့် နှစ်နာရီခန့် ကြာအောင် စောင့်ဆိုင်းရတတ်သည်။

ထို့ကြောင့်ပင် ဂျကာတာသည် ကုန်ကျစရိတ်များ ပိုမိုလျက် ရှိသည်။ မြေအောက်ရထား မရှိသော အကြီးဆုံး မြို့တော်ကြီးတွင် တစ်နှစ်လျှင် ပျောက်ဆုံးသွားသော အချိန်နှင့် လောင်စာဆီ အတွက် ဒေါ်လာ (၁.၄) ဘီလျံ ကုန်ကျလျက် ရှိကြောင်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Yopie Hidayat က ပြောကြားခဲ့သည်။

ကားများစွာ သွားနိုင်သော လမ်းကျယ်ကြီးများ ဖောက်လုပ်ခြင်းသည် အမှန်တကယ်၌ အခြေအနေကို ပို၍ ဆိုးဝါးစေသည်။

ယာဉ်မောင်းသူများသည် ဂျော်ကီဟု ခေါ်သော ခရီးသည်များကို စောင့်၍ တင်ကြရသည်။ သို့မှသာ သတ်မှတ်ထားသော လမ်းကို အသုံးပြု၍ ရမည် ဖြစ်သည်။

"ရှေ့ဆက် သွားချင်တယ် ဆိုရင် ရွေးစရာလမ်း မရှိပါဘူး။ တစ်ယောက်ယောက်ကို ခေါ်တင်ရပါမယ်" ဟု ခရီးရှည် ကားမောင်းရသူ Yahya Irwandi က လေထဲတွင် လက်ညှိုး ထောင်၍ လမ်းဘေးတွင် စောင့်ဆိုင်းနေသော လူတန်း ရှည်ကြီးကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

မြို့တော်၏ အိုဟောင်းနေသော အခြေခံ အဆောက်အဦးသည် လွန်ခဲ့သော ရာစုနှစ် ဒတ်ခ်ျ ကိုလိုနီ လက်ထက် ကတည်းက ဖြစ်ရာ တစ်စစီ ကျိုးပဲ့ ပျက်စီးနေသည်။

ယခုလ အစောပိုင်းက လေးလမ်းသွား အဝေးပြေး လမ်းမကြီး၏ ပေ (၃၀၀) (၁၂၅-မီတာ) ခန့် ရှိသော အပိုင်းသည် ဂျကာတာ မြောက်ပိုင်း၌ မြစ်ထဲသို့ ကျိုးကျသွားခဲ့သည်။

မြို့၏ တစ်ဖက်ခြမ်းတွင် လွန်ခဲ့သော နှစ်တစ်ရာက ဆောက်လုပ်ထားသော တူးမြောင်းတစ်ခု၏ ရေကြီးမှုကို ကာကွယ်ရန် ပြုလုပ်ထားသော ၃၇၅ပေ(၁၂၅-မီတာ) ရှိ ရေထိန်း နံရံကြီး ပြိုကျခဲ့သည်။

ဘရာဇီး၊ ပါကစ္စတန်၊ မလေးရှားနှင့် မြန်မာနိုင်ငံ အစရှိသော နိုင်ငံ အချို့သည် နိုင်ငံရေး၊ စီးပွားရေးစသည် အကြောင်း ပြချက်များဖြင့် မြို့တော်များကို ရွှေ့ပြောင်းခဲ့ကြသည်။

အင်ဒိုနီးရှားသည် မြို့တော် ရွှေ့ပြောင်းရန် လွန်ခဲ့သော နှစ်ငါးဆယ်ခန့် ကတည်းက စတင် စဉ်းစားခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား၏ ပထမဆုံး သမ္မတ ဆူကာနိုသည် မြို့တော်ကို ဘော်နီယိုသို့ ရွှေ့ရန်  အကြံပြုခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တိုင်းပြည်၏ ကျွန်းပေါင်း (၁၇၀၀၀) ကျော်ကို ညီတူညီမျှစီ တိုးတက် ဖွံ့ဖြိုးစေလို၍ ဖြစ်သည်။

၎င်းသည် ဂျတာကာအား ဆိပ်ကမ်းမြို့ အဖြစ်သာ အသိအမှတ် ပြုခဲ့သည်။

၎င်းအား ဆက်ခံသူ ဆူဟာတိုကလည်း ၁၉၉၈ ခုနှစ် ဒီမိုကရေစီ ဘက်တော်သားများက လမ်းပေါ် ဆန္ဒပြမှုများဖြင့် ဖြုတ်မချမီက ဂျကာတာ အရှေ့ဖက်မိုင် ၃၀ (၅၀ကီလိုမီတာ) အကွာရှိ Jonggol သို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့ဖူးသည်။

Yudhoyono သည် အဆိုပါ နေရာ နှစ်ခုစလုံးကို စဉ်းစားလျက် ရှိသည်။ သို့သော် ယခုမှ စ၍ ပြုလုပ်သည့်တိုင် မြို့တော်သစ်သည် အနည်းဆုံး နောက်ထပ် ဆယ်နှစ် အလုပ် ဖြစ်လိမ့်ဦးမည် မဟုတ်ကြောင်း ၎င်းက သိနေသည်ဟု သမ္မတရုံးမှ Velix Wanggai က ပြောသည်။

အင်ဒိုနီးရှား တက္ကသိုလ်မှ Demography Imstitute မှ ဒါရိုက်တာ Sonny Harry Harmadi ကလည်း ပြောင်းရွှေ့ရေးကို သဘောတူသူ ဖြစ်သည်။

"လာမည့် ငါးနှစ်အတွင်း အရာရာ ပြည့်ကျပ်နေမှု ပြဿနာကို ဖြေရှင်းနိုင်မလားလို့ ဂျကာတာ အစိုးရကို အခုပဲ မေးခဲ့ပါတယ်။ မဖြေရှင်းနိုင်ရင်တော့ ပြောင်းရမှာပေါ့" ဟု ၎င်းက ပြောသည်။

မြို့ပြမူဝါဒ ကျွမ်းကျင်သူနှင့် အကြံပေးပညာရှင် Wendell Cox က မြို့တော် ပြောင်းရွှေ့ သွားသည့်တိုင် ဂျကာတာသည် စီးပွားရေး ဗဟိုဌာန အဖြစ် ရှိနေဦးမည် ဖြစ်ပြီး လူဦးရေ တိုးတက်မှု နှုန်းမှာလည်း ကြေက်ခမန်းလိလိ ဖြစ်နေဦးမည်ဟု သုံးသပ်ထားသည်။

မြို့တော် ပြောင်းရွှေ့ခြင်းသည် ငွေဖြုန်းတီးမှု တစ်ခုသာ ဖြစ်ကြောင်း၊ ထိုငွေများဖြင့် ဆင်းရဲမွဲတေမှု လျော့ချရေး ကဲ့သို့သော ပြဿနာ ဖြေရှင်းရေးများတွင် ထိရောက်စွာ အသုံးပြုနိုင်သည်ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Korea Times, 30th September 2010

အမေရိကန် ပြည်ထောင်စု စပိုင် ထောက်လှမ်းရေး အကြီးအကဲသည် ယခု သီတင်းပတ် ကုန်တွင် ဆိုးလ်သို့ သွားရောက်ကာ မြောက်ကိုးရီးယားမှ အဖေမှသား အာဏာ လွှဲပြောင်းမှုအပေါ် သတင်း အချက်အလက် ဖလှယ်မည်ဟု အစိုးရ သတင်း ရပ်ကွက်က ကြာသပတေးနေ့တွင် ပြောကြားသည်။

ဗဟို ထောက်လှမ်းရေး အဖွဲ့ CIA ညွှန်ကြားရေးမှူး Leon Panetta သည် အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ စနေနေ့တွင် ထွက်ခွာရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ယင်းသည် အမျိုးသား ထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူး ၀န်ဆီဟွန်၊ ကာကွယ်ရေး ၀န်ကြီး ကင်တေယန်းတို့ အပါအ၀င် အဓိက ကိုးရီးယား လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး သမ္မတ လီမြောက်ဘက်နှင့်လည်း သွားရောက် တွေ့ဆုံမည်ဟု ဆိုသည်။

"စီအိုင်အေ ညွှန်ကြားရေးမှူး Panetta ရဲ့ ခရီးစဉ်ကို အစောပိုင်း ကတည်းက စီစဉ်ထားပေမယ့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ တတိယသားကို အစိုးရ အဖွဲ့ရဲ့ နံပါတ် ၂ နေရာပေးပြီးတဲ့ နောက်မှာ အချိန်ကိုက် ထွက်ပေါ်လာတာပါ။ ဒါကြောင့် သတင်း အချက်အလက် ပေါင်းစုံကို မျှဝေ ဖလှယ်နိုင်ပါလိမ့်မယ်" ဟု အမည် မဖော်လိုသော သတင်းပေးသူက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.