Transparency Myanmar

transparency.myanmar@gmail.com

မွန်ပြည်နယ်၊ ဘုရားသုံးဆူ အနီး ပန်လန် ဂျပန် ကျေးရွာတွင် ပြုလုပ်သော ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာ၌ မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီးက အခမ်းအနား တက်ရောက်လာသော ပရိသတ်အား အကယ်၍ မိမိတို့သာ မြန်မာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည် ဆိုပါက အားပေး ထောက်ခံမှု ပြုမည်လောဟူ၍ မေးခွန်းထုတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

ဘန်ကောက် အခြေစိုက် ထိုင်း-မွန် လူထုအဖွဲ့အစည်း ခေါင်းဆောင် Nai Tang Rong (၈၂ နှစ်) က "တကယ်လို့ မြန်မာ စစ်အစိုးရ ဆီကသာ ကျွန်တော်တို့ လိုချင်တဲ့ လွတ်လပ်မှုမျိုး မရဘူးဆိုရင် စစ်အစိုးရကို တိုက်ခိုက်ဖို့ လိုအပ်မယ်လို့ ခင်ဗျားတို့ ထင်သလား" ဟု မွန်အမျိုးသားနေ့ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောဆိုခဲ့ပါသည်။

"တကယ်လို့ ခင်ဗျားတို့ကသာ စစ်အစိုးရကို တိုက်ဖို့လိုအပ်မယ်လို့ ထင်ရင် လက်ခုပ် တီးကြပါ" ဟု အခမ်းအနားသို့ တက်ရောက်သော ပရိသတ်ကြီးအား မေးလိုက်သည်။ Nai Tang Rong ၏ မေးခွန်း ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်တည်း ပရိသတ်ကြီးကလည်း တစ်ပြိုင်နက်တည်း လက်ခုပ်တီး ကြကြောင်း သိရပါသည်။

အဖွဲ့ဝင် ၁၀၀ ခန့် ရှိပြီး အမျိုးသမီးများလည်း ပါဝင်သော မွန်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (MNLA) ကလည်း အဆိုပါ မွန်အမျိုးသားနေ့တွင် စစ်ရေးချီ လမ်းလျှောက်မှု ပြုလုပ်ပြီး မွန်အလံတော်ကို အလေးပြုကာ မွန်အမျိုးသား သီချင်းကို ဂုဏ်ပြု သီဆိုခဲ့ကြ ပါသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်က မြန်မာစစ်အစိုးရသည် ယခုအခါ မိမိတို့ကို ပူးတွဲ နယ်ခြားဒေသစောင့် တပ်ဖွဲ့သို့ ပူးပေါင်းပါဝင်ရန် တွန်းအား ပေးလျက် ရှိကြောင်း ပြောဆိုပါသည်။

"ဒီအချိန် မွန်ပြည်နယ်မှာ စစ်ရေးတပ်ဖွဲ့ တစ်ခုတည်းရှိမယ် ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ လက်မခံပါဘူး။ တကယ်လို့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ညှိနှိုင်း လုပ်ဆောင်ပေးနိုင်မယ့် ဒီမိုကရက်တစ် အစိုးရတစ်ရပ် ထွက်ပေါ်လာမယ်ဆိုမှ အဲဒီအဆိုပြုချက်ကို ကျွန်တော်တို့ လက်ခံမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောပါသည်။

မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လတွင် NMSP အနေဖြင့် မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိမည့် နယ်ခြားဒေသစောင့် တပ်ဖွဲ့သို့ ဝင်ရောက်ရန် အဆိုပြု တောင်းဆိုခဲ့သည်။

အဆိုပါ အဆိုပြုချက်ကို မွန်တို့က ပယ်ချခဲ့ပြီးနောက် ယခုကာလများအတွင်း မြန်မာစစ်တပ်နှင့် NMSP တို့ အကြား တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်းသိရပါသည်။

"ကျွန်တော်တို့ကို မွန်တွေက ပြောပါတယ်၊ သူတို့တတွေရဲ့ တပ်တွေကို နယ်ခြား ဒေသစောင့်တပ် အဖြစ် မလုပ်စေချင်ဘူးတဲ့။ သူတို့ပြောတဲ့အတိုင်း စစ်အစိုးရကို အကြောင်း ပြန်လိုက်ပါတယ်" ဟု နိုင်ထောမွန်က ပြောပါသည်။

"တကယ်လို့ စစ်အစိုးရကသာ ကျွန်တော်တို့ကို အတင်းဖိအားပေးမယ်၊ ဒါမှမဟုတ် အင်အားသုံးပြီး ကျွန်တော်တို့ နယ်မြေကို သိမ်းပိုက်ဖို့ ကြိုးစားရင် ကျွန်တော်တို့ ကတော့ တိုက်ရမှာပဲ။ ဒါပေမဲ့ သူတို့ဘက်ကစပြီး မတိုက်သေးသရွေ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းသွားမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုပါသည်။

ယခု ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှု ရှိမည်မဟုတ်ကြောင်း၊ အကြောင်းမှာ စစ်အစိုးရ ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လက်အောက်တွင် ဒီမိုကရေစီ မရှိသလို တိုင်းရင်းသားများ အခွင့်အရေးလည်း မရှိသောကြောင့် ဖြစ်ကြောင်း ၎င်းကပြောပါသည်။

Irrawaddy သတင်းဌာန၏ We will fight, says Mon leader ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Saw Yan Naing, 1st February 2010

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်သော စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အကြား နယ်ခြားစောင့်တပ်နှင့် ပတ်သက်သော ဆွေးနွေးပွဲတွင် အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့သည်ဟု တရုတ် - မြန်မာ နယ်စပ်ရှိ ကချင် သတင်းများအရ သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် KIO ခေါင်းဆောင်များသည် ပင်လုံစာချုပ် စိတ်ဓာတ် အရေးကြီးပုံကို ဆွေးနွေးခဲ့ပြီး အစိုးရ လက်အောက်တွင် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေး ကိစ္စကို တိုက်ရိုက် ဆွေးနွေးခြင်းကို ရှောင်ရှားခဲ့သည်ဟု သတင်းများ အဆိုအရ သိရှိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က KIO ခေါင်းဆောင်များသို့ ပြောကြားရာတွင် KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းသင့်ကြောင်း၊ အခြား အဆိုပြု တင်ပြချက်များ မလိုအပ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

မြစ်ကြီးနားရှိ KIO ခေါင်းဆောင်များနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားရာတွင် အဆိုပါ ကိစ္စ အတွက် အစည်းအဝေးများ ထပ်မံ ပြုလုပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး KIO ဘက်မှ KIO ဥက္ကဋ္ဌ Lanyaw Zawng Hra ဒု ဥက္ကဋ္ဌ(၁) ဒု ဗိုလ်ချုပ်ကြီး Gauri Zau Seng နှင့် ဗိုလ်မှူးချုပ် Sumlut Gun Maw တို့ တက်ရောက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, Yahoo News, 2nd Febuary 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ ပြည်သူများ ပြောင်းဆန် အပေါ်တွင်သာ မှီခို စားသောက်နေခြင်း အပေါ် နောင် မဖြစ်စေရတော့ပါဟု ကတိပေးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက တနင်္လာနေ့က ဖော်ပြခဲ့ပါသည်။

၎င်း၏ အစိုးရသည် လူနေမှု အဆင့်အတန်း တိုးတက်ရေး လုပ်ဆောင်မှုတွင် မအောင်မြင်မှုအား တရားဝင် ရှားရှားပါးပါး အသိအမှတ် ပြုလိုက်ခြင်းပင် ဖြစ်ပါသည်။

မြောက်ကိုရီးယား ကွန်မြူနစ် ပါတီ၏ တရားဝင် သတင်းစာ ဖြစ်သော Rodong Sinmun က ဖော်ပြရာတွင် ကင်ဂျုံအီ၏ လတ်တလော ရည်မှန်းချက်မှာ ၎င်း၏ ပြည်သူများ အစာရေစာ မလုံလောက်မှုကြောင့် ပြောင်းဆန်အပေါ် မှီခိုနေရခြင်းကို အဆုံးသတ်ပြီး၊ ဆန်နှင့် ဂျုံမှ ထုတ်သော အရာများဖြင့် အစားထိုး ကျွေးမွေးရန် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တောင်ကိုရီးယား၏ Yonhap သတင်းဌာန စောင့်ကြည့်နေသော သတင်း ပေးပို့ချက်တွင် ကင်ဂျုံအီက မိမိ၏ ပြည်သူများ ပြောင်းဆန်နှင့်သာ အသက်ရှင်နေရမှု အတွက် မိမိမှာ ဝမ်းအနည်းဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

"ကျွန်တော် အခု လုပ်ရမယ့် အလုပ်ကတော့၊ သူတို့ကို ဆန်၊ ပေါင်မုန့် နှင့် ခေါက်ဆွဲတွေ ရက်ရက်ရောရော ကျွေးမွေးဖို့ပါပဲ" ဟု ကင်က ပြောခဲ့သည်ဟု ဆိုပါသည်။

သတင်းစာက ကင်ဂျုံအီသည် အထက်ပါ ပြောကြားချက်များကို မည်သည့်နေရာတွင် ပြောခဲ့သည်ဟု ဖော်ပြထားခြင်း မရှိပါ။

ကင်က မြောက်ကိုရီးယားများကို ၎င်း၏ ဖခင် ခေါင်းဆောင်ဟောင်း ကင်အီဆွန်းအား ပေးခဲ့သော ကတိဖြစ်သည့် တိုင်းပြည် တည်ဆောက်ရာတွင် လူအများကို ပြောင်းနှင့် ပြုလုပ်သည့် အစာများကို မစားစေရဟူသော ကတိကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပါသည်။

ပြီးခဲ့သည့်လက ကင်ဂျုံအီက ဆန် အဖြူနှင့် အသား စွပ်ပြုတ်သည် မြောက်ကိုရီးယားတို့၏ အိပ်မက် ဖြစ်နေသည်ကို သိကြောင်း၊ မိမိ၏ ကွန်မြူနစ် တိုင်းပြည်မှ ပြည်သူများကို လက်ခံနိုင်သည့် နေထိုင်မှု စနစ်အဖြစ် လုပ်ပေးရန် ပျက်ကွက်ခဲ့ခြင်းကို ဝန်ခံ ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားရှိ အစားအစာ မလုံလောက်မှု ပြဿနာသည် ၁၉၉၀ ခန့်မှစ၍ ဖြစ်ပွားခဲ့ပြီး လူရာပေါင်း ထောင်ပေါင်းများစွာ အစာငတ်၍ သေခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၃၀) ရက်နေ့က ငွေကြေးတန်ဖိုး ပြန်လည် သတ်မှတ်ခြင်းကို ပြုလုပ်ခဲ့ရာ ဖြန့်ဖြူးရေး ကွန်ရက်တွင် ရှုပ်ထွေးမှုများ ဖြစ်ခဲ့ပြီး၊ အစားအစာ ပြတ်လပ်မှုများကို ပိုမို ဖြစ်စေခဲ့ကာ ငွေကြေး ဖောင်းပွမှုကိုလည်း မီးပွား ဖြစ်စေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy news, 1st February 2010

မြန်မာ စစ်ဖက် အာဏာပိုင်များသည် အကျဉ်းခံ ၈၈ မျိုးဆက် ကျောင်းသားများ အုပ်စု၏ အဖွဲ့ဝင်များအား အစိုးရ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လက်ခံပါက အပြန်အလှန်အားဖြင့် ၎င်းတို့အား ထောင်မှ လွှတ်ပေးမည်ဟု ပြောဆိုကာ ညှိနှိုင်းရန် ကြိုးစားနေပြီး ကျောင်းသားများအုပ်စုက လက်မခံဘဲ ငြင်းဆန်နေကြောင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောကြားပါသည်။

"စစ်ဖက် အာဏာပိုင်တွေက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ မင်းကိုနိုင် နဲ့ ကိုကိုကြီးကို အပေးအယူ လုပ်ဖို့ ညှိနှိုင်းခဲ့ပါတယ် ဆိုတာ သေချာပါတယ်" ဟု ပြောကြားသူမှာ နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ၈၈ မျိုးဆက် အုပ်စု ခေါင်းဆောင်တစ်ဦး ဖြစ်သူ အသက် ၃၉ နှစ်ရှိ စိုးထွန်း ဖြစ်၍ ၎င်းမှာ လတ်တလော တိမ်းရှောင်နေပါသည်။ ၎င်းတို့က မည်သည့် ဖိအားပေးမှု မျိုးကိုမှ လက်မခံခဲ့ ဟုလည်း သိရပါသည်။

ယခင် အပတ်က ၈၈ မျိုးဆက် ကျောင်းသားများ အုပ်စုသည် ကြေညာချက် တစ်စောင် ထုတ်ပြန်၍ နိုင်ငံရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်သူ stakeholders အားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပြဿနာများကို ဖြေရှင်းရာတွင်လည်း ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဆောင်ရွက်ရန် ကိုလည်း အဆိုပါ ကြေညာချက် တွင် တိုက်တွန်းထားပါသည်။

တနင်္လာနေ့က ဧရာဝတီသို့ စိုးထွန်းက ပြောကြားရာတွင် မင်းကိုနိုင်နှင့် ကိုကိုကြီးသည် ၎င်းတို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့၍ ထောင်မှ လွတ်စေနိုင်မည့် အစိုးရ ကမ်းလှမ်းသော ဥပဒေ ပုဒ်မ ၄၀၁ ကို လက်မှတ် ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည်ဟု ဆိုပါသည်။ ယခုနှစ် အတွင်း ကျင်းပမည့် အစိုးရ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ကျောင်းသား ခေါင်းဆောင်များက လက်ခံခဲ့လျှင် ဟူသော အခြေအနေပေါ် မူတည်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရာဇဝတ် မှုခင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ သည် ထောင်ချထားသော နိုင်ငံရေး အကျဉ်းသားများကို ပြစ်ဒဏ် လျှော့ပေါ့ပေးရန် အတွက် အစိုးရက အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

"အခု အချိန်ထိ ကျွန်တော် သိသမျှ သူတို့ရဲ့ တုန့်ုပြန်မှုကတော့ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ လက်ရှိ အစိုးရ တွေ့ဆုံ ဆွေးနွေးတာကို မြင်ချင်တယ် ဆိုတာပါပဲ" ဟု စိုင်းထွန်းက ပြောကြားခဲ့ပြီး ၎င်းသည် မြန်မာ အစိုးရက ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကို ရက်စက်စွာ နှိမ်နှင်းပြီး နောက် တိမ်းရှောင် ပုန်းအောင်းနေသူ ဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ၂ ဦးစလုံးသည် ယခင်တစ်ခေါက် ထောင်ကျစဉ် ကာလကလည်း ပုဒ်မ ၄၀၁ ကို ခံဝန်ချက် ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည် ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

မင်းကိုနိုင် (၄၇ နှစ်) နှင့် ကိုကိုကြီး (၄၈ နှစ်) တို့ နှစ်ဦး စလုံးသည် နိုင်ငံရေး အကျဉ်းသားများ အဖြစ် ထောင်ထဲတွင် ၁၅ နှစ် နီးပါး နေခဲ့ရပြီး ၂၀၀၄ နှင့် ၂၀၀၅ တွင် အသီးသီး လွတ်မြောက် လာကြပါသည်။ ၎င်းတို့ ၂ ဦး သည် ၂၀၀၇ တွင် လောင်စာဆီ ဈေးတက်မှုကို ဆန္ဒပြရာတွင် ပါဝင်မှုဖြင့် ပြန်လည် ဖမ်းဆီးခြင်း ခံရပြီး လက်ရှိ အချိန်တွင် မြန်မာပြည် မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ ထောင်များတွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေပါသည်။

ယခင်နှစ် ၎င်း၏ အကျဉ်းထောင်တွင်းမှ ပေးစာတစ်စောင်တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ လှမျိုးနောင်က ရွေးကောက်ပွဲ မတိုင်မီတွင် မြန်မာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန်နှင့် အားလုံး ပါဝင်နိုင်သော နိုင်ငံရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း၊ ဤအချက်များသည် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ရွေးကောက်ပွဲ မူဝါဒ အခြေခံ အုတ်မြစ်များ ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

၎င်းတို့ အဖွဲ့၏ သဘောထား ရပ်တည်ချက်နှင့် ပတ်သက်၍ မေးမြန်ခဲ့ရာတွင် စိုးထွန်းက       ''ကျွန်တော်တို့က သဘောထား တင်းမာခြင်း မရှိပါဘူး၊ နိုင်ငံ ကောင်းကျိုးအတွက် အကောင်းဆုံး ဖြစ်မယ့်  ဆောင်ရွက်ချက်တွေကို လက်ခံဖို့ အသင့်ရှိနေပါတယ် '' ဟု ရှင်းလင်း ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းတွင်ပင် နိုင်ငံခြားရေး နှင့် ဓနသဟာရ ရေးရာ ဗြိတိသျှဝန်ကြီး Ivan Lewis က ပြောကြားရာတွင် လက်ရှိ အခြေခံဥပဒေကို ကိုးကား၍ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသမျှ ကာလပတ်လုံး နိုင်ငံတကာ၏ အသိအမှတ်ြပု ထောက်ခံခြင်းကို ရရှိနိုင်လိမ့်မည်ဟု မဟုတ်ပါ ဟု မှတ်ချက်ပေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 1st Febuary 2010

အတင်းအကျပ် စစ်မှုထမ်းရန် ခေါ်ယူခံရသော ၁၄နှစ် အရွယ် ကလေးတစ်ဦးအား ၎င်း၏ မိခင်က နိုင်ငံတကာ မီဒီယာများမှ တဆင့် ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့ပြီးနောက် မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့ပါသည်။

ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရသူ စန္ဒာဝင်းက BBC မြန်မာပိုင်း အစီအစဉ်နှင့် RFA သို့ '' သူမ၏ သားအား ပြန်လွှတ်ပေးရန် အသနားခံမှုကို စစ်တပ်က လျစ်လျူရှုခဲ့ကြသည် ''  ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လွန်ခဲ့သော ၂ ပတ်က သူမ၏ စိတ်လှုပ်ရှားဖွယ် အင်တာဗျူး အပြီးတွင် စစ်တပ်က သူမ၏ သားအား အိမ်ပြန် ပို့လိုက်ပါသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအား အတင်းအကြပ် စစ်သား စုဆောင်းခြင်းမှာ မထူးဆန်းလှပါ ဟု သတင်းထောက်များက ပြောကြားပါသည်။ စန္ဒာဝင်းက BBc သို့ ပြောကြားရာတွင် ဈေးအတွင်းရှိ စားသောက်ဆိုင်တွင် သူမ အလုပ်လုပ်နေခိုက် စစ်သားတစ်ယောက်က သူမ၏ သားအား အရက်တိုက်ကာ ဖြားယောင်း ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

စစ်သား စုဆောင်းရေး စခန်းတွင် အခြား ကလေးများနှင့် အတူ ထိန်းသိမ်းထားကြောင်း တွေ့ရှိသည့် အခါ ၎င်းအား ပြန်လွှတ်ပေးရန် သွားရောက် တောင်းပန်ခဲ့သော်လည်း စစ်သားများက သူမအား ရိုက်နှက် မောင်းထုတ်လိုက်ကြသည်ဟု လည်း သိရပါသည်။

သူမ၏ သားနှင့် တွေ့ဆုံခွင့်ရသည့် အခါ ကလေးက ငိုယိုကာ အိမ်ပြန်လိုသည်ဟု တောင်းဆိုကြောင်း၊ သို့ရာတွင် ကလေးအား ပြန်ခေါ်သွားရန် ခွင့်မပြုခဲ့ကြဟု စန္ဒာဝင်းက BBc နှင့် RFA  အင်တာဗျူးများတွင် ပြောကြားခဲ့ပါသည်။

အင်တာဗျူး ပြုလုပ်ပြီး နှစ်ပတ်အကြာတွင် သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်များ သူမ၏ နေအိမ်သို့ ရောက်ရှိလာပြီး ကလေးကို အိမ်ပြန် ပို့သွားကြသည်ဟု သိရသည်။

RFA, BBC တို့နဲ့ ပြောတုန်းက သားကို ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့တာပါ။ အခု သားလေး ပြန်လွတ်လာတော့ အရမ်းကို ပျော်ပါတယ်။ RFA နဲ့ BBC ကိုလည်း အကူအညီပေးတဲ့ အတွက် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ဟု သူမက ကျေးဇူးတင် စကား ဆိုခဲ့သည်။

ကလေးတွေကို စစ်တပ်က ပုံမှန် ပြန်ပေးဆွဲလေ့ ရှိတယ်။ ဒါမှ မဟုတ်ရင် အရက်တိုက်ပြီး ဖြားယောင်း သိမ်းသွင်းတယ် ဟု BBC မြန်မာပိုင်း အစီအစဉ် ဌာနမှူး တင်ထားဆွေက ပြောကြားသည်။

အခုကိစ္စမှာ ပြည်သူ အများစု သတိထားမိလာအောင် ဆွဲဆောင်နိုင်ခဲ့တာရယ်၊ ပြည်သူတွေ အမြင်မှာ စစ်တပ်ကို အထင်သေးသွားမှာကို စိုးရိမ်တာရယ်၊ ဒါတွေကြောင့် ကလေးကို ပြန်လွှတ်ပေးတာ ဖြစ်ဖို့ များပါတယ် ဟု သူမက ဆိုပါသည်။

မြန်မာ စစ်တပ် လက်နက်ကိုင် တပ်ဖွဲ့များတွင် အရွယ်မရောက်သေးသော ကလေး သူငယ် စစ်သားများ ထောင်နှင့်ချီ၍ ရှိနေပြီး အချို့မှာ ၁၁ နှစ်အရွယ် ခန့်သာ ရှိသည်ဟု The Coalition to Stop Child Soldiers (ကလေးသူငယ် စစ်သားများ တားဆီးရေး) က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Seoul Times,By John Smith Thang,1st Feb 2009

အမေရိကန် အစိုးရသည် မြန်မာ အစိုးရကို ရန်သူအဖြစ် ဆက်ဆံလာခဲ့သည်မှာ ကြာပြီ ဖြစ်ပါသည်။ သို့သော် ပြီးခဲ့သည့်နှစ် သြဂုတ်လ (၁၅ - ၁၆) ရက်များက အမေရိကန် ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဥက္ကဌ ဆီနိတ်တာ James Webb ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ကက်ဘိနက် အဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆို လက်ခံ ခဲ့ကြပါသည်။

ထို့အတူပင် မနှစ်က နွေရာသီ အစောပိုင်းတွင် အမေရိကန် သမ္မတဟောင်း Bill Cliton သည် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ကြောင်း မီဒီယာများတွင် တွေ့ရပါသည်။ အဆိုပါ အဖြစ်အပျက်သည် အမေရိကန်က အာဏာရှင် မြောက်ကိုရီးယား အပေါ် ထားရှိသော အမေရိကန်၏ စံနှစ်မျိုး (double – standard) ၏ သဘာဝကို ရှင်းရှင်းလင်းလင်း ပြသခြင်းပင် ဖြစ်ပါသည်။

အမေရိကန် ဆီနိတ်တာ၏ မြန်မာနိုင်ငံသို့ သွားရောက်သော ခရီးစဉ်သည်လည်း အာဏာရှင် မြန်မာနိုင်ငံ အစိုးရအပေါ် အမေရိကန်၏ ဆက်ဆံရေး အတွက် ပထမခြေလှမ်း အဖြစ် ရှုမြင်ရပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ ဆက်လက် ဆုပ်ကိုင်ထားရေး အတွက် အခွင့်ကောင်းတစ်ခုပင် ဖြစ်ပါသည်။

မကြာမီမှာပင် မြန်မာ အစိုးရသည် အမေရိကန်တို့နှင့် ဆက်ဆံရေးကို စတင်ခဲ့ပါသည်။ မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် (၆၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ သွားရင်း ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၈) ရက်တွင် အမေရိကန် အာဏာပိုင်များနှင့် တွေ့ဆုံပါသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကလည်း ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၃ - ၄) ရက်များတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရေးယူမှုများ ရုတ်သိမ်းရေးကို ဆွေးနွေး ခဲ့ပါသည်။ မြန်မာ ခေါင်းဆောင်များကလည်း အရေးယူမှုများ ရုတ်သိမ်းရေးကို စိတ်အား ထက်သန် ခဲ့ပါသည်။

မြန်မာ အစိုးရသည် နိုင်ငံတကာ ဖိအားပေးနေမှုများ ကြားမှ နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့ပါသည်။ သို့သော် ယခုအချိန်အထိမူ လေသံပစ်ရုံသာ ရှိပါသေးသည်။ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကြေညာခြင်းဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းတွင် မြန်မာသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ပြုလုပ်နေကြောင်း ပြသလိုခြင်း ဖြစ်ပေသည်။

သို့သော် ပြဿနာ တစ်ခုမှာ ၎င်းတို့သည် မည်သည့် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများကို ရွေးကောက်ပွဲအား လေ့လာကြည့်ရှုရန် ခွင့်ပြုလိမ့်မည် မဟုတ်သော အချက် ဖြစ်ပါသည်။

မြန်မာ အစိုးရသည် အမှားများ ပါဝင်သော၊ အားနည်းချက်များ ရှိသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့ပြီး၊ အဆိုပါ အခြေခံ ဥပဒေ အသစ်အရ ပါလီမန်၏ လေးပုံတစ်ပုံသော နေရာကို စစ်တပ်မှ ယူထားသည်ကို တွေ့ရပါသည်။

ယမန်နှစ်က ကိုရီးယားနိုင်ငံ ဆိုးလ်တွင် ကျင်းပသော World Democratization for Asia ၏ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲနှင့် အခြေခံ ဥပဒေ အသစ်ကို ကန့်ကွက် ခဲ့ကြပါသည်။ အာရှရှိ နိုင်ငံပေါင်း (၂၈) နိုင်ငံမှ ဒီမိုကရေစီ အတွက် စုဝေးရာသို့ လူ (၃၀၀) ခန့် တက်ရောက် ခဲ့ပါသည်။

မြန်မာ အစိုးရ ရေးဆွဲထားသော ဒီမိုကရေစီ လမ်းပြ မြေပုံသည် အမှန်တကယ်တွင် စစ်တပ် အုပ်ချုပ်ရေးကို တရားဝင်အောင် ပြုလုပ်ထားခြင်းပင် ဖြစ်ပါသည်။

ယခု အမေရိကန် အစိုးရက မြန်မာ အစိုးရနှင့် စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရေး အတွက် စတင် စကားပြောကြသည် ဆိုသောအခါ ထူးဆန်း နေပေသည်။ ထို့ကြောင့်ပင် ထိုအကြောင်းအရာသည် ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ပညာရှင်များနှင့် မြန်မာနိုင်ငံရေး စိတ်ဝင်စားသူ ကမ္ဘာအနှံ့မှ ပုဂ္ဂိုလ်များ၏ အာရုံပြုမှုကို ဆွဲဆောင် နိုင်ခဲ့ပါသည်။

မူလအစအားဖြင့် မြန်မာနိုင်ငံမှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သူများ ဖြစ်ပါသည်။ သူမက စီးပွားရေး ပိတ်ဆို့မှုကို သူမ၏ အကြမ်းမဖက်သော မဟာဗျူဟာ နည်းလမ်းတစ်ခု အဖြစ် တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၄ ခုနှစ် မတ်လက ထုတ်ပြန်သော Burma Campaign UK ၏ အစီရင်ခံစာအရ NLD သည် နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာ အာဏာရှင် အစိုးရ အပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ဧရာဝတီ သတင်းဌာနတွင် ဖော်ပြထားသော ဇာနည်၏ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ၏ ခေါင်းဆောင်မှုသည် သူမ ၁၉၉၅ ခုနှစ် ဇူလိုင်လ နေအိမ် အကျယ်ချုပ်မှ လွတ်လာပြီးနောက် အရေးယူ ပိတ်ဆို့ရေး လှုပ်ရှားမှုတွင် များစွာ ပါဝင် ပတ်သက်မှုများ ရှိခဲ့သည်ဟု ဖော်ပြထားပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အကြံပေးလည်းဖြစ်၊ NLD ၏ CEC လည်းဖြစ်သော ဦးဝင်းတင်ကလည်း စီိးပွားရေး ပိတ်ဆို့မှုကို ထောက်ခံခဲ့ပါသည်။

၎င်းက အရေးယူ ပိတ်ဆို့မှုများသည် အတိုင်းအတာ တစ်ခုအထိ ထိရောက်မှု ရှိကြောင်း ပြောပါသည်။

ထို့အတူပင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ (၉) ရက်နေ့က အမေရိကန် သံရုံး တာဝန်ခံ Larry M. Dinger၊ ဗြိတိန် သံအမတ် Andrew Heyn နှင့် သြစတြေးလျ မစ်ရှင် ဒုတိယ ခေါင်းဆောင် Simon Starr တို့နှင့် တစ်နာရီခန့်ကြာ အံ့သြဖွယ် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုကို အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell လာရောက်ပြီးနောက် မြန်မာ အစိုးရ အာဏာပိုင်များက စီစဉ်ပေးပြီး၊ အချက်အလက် ရှာဖွေရေး ဆွေးနွေးမှုဟု ဆိုပါသည်။

အမှန်တကယ်လည်း စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များကို ဒဏ်ခတ်ရာတွင် အသုံးမဝင်လှပေ။ အစကတည်းက နိုင်ငံရေး လှုပ်ရှားသူ အတော်များများက အရေးယူ ပိတ်ဆို့မှုများကို သဘောမတူခဲ့ကြပေ။

တောင်ကိုရီးယား အခြေပြု Chin Democracy and Human Rights Network ၏ အကြံပေး ဖြစ်သူ တိုင်းရင်းသား ဥပဒေ ပညာရှင် Pu Khan En Thang က ပြောကြားရာတွင် အကြမ်းမဖက်ရေး  အစီအစဉ်ဖြစ်သော စီးပွားရေး အရေးယူ ပိတ်ဆို့မှုများသည် မြန်မာ အစိုးရ အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိကြောင်း ပြောခဲ့ပါသည်။

အရေးယူမှုများသည် မြန်မာ အစိုးရ၏ သဘောထား တင်းမာသော ခေါင်းဆောင်များကို ပြောင်းလဲအောင် မလုပ်နိုင် ဆိုသည်ကို နားလည် လွယ်လိမ့်မည် ဖြစ်ပါသည်။

အနောက်နိုင်ငံများက အရေးယူမှုများ ချမှတ်ထားသော်လည်း တရုတ်၊ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသော တည်ရှိနေမှု၊ သဘာဝ အရင်းအမြစ်များ ကြွယ်ဝမှု တို့ကြောင့် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေခဲ့ပါသည်။

အနောက်နိုင်ငံများ၏ အရေးယူမှုများသည် အစိုးရကို မထိခိုက်ပဲ၊ မြန်မာ ပြည်သူများကိုသာ တိုက်ရိုက် ထိခိုက်ပြီး၊ အဆိုးဝါးဆုံး စီးပွားရေး အခြေအနေများကို ခံစားကြရပါသည်။

ထို့ကြောင့် ယခုအချိန်သည် မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့များ ဒီမိုကရေစီ လှုပ်ရှားသူများသည် အတူတကွ ပူးပေါင်း၍ ခိုင်မာ စုစည်းသော မူဝါဒများ ချမှတ်၍ အရေးယူမှုများ ရုတ်သိမ်းရေးကို တောင်းဆိုရန် အချိန်တန်နေပြီ ဖြစ်ပါသည်။

အချို့ ကောလဟာလများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးလိမ့်မည်ဟု ဆိုနေရာ သူမ အနေဖြင့် အာဏာရှင် စနစ်ကို တိုက်ဖျက်ရန် ပို၍ အင်အား ရှိစေသင့်ပါသည်။

သူမသည် အကြမ်းမဖက်သည့် သူမ၏ မူဝါဒကို ပြန်လည် ပုံသွင်းရန် လိုအပ်ပြီး၊ စီးပွားရေး အရေးယူမှုများ၏ လုပ်နိုင်စွမ်းရည်ကို ပြန်လည် စဉ်းစားသင့်ပေသည်။ စီးပွားရေး အရေးယူမှုများမှာ ရုတ်သိမ်းသင့်နေပြီ ဖြစ်ပါသည်။

သူမ ကိုယ်တိုင်ကလည်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာရေးသား ပေးပို့ခဲ့ပါသည်။

အမေရိကန် အစိုးရ အနေဖြင့် ၎င်း၏ စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းသင့်ပြီး၊ မြန်မာ အစိုးရ အပေါ် အခြား ပိုမို ပြင်းထန်သော ဖိအားပေးနိုင်သည့် နည်းလမ်းများကို သုံးသင့်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အစစ်အမှန်များ ဖြစ်ပေါ်ရေး အတွက် အဆက်မပြတ် နားချနေရေးသည် အရေးကြီးလှပါသည်။

ယခု လောလောဆယ်တွင်မူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အနှစ်သာရများ ပျောက်ဆုံး နေပါသည်။ ပုံနှိပ်စာပေ လွတ်လပ်ခွင့် မရှိ။ တရားစီရင်ရေး လွတ်လပ်ခွင့် မရှိ။ ယခု အခြေအနေဖြင့်တော့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်မည် မဟုတ်ပေ။

အမေရိကန် အစိုးရ အနေဖြင့် မြန်မာ အာဏာရှင်များ၏ လှည့်ကွက်များကို ဂရုပြုသင့်ကြသည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံ၏ အနာဂါတ်သည် မြောက်ကိုရီးယားကဲ့သို့  ဖြစ်သွားမည်ကို စိုးရိမ်ရပေသည်။ မြောက်ကိုရီးယားတို့သည် နာမည်တွင် ပြည်သူ့ ဒီမိုကရက်တစ် ကိုရီးယားဟု ဆိုသော်လည်း ကမ္ဘာပေါ်တွင် ဒီမိုကရေစီ အနည်းဆုံး နိုင်ငံတစ်ခု ဖြစ်နေပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဇန်နဝါရီ လကုန်ခန့်တွင် မြန်မာစစ်အစိုးရ၏ ထိပ်တန်း စေ့စပ်ညှိနှိုင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ KIA သည် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့များအနက် တစ်ခု ဖြစ်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်ပြုလုပ်မည့် အဆိုပါ စေ့စပ်ညှိနှိုင်းမှုသည် ၂၀၁၀ အတွင်း အပစ်အခတ် ရပ်စဲထားသော အုပ်စုများနှင့် ပထမဆုံး ပြုလုပ်သည့် ဆွေးနွေးပွဲ တစ်ရပ်ပင် ဖြစ်ပါသည်။ ယခင်က စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဌာနဟု အများက သိရှိထားသော ယခုစစ်ဘက် ဆိုင်ရာ လုံခြုံရေးဌာန အကြီးအကဲ ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် နယ်ခြား ဒေသစောင့်တပ် ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ ၎င်းနှင့် အဆင့်ချင်း တူသော KIA ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ KIA အဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်က ဆိုပါသည်။

"မြစ်ကြီးနားမှာ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ အစည်းအဝေးတုန်းက ဗိုလ်ချုပ်စိုးဝင်းက ဒီနှစ် ဆန်း ပိုင်းထဲမှာ နောက်ထပ် တွေ့ဆုံမှုပြုလုပ်မယ်လို့ ကချင် ကိုယ်စားလှယ်တွေကို ပြောသွား ခဲ့ပါတယ်" ဟု ထိုင်းနိုင်ငံအခြေစိုက် KIO အဖွဲ့၏ နိုင်ငံတကာရေးရာ ဒုတိယအကြီးအကဲဖြစ်သူ James Lum Dau က ပြောကြားပါသည်။

မြန်မာစစ်အစိုးရ အရာရှိများနှင့် ကချင် ကိုယ်စားလှယ်များသည် ၂၀၀၉ ခုနှစ်က ၁၀ ကြိမ်ခန့် အထိ တွေ့ဆုံပြီး နယ်ခြားဒေသစောင့်တပ် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ နောင် ကာလတွင်လည်း အလားတူ ကိစ္စများကိုသာ အဓိကထား ဆွေးနွေးကြလိမ့်မည်ဟု ယူဆမိကြောင်း ၎င်းက ပြောပါသည်။

ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်သော မြန်မာအဖွဲ့နှင့် ကချင် ခေါင်းဆောင်များသည် ဒီဇင်ဘာ ၃၀ ရက်နေ့က မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ကချင် နယ်ခြားဒေသစောင့် တပ် ထားရှိရေး အစီအစဉ်ကို မြန်မာအစိုးရဘက်က ၂၀၀၉ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အချိန် သတ်မှတ်ချက်ကို လျှော့ပေါ့ သတ်မှတ်ပေးခဲ့သည်။

ကချင် တိုင်းရင်းသားတို့သည် ၁၉၄၇ ခုနှစ်၊ ပင်လုံ သဘောတူစာချုပ်၏ အခြေခံ သဘောတရားကို လိုလားကြသည်။ ယင်းပင်လုံစာချုပ်သည် အရှေ့တောင်အာရှ ဒေသတွင်း ဖက်ဒရယ် ပြည်ထောင်စု တစ်ခုဖြစ်ရန် အခြေခံထားသည့် သဘောတူညီချက် ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသတို့တွင် အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့မှာ 'ဝ' ပြည်နယ် ညီညွတ်ရေး တပ်ဖွဲ့ (UWSA) ဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ခန့်ရှိသည်။

ဝ နှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့သည် လည်း ယနေ့အချိန် အထိ နယ်ခြား ဒေသစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရန် သဘောတူညီမှု မပြုလုပ်သေးပေ။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များကို ယနေ့အချိန်အထိ ထုတ်ပြန် ကြေညာခြင်း မရှိနိုင်ဘဲ ဖြစ်နေရာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် အုပ်စုများအကြား နယ်ခြား ဒေသစောင့်တပ် ဖွဲ့စည်းမည့် အစီအစဉ် သည်လည်း အဆိုပါ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှု တစ်ရပ်ကဲ့သို့ ဖြစ်နေပါသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာစစ်အစိုးရက နယ်ခြား ဒေသစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရေး အဆိုပြုချက်ကို ပယ်ချခဲ့သည့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များအပေါ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နည်းတူ အခြားသော အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် တပ်ဖွဲ့များ သည်လည်း ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာ အကဲခတ်သူများက ပြောကြားသည်။

"လောလောဆယ်မှာတော့ နယ်စပ်ဒေသ အခြေအနေက ပုံမှန်ပါပဲ။ မြန်မာစစ်တပ်က နယ်စပ် ဒေသမှာ စစ်ဆင်နွှဲဖို့ ပြင်ဆင်နေတာမျိုး မရှိပါဘူး" ဟု တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီတွင် နေထိုင်သော မြန်မာ့စစ်ရေး လေ့လာသုံးသပ်သူ ကိုအောင်ကျော်ဇောက ပြောပါသည်။

"အခြေအနေကို ကြည့်ရတာ စစ်အစိုးရနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ငြိမ်းချမ်းမှုရှိမယ့် အဖြေမျိုး ထွက်လာဖို့အတွက် စေ့စပ်ညှိနှိုင်း နေကြတယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။ ပြီး ခဲ့သည့် ရက်သတ္တပတ်သည် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများမှ အရေး ကိစ္စများကို ဖြေရှင်း ပေးနေသော မြန်မာစစ်အစိုးရမှ တိုင်းမှူးများအတွက် လွန်စွာ အလုပ်ရှုပ်ခဲ့သော အချိန် ကာလတစ်ခု ဖြစ်ခဲ့သည်။

နယ်ခြား ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သဘောမတူသေးသော အဖွဲ့အစည်းများ နှင့် ပတ်သက်၍ အလုပ်များခဲ့ကြခြင်း ဖြစ်သည်။ မြန်မာစစ်တပ်၏ အထူး စစ်ဆင်ရေး ဗျူရို (BSO) အမှတ်-၁ ၏ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးသည်လည်း ကချင်ပြည်နယ် ဒေသတစ်လျှောက် သွားရောက်လှည့်ပတ်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ စီမံကိန်းများကို မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့်အတူ စစ်ဆေးခဲ့ကြသည်။

ထို့အတူ အထူးစစ်ဆင်ရေး ဗျူရို အမှတ် ၂ မှ အကြီးအကဲ ဗိုလ်ချုပ် မင်းအောင်လှိုင် သည်လည်း ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့သည်။

Irrawaddy သတင်းကို ဘာသာပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP from news.yahoo.com,1 Feb 2009

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Ban Ki-moon ၏ ထိပ်တန်း နိုင်ငံရေး အကြံပေး Lynn Pascoe သည် ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားသို့ သွားရောက်လိမ့်မည် ဖြစ်ကြောင်း၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ပါ သွားရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္ဂနွေနေ့က သတင်းထုတ်ပြန် ခဲ့ပါသည်။

Ban Ki-moon ၏ သတင်း ထုတ်ပြန်ရေးဌာနက ပြောကြားရာတွင် Pascoe သည် မြောက်ကိုရီးယားသို့ ဖေဖော်ဝါရီလ (၉) ရက် မှ (၁၂) ရက်နေ့အထိ လေးနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံအဖြစ် စတင် သွားရောက်မည် ဖြစ်သည်ဟု ဆိုပါသည်။

Pascoe သည် မြောက်ကိုရီးယား အာဏာပိုင်များနှင့် နှစ်ဦးနှစ်ဖက်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးမည်ဖြစ်ကြောင်း စီစဉ်ထားသည်ဟု ဆိုပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလက Ban Ki-moon သည် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Park Gil Yon နှင့် ကုလသမဂ္ဂ ဌာနချုပ်တွင် မြောက်ကိုရိးယား နျူကလီးယား အစီအစဉ်များ၊ လူသားချင်း စာနာထောက်ထားသော အစီအစဉ်များနှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

တနင်္ဂနွေနေ့ အစောပိုင်းက Yonhap သတင်းဌာန၏ သတင်းပို့မှုတွင် Pascoe နှင့် Ban Ki-moon ၏ အကြံပေးတစ်ဦး ဖြစ်သူ Kim Won-Soo တို့သည် မြောက်ကိုရီးယားသို့ ကုလသမဂ္ဂနှင့် ပြုံယမ်းအကြား အဆင့်မြင့် ပုဂ္ဂိုလ်များ ဆွေးနွေးမှုများ ပြန်လည် စတင်နိုင်ရေးကို ရည်ရွယ် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

၎င်းတို့ နှစ်ဦးသည် မြောက်ကိုရီးယား နျူကလီးယား လက်နက်များ အစီအစဉ်နှင့် လူသားချင်း စာနာထောက်ထားသော အကူအညီများ ကိစ္စတို့ကို ဆွေးနွေးမည်ဟု Yonhap က ဆိုပါသည်။

ကုလသမဂ္ဂသည် ပြီးခဲ့သည့် နှစ်အစောပိုင်းကတည်းက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် စီစဉ်ခဲ့သော်လည်း၊ ပြုံယမ်းက လက်မခံခဲ့ဟု Yonhap က ပြောကြားခဲ့ပါသည်။

နိုင်ငံတကာက မြောက်ကိုရီးယားကို ၎င်းကိုးလကြာ သပိတ်မှောက်ထားသော ခြောက်နိုင်ငံ နျူကလီးယား လက်နက် ဖျက်သိမ်းရေး အစည်းအဝေးပွဲသို့ ပြန်လာရန် ဖိအားပေးလျက် ရှိနေပါသည်။

ယခင်နှစ်က မြောက်ကိုရီးယားတွင် ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှု ပြုလုပ်စဉ်ကပင် တင်းကျပ်သော ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဖြစ်သည်။

မြောက်ကိုရီးယား၏ လက်နက် တင်ပို့မှုအပေါ် တားမြစ်သော အရေးယူမှုများကြောင့် ၎င်း၏ စီးပွားရေးမှာ အထိနာခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များတွင် သဘာဝ ဘေးအန္တရာယ်များ ကျရောက် ခဲ့ပြီးချိန်မှစ၍ ၎င်း၏ ပြည်သူများကို ကျွေးမွေးရန် ပြည်ပ ကယ်ဆယ်ရေး အထောက်အပံ့များကို မှီခိုခဲ့ရပါသည်။

ဂျပန်၊ တရုတ်၊ ရုရှား၊ အမေရိကန်နှင့် ကိုရီးယား နှစ်နိုင်ငံ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အဓိက ကျသော တိုးတက်မှုများ ရှိလာပါက အရေးယူ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ကုလသမဂ္ဂက ဆုံးဖြတ်နိုင်ဖွယ် ရှိပါသည်။

သို့သော်လည်း ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်ခြင်း မပြုမီ မြောက်ကိုရီးယားက အရေးယူမှုများ အဆုံးသတ်ရန်နှင့် ၁၉၅၀ - ၅၃ တွင် ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်မည့် ငြိမ်းချမ်းရေးစာချုပ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် တောင်းဆိုနေခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

1-Feb -2010, Bangkok Post Editorial

          မြန်မာနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားမှု၊ အာဆီယံ မိတ်ဆွေများ၏ မျှော်လင့်ချက် ပြည့်ဝသော ကြေငြာချက်များနှင့် ဥရောပနိုင်ငံများ၏ တစ်နှစ်ပတ်လုံး ဝေဖန် ပြစ်တင်မှုများကို ကျော်လွှားရန် ရှင်းလင်း ပြတ်သားစွာ တုန့်ပြန်ခဲ့ပြီ ဖြစ်သည်။

၎င်း တုန့်ပြန်မှုသည် အိမ်နီးခြင်းများနှင့် အခြားနိုင်ငံများကို ဂရုမစိုက်ရုံသာမကပါ၊ ပြည်သူတွေ အပေါ်တွင်လည်း နောက်ထပ် ပြင်းထန်၍ ကြောက်စရာကောင်းသည့် နှိပ်ကွပ်မှုများ ပြုလုပ်ခဲ့ပါသည်။ လတ်တလော သီတင်းပတ်များအတွင်း မြန်မာနိုင်ငံ အာဏာပိုင်များသည် နိုင်ငံအတွင်းရှိ အရာရာကို ပိုမိုဆိုးဝါးအောင် ပြုလုပ်နေသည့်အပြင် ကမ္ဘာ့သဘောထားကိုလည်း အရေးမစိုက်သည့် သဘောဖြင့် ရိုင်းပြစွာ ပုတ်ထုတ်ခဲ့ပါသည်။

စီစဉ်ထားသည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ စနစ်သို့ ရှေ့ရှုပြောင်းလဲ၍ နိုင်ငံကို တိုးတက် စေလိမ့်မည် ဟူသော အခွင့်အရေးမှာ အမှန်တကယ် မရှိကြောင်း ယခုအခါ ရှင်းလင်း သဲကွဲ သွားပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်ရည်ရွယ်နေခြင်း မဟုတ်ကြောင်းပြသသည့် ပထမလက္ခဏာမှာ ဇန်နဝါရီလဆန်း တရားစီရင်မှုတွင် ပေါ်ထွက်လာပါသည်။

နိုင်ငံတော်၏ လျှို့ဝှက်ချက်များဟု ၎င်းတို့ခေါ်ဆိုသော သတင်းများပေါက်ကြားမှုဖြင့် တပ်မတော် အရာရှိ တစ်ဦးကို သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပြုံယမ်း၏ အကူအညီဖြင့် တိတ်တခိုး ထည်ဆောက်နေသော ဥမင်လှိုဏ်ခေါင်း ကွန်ယက် အပါအဝင် မြောက်ကိုးရီးယား ဆက်ဆံရေးနှင့် ပတ်သက်သည့် သတင်းနှင့် ဓါတ်ပုံများကို ပြည်ပ မြန်မာသတင်းဋ္ဌာန များသို့ ပေးပို့သည်ဟု ၎င်းတို့အား စွပ်စွဲခဲ့ပါသည်။

လှိုဏ်ခေါင်းဓါတ်ပုံများကို အင်တာနက်ပေါ်တွင် တင်ထားသည့်တိုင်အောင် အဆိုပါလျှို့ဝှက်ချက် ဆိုသော သတင်းများသည် အမှန်တကယ် လျှို့ဝှက်ချက် ဟုတ်မဟုတ် မေးခွန်းထုတ်စရာရှိပါသည်။ ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ သူရကျော်တို့အား တရားစီရင်ခြင်းသည် ရည်ရွယ်ချက် ၂ခု ရှိကြောင်း ထင်ရှားပါသည်။

ပထမ တစ်ချက်မှာ နိုင်ငံခြားသားများ၊ အစိုးရ ဆန့်ကျင်သူများနှင့် ဆက်သွယ်ခြင်း မပြုရန် အတွက် မြန်မာပြည်သူ အားလုံးကို ခြောက်လှန့်ရန် ဖြစ်သည်။ ဒုတိယ အချက်မှာ စစ်အစိုးရသည် မေးခွန်း အထုတ်ခံမည် မဟုတ်သလို လုံးဝ အဝေဖန်ခံမည် မဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးခြင်း ဖြစ်သည်။

ကျော်ဇောလွင်၏ အမှုသည်လည်း စစ်ဖက် အစိုးရ၏ သံလက်သီးနှင့် နောက်ထပ် အချက်ပြမှုတစ်ခု ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ထောက်ခံသော လှုပ်ရှားမှုတွင် စည်းရုံး ဆောင်ရွက်သူများထဲမှ တစ်ဦး ဖြစ်သည်။

၎င်းသည် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အမေရိကန် နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့ပါသည်။ နိုင်ငံရေး ပြစ်မှုများကြောင့် ထောင်ဒဏ်ကျခံနေရသော မကျန်းမာသည့် မိခင်ကြီးထံသွားရောက် တွေ့ဆုံရန် အတွက် ယခင်နှစ်နှောင်းပိုင်းတွင် ဗီဇာ ရရှိခဲ့ပါသည်။ ၎င်း ရန်ကုန်လေဆိပ် အရောက်တွင် တရားမဝင် နိုင်ငံသားကဒ် ကိုင်ဆောင်မှုနှင့် နိုင်ငံခြားငွေ ကြေငြာရန် ပျက်ကွက်မှုတို့ဖြင့် ဖမ်းဆီးခြင်းခံရပါသည်။ ၎င်းအား နှိပ်စက် ညှင်းပန်းခဲ့ပြီး တိုက်ပိတ်နှောင်ထားသည် ဟု ကြားသိရပါသည်။

၎င်းအပေါ် နှိပ်ကွပ် ဆက်ဆံမှုများသည် လွန်ခဲ့သည့် အနှစ်၂၀ က ရွေးကောက်ပွဲတွင် အနိုင်ရရှိသူ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စတွင် မြန်မာ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများကို ပြန်လည် သတိရစေပါသည်။

သူမ၏ အမျိုးသား ကွယ်လွန်စဉ်က သူမအား သွားရောက်ခွင့်ပြုရန် အစိုးရက ငြင်းပယ်ခဲ့ပါသည်။ သူမထံ လာရောက်ရန် သူမ၏ သားများတောင်းဆိုမှုကိုလည်း ပယ်ချခဲ့ပါသည်။ နိုင်ငံခြားသားတစ်ဦးကို လက်ထပ်မှုကြောင့် သူမသည် အဆက်မပြတ် သိက္ခာချ စွပ်စွဲခြင်း ခံနေရပါသည်။

ထို့အပြင် မြန်မာ အစိုးရသည် ၎င်းတို့၏ အာဏာပါဝါကို ပြသရန် နောက်ဆုံးစီမံချက် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် အသုံးပြုခဲ့ရပါသည်။ သူမသည် ပြည်သူများ လွတ်လပ်ခွင့်ရှိရမည်။ အစိုးရသည် ဝေဖန်ခံနိုင်ရမည် ဟူသော အချက်များအတွက် ငြိမ်းချမ်းစွာ ရပ်တည်နေသည့် ကမ္ဘာ့သင်္ကေတ တစ်ခု အဖြစ် အားလုံးက လက်ခံ ဆုံးဖြတ်ထားခြင်း ဖြစ်ရာ အဆိုပါ စံပြ သင်္ကေတများအတွက် သူမအား အရေးယူ အပြစ်ပေးရန် စီစဉ်ခဲ့ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်ကမူ တရားဥပဒေ ရှိလေဟန် ပါးပါးလေး ဟန်ဆောင် ဖုံးအုပ်ထားသော အစိုးရက အပေါ်စီးမှ သရော်သလို ဆက်ဆံခဲ့ပြန်ပါသည်။

ဗဟိုတရားရုံးက ချမှတ်ထားသော သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးရက် နီးလာခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားရာတွင် မည့်သည့်ပြဿနာမှ မရှိပါဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလတွင် လွတ်မြောက်နိုင်ဖွယ် ရှိခြင်းမှာ စစ်ဖက် ခေါင်းဆောင်များက ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်ပုံရပါသည်။

အလွယ်တကူ ချမှတ်လိုက်သော ယခု ဆုံးဖြတ်ချက်သည် နိုင်ငံ၏ ဒီမိုကရေစီ ဦးဆောင် လှုပ်ရှားသူ၊ ထင်ရှားလှသော အတိုက်အခံ ခေါင်းဆောင်အား ရွေးကောက်ပွဲ အသစ်များတွင် ပါဝင်ခြင်းမပြုရန် တားဆီးထားမည် ဖြစ်ကြောင်း ဆိုလိုခြင်း ပင်ဖြစ်သည်။

စကားမစပ် ပြောရပါလျှင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်သည် နိုင်ငံတော် အဆင့် လျှို့ဝှက်ချက် တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယခုနှစ်နှောင်းပိုင်း တစ်ချိန်ချိန်တွင် ဖြစ်နိုင်ဖွယ်ရှိပြီး ရွေးကောက်ပွဲဝင်ခြင်း၊ မဲပေးခြင်း မပြုနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အား သော့ခတ် ထားပါလိမ့်ဦးမည်။

မြန်မာ အစိုးရက ဒီမိုကရေစီ လှုပ်ရှားသူများသည် ဥပဒေ ချိုးဖောက်မှုကြောင့် ၎င်းတို့၏ လွတ်မြောက်ခွင့် ဆုံးရှုံးရခြင်း ဖြစ်ကြောင်း အကြောင်းပြကာ ရွေးကောက်ပွဲသည် တရားဝင်ကြောင်း အခိုင်အမာ ခုခံ ကာကွယ်မည် ဖြစ်ပြီး ဒီမိုကရေစီကို ဘေးချိတ် ထားပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press,30th – Feb – 2009

တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဖက်ဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုကို ရပ်ဆိုင်းလိုက်ပြီး အမေရိကန် ကာကွယ်ရေး ကုမ္ပဏီများကိုလည်း ယခင်က မလုပ်ဖူးသည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက် လိုက်ပါသည်။

ထိုင်ဝမ်သို့ ဒေါ်လာ (၆.၄) ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချပေးရန် စီစဉ်နေကြောင်း ဝါရှင်တန်က ကြေညာခဲ့ပြီးနောက်တွင် စနေနေ့က အထက်ပါအတိုင်း သတိပေးလိုက်ခြင်း ဖြစ်ပါသည်။

အမေရိကန်၏ သောကြာနေ့ ကြေညာချက် အပေါ် တရုတ်၏ တုန့်ပြန်မှုသည် လုံးဝ မျှော်လင့် မထားခြင်း မဟုတ်သော်လည်း မြန်ဆန်လွန်းပြီး ကြီးမားသော စိမ်ခေါ်မှုများကို ပုံမှန်ထက် ပို၍ တုန့်ပြန် ရင်ဆိုင်ရန် တရုတ်က စီစဉ်နေကြောင်း ရည်ညွှန်း ပြသနေပါသည်။ ယခု ကိစ္စသည် တရုတ် အမေရိကန် ဆက်ဆံရေးတွင် သတိကြီးစွာ ထားရမည့် ကိစ္စလည်း ဖြစ်နေပါသည်။

လက်ရှိနှစ်များအတွင်း တွေ့ဖူးသမျှတွင် အပြင်းထန်ဆုံး တုန့်ပြန်မှု ဖြစ်သည်ဟု International Crisis Group ၏ အရှေ့မြောက် အာရှ စီမံကိန်း ဒါရိုက်တာ Stephanie T. Kleine Ahlbrandt က ပြောကြားပါသည်။ ယခုကိစ္စနှင့် ပတ်သက်၍ အိုဘားမားထံမှ မည်သည့် ပုံစံဖြင့် တုန့်ပြန်လာမည် ဆိုသည်ကို တရုတ်က အမှန်တကယ် စောင့်ကြည့်နေပုံ ရပါသည်။

ပြည်မကြီးက ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသော ထိုင်ဝမ်သို့ လက်နက်များ ရောင်းချမှုသည် တရုတ် အမေရိကန် ပူးပေါင်း ဆောင်ရွက်မှု အကုန်လုံးကို ပြင်းထန်စွာ ထိခိုက်စေသည်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနမှ ထုတ်ပြန်ပါသည်။ လက်နက် ထိန်းချုပ်ရေးနှင့် မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ဒုတိယ ဝန်ကြီးအဆင့် ဆွေးနွေးပွဲများကိုလည်း ဆိုင်းငံ့ထားလိုက်ပါသည်။

ယခုကဲ့သို့ သတိပေးမှု ထွက်ပေါ်လာခဲ့ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကျပ်အတည်းနှင့် မြောက်ကိုရီးယား၊ အီရန်ရှိ နျူကလီးယား အစီအစဉ်များ ရပ်ဆိုင်းရေး ကိစ္စများတွင် အမေရိကန်က ဘီဂျင်း၏ အကူအညီကို ယူခဲ့ရသောကြောင့် ဖြစ်ပါသည်။

ထို့အပြင် အင်တာနက် လွတ်လပ်ခွင့်များ၊ Google နှင့် တရုတ်နိုင်ငံအကြား အငြင်းပွားမှုများ အပေါ် အမေရိကန်၏ လတ်တလော မှတ်ချက်ပေး ဝေဖန်မှုများ အပါအဝင် သမ္မတ ဘားရက် အိုဘားမားနှင့် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမားတို့ ယခုနှစ်တွင် တွေ့ဆုံမည့် အစီအစဉ်များကြောင့် တင်းမာမှုများ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။

ထိုင်ဝမ်သို့ Black Hawk ရဟတ်ယာဉ်များ၊ ပက်ထရီယော့ အဆင့်မြင့်စနစ် နံပါတ် (၃) ဒုံးကျည်များနှင့် အခြားလက်နက် ပစ္စည်းများ ရောင်းချခြင်းသည် မိမိတို့ နှစ်နိုင်ငံစလုံး မမြင်တွေ့လိုသော အကျိုးဆက်များ ဖြစ်ပွားစေလိမ့်မည်ဟု တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟီယာဖိုင်က အမေရိကန် သံအမတ်ကြီး John Huntsman ကို ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခင် ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုများတွင် မဖြစ်ခဲ့ဖူးသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်မည် ဖြစ်ကြောင်း ယခု လက်နက် ရောင်းချမှုတွင် ပါဝင်သည့် အမေရိကန် ကုမ္ပဏီများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခြိမ်းခြောက် လိုက်ပါသည်။

မိမိတို့၏ ဆောင်ရွက်ချက်သည် ဒေသတွင်း တည်ငြိမ်မှု ရှိစေရန် မိမိတို့ ကတိပေးထားခြင်း အပေါ် ထိုင်ဝမ်က အကူအညီ တောင်းခံမှုနှင့် သက်ဆိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှသို P.J Crowley က စနေနေ့တွင် ပြောကြားပါသည်။ တရုတ်နိုင်ငံမှာ ကွဲပြား ခြားနားတဲ့ အမြင်ရှိတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တရုတ်နဲ့ ကျယ်ပြန့်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီးသားပါ။ အခုကိစ္စကို အရင်တုန်းကလိုဘဲ စီမံခန့်ခွဲသွားမှာပါဟု ၎င်းက ဆိုပါသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်၏ အရေးကြီးဆုံး မဟာမိတ်နှင့် အများဆုံး လက်နက် ရောင်းချပေးသူ ဖြစ်ပြီး တရုတ်၏ ခြိမ်းခြောက်မှု အပေါ် ထိုင်ဝမ်က တုန့်ပြန်ရာတွင် ကူညီရန် ဥပဒေလည်း ရှိခဲ့ပြီး ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ၊ မည်သည့် လက်နက် ရောင်းချမှုမျိုးကို မဆို၊ တရုတ်က ဒေါသတကြီး တုန့်ပြန်မည်သာ ဖြစ်သည်။ ယခင် သမ္မတ ဘွတ်ရှ် အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် လက်နက်များ ထိုင်ဝမ်သို့ ရောင်းချရန် ကြေညာခဲ့ပြီးနောက် ၂၀၀၈ တွင် အမေရိကန်နှင့် စစ်ဖက် ဆက်ဆံရေးကို တရုတ်က ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း အလားတူ စစ်ဖက် ဆက်ဆံရေး ဖြတ်တောက်မှုမျိုးကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း နှစ်နိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့များအကြား ပုံမှန် အေးစက်သော ဆက်ဆံရေးကို တိုးတက်လာစေရန် ဝါရှင်တန်နှင့် ဘီဂျင်းက အလိုရှိနေသော အချိန်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဘီဂျင်းနှင့် ယုံကြည်မှု တည်ဆောက်ရန်၊ တရုတ်၏ ကြီးမားသော စစ်ရေး တည်ဆောက်မှု ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပိုမို သိရှိရန် အမေရိကန်က စစ်ဖက် အလည်အပတ် ခရီးစဉ်များ အသုံးပြု၍ ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အရင်ကတော့ အခုလို ရပ်ဆိုင်းမှုမျိုးဟာ (၃ လ) ကနေ (၆ လ) အထိပဲ ကြာတတ်ပါတယ်။ အဲဒီနောက်ပိုင်း စစ်တပ်ချင်း ဆက်ဆံရေးရဲ့ အပိုင်း တချို့လောက်ပဲ ဆိုင်းငံ့မှု ရှိတာပါဟု ဝါရှင်တန် National Defense University မှ နာမည်ကျော် သုတေသန ပညာရှင် Phillip Saunders က ပြောကြားပါသည်။ ယခုအကြိမ်တွင်လည်း အလားတူသာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုပါသည်။

သမ္မတ ဟူကျင်းတောင် မျှော်လင့်ထားသော ယခုနှစ် အမေရိကန် ခရီးစဉ် (သို့) ယခုနှစ် နွေဦး အမေရိကန်တွင် ပြုလုပ်မည့် နျူကလီးယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲကို ယခု လက်နက် ရောင်းချမှုက သက်ရောက်မှု ရှိမရှိကိုမူ မသိနိုင်သေးပါ။

ဘီဂျင်းသည် ၎င်းအသစ် တွေ့ရှိထားသော ပါဝါနှင့် ကမ္ဘာရေးရာများတွင် ယုံကြည်မှု ရှိလာခြင်းကို ပြသရန် အမေရိကန် ပြည်ထောင်စုကို ပညာပေးမည့် အစီအစဉ်များ ရှေ့ဆက်၍ လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု တရုတ်ရေးရာ ကျွမ်းကျင်သူများက သတိပေးထားပါသည်။

China's Renmin University မှ နိုင်ငံတကာ လေ့လာရေး ပါမောက္ခ Jin Canrong ကမူ ယခု လက်နက် ရောင်းချမှုကြောင့် ဘီဂျင်းအား လက်နက် စမ်းသပ်မှု အရှိန်မြှင့်တင်ရန် မျှတ၍ စစ်မှန်သည့် အကြောင်းပြချက် ရရှိသွားလိမ့်မည်ဟု ပြောကြားပါသည်။ လတ်တလော သီတင်းပတ်များ အတွင်း ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ် အတွက် တရုတ်က ဒုံးကျည် စမ်းသပ် စေလွှတ်ခြင်းသည် ယခုလာမည့် လက်နက် ရောင်းချမှု အပေါ် စိတ်ဆိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ဆိုပါသည်။

ဒီကိစ္စအတွက် အမေရိကန်ဟာ တန်ဖိုးတစ်ခုတော့ ပေးဆပ်ရပါလိမ့်မယ်။ တူညီတဲ့ တုန့်ပြန်မှု အချို့ကို တရုတ်က လုပ်တော့မှာပါ။ မြောက်ကိုရီးယားနဲ့ အီရန် နျူကလီးယား ကိစ္စတွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်မှု လျော့ချတာမျိုးပေါ့။ အခုကို စနေပါပြီဟု Jin က ဆက်လက် ပြောကြားပါသည်။

ယခု နောက်ဆုံး စစ်ဖက် ဆက်ဆံရေး ရပ်ဆိုင်းမှုအရ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates နှင့် အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ ရေတပ် ဗိုလ်ချုပ်ကြီး Michael Mullen တို့ စီစဉ်ထားသော တရုတ်ပြည် ခရီးစဉ်ကို သက်ရောက်မှု ရှိနိုင်ပြီး တရုတ် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chen Bingde ၏ အမေရိကန် ခရီးစဉ်ကိုလည်း ဖျက်သိမ်းနိုင်ဖွယ် ရှိနေပါသည်။

ယခု နောက်ဆုံး ထိုင်ဝမ်သို့ လက်နက် ရောင်းချခြင်းကို ရှေ့ဆက် မဆောင်ရွက်မီ အမေရိကန် ကွန်ဂရက် လွှတ်တော်က မှတ်ချက်ပေးရန် ရက် (၃၀) အချိန် ရပါသည်။ ယခု ရောင်းချမှုမျိုးကို လွှတ်တော် အမတ်များက ထောက်ခံခဲ့သည့် အစဉ်အလာ ရှိပါသည်။

လွန်ခဲ့သော (၂) နှစ်က ထိုင်ဝမ် သမ္မတ မာရင်ကျိုး အာဏာရလာပြီးနောက် တရုတ် -  ထိုင်ဝမ် ဆက်ဆံရေး နွေးထွေး လာခဲ့သည်ဟု ဆိုနိုင်သော်လည်း အကယ်၍ ထိုင်ဝမ်က လုံးဝ လွတ်လပ်ရေးကို တရားဝင် ကြေညာမည် ဆိုပါက ဝင်ရောက် သိမ်းပိုက်မည်ဟု ဘီဂျင်းက ခြိမ်းခြောက် ထားပါသည်။ တရုတ်က ပဲထိန်း ဒုံးကျည် (၁၀၀၀) ကျော်ဖြင့်လည်း ထိုင်ဝမ်ကို ချိန်ရွယ် ထားပါသည်။

ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်က မကြာခဏ အငြင်းပွားခဲ့သော်လည်း ယခု ရောင်းချမှုနှင့် ၂၀၀၈ ရောင်းချမှုများ မရှိခဲ့လျှင်လည်း အပြန်အလှန် ဆက်ဆံရေးမှာ လုံးဝ ကောင်းလာမည် မဟုတ်ပါဟု Saunders က ပြောကြားပါသည်။

သောကြာနေ့က ကြေညာသော ရောင်းချမည့် လက်နက်များတွင် ပြဿနာ မီးပွားတစ်ခုကို ရှောင်ရှား ထားပါသည်။ ထိုင်ဝမ်က လိုချင်နေသော ပိုမို အဆင့်မြင့်သည့် F-16 တိုက်လေယာဉ်များ အဆိုပါ စာရင်းတွင် မပါဝင်ပါ။

ပင်တာဂွန် ဆုံးဖြတ်ချက်တွင် ထိုင်ဝမ်က အလွန်အမင်း လိုချင်နေသည့် ပစ္စည်း (၂) ခု ဖြစ်သော ဂျက်တိုက်လေယာဉ်များနှင့် ဒီဇယ်သုံး ရေငုတ်သင်္ဘော အတွက် ဒီဇိုင်းများ မပါဝင်ခြင်းသည် တရုတ်နိုင်ငံ၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ အိုဘားမား အစိုးရက အလွန် စိုးရိမ်နေကြောင်းကို ပြသခြင်းပင် ဖြစ်သည်ဟု တိုင်ပေ Tamkang University မှ ကာကွယ်ရေး ကျွမ်းကျင်သူ ဝမ်ကိုချိန်က မှတ်ချက် ပေးပါသည်။

ယခု ဝယ်ယူမည့် လက်နက်များသည် ခုခံ ကာကွယ်ရန်သာ ဖြစ်ပြီး ကျူးကျော်ရန် မဟုတ်သောကြောင့် ပြည်မကြီး အနေနှင့် ဒေါသမထွက်သင့်ဟု ထိုင်ဝမ် သမ္မတ မာရင်ကျိုးက သတင်းထောက်များအား စနေနေ့တွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.