Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ရက်သတ္တ တစ်ပတ်ခန့် အကြာတွင် ဖိလစ်ပိုင် သမ္မတ Benigno Aquino က တယ်လီဖုန်းဖြင့် ဆက်သွယ် စကား ပြောဆိုခဲ့ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဖိလစ်ပိုင် သမ္မတတို့ တယ်လီဖုန်းဖြင့် ပြောဆို ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများကို မကြာမီ ကာလတွင် ထုတ်ပြန် ကြေညာမည် ဖြစ်သည်ဟု ပြောရေးဆိုခွင့် ရှိသူ မစ္စတာ Ricky Carandang က ပြောကြားသည်။

ဖိလစ်ပိုင် နိုင်ငံသည် အရှေ့တောင် အာရှ နိုင်ငံများထဲတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုမှု အများဆုံး ပြုလုပ်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ အာဆီယံ နိုင်ငံများသည် အဖွဲ့ဝင် နိုင်ငံ တစ်ခုခု၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒ ကျင့်သုံးသော်လည်း ဖိလစ်ပိုင် နိုင်ငံက အခြား နိုင်ငံများနှင့် မတူဘဲ မြန်မာ့ အရေးကို ပြင်းပြင်းထန်ထန် ပြောဆို ဝေဖန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်မှုကို ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး မြန်မာ အစိုးရ အနေဖြင့် ဒီမိုကရေစီ ဆက်လက် ဖော်ဆောင်ရန် ပိုမို ထိရောက်မှု ရှိသော အဆင့်သို့ ရှေ့ဆက် သွားရန် လိုအပ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်နိုင်ပါက မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲသည် လုံးလုံးလျားလျား ရယ်စရာ ကောင်းသည့် ဖြစ်ရပ် တစ်ခုသာ ဖြစ်လာ လိမ့်မည်ဟု ဖိလစ်ပိုင် အစိုးရက ပြီးခဲ့သည့် မတ်လတွင် ဟောကိန်းထုတ် ပြောဆိုခဲ့သေးသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၂၀၀၃ ခုနှစ် ကတည်းက နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွှတ်ပေး လိုက်မှုသည် မြန်မာ နိုင်ငံတွင်း လွတ်လပ်မှုနှင့် ပွင့်လင်းမှုတို့ ပေါ်ထွန်းရေး အတွက် ခြေလှမ်းငယ် တစ်ခု အဖြစ် သတ်မှတ် ရှုမြင်ကြသည်။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၁၉၉၀ ပြည့်နှစ် ကတည်းက တင်းမာလှသော စစ်အုပ်ချုပ်ရေး စနစ်ဖြင့် မြန်မာ နိုင်ငံကို အုပ်ချုပ်လာသော မြန်မာ စစ်အစိုးရသည် မကြာသေးခင် ကာလ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဒီမိုကရေစီ ရွေးကောက်ပွဲကြီး တစ်ရပ်ကို ပထမဆုံး ကျင်းပပေးခဲ့သည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေး စနစ် သက်ဆိုး ရှည်ရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်ဗိုလ်ချုပ်ကြီးများက နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးရန် အမိန့် ပေးလိုက်ခြင်းမှာ ရွေးကောက်ပွဲသည် ၎င်းတို့ စိတ်တိုင်းကျ ပုံစံ ဖြစ်ခဲ့သည်ဟု ခံစား မိသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သလို ဒေါ်အောင်ဆန်း စုကြည်သည် ၎င်းတို့၏ အာဏာကို အဓိက ခြိမ်းခြောက်နိုင်သူ တစ်ယောက် မဟုတ်ဟု ရှုမြင် သောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ယခုလို ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ခွင့် ပြုလိုက်ခြင်းသည် စစ်ဗိုလ်ချုပ်ကြီးများ နိုင်ငံရေးတွင် တွက်ချက်မှု မှားယွင်းခဲ့ပြီး သူတို့၏ သြဇာ အာဏာကို ပိုမို အန္တရာယ် ပြုနိုင်သည့် အခြေအနေ တစ်ရပ်ကို ဖန်တီး ပေးလိုက်ရာ ရောက်သည် ဟုလည်း ဆိုနိုင်သည်။

၁၉၄၆ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသော မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ကာလ ကြာရှည်စွာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသော်လည်း ယနေ့ အချိန်အထိ မြန်မာနိုင်ငံတွင် လူကြိုက်များ ရေပန်းစားလျက် ရှိနေသေးသလို ပြည်သူ လူထု အပေါ်တွင်လည်း ပြောဆို သိမ်းသွင်း နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ အနေဖြင့် ကာလ ကြာရှည်စွာ တိုက်ပွဲဝင်ခဲ့ရသော မြန်မာ နိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးနှင့် လွတ်လပ်မှုများ ပိုမို ပေါ်ထွန်းရေးတို့ကို ဆက်လက် အကောင်အထည် ဖော်နိုင်ရန် အသေအချာ အစီအစဉ် ရေးဆွဲခဲ့ဖွယ် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲအပြတ် အသတ်ဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက NLD အား အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိသလို သူမကိုလည်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်ဆီး ထိန်းသိမ်းခဲ့ကြသည်။ နှစ်အနည်းငယ် အကြာတွင် ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် နောက်ထပ် တစ်ဖန် ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြန်သည်။

မကြာသေးခင်က ကျင်းပ ပြီးစီးသွားသော နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စစ်ခေါင်းဆောင်ကြီးများ စစ်ဘက် ရာထူးမှ အငြိမ်းစား ယူပြီး အရပ်သား အသွင်ဖြင့် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမှု ခံထားရသည့် နိုင်ငံရေး ပါတီသို့ ဝင်ရောက်ခဲ့ကြသည်။ စစ်တပ်အပေါ် ၎င်းတို့၏ သစ္စာ စောင့်သိမှုမှာ အပြောင်းအလဲ မရှိပေ။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပေ။ အကြောင်းမှာ စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများအရ ပြစ်ဒဏ် ကျခံထားရသူများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် NLD ပါတီက ရွေးကောက်ပွဲသို့ ဝင်ရောက် မယှဉ်ပြိုင်ရန် ဆုံးဖြတ်ပြီး သပိတ် မှောက်လိုက်သည်။

သို့သော် အချို့သော ဒီမိုကရေစီ လိုလားသူများက NLD ပါတီမှ ခွဲထွက်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲသည် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လွတ်လပ် မျှတမှုများ ပေါ်ထွန်းရေးအတွက် လမ်းကြောင်း တစ်ခု ဖြစ်မည် ဟူသော အမှတ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် ပိုမို ရှုပ်ထွေးလာသော မြန်မာ့ နိုင်ငံရေး ပတ်ဝန်းကျင်တွင် မိမိ၏ အနေအထားကို အကဲဖြတ် ချင့်ချိန်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမအား ထောက်ခံ အားပေးသူ အချို့ဖြင့် စည်းဝိုင်း ခတ်ရန် လိုအပ်လာပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သူများ အားလုံး၏ အဆိုအရ သူမအား စစ်အစိုးရက နေအိမ် အကျယ်ချုပ်မှ ခြွင်းချက်မရှိ လွှတ်ပေး လိုက်ခြင်း ဖြစ်သည်။ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တစ်နေ့တွင် NLD ရုံးချုပ်ရှိရာနေရာမှ သူမအား ထောက်ခံ အားပေးသူ ထောင်ပေါင်း များစွာကို မိန့်ခွန်း ပြောကြားသည်။ သို့သော် မိန့်ခွန်းထဲတွင် အစိုးရနှင့် ထိပ်တိုက် တွေ့မည့် စကားမျိုး ထည့်သွင်း ပြောဆိုမှု မရှိပေ။ စစ်အစိုးရ ခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ ဆွေးနွေးမှုများ ပြုလုပ် လိုသည်ဟုပင် ပြောဆိုခဲ့သေးသည်။

အနောက် နိုင်ငံများ အနေဖြင့် ယခု အချိန်တွင် လုပ်ပေးနိုင်သည့် အချက်မှာ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်း စုကြည် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရစဉ်က သတ်မှတ် ပြဌာန်းခဲ့သော စီးပွားရေး ပိတ်ဆို့မှု မူဝါဒများ ဖယ်ရှားပေးရေးပင် ဖြစ်ပါလိမ့်မည်။

အမှန်အတိုင်း ပြောပါက စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ပိုမို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင် ပေးနေသကဲ့သို့ ရှိသည်။ စီးပွာရေး ပိတ်ဆို့မှုများအား စစ်အစိုးရ ခေါင်းဆောင်များ အပေါ် ပစ်မှတ် ထားခဲ့သည့်တိုင် အမှန်တကယ် ထိခိုက်ခဲ့သည်မှာ မြန်မာ ပြည်သူများသာ ဖြစ်သည်။

ပို၍ ကံဆိုးသလို ဖြစ်ခဲ့ရသည့် အချက်မှာ စီးပွားရေး ပိတ်ဆို့မှုများသည် စစ်ဗိုလ်ချုပ်ကြီးများ အတွက် ပြစ်ဒဏ် မဟုတ်ဘဲ ဆုလာဘ် တစ်ခုသဖွယ် ဖြစ်သွားခဲ့ရသည့် အချက်ပင် ဖြစ်သည်။ နယ်စပ် ဖြတ်ကျော် စီးပွားရေး လုပ်ဆောင်ချက်များ ဟူသည် ဖိနှိပ် ချုပ်ခြယ်မှုများ ရှိသည့် နိုင်ငံများတွင် လွတ်လပ်မှုကို ဆောင်ကြဉ်း ပေးနိုင်သည့် သဘောမျိုး ဖြစ်သည်။ ယခုအချိန်တွင် ကြိုတင် ဟောကိန်း ထုတ်၍ ရသော အချိန်ဇယားမျိုး မရှိသေးသည့်တိုင် နောက်ဆုံးတွင် အဆိုပါ အယူအဆကို လက်ခံ ကျင့်သုံးလာရဖွယ် ရှိသည်။

Odessa American Online မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, By Jo Biddle, 20th November 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု၏ မြန်မာ နိုင်ငံအပေါ် ဆက်ဆံရေး မူဝါဒသစ်ကို ကြိုဆိုလိုက်ပြီး အရှိ တရားထက် ပို၍ အပေါင်း လက္ခဏာ ဆောင်သော ရှုမြင်မှုများ အတွက် သတိပေးထားခဲ့ပြီး၊ တိုင်းပြည်တွင် လူ့အခွင့်အရေး ကိစ္စများနှင့် စီးပွားရေး တိုးတက်မှုများ လိုအပ်လျက် ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

"လူအများကြီး ရှိတယ်။ သူတို့က ပြောကြတယ်။ အခု အမေရိကန်က စစ်အစိုးရနဲ့ ဆက်ဆံဖို့ ဆုံးဖြတ် လိုက်ပြီလို့ ပြောတယ်။ သူတို့က ကျွန်မတို့ အပေါ် တာဝန်တွေ ပုံချခဲ့ကြတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက် လာပြီးနောက် CNN သို့ ပြောကြားခဲ့သည်။

"ကျွန်မက အဲ့ဒီလို မဖြစ်စေချင်ပါဘူး။ ဆက်ဆံရေး ပြုလုပ်တာ ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်" ဟု သူမက မှတ်ချက် ပြုသည်ကို သောကြာနေ့က US  television network က လွှင့်ထုတ်ခဲ့သည်။

"သူတို့ ဆက်ဆံရေးမှာ အရှိ တရားထက် ကျော်လွန်ပြီး အကောင်း မြင်ပြီး ဆက်ဆံတာ မဖြစ်စေလိုပါဘူး။ သူတို့ကို လက်တွေ့ ကျစေလိုပါတယ်" ဟု သူမက သတိပေးသည်။

အမေရိကန်၏ မြန်မာ နိုင်ငံကို အထီးကျန် ပစ်ထားရေး ဝါဒသည် မည်သည့် ရလဒ်မျှ ဆောင်ကြဉ်း နိုင်ခြင်း မရှိတော့သည့် အတွက် ယမန်နှစ်က Obama အစိုးရသည် မြန်မာ နိုင်ငံနှင့် ဆက်ဆံရေး ပြုလုပ်ရန် အစ ပြုခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိသူများ အနေဖြင့် မြန်မာ နိုင်ငံ၏ အမှန်တကယ် ဖြစ်ပျက် နေမှုများကို ထင်ယောင် ထင်မှား ဖြစ်မနေသင့်ကြောင်း သူမက ပြောကြားခဲ့သည်။

ဝါရှင်တန် အနေဖြင့် မြန်မာ နိုင်ငံတွင် အမှန်တကယ် ဖြစ်ပျက် နေသည်များ အပေါ် အသင့် အနေအထားဖြင့် မျက်ခြေမပြတ် ကြည့်နေသင့်ပြီး၊ ဆက်ဆံရေးသည် မည်သည့် နေရာကို ရောက်နေသနည်း။ အမှန်တကယ် ပြောင်းလဲရန် လိုအပ်သည်များ ဆောင်ယူနိုင်ခြင်း ရှိမရှိ စောင့်ကြည့် သင့်သည်ဟု သူမက ဆိုသည်။

"ကျွန်မ ထင်တယ်။ မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ကိစ္စကို အခုထက် ပိုပြီး အလေးထား စေလိုတယ်။ စီးပွားရေး တိုးတက်မှုလည်း ရှိစေလိုပါတယ်။ ဒါပေမယ့် တာဝန်ရှိမှုနဲ့ ပြန်လည် ထိန်းကျောင်း ထားရမှာ ဖြစ်ပါတယ်" ဟု သူမက ဖြည့်စွက် ပြောသည်။

မြန်မာ နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုကို အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ဦးဆောင်ပြီး၊ ယခုအထိ ရလဒ်မှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တစ်ဦးက သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ရက်များ အတွင်းက ဒေါ်အောင်ဆန်းစုကြည် ထံသို့ စာတစ်စောင် ပေးပို့ ခဲ့သည်ဟု ဆိုခဲ့ပြီး၊ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ကောင်း ဆက်သွယ်လိမ့်မည်ဟု ဆိုသည်။

"မြန်မာ နိုင်ငံမှာ အပြောင်းအလဲ လုပ်ပေးဖို့တော့ လိုမယ်ဆိုတဲ့ ခိုင်မာ အားကောင်းတဲ့ မက်ဆေ့ခ်ျမျိုး လိုအပ်တယ်လို့ ကျွန်တော် ယုံတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Phillip Crowley က ဆိုသည်။

၎င်းက အလေးပေး ပြောကြားရာတွင် ဝါရှင်တန် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် ၎င်းပါတီအား ပြန်လည် စုစည်းခြင်းနှင့် သူမ၏ အကြံပေးများဖြင့် တွေ့ဆုံခြင်းများ အတွက် လုံခြုံမှု ရှိစေရေး အတွက် မြန်မာ အစိုးရက အာမခံရန် ပြုလုပ် ပေးရေး အတွက် အထူး တာဝန် ယူရပေမည်ဟု ဆိုသည်။

"နောက်ဆုံးတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲ လုပ်ပေးရမှာ ပါပဲ။ ပိုမို ကျယ်ပြန့်တဲ့ နိုင်ငံရေး ကွက်လပ်တွေ ရှိရပါမယ်။ တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပာယ် ရှိတဲ့ ဆွေးနွေးမှုတွေ ရှိရမယ်။ ဒါသည်သာ မြန်မာနိုင်ငံ အတွက် အစွန့်ပစ်ခံ ဘဝက လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်" ဟု Crowley က ပြောသည်။

အမေရိကန် အစိုးရသည် မြန်မာ အာဏာပိုင်များအား နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်အား လွှတ်ပေးရန် ထပ်မံ တောင်းဆိုခဲ့သည်။

CNN က ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံ ဖမ်းဆီးခံရမည်ကို မကြောက်ရွံ့ ဘူးလားဟု မေးမြန်းခဲ့ရာ သူမက ပြောကြားရာတွင် "လူတိုင်းကလည်း ကျွန်မကို အဲဒီ မေးခွန်းပဲ မေးပါတယ်။ ကျွန်မ ပြောနိုင် တာကတော့ မသိပါဘူးလို့ ပြောရမှာပဲ။ အမြဲတမ်း ဖြစ်နိုင်ခြေတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ခဏ ခဏ ဖမ်းခဲ့ပြီး ပြီလေ" ဟုပြောသည်။

"သူတို့ ကျွန်မကို ထပ်မဖမ်း တော့ဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒါကို ဘယ်သူမှ အမြဲတမ်း မစဉ်းစားနိုင်ပါဘူး၊ ကိုယ့်အလုပ်ကိုပဲ အာရုံပြု နေကြရတာကိုး" ဟု သူမက ပြောသည်။

CNN က ပြောကြားရာတွင် ရွေးကောက်ပွဲ ကာလ အတွင်း အစိုးရက မြန်မာ နိုင်ငံသို့ တရားဝင် လာရောက်ခွင့် မပေးသော်လည်း ၎င်း၏ သတင်းထောက်သည် မြန်မာ နိုင်ငံတွင် (၁၆) ရက်ခန့် ပုန်းလျှိုး ကွယ်လျှိုး ဖြင့် နေထိုင်ခဲ့ရသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံထားသော ဓါတ်ပုံများကို CNN သတင်းထောက် ဘန်ကောက်သို့ ပြန်ရောက်ပြီး သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

သူမသည် လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီး အဖြစ် သူမ၏ နောက်လိုက် နောက်ပါများ၏ လှပသော အနာဂတ်အတွက် မျှော်လင့်ချက်များကို ထမ်းပိုးထားရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရုန်းကန် လှုပ်ရှားမှုများတွင် ကိုယ်ရေး လှုပ်ရှားမှုများတွင် ကိုယ်ရေး ကိုယ်တာများ တန်ဖိုး ကြီးကြီး ပေးဆပ်ခဲ့ရသည်။ သူမ၏ ဗြိတိသျှ လူမျိုး အမျိုးသားမှာ ၁၉၉၉ တွင် ကွယ်လွန်ခဲ့ပြီး၊ ၎င်းကင်ဆာ ရောဂါ ခံစားနေရချိန်တွင် သူမအား လာရောက် တွေ့ဆုံရန် အစိုးရက ငြင်းပယ်ခဲ့သည်။ သူမသည် ယခု အထိ သူမ၏ မြေးများကို တွေ့ဖူးခြင်း မရှိသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 20th November 2010

ကုလ သမဂ္ဂ နျူကလီယာ ဆိုင်ရာ အရာရှိဟောင်း တစ်ဦးက စစ်ဖက် အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် အနုမြူဗုံး ထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပြီး ရရှိထားသမျှ အထောက် အထားများ စွပ်စွဲမှုကို အခိုင်အမာ အထောက် အကူ ပြုနိုင်ခြင်း မရှိဟု ပြောဆိုခဲ့သည်။

"အရှိန် ရနေတဲ့ နျူကလီယာ လက်နက် အစီအစဉ် တစ်ခုနဲ့ မတူပါဘူး" ဟု ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့် လေ့လာရေး အဖွဲ့၏ ကမ္ဘာတလွှား စစ်ဆေးမှုများ၏ အကြီးအကဲ အဖြစ်မှ သြဂုတ်လတွင် အနား ယူခဲ့သူ Olli  Heinonen က ပြောကြားခဲ့သည်။

"ဘာအထောက် အထားမှ မရှိပါဘူး၊ ဘာလုပ်နေသလဲ ဆိုတာကို ကောင်းကောင်း သိနိုင်တဲ့ အချက်အလက်တွေပါ" ဟု ယခုအခါ ဟားဗတ် တက္ကသိုလ်မှ ပညာရှင် ဖြစ်နေသူ Heinonen ရိုက်တာ သတင်း ဌာနသို့ သောကြာနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေသော လျှို့ဝှက် အစီအစဉ် ရှိနေကြောင်း နော်ဝေး အခြေစိုက် ပြည်ပရောက် အဖွဲ့အစည်းက ဇွန်လတွင် ပြောကြားခဲ့ပြီးနောက်  အဆိုပါ နိုင်ငံမှ ထွက်ပြေးလာသော တပ်ပြေး အရာရှိများ၏ အလားတူ စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့သည်။

Heinonen ယခု ယခင်က အလုပ် လုပ်ခဲ့သည့် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA က အစီရင်ခံစာများကို လေ့လာနေသည်ဟု ထိုစဉ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် နျူကလီယာ မပြန့်ပွားရေး စာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို၊ ဗီယင်နာ အခြေစိုက် ကုလသမဂ္ဂ IAEA တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။

 မြန်မာနိုင်ငံက ၎င်းစွပ်စွဲချက်များသည် အခြေ အမြစ် မရှိကြောင်းနှင့် ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်သည့် လုပ်ငန်းများသာ ဖြစ်ကြောင်း စက်တင်ဘာလတွင် IAEA သို့ ပြောကြားခဲ့သည်။

 ဆင်းရဲ မွဲတေလျက် ရှိသော အပယ်ခံ မြန်မာနိုင်ငံသည် အနောက် နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများ အောက်တွင် အနှစ် ၂၀ ခန့် ကျရောက်နေခဲ့ပြီ ယခု နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားလာမှုကြောင့် ဒေသတွင်း လက်နက် အပြိုင် တပ်ဆင်မှုကို ဖြစ်ပွားစေနိုင်သည်ဟု လေ့လာသူများက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြောက်ကိုးရီးယားက မြန်မာနိုင်ငံသို့ နျူကလီယာ နည်းပညာ လွှဲပြောင်းပေးနိုင်မှု အလားအလာ အပေါ် စိုးရိမ် ပူပန်မိကြောင်း၊ ယခင်နှစ်က ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ မြောက်ကိုးရီးယားသည် နျူကလီယာ မပြန့်ပွားရေး NPT စာချုပ်မှ နုတ်ထွက်ကာ နျူကလီယာ လက်နက် ၂ ကြိမ် စမ်းသပ်ခဲ့သော နိုင်ငံ ဖြစ်သည်။

ခက်ခဲ နက်နဲသော ကိရိယာ

မြန်မာ နိုင်ငံ အနေဖြင့် ၎င်းနိုင်ငံတွင်း လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် ကုလသမဂ္ဂ အေဂျင်စီ၏ ကူညီမှုကို ခွင့်ပြုသင့်သည်ဟု Heinonen က ပြောကြားလိုက်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ဝယ်ယူခဲ့သော တန်ဖိုးကြီး အဆင့်မြင့် ကိရိယာများနှင့် ပတ်သက်သည့် ပဟေဠိ ကိစ္စ အချို့ ရှိနေသည်ဟု ပြောဆိုခဲ့သည်။

ဥပမာ အားဖြင့် ယူရေနီယံ သန့်စင်မှု အစီအစဉ် လုပ်ဆောင်ရန် ရည်ရွယ်သည် ဆိုပါက လက်နက် ထုတ်လုပ်မည့် သဘောပင် ဖြစ်နေသည်ဟု ၎င်းက ပြောကြားသည်။

သန့်စင်ပြီး ယူရေနီယံကို ဓါတ်အားပေး စက်ရုံ လောင်စာ အဖြစ် အသုံးပြု နိုင်သလို ထပ်မံ သန့်စင်လိုက်ပါက နျူကလီယာ လက်နက် ထုတ်လုပ်ပေးနိုင်သော ပစ္စည်း ဖြစ်သွားသည်။

"ဒီကိစ္စအတွက် ဒီလို ကိရိယာမျိုး မလိုအပ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ပြီး ဤအစား သမားရိုးကျ စစ်ဖက် ဆိုင်ရာ ရည်ရွယ်ချက် ရှိနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

သို့သော်လည်း အဆိုပါ ကိရိယာ ဝယ်ယူမှုတွင် ပါဝင် ပတ်သက်ခဲ့သူမှာ ဆေးပညာ အိုင်ဆိုတုပ်များ ထုတ်လုပ်ရာတွင် အသုံးပြုမည့် နျူကလီယာ သုတေသန ဓါတ်ပေါင်းဖို တည်ဆောက်ရန် စီစဉ်နေသည်ဟု ဆိုသော မြန်မာနိုင်ငံမှ အနုမြူ စွမ်းအင် အစီအစဉ်၏ အကြီးအကဲ ဖြစ်သည်ဟု  Heinonen က ဆက်လက် ပြောဆိုသည်။

"ဘာကြောင့် ဒီလိုမျိုး ကိရိယာကို ဝယ်ရသလဲလို့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ၎င်းတို့ နိုင်ငံသည် ရုရှား နျူကလီယာ နည်းပညာကို ရရှိရန် ကြိုးစားနေသော်လည်း အရပ်ဖက် စွမ်းအင်အတွက် အသုံးပြုရန်သာ ဖြစ်သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကို ၂၀၀၉ ခုနှစ်တွင် ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် ၎င်း၏ မြေကြီးထဲတွင် ယူရေနီယံ ရှိနေသော်လည်း ပြည်ပသို့ တင်ပို့ရန် ဖြစ်စေ၊ သန့်စင်မှု ပြုလုပ်ရန် ဖြစ်စေ၊ အရာရာကို IAEA  ထံ အစီရင်ခံ တင်ပြရန် လိုအပ်သည်ဟု Heinonen က ပြောကြားသည်။

 နော်ဝေး အခြေစိုက် မြန်မာ အစိုးရ ဆန့်ကျင်ရေး အဖွဲ့က "မြန်မာအစိုးရ နျူကလီယာ လက်နက် ထုတ်လုပ်ရန် ကြိုးစားနေကြောင်း ရည်ညွှန်းသည့် အထောက်အထားများကို မိမိ ရရှိထားသည်" ဟု ဇွန်လတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

နော်ဝေ အခြေစိုက် DVB သတင်းဌာန၏ ၅ နှစ်ကြာ စုံစမ်းမှု အရ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလှမ်း ဝေးနေသေးသော်လည်း နည်းပညာနှင့် ကျွမ်းကျင်မှုများ ရရှိနိုင်ရန် အတော် အတန် ခရီးရောက်ခဲ့ပြီဟု သုံးသပ်ထားသည်။

ယခင် IAEA  ဒါရိုက်တာ ပူးတွဲ ရေးသားခဲ့သော DVB ၏ အစီရင်ခံစာသည် အဖျက် စွမ်းအားကြီး လက်နက်များ ထုတ်လုပ်ရန် တည်ဆောက်နေသော စက်ရုံတွင် တာဝန် ထမ်းဆောင်ပြီး ထွက်ပြေးလာသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ပေးသော အထောက် အထားများကို ကိုးကား ထားခြင်း ဖြစ်သည်။

"မြန်မာ နိုင်ငံ အတွက် ဆက်လက် လုပ်ဆောင်ရမယ့် အကောင်းဆုံး နည်းလမ်းကတော့ သူတို့ နိုင်ငံထဲကို လာရောက် စစ်ဆေးဖို့ IAEA ကို ဖိတ်ခေါ်တာ ပါပဲ၊ ဒါမှသာ ကောင်းစွာ နားလည် သဘော ပေါက်မှုကို ရနိုင်မှာပါ" ဟု Heinonen က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.newstime.co.za, 19th November 2010

"ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရရင် မယုံနိုင် လောက်အောင်ပါပဲ။ နေရာ တစ်ခုဟာ ဆယ်စုနှစ် များစွာ ကြာပြီးတဲ့နောက် မပြောင်းလဲဘူး၊ ဒါမှမဟုတ် အရင်ထက် ပိုဆိုး သွားတယ်လို့ ဆိုရင် ကြည့်ရမှာ ရှက်ဖို့တောင် ကောင်းသေးတယ်…."

တစ်စစီ ပျက်စီးနေပြီး လျစ်လျူရှု ခံထားရသော မြို့တော်အား ကြည့်ရသည်မှာ ထူးဆန်း နေသေးတော့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ စစ်အာဏာရှင် လက်အောက်တွင် မြို့ကြီးသည် ခြောက်ကပ်သွားပြီး မတရား အုပ်ချုပ်ခံနေရပြီး၊ အကူအညီ ကင်းမဲ့လျက် ရှိပါသည်။ နေရာ တကာတွင် စစ်သားများကို တွေ့နေရသည်။ ညစ်ပတ် စိတ်ညစ်ဖွယ် ကောင်းသော နောက်ဖေး လမ်းကြားတွင်ပင် စစ်သားများ ရှိနေသည်။ လူငယ် ဖြစ်သည့် အတွက် အခွင့်အရေး ပိုမရပေ။ အင်အားများ ပြည့်နေသည့် လူငယ်များကို သုံးစရာ နေရာ မရှိပေ။  ဦးနှောက် ကောင်း၍ စဉ်းစားလျှင် စိတ်ပျက်ဖွယ်သာ တွေးမိမည်။ စစ်ထောက်လှမ်းရေး၏ ပစ်မှတ်များသာ ဖြစ်ကြရသည်။ အစိုးရက ကျောင်းသားများနှင့် သတင်းစာ ဆရာများကို အမုန်းဆုံး ဖြစ်ပြီး ချေမှုန်းလေ့ ရှိသည်။ ထို့အတူပင် ရွေးကောက်ပွဲ နိုင်ခဲ့သော ဒီမိုကရက် များကိုလည်း စစ်တပ်က ထောင်ထဲ ပို့ထားသည်။ အဆုံးစွန် အကြောက် တရားများနှင့် အုပ်စိုးမှု အောက်တွင် အဆုံးစွန် ကြောက်ရွံ့ ရမှုတော့ မရှိလှပေ။ သို့သော် ငြီးငွေ့ဖွယ် ကောင်းပြီး သဲထိတ် ရင်ဖိုတော့ ရှိလှသည်။ မျှော်လင့်ချက် ကင်းမဲ့သော ကြိုးတန်းပေါ် လျှောက်နေရ သလိုပင် ဖြစ်သည်။

ကျွန်ုပ် တွေ့ခဲ့ရသော မြန်မာ တစ်ဦးက ယင်းတို့၏ အကြောက် တရားများနှင့် နိုင်ငံရေးနှင့် ပတ်သက်၍ ခြောက်လှန့် ခံရမှုများကို ပွင့်ပွင့်လင်းလင်း ပြောပြရာ၌ "သူတို့က သေနတ်နဲ့ အုပ်ချုပ်တာလေ။ သူတို့က ငါတို့ အိမ်တွေကို အချိန်မရွေး လာပြီး တံခါးခေါက်မယ်။ ပြီးရင် ဖမ်းသွားမယ်"ဟု ဆိုသည်။ တက္ကစီ မောင်းသူ တစ်ဦးက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဈေးထဲတွင် အရောင်း အ၀ယ် လုပ်နေသူ တစ်ဦးက ကျွန်ုပ်အား ပြောပြခဲ့ရာ ဤနည်းနှင်နှင်ပင်။ "ဒီမှာထောင်ဆို တစ်သက် တစ်ကျွန်း ချတာဗျ။ ကျွန်တော့် သူငယ်ချင်း အတော်များများ အဖမ်းခံရတယ်။ ကျွန်တော်သိတယ်။ ကျွန်တော် သူတို့ကို ပြန်တွေ့ရမှာ မဟုတ်တော့ဘူး"ဟု ဆိုသည်။

ကျွန်ုပ် ဤနိုင်ငံသို့ နောက်ဆုံး ရောက်ခဲ့စဉ် ၁၉၇၀ ၀န်းကျင် ကတည်းက ဗိုလ်ချုပ်များ လက်ထဲတွင် အာဏာ ရှိနေရာ ယခုအထိ ရှိနေဆဲ ဖြစ်သည်။ ယင်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ထိန်းချုပ်ပြီး ရပ်တည်လာခဲ့ကာ ယင်းတို့၏ အကြီးဆုံး စီးပွားဖက် တရုတ်ထံမှ ငွေကြေး ထောက်ပံ့မှုများဖြင့် ပြိုလဲ မသွားအောင် ထိန်းလာခဲ့သည်။ မြန်မာ နိုင်ငံသည် တရုတ်နှင့် သာမန် ကုန်ပစ္စည်း ဖရဲသီးမှ အစ ဟီးရိုးအင်း အထိ အရောင်းအ၀ယ် ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အပယ်ခံ နိုင်ငံတစ်ခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြု၍ ဒေါ်အောင်ဆန်း စုကြည်အား အကျဉ်းချထားကာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နေသော နိုင်ငံ ဖြစ်သည်။

စစ်တပ်၏ ဖိနှိပ်မှု အောက်တွင် မကျေနပ်စရာများ ရှိသည့် အထဲတွင် ပြည်သူများသည် သည်းခံခြင်း၊ ကိုယ်ချင်းစာ တရားများ ရှိသည့် ဗုဒ္ဓ၀ါဒကို ယုံကြည်နေပုံ ရသည်။ ယခု အရှေ့တောင် အာရှ ပြန်လည် နိုးထလာချိန်တွင် ရန်ကုန်သည် တစ်မျိုး တစ်ဘာသာ ရှိနေပြီး အဆုံးစွန် ပျက်စီးခြင်းသို့ ရောက်ရှိနေသည်။ မြန်မာ နိုင်ငံသည် အိုဟောင်းပြီး မသန်စွမ်းတော့သည့် အသွင်ကို ဆောင်နေပြီး စိတ်စွမ်းအင်များလည်း ကျဆင်း၊ စွမ်းဆောင်ရည်များလည်း လုံးဝ မရှိတော့သည့် အခြေအနေတွင် ရှိနေသည်။

ပညာရေးမှာလည်း အနှိမ်ခံ ထားရပါပြီး ကျောင်းဆရာများမှာ တစ်လလျှင် ၃၄ ဒေါ်လာသာ ၀င်ငွေ ရှိသည်။ စစ်တပ် တစ်ခုသာလျှင် ချမ်းသာသည်။ လူတိုင်းသည် အသက်ရှင်ရေး အတွက်သာ ရုန်းကန်နေရလျက် ရှိပြီး ကျွန်ုပ် တွေ့သော လူများသည် စိတ်ထား နူးညံ့ပြီး ကူညီတတ်ကြသည်။ ကျွန်ုပ် တွေ့ဖူးသော နိုင်ငံများတွင် ရက်ရောမှုနှင့် ကြင်နာမှုမှ လွဲ၍ ဘာမှ မတွေ့ရသော နိုင်ငံ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် အုပ်ချုပ်နေသော စစ်သားများက ပြောခဲ့လိမ့်မည်။ --------- သည် သေသွားသည်က ပိုကောင်းသည်ဟု ပြောခဲ့လိမ့်မည်။ ------- ကိုယ်တိုင်လည်း သဘော တူခဲ့သည်။ ကလေးများအား ပညာသင်သော ဘ၀ အပြီးတွင် ယင်းသည် ဆင်းရဲလျက်ပင် ရှိနေသေးသည်။ ယင်းက ပြောကြားရာတွင် "လူတွေရဲ့ ၈၅ % က အစိုးရကို ဆန့်ကျင်ကြတယ်။ ကျန်တဲ့ ၁၅ % မှာ အစိုးရ ဆွေမျိုးတွေနဲ့ တရုတ်တွေပဲ"ဟု ဆိုခဲ့သည်။

"ကျွန်ုပ် ပထမ အခေါက် လာစဉ်ကပင် တရုတ်များအပေါ် မုန်းတီးစိတ်များ တွေ့ခဲ့ရသည်။ ယခု တစ်ခေါက်တွင် ထိုကိစ္စ ပိုမို ကြားလာရသည်။ အဘယ်ကြောင့် ဆိုသော် ပြည်တွင်းမှ တရုတ်များသည် ပြည်မမှ တရုတ် ဗျူရိုကရက်များနှင့် ကောင်းကောင်း ဆက်ဆံနိုင်သည်။ ယင်းတို့သည် ကျောက်စိမ်း ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး၊ အစား အသောက်နှင့် အခြား ပစ္စည်းများ ရောင်းဝယ်ရေး များကို လုပ်ကိုင်နေသည်။ မန္တလေးမြို့တွင် ကျွန်ုပ်တွေ့ခဲ့ရသော ပညာတတ် မြန်မာ တစ်ဦးက ပြောကြားရာတွင် "အစိုးရဟာ မူးယစ်ဆေးဝါးနဲ့ ဘိန်းရောင်းဝယ်မှု ကနေ ငွေတွေ အများကြီး ရပါတယ်။ ဗိုလ်ချုပ်တွေဟာ ကမ္ဘာ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ပါဝင် ပတ်သက် နေပါတယ်"ဟု ဆိုသည်။

ရေနံ၊ သစ်နှင့် အစား အသောက်များ လိုအပ်နေသော တရုတ်၏ ကြီးပွား တိုးတက်လာမှုသည် ဒိုင်းနမစ် အရွေ့သစ် တစ်ခုကို ဖန်တီးခဲ့သည်။ တရုတ်သည် မည်သည့် နိုင်ငံတွင်မဆို ဒီမိုကရက်တစ် အဖွဲ့အစည်းများ ဖွံ့ဖြိုးလာမှုကို မမြင်လိုပေ။ တစ်နည်း ပြောရလျှင် တရုတ်သည် ဖိနှိပ်သော အစိုးရများ အတွက် မဟာမိတ် ဖြစ်သည့် သဘာဝ ရှိပေသည်။ ဆိုပါစို့။ အာဖရိက နိုင်ငံ တစ်ခုသည် အကျင့်ပျက် ခြစားခြင်း၊ ရက်စက် ကြမ်းကြုတ်ခြင်းတို့ ရှိနေခြင်းကြောင့် ကမ္ဘာ့ဘဏ်က ငွေကြေး ထောက်ပံ့ရန် ငြင်းဆန်ပြီး၊ အကူအညီ ရလိုလျှင် ရွေးကောက်ပွဲ ကျင်းပရမည်ဟု တောင်းဆိုပါက တရုတ်သည် မရိုးသားသည့် အကူအညီ အဖြစ် ငွေကိုင်လျက် ပေါ်လာမည် ဖြစ်ပြီး နှောင်ကြိုး မပါဘဲ ငွေကြေး အကူအညီ ပေးလိမ့်မည်။ ကျွန်းသစ်များကို ယူသွားမည်။ အစားအသောက်များ ယူသွားမည်။ မူးယစ် ဆေးဝါးများလည်း ပါဝင်မည် ဖြစ်သည်။

မြန်မာ နိုင်ငံသည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေရခြင်းမှာ ကျယ်ပြန့်သော နယ်စပ် ရှိခြင်းလည်း ပါဝင်သည်။ မြန်မာ နိုင်ငံဖက်မှ ကုန်တင် ကားများဖြင့် တရုတ် ပြည်သို့ ဟင်းသီး ဟင်းရွက်များ၊ ကျွန်းသစ်လုံးကြီးများ၊ ကျောက်မျက် ရတနာများ၊ ဘိန်းများ တင်ဆောင် သွားကြမည် ဖြစ်သည်။ တဖန် တရုတ်ပြည်မှ ရာဘာ ဖိနပ်များ၊ စည်သွပ်ဗူးများ၊ ဈေးပေါသော စက်ဘီးများ၊ လက်နက်များနှင့် -- စသည်များ ပြန်လည် တင်ဆောင်လာသည်။

ဆင်းရဲပြီး ငတ်ပြတ်နေသော မြန်မာနိုင်ငံမှ ချမ်းသာ ကြွယ်ဝသော တရုတ်နိုင်ငံသို့ ဆန်၊ ခရမ်းချဉ်သီး၊ ပဲ၊ ကြက်သွန်၊ လိမ္မော်သီး၊ ဟင်းခတ် အမွေးအကြိုင်များ စသည့် အစား အသောက်များ တင်ပို့သည်။ တရုတ်က မြန်မာနိုင်ငံကို ကိုယ်ပိုင် လယ်မြေဟု သဘောထားသဖြင့် သူ့နိုင်ငံရှိ လယ်မြေ များနေရာတွင် စက်ရုံများ ဆောက်သည်။ ထုတ်လုပ်မှုနှင့် နည်းပညာ ဖွံ့ဖြိုးမှုကို ပို၍ အချိန်ပေး လာနိုင်သည်။

တက္ကသိုလ် ပရ၀ုဏ်ဟု ထင်ရသော နေရာ တစ်ခုကို ရထားဖြင့် ဖြတ်လာရင်း တွေ့ရသည်။ အသေအချာ ကြည့်မိသော် စစ်ကျောင်းကြီး တစ်ခု ဖြစ်နေပြီး အင်္ဂလိပ်လိုရော မြန်မာလိုရော စာတမ်းထိုး ထားရာ နောင်တစ်ခေတ်၏ အောင်စစ်သည် (The Triumphant Elite of the Future) ဟူ၏။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Express India, 19th November 2010

လူ့အခွင့်အရေး ကိစ္စများကို ဆွေးနွေး ကိုင်တွယ်ရသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့်အရေး ကော်မတီက နိုင်ငံ အများစု၏ ထောက်ခံမဲဖြင့် သီးခြား ဆုံးဖြတ်ချက်များ ချမှတ်ကာ အီရန်၊ မြန်မာနှင့် မြောက်ကိုးရီးယားမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချလိုက်သည်။

အထက်ပါ ၃ နိုင်ငံ စလုံးကို ပြစ်တင် ရှုတ်ချသည့် ဆုံးဖြတ်ချက် အသီးသီးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံမဲ ပေးခဲ့ပြီး အိန္ဒိယ နိုင်ငံကမူ မြန်မာနိုင်ငံ အတွက် ကန့်ကွက်ကာ အီရန်နှင့် မြောက်ကိုးရီးယား အတွက် မဲမပေးဘဲ ကြားနေခဲ့သည်။

တရုတ်ကမူ မြန်မာနှင့် မြောက်ကိုးရီးယား အတွက် ကန့်ကွက် ပေးခဲ့ပြီး အီရန်အပေါ် ရှုတ်ချမှုကို ထောက်ခံ လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်များ ချမှတ်ရေး ကိစ္စသည် ကမ္ဘာ့ နိုင်ငံများ၏ သံတမန်များထံမှ ပြင်းထန်သော တုန့်ပြန်မှုများကို ဖိတ်ခေါ်သလို ဖြစ်ခဲ့သည်။

အီရန် လူ့အခွင့်အရေး ကောင်စီ အကြီးအကဲ မိုဟာမက် ဂျာဖက်လာရီဂျာနီက ယမန်နေ့က မဲပေးပွဲ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ အမေရိကန် ပြည်ထောင်စု ဖြစ်သည်ဟု ပြောကြားခဲ့ပြီး မထုတ်ပြန် ရသေးသော ဆုံးဖြတ်ချက်ကို သိက္ခာ ချရန် တွန်းအား ပေးလိုက်သည်။

"လူ့အခွင့်အရေး မြှင့်တင်ရေးကို ဒီကြေညာချက်က ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး"ဟု ယင်းက ပြောကြားသည်။

"ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒနဲ့ အီရန် အစ္စလာမ် သမ္မတနိုင်ငံကို ဆန့်ကျင်မှု တစ်စိတ် တစ်ပိုင်း အဖြစ် ဒုက္ခပေးဖို့ ရည်ရွယ်ခဲ့တာပါ" ဟု ပြောကြားလိုက်သော လာရီဂျာနီက ပါလက်စတိုင်း လူမျိုးများအပေါ် အစ္စရေး၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချခြင်း မပြုသည့် အတွက် အမေရိကန်နှင့် အခြား အနောက် နိုင်ငံများကို ပြင်းထန်စွာ ဆက်လက် ဝေဖန်လိုက်သည်။

"ဂါဇာမှာ အသတ်ခံရတဲ့ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေကို သူတို့ မမြင်ကြဘူးလား၊ ဒီကိစ္စက ၂ ဆလောက် ပိုပြီး သိသာ ထင်ရှားပါတယ်" ဟု ယင်းက ဆိုသည်။

လက်ရှိ လပိုင်းများ အတွင်း အီရန်နိုင်ငံသည် အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု စွပ်စွဲခံရသော ဆာကီနီ မိုဟာမက် အက်ရှ်တီယာခိုကို ကျောက်ခဲဖြင့် ပစ်ပေါက် သေဒဏ် ပေးရန် ဆုံးဖြတ်ခဲ့သည့် အတွက် များစွာ ပြစ်တင် ဝေဖန်ခြင်း ခံနေရပြီး သူမ အသက်ရေးမှာလည်း မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

မြန်မာ နိုင်ငံအပေါ် ချမှတ်သော ဆုံးဖြတ်ချက်တွင် လတ်တလော ပြီးစီးခဲ့သည့် ရွေးကောက်ပွဲ များကို ကန့်ကွက်ခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ပွင့်လင်း မြင်သာခြင်း မရှိသည့် အပေါ် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အလွန်အမင်း စိတ်မကောင်း ဖြစ်ရသည်ဟု ဖော်ပြထားသည်။

ဗင်နီဇွဲလားနှင့် ဆီးရီးယားတို့က အီရန် နိုင်ငံကို ကာကွယ် ပြောကြားခဲ့ကြပြီး ယင်းဆုံးဖြတ်ချက်သည် နိုင်ငံရေး ဆက်နွယ်မှုများ၏ ရလဒ် တစ်ခုသာ ဖြစ်သည်ဟု ပြောဆိုကာ အရေး မယူရန် တောင်းဆို ခဲ့ကြသည်။

တရုတ် နိုင်ငံကလည်း မြန်မာနိုင်ငံကို ကာကွယ် ပြောဆိုခဲ့သည်။ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးသန်းဆွေက ယခု ဆုံးဖြတ်ချက်သည် အမှားအယွင်းများ မကင်းကြောင်းနှင့် မြန်မာ အစိုးရကို ဆန့်ကျင်သော ပြည်ပ အုပ်စုများထံမှ စွပ်စွဲချက်များနှင့် တစ်ဖက်သတ် ပြောဆိုမှုများကို အခြေခံ ထားခြင်းသာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice က သီးခြား ဆုံးဖြတ်ချက် ၃ ခု ထွက်ပေါ်လာခြင်းကို ကြိုဆိုလိုက်ပြီး "အီရန် အစိုးရသည် ဖိအားပေး ချုပ်ကိုင်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အရပ်ဖက် အဖွဲ့အစည်းများ အပါအ၀င် ယင်း၏ နိုင်ငံသားများကို ကြမ်းတမ်းစွာ ဖိနှိပ်ခြင်း တို့ကို ဆက်လက် လုပ်ဆောင်နေသည်"ဟု ပြောကြားခဲ့သည်။

"မြန်မာ အစိုးရသည်လည်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ရာတွင် ယင်း၏ နိုင်ငံသားများကို ဥပဒေမဲ့ ကြာရှည်စွာ ဖမ်းဆီးထားခြင်း၊ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ တိုင်းရင်းသား လူမျိုးစုများ အပေါ် ကြမ်းတမ်းစွာ ခွဲခြား ဖိနှိပ်ခြင်းများကို ဆက်လက် လုပ်ဆောင်နေသည်"ဟု သူမက ဆက်လက် ပြောကြားသည်။

UN Women ဟု ခေါ်သော ကုလသမဂ္ဂ၏ အဖွဲ့သစ်တွင် အီရန် နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်လိုမှုကို အမေရိကန် ပြည်ထောင်စုက လတ်တလော တားဆီးလျက် ရှိသည်။

"UN Women အဖွဲ့သစ်မှာ အီရန် နိုင်ငံ ပါဝင်မှုဟာ အဖွဲ့အတွက် မင်္ဂလာ မရှိတဲ့ စတင်မှု ဖြစ်စေ နိုင်တယ် ဆိုတဲ့ ကျွန်မတို့ရဲ့ စိုးရိမ် ပူပန်မှုကို ဖုံးကွယ် မထားနိုင်ပါဘူး" ဟု Susan Rice က သတင်းထောက်များကို ယခင် အပတ်က ပြောကြားခဲ့သည်။

"အီရန်နဲ့ ဆော်ဒီ အာရေးဗီးယား အစရှိတဲ့ နိုင်ငံတွေ အဖွဲ့ဝင် ဖြစ်လာမယ် ဆိုရင် ရယ်စရာ ဖြစ်သွားမှာပေါ့"ဟု နိုဘယ်ဆုရှင်၊ ထင်ရှားသော အီရန် လူ့အခွင့်အရေး ရှေ့နေ ရီရင်အီဘာဒီက ရွေးကောက်မှု မတိုင်မီ တစ်ရက် အလိုတွင် ပြောကြားလိုက်သည်။

သို့ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးကို ဆောင်ရွက်မည့် အဆိုပါ အဖွဲ့သစ်တွင် ဆော်ဒီ အာရေဗီယား နိုင်ငံမှာ အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New York Times, By Seth Mydans, 16th November 2010

မြန်မာ နိုင်ငံတွင် ပြီးခဲ့သည့် အပတ် အကုန်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ပျော်ရွှင်နေသော လူအုပ်ကြီးက နှုတ်ဆက်ခဲ့ကြရာ ယင်းဖြစ်ရပ်သည် သူမ၏ ကြီးမားသော ပေါ်ပြူလာ ဖြစ်မှုမှာ အရင်အတိုင်း ရှိနေဆဲ ဖြစ်သည် ဆိုသည်ကို အတည်ပြု လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲ အဝန်းအဝိုင်း အတွင်းသို့ သူမ ပြန်လည် ဝင်ရောက်လာမည် ဆိုလျှင် သူမ၏ နာမည် ကျော်ကြား ပေါ်ပြူလာ ဖြစ်မှုကို အရေးကြီး၍  အခြေခံကျသော ပြောင်းလဲမှုများ အတွက် အသုံးပြုရေး အတွက် သူမ၏ စွမ်းရည်ကို ကန့်သတ်ပေးမည့် အမှန်တရားများကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ အငြင်း မပွားလိုသည့် လေသံ ပစ်လာခဲ့ပြီး၊ သူမအား အကျဉ်းချ ခဲ့သူများအား မည်သို့မျှ သဘော မထားကြောင်းနှင့် စစ်အစိုးရအပေါ် ချမှတ်ထားသော  နိုင်ငံတကာ အရေးယူမှုများ ပြေလျော့သွားရေးအတွက် ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ပြည်သူတွေက အရေးယူမှုတွေ ရုတ်သိမ်းဖို့ အမှန်တကယ် လိုလားတယ် ဆိုရင်၊ ကျွန်မ ဒါကို စဉ်းစားပါမယ့်။ ဒီအချိန်က မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေတဲ့ အချိန်ပါ" ဟု တနင်္ဂနွေနေ့က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်များအတွင်း အင်းလျား ကန်ဘေးရှိ သူမ၏ နေအိမ်တွင် မြက်တောထဲတွင် အဖော် နှစ်ဦးတည်းနှင့် နေထိုင်နေခဲ့ရာမှ သူမ၏ အကူအညီ ငံ့လင့်နေသူများ၊ ထောက်ခံသူများနှင့် ပြည့်သွားခဲ့သည်။ "ကျွန်မသိတယ်။ ပြောလည်း ပြောခဲ့ပါတယ်။ ပြည်သူတွေ ဘာတွေ တွေးနေသလဲ ဆိုတာ သိချင်ပါတယ်လို့။ ဒါပေမယ့် အခုတော့ အသံပေါင်းစုံရော၊ ဆူညံသံတွေ ရောနဲ့၊ ကျွန်မဖြင့် ဘာတွေ ပြောနေကြတယ် ဆိုတာတောင် မသိနိုင်ဘူး" ဟု တနင်္ဂနွေနေ့က လူထု စည်းဝေးပွဲတွင် သူမသည်  အရွှန်းဖောက်ခဲ့သည်။

လာမည့် ရက်သတ္တပတ်များ အတွင်း သူမသည် အတိုက်အခံကို ပြန်လည် စုစည်းရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ၏ တောင်းဆိုမှုများနှင့် အစိုးရအား စိန်ခေါ်နိုင်ရန် သူမ ပုံဖော်ရန် မျှော်လင့်ထားသည့် လှုပ်ရှားမှုများ စသည့် ကိစ္စရပ်များအတွက် ခက်ခဲသည့် ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

သူမ အနေဖြင့် တဖြည်းဖြည်း တက်လာနေသော တရုတ်၏ သြဇာ လွှမ်းမိုးမှု၊ အစိုးရနှင့် ဆက်သွယ်မှု ကောင်းသော စီးပွားရေးဖြင့်သာ စီးပွား ဖြစ်နေကြမှု၊ သူမ မလွတ်မြောက်မီ ငါးရက်က ကျင်းပ ပြီးစီးခဲ့သည့်  ရွေးကောက်ပွဲကြောင့် ထွက်ပေါ်လာသည့် အဖွဲ့အစည်း အသစ်များ၊ နိုင်ငံရေး ပလေယာ အသစ်များ စသည့် ယခု လတ်တလော ဖြစ်ပျက်နေသည့် အမှန်တရားများကို လေ့လာ ရဦးမည် ဖြစ်သည်။ အထက်ပါ ကိစ္စရပ်များ အပြင် ထပ်မံ ပေါ်ထွက်လာသူများမှာ အာဏာ လွှဲပေးရန်သော် လည်းကောင်း ဒီမိုကရက်တစ် လမ်းကြောင်း ဖွင့်ပေးရန် ခွင့်ပြုရန် သော်လည်းကောင်း မပြုလုပ်ရန် ဆုံးဖြတ်ချက် ချထားသော ဗိုလ်ချုပ်များပင် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ပါလီမန် နှစ်ခု၊ ဒေသဆိုင်ရာ ပါလီမန် (၁၄) ခု၊ သမ္မတ တစ်ဦး၊ ကက်ဘိနက် တစ်ခုနှင့် အစိုးရ အဖွဲ့အစည်းများသည် စစ်တပ် အုပ်ချုပ်ရေးကို ပိုမို ရှုပ်ထွေးသော ပုံစံဖြင့် အကောင်အထည် ဖော်မည် ဖြစ်သည်။

စစ်အစိုးရမှ ထိပ်ပိုင်း အဖွဲ့ဝင်များသည် အရပ်သား အဖြစ် အဆိုပါ အဖွဲ့အစည်းများတွင် ဝင်ရောက်ရေး အတွက် စစ်တပ်မှ ထွက်ပြီး အသက် ငါးဆယ်တွင်း ငယ်ရွယ်သော မျိုးဆက် သစ်များကို ၎င်းတို့ နေရာတွင် အစားထိုးခဲ့သည်။

"လွန်ခဲ့တဲ့ ခုနှစ်နှစ် သူမ အထိန်းသိမ်း မခံရမီက ပတ်ဝန်းကျင် အခြေအနေ မဟုတ်တော့ပါဘူး" ဟု မြန်မာနိုင်ငံ အမေရိကန် သံရုံးတွင် မစ်ရှင် ခေါင်းဆောင် တာဝန်ယူဖူးသူ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် မူဝါဒ ရေးရာ Asian Society လုပ်ငန်းအဖွဲ့ အကြံပေးအဖွဲ့ ခေါင်းဆောင် Prisicilla  Clapp က ပြောကြားခဲ့သည်။

"သူမဟာ အခု ခြားနားတဲ့ ပတ်ဝန်းကျင် တစ်ခုကို ရောက်နေပြီ ဖြစ်လို့၊ သူမ သွားရမည့် လမ်းကြောင်းကိုတော့ ရှာနေလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်" ဟု Ms.Clapp က ပြောသည်။

သူမ၏ အခွင့်အာဏာ များသည် အခြေ မခိုင်သည်ကို တွေ့ရှိရသည်။ အဘယ်ကြောင့် ဆိုသော် လက်ခုပ်သံ အပေါ်တွင်သာ အခြေခံထားခြင်း၊ စုစည်းမှု အခြေခံ မရှိခြင်း၊ သို့မဟုတ် သူမ ရပ်တည်ရန် ပုံစံတကျ ပလက်ဖောင်း မရှိခြင်း တို့ကြောင့် ဖြစ်သည်။ သူမ၏ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည်လည်း ရွေးကောက်ပွဲ မဝင်ခြင်းကြောင့် ဖျက်သိမ်း ခံခဲ့ရသည်။

အင်္ဂါနေ့တွင် သူမသည် ရန်ကုန်မြို့ထဲသို့ ပထမဆုံး အကြိမ် သွားရောက်ပြီး သူမ၏ ပါတီ တရားဝင် ပြန်လည် ရှင်သန်ရေးအတွက် တရားရုံးတွင် စာရွက် စာတမ်းများ သွားရောက် တင်ပြမည် ဖြစ်သည်။ သို့သော် ဝေဖန် သုံးသပ်သူ များကမူ တရားရုံးသည် သူမအား မျက်နှာသာ ပေးလိမ့်မည် မဟုတ်ကြောင်း ဆိုသည်။

ယခု အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်သည် သတိကြီးစွာ ထားလျက် လုပ်ဆောင် နေသော်လည်း၊ မဆိုပါ အလျော့ မပေးသည့် စိတ်ဓာတ်သည် ကြာကြာ ခံလိမ့်မည်ဟု မထင်ကြောင်း ဝေဖန် သုံးသပ်သူများက  မျှော်လင့်နေကြသည်။ "သူမ လွတ်လာတိုင်း၊ သူမက  ထိပ်တိုက် ရင်ဆိုင်ခဲ့တာ ချည်းပဲ" ဟု ဝါရှင်တန်ရှိ Georgetown တက္ကသိုလ် ပါမောက္ခ  David I. Steinberg က အင်တာဗျူးတွင် ပြောခဲ့သည်။ "သူမဟာ သူဘယ်လောက်ထိ လွတ်လွတ်လပ်လပ် လုပ်နိုင်မလဲ ဆိုတာကို အမြဲ စမ်းသပ်နေတယ်။ အခုလဲ သူမ အဲဒါကို တိတ်တိတ် စမ်းသပ် နေလိမ့်မယ်လို့ ကျွန်တော် အသေအချာ ခံစားနေရတယ်" ဟု ၎င်းက ဆိုသည်။

သူမအား ၁၉၉၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၂ က တစ်ကြိမ်လွတ်ပေးခဲ့ဘူးရာ၊ ထိုသို့ စမ်းသပ်ရင်း လွတ်လွတ် လပ်လပ် လုပ်နိုင်ခွင့် အဆင့်တစ်ခု ရောက်သောအခါ ပြန်လည် အဖမ်းခံခဲ့ရသည်။ သူမအား ထောက်ခံမှု များပြားခြင်းကို ဗိုလ်ချုပ်များက ကြည့်မရသဖြင့် သူမအား ပြန်လည် ထိန်းသိမ်း ခဲ့ခြင်း ဖြစ်သည်။

သူမသည် လွန်ခဲ့သည့် အနှစ် နှစ်ဆယ့် တစ်နှစ်အတွင်း (၁၅) နှစ်ခန့် နေအိမ် အကျယ်ချုပ် နေခဲ့ရရာ၊ ပထမဆုံး အကြိမ် အဖမ်း ခံရစဉ်က ငယ်ရွယ်သော အမျိုးသမီး တစ်ဦး ဖြစ်ခဲ့သော်လည်း သူမသည် ယခု အခါ (၆၅) နှစ်ရှိပြီ ဖြစ်သည်။

အချို့လူများက သူမ၏ လွတ်မြောက်မှုကို အသိအမှတ် ပြုရမည် ဖြစ်သော်လည်း၊ သူမအား ဘယ်လောက်ထိ လွတ်ထားမလဲ ဆိုသည့် ကိစ္စကိုပါ ပြောကြားလာကြသည်။ သူမသည် ၂၀၀၃ ခုနှစ်က သူမအား လုပ်ကြံသည့် ဖြစ်စဉ် အပြီး နေအိမ် အကျယ်ချုပ် ပြန်လည် ချထားခြင်း ခံခဲ့ရသည်။

"အခု ကျွန်တော်တို့ ပြောနေကြတာ သာမန် စစ်အာဏာရှင် တစ်ဦး  မဟုတ်ပါဘူး။ ဒီစစ်တပ်ဟာ အာဏာ တည်မြဲရေးကို ကောင်းကောင်း လုပ်နိုင်တဲ့ ကျွမ်းကျင်တဲ့ စစ်တပ် ဖြစ်နေတာပါပဲ" ဟု မြန်မာ နိုင်ငံ အကြောင်း စာအုပ် (၇) အုပ် ရေးခဲ့သူ သတင်းစာ ဆရာ Bertil Lintner က ပြောသည်။

ယခု ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေး လိုက်ခြင်းမှာလည်း စစ်အစိုးရ၏ အတွေးအခေါ် ကျယ်ပြန့်မှု မဟုတ်ကြောင်း ၎င်းက ဆိုသည်။ "မသမာတဲ့ ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံခြား တိုင်းပြည်တွေ အမြင် တစ်မျိုး ဖြစ်သွားအောင် လုပ်လိုက်တာပါ။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ခြေလှမ်း မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်များမှာ ယခု အခိုက်အတန့်ကို ၎င်းတို့ ချမှတ်ထားသော နယ်နိမိတ် အတွင်းမှာ လူများ အမြင် တစ်မျိုး ဆန်းသွားအောင် လုပ်လိုက်သည်ဟုသာ မြင်သည်။

စစ်တပ်သည် နိုင်ငံတော် အမည်သစ် Republic of the Union of Myanmar၊ အလံသစ်၊ နိုင်ငံတော် သီချင်းသစ်၊ မြို့တော်သစ်၊ ပါလီမန်သစ်တို့ကို ပြုလုပ်ပြီး ဖြစ်သည်။

"အခု စစ်တပ်က လုပ်ထားတဲ့ နိုင်ငံအသစ်မှာ ဒေါ်အောင်ဆန်းစုကြည် အတွက် နေရာ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး"ဟု Mr. Lintner ကပြောသည်။

အောက်ထစ် အဆုံး စစ်တပ်၏ ချုပ်ကိုင်မှုမှာ မပြောင်းမလဲ ရှိနေဆဲဟု ဆိုသော်လည်း၊ တိုင်းပြည်သည် အများကြီး ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ ပထမဆုံး အရပ်သား အစိုးရ ဖွဲ့စည်းရမည် ဖြစ်ပြီး စစ်တပ်ကလည်း မျိုးဆက် တစ်ခုသို့ ပြောင်းလဲ သွားခဲ့ရပြီ ဖြစ်သည်။

"သူမ အနေနဲ့ အဲဒီ ခက်ခဲတဲ့ အသွင် ကူးပြောင်းရေး မေးခွန်း တွေနဲ့ ကိုင်တွယ်ရမှာပါ။ တိုင်းပြည်မှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ အသွင် ကူးပြောင်းရေး ကာလ အလယ်ကို ရောက်နေပြီ ဖြစ်လို့၊ ကွဲပြား ခြားနားတဲ့ ရလဒ်တွေလည်း ထွက်လာပြီ ဆိုတော့၊ ကျွန်မ ထင်တယ် သူမ အနေနဲ့ အတော့်ကို သတိပြု လုပ်ဆောင်ရပါလိမ့်မယ်" ဟု Ms. Clapp က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ပတ်သက်၍ အိမ်နီးချင်း တရုတ်နိုင်ငံက ထင်မြင် သုံးသပ်ချက် တစ်စုံတရာ မပေးခဲ့ပေ။ သို့သော် မြန်မာ စစ်အစိုးရ အနေဖြင့် ရှေ့ဆက်သွားမည့် နိုင်ငံရေး လမ်းပြမြေပုံ အတိုင်း ဆက်လက် လုပ်ကိုင် သွားနိုင်မည် ဖြစ်ပြီး နောက်ဆုံးတွင် ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ် အစိုးရက သဘောထား ထုတ်ပြန်သည်။

"မြန်မာ နိုင်ငံ အနေဖြင့် အဆင့် ၇ ဆင့်ပါ နိုင်ငံတော် ရှေ့ဆက်သွားမည့် လမ်းပြ မြေပုံအတိုင်း ဆက်လက် လုပ်ကိုင် သွားနိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည် မျှော်လင့်ပါသည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ Hong Lei က သတင်းထောက်များအား ပြောကြားသည်။

သို့သော် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု သို့မဟုတ် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် တစ်စိတ် တစ်ပိုင်းအဖြစ် ပါဝင်သင့်၊ မသင့် ဟူသော ကိစ္စတို့နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက ဖြေကြားမှု မပြုပေ။

နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ တွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပြီးနောက် ရက်သတ္တ တစ်ပတ်ခန့် အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို အရပ်သား အုပ်ချုပ်ရေး ပုံစံ ပြောင်းယူသည့် အတုအယောင် ရွေးကောက်ပွဲ တစ်ခုမျှသာ ဖြစ်သည်ဟု အနောက် နိုင်ငံများနှင့် လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံကို စစ်လက်နက် အဓိက ထောက်ပံ့ ပေးနေသော နိုင်ငံ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝ ရင်းမြစ် များစွာကို ဝယ်ယူလျက် ရှိသည်။ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပ ပြုလုပ်သော ရွေးကောက်ပွဲကို တရုတ် အစိုးရက ချီးမွမ်း ပြောဆိုခဲ့သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းအစိုးရက လက်နက် မှောင်ခိုမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း ထားသော သေမင်းတမန် ကုန်သည် အမည်ရ ဗစ်တာဘောက်အား အမေရိကန် ပြည်ထောင်စုသို့ အကြမ်းဖက်မှု များဖြင့် တရား စွဲဆိုနိုင်ရန် လွဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်သည်။ ရုရှားလူမျိုး ဗစ်တာဘောက်အား လွတ်မြောက်ခွင့် ပြုရန် မော်စကို အစိုးရက တောင်းဆိုထားမှုကို ပယ်ချကာ ထိုင်းအစိုးရက အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်။

ထိုင်းမီဒီယာများ ရေးသားချက်အရ အစိုးရက ဗစ်တာဘောက်အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းမည့် ကိစ္စကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အတည်ပြု လိုက်ခြင်း ဖြစ်ကြောင်း၊ ထိုင်းရဲမှူးကြီး Supisarn Bhakdinarinath က သေမင်းတမန် ကုန်သည် ဗစ်တာဘောက်အား ထိုင်းစံတော်ချိန် နေ့လယ် ၁ နာရီခွဲတွင် အမေရိကန် အရာရှိ ရှစ်ဦး ပါဝင်သည့် လေယာဉ်ပေါ်သို့ တင်ပို့ပေးခဲ့သည်ဟု ပြောကြားကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ကက်ဘိနက် အစည်းအဝေး ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်အရ ဗစ်တာဘောက်၏ အမှုအား လွှဲပြောင်းပေး၍ ရနိုင်ကြောင်း ပြောဆိုသည်။

မစ္စတာ ဗစ်တာဘောက်သည် ယခင် ဆိုဗီယက် လေတပ်မှ အရာရှိဟောင်း တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ နာမည်ကျော် လက်နက် ကုန်သည်များ စာရင်းတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ ၎င်းအား ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ မတ်လအတွင်း ဘန်ကောက်မြို့ရှိ ဇိမ်ခံ ဟိုတယ်ကြီး တစ်ခုတွင် အမေရိကန် ထောက်လှမ်းရေး အေးဂျင့်များက ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ငွေကြေး လည်ပတ်မှုများကို အမေရိကန် ပြည်ထောင်စုနှင့် ကုလ သမဂ္ဂတို့က ပိတ်ဆို့ခဲ့သည်။ သို့သော် မစ္စတာ ဗစ်တာဘောက်က ပိတ်ဆို့မှုများ၊ ကန့်သတ်မှုများ အားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။ မိမိ အနေဖြင့် တရားဝင် စီးပွားရေး လုပ်ငန်းသာ လုပ်ကိုင်ခဲ့ပြီး မည်သည့် အခါကမှ စစ်လက်နက် ရောင်းချမှု မပြုခဲ့ပါကြောင်း မစ္စတာဘောက်က စွပ်စွဲမှုများ အားလုံးကို တုံ့ပြန်ထားသည်။

"အခုလို လုပ်တာဟာ နိုင်ငံရေးအရ တရား မျှတမှု မရှိတဲ့၊ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက် တစ်ရပ် ဆိုတာ ရှင်းနေပါတယ်။ အမေရိကန် အစိုးရရဲ့ တစ်ဖက်သတ် လုပ်ဆောင်ချက် တစ်ရပ်ပါပဲ" ဟု မစ္စတာဘောက်၏ ဇနီးဖြစ်သူ အယ်လာက ဘန်ကောက်မြို့တွင် ပြောကြားသည်။ "ဘယ်လိုပဲ ဖြစ်ဖြစ် အခု ကိစ္စဟာ ဥပဒေ အကြောင်းနဲ့ ကိုက်ညီမှု မရှိပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မစ္စတာဘောက်သည် တောင်အာဖရိက ဒေသ၊ အရှေ့ အလယ်ပိုင်း ဒေသ နှင့် အာဖရိက ဒေသတို့တွင် ပြည်တွင်းစစ် ဖြစ်ပွားအောင် လက်နက်များ ရောင်းချ မီးထိုး ပေးခဲ့သူ ဖြစ်သည်ဟု စွပ်စွဲ ခံထားရသည်။

ထိုင်းအစိုးရက မစ္စတာဘောက်အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ရုရှားနိုင်ငံက ပြင်းထန်သော ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။ အဆိုပါ အမှုကြောင့် ထိုင်းအစိုးရမှာ အမေရိကန်နှင့် ရုရှား အစိုးရ အဖွဲ့နှစ်ခု၏ ဖိအား ပေးမှုများနှင့် ရင်ဆိုင် နေကြရသည်။

အမှု မလွှဲပြောင်းပေးမီ အချိန် ကာလအတွင်း အမေရိကန် ဥပဒေ ရေးဆွဲသူများက ထိုင်းအစိုးရသို့ ၎င်းအား လွှဲပြောင်းပေးရန် စာဖြင့် ရေးသား ပေးပို့ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ထိုင်း တရားရုံးတော်က မစ္စတာ ဗစ်တာဘောက်အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည့် ကိစ္စကို ပယ်ချခဲ့သည်။ သို့သော် ယခုနှစ် သြဂုတ်လ အတွင်း အထူး အယူခံ တရားရုံးတော်က အမှုကို ကိုင်တွယ်သောအခါ ရောက်သောအခါမှ လွှဲပြောင်းမည့် ကိစ္စကို သဘောတူ လိုက်ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက မစ္စတာ ဗစ်တာဘောက်သည် လက်နက် မှောင်ခိုမှု အပါအဝင်၊ အကြမ်းဖက်မှု၊ ငွေကြေး ခဝါချမှု၊ လိမ်လည်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။ ရုရှား အစိုးရကမူ မစ္စတာဘောက်သည် အပြစ် ကင်းစင်သော စီးပွားရေး သမားတစ်ဦး ဖြစ်ပြီး ၎င်းအား မော်စကိုသို့ ပြန်ပို့ပေးစေလိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, By Marisa Chimprabha, 18th Nov 2010

မြန်မာ တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် သူပုန်များ ကြားတွင် ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများကြောင့် ထွက်ပြေးကြသူများကို အကူအညီ ပေးရန် မြန်မာက ထိုင်းနိုင်ငံကို ပြောကြားခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပဋိပက္ခသည် အချိန်တစ်ခု ကြာမြင့် မည်ဟုလည်း ၎င်းတို့က ယုံကြည်လျက် ရှိသည်။

ထိုင်းဝန်ကြီးချုပ် Abhisit က ပြောကြားရာတွင် ၎င်းက မြန်မာ ဝန်ကြီးချုပ်အား ထိုင်းနိုင်ငံသည်  ထွက်ပြေး လာသူများကို တတ်နိုင်သမျှ ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Abhisit နှင့် သိန်းစိန်တို့သည် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ ခေါင်းဆောင်များ နှင့်အတူ ဖနွမ်းပင်တွင် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ ထိပ်သီး အစည်းအဝေး (Acmecs) အတွက် ရောက်ရှိနေကြသည်။

သတင်းစာ ရှင်းလင်းပွဲတွင်  Abhisit က ပြောကြားရာတွင် ထိပ်သီး အစည်းအဝေး၏  အရန် ဆွေးနွေးမှုတွင် သိန်းစိန်နှင့် တိုင်းရင်းသားများနှင့် ပဋိပက္ခ ကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ အဘယ်ကြောင့် ဆိုသော် တိုက်ပွဲများကြောင့် လူများ ထိုင်းနိုင်ငံသို့ ပြေးဝင်လာသဖြင့် ထိုင်းနိုင်ငံ အပေါ် ထိခိုက်မှု ရှိကြောင်းနှင့် တိုက်ပွဲများသည် ထိုင်းမြေပေါ် အထိ ကျူးကျော်ခဲ့ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

"မြန်မာ ဝန်ကြီးချုပ်က  သူတို့ တိုက်ပွဲတွေဟာ အချိန်နဲနဲ ကြာနိုင်သေးတယ်လို့ ဆိုပါတယ်။ သူက ကျွန်တော့်ကို မြန်မာ စစ်ပြေးဒုက္ခသည်တွေ အပေါ် လူသားချင်း စာနတဲ့ အကူအညီများ ပေးဖို့ ပြောခဲ့ပါတယ်" ဟု Abhisit က ပြောသည်။

"ကျွန်တော်ကလည်း မြန်မာ ဝန်ကြီးချုပ်ကို မိမိတို့ကလည်း အကူအညီ လိုလိုလားလား ပေးမှာပါလို့ ပြောခဲ့ပါတယ်။ ပထမ ပြေးလာသူများ ကတော့ နေရပ်ကို ပြန်သွားပါပြီ လို့ ကျွန်တော်က ပြောခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။

ထိုင်းဖြေပေါ်သို့ ကျူးကျော်လာသော တိုက်ခိုက်မှုများ သည်လည်း တမင် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ထင်ရှားပါသည်ဟု ထိုင်းဝန်ကြီးချုပ်က သိန်းစိန်အား ပြောခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမှုနှင့် ပတ်သက်၍ အမြင်ကို မေးမြန်းရာ Abhisit က ထိုကိစ္စအား ထိပ်သီး အစည်းအဝေးတွင် ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

"မြန်မာက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့ အညီ ထိန်းသိမ်းမှု ကာလ ပြီးမြောက်လို့ ပြန်လွှတ် ပေးခဲ့တယ်လို့ ဆိုပါတယ်" ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ရွေးကောက်ပွဲ အပြီး မကြာမီတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်မှာ အနောက် နိုင်ငံများက အလိမ်အညာဟု အမည် တပ်ခဲ့သကဲ့သို့ ပါလီမန်၏ နေရာ အများစုကို စစ်တပ် ထိန်းချုပ်ထားသော ပါတီကပင် အနိုင်ရခဲ့သည်။

Abhisit ၏ စောစောပိုင်း ကြေညာချက်တွင် မှတ်ချက် ပြုထားသည်မှာ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမှုသည် အနောက် နိုင်ငံများနှင့် တင်းမာမှုကို လျော့ပါးအောင် အကူအညီ ပေးနိုင်မည် ဖြစ်ကြောင်း၊ အနောက် နိုင်ငံများကမူ သူမအား လွှတ်ပေးမှုနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းလင်းမှု မရှိသေးကြောင်း ပြောခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးရမှုသည် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုမှုကို တုန့်ပြန်သည်ဟု စဉ်းစား ရပေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.