Transparency Myanmar

transparency.myanmar@gmail.com

ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama ရာထူးမှ နုတ်ထွက်သွားပြီးနောက် အာဏာရ ဒီမိုကရက်တစ် ပါတီက ဘဏ္ဍာရေးဝန်ကြီး Naoto Kan ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်သည်။ ဂျပန် ပါလီမန် လွှတ်တော်တွင် ပြုလုပ်သော မျက်နှာစုံညီ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ရွေးကောက် တင်မြှောက်ပွဲ တစ်ရပ် ပြုလုပ်ပြီး မစ္စတာ Naoto Kan အား မစ္စတာ Yukio Hatoyama နေရာတွင် အစားထိုး တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

မစ္စတာ Kan သည် ဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် ကက်ဘိနက် အဖွဲ့သစ်ကို ဖွဲ့စည်းမည်ဟု မျှော်မှန်းရကြောင်း Yomiuri Shimbun သတင်းစာက ဆိုသည်။ ဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် နာရီပိုင်း အကြာတွင် မစ္စတာ Kan သည် ယခင် ဝန်ကြီးချုပ်ဟောင်း Yukio ထံမှ အမှာစာ တစ်စောင် လက်ခံရရှိခဲ့သည်။

"ကျေးဇူးပြုပြီး ဂျပန်-အမေရိကန် နှင့် ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးကို အထူး ဂရုစိုက်ပေးပါ" ဟု မစ္စတာ Yukio က အမှာစာတွင် ရေးသားထားသည်။ ဂျပန် ဝန်ကြီးချုပ်ဟောင်း Yukio သည် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဂျပန်ပြည်သူများနှင့် ဂျပန်နိုင်ငံ၏ အရင်းနှီးဆုံး မိတ်ဆွေ အမေရိကန် ပြည်ထောင်စုတို့၏ လိုအပ်ချက်များကို မျှတစွာ ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိခဲ့ပေ။

ယခု အသစ် တက်လာသော ဝန်ကြီးချုပ်အနေဖြင့် မစ္စတာ Hatoyama လက်ထက်က ရှိနှင့်ပြီး ဖြစ်သည့် ပြဿနာများ ဖြစ်သော ဘဏ္ဍာရေး မပြေလည်မှု၊ ကြွေးမြီများ မြင့်တက်လာမှု တို့ကို မဖြစ်မနေ ဖြေရှင်းပေးရမည် ဖြစ်ပြီး အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းရေး ကိစ္စကိုလည်း ခေါင်းခံ ဖြေရှင်းရမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။ ဂျပန် ပါလီမန် လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီက အမတ်နေရာ အများဆုံးကို ရယူထားသောကြောင့် မစ္စတာ Kan အနေဖြင့် ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် အသာတကြည် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ပြီးနောက် မိမိအနေဖြင့် ဂျပန်စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်းကို ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ဂျပန် နိုင်ငံရေး ကျွမ်းကျင်သူများက ဝန်ကြီးချုပ်သစ် အနေဖြင့် ကက်ဘိနက် အဖွဲ့သစ်ကို အမြန်ဆုံး ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ လာမည့် ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလ မတိုင်မီ နိုင်ငံရေးအရ မတည်မငြိမ်မှု ဖြစ်ပေါ်နေသည့် ဒီမိုကရက်တစ် ပါတီအား တည်ငြိမ်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သုံးသပ်သည်။ မေလ ၄ ရက်နေ့ ပါတီတွင်း မိန့်ခွန်းပြောရာ၌ မစ္စတာ Kan က "ဂျပန်-အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးကို ဂျပန် နိုင်ငံခြားရေး မူဝါဒ၏ ဗဟိုချက် အဖြစ် အာရုံစိုက်သွားမည် ဖြစ်ကြောင်း၊ အာရှဒေသတွင်း ဖွံ့ဖြိုးမှုကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း" ပြောကြားသည်။

Reuters သတင်းဌာနနှင့် Yomiuri Shimbun သတင်းစာမှ သတင်းတို့ကို ပူးပေါင်း ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AL Jazeera, 3rd June 2010

မြန်မာနိုင်ငံမှ အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်များသည် နျူကလီယာ လက်နက်များ ပြုလုပ်မည့် အစီအစဉ်ကို စတင်ခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့သည် တာဝေးပစ် ဒုံးပျံများကိုလည်း တည်ဆောက်ရန် ကြိုးစားနေကြသည်။

ယခုနှစ်ကုန် ကျင်းပမည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ စနစ်သို့ ၎င်းတို့ ရှေ့ရှု ချီတက်နေသည်ဟု ကမ္ဘာက လက်ခံ ယုံကြည်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စုမှ တိုက်ခိုက်လာနိုင်မှုနှင့် ပြည်သူတို့၏ အုံကြွ တော်လှန်မှုတို့ကို ကြောက်ရွံ့နေခြင်းကြောင့် မြန်မာ စစ်ဗိုလ်ချုပ်များသည် နိုင်ငံ အနှံ့ ဗုံးခိုကျင်း ကွန်ယက်နှင့်အတူ မိမိကျင်း မိမိ တူးခဲ့ကြသည်။

၅ နှစ်ကျော် စုဆောင်းထားခဲ့သော ထိပ်တန်း လျှို့ဝှက် မှတ်တမ်းများနှင့်အတူ ထွက်ပေါ်လာသော ရုပ်သံမှတ်တမ်းက မြန်မာ ခေါင်းဆောင်များသည် ဒုတိယ နျူကလီယာ မြောက်ကိုရီးယား ဖြစ်လာရန် မည်ကဲ့သို့ ကြိုးစားနေသည် ဆိုသည်ကို ဖော်ထုတ်လိုက်သည်။

အရေးကြီး ဖိုင်များနှင့် အခြား သတင်း အချက်အလက်များကို မြန်မာ စစ်တပ်မှ ထွက်ပြေး ခိုလှုံလာသူ ဗိုလ်မှူး စိုင်းသိန်းဝင်းက ခိုးထုတ်လာခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းသည် မြိုင်မြို့ အနီးမှ ထိပ်တန်း လျှို့ဝှက် စစ်ဖက် စက်ရုံတွင် ဒုတိယ တပ်ရင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံမှ မထွက်ခွာမီ မြန်မာ စစ်ဗိုလ်ချုပ်များ၏ နျူကလီယာ လက်နက် တည်ဆောက်မည့် လျှို့ဝှက် အစီအစဉ်နှင့် ပတ်သက်သော အသေးစိတ် သတင်း အချက်အလက် ဖိုင်ပေါင်း ထောင်နှင့် ချီ၍ ခိုးထုတ်ခဲ့ခြင်း ဖြစ်သည်။

စိုင်းသိန်းဝင်း၏ ထုတ်ဖော်မှုများကို စစ်ဆေးရန် အတွက် DVB က ၎င်းယူလာသော သတင်းဖိုင်များကို IAEA ဒါရိုက်တာဟောင်းနှင့် လော့စ်အယ်လာမိုစ့် မြောက်အမေရိကန် နျူကလီယာ ဆိုင်ရာ ထောက်လှမ်းရေး အရာရှိဟောင်း Bob Kelly ထံ ပြသစေခဲ့သည်။

ဖိုင်နှင့် ဓာတ်ပုံများကို Massachusetts Institute of Technology မှ စစ်ရေးသုတေသန သိပ္ပံ ပညာရှင် Geoff Forden အားလည်း ပြသခဲ့သည်။

မြန်မာနိုင်ငံသည် ၎င်း၏ ရည်ရွယ်ချက်များ အောင်မြင်ရန် အချိန်များစွာ ကြာဦးမည်ဟု ကျွမ်းကျင်သူများက သဘောတူကြသည်။

သို့သော်လည်း နိုင်ငံ ရည်မှန်းချက် ဖြစ်နေသောကြောင့် တချိန်ချိန်တွင် နျူကလီယာ လက်နက်များ ပိုင်ဆိုင်သွားလိမ့်မည်ဟု အများစုက ယုံကြည်နေသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ စစ်ရေး ရည်မှန်းချက်များကို ထိထိရောက်ရောက် စောင့်ကြည့် ကိုင်တွယ်သင့်နေပြီဟု ဆိုရမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Deutsche Presse, 3rd June 2010

ဥရောပ သမဂ္ဂ၏ အိမ်နီးချင်းများ ဖြစ်သော အိုက်စလန်မှသည် အာမေးနီးယား အထိ ပါဝင်သော နိုင်ငံများသည် မြန်မာအစိုးရ အပေါ် ကုန်သွယ်ရေးနှင့် ပြည်ဝင် ဗီဇာ ပိတ်ပင်ရေးကို ဆက်လက် ကျင့်သုံးမည့် အီးယူ အဖွဲ့၏ ဆုံးဖြတ်ချက်အား လက်မှတ် ရေးထိုးခဲ့ကြသည် ဟု အီးယူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ အစိုးရကို ဒီမိုကရေစီ စနစ်သို့ ဦးတည်စေရန် တွန်းအားပေးသည့် အနေဖြင့် ၂၀၀၆ ခုနှစ်တွင် အီးယူက အရေးယူ ပိတ်ဆို့မှုများကို ပထမဆုံး ချမှတ်ခဲ့သည်။ ပြီးခဲ့သော ဧပြီလတွင် အဆိုပါ အရေးယူ ပိတ်ဆို့မှုများကို တစ်နှစ် ထပ်မံ သက်တမ်း တိုးလိုက်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အနေအထား တိုးတက်မှု မရှိသကဲ့သို့ ဒီမိုကရေစီ လုပ်ငန်းစဉ်သို့ ရှေ့ရှုသည့် ကြီးကြီးမားမား တိုးတက် ပြောင်းလဲမှု ပျောက်ဆုံးနေသည် ဟု  ဝေဖန် ကန့်ကွက်ခဲ့သည်။

အယ်ဘေးနီးယား၊ အာမေးနီးယား၊ ဘော့စနီးယား၊ ခရိုအေးရှား၊ ဂျော်ဂျီယာ၊ အိုက်စလန်၊ လိုင်ချင်စတိန်း၊ မက်ဆီဒိုနီးယား၊ မော်လ်ဒိုဗာ၊ မွန်တီနီဂရိုး နှင့် နော်ဝေ စသော နိုင်ငံများက "မြန်မာ အစိုးရ အပေါ် အရေးယူ ပိတ်ဆို့မှုများ၏ ရည်ရွယ်ချက်များကို သဘောတူ ညီမျှကြသည်'' ဟု ကြေညာခဲ့ကြပြီး ၎င်းတို့ နိုင်ငံများ၏ အမျိုးသား မူဝါဒများနှင့် ကိုက်ညီအောင် ဆောင်ရွက်ကြလိမ့်မည် ဟု အီးယူ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖော်ပြပါ အရေးယူ ပိတ်ဆို့မှုများတွင် ပါဝင်သည့် အစီအစဉ်များမှာ မြန်မာနိုင်ငံမှ သစ်နှင့် သတ္တု တင်သွင်းမှု တားမြစ်ခြင်း၊ လက်နက် တင်ပို့မှု တားမြစ်ခြင်း၊ စစ်အစိုးရ ဆက်စပ် ကုမ္ပဏီ ၁၂၀၀ နှင့် ငွေကြေး ဆက်နွယ်မှု တားမြစ်ခြင်း၊ စစ်အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပါဝင်သော လူ ၄၀၀ ခန့်ကို ပြည်ဝင် ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, 3rd June 2010

အမေရိကန် ဆီနိတ်တာ Jim Webb သည် မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ကြာသပတေးနေ့က ဆိုင်းငံ့ထားလိုက်ပြီး မြန်မာစစ်ဖက် အစိုးရသည် မြောက်ကိုးရီးယားနှင့် ပူးပေါင်း၍ နျူကလီယာ အစီအစဉ်ကို တိုးတက် လုပ်ဆောင်နေသည်ဟု စွပ်စွဲချက် အသစ်များ ထွက်ပေါ်လာသောကြောင့် သွားရောက်ရန် အချိန်ကောင်း မဟုတ် ဟု ပြောကြားလိုက်သည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဆီနိတ်တာ Jim Webb ၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ယခု စွပ်စွဲချက်များကို အတည် မပြုရသေးသော်လည်း မြန်မာအစိုးရသည် ကုလသမဂ္ဂ လက်နက် ကုန်သွယ်မှု တားမြစ်ချက်ကို ချိုးဖောက်ကာ မြောက်ကိုးရီးယားထံမှ လက်နက်များ ဝယ်ယူခဲ့သည့် အတွက် စိုးရိမ် ပူပန်မှုများ ရှိနေသည် ဟု ဖော်ပြထားသည်။

"ဒီကိစ္စတွေ ရှင်းရှင်းလင်းလင်း မဖြစ်သေးခင်မှာ မြန်မာနိုင်ငံကို သွားမယ် ဆိုရင် မိုက်မဲရာ ကျပါလိမ့်မယ်။ ဒီအချိန်မှာ သွားမယ်ဆိုရင် ဆန့်ကျင်ဘက် ရလဒ်တွေပဲ ရရှိဖို့ အလားအလာ များပါတယ်'' ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။ မူလက Jim Webb သည် ကြာသပတေးနေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရန် မျှော်လင့်ထားခဲ့သည်။

ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ် လွှတ်တော် အမတ် Jim Webb ၏ ခရီးစဉ် အပြီး နောက်ဆက်တွဲ သွားရောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သွားဖြစ်ခဲ့ပါက ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး အင်အားကြီး မဟာမိတ် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေမည် ဖြစ်သည်။

Jim Webb သည် ယမန်နှစ်ကလည်း မြန်မာနိုင်ငံသို့ သွားရောက်ကာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သကဲ့သို့ သူမ၏ ခြံဝင်း အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ထောင်ကျနေသော အမေရိကန် လူမျိုး John Yettaw ကို လွတ်မြောက်အောင် ပြုလုပ်ခဲ့သည်။

Jim Webb သည် ၎င်း၏ လတ်တလော အာရှ ခရီးစဉ်တွင် တောင်ကိုးရီးယားနှင့် ထိုင်းနိုင်ငံသို့လည်း သွားရောက်ခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကလည်း ၎င်း၏ ယခင်လ ခရီးစဉ်တွင် မြောက်ကိုးရီးယားထံမှ လက်နက် ဝယ်ယူမှုကို တားမြစ်တားသည့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုကို လိုက်နာသင့်ကြောင်း မြန်မာ စစ်ဖက်အစိုးရအား သတိပေးခဲ့သည်။

နျူကလီယာ နည်းပညာများ ပါဝင်သည်ဟု အကဲခတ် အချို့က သံသယ ရှိနေသော မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယား လက်နက် ဝယ်ယူမှု အပေါ် စိုးရိမ်ပူပန်နေသည့် ဝါရှင်တန်၏ ပြင်းထန်သော နောက်ဆုံး သတိပေးချက်ဟု ယူဆဖွယ် ကြေညာချက်ကို အစိုးရ အဖွဲ့ ဝန်ကြီးများစွာနှင့် တွေ့ဆုံ အပြီးတွင် Jim Webb က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွင် မြောက်ကိုးရီးယား လက်နက် တင်ပို့မှု အားလုံးကို ပိတ်ပင်ထားခြင်း၊ မြောက်ကိုးရီးယား၏ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း ကုန်စည် သယ်ဆောင်မှုများကို စစ်ဆေးရန် ကောင်စီ အဖွဲ့ဝင် နိုင်ငံများအား အာဏာ အပ်နှင်းထားခြင်းနှင့် အရေးယူမှုကို ချိုးဖောက်သည့် ကုန်စည် ပို့ဆောင်မှုများကို လိုအပ်ပါက သိမ်းဆည်း ဖျက်ဆီးခွင့် ပေးထားခြင်း စသည့် အချက်များ ပါဝင်သည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာရန် မြန်မာခေါင်းဆောင်ပိုင်းက သဘောတူခဲ့သော်လည်း လတ်တလော ဖြစ်ရပ်များကြောင့် ၎င်းတို့၏ ကတိအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည် ဟု Campbell က ပြောကြားလိုက်သည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲများကို မည်သို့ ကျင်းပမည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပါတီ အားလုံး အတွက် ယုံကြည်ထိုက်သော ဆွေးနွေးပွဲ ကျင်းပရေး အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက အလေးပေး တင်ပြခဲ့သည် ဟုလည်း Campbell က ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရသည် အတိုက်အခံများနှင့် လွတ်လပ်သော ကြားနေ အယူအဆရှိသူများကို တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ တစ်ဖက်သတ် ရှေ့တိုး ဆောင်ရွက်ခဲ့သည်။

"အခု အချိန် အထိ မြင်တွေ့ရသမျှကတော့ ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြု လက်ခံမှုကို ရမှာ မဟုတ်ဘူးလို့ ယုံကြည်ရမလို ဖြစ်နေတယ်'' ဟု Campbell က ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကိုလည်း သတ်မှတ်ခြင်း မရှိသေးပါ။

Campbell ၏ ယခု ခရီးစဉ်သည် ခြောက်လအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ဖျက်သိမ်းပြီး ရက်ပိုင်းမျှ အကြာတွင် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေသစ်သည် ဒီမိုကရေစီ မပြည့်ဝ ဟု NLD ပါတီက သတ်မှတ် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သဖြင့် အလိုအလျောက် ဖျက်သိမ်းရသည့် အခြေအနေကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ဖက် အစိုးရကို ပစ်မှတ်ထား၍ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့၏ လူ့အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်သော မှတ်တမ်းများနှင့် ဒီမိုကရေစီ နည်းကျ ရွေးချယ်သော အစိုးရကို အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့မှု တို့ကြောင့် ဖြစ်သည်။

 

 

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 2nd June 2010

တရုတ် ဝန်ကြီးချုပ်သည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလ အတွင်း အဓိက သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ပြီး နယ်စပ် တည်ငြိမ်ရေးနှင့် ပတ်သက်သည့် ခက်ခဲသော ပြဿနာကို အိမ်နီးချင်း မြန်မာ စစ်ဖက် အစိုးရ အကြီးအကဲနှင့် ကြာသပတေးနေ့တွင် ဆွေးနွေးခဲ့သည်။

၁၆ နှစ် အတွင်း တရုတ် ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံး မြန်မာ ခရီးစဉ်အဖြစ် လည်းကောင်း၊ ယခုနှစ်ကုန် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ မကျင်းပမီ အချိန်ကိုက်၍ လည်းကောင်း ပေါ်ထွက်ခဲ့သည့် ၃ ရက်ကြာ ခရီးစဉ် အတွင်း ဝမ်ကျားပေါင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် "အဝေးမြို့တော် နေပြည်တော်" တွင် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံလုံးသည် ကိစ္စများစွာ အပေါ်တွင် တခဲနက် သဘောတူညီမှု ရရှိခဲ့ကြပြီး နောက်တစ်ဆင့် ရှေ့တိုးသည့် အနေဖြင့် အဓိက သဘောတူညီချက် မြောက်မြားစွာကို လက်မှတ် ရေးထိုးခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ယုက ဘီဂျင်းတွင် ပြောကြားလိုက်သည်။

ဂျန်ယုက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာ၌ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ သိပ္ပံ နှင့် နည်းပညာဆိုင်ရာ သဘောတူညီမှု အတွဲပေါင်း များစွာကို နှစ်ဖက် လက်မှတ် ရေးထိုးခဲ့ကြသည့် ဆွေးနွေးပွဲများတွင် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်လည်း ပါဝင် တက်ရောက်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာ စစ်ဖက် အစိုးရ၏ အဓိက မဟာမိတ်နှင့် ကုန်သွယ်ဘက် ဖြစ်ပြီး အနောက်နိုင်ငံများက ပစ်ပယ်ထားသော မြန်မာနိုင်ငံမှ မက်လောက်စရာ သဘာဝ သယံဇာတများကို ထုတ်ယူရန် ဆန္ဒ ပြင်းပနေသော နိုင်ငံဖြစ်သည်။ ၂၀၀၉ နိုဝင်ဘာလတွင် တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ CNPC က မြန်မာပြည်ကို ဖြတ်သန်း၍ ပိုက်လိုင်း တည်ဆောက်မှုကို စတင်ခဲ့သည်။

သို့သော်လည်း မနှစ်က သြဂုတ်လတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စွန်နယ်ဖျား ဒေသ၌ အစိုးရ တပ်ဖွဲ့များနှင့် ကိုးကန့် လက်နက်ကိုင်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပြေး ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်နိုင်ငံထဲ ဝင်ပြေးခဲ့ကြသဖြင့် အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားလု နီးပါး ဖြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် စီးပွားရေး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေး အင်အားကြီးမားမှု အတိုင်းအတာနှင့် နှိုင်းယှဉ်ကြည့်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို လုပ်ကိုင်ခွင့် ရရှိလာမည် ဖြစ်ကြောင်း မြန်မာထိတ်တန်း သံတမန်တစ်ဦးက ဘေဂျင်းမြို့တွင် ပြောကြားလိုက်သည်။

"တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ ပိုမို လုပ်ကိုင်လာနိုင်မှာပါ" ဟု သံအမတ်ကြီး ဦးသိန်းလွင်က China Daily က အီးမေးလ်ဖြင့် မေးမြန်းသော အင်တာဗျူးကို ပြန်လည် ဖြေဆို ပေးပို့သည်။

စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနှင့် တယ်လီ ဆက်သွယ်ရေး အစရှိသည့် အရေးပါသော အခန်းကဏ္ဍများတွင် တရုတ် နိုင်ငံအနေဖြင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ကြောင်း၊ သဘာဝ ရင်းမြစ် ကြွယ်ဝ ချမ်းသာသော မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံများ မြှင့်တင်ရန် စိတ်အား ထက်သန်လျက် ရှိကြောင်း အီးမေးလ်မှ တစ်ဆင့် China Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွင် စတုတ္ထ အကြီးဆုံး နိုင်ငံလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၇၃ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ဒေါ်လာသန်း ၃၃၀ ဖြစ်သည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းသည် နှစ်နိုင်ငံ စလုံးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း သံအမတ်ကြီး ဦးသိန်းလွင်က ရည်ညွှန်း ပြောဆိုသည်။

ဒေသတွင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အစရှိသော အချက်များကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း မြန်မာ သံအမတ်ကြီးက ပြောသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံ ပိုက်လိုင်း တည်ဆောက်ရန်နှင့် ဒေါ်လာ ၁ ဒဿမ ၀၄ သန်း တန်ဖိုးရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရန် သဘောတူညီ ခဲ့ကြသည်။ သတင်း ပေးပို့ချက်များအရ ရေနံ ပိုက်လိုင်းဖြင့် တစ်နေ့လျှင် ရေနံစည် ၂၄၀၀၀၀ ခန့် ပို့လွှတ်နိုင်ပြီး ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တစ်နေ့လျှင် ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်သည်။

"အဲဒီ စီမံကိန်းက မြန်မာနိုင်ငံကို တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ ပိုပြီး လာရောက်အောင် လုပ်ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်" ဟု သံအမတ်ကြီးက ပြောကြားသည်။

တရုတ်နှင့် အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) ကလည်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို လုပ်ကိုင် လာနိုင်ရေးအတွက် အကူအညီ ပေးလိမ့်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

"စီးပွားရေးသမား အများစုကတော့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ကြိုဆိုကြတယ်" ဟု ဆိုသည်။ ယင်း သဘောတူညီချက်ကို လူဦးရေ ဟူသော အကြောင်းကိစ္စဖြင့် ပြောပါက ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ ဖြစ်ကြောင်း ညွှန်းဆိုသည်။ တရုတ် အာဆီယံ FTA မှာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဘေဂျင်း အစိုးရသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကူအညီ ပေးရန် အမြဲတစေ အသင့် ရှိနေခဲ့ကြောင်း၊ သို့အတွက်ကြောင့် တရုတ်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း ဖြစ်သလို စစ်မှန်သော မိတ်ဆွေလည်း ဖြစ်ကြောင်း မြန်မာ သံအမတ်ကြီးက သတ်မှတ် ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီလတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က "ဘေဂျင်း အစိုးရသည် မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖြစ်ထွန်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ ပေါ်ထွန်းသည်ကို တွေ့မြင်လိုသည့် ဆန္ဒ ရှိပါကြောင်း" ဟြေကြားသည်။

မြန်မာ သံအမတ်ကြီး ဦးသိန်းလွင်က မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် ရည်ရှည် ချစ်ကြည် ရင်းနှီးမှုများကို ခံစားနိုင်ခဲ့သည်ဟု ဆိုသည်။ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ထူထောင်ပြီးနောက် များမကြာမီ ကာလအတွင်း တရုတ်နှင့် သံတမန် ဆက်ဆံရေး စတင် ထူထောင်သည့် အာရှနိုင်ငံ အနည်းငယ်တွင် မြန်မာလည်း ပါဝင်ခဲ့သည်။ တရုတ်နှင့် မြန်မာသည် ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း အဆင့်မြင့် အရာရှိကြီးများ၊ သံတမန်များ အပြန်အလှန် စေလွှတ်မှုများ ပြုလုပ်ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။

တရုတ်-မြန်မာ ပြည်သူများ အပြန်အလှန် ဆက်ဆံမှု မြှင့်တင်ရေး သိသာ ထင်ရှားလာသည့် ကိစ္စကိုလည်း သံအမတ်ကြီး ဦးသိန်းလွင်က အရေးစိုက် ပြောဆိုသည်။

လက်ရှိ နှစ်များအတွင်း တရုတ်သည် မြန်မာ ကျောင်းသားများအတွက် ပညာရေး အခွင့်အလမ်း ရှာရာ နေရာသစ် တစ်ခု ဖြစ်လာသည်ကို တွေ့မြင်ရသည်မှာ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ၎င်းက ဆိုသည်။ ယခင်က မြန်မာ ကျောင်းသားများသည် ပညာရေး အခွင့်အလမ်းများ ရှာရာ၌ စင်ကာပူနှင့် အမေရိကန် ပြည်ထောင်စုတို့ကိုသာ ပထမ ဦးစားပေး ရွေးချယ်ခဲ့ကြသည်။

China Daily သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 1st June 2010

ယခုနှစ်ကုန် ရွေးကောက်ပွဲများ ကျင်းပပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် "အဟောင်း" နှင့် "အသစ်" အဖြစ် ကိုယ်စားပြု ထွက်ပေါ်လာနိုင်သည့် ပါတီ ၂ ခု ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF နှစ်ဖွဲ့လုံးနှင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အီးယူ ကိုယ်စားလှယ် အဖွဲ့တို့ ယမန်နေ့က တွေ့ဆုံခဲ့သည်။

ယခုအခါ ဖျက်သိမ်းထားရသော NLD ပါတီမှ သဘော ကွဲလွဲသူ ပါတီဝင်ဟောင်းများ ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF သည် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် မူလ ပါတီ၏ စည်းမျဉ်းများကို နောက်ကွယ်တွင် သစ္စာဖောက်ခြင်းသာ ဖြစ်သည်ဟု ယခင် အတိုက်အခံ ပါတီဝင်များက ပြစ်တင် စွပ်စွဲခဲ့ကြသည်။

သို့ရာတွင် ယခင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ခဲ့သူ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက "အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ချဉ်းကပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လွှတ်တော်တွင်းမှ ကြိုးစားခြင်းသာ ဖြစ်ကြောင်းနှင့် မိမိတို့ ပါတီသည် အတိုက်အခံနှင့် အစိုးရအကြား ပွင့်လင်းစွာ ဆွေးနွေးရန် နည်းလမ်းရှာမည် ဖြစ်ကြောင်း" ရန်ကုန်သို့ ရောက်ရှိနေသည့် အီးယူ ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့က ပြောကြားခဲ့သည်ဟု သိရှိရသည်။

အခြားတစ်ဖက်တွင် NLD ပါတီက ၎င်း၏ ရွေးကောက်ပွဲ ဆန့်ကျင်သော သဘောထားကို ထပ်ဖန် တလဲလဲ ပြောကြားခဲ့ပြီး ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ပါတီဝင်တွေကို ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပါ လို့ပဲ အဆက်မပြတ် တိုက်တွန်းခဲ့ပါတယ်။ ဘာလုပ်ရမယ်။ ဘယ်သူ့ကို မဲထည့်ရမယ် စသဖြင့် ကျွန်တော်တို့ မပြောခဲ့ပါဘူး" ဟု ပြောကြားသည်။

NDF ရွေးကောက်ပွဲ ဝင်မည့် ကိစ္စကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခင်လက ထုတ်ဖော် ပြောကြားခဲ့သော်လည်း ပါတီ နှစ်ခုကြားတွင် အမြင် မကြည်လင်ကြ ဟု သတင်းများ ထွက်လာခြင်းကို ဦးဥာဏ်ဝင်းက ငြင်းပယ်လိုပုံ ရသည်။ စစ်အုပ်ချုပ်ရေး ခိုင်မြဲစေရန် ရည်ရွယ် လှည့်ဖြားမှုဟု ဆန်းစစ် ဝေဖန်သူများက စွပ်စွဲထားသည့် ရွေးကောက်ပွဲများကို ပါဝင် ယှဉ်ပြိုင်ခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချနေကြသည့် ရွေးကောက်ပွဲများကို တရားဝင်အောင် ပံ့ပိုးပေးရာ ရောက်လိမ့်မည်ဟု NLD က အပြစ်တင်ခဲ့သည်။

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု ပြုလုပ်လာအောင် မြန်မာ အစိုးရအား ဖိအားပေးရန် အီးယူက ကြိုးစားသင့်သည်ဟု NLD က ပြောကြား တုန့်ပြန်နေချိန်တွင် ဦးဥာဏ်ဝင်းကမူ "အီးယူ ကိုယ်စားလှယ် အဖွဲ့ မိမိတို့ အဖွဲ့ကို ထောက်ခံသည်။ ရွေးကောက်ပွဲ မဝင်သည့် မိမိတို့ ဆုံးဖြတ်ချက်ကိုလည်း လေးစားသည်" ဟု ပြောကြားခဲ့သည်။

အောက်တိုဘာ (သို့) နိုဝင်ဘာလ အတွင်း တစ်ချိန်ချိန်ဟု ခန့်မှန်း ပြောဆိုနေကြသော ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို မြန်မာနိုင်ငံသို့ မလာရန် ပိတ်ပင် ထားမည်ဟု မြန်မာ အစိုးရက ကြေညာထားသည်။

"အမျိုးသား ဒီမိုကရေစီ အင်အားစု NDF သည် လွှတ်တော် အတွင်းသို့ ရောက်ရှိရန် မျှော်လင့်ထားပြီး ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အခြေခံ ဥပဒေကို ပြောင်းလဲရန် ကြိုးစားမည် ဖြစ်၍ မြန်မာ အစိုးရကို နယ်စပ်များ ဖွင့်၍ အကဲခတ်များအား ဝင်ခွင့်ပေးအောင် ဖိအားပေးကြပါ" ဟု ဦးခင်မောင်ဆွေက အီးယူ ဝန်ကြီးများကို တောင်းဆိုလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အကြား သံတမန် ဆက်ဆံရေး စတင်သည့် နှစ်ပေါင်း ၆၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် နေပြည်တော် မြို့တော်သို့ လာရောက် လည်ပတ်မှုသည် မြန်မာ-တရုတ် သမိုင်း စာမျက်နှာသစ် တစ်ရပ် ဖွင့်ရန် တရုတ်နိုင်ငံက ကြိုးပမ်းလျက် ရှိသည် ဟူသော အချက်ကို ဖော်ပြနေသည်။

မစ္စတာ ဝမ်ကျားပေါင်၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရှိပြီးသား အပြန်အလှန် ကုန်သွယ်ရေးကို ဆက်လက် မြှင့်တင်ရန် သဘောတူညီမှု စာချုပ်များစွာကို လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ယဲ့တာဘို၏ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြသည်။ ယခုနှစ် ဖေဖော်ဝါရီတွင် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၆၄ သန်းအထိ ရောက်ရှိခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတွင် နှစ်ကာလ ကြာရှည်သော ခင်မင်ရင်းနှီးမှု သမိုင်းရှိပြီး လက်ရှိ ဆယ်စုနှစ်များအတွင်း နိုင်ငံခြား ကျူးကျော်မှုများကို ခုခံ ကာကွယ်ရာ၌ လည်းကောင်း၊ အမျိုးသား လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး တို့အတွက် တိုက်ပွဲ ဝင်ကြရာ၌ လည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ကျောထောက်နောက်ခံ ပြုခဲ့ကြသည်ကို တွေ့ရကြောင်း သံအမတ်ကြီး ယဲ့တာဘိုက ဖြည့်စွက် ပြောကြားသည်။

Beijing Review စာစောင်အတွက် သံအမတ်ကြီး ယဲ့တာဘို ရေးသားသော ဆောင်းပါးတွင် "မြန်မာနိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် တရုတ်နိုင်ငံ၏ မူဝါဒ ဖြစ်သော 'တရုတ် တစ်ပြည်ထောင်တည်း မူဝါဒ (One-China Policy)' ကို မမှိတ်မသုံ ထောက်ခံပြီး ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းချက်များကို ဆန့်ကျင်ခဲ့သည်ကို တွေ့ရကြောင်း" ထည့်သွင်း ဖော်ပြခဲ့သည်။

"ထို့အတူ တရုတ်သည်လည်း မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ နယ်မြေ ပိုင်နက် လုံခြုံရေးနှင့် ဥပဒေ အခွင့်အလမ်းများ တည်တံ့ရေးအတွက် ကြိုးပမ်းမှု မှန်သမျှကို ကျောထောက် နောက်ခံ ပေးရန် အမြဲတစေ အသင့် ရှိနေပါကြောင်း" ၎င်းက ဆောင်းပါးတွင် ဆက်လက် ဖော်ပြသည်။

အထက်ပါ သုံးသပ် ရေးသားချက်သည် မြန်မာ စစ်အစိုးရက သူစိမ်း နိုင်ငံခြားသားများအပေါ် ကြောက်ရွံသည့် စိတ်နေ သဘောထားကို ရောင်ပြန်ဟပ်စေသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံခြားသားများနှင့် နိုင်ငံခြား အဖွဲ့အစည်းများအပေါ် လွန်စွာ ကြောက်လန့်ခဲ့သောကြောင့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပြည်ပ အကူအညီ အထောက်အပံ့များ၊ အကူအညီ ပေးရေး အဖွဲ့အစည်းများကို လုံးဝ လက်သင့်မခံဘဲ ငြင်းပယ်ခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်သော စီနီယာ သံတမန်များကို ရှောင်ရှားခဲ့ပြီး စစ်တပ်အင်အားကို လွန်စွာ ကြီးမားလာအောင် တည်ဆောက်ယူသည်။ မြန်မာနိုင်ငံတွင် တိုင်းတစ်ပါး ရန်သူ မရှိသော်ငြား နှစ်စဉ် ဘတ်ဂျက်ငွေ၏ ၄၀ ရာခိုင်နှုန်းကို စစ်ရေးတွင် အသုံးချနေသည်။ လက်ရှိ အနေအထားအထိ မြန်မာစစ်တပ်တွင် တပ်ဖွဲ့ဝင် အင်အား ငါးသိန်း ရှိသည်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတစ်ခုလုံး အပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု တဖြည်းဖြည်းချင်း ကြီးထွားလာမှုသည် အမေရိကန် ပြည်ထောင်စုကို စိုးရိမ်စိတ်များ ကြီးထွားစေသည်။ တရုတ်ပြည်က ရေငုံ နုတ်ပိတ် နေထိုင်မှုကြောင့် မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေးဆိုင်ရာ ဆက်စပ် လုပ်ကိုင်မှုသစ်များ တိုးပွားမည့် အလားအလာများ ရှိနေကြောင်း အမေရိကန် ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားသည်။

ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ် တည်တံ့ ခိုင်မြဲရေးအတွက် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု အနောက်ကမ္ဘာ နိုင်ငံများက ပြစ်တင် ဝေဖန်မှုများ မည်သို့ပင် ရှိနေသော်ငြား မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲကို ထောက်ခံမည့် သူများကို ရှာဖွေလျက် ရှိသည်။

မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း အတည်ပြု ပြောဆိုပြီးနောက် တရုတ်နိုင်ငံကလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြေညာချက် တစ်ရပ်ကို အကျဉ်းချုံး ထုတ်ပြန်သည်။ "အဆိုပါ ကိစ္စသည် ရွေးကောက်ပွဲ လက်ခံ ကျင်းပသည့် နိုင်ငံပေါ်တွင်သာ တာဝန်အပြည့် ရှိသည်" ဟု တရုတ်က ဆိုသည်။

University of Kent မှ တရုတ်-မြန်မာရေးရာ ကျွမ်းကျင်သူ Pak K Lee ဆိုသူက "အမှန် တကယ်တမ်း ပြောရရင် တရုတ်က ရွေးကောက်ပွဲလွန် ကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ တည်ငြိမ်မှု အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

"လက်ရှိ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ သန်းရွှေနဲ့ မောင်အေး တို့က ရွေးကောက်ပွဲ ပြီးရင် ရာထူးကနေ ဖယ်ပေးဖွယ် ရှိပါတယ်။ ဒါပေမဲ့ လုံးဝ အငြိမ်းစားယူတဲ့ သဘောမျိုးတော့ ဟုတ်မှာ မဟုတ်ပါဘူး၊ အဲဒီအချိန်မှာ တရုတ်က အသစ် တက်လာမယ့် အစိုးရ ခေါင်းဆောင်တွေနဲ့ ပထမဆုံး နားလည်မှု ရယူချင်တယ်။ အဲဒီ အစိုးရအဖွဲ့ရဲ့ မူဝါဒသစ်ကိုလည်း ကောင်းကောင်း နားလည် သဘောပေါက်ချင်တယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပို၍ ဆိုရပါက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် နိုင်ငံတကာက စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများသည် တရုတ်ပြည်ကြောင့် တဖြည်းဖြည်းချင်း လျော့ကျလာသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် နိုင်ငံဖြစ်သလို မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ်ပြင်ထဲမှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူရန်လည်း ကြိုးပမ်းနေသူ ဖြစ်သည်။

Beijing Review စာစောင်တွင် သံအမတ်ကြီး ယဲ့တာဘိုက "ဒီစီမံကိန်းတွေ အားလုံးက မြန်မာ စီးပွားရေးအင်အား ကောင်းမွန်လာအောင် မောင်းနှင်အားတစ်ခု ဖြစ်ရုံသာမက မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ကိုလည်း ဖန်တီးပေးနိုင်သည်။ ဒီစီမံကိန်းတွေကြောင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ထွန်းမှုများ ဖြစ်ပေါ်စေသည်" ဟု ရေးသားသည်။

မည်သို့ပင်ဖြစ်စေ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့များက တရုတ်အနေဖြင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းများကို အမြန်ဆုံး ရပ်ဆိုင်းသင့်ကြောင်း၊ အကြောင်းမှာ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုများကြောင့် ဖြစ်ပေါ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရုတ်တွင် တာဝန်ရှိ၍ ဖြစ်ကြောင်း ဖိအားပေး ပြောဆိုလျက် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 1st June 2010

တရုတ် နှင့် မြန်မာ အကြား ရှုတ်ထွေးသော ဆက်ဆံရေးနှင့် ပတ်သက်သော အချက် ၅ ချက်ကို ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

(၁)     မြန်မာဟု ကမ္ဘာက မသိခင် ၁၉၄၉ ခုနှစ်က BURMA သည် ကွန်မြူနစ် တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို အသိအမှတ်ပြုသော ပထမဆုံး နိုင်ငံများတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း ၁၉၆၀ ခုနှစ်များ၌ ရန်ကုန် (Rangoon) တွင် တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ဆက်ဆံရေး ပျက်ပြားခဲ့သည်။

(၂)     ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ တောင်းဆိုသော ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့ပြီးနောက် မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ချိန်တွင် တရုတ်နိုင်ငံက နေရာ ဝင်ယူခဲ့ပြီး အကူအညီများ၊ လက်နက်များ ထောက်ပံ့ကာ ကုန်သွယ်ရေးကို မြင့်တင်ခဲ့သည်။

          အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်များက ၎င်းတို့၏ မြောက်ဖက် အိမ်နီးချင်း အင်အားကြီး နိုင်ငံအပေါ်တွင် စိုးရွံ့နေဆဲ ဖြစ်သော်လည်း ဘီဂျင်းက မြန်မာ စစ်ဖက် အစိုးရ အတွက် ကြီးမားသော သံတမန်ရေး အကူအညီများဖြင့် အဆက်မပြတ် ပံ့ပိုးခဲ့သည်။

(၃)     တရုတ်သည် မြန်မာတွင် ဒေါ်လာ ၁ ဘီလျံ ကျော်ကျော် ရင်းနှီးမြှုပ်နှံခဲ့ရာ အဓိကအားဖြင့် သတ္တုတူးဖော်ရေး ကဏ္ဍတွင် ဖြစ်ပြီး မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး ပြည်ပ ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာများက ဆိုသည်။ ၂၀၀၈ ခုနှစ်အတွင်း အပြန်အလှန် ကုန်သွယ်ရေးမှာ ၁/၄ ခန့် တိုးတက်ခဲ့ပြီး၊ ဒေါ်လာ ၂.၆၃ ဘီလျံသို့ ရောက်ရှိခဲ့သည်။ တရုတ် ကုမ္ပဏီများသည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် ကြီးကြီးမားမား ပါဝင် ပတ်သက်နေကြသည်။

(၄)     မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအား အိန္ဒိယ သမုဒ္ဒရာသို့ ခြေချခွင့်ကို ပေးခဲ့ရာ ကုန်းတွင်းပိတ် တရုတ် အနောက်တောင်ပိုင်း ပြည်နယ်များ အတွက် ပို့ကုန်လုပ်ငန်းနှင့် ရေနံ၊ ဓာတ်ငွေ့ တင်သွင်းခြင်း သာမကပဲ စစ်ရေး အခြေစိုက် စခန်းများ (သို့) ကြိုတင် နေရာဦးခွင့် အတွက် အလားအလာများပါ ပေါ်ထွက်လာသည်။

          သင်္ဘော ထူထပ်၍ မဟာဗျူဟာမြောက် စိုးရိမ်ရသော မလက္ကာ ရေလက်ကြားကို ဖြတ်သန်း ကွေ့ဝိုက်ရသည့် တရုတ်နိုင်ငံ၏ ရေနံစိမ်း ခရီးရှည်ကို ရေကြောချုံ့ရန် ရည်ရွယ်သည့် ပိုက်လိုင်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် တရုတ်နိုင်ငံပိုင် စွမ်းအင် အုပ်စု CNPC က မြန်မာနိုင်ငံတွင် ရေနံစိမ်း ဆိပ်ကမ်း ဆောက်လုပ်ခြင်းကို အောက်တိုဘာလတွင် စတင်ခဲ့သည်။

(၅)     နှစ်နိုင်ငံ ဆက်ဆံရေးသည် အချိန်နှောင်းမှ ပြိုကွဲမလို ဖြစ်ခဲ့ရသည်။ နှစ်နိုင်ငံ နယ်ခြား မြန်မာဖက်ခြမ်းတွင် ကိုးကန့် သူပန်များနှင့် အစိုးရ တပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် ပြီးခဲ့သော သြဂုတ်လတွင် ဒုက္ခသည်ပေါင်း မြောက်မြားစွာ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြရာ ဘီဂျင်းက အလွန် ဒေါသထွက်ခဲ့သည်။

          ၂၀၀၇ ခုနှစ်တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ တောတွင်းရောက် မြို့တော်သစ် နေပြည်တော် အပေါ် မြှောက်ပင့် ချီးကျူးမှုကို ထုတ်ပြန်ရာတွင် "ဆင်းရဲ နွမ်းပါးသော မြန်မာနိုင်ငံ အနေဖြင့် ၎င်းတို့၏ ဆွေမျိုးပေါက်ဖေါ် တရုတ် မိတ်ဆွေများကိုပင် ဦးစွာ အသိပေးခြင်း မရှိဘဲ ယခုကဲ့သို့ ကုန်ကျစရိတ် ကြီးမားသော ပြောင်းရွှေ့မှုကို ပြုလုပ်ခဲ့ခြင်း အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်" ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 2nd June 2010

တရုတ်-မြန်မာ ချစ်ကြည်ရေး ပြိုကွဲရေး ပြိုကွဲလုနီး အချိန်ကို ကျော်လွန်ခဲ့ပြီး အကောင်းဆုံး အချိန်သို့ ရောက်နေချိန်တွင် "သူတော်ချင်းချင်း သတင်းလွေ့လွေ့'' ပေါင်းဖက်မှု ဟု အများက သတ်မှတ်ထားကြသော မဟာမိတ် ၂ နိုင်ငံ အကြား ဆက်ဆံရေး အရ ယခု အပတ် ရောက်ရှိလာမည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးချုပ်ကို ကြိုဆိုရန် အတွက် မြန်မာအစိုးရက ကော်ဇောနီကို ဖြန့်ခင်းတော့မည် ဖြစ်သည်။

အိမ်နီးချင်း ၂ နိုင်ငံအကြား ဆုတ်ယုတ်သွားခဲ့သော ဆက်ဆံရေးများကို ဆန့်ကျင်သည့် အနေဖြင့် လည်းကောင်း၊ ဆယ်စုနှစ် ၂ စု အတွင်း မြန်မာ့ ပထမဆုံး ရွေးကောက်ပွဲများ မတိုင်ခင် အဖြစ်လည်းကောင်း ပေါ်ထွက်လာသည့် ၂ ရက်ကြာ ခရီးစဉ် အဖြစ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ဦးတည်လိုက်သည်။ ဤသည်မှာ ၁၉၉၄ ခုနှစ် နောက်ပိုင်း တရုတ် ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး မြန်မာခရီးစဉ် ဖြစ်သည်။

အာရှတိုက်၏ စီးပွားရေး မဟာ အင်အားကြီး နိုင်ငံသည် ပေါလောမျောနေသော မြန်မာနိုင်ငံကို ကုန်သွယ်ရေး ဆက်ဆံမှုများ၊ လက်နက် ရောင်းချမှုများဖြင့် တစ်လျှောက်လုံး ကူညီရင်း "ထားခဲ့ပြီး လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ဗီတိုအာဏာ သုံးစွဲခွင့်ကို အလွှဲ သုံးကာ မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ အရေးယူ ဆောင်ရွက်မှုများမှ ကာကွယ်ပေးခဲ့သည်။ တည်ငြိမ်လာသော အိမ်နီးခြင်း နိုင်ငံ၏ ယုံကြည်မှုကို ရရှိသော တရုတ်နိုင်ငံသည် အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံမှ သဘာဝ သယံဇာတများကို ထုတ်ယူခွင့် ရရှိခဲ့သည်။

"ဒါက အမြဲတမ်း ဖြစ်နေတဲ့ "သူတော် အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်မှု'' ပါပဲ" ဟု University of Hong kong မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Lan Holliday က မှတ်ချက် ပေးလိုက်သည်။

မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်များမှာ လုံခြုံရေးကောင်စီ အတွင်းမှ နိုင်ငံတကာ ဆိုင်ရာ ပံ့ပိုး ထောက်ခံမှု အချို့ကို လိုအပ်နေသည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ အတွင်းမှ သဘာဝ သယံဇာတများကို ရယူရန် လိုအပ်နေသည်။ ရေနံနှင့် ဓါတ်ငွေ့များ မြန်မာနိုင်ငံကို ဖြတ်သန်း သယ်ဆောင်ခွင့်ကိုလည်း လိုအပ်နေသည်။ စွမ်းအင် ဆာလောင်နေသည့် တရုတ်နိုင်ငံသည် စစ်ဖက်အစိုးရ ၏ အဓိက မဟာမိတ်နှင့် ကုန်သွယ်ဖက် ဖြစ်သလို အပယ်ခံနိုင်ငံ၏ အတော်အတန် ကြီးမားသည့် သဘာဝ သယံဇာတများကို ထုတ်ယူရန် ဆန္ဒပြင်းပြနေသော ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါသည်။ ပြီးခဲ့သော နိုဝင်ဘာလတွင် တရုတ် ထိပ်တန်း ရေနံ လုပ်ငန်းကြီးက မြန်မာနိုင်ငံကို ဖြတ်သန်းမည့် ပိုက်လိုင်း တည်ဆောက်မှုကို စတင်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်စွန်နယ်ဖျားတွင် စစ်ဖက် အစိုးရ တပ်ဖွဲ့များနှင့် ကိုးကန့် လူမ်ျိုးစု တပ်ဖွဲ့တို့ မနှစ်က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ထောင်ပေါင်းများစွာသော စစ်ပြေး ဒုက္ခသည်များ တရုတ်ပြည်ထဲ ဝင်လာသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး " ကျဲ '' သွားခဲ့သည်။ တရုတ်က မြန်မာနိုင်ငံအပေါ် ရှားရှားပါးပါး အပြစ်တင်မှုကို ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်တွင်း တရုတ်မျိုးနွယ်စုတို့ အဓိကနေထိုင်ရာ ကိုးကန့်ဒေသတွင် ဖြစ်ပွားသော ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.