Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၂၈ ရက် ၂၀၁၁ ရက်စွဲပါ Suu Kyi asks investors at Davos to help Myanmar  သတင်းကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ စီးပွားရေး ဦးဆောင် အုပ်စု များအား သူမ၏ ဆင်းရဲ နွမ်းပါးသော အပယ်ခံ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံကြရန် သောကြာနေ့တွင် တိုက်တွန်း ပြောကြား လိုက်သော်လည်း သတိ ကြီးစွာ ထားကြရမည်ဟု ပြောဆိုခဲ့သည်။

ဆွစ်ဇာလန် နိုင်ငံ အလယ်ပိုင်း တောင်တန်း အပန်းဖြေ မြို့တွင် ကမ္ဘာ့စီးပွားရေး အမှုဆောင် များနှင့် အစိုးရ တာဝန် ရှိသူများ အတူတကွ စုဝေးနေကြသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ အသံသွင်း နှုတ်ဆက်လွှာ ပေးပို့ရာတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က "မြန်မာနိုင်ငံကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှာ ပါဝင် စေချင်ပါတယ်" ဟု ပြောကြားခဲ့သည်။

"လွန်ခဲ့သော နှစ် ၅၀ အတွင်း ကျွန်မတို့ တိုင်းပြည်မှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပွား နေခဲ့ တာကြောင့် အခွင့်အလမ်း အများကြီး ဆုံးရှုံး ခဲ့ရပြီးပါပြီ" ဟု သူမက ဆိုသည်။

အရှေ့တောင် အာရှ၏ အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်သည့် စစ်ဖက် အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် ကာကွယ်ရေး အသုံးစရိတ်က ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ အသုံး စရိတ်များထက် ကျော်လွန် နေခြင်းသည် နိုင်ငံ၏ ပြည်သူ လူထု ၅၅ သန်းကို ထိခိုက် နစ်နာစေသည်ဟု သူမက ပြောကြားသည်။

နိုဝင်ဘာလက သူမ မလွတ်မြောက်မီ အထိ ၇ နှစ်ကြာ ထိန်းသိမ်းထားခြင်း ခံခဲ့ရသော အကျယ်ချုပ် ကာလအတွင်း ရေဒီယို အသံလွှင့် အစီအစဉ်များမှ ကြားသိရသည့် ကမ္ဘာ့စီးပွားရေး အကျပ် အတည်း နောက်ဆက်တွဲ အခြေအနေကိုလည်း သူမက ဆွေးနွေးခဲ့သည်။ ယခု အခါ သူမသည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေးနှင့် နိုင်ငံရေး နယ်ပယ်သို့ ပြန်ဝင် နိုင်ရေး အတွက် ကြိုးပမ်း လှုပ်ရှားလျက် ရှိသည်။

"အမျိုးသား ပြန်လည် စေ့စပ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု မရှိပဲနဲ့ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာ စိတ်ကူးယဉ် အိပ်မက်ပဲ ဖြစ်နေပါလိမ့်မယ်" ဟု သူမက သတိပေး ပြောကြားသည်။

နည်းပညာ ကဏ္ဍ၊ အခြေခံ အဆောက်အဦ ကဏ္ဍနှင့် အသေးစား ချေးငွေ ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံကြရန် သူမက တိုက်တွန်းခဲ့သော်လည်း "ကျွန်မတို့ ဖွံ့ဖြိုး တိုးတက်မှုရဲ့ ပေးဆပ်မှုတွေနဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေ ကိုတော့ ထပ်ကြပ် မကွာ သတိထားရမှာပါ။ သဘာဝ ပတ်ဝန်းကျင် နယ်ပယ် ဆိုင်ရာပဲ ဖြစ်ဖြစ်၊ လူမှု နယ်ပယ် ဆိုင်ရာပဲ ဖြစ်ဖြစ်ပေါ့" ဟု ရင်းနှီး မြှုပ်နှံသူများအား ပြောဆို ခဲ့သည်။

မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံ ထားသူများနှင့် ရင်းနှီး မြှုပ်နှံရန် စဉ်းစား နေသူများ ကိုလည်း ဥပဒေ လေးစားရေး ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ၊ အလုပ် သမားများ၏ အခွင့် အရေး ကိစ္စ၊ အလုပ် အကိုင် ဖန်တီးရေး ကိစ္စ၊ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်ပေးရေး ကိစ္စ စသည်တို့ပေါ် လေးလေး နက်နက် သဘော ထားကြရန် သူမက မေတ္တာ ရပ်ခံ လိုက်သည်။

နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ယခုတိုင် ဖမ်းဆီးထားသော အစိုးရကို ရံပုံငွေ တောင့်အောင် ခရီးသွား လုပ်ငန်းမှ ဒေါ်လာများနှင့် ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများက ကူညီ ပေးနေသလို ဖြစ်နေ သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူ တစ်ချို့က စိုးရိမ် ပူပန်လျက် ရှိသော်လည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက် လာမှုက အဆိုပါ စိုးရိမ် ပူပန်မှုများကို လျော့ပါး သွားစေသည့် လက္ခဏာ ရှိသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့ဖူးသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရ ခဲ့သော်လည်း တပ်မတော်က အာဏာ လွှဲပြောင်း ပေးခြင်း မရှိပဲ လွှတ်တော် ခေါ်ယူ စည်းဝေးရန် ငြင်းဆန်ခဲ့သည်။ ယခုအခါတွင်မူ တပ်မတော် နောက်ခံပါတီ လွှမ်းမိုးသော လွှတ်တော်ကို ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တနင်္လာနေ့တွင် ခေါ်ယူ စည်းဝေး တော့မည် ဖြစ်သည်။

စစ်အစိုးရက ဖျက်သိမ်း ထားသော NLD ပါတီ တရားဝင် ပြန်လည် ဖွဲ့စည်းခွင့် ရရန် ဒေါ်အောင်ဆန်းစုကြည်က တင်ပြ လျှောက်ထားသော အမှုကို ကြားနာရန် ဗဟိုတရားရုံးက သောကြာ နေ့တွင် ငြင်းပယ်ခဲ့ပြီး နာရီ အနည်းငယ် အကြာတွင် သူမက ဒါဗို့စ် အပန်းဖြေ စခန်းမှ ကမ္ဘာ့ စီးပွားရေး ဖိုရမ် တက်ရောက် သူများကို "အသံသွင်း နှုတ်ဆက်လွှာ" ကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းမှ 28 January 2011 ရက်စွဲပါ "North Korea in Fresh Call for Talks with South Korea" ကို ဘာသာ ပြန်ဆိုသည်)

တင်းမာမှု ပြေလျော့ရေး နည်းလမ်းများကို တောင်ကိုရီးယားနှင့် ဆွေးနွေးရန် မြောက်ကိုရီးယားက ထပ်မံ နှိုးဆောင် တောင်းဆိုမှု ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာနက သောကြာနေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

ဘိုးဘေး နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဒီမိုကရက်တစ် တပ်ဦးဟု ခေါ်သော အုပ်စုက "တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား အန္တရာယ် ကြီးမားသော အနေ အထားကို ကျော်လွှား နေစဉ် ပြည်သူ လူထု အနေဖြင့် အတူတကွ ရှေ့သို့ ချီတက်ရေး နည်းလမ်းများကို ရှာဖွေရန်" ၂ နိုင်ငံ လွှတ်တော် အမတ်များ အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ကြရန် ကြိုးစားလျက် ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

အရပ်သား ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့သော နိုဝင်ဘာ ၂၃ ရက်က တောင်ကိုရီးယား ကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်မှု နောက်ပိုင်း ပထမဆုံး တွေ့ဆုံမှု ဖြစ်သည့် စစ်ဖက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်ရန် နှစ်ဖက် စလုံးက မျှော်လင့် ထားကြသည်။

ပြီးခဲ့သော မတ်လက တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုးလ်က စွပ်စွဲခဲ့ပြီး နောက်ပိုင်း တစ်နှစ်ပတ်လုံး တင်းမာမှုများ ကြီးထွား လာခဲ့သည်။ အဆိုပါ သင်္ဘော တိုက်ခိုက်မှုကို မြောက်ကိုရီးယားက ငြင်းဆိုထားသည်။

ပြဿနာကို မီးထွန်း ရှာသည့် လေလုံးထွား ခြောက်လှန့်မှုများကို လပေါင်းများစွာ ပြောကြားခဲ့ ပြီးနောက် ယခု နှစ်တွင် ပြုံယမ်းက နည်းဗျူဟာ ပြောင်းလဲကာ တွေ့ဆုံ ဆွေးနွေးရေးကို မကြာခဏ တောင်းဆိုမှုများ ပြုလုပ် လာခဲ့သည်။

မြောက်ကိုရီးယား အာဏာရ ကွန်မြူနစ် ပါတီက ကြီးစိုးထားသော အဆိုပါ ဒီမိုကရက်တစ် တပ်ဦးက ပြည်သူ့ လွှတ်တော်ဟု ခေါ်သည့် ရာဘာ တံဆိပ်တုံး လွှတ်တော် (ကွန်မြူနစ် အာဏာရှင် နိုင်ငံများတွင် အာဏာရှင် ခိုင်းသမျှ တံဆိပ်တုံး ထုပေးရသည့် လွှတ်တော်) အတွက် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 28 January 2011 ရက်စွဲပါ "Thai government Army deny coup claims" ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းအစိုးရသည် မျှော်မှန်းထားသော ရွေးကောက်ပွဲများ မတိုင်မီ လမ်းပေါ် ဆန္ဒပြပွဲများ အရှိန်မြင့် လာသည့် ကြားမှပင် စစ်တပ်က အာဏာ သိမ်းမည့် အလား အလာနှင့် ရင်ဆိုင် နေရသည်ဟု အတိုက်အခံတို့က ပြောဆိုနေခြင်းကို အစိုးရက ကြာသပတေးနေ့တွင် ပယ်ချ လိုက်သည်။

စစ်တပ်က ထိုင်းနိုင်ငံရေးကို ကြားဝင်ရန် အလား အလာ ရှိနေသည်ဟု အစိုးရ ဆန့်ကျင်သည့် ရှပ်နီ အုပ်စု ခေါင်းဆောင်၊ နိုင်ငံရေး သမား တစ်ဦးက ပြောကြားမှုကို ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီဗားက ပယ်ချလိုက်သည်။

"မဟုတ်ပါဘူး၊ သူတို့ အာဏာ သိမ်းဖို့ မကြံစည်ပါဘူး" ဟု ပြောကြားခဲ့သော ဝန်ကြီးချုပ်က စစ်တပ် ဦးစီးချုပ် ပရာရွတ် ချန်အိုချာသည် ၎င်းအား ထုတ်ပယ်ရန် စီစဉ်မည် မဟုတ်ဟူသော အချက်ကို ယုံကြည် စိတ်ချမှု ရှိကြောင်း ဆက်လက် ပြောသည်။

ယင်းကဲ့သို့ သေချာပေါက် ပြောဆိုမှုများကို ဒုတိယ ဝန်ကြီးချုပ် ဆူသက်သောင် ဆာဗန်က အစောပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း ၁၉၃၂ ခုနှစ် နောက်ပိုင်း ထိုင်းနိုင်ငံတွင် ၁၉ ကြိမ်မြောက် စစ်တပ် အာဏာသိမ်းမှု ဖြစ်လာဖွယ် ရှိသည့် စစ်တပ်၏ လှုပ်ရှားမှုကို အကွဲ အပြဲ ကြီးမားနေသော ထိုင်းနိုင်ငံတွင်း အုပ်စု အချို့က ထောက်ခံ ကြဖွယ် ရှိသည်ဟု ဝန်ခံခဲ့သည်။

"အာဏာ သိမ်းဖို့ တောင်းဆိုနေတဲ့ အုပ်စုတွေ ရှိပါတယ်၊ ဒါပေမဲ့ ဒီလို မတောင်းဆို ကြပါနဲ့၊ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အဖြေ မဟုတ်ပါဘူး၊ ရှပ်နီတွေရဲ့ သူရဲကောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို စစ်တပ်က အာဏာ သိမ်းခဲ့တာ ၅ နှစ်တောင် မပြည့် သေးပါဘူး" ဟု ယင်းက ဆိုသည်။

ထိုင်းစစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆွန်ဆန် ကွေကမ်နတ်ကလည်း ယင်းကဲ့သို့ အစီအစဉ်များ မရှိဟု ငြင်းဆိုခဲ့သည်။ "စစ်တပ် အကြီးအကဲက အာဏာ သိမ်းမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးပါပြီ၊ လက်ရှိ အနေအထားမှာ ဘယ်လို စစ်တပ် ခေါင်းဆောင်ကမှ အာဏာ သိမ်းဖို့ သတ္တိ မရှိပါဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Assiociated Press မှ 28 January 2011 ရက်စွဲပါ "Chinese Journalist who is critical of government fired" ကို ဘာသာ ပြန်ဆိုသည်)

အစိုးရကို ဝေဖန်မှုကြောင့် လူသိများသော သတင်း ဆောင်းပါးရှင် တစ်ဦးက "၎င်း၏ အရေး အသား လေသံကို လျှော့ရန် ငြင်းဆန်သည့် အတွက် တိုင်းပြည်၏ သတ္တိ အကောင်းဆုံး မီဒီယာ လုပ်ငန်းများ ထဲမှ တစ်ခု က ၎င်းအား အလုပ်မှ ထုတ်ပယ်လိုက်သည်" ဟု ပြောကြားသည်။

Southern Media အုပ်စုပိုင် သတင်းစာများတွင် အယ်ဒီတာနှင့် ဆောင်းပါးရှင် အဖြစ် ဆောင်ရွက်ခဲ့သူ ချန်ပင်းက ၎င်းအား အလုပ် ရပ်ဆိုင်းမှုသည် ၎င်းရေးသားခဲ့သော ဆောင်းပါး တစ်ခုချင်းနှင့် မသက်ဆိုင်ဘဲ တသမတ်တည်း ဝေဖန်နေသည့် လေသံကြောင့် ဖြစ်သည်ဟု ပြောသည်။

ချန်ပင်းက ၎င်းအား အလုပ်မှ ထုတ်ပယ်မှုသည် ပြီးခဲ့သော နိုဝင်ဘာလက အထိန်းသိမ်းခံ ဒီမိုကရေစီ လှုပ်ရှားသူ လူများကို ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိပြီး နောက်ပိုင်း အရှိန် မြှင့်လာသည့် လွတ်လပ်စွာ ပြောဆိုခွင့် အပေါ် ကန့်သတ် နှိပ်ကွပ်သည့် တရုတ် နိုင်ငံ စီမံချက်၏ အစိတ် အပိုင်း တစ်ခု ဖြစ်သည်ဟု ယူဆကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Nation သတင်းစာမှ 28 ဇန်နဝါရီ 2011 ရက်စွဲပါ "Kasit to Suu Kyi : no support for dissidends" သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြက ၎င်း၏ ထိုင်းနိုင်ငံ အစိုးရသည် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးနှင့် အမျိုးသား ပြန်လည် စေ့စပ်ရေးကို ထောက်ခံ အားပေး ခဲ့သော်လည်း မြန်မာ အစိုးရပေါ် ဆန့်ကျင်သည့် အုပ်စုများကိုမူ ထောက်ခံမည် မဟုတ်ဟု မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

ဝန်ကြီးကာဆစ်သည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းအစိုးရ၏ မူဝါဒကို ဒေါ်အောင်ဆန်းစုကြည်အား အသေးစိတ် ရှင်းပြရန် အတွက် ပြီးခဲ့သော စနေနေ့က ရန်ကုန်မြို့ ဟိုတယ်တွင် သူမနှင့် တွေ့ဆုံခဲ့သည်။ မြန်မာ နိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများအား ရုတ်သိမ်းရေး အစီ အစဉ်ကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်၍ ထိုင်း-မြန်မာ နယ်စပ်မှ အနေအထားကို ဆွေးနွေးကြရာတွင် နယ်စပ် ဧရိယာမှ လက်နက်ကိုင် ဆန့်ကျင်သူ မှန်သမျှကို ထိုင်းနိုင်ငံက ကူညီခြင်း သို့မဟုတ် ကာကွယ်ပေးခြင်း ရှိမည် မဟုတ်တော့ဟု ကာဆစ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံက လိုလားသည်မှာ မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အကြား စစ်မက် ပြိုင်ဆိုင်မှုကို အဆုံးသတ်ကာ အတူတကွ တွေ့ဆုံ ညှိနှိုင်း စေ့စပ်ရေးပင် ဖြစ်သည်ဟု ကာဆစ်က ဆိုသည်။

"ဒါပေမယ့် မြန်မာနိုင်ငံဟာ ကိုယ့်ပြဿနာကို ကိုယ်ပဲ ရှင်းရမှာပါ၊ အပြင်လူက ဝင်ရှင်းပေးလို့ မရနိုင်ပါဘူး၊ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းမှုနှင့် အောင်မြင် တိုးတက်မှု ရအောင် ကျွန်တော်တို့ ကူညီ သွားမှာပါ" ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(VOA News မှ 27 ဇန်နဝါရီ 2011 ရက်စွဲပါ "U.S Envoy to UN Rights Council Criticizes Burma's Record" သတင်းကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆိုင်ရာ အမေရိကန် သံအမတ်က စစ်ဖက် အုပ်ချုပ်သော အရှေ့တောင် အာရှ မြန်မာ နိုင်ငံတွင် အခြေခံ လွတ်လပ်ခွင့်များ အပေါ် စနစ်တကျ ချိုးဖောက်နေခြင်းကို ရည်ညွှန်းကာ "အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ပတ်သက်၍ အလွန် အမင်း စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်" ဟု ပြောကြားလိုက်သည်။

သံအမတ်ကြီး Eileen Donahoe က ဂျီနီဗာတွင် ကြာသပတေးနေ့က ပြောကြားရာ၌ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားခြင်း အပါအဝင် ကျယ်ကျယ် ပြန့်ပြန့် ကြားသိရသည်။ ညှင်းပမ်း နှိပ်စက်မှုများကို ဝါရှင်တန်က ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြ ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံ၏ ပြန်လည် သုံးသပ်မှု လုပ်ငန်း အစီအစဉ်တွင် အဖွဲ့ဝင် နိုင်ငံများ၏ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများကို ငြင်းခုံ ဆွေးနွေးကြစဉ် သူမ၏ ပြစ်တင် ရှုတ်ချမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရေး အကျဉ်းသားများကို ညှင်းပမ်း နှိပ်စက်မှုများနှင့် ဆက်လျဉ်းသည့် "လွတ်လပ်သော သတင်း ပေးပို့မှု" ရာပေါင်းများစွာ ဝါရှင်တန်၏ လက်ဝယ်တွင် ရှိနေသည်ဟု Donahoe က မြန်မာ ကိုယ်စားလှယ် အဖွဲ့အား ပြောကြားသည်။ ထို့ပြင် နိုဝင်ဘာလတွင် မြန်မာ အစိုးရက ရှားရှားပါးပါး ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပေါ် အမေရိကန် ပြည်ထောင်စု၏ ပြစ်တင် ဝေဖန်မှုကို သူမက ထပ်မံ ပြောကြားခဲ့ပြီး "လွတ်လပ်ခြင်း မရှိ၊ မျှတခြင်း မရှိသည့် ရွေးကောက်ပွဲ" ဟု သုံးနှုန်း ပြောဆိုခဲ့သည်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ကလည်း လာမည့် အပတ်တွင် ခေါ်ယူ ဆွေးနွေးရန် စီစဉ်ထားသည့် လွှတ်တော်သစ်သည် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု၏  အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်ဟု ကာကွယ် ပြောကြားခဲ့သည်။

ကြာသပတေးနေ့က ငြင်းခုံမှုသည် လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်များ အတွက် မြန်မာ အစိုးရ၏ ကမ္ဘာသိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ဖြေရှင်း ဆောင်ရွက်အောင် ဖိအား ပေးရန် အခွင့်အလမ်း တစ်ခု ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် အပတ်တွင် အမေရိကန် အခြေစိုက် Physicians for Human Rights အုပ်စုက မြန်မာ နယ်စပ် ဒေသမှ လူသားထု အပေါ် မြန်မာ အစိုးရက ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွတ်စွဲသည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ၎င်းကိစ္စကို တရားဝင် စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် ကုလ သမဂ္ဂကို တိုက်တွန်းထားသည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာပြည် အနောက် မြောက်ပိုင်း ချင်းပြည်နယ်မှ ဒေသခံ မိသားစု ရာဂဏန်းကို စေတနာ့ ဝန်ထမ်းများက မေးမြန်း စူးစမ်းခဲ့ရာ၌ ၎င်းတို့အများစု အပေါ် မြန်မာ အာဏာပိုင်များ၏ သတ်ဖြတ်မှုများ၊ မုဒိန်း ကျင့်မှုများ၊ အဓမ္မ ခိုင်းစေမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ကြားသိခဲ့ရသည်ဟု လူ့အခွင့်အရေး အုပ်စုက ဖော်ပြ ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(27 ဇန်နဝါရီ 2011 ရက်စွဲပါ The Economist မှ A parlia,ent, but not as you know it ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ၏ မြို့တော်သစ် နေပြည်တော်တွင် ကြီးမားလှသော လွှတ်တော် အဆောက်အအုံ သစ်ကြီးက ပထမဆုံး လွှတ်တော် အမတ်များကို စောင့်ကြိုလျက် ရှိသည်။ နိုဝင်ဘာ ရွေးကောက်ပွဲအ ပြီးတွင် စစ်တပ် အစိုးရသည် လွှတ်တော် နှစ်ရပ်အား ဇန်နဝါရီ (၃၁) ရက်နေ့တွင် စတင် ဖွင့်လှစ်ပြီး ဒီမိုကရက်တစ် သမိုင်းသစ် ရေးထိုးတော့မည် ဖြစ်သည်။ လွှတ်တော် အနေဖြင့် ပထမဆုံး လုပ်ရမည့် အလုပ်မှာ သမ္မတ တစ်ဦးနှင့် ဒုတိယ သမ္မတ နှစ်ဦး ရွေးချယ်ပေးရေးပင် ဖြစ်သည်။

အမတ်များကို နောက်ထပ် စောင့်ကြိုနေသော အရာ တစ်ခုမှာ ၎င်းတို့၏ လုပ်ဆောင်မှုများကို ထိန်းချုပ်မည့် ဥပဒေ နည်းဥပဒေသစ်များ ဖြစ်ပြီး  အတွဲ (၁၇) တွဲ ပါသော ဥပဒေ နည်းဥပဒေများကို ဇန်နဝါရီ ၁၁ ရက်နေ့က တိတ်တဆိတ် ထုတ်ဝေခဲ့သည်။ အဆိုပါ ဥပဒေများကို ကြည့်ခြင်းဖြင့် အစိုးရက တရားဝင် ကြေညာခြင်း မပြုသော ပါလီမန်သစ်မှ မျှော်လင့် နိုင်သည်များကို မှန်းဆနိုင်မည် ဖြစ်သည်။ ဥပဒေများကို ဖတ်ရှုပြီးသူ တစ်ဦး၏ အဆိုအရ လွှတ်တော် အမတ်များသည် မေးခွန်းပင် မေးခွင့်မရှိဟု ဆိုသည်။ မေးလိုသော မေးခွန်းကို အစည်းအဝေး မကျင်းပမီ ၁၀ ရက် ကြိုတင်၍ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရမည်ဟု ဖော်ပြထားသည်။ အဆိုပါ မေးခွန်းများသည် နိုင်ငံတော် လျှို့ဝှက်ချက်များကို ထုတ်ဖော်ခြင်း ဟုတ်မဟုတ်၊ နိုင်ငံတကာ ဆက်ဆံရေးကို ပြဿနာ ဖြစ်စေမည် ဟုတ်မဟုတ်၊ နိုင်ငံ့ အကျိုးစီးပွား ပျက်စီးစေရန် ဟုတ်မဟုတ် တို့ကို သေချာစွာ စစ်ဆေးမည်ဟု ဆိုသည်။ သို့ဆိုလျှင် အားနည်းချက်များ ရှိပြီး ညံ့ဖျင်းသော မေးခွန်းများသာ မေးရန် ရှိတော့မည်။ ထိုမေးခွန်းများကိုလည်း ပယ်ပြစ်ရန် အခွင့်အရေး ရှိနေသေးသည်။

လွှတ်တော် အမတ်များကို လွှတ်တော် စတင်သည့် နေ့တွင်  ကင်မရာများ၊ ရေဒီယိုများ၊ ကက်ဆက်များ၊ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့် အခြား အသံလွှင့် ပစ္စည်းများ ယူဆောင် မလာရန် သတိ ပေးထားသည်။ ပြည်သူများ အဖို့ ပါလီမန်တွင် ပြောဆိုမှုများကို ဝင်ရောက် ကြည့်ရှုရန် စဉ်းစားရန်ပင် မဖြစ်နိုင်ပေ။ တာဝန်ရှိသူ၏ တိုက်ရိုက် ခွင့်ပြုချက် မရပဲ အထက်ပါ ကိစ္စရပ်များကို ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ကြီးလေးသော ဒဏ်ငွေ ချမှတ်ခံရမည် ဖြစ်သည်။

လွှတ်တော် နှစ်ရပ် စလုံးတွင် စစ်တပ် အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကသာ လွှမ်းမိုးလိမ့်မည် ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ခြင်းကြောင့် USDP သည် အမတ်နေရာ အတော် များများကို အနိုင် ရရှိခဲ့သည်။ NLD သည် ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည်။

USDP သည် လွှတ်တော် နှစ်ရပ် စလုံးတွင် အမတ် နေရာ ငါးပုံ ပုံ လေးပုံခန့် အနိုင် ရရှိခဲ့သည်။ တချိန်တည်းမှာပင် တပ်မတော်သည် လွှတ်တော် နှစ်ရပ် စလုံးနှင့် ဒေသဆိုင်ရာ လွှတ်တော် များတွင် အမတ်နေရာ၏ ၂၅ % ကို ရရှိထားသည်။ ထို့ကြောင့် စစ်တပ်မှသာ ချုပ်ကိုင် ထားမည့် ပါလီမန်သည် ၎င်းတို့အား ဆန့်ကျင်မည့် အင်အားကို အနည်းဆုံးတွင် ထိန်းသိမ်း ထားနိုင်မည် ဖြစ်သည်။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သမ္မတ နေရာကို ၎င်းအလို ရှိပါက အလွယ် တကူပင် ရယူနိုင်မည် ဖြစ်သည်။ သို့သော် ၎င်းသည် နောက်ကွယ် မှနေ၍ ကြိုးကိုင်ခြင်းကို ပို၍ နှစ်သက်ပေလိမ့်မည်။

ပါလီမန်တွင် အတိုက်အခံ အဖြစ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)နှင့် တိုင်းရင်းသား ပါတီများမှသာ ဝင်ရောက်လာသည်။ အနည်းဆုံး တစ်နေရာ အနိုင်ရသော ပါတီ အပါအဝင် (၁၇) ပါတီ ရှိနေသည်။ NDF ပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ သပိတ် မှောက်ခြင်းကို သဘော မတူသော NLD အဖွဲ့ဝင် ဟောင်းများဖြင့် ဖွဲ့စည်းထားသည်။ NDF သည် (၁၆) နေရာသာ အနိုင်ရသည်။ သို့သော် NDF ၏ တာဝန်ရှိ အကြီးတန်း ခေါင်းဆောင် ဦးခင်မောင်ဆွေက မိမိတို့ အင်အား သေးသော်လည်း ပြည်သူလူထု ကိုယ်စား ပြောဆိုခွင့် ရလိမ့်မည်ဟု ဆိုသည်။ ၎င်းက ပြောရာတွင် NDF တွင် ရည်မှန်းချက် (၃) ခု တင်ပြရန် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့်၊ စီးပွားရေး ပြိုင်ဆိုင်မှုအတွက် ဥပဒေသစ်နှင့် စိုက်ပျိုးမြေ ပိုင်ဆိုင်မှု အတွက် ဥပဒေသစ်များ ဖြစ်ကြောင်း ပြောသည်။

သို့သော် ကိန်းဂဏန်းနှင့် လုပ်ငန်း လုပ်ဆောင်များတွင် အခက်အခဲများ ရှိနေရာ အတိုက်အခံ အဖို့ ရည်မှန်းချက် အောင်မြင်အောင် ရုန်းကန် ရပေလိမ့်မည်။ အမှန် တကယ်တွင် ဒီမိုကရေစီ အယောင် ဆောင် လုပ်ငန်းစဉ် ဖြစ်သည့် လွှတ်တော်တွင် ပါဝင်ရခြင်းသည် NDF အဖို့ အာဏာရှင် စနစ်ကို ဒီမိုကရေစီ မျက်နှာဖုံး တပ်ရာတွင် ပါဝင်ခွင့် ရရုံသာ ရှိပေလိမ့်မည်။ ထို့အတူ အာဆီယံ အသင်းကြီး ကလည်း ယခု လွှတ်တော်ကို ညွှန်ပြလျက် မြန်မာ နိုင်ငံတွင် ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်နေပြီ ဖြစ်၍ အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းရန် အချိန် ရောက်ပြီ ဖြစ်ကြောင်း ငြင်းချက် ထုတ်ခဲ့သည်။ ဦးခင်မောင်ဆွေသည် ၎င်းတို့၏ ပါတီအပေါ် ဝေဖန်မှုများအား ချေပရာတွင် NDF သည် စစ်တပ်၏ ရုပ်သေးရုပ် တစ်ခု မဟုတ်သလို ထိပ်တိုက် တွေ့ဆုံရေး လုပ်မည့်သူလည်း မဟုတ်ကြောင်း ဆိုခဲ့သည်။

တိုင်းရင်းသား ပါတီများ အတွက်မူ ထိုထက် ပို၍ မျှော်လင့်နိုင်မည် ဖြစ်သည်။ တိုင်းဒေသကြီး (၁၄)ခု အနက် (၇)ခုတွင် တိုင်းရင်းသား ပါတီများသည် နေရာ အတော် များများ အရွေးခံရခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင် ဆိုစေ ဗဟိုအစိုးရသည် ဒေသဆိုင်ရာ လွှတ်တော်များ အပေါ် တင်းကြပ်စွာ ထိန်းချုပ် ထားမည်မှာ အသေအချာ ဖြစ်သည်။ ဒေသ ဆိုင်ရာ လွှတ်တော်များသည် အများ ထင်သလို သက်ဆိုင်ရာ ဒေသ မြို့တော်များတွင် ရုံးထိုင်ရမည် မဟုတ်ပဲ နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ တွင်သာ ထိုင်ကြရမည် ဖြစ်သည်။

NLD သည် ယခု လွှတ်တော်ကို အတု အယောင် အဖြစ် လက်မခံခဲ့ပါ။  ၂၀၀၈ ခုနှစ် မလွတ်မီ အထိ ထောင်ထဲတွင် ၁၉နှစ် နေခဲ့ရသော NLD ၏ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဦးဝင်းတင်က "ပါလီမန်က ဘာမှ မဟုတ်ပါဘူး၊ လွှတ်တော်ထဲ ရောက်ရောက် မရောက်ရောက် အခြေအနေက အတူတူပါပဲ၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်မှ မရှိတာ" ဟု ပြောခဲ့သည်။

NLD သည်  ဘေးမှ ထိန်းသိမ်း ပေးမည့် နောက်ထပ် အစိုးရ သဖွယ် လုပ်ပေးနိုင်ကြောင်း ဦးဝင်းတင်က ပြောသည်။ NLD သည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲကို သပိတ်မှောက်မှုကြောင့်  ပါတီအဖြစ် တရားဝင် ရပ်တည်ခွင့် မရှိတော့ခြင်းအား တရားရုံးတွင် တရားဝင် ရပ်တည်နိုင်ရေး လျှောက်ထားလျက် ရှိသည်။ NLD သည် အတိုက်အခံ ပြုရာတွင် ပိုမို ဆန်းသစ် ထိရောက်မှု ရှိရန် လိုအပ်နေကြောင်း ကိုလည်း သဘောပေါက်သည်။ အိုင်ဒီယာ တစ်ခုမှာ အင်တာနက် အသုံးပြု၍ "အွန်လိုင်း ပါလီမန်" ဖန်တီး၍ ပြည်တွင်း ပြည်ပ အတိုက် အခံများ အကြောင်း ကိစ္စများကို ဆွေးနွေး နိုင်မည်ဟု ဆိုသည်။ ယခု အပတ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်တာနက်ကို ပထမဆုံး အကြိမ် တပ်ဆင်ခွင့် ရခဲ့သည်။ သူမသည် အောက်ခြေ လူတန်းစားမှ စ၍ စုစည်းနိုင်ရေး အတွက် ၎င်းပါတီမှ ပြုလုပ်သော  လူမှုရေး လုပ်ငန်းများနှင့် အခြား အစီအစဉ်များသို့ သွားရောက် လည်ပတ်ခြင်းကို အချိန် များစွာ ပေးခဲ့သည်။

အစိုးရက ပါလီမန် ဖွဲ့စည်းမှုသည် ပြည်သူ လူထုက ဒေါ်အောင်ဆန်း စုကြည်ထက် ပို၍ စိတ်ဝင်စားရန် မျှော်လင့်သော်လည်း လက်တွေ့တွင် သူမကသာ ပေါ်ပြူလာ ဖြစ်ဆဲ ရှိသည်ကို တွေ့ရပါမည်။ အမှန် တကယ်တွင်လည်း စမ်းကြည့်မည် ဆိုပါက အစိုးရက ကာကွယ် ပြောဆိုလျက် ရှိသော ဒီမိုကရေစီ လမ်းကြောင်း အသစ်သည် ပါလီမန်မှ ထွက်ပေါ်လာမည် မဟုတ်ပဲ ဒေါ်အောင်ဆန်း စုကြည် ရန်ကုန် ပြည်ပသို့ ခရီး ထွက်ကြည့်လိုက်ပါက သူမ၏ သတင်း စကားများ တစ်ပြည်လုံး ပြန့်သွားမည် ဖြစ်သည်။ ထို့ကြောင့်ပင် စစ်အစိုးရသည် သူမအား နှစ်ပေါင်း များစွာ နေအိမ် အကျယ်ချုပ်ဖြင့်  ကန့်သတ် ထားခြင်း ဖြစ်သည်။ ထိုသို့ နောက်တစ်ကြိမ် ထပ်လုပ် ဝံ့ဦးမည်လော ဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေချေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 26 ဇန်နဝါရီ 2011 ရက်စွဲပါ "South Korea seeks military talks with North Korea next month" သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားက လာမည့် လတွင် မြောက်ကိုရီးယားနှင့် လုပ်ငန်း ညှိနှိုင်းမှု အဆင့် စစ်ဖက် ဆွေးနွေးပွဲများ ကျင်းပရန် ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပြီ ဖြစ်ရာ ပြီးခဲ့သော နိုဝင်ဘာလက လူအသေ အပျောက် ရှိခဲ့သော မြောက်ကိုရီးယားတို့၏ ပစ်ခတ်မှု နောက်ပိုင်း ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်လာဖွယ် ရှိသည်။

ဖေဖော်ဝါရီ ၁၁ ရက်၌ နယ်စပ် အပစ်ရပ် ကျေးရွာ ပန်မွန်ဂျုံတွင် အစည်းအဝေး ပြုလုပ်ရန် အကြံပြုသည့် အကြောင်း ကြားစာကို မြောက်ကိုရီးယားသို့ ပေးပို့လိုက်ပြီဟု ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြားသည်။

ယခု အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အဆင့်မြင့် စစ်ဖက် ဆွေးနွေးပွဲများ အတွက် အချိန်၊ နေရာနှင့် အစီအစဉ် သတ်မှတ်ရန် ဖြစ်သည်။ လပေါင်း အတန်ကြာ တင်းမာနေမှုများ ပြေလျော့စေရန် ကြိုးပမ်းသည့် အနေဖြင့် ထိပ်ပိုင်း အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက် စလုံးက ယခင် အပတ်တွင် သဘော တူညီခဲ့ကြသည်။

နိုဝင်ဘာ ၂၃ရက်က တောင်ကိုရီးယား ရေပြင်ပိုင်နက်ရှိ ကျွန်းတစ်ကျွန်းကို မြောက်ကိုရီးယားက  အမြှောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၄ ဦး သေဆုံးကာ တင်းမာမှု  ကြီးထွား လာခဲ့ပြီး နောက်ပိုင်း ယခု ပန်မွန်ဂျုံ အစည်းအဝေးသည် ပထမဆုံး တွေ့ဆုံမှု ဖြစ်လာဖွယ် ရှိသည်။

ဆိုးလ်၏ နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာန ကလည်း ပြုံယမ်းအား ၎င်း၏ နျူကလီယာ အစီအစဉ်နှင့် သက်ဆိုင်သော သီးခြား ဆွေးနွေးပွဲများ ကျင်းပရေးကို သဘောတူရန် တိုက်တွန်းထားသည်။

နျူကလီယာ ဖျက်သိမ်းရေး၊ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး၊ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး စစ်မှန်စွာ တိုးတက်ရေးတို့အတွက် မြောက်ကိုရီးယား၏ ဆန္ဒ သဘောထားကို အတည် ပြုရန် အဆိုပါ ဆွေးနွေးပွဲများ မဖြစ်မနေ ကျင်းပရမည်ဟု ဆိုးလ်မှ ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Asia Society ၏ 24 ဇန်နဝါရီ 2011 ရက်စွဲပါ "As Burma meets, US should press engagement" သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ လွှတ်တော်ကို ၂၂ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် ဇန်နဝါရီ ၃၁ ရက်တွင် ခေါ်ယူ ဆွေးနွေးတော့မည် ဖြစ်သည်။ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သုံးရပ်တွင် တပ်မတော် အတွက် သီးသန့် ဖယ်ထားသော လွှတ်တော် ကိုယ်စားလှယ် နေရာ ၂၅ % ရာခိုင်နှုန်းကို ဖြည့်တင်းပေးမည့် တပ်မတော် အရာရှိ ၄၀၀ နီးပါးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခန့်အပ် တာဝန် ပေးလိုက်ပြီဟု Asia Society ၏ ကမ္ဘာလုံး ဆိုင်ရာ မူဝါဒ အစီအစဉ်များ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Suzanne DiMaggio က ပြောကြားသည်။

၂၀၀၈ အခြေခံ ဥပဒေ အရာ ဆိုလျှင် မြန်မာ ခေါင်းဆောင်များ အနေဖြင့် ဖေဖော်ဝါရီ ၅ရက် (ရွေးကောက်ပွဲ အပြီး ၃ လအကြာ) နောက်ဆုံးထား၍ ဖွဲ့စည်းရန် လိုအပ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ သမ္မတ အဖြစ် ခန့်အပ်ကာ ဦးတင်အောင်မြင့်ဦးကို ဒုတိယ သမ္မတ ခန့်အပ်မည်ဟု ကျယ်ကျယ် ပြန့်ပြန့် မှန်းဆမှုများ ရှိနေပြီး နောက်ထပ် ဒုတိယ သမ္မတ နေရာ ကိုလည်း မကြာမီ သိရှိရမည်ဟု မျှော်လင့်ရသည်။ သေချာသည့် အချက်မှာ နိုင်ငံရေး နယ်ပယ် အတွင်း ပြန်လည် အသက် ဝင်လာမည့် စစ်ဗိုလ်ချုပ်များ သာလျှင် အစိုးရ အဖွဲ့ အတွင်း တစ်နှစ်(သို့) ငါးနှစ်အထိ ကျန်နေနိုင်မည့် အချက် ဖြစ်သည်။ ဤအနေအထားသည် အသစ် တင်မြှောက်၊ ခန့်အပ်သည့် လွှတ်တော်က မြန်မာပြည်၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ချက်ခြင်း (သို့) များမကြာမီ ဆောင်ကြဉ်း ပေးလိမ့်မည် ဟူသော အလား အလာ လက္ခဏာ မဟုတ်ပါ။

အမှန်စင်စစ်၊ အမှန်တကယ် အရေးပါသော အသွင် ကူးပြောင်းမှုများ သိသိသာသာ ထွက်ပေါ်လာရန် အတွက် ဆယ်စုနှစ်များ မဟုတ်လျှင်ပင် နှစ်ပေါင်း အတော် ကြာဦးမည် ဖြစ်သည်။ ယခုကဲ့သို့ နောက်ပြန် သွားနေသည့် ဖြစ်ရပ်ကို တားဆီးရန် အတွက် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲ အလွန် အစိုးရက ဒီမိုကရေစီ ထွန်းကားရေး၊ အမျိုးသား ပြန်လည် စေ့စပ်ညှိနှိုင်းရေးနှင့် လူ့အခွင့်အရေး တို့ကို ဦးတည်မှုနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရ အနေဖြင့် သတိရှိရှိ ဆက်လက် စောင့်ကြည့် ရမည် ဖြစ်ကာ၊ အနာဂါတ် မြန်မာ ခေါင်းဆောင်များ အကြား အဆိုပါ ရည်မှန်းချက်များကို ကောင်းစွာ နားလည် သဘောပေါက်ရေးကို မြှင့်တင်ရန် ရည်ရွယ်၍ တွေ့ဆုံ ညှိနှိုင်းမှု လုပ်ငန်းစဉ်ကိ ဆက်လက် ဆောင်ရွက်ရန် အားထုတ်မှုများကို အရှိန် မြှင့်ရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် မစဉ်းစားမီ မြန်မာ စစ်အစိုးရ အနေဖြင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ကို အသိအမှတ် ပြုပြီး သူမနှင့် ဒိုင်ယာလော့ခ် ပြုလုပ်ကာ ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်း အမေရိကန် သံတမန်တစ်ဦးက ပြောကြားလိုက်သည်။

အာဆီယံနှင့် အင်ဒိုနီးရှား နိုင်ငံက ကိုရီးယား ကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းရာ၌ တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်နေမှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါကြောင်း ၎င်းက ဆိုသည်။ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Y Yun က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာ့ အရေးကိစ္စနှင့် ပတ်သက်၍ တူညီသော အဆိုပြုမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း ပြောကြားသည်။

"အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တောင်းဆိုမှုတွေဟာ တကယ့်ကို ပြည့်စုံ ကောင်းမွန်ပါတယ်။ မြန်မာ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို အလေးအနက် ထားပြီး လက်တွေ့ကျကျ လုပ်ကိုင် ဆောင်ရွက် ပေးသင့်ပါတယ်" ဟု မစ္စတာ Joseph Yun က ပြောသည်။

အရှေ့ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကျွမ်းကျင်သူ မစ္စတာ Yun က အကယ်၍ မြန်မာ အစိုးရကသာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုမှုများ အတိုင်း စနစ်တကျ လိုက်ပါ ဆောင်ရွက်မည် ဆိုပါက အပြုသဘော ဆောင်သော တုံ့ပြန်မှုများ ရှိလာမည် ဖြစ်ကြောင်း ပြောဆိုသည်။

"ပြောရရင်တော့ ရှင်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် တိုးတက်မှု ရှိအောင် လုပ်လာတာနဲ့ အမျှ နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုတွေ မဖြစ်မနေ လုပ်လာမယ်လို့ ထင်ပါတယ်" ဟု ဆက်လက် ပြောသည်။

အင်ဒိုနီးရှား နိုင်ငံ လွန်းမ်ဘွတ် (Lombok) ကျွန်းတွင် ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲ၌ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ ကနေဒါ အပါအဝင် အာဆီယံ၏ ဒိုင်ယာလော့ခ် မိတ်ဖက်နိုင်ငံများ အနေဖြင့် မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားရေးကို စဉ်းစားရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ထုတ်ဖော် ပြောဆိုကြသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်သောကြောင့်ဟု ဆိုသည်။ သို့သော် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အတူ ပူးတွဲ လုပ်ဆောင် သင့်ကြောင်း ပြောဆိုသည်။

မြန်မာ့ နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသော နိုင်ငံရေး ပါတီများ မြန်မာနိုင်ငံ အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင် လုပ်ကိုင် ပေးနိုင်ရေး အတွက် ပြီးပြည့်စုံသည့် ဒိုင်ယာလော့ခ် ဖြစ်ပေါ်အောင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများက တွန်းအား ပေးခဲ့ကြောင်း မစ္စတာ Marty Natalegawa က ဆိုသည်။

အာဆီယံ အဖွဲ့က ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စအတွက် အကူအညီ ပေးရန် စိတ်ဆန္ဒ ရှိသည့် အတွက် ကြိုဆို လိုက်ပါကြောင်း မစ္စတာ Yun က ချီးမွမ်း ပြောဆိုသည်။ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်မှု ရှိရေးနှင့် မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးတို့ ချိတ်ဆက် နေသည် ဟုလည်း ၎င်းက သုံးသပ်သည်။

"အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းပြီး နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီနဲ့ ပြန်လည် ပူးပေါင်းလာဖို့ အဆိုပြုတဲ့ နေရာမှာ ရှင်းရှင်း လင်းလင်း ရှိထားသင့်တယ်လို့ ထင်ပါတယ်" ဟုလည်း ဆိုသည်။

တောင်နှင့် မြောက်ကိုရီးယား အကြား ဖြစ်ပေါ်လျက် ရရှိသော ပဋိပက္ခ အတွက် အဖြေ ရှာရာတွင် ပိုမို တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လွန်းမ်ဘွတ် ဆွေးနွေးပွဲတွင် သဘော တူညီခဲ့ကြသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊  ဂျပန် နှင့် တောင်-မြောက် ကိုရီးယား တို့ ပါဝင်သည့် မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို အာဆီယံ အနေဖြင့် ထောက်ပံ့ ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

အင်ဒိုနီးရှား နိုင်ငံ အာဆီယံအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်စဉ် ကိုရီးယား ကျွန်းဆွယ် ပြဿနာ ဖြေရှင်းရေး အတွက် အာဆီယံ အနေဖြင့် များစွာ လုပ်ဆောင် ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ပြောဆိုသည်။ "ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ ပါတဲ့ နိုင်ငံတွေနဲ့ အဆက်အသွယ်တွေ ပြုလုပ်ပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့ ဘယ်လို လုပ်ကိုင် ဆောင်ရွက်နိုင်မလဲ ဆိုတာ သိလာ ပါလိမ့်မယ်" ဟု ဆိုသည်။

Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.