yangonchronicle2011 |
၁၅.၁၁.၂၀၁၁
ပြည်တွင်းသတင်းများ
- မမ လက်မှတ်ခ ဈေးတက်သော်လည်း နိုင်ငံခြားသားများအတွက် လက်မှတ်ခ ဈေးမတက်သေး
- အခွန်ရှောင်သူ ဖော်ထုတ်ရေး စီမံချက် ရေးဆွဲမည်
- ကတ္တရာနှင့် ကျောက်မပါသည့် လမ်းခင်းစနစ် မြန်မာတွင် စတင်စမ်းသပ်မည်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- NLD မှတ်ပုံတင်ပါက ၂၀၁၀ ရွေးကောက်ပွဲဝင် ခွဲထွက်ပါတီများ ပြန်လည်ပူးပေါင်းမည်
- KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဖွဲ့စည်း
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
**********************************
ပြည်တွင်းသတင်းများ
မမ လက်မှတ်ခ ဈေးတက်သော်လည်း နိုင်ငံခြားသားများအတွက် လက်မှတ်ခ ဈေးမတက်သေး
မြန်မာ့မီးရထားမှ ပြည်တွင်းခရီးသွားများအတွက် ရထားလက်မှတ်ခ နှုန်းထားများကို တိုးမြှင့်သတ်မှတ်လိုက်သော်လည်း နိုင်ငံခြား ခရီးသွားများအတွက် ရထားလက်မှတ်ခကို တိုးမြှင့်သတ်မှတ်ခြင်းမရှိသေးကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ပြည်တွင်းရှိ ခရီးသွားများအတွက် ရထားလက်မှတ်ကို ယခင်ထက် သုံးဆ တိုးမြှင့် သတ်မှတ် လိုက်သော်လည်း ပြည်ပခရီးသွား နိုင်ငံခြားဧည့်သည်များအတွက်မူ ရထားလက်မှတ်ခကို ယခင်အတိုင်းပင် သတ်မှတ်ထားပြီး တိုးမြှင့်ခြင်းမရှိသေး ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံခြားသား ခရီးသွားများအတွက် သတ်မှတ်ထားသည့် ရထားလက်မှတ်ခများမှာ ရန်ကုန်-မန္တလေး အိပ်စင် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၃၊ အထက်တန်းထိုင်ခုံ တစ်ဦးလျှင် ဒေါ်လာ ၃၀၊ ရိုးရိုးတန်း ထိုင်ခုံတစ်ဦးလျှင် ဒေါ်လာ ၁၁ ဖြစ်၍ ရန်ကုန်-ပုဂံ အိပ်စင် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၊ အထက်တန်းထိုင်ခုံ တစ်ဦးလျှင် ဒေါ်လာ ၄၀ တို့ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ပြည်တွင်း လက်မှတ်ခနှုန်းထားများ တိုးမြှင့်သလို နေ့စဉ်ရထားစီး၍ သွားလာလုပ်ကိုင်နေကြသည့် ပြည်သူများအတွက်လည်း မြန်မာ့မီးရထားမှ ထိုက်သင့်ပြည့်စုံသည့် ဝန်ဆောင်မှုများပေးရန် လိုအပ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
YC
-----------------------------------------------------------------------------------------------------------------------------------
အခွန်ရှောင်သူ ဖော်ထုတ်ရေး စီမံချက် ရေးဆွဲမည်
အစိုးရပောာင်း လက်ထက်မှစတင်၍ ယခုအစိုးရသစ် လက်ထက်ထိတိုင် အခွန်တိမ်းရှောင်လျက်ရှိနေသူများအား ရှာဖွေဖော်ထုတ်ရေးနှင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ လစ်လပ်မှု မရှိစေရေး ရည်ရွယ်၍ အခွန်ထမ်းသစ်ဖော်ထုတ်ရေး စီမံချက်ကို ရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အခွန်ထမ်းတွေရဲ့ ရပ်ကွက်၊ ရုံး၊ လမ်းအလိုက် အင်္ဂါ၊ ကြာသပတေးနေ့တွေမှာ စီမံချက်ပါအတိုင်း ကွင်းဆင်း ဆောင်ရွက်သွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၂- ၂၀၁၃ ခုနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ရန်ပုံငွေ ခန့်မှန်းခြေငွေစာရင်း လျာထားချက်အဆိုတင်ပြရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသော်လည်း အခွန်တိမ်းရှောင်လျက်ရှိသည့်သူများကို ဖော်ထုတ်ရေးအတွက် မြို့နယ်အလိုက် အခွန်ကြီးကြပ်မှု မှတ်တမ်းစာအုပ်များပြုစုကာ ရပ်ကွက်အလိုက်၊ လမ်းအလိုက်မြေပုံများပေါ်တွင် အခွန်ထမ်းသမားများ၏ လုပ်ငန်းနေရာများကို အမှတ်အသား ပြုစုထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခွန်ထမ်းသစ်ဖော်ထုတ်ရေး စီမံချက်ရေးဆွဲပြီးပါက တစ်ပတ်လျှင် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူ များမှ ရပ်ကွက်နှင့် လမ်းများတွင် ကွင်းဆင်းစစ်ဆေး၍ မှတ်သားထားသည့်မှတ်တမ်းစာအုပ်တွင် မပါဝင်သော မြေပြင်၌ တွေ့ရှိရသည့် လုပ်ငန်းသစ် များကို ရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်လိုငွေပြမှုမှာ ၂၂ ဘီလီယံကျော် ရှိနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဌာနအားလုံးကို အခွန်အကောက်များရရှိစေရေးနှင့် အသုံးစရိတ်များ အလေအလွင့် မရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဘတ်ဂျက်လိုငွေများ ပြန်လည်ဖြည့်တင်းနိုင်ရန် သာမန်ရငွေများ တိုးမြှင့်ရရှိစေရေးနှင့် အသုံးစရိတ်ချွေတာ သုံးစွဲရေးအတွက် အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ကတ္တရာနှင့် ကျောက်မပါသည့် လမ်းခင်းစနစ် မြန်မာတွင် စတင်စမ်းသပ်မည်
မြန်မာနိုင်ငံအတွင်း ကတ္တရာနှင့် ကျောက်မပါသည့် လမ်းခင်းစနစ် (Road Paverasia) နည်းပညာဖြင့် ရန်ကုန်မြို့ရှိ မော်တော်ကားလမ်းများ ပေါ်တွင် စတင်အသုံးပြု၍ လမ်းပြုပြင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအသုံးပြုမည့် လမ်းခင်းစနစ်နည်းပညာမှာ သြစတြေးလျနည်းပညာဖြစ်ပြီး မြေကိုဆွ၍ ရေနှင့်ဖျန်းကာ ဆေးရည်ဖြင့် မြေကြီးကိုရောစပ် မျှတမှုပြုပြီး လမ်းကြိတ်စက်များ အသုံးပြုခင်းသည့် နည်းပညာဖြစ်ပြီး ရန်ကုန်မြို့ရှိ ကားလမ်းများ ကောင်းမွန်သွားပါက လမ်းကောက်ခများကိုပါ ပိုမို ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု မြန်မာနိုင်ငံအတွင်း စတင်အသုံးပြုမည့် (Road Paverasia) နည်းပညာသည် လမ်းမိုင်တစ်မိုင်အား ကတ္တရာနှင့်ခင်း၍ ကုန်ကျမည့် ကုန်ကျငွေထက် ၁၀ ပုံ ၁ ပုံခန့်သာ ကုန်ကျမည်ဖြစ်ပြီး မလေးရှားနိုင်ငံ MOCOM Corporation Group မှယင်းနည်းပညာကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ ယခုနည်းပညာသည် ကွန်ကရစ်လမ်းပေါ်တွင်လည်း ထပ်ပိုးလွှာခင်း၍ရကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
“အခုမော်တော်ကားလမ်းတွေ ပိုမိုကောင်းမွန်အောင်လုပ်ပေးနေတယ်။ ရန်ကုန်မြို့မှာလည်း လမ်းတွေပြင်ဖို့ လုပ်ပေးနေတယ်။ ပုဂ္ဂလိက တွေကို အပ်ပြီးတော့လည်း လုပ်နေတယ်။ လမ်းကောက်ခတွေ တောင်းတဲ့အခါမှာ ပိုမကောက်အောင်လည်း ပြောနေတယ်။ လမ်းကောင်းရင် ကားတွေ မပျက်ဘူးပေါ့။ အဲဒီလို ညှိနှိုင်းနေတယ်။ နောက်ပြီးတော့ ပုဂ္ဂလိကကိုလည်း လမ်းတွေပြင်ခိုင်းဖို့လုပ်နေတယ်။ စင်္ကာပူနိုင်ငံတို့လို လမ်းမျိုးတွေဖြစ်အောင် ရန်ကုန်မြို့က လမ်းတွေကိုလည်းလုပ်ဖို့ အခုစပြောနေပြီ” ပာု အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် သတင်း မီဒီယာများ တွေ့ဆုံပွဲ၌ အမှတ်(၁)နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။
လမ်းပြုပြင်ရေးကိစ္စနှင့် ပတ်သက်၍ နေ့စဉ်မြို့ထဲသို့သွားလာနေသူတစ်ဦးက “အလုပ်လုပ်ရလို့ မပင်ပန်းဘူး။ ကားစီးရလို့ တော်တော့်ကို ပင်ပန်းတယ်။ ဒီကြားထဲ လမ်းတွေကပျက်နေတော့ ခရီးသွားရလာရ တော်တော်ကို မလွယ်ကူဘူး။ ဖြစ်သင့်တာက နိုင်ငံတော်က လမ်းတွေ ဒီထက်ပို ကောင်းအောင်လုပ်ပေး။ ပြည်သူတွေကလည်း အခွန်မှန်မှန်ပေးဆို ပိုကောင်းတာပေါ့” ပာု ပြောကြားခဲ့သည်။
YC
***************************************************************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
NLD မှတ်ပုံတင်ပါက ၂၀၁၀ ရွေးကောက်ပွဲဝင် ခွဲထွက်ပါတီများ ပြန်လည်ပူးပေါင်းမည်
အစိုးရသစ်လက်ထက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ မှတ်ပုံတင်ပါက ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ခွဲထွက်နိုင်ငံရေးပါတီများမှ NLD နှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခွဲထွက်၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မကြာသေးမီက ပြင်ဆင်လိုသည့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသည့် အပြောင်းအလဲများအပေါ် မူတည်၍ NLD ပါတီမှ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စနှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ကိစ္စရပ်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင်ရှိသည့် ဗပိာုဦးစီးအဖွဲ့ဝင်များကို အစည်း အဝေးခေါ်ယူ၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အသစ်ဖွဲ့စည်းခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်အခြေစိုက် အမျိုးသား ဒီမိုကရေစီပါတီသစ်အနေဖြင့်လည်း ပါတီတွင်ပါဝင်သည့် ပါတီဝင်များ၏ သဘောဆန္ဒဆုံးဖြတ်ပေါ်မူတည်၍ NLD နှင့် ပူးပေါင်းရေးကို စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်တာနက်ဝက်ဆိုဒ် တစ်ခုဖြစ်သည့် Facebook စာမျက်နှာတွင်လည်း NLD မှတ်ပုံတင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ မှတ်ပုံတင်ရန် ထောက်ခံခဲ့သူ ဦးရေမှာ ၈၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
NLD မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးကလည်း “ကျွန်တော့်အနေနဲ့ကတော့ NLD မှတ်ပုံ တင်သင့်တယ်လို့ထင်ပါတယ်။ အကယ်၍ မှတ်ပုံမတင်ဘူးဆိုရင် တရားမဝင်ပါတီအဖြစ် ဖျက်သိမ်းခံရမှာပဲ။ အဲ့ဒီတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ NLD ပါတီဝင်တွေအတွက် ခိုစရာအရိပ်တစ်ခု ပျောက်သွားမှာပဲ။ စိတ်ရှည်ရှည်ထားပြီး ပန်းတိုင်ရောက်ဖို့အတွက် NLD ပါတီကြိုးစားသင့်တယ်လို့ ထင်ပါ တယ်” ပာု ပြောကြားခဲ့သည်။
YC
-----------------------------------------------------------------------------------------------------------------------------------
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဖွဲ့စည်း
မြန်မာ့တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကရင်အမျိုးသားအစည်းအရုံး(KNU) မှ လက်ရှိအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးဆောင်ရွက်နိုင်ရန် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတစ်ရပ်အား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ထိ ပြုလုပ် ခဲ့သည့် အရေးပေါ်အစည်းအဝေးတွင် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် အမျိုးသမီးအဖွဲ့အစည်းများအားလုံးလည်း ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၎င်း အမျိုးသမီးငြိမ်းချမ်းရေးအဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များအပြင် အမျိုးသမီးများ၏ဘဝ ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ် များကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီး ငြိမ်းချမ်းရေးဖော်ရေးအဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းများအတွက် ခေါင်းစဉ်များပေးကာ ပောာပြောပွဲများ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ၎င်းအဖွဲ့အား ဒေသပေါင်းစုံမှ လူမျိုးပေါင်းစုံပါဝင်၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည့် ကချင်၊ ‘ဝ’၊ ရှမ်း၊ ၊ ကရင်၊ မွန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် မြန်မာ နိုင်ငံ၏ လက်ရှိအစိုးရသစ်သည် သြဂုတ်လ ၈ ရက်နေ့၌ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များကို ထုတ်ပြန်ခဲ့ပြီး ပဏာမငြိမ်းချမ်းရေး သဘောတူညီ ချက်များကို ‘ဝ’ အထူးဒေသ(၂)၊ မိုင်းလားအထူးဒေသ(၄) အဖွဲ့များနှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
YC
***************************************************************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“အင်န်အယ်လ်ဒီရဲ့ သဘောထားကပျော့ပြောင်းမှု၊ မာကျောမှုတွေ ရှိတယ်။ ဒါကြောင့် ပြည်သူ့သဘောထားကို ကောက်ယူဖို့တော့ လိုတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ အင်န်အယ်လ်ဒီဝင်လာမှာကို ကြိုဆိုတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဝင်ခဲ့တဲ့အတွက် အခုလိုအခြေအနေထိ ဖြစ်လာ တယ်။ အဲဒီအတွက်လဲ ကျေးဇူးတင်တယ်။ ၉၀ မှတ်တိုင်ကို အသိအမှတ်ပြုတယ်။ အခုဆိုရင် ဒီမိုကရေစီလမ်းကြောင်းစနေပြီလို့ ပြောလို့ရတယ်။ အင်န်အယ်ဒီအနေနဲ့ လက်ရှိအခြေအနေ၊ နိုင်ငံတကာရဲ့ အခြေအနေနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မယ်လို့လဲ ထင်တယ်။ အင်န်အယ်လ်ဒီရဲ့ ရင့်ကျက်မှု၊ မဟာဗျူဟာကျမှုတွေလဲ ရှိတဲ့အတွက် အင်န်အယ်လ်ဒီအနေနဲ့ တော်တစ်အုပ်လုံးခြုံပြီး ကြည့်ရမှာဖြစ်သလို သစ်တစ်ပင်ချင်းလဲ ကြည့်ရမှာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကလဲ ဒီမိုကရက် အင်အားစုကြီးတစ်ခုကို လွှတ်တော်ထဲ ရောက်လာဖို့ မျှော်လင့်တယ်။ ပါတီမှတ်ပုံတင်မယ် ဆိုရင်လည်း လစ်လပ်နေရာအားလုံး ပြိုင်နိုင်အောင် ဆောင်ရွက်မှဖြစ်မယ်။ နောက်ပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်တဲ့အနေနဲ့ ပြည်သူ့ မေတ္တာ၊ ပြည်သူတွေရဲ့ ဆန္ဒအမှန်တွေကိုသိဖို့ ကြားဖြတ်ရွေးကောက်ပွဲမှာအစမ်းသပ်ခံရမယ်”
နိုဝင်ဘာ၁၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၄) တွင်ပါသည့် “အင်န်အယ်လ်ဒီ ရွေးကောက်ပွဲခရီးလမ်း ဘယ်လို လျှောက်လှမ်း မလဲ” သတင်းဆောင်းပါးမှ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် အစိုးရ ကတိကဝတ် စာချုပ်စာတမ်း များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဘက်ညီတဲ့ စီးပွားရေးဖွံ့ဖြိုးမှုသည်သာလျှင် နိုင်ငံအတွက် အကောင်းဆုံးအနေအထားပါပဲ။ ဒါကြောင့် Economic Development, Social Development, Environmental Protection, Culture Protection တို့ဟာ တစ်ခုနှစ်တစ်ခု ဟန်ချက်ညီနေရမယ်။ ဟန်ချက်ပျက်သွားလို့ မရဘူး။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးကိုလုပ်မယ်ဆိုတာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ်ရမယ်။ ဒီအတွက် 0% sustainable Development နဲ့သွားမလား၊ 100% Sustainable Development နဲ့သွားမလားဆိုတာရှိတယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုရင် အစွန်း နှစ်ခုကို ရှောင်ပြီးဒီနှစ်ခုရဲ့ကြား သင့်တော်တဲ့ အခြေအနေတစ်ခုနဲ့ သွားရမယ်။ ဒါမှသာဘက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိမယ်။ အခု မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိမယ်။ အခုမြန်မာနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခုအချိန်မှာ သူများနိုင်ငံတွေကိုသွားဖို့အတွက် အကောင်းဆုံး စဉ်းစား ဆုံးဖြတ်ရမယ့် အချိန်ရောက်နေပါပြီ”
နိုဝင်ဘာ ၁၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၄) တွင်ပါသည့် “အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အချိုး ညီအောင် ဘယ်လို ဖော်ဆောင်မလဲ” သတင်းဆောင်းပါးမှ နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေးပညာရှင် ဦးဆက်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“အမေရိကန်နိုင်ငံအနေနဲ့ မြန်မာကိုလက်တွဲမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အများကြီးအကျိုးရှိမှာပါ။ ဘာပဲပြောပြော အမေရိကန်က ကမ္ဘာပေါ်မှာ စီးပွားရေး၊ စစ်ရေး၊ အစစအရာရာမှာ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အထောက်အကူ ဖြစ်နိုင်တယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးစောင့်ရတဲ့ချိန်အတိုင်းအတာကတော့ သူတို့ပေါ်ပဲမူတည်တယ်။ ပြင်းထန်းတဲ့သူတွေကတော့ Condition က တစ်ခုပြီးတစ်ခု တိုးသွားတာပေါ့၊ လက်ရှိဆက်ဆံရေးအရကတော့ ပိုပြီး ဆွေးနွေး လာတယ်။ နှစ်နိုင်ငံကြားနားလည်မှုပိုရလာတယ်ထင်တယ်”
နိုဝင်ဘာ ၁၄ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၆) တွင်ပါသည့် “မြန်မာနဲ့လက်တွဲဖို့ အဆင်သင့် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ဆို” သတင်းမှ နိုင်ငံတော်သမ္မတအကြံပေးဦးကိုကိုလှိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.