Transparency Myanmar

transparency.myanmar@gmail.com

BBC News, 27th January 2010

ဂျပန်နိုင်ငံ၏ ပို့ကုန်လုပ်ငန်းသည် ပြီးခဲ့သော ဒီဇင်ဘာလတွင် ၁၅လ တာ ကာလအတွင်း ကထမဆုံးအကြိမ် အဖြစ် မြင့်တက်ခဲ့ပြီး အထူးသဖြင့် အာရှနှင့် တရုတ် ဈေးကွက်၏ ဝယ်လိုအားကြောင့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု တရားဝင် စာရင်းဇယားများ အရ တွေ့ရှိရပါသည်။

ပို့ကုန်လုပ်ငန်းမှ ယန်းငွေ ၅.၄ ထရီလီယံ (ဒေါ်လာ ၆၀ ဘီလျံ သို့မဟုတ် ပေါင်စတာလင် ၃၇ ဘီလျံ ) ရရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ကထက် ၁၂.၁ % တက်လာခြင်း ဖြစ်သည်။ အာရှ သို့ တင်ပို့မှုသည် စုစုပေါင်း၏ သုံးပုံ တစ်ပုံခန့် မြင့်တက်ခဲ့ပါသည်။

ဂျပန်၏ အကြီးဆုံး ပြည်ပ ပို့ကုန်ဈေးကွက် ဖြစ်သော အမေရိကန်၏ နေရာကို တရုတ်က ရောက်ရှိလာခဲ့သည် ဟုလည်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက ပြောကြားပါသည်။

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဂျပန်ကိုလည်း တရုတ်က ဖြတ်ကျော် တက်လျက် ရှိသည်ဟု သိရပါသည်။

ဂျပန်နိုင်ငံ၏ သွင်းကုန် လုပ်ငန်းမှာ ၅.၅ % ကျဆင်းကာ ယန်းငွေ ၄.၉ ထရီလီယံ ရှိခဲ့သောကြောင့် ဒီဇင်ဘာလတွင် ကုန်သွယ်ရေး ပိုငွေပြမှု  ၅၄၅.၃ ဘီလျံဖြင့် အမြင့်ဆုံးသို့ ရောက်ခဲ့ပါသည်။

အာရှကို ပစ်မှတ်ထား

ဂျပန်သည် ၎င်း၏ ပို့ကုန်လုပ်ငန်း ကြီးထွားအောင် မောင်းနှင်ရာတွင် အာရှတိုက်ကို ဆက်လက် မှီခိုရလိမ့်မည်ဟု အကဲခတ်များက ပြောကြားပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ အများစုတွင် စီးပွားရေး နာလံထမှုကို မြင်တွေ့နေရပြီ ဖြစ်သော်လည်း အဆင့်မြင့် စီးပွားရေး ကဏ္ဍ တိုးတက်မှုများမှာ ယိုင်နဲ့ နေဆဲ ဖြစ်သည် ဟု Norin chukin Research Institute မှ တာကီရှီ မီနာမီ က သုံးသပ်ပါသည်။

အဆိုပါ နိုင်ငံများ၏ ခိုင်မာ ဖွံ့ဖြိုးမှု အပေါ် အလွန်အမင်း မှီခိုရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အာရှသို့ ကုန်ပစ္စည်း တင်ပို့မှု အပေါ်တွင် ဂျပန်၏ ပို့ကုန် လုပ်ငန်းကို ဆက်လက် အာရုံ စူးစိုက် သွားရပါလိမ့်မည် ဟု ၎င်းက ဆိုပါသည်။

ပို့ကုန် လုပ်ငန်းဖြင့် မောင်းတင်လာခဲ့သော ဂျပန် စီးပွားရေးသည် ယခင်နှစ် ဧပြီ - ဇွန် လေးလပတ် ကာလတွင် စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်လာခဲ့ သော်လည်း နာလန်ထ အပြီး သန်စွမ်း ခိုင်မာမှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်စရာများ ရှိနေဆဲ ဖြစ်ပါသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျပန် ဗဟိုဘဏ်သည် ၎င်း၏ အဓိက အတိုးနှုန်းကို  ၀.၁ % တွင် သတ်မှတ်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးသည် ငွေဖောင်းပွမှုများ၊ ဈေးနှုန်း ကျဆင်းမှုများကို နောက်ထပ်   ၃ နှစ်မျှ ဆက်လက် ရင်ဆိုင် ကြုံတွေ့ရလိမ့်မည်ဟု သတိပေး ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, 27th January 2009

နာမည်ကျော် ဟာသ သရုပ်ဆောင် ဇာဂနာသည် ဗုဒ္ဓဟူးနေ့က ကျရောက်ခဲ့သော ၎င်း၏ မွေးနေ့ကို မြန်မာနိုင်ငံ မြောက်ပိုင်း မြစ်ကြီးနား အကျဉ်းထောင် သံတိုင်များ၏ နောက်တွင် နှစ်နှစ် ဆက်တိုက် ဖြတ်သန်းခဲ့ရပြီး ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ဘုန်းကြီးကျောင်းတွင်မူ အစိုးရ ဆန့်ကျင်သူများ၏ အုပ်စုငယ်လေးက ၎င်း၏ (၄၉) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြု ကျင်းပခဲ့ကြပါသည်။

"ကိုဇာဂနာရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ဒီနေ့ မနက် ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ပါတယ်ဟု ပြောကြားသူမှာ နာမည်ကျော် သီးလေးသီး အငြိမ့်မှ လူရွှင်တော် ဂေါ်ဇီလာ ဖြစ်ပါသည်။ သူက ပြည်သူလူထု အတွက် အမှန်တကယ် စွန့်လွှတ်ခဲ့တဲ့သူပါ။ သူနဲ့တကွ သူ့လိုဘဲ စွန့်လွှတ်ဝင့်တဲ့ သူတွေကို အသက်ရှည်ပါစေ၊ ဘေးကင်းပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

ဇာဂနာ ခယ်မ မငြိမ်းက ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့ရာ၌ ဇာဂနာသည် အရေပြား ယားနာရောဂါ ဖြစ်ပွားနေကြောင်း၊ ၎င်းအား ၂၀၀၉ ဒီဇင်ဘာ (၇) ရက်က ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ အခြားသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကဲ့သို့ပင် ယခုနှစ်အတွင်း လွတ်မြောက်လာရန် မျှော်လင့်ထားသော်လည်း အရာအားလုံးသည် မြန်မာ အာဏာပိုင်များ ပေါ်တွင်သာ တည်နေသည်ဟု ဆိုပါသည်။

"ဇာဂနာက ယုံကြည်ချက် ပြည့်ဝပြီး အလွန်ပျော်တတ်တဲ့ လူတစ်ယောက်ပါ။ သူက အနုပညာရှင် စစ်စစ်ဖြစ်ပြီး သူ့ရဲ့ပြောင်မြောက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို အရမ်း လေးစားပါတယ်" ဟု နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် ကျော်သူက ပြောကြားပါသည်။

ဇာဂနာသည် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖျက်ဆီးခဲ့သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ လူသားချင်း စာနာထောက်ထားသော ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင် ပတ်သက်မှုဖြင့် ထောင်ဒဏ် (၃၅) နှစ် ကျခံနေရခြင်း ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများ အတွက် နှစ်ပေါင်းများစွာပင် ဆူးတစ်ချောင်း သဖွယ်ဖြစ်ခဲ့ပြီး ၎င်း၏ ထက်မြက်သော ဟာသဥာဏ်၊ ထိရောက်သော နိုင်ငံရေး ပြက်လုံးများဖြင့် အစိုးရအား အဆက်မပြတ် ဝေဖန် သရော် ခဲ့ပါသည်။

နိုင်ငံရေး လောကအတွက် ကိုသူရ (ခေါ်) ဇာဂနာအား မွေးဖွားပေးခဲ့သော မိဘများမှာ နာမည်ကြီး စာရေးဆရာများ ဖြစ်သော နန်းညွန့်ဆွေ နှင့် ဒေါ်ကြည်ဦးတို့ ဖြစ်ပါသည်။

ဇာဂနာသည် ၁၉၈၅ တွင် ရန်ကုန် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် မွှေးညှပ် ဟု အဓိပ္ပာယ် ရသည့် ဇာတ်ခုံအမည် "ဇာဂနာ" ကို ခံယူ၍ အပျော်တမ်း လူရွှင်တော် အဖြစ် ရန်ကုန် တက္ကသိုလ်တွင် ၁၉၈၆ အထိ ကပြခဲ့ပြီးနောက် မြပုဏ္ဏမာအငြိမ့်ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ကာလတွင် ၎င်း၏ သံချပ်များကြောင့် လျင်မြန်စွာ လူသိများ လာပါသည်။

ထိုစဉ်က အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း နှင့် အပေါင်းအပါများအား သူတောင်းစား အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန် သရော်ခဲ့သောကြောင့် ထွက်ပြေး ရှောင်တိမ်း ခဲ့ရပါသည်။

ထို့နောက် ၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် တော်လှန်အုံကြွမှုတွင် ပါဝင်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၅) နှစ်ခန့် ကျခံခဲ့ရပါသည်။

၁၉၉၇ မှ ၂၀၀၆ အတွင်းတွင် အငြင်းပွားဖွယ် ဗီဒီယို အထောက်အထားများ ရိုက်ကူးခြင်း၊ ပြည်ပ မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်ခြင်းတို့ကြောင့် အငြိမ့်ပွဲများ ကပြခြင်း မပြုရန် စစ်ဖက် အာဏာပိုင်များက မကြာခဏ တားဆီး ပိတ်ပင် ခဲ့ပါသည်။

ဇာဂနာသည် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို အခြေခံ၍ ဇာတ်ညွှန်း ရေးသားခဲ့သလို၊ ပြည်တွင်း NGO များ၏ အကူအညီဖြင့် HIV နှင့် AIDS ရောဂါအကြောင်း ဗီဒီယို ဇာတ်လမ်းတို (၃) ပုဒ် နှင့် ရုပ်ရှင်တစ်ကား ရိုက်ကူးခဲ့ပါသည်။

၎င်းသည် အက၊ သီချင်း၊ ပြဇာတ်၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဆက်စပ်သည့် လူရွှင်တော် ပြက်လုံးများဖြင့် တွဲဖက် တင်ဆက်သည့် အငြိမ့်ပွဲများကို တင်ဆက် ကပြခဲ့ပြီး ပြည်သူတို့၏ နေ့စဉ် ဘဝ အမောများကို ဖြေသိမ့်ရန် ကြိုးစားခဲ့သည့် အတွက် ပိုမို လူသိများ ကျော်ကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဆင်ဆာအဖွဲ့ကို အဆက်မပြတ် ဆန့်ကျင် တွန်းအား ပေးခဲ့သော ဇာဂနာသည် သီးလေးသီး အငြိမ့်ကို ဖွဲ့စည်း တည်ထောင်ကာ ရန်ကုန်တစ်ခွင်၌ အများဆုံး တင်ဆက် ကပြခဲ့ပြီး စစ်ဖက် အစိုးရကို လှောင်ပြောင် သရော်သော ပြက်လုံးများဖြင့် အားပေးသူ ပရိသတ်ကို နှစ်သက် ရွှင်လန်းစေခဲ့ပါသည်။

၁၉၉၁ တွင် ဇာဂနာသည် Lillian Hellman and Dashiel Hammett Award ဆုကို လက်ခံ ရရှိခဲ့ပြီး အဆိုပါဆုကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က ဖွဲ့စည်းထားသည့် ကော်မတီတစ်ခု ဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့် ဆိုင်ရာ ရန်ပုံငွေအဖွဲ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ၂၆ တွင်မူ နိုင်ငံလုံးကျွတ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ထပ်မံ ဖမ်းဆီးခြင်း ခံရပါသည်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ရန် ပြင်ဆင်ထားကြသော ဇာဂနာနှင့် ၎င်း၏ မိတ်ဆွေ သရုပ်ဆောင် ကျော်သူတို့သည် ဆန္ဒပြ ဘုန်းတော်ကြီးများအား အစားအသောက်နှင့် သောက်ရေများ လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် ပြည်ပမီဒီယာများနှင့် အင်တာဗျူးတွင်လည်း ဘုန်းတော်ကြီးများကို အားပေး ထောက်ခံကြရန် ပြည်သူလူထုကို တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။

ထိုမှတစ်ဖန် ၂၀၀၈ မေလဆန်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ် မုန်တိုင်း ဝင်ရောက် ဖျက်ဆီးသွားသောအခါ အသက်ရှင် ကျန်ရစ်သူများအား ကယ်ဆယ် ထောက်ပံ့ရေး အတွက် ဇာဂနာသည် စေတနာ့ဝန်ထမ်း (၄၀၀) ခန့်ကို စည်းရုံး ဖွဲ့စည်းခဲ့ပါသည်။

၂၀၀၈  ဇွန်လ (၄) ရက်တွင် ဇာဂနာအား ၎င်း၏ နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး သူ၏ ကွန်ပျူတာ၊ အမေရိကန် ဒေါ်လာ (၁၀၀၀) ခန့်၊ နာဂစ် ဆိုင်ကလုန်းကြောင့် ပျက်စီးမှုများကို ရိုက်ကူးထားသော CD၊ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အငယ်ဆုံး သမီး မင်္ဂလာဆောင်ကို ရိုက်ကူးထားသော CD၊ Rambo-4 CD များကို အာဏာပိုင်များက သိမ်းဆည်း သွားကြပါသည်။ Rambo-4 သည် ဟောလီးဝုဒ် ရုပ်ရှင်မင်းသား ဆီလ်ဗက်စတာ စတားလုံးက မြန်မာ စစ်တပ်နှင့် တိုက်ခိုက်၍ ဓားစာခံများ ကယ်တင်သော ရုပ်ရှင် ဇာတ်လမ်း ဖြစ်သည်။

ထို့နောက် ၂၀၀၈ နိုဝင်ဘာတွင် ဇာဂနာအား ထောင်ဒဏ် (၅၉) နှစ် ချမှတ်ခဲ့ပြီး သူ၏ မိသားစုက အယူခံခဲ့မှုကြောင့် ရန်ကုန်တိုင်း တရားရုံးက ထောင်ဒဏ် (၃၅) နှစ်သို့ လျှော့ချ ပေးခဲ့ပါသည်။ ၂၀၀၈ ဒီဇင်ဘာတွင်မူ ၎င်းအား မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပါသည်။

၎င်းအား ပြစ်ဒဏ် မချမှတ်မီ တစ်လခန့် အလိုတွင် PEN ကနေဒါက လူသားချင်း စာနာ ထောက်ထားသော ဆု ချီးမြှင့်ခဲ့ပြီး ဇာဂနာအား ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Lawi Weng, 27th January 2009

မြန်မာ အစိုးရသည် ကုလသမဂ္ဂနှင့် ကလေးသူငယ် စစ်သား စုဆောင်းခြင်းကို မပြုလုပ်ရန် သဘောတူ ထားသော်လည်း မြန်မာ စစ်တပ်သည် အရွယ် မရောက်သေးသည့် လူငယ်များကို စစ်သားအဖြစ် စုဆောင်းလျက် ရှိနေပါသေးသည်။

နောက်ဆုံး ဖြစ်ရပ် တစ်ခုအရ မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ် မိချောင်းရဲ အခြေစိုက် (၈၃) ခြေလျင်တပ်မှ စစ်သားတစ်ဦးက အသက် (၁၄) နှစ်ရှိ ကျော်မင်းထွန်းကို စစ်တပ်ထဲ ဝင်ရန် အတင်း ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။

၎င်း၏ အမေ စံသာဝင်းက ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် သူမ၏သားကို ဇန်နဝါရီလ (၁၉) ရက်နေ့ ညနေ လေးနာရီတွင် စစ်တပ်သို့ ခေါ်ဆောင်သွားကြောင်း ပြောပါသည်။ စစ်တပ်မှ စစ်သားတစ်ဦးက သူမ၏ သားကို တစ်လလျှင် လစာ (၆၀၀၀၀) ကျပ် (အမေရိကန် ဒေါ်လာ ၆၀) ရမည်ဟု စည်းရုံးကြောင်း ပြောပါသည်။ သူမက သားကို လွှတ်ပေးရန် ပြောသော်လည်း၊ စစ်တပ်က သဘောမတူကြောင်း ပြောပါသည်။

တချိန်တည်းမှာပင် ပဲခူးတိုင်းမှ အလုပ်သမားရေးရာ ကိစ္စ လှုပ်ရှားသူ ခေါင်းဆောင် အေးမြင့်က ပြောကြားရာတွင် ယခုလအတွင်း အဆိုပါ တပ်မှပင် အရွယ်မရောက်သေးသည့် လူငယ်နှစ်ဦးကို ခေါ်ဆောင်သွားကြောင်း ပြောပါသည်။ အေးမြင့်၏ အဖွဲ့သည် လမ်းပြကြယ် ဖြစ်ပြီး ကလေးစစ်သား စုဆောင်းမှု၊ အဓမ္မ လုပ်အားပေး စေခိုင်းမှုများကို ဖော်ထုတ်ပေးနေသော အဖွဲ့ ဖြစ်ပါသည်။

အဆိုပါ အဖွဲ့သည် မနှစ်က ကလေးစစ်သား စုဆောင်းသော အမှုပေါင်း (၁၂၁) မှု လက်ခံ ရရှိခဲ့ပြီး၊ သုံးပုံ တစ်ပုံသာ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောပါသည်။

မြန်မာ အစိုးရ အနေဖြင့် အရွယ် မရောက်သေးသူများအား စုဆောင်းသူများကို အရေးယူသင့်ကြောင်း ၎င်းက ပြောပါသည်။ အစိုးရ တာဝန်ရှိသူများသည် ILO နှင့် ထိုကိစ္စ မပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း လက်တွေ့တွင် ဆက်လက် လုပ်ကိုင်လျက် ရှိကြောင်း ပြောပါသည်။

တချိန်တည်းတွင် မြန်မာ စစ်အစိုးရသည် ကုလသမဂ္ဂကို ကလေးစစ်သား စုဆောင်းမှုအတွက် တိုင်ကြားသော ပြဿနာများကို စောင့်ကြည့်ခွင့် ပြုရန် နောက်ထပ် တစ်နှစ် သဘောတူ ခွင့်ပြုခဲ့ပါသည်။

ဂျီနီဗာရှိ ILO မှ အမှုဆောင် ဒါရိုက်တာ Kari Tapiola က ဧရာဝတီသို့ E-mail ဖြင့် ပြောကြားရာတွင် ကလေးစစ်သား စုဆောင်းမှုအတွက် တိုင်ကြားမှုများ ပိုမို တိုးတက်လာသည်ဟု ဆိုပါသည်။

အဆိုပါ ပြဿနာသည် အဆင့်မြင့် အဖွဲ့များကပင် အသိအမှတ်ပြုလာရပြီ ဖြစ်ပါသည်။ ယမန်နှစ် မတ်လက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လုံခြုံရေး ကောင်စီသို့ တင်သွင်းသော ကလေးသူငယ်များနှင့် လက်နက် ပြဿနာ အတွက် နှစ်ပတ်လည် အစီရင်ခံစာအရ မြန်မာ အစိုးရသည် စစ်သားအဖြစ် လေ့ကျင့်ပေးစဉ်တွင် စစ်ဆေး၍ အရွယ် မရောက်သေးသူများကို တွေ့ရှိပါက လွှတ်ပေးလျက် ရှိသည်ဟု ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် ILO သည် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နှင့်အတူ ကလေးသူငယ် စစ်သားများ ပြန်လွှတ်ပေးရေးအတွက် ဆောင်ရွက်ရာတွင် အရေးပါသော အစိတ်အပိုင်းမှ ပါဝင်ကြောင်း၊ (၁၂) ဦးကို ပြန်လွှတ်ပေးခဲ့ပြီး၊ အတင်း အဓမ္မ စစ်သား စာရင်းသွင်း ခံခဲ့ရသူ (၂၃) ဦးကို လွှတ်ပေးကြောင်း ဆိုပါသည်။ အခြား အမှု (၁၄) မှုတွင် အစိုးရ၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ကုလသမဂ္ဂက ၎င်း၏ နောက်ဆုံး အစီရင်ခံစာတွင် မြန်မာ အစိုးရသည် ကလေးစစ်သားများ စုဆောင်းဆဲ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

နယူးယောက် အခြေစိုက် Human Rights Watch က ပြောကြားရာတွင် မြန်မာ စစ်တပ်များတွင် အရွယ်မရောက်သေးသော စစ်သား (၇၀၀၀၀) ကျော် ရှိကြောင်း ဆိုပါသည်။

လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် ကလေးသူငယ်များကို ရထား ဘူတာရုံ၊ ဘတ်စ်ကားဂိတ်၊ လ္ဘက်ရည်ဆိုင်၊ ဗီဒီယိုရုံများ၊ ရုပ်ရှင်ရုံများနှင့် ညအချိန် အိမ်အပြန်များတွင် ဖမ်းဆီး စုဆောင်းကြောင်း ဆိုပါသည်။ စစ်သားလုပ်ရန် ငြင်းသောသူများကို တစ်ခါတစ်ရံ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ရှိကြောင်း ဆိုပါသည်။ စစ်သား အဖြစ် လေ့ကျင့်ပေးပြီး သူများကို တိုင်းရင်းသားများနှင့် ပဋိပက္ခ ဖြစ်လျက် ရှိသော ဒေသများရှိ တပ်များသို့ စေလွှတ်သည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား နိုင်ငံနှင့် ပင်လယ် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ဖြစ်နေသော နေရာသို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယား ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့သည်ဟု Yonhap News Agency ကဆိုပါသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား ထိန်းချုပ်မှု အောက်တွင် ရှိသော Baengnyeong ကျွန်းအနီးသို့ အမြောက်ဆန် အမြောက်အများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ သတင်း ပေးပို့ချက်များ အရ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အဆိုပါ ဒေသကို သင်္ဘောများ ဖြတ်သန်း ခုတ်မောင်းခွင့် မရှိသော ဇုန်အဖြစ် မြောက်ကိုရီးယားက ကြေညာခဲ့သည်။

ယခု ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှု (သို့မဟုတ်) ပျက်စီးမှု တစ်စုံတရာ မဖြစ်ပေါ် ခဲ့ကြောင်း တောင်ကိုရီးယား အရာရှိကြီးများက အတည်ပြု ပြောဆိုပါသည်။

တောင်ကိုရီးယား ပူးတွဲ ကာကွယ်ရေး ဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က မြောက်ကိုရီးယားသည် ဒေသစံတော်ချိန် ၀၉၀၀ နာရီတွင် ပစ်ခတ်မှုကို စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ ကလည်း တုံ့ပြန်တဲ့အနေနဲ့ ပြန်ပစ်ခဲ့ပါတယ်" ဟု တောင်ကိုရီးယား အစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ 

အပြောင်းအလဲမရှိသော တင်းမာမှု

မြောက်ကိုရီးယားက ပစ်ခတ်လိုက်သော အမြောက်ဆံများမှာ နှစ်နိုင်ငံ နယ်နိမိတ်ဝန်းကျင်သို့ ကျရောက်ကြောင်း တောင်ကိုရီးယား အရာရှိကြီးများက ပြောသည်။ တောင်ကိုရီးယား တပ်ဖွဲ့များကလည်း အဆိုပါ နယ်နိမိတ် အနီးသို့ပင် ပြန်လည် ပစ်ခတ်ခဲ့ကြသည်။  ကိုရီးယား ကျွန်းဆွယ် အနောက်ပိုင်း ဒေသရှိ နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာသည် နှစ်နိုင်ငံစလုံးအတွက် ပြောင်းလဲချက် မရှိသော တင်းမာမှုတစ်ရပ် ဖြစ်ပါသည်။

တောင်-မြောက် ကိုးရီးယား နှစ်နိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း လွန်စွာပြင်းထန်သော ပစ်ခတ်မှုများ အပြန်အလှန် ပြုလုပ်ခဲ့ကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက နှစ်နိုင်ငံ ရေတပ်များ အပြန်အလှန် ပစ်ခတ်ကြရာ မြောက်ကိုရီးယား သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိသွားခဲ့ရသည်။

တောင်ကိုရီးယားနိုင်ငံက ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်နှင့် ကုလသမဂ္ဂက ဦးဆောင်သတ်မှတ်ပေးခဲ့သော မြောက်ကိုရီးယားအတွက် နယ်နိမိတ်ကို အသိအမှတ် ပြုထားသည်။ သို့သော် အဆိုပါနယ်နိမိတ်ကို မြောက်ကိုရီးယားဘက်ကမည်သို့မျှ လက်သင့်မခံခဲ့ပေ။

လက်ရှိ အနေအထားတွင် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ အကြား ဆွေးနွေး ညှိနှိုင်းမှုများ ရပ်ဆိုင်းထားသည်။ နှစ်နိုင်ငံ လည်ပတ်ခဲ့သည့် Kaesong စက်မှုဇုန်ကိုလည်း ဇန်နဝါရီလ ၂၁ရက်နေ့တွင် သဘောတူညီမှုများ မပါဝင်ဘဲ ပိတ်ပင်လိုက်ကြသည်။

ထို့ပြင် တောင်ကိုရီးယား စစ်ရေး Think Tank တစ်ခုက အကယ်၍ ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သာ သေဆုံးသွားပါက စစ်အာဏာသိမ်းမှု (သို့မဟုတ်) လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာဖွယ် ရှိသည်ဟု ဟောကိန်းထုတ်ထားရာ နှစ်နိုင်ငံဆက်ဆံရေးမှာ ပို၍ပင် တင်းမာသွားသည်။

သို့သော်လည်း မြောက်ကိုရီးယားသည် တောင်ကိုးရီးယား၏ အကူအညီ အထောက်အပံ့ အနည်းငယ် မကြာသေးခင်က လက်ခံရယူခဲ့သေးသည်။

အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံများက မူ မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား အစီအစဉ် ဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ စကားဝိုင်းကို ပြန်လည်စတင်ရန် ပုံမှန် ဆော်သြလျက်ပင် ရှိပါသည်။

BBC သတင်းဌာန၏ N Korea exchanges fire with South ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Sky News.2010, 26th January 2010

ဗြိတိန်နိုင်ငံသည် ကာလ ကြာမြင့်စွာ စီးပွားရေး ကျဆင်းနေမှုကို အဆုံးသတ်ရန် တာစူနေကာ ထုတ်ပြန်လိုက်သော စာရင်း ဇယားများအရ နိုင်ငံသည် ပြန်လည် တိုးတက်အောင် နောက်ဆုံးတွင် လုပ်ဆောင်နိုင်ခဲ့ကြောင်းကို ပြသနေပါသည်။

၂၀၀၈ ဒုတိယ လေးလပတ်မှ စ၍ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသော ဗြိတိန်နိုင်ငံသည် ယခု ပထမဆုံး အကြိမ် စီးပွားရေး ပြန်လည် တိုးတက် လာသည်ကို ယနေ့ ထုတ်ပြန်သော ၂၀၀၉ နောက်ဆုံး လေးလပတ် GDP  ဂျီဒီပီ အချက်အလက်များက ပြသလိမ့်မည် ဟု စီးပွားရေး ပညာရှင်များက မှန်းဆနေပါသည်။

အကယ်၍ ဗြိတိန်သည် ၂၀၀၉ နောက်ဆုံး လေးလပတ်တွင် တိုးတက်မှု မရှိခဲ့ပါက အလွန် အံ့​သြ တုန်လှုပ်မိမည် ဖြစ်ပြီး စီးပွားရေး သရုပ်ခွဲ လေ့လာ မှန်းဆခြင်းကို စွန့်လွှတ်ရန်ပင် စဉ်းစားမိလိမ့်မည် ဖြစ်သည်ဟု IHS Global Insight မှ ဗြိတိန် စီးပွားရေး ပညာရှင် အကြီးအကဲ  Howard Archer  က ပြောကြားပါသည်။

ဗြိတိန်သည် G 7 ဂျီဆဲဗင်း နိုင်ငံများ၌ စီးပွားရေး အကျပ်အတည်း အတွင်း ကျန်ရှိနေသော နောက်ဆုံး နိုင်ငံ ဖြစ်ပြီး ယခင် နှစ်ကုန်ပိုင်း ထုတ်ပြန်သော တတိယ လေးလပတ် ရလဒ်များအရ စီးပွားရေး ကျုံ့နေဆဲ ဖြစ်သဖြင့် များစွာ အံ့သြ ခဲ့ကြရပါသည်။

နောက်ဆုံး GDP အချက်အလက်များအရ အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ စီးပွားရေး ၀.၄% တိုးတက်ခဲ့သည်ကို ပြသလိမ့်မည်ဟု မှန်းဆနေကြပြီး ၀.၂% ကျဆင်းနေခြင်းမှ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ကျဆင်းနေမှု တရားဝင် အဆုံးသတ်သွားမည့် အလားအလာများ မြင်တွေ့ရပြီ ဖြစ်သော်လည်း ပြန်လည် သန်စွမ်း နလံထူလာပြီဟု အသေအချာ မပြောနိုင်သေးပါ။

IME နှင့် ကုလသမဂ္ဂ ၂ ဖွဲ့စလုံးက ယခု နှစ်အတွင်း နှစ်ထပ်ကွမ်း စီးပွားရေး ကျဆင်းမှု ဖြစ်လာနိုင်သည်ဟု သတိပေးကြကာ ပြည်သူလူထု၏ ငွေချေးငှားမှုမှာလည်း တစ်ချိန်လုံး မြင့်မားနေဆဲ ဖြစ်ပါသည်။

"တကယ်လို့ စီးပွားရေး အကျပ်အတည်း ကနေ လွတ်မြောက် လာခဲ့ရင်တောင် ခက်ခက်ခဲခဲ ကြိုးစားမှုနဲ့ ပြန်လည် စတင်ကြရလိမ့်မယ် ဆိုတဲ့ အချက်ဟာ အင်မတန် တန်ဖိုးရှိတဲ့ ထောက်ညွှန် ပြသမှု တစ်ခု ဖြစ်တယ်" ဟု Daiwa Capital Markets Europe မှ စီးပွားရေး ပညာရှင် Colin Ellis က ပြောကြားပါသည်။

ဘတ်ဂျက် လိုငွေပြမှု ကြီးမားနေခြင်း လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ အလုပ်အကိုင်များ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရေးနှင့် လုပ်ခများ တိုးပေးရန် အစပျိုးနေမှုများသည် လာမည့်နှစ် အနည်းငယ် အတွင်း ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာလိမ့်မည်။

စီးပွားရေး ကျုံ့ဝင်မှု ၃.၅ %  ရှိလိမ့်မည် ဟု ကြိုတင်၍ တရားဝင် ခန့်မှန်းခဲ့ကြသော်လည်း ၂၀၀၉  ခုနှစ် အတွင်း စီးပွားရေးသည် ၄.၇၅ % အထိ ကျုံ့ဝင် သွားခဲ့သည် ဟု သိရှိရပြီး ဗြိတိန်၏ စီးပွားရေး ကျဆင်းမှုသည် ထင်ထားသည်ထက် ပို၍ နက်ရှိုင်းကြောင်း ချန်ဆယ်လာ Alistair Darling က ဝန်ခံ ပြောကြား လိုက်ပါသည်။

တစ်နိုင်ငံလုံး၏ ထုတ်လုပ်မှုသည် ၂၀၁၀ အတွင်း ၁ % မှ ၁.၅ % အထိ အသင့်အတင့် ကြီးထွားလာလိမ့်မည် ဟု Mr Oarling က ၎င်း၏ ယခင် ခန့်မှန်းချက်နှင့် ပူးတွဲ၍ သုံးသပ်လိုက်ပါသည်။

ငွေကြေး အကြပ်အတည်းကြောင့် အလုပ်လက်မဲ့ ပြဿနာ ကြီးထွား လာခြင်းကို ဗြိတိန်က အပြင်းအထန် ကြိုးစား ဖြေရှင်းလျက် ရှိပြီး ယခုကဲ့သို့ လေးလပတ် ကာလ ၆ခုမျှ စီးပွားရေး ကျုံ့ဝင် ခဲ့ရမှုသည် ၁၉၅၅ မှစ၍ မှတ်တမ်းတင် ခဲ့သမျှတွင် အချိန်အကြာဆုံး စီးပွားရေး ကျဆင်းမှု ဖြစ်သည် ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

by Nehginpao Kipgen, www.huffingtonpost.com, 26th January 2010

မနှစ်က ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ပထမဆုံး အာဖရိက နွယ်ဖွား အမေရိကန် တစ်ဦးသည် အမေရိကန် ပြည်ထောင်စု၏ ၄၄ ဦးမြောက် သမ္မတ အဖြစ် ရာထူး လက်ခံခဲ့ပါသည်။ ဤစာရေးသူသည် ဝါရှင်တန် ဒီစီ၏ အသည်းနှလုံး National Mall တွင် ဆောင်းရာသီ အအေးဒဏ်ကို အံတုရင်း ရောက်ရှိလာသော ထောင်ပေါင်း များစွာသော လူများတွင် တစ်ဦး အပါအဝင် ဖြစ်ပါသည်။

ကျွန်ုပ်သည်လည်း ကမ္ဘာပေါ်ရှိ သန်းပေါင်း များစွာသော လူများကဲ့သို့ပင် တက်ကြွ ဖျတ်လတ်သော Barack H.Obama ၏ အခမ်းအနား မိန့်ခွန်းကို နားထောင်ရန် အလွန် စိတ်အား ထက်သန် ခဲ့ပါသည်။ Obama သည် ၎င်း၏ မူဝါဒကို ဖော်ပြသော မိန့်ခွန်းတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ရန်သူများရော  မိတ်ဆွေများပါ တန်းတူ ဆက်ဆံခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းမှ အမေရိကန် အပေါ် အမြင် ပြောင်းစေရန် ထည့်သွင်း ပြောကြားခဲ့ရာ အများ၏ စိတ်ပါဝင်စားစွာ အလေးပေး နားထောင်မှုကို တွေ့ရှိခဲ့ရပါသည်။

အာဏာရှင် အစိုးရများကို ရည်ရွယ်၍ Obama က ဆွေးနွေးသော စကားကို ပြောကြားရာတွင် ''အကျင့်ပျက် ခြစားမှု၊ လိမ်ညာမှုနှင့် မိမိနှင့် သဘောထား မတူသူများ၏ အသံကို တိတ်နေ စေခြင်းအားဖြင့် အာဏာကို ဖက်တွယ် ထားသူများကို ပြောလိုပါတယ်။ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားတဲ့ ဖက်မှာ နေနေကြတယ် ဆိုပေမယ့် ခင်ဗျားတို့ ဆုပ်ထားတဲ့ လက်သီးများကို လက်ဆွဲ နှုတ်ဆက်ဖို့ လိုလားတယ် ဆိုရင် ကျွန်တော်တို့က လက်ကို ဆန့်တန်းပြီး အသင့် ရှိနေပြီးသားပါ  '' ဟု ပြောကြားခဲ့ပါသည်။

Obama သည် ဒီမိုကရက်တစ် ပါတီ၏ သမ္မတဟောင်း အဖြစ် အမည် စာရင်း သွင်းရန် အကြို ရွေးကောက်ပွဲ အနိုင်ရရှိကတည်းက ဝါရှင်တန် အနေဖြင့် မြန်မာနိုင်ငံကို မည့်သို့ အကျိုးရှိရှိ ချဉ်းကပ်မလဲ ဆိုသည့် အချက် ကို ငြင်းခုံလျက် ရှိနေပြီ ဖြစ်ပါသည်။ ပြည်ပရောက် မြန်မာ အတိုက်အခံ အဖွဲ့ အများစုသည် သမ္မတ ဘွတ်ရှ် ၏ အရေးယူမှုနှင့် အထီးကျန် ဖြစ်စေခြင်း မူဝါဒကို များစွာ သဘောကျ ကြပါသည်။

အမြင် အမျိုးမျိုး၊ အကြံဥာဏ် အမျိုးမျိုး ရှိနေသည့် ကြားမှပင် Obama အစိုးရသည် မြန်မာ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်များ အပါအဝင် အဖွဲ့များစွာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါသည်။ အမေရိကန် အနေဖြင့် မြန်မာနိုင်ငံကို အရေးယူမှုများမှ ဖယ်ခွာ၍ ဆက်ဆံရေး မူဝါဒကို ကျင့်သုံးရန် အကြံပြုသူ လူအနည်းစုတွင် စာရေးသူ ကျွန်ုပ်လည်း ပါဝင်ပါသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့က China Post တွင် ကျွန်ုပ်သည် '' အမေရိကန် တို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အရေးယူ ပိတ်ဆို့မှုချဉ်း မဟုတ်ပဲ၊ အခြား ပြောင်းလဲ ဆက်ဆံကြည့်ပါ'' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားခဲ့ပါသည်။ အဆိုပါ ဆောင်းပါးတွင် ပဋိပက္ခဖြင့် ချဉ်းကပ်ခြင်း၏ မထိရောက်မှုများကို ဖော်ပြခဲ့ပြီး၊ အမေရိကန် အစိုးရ အနေဖြင့် မြန်မာ ဗိုလ်ချုပ်များကို အထီးကျန်ပြုထားသော ၎င်း၏ သမားရိုးကျ မူဝါဒကို စွန့်ခွာပြီး၊ ဗိုလ်ချုပ်များနှင့် ထိတွေ့ ဆက်ဆံမှု စတင် ပြုလုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့အရေး အတွက် အဖြေရှာရာတွင် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခြင်း သက်သက်ဖြင့် မထိရောက်နိုင်ကြောင်း သဘောပေါက်သင့်ပြီး။ အခြားတဖက်တွင် ထိတွေ့ ဆက်ဆံရေး ပြုလုပ်၍ ရနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဟီလာရီ ကလင်တန် သည် နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် သူမ၏ ပထမဆုံး အာရှ ခရီးစဉ်ကို သွားရောက်ခဲ့ပါသည်။ Obama အစိုးရ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော မူဝါဒ ကိုသူမက အများသို့ ကျေညာချက် ထုတ်ပြန်ရာတွင် အရေးယူမှု ချမှတ်ထားသော မိမိတို့၏ ယခင် လမ်းကြောင်းသည် မြန်မာအစိုးရကို လွှမ်းမိုးနိုင်ခြင်း မရှိသည်မှာ ထင်ရှားနေပါသည် ဟု ဖော်ပြခဲ့ပါသည်။ ထို့အတူပင် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းများ ကျင့်သုံးနေသည့် မြန်မာတို့နှင့် ဆက်ဆံရေး မပြတ်တောက်စေရန် ဆက်ဆံရေးဝါဒ ကျင့်သုံးနေခြင်းသည်လည်း မြန်မာကို လွှမ်းမိုးနိုင်ခြင်း မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ နောက်ဆုံးရက် သတ္တပတ်များ၊ သမ္မတ ရွေးကောက်ပွဲ ကာလများက Bush အစိုးရသည် မြန်မာနိုင်ငံသို့ အထူး ကိုယ်စားလှယ် စေလွှတ်ရန် အမည်စာရင်း တင်သွင်းခဲ့ရာ မအောင်မြင်ခဲ့သော်လည်း၊ အဆိုပါ အကြံအစည်ကို ဝေဖန် သုံးသပ်သူများ၊ လေ့လာသူအများက ကြိုဆိုခဲ့ပါသည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့က Washington Times တွင် ''ဖြစ်နိုင်သည့် ထွက်ရပ်လမ်း'' ခေါင်းစဉ်ဖြင့် ကျွန်ုပ်၏ အမြင်ကို ရေးသားသည့် ဆောင်းပါး၌ နိုင်ငံတကာ ချဉ်းကပ်မှု ပုံစံဖြင့် ဦးဆောင်မည့် အထူး ကိုယ်စားလှယ်၏ အရေးပါပုံကို ဖော်ပြခဲ့ပါသည်။ ဒေသ အကြောင်း နားလည်သူ အထူး ကိုယ်စားလှယ်ကို ရွေးချယ်ခြင်းတွင် ဥာဏ်ကြီးရန် လိုကြောင်း၊ အရှေ့ အာရှ၏ သံအမတ်အသစ် Kurt Campbell ကို တာဝန်ပေးလျှင် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ အထီးကျန်ပြုမှုကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ရာ မအောင်မြင်ခဲ့သည် ဖြစ်ရာ ထိတွေ့ ဆက်ဆံကြည့်ရန် အချိန် ဖြစ်ကြောင်း အကြံပြု ရေးသားခဲ့ပါသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် Obama အစိုးရသည် ၉လကြာ မူဝါဒ ပြန်လည် သုံးသပ် အပြီးတွင် မြန်မာ စစ်ခေါင်းဆောင်များ အပေါ် အရေးယူမှုများကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း ၎င်းတို့ ဆက်ဆံခြင်းကို စတင်မည် ဖြစ်ကြောင်း ကျေညာခဲ့ပါသည်။

အဆိုပါ မူဝါဒကို ကြိုဆိုသောအားဖြင့် ကျွန်ုပ်သည် Korea Times တွင် ၂၀၀၉ အောက်တိုဘာ ၉ ရက်နေ့က '' အမေရိကန် ပြည်ထောင်စုသည် မြန်မာတို့၏ ကွဲပြား ခြားနားမှုများကို နားလည်ရမည် '' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားခဲ့ပါသည်။ မူဝါဒ အသစ်သည် အမေရိကန် အစိုးရ အတွက် ထိတွေ့ ဆက်ဆံမည့် အဖွဲ့များရော အရေးယူ ပိတ်ဆို့မည့် အဖွဲ့များကြား ဆက်ဆံရေးတွင် ပေါင်းကူးတံတား အဖြစ် ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ထိတွေ့ ဆက်ဆံရေး မူဝါဒကြောင့် ယခုအခါ Obama အစိုးရသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ အိန္ဒိယ နှင့် ရုရှား တို့ဖြင့် အလုပ်လုပ်၍ ရပြီ ဖြစ်ပါသည်။ အရေးယူ ပိတ်ဆို့ရေးမူကိုလည်း ထားရှိခြင်းဖြင့် မိမိ၏ ရှေးရှေးကတည်းက မဟာမိတ် EU နှင့်လည်း အတူတူ အလုပ် လုပ်နိုင်ဦးမည် ဖြစ်ပါသည်။

လက်ရှိ အချိန်တွင်မူ ဝါရှင်တန်၏ ဦးစားပေး စာရင်းတွင် ပြည်တွင်းရော နိုင်ငံတကာ တွင်ပါ မြန်မာ့အရေးသည် အချိန် မပေးနိုင်ပဲ ချောင်ထိုးခံနေရပေသည်။ အီရတ်နှင့် အာဖဂန် နစ္စတန်ရှိ စိန်ခေါ်နေသော စစ်ပွဲများ၊ အီရတ်၏ နိုင်ငံရေး အုံကြွမှုများ၊ မြောက်ကိုးရီးယားနှင့် နျူကလီးယား အရေးများက အခြားကိစ္စများထက် အရေးကြီးနေပါသည်။

အမေရိကန် ပြည်တွင်းတွင် Obama အစိုးရ မတွက် မီးလောင်နေသော ကိစ္စရပ်များမှာ စီးပွားရေး နာလံထူမှု နှေးကွေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု agenda ၏ မရေရာမှုများ ရှိနေပါသည်။ ယခုနှစ်တွင် ပြုလုပ်မည့် ကွန်ဂရက် ရွေးကောက်ပွဲ ကလည်း ရှိသေးသည်။ သေဆုံးသွားသော ဆီနိတ်တာ Edward M. Kennedy  နေရာတွင် ရီပတ်ဗလစ်ကင် အား ရှုံးနိမ့်ခြင်းမှာ အစိုးရအတွက် မနက် နှိုးစက်ပေးထားခြင်း ခံရသလိုပင် ဖြစ်နေပေသည်။

တစ်ချိန်တည်းတွင်ပင် မြန်မာစစ် အစိုးရသည် ယခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေပြီး၊ ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ရက်တို့ကိုမူ ကျေညာခြင်း မရှိသေးပါ။ အဓိက အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် မချသေးပေ။

မြန်မာ့ နိုင်ငံရေး အနာဂတ်သည် မသေချာမှုများ ရှိနေသေးသော်လည်း၊ အမေရိကန် အစိုးရ၏ ဆက်ဆံရေးကတော့ ဆက်လက် ရှိနေရေးသည် အရေးကြီးပါသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကြားတွင် အဓိပ္ပာယ် ရှိသော တွေ့ဆုံ ဆွေးနွေးမှု ရှိလာမှသာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် လမ်းစ ပေါ်မည် ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် နှစ်ပေါင်း ငါးဆယ်ခန့် ပြဿနာ ဖြစ်နေသော တိုင်းရင်းသား အရေးများအတွက် ဗိုလ်ချုပ်များကို အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆက်လက် ဖိအား ပေးနေရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခ သဘာဝ သည် သမိုင်းကြောင်းနှင့် ချီသော တိုင်းရင်းသားများနှင့် ဆိုင်သော နိုင်ငံရေး ကိစ္စများ ရှိနေပေရာ အဖြေရှာရေးတွင် နက်နက်နဲနဲ ခွဲခြား စိတ်ဖြာရန်၊ စနစ်တကျ ချဉ်းကပ်ရန်နှင့် အားလုံးကို ထည်းသွင်း စဉ်းစား ကူညီပေးရန် လိုအပ် လှပါသည်။       

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th January 2009

          ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ogea Quintana သည် ဖေဖော်ဝါရီ (၁၄) မှ (၂၀) အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ၎င်းက တစ်နှစ်အတွင်း ဒုတိယအကြိမ် လာရောက်ရန် ယခင်နှစ်က တောင်းဆိုထားခဲ့ခြင်း ဖြစ်ပြီး မြန်မာ အစိုးရကမူ ယခု ခရီးစဉ်သည် အချိန်ကိုက် မဟုတ်ဟု ဆိုပါသည်။

          ပြီးခဲ့သော မတ်လက ၎င်း၏ လေ့လာ တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တင်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းနိုင်ငံ ရုံးခွဲ၏ အဆိုအရ သိရပါသည်။

          အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များ စသူတို့နှင့် တွေ့ဆုံခွင့် ရရန် Quintana က မြန်မာ အာဏာပိုင်များကို တောင်းဆိုထားသည်ဟု အင်္ဂါနေ့က မြန်မာ ရေဒီယို အသံလွှင့်ဌာန တစ်ခုနှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် လူ့အခွင့်အရေး အနေအထားများကို လေ့လာရေးအတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် တောင်းဆို ထားသေးသည်ဟု ဆိုပါသည်။

          ကုလသမဂ္ဂသို့ မနှစ်က တင်သွင်းသော ၎င်း၏ အစီရင်ခံစာတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို အမှန်တကယ် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသား (၂၁၅၆) ဦးစလုံးကို လွှတ်ပေးရန် Quintana က တောင်းဆိုထားပါသည်။

          ၂၀၀၈ မေလတွင် ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ၎င်းအား ရာထူး ခန့်အပ်ချိန်မှ စ၍ Quintana သည် မြန်မာနိုင်ငံသို့ (၂) ခေါက် သွားရောက်ခဲ့ပြီး ၂၀၀၉ ဖေဖော်ဝါရီတွင် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ၎င်း၏ အခွင့်အာဏာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပ်နှင်းထားခြင်း ဖြစ်သည်။

          မနှစ်က ၎င်း၏ နောက်ဆုံး ခရီးစဉ်အတွင်း အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် သီးသန့် တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် ကရင်ပြည်နယ်ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ပြီး မြန်မာအစိုးရက ပေါ်တာ ဆွဲထားစဉ် ထွက်ပြေးရန် ကြိုးစားမှုဖြင့် ထောင်ကျနေသော အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

          Quintana က စစ်ဖက် အစိုးရအား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်ချက် အဆင့် (၄) ဆင့် ပြုလုပ်ရန် တိုက်တွန်း ထားပါသည်။ အဆိုပါ အဆင့် (၄) ဆင့်မှာ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသော ဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်ရန်၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို အာမခံမည့် တရားသူကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန်၊ အရပ်သားတို့၏ အခွင့်အရေးများ အပါအဝင် ပြဿနာ ဖြစ်ပွားနေသော နယ်မြေများအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လေးစားရေး အတွက် တပ်မတော်ကို ပြင်ဆင် ဖွဲ့စည်းရန် စသည်တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာအစိုးရ အာဘော် ဖြစ်သော သတင်း မီဒီယာတွင် ဟေတီငလျင် ဘေးဒုက္ခသည်များအား အမေရိကန် တပ်ဖွဲ့များက ကယ်ဆယ်ရေး လုပ်ဆောင်ပေးသည့် သတင်းများကို ထည့်သွင်း ဖော်ပြခြင်း မပြုရန် ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံရှိ သတင်းသမားများ၏ ထုတ်ဖော် ပြောကြားချက် များအရ သိရှိရပါသည်။

ဇန်နဝါရီလ ၁၂ ရက် နေ့က လှုပ်ခတ်ခဲ့သော ဟေတီ နိုင်ငံ၏ ငလျင် ဘေးဒုက္ခနှင့် ပတ်သက်သော သတင်းသည် အခြားနိုင်ငံများတွင် လှုပ်ရှားသော ငလျင် ဘေးဒုက္ခများနှင့် နှိုင်းယှဉ် ပါက သတင်း ထုတ်ပြန်မှုများ မရှိသလောက် ဖြစ်ကာ နှုတ်ပိတ် နေရသည့် ပုံစံမျိုး ဖြစ်လျက် ရှိပါသည်။

ထို့ပြင် အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၁၆၀၀၀ နှင့် အခြား အနောက်နိုင်ငံ တပ်ဖွဲ့ဝင်များ လူသားချင်း စာနာ ထောက်ထားသော အားဖြင့် အကူအညီပေးလျက် ရှိသည့် သတင်းကိုလည်း စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာန (စာပေ ဆင်ဆာအဖွဲ့) က ထည့်သွင်း ဖော်ပြခြင်း မပြုရန် ပိတ်ပင် ထားကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များမှ ရရှိသော သတင်းများက ဆိုပါသည်။

အဆိုပါ ဟေတီ သတင်းအစား ကာရစ်ဘီယန်တွင် တရုတ်နိုင်ငံက သက်သာ ချောင်ချိရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံများကိုသာ အလေးပေး ဖော်ပြလျက် ရှိသည်။

"ဟေတီမှာ အမေရိကန် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သတင်းကို အစိုးရ သတင်းစာတွေက ထုတ်ဖော် ရေးသားတာ မလုပ်ကြပါဘူး" ပြည်တွင်းဂျာနယ် တစ်စောင်မှ သတင်းထောက် တစ်ဦးက ဧရာဝတီ သတင်းဌာနသို့ ပြောကြားပါသည်။

စာပေ စိစစ်ရေး အဖွဲ့သည် အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံတော် ပေါ်လစီနှင့် ပတ်သက်ပြီး အကဲဆတ်သည့် မည်သည့် သတင်း ပေးပို့ချက်ကိုမဆို ပိတ်ပင် တားမြစ်လေ့ ရှိကြောင်း ၎င်းက ဆိုပါသည်။

လတ်တလော အနေ အထားတွင် နိုင်ငံ့ ဝန်ထမ်းများအား အစိုးရက လစာ တိုးမြှင့်ပေးလိုက်သည့် သတင်းနှင့် တရုတ် အစိုးရနှင့် နာမည်ကျော် Google အင်တာနက် ကုမ္ပဏီတို့အကြား ပြဿနာ ဖြစ်ပွားနေသည့် သတင်းတို့ကို စာပေစိစစ်က ပိတ်ပင်ထားသည်ဟု ဆိုပါသည်။

ဟေတီနှင့် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများဒဏ်ကို လတ်တလော အလူးအလဲ ခံထားရသော နိုင်ငံများ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ အချို့မှာ ဆိုးရွာစွာ ပျက်စီး ထိခိုက်ခဲ့ရကာ လူပေါင်း ၁၄၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။ လူဦးရေ နှစ်သန်း လောက်မှာလည်း နာဂစ် ဆိုင်ကလုန်းဒဏ်ကို ယနေ့အထိ ခံစားနေရဆဲ ဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ပြီးသော ကာလများတွင် စစ်အစိုးရက နိုင်ငံတကာက အကူအညီ အထောက်အပံ့များ ပေးပါမည် ဟူသော ကမ်းလှမ်းချက်များကို ပယ်ချခဲ့ပြီး နိုင်ငံတကာ သတင်း မီဒီယာများကိုလည်း ဝင်ရောက် သတင်းရယူခွင့် ပိတ်ပင်ခဲ့ပါသည်။ ထိုစဉ်က ယခု ဟေတီနိုင်ငံတွင် အမေရိကန်နှင့် အနောက်နိုင်ငံ တပ်ဖွဲ့များ ဝင်ရောက်ပြီး လူသားချင်း စာနာ ထောက်ထားသော အကူအညီများ ပေးသည့် ပုံစံမျိုးကို စစ်အစိုးရက မလိုလားသောကြောင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ စစ်အစိုးရသည် ပြည်တွင်းရေးကို နိုင်ငံတကာက ဝင်ရောက် စွက်ဖက်မည့် အရေးကို စိုးရွံ့ ထိတ်လန့်သောကြောင့် ယင်းသို့ အကူအညီပေးမည့် ကမ်းလှမ်းချက်များကို ပယ်ချခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် နောက်ဆုံးတွင် မြန်မာ စစ်အာဏာပိုင်များက နိုင်ငံတကာမှ စစ်ဘက် မဟုတ်သည့် အရပ်သား ကယ်ဆယ်ရေး အဖွဲ့များကို ဝင်ရောက် လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ဟေတီ ငလျင် ကယ်ဆယ်ရေးနှင့် ပတ်သက်သော နိုင်ငံတကာ ကွန်ဖရင့် တစ်ရပ်ကို ငလျင်လှုပ်ပြီး တစ်ပတ်ကျော်၊ နှစ်ပတ် နီးပါးခန့် ဇန်နဝါရီလ ၂၅ ရက်နေ့က ကနေဒါနိုင်ငံတွင် ကျင်းပ ဖြစ်ခဲ့သည်ဟု သိရပါသည်။

မြန်မာ နာဂစ် ဆိုင်ကလုန်း ကိစ္စတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကွန်ဖရင့်ကို စစ်အစိုးရက မုန်တိုင်း တိုက်ခတ်ပြီး တစ်လမျှ အကြာတွင်မှ ပြုလုပ်ခဲ့သည်။

ဤအတော အတွင်းမှာပင် သတင်း ပေးပို့ချက်များအရ ဟေတီငလျင်တွင် သေဆုံးသွားသော လူပေါင်း ၁၅၀၀၀၀ ခန့်တွင် အဆိုပါ နိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား NGO ဝန်ထမ်းများလည်း ပါဝင်သည်ဟု သိရှိရပါသည်။

အင်တာနက် ဘလော့ဂ် (Blog) အတော် များများကလည်း ဟေတီငလျင်တွင် မြန်မာနိုင်ငံသား NGO ဝန်ထမ်းများ သေဆုံးခဲ့သည်ဟု သတင်း ပေးပို့သည်။ ဟေတီ ငလျင်တွင်မှ လွတ်မြောက်လာသော မြန်မာ နိုင်ငံသားတစ်ဦး၏ အဆိုအရ ငလျင်တွင် မြန်မာနိုင်ငံသား ဆရာဝန် တစ်ဦး ပျောက်ဆုံးနေပြီး ၎င်း၏ အမည်မှာ ဦးမြတ်သူ ဖြစ်ကြောင်း Freedom News Group က သတင်း ပေးပို့ပါသည်။

Irrawaddy မှ Burma Media Gagged on Haiti Relief Effort ကို ဘာသာပြန် ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th January 2009

          ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ogea Quintana သည် ဖေဖော်ဝါရီ (၁၄) မှ (၂၀) အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ၎င်းက တစ်နှစ်အတွင်း ဒုတိယအကြိမ် လာရောက်ရန် ယခင်နှစ်က တောင်းဆိုထားခဲ့ခြင်း ဖြစ်ပြီး မြန်မာ အစိုးရကမူ ယခု ခရီးစဉ်သည် အချိန်ကိုက် မဟုတ်ဟု ဆိုပါသည်။

          ပြီးခဲ့သော မတ်လက ၎င်း၏ လေ့လာ တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တင်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းနိုင်ငံ ရုံးခွဲ၏ အဆိုအရ သိရပါသည်။

          အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များ စသူတို့နှင့် တွေ့ဆုံခွင့် ရရန် Quintana က မြန်မာ အာဏာပိုင်များကို တောင်းဆိုထားသည်ဟု အင်္ဂါနေ့က မြန်မာ ရေဒီယို အသံလွှင့်ဌာန တစ်ခုနှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် လူ့အခွင့်အရေး အနေအထားများကို လေ့လာရေး အတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် တောင်းဆို ထားသေးသည်ဟု ဆိုပါသည်။

          ကုလသမဂ္ဂသို့ မနှစ်က တင်သွင်းသော ၎င်း၏ အစီရင်ခံစာတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို အမှန်တကယ် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသား (၂၁၅၆) ဦးစလုံးကို လွှတ်ပေးရန် Quintana က တောင်းဆိုထားပါသည်။

          ၂၀၀၈ မေလတွင် ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ၎င်းအား ရာထူး ခန့်အပ်ချိန်မှ စ၍ Quintana သည် မြန်မာနိုင်ငံသို့ (၂) ခေါက် သွားရောက်ခဲ့ပြီး ၂၀၀၉ ဖေဖော်ဝါရီတွင် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ၎င်း၏ အခွင့်အာဏာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပ်နှင်းထားခြင်း ဖြစ်သည်။

          မနှစ်က ၎င်း၏ နောက်ဆုံး ခရီးစဉ်အတွင်း အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် သီးသန့် တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် ကရင်ပြည်နယ်ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ပြီး မြန်မာအစိုးရက ပေါ်တာ ဆွဲထားစဉ် ထွက်ပြေးရန် ကြိုးစားမှုဖြင့် ထောင်ကျနေသော အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

          Quintana က စစ်ဖက် အစိုးရအား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်ချက် အဆင့် (၄) ဆင့် ပြုလုပ်ရန် တိုက်တွန်း ထားပါသည်။ အဆိုပါ အဆင့် (၄) ဆင့်မှာ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသော ဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်ရန်၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို အာမခံမည့် တရားသူကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန်၊ အရပ်သားတို့၏ အခွင့်အရေးများ အပါအဝင် ပြဿနာ ဖြစ်ပွားနေသော နယ်မြေများအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လေးစားရေး အတွက် တပ်မတော်ကို ပြင်ဆင် ဖွဲ့စည်းရန် စသည်တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, By Aung Zaw, 27th January 2009

          မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အချိန်ကို စီမံ ခန့်ခွဲရာတွင် ကောင်းမွန်စွာ စီမံနိုင်ကြောင်း အများက ပြောလေ့ ရှိကြပါသည်။ ၂၀၀၈ ခုနှစ်က မေလတွင် အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမည်ဟု ကြေညာ၍ လူတိုင်းကို အံ့အားသင့် စေခဲ့ပါသည်။

          ထို့နောက် သူသည် ငြိမ်သက်သွားပြန်ပြီး လူတိုင်းအား ရွေးကောက်ပွဲ ဥပဒေနှင့် ရွေးကောက်ပွဲ ကျင်းပမည့် ရက်တို့ကို ခန့်မှန်း ပြောဆိုမှုများ ဖြစ်စေခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသည် အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲတတ်သူ တစ်ဦး ဖြစ်ပါသည်။

          ယခု အပတ်တွင် သတင်း ပေးပို့ချက်များအရ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ကျောက်ပန်းတောင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာလတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရှိရ ပြန်ပါသည်။

          ထို့ကြောင့် ယခု သတင်းစကားသည် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲပြီးမှ လွှတ်ပေးမည်ဟု ကမ္ဘာကို ပြောလိုသလောဟု အဓိပ္ပာယ် ကောက်ယူနိုင်မလား။ အဘယ်ကြောင့် ဆိုသော် ဂျပန်နိုင်ငံ၏ သြဇာရှိ သတင်းစာ တစ်စောင် ဖြစ်သော အဆာဟိရှင်ဘွန်းတွင် ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပဖွယ် ရှိကြောင်း အတည်မပြုနိုင်သော သတင်း တစ်ခုကို ဖော်ပြခဲ့ဖူးပါသည်။ သန်းရွှေ၏ အချိန်ကို စီမံခန့်ခွဲမှု ဖြစ်စဉ်တွင် စမ်းသပ်မှု တစ်ခုပင် ဖြစ်လိမ့်မည်။

          ပြန်စဉ်းစားပါက ဗိုလ်ချုပ် မောင်ဦးသည် ပြီးခဲ့သည့် မေလက ဒေါ်အောင်ဆန်းစုကြည်၏ တရာားခွင် နောက်ဆုံးနေ့တွင် နေရာတစ်ခုမှ ပါဝင် ကပြသွားခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ သူသည် တရားရုံး အခန်းအတွင်းသို့ ရုပ်ရှင်ပြကွက် ဆန်ဆန် တစ်လှမ်းချင်း ဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ထားခြင်းအား ဗိုလ်ချုပ်မှူးကြီး၏ လျော့ပေါ့ပေးသည့် ကြေညာချက်အား ဖတ်ကြားသွားခဲ့ပါသည်။ သန်းရွှေ ဤသို့ လုပ်လိမ့်မည်ဟု မည်သူက ဟောကိန်းထုတ်ခဲ့ဖူးသနည်း။ ကျွန်ုပ်၏ အမြင်တွင်တော့ တစ်ဦးမျှ မရှိခဲ့ပါ။

          ယခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေ အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးလိုပုံ မရသည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်ပါသည်။ အကယ်၍သာ သူမကို ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် လွှတ်ပေးခဲ့မည် ဆိုပါက သူမ၏ NLD ပါတီသည် ဝက်ဝက်ကွဲ အောင်ပွဲခံ သွားလိမ့်ဦးမည် ဖြစ်ပြီး စစ်အစိုးရ၏ လမ်းညွှန်မြေပုံ (၇) ဆင့်လည်း ရည်မှန်းချက် ပျက်သွားနိုင်ပါသည်။

          ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသည် ၁၉၉၀ တုန်းကလို နောက်တစ်ကြိမ် အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ ရွေးကောက်ပွဲ မြင်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့လျှင်၊ ရွေးကောက်ပွဲ မလုပ်ခင်ကပင် နိုင်ပြီဟု ဗိုလ်ချုပ်မှူးကြီး စိတ်ချ ယုံကြည်လို့ ရမည် ဖြစ်ပါသည်။

          ၎င်း၏ ယုံကြည်မှု တိုးလာရသည့် အချက်မှာ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂနှင့် ဒေသတွင်း အစိုးရများကဲ့သို့သော နိုင်ငံတကာ အသိုင်းအဝိုင်းသည် ယခုအခါ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန် ဆောင်းဆိုနေမှုများ ရပ်သွားပြီး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်ကိုသာ တောင်းဆိုမှု ရှိတော့သည့် အချက် ဖြစ်ပါသည်။

          သို့သော် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့သည် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပါဝင်နိုင်ရန် ထိန်းသိမ်းထားသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

          အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က မကြာသေးမီက အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဖြစ်စေရန် တောင်းဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အားလည်း သူမ၏ပါတီ လုပ်ဖော်ကိုင်ဖက်များနှင့် အပြန်အလှန် ထိတွေ့ ဆက်ဆံခွင့် ပေးပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ခွင့် ပေးရန် မြင်တွေ့လိုကြောင်း ပြောခဲ့ပါသည်။

          ယခု အပတ်တွင်လည်း အမေရိကန် ပြည်ထောင်စု လူထုရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး P.J Crowley က နေ့စဉ် သတင်းအကျဉ်း ရှင်းလင်းရာတွင် သတင်းထောက်များအား ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် မိမိတို့ တောင်းဆိုခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း၊ အမြန်ဆုံး လွှတ်ပေးသင့်သည်ဟု မိမိတို့ ထင်မြင်ကြောင်း၊ သူမအား ရွေးကောက်ပွဲပြီးမှ လွှတ်မည်ဆိုပါက ကံကြမ္မာ မကောင်းနိုင်ဟု မိမိထင်ကြောင်း ပြောသွားပါသည်။

          Obama အစိုးရ၏ မြန်မာ အစိုးရနှင့် ပတ်သက်ရသော တာဝန်ရှိသူများသည် မြန်မာ အစိုးရမှ မည်သည့် စိတ်ဝင်စားမှုကိုမျှ မပြသောကြောင့် စောင့်မျှော်ရသည်မှာ အချည်းနှီး ဖြစ်သောကြောင့် စိတ်မရှည်သည့် လက္ခဏာများ ပြသလျက် ရှိပါသည်။

          ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က လွန်ခဲ့သော အပတ်က ကွန်ဂရက် အစည်းအဝေးတစ်ခုတွင် ဆီနိတ်တာများအား ပြောကြားရာတွင် မိမိတို့ ပထမခြေလှမ်း အဖြစ် ကြိုးစားခဲ့ကြောင်း၊ သို့သော် အထူး ပြောလိုသည့် အချက်မှာ တစ်ဦးတည်းက ရသည့် အဖြစ်မျိုးတော့ မဖြစ်စေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          Campbell က ဆက်လက် ပြောကြားရာတွင် အစိုးရ၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒကို ပုံမှန် သုံးသပ်ခြင်းတွင် မိမိတို့၏ မူလ အခြေခံ ရည်မှန်းချက်မှာ ပြည်သူများ၏ ရပိုင်ခွင့်များကို လေးစားသော ဒီမိုကရက်တစ် အစိုးရ ဖြစ်ပေါ်ရေးနှင့် အိမ်နီးချင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ ဆက်ဆံရေး ဖြစ်ကြောင်း ထပ်မံ အတည်ပြု ခဲ့ပါသည်။

          ၎င်းက အကျယ်ချဲ့၍ ဆက်လက် ရှင်းလင်းရာတွင် မြန်မာ အာဏာပိုင်များ အပေါ် လက်တွေ့ကျသော ဆက်ဆံရေး မူဝါဒသည် မိမိတို့၏ ရည်မှန်းချက်များ ရရှိရေးအတွက် အကောင်းဆုံး မျှော်လင့်ထားကြောင်း၊ မိမိတို့ ရည်မှန်းသော အချက်များ အတွက် အဓိပ္ပာယ်ရှိသော တိုးတက်မှုများကို မြန်မာအာဏာပိုင်များ အကောင်အထည် မဖော်မချင်း အမေရိကန်တို့၏ အရေးယူမှုများကို ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          Campbell ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ပညာများစွာ ရရှိသည် ဖြစ်ရာ မြန်မာ ဝန်ကြီးချုပ်၊  ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အကြောင်းအရာ ထောင့်စုံ ဆွေးနွေး ခဲ့ပါသည်။

          အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ NLD ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံရမှုကို များစွာ ကျေနပ်ကြောင်း ပြောခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် ၎င်းတို့နှင့် နက်နက်နဲနဲ ဆွေးနွေးမှုများ၊ ကျယ်ပြန့်စွာ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။

          သို့သော် အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ အစိုးရ ကိုယ်စားလှယ်များနှင့် စကားပြောခဲ့ပြီး မည်သည့် အချိန် သတ်မှတ်ချက်မျှ ထွက်ပေါ်လာခြင်း မရှိချေ။ ဗိုလ်ချုပ်မှူးကြီးကပဲ ရင်ထဲမှာ သိမ်းထားသလား၊ သို့မဟုတ် သူကိုယ်တိုင်ပင် ရက်သတ်မှတ်ချက် မစဉ်းစားရသေးသလော မသိနိုင်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.