Transparency Myanmar

transparency.myanmar@gmail.com

BBC News, 24th December 2010

လာအို နိုင်ငံတွင် ဘူဆုန်း ဘူဖာဘန် ရုတ်တရက် နုတ်ထွက်သွားပြီးနောက် ဝန်ကြီးချုပ် အသစ် တစ်ယောက် ထပ်မံ တင်မြှောက်လိုက်သည်ဟု ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ရာထူးကို ၄ နှစ်ကျော်ခန့် ရယူထားခဲ့သော အသက် ၅၆ နှစ် အရွယ်ရှိ ဘူဆုန်းကို ကွန်မြူနစ် ကြီးစိုးသော အမျိုးသား လွှတ်တော်က သောင်ဆင်း သာမာဗွန်ဖြင့် အစား ထိုးခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဘူဆုန်းက မိသားစု ကိစ္စများကို အကြောင်းပြ ခဲ့သော်လည်း လေ့လာ ဆန်းစစ်သူများကမူ ၎င်းနုတ်ထွက်ရခြင်း၏ အကြောင်းရင်းသည် ပါတီတွင်း အုပ်စုကွဲများ ပြန်လည် ညှိနှိုင်းမှု၏ ရလဒ်ဖြစ်ရန် များသည်ဟု ပြောကြားသည်။

လာအိုသည် လာမည့်နှစ် အစောပိုင်း၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော နိုင်ငံ ဖြစ်သည်။

အစိုးရ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက မစ္စတာ ဘူဆုန်းသည် လာအို ပြည်သူ့ တော်လှန်ရေး ပါတီ၏ ဗဟို ကော်မတီဝင် အဖြစ် ဆက်လက် ရှိနေမည်ဟု ပြောကြားခဲ့သည်။ ၎င်းပါတီသည် အာဏာကို လက်ဝါးကြီး အုပ်လု နီးပါး ချုပ်ကိုင်ထားသည့် ပါတီ ဖြစ်သည်။

စီးပွားရေး မဟာဗျူဟာ

ယခု ဝန်ကြီးချုပ်သစ်ကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၀၁ ဦးက တခဲနက် သဘောတူ အတည်ပြု ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံ ကြီးမားသော်လည်း လူဦးရေ နည်းပါးပြီး ဗီယက်နမ်၊ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်မြေချင်း ထိစပ်နေသော ကုန်းတွင်းပိတ် နိုင်ငံ တစ်ခု ဖြစ်သည့် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများကို ဂရုတစိုက် စီစဉ် ဖန်တီးလျက် ရှိသည်။

"လက်ဖက်ညွန့်တွေကို ရွေးခူးသလိုမျိုး၊ ပါတီတွင်း အုပ်စုကွဲ အလိုင်းမင့် ပြောင်းသွားတာမျိုးပါ။ ပေါလစ် ဗျူရိုထဲမှာ အာဏာ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားတာပေါ့" ဟု သြစတြေးလျ နိုင်ငံ မဲလ်ဘုန်း Deakin University မှ School of International and Political Studies ၏ နာယက ပါမောက္ခ Damien Kinqsbury က ပြောကြားသည်။

"ပွင့်လင်း မြင်သာမှု မရှိတာကတော့ အသေအချာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ခါ ဖြစ်လာတတ်ပါတယ်" ဟု ၎င်းက BBC သို့ ပြောကြားသည်။

၎င်းက ဆက်လက်၍ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ၏ ရလဒ်အဖြစ် မူဝါဒပိုင်း အပြောင်းအလဲ ဖြစ်လာမည့် အလားအလာ မရှိပဲ တိုင်းပြည်တွင်း တရုတ် လွှမ်းမိုးမှု ကြီးထွားခြင်း ဆက်လက် ဖြစ်ပေါ်နေမည့် အလားအလာ ရှိသည်ဟု ပြောကြားခဲ့သည်။

အာရှတိုက်၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်သော လာအို နိုင်ငံသည် ပြည်ပ အလှူရှင်များ အပေါ် ကြီးမားစွာ မှီခိုနေရသည်။

ဗီယက်နမ်နှင့် နိုင်ငံရေးအရ ရင်းရင်းနှီးနှီး ကြာမြင့်စွာ ဆက်ဆံခဲ့သည့် လာအို နိုင်ငံ တဝှမ်းတွင် တရုတ်နိုင်ငံက ကြီးမားစွာ ရင်းနှီး မြှုပ်နှံလျက် ရှိပြီး၊ လမ်းများ ဖောက်လုပ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် စက်မှုဇုံများ တည်ဆောက်ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

ထို့အပြသ် တရုတ်မှ လာအိုသို့ မြန်နှုန်းမြင့် ရထား ပြေးဆွဲရန် စီစဉ်ထားသည် ဟုလည်း သိရှိရသည်။

၂၀၂၀ နောက်ဆုံး ထား၍ တိုင်းပြည်အား ဖွံ့ဖြိုးမှု နိမ့်ကျခြင်းမှ ကယ်တင်ရန် အတွက် ၂၀၁၅ အထိ နှစ်စဉ် စီးပွားရေး ကြီးထွားမှု အနည်းဆုံး ၈% ရရှိ အောင်မြင်နိုင်ရမည်ဟု ယခင် လာအို ဝန်ကြီးချုပ်က ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

ကြီးမားသော ပြည်ပ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများက ယခု ဖွံ့ဖြိုးရေး မဟာ ဗျူဟာ၏ အခြေခံကို ဖွဲ့စည်းပေးခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

          NGO အဖွဲ့အစည်းများ ဘက်က လာအို နိုင်ငံအား ပြည်ပ လုပ်သားများ တင်သွင်းခြင်းကို ကန့်ကွက်ခဲ့ကြပြီး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု စီးပွား ဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုးများ သက်ရောက် လာမည့် အလားအလာကို သတိပေးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်စပ် ဖြတ်ကျော် အကြမ်းဖက် လှုပ်ရှားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခို ကူးမှုများကို အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း တိုက်ဖျက် သွားမည် ဖြစ်ကြောင်း အရာရှိကြီးများက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ ပူးပေါင်းပြီး နယ်စပ်ဒေသ လုံခြုံရေး မြှင့်တင်ရန် နှင့် နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှု ဆိုင်ရာ သတင်း အချက် အလက်များ မျှဝေရန် သဘော တူညီမှု ရရှိခဲ့ကြောင်း မီဇိုရမ် ပြည်နယ် အုပ်ချုပ်ရေး ဌာနက ဆိုသည်။

အိန္ဒိယ ဗဟိုအစိုးရနှင့် မြန်မာ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို မီဇိုရမ် ပြည်နယ်၊ Champhai မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များ မြန်မာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်ရန် မြန်မာ အာဏာပိုင်များက သဘော တူညီခဲ့သည်။ မြန်မာ စစ်တပ်မှ နယ်မြေခံ တပ်ရင်းမှူးထံမှ ခွင့်ပြုချက် ရရှိပြီးနောက် မြန်မာ အာဏာပိုင်များက ယင်းသို့ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် အိန္ဒိယ ကိုယ်စားလှယ်များ အဖွဲ့အား ပူးတွဲ ပြည်ထဲရေး ဝန်ကြီး S Singh က ဦးဆောင်ပြီး မြန်မာ အရာရှိများ အဖွဲ့ကို ချင်းပြည်နယ် စစ်ဒေသမှူး ဦးနေအောင်က ဦးဆောင်သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အချို့သော စစ်သွေးကြွများသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တွင် ခြေကုပ်ယူ စခန်းချကာ စစ်သင်တန်းများလည်း ပို့ချလျက် ရှိကြောင်း သိရသည်။

"ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ စစ်သွေးကြွတွေနဲ့ ပြောက်ကျားတွေကို ဖြိုခွင်းပြီး နောက်ပိုင်း မြန်မာနိုင်ငံထဲက တောင်ပေါ် ဒေသတွေနဲ့ တောအုပ်တွေထဲမှာ ခြေကုပ် ယူလာကြတာ" ဟု နယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

မီဇိုရမ် ပြည်ထဲရေး ဌာနမှ အရာရှိ တစ်ဦးက မီဇိုရမ်သည် ခွဲထွက်ရေး သူပုန်များ ကင်းစင်သည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားဒေသမှ သူပုန်များက မီဇိုရမ်ကို လုံခြုံရေး အတွက် ခိုလှုံစရာ နေရာအဖြစ် အသုံးပြုကြကြောင်း ပြောဆိုသည်။

မီဇိုရမ် ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၄၀၄ ရှည်လျားသည့် နယ်စပ် ပိုင်ဆိုင်ထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် ၃၁၈ ကီလိုမီတာ ထိစပ်လျက် ရှိသည်။

Calcutta News သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AL Jazeera, 22nd December 2010

မကြာသေးမီက လွတ်မြောက်လာခဲ့သော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ် ချုပ်ချယ်မှု မျက်နှာစာတွင် ငြိမ်းချမ်းစွာ တွန်းလှန်သော နိုင်ငံတကာ သင်္ကေတ တစ်ခု ဖြစ်လာသည်။

အသက် ၆၅ နှစ် ရှိပြီ ဖြစ်သော သူမသည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားစေရန် ကြိုးပမ်း အားထုတ်မှုများကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း  ပုံစံ အမျိုးမျိုးဖြင့် ထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

နောင်တွင် အစိုးရက ပယ်ဖျက်ပစ်ခဲ့သော ရွေးကောက်ပွဲ၌ သူမ၏ ပါတီ အနိုင် ရရှိပြီး တစ်နှစ်ခန့် အကြာ သူမသည် ၁၉၉၁ ခုနှစ် တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံ ရရှိခဲ့သည်။

ယခု သူမက တိုင်းပြည်၏ အနာဂတ် အပြောင်းအလဲ အတွက် လိုအပ်ချက်နှင့် လက်ရှိ စီးပွားရေး နှေးကွေးမှု၊ နိုင်ငံရေး မလွတ်လပ်မှု အနေအထားမှ မြန်မာနိုင်ငံ လွတ်မြောက်မည့် လမ်းကြောင်းသည် အမျိုးသား ပြန်လည် စေ့စပ်ရေး ဖြစ်သည်ဟု သူမ အဘယ်ကြောင့် ယုံကြည်သည် စသည်တို့နှင့် ပတ်သက်ပြီး AL Jazeera သို့ ပြောကြားခဲ့သည်။

ထို့အပြင် ဒီမိုကရေစီ၊ တိုးတက် ဖွံ့ဖြိုးရေး၊ သန်မာသော အရပ်ဖက် လူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံမှ လူသားချင်း စာနာ ထောက်ထားသော အနေအထားနှင့် ပြောင်းလဲမှု၊ တိုးတက်မှုကို မည်သို့ ရရှိနိုင်မည် စသည် တို့ကိုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆက်စပ်နိုင်ရန် အတွက် ပိုင်းခြား နားလည်သော ကျွမ်းကျင် ပညာရှင် အဖွဲ့နှင့် AL Jazeera တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ကျွန်တော်တို့အား ကူညီ၍ ဒိုင်ယာလော့ကို ပံ့ပိုး ပြင်ဆင် ပေးနေသူမှာ London School of Economic က သင်ကြားရေး သုတေသန ကျောင်းသားနှင့် မြန်မာ အစိုးရ ဆန့်ကျင်သူ မောင်ဇာနည် ဖြစ်သည်။ သူ၏ ကိုယ်တွေ့ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဗဟုသုတများကြောင့် လက်နက်ကိုင် ပဋိပက္ခ၊ ခုခံ တွန်းလှန်ရေးနှင့် မြန်မာ့ တပ်မတော် အပေါ် သူ၏ အမြင်တွေကို တင်ပြ မျှဝေခွင့် ရခဲ့သူ ဖြစ်သည်။

Mary Kaldor သည် Global Governance မှ တွဲဖက် ဒါရိုက်တာ ဖြစ်ပြီး ပါမောက္ခ တစ်ဦးလည်း ဖြစ်သည်။ သူမသည် ကမ္ဘာလုံး ဆိုင်ရာ အရပ်ဖက် လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ပြီး သာမန် ပြည်သူများ အနေဖြင့် ၎င်းတို့၏ တိုင်းပြည် လမ်းကြောင်း ပြောင်းရန် မည်သို့ စည်းရုံး လှုံ့ဆော်မည်၊ ကမ္ဘာလုံးဆိုင်ရာ Institution များ မည်သို့ လည်ပတ်နေကြသည် စသည် တို့ကို ရေးသားခဲ့သူ ဖြစ်သည်။

Timothy Garton Ash မှာမူ သမိုင်း ပညာရှင် တစ်ဦး ဖြစ်ပြီး နိုင်ငံရေး ဝေဖန်သူနှင့် ယူကေ Guardian သတင်းစာ ပင်တိုင် ဆောင်းပါးရှင် ဖြစ်သည်။ ၎င်းသည် အောက်စဖို့ တက္ကသိုလ်မှ European Studies ပါမောက္ခ ဖြစ်သည်။ ၎င်းအဓိက စိတ်ဝင်စားသော အကြောင်း အရာမှာ အနောက် ကမ္ဘာမှ ဥရောပနှင့် အနောက ကမ္ဘာဟောင်း၏ ကဏ္ဍပင် ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည်က သူမ၏ NLD ပါတီဝင်များကို ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများနှင့် ပတ်သက်၍ ဟောပြောရန် ပါမောက္ခ Garton Ash ကို မြန်မာ နိုင်ငံသို့ ဖိတ်ခေါ် ခဲ့ဖူးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asia Times Online, By Haseenah Koyakutty, 22nd December 2010

မြန်မာ နိုင်ငံနှင့် ပတ်သက်၍ ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှု အနေဖြင့် အစပြု လုပ်ဆောင်ကြရန် ၁၉၉၈ ခုနှစ်က စီးပွားရေး ဆိုင်ရာ နိုဘယ်ဆုရ ပညာရှင် Amartya Sen က စတင် တောင်းဆိုလိုက်သည်။ ယခုနှစ် အစောပိုင်းက လန်ဒန်တွင် အာဖကန် နစ္စတန် ကွန်ဖရင့် အပြီးတွင် နိုင်ငံတကာ အသိုင်း အဝိုင်းသည် စစ်ဘေးဒဏ် ခံရသော နိုင်ငံအား ထောက်ပံ့ ကူညီရန် အတူတကွ ပြုလုပ်ခဲ့ကြသည့် အတိုင်း လုပ်ဆောင်ရန် ဆိုလိုခြင်း ဖြစ်သည်။

ငယ်စဉ်က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသော Sen သည် ဘန်ကောက်ရှိ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့ရာ၌ အမျိုးသား ပြန်လည် ပေါင်းစည်းရေး နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆာင်နိုင်စွမ်းသည် အခြား တိုင်းပြည်များမှ လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည် ဆိုခြင်းကို ငြင်းချက် ထုတ်ခဲ့သည်။

"ကျွန်တော် စိုးရိမ်တာက သူတို့ ဘာမှ သိပ်မလုပ်ကြဘူးဗျ" ဟု Sen က ပြောသည်။ အိန္ဒိယ ပညာရှင် တစ်ဦး ဖြစ်သော Sen က အကယ်၍ ကမ္ဘာကြီး တစ်ခုလုံးက ဘာမျှ မလုပ်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင် ပုံစံအတိုင်း ပြန်၍ အဖမ်းခံရနိုင်သော အန္တရာယ် ရှိကြောင်း ညွှန်းဆို ပြောပြခဲ့သည်။

စစ်အစိုးရ၏ မဟာဗျူဟာသည် နိုင်ငံရေးနှင့် ပတ်သက်၍ ထိန်းထိန်း သိမ်းသိမ်းနှင့် အစွန်း မရောက်သည့် ပုံသဏ္ဍာန်ကို ပြသနေသော်လည်း အမှန်တကယ်တွင် ထိုသို့ မဟုတ်ကြောင်း Sen က ဆိုသည်။ မြန်မာ ပြည်သူများက စစ်အစိုးရသည် ဆူဒန်နှင့် မြောက်ကိုရီးယားတို့မှ စစ်အာဏာရှင်များနှင့် မယုံကြည် နိုင်လောက်အောင် ခြားနားသည်ဟု လျော့တွက် နေကြပုံ ရကြောင်း Sen က ယုံကြည်နေသည်။

"သာမန်လူတွေ အနေနဲ့ကတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲလည်း လုပ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးတယ် ဆိုတော့ သူတို့ကို အစွန်း ရောက်တယ်လို့ ဘယ်လိုလုပ် ပြောမလဲလို့ မေးကြလိမ့်မယ်" ဟု Sen က ပြောသည်။

Sen က ၎င်းယုံကြည်သည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရသည် မြောက်ကိုရီးယားကဲ့သို့ နျူကလီယာဗုံး ပိုင်ဆိုင်ရန် မနီးစပ် သေးသော်လည်း မြောက်ကိုရီးယားနှင့် တူအောင် ကျင့်ကြံလျက် ရှိကြောင်း ဆိုသည်။ သို့သော် အစိုးရသည် ၎င်းတို့ ဖြစ်စေချင်သကဲ့သို့ မဖြစ်သေးကြောင်း၊ ပြည်သူများသည် ခုခံအား ပိုကောင်းပြီး၊ မကြာသေးမီ ကာလများ အတွင်း တော်လှန်ခဲ့ ကြသောကြောင့် ဖြစ်ကြောင်း ဆိုသည်။ နောက်တစ်ချက်မှာ မြောက်ကိုရီးယားတွင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အတိုက်အခံ မရှိခြင်း ဖြစ်သည်ဟု Sen က ဆိုသည်။

မြန်မာနိုင်ငံ ရှေ့သို့ တက်လှမ်းနိုင်မည့် နည်းလမ်း အချို့ကို Sen က အဆိုပြုခဲ့သည်။ ပထမဦးဆုံး အနေဖြင့် နိုင်ငံတကာ ဦးဆောင်သော စုံစမ်းရေး ကော်မရှင်သည် စစ်အစိုးရ၏ ပြည်တွင်းတွင် ဖိနှိပ်မှုများ၊ သွေးထွက်သံယို နှိပ်ကွပ်မှုများ၏ အဖြစ်မှန်ကို ဖော်ထုတ်နိုင်လိမ့်ဟု ယုံကြည်ပြီး ထိုသို့ ပြုလုပ်ခြင်းဖြင့် အိမ်နီးချင်းများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့သည် မြန်မာ နိုင်ငံအပေါ် ၎င်းတို့၏ ကိုယ်ကျိုး စီးပွားကြည့်၍ ရပ်တည်နေမှုကို ပြန်လည် စဉ်းစားလာ ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

Sen က ယခု လက်ရှိ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများသည် ပြည်သူများထက် စာလျှင် ဗိုလ်ချုပ်များကို ပိုမို ထိသင့်ကြောင်း ပြောသည်။ ထို့အပြင် အနောက် နိုင်ငံများ အားလည်း ရေနံနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်နေမှု များအား လုံးဝ စွန့်လွှတ်၍ ဟန်ဆောင်နေမှုများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ အနောက် အနေဖြင့် မြန်မာနိုင်ငံသို့ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေးကိုလည်း ဦးဆောင် ပြုလုပ်သင့်ကြောင်း ၎င်းက ဆိုသည်။

"အကယ်၍ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ အပါအဝင် EU နဲ့ အမေရိကန် တို့လို ပါဝါ ရှိတဲ့ နိုင်ငံတကာ ပလေယာများက စစ်အစိုးရ အသက် မဆက်နိုင်အောင် လုပ်နိုင်မှသာ စစ်အစိုးရနဲ့ အလုပ်ဖြစ်မယ့် တွေ့ဆုံ စကား ပြောဖို့ အခွင့်အရေး ရနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စဉ်းစားရာမှာ ဗိုလ်ချုပ်တွေ အတွက် ထွက်ပေါက် ကောင်းကောင်း စဉ်းစားပေးရပါမယ်။ နိုင်ငံခြား ထွက်သွား နိုင်ရေးကိုပါ စဉ်းစား ပေးရပါမယ်" ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ ဖြစ်နိုင်ရန် Sen ၏ အမြင်များကို Asia Time Online မှ  Haseenah Koyakutty နှင့် အင်တာဗျူးတွင် အကြမ်းဖျင်း ပြောပြခဲ့သည်။ ကောက်နုတ်ချက် အချို့မှာ အောက်ပါ အတိုင်း ဖြစ်သည်။

Asia Time Online     : မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဟာ ဘာကြောင့် စစ်အစိုးရအပေါ် မူဝါဒ ပြောင်းဖို့ စဉ်းစား သင့်တာလဲ။

Amartya Sen           : အကြောင်းက ဒီလိုပါ။ အာဏာရှင် ဆိုတာ နောက်ဆုံးတော့ ကျဆုံးရမှာပဲ။ တစ်ချိန်မှာ စစ်အစိုးရနဲ့ တွဲပြီး လုပ်ကိုင်ခဲ့ တာတွေဟာ မှတ်တမ်းအဖြစ် ကျန်ခဲ့မှာပါပဲ။ ချီလီမှာ အမေရိကန်က Allende ကို ဖြုတ်ချချင်တော့ Pinochet အစိုးရကို ထောက်ခံ ကူညီခဲ့တယ်။ အဲဒီတုန်းက Pinochet အစိုးရ ဘယ်တော့ ပြုတ်မယ် ဆိုတာ ခန့်မှန်းလို့ မရတဲ့ အထိ ဖြစ်ခဲ့တယ်။ အဲဒီ အချိန်က အမေရိကန်က လက်တင် အမေရိကမှာ Pinochet နဲ့ အခြား စစ်အာဏာရှင်တွေကို ထောက်ခံ ကူညီခဲ့တော့၊ ပြောလို့ရတာက ဒီနေ့ လက်တင် အမေရိကမှာ အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ အားကောင်း လာတော့တာပေါ့။ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ တွေဟာ ဒါကို သင်ခန်းစာ ယူသင့်ပါတယ်။

Asia Time Online     : ပြည်တွင်း ပြောင်းလဲမှုတွေ အတွက် ဖြစ်နိုင်ခြေတွေက ဘာလဲ။

Amartya Sen           : ဒီနေ့ တိုင်းပြည် အခြေအနေ အရ လွတ်လပ်ခွင့် အနည်းငယ်ပဲ ရှိပါတယ်။ ဒီတော့ ခင်ဗျား ဘာလုပ်ပေးမလဲ။ ဘုန်းတော်ကြီးတွေကို ရိုက်နှက် ခံရအောင် ဆန္ဒပြ ခိုင်းဦးမှာလား။ ကျောင်းသားတွေကိုရော လွန်ခဲ့တဲ့ ၁၅ နှစ်ကလို သွေးထွက်သံယို နှိပ်ကွပ်ခံရအောင် လမ်းပေါ်ထွက် ခိုင်းဦးမှာလား။ အဲဒီလို လုပ်လို့ အကြောင်း မထူးဘူးလို့ ကျွန်တော် ထင်ပါတယ်။

မြောက်ကိုရီးယားမှာလိုပဲ မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ လှုပ်ရှားဖို့ အကန့်အသတ်တွေ အများကြီး ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကမ္ဘာပေါ်က နိုင်ငံတွေ ဘာလုပ် ပေးသလဲဆိုတဲ့ ပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါ့ကြောင့် တခြား နိုင်ငံတွေထက် EU၊ အမေရိကန်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်တို့ရဲ့ တာဝန်ဟာ အရမ်းကြီးပါတယ်။

Asia Time Online     : ရွေးကောက်ပွဲ အပြီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကဏ္ဍကရော ဘယ်လို ရှိမှာလဲ။

Amartya Sen                    : အဲဒါက စောင့်ကြည့်ရမှာပါ။ ဒီကိစ္စကို ပြည်သူတွေရဲ့ စိတ်ဝင်စားမှုမှာ ရှိနေစေ ချင်ပါတယ်။ အခု လတ်တလောတော့ ကမ္ဘာတစ်ဝှမ်း လူတွေရဲ့ စကားဝိုင်းတွေမှာ ရေပန်းစား နေတဲ့ ကိစ္စပါပဲ။

Asia Time Online     : ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ် အခန်းကဏ္ဍကိုရော ခင်ဗျား ဘယ်လို မြင်ပါသလဲ။

Amartya Sen           : တကယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း လုပ်ပေးနိုင်မယ် ဆိုရင် စစ်အစိုးရနဲ့ ညှိနှိုင်းတဲ့ အချိန်မှာ သူမ အနေနဲ့ ပြောရေး ဆိုခွင့် နေရာ ကြီးကြီး ရနိုင်ပါလိမ့်မယ်။ တောင်ဖရိကမှာ မင်ဒဲလားနဲ့ ဘုန်းတော်ကြီး တူးတူးတို့ လူမျိုးရေး ခွဲခြားမှု လုပ်ခဲ့တဲ့ လူတွေကို ခွင့်လွှတ်ခဲ့ သလိုမျိုး သူမအနေနဲ့ စစ်တပ်က သားသတ် သမားတွေကို လွတ်မြောက်ဖို့ လမ်းဖွင့်ပေးပြီး သနား ကြင်နာမှုကို ပြနိုင်ပါတယ်။

လက်စားချေဖို့ ပြစ်ဒဏ် ခတ်တယ် ဆိုတာ နိုင်ငံရေး မူဝါဒ ချမှတ်ရာမှာ ပညာရှိ တွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ဒီစစ်တပ်က သားသတ်သမားတွေကို လွတ်မြောက်ခွင့် ပေးရပါမယ်။ သူတို့ သွားလိုရာ သွားလို့ ရတယ် ဆိုတာ သူတို့လည်း သိစေသင့်တယ်။ ကျားစားမှာ ကြောက်လို့ ကျားကို ကျောမခိုင်းရဲတဲ့ အဖြစ်မျိုး မဖြစ်သင့်ပါဘူး။

Asia Time Online     : မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ ဘယ်နေရာတွေမှာ အိန္ဒိယက မဟာရာဂျာတွေနဲ့ တူသလဲ။

Amartya Sen           : မြန်မာနိုင်ငံက စစ်အာဏာရှင်တွေနဲ့ ဘယ်သူနဲ့မှ မတူပါဘူး။ မဟာရာဂျာတွေ အကြောင်းကတော့ ရှင်းပြရမှာတွေ အများကြီးပါပဲ။ ဒါပေမယ့် ပြောနိုင်တာ တစ်ခုက မဟာရာဂျာတွေဟာ စနစ်တကျ လုပ်တဲ့ လူသတ်ကောင်၊ မုဒိမ်းကောင်တွေ မဟုတ်ကြပါဘူး။ သူတို့ဟာ တိုင်းရင်းသားတွေကို သူတို့ နေအိမ်တွေက မောင်းထုတ်တဲ့ လူတွေ မဟုတ်ကြပါဘူး။ ဆန့်ကျင်သူတိုင်းကို စနစ်တကျ ထောင်သွင်း အကျဉ်းချ တာမျိုးလည်း မလုပ်ကြပါဘူး။

          ကျွန်တော့် အထင်ကတော့ အိန္ဒိယ မဟာရာဂျာတွေဟာ ကောင်းမွန်တဲ့ စနစ်တွေကိုတော့ လုပ်ဆောင် မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ကို မြန်မာနိုင်ငံက စစ်အစိုးရနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ သူတို့ဟာ စစ်အစိုးရကို မဟုတ်တာ လုပ်ခဲ့သူများလို့ အထင်မှား နိုင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UN News Centre, 21st December 2010

မြန်မာ နိုင်ငံ တွင်းရှိ ဓာတု မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ တရားမဝင် ရောင်းဝယ်မှု၊ သုံးစွဲမှုတို့မှာ ပိုမို ဆိုးဝါးလာကာ အဆိုပါ နိုင်ငံတွင်းမှ တရားမဝင် ခိုးထုတ်လာသော မီသာ အင်ဖက်တာမင်းနှင့် အခြား အင်ဖက်တာမင်း အမျိုးအစား စိတ်ကြွ မူးယစ်ဆေးများသည် အိမ်နီးချင်း နိုင်ငံများနှင့် အရှေ့အာရှ၊ အရှေ့တောင် အာရှ အခြား ဒေသများကို ဆိုးကျိုး သက်ရောက်စေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မူခင်း ဆိုင်ရာ ဌာန UNODC အစီရင်ခံစာသစ်က ဆိုသည်။

ယမန်နေ့က ဘန်ကောက်တွင် ထုတ်ပြန်သော "အင်ဖက်တာမင်း အမျိုးအစား စိတ်ကြွဆေးများ ATS နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေအထား အကဲဖြတ်ချက်" အစီရင်ခံ စာအရ ရှမ်းပြည်နယ်နှင့် ထိစပ်နေသော နိုင်ငံများ အပါအဝင် မြန်မာ နိုင်ငံတွင်းမှ ၂၀၀၉ ခုနှစ်တွင် ဖမ်းဆီးရမိသော ATS ဆေးပြားများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၃ ဆ တိုးပွားလာသည်ဟု သိရှိရသည်။

"၂၀၀၉ ခုနှစ်အတွင်း အများဆုံး ဖမ်းမိတဲ့ အဆင့်မြင့် သန့်စင် ပုံဆောင်ခဲ အဆင့် အင်ဖက်တာမင်းတွေကို မြန်မာနိုင်ငံက ထုတ်လုပ်ခဲ့ပါတယ်" ဟု အရှေ့ အာရှနှင့် ပစိဖိတ် ဒေသမှ ကမ္ဘာလုံး ဆိုင်ရာ ဓာတု မူးယစ်ဆေး စောင့်ကြည့်၊ လေ့လာ၊ အစီရင်ခံစာ၊ ပြောင်းလဲရေး SMART ပရိုဂရမ်၏ UNODC ညှိနှိုင်းရေးမှူး Dcepika Naruka က ပြောကြားသည်။

"ပုံဆောင်ခဲ အဆင့် မီသာ အင်ဖက်တာမင်း ထုတ်လုပ်မှုဟာ အာရှရဲ့ ဘိန်းထုတ်လုပ်တဲ့ ဒေသ ရွှေတြိဂံ နယ်မြေမှာ ဖြစ်ပေါ်နေတယ် ဆိုတဲ့ အချက်ကို မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ စလုံးက အာဏာပိုင်တွေက အတည်ပြု ထားပါတယ်" ဟု သူမက ပြောဆိုခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အတွင်း ထိုင်းနိုင်ငံတွင် စိတ်ကြွဆေးပြား ၄၄ သန်းကျော် သိမ်းဆည်း ရမိချိန်တွင် လာအို နိုင်ငံတွင်လည်း စိတ်ကြွဆေးပြား ၂၂ သန်းကျော် ဖမ်းဆီး ရမိခဲ့သည်။

အာရှဒေသ တစ်ခုလုံးမှ ATS သုံးစွဲသူများ၏ ၅၀ % မှ ၈၀ % အကြား နေထိုင်ကြသော အရှေ့နှင့် အရှေ့တောင် အာရှ ဒေသမှ အင်ဖက်တာမင်း စိတ်ကြွဆေးများ ကိစ္စသည် အဓိက စိုးရိမ် ပူပန်စရာ ကိစ္စ ဖြစ်သည်ဟု UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘိန်းနှင့် မီသာ အင်ဖက်တာမင်း စသော မူးယစ်ဆေးဝါး အများစုကို မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက် ရှိကာ နိုင်ငံတကာ ဈေးကွက် အတွက် အဓိက ဦးတည်သော်လည်း ပြည်တွင်း စိတ်ကြွဆေး သုံးစွဲမှုမှာလည်း မြင့်တက် လာသည်ဟု အစီရင်ခံစာတွင် မှတ်ချက် ပေးထားပြီး မူးယစ်ဆေးစွဲ လူနာ ကုသရေး နယ်ပယ် အတွက် ရင်းမြစ်များ ချို့တဲ့မှုကြောင့် တိုးတက်ရေး လမ်းကြောင်းမှာ အခြေအနေ ဆိုးဝါးနေသည်ဟု ဆက်လက် ဖြော်ပထားသည်။

"ဟောဒီ အနေအထား အကဲဖြတ် အစီရင်ခံစာဟာ သူ့လိုင်းမှာတော့ ပထမဆုံးပါပဲ။ မြန်မာနိုင်ငံက ATS အနေအထားကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေဖို့ ရည်ရွယ်ထားပြီး ထိရောက် ခိုင်လုံတဲ့ တုန့်ပြန်မှုတွေကို အစီအစဉ် ရေးဆွဲနိုင်ဖို့ အတွက် ဦးတည် ထားတာ ဖြစ်ပါတယ်" ဟု အာရှ၊ ပစိဖိတ် ဆိုင်ရာ UNODC ဌာနေ ကိုယ်စားလှယ် Gary Lewis က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Security Newswire, 20th December 2010

မြန်မာနိုင်ငံတွင် အများက သိထားလျက် ရှိသော နျူကလီယာနှင့် ဆက်စပ်သည့် အဆောက်အဦးများကို ကြည့်ရှု စစ်ဆေး ခွင့်ပြုရန် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံအား ပြီးခဲ့သော ရက်သတ္တပတ်များက ဖိအားပေးခဲ့သည်ဟု သောကြာနေ့က Wall Street Journal သတင်းများတွင် ဖော်ပြခဲ့သည်။

"IAEA က အခု လာရောက် လည်ပတ်လိုကြောင်း တရားဝင် တောင်းဆိုထားပါတယ်" ဟု IAEA Safeguards Department မှ မြန်မာ အစိုးရသို့ ပေးပို့သော စာအား သိရှိသူ တာဝန်ခံ တစ်ဦးက ပြောသည်။ ဗီယင်နာ အခြေစိုက် IAEA ၏ ပြီးခဲ့သည့် လများက သေချာမှု မရှိသေးသော မြန်မာနိုင်ငံ၏ နျူကလီယာ ကြိုးပမ်းမှုများ အတွက် အသေးစိတ် သိရှိရန် ကြိုးစားခဲ့သည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု များကြောင့် ဝါရှင်တန်နှင့် အာရှအစိုးရများ၏ စိုးရိမ် ပူပန်မှု မြင့်တက်လာမှုများကြောင့် ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့က ယခု နောက်ဆုံး တောင်းဆိုမှု တစ်ခု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွင် နျူကလီယာ ပရောဂျက်များ အပြင် ဥမင်လိုဏ်များနှင့် တာဝေး ဒုံးကျည်များ ပါဝင်သည်။

မြန်မာအစိုးရသည် IAEA၏ စစ်ဆေးရန် တောင်းဆိုချက်များကို ပယ်ချခဲ့ပါက နိုင်ငံတကာ၏ တင်းမာသော တုန့်ပြန်မှုများကို ကြုံတွေ့ရနိုင်သည်ဟု Wall Street Journal က ဆိုသည်။ တာဝန်ရှိသူများနှင့် ပညာရှင်များက မြန်မာနိုင်ငံ၏ နျူကလီယာ ရည်ရွယ်ချက်များမှာ သေချာမှု မရှိသေးကြောင်း ပြောနေဆဲ ဖြစ်သည်။

"တစ်ခုခုတော့ ဖြစ်နေတာ အသေအချာပါပဲ။ အဲဒီ အထဲမှာ နျူကလီယာ ကိစ္စ ပါမပါ ဆိုတာကတော့ မေးခွန်း ထုတ်ချင် စရာပါပဲ။ သံရုံး သတင်းပို့မှုမှာ ဒီကိစ္စကတော့ အရေးတကြီး ဦးစားပေး အဖြစ် ရှိနေမှာပါ" ဟု ၂၀၀၉ နိုဝင်ဘာက ရန်ကုန်ရှိ အမေရိကန် သံရုံး အကြီးတန်း သံတမန် တစ်ဦး ရေးသားသော စာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ စက်ကိရိယာ အတော်များများမှာ နျူကလီယာ အသုံးပြုမှုနှင့် မဆိုင်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူက နိုင်ငံရေး အလို့ငှာ နျူကလီယာကိစ္စကို ချဲ့ကား ပြောကြားခြင်းသာ ဖြစ်ကြောင်း၊ ပညာရှင်များနှင့် IAEA ဝန်ထမ်းဟောင်းများက ပြောသည်။

"မြောက်ကိုရီးယားဟာ နှစ်အတန်ကြာကပင် မြန်မာနိုင်ငံကို ဒုံးကျည်တွေ ရောင်းချဖို့ ကြိုးစား နေခဲ့တာပါ။ နျူကလီယာ အစီအစဉ်တွက် အထောက် အထားတွေ မရှိပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နျူကလီယာ မပြန့်ပွားရေး အရာရှိဟောင်း Mark Fitzpatrick  ကပြောသည်။ Fitzpatrick  နှင့် အခြား ပညာရှင်များသည် မြန်မာနိုင်ငံ၏ စွပ်စွဲထားသော နျူကလီယာ လှုပ်ရှားမှုများကို စစ်ဆေးရန် တောင်းဆိုနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 21st December 2010

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ၈ လကျော် ချမှတ်ထားခဲ့သော အရေးပေါ် အခြေအနေကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ အထူး တားမြစ်ချက်များကို ယခုနှစ် အစောပိုင်း ဘန်ကောက်တွင် ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အတော အတွင်း စတင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သံသယ ရှိသူများကို တရားစွဲခြင်း မပြုဘဲ ရက်ပေါင်း ၃၀ ထိန်းသိမ်း ထားပိုင်ခွင့် အပါအဝင် ထိရောက်သော အာဏာစက်ကို လုံခြုံရေး တပ်ဖွဲ့များထံ အစိုးရက ပေးအပ်ထားခဲ့သည်။

ဧပြီနှင့် မေလ အတွင်းက ဆန္ဒပြပွဲများနှင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့များ အကြား ဖြစ်ပွားသော ရုန်းရင်း ဆန်ခတ်မှု များတွင် လူ ၉၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။

တိုင်းပြည်၏ လေးပုံတစ်ပုံ မကသော ဒေသများတွင် အရေးပေါ် ဥပဒေ အဆင့် တစ်ခုကို ထုတ်ပြန်ထားခဲ့သော်လည်း လုံခြုံရေး အနေအထား တိုးတက်မှု ရှိလာသည် နှင့်အမျှ တဖြည်းဖြည်း ရုတ်သိမ်းပေးခဲ့သည်။

ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ အခြေအနေ

ဘန်ကောက်နှင့် အနီးတဝိုက် ပြည်နယ်များတွင် အရေးပေါ် ဥပဒေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရုတ်သိမ်းသင့်ပြီ ဖြစ်ကြောင်း အစိုးရက အကြံပြု ထားသည်မှာ သီတင်းပတ် အတော် ကြာခဲ့ပြီ ဖြစ်သည်။

ယခုအခါ အင်အားကြီး ထိုင်းတပ်မတော်က အချိန်ကျပြီ ဖြစ်ကြောင်း သဘော တူလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း အရာရာသည် လုံးဝ ပုံမှန် အနေအထားသို့ ပြန်ရောက်ဦးမည် မဟုတ်ဟု ထိုင်းကာကွယ်ရေး ဝန်ကြီးက ပြောကြားသည်။

သံသယ ရှိသူများကို တရားစွဲဆိုခြင်း မပြုပဲ ရက်သတ္တ တစ်ပတ်မှ ရက်ပေါင်း ၃၀ ခန့် ထိန်းသိမ်း ထားပိုင်ခွင့်ကို လုံခြုံရေး တပ်ဖွဲ့များထံ ဆက်လက် ပေးအပ်ထားသည့် ပြည်တွင်း လုံခြုံရေး အက်ဥပဒေဖြင့် အရေးပေါ် အမိန့်ကို အစားထိုး လိုက်သည့် လက္ခဏာ ရှိသည်ဟုလည်း သိရှိရသည်။

အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက နောက်တစ်ကြိမ် အတွက် ယုံကြည် စိတ်ချမှု ရှိလာသည့် အတွက် အစိုးရ၏ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုအခါ ဘန်ကောက်တွင် ပုံမှန် ဆန္ဒပြပွဲများ ရှိနေပြီး ထောင်ပေါင်း များစွာသော ပြည်သူများကို စည်းရုံး ဆွဲဆောင်လျက် ရှိသည်။

ယခု ဆန္ဒပြပွဲများသည် ယာဉ်သွား ယာဉ်လာ များကို အနှောင့်အယှက် ဖြစ်စေသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဖြစ်သောကြောင့် အစိုးရက အရေးပေါ် ဥပဒေကို အသာအယာ ရုတ်သိမ်းပေးခြင်း ဖြစ်နိုင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ၊ မဲဟောင်ဆန် ပြည်နယ်ရှိ သံလွင် အမျိုးသား ဥယျာဉ် (Salween National Park) တွင် တရားမဝင် သစ်ခုတ်ပြီး မြန်မာနိုင်ငံသို့ တင်ပို့ခြင်း မရှိသကဲ့သို့ အဆိုပါ သစ်များကို မြန်မာနိုင်ငံမှ မြန်မာ့ကျွန်းသစ် အဖြစ် ပြန်လည် တင်သွင်းခြင်းလည်း မရှိကြောင်း ထိုင်းဆီးနိတ် ဆပ်ကော်မတီက ပြောကြားလိုက်သည်။

အစောပိုင်း ကာလများက ထွက်ပေါ်လာသော သတင်း ပေးပို့ချက်များတွင် မြန်မာနိုင်ငံမှ သစ်များကို ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းမှုများ ရှိကြောင်း၊ အဆိုပါ သစ်များမှာ ထိုင်းနိုင်ငံတွင် ခုတ်လုပ်ခဲ့သည့် ထိုင်းမူရင်း သစ်များသာ ဖြစ်ကြောင်း ဖော်ပြ ပါရှိခဲ့သည်။ အဆိုပါ သတင်း ပေးပို့ချက်များ အားလုံးမှာ မှန်ကန်မှု မရှိကြောင်း မဲဟောင်ဆန်ပြည်နယ် ဆီနိတ်တာ Boonsong Kowawisarat က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ချင်းမိုင် ပြည်နယ် အတွင်း ဘတ်ငွေသန်း ၂၀၀ တန်ဖိုး ရှိမည်ဟု ခန့်မှန်းရသော ကျွန်းသစ်လုံး ၃၀၀၀ ဖမ်းဆီး ရမိမှုကိုလည်း မစ္စတာ Boonsong Kowawisarat က သုံးသပ် ဝေဖန်သည်။ ထိုင်း အထူးစုံစမ်း စစ်ဆေးရေး ဌာန၊ အကောက်ခွန် ဌာနနှင့် သစ်တောဌာနတို့ ပူးတွဲ ပြုလုပ်သော စစ်ဆင်ရေးတွင် အဆိုပါ သစ်များကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊ ပူးတွဲ အဖွဲ့က Suksawat Group ကုမ္ပဏီပိုင် သစ်ခွဲစက်ရုံအား စီးနင်း ရှာဖွေခဲ့ရာ ထိုသစ်လုံးများ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ သစ်များကို မဲဟောင်ဆန် ပြည်နယ်မှ တစ်ဆင့် တရားမဝင် မှောင်ခို တင်သွင်းလျက် ရှိပြီး တရားမဝင် ကျွန်းသစ်များ ပိုင်ဆိုင်ထားကြောင်း ထိုင်းတရားရေး ဝန်ကြီး Pirapan Salirathavibhaga က အစီရင်ခံချက် တစ်ရပ် ထုတ်ဖော်ခဲ့ပြီးနောက် ယင်းပူးတွဲ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း ကာလများတွင် ထိုင်းအာဏာပိုင်များက အဆိုပါ သစ်များသည် သံလွင် အမျိုးသား ဥယျာဉ်တွင် ခုတ်လှဲခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ယင်းအမှုကို စုံစမ်း ဖော်ထုတ်သည့် ဆီးနိတ် ဆပ်ကော်မတီကို ဦးဆောင်သူ မစ္စတာ Boonsong Kowawisarat က စုံစမ်း ဖော်ထုတ် ရရှိသော ချက်လက်မှတ် များအရ အစောပိုင်းတွင် ထင်မှတ်ထားသလို သံလွင် အမျိုးသား ဥယျာဉ်မှ သစ်များ မြန်မာနိုင်ငံသို့ ရောက်ရှိ သွားခြင်းမျိုး မဟုတ်တော့ကြောင်း ပြောကြားသည်။

သံလွင် အမျိုးသား ဥယျာဉ်မှ သစ်များကို တရားမဝင် ခုတ်ယူကာ မြန်မာနိုင်ငံသို့ သယ်ဆောင်သွားပြီး ထိုသစ်များကို မြန်မာ့ ကျွန်းသစ်များ အသွင်ဖြင့် မဲဟောင်ဆန် ပြည်နယ်၊ မောင်ခရိုင်ရှိ ဘန်နမ်ဖန်းဒင် နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် မှောင်ခို ပြန်လည် တင်သွင်းလျက် ရှိသည်ဟု အစောပိုင်း ကာလများတွင် သတင်း ထွက်ပေါ်ခဲ့သည်။ ဘန်နမ်ဖန်းဒင် နယ်စပ် ဖြတ်ကျော် စခန်းသည် မယ်စရန် ခရိုင်ရှိ အမျိုးသား ဥယျာဉ်နှင့် ၂၄၅ ကီလိုမီတာ ကွာဝေးသည်။

အဆိုပါ အစီရင်ခံချက်များနှင့် သတင်းများမှာ နားလည်မှု လွဲမှားခြင်း သက်သက်သာ ဖြစ်ကြောင်း ဆီနိတ်တာ Boonsong Kowawisarat က ပြောကြားသည်။ မဲဟောင်ဆန် ပြည်နယ်မှ အကောက်ခွန် အာဏာပိုင်များက ဘန်နမ်ဖန်းဒင် နယ်စပ်ဂိတ်မှ သစ်အချောထည်များ ထိုင်းနိုင်ငံသို့ တင်သွင်းကြောင်း ပြောဆိုသည်။

အထူး ရာဇဝတ်ကြီးများကို စုံစမ်း ထုတ်ဖော်လျက် ရှိသည့် ထိုင်းအထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက မြောက်ပိုင်း ဒေသတွင် သစ်နှင့် ပတ်သက်သော တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှုများကို နောက်ယောင်ခံ လိုက်လျက် ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် Anton ကုမ္ပဏီက ခွဲပြီးသား သစ်များကို မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု သံသယဖြစ်ဖွယ် စုံစမ်း တွေ့ရှိရကြောင်း စုံစမ်းရေးဌာနက ဆိုသည်။

အဆိုပါ Anton ကုမ္ပဏီပိုင်ရှင်အား ခွဲသစ်များ တရားမဝင် တင်သွင်းမှုဖြင့် အရေးယူခဲ့ကြောင်း DSI က ပြောကြားသည်။

Bangkok Post သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

World News, Australia, 20th December 2010

၂၀၁၀ ၏ စိတ်ဝင်စားဖွယ်ရာ ကောင်းသော ပုံရိပ် အချို့တွင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ ထိန်းသိမ်း ခံထားရာမှ ပြန်လည် ပေါ်ထွက်လာခြင်းနှင့် နိုဘယ်ဆု ချီးမြှင့်မည့် အခမ်းအနားတွင် Liu Xiaobo မတက်ရောက်နိုင်ပဲ ၎င်း၏ ထိုင်ခုံ နေရာတွင် ကွက်လပ် ဖြစ်နေခြင်း စသည် တို့သည် လတ်တလောတွင် ထင်ရှားသော ပုံရိပ်များ ဖြစ်သည်။

အာရှတိုက်၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ သနားဖွယ်ရာ ကောင်းသော အဆိုပါ နိုင်ငံ နှစ်ခုသည် စိတ်ဝင်စားဖွယ် သတိပေး ခံနေရသော နိုင်ငံများ ဖြစ်ရာ အာရှသည် စီးပွားရေးအရ စွမ်းအားများ ပြည့်နေသော ဒေသ ဖြစ်သည့် နည်းတူ ကမ္ဘာပေါ်တွင် ဆက်ဆံရ အခက်ဆုံး အစိုးရများ ရှင်သန် ကြီးထွားရာ ဒေသလည်း ဖြစ်နေသည်ဟု ဆိုနိုင်သည်။

နိုင်ငံခြား အစိုးရများက စိတ်ဆိုးခြင်း၊ အင်တာနက်နှင့် လူမှုရေး မီဒီယာများကြောင့် အချို့အာရှ နိုင်ငံများက သဘော ပေါက်လာခြင်း ရှိသော်လည်း ဒေသတွင်းရှိ အာဏာရှင်များနှင့် အကျင့်ပျက် ခြစားနေသော အစိုးရများသည် ပျော့ပြောင်းမည့် အသွင် သဏ္ဍာန် မပြသေးပေ။

 "သူတို့ဟာ လူ့အခွင့်အရေးကို လေးစားမှု မရှိပဲ အခြေအနေ တော်တော်ကို ဆိုးဝါးနေပါတယ်" ဟု Human Rights Watch အာရှ ဌာနခွဲမှ Dave Mathieson က ပြောကြားခဲ့သည်။ "သူတို့ဟာ ကမ္ဘာ့ လူ့အခွင့်အရေး စံတွေနဲ့ ဆန့်ကျင်ပြီး စနစ်တကျ ပြင်းပြင်းထန်ထန် တုံ့ပြန်နေပုံ ရပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

အနောက် နိုင်ငံများမှ နားလည်ထားသော ဒီမိုကရေစီနှင့် အာရှ တန်ဖိုးများသည် ကိုက်ညီမှု မရှိဟု တစ်ချိန်က ငြင်းချက် ထုတ်ခဲ့သော နိုင်ငံများ ထံမှလည်း ယခုအခါ ဝေဖန်သံများ မကြားရတော့ပဲ ပုံတူ ကူးထားသော ဒီမိုကရက်တစ် လုပ်ငန်းစဉ်များကို ရှေ့တန်းတင် လုပ်ဆောင်လာကြသည်ကို တွေ့လာရသည်ဟု ၎င်းက ဆိုသည်။

"နိုင်ငံ အတော် များများဟာ ဒီမိုကရေစီ အကြောင်း ပြောလာကြပြီး၊ အနည်းဆုံးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ လုပ်နေပါတယ် ဆိုပြီး တိုးတက်မှု ရှိနေကြောင်း ပြောနေကြပါတယ်။ ဒါပေမယ့် အများစုကတော့ လွတ်လပ်သော အမြင်များ ဖော်ထုတ် မရပဲ၊ အဖြေ မထွက်သော အခြေ အနေမှာပဲ ရှိနေဆဲပါ" ဟု ၎င်းက ပြောသည်။

မြန်မာ ဗိုလ်ချုပ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလက ဆင်းရဲနေသော တိုင်းပြည်တွင် နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ မပါဝင်မှုနှင့် ကန့်ကွက်မှုများကို လစ်လျူရှုခဲ့ခြင်းကြောင့် ရွေးကောက်ပွဲကို တရား မဝင်အောင် ပြုလုပ်ခဲ့သလို ဖြစ်ခဲ့ရသည်။

အသက် (၆၅) နှစ်ရှိ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်မှာ ပြီးခဲ့သည့်လက ပြန်လည် လွတ်မြောက်လာခဲ့ပြီး ပြုံးရွှင်စွာဖြင့် စိတ်ဓာတ် မြင့်မားစွာ ရှိနေသည်ကို တွေ့ရသည်။ သို့သော် သူမ၏ အနာဂတ်မှာ စစ်အစိုးရ၏ သနား ညှာတာမှု ပေါ်တွင် မသေချာ မရေရာ တည်နေဆဲ ဖြစ်သည်။

သီရိလင်္ကာ နိုင်ငံတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလက ရွေးကောက်ပွဲကို တိုင်းပြည်၏ တမီးလ် ကျားသူပုန်များနှင့် ကာလရှည်ကြာ ပြည်တွင်းစစ် အပြီးတွင် ကျင်းပခဲ့သည်။ အဆိုပါ စစ်အပြီးတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲချက်များ ပြင်းထန်စွာ ထွက်ပေါ်ခဲ့သည်။

သမ္မတ Mahinda Rajapakse သည် ၎င်း၏ ပြိုင်ဖက် စစ်ဦးစီးချုပ်ဟောင်း Sarath Fonseka အပေါ် အပြတ် အသတ် အနိုင်ရပြီး ပြန်လည် ရွေးကောက် တင်မြှောက်ခံရသည်။ Sarath မှာလည်း အကြီးအကျယ် လိမ်ညာမှုကြောင့် ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

ပြီးခဲ့သည့် လက Grisly ဓါတ်ပုံအသစ်များ ထွက်ပေါ်ခဲ့ရာ သီရိလင်္ကာတွင် လူသေများ တောင်ပုံရာပုံ ရှိနေပုံနှင့် စစ်ပွဲ နောက်ဆုံး အဆင့်တွင် ကွပ်မျက်နေပုံ ရသည့် ပုံများ ပေါ်ထွက်ခဲ့သည်။ စစ်ပွဲအတွင်း တိုင်းရင်းသား တမီးလ် အရပ်သား (၃၀၀၀၀) ခန့်အထိ သေဆုံးခဲ့ကြောင်း အချို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များ၏ အဆိုအရ သိရှိရသည်။

အထက်ပါ နှစ်နိုင်ငံ ဖြစ်သော မြန်မာနှင့် သီရိလင်္ကာ တို့သည် တရုတ်ကို အဓိက မဟာမိတ်အဖြစ် သတ်မှတ်ထားကြသော နိုင်ငံများ ဖြစ်သည်။

၎င်းတို့၏ မဟာမိတ် ဖြစ်သော Beijing က ကော်မတီ၏ ဆုံးဖြတ်ချက်အား ကြောက်ရွံ့စွာ တုံ့ပြန်ခဲ့ပြီး၊ ပြီးခဲ့သည့်  အပတ်က ကျင်းပသော အခမ်းအနားအား သပိတ်မှောက်ရန် နိုင်ငံ နှစ်ဆယ်ခန့်သို့ ဖိအားပေးခဲ့သည်။ အဆိုပါ အခမ်းအနားအား CNN နှင့် BBC တို့မှ တိုက်ရိုက် ထုတ်လွှင့်စဉ် တရုတ်တွင် ပိတ်ပင်ထားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အကျင့်စရိုက်များကို ထောက်ခံ အားပေးနေကြောင်း Asia Society အမှုဆောင် ဒုဥက္ကဋ္ဌ Jamie Metzl က Wall Street Journal ခေါင်းကြီးပိုင်းတွင် စွပ်စွဲ ရေးသားထားသည်။

"ယနေ့ လူ့အခွင့်အရေးကို ကြီးမားစွာ ချိုးဖောက်နေတဲ့ နိုင်ငံတွေ အတွက် အဓိက အကာအကွယ် ပေးနေတဲ့ နိုင်ငံဟာ တရုတ် ဖြစ်ပါတယ်" ဟု ၎င်းက ဆူဒန်၊ မြန်မာ၊ မြောက်ကိုးရီးယား၊ ဇင်ဘာဘွေနှင့် အီရန်တို့ကို ညွှန်းဆို၍ Metzl က ပြောကြားခဲ့သည်။

"ဘာလို့လဲ ဆိုတော့ တရုတ်က ဒီအစိုးရတွေကို အကာအကွယ် ပေးပြီး၊ သယံဇာတတွေ ကတစ်ဆင့်  အကျိုးစီးပွား ဖြစ်အောင် လုပ်နေတာ။ ဒီတော့ ဒီအစိုးရတွေရဲ့ ချိုးဖောက်မှုတွေ အပေါ်မှာ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေ  အရာမထင် ဖြစ်ရပါတယ်" ဟု ဆိုသည်။

Metzl က ပြောကြားရာတွင် တရုတ်သည် ၎င်း၏ လျင်မြန်စွာ တိုးတက်မှုကြောင့် အပေါင်း လက္ခဏာ ဆောင်သော ဖြစ်ပေါ်မှုများ ရှိနိုင်သော်လည်း ကမ္ဘာကြီးက လူ့အခွင့်အရေးနှင့် ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ ချမှတ်ရန် ကြိုးစားမှုများမှ ရာစုနှစ် တစ်ဝက်ခန့် ဘေးချော် ထွက်နေခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ ကံဆိုးသော လူအများစုသည် ၎င်းတို့၏ အစိုးရများ၏ ကြီးမားစွာ နှိပ်စက်မှုများ ခံနေရပြီး၊ ၎င်းတို့သည် နိုင်ငံခြား တိုင်းပြည်များ၏ အကူအညီကို မရသလောက် ဖြစ်ပြီး၊ တရုတ်ကိုပင် ကျေးဇူး တင်ကြရမည် ဖြစ်သည်။

အာရှ လူ့အခွင့်အရေး ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဒေသတွင်း နိုင်ငံများအား ၎င်းတို့၏ ပြည်သူများအား တိုးတက် ဖွံ့ဖြိုးမှုများ ခံစားစေရန်နှင့် အရပ်သား ပိုင်ခွင့်များ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ပိုင်ခွင့်များအား အကာအကွယ် ပေးရေး တိုးတက်စေရန် တိုက်တွန်းထားသည်။

သာမန် လူတန်းစားများ အတွက် ယခုကိစ္စသည် နိုင်ငံရေးအရ ငြင်းခုန်ရမည့် ကိစ္စသာ မဟုတ်ဘဲ နေ့စဉ် ရဲ၏ ညှဉ်းပမ်းမှု၊ အမျိုးသမီးများ အပေါ် ရက်စက်မှုများ၊ ဆင်းရဲ မွဲတေမှု၊ ဘာသာရေး အရ နှိပ်ကွပ်ခံရမှုများနှင့် တရားရေး စနစ်၏ မပြည့်စုံမှုများ အပေါ် ရုန်းကန်နေရခြင်းက လက်တွေ့ ဖြစ်နေသည်။

"အာရှ တစ်လွှားမှာ လူတွေဟာ ၎င်းတို့ရဲ့ ပိုင်ခွင့်တွေကို သိလာကြပြီး၊ သူတို့ ရပိုင်ခွင့်တွေ တိုးတက်အောင် ကြိုးစား အားထုတ်နေကြပါတယ်" ဟု ကော်မရှင်က ပြောသည်။

"ပိုမို ကောင်းမွန်တဲ့ အနာဂတ်ဟာ ပြည်သူတွေ ကိုယ်တိုင် စလုပ်နိုင်မှု ပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် လူတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် အစိုရရဲ့ တုံ့ပြန်မှုကတော့ လုံးဝ ပြည့်စုံမှု မရှိပါဘူး" ဟု ကော်မရှင်က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bernama, 18th December 2010

ထိုင်းနိုင်ငံသည် ၎င်း၏ စက်မှု လုပ်ငန်းများတွင် လိုအပ်လျက် ရှိသော အလုပ်ကြမ်းသမား ပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် ၎င်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသည့် နိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ နီပေါနှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံများမှ အလုပ်သမားများ တင်သွင်းနိုင်ရန် စီစဉ်လျက် ရှိသည်။

ထိုင်းသတင်း အေဂျင်စီ (TNA) ၏ အဆိုအရ အလုပ်သမား ဝန်ကြီး Chalermchai Sri-on က ပြောကြားရာတွင် အလုပ်သမား တင်သွင်းရေး အစီအစဉ်ကို လေ့လာထားကြရန် သက်ဆိုင်သူ အားလုံးကို ညွှန်ကြာထားပြီး ဖြစ်ကြောင်း၊ ၎င်း၏ ဝန်ကြီှးဌာနသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စကို ၂၀၁၁ တွင် ပြန်လည် ပြုလုပ်မည်ဟု ဆိုသည်။ အဆိုပါ အလုပ်သမားများ၏ အလုပ်လုပ်ခွင့် ပါမစ်သည် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည် ဖြစ်သဖြင့် တရားဝင်အောင် ပြန်လည် ပြုလုပ်ပေးမည် ဖြစ်သည်။

Chalermchai က ပြောကြားရာတွင် အနာဂတ်တွင် နိုင်ငံခြားမှ ဝင်ရောက်လာမည့် အလုပ်သမားများကို ထိရောက်စွာ အသုံးချနိုင်ရေး အတွက် နိုင်ငံခြားသား အလုပ်သမား လိုအပ်ချက်ကို သုတေသန ပြုရန် Rajabhat Phranakorn တက္ကသိုလ်အား တာဝန် ပေးထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.