Transparency Myanmar
transparency.myanmar@gmail.com
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်မှု ကော်မရှင် စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲသည် စက်တက်ဘာလ ၂၂ ရက်နေ့တွင် ဒါကာမြို့၌ ကျင်းပ ပြီးဆုံးသွားကြောင်း သိရသည်။
ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား လယ်ယာမြေ ငှားရမ်းနိုင်မည် မဟုတ်သကဲ့သို့ လျှပ်စစ် ဓာတ်အား စက်ရုံ ပူးပေါင်း ဆောင်ရွက်မှုလည်း လုပ်ဆောင်နိုင်မည် မဟုတ်ဟု မြန်မာ ကိုယ်စားလှယ်များက ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းရင်းမြစ်က ဆိုသည်။
နှစ်ရက်တာ ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များက ယခင် တတိယအကြိမ် ဆွေးနွေးပွဲ၌ ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များကို ပြန်လည် စိစစ်သုံးသပ်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ လယ်ယာမြေဧက ငါးသောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံ လယ်သမားများ ထွက်ယက် စိုက်ပျိုးရန် ငှားရမ်းမည်ဟု ယခင်က နှစ်နိုင်ငံ သဘောတူရှိမှု ရှိထားခြဲ့ပီး မြန်မာနိုင်ငံတွင်း လျှပ်စစ် ဓာတ်အား စက်ရုံတစ်ရုံ အကျိုးတူ ဖက်စပ် လုပ်ကိုင်ရန်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့သည်။
ယခု တစ်ကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၂ ရက်က ဒါကာမြို့ Dhaka Sheraton ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး ဦးအောင်ထွန်း ဦးဆောင်သော အဖွဲ့ဝင် ၂၂ ဦးပါ မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Md Ghulam Hossain က ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။
သတင်းရင်းမြစ်များ အဆိုအရ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ဖြစ်ပေါ်နေသည့် မျိုးစုံသော ပြဿနာများကိုလည်း ဆွေးနွေး ညှိနှိုင်းခဲ့သည်။ နှစ်နိုင်ငံ အကြား Letter of Credit (LC) ငွေပေးချေမှု အပေါ် ကန့်သတ်ချက်များ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အရ ယခင်က အမေရိကန် ဒေါ်လာ နှစ်သောင်းအထိသာ ကန့်သတ်ခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ငါးသောင်းအထိ တိုးမြင့်လာတော့မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် စီးပွားရေး လုပ်ငန်းရှင်များ အတွင်း မြန်မာနိုင်ငံ ဗီဇာသက်တမ်း တိုးမြှင့်ပေးရေး၊ မြန်မာနိုင်ငံ မြို့တော် နေပြည်တော် အပါအဝင် အခြားသော မြို့များသို့ ၎င်းတို့အား သွားရောက် လည်ပတ်ခွင့် ပြုရေးတို့ ပါဝင်သည်။ လက်ရှိ အနေအထားတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် (ပတ်စပို့) ကိုင်ဆောင်သူ စီးပွားရေး သမားများ အနေဖြင့် နယ်စပ်ဒေသမြို့ ဖြစ်သော မောင်းတောမြို့သို့ ၇ ရက် သက်တမ်းရှိ ဗီဇာဖြင့် ဝင်ရောက်နိုင်သည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရေး၊ နယ်စပ် ကုန်သွယ်ရေး အပါအဝင် ဘဏ်လုပ်ငန်းစနစ် အစရှိသော အရေးးကိစ္စများကို ဆွေးနွေးခဲ့ ကြသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံသည် ပူးတွဲ ကုန်သွယ်ရေး ကော်မရှင် (JTC) ဆွေးနွေးပွဲကို နှစ်စဉ် ကျင်းပလေ့ ရှိသည်။
Narinjara.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
VOA News, 24th September 2010
မြန်မာနိုင်ငံတွင် အတိုက်အခံပါတီ NLD ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း အာဏာ မရရှိခဲ့သည့် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ပြန်လည် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများကို စစ်ဖက် အစိုးရက ဆက်လက် ပြုလုပ်လျက် ရှိသည်။ အတိုက်အခံ ပါတီများကို ဖျက်သိမ်းခြင်း၊ နယ်စပ် တိုင်းရင်းသား ဒေသများတွင် မဲပေးခွင့် ပယ်ဖျက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံတစ်ပုံကို စစ်တပ် ကိုယ်စားလှယ်လောင်းများ အတွက် သီးသန့် ကြိုတင် ဖယ်ထားခြင်းများ အပါအ၀င် လာမည့် ရွေးကောက်ပွဲအတွက် ယခု အချိန်အထိ လုပ်ဆောင်မှုများကြောင့် နိုင်ငံတကာ၏ အသိအမှတ် ပြုမှုကို ရရှိလိမ့်မည် မဟုတ်ဟု အများစုက သတ်မှတ်ထားကြသည်။
ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုသော ပါတီ (၃၇) ခု၏ စာရင်းကို နိုင်ငံပိုင် သတင်းစာတွင် NLD ပါတီကို တရားဝင် ဖျက်သိမ်းသည့် သတင်းနှင့် တစ်ရက်တည်း ထုတ်ပြန် ကြေညာခဲ့သည်။ အတည်ပြုချက် ရရှိသော ပါတီများတွင် စစ်ဖက်အစိုးရ လိုလားသော ပါတီများနှင့် စုစည်းထားခြင်း မရှိသော အတိုက်အခံ ဒီမိုကရေစီ ပါတီများ ပါဝင်သည်။ သို့သော်လည်း အစိုးရက လိုလားသော အဓိက ပါတီကြီး ၂ ခုသာ အနိုင် ရရှိမည့် လက္ခဏာ ရှိနေပြီး ယင်းပါတီ တစ်ခုစီသည် ကိုယ်စားလှယ်လောင်း ၁၀၀၀ နီးပါး ပါဝင် ယှဉ်ပြိုင်မှုနှင့်အတူ မဲဆွယ် စည်းရုံးမှုများကိုလည်း နိုင်ငံအနှံ့ လက်တံ ဆန့်နိုင်ကြသော ပါတီများ ဖြစ်သည်။
ထို့အပြင် မြန်မာစစ်တပ်၏ တပ်ရင်း တပ်ဖွဲ့များနှင့် တပ်မိသားစုဝင်များအား အပြင်မှ သာမန် လူထုနှင့် မတူသည့် သီခြားမဲပုံးများ ထားရှိ ပေးဦးမည် ဖြစ်ပြီး ယင်းအစီအစဉ်မှာ အတိုက်ခံ ပါတီများကို ထောက်ခံမည့် အစိုးရ လက်အောက်ခံ တပ်မတော် မိသားစုမျာကို ခြိမ်းခြောက်သည့် လက္ခဏာ ဖြစ်ဖွယ် ရှိသည်။
ပြီးခဲ့သောနှစ်က အမေရိကန် ပြည်ထောင်စုသည် မြန်မာ အစိုးရနှင့် အပြုသဘော ဆောင်သည့် ဒိုင်ယာလော့ တစ်ရပ် ဆွေးနွေးကာ နိုင်ငံရေး နယ်ပယ်ကို တံခါးဖွင့်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ လာရောက် ညှိနှိုင်းခဲ့သည်။ အကြောင်းမှာ စစ်အစိုးရအား နှစ်ပေါင်းများစွာ ပစ်ပယ်ထားခဲ့ခြင်းက မည်သည့် ရလဒ်မှ မရခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တိုင်းရင်းသား အုပ်စုများနှင့် ဆက်ဆံမှု တိုးတက်လာရန်နှင့် အားလုံး ပါဝင်၍ စစ်မှန်သော အမျိုးသားအဆင့် ဒိုင်ယာလော့ကို တွန်းအား ပေးရန်အတွက် မြန်မာအစိုးရကို စည်းရုံးလုပ် ဆောင်သည့် အနေဖြင့် ဆွေးနွေး ညှိနှိုင်းမှုများကို အရေးယူ ဒဏ်ခတ်ထားစဉ် အတွင်း တစ်ပြိုင်နက် လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း အမေရိကန် အစိုးရ၏ ဆွေးနွေး ညှိနှိုင်းရေး ကြိုးပမ်းမှုများ အပေါ် မြန်မာ အစိုးရ၏ တုန့်ပြန်မှုများမှာ များစွာ စိတ်ပျက်စရာ ကောင်းလှသည်။
နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နေသော လုပ်ငန်းများအရ ထင်ရှားနေသည်မှာ စစ်မှန်သော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်မှု မရှိခြင်းပင် ဖြစ်သည်။ ယင်း၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာလည်း အခြေခံ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိပါ။
သို့ရာတွင် စစ်ဖက် အစိုးရနှင့် ဆက်ဆံရသည့် ခက်ခဲသော ရွေးချယ်စရာ နည်းလမ်းများ အနက် တွေ့ဆုံ ညှိနှိုင်းခြင်းသည်သာ  စစ်အစိုးရ၏ အပြုအမူပြောင်းလဲအောင် ပြုပြင် ပြောင်းလဲမှု ပြုလုပ်အောင် တိုက်တွန်း အားပေးနိုင်မည့် ဖြစ်နိုင်ချေ နည်းလမ်း တစ်ခုအဖြစ် အသုံးဝင်နေဆဲ ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲမှ ပလေယာအသစ်များ၊ နိုင်ငံရေး အင်အားသစ်များ ပေါ်ထွက်လာနိုင်မည် ဖြစ်ရာ အမေရိကန် ပြည်ထောင်စု အနေဖြင့် အပြုသဘော ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် အစိုးရသစ် နှင့် တွေ့ဆုံ ညှိနှိုင်းရေးကို ကြိုတင် ပြင်ဆင်ထားရတော့မည် ဖြစ်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
AFP, 24th September 2010
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုမည့် မြန်မာ အစိုးရ၏ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက သောကြာနေ့တွင် ဝေဖန် ကန့်ကွက်လိုက်ပြီး မြန်မာ အစိုးရ အနေဖြင့် ဤသို့ ပြုလုပ်မည့် အစား သူမအား လွှတ်ပေးကာ စစ်မှန်သော ဒိုင်ယာလော့ကို စတင်သင့်သည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာတွင် Burma ဟု လူသိများသော မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည့် သူမ၏ NLD ပါတီကို ဖျက်သိမ်းခဲ့သော်လည်း သူမအား နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်ပြုရန် သဘောတူခဲ့သည်။
အဆိုပါ သဘော တူညီမှုနှင့် ပတ်သက်၍ "ဒါက ပြောပလောက်တဲ့ ကိစ္စ တစ်ခုလို့ ကျွန်တော်တို့ မယူဆပါဘူး" ဟု အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ Mark Toner က ပြောဆိုခဲ့သည်။
"မြန်မာနိုင်ငံက ဖိနှိပ် ချုပ်ချယ်လွန်းတဲ့ နိုင်ငံရေး လောကနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကြီးအကျယ် စိုးရိမ် ပူပန်နေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲများ လွတ်လပ်၊ မျှတမည် မဟုတ်ဟု ပြောကြားခဲ့သော Toner က မြန်မာ အစိုးရအား အမျိုးသား ပြန်လည် ရင်ကြားစေ့ ပေါင်းစည်းရေးကို ဦးတည်သည့် ပထမ အဆင့် အနေဖြင့် တိုင်းရင်းသား အုပ်စု ခေါင်းဆောင်များ အပါအဝင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော နိုင်ငံရေး ဒိုင်ယာလော့ကို စတင် ပြုလုပ်ရန် တိုက်တွန်းလိုက်သည်။
စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် ရည်ရွယ်သည့် အတုအယောင် လှည့်စားမှု တစ်ခုဟု အနောက်နိုင်ငံများ နည်းတူ ယုံကြည်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက လာမည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ထားသည်။
မြန်မာနိုင်ငံ ကိစ္စ အပေါ် စိုးရိမ် ပူပန်မှုများ ရှိနေသော်လည်း သမ္မတ အိုဘားမား အစိုးရက လွန်ခဲ့သည့်နှစ်က စတင်ခဲ့သော စစ်အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးမည့် မူဝါဒကို ဆက်လက် ကျင့်သုံးရန် စီစဉ်လျက် ရှိပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို လွှမ်းမိုး ထိန်းချုပ်ရန် အတွက် ဒိုင်ယာလော့သည်သာ အကောင်းဆုံး နည်းလမ်းဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
The Washington Post, By Glenn Kessler, 24th September 2010
          မြန်မာ စစ်အစိုးရသည် အငြင်းပွားဖွယ် ရွေးကောက်ပွဲများ နိုဝင်ဘာတွင် ကျင်းပပြီးသည့် နောက်တွင် ဒေါ်အောင်ဆန်းစုကြည် အစရှိသော ပုဂ္ဂိုလ်များက အစ ပိုမို ပါဝင်နိုင်မည့် နိုင်ငံရေး စနစ်ကို ခွင့်ပြုရမည် ဖြစ်ကြောင်း ကြာသပတေးနေ့ ညနေက ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောကြားခဲ့သည်။
          ဘန်ကောက်ရှိ ဆန္ဒပြသူများကို နှိမ်နင်းရန် ဧပြီလက အရေးပေါ် အမိန့် ထုတ်ပြန် ခဲ့ရခြင်းနှင့် ပတ်သက်၍လည်း အဘီဆစ်က ကာကွယ် ပြောကြားခဲ့သည်။ ယခုကဲ့သို့ အရေးပေါ် အမိန့် ဆက်လက် ထားရှိခြင်းသည် အာဏာပိုင်များအား တရားဝင် နှိပ်စက် ညှဉ်းပမ်း ခွင့်ပြုထားသည်နှင့် တူကြောင်း Human Rights Watch က ကြာသပတေးနေ့က ကန့်ကွက် ပြောဆိုခဲ့သည်။
          အဘီဆစ်က ပြောကြားရာတွင် Human Rights Watch ၏ စိုးရိမ် ပူပန်မှုများ အတွက် အစိုးရက ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ သို့သော် စိတ်မကောင်းသည့် အချက်မှာ အစိုးရ အပေါ် အန္တရာယ် ရှိနေသည့် ကိစ္စများ အပေါ် အသိအမှတ် မပြုခဲ့ခြင်းကို ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "အရေးပေါ် ဥပဒေဟာ ညှဉ်းပမ်း နှိပ်စက်ဖို့ အတွက် မဟုတ်ဘဲ၊ တည်ငြိမ်မှု ရရှိရေး အတွက် ဆိုတာ သူတို့ သဘော ပေါက်ပါစေလို့ ဆုတောင်းပါတယ်" ဟု ၎င်းက ပြောသည်။ "သာမန် လူတစ်ဦးက ဥပဒေဟာ သူတို့ အတွက် ဘာမှ မထိခိုက်ပါဘူးလို့ ပြောမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ဆိုသည်။
          နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၉၀ ခုနှစ် သူမ၏ ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီး၊ အစိုးရမှ လက်ခံရန် ငြင်းပယ် ပြီးချိန်မှစ၍ နေအိမ် အကျယ်ချုပ် အဖြစ် ထပ်ခါထပ်ခါ ချမှတ်ခံ နေရသည်။ အဘီဆစ်က ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးခံရပြီး၊ သူမ၏ပါတီ၊ တိုင်းရင်းသားများ၊ ဘုန်းတော်ကြီးများ၊ ကျောင်းသားများနှင့် လူ့အခွင့်အရေး အုပ်စုများက ရွေးကောက်ပွဲကို အတုအယောင်သာ ဖြစ်ကြောင်း ကန့်ကွက် ပြောဆိုခဲ့ကြောင်း ဆိုသည်။
"သဘာဝကျကျ စဉ်းစားမယ်ဆိုရင် ရွေးကောက်ပွဲ လုပ်ပေးရုံနဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာ အားလုံးက မျှော်လင့်ပြီးသားပါ" ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်လျက် ရှိသော အသက် ၄၆ နှစ်ရှိ အဘီဆစ်က နယူးယောက်တွင် အင်တာဗျူး တစ်ခု၌ ပြောကြားခဲ့သည်။ "ရွေးကောက်ပွဲကို ပထမ ခြေလှမ်းအဖြစ်နဲ့သာ မှတ်ယူသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ခြေလှမ်းက ကျယ်ကျယ် လှမ်းနိုင်လား ဆိုတာကတော့ ဘယ်လောက် မျှော်လင့်သလဲဆိုတာနဲ့ ရှုဒေါင့် အပေါ်မှာပဲ မူတည်ပါတယ်" ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့ အနေနဲ့ကတော့ အရေးကြီးတဲ့ အချက်ကတော့ သူတို့ ရှေ့ဆက် လှမ်းတာနဲ့အမျှ အားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ် ဖြစ်လာဖို့ရယ်၊ နောက်ထပ် လှမ်းမယ့် ခြေလှမ်းတွေ အတွက် အခြေခံ အုတ်မြစ် ဖြစ်ဖို့ရယ်၊ တိုင်းရင်းသား အုပ်စုများနဲ့ ပြန်လည် ပေါင်းစည်းရေးတွေ လည်း ပါဝင်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီသည် ပြည်သူလူထု၏ ဘဝထဲတွင် ပြန်လည် ပါဝင် လာသင့်သလားဟု သီးခြား မေးမြန်းရာ "အစိုးရ အနေနဲ့ အားလုံး ပါဝင်နိုင်အောင် လမ်းဖွင့် ပေးသင့်ပါတယ်" ဟု အဘီဆစ်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်စပ်ကို ထိစပ်လျက် ရှိသည်။ အဘီဆစ်သည် ၎င်း၏ ရှေ့မှ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ထက် စာလျှင် မြန်မာနိုင်ငံကို အဆိုးမြင်သူ တစ်ဦး ဖြစ်သည်။ အဘီဆစ်သည် ဝန်ကြီးချုပ် ရာထူး ရရှိပြီး ယခုထိ နှစ်နှစ် ကြာသည့်တိုင် အစီအစဉ် ရေးဆွဲ၍ အဆင်မပြေမှုကြောင့် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်နိုင်ခြင်း မရှိသေးပေ။
"တစ်ခုခု ဖြစ်မလာရင်တော့ နောက်လလောက်မှာ သွားသင့်တယ် ထင်တာပဲ" ဟု အဘီဆစ်က ပြောသည်။
မြန်မာနိုင်ငံသည် မတည်ငြိမ်မှုကို ဖြစ်စေကြောင်း၊ တိုင်းရင်းသား ဒုက္ခသည်များ ဝင်ရောက်လာမှုကို ဖြစ်စေကြောင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်မှု ဖြစ်စေကြောင်း၊ နယ်စပ်တွင် မြန်မာ အစိုးရတပ်များ ပိုမို တိုးတက် ချထားမှုများ ရှိကြောင်း အဘီဆစ်က လက်ခံ ယုံကြည် ထားသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် အခြား ရာဇဝတ်မှုများ ဖြစ်စေသော ရွေ့ပြောင်း လုပ်သားများ ဝင်ရောက်မှုကို ယန္တရား အသစ်ဖြင့် ရပ်ဆိုင်းအောင် ကူညီ လုပ်ဆောင်ရန် လိုကြောင်း အဘီဆစ်က ပြောသည်။ ပထမ ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား မည်မျှရှိကြောင်း သိရန် လုပ်နေကြောင်း၊ လက်ရှိ ၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းသော်လည်း၊ စာရင်း ကောက်ယူမှု အသစ်အရ ထိုထက် ပိုနိုင်သည်ဟု ပြသနေကြောင်း ၎င်းက ဆိုသည်။
မော်စကိုက ရုရှားသို့ ပြန်ပို့ရန် တောင်းနေသော အမေရိကန်က ပြစ်ဒဏ် ချမှတ်လိုသော လက်နက် ရောင်းဝယ်သူ အဖြစ် စွပ်စွဲထားသော Viktor Bout ၏ အကိုင်အတွယ်ရ ခက်သော ကိစ္စနှင့် ပတ်သက်၍ အဘီဆစ်က ပြောကြားရာတွင် တရားရုံး လုပ်ငန်းစဉ်များ လုပ်နေဆဲ ဖြစ်ကြောင်း၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ ၎င်းက ချမှတ်ရမည် ဖြစ်ကြောင်း ဆိုသည်။
"ဒီနိုင်ငံ နှစ်ခုစလုံးနဲ့ ပြဿနာ ဖြစ်မယ့် ဆက်ဆံရေးမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး" ဟု သူက ပြုံး၍ ဆိုသည်။ "နှစ်နိုင်ငံ စလုံးဟာ ကျွန်တော်တို့ မပါဘဲ အချင်းချင်း ညှိနှိုင်း ဖြေရှင်းနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်" ဟု အဘီဆစ်က ပြောသည်။
အဘီဆစ်သည် အခြား အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် အတူ သောကြာနေ့တွင် သမ္မတ Obama နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး၊ Obama အစိုးရသည် အရှေ့တောင် အာရှနှင့် ပြန်လည် ဆက်ဆံလိုကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု အဘီဆစ်က ပြောသည်။
"ဒါပေမယ့် လက်ဆုပ်လက်ကိုင် ရလဒ်တစ်ခုခု ရသင့်တယ် ဆိုတဲ့ ဖိအားတွေတော့ ပိုရှိလာတာပေါ့။ ပိုမို ခိုင်မာတဲ့ အဆိုပြုမှုတွေ လိုချင်ပါတယ်။ တိတိပပ ဆိုရရင် အခု ပျောက်ဆုံးနေတဲ့ ကူးသန်း ရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နယ်တွေမှာပေါ့" ဟု အဘီဆစ်က သတိပေးသည်။
လုံခြုံရေးနှင့် ဒေသတွင်းတွင် အမေရိကန်၏ ပါဝင်မှုသည် အရေးကြီးကြောင်း၊ သို့သော် ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုသည် အမေရိကန်နှင့် အရှေ့တောင် အာရှကြား ဆက်ဆံရေးကို အမြန်ဆုံး မြှင့်တင်နိုင်မည့် နည်းလမ်း ဖြစ်သည်ဟု အဘီဆစ်က ပြောကြားခဲ့သည်။ အာဆီယံသည် တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများဖြင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ရှိပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အထက်ပါ သဘော တူညီမှုများ အတွက် ကွန်ဂရက်၏ သဘော တူညီချက်ရရန် နိုင်ငံရေးအရ အခက်အခဲများ ရှိနေသည်ကို နားလည် လက်ခံကြောင်း အဘီဆစ်က ပြောသည်။ သို့သော် ၎င်းက ဖြည့်စွက် ပြောကြားရာတွင် "အနာဂတ်မှာ ကမ္ဘာ့ကြီး အဆင့်တွင် တိုးတက်မှု အတွက် အင်ဂျင်ဟာ ဒီမှာပဲ ရှိပါတယ်" ဟု ဆိုသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
ဆင်ဖြူတော်ဆိုတာ တကယ်တမ်းကျတော့ Albino Elephant သို့မဟုတ် မွေးရာပါ အမွှေး ဖြူဆွတ်ပြီး ပန်းရောင် အရေပြားရှိသော ဆင်သာ ဖြစ်ပါတယ်။ ကွဲပြားတဲ့ မျိုးစိတ်လဲ မဟုတ်ပါဘူး။ ပုံတွေထဲမှာ ဆွဲပြသလို၊ ဒဏ္ဍာရီထဲကလိုမျိုး နှင်းခဲလို ဆွတ်ဆွတ်ဖြူ နေတာမျိုး မဟုတ်ပါဘူး။
သူတို့ရဲ့ အသားအရောင်က နီညိုရောင် အဖျော့သာ ဖြစ်ပါတယ်။ ရေစိုတဲ့ အချိန်မှာ ပန်းရောင်အဖြစ် ပြောင်းလဲ သွားပါတယ်။ (တကယ်တမ်း ပြောရရင် ခရုသင်း ရောဂါလိုမျိုး ဖြစ်နေတဲ့ ဆင်ပေါ့)
သူတို့မှာ သင့်တင့် မျှတတဲ့ မျက်ခမ်းနဲ့ ခြေ၊ လက်တွေ ရှိပါတယ်။ ဆင်ဖြူတော်ဆိုတာ တကယ်တမ်းကျတော့ သာမန် အဖြူရောင်ပါပဲ။ ရှေးမြန်မာဘုရင်တွေက သူတို့ခေတ်သူတို့အခါ သူတို့ ဗဟုသုတနဲ့ ရှိတဲ့ သိပံ္ပပညာအရ နားလည် နိုင်စွမ်းအရ ဒီဆင်တွေဟာ တခြားဆင်တွေနဲ့မတူ တမူထူးခြားလို့ ဆင်ဖြူတော်ဆိုပြီး သတ်မှတ်ခဲ့ကြတာပါ။
ယခု ဗမာလူမျိုးတွေ လက်ဝယ် ထိန်းသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဗမာဘုရင်တွေရဲ့ အမွေဆက်ခံသူအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားသူ) စောင့်ကြည့်နေတဲ့ ဆင်ဖြူတော်လို့ သူတို့ သတ်မှတ်တဲ့ အထဲက တစ်ကောင်က မီးခိုးရောင် ဖြစ်ပြီး နောက်သုံးကောင်က ပန်းနုရောင် ဖြစ်ပါတယ်။ 
"စက်တင်ဘာ (၂၃) ရက်နေ့တွင် နောက်ထပ် ဆင်ဖြူတော် ရတနာတစ်စီး ထပ်မံ တွေ့ရှိသည်" လို့ စက်တင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတွင် ဂုဏ်ယူ ၀င့်ကြွားစွာ ထပ်မံ ရေးသား ဖော်ပြထားပါတယ်။
သို့သော် ဒါတွေ အားလုံးဟာ သာမန် အဖြူရောင်များသာ ဖြစ်ပါတယ်။ (ဗမာဘုရင်တွေ လက်ထက်က ပြောကြ ဆိုကြသလိုမျိုး ဘုန်း/တန်ခိုးနဲ့ ပြည့်စုံတဲ့ဆင် မဟုတ်ပါဘူး။ သာမန်ဆင်ပါ။ သာမန်ဆင်တောင် ပြောလို့ မရပါဘူး။ မွေးရာပါ အရေပြားရောဂါ ဖြစ်နေတဲ့ ဆင်ပါ။)
ယနေ့ ကျွန်တော်တို့ရဲ့ ပေါချာချာ/အာဏာရူး စစ်အစိုးရနဲ့ သူ့ရဲ့ မီဒီယာက ဖော်ပြထားတာကတော့ "ဆင်ဖြူတော် ဟူသည် ဗုဒ္ဓသာသနာ ထွန်းကားရာ အရပ် (ဒါကတော့ မှန်ပါတယ်)၊ သာသနာကို ကိုးကွယ်မြတ်နိုး ဆည်းကပ်သူတို့ ရှိရာအရပ် (သံဃာတော်များကို သေနတ်နဲ့ပဲ ပစ်တာပါ)၊ တိုင်းပြည် အုပ်ချုပ်သူတို့ တရားနှင့် အညီ အုပ်ချုပ်သော အရပ် (အထူးပြောစရာ မလိုဘူးထင်ပါတယ်) တို့၌သာ ပေါ်ထွန်းမြဲ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆင်ဖြူတော်ရတနာများ တိုးပွား ပေါ်ထွန်းလာခြင်းသည် နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဘေးဥပဒ် အန္တရာယ် အသွယ်သွယ်တို့မှ (ဒါကတော့ ကျွန်တော်တို့ တိုင်းပြည် ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါများ လက်က လွှတ်ရင် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပြီး ဘေးအန္တရာယ် ကင်းနေပြီဟာကို) ကင်းစင် ပပျောက်မည့် အတိတ်ကောင်းဖြစ် သကဲ့သို့ ဆန်ရေစပါး၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ပေါများကြွယ်ဝကာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အဘက်ဘက်မှ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်မည့် နိမိတ်ကောင်းလည်းဖြစ်ကြောင်း အစရှိသဖြင့် ရေးသား ဖော်ပြထားပါတယ်။ ဒါကတော့ ထားလိုက်ပါတော့။
ဒါပေမယ့် ဒီရောဂါ ဖြစ်နေတဲ့ ဆင်တစ်ကောင် တွေ့တာကို သတင်းစာ ခေါင်းကြီးပိုင်းမှာ ထည့်တာကတော့ ဦးနှောက်မရှိ အင်မတန် ပေါသွပ်တဲ့ အလုပ် ဖြစ်ပါတယ်။
(မြန်မာလူငယ် ဘလော့မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
မြန်မာ စစ်အစိုးရသည် ရုရှားနိုင်ငံမှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစင်း ၅၀ နှင့် Mi-2 အမျိုးအစား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် ၁၂ စင်း ဝယ်ယူလိုက်ကြောင်း သိရသည်။ Mi-24 စစ်သုံး ရဟတ်ယာဉ်မှာ အလေးချိန် ၁၂ တန် ရှိကာ လူရှစ်ဦး သို့မဟုတ် ကုန်ပစ္စည်း တင်ဆောင်နိုင်သည့် နေရာ ပါဝင်သည်။ Mi-24 သည် ရော့ကက်များ၊ ဒုံးကျည်များနှင့် ဗုံးများလည်း သယ်ဆောင်နိုင်ပြီး လက်ရှိ အနေအထားတွင် နိုင်ငံပေါင်း ၃၀ ကျော်၌ အသုံးပြုလျက် ရှိသည်။ Mi-24 သည် စွမ်းဆောင်ရည် မြင့်မားမှု၊ ယုံကြည် စိတ်ချရမှု တို့ကြောင့် အောင်မြင် ကျော်ကြားသော စစ်သုံး ရဟတ်ယာဉ် အမျိုးအစား ဖြစ်သည်။
Mi-2 ရဟတ်ယာဉ်မှာ ၃ ဒဿမ ၅ တန် အလေးချိန် ရှိပြီး ၁၉၆၀ ပြည့်နှစ်များက ထုတ်ခဲ့သော ရဟတ်ယာဉ် ဒီဇိုင်းမျိုး ဖြစ်သည်။ ယခုအခါ Mi-2 ကို ပိုလန် နိုင်ငံတွင်သာ တပ်ဆင် ထုတ်လုပ်တော့သည်။ ၎င်းသည် လူရှစ်ဦး (ပိုင်းလော့ တစ်ဦး) သို့မဟုတ် ကီလိုဂရမ် ၇၀၀ (ပေါင် ၁၅၀၀) အလေးချိန် ရှိသော ကုန်ပစ္စည်းများကို တင်ဆောင်နိုင်သည်။
ရုရှားသည် ယခုအခါ Mi-24 နှင့် Mi-2 ရဟတ်ယာဉ် နှစ်မျိုး စလုံးကို အစားထိုး ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် နှစ်မျိုးစလုံးမှာ ယုံကြည် စိတ်ချရခြင်း၊ အသုံးဝင်ခြင်းနှင့် ဈေးနှုန်း ချိုသာခြင်း တို့ကြောင့် စစ်လက်နက် ဈေးကွက်တွင် အောင်မြင်လျက် ရှိရာ အစားထိုး ထုတ်လုပ်မည် ဆိုပါက ခက်ခဲလိမ့်မည် ဖြစ်သည်။
မြန်မာ နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် အဆိုပါ ရဟတ်ယာဉ်များ ထပ်မံ ဝယ်ယူလိုသည်။ သတင်းများအရ မြန်မာနိုင်ငံတွင် Mi-24 နှင့် Mi-2 အမျိုးအစား ရဟတ်ယာဉ်မျိုးများ ဒါဇင်နှင့် ချီ၍ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
Burma Delight မှ သတင်းကို ဘာသာ ပြန်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
ဂျနီဗာမြို့တွင် ယခု ရက်သတ္တပတ် အတွင်း ကျင်းပသွားသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHRC) ဆွေးနွေးပွဲ၌ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို ထုတ်ဖော်ခဲ့ကြသည်။ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဦးမောင်လွင်မှာ အဆိုပါ ဆွေးနွေးပွဲ၌ အီးယူ၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် နော်ဝေ နိုင်ငံတို့၏ မြန်မာ နိုင်ငံအပေါ် ပြစ်တင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဆွေးနွေးပွဲ၌ နိုဝင်ဘာလတွင် ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ၊ စစ်ရာဇဝတ်မှု များအတွက် ကုလသမဂ္ဂ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ ဝင်ရောက်ရေး အစရှိသည် တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး နိုင်ငံရေး ဖြစ်စဉ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံက လွန်စွာ စိုးရိမ် ပူပန်လျက် ရှိသည်ဟု ယင်းဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော နိုင်ငံရေး သမားများကို အကျဉ်းချထားခြင်း၊ ရွေးကောက်ပွဲ ကာလတွင် နိုင်ငံရေး လုပ်ကိုင် ဆောင်ရွက်နိုင်သည့် ရုံးခန်းများ ဖွင့်လှစ်ခွင့် မရရှိခြင်း အစရှိသော အခြေအနေများသည် ဝမ်းနည်းဖွယ် ကောင်းသော ကိစ္စပင် ဖြစ်သည်" ဟု ဆိုသည်။
နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက် ရှိသည်ဟု ထုတ်ဖော် ပြောဆိုလိုက်ပြီး အမေရိကန် ပြည်ထောင်စုက မြန်မာပြည်တွင်း နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ လွန်လွန်ကျူးကျူး လုပ်ကိုင်နေမှုများကို စုံစမ်း စစ်ဆေးနိုင်မည့် နိုင်ငံတကာ ကော်မရှင် တစ်ရပ် ဖွဲ့စည်းရေးအတွက် တိုက်တွန်း ပြောဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အရပ်ရပ်မှာ လူ့အခွင့်အရေး ကောင်စီ၏ အာရုံစိုက် လုပ်ကိုင် ဆောင်ရွက်မှု ဖြစ်သည် ဟူသော ကိစ္စကို ဆွေးနွေးခဲ့ကြရာ၌ မြန်မာ့ အရေးသည် ငြင်းခုံဖွယ် အကြောင်းအရာ တစ်ခုအဖြစ် ပေါ်ထွက်ခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ် အချို့က ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေသော အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင်ဝေဖန်ခဲ့ပြီး အခြားသော ကိုယ်စားလှယ်များက ယခုကဲ့သို့သော လုပ်ဆောင်မှုများသည် တန်ပြန် အကျိုးသက်ရောက်မှု တစ်ရပ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကြောင်း လူ့အခွင့်အရေး ကောင်စီ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြစ်တင် ဝေဖန်မှုများကို ဦးမောင်လွင်က ယခုကဲ့သို့ တုံ့ပြန်လိုက်သည်။
မြန်မာ စစ်အစိုးရက လူ့အခွင့်အရေးနှင့် ဆက်နွယ်နေသည့် အရေးကိစ္စများကို ဖြေရှင်းရာတွင် ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းကို အသုံးပြုသင့်သည်ဟု တိုက်တွန်းထားကြောင်း ၎င်းက ဆိုသည်။ နိုင်ငံရေး ဇာတ်သွင်းခြင်း၊ ပုဂ္ဂိုလ်ရေး ဘက်လိုက်ခြင်း အစရှိသည်တို့ မပြုလုပ်ပါမှ ဖြေရှင်းနိုင်မည်ဟု ဆိုလိုရင်း ဖြစ်သည်။
ဘယ်လ်ဂျီယမ်၊ နော်ဝေ၊ ဗြိတိန်၊ ဒိန်းမတ် နှင့် အခြားသော နိုင်ငံများက နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲအပေါ် ပြစ်တင် ဝေဖန်ပြီးနောက် ဦးမောင်လွင်က ယခုကဲ့သို့ ထပ်မံ ပြောဆိုသည်။
"မြန်မာစစ်အစိုးရဟာ ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ် ထွက်ပေါ်လာအောင် ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပန်းတိုင်ကို မြန်မာ ပြည်သူတွေပဲ အဆုံးအဖြတ် ပေးသင့်ပါတယ်" ဟု ဆိုသည်။
"လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအပေါ် အပြင်ကနေ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်လိုတဲ့ ဆန္ဒနဲ့ ကြိုတင် သုံးသပ်ချက် ပေးတာတို့၊ အကဲဖြတ်တာတို့ လုပ်တာဟာ မျှတမှု မရှိပါဘူး" ဟုလည်း ဆက်လက် ပြောကြားသည်။
နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန် သုံးသပ်သူများ အကြား အငြင်းပွားစရာများ ဖြစ်ပေါ်နေသည်။ အဓိက အကြောင်းရင်းမှာ နိုင်ငံတကာမှ လေ့လာ အကဲခတ်သူများကို ဝင်ရောက်ခွင့် မပြုခြင်း၊ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ ရေးဆွဲခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အတိုင်း ကျင်းပခြင်း တို့ကြောင့် ဖြစ်သည်။ ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ်လာမည့် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်ဘက်က ရယူမည် ဖြစ်သည်။ ယင်းအချက်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွင် အနှောင့်အယှက် တစ်ခု ဖြစ်မည်ဟု ဝေဖန် ပြောဆိုလျက် ရှိသည်။
Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
Reuters, By Fredrik Dahl, 23rd Sept 2010
မြန်မာနိုင်ငံသည် ၎င်း၏ နျူကလီယာ ရည်မှန်းချက်များမှာ ငြိမ်းချမ်းရေး ဦးတည်ချက်များသာ ရှိပြီး၊ နျူကလီယာဗုံး ပြုလုပ်ရန် ကြိုးစားနေကြောင်း စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း ကြာသပတေးနေ့က ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့သို့ ပြောကြားခဲ့သည်။
နော်ဝေး အခြေစိုက် ပြင်ပရောက် အုပ်စုတစ်စုမှ ဇွန်လက ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် လှ်ျို့ဝှက် အစီအစဉ်များ ရှိကြောင်း ဆိုသည်။ အဆိုပါ သတင်းမှာ မြန်မာနိုင်ငံမှ ထွက်ပြေးသူ တစ်ဦး၏ အလားတူ စွပ်စွဲချက်များ၏ နောက်ဆက်တွဲ ဖြစ်သည်။
နိုင်ငံတကာ အက်တမ်မစ် စွမ်းအင် အေဂျင်စီ (IAEA) က ပြောကြားရာတွင် ၎င်းအနေဖြင့် အစီရင်ခံစာအား ကြည့်ရှုခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် နျူကလီယာ မပြန့်ပွားရေး စာချုပ် အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် နည်းတူ  ဗီယင်နာ အခြေစိုက် ကုလသမဂ္ဂ အေဂျင်စီ ဖြစ်သော IAEA ၏ အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်သည်။ IAEA သည် ယခု ၎င်း၏ (၁၅၁) နိုင်ငံ နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပလျက် ရှိသည်။
"မြန်မာနိုင်ငံဟာ နျူကလီယာ လက်နက် အစီအစဉ်များအတွက် ကြိုးပမ်းနေကြောင်း အခြေအမြစ် မရှိသော စွပ်စွဲချက်များကို နိုင်ငံတကာ မီဒီယာတွေမှာ တွေ့နေရပါတယ်'' ဟု မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးတင်ဝင်းက IAEA  အထွေထွေ ကွန်ဖရင့်တွင် မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားသွားသည်။
"ကျွန်တော် ထပ်လောင်း ပြောကြားလိုတာကတော့ မြန်မာနိုင်ငံရဲ့ နျူကလီယာ သိပ္ပံနဲ့ နည်းပညာတွေဟာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ နျူကလီယာ လက်နက် ပြန့်ပွားရေးနဲ့ ထုတ်လုပ်ရေးကို ဘယ်တော့မှ ပတ်သက်မှာ မဟုတ်ဘူး ဆိုတာပါပဲ'' ဟု မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။
ပြည်ပရောက်များက စစ်အစိုးရအား စွပ်စွဲချက်
ပြီးခဲ့သည့် ဇွန်လက ပြည်ပရောက် အစိုးရ ဆန့်ကျင်ရေး အုပ်စုတစ်စုက ပြောကြားရာတွင် ၎င်းတို့၏ စုံစမ်း စစ်ဆေးချက်များအရ မြန်မာ စစ်အစိုးရသည် နျူကလီယာ လက်နက် အစီအစဉ်များကို လျှို့ဝှက်စွာ လုပ်ဆောင်နေသည်ဟု ညွှန်ပြနေကြောင်း ဆိုသည်။
နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ၎င်း၏ ငါးနှစ်တာ စုံစမ်း စစ်ဆေးချက်များအရ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလှမ်းဝေး နေသေးသော်လည်း နျူကလီယာ နည်းပညာ လေ့လာ သင်ယူမှု အပိုင်းတွင် အတော်အတန် ခရီး ရောက်ခဲ့ပြီ ဖြစ်ကြောင်း ကောက်ချက် ဆွဲထားသည်။
အကယ်၍ အဆိုပါ ကောက်ချက်သာ မှန်ကန်ခဲ့ပါက မြန်မာနိုင်ငံသည် နျူကလီယာ ရည်မှန်းချက် ရှိသော ပထမဦးဆုံး အရှေ့တောင် အာရှ နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် အမေရိကန်၏ မဟာမိတ်များ ဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော လျင်မြန်စွာ တိုးတက်နေသော ဒေသတွင်း မဟာဗျူဟာ အခင်းအကျင်းကို ပြောင်းလဲပစ်ရမည် ဖြစ်သည်။
DVB ၏ အစီရင်ခံစာသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော စစ်တပ် အင်ဂျင်နီယာ စိုင်းသိန်းဝင်း၏ အထောက်အထားများကို အမေရိကန် နျူကလီယာ သိပ္ပံပညာရှင်က အကဲဖြတ်ချက် အပေါ် အခြေခံ ဖော်ပြထားခြင်း ဖြစ်သည်။
စိုင်းသိန်းဝင်း၏ ပြောကြားချက်တွင် ၎င်းသည် လူအမြောက်အများ သေစေနိုင်စေ လက်နက် ထုတ်လုပ်သည့် စက်ရုံ ဆောက်လုပ်ရေးတွင်  လုပ်ကိုင်ခဲ့ပြီး ထွက်ပြေးလာသူ ဖြစ်ကြောင်း ပါဝင်သည်။
ပြီးခဲ့သည့်နှစ်က ဝါရှင်တန်သည် အချိန် အတန်ကြာ အေးစက်နေသော ဆက်ဆံရေးကို တိုးတက်ရေးအတွက် အသစ်တဖန် ဆက်ဆံရေး စတင်ရန် အဆိုပြုခဲ့သည်။ သို့သော် အမေရိကန် အစိုးရ တာဝန်ရှိသူများသည် စစ်အစိုးရ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အပါအဝင် အဓိက အချက်များ ပြုလုပ်ရန် ငြင်းဆန်ခြင်း၊ မြန်မာနိုင်ငံ၏ နျူကလီယာ ရပ်တည်ချက်အပေါ် စိုးရိမ်မှု တိုးပွားလာရခြင်းတို့ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးသို့ ပြောကြားရာတွင် မြန်မာနိုင်ငံသည် ရုရှားထံမှ နျူကလီယာ ပညာများ လေ့လာခဲ့ကြောင်း၊ သို့သော် ပြည်သူများ အတွက် အရပ်သုံး နျူကလီယာ စွမ်းအင်အတွက်သာ ဖြစ်ကြောင်း ဆိုခဲ့သည်။
ဆင်းရဲပြီး အထီးကျန် မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက အရေးယူမှုများ ပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုခန့် ရှိပြီဖြစ်သည်။ လေ့လာသူများက ပြောကြားရာတွင် အကယ်၍ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် တပ်ဆင်ခဲ့ပါက ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို ဖြစ်စေမည် ဖြစ်ကြောင်း ပြောခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြီးခဲ့သည့်နှစ် ထိုင်းနိုင်ငံတွင် ပြုလုပ်သော လုံခြုံရေး ဆိုင်ရာ ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံသည် နျူကလီယာ မပြန့််ပွားရေး စာချုပ်ကို ကျောခိုင်းပြီး၊ နျူကလီယာ စမ်းသပ်မှု နှစ်ခု ပြုလုပ်ခဲ့သော မြောက်ကိုးရီးယားထံမှ နျူကလီယာ နည်းပညာများ လွှဲပြောင်းမှုအတွက် ဖြစ်နိုင်ခြေကို သူမအနေဖြင့် စိုးရိမ် ပူပန်မိကြောင်း ပြောခဲ့သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
The Nation, 24th September 2010
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား အုပ်စုများကို မပါဝင်စေခြင်းသည် ထိုင်းနယ်စပ်ရှိ လက်နက်ကိုင် သူပုန်များ အုပ်စုဖွဲ့၍ စစ်တပ် နောက်ခံပြုသော အစိုးရသစ်အား တိုက်ခိုက်ရန် ဖြစ်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်။
"ရွေးကောက်ပွဲဟာ ကျွန်တော်တို့အတွက် ဘာမှ အကျိုးမရှိဘူး ဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် သူတို့ကို ပြန်တိုက်ဖို့ ကျွန်တော်တို့ ညီညွတ်ကြရပါလိမ့်မယ်" ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) စစ်ဦးစီးချုပ် Bee Htoo က ပြောကြားခဲ့သည်။
"ရွေးကောက်ပွဲဟာ ဘာမှ ပြောင်းလဲပေးမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲအပြီး မကြာခင်မှာ စစ်တပ်က ကျွန်တော်တို့ကို တိုက်ခိုက်လာမယ်လို့ မျှော်လင့်ရတယ်" ဟု ယင်းက ပြောသည်။
ရွေးကောက် တင်မြှောက်ခံရသော အစိုးရသည် ယင်းသည် ဒီမိုကရက်တစ် အစိုးရတစ်ခု ဖြစ်ကြောင်း ပြောလိမ့်မည် ဖြစ်သော်လည်း တိုင်းရင်းသားများကို ဖိနှိပ်မှုများမှာ ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း ယင်းကပင် ပြောသည်။
KNPP သည် ထိုင်း-မြန်မာ နယ်စပ်ရှိ သူပုန် အုပ်စုသုံးခုအနက် တစ်ခုဖြစ်ပြီး၊ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် လက်နက်ကိုင် တော်လှန်မှု ဆက်လုပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အခြား သူပုန်အဖွဲ့ နှစ်ခုမှာ Karen National Union (KNU) နှင့် Shan State Army (SSA) တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် အပတ်က မြန်မာ အာဏာပိုင်များက ကြေညာခဲ့ရာတွင် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ (၃၀၀) ခန့်သည် ရွေးချယ် တင်မြှောက်ရန် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်သဖြင့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲတွင် ချန်လှပ်ထားခဲ့မည်ဟု ဆိုသည်။
KNPP သည် အစောပိုင်း ကတည်းက စစ်တပ်က ကမကထ ပြုလုပ်သော အခြေခံဥပဒေအား ကန့်ကွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်မည် မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်ကြောင်း Bee Htoo က ပြောသည်။
"အခြေခံ ဥပဒေက တိုင်းပြည်ရဲ့ အာဏာ တော်တော်များများကို စစ်တပ် လက်ထဲမှာ ပေးထားပါတယ်။ ဒါကြောင့် ဒီအခြေခံ ဥပဒေအရ လုပ်တဲ့ ရွေးကောက်ပွဲဟာ သုံးရလိမ့်မယ် မထင်ဘူး" ဟု မကြာသေးမီက လက်ရွေးစင် ထိုင်း သတင်းစာဆရာများနှင့် ရှားရှားပါးပါး အင်တာဗျူးတွင် Bee Htoo က ပြောကြားခဲ့သည်။
စစ်အစိုးရသည် ယင်း၏ နိုင်ငံရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လူမျိုးစုများအား ပါဝင်စေရန် ရိုးသားသည့် ရည်မှန်းချက် မရှိပေ။ ၂၀၀၈ အခြေခံ ဥပဒေတွင် တိုင်းရင်းသားများ၏ အမြင်ကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိကြောင်း ယင်းက ပြောသည်။
"ဒီတော့ ဒီနိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ၀င်ပါဖို့ ဆိုတာ ထပ်ပြီး မဖြစ်နိုင်ပါဘူး။ ဒီတော့ ရွေးစရာ လမ်းကတော့ လက်နက်ကိုင် တော်လှန်ရေး ဆက်လုပ်ဖို့ပါပဲ" ဟု ယင်းက ဆိုသည်။
ကရင်နီသည် KNU နှင့် SSA အပါအ၀င် အခြား လက်နက်ကိုင် အုပ်စုများနှင့် ညှိနှိုင်းလျက် ရှိသည်။
"ကျွန်တော်တို့ဟာ နိုင်ငံရေး အရရော စစ်ရေးအရပါ နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်လျက် ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် SSA ခေါင်းဆောင်တွေနဲ့ ဒီနှစ်အတွင်း ၃ ကြိမ် တွေ့ပြီးပါပြီ။ KNU နဲ့လည်း ပူးပေါင်း ဖလှယ်ရေး ကော်မတီ ရှိပါတယ်" ဟု Bee Htoo က ပြောသည်။
"ကျွန်တော် ထင်ပါတယ်။ အခြား နည်းလမ်း မရှိပါဘူး။ လက်ချင်းတွဲပြီး ညီညွတ်စွာနဲ့ အတူ တိုက်ပွဲ ၀င်ကြဖို့ပဲ ရှိပါတယ်။ အုပ်စု အားလုံး အနေနဲ့ ကျွန်တော်တို့မှာ ဘုံရန်သူ ရှိတယ်ဆိုတာ သိထား သင့်ပါတယ်" ဟု ယင်းက ရှင်းပြသည်။
KNPP သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် ၁၉၅၇ မှ စ၍ တိုက်ပွဲ ၀င်ခဲ့သည်။ Bee Htoo သည် KNPP ပါတီ၏ စစ်တပ်ကို ကွပ်ကဲပြီး ယင်း၏ ကရင်နီ စစ်တပ်သည် ၁၉၈၃ မှစ၍ အင်အား (၁၀၀၀) ခန့် ရှိသော တပ်ဖွဲ့တစ်ခု ဖြစ်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
BBC News, 23rd September 2010
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ စစ်သားများသည် ရိက္ခာဝေစု နည်းပါးခြင်း၊ လစာ မလုံလောက်ခြင်းကို ဆန္ဒပြသည့် အနေဖြင့် ပုံမှန်တာဝန်များ ထမ်းဆောင်ရန် ငြင်းဆန်နေကြသည်ဟု မြန်မာနိုင်ငံမှ ရရှိသော သတင်းများက ဆိုသည်။
BBC မှ ပြုလုပ်သော အင်တာဗျူးများတွင် နယ်မြေခံတပ်များမှ စစ်သားများက ယင်းတို့၏ ရိက္ခာများ ဖြတ်တောက်ခံရသည်မှာ သီတင်းပတ်ပေါင်း များစွာရှိပြီဟု ပြောကြားခဲ့သည်။ တပ်ရင်း ရန်ပုံငွေအဖြစ် စုဆောင်းထားသော ယင်းတို့၏ စုငွေများကိုလည်း တပ်ရင်းမှူးများက ထုတ်ယူခွင့် ပိတ်ပင်ထားသည်ဟု ယင်းတို့က ဆိုသည်။
ယခု ကိစ္စများမှာ နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲများ မကျင်းပမီ တစ်လကျော် အလိုတွင်  ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ BBC မြန်မာနိုင်ငံ အစီအစဉ်က နိုင်ငံတစ်ဝှမ်း နယ်မြေခံ တပ်ရင်းများမှ စစ်သားများနှင့် တစ်ဦးချင်း အင်တာဗျူးများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်များမှာ ရွေးကောက်ပွဲ မတိုင်မီ တပ်မတော်အတွင်း မကျေနပ်မှုများ နက်ရှိုင်းလာသည့် လက္ခဏာပင် ဖြစ်သည်ဟု BBC World Service ၏ အာရှ-ပစိဖိတ် အယ်ဒီတာ Viv Marsh က ပြောကြားသည်။
ကုန်ဈေးနှုန်းများ ကြီးမြင့်နေပြီး စုဆောင်းငွေများ ထုတ်မရအောင် တပ်ရင်းမှူးများက ပိတ်ပင် ထားချိန်တွင် အစားအစာ ရိက္ခာများ ဖြတ်တောက်ခံရခြင်း ဖြစ်သည်ဟု စစ်သားများက ပြောကြားသည်။
"အရင်ရနေကျ ရိက္ခာရဲ့ သုံးပုံ တစ်ပုံလောက်ပဲ ရတော့တယ်။ ကျွန်တော်တို့ရဲ့ လစာက မိသားစုတွေကို ထောက်ပံ့ဖို့ မလုံလောက်ပါဘူး" ဟု ရန်ကုန်နှင့် ၂၄ မိုင်ခန့် ဝေးသော နေရာရှိ အမှတ် ၇၀၁ ခြေလျင်တပ်ရင်းမှ စစ်သည် တစ်ဦးက ဆိုသည်။
"ကလေးတွေရဲ့ ကျောင်းစရိတ်ပေးဖို့ အခက်အခဲ ရှိလာတော့ အိမ်ရှင်မတွေက မကျေနပ်တော့ဘူး။ ဒါကြောင့် ရိက္ခာ လုံလောက်အောင် ပေးဖို့၊ စုဆောင်းငွေတွေ ပြန်ထုတ်ပေးဖို့ အရာရှိတွေဆီ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ စုဆောင်းငွေတွေ ပြန်မရဘူး ဆိုရင် အပြင်က ပြည်သူတွေနဲ့ ပူးပေါင်းမယ်။ ဆန္ဒပြမယ်" ဟု ယင်းက ရင်ဖွင့်သည်။
စစ်သားများက သူတို့၏ ပုံမှန် လေ့ကျင့်ခန်းများနှင့် ကင်းစောင့် တာဝန်များ ထမ်းဆောင်ရန် ငြင်းဆန်နေကြသည်ဟု ပြောကြားသည်။
နယ်စပ်ဒေသရှိ ရှေ့တန်း တပ်ဖွဲ့များမှာမူ ရိက္ခာ အပြည့်အ၀ ရရှိနေသေးသည်ဟု ကြားသိရကြောင်း ယင်းတို့က ဆက်လက် ပြောသည်။
မြန်မာ အာဏာပိုင်များကမူ တပ်မတော်အတွင်း မငြိမ်သက်မှုများ မရှိဟု ယခင် အပတ်က ငြင်းဆိုခဲ့သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.