Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 26 April 2010      

မြန်မာနိုင်ငံမှ အိမ်ခြံမြေဈေးကွက်မှာ ဖွံ့ဖြိုးရန် အလားအလာ အလွန်ကောင်းနေပြီး အထူးသဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် ဒေသတွင်း စီးပွားရေး ကွန်ယက်သစ်များ၏ အထောက်အပံ့ ရရှိမှုနှင့်အတူ ထွန်းကားလာလိမ့်မည်ဟု ဘန်ကောက်အခြေစိုက်ကုမ္ပဏီ Fragrant Property ၏ အဆိုအရသိရှိရသည်။

          ဘန်ကောက်ရှိ Prime II နှင့် Circle ကွန်ဒိုမီယံများကို အကောင်အထည်ဖော်သူ Fragrant Group ၏ စီအီးအို James Duan က မြန်မာနိုင်ငံတွင်းမှ ဈေးကွက်သည် ဒေသတွင်း စံနမူနာ မဟုတ် ကြောင်းကိုမူ နားလည်လက်ခံပါသည်။ ဤကိစ္စသည် ပြည်သူအများစု၏ ဝင်ငွေမြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ တိုင်းပြည်လူဦးရေ၏ ၂% မျှသာရှိသော ဝင်ငွေဖြင့် လူတန်းစား ရင်းနှီးမြှုပ်နှံ သူများကြောင့်သာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

         ဈေးကွက်ကို အထောက်အကူဖြစ်စေသည့် အခြားအချက်မှာ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှု ရွေးချယ်စရာများတွင် အကန့်အသတ်များ ရှိနေသောကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ရွှေနှင့်မြေတို့ဖြစ် သည်ဟု ၎င်းကဆိုပါသည်။

          သို့ရာတွင် Mr.Duan က အိမ်ခြံမြေလုပ်ငန်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေး ကြီးသည့် လုပ်ငန်းဖြစ်သည့်အားလျှော်စွာ ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသည် အကြောင်း အရင်းတစ်ရပ်ဖြစ်လာမည်ဖြစ်ကာ အထူးသဖြင့် ခရီးသွားလုပ်ငန်းက ဦးဆောင်ခဲ့သော ဝန်ဆောင်မှု ကဏ္ဍတွင်ဖြစ်သည်ဟုဆိုသည်။

          "မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍကို ဝင်ရောက်မဲ့ ရင်းနှီးမြှုပ်နှံသူ အသစ်တွေအရေအတွက် ကြီးကြီးမားမားထုတ်လုပ်ပေးဖို့ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှုက မျှော်လင့်နေပါတယ်။

          ဒါကြောင့် လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက် လူနေတိုက်ခန်းတွေက ကြီးမား တဲ့ လိုအပ်ချက်ကို တောင်းဆိုလာပါတယ်။ ဖြည့်ဆည်မှုအင်အား နည်းနေတာကလည်း အကြောင်းတစ်ခုပါပဲ၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ လေ့လာမှုစတင်မဲ့ ထိုင်းအပါအဝင် ပြည်ပအိမ်ခြံ မြေလုပ်ငန်းရှင်တွေအတွက်တော့ အခွင့်အလမ်းကောင်းတစ်ခုပါပဲ"ဟု ၎င်းက ပြောဆိုခဲ့ပါသည်။

          လတ်တလောတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားများကို မြေပိုင်ခွင့်မပေးသော်လည်း တည်ဆောက်ရေး၊ လုပ်ကိုင်ရေး၊ လွှဲပြောင်းရေး (BOT) သဘောတူညီချက်များတွင် ဒေသခံပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ (သို့) အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခွင့် ရှိပါသည်။ ဤအချက်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့တည်ဆောက်သော စီမံကိန်းကို အစိုးရထံ လွှဲပြောင်းခြင်း မပြုမီ ဒီဇိုင်းထုတ်၊ တည်ဆောက်၊ လုပ်ကိုင်ခွင့်နှင့် ရံပုံငွေတိုးပွားမှုကို ရရှိစေမည်ဖြစ်သည်။

          စီမံကိန်းစုစုပေါင်းတန်ဖိုး၏ အနည်းဆုံး ၃၅% ကို ပြည်ပရင်းနှီးမြှုပ်နှံသူများအား ခွင့်ပြုထားသဖြင့် စက်မှုကဏ္ဍတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ သိန်း အသီးသီး ရင်းနှီးမြှုပ်နှံရမည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်သူများမှာ နိုင်ငံရေးအကြောင်းရင်းနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်သင့်သည်ဟူသော အချက်ကို Mr Duan က လက်ခံပါသည်။ စစ်တပ်က ထိန်းချုပ်ထားသည့် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် ယခင်က မြန်မာအိမ်ခြံမြေဈေးကွက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ဆုံးရှုံးမှုအလားအလာ နည်းပါးသည်ဟု ၎င်းကပြောကြားသည်။

          တချိန်ထဲတွင် ၎င်း၏ကုမ္ပဏီက ထိုင်းနိုင်ငံ ဈေးကွက်အရောင်းမြှင့်တင်မှုကို ကောင်းစွာ ဆက်လက် လုပ်ဆောင်နေသည်။ အာဆီယံနိုင်ငံများစွာတွင် "ဘန်ကောက်သည် သင်၏ ဒုတိယအိမ်" ဆောင်ပုဒ်ဖြင့် အရောင်းမြှင့်တင်မှုများကို Fragrant က ဆက်လက်ဆောင်ရွက်နေ ပါသည်။ အာဆီယံကလည်း မိမိတို့ ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ခေါ်ဆောင် လာလိမ့်မည်ဟု ၎င်းကဆိုပါသည်။

          Fragrant ၏ ပထမဆုံး အရောင်းမြင့်တင်ပွဲကို မြန်မာနိုင်ငံတွင် ယခင်နှစ်ကုန်က ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားမှုများစွာ ရရှိခဲ့သည်ဟု သိရပါသည်။ မြန်မာနိုင်ငံမှာ နောက်တစ်ပွဲထပ်လုပ်ဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ဒီအစီအစဉ်ကို မကြာခင် အချောသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ် ဟု Mr Duan ကပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.monstersandcritics.com, 26 Apr 2010

         မြန်မာဝန်ကြီးချုပ်နှင့် အခြားဝန်ကြီး၊ ဒုဝန်ကြီး အနည်းဆုံး ၁၇ ဦးခန့်သည် ၎င်းတို့၏ စစ်ဖက်ရာထူးများကို တနလာင်္နေ့က စွန့်လွှတ်ခဲ့ကြခြင်းသည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ရယ်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ပုံရကြောင်း စစ်ဖက်သတင်းရပ်ကွက်က ပြောကြားပါသည်။

          "ဝန်ကြီးချုပ်က တပ်မတော် ဗိုလ်ချုပ်ကြီးရာထူးကို စွန့်လွှတ်လိုက်ပြီးဆိုတော့ အခု ဦးသိန်းစိန် ဖြစ်သွားပြီးပေါ့" ဟု အမည်မဖော်လိုသော သတင်းရပ်ကွက်က ဆိုပါသည်။

          ရက်မသတ်မှတ်ရသေးသော ယခုလာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် စစ်ဖက် အရာရှိများ၏ ကြိုတင်ပြင်ဆင်မှု ဖြစ်ဖွယ်ရှိသော အုပ်စုလိုက် စစ်ရာထူး စွန့်မှုကို နိုင်ငံပိုင်မီဒီယာများက လတ်တလော အတည်ပြု ကြေငြာခြင်းမရှိပါ။

         မြန်မာစစ်ဖက်အုပ်ချုပ်သူများက ၎င်းတို့၏ အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန်မြေပုံအရ ယခုနှစ်အတွင်း တချိန်ချိန်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပေးထားပါသည်။

          အဓိက အတိုက်အခံ NLD ပါတီအား ၎င်းတို့၏ ပါတီခေါင်းဆောင်ကို ထုတ်ပယ်ရန် အတင်းအကျပ် ဖိအားပေးထားသော ရွေးကောက်ပွဲဝင် ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေကို မတ်လက ထုတ်ပြန်ခဲ့သည်။

          NLD ပါတီကမူ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန်သာ ရွေးချယ်ခဲ့သည်။ လက်ရှိပြစ်ဒဏ် ကျခံနေရသူများအား ပါတီဝင်အဖြစ်ပင် ခွင့်ပြုခြင်းမရှိသည့် ဥပဒေများသည် နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခြင်းဖြစ်ပုံရပါသည်။

          စစ်ဖက်ရုံးက ၎င်းတို့၏ တပ်မတော် အရာရှိဟောင်းများ ဦးဆောင်မည့် ကိုယ်ပိုင်ပါတီကို မကြာမီ မှတ်ပုံတင်ရန် မျှော်လင့်ထားပါသည်။ စစ်ဖက်ရာထူး ဆက်ယူထားမည့် သူများမှာမူ ရွေးကောက်ပွဲဝင်ခွင့်ရမည် မဟုတ်ပါ။

          ရွေးကောက်ပွဲများသည် စစ်ဖက်လိုလားသော အရွေးကောက်ခံ အစိုးရကို အာဏာရရှိစေမည် ဖြစ်ကာ ၁၉၆၂ ကပင် တိုင်းပြည်ကို အုပ်ချုပ်လာသည့် စစ်အာဏာရှင်များ၏ နိုင်ငံအပေါ် ချုပ်ကိုင်ထားမှုကို ခိုင်မာစေလိမ့်မည်ဟု အကဲခတ်များက ယုံကြည်ထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

           အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဒေသတွင်း ပြဿနာများ ဖြေရှင်းပေးရေး အတွက် ဆေးကြိမ်လုံးတစ်ခု မဟုတ်ပေရာ စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံ တွင် ကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိမည်ဟု ကျိန်းသေ မပြောဆိုနိုင်ကြောင်း အာဆီယံအကြီးအကဲ ဆူရင်ပစ်ဆာဝမ်က အသိပေး ပြောဆိုလိုက်သည်။

မြန်မာဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီများ ပါဝင်ယှဉ်ပြိုင်မှု မပြုဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်ကိစ္စမှာ ပြဿနာတစ်ရပ် ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။ နိုဝင်ဘာ လဆန်းပိုင်းတွင် ကျင်းပဖွယ်ရှိသည်ဟု ခန့်မှန်းရသော အဆိုပါ ရွေးကောက်ပွဲသည် အများ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အကြောင်းမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် ဥပဒေများက ထိထိရောက်ရောက် တားမြစ်ထားသောကြောင့်ပင် ဖြစ်သည်။

"အဲဒါပြဿနာဆိုတာ လူတိုင်းသိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အာဆီယံဆိုတာလည်း ဒေသတွင်း အရေးကိစ္စတိုင်းအတွက် ဆေးကြိမ်လုံးတစ်ခု မဟုတ်ဘူး" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က မြန်မာရွေးကောက်ပွဲအရေးနှင့် ပတ်သက်ပြီး အာဆီယံကို ကာကွယ်ပြောကြားသည်။ ဒေသတွင်း ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံမှာ တစ်ခါတရံတွင် အစွယ်မရှိသူအဖြစ် ရှုတ်ချပြောဆိုခြင်း ခံရသည်။

အာဆီယံသည် အရှေ့တောင်အာရှဒေသ ငြိမ်းချမ်းမှု၊ စီးပွားရေး တိုးတက်မှုတို့ကို ထိန်းသိမ်း ထားနိုင်ခဲ့ပါသည်ဟု ၎င်းကဆိုသည်။ "ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် ကျွန်တော်တို့ လုပ်ကိုင်ပေးနိုင်ခဲ့ပါတယ်" ဟု ဆိုသည်။

လူ့အခွင့်အရေး ကိစ္စဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အချိန်လိုအပ်လိမ့်မည်ဟု အာဆီယံ ဥက္ကဋ္ဌ ဆူရင်ပစ်ဆာဝမ်က ဆိုသည်။ သို့သော် ယခုအခါ အဖွဲ့ဝင်များအချင်းချင်း ယခင်ကထက်ပို၍ ပွင့်လင်းမြင်သာမှုရှိသော၊ ယုံကြည်စိတ်ချရသော ပုံစံမျိုးဖြစ်လာစေရန် ဆွေးနွေးလျက် ရှိသည်ဟု ဆိုသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သော တိန်ရန်မင်ရင်ပြင် ဒီမိုကရေစီ ဆန္ဒပြမှုကို ရက်စက်ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့မှုကြောင့် "ဘေဂျင်းရဲ့လက်မရွံ့ကြီး" ဟုအများ၏ သတ်မှတ် ပြောဆိုခံရသူ တရုတ်ဝန်ကြီးချုပ်ဟောင်း Li Peng ၏ သားဖြစ်သူ Li Xiaopeng ကို တရုတ် ကွန်မြူနစ် အစိုးရက ဝန်ကြီးရာထူး တိုးမြှင့် ပေးအပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ခုက တူညီစွာပြော ဆိုသည်။

Li Xiaopeng အား ယင်းသို့ဝန်ကြီးရာထူး ပေးခြင်းကြောင့် သူ၏ မိသားစုအနေအထားမှာ ကွန်မြူနစ်ပါတီ၏ ပါဝါကြီးမားသော မင်းဆက်တစ်ခုအနေဖြင့် ပိုမိုတောင့်တင်း ခိုင်မာသွားစေမည် ဖြစ်သည်။ ထို့ပြင် ၂၀၁၂ ခုနှစ်တွင် သမ္မတဟူဂျင်တောင် နေရာကို ဆက်ခံမည့် သူ၏ အမည်ကို ထုတ်ဖော်မည့် ကွန်မြူနစ်ပါတီ ကွန်ဂရက်အစည်းအဝေး ကျင်းပရန်ရှိရာ Li Xiaopeng အား ဝန်ကြီးရာထူး တိုးမြှင့် ပေးလိုက်ခြင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မှု စတင်ပြီဟူသော အချက်ကိုထုတ်ဖော် ပြသလိုက်ရာ ရောက်သည်။

Li Xiaopeng သည် တရုတ်တောင်ပိုင်း၊ ဟူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရမည်ဖြစ်ကြောင်း တရုတ် ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သော သတင်းရင်းမြစ် နှစ်ခုက Reuters သတင်းဌာနသို့ ပြောကြားသည်။ သူသည် Zhou Qiang ဆိုသူ၏နေရာကို အစားထိုး ဝင်ရောက်မည်ဖြစ်ကြောင်း၊ Li Xiaopeng ၏ အမည်မှာ "Little Peng (ပင်ပေါက်စ) ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

Li Xiaopeng သည် လက်ရှိအချိန်တွင် ကျောက်မီးသွေးများ ထုတ်လုပ်ရာ မြောက်ပိုင်း ရှန်ဇီပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ယခုအခါ အငြိမ်းစားဘဝဖြင့် နေထိုင်လျက်ရှိသော Li Peng ကို ယခင်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း၏ မွေးစားသားအဖြစ် သတ်မှတ်ကြသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အထိ စီးပွားရေးလောကတွင် တက်ကြွစွာလုပ်ကိုင်ခဲ့သော Li Xiaopeng တရုတ် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်းသည် ဖခင်ဖြစ်သူ Li Peng ၏ သြဇာအာဏာကို ပိုမိုမြှင့်တင် ပေးလိုက်သလိုဖြစ်သွားပြီး ၁၉၈၉ တိန်ယန်မင် ရင်ပြင်ကိစ္စနှင့် ပတ်သက်သော အမှုများ၊ တိုင်တန်းချက်များလည်း အရေးတယူ ပြုခံရဖွယ်မရှိသည်ကို လှစ်ပြနေသကဲ့သို့ ရှိပါသည်။ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိန့်ယန်မင် အရေးအခင်းမှာ အာဏာဖီဆန်ရန် ကြံစည်မှုတစ်ရပ်ဖြစ်သည်ဟု တရုတ်ကွန်မြူနစ်ပါတီက သဘောထားသည်။

"ဒါဟာ မိသားစုလိုက် ရာထူးဆက်ခံမှုတစ်ခုပါ" ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ဆိုသည်။ "အဖေရောသားပါ အာဏာရကြတာပါပဲ" ဟုပြောသည်။  Li Xiaopeng အား ရာထူးတိုးမြှင့်ပေးသည့် ကိစ္စကို မည်သည့်အချိန်အခါတွင် တရားဝင် ထုတ်ဖော် ကြေညာမည်ဟူသော အချက်ကို သတင်းရင်းမြစ်တို့က သိရှိခြင်းမရှိပေ။

၁၉၈၉ ခုနှစ် တရုတ်နိုင်ငံ တွင် ဖြစ်ပေါ်သော ဒီမိုကရေစီ အရေးတော်ပုံအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့သည့် အချိန်ကာလ နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း မစ္စတာ Li Peng အား အနောက်ကမ္ဘာ သာမက တရုတ်ပြည်တွင်ပါ "ဘေဂျင်းလက်မရွံ့လူသတ်သမားကြီး" အဖြစ် ရှုမြင်ခဲ့ကြသည်။

သို့သော် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း ပြုလုပ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အလုပ်လက်မဲ့ ဖြစ်ပေါ်ခဲ့ကြသည့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီလုပ်သားများကမူ မစ္စတာ Li Peng အား ချစ်ခင်မြတ်နိုးကြသည်။ အကြောင်းမှာ အဆိုပါ အချိန်ကာလ အတွင်း ၎င်းက Radical ဆန်သော လှုပ်ရှားဆောင်ရွက်ချက်များကို ဆန့်ကျင်ခဲ့သောကြောင့် ဖြစ်သည်။

"ပါတီထဲက ကွန်ဆာဗေးတစ်တွေကတော့ Li Peng ကို ထောက်ခံအားပေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူကအဲဒီတုန်းက Radical သဘောဆောင်မယ့် ဈေးကွက် ပြုပြင်ပြောင်းလဲမှု တွေကို ဆန့်ကျင် ကန့်ကွက်ခဲ့လို့ပါပဲ" ဟု ဟောင်ကောင်အခြေစိုက် တရုတ်ရေးရာ ကျွမ်းကျင်သူ Wang Jiansu ကပြောကြားသည်။

သားဖြစ်သူ Li Xiaopeng သည် ၂၀၀၈ ခုနှစ်မတိုင်မီကာလအထိ စွမ်းအင်လုပ်ငန်းတွင် အလုပ် လုပ်ကိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် Huangeng Power ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

သမိုင်း အတ္ထုပတ္တိကိုကြည့်ပါက Li Peng သည် တိန်ယန်မင်ရင်ပြင် ဖြိုခွင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကို ပြစ်တင် ဝေဖန်ခဲ့ဖူးသည်။

Reuters သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေးအတွက် အခိုင်အမာနေရာယူ စုဝေးလျက်ရှိသော ဆန္ဒပြသမားများအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရ က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

သို့သော် ရှပ်နီဝတ် ဆန္ဒပြသမားများအား မည်သည့်အချိန်တွင် ဖယ်ရှားမည်၊ မည်သို့မည်ပုံ ဖယ်ရှားသွားမည်ဟူသော အချက်ကို မစ္စတာအဘီဇစ်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မစ္စတာအဘီဇစ်သည် ထိုင်းကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paojinda နှင့် ဘေးချင်း ထိုင်လျက် ထိုင်းအမျိုးသား ရုပ်သံဌာနမှ မိန့်ခွန်းပြောရာတွင် ဆန္ဒပြသမားများအား ယင်းသို့ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းအချိန်က ရှပ်နီဆန္ဒပြသမားများက ရက်ပေါင်း ၃၀ အတွင်း ထိုင်းပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုပါက ဆန္ဒပြမှုများကိုလည်း ရုပ်သိမ်းပေးမည်ဟု တောင်းဆိုခဲ့သော်လည်း ဝန်ကြီးချုပ် အဘီဇစ်က ပယ်ချခဲ့သည်။

"ဆန္ဒပြသူတွေ အခိုင်အမာစုဝေးနေတဲ့ နေရာကို ကျွန်တော်တို့ ပြန်လည်ရယူမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဖယ်ရှားမယ်၊ ဘယ်အချိန်မှာ ဖယ်ရှားမယ် ဆိုတဲ့အချက်ကို ကျွန်တော်တို့ အသိမပေးနိုင်ပါဘူး။ အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်နေလို့ အသိမပေးတာဖြစ်ပါတယ်" ဟု မစ္စတာ အဘီဇစ်က ဆိုသည်။

"အခုချိန်မှာ အဓိကဖြစ်နေတာက မျက်ရည်ယိုဗုံးသုံးမလား၊ မသုံးဘူးလား ဆိုတဲ့အချက် မဟုတ်ပါဘူး။ ပြဿနာကြီး တစ်ခုလုံးကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ ဧပြီလ  ၂၃ ရက်နေ့တွင် ရှပ်နီဝတ် ဆန္ဒပြသမားများက ပါလီမန်ကို တစ်လအတွင်း ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ယခင်က အမြန်ဆုံး ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြရာမှ တစ်လ အတွင်းဟု အချိန်ကာလ ပြောင်းလဲသတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်း အမြန်ဆုံး စုံစမ်း စစ်ဆေး ပေးကြရန် ၎င်းတို့က တောင်းဆို ထားကြသည်။ ဧပြီလ ၁၀ ရက်လောက်က ဆန္ဒပြသူများနှင့် ရဲအကြား မကျေမလည်ဖြစ်ပွားရာ လူအနည်းဆုံး ၂၅ ဦး သေဆုံးခဲ့သည်။ ရှပ်နီများက ဘန်ကောက်မြို့ နေရာဒေသအချို့ကို သိမ်းပိုက် နေရာယူခဲ့ကြသည်မှာ ရက်သတ္တ ခြောက်ပတ်ခန့် ရှိနေပြီဖြစ်သည်။

ရှပ်နီ ဆန္ဒပြသူများမှာ ၂၀၀၆ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံအားပေးကြသူများ ဖြစ်သည်။ အဘီဇစ်အစိုးရသည် တရားမဝင်သော နည်းလမ်းဖြင့်  အာဏာရရှိခဲ့သောကြောင့် တရားဝင် အစိုးရမဟုတ်ဟု ရှပ်နီများက စွပ်စွဲ ပြောဆိုထားကြသည်။

ယခုအခါ ရှပ်နီဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်၏ စီးပွားရေးအရ အချက်အခြာ ကျသော နေရာများ၊ ကုန်တိုက်များ၊ ရှော့ပင်းစင်တာများတွင် အခိုင်အမာ နေရာယူ တပ်စွဲထားကြသည်။ လမ်းမများပေါ်တွင်လည်း အပိတ်အဆို့ အဟန့်အတားများ ပြုလုပ်ထားကြသည်။

ဧပြီ ၁၀ ရက် ရုန်းရင်းဆန်ခတ်မှုတွင် လူပေါင်း ၂၅ ဦးသေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုအချိန်မှစ၍ တင်းမာမှုများမှာ တစ်စထက်တစ်စ ပုံမှန်ကြီးထွားလာပြီး မြို့တော် ဘန်ကောက်မှာလည်း ဆန္ဒပြသူများကြောင့် ပိတ်ဆို့မှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။

ဧပြီလ  ၂၂ ရက် နေ့တွင်မူ ရှပ်နီဆန္ဒပြသမားများ တပ်စွဲထားသည့် နေရာအနီးတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး ၈၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။ အစိုးရ အဆိုအရ လက်ပစ်ဗုံးများကို လုမ္မနီပန်းခြံအနီး လမ်းထောင့်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။ 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Australian, By Benedict Rogers, 26th April 2010

"င့ါမှာသာ ခြေထောက် နှစ်ဖက် ရှိရင် မိသားစု အတွက် ငွေရှာနိုင်ပါတယ်။ ကလေးတွေ အတွက်လည်း မုန့်ဖိုးပေးနိုင်မှာ။ အခုတော့ ဘာမှလုပ်မပေးနိုင်ဘူး။ ဗမာ စစ်တပ်ကို ကြောက်လို့ ထွက်ပြေးနေရတယ်။ ဗမာ စစ်တပ် အတွက် ပေါ်တာ (Porter) လုပ်ပေးခဲ့တဲ့ အကြိမ်လည်း မနည်းတော့ဘူး" ဟု တာပေါ်လင် အခင်းပေါ်တွင် ကလေး ငါးယောက်နှင့် ဆိုင်နေသော ခြေထောက် နှစ်ဖက် မရှိသော လူတစ်ဦးက ကြောက်ရွံ့ အားငယ်စွာ ခံစားလျက် ပြောပြနေသည်။

၎င်းက ပြောကြားရာတွင် သူ၏ ခြေထောက်များမှာ တောထဲတွင် ဟင်းသီးဟင်းရွက် ရှာရင်း မိုင်းထိ၍ ဖြတ်လိုက်ရကြောင်း ပြောသည်။ ၎င်း၏ ဇာတ်ကြောင်းမှာ ထိုင်း - မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်များ၏ အကြောင်းနှင့် ထူးမခြားနားပင် ဖြစ်ပြီး မြန်မာ စစ်တပ်၏ အဓမ္မ လုပ်အားပေး စေခိုင်းမှုကို ခံစားခဲ့ကြရပြီး၊ ၎င်းက နောက်ဆုံး "အခုထိ ပြေးနေရတုန်းပါပဲ။ အဲဒါ ကျွန်တော့်ဘဝပါပဲ" ဟု ၎င်းက ပြောသည်။

ဒုက္ခသည်များသည် ဇန်နဝါရီလ ကတည်းက ထိုင်းစစ်တပ်၏ နှိပ်စက်မှုများကို အဆက်မပြတ် ကြုံတွေ့ခဲ့ကြရပြီး၊ ဖေဖော်ဝါရီလတွင် ထိုင်းအာဏာပိုင်များက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ခဲ့သည်။ သို့သော် နေရပ်ပြန်ပို့ရေး အစီအစဉ်သည် နိုင်ငံတကာက ဖိအားပေးမှုများကြောင့် နောက်ဆုံးအဆင့်တွင် ရပ်ဆိုင်းသွားခဲ့ရသော်လည်း၊ ခြိမ်းခြောက်မှုများ နှိပ်စက်မှုများမှာမူ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည် အများစုသည် အလွန် ကြောက်ရွံ့သောကြောင့် ဒုက္ခသည် စခန်းများမှ ထွက်ပြေးကြရပြန်သည်။ အချို့ဒုက္ခသည်များမှာ တောထဲတွင် ထွက်ပြေးနေရသော ဘဝသို့ ပြန်ရောက်သွားကြပြီး၊ အချို့မှာ ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သူများ အဖြစ် ကစဥ့်ကလျား ထွက်ပြေးကြရသည်။ ၎င်းတို့၏ ရွာများသို့ ပြန်ရောက်သွားသော ဒုက္ခသည်များမှာ သေမင်း ထောင်ချောက်သို့ ပြန်ရောက်သွားသည်နှင့် တူပေသည်။ မြေမြှုပ်မိုင်းများ ပြည့်နှက်နေပြီး၊ ပေါ်တာဆွဲမှုများ၊ နှိပ်စက်မှုများကို ကြုံတွေ့ကြရသည်။

၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ရွာပေါင်း ၃၅၀၀ ကျော်သည် ဖျက်ဆီးခံရပြီး၊ လူပေါင်း တစ်သန်းခန့်ကို ရွေ့ပြောင်း ထွက်ပြေးရစေခဲ့သည်။ အဓမ္မ လုပ်အားပေး စေခိုင်းစေမှုများ၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများနှင့် နှိပ်စက်မှုများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိသည်။ ဒုက္ခသည် အမျိုးသမီး တစ်ဦးက သူမအား သတ်ပြီး မြှုပ်မည့် ကျင်းအား ကိုယ်တိုင် တူးခိုင်းခံရကြောင်း ပြောသည်။ အခြား ဒုက္ခသည် တစ်ဦးကမူ သူ၏ မိဘနှစ်ပါးမှာ သူ ငယ်စဉ်ကပင် အသတ်ခံရပြီး၊ သူ့အမျိုးသမီးနှင့် ကလေးများမှာလည်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ပြောပြသည်။

ထို့ကြောင့် ပြီးခဲ့သည့်လက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က နိဂုံးချုပ် သုံးသပ်ထားရာတွင် လူ့အခွင့်အရေးကို စနစ်တကျ ထိတ်လန့်ဖွယ် ချိုးဖောက်မှုများသည် အစိုးရ မူဝါဒ၏ အကျိုးဆက် ဖြစ်ပြီး၊ အဆိုပါ ချိုးဖောက်မှုတွင် အုပ်ချုပ်ရေး၊ စစ်တပ်နှင့် တရားစီရင်ရေးမှ ထိပ်တန်း ပုဂ္ဂိုလ်များ ပါဝင် ပတ်သက်ကြောင်း သုံးသပ်ထားသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်က အဆိုပါ လူသားချင်း မစာနာသော ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများတွင် မြန်မာ အစိုးရတွင် အပြစ်ရှိကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ အနေဖြင့် ထိုပြစ်မှုများကို စုံစမ်း စစ်ဆေးရန် ကော်မရှင်ဖွဲ့သင့်ကြောင်း ပြောကြားခဲ့သည်။

သြစတြေးလျ၊ ဗြိတိန်နှင့် ချက်တို့က အဆိုပါ စုံစမ်း ဖော်ထုတ်ရေး အတွက် တောင်းဆိုမှုကို မူအားဖြင့် သဘောတူခဲ့ကြသည်။ စုံစမ်း ဖော်ထုတ်နိုင်ရေး အတွက် ၎င်းတို့ အလုပ်လုပ်ပြရန် လိုအပ်နေပြီ ဖြစ်သည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အများစုသည် အမှန်တရား ဖြစ်သည့် မြန်မာ စစ်အစိုးရသည် တရားမဝင် အစိုးရ ဖြစ်ပြီး၊ ရာဇဝတ်သား ဖြစ်သည်ဆိုသည့် အချက်ကို လက်ခံရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ မကြာသေးမီက မြန်မာ အစိုးရက ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ရာ၊ တုန့်ပြန်မှုများ မရှိခဲ့ကြပေ။ အစိုးရ ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများ၊ ကျင်းပမည့် ရွေးကောက်ပွဲများသည် အလိမ်အညာသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို ပြောင်ပြောင် တင်းတင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အဆိုပါ အလိမ်အညာ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ခြင်းမှာ အထူးအဆန်းကား မဟုတ်ပေ။

ဥပဒေ အသစ်များသည် နိုင်ငံရေး အကျဉ်းသားများ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့် ပိတ်ပင်ထားရာ၊ NLD အနေဖြင့် ၎င်း၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရာပေါင်းများစွာသော အဖွဲ့ဝင်များကို ပါတီမှ ဖယ်ရှားရမည့် သဘော ဖြစ်နေပေသည်။

နိုင်ငံရေး ပါတီများသည် လွန်ခဲ့သော နှစ်နှစ်က အတုအယောင် ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသော အခြေခံ ဥပဒေကို ထောက်ခံရန် လိုအပ်နေပေသည်။ သို့မှသာ ပါလီမန်တွင် ၂၅% သော ကိုယ်စားလှယ်များ စစ်တပ်မှ ရယူနိုင်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အားလည်း ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးပြီး ဖြစ်ပေမည်။

NLD သည် မေလ ၇ ရက် နောက်ပိုင်းတွင် အစိုးရက တရားမဝင်ကြောင်း အသိအမှတ်ပြုမည် ဖြစ်၍ ၎င်း၏ ရပ်တည်မှု အတွက် တိုက်ပွဲဝင်ရမည် ဖြစ်သည်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Philip Crowley က ပြောခဲ့သည်မှာ "မြန်မာ အစိုးရကို ဒါမျိုးတွေ အကြံပေးခဲ့တာ မဟုတ်ပါဘူး" ဟု ဆိုသည်။

အချို့ တိုင်းပြည်များကမူ တော်ရုံ ဝေဖန်ရုံမျှဖြင့် လုံလောက်ပြီဟု ကျေနပ်နေကြသည်။ မြန်မာ၏ အိမ်နီးချင်းနိုင်ငံများသည် ပိုမို၍ စိတ်ကသိကအောင့် ဖြစ်လာကြသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက လာမည့် ရွေးကောက်ပွဲအား လုံးဝ မူမမှန်သော ရွေးကောက်ပွဲ အဖြစ် (a complete force) အဖြစ် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင်မူ အမြင်များမတူ ကွဲပြားလျက် ရှိသည်။ အချို့ကလည်း အနာဂတ်တွင် ပေါ်လာမည့် လမ်းပွင့်လာမည့် နေရာများ အတွက် မျှော်လင့်ပြီး ဝင်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ကြပြီး အချို့ကမူ ရွေးကောက်ပွဲကို သပိတ်မှောက်သင့်သည်ဟု ဆိုသည်။ ကျွန်ုပ်တို့ အနေဖြင့် ရွေးရခက်သော အခြေအနေ ဖြစ်နေသောကြောင့် အဆိုပါ အမြင် နှစ်မျိုးလုံးကို နားလည်နိုင်သည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်မူ ရွေးချယ်စရာလမ်းမှာ ရှင်းလင်းသည်။ ရွေးကောက်ပွဲကို လုံးဝ လက်မခံရန် ဖြစ်သည်။ ကုလသမဂ္ဂကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို အစိုးရက ပြောင်ပြောင်တင်းတင်း ပစ်ပယ်ထားသည့်တိုင် လက်သင့်ခံနိုင်သည့်အလား မည်သည့် လှုပ်ရှားမှု မတွေ့ရပေ။ လုံခြုံရေးကောင်စီ အနေဖြင့် အစိုးရအား NLD နှင့် တိုင်းရင်းသား အဖွဲ့များဖြင့် တွေ့ဆုံ ဆွေးနွေးရေးကို ဆုံးဖြတ်ချက်ချ တောင်းဆိုသင့်ပြီး၊ တိုးတက်မှုများ တိုင်းတာနိုင်ရန် အခြေခံ အချက်များကို ရှင်းလင်းပြသင့်သည်။ ကုလသမဂ္ဂအတွက် မှန်ကန်သော လုပ်ဆောင်မှုများ ပြုလုပ်ရန် အချိန်ကျပြီ ဖြစ်သည်။ စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေး ဖော်ထုတ်၍ မြန်မာ ဗိုလ်ချုပ်များကို တရားဥပဒေ ရှေ့မှောက်သို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံတွင် အမှန်တကယ် ပြောင်းလဲမှုများ အတွက် အခွင့်အရေး ထွက်ပေါ်လာမည် ဖြစ်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By William Boot, 24th April 2010

ထိုင်းနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် စွမ်းအင် ကဏ္ဍ မပါဝင်ဘဲ မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများတွင် တစ်ဦး အပါအဝင် ဖြစ်ကြောင်း ကိန်းဂဏန်း အသစ်များက ဆိုသည်။

ထိုင်းစီးပွားရေးသည် ကမ္ဘာလှည့် ခရီးသွားကဏ္ဍနှင့် ပတ်သက်သော ဟိုတယ် အဆောက်အဦး များတွင် ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာနှစ်၌ အမေရိကန် ဒေါ်လာ သန်း ၃၀ သုံးစွဲခဲ့ပြီး၊ UAE နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကိုမူ မမှီကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း (UMFCCI) က ပြောသည်။

UMFCCI က UAE သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၄၁ သန်း ရင်းနှီးမြှုပ်နှံ ထားသည်ဟု ဆိုခဲ့ပြီး မည်သည့်နေရာတွင် ရင်းနှီး မြှုပ်နှံထားသည်ကိုမူ ရှင်းလင်း ပြောကြားခြင်း မရှိပေ။

တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများသည် မြန်မာနိုင်ငံ၏ အလားအလာ အလွန်ကောင်းသော သဘာဝ ဓာတ်ငွေ့ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု များစွာပြုလုပ်လျက် ရှိကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်၍ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ ပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမည် ဖြစ်သောကြောင့် လာမည့်နှစ် အနည်းငယ် အတွင်း ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို ဖြတ်ကျော်သွားလိမ့်မည် ဖြစ်ကြောင်း စက်မှုလုပ်ငန်း သုံးသပ် လေ့လာသူများက ခန့်မှန်းကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 25th April 2010

ပါရှန် ပင်လယ်ကွေ့တွင် ပြုလုပ်သော 'မဟာ ပညာကျော် - ၅' စစ်ရေး လေ့ကျင့်မှု အစီအစဉ်၏ နောက်ဆုံး အဆင့်တွင် မြေပြင်မှ ရေပြင်ပစ်၊ ရေပြင်မှ ရေပြင်ပစ် ပြည်တွင်းဖြစ် ဒုံးပျံ အမျိုးအစား အသစ် ၅ မျိုးကို ပစ်လွှတ်ခဲ့သည်ဟု တနင်္ဂနွေနေ့တွင် အီရန်က ပြောကြားလိုက်သည်။

အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က IRIB ရုပ်သံဌာနနှင့် အရေးတကြီး အစီအစဉ် အဖြစ် ဆွေးနွေး တင်ပြရာတွင် ဒုံးကျည်များကို တပြိုင်တည်း ပစ်လွှတ်ခဲ့ပြီး တစ်ခုတည်းသော ပစ်မှတ်ကို တစ်ချိန်တည်းတွင် ထိမှန်ခဲ့သည်ဟု ဆိုသည်။

တနင်္ဂနွေနေ့က စစ်ရေး လေ့ကျင့်ခန်းများတွင် စစ်သင်္ဘောများကို မြန်နှုန်းမြင့် ရေယာဉ်ငယ်များဖြင့် တိုက်ခိုက်သော အစီအစဉ် ပါဝင်သည်။

၃၁ နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော စစ်ရေး လေ့ကျင့်မှုသည် လက်နက်သစ်၊ စနစ်သစ်များကို ပြသရန် ရည်ရွယ် စီစဉ်ခြင်း ဖြစ်သည်။

စစ်ကစားပွဲများကို အီရန် စတင်

အီရန်နိုင်ငံ၏ အင်အား၊ ဆန္ဒနှင့် အချုပ်အခြာ ပိုင်ဆိုင်မှုနှင့် လွတ်လပ်ရေးကို ကာကွယ်မည့် အမျိုးသားအဆင့် ဆုံးဖြတ်ချက်တို့ကို ပြသရန်အတွက် စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခြင်း ဖြစ်သည်ဟု တော်လှန်ရေး အစောင့်တပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ဟူစိန် ဆာလာမီက ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ စစ်ရေး လေ့ကျင့်မှုများမှာ ယခင်ကလည်း ရှိခဲ့ကြောင်း၊ သို့သော် ယခု အကြိမ်မှာ တော်လှန်ရေး အစောင့်တပ်ဖွဲ့က လူသိရှင်ကြား ဆွေးနွေး တင်ပြခဲ့သဖြင့် သတိထား ရလိမ့်မည်ဟု အမေရိကန် စစ်ဖက်က မှတ်ချက်ပေးသည်။

ထိုဒေသတွင် အမေရိကန် စစ်သင်္ဘောများစွာ လတ်တလော လှုပ်ရှားနေကြပြီး အမေရိကန် တပ်မှူးများကို အီရန်တို့နှင့် မတော်တဆ ထိပ်တိုက် တွေ့ဆုံမှုမျိုး မဖြစ်ပွားစေရန် မကြာခဏ သတိပေးထားသည်။

အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်ကြောင့် အစ္စလာမ်မစ် အီရန်နိုင်ငံ အပေါ် တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရန် ဖိအားပေးနေသော အမေရိကန် ပြည်ထောင်စုက အီရန်နိုင်ငံ၏ ဒုံးကျည် တိုးတက် ဖွံ့ဖြိုးမှုကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Reuters, 24th April 2010

တရုတ်နိုင်ငံတွင် ယခုအချိန်၌ ငွေကြေးဖောင်းပွမှုမှာ အားကောင်းခြင်း မရှိသေးသော်လည်း၊ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်နိုင်ကြောင်း မျှော်လင့်မှုများ တွေ့လာရကြောင်း စနေနေ့က အစိုးရ အကြီးတန်း သုတေသန အရာရှိ တစ်ဦးက ပြောသည်။

ငွေကြေးဖောင်းပွမှု မည်မျှဖြစ်လာမည် ဆိုသည်မှာမူ တရုတ် အစိုးရက ၎င်း၏ ငွေကြေးမူဝါဒကို မည်မျှ မြန်မြန် ပြောင်းလဲမည် ဆိုသည် အပေါ် တည်မှီနေကြောင်း၊ ယခု လက်ရှိ တရုတ်၏ အသာစီးယူထားသော ငွေတန်ဖိုး သတ်မှတ်ထားမှု (appropriately loose) မှ မျှခြေ (neutral) ရောက်အောင် ပြောင်းလဲပေးမှုပေါ်တွင် မူတည်ကြောင်း National Development and Research Commission's microeconomic institute မှ ဒုတိယ ဌာနမှူး Ma Xiaohe က ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခု မတ်လအထိ တစ်နှစ်အတွင်း လူသုံးကုန် ပစ္စည်းဈေးနှုန်းများ ၂.၄ % တက်လာခဲ့ရာ၊ အစိုးရ ခန့်မှန်းထားသော တစ်နှစ်အတွင်း ပျမ်းမျှ ၃ % တက်မည် ဆိုသည့် ကိန်းဂဏန်း အတွင်း၌သာ ရှိသေးကြောင်း၊ သို့သော် ဟင်းသီးဟင်းရွက်၊ စားသုံးဆီနှင့် ဆန်များ ယခုလအတွင်း ဈေးတက်လာရာ၊ ထိုကိစ္စကို အလေးဂရုပြုရန် တောင်းဆိုလာကြသည်ဟု Ma က ပြောသည်။

"ငွေဖောင်းပွမှု မျှော်လင့်ချက်တွေက စပြီး တိုးတက် လာနေပြီ" ဟု ၎င်းက ပြောသည်။

တရားဝင် မူဝါဒအား ပြန်လည် ဖော်ပြသည့် အနေဖြင့် Ma က ပြောကြားရာတွင် တရုတ် အနေဖြင့် စားသုံးမှုများကို မြင့်တက်ရေးအတွက် အရှိန်မြှင့် ကြိုးပမ်းရန်လိုအပ်ပြီး သို့မှသာ ယခုထက် ပိုမိုသော ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံမှုများကို အစိုးရက ပါဝင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Gry Larsen, blog.norway.com, 7th April 2010

(နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး Gry Larsen သည် ဧပြီလဆန်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဖြစ်ရာ၊ ယခု ဘာသာပြန်ဆိုမှုမှာ နောက်ကျနေပြီ ဖြစ်သော်လည်း၊ သိသင့်သော အကြောင်းအရာ ဖြစ်သောကြောင့် ထည့်သွင်းထားခြင်း ဖြစ်သည်။ အယ်ဒီတာ)

နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး Gry Larsen က သူမ၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ "ယခု ခရီးစဉ်၏ ရည်ရွယ်ချက်မှာ လူသားချင်း စာနာ ထောက်ထားသော အဖွဲ့အစည်းများ၊ ဒီမိုကရေစီ လှုပ်ရှားမှု နှင့် အာဏာပိုင်များအား တွေ့ဆုံကာ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံရေး အနေအထား အတွက် အကြံဥာဏ် ရယူရန် ဖြစ်သည်" ဟု မိန့်ခွန်းတွင် ဖော်ပြခဲ့သည်။

"မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်လိုက်တဲ့ အတွက် ဒီနေ့ကတော့ အမှတ်တရပါပဲ။ မြန်မာဟာ အာရှရဲ့ အကြွယ်ဝဆုံး နိုင်ငံတွေထဲက တစ်ခု၊ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခု၊ ပြီးတော့ အငြင်းပွားစရာ အများဆုံး ဖြစ်နေတဲ့ နိုင်ငံတွေထဲက တစ်ခု စတဲ့အချက်တွေ တပြိုင်တည်း ဖြစ်ပျက်နေတဲ့ နိုင်ငံပါ။"

"မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ကြွယ်ဝသလို လူဦးရေလည်း များတယ်။ တိုင်းရင်းသား မျိုးကွဲတွေလည်း များတယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာ စီးပွားရေး မှားယွင်း ခန့်ခွဲမှု၊ လက်နက်ကိုင် ပြဿနာတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် တိုင်းပြည် အနှံ့ ဆင်းရဲ နွမ်းပါးမှုကို ဖြစ်စေခဲ့တယ်။ မတရား ဖိနှိပ် အုပ်စိုးမှုရယ်၊ စစ်ဖက် အစိုးရရယ်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို အကျယ်ချုပ် ဖမ်းဆီးထားတာရယ်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မျက်စိထဲမှာ အငြင်းပွားဖွယ် အကောင်းဆုံး နိုင်ငံ တစ်ခု ဖြစ်လာခဲ့တယ်။"

"မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့သူ အားလုံးဟာ စိန်ခေါ်မှု များစွာနဲ့ ရင်ဆိုင်ရမှာပါ။ John Kristensen က မတ်လ ၂၆ ရက် ထုတ် Dagsavisen မှာပါတဲ့ သူ့ရဲ့ ဆောင်းပါးထဲ မှာ စိတ်ဝင်စားစရာ ကိစ္စတွေ အများကြီး တင်ပြထားတယ်။ ဥပမာ ပြောရရင် တိုင်းပြည်ထဲမှာ ပိုပြီး ပွင့်လင်းဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်စေဖို့ မျှော်လင့်ချက်ထားပြီး မြန်မာ အစိုးရနဲ့ ဒီထက်ပိုပြီး ဆွေးနွေး ညှိနှိုင်းကြဖို့ သူက တိုက်တွန်းထားတယ်။ ဒီမျှော်လင့်ချက်ကို ကျွန်မလည်း သဘောတူတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မဟာဗျူဟာတွေဟာ မြန်မာနိုင်ငံမှာ ပိုမို ပွင့်လင်းမှု၊ စီးပွားရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးမှုတွေကို အမှန်တကယ် မြှင့်တင်နိုင်ရဲ့လား ဆိုတာကို ကျွန်မတို့ အသေအချာ စစ်ဆေးသင့်တယ်လို့လည်း ယုံကြည်တယ်။"

"နော်ဝေးနဲ့ တခြား နိုင်ငံတွေဟာ မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ သတင်းတွေ ရရှိထားတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ သုံးသပ်ချက်တွေကနေ ဘယ်လိုနည်းနဲ့ အကောင်းဆုံး လုပ်နိုင်မလဲ။ ဒီသဘောထားတွေကို မြန်မာ အစိုးရက နားထောင်အောင်၊ တိုင်းရင်းသား လူမျိုးတွေနဲ့ အခြေခံ လူ့အခွင့်အရေးတွေ အပေါ် လေးစားမှု ပြသအောင် ဘာတွေလုပ်မလဲ။ ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ရောက်လာအောင် ဘယ်လိုနည်းနဲ့ အကောင်းဆုံး စည်းရုံးနိုင်မလဲ။ အဖြေကတော့ နည်းလမ်းပေါင်း များစွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်မှုတွေ လုပ်ရမယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒီအတွက်ကြောင့် မြန်မာ အာဏာပိုင်တွေ၊ ဒီမိုကရေစီ လှုပ်ရှားမှု ကိုယ်စားလှယ်တွေ အရေးကြီး အလုပ်တွေကို ကွင်းဆင်း ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ NGO တွေ စတာတွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားပါလို့ ပြည်ပရေးရာ ဝန်ကြီးက ကျွန်မကို တောင်းဆိုခဲ့တာပါ။ တကယ်လို့ ကျွန်မတို့က လွှမ်းမိုးနိုင်တဲ့ သြဇာကို လိုချင်တယ်ဆိုရင် အခုလို တွေ့ဆုံမှုတွေကို များများ လုပ်ပေးရမှာပါ။ ဒါမှသာ ကျွန်မတို့က နားထောင် ပေးတာနဲ့ ကျွန်မတို့ သဘောထားတွေကို ရှင်းရှင်းလင်းလင်း ပြောပြတာ နှစ်ခုစလုံးကို လုပ်နိုင်မှာပါ။"

"ကျွန်မရဲ့ တွေ့ဆုံမှုတွေမှာ ဆင်းရဲ မွဲတေမှုကို ဖြေရှင်းဖို့နဲ့ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် အခွင့်အလမ်းတွေကို ဦးစားပေး ဆွေးနွေးမှာပါ။ အလုပ် ကြိုးစားတဲ့ ပြည်သူတွေ အတွက် ဖွံ့ဖြိုးမှုနဲ့ ပိုင်ဆိုင်မှု အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေကို မြန်မာ အာဏာပိုင်တွေ လုပ်ရမှာ ဖြစ်သလို လုပ်လည်း လုပ်နိုင်ရမှာပါ။ အခုဆိုရင် နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံး အဖြစ် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စစ်ဖက် အစိုးရက ဆော်သြနေတယ်။"

"နိုင်ငံတကာရဲ့ ယုံကြည် လေးစားမှု ရရှိဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ချီတက်ဖို့ အတွက် ရွေးကောက်ပွဲက အခွင့်အလမ်း တစ်ခု ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်လာဖို့ အခုအထိတော့ လက္ခဏာ အနည်းငယ်ပဲ ရှိသေးတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်ရမှာ ဖြစ်ပြီး သူတို့ကို အဓိက ကဏ္ဍက ပါဝင်ခွင့်ပြုဖို့ မြန်မာ အာဏာပိုင်တွေကို ရှင်းရှင်းလင်းလင်း ပြောပြသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရမှာပါ။ ရွေးကောက်ပွဲ တွေကိုလည်း လွတ်လပ်၊ မျှတပြီး ပြည်သူ တရပ်လုံး စိတ်ချလက်ချ ပါဝင်နိုင်တဲ့ ပုံစံဝင်အောင် ကျင်းပဖို့ စီစဉ် ဆောင်ရွက်ရမှာပါ။"

"တစ်ချိန်ထဲမှာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း တောင်းဆိုထားသလို ဒီတိုးတက် ဖွံ့ဖြိုးမှုတွေကို မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ဆောင်ရွက်ရာမှာ နိုင်ငံတကာက မျှော်လင့်ထားတဲ့ အပြုသဘော ဆောင်တဲ့ နည်းလမ်းတွေ အတိုင်း လုပ်ဖို့ အတွက် ကျွန်မတို့ ကြိုးစားရမှာပါ။ မြန်မာ အာဏာပိုင်တွေဟာ အခုလမ်းဆုံမှာ ရောက်နေတဲ့ အနေအထားပါ။ တကယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းကို သူတို့ ရွေးချယ်မယ်ဆိုရင် တိုင်းပြည် အပေါ် သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ခိုင်မာ တောင့်တင်းအောင် ကူညီမှာပါ။ ကျွန်မတို့က ဒီအတိုင်း ဖြစ်စေချင်တာပါ။ ဒါကြောင့် ကျွန်မတို့ရဲ့ လက်ရှိ ကိုင်တွယ် ဆောင်ရွက်ပုံတွေဟာ ကျွန်မတို့ လိုလားတဲ့ အတိုင်း ပြောင်းလဲ တိုးတက်မှုတွေ ရှိနိုင်ရဲ့လား ဆိုတာကို ကျွန်မတို့ ပြန်ပြီး စဉ်းစား ဆင်ခြင်ရလိမ့်မယ်။"

"မြန်မာနိုင်ငံမှာ ပါဝင် ပတ်သက်နိုင်ဖို့ အတွက် ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုရမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က မြန်မာနိုင်ငံမှာ တိုက်ခတ်သွားတဲ့ ဆိုက်ကလုန်း နာဂစ်စ်ဟာ ကြီးမားလွန်းတဲ့ သဘာဝ ဘေးအန္တရာယ်ပါ။ အဲဒီမှာ ကြီးမားတဲ့ လိုအပ်ချက်တွေ ရှိနေဆဲ ဆိုပေမယ့် သဘာဝ ဘေးဒဏ် ခံစားရသူတွေကို ကူညီဖို့ ကြီးမားတဲ့ ဆောင်ရွက်ချက်တွေ လုပ်ခဲ့ပြီးပါပြီ။ နိုင်ငံတကာ ကြိုးပမ်းမှုနဲ့ အစိုးရတို့ ပူးပေါင်းမှုက တဆင့် ကယ်ဆယ် ထောက်ပံ့ရေးတွေ လုပ်လို့ရတယ်ဆိုတာ ဒီအချက် သက်သေပြ နေတယ်။ ဒါကြောင့် အခု ရှိပြီးသား ပူးပေါင်း ဆောင်ရွက်မှုတွေ အပေါ်မှာ ဆက်လက် တိုးချဲ့ တည်ဆောက်ရမှာ ဖြစ်ပြီး လူသားချင်း စာနာထောက်ထားတဲ့ ဆောင်ရွက်ချက်တွေကို ချောမွေ့အောင် ဆက်ပြီး ကူညီဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့ လုပ်ငန်းတွေကို တံခါးဖွင့် နေရာပေးဖို့ မြန်မာ အာဏာပိုင်တွေကို အားပေး တိုက်တွန်းနေတယ်။"

"ကြွယ်ဝခြင်း၊ ဆင်းရဲခြင်း၊ အခြေအတင် အငြင်းပွားခြင်း 'နွံ' ထဲမှာ ဆက်ပြီး နစ်နေဖို့ ဖြစ်နိုင်ချေတွေ မြန်မာနိုင်ငံမှာ ရှိနေတုန်းပါပဲ။ ပြည်သူအများစုကလည်း မြန်မာနိုင်ငံ အပေါ် ထင်မြင်ချက် အမျိုးမျိုး ပေးနေကြတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုဟာ မြန်မာတွေ အတွက် သာမကပဲ သူ့ရဲ့ အိမ်နီးချင်းတွေ အတွက်လည်း အရေးကြီးတယ်။ ဒါပေမယ့် သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ ကိစ္စက သူတို့ တိုင်းပြည်ထဲမှာပဲ ရှိနေတာပါ။ နောက်တစ်ချက်ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ တိုင်းပြည်ရဲ့ ပဲ့ကိုင် နေရာမှာ ထိုင်နေသူတွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုကို လုပ်ဖို့ မရနိုင်ပဲ ဖြစ်နေတာပါ။"

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.