Transparency Myanmar

transparency.myanmar@gmail.com

Office of UN Resident and Humanitarian Coordinator for Myanmar, 27th January 2009

လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခြင်းသည် ဆင်းရဲသော ကျေးလက်ဒေသကို အကျိုးရှိစေမည် သာမကပဲ နိုင်ငံလုံး စီးပွားရေး ဖွံ့ဖြိုးမှုကိုပါ ဆောင်ကြဉ်းပေးမည် ဖြစ်ကာ ဆင်းရဲ မွဲတေမှုကိုလည်း လျော့ချနိုင်ပါလိမ့်မည်။ ဤသည်မှာ ဇန်နဝါရီ (၂၆) ရက်က ရန်ကုန်တွင် ကျင်းပသော Myanmar Humanitarian Partnership Group ၏ အစည်းအဝေးမှ ထွက်ပေါ်လာသော သတင်းကောင်း တစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် စဉ်းစား ဆင်ခြင်ဖွယ် ဖွံ့ဖြိုးမှု အခွင့်အလမ်းများ ရှိနေပြီး မြန်မာနိုင်ငံတွင် လက်ရှိ စီးပွားရေး စိန်ခေါ်မှုများကို အစီအစဉ် တကျ တုန့်ပြန်ရာတွင် ဦးစားပေး စဉ်းစားသင့်သည့် ကိစ္စတစ်ခု ဖြစ်ပါသည်။

အလှူရှင်များ ဖြစ်သော ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတွင်းရှိ အခြား လူသားချင်း စာနာ ထောက်ထားရေး အဖွဲ့များ တက်ရောက်ကြသော လစဉ် အစည်းအဝေး တစ်ခုဖြစ်သည့် Myanmar Humanitarian Partnership Group ၏ အစည်းအဝေးမှ ယခု သုံးသပ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆင်းရဲမှု လျော့ချရေးသည် လယ်ယာထွက် ကောက်ပဲသီးနှံ ကဏ္ဍ၊ ငါးလုပ်ငန်း ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍတို့၏ ထုတ်လုပ်မှု၊ ဖွံ့ဖြိုးမှုများ တိုးတက်လာခြင်းပေါ်တွင် မှီခို နေပါသည်။ နိုင်ငံ လူဦးရေ၏ (၇၀ %) သည် ကျေးလက်ဒေသများတွင် နေထိုင်လျက် ရှိပြီး အားလုံးသော အချက်အလက်များက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် စဉ်းစားဖွယ် ဖွံ့ဖြိုးရေး အခွင့်အလမ်းများ၊ အလားအလာများ ရှိနေကြောင်း ညွှန်ပြနေကြသည်ဟု ပြောကြားသူမှာ UNDP မူဝါဒ အကြံပေး Shafique Rahman ဖြစ်၍ ၎င်းက စားနပ် ရိက္ခာ ဖူလုံရေးဆိုင်ရာ UN/NGO Working Group ကိုယ်စား "စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် စီစဉ်တကျ တုန့်ပြန်မှု ဆိုင်ရာ စီးပွားရေး ခြုံငုံ သုံးသပ်ချက်" ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တချိန်ထဲတွင်ပင် ကျေးလက်ဒေသ၌ လယ်မဲ့ ယာမဲ့ ပြဿနာ ကြီးထွား မြင့်မားလျက် ရှိပြီး လယ်မြေ မပိုင်သူ ဆင်းရဲသားများသည် လယ်ယာမြေ မလိုသော စီးပွားရေးလုပ်ငန်းများကို မှီခိုနေရပါသည်။ အနှစ်ချုပ်ရလျှင် ကျေးလက် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၏ ပြဿနာ ရင်းမြစ်များကို ရှာဖွေ ဖြေရှင်းပေးမှုများ တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်နေပါသည်ဟု Mr. Rahman က ဆိုပါသည်။

အဆိုပါ အစည်းအဝေးသို့ ကျွမ်းကျင် ပညာရှင်များ၊ မစ်ရှင်နှင့် အေဂျင်စီ ခေါင်းဆောင်များ၊ သံတမန်များနှင့် ကယ်ဆယ်ရေး လုပ်သားများ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့ပြီး ကျေးလက် ငွေချေးစနစ်၊ ဈေးကွက် အခွင့်အလမ်း၊ စိုက်ပျိုးရေး မဟုတ်သော စီးပွားရေးနှင့် အခြေခံ အဆောက်အဦး စသော နယ်ပယ်များတွင် ဖြေရှင်းရန် လိုအပ်နေသည့် စိန်ခေါ်မှုများကို နံပါတ်စဉ် တပ်ကာ မီးမောင်းထိုးပြခဲ့ပါသည်။ ယင်းကဲ့သို့ စီးပွားရေး မူဝါဒနှင့် စနစ်တကျ တုန့်ပြန်မှုများ အပေါ်တွင် ကွက်၍ သုံးသပ် ဆွေးနွေးကြခြင်းမှာ ပါမောက္ခ ဂျိုးဇက် စတစ်ကလစ်၏ ဒီဇင်ဘာလ ခရီးစဉ် အပါအဝင် လတ်တလော ဖြစ်ရပ်များ၏ သက်ရောက်မှုကြောင့် ဖြစ်ပါသည်။

ရှေ့ဆက်၍ စိုးရိမ် ပူပန်စရာ ဖြစ်နေသော ကိစ္စမှာ အသေးစား ချေးငွေ စီမံကိန်းများ အတွက် ရန်ပုံငွေ ဖြည့်တင်းရာတွင် ကြီးမားသော လစ်ဟာမှုများ ရှိနေခြင်း ဖြစ်သည်။ အသေးစား ချေးငွေ စီမံကိန်းများအတွက် လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာ သန်း ၃၄၀ မှ သန်း ၄၇၀ အတွင်း ရှိနေသည်ဟု ခန့်မှန်း တွက်ချက်မှုများအရ သိရှိရပါသည်။

အသေးစား ချေးငွေ စီမံကန်းကို ထောက်ပံ့နေသည့် နိုင်ငံတကာ အဖွဲ့အစည်း (၇) ခု၊ ဒေသတွင်း အဖွဲ့အစည်း အနည်းငယ်နှင့် ဘဏ်များသည် စုစုပေါင်း လိုအပ်ချက်၏ (၁၀ %) မျှသာ တတ်နိုင်ကြသဖြင့် ကျေးလက် ဆင်းရဲသား သန်းပေါင်းများစွာကို အတိုးနှုန်း ကြီးကြီးဖြင့် ငွေချေးသူများထံ ကျေးဇူးတင်ခံ၍ ငွေချေးရသည့် ဘဝသို့ ရောက်ရှိစေခဲ့သည်ဟု သိရပါသည်။

မြန်မာနိုင်ငံတွင်းရှိ အကြီးဆုံး အသေးစား ချေးငွေ စီမံကိန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၁၉၉၇ ခုနှစ်က စတင်ခဲ့သော ၎င်း စီမံကိန်းသည် မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း (၂၂) မြို့နယ်ရှိ ကျေးရွာပေါင်း (၄၆၄၅) ရွာမှ အိမ်ထောင်စုပေါင်း သုံးသိန်း ငါးသောင်းခန့်ကို ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းအရ လယ်ပိုင်ဆိုင်မှု (၅) ဧက မပြည့်သည့် လယ်သမား မိသားစုများအား အကူအညီပေးခြင်း ဖြစ်၍ ၎င်းတို့အား ရင်းနှီးငွေနှင့် လုပ်ငန်း ချဲ့ထွင်နိုင်ရန် ရည်ရွယ် ကူညီခြင်း ဖြစ်သည်။

လက်ရှိ တတ်နိုင်တဲ့ ရန်ပုံငွေ အနေအထားနဲ့ လက်လှမ်း မမှီနိုင်လောက်အောင် လိုအပ်ချက်က ကြီးမားနေပါတယ်ဟု ပြောကြားသူမှာ PACT Myanmar မှ ဌာနေ ကိုယ်စားလှယ် Fahmid Karim Bhuiya ဖြစ်ပြီး ၎င်းသည် UNDP ၏ (၂၂) မြို့နယ် အသေးစား ငွေချေး စီမံကိန်းကို အကောင်အထည် ဖော်နေသူ ဖြစ်သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ကိုယ်စားလှယ် Bishow Parajuli ၏ အဆိုအရ အသေးစား ငွေချေးစီမံကိန်းနှင့် အခြား လူမှု အဖွဲ့အစည်း အခြေပြု နည်းလမ်းသစ် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံအတွက် အချိန် စောလွန်း နေသေးကြောင်း သိရှိရပါသည်။

သို့ရာတွင် အသေးစား ချေးငွေ စီမံကိန်းများသည် ဆင်းရဲ မွဲတေမှု လျော့ချရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးအတွက် ထိရောက်သော နည်းလမ်း ဖြစ်နိုင်သည် ဆိုသော အချက်ကို ယခု နယ်ပယ်အတွင်း လုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အေဂျင်စီများက အောင်မြင်စွာ ညွှန်ပြနိုင်ခဲ့သည်ဟု Mr. Parajuli က ပြောကြားခဲ့ပြီး ကျေးလက် စီးပွားရေး တစ်ခုလုံးကို ပိုမို လှုံ့ဆောင်ပေးနိုင်မည့် ကြီးမားသော ဖြစ်နိုင်ချေ အလားအလာများ ရှိနေသည်ဟုလည်း ၎င်းက မှတ်ချက် ပေးပါသည်။

စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာပါ။ ကျေးလက် ဆင်းရဲမှု လျော့ချဖို့ များစွာ လိုအပ်နေတဲ့ တုန့်ပြန် ဆောင်ရွက်ချက်တွေကို ထောက်ပံ့ ဖြည့်ဆည်း ပေးနိုင်တဲ့ အချိန် ရောက်ရင် အခွင့်အလမ်းတွေ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ရေရှည် စီးပွားရေး နာလံထူနိုင်ဖို့ ကြိုးစားနေမှုများကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်ဟု Mr Parajuli က သုံးသပ် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၏ ပထမကိုးလ အတွင်း ရုရှား၊ ယူကရိန်း၊ သြစတြေးလျနှင့် တောင်ကိုရီးယား ဆန်နှင့် လယ်ယာထွက် သီးနှံများ တင်ပို့ပြီး ဆန်စပါးဈေးကွက်ကို ပိုမိုကြီးမားလာအောင် ကြိုးပမ်းလျက် ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာ ဖြစ်သော Xinhua သတင်းဌာနက ရေးသား ဖော်ပြပါသည်။

တရားဝင်စာရင်း ဇယားများအရ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၊ ပထမ ကိုးလ (ဧပြီမှဒီဇင်ဘာလ) အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၂ သန်းရှိခဲ့သည်။ ထိုနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၅ သန်း အထိ တင်ပို့ရန် ဦးတည်ချက် ထားရှိခဲ့သည်။

မြန်မာအစိုးရ၏ ဆန်ဈေးကွက် တိုးချဲ့ရေးဆိုင်ရာ အစီအစဉ်အရ အရည်အသွေး မြင့်မားသော အိပ်စ်ပို့ ဆန်များကို ကူဝိန်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့လျက် ရှိသည်။

ယခုဘဏ္ဍာရေးနှစ် ပထမကိုးလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှာ ဆယ်စုနှစ်တစ်ခုတွင် အမြင့်ဆုံးသော ပမာဏအဖြစ်စံချိန်တင်နိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၀၀ပြည့်နှစ်တွင် ဆန်တန်ချိန် ၁ သန်းတိတိတင်ပို့နိုင်ခဲ့ပါသည်။

၂၀၀၈-၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဆန်တန်ချိန် ၇ သိန်းအထိ ပြည်ပသို့ တင်ပို့ နိုင်ခဲ့သည်ကို တွေ့ရကြောင်း တရားဝင် စာရင်းဇယားများကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြပါသည်။

မြန်မာနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၅ သောင်းကို အဓိက ဆန်တင်ပို့ရာ ဒေသဖြစ်သည့် အရှေ့အာရှ နိုင်ငံများသို့ တင်ပို့ခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသကိုမူ တန် ၈၅၀ ခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။

လက်ရှိ အနေအထားအထိ တောင်အာဖရိက၊ စင်ကာပူ၊ သီရိလင်္ကာ၊ ယူအေအီး၊ တောင်ကိုရီးယားနှင့် အီဂျစ်စသည့် နိုင်ငံများသို့ ဆန်တင်ပို့ လျက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၃၅ ခုရှိသည်။

ဆန်စပါး ထုတ်လုပ်ရေး ကဏ္ဍသို့ ကုမ္ပဏီ အမြောက်အမြား ဝင်ရောက် ရင်းနှီး မြှုပ်နှံလျက် ရှိရာ ယခုနှစ် အတွင်း ပြည်ပသို့ အရည်အသွေး ပြည့်မီသော ဆန်များ ပိုမိုတင်ပို့နိုင်လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းက ဆိုပါသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံရှိ ဆန်စပါး စိုက်ပျိုးမြေဧက ဟက်တာ ၈ ဒဿမ ၂၆ သန်းမှ ဆန်တန်ချိန် သန်း ၃၀ ထွက်ရှိခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါသည်။ 

Bernama သတင်းဝက်ဘ်ဆိုက်မှ Myanmar Expands International Rice Market ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နော်ဝေ နိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) ၏ သတင်းထောက် ငွေစိုးလင်းအား ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက အင်းစိန်အကျဉ်း ထောင်အတွင်း ရုံးထိုင် စစ်ဆေးကာ ထောင်ဒဏ် ၁၃ နှစ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ၎င်း၏ အသိမိတ်ဆွေ များထံမှ တစ်ဆင့် ကြားသိရပါသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ငွေစိုးလင်း(၂၈ နှစ်) သည် အီလက်ထရွန်နစ် နှင့် လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပံ့ပိုးမှု အက်ဥပဒေများအရ တရားစွဲဆိုခြင်း ခံခဲ့ရပြီး အဆိုပါ အမှုနှစ်ခု အတွက် ထောင်ဒဏ် ၁၀ နှစ် နှင့် ၃ နှစ်စီ အသီးသီး ကျခံရခြင်း ဖြစ်သည်။

"ကိုငွေစိုးလင်းဟာ အီလက်ထရွန်းနစ် အက်ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ် နဲ့ လူဝင်မှု အက်ဥပဒေ ပုဒ်မ-၁၃ () အရ ထောင်ဒဏ် သုံးနှစ် ကျခံဖို့ မနေ့ကပဲ စီရင်ချက် ချလိုက်တာပါ" ဟု ငွေစိုးလင်း၏ ခယ်မဖြစ်သူ အေးမိစံက Mizzima သို့ ပြောကြားပါသည်။

တရားခံ ရှေ့နေဖြစ်သူ ဦးအောင်သိန်းက "ကိုငွေစိုးလင်းရဲ့ အမှုကို ကြားနာ စစ်ဆေးပြီး မနေ့ညနေကပဲ အဲဒီ ပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တာပါ" ဟု ပြောဆိုသည်။ DVB သတင်းထောက်ဖြစ်သူ ကိုငွေစိုးလင်းသည် ၂၀၀၈ ခုနှစ်မေလ ပထမပတ်က မြန်မာနိုင်ငံတွင် ကျရောက်သော နာဂစ်မုန်တိုင်း ဒဏ်ကြောင့် မိဘမဲ့ ဖြစ်သွားသည့် ကလေးများ၏ ဘဝကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့သည့် အတွက် Rory Peck ဆုချီးမြင့် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

လန်ဒန်အခြေစိုက် Rory Peck Trust သည် ကမ္ဘာတစ်ဝန်း ဒေသအသီးသီးမှ ထူးခြား ရဲရင့်စွာ ထုတ်ဖော်နိုင်သော သတင်းထူးများကို တင်ပြနိုင်သူများအား ရှာဖွေပြီး ဂုဏ်ပြုပေးအပ်သော အဖွဲ့ ဖြစ်သည်။ အဆိုပါဂုဏ်ပြုဆု၏ အမည် Rory Peck သည် ဗြိတိသျှ သတင်းထောက် တစ်ဦး၏ အမည်ဖြစ်ပြီး သူသည် ၁၉၉၃ ခုနှစ် အောက်တိုဘာလက ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ သတင်းလိုက် နေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည်။

ထို့နောက် ၁၉၉၅ ခုနှစ်တွင် Rory Peck ၏ ဇနီးဖြစ်သူနှင့် မိတ်ဆွေများက သူ၏နာမည်ဖြင့် Trust အဖွဲ့ကို တည်ထောင်ခဲ့ကြပါသည်။

"ဒီလို ပြစ်ဒဏ်ချတာ မတရားပါဘူး၊ ဒါမျိုးတွေကိုလုပ်ရင်း အခုလို အလားတူ ပြစ်ဒဏ်တွေ ခံရမယ် ဆိုတာ တခြား သတင်းထောက်တွေလည်း သိအောင် ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်ရမှာပါ" ဟု DVB ၏ထိုင်းနိုင်ငံ ဗျူရို အကြီးအမှူးဖြစ်သူ တိုးဇော်လတ်က ပြောကြားသည်။

ငွေစိုးလင်းသည် ယမန်နှစ် ဇွန်လ ၂၆ ရက်နေ့၊ တာမွေမြို့နယ် ကျောက်မြောင်းရှိ အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ အထွက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ငွေစိုးလင်းအား ဖမ်းဆီးပြီးနောက် သုံးရက် အကြာတွင် တာမွေမြို့နယ် အထူးစုံစမ်းရေးအဖွဲ့(SB) ရဲတပ်ဖွဲ့၊ ရပ်ကွက်ကောင်စီ အဖွဲ့ဝင်များနှင့် ရဲမှူးတို့က ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ဗီဒီယို ကင်မရာကိုသိမ်းဆည်းခဲ့ကြောင်း၊ အမှုနှင့် ပတ်သက်၍ အယူခံဝင်မည် ဖြစ်ကြောင်း အေးမိစံက ပြောကြားပါသည်။

ကိုငွေစိုးလင်းနှင့် အတူ ထိုအချိန်က NLD လူငယ်အဖွဲ့ဝင် နိုင်ငံလင်းကိုလည်း ဖမ်းဆီးခဲ့သည်။ သို့သော် နိုင်ငံလင်းကိုမူ သြဂုတ်လ ၂၉ ရက်နေ့က ပြန်လွှတ်ခဲ့ကြောင်း ဦးအောင်သိန်းက ပြောပါသည်။ ငွေစိုးလင်းအား ဖမ်းဆီးပြီး ၂ လကျော်ကြာမှ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပို့လိုက်ကြကြောင်း၊ အင်းစိန်ထောင်သို့ ရောက်ရှိပြီး ၃ လခွဲကြာမှ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း ၎င်း၏ အဆိုအရ သိရပါသည်။

ကိုငွေစိုးလင်းသည် ယခုအခါ ဘယ်ရီ ရောဂါ ခံစားနေရပြီး အာရုံကြောရောဂါ ဆေးများလည်း စားသုံး နေရသည်။ ၎င်း၏ အကိုဖြစ်သူ အောင်ထွန်းမြင့်သည်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ လူထု ဆန္ဒခံယူပွဲအတွင်း မှော်ဘီမြို့နယ် ဆန္ဒမဲရုံတစ်ခုတွင် ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်းကြောင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ကျခံနေရပါသည်။

မြန်မာနိုင်ငံ မီဒီယာအသင်း (BMA) ၏ သတင်း ထုတ်ပြန်ချက်များအရ ၂၀၀၇ ခုနှစ် အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) အရေးအခင်းဖြစ်ပြီး နောက် မြန်မာသတင်းထောက် (ဂျာနယ်လစ်) အနည်းဆုံး ၁၄ ဦး ဖမ်းဆီး အပြစ်ပေးခံခဲ့ရကြောင်း သိရှိရပါသည်။

Mizzima သတင်းဌာန ၏ DVB reporter sentenced to 13 years ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခု နှစ်အတွင်း ကျင်းပရန် အစီအစဉ် ရေးဆွဲထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆောင်ရွက်ချက်များကို အာရုံ လွှဲပြောင်းနိုင်ရေးနှင့် ကရင်ပြည်နယ်ကို ထိန်းချုပ် ကိုင်တွယ်နိုင်ရေးအတွက် မြန်မာ စစ်တပ်က ကရင်ပြည်နယ်ရှိ ကျေးရွာသူ၊ ကျေးရွာသားများကို ပစ်ခတ် သတ်ဖြတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက် ရှိကြောင်း KNU အဖွဲ့က စွပ်စွဲ ပြောဆိုလိုက်ပါသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ညောင်လေးပင် ခရိုင်၊ ကေဒါ ကျေးရွာမှ ရွာသား နှစ်ဦးအား မြန်မာ စစ်တပ်၏ ခြေမြန် တပ်မ အမှတ်-၃၆၇ မှ စစ်သားများက ပစ်ခတ် သတ်ဖြတ်လိုက်ပြီး အဆိုပါရွာမှ နေအိမ် ၁၃ လုံးကိုလည်း မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရပါသည်။

KNU အဖွဲ့၏ အတွင်းရေးမှူး-၁ ဗိုလ်မှူး စောလှငွေက "ကျွန်တော်တို့ KNU တွေက ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ဆန့်ကျင် ကန့်ကွက်ပါတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု Mizzima သတင်းဌာနသို့ ပြောဆိုပါသည်။

"ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ကိစ္စက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ မြန်မာ စစ်အစိုးရဟာ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ အာရုံကို ပြောင်းလဲအောင် လုပ်နေပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

KNU သည် မြန်မာ စစ်အစိုးရကို ကာလ အကြာရှည်ဆုံး လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် အကြီးဆုံးသော လက်နက်ကိုင် သူပုန်များ အဖွဲ့လည်း ဖြစ်သည်။

"ကေဒါ ကျေးရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာ လောက်က ကရင် တိုင်းရင်းသား ၁၀၀၀ ကျော် လောက်ဟာ နေရာ ရွှေ့ပြောင်း ထွက်ပြေးပြီး တောထဲမှာ ပုန်းခိုနေကြရပါတယ်" ဟု ဗိုလ်မှူး စောလှငွေက ပြောပါသည်။

ကရင်ပြည်နယ်တွင်း နေရာ ရွှေ့ပြောင်း ထွက်ပြေး နေကြရသော ဒုက္ခသည်များကို အကူအညီ ပေးလျက် ရှိသည့် အဖွဲ့တစ်ခု ဖြစ်သည့် Free Burma Rangers (FBR) ၏ အဆိုအရ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တောတွင်း ဒေသတွင် ပုန်းအောင်းနေကြသော ဒုက္ခသည်များသည် ယခုအခါ အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

FBR အဖွဲ့ဝင် တစ်ဦး ဖြစ်သော ဘောဖိုးက ဒုက္ခသည်များအတွက် အစားအသောက်၊ နေထိုင်စရာ နှင့် အဝတ်အထည်များ အလွန်အမင်း လိုအပ်လျက် ရှိကြောင်း၊ ၎င်းတို့၏ အခြေအနေမှာ လွန်စွာ ဆိုးရွားလျက် ရှိကြောင်း Mizzima သတင်းဌာနသို့ ပြောကြားပါသည်။

"ကျွန်တော်တို့ အနေနဲ့ Free Burma Rangers အဖွဲ့နဲ့ ပူးပေါင်းပြီး ကရင် ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီလို လုပ်တဲ့ နေရာမှာ အိုးမဲ့အိမ်မဲ့ လုံးဝ ဖြစ်သွားတဲ့ သူတွေကို ဦးစားပေး နေပါတယ်" ဟု Committee for Internally Displaced Karen People အဖွဲ့မှ အဖွဲ့ဝင် စောစတိဗ်က ပြောကြားသည်။

ညောင်လေးပင် ဒေသတွင်မူ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့(KLNA) နှင့် DKBA တို့အကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားလျက် ရှိသည်။ DKBA သည် မြန်မာ စစ်တပ်နှင့် ပူးပေါင်းပြီး အဆိုပါ ဒေသမှ ကျေးရွာများကို တိုက်ခိုက်လျက် ရှိသည်ဟု KNU က စွပ်စွဲ ပြောဆိုထားသည်။

KLNA သည် လက်ရှိတွင် KNU ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့ခွဲ တစ်ခု ဖြစ်ပြီး DKBA မှာ KNU က ခွဲထွက်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရယူလိုက်သော အဖွဲ့ ဖြစ်ပါသည်။

Mizzima သတင်းဌာန၏ Villages burnt, Karen villagers hide in jungles ကို ဘာသာပြန် ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံရောက် ကရင် တိုင်းရင်းသား ဒုက္ခသည် ၂၀၀၀ ခန့်အား မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရေး အတွက် ကရင် လက်နက်ကိုင် တပ်ဖွဲ့များ အပါအဝင် အုပ်စုအချို့ ထိုင်းနိုင်ငံတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကြကြောင်း သတင်း ရရှိပါသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ဇွန်လတွင် ကရင် အမျိုးသားယူနီယံ (KNU) နှင့် ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) တို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါ ကရင် တိုင်းရင်းသားများမှာ စစ်ပြေး ဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြရသည်။

KNU နှင့် DKBA တို့သည် ကရင်ပြည်နယ်ကို ထိန်းချုပ် ပိုင်ဆိုင်နိုင်ရေး အတွက် ယှဉ်ပြိုင် နေကြရသော လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြပြီး DKBA ကိုမူ မြန်မာ စစ်အစိုးရက ကျောထောက် နောက်ခံပေးလျက် ရှိသည်။

ကရင်ဒုက္ခသည် ၂၀၀၀ ပြန်ပို့ရေး အတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ နူပိုစခန်း အနီးရှိ နူပိုကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ထိုင်း-မြန်မာ နယ်စပ်ကိစ္စများ ဖြေရှင်းရေး ယာယီ ညှိနှိုင်းမှုအဖွဲ့မှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြပါသည်။

အကယ်၍ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာပါက ၎င်းတို့အနေဖြင့် အဓမ္မ လုပ်သားအဖြစ် စေခိုင်းခြင်း၊ စစ်တပ်တွင်းသို့ ဖိအားပေးဝင်ရောက်ခိုင်းခြင်း စသည်တို့နှင့် ကြုံတွေ့ရမည် မဟုတ်ဟု DKBA က အာမခံခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားပါသည်။

နယ်စပ်ဒေသမှ တစ်ဆင့် ထိုင်းဘက်သို့ ထွက်ပြေးခဲ့သူ အများစုသည် DKBA က အာမခံထားသည့် အချက် နှစ်ချက်ကို ကြောက်ရွံ့သောကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြခြင်း ဖြစ်သည်။

"DKBA အနေနဲ့ကတော့ ဒေသတွင်းမှာ KNU ဘက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်ပြီး တာဝန် မယူနိုင်ပါဘူး၊ ဒါပေမဲ့ DKBA ဘက်က ထောင်ထားတဲ့ မိုင်းတွေကိုတော့ ရှင်းလင်းပေးပါ့မယ်" ဟု အဆိုပါ ညှိနှိုင်းပွဲမှ ပြန်လာသော အမည်မဖော်လိုသူ တစ်ဦးက ပြောကြားသည်။

အကယ်၍ ဒုက္ခသည်များ မိမိတို့၏ ရွာသို့ ပြန်လည်ရောက်ရှိပါက လယ်ယာ လုပ်ကိုင်ရန် မြေကွက် အနည်းငယ်သာ ကျန်ရှိတော့မည် ဖြစ်ရာ ထိုင်း ဒုက္ခသည် စခန်းများမှာပင် နေထိုင်သည် ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ပြန်သွားသည် ဖြစ်စေ စားနပ်ရိက္ခာအတွက် ပူပန်စရာ မလို၊ ထောက်ပံ့ပေးမည်ဟု ဆိုသော ထိုင်း-မြန်မာ နယ်စပ်ဒေသ အကျိုးတူ ပူးပေါင်း ညှိနှိုင်းရေး အဖွဲ့ (TBBC) ၏ အာမခံ ပြောဆိုမှုများကို ယုံကြည်ရန် ခက်ခဲပါလိမ့်မည်။

"အခက်အခဲ တွေကတော့ အများကြီး ရှိပါတယ်၊ ပြန်သွားတဲ့သူတွေ အနေနဲ့ နေထိုင်ဖို့ အိမ်ဆောက်ရာမှာ သစ်တွေ၊ ဝါးတွေ လိုမယ်။ ဒါတွေ ရဖို့ ဆိုတာက မလွယ်ဘူး။ တကယ်လို့ မနေနိုင်ဘူးဆိုရင် ပြန်သွားရုံပဲ ရှိတယ်။ ကျွန်တော်တို့ စားသောက်စရာ အစာရေစာ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် NGO တွေဆီက အထောက်အပံ့တွေ လိုမှာပါ" ဟု နူပိုစခန်း၏ ဥက္ကဋ္ဌ တာဆုညာက ပြောကြားပါသည်။

ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရေးနှင့် ပတ်သက်၍ ဖိအားပေး လုပ်ဆောင်မည် (သို့မဟုတ်) အားပေး အားမြှောက်ပြု လုပ်ဆောင်မည် ဟူသည်ကို ထိုင်းအစိုးရက ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

UNHCR အဖွဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်မည့် မည်သည့် ဒုက္ခသည်မဆို အကူအညီ ပေးမည်ဟု အာမခံ ထားသည်။ သို့သော် ကရင် ပြည်နယ်သို့ ပြန်ပို့၊ မပို့ ဟူသည်မှာ ထိုင်းအစိုးရ အပေါ်တွင်သာ မူတည်လျက် ရှိသည်။

"ကျွန်တော်တို့ ဒုက္ခသည်တွေကတော့ ဒီမှာ ဆက်ပြီး နေခွင့် ပေးမယ်ဆိုရင် ဆက်နေ ချင်ပါတယ်။ နေခွင့် မရဘူးဆိုရင်တော့ ပြန်ရမှာပေါ့။ အခုတော့ ဘယ်လို လုပ်ရမယ်၊ ဘာကို ဆုံးဖြတ်ရမယ် ဆိုတာ မသိသေးပါဘူး" ဟု ဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦးက DVB သို့ ပြောကြားပါသည်။

DVB သတင်းဌာန၏ Rival groups meet on Karen refugees ကို ဘာသာပြန် ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 28th January 2010

KNU အပါအဝင် မြန်မာတောတွင်း လက်နက်ကိုင် အဖွဲ့ အများစုသည် ပြည်ပရောက် မြန်မာအစိုးရ အဖွဲ့နှင့် ပူးပေါင်းကာ ယခုနှစ် ရွေးကောက်ပွဲများ မတိုင်မှီ စင်ပြိုင် အစိုးရ ဖွဲ့စည်းရေးကို ဆောင်ရွက်ဖွယ် ရှိနေပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ NCGUB မှ ဝန်ကြီးတစ်ဦး ဖြစ်သူ ခွန်မြင့်ထွန်း၏ အဆိုအရ အခြေခံ ဥပဒေသစ် တစ်ခုကို မူကြမ်းအဖြစ် လတ်တလော ရေးဆွဲလျက် ရှိပြီး တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ပေါင်းစည်းနိုင်မည့် အဆင့်များကို အလေးပေး ထည့်သွင်းထားသည်ဟု သိရပါသည်။

သတ်မှတ်ချက် (၆) ချက်နဲ့ ပြည့်စုံတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ကျွန်တော်တို့ အစီအစဉ်တွေ ဆွေးနွေးခဲ့ပါတယ်။ သတ်မှတ်ချက်တွေ ကတော့ နိုင်ငံရေး ပါတီ ရှိရမယ်၊ သူတို့ပိုင် နယ်မြေနဲ့ သူတို့ပိုင် ပြည်သူတွေရဲ့ ထောက်ခံမှု ရှိရမယ်၊ ဒေသခံ ပြည်သူတွေအတွက် ပညာရေးနှင့် ဆေးကုသရေး အစီအစဉ်တွေလည်း ရှိရမယ်၊ နောက်ပြီး လက်နက်ကိုင် တပ်ဖွဲ့လည်း ရှိရမယ် ဟု ၎င်းက ဆိုပါသည်။

တင်းမာသော ဗဟို စစ်ဖက် အစိုးရက လက်ရှိ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးသည် သဘောတူညီချက်၏ အပိုင်းတစ်ခု ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားပါသည်။ နိုင်ငံတွင်းရှိ တိုင်းရင်းသားအဖွဲ့ ပေါင်းစုံသည် တောင်တန်း နယ်စပ်ဒေသများတွင် နိုင်ငံရေးအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရန် အရှည်သဖြင့် တောင်းဆိုခဲ့ကြပါသည်။

လက်နက်ကိုင် အဖွဲ့ အနည်းဆုံး ၄ ဖွဲ့ခန့်က ညွန့်ပေါင်း အဖွဲ့သို့ ပူးပေါင်းမည်ဟု ကတိပေးထားကြောင်း ကြားသိရသော်လည်း ကြီးမားသော လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သော KNU ကသာ စိတ်ဝင်စားကြောင်း အတည်ပြု ပြောဆိုပါသည်။

"ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စင်ပြိုင်အစိုးရ ဖွဲ့စည်းဖို့ ကျွန်တော်တို့ အမြဲတမ်း စဉ်းစား စီစဉ်နေခဲ့တာပါ။ အခုက ရှိပြီးသား အစီအစဉ်ကို အကောင်အထည် ဖော်ရုံ လောက်ပါဘဲ" ဟု KNU ပူးတွဲ အတွင်းရေးမှူး စောလှငွေက ပြောကြားပါသည်။

"တကယ်လို့ NCGUB နဲ့ စေ့စပ် ဆွေးနွေးမှုတွေ  အဆင်ပြေခဲ့မယ် ဆိုရင် စစ်အစိုးရနဲ့ ယှဉ်ပြိုင်ဖို့ စင်ပြိုင်အစိုးရ ဖွဲ့စည်းသွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများ အကြား ဤနည်းဖြင့် နားလည်မှု ပိုမို ရရှိလာလိမ့်မည် ဟုလည်း ၎င်းက ဆိုပါသည်။

မြန်မာ နိုင်ငံရေးပါတီ အများစုမှာလည်း ယခုနှစ် အောက်တိုဘာလတွင် ကျင်းပမည်ဟု အသံထွက်နေသော ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခြင်း ပြု၊ မပြု ကို ယခုတိုင် ကြေငြာခြင်း မရှိ သေးပါ။ ၂၀၀၈ အခြေခံ ဥပဒေသည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကိုသာ အမြစ်တွယ်စေမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော် ခေါင်းဆောင်များက ပြောကြားနေသော ဒီမိုကရေစီ ရွေးကောက်ပွဲများသည် ယုံကြည် လက်ခံနိုင်ဖွယ် မရှိကြောင်း အစိုးရ ဝေဖန်သူ များက စောဒက တက်လျက် ရှိပါသည်။

အဆိုပါ နိုင်ငံရေး ပြဿနာများသည် ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှပိုမို ပြင်းထန် လာမည်ဟု မျှော်လင့်ထားကြပြီး အထူးသဖြင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား နေပြည်တော်က တိုက်ရိုက် ထိန်းချုပ်မည့် နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက ဖိအားပေး နေသောကြောင့် ဖြစ်သည် ဟု ဆိုပါသည်။

ယင်းကဲ့သို့ နယ်ခြားစောင့်တပ် ကိစ္စ အပေါ် ဖိအားပေးမှုများကြောင့် နဂိုကပင် အပေါ်ယံမျှသာ ဖြစ်သော စစ်ပြငြိမ်းမှုကို ထိခိုက် ပျက်ဆီးစေပါသည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ အနက် အစိုးရနှင့် အပစ်ရပ် သဘော တူညီချက် လက်မှတ် ရေးထိုးခြင်း မရှိသည့် လက်တဆုပ်စာ အဖွဲ့များတွင်  KNU  လည်း ပါဝင် ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Financial Times, By Tim Johnston, 28th January 2009

          ကမ္ဘာ့ဘဏ်သည် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် မြန်မာ အစိုးရ၏ သွေးစွန်းသော ရက်စက်မှုများကြောင့် မြန်မာနိုင်ငံ အစိုးရ အပေါ် နှစ်ပေါင်း နှစ်ဆယ်ကျော် အေးခဲသော ဆက်ဆံရေး ရှိခဲ့ပြီးနောက် ယခုအခါ နည်းပညာ အကူအညီများ ပေးရန် စဉ်းစားလျက် ရှိပါသည်။

          ကမ္ဘာ့ဘဏ်မှ အကြီးတန်း တာဝန်ရှိ ပုဂ္ဂိုလ် James Adams က Financial Times သို့ ပြောကြားရာတွင် ကမ္ဘာ့ဘဏ် နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) မှ ပုဂ္ဂိုလ်များသည် မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ပြည်သူများအပေါ် အပေါင်း လက္ခဏာ ဆောင်သော တိုးတက်မှုများ ရရှိစေရေး အတွက် အနာဂတ်တွင် သေချာ စဉ်းစား လုပ်ဆောင်ရမည့် ဖြစ်နိုင်သည့် ကိစ္စရပ်များကို ကြည့်ရှုခဲ့သည်ဟု ဆိုပါသည်။

          သို့သော် မြန်မာ နှင့် မည်သည့် ပူးပေါင်း ဆောင်ရွက်မှုကိုမဆို အကန့်အသတ်များ ထားရှိမည် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ သွားရောက်၍ စီမံကိန်းများတွင် နည်းပညာ အကူအညီများ ပေးရန်သာ အစီအစဉ် ရှိသည်ဟု ပြောကြားခဲ့ပါသည်။

          ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌဖြစ်သူ Mr. Adams က ဆက်လက် ပြောကြားရာတွင် ကမ္ဘာ့ဘဏ်သည် မြန်မာ အစိုးရကို ငွေကြေး အကူအညီ မပေးသည်မှာ ၁၉၈၇ ကတည်းက ဖြစ်ကြောင်း၊ ယခုလည်း မြန်မာ အစိုးရကိုသာမက အစုရှယ်ယာရှင်များနှင့် ဖွံ့ဖြိုးရေး ပါတနာများကို လည်းကောင်း ငွေကြေး အကူအညီများ ပေးလိမ့်ဦးမည် မဟုတ်ကြောင်း ရှင်းရှင်း လင်းလင်း ပြောကြားထားပြီး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ပူးပေါင်း ဆောင်ရွက်မှု အတွက် အကန့်အသတ် ရှိသည် ဆိုသော်လည်း ယခု ကမ္ဘာ့ဘဏ်၏ ပြန်လည် ဆက်ဆံလာခြင်းသည် ရှေ့ဆက်မည့် ခရီးအတွက် အရေးကြီးသော ခြေလှမ်း ဖြစ်ပါသည်။

          ယခုလို ပြန်လည် ဆက်ဆံလာခြင်းသည် ယခင်လို အခြေအနေမျိုး ပြန်မရနိုင်သေး သော်လည်း၊ ပစ်ပယ်ထားခြင်း ထက်စာလျှင် ပိုကောင်းသော အစီအစဉ် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ တာဝန်ရှိ အခြား ပုဂ္ဂိုလ်တစ်ဦးက ပြောပါသည်။

          ပြီးခဲ့သည့် နှစ်က မြန်မာ ဗိုလ်ချုပ်များနှင့် အမေရိကန် အာဏာပိုင်များကြား ဆက်ဆံရေး တိုးတက်လာခြင်းကြောင့် ယခု ကမ္ဘာ့ဘဏ်ကလည်း လိုက်၍ ရွေ့လာခြင်း ဖြစ်ပါသည်။

          ယခင် အမေရိကန်တို့၏ အထီးကျန် ပစ်ပယ်ထားရေး မူဝါဒသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် အလုပ်မဖြစ်သောကြောင့် Obama အစိုးရသည် အဆင့်မြင့် ပုဂ္ဂိုလ်များ ဆက်ဆံရေးကို ပြန်လည် ထူထောင်ပြီး မြန်မာ အစိုးရကို ပြုပြင် ပြောင်းလဲရေး အတွက် မက်လုံးများ ပေးခဲ့ပါသည်။ ဥရောပ သမဂ္ဂကလည်း လူသားချင်း စာနာသော အကူအညီများ ပိုမို ထိရောက်စွာ ပေးရန် စီစဉ်လာပါသည်။

          သို့သော် ယခု အချိန် အထိတိုင်အောင် မြန်မာ ဗိုလ်ချုပ်များသည် ၎င်းတို့၏ မြို့တော်သစ် နေပြည်တော်ရှိ ဘန်ကာကျင်းများ၌သာ အောင်းလျက် ရှိပြီး ပျော့ပျောင်းသည့် အသွင်သဏ္ဍာန် အနည်းငယ်ကိုသာ ပြသလျက် ရှိပါသည်။

          အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် ထားရှိမှုကို သက်တမ်းတိုး ခဲ့ပါသည်။ သတင်းစာ ဆရာများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် အစိုးရ ဆန့်ကျင်သူများကိုလည်း ဖမ်းဆီးနေဆဲ ဖြစ်ပါသည်။ သုံးသပ်သူ အနည်းငယ်ကသာ ရွေးကောက် ပွဲသည် ဒီမိုကရေစီ ရလဒ်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်နေပါသည်။

          လတ်တလော ကမ္ဘာ့ဘဏ်နှင့် ဆွေးနွေးလျက် ရှိသော စီမံချက်များတွင် နိုင်ငံ၏ ခေတ်မမီ တော့သော နိုင်ငံတော် ငွေစာရင်း (National Account) ကို ပြုပြင် ပြောင်းလဲရေး ပါဝင်ပါသည်။ အဆိုပါ ငွေစာရင်း ပုံစံသည် ၁၉၆၈ ခုနှစ်က စံနှုန်းသာ ရှိပါသည်။

          ကမ္ဘာ့ဘဏ်သည် နိုင်ငံရေးအရ ဖိနှိပ်မှုကြောင့် ငွေကြေး အကူအညီများ မပေးဟု ဆိုသော်လည်း၊ မြန်မာ အစိုးရ ကိုယ်တိုင် ငွေကြေး အကူအညီများ မရယူမီ ဖြေရှင်းရမည့် ပြဿနာ ရှိနေပါသည်။ မြန်မာ အစိုးရသည် နိုင်ငံတကာ ငွေကြေးအဖွဲ့များသို့ ပေးရန် အကြွေး ဒေါ်လာ သန်း (၃၀၀)  ရှိနေပါသည်။

          "သူတို့ကလည်း နားလည်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စည်းမျဉ်းတွေကို သိပါတယ်။ သူတို့ ပေးရန် ရှိတာတွေကို မရှင်း မချင်း ကျွန်တော်တို့ ငွေမချေးပါဘူး" ဟု ၎င်းက ပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Ba Kaung, 28th January 2009

မကြာသေးမီက ပြည်ထဲရေး ဝန်ကြီးက သူမအား လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု မှတ်ချက်ပေးမှုသည် လက်ရှိ တရားရုံးချုပ်တွင် အယူခံဝင်သည့် လုပ်ငန်းစဉ်တွင် အနှောင့်အယှက် အတားအဆီး ဖြစ်စေကြောင်း ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရှေ့နေနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်ပါသည်။

ရှေ့နေ ဦးဥာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသပတေးနေ့က နေ့လည် (၁) နာရီ မှ (၃) နာရီခွဲအထိ တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် သူမက သူမကို လွှတ်ပေးမည့် သတင်းသည် နောက်ဆုံး အယူခံဝင်ရာတွင် တရားရုံးမှ ဆုံးဖြတ်ချက် ချမည့် အရေးကို နှောင့်နှေးစေမည် ဖြစ်ကြောင်း ပြောသည်ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုလို ဗဟို တရားရုံး၌ ဆုံးဖြတ်ပေးရန် ကြန့်ကြာနေချိန်တွင် ဗိုလ်ချုပ် မောင်ဦး၏ မှတ်ချက်သည် လုံးဝ သင့်တော်ခြင်း မရှိကြောင်း ပြောခဲ့သည်ဟု သူမ၏ ရှေ့နေက ပြောပါသည်။

သူမသည် ထိုအကြောင်းနှင့် ပတ်သက်၍ သူမ၏ အမြင်ကို ပြောရာတွင် ပြင်းထန်သော စကားလုံးများကို သုံးခဲ့သည်ဟု ၎င်းက ပြောပါသည်။

ဗိုလ်ချုပ် မောင်ဦးသည် အဆိုပါ ဒေသ အာဏာပိုင်များကို ပြောကြားရာတွင် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည် ဖြစ်ပြီး၊ လိမ်ညာမှုများ ရှိမည်မဟုတ်ဟုလည်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် ဗဟို တရားရုံးတွင် သူမ ပြစ်ဒဏ်အတွက် အယူခံဝင်ရာ၌ နောက်ဆုံး ထွက်ဆိုချက် ပေးခဲ့ပါသည်။ ဆုံးဖြတ်ချက်ကို တစ်လအတွင်း ချလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ဦးဥာဏ်ဝင်းက ပြောကြားရာတွင် သူမ၏ အယူခံဝင်မှု ဆက်လက် ပြုလုပ်ရာတွင် လိုအပ်သည့် တရားဝင် လုပ်ဆောင်ချက်များ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြောင်း ဆိုပါသည်။ ထို့အပြင် သူမနှင့် အိမ်ပြင်ဆင်ရေး ရပ်ဆိုင်းထားမှု၊ သူမ၏ အစ်ကို အောင်ဆန်းဦး၏ ကန့်ကွက်မှုအရ ရပ်ဆိုင်းထားရခြင်း တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

သူမ၏ အိမ် ပြင်ဆင်ခြင်းကို ကန့်ကွက်ခြင်း၏ နောက်ကွယ်တွင် မရိုးသားမှု သော်လည်းကောင်း၊ လျှို့ဝှက်၍ စီစဉ်သော အကြောင်းများ ရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သံသယ ရှိနေကြောင်း ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မလုံခြုံသော အိမ်တွင် နေနေရကြောင်း၊ အိမ်ပြင်ဆင်ရန် မျက်နှာကြက်အား ဖျက်ထားကြောင်း ဦးဥာဏ်ဝင်းက ပြောပါသည်။

မိုးရွာလျှင် တစ်အိမ်လုံး မိုးစိုကုန်မှာ ဖြစ်ကြောင်း၊ သို့သော် သူမက ဘာမျှ စောဒက တက်ခြင်း မရှိကြောင်း ဦးဥာဏ်ဝင်းက ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်ကြောင်း ၎င်းက ပြောပါသည်။

အိမ်ပြင်ဆင်ခြင်းကို ကန့်ကွက်စာ မိတ္တူကူးယူ ခွင့်ပြုရန် ရန်ကုန် စည်ပင်သာယာသို့ တောင်းဆိုရာ၊ မည်သည့် အကြောင်းပြန်မှုမျှ မရရှိကြောင်း ဦးဥာဏ်ဝင်းက ပြောပါသည်။ မိမိတို့ ရန်ကုန်စည်ပင်ကို ကန့်ကွက်မှုသည် ဥပဒေနှင့် မညီညွတ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ တိုးချဲ့မည့် အစီအစဉ်များနှင့် ပါတီကို အင်အား တောင့်တင်း စေနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 27th January 2010

ဂျပန်နိုင်ငံ၏ ပို့ကုန်လုပ်ငန်းသည် ပြီးခဲ့သော ဒီဇင်ဘာလတွင် ၁၅လ တာ ကာလအတွင်း ကထမဆုံးအကြိမ် အဖြစ် မြင့်တက်ခဲ့ပြီး အထူးသဖြင့် အာရှနှင့် တရုတ် ဈေးကွက်၏ ဝယ်လိုအားကြောင့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု တရားဝင် စာရင်းဇယားများ အရ တွေ့ရှိရပါသည်။

ပို့ကုန်လုပ်ငန်းမှ ယန်းငွေ ၅.၄ ထရီလီယံ (ဒေါ်လာ ၆၀ ဘီလျံ သို့မဟုတ် ပေါင်စတာလင် ၃၇ ဘီလျံ ) ရရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ကထက် ၁၂.၁ % တက်လာခြင်း ဖြစ်သည်။ အာရှ သို့ တင်ပို့မှုသည် စုစုပေါင်း၏ သုံးပုံ တစ်ပုံခန့် မြင့်တက်ခဲ့ပါသည်။

ဂျပန်၏ အကြီးဆုံး ပြည်ပ ပို့ကုန်ဈေးကွက် ဖြစ်သော အမေရိကန်၏ နေရာကို တရုတ်က ရောက်ရှိလာခဲ့သည် ဟုလည်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက ပြောကြားပါသည်။

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဂျပန်ကိုလည်း တရုတ်က ဖြတ်ကျော် တက်လျက် ရှိသည်ဟု သိရပါသည်။

ဂျပန်နိုင်ငံ၏ သွင်းကုန် လုပ်ငန်းမှာ ၅.၅ % ကျဆင်းကာ ယန်းငွေ ၄.၉ ထရီလီယံ ရှိခဲ့သောကြောင့် ဒီဇင်ဘာလတွင် ကုန်သွယ်ရေး ပိုငွေပြမှု  ၅၄၅.၃ ဘီလျံဖြင့် အမြင့်ဆုံးသို့ ရောက်ခဲ့ပါသည်။

အာရှကို ပစ်မှတ်ထား

ဂျပန်သည် ၎င်း၏ ပို့ကုန်လုပ်ငန်း ကြီးထွားအောင် မောင်းနှင်ရာတွင် အာရှတိုက်ကို ဆက်လက် မှီခိုရလိမ့်မည်ဟု အကဲခတ်များက ပြောကြားပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ အများစုတွင် စီးပွားရေး နာလံထမှုကို မြင်တွေ့နေရပြီ ဖြစ်သော်လည်း အဆင့်မြင့် စီးပွားရေး ကဏ္ဍ တိုးတက်မှုများမှာ ယိုင်နဲ့ နေဆဲ ဖြစ်သည် ဟု Norin chukin Research Institute မှ တာကီရှီ မီနာမီ က သုံးသပ်ပါသည်။

အဆိုပါ နိုင်ငံများ၏ ခိုင်မာ ဖွံ့ဖြိုးမှု အပေါ် အလွန်အမင်း မှီခိုရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အာရှသို့ ကုန်ပစ္စည်း တင်ပို့မှု အပေါ်တွင် ဂျပန်၏ ပို့ကုန် လုပ်ငန်းကို ဆက်လက် အာရုံ စူးစိုက် သွားရပါလိမ့်မည် ဟု ၎င်းက ဆိုပါသည်။

ပို့ကုန် လုပ်ငန်းဖြင့် မောင်းတင်လာခဲ့သော ဂျပန် စီးပွားရေးသည် ယခင်နှစ် ဧပြီ - ဇွန် လေးလပတ် ကာလတွင် စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်လာခဲ့ သော်လည်း နာလန်ထ အပြီး သန်စွမ်း ခိုင်မာမှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်စရာများ ရှိနေဆဲ ဖြစ်ပါသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျပန် ဗဟိုဘဏ်သည် ၎င်း၏ အဓိက အတိုးနှုန်းကို  ၀.၁ % တွင် သတ်မှတ်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးသည် ငွေဖောင်းပွမှုများ၊ ဈေးနှုန်း ကျဆင်းမှုများကို နောက်ထပ်   ၃ နှစ်မျှ ဆက်လက် ရင်ဆိုင် ကြုံတွေ့ရလိမ့်မည်ဟု သတိပေး ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, 27th January 2009

နာမည်ကျော် ဟာသ သရုပ်ဆောင် ဇာဂနာသည် ဗုဒ္ဓဟူးနေ့က ကျရောက်ခဲ့သော ၎င်း၏ မွေးနေ့ကို မြန်မာနိုင်ငံ မြောက်ပိုင်း မြစ်ကြီးနား အကျဉ်းထောင် သံတိုင်များ၏ နောက်တွင် နှစ်နှစ် ဆက်တိုက် ဖြတ်သန်းခဲ့ရပြီး ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ဘုန်းကြီးကျောင်းတွင်မူ အစိုးရ ဆန့်ကျင်သူများ၏ အုပ်စုငယ်လေးက ၎င်း၏ (၄၉) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြု ကျင်းပခဲ့ကြပါသည်။

"ကိုဇာဂနာရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ဒီနေ့ မနက် ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ပါတယ်ဟု ပြောကြားသူမှာ နာမည်ကျော် သီးလေးသီး အငြိမ့်မှ လူရွှင်တော် ဂေါ်ဇီလာ ဖြစ်ပါသည်။ သူက ပြည်သူလူထု အတွက် အမှန်တကယ် စွန့်လွှတ်ခဲ့တဲ့သူပါ။ သူနဲ့တကွ သူ့လိုဘဲ စွန့်လွှတ်ဝင့်တဲ့ သူတွေကို အသက်ရှည်ပါစေ၊ ဘေးကင်းပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

ဇာဂနာ ခယ်မ မငြိမ်းက ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့ရာ၌ ဇာဂနာသည် အရေပြား ယားနာရောဂါ ဖြစ်ပွားနေကြောင်း၊ ၎င်းအား ၂၀၀၉ ဒီဇင်ဘာ (၇) ရက်က ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ အခြားသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကဲ့သို့ပင် ယခုနှစ်အတွင်း လွတ်မြောက်လာရန် မျှော်လင့်ထားသော်လည်း အရာအားလုံးသည် မြန်မာ အာဏာပိုင်များ ပေါ်တွင်သာ တည်နေသည်ဟု ဆိုပါသည်။

"ဇာဂနာက ယုံကြည်ချက် ပြည့်ဝပြီး အလွန်ပျော်တတ်တဲ့ လူတစ်ယောက်ပါ။ သူက အနုပညာရှင် စစ်စစ်ဖြစ်ပြီး သူ့ရဲ့ပြောင်မြောက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို အရမ်း လေးစားပါတယ်" ဟု နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် ကျော်သူက ပြောကြားပါသည်။

ဇာဂနာသည် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖျက်ဆီးခဲ့သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ လူသားချင်း စာနာထောက်ထားသော ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင် ပတ်သက်မှုဖြင့် ထောင်ဒဏ် (၃၅) နှစ် ကျခံနေရခြင်း ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများ အတွက် နှစ်ပေါင်းများစွာပင် ဆူးတစ်ချောင်း သဖွယ်ဖြစ်ခဲ့ပြီး ၎င်း၏ ထက်မြက်သော ဟာသဥာဏ်၊ ထိရောက်သော နိုင်ငံရေး ပြက်လုံးများဖြင့် အစိုးရအား အဆက်မပြတ် ဝေဖန် သရော် ခဲ့ပါသည်။

နိုင်ငံရေး လောကအတွက် ကိုသူရ (ခေါ်) ဇာဂနာအား မွေးဖွားပေးခဲ့သော မိဘများမှာ နာမည်ကြီး စာရေးဆရာများ ဖြစ်သော နန်းညွန့်ဆွေ နှင့် ဒေါ်ကြည်ဦးတို့ ဖြစ်ပါသည်။

ဇာဂနာသည် ၁၉၈၅ တွင် ရန်ကုန် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် မွှေးညှပ် ဟု အဓိပ္ပာယ် ရသည့် ဇာတ်ခုံအမည် "ဇာဂနာ" ကို ခံယူ၍ အပျော်တမ်း လူရွှင်တော် အဖြစ် ရန်ကုန် တက္ကသိုလ်တွင် ၁၉၈၆ အထိ ကပြခဲ့ပြီးနောက် မြပုဏ္ဏမာအငြိမ့်ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ကာလတွင် ၎င်း၏ သံချပ်များကြောင့် လျင်မြန်စွာ လူသိများ လာပါသည်။

ထိုစဉ်က အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း နှင့် အပေါင်းအပါများအား သူတောင်းစား အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန် သရော်ခဲ့သောကြောင့် ထွက်ပြေး ရှောင်တိမ်း ခဲ့ရပါသည်။

ထို့နောက် ၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် တော်လှန်အုံကြွမှုတွင် ပါဝင်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၅) နှစ်ခန့် ကျခံခဲ့ရပါသည်။

၁၉၉၇ မှ ၂၀၀၆ အတွင်းတွင် အငြင်းပွားဖွယ် ဗီဒီယို အထောက်အထားများ ရိုက်ကူးခြင်း၊ ပြည်ပ မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်ခြင်းတို့ကြောင့် အငြိမ့်ပွဲများ ကပြခြင်း မပြုရန် စစ်ဖက် အာဏာပိုင်များက မကြာခဏ တားဆီး ပိတ်ပင် ခဲ့ပါသည်။

ဇာဂနာသည် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို အခြေခံ၍ ဇာတ်ညွှန်း ရေးသားခဲ့သလို၊ ပြည်တွင်း NGO များ၏ အကူအညီဖြင့် HIV နှင့် AIDS ရောဂါအကြောင်း ဗီဒီယို ဇာတ်လမ်းတို (၃) ပုဒ် နှင့် ရုပ်ရှင်တစ်ကား ရိုက်ကူးခဲ့ပါသည်။

၎င်းသည် အက၊ သီချင်း၊ ပြဇာတ်၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဆက်စပ်သည့် လူရွှင်တော် ပြက်လုံးများဖြင့် တွဲဖက် တင်ဆက်သည့် အငြိမ့်ပွဲများကို တင်ဆက် ကပြခဲ့ပြီး ပြည်သူတို့၏ နေ့စဉ် ဘဝ အမောများကို ဖြေသိမ့်ရန် ကြိုးစားခဲ့သည့် အတွက် ပိုမို လူသိများ ကျော်ကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဆင်ဆာအဖွဲ့ကို အဆက်မပြတ် ဆန့်ကျင် တွန်းအား ပေးခဲ့သော ဇာဂနာသည် သီးလေးသီး အငြိမ့်ကို ဖွဲ့စည်း တည်ထောင်ကာ ရန်ကုန်တစ်ခွင်၌ အများဆုံး တင်ဆက် ကပြခဲ့ပြီး စစ်ဖက် အစိုးရကို လှောင်ပြောင် သရော်သော ပြက်လုံးများဖြင့် အားပေးသူ ပရိသတ်ကို နှစ်သက် ရွှင်လန်းစေခဲ့ပါသည်။

၁၉၉၁ တွင် ဇာဂနာသည် Lillian Hellman and Dashiel Hammett Award ဆုကို လက်ခံ ရရှိခဲ့ပြီး အဆိုပါဆုကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က ဖွဲ့စည်းထားသည့် ကော်မတီတစ်ခု ဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့် ဆိုင်ရာ ရန်ပုံငွေအဖွဲ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ၂၆ တွင်မူ နိုင်ငံလုံးကျွတ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ထပ်မံ ဖမ်းဆီးခြင်း ခံရပါသည်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ရန် ပြင်ဆင်ထားကြသော ဇာဂနာနှင့် ၎င်း၏ မိတ်ဆွေ သရုပ်ဆောင် ကျော်သူတို့သည် ဆန္ဒပြ ဘုန်းတော်ကြီးများအား အစားအသောက်နှင့် သောက်ရေများ လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် ပြည်ပမီဒီယာများနှင့် အင်တာဗျူးတွင်လည်း ဘုန်းတော်ကြီးများကို အားပေး ထောက်ခံကြရန် ပြည်သူလူထုကို တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။

ထိုမှတစ်ဖန် ၂၀၀၈ မေလဆန်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ် မုန်တိုင်း ဝင်ရောက် ဖျက်ဆီးသွားသောအခါ အသက်ရှင် ကျန်ရစ်သူများအား ကယ်ဆယ် ထောက်ပံ့ရေး အတွက် ဇာဂနာသည် စေတနာ့ဝန်ထမ်း (၄၀၀) ခန့်ကို စည်းရုံး ဖွဲ့စည်းခဲ့ပါသည်။

၂၀၀၈  ဇွန်လ (၄) ရက်တွင် ဇာဂနာအား ၎င်း၏ နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး သူ၏ ကွန်ပျူတာ၊ အမေရိကန် ဒေါ်လာ (၁၀၀၀) ခန့်၊ နာဂစ် ဆိုင်ကလုန်းကြောင့် ပျက်စီးမှုများကို ရိုက်ကူးထားသော CD၊ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အငယ်ဆုံး သမီး မင်္ဂလာဆောင်ကို ရိုက်ကူးထားသော CD၊ Rambo-4 CD များကို အာဏာပိုင်များက သိမ်းဆည်း သွားကြပါသည်။ Rambo-4 သည် ဟောလီးဝုဒ် ရုပ်ရှင်မင်းသား ဆီလ်ဗက်စတာ စတားလုံးက မြန်မာ စစ်တပ်နှင့် တိုက်ခိုက်၍ ဓားစာခံများ ကယ်တင်သော ရုပ်ရှင် ဇာတ်လမ်း ဖြစ်သည်။

ထို့နောက် ၂၀၀၈ နိုဝင်ဘာတွင် ဇာဂနာအား ထောင်ဒဏ် (၅၉) နှစ် ချမှတ်ခဲ့ပြီး သူ၏ မိသားစုက အယူခံခဲ့မှုကြောင့် ရန်ကုန်တိုင်း တရားရုံးက ထောင်ဒဏ် (၃၅) နှစ်သို့ လျှော့ချ ပေးခဲ့ပါသည်။ ၂၀၀၈ ဒီဇင်ဘာတွင်မူ ၎င်းအား မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပါသည်။

၎င်းအား ပြစ်ဒဏ် မချမှတ်မီ တစ်လခန့် အလိုတွင် PEN ကနေဒါက လူသားချင်း စာနာ ထောက်ထားသော ဆု ချီးမြှင့်ခဲ့ပြီး ဇာဂနာအား ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.