Transparency Myanmar

transparency.myanmar@gmail.com

BBC News, 22nd October 2010

တရုတ်နိုင်ငံတွင် တိဗက် ကျောင်းသားများသည် ယင်းတို့၏ ဘာသာစကား သင်ယူပိုင်ခွင့်နှင့် ပတ်သက်၍ ဆန္ဒပြမှုများမှာ ပို၍ ကျယ်ပြန့်လာကြောင်း လူ့အခွင့်အရေး အုပ်စုများနှင့် နိုင်ငံပိုင် မီဒီယာ၏ အဆိုအရ သိရှိရသည်။

ဗုဒ္ဓဟူးနေ့က Qinghai ပြည်နယ်တွင် ထောင်ပေါင်းများစွာ ချီတက်ခဲ့ကြပြီး လွန်ခဲ့သော ရက်ကလည်း Tongren တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

အတည် မပြုနိုင်သော သတင်းများအရ စာသင်ခန်းများတွင် တရုတ် ဘာသာကို ဦးစားပေးပြီး တိဗက် ဘာသာ စကားကို ကန့်သတ်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

Qinghai ပြည်နယ်သည် တိဗက် တိုင်းရင်းသား အများအပြား နေထိုင်ရာ ဒေသ ဖြစ်ပြီး ၂၀၀၈ ခုနှစ်က တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

ဆယ်ကျော်သက် အများစု ပါဝင်သော ထောင်ပေါင် များစွာသော ကျောင်းသားများသည် ယင်းတို့၏ မိခင် ဘာသာ စကား တိဗက်ကို ဆက်လက် သင်ကြားလိုကြောင်း ထုတ်ဖော်ခဲ့ကြသည်ဟု လန်ဒန် အခြေစိုက် Free Tibet က ပြောသည်။

စည်းရုံးရေး အုပ်စုက ပြောကြားရာတွင် ကြာသပတေးနေ့က Qinghai ပြည်နယ် Guolo တွင်လည်း ဆန္ဒပြမှုများ ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် BBC ကမူ အတည် မပြုနိုင်သေးဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က Gonghe ပြည်နယ် Chabha ကျောင်းလေးကျောင်းမှ ကျောင်းသား (၂၀၀၀)ခန့် သည် "ကျွန်ုပ်တို့ တိဗက် ဘာသာ စကား လွတ်လပ်ခွင့် အလိုရှိတယ်"ဟု ကြွေးကြော်၍ ဆန္ဒပြခဲ့သည်ဟု Free Tibet က ပြောသည်။

Xinghai တွင်လည်း အလယ်တန်း ကျောင်းသားများ ဆန္ဒပြခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ် သိရခြင်း မရှိပေ။

The Global Times သတင်းစာတွင် ဖော်ပြထားရာ၌ Gonghe တွင် ကျောင်းဝတ်စုံဝတ် ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

"အဲဒီနေ့မှာပဲ  ပုံမှန်အနေအထား ပြန်ရောက်ပါတယ်"ဟု မျက်မြင် တစ်ဦး၏ ပြောစကားကို ကိုးကား ဖော်ပြခဲ့သည်။

အာဏာပိုင်များက ပြောကြားရာတွင် တိုင်းရင်းသား ပြည်နယ်များတွင် တရုတ်ဘာသာကို တိုးမြှင့် သင်ကြားပေးရခြင်းမှာ ဒေသခံများအတွက် ပင်မ လူ့အဖွဲ့အစည်းနှင့် တစ်စုတစ်ဝေးတည်း ဖြစ်စေရန် အထောက်အကူ ပြုရန်ဟု ဆိုသည်။

သို့သော် တိဗက် အများစုက ယင်းတို့၏ ယဉ်ကျေးမှုမှာ အားနည်းသွားကြောင်း ယင်းမှာ ဝေးလံသော ဟိမ၀န္တာဒေသတွင် တရုတ်က ယင်း၏ ချုပ်ကိုင်နိုင်မှုအတွက် စစ်ဆင်ရေး၊ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း မကျေမနပ် ပြောဆိုကြသည်။

တရုတ်သည် တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို တင်းကြပ်စွာ အုပ်ချုပ်ထား သော်လည်း အခြားဒေသများ ထက်စာလျှင် ပို၍ လွတ်လပ်ခွင့် ပေးထားသည်။ တိဗက်နှင့် Qinghai တွင် တရားဝင် ရုံးသုံး ဘာသာ စကားမှာ တိဗက်ဖြစ်သည်။

တရုတ် အစိုးရသည် ယင်းတို့က လျစ်လျူရှုထားသည်ဟု ကာလ ရှည်ကြာက ပြောခံခဲ့ရသော ဒေသများတွင် ဖွံ့ဖြိုး တိုးတက်မှုနှင့် စီးပွားရေး အခွင့်အလမ်းများ ပြုလုပ်ပေးလျက် ရှိသည်ဟု ပြောကြား ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 22nd October 2010

စက်မှု ဖွံ့ဖြိုး တိုးတက်သော စီးပွားရေး ဦးဆောင်နိုင်ငံများ G 20 အုပ်စုမှ ဘဏ္ဍာရေး ၀န်ကြီးများသည် နိုင်ငံနှင့် အစိုးရအဖွဲ့ အကြီးအကဲများ၏ လာမည့်လ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မှီ တောင်ကိုးရီး ယားနိုင်ငံ ဂျောင်ဂျူးတွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

ငွေလဲနှုန်းများနှင့် ပတ်သက်၍ ဆက်လက် တင်းမာနေမှုမှာ ဆွေးနွေးမှုများတွင် အဓိက ပါဝင်မည့် လက္ခဏာ ရှိသည်။ ယွမ်ငွေကို သိသိသာသာ နှုန်းရှင် မျှောခွင့်ပြုရန် ဖိအားပေးမှုကို တရုတ်က ခုခံ ပြောဆိုလျက် ရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုသည်လည်း ငွေကြေးတန်ဖိုး တက်မှုကြောင့် ပို့ကုန်လုပ်ငန်း ထိခိုက်မည်ကို စိုးရိမ်နေကြသည်။ ချမ်းသာသော နိုင်ငံများတွင် အတိုးနှုန်း နည်းပါးမှုက ရင်းနှီး မြှုပ်နှံသူများအား ပေါ်ထွက်လာသော စီးပွားရေး ကဏ္ဍများမှ ရလဒ်ကောင်းများ ရှာဖွေရန် တိုက်တွန်း အားပေးလျက် ရှိသည်။

ငွေကြေး အကျပ်အတည်း အတွင်းမှ ညှိနှိုင်းမှု ရှိသော လမ်းကြောင်းတစ်ခုကို တွေ့ရှိရန် G20 က ကြိုးစားလျက် ရှိသည်။

ငွေကြေးဈေးကွက် အတွင်းမှ ပြဿနာများကို ဖြေရှင်းရန် အားလုံး လက်ခံနိုင်မည့် နည်းလမ်း တစ်ခုကို သဘော တူညီမှု ရရေးမှာ ယင်းတို့အတွက် လတ်တလော စိန်ခေါ်မှုဖြစ်ရန် အလားအလာ များ ဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီး အနေဖြင့် အရေးပါသော ရှေ့ခြေလှမ်းကို ပြုလုပ်ရန်အတွက် ရုန်းကန် ရလိမ့်မည် ဖြစ်ကြောင်း အားလုံးသော လက္ခဏာများက ညွှန်ပြနေသည်။

များစွာသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ယင်းတို့၏ ပို့ကုန်များ ယှဉ်ပြိုင်နိုင်စွမ်း လျှော့နည်းသွားအောင် ပြုလုပ်နိုင်သည့် ယင်းတို့ ငွေကြေးအပေါ် ဖိအားပေးမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက် ရှိသည်။

ယင်းဖိအား၏ နောက်ကွယ်တွင် ချမ်းသာသော နိုင်ငံများ၏ အလွန်နည်းသော အတိုးနှုန်းရှိ နေပြီး ရင်းနှီး မြှုပ်နှံသူများအား ပေါ်ထွက်လာသော စီးပွားရေး ကဏ္ဍများမှ အမြတ်ရှာဖွေရန် တိုက်တွန်း အားပေးနိုင်ခြင်း ဖြစ်ပေသည်။ ယင်းအစီအစဉ်မှာ ငွေကြေးတန်ဖိုးများတက်လာအောင် တွန်းအားပေး ရန် ရည်ရွယ်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကမူ ဒေါ်လာငွေများ ၀ယ်ယူခြင်းဖြင့် ယွမ်ငွေအပေါ် ကျရောက်လာသည့် ဖိအားကို ခုခံလျက် ရှိသည်။ ထို့အတွက် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နေရသည့် အခြားနိုင်ငံများ၏ ပြဿနာကို ပိုမို ဆိုးဝါးစေသည်။

တရုတ်နိုင်ငံ အနေဖြင့် ကြားဝင် စွက်ဖက်မှုကို ရပ်ဆိုင်းကာ ယွမ်ငွေတန်ဖိုး တက်ခြင်းကို ခွင့်ပြုခြင်းအား G-20 အုပ်စုတွင်းမှ အများစုက တွေ့မြင်လိုကြသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

သို့သော်လည်း မကြာမီအတွင်း ကြီးကြီးမားမား အပြောင်းအလဲ လုပ်ရန် ဆန္ဒ မရှိကြောင်း တရုတ်တို့က ပြသနေသည်။

ငွေလဲနှုန်း ပြဿနာ တင်းမာမှု နောက်ကွယ်ရှိ အခြား အကြောင်းရင်း တစ်ခု ဖြစ်သော ချမ်းသာသော နိုင်ငံများ၏ ဘဏ်တိုးနှုန်း လျှော့ချမှုမှာလည်း မကြာမီ အတွင်း ပြောင်းလဲမည့် လက္ခဏာ မရှိပါ။

ယင်းပြဿနာမှာ ယင်းတို့၏ ချည့်နဲ့သော စီးပွားရေး နာလံထူမှုများ၏ ရလဒ်ပင် ဖြစ်သည်။ အမှန်တကယ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်မှ ဗဟိုဘဏ်များသည် စီးပွားရေး နာလံထူမှုကို နှိုးဆော်ရန် ဆက်လက် လုပ်ဆောင်မည့် အဆင့်များကို ပြုလုပ်သည့် လက္ခဏာများ ရှိနေရာ အတိုးနှုန်း ကျဆင်းစေသည် သာမက ပေါ်ထွန်းစ စီးပွားရေး နိုင်ငံများသို့ ငွေများ ပိုမို စီးဝင်ကာ ငွေလဲနှုန်း ပြဿနာ တင်းမာမှုကို ဆက်လက် ဆိုးဝါးစေလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 23rd October 2010

စီးပွားရေး ဦးဆောင်နိုင်ငံများ အုပ်စု G20 မှ ဘဏ္ဍာရေး ၀န်ကြီးများက နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ကို ပြုပြင် ပြောင်းလဲရန် သဘောတူခဲ့ကြပြီး အဓိက ဖွံ့ဖြိုးဆဲ နိုင်ငံများကို ပြောရေးဆိုခွင့် ပိုမို ပေးအပ်ခဲ့သည်။

လျှင်မြန်စွာ ကြီးထွားနေသော ဖွံ့ဖြိုးဆဲ နိုင်ငံအချို့ကို ရည်ရွယ်ကာ IMF အတွင်း မဲပေးခွင့် ၆ % ခန့် ပြောင်းလဲပေးရန် တောင်ကိုးရီးယားတွင် ပြုလုပ်သော အစည်းအဝေးတွင် ယင်းတို့က သဘော တူခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများက IMF ဘုတ်အဖွဲ့တွင် ကိုယ်စားလှယ် နေရာ ပိုမို ရရှိလာမည် ဖြစ်ပြီး အနောက် ဥရောပ နိုင်ငံများက ၂ နေရာ လျှော့နည်းသွားမည်ဟုဆိုသည်။

သို့သော်လည်း အဓိက ဆုံးဖြတ်ချက်များ အပေါ် လွှမ်းမိုးနိုင်သည့် ဗီတိုအာဏာကိုမူ အမေရိကန် ပြည်ထောင်စုက ဆက်လက် ရယူထားမည် ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်များ ချမှတ်ရန် မဲဆန္ဒ ၈၅ % လိုအပ်ပြီး IMF ၏ အင်အား အခြေပြု မဲပေး စနစ်အရ ၀ါရှင်တန်က ၁၇ % ဆုပ်ကိုင်ထားသည်။

G20 ၀န်ကြီးများက ယင်းတို့၏ ငွေကြေးများ ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် ငွေတန်ဖိုး ချမှုများကို မပြုလုပ်ကြရန်နှင့် ပိုမို လွတ်လပ်သော ဈေးကွက် အခြေပြု ငွေကြေးစနစ်များကို ဦးတည် ဆောင်ရွက်ကြရန် သဘောတူခဲ့ကြသည်။

ငွေကြေးဆိုင်ရာ ရည်ရွယ် ထိန်းချုပ်မှု

ငွေကြေးစစ်ပွဲဟု အချို့က ခေါ်ဝေါ်နေကြသည့် ငွေကြေးဈေးကွက် အတွင်းမှ တင်းမာမှု နောက်ခံဖြစ်ရပ်များကို ဖြေရှင်းရန်အတွက် ဂျောင်ဂျူးမြို့တော် ဆွေးနွေးပွဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ငွေကြေး ဈေးကွက် အတွင်းမှ တင်းမာမှု အများစုအတွက် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နိုင်ငံအပေါ် အပြစ်တင်နေကြသော်လည်း နောက်ဆုံး သဘော တူညီချက်များကြောင့် ပျော့ပြောင်းမည့် လက္ခဏာကို ယင်းတို့ ၂ နိုင်ငံက ရှင်းရှင်းလင်းလင်း ပြသခြင်း မရှိသေးပါ။

တရုတ်နိုင်ငံ အနေဖြင့် ယင်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် ရည်ရွယ်သည်။ ယွမ်ငွေ တန်ဖိုး ချသည့် မူဝါဒကို အဆုံးသတ်ရန် ဖိအားများ ကျရောက်နေသည်။

သို့သော်လည်း ငွေတန်ဖိုး ချသည့် မူဝါဒ ပြောင်းလဲရန် သဘော တူညီချက်မှာ အချိန် သတ်မှတ်ချက် မရှိသဖြင့် ဘေဂျင်းက ယင်း၏ ငွေကြေးမူဝါဒကို တဖြည်းဖြည်း ပြောင်းလဲမည်ဟု တစိုက်မတ်မတ် ပြောဆိုနေမှုကို ဆက်လက် ကိုင်စွဲထားလျက် ရှိသည်။

အမေရိကန်တွင်လည်း ဘဏ်တိုးနှုန်း လျှော့ချမှုနှင့် အခြား ဗဟိုဘဏ် မူဝါဒများက ရင်းနှီး မြှုပ်နှံသူများအား ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများမှ အကျိုးအမြတ် များများ ရှာဖွေရန် တိုက်တွန်း အားပေးလျက် ရှိပြီး အဆိုပါ နိုင်ငံများ၏ ငွေကြေးတန်ဖိုး တက်ကာ ယှဉ်ပြိုင်နိုင်စွမ်း နည်းသွားရန် ရည်ရွယ်လျက် ရှိသည်။

ဤဖြစ်ရပ်မှာ မည်သည့် နေရာမှမဆို အကျိုးအမြတ် များစွာ ရရှိရန် ရင်းနှီး မြှုပ်နှံသူများက ကြိုးစားနေသည့် အမေရိကန် ပြည်ထောင်စု မူဝါဒများ၏ ရလဒ် တစ်စိတ် တစ်ပိုင်းသာ ရှိသေးသည်။

ဒေါ်လာ အားနည်းနေခြင်းမှာ တမင်တကာ တန်ဖိုးချခြင်း၏ ရလဒ် မဟုတ်ဟု အမေရိကန် တာဝန်ရှိသူများက အငြင်းပွားကြသော်လည်း အမှန်စင်စစ် မူဝါဒများ၏ ဘေးထွက် ရလဒ် တစ်ခု ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ ပြည်တွင်း စီးပွားရေးကို လှုံ့ဆော်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မူဝါဒများ၏ နောက်ကွယ်မှ မြှုပ်ကွက် ဖြစ်သည့် ဒေါ်လာ ပိုမို အားနည်းသွားမည့် အလားအလာ ရှိနေပြီး ပြည်ထောင်စု အရံငွေကြေး အဖွဲ့ကလည်း အမေရိကန် ပိုက်ဆံ ဖြည့်ဆည်းမှုကို လာမည့် သီတင်းပတ် အနည်းငယ်အတွင်း တရှိန်ထိုး ကျယ်ပြန့်စွာ လုပ်ဆောင်တော့မည် ဖြစ်သည်။

ဂျာမန် စီးပွားရေး ၀န်ကြီး Rainer Bruederle က အကြံပြု ဆွေးနွေးရာတွင် အမေရိကန် ပြည်ထောင်စု၏ မူဝါဒများကို နောက်ပြန် မလှည့်ပါက တရုတ်နိုင်ငံကို ချိန်ရွယ်ထားသည့် စွပ်စွဲမှုဖြစ်သော "တမင်တကာ ငွေကြေးထိန်းချုပ်မှု" ကို သွယ်ဝိုက်၍ ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New York Times, by Neil MacFarqyhar, 21st October 2010

အနှစ် နှစ်ဆယ် အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်ကျော်သာ လိုသည့် အချိန်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ်က ကြာသပတေးနေ့က ရွေးကောက်ပွဲ တရား မျှတမှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာ အစိုးရသည် စစ်တပ်မှ အရပ်သား အစိုးရအဖြစ် အပေါ်ယံ အသွင်ပြောင်းခြင်းကို ဖိအားပေး လုပ်ဆောင်နေပြီး နိုင်ငံတော် အလံသစ်၊ သီးချင်း စသည်တို့ကို ဗေဒင်ဆရာ ပြောသည့်ရက်၊ အချိန် တို့နှင့်အညီ ထုတ်ဖော်ခဲ့သည်။

ကာလကြာရှည် ထိန်းသိမ်း ခံနေရသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာမှာလည်း ပြောင်းလဲရေးအတွက် ဆွေးနွေးမှု၊ တရားရုံး အယူခံ လျှောက်ထားမှုများနှင့် ပတ်သက်၍ အားရစရာ မကောင်းလှဟု သတင်း ဖော်ပြမှုများ အရ သိရှိရသည်။ စစ်ဗိုလ်ချုပ်များသည် ၁၉၉၀ ခုနှစ်က သူမ၏ ပါတီ အနိုင် ရရှိမှုအား တရား မဝင်တော့ကြောင်း ပြောခဲ့ကြပြီး ဖြစ်သည်။

လာမည့် သောကြာနေ့တွင် တရားရုံးမှ ကြားနာမှု ရှိသော်လည်း သူမသည် နေအိမ်အကျယ်ချုပ် ကာလ ပြည့်မြောက်သည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် လွတ်မြောက်လိမ့်မည်ဟု ခန့်မှန်းနေကြပြီး၊ ထိုအချိန်တွင် ရွေးကောက်ပွဲလည်း ပြီးစီးပြီ ဖြစ်သည်။ ရွေးကောက်ပွဲတွင် သူမပါဝင်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Toma's Ojea Quintana က ရွေးကောက်ပွဲ၏ မသေချာ မရေရာမှု အချက်တစ်ခု အဖြစ် ထောက်ပြခဲ့သည်။

"ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ကြီးမားတဲ့ မှားယွင်းမှုတွေ ပါနေတယ်ဆိုတာ ရှင်းနေပါတယ်" ဟု Quintana က နယူးယောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် စုဝေးခွင့်များကိုလည်း ထပ်မံ ကန့်သတ်ထားပြီး ဖြစ်ကြောင်း ဆိုသည်။ စနစ်တကျ နှိပ်စက် ညှဉ်းပမ်းမှုများ ရှိပြီး၊ ၁၉၈၈ မှစ၍ (၁၄၄) ဦးသည် ထောင်ထဲတွင် သေဆုံးရကြောင်း ၎င်းက ပြောသည်။

"အခု အခြေအနေတွေ အရ ကတော့ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ပြီး၊ လွတ်လပ်၍ တရားမျှတမယ် ဆိုတာ ပြသခြင်း မရှိသေးပါဘူး" ဟု Quintana က ထပ်လောင်း ပြောကြားခဲ့သည်။ "ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ အဓိပ္ပာယ် ရှိတဲ့ ပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေအတွက် အလားအလာ ကောင်းတွေ ဆောင်ယူလာမည် ဆိုတဲ့ ကိစ္စကတော့ သံသယ ဖြစ်ဖွယ် ရှိနေဆဲပါပဲ" ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲတွင် ပါဝင်မည့် အတိုက်အခံ ပါတီများကလည်း ၎င်းတို့အပေါ် စော်ကားမှုများ၊ ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု ကန့်ကွက်မှုများ ရှိကြောင်း၊ အချို့ တိုင်းရင်းသား ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်မည့် သူများကို ခွင့်မပြုမှုများ ရှိကြောင်း Quintana က မှတ်သားမိသည်ဟု ဆိုသည်။ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များသည် မှတ်ပုံတင်ကြေး ဒေါ်လာ (၅၀၀) ပေးရခြင်းသည်လည်း လူတစ်ဦးလျှင် တစ်နှစ် ဝင်ငွေ ဒေါ်လာ (၄၅၉) သာ ရှိသော တိုင်းပြည်အတွက် များပြားသော ပမာဏ ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာအစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန် ကြိုးစားမှုများ မအောင်မြင်ခဲ့ရုံမျှမက ၎င်းသွားရောက် လည်ပတ်ခဲ့သည့် ၂၀၀၉ ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုမှုကို ငြင်းပယ်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း မရှိပါက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ကြောင်း ၎င်းက အကြိမ်ကြိမ် ပြောခဲ့သည်။

မြန်မာ အစိုးရသည် Quintana ၏ အစီရင်ခံစာတွင် ဖော်ပြထားမှုများကို ကန့်ကွက်ခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း ငြင်းဆိုခဲ့သည်။ ယခုနှစ် အစောပိုင်းက ကက်ဘိနက်မှ စစ်တပ် အရာရှိကြီးများသည် စစ်တပ်မှ နုတ်ထွက်၍ လူမှုရေး အဖွဲ့အစည်းကြီးမှ အသွင်ပြောင်းထားသော ပါတီသစ်သို့ ဝင်ရောက်ခဲ့ကြသည်။

နိုဝင်ဘာ ရွေးကောက်ပွဲသည် အစိုးရ၏ ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်၏ နံပါတ် (၅) ခြေလှမ်း ဖြစ်သည်။ ပါလီမန် ခေါ်ယူရေးနှင့် သမ္မတ ရွေးချယ် တင်မြှောက်ရေး တို့မှာ ကျန်သော အဆင့်နှစ်ခု ဖြစ်သည်။ သို့သော် အခြေခံအားဖြင့် ယခု အစိုးရပင် ယူနီဖောင်း ချွတ်ပြီး ပြန်လည် နေရာယူမည်ဟု ခန့်မှန်းရသည်။

အဆိုပါ လုပ်ငန်းစဉ် အရ အစိုးရသည် ၂၀၀၈ အခြေခံ ဥပဒေသစ်အရ နိုင်ငံတော် အလံသစ်ကို ကြိုတင် သတိပေးခြင်း မရှိပဲ ကြာသပတေးနေ့က ရုတ်တရက် ကြေညာခဲ့သည်။

အလံသစ်တွင် အလျားလိုက် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် အစင်းသုံးခု ပါပြီး အလယ်တွင် ကြယ်ဖြူ ရှိသည်။ အရောင်များသည် ကြံ့ခိုင်မှု၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ကိုယ်စားပြုပြီး ရဲရင့်မှုနှင့် ဆုံးဖြတ်ချက် ခိုင်မာမှုတို့ကိုလည်း ဖော်ညွှန်းကြောင်း ဆိုသည်။ ဂျပန်ခေတ် ၁၉၄၃ မှ ၁၉၄၅ ထိ အဆိုပါ အရောင်ပါသော အလံ ရှိခဲ့ဖူးသည်။ နိုင်ငံ၏ တရားဝင် အမည်သစ်မှာလည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) ဖြစ်ကြောင်း သတင်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ကတည်းက အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များတွင် တူညီသော အကျင့်နှစ်ခု ရှိသည်။ တစ်ခုမှာ ၎င်းတို့၏ အထီးကျန် ဆန်မှုနှင့် နောက်တစ်ခုမှာ အဓိက ဆုံးဖြတ်ချက်များအတွက် ဗေဒင်ဆရာများနှင့် ကိန်းဂဏန်းများ အပေါ် မှီခိုခြင်းပင် ဖြစ်သည်။ အစိုးရ ဝန်ထမ်းများကို နိုင်ငံတော် အလံဟောင်းကို အတိအကျ ညနေ (၃) နာရီ အောက်တိုဘာ (၂၁)၊ ၂၀၁၀ တွင် ဖြုတ်ချရန် ညွှန်ကြားထားကြောင်း၊ ထိုဂဏန်းများကို ပေါင်းလျှင် (၉) ဂဏန်း ရရှိပြီး၊ မြန်မာကြိုက် ဂဏန်း ဖြစ်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA news, by Michael Bowman, 21st October 2010

ယခုမှ စလျှင် နှစ်ပတ်ပင် မပြည့်တော့သော အချိန်၌ မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အရပ်သားများ၊ အတိုက်အခံများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုထားသော်လည်း စစ်တပ်က အာဏာ ဆုပ်ကိုင်ထားမှုကိုမူ ပြောင်းလဲပစ်နိုင်မည် မဟုတ်ကြောင်း သုံးသပ် ဝေဖန်သူများက ပြောသည်။

မြန်မာ စစ်အစိုးရကမူ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲများအား ဒီမိုကရေစီသို့ သွားရာလမ်းတွင် ခြေလှမ်း တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

Human Rights Watch မှ Kenneth Roth က ရွေးကောက်ပွဲသည် အလိမ်အညာသာ ဖြစ်လိမ့်မည်ဟု သတိပေး ပြောကြားခဲ့သည်။ "စစ်တပ်မှာ အရပ်သား အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အရာတွေကို ဖန်တီးပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ် အုပ်ချုပ်မှု အဓွန့်ရှည်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်မယ့် အရပ်သား အုပ်ချုပ်မှု ပုံစံနဲ့ ပြသလိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ရောက်လာမယ့် အရပ်သားများကိုမူ ချုပ်ကိုင်နိုင်တဲ့ အာဏာ အနည်းငယ်မျှ ပေးလိမ့်မယ် မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

စစ်တပ်၏ တင်းကြပ်စွာ ထိန်းချုပ်ထားမှု

Roth သည် John Hopkins တက္ကသိုလ်၏ School of Advanced International Studies မှ ကျင်းပသော မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုများ တစ်နေ့တာ ဆွေးနွေးပွဲတွင် ကြီးကြပ်သူ အဖြစ် ဆောင်ရွက်ခဲ့သည်။

မေးခွန်းများကို ဖြေကြားသူ Centre for Constitutional Democracy မှ David Williams က အရပ်သား အစိုးရ ဖြစ်ပေါ်လာသောအခါ စစ်တပ်သည် ပါလီမန်၏ ၂၅ % သော နေရာကို ရယူထားပြီး ဖြစ်သည့်အပြင် ကျန်သည့် ၇၅ % အပေါ် ဗီတိုအာဏာ ရှိသည်ဟု မှတ်သားမိသည်ဟု ဆိုပါသည်။ "ရွေးကောက်ပွဲ ကော်မရှင်ဟာ ကိုယ်စားလှယ် တစ်ဦးချင်းကို စိစစ်လျက် ရှိပါတယ်။ ဒါကြောင့် အစိုးရက လက်မခံတဲ့သူ ရွေးကောက်ပွဲ ၀င်လို့ မရနိုင်ပါဘူး"ဟု David က ပြောသည်။

ရွေးကောက်ပွဲ ပြီးလျှင် အစိုးရသည် စစ်တပ် ဖြစ်ချင်သည်များကို အခြေခံ ဥပဒေအရ လုပ်ပေးရ တော့မည် ဖြစ်ကြောင်း David က ဆိုသည်။

"ရွေးကောက်ပွဲ ပြီးသွားရင် ကျွန်တော် ထင်တယ်၊ မြန်မာ နိုင်ငံဟာ အခုလိုပဲ စစ်အာဏာရှင် နိုင်ငံ ဖြစ်နေဦးမှာပဲ။ စစ်တပ်ဟာ အခြေခံ ဥပေဒအရ အာဏာ ရှိနေမှာ ဖြစ်ပြီး သူလုပ်ချင်တာကို အရပ်သား အစိုးရက ဘာမှ စွက်ဖက်လို့ ရမှာ မဟုတ်ဘူး။ တစ်ခါ အရပ်သား အစိုးရကို မျက်စိနောက် လာရင်လည်း အရေးပေါ် အခြေအနေ ကြေညာပြီး အားလုံးကို အိမ်ပြန် ပို့ဦးမှာပါပဲ" ဟု David William က ပြောသည်။

ဒေသ ဆိုင်ရာများတွင် အတိုက်အခံ ကိုယ်စားပြုမှုများ

မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲ အပြီးတွင် စစ်တပ်သည် အကြွင်းမဲ့ အာဏာ ဆက်လက် ရှိနေဦးမည် ဆိုသည်ကို ယခု ကွန်ဖရင့်မှ မည်သူမျှ ယုံမှား သံသယ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဂျော့ခ်ျတောင်း တက္ကသိုလ်မှ David Steinberg က ပြောရာတွင် အရပ်သားများနှင့် အတိုက်အခံများကို ကိုယ်စား ပြုမှုကို ခွင့်ပြုခြင်းသည် အားနည်းသည် ဖြစ်စေ၊ လက်နက်ကိုင်များ၏ လက်အောက်ခံပင် ဖြစ်စေ၊ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သော စစ်တပ်အုပ်စိုးမှု၏ အဓိက ပြောင်းလဲမှုကြီးပင် ဖြစ်သည်ဟု ဆိုသည်။

"ဒေသဆိုင်ရာ လွှတ်တော်တွေမှာ အတိုက်အခံတွေ နေရာ ရလာခြင်းဟာ နှစ်ပေါင်း (၅၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါဟာ တကယ့်ကို အရေးကြီးပါတယ်။ သူတို့ဟာ အနည်းစု ဖြစ်ပါလိမ့်မယ်။ တကယ်ပါ။ သူတို့ဟာ ကန့်သတ် ချုပ်ချယ်ထားမှု အားလုံးကို ကန့်ကွက် ကြပါလိမ့်မယ် "ဟု Steinberg က ပြောသည်။

Steinberg သည် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံနှင့် မည်သို့ ညှိနှိုင်းသင့်ပုံနှင့် ပြောင်းလဲမှုအတွက် ထိရောက်သော ဖိအားပေးမှုများ မည်သို့ ပြုလုပ်နိုင်မည် ဆိုသည်ကို ယင်းစဉ်းစားထားမှု များအား ပြောကြားခဲ့သည်။ ယင်းက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို ဝေဖန်ရုံမျှဖြင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အစိုးရ ဆန့်ကျင်သူများ အပေါ် ညှင်းပန်းမှုများကို ဝေဖန်ရုံမျှဖြင့် လည်းကောင်း၊ ထိရောက်မှု မရှိသည်ကို ပြောကြားခဲ့သည်။ ပို၍ အလုပ်ဖြစ်စေမည့် အချက်မှာ စစ်တပ်၏ အပြုအမူများသည် အမျိုးသား စည်းလုံး ညီညွတ်ရေးကို မည်သို့ အားနည်းအောင် ပြုလုပ်လျက် ရှိသည် ဆိုသည်များကို ထောက်ပြရမည်ဟု ဆိုသည်။

စစ်အစိုးရ၏ ငွေကြေးကိစ္စများကို အာရုံပြုရန် တောင်းဆို

နိုဘယ်ဆုရ စီးပွားရေး ပညာရှင် Amartya Sen ကလည်း နိုင်ငံတကာ ခေါင်းဆောင်များနှင့် သံတမန်များက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တရားမျှတမှု မရှိပုံများကို စာရင်းရှည်ကြီး ပြုစု ပြောကြားနေမှုများ၏ ထိရောက်မှု ရှိမရှိကို မေးခွန်းထုတ်ခဲ့သည်။ "စကား ပြောဆိုရာတွင် မပေါက်ရောက်သည့် ကုလသမဂ္ဂ ကိုယ်စားလှယ်များက ကျွန်တော်တို့ကို မြန်မာ အစိုးရကတော့ သူတို့ရဲ့ ရက်စက် ကြမ်းကြုပ်မှုတွေကို ရုတ်သိမ်းတော့မယ်လို့ ကတိ ပေးထားတယ်လို့ လာပြောရုံနဲ့ မလုံလောက်တော့ပါဘူး။ ထိုနည်းတူပဲ အာဆီယံ ခေါင်းဆောင်များကလည်း မြန်မာ ခေါင်းဆောင်တွေကို နားမဆံ့အောင် ကန့်ကွက်စကားတွေ ပြောပြီး အောင်ပွဲ ခံရုံမျှဖြင့် မလုံလောက်တော့ပါဘူး။ လူသတ်သမား စစ်အစိုးရကတော့ အပြောခံရပေမယ့်လည်း ပျော်ပျော်ပဲ လုပ်ချင်ရာ ဆက်လုပ်နေ တုန်းပါပဲ"ဟု Steinberg က ပြောသည်။

Sen ၏ အဆိုအရ မြန်မာ နိုင်ငံအပေါ် အရေးယူမှုများသည် အုပ်စိုးသူများ၏ စီးပွားရေး အကျိုး စီးပွားကိုသာ ပစ်မှတ်ထားသင့်ပြီး၊ ပြည်သူလူထု ပင်ပန်း ဆင်းရဲအောင်မူ မလုပ်သင့်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ အာရှတိုက်သို့ လာမည့်လ အမေရိကန် သမ္မတ Barack Obama လာရောက်မည့် ခရီးစဉ်တွင် ဆွေးနွေးကြမည် ဖြစ်သည်။ Obama သည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် တောင်ကိုးရီးယားသို့လည်း ၀င်ရောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Gulf Times, 23rd October 2010

လာမည့်လ ရွေးကောက်ပွဲများ မတိုင်မီ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အကောင်အထည် ဖော်အောင် မြန်မာ နိုင်ငံကို ဖိအားပေးရန် အာဆီယံနှင့် ကုလသမဂ္ဂကို ဖိလစ်ပိုင် ဒီမိုကရေစီ လှုပ်ရှားသူများက မနေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၌ နိုဝင်ဘာ (၇) ရက်တွင် ပါတီစုံ ရွေးကောက်ပွဲများ ပြုလုပ်ရန် ၁၅ ရက်မျှသာ လိုတော့သည့် အချိန်တွင် အဆိုပါ မဲပေးပွဲ၌ ဒီမိုကရေစီ ပြည့်ဝမှု သုညအဆင့်ကိုသာ မြင်နေရသည်ဟု Free Burma Coalition Philippines အုပ်စုက စိုးရိမ်ကြီးစွာ ပြောကြားလိုက်သည်။

နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုများ ကြီးထွားလာသော်လည်း ရွေးကောက်ပွဲများ လွတ်လပ်၊ မျှတ၍ "သူတို့ (အာဆီယံနှင့် ကုလသမဂ္ဂ) အနေနဲ့ သူတို့ ပြောနေကျ သံတမန်ရေးနဲ့ တွေ့ဆုံ ညှိနှိုင်းမှု စကားလုံးတွေထက် ပိုပြီးတော့ လုပ်ပြသင့်ပါတယ်။ စစ်အစိုးရက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု လုပ်လာအောင် ဖိအားပေးဖို့ လိုအပ်တဲ့ အရာ အားလုံးကို လုပ်ကြရမှာပါ" ဟု ဒီမိုကရေစီ လှုပ်ရှားသူများက ဆိုသည်။

"အကျဉ်းထောင်ထဲမှာ ဒုက္ခ ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ လူ့အခွင့်အရေး အဆက်မပြတ် ညှဉ်းပန်း နှိပ်စက်မှုတွေ၊ စစ်တပ် ပစားပေး အခြေခံ ဥပဒေ စတဲ့ အချက်တွေကို ကြည့်ရင် စစ်ဖက် အစိုးရရဲ့ ဦးစားပေး ကိစ္စက သူတို့ အာဏာ တည်မြဲရေး ဖြစ်တယ်လို့ ယူဆဖို့ သိပ်မခက်ခဲပါဘူး" ဟု ၎င်းတို့က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံမှာ လူသားထု အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စစ်ဆေးမည့် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး တောင်းဆိုမှုများကို ထောက်ခံ အားပေးရန် အာဆီယံကို ၎င်းတို့က တိုက်တွန်းလိုက်သည်။

လာမည့် သီတင်းပတ်၌ ဗီယက်နမ်တွင် နှစ်ပတ်လည် ထိပ်သီး ညီလာခံ ကျင်းပရန် စီစဉ်နေကြသည့် အာဆီယံ ခေါင်းဆောင်များသည် ယင်းညီလာခံတွင် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ လွတ်လပ် မျှတ၍ အားလုံး ပါဝင်နိုင်ရေးကို တောင်းဆိုကြမည်ဟု မျှော်လင့်ရသည်။ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ အပြင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့လည်း အာဆီယံ အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 23rd October 2010

မြန်မာနိုင်ငံတွင် အယ်ဒီတာ ညီညီထွန်းအား ထောင်ဒဏ် (၁၃) နှစ် အပြစ်ပေး လိုက်ခြင်းအား သတင်းစာ ဆရာ အကာအကွယ် ပေးရေး အုပ်စုက စနေနေ့တွင် ရှုတ်ချလိုက်သည်။ မြန်မာ နိုင်ငံသည် တရုတ် နိုင်ငံ ပြီးလျှင် သတင်းစား ဆရာများအား ထောင်ချမှု အရေအတွက် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်။

အောက်တိုဘာလ (၁၃) ရက်နေ့က ရန်ကုန်ရှိ တရားရုံးတစ်ခုက ယခု ရပ်ဆိုင်းခံရသော ကန္တာရဝတီ သတင်းဂျာနယ် အယ်ဒီတာ ညီညီထွန်းအား နိုင်ငံတော်အပေါ် ပြစ်မှု ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် ထောင်ဒဏ် (၁၃) နှစ် အပြစ်ပေးခဲ့သည်။

"ညီညီထွန်း အပေါ် မမှန်မကန် ပြင်းပြင်းထန်ထန် အပြစ်ပေးမှုဟာ စစ်အစိုးရရဲ့ အသွင် ကူးပြောင်းရေးကို သုံးမရအောင် လုပ်တာပါပဲ" ဟု နယူးယောက် အခြေစိုက် သတင်းစာ ဆရာများ အကာအကွယ် ပေးရေး ကော်မတီ (CPJ) မှ အရှေ့တောင် အာရှ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin က ပြောသည်။

မြန်မာ အစိုးရသည် ယင်းတို့၏ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီသို့ လမ်းညွှန်မြေပုံ (၇) ချက်၏ အစိတ်အပိုင်း တစ်ခု အဖြစ် နိုဝင်ဘာ (၇) ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။

"ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ သတင်းစာ လွတ်လပ်ခွင့် လိုအပ်ပါတယ်။ ဒါပေမဲ့ သတင်းစာ ဆရာတွေကို ထောင်ချနေတဲ့ မြန်မာ အစိုးရက ဒါကို သဘော မပေါက်ပါဘူး။" ဟု Crispin က ဆိုသည်။

ညီညီထွန်းသည် ၂၀၀၉ ခုနှစ် အောက်တိုဘာ (၁၄) ရက်နေ့က အဖမ်းခံ ခဲ့ရပြီး တိုင်းပြည်အား ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ် လုပ်ဆောင်မှုဖြင့် စွဲချက် တင်ခံခဲ့ရသည်။ ယင်း၏ ကန္တာရဝတီ ဂျာနယ်သည်လည်း ပိတ်ခံလိုက်ရသည်။

CPJ သုတေသန ပြုမှုများ အရ မြန်မာနိုင်ငံတွင် ထောင်ထဲ၌ အနည်းဆုံး သတင်းစာ ဆရာ (၁၂) ဦး ရှိပြီး အာရှတွင် တရုတ်ပြီးနောက် သတင်းစာ ဆရာ ဖမ်းဆီးမှု အများဆုံး ဒုတိယ နေရာတွင် ရှိသော နိုင်ငံ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.newkerala.com, 22nd October 2010

ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး William Hague က မြန်မာနိုင်ငံမှ ကိုမြအေးနှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် လွတ်မြောက်ရေး အပေါ် ယင်း၏ ထောက်ခံမှုကို ကြာသပတေးနေ့က ထုတ်ဖော် ပြောကြားခဲ့ကြောင့် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဌာနက သတင်း ထုတ်ပြန်သည်။

တပ်မတော်က ရက်စက်စွာ ကြိတ်ခြေ ပစ်ခဲ့သော ၁၉၈၈ ခုနှစ်၊ ကျောင်းသားများ ဦးဆောင်သော အရေးတော်ပုံ အပြီး စစ်ဖက်က အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ အတွက် တိုက်ပွဲ ၀င်နေသော အဖွဲ့အစည်း ဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အုပ်စုမှ ခေါင်းဆောင်ပိုင်း အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုမြအေး၏ အမှုကို 'Hague' က ရည်ညွှန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုမြအေးသည် ၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် အုံကြွမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ၁၉၈၉ မှ ၁၉၉၆ အထိ ပြစ်ဒဏ် ကျခံခဲ့ရပြီး ယခု ဒုတိယ အကြိမ် ဖမ်းဆီးထားခြင်း ခံနေရသည်။

သံဃာတော်များ၏ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် ကိုမြအေး ပြန်လည် အဖမ်းခံရကာ ထောင်ဒဏ် ၆၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ကျန်းမာရေး ချို့ယွင်းနေသည် ဟုလည်း သတင်းများက ဆိုသည်။

"ကိုမြအေးနှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှာ အလွန်အကျွံ ဆိုးဝါးလှသည်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် မြန်မာ ပြည်သူတို့၏ လူ့အခွင့်အရေးကို လေးစားရန် စစ်ဖက် အစိုးရကို ကျွန်ုပ် တိုက်တွန်းသည်" ဟု Hague က ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို မြန်မာနိုင်ငံတွင် လက်ရှိ ဖမ်းဆီးထားပြီး ယင်းတို့ အများစုကို မိသားစုများနှင့် ဝေးရာ အကျဉ်းထောင်များတွင် ချုပ်နှောင် ထားသည်။ ထို့အပြင် တစ်ချို့ နိုင်ငံရေး သမားများ အပြစ်ပေးခံရသည့် နှစ်ရှည် ထောင်ဒဏ် ၆၅ နှစ်မှာ မကြုံဖူးသော တရား စီရင်မှုမျိုး ဖြစ်သည်။

Amnesty International က အထက်ပါ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ကမ္ဘာတလွှား ဦးဆောင် လှုပ်ရှားရာတွင် လူပေါင်း ၅၀၀၀ ခန့်၏ ထောက်ခံမှုကို စုဆောင်းလျက် ရှိရာ Hague၊ ဒုတိယ ၀န်ကြီးချုပ် Nick Cleqq နှင့် နိုင်ငံခြားရေးနှင့် ဓန သဟာယ ဌာန၀န်ကြီး Jeremy Browne တို့ ပါဝင်ကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.huffingtonpost.com, 21st October 2010

မြန်မာ နိုင်ငံတွင် လာမည့် သီတင်းပတ် သုံးပတ် မပြည့်တပြည့် အချိန်အတွင်း နှစ်ပေါင်း ၂၀ တွင် ပထမဆုံး လွှတ်တော် ရွေးကောက်ပွဲများကို ပြုလုပ်တော့မည် ဖြစ်သည်။ စိတ်မကောင်း စရာမှာ ရွေးကောက်ပွဲများကို နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြောက် တရားများဖြင့် နောက်ပြန် ဆွဲချမည့် လောင်းရိပ် မိုးနေခြင်း ဖြစ်သည်။

မြန်မာ လူဦးရေ သန်း ၅၀ အနက် အများစုမှာ ဆင်းရဲတွင်း နက်ကာ လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကို ခံစားနေရသည်။ အစိုးရနှင့် ဆန့်ကျင်သည့် သဘောထားကို ထုတ်ဖော်သူများမှာ အနှောင့်အယှက် ပေးခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်း၊ တစ်ခါတစ်ရံ သေဒဏ် ချမှတ်ခြင်း စသည်တို့နှင့် ရင်ဆိုင်နေရသည်။

ထို့အပြင် ယခု အချိန်အထိ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာလည်း ၂၂၀၀ ကျော်ပြီ ဖြစ်သည်။

၁၉၉၀ ခုနှစ် နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီက အနိုင် ရရှိခဲ့သော်လည်း ဒီမိုကရေစီ မလိုလားသော စစ်ဖက် အုပ်ချုပ် သူများက ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် မပြုဘဲ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စကြောင့် ထိုအချိန် မှစ၍ စစ်ဖက် အစိုးရကို ပြည်တွင်းရော ပြည်ပကပါ ယုံကြည်ခြင်း အလျဉ်း မရှိတော့ပါ။

ယခု လာမည့် ရွေးကောက်ပွဲများသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲများ၏ အရိပ်မည်းကို အစားထိုးရန် အခွင့်အလမ်း ရှိနေသည်။ သို့သော်လည်း နိုင်ငံရေး ပါတီများမှာ လုံခြုံရေး တရားဥပဒေ စည်းကမ်းများနှင့် နိုင်ငံ တည်ငြိမ်မှုကို အန္တရာယ် ရှိနိုင်သည့် မဲဆွယ် စည်းရုံး လှုပ်ရှားမှုများ မပြုလုပ်ရန် တားဆီး ခံနေရသောကြောင့် ရွေးကောက်ပွဲ သစ်များ၏ သိက္ခာ အရည်အသွေးမှာ စွန်းပေနေခဲ့ပြီး ဖြစ်သည်။ ယင်းဥပဒေသည် ငြိမ်းချမ်းသော နိုင်ငံရေး လှုပ်ရှားမှုများကို ရာဇ၀တ်မှုဖြင့် အရေးယူရန် ခွင့်ပြု ထားသည့် အတွက် အဓိပ္ပာယ်များစွာ ကျယ်ပြန့်လွန်းနေသည်။

ငြိမ်းချမ်းစွာ နိုင်ငံရေး အမြင် ကွဲလွဲမှုကို ဖိနှိပ်ရန်အတွက် လက်ရှိ အစိုးရကေ၀၀ါးသည့် စကားလုံးများ ပါဝင်သော လုံခြုံရေး ဥပဒေများကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ ရွေးကောက်ပွဲများ နီးကပ်လာသည် နှင့်အမျှ နိုင်ငံရေး လှုပ်ရှားသူများ အထူးသဖြင့် တိုင်းရင်းသား အုပ်စုများနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော NLD ပါတီဝင်များ အပေါ် ဖိနှိပ် ချုပ်ချယ်မှုများ တိုးမြင့်လာမည်ကို စိုးရိမ် ပူပန်လျက် ရှိနေကြသည်။

မြန်မာ အစိုးရ အနေဖြင့် နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ အပေါ် ဖိနှိပ် ချုပ်ချယ်မှုများကို ရပ်ဆိုင်းသင့်နေပြီ ဖြစ်ပြီး မြန်မာ ပြည်သူ ပြည်သားများ အားလည်း ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အလွန်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်၊ အသင်း ဖွဲ့စည်းခွင့် စသော အခွင့်အရေးများကို ခံစားခွင့် ပေးရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 21st October 2010

အာဆီယံ ခေါင်းဆောင်များသည် လာမည့် အပတ် ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအား အားလုံး ပါဝင်ရန်၊ လွတ်လပ်၍ တရားမျှတရန် တောင်းဆို လိမ့်မည်ဟု ကြာသပတေးနေ့က သတင်း ကြေညာချက် မူကြမ်းတွင် ပြောသည်။

အာဆီယံ နိုင်ငံများမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အိမ်နီးချင်း ခြောက်နိုင်ငံမှ ခေါင်းဆောင်များသည် ဗီယက်နမ် နိုင်ငံ မြို့တော်တွင် အောက်တိုဘာလ (၃၀) ရက်နေ့တွင် တွေ့ဆုံကြမည် ဖြစ်သည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် နှစ် (၂၀) အတွင်း ပထမဆုံး အကြိမ် ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်ပြီး၊ ဝေဖန် သုံးသပ်သူများက စစ်တပ် အုပ်ချုပ်မှု အမြစ် တွယ်ရေး အတွက် လိမ်ညာမည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။

"ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် စည်းလုံးရေးကို အလေးထား ပြောကြားလိုပြီး၊ ရွေးကောက်ပွဲကိုလည်း အားလုံး ပါဝင်ပြီး လွတ်လပ်၍ တရား မျှတစေလိုပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ ပြုမည် ဖြစ်သည်" ဟု အရှေ့အာရှ ထိပ်သီး အစည်းအဝေး ဥက္ကဋ္ဌ၏ သတင်း ထုတ်ပြန်ချက် မူကြမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီး ရက်များ မကြာမီ အကျယ်ချုပ် ပြီးဆုံးမည်ဟု မျှော်လင့်ရသည်။ သူမသည် ရွေးကောက်ပွဲတွင် ပါဝင်လိမ့်မည် မဟုတ်ပါ။

အနောက်နိုင်ငံ အစိုးရများနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ဒေါ်အောင်ဆန်းစုကြည်နှင့်  အခြား အတိုက်အခံများကို လွှတ်ပေးခြင်း မရှိလျှင် ရွေးကောက်ပွဲသည် အများ လက်ခံဖွယ် မရှိကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.