Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 11th March 2010

လက်ရှိ မြန်မာ အစိုးရက ပံ့ပိုးပေးနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ အဓိက ခေါင်းဆောင်များသည် လာမည့် ရက်ပိုင်းအတွင်း နိုင်ငံရေး ပါတီအသစ် တစ်ခု ဖွဲ့စည်းတော့မည်ဟု ရန်ကုန် သတင်းရပ်ကွက်မှ သိရှိရသည်။

လွန်ခဲ့သော တစ်ပတ်က ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးချုပ်များ ပါဝင်သော စစ်ဖက် အရာရှိကြီးများသည် ၎င်းတို့၏ လက်ရှိ ရာထူးမှ နှုတ်ထွက်၍ ၎င်းတို့ ရထားသော ကားနှင့် အိမ်စသော နိုင်ငံပိုင် ပစ္စည်းများကို အစိုးရထံ ပြန်လည် အပ်နှံခဲ့ကြသည်ဟု ဆိုပါသည်။

နိုင်ငံရေးပါတီ အဖွဲ့ဝင်များသည် အစိုးရပိုင် ပစ္စည်းများ သုံးစွဲခွင့်မရှိဟု ရွေးကောက်ပွဲ ဥပဒေသစ်တွင် ဖော်ပြထားသည်။

တပ်မတော် အရာရှိဟောင်းများကို ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၏ ဥက္ကဋ္ဌ ရာထူး ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။ ၎င်းတို့သည် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီသစ် ကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းပြီးသည်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း USDA နောက်ခံ ပါတီကို မှတ်ပုံတင်လိမ့်မည်ဟု ယုံကြည်ရသော သတင်းရပ်ကွက်က ဆိုသည်။

အစိုးရ ဝန်ကြီး အနည်းဆုံး ၁၈ ယောက်ခန့် ရာထူးများမှ နှုတ်ထွက်၍ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း၏ နိုင်ငံရေး ပါတီသို့ ဝင်ရောက် ကြမည်ဟု NLD ဝါရင့် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦး၏ အဆိုအရ သိရမည်။

ကြသပတေးနေ့က ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း တာဝန်ခံများနှင့် အင်တာဗျူး ပေါင်းများစွာ ပြုလုပ်ခဲ့ရာတွင် ရန်ကင်း မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ နှင့် ပဲခူး စသော ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များမှ စည်းရုံးရေးမှူးများအား မြို့နယ် အုပ်ချုပ်ရေးရုံးတွင် အစည်းအဝေး တက်ရန် ကြာသပတေးနေ့တွင်     ဆင့်ခေါ်ထားသည်ဟု သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရ ခေါင်းဆောင်များ၏ လမ်းညွှန်မှုကို ခံယူသော လူမှုရေး အသင်း အဖွဲ့အဖြစ် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၎င်းအသင်းကို ပံ့ပိုးထောက်ခံသူမှာ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ အတွင်း အစိုးရ ဝန်ထမ်းများနှင့် ကျောင်းသူ ကျောင်းသားများကို ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းသို့ ဝင်ရန် အတင်းအကြပ် ဖိအားပေး စည်းရုံးခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း၏ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ယူထားသူ ဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲ နိုင်သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ဖူးသည်။

"ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဖွံ့ဖြိုးနေဆဲ အဆင့်လို့ ထင်ပါတယ်" ဟု ရန်ကုန်သား တစ်ဦးက ဆိုသည်။ "ဒီမှာက အများကြီး ရှုပ်ရှက်ခပ်နေတယ်၊ ပါတီကို ဘယ်နေရာမှာ မှတ်ပုံတင်ရမလဲလို့ လူတွေကို ပြန်မေးနေတဲ့သူလည်း ရှိတယ်" ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲ ဥပဒေကို စတင် ကြေညာသည့် မတ်လ ၈ရက်မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီများ အားလုံး မှတ်ပုံတင်ရမည်ဟု ရွေး ကောက်ပွဲ ဥပဒေက ဆိုသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းခံ တိုင်းရင်းသား ခေါင်းဆောင်များ၊ အကျဉ်းခံ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို လာမည့် ရွေး ကောက်ပွဲမှ ဖယ်ထုတ်ရန် တမင် ရည်ရွယ်ရေးဆွဲ ဖော်ပြထားသည့် ဥပဒေဖြစ်၍ အတိုက်အခံ အုပ်စုများ ပြင်းထန်စွာ ကန့်ကွက် နေသည့်ကြားမှ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဥပဒေမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news, 12th March 2010

ဒေသတွင်း ၁၀ ရက် ခရီးစဉ် လတ်တလော လှည့်လည်နေသော အရှေ့အာရှ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက အတည်ပြု ပြောဆိုသည်။

သောကြာနေ့တွင် မလေးရှားမှ ဘရူနိုင်းသို့ ကူးမည့် Kurt Campbell သည် လက်ရှိတွင် အရှေ့တောင် အာရှ နိုင်ငံများသို့ ခရီးလှည့်လည်ကာ အပြန်အလှန် ဆက်ဆံရေး များကို ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံသို့ ၎င်းလာရောက်နိုင်ချေ ရှိသည့် ခရီးစဉ်ကို မိမိတို့ ဆွေးနွေးနေကြောင်း ရန်ကုန် အမေရိကန် သံရုံးက ပြောကြားသည်။

အလားအလာရှိသော ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု သံရုံးအရာရှိက မဇ္ဈိမသို့ ပြောကြားသည်။

Campbell သည် အမေရိကန် အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ၁၄ နှစ် အတွင်း ပထမဆုံး ခရီးစဉ် အပြစ် ၂၀၀၉ နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဖြစ်သည်။ အမေရိကန်ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းရေး ဝါဒသစ်ကို ကြေညာပြီးနောက် ပထမဆုံး အကြိမ်လာရောက်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဘွတ်ရှ် အစိုးရ၏  မြန်မာနိုင်ငံ မူဝါဒသစ်ကို ဝါရှင်တန်က မနှစ်က ပြောင်းလဲခဲ့ပြီး အရေးယူ ပိတ်ဆို့ရေးနှင့် တွေ့ဆုံညှိနှိုင်းရေးကို တပြိုင်နက် စတင် ကျင့်သုံးခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း မပြုနိုင်အောင် ပိတ်ပင်ထားသည့် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အပေါ် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ဗုဒ္ဓဟူးနေ့ ကွာလာလမ်ပူတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Campbell က ပြောကြားခဲ့သည်။

''ယခု အချိန်အထိ တွေ့ရသမျှမှာ စိတ်အနှောက်အယှက် ဖြစ်စရာများ ဖြစ်နေ၍ စိတ်မကောင်း ဖြစ်မိကြောင်း၊ ရွေးကောက်ပွဲများ မတိုင်ခင် ကြိုတင်၍ ပြည်တွင်း တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်မြောက်ရန် မြန်မာ အစိုးရက ကြိုးစားသည်ကိုသာ မိမိတို့ မြင်တွေ့လိုကြောင်း'' Campbell က ရှင်းလင်း ပြောကြားခဲ့သည်။

မတ်လ ၇ ရက်နေ့ စင်္ကာပူ နိုင်ငံ မှ စတင်ခဲ့သော Campbell ၏ အာရှ ခရီးစဉ်တွင် ထိုင်း၊ လာအို၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် တိုကျိုတွင် ရပ်နားရန် စီစဉ် ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, By Stephanie Nebehay, 11th March 2010

မြန်မာ အစိုးရ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လူသားချင်း စာနာမှု မရှိသည့် ရာဇဝတ်မှုများကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအပေါ် စုံစမ်း စစ်ဆေးသူ ကုလသမဂ္ဂမှ ပုဂ္ဂိုလ်က ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။

စစ်အစိုးရသည် အခြေခံ လွတ်လပ်ခွင့်များ အပေါ် လက်ခံနိုင်ဖွယ် မရှိလောက်အောင် စနစ်တကျ ကျူးလွန်လျက် ရှိနေသေးကြောင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားခဲ့ပါသည်။

အဆက်မပြတ် သတင်းပေးပို့မှုများအရ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများသည် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးမှ ထုတ်ပြန်ထားသော လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများဆိုင်ရာ ဥပဒေများနှင့် ငြိစွန်းနိုင်ဖွယ် ရှိကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ Mr. Quintana တင်သွင်းသော စာမျက်နှာ (၃၀) ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးလှုပ်ရှားသူများ၏ အဖွဲ့များက ၎င်း၏ တင်ပြမှုကို ကြိုဆိုခဲ့ကြပြီး၊ ၁၉၉၂ ခုနှစ်က စ၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်ရန် ကုလသမဂ္ဂက စတင်ဆုံးဖြတ်ချိန်မှ စ၍ ယခုကဲ့သို့ မကြုံဖူးကြောင်း ပြောဆိုခဲ့ကြသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အစိုးရကို ဆန့်ကျင်သူများအား အစုလိုက် အပြုံလိုက် ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံရသူများကို သေစေခြင်း၊ နှိပ်စက်ခြင်း၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရှိခြင်းတို့ အပြင် အဓမ္မ လုပ်အားပေးစေမှုများ ပါဝင်ကြောင်း ပြီးခဲ့သည့် လက မြန်မာနိုင်ငံသို့ တတိယ အကြိမ်လာရောက်ခဲ့သော အာဂျင်တီးနား ရှေ့နေ Quintana ၏ အစီရင်ခံချက် အရ သိရှိရပါသည်။

မြန်မာ အစိုးရသည် အဆိုပါ ကျူးလွန်မှုများကို စုံစမ်း စစ်ဆေးရန် ပျက်ကွက်ခဲ့သောကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်ကြောင်း ဖော်ပြနိုင်ရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့၍ စစ်ဆေးရန် အာဏာ အပ်နှင်းရေး စဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကျူးလွန်မှုများတွင် အစိုးရ မူဝါဒများအရ အုပ်ချုပ်ရေးပိုင်း၊ စစ်တပ်ပိုင်း၊ တရားစီရင်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ပါဝင် ပတ်သက်နေကြောင်း အထောက်အထားများ  ရှိ သည် ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံရေးအရ ဆန့်ကျင်သူများ၊ သတင်းစာဆရာများ၊ ရှေ့နေများ၊ ကျောင်းသားများနှင့် ဘုန်းတော်ကြီးများ ပါဝင်သော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်အား လွှတ်ပေးရန် Quintana က တောင်းဆိုခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း နိုင်ငံရေး အကျဉ်းသား အရေအတွက် နှစ်ဆတိုးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ထိန်းသိမ်း ခံနေရသူများတွင် တစ်ဦး အပါအဝင် ဖြစ်နေသည်။

၎င်းက သူမ၏ နေအိမ်အကျယ်ချုပ် ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး သူ၏ နောက်ဆုံးခရီးစဉ်တွင် သူမနှင့် တွေ့ဆုံခွင့် မရခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

မြန်မာ အစိုးရသည် ၂၀၀၃ ခုနှစ် ကတည်းက ပိတ်ထားခဲ့ရသော သူမ၏ NLD ပါတီရုံးခွဲများကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ရန်ကုန်တွင် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

လွတ်လပ်စွာ ဖော်ပြခွင့်၊ ဖွဲ့စည်းခွင့်၊ စုဝေးခွင့် မရှိသောကြောင့် နိုင်ငံတကာ စံများနှင့် မညီဘဲ၊ လွတ်လပ်၍ တရားမျှတသော၊ လွတ်လပ် ပွင့်လင်းသော၊ အားလုံးပါဝင်သော ရွေးကောက်ပွဲ ဖြစ်လိမ့်မည် မဟုတ်ဟု Quintana က ထုတ်ဖော်ပြောခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသဖြင့် ရွေးကောက်ပွဲတွင် ပါတီများ တရားမျှတစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် လုံလောက်သော အချိန်ပေးနိုင်လိမ့်မည် မဟုတ်ဟု သံသယများ ရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရကို ဝေဖန်မှုများအား ခွင့်မပြုဘဲ၊ သတင်းစာ ဆရာ ၁၂ ဦးနှင့် blogger အများအပြား ထောင်ထဲတွင် ရှိနေကြောင်း လွတ်လပ်သော စုံစမ်းသူတစ်ဦး၏ အဆိုအရ သိရှိရသည်။

ထောင်ထဲတွင် သေဆုံးမှုများသည် အချက်ပေး ခေါင်းလောင်းသံမြည်သည့် အဆင့်သို့ ရောက်နေ၍ စိုးရိမ်ရကြောင်း Quintana က ဆိုသည်။ ထောင်ထဲတွင် အစာရေစာများ ဖြတ်ထားခြင်း၊ ဆေးကုသပေးရန် ငြင်းဆန်ခြင်းတို့ကို ထောင်သားများအား အပြစ်ဒဏ်ပေးခြင်း တစ်မျိုး အဖြစ် အသုံးပြုသည်။ နိုင်ငံရေး အကျဉ်းသား (၁၃၀) ခန့် အထိ ကျန်းမာရေး အခြေအနေ ဆိုးနေကြောင်း Quintana က ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 11th March 2010

ရွေးကောက်ပွဲ ဥပဒေကို ကြေညာပြီး ရက်ပိုင်း အကြာတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သစ်ကို မြန်မာအစိုးရက ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံပိုင် ရုပ်သံလိုင်းနှင့် ရေဒီယိုမှ ကြေညာချက်တွင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင် အဖွဲ့ဝင် ၁၇ ဦးကို ခန့်အပ်သည့် အမိန့်ကို အစိုးရက ထုတ်ပြန်ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

ယခုနှစ် အတွင်း တစ်ချိန်ချိန်တွင် ကျင်းပပေးမည်ဟု အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲများ ကျင်းပမည့်ရက်ကို ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲများကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကျင်းပဖွယ် ရှိသည်ဟု အကဲခတ်များက ခန့်မှန်းထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By SAW YAN NAING, 12th March 2010

ပြီးခဲ့သည့် သောကြာနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခေါင်းဆောင် ရှစ်ဦးနှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ နယ်ခြားစောင့်တပ် ပြောင်းရေးအတွက် ဆုံးဖြတ်ရန် တွေ့ဆုံခဲ့ကြောင်း KIO နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သတင်းများအရ သိရှိရသည်။

မြန်မာဗိုလ်ချုပ်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး သဘောတူ၊ မတူ အဖြေကိုသာ သိလိုကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

သို့သော် KIO က ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်လိုသေးကြောင်း KIO နှင့် နီးစပ်သော မာလ ၏ အဆိုအရ သိရှိရသည်။

KIO အဖွဲ့ကို KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်ဆိုင်းက ခေါင်းဆောင်သည်ဟု သတင်းများက ဆိုသည်။

KIO ခေါင်းဆောင်များ အနေဖြင့် ယခု အစည်းအဝေးတွင် သဘောတူညီမှု မရှိပါက မြန်မာ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပေါ် တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း သတင်းများ အဆိုအရ သိရှိရသည်။ မြန်မာစစ်တပ်သည် KIO ဋ္ဌာနချုပ် လိုင်ဇာနှင့် အနီးဝန်းကျင်တွင် ရွေ့လျားမှုများ ပြုလုပ်လျက် ရှိနေကြောင်း မြစ်ကြီးနားနှင့် လိုင်ဇာမှ လာသော သတင်းများအရ သိရှိရသည်။

အစိုးရဘက်မှ လာသော သတင်းများ အရ တိုင်းရင်းသား လက်နက်ကိုင်များ ရှိရာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မြန်မာစစ်တပ် အင်အား (၇၀၀၀၀) ကျော် ပို့ထားကြောင်း သိရှိရသည်။

စစ်တပ် ဖြည့်တင်းမှုကို မြင်တွေ့သော မျက်မြင် ကိုယ်တွေ့တစ်ဦးက စစ်ဖြစ်လာမည်ကို ကြောက်ရွံ့ကြောင်း ပြောခဲ့သည်ဟု သတင်းများက ဆိုသည်။

အစိုးရသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် မတ်လ (၁၅) ရက် နေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားသည်။ ထိုနေ့ ကျော်လွန်၍ သဘောတူညီမှု မရပါက မြန်မာစစ်တပ်သည် တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။

ဝေဖန်သုံးသပ်သူများ၏ အဆိုအရ အစိုးရသည် လာမည့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခကို ပြီးဆုံးလိုကြောင်း သိရှိရသည်။

တစ်ချိန်တည်းတွင် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းကလည်း မွန်ပြည်သစ် ပါတီ (NMSP) အား ယခု အပတ်အတွင်း နယ်ခြားစောင့်တပ် ကိစ္စ စကားပြောရန် ဖိတ်ခေါ်ထားသည်။

မွန်ပြည်သစ် ပါတီသည် ယခု အခါ ၎င်း၏ ဋ္ဌာနချုပ်တွင် ၎င်းတို့၏ စစ်တပ် ခေါင်းဆောင်များနှင့် အခြား ပုဂ္ဂိုလ်များကြား တစ်လကြာ အစည်းအဝေး ပြုလုပ်နေသည်။

မြန်မာ အစိုးရက NMSP အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လက အမိန့်ထုတ်ပြန်ခဲ့သော်လည်း NMSP က ငြင်းဆန်ခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့်လများအတွင်း NMSP နှင့် မြန်မာတပ်များအကြား တင်းမာမှုများ ဖြစ်လာခဲ့ပြီး မြန်မာတပ်ရင်း နှစ်ခုကို NMSP ထိန်းချုပ်ထားသော ဒေသများ အနီးတွင် ချထားခဲ့သည်ဟု သတင်းများ အဆိုအရ သိရှိရသည်။

KIO ၏ စစ်ရေးဋ္ဌာနခွဲ ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အသေအချာ လေ့ကျင့်ထားသော စစ်သားများ အပါအဝင် အင်အား ၂၀၀၀၀ ကျော် ရှိ သည်ဟု ဆိုပါသည်။ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သော ဝ တပ် (UWSA) သည် အင်အား ၂၅၀၀၀ ခန့် ရှိပြီး၊ မွန်ပြည်သစ် ပါတီ NMSP သည် အင်အား (၇၀၀) သာ ရှိပါသည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By The Associated Press, 12th March 2010

          သောကြာနေ့က အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်က ပြောဆိုရာတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် အစိုးရ၏ အပြုအမူများကို ကြည့်၍ မြန်မာအစိုးရနှင့် ဆက်ဆံရေး ပြုလုပ်မည့် ဝါရှင်တန်၏ မူဝါဒအသစ်သည် အောင်မြင်မှု ရရှိပုံမရဟု ပြောကြားလိုက်သည်။

          ယခုအပတ် မြန်မာအစိုးရ ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေအရ ထိန်းသိမ်းခံနေရသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းကြည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရမှုအပြင် သူမ၏ ပါတီတွင် ပါဝင်ခွင့် မရခြင်းသည် သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အလွန် အင်အားနည်းစေသည်။

          ယမန်နှစ်က အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ တင်းကြပ်သော မူဝါဒကို ပြန်လည် ပြင်ဆင်၍၊ မြန်မာအစိုးရနှင့် ဆက်ဆံရေး ပြုလုပ်၍ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အားပေး နိုင်လိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော် Obama အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်၍ သူမ၏ ပါတီအား ရွေးကောက်ပွဲတွင် ပါဝင်စေခြင်း ကဲ့သို့သော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအတွက် ခိုင်မာသော ခြေလှမ်းများ မရှိဘဲ အရေးယူမှုများကို ရုတ်သိမ်းမည် မဟုတ် ပြောခဲ့သည်။

          အမေရိကန်၏ ချဉ်းကပ်မှုမှာ အစိုးရနှင့် အဓိက နိုင်ငံရေး လှုပ်ရှားသူများအကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်စေရေးကို ရည်ရွယ်ခဲ့ကြောင်း၊ သို့သော် ယခု ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေအရ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ရန် အလားအလာ မရှိကြောင်း အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားခဲ့သည်။

          Campbell က Bangkok တွင် သတင်းထောက်များအား ပြောကြားရာ၌ အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရအပြင် ပြည်တွင်းရှိ ပါတီများ အားလုံးနှင့် ဆက်လက်၍ စကားပြောသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

          "ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ စိုးရိမ်စရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာ ဒါမျိုး မဟုတ်ပါဘူး" ဟု Campbell က ပြောသည်။ ၎င်း သည် ယခု အာရှ ၁၀ နိုင်ငံ ခရီးစဉ်တွင် သွားလာလျက် ရှိသည်။

          အစိုးရသည် နောက်ဆုံး ရွေးကောက်ပွဲ ဥပဒေကို ပြီးခဲ့သည့် သောကြာနေ့က ဖော်ပြခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က မတရားသော ဥပဒေအဖြစ် ဖော်ပြခဲ့သည်။

          "ဒေါ်အောင်ဆန်းစုကြည်က ဒီလို မတရားတဲ့ ဥပဒေမျိုး ထွက်လာမယ်လို့ လုံးဝ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ သူမက စိတ်မပျက်ပါဘူးလို့ ပြောပါတယ်" ဟု သူမ၏ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ကြာသပတေးနေ့က သူမ၏ နေအိမ်တွင် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

          သူမက အဆိုပါ စိန်ခေါ်မှုများသည် ပြတ်သားသော တုန့်ပြန်မှုများ ထွက်ပေါ်လာရန် အကြောင်း ဖြစ်ပြီး ပြည်သူများနှင့် ဒီမိုကရေစီ အင်အားစုများကို အဆိုပါ မတရားသော ဥပဒေများကို တညီတညွတ်တည်း တုန့်ပြန်ကြရန် တောင်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

          NLD ပါတီသည် ရွေးကောက်ပွဲတွင် ပါဝင်လိမ့်မည် ဆိုသည်ကိုမူ ဆုံးဖြတ်ခြင်း မရှိသေးပေ။ နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ရန် တနင်္လာနေ့မှ စ၍ ရက်ပေါင်း ၆၀ အချိန် ပေးထားသည်။

          ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အစိုးရရေးဆွဲထားသည့် ဒီမိုကရေစီ လမ်းပြမြေပုံ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ ဝေဖန်သူများက စစ်တပ်၏ အာဏာ ခိုင်မြဲရေးအတွက် လိမ်ညာ ရေးဆွဲထားသော အစီအစဉ်အဖြစ် ဖော်ပြကြသည်။ ပြီးခဲ့သည့် မေလက စစ်တပ် ကျောထောက်နောက်ခံ ပြုသော အခြေခံဥပဒေကို အတည်ပြုခဲ့ရာ အတိုက်အခံများက မူများတွင် မတရားမှုများ ရှိကြောင်း စွပ်စွဲခဲ့သည်။

          ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေတွင် ပြစ်မှု ကျူးလွန်ထားသူများသည် နိုင်ငံရေးပါတီဝင် မဖြစ်စေရဟု ဖော်ပြထားရာ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင် အရွေးခံရန် အကြုံးမဝင်စေရုံမျှမက၊ ပါတီဝင်အဖြစ် ပါဝင်ခွင့်မရစေရန်ပါ ရေးဆွဲထားသည်ကို တွေ့ရသည်။

          ကြာသပတေးနေ့က ထုတ်ပြန်သော ဥပဒေအရ သူမအား ဆန္ဒမဲပေးခွင့်ကို မပေးနိုင်အောင် ဖော်ပြထားပြန်သည်။ ကြာသပတေးနေ့က ဖော်ပြသော ဥပဒေ နှစ်ခုအရ ၁၉၈၉ ခုနှစ်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေကို ယခု ဥပဒေ အသစ်ဖြင့် ပယ်ဖျက်ခဲ့သည်။

          "သူတို့ဟာ ပါတီကို တဖြည်းဖြည်း ဖျက်ဆီးနေခဲ့တာပါ။ အခုတော့ အစွမ်းကုန် အားသုံးပြီး ဖျက်နေပါပြီ။ ဒါပေမဲ့ NLD ဟာ ဘယ်တော့မှ ပြိုလဲမှာ မဟုတ်ပါဘူး" ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

          အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားရာတွင် NLD ပါတီ၏ အဖွဲ့ဝင် ၄၂၉ ဦးသည် ထောင်ထဲတွင် ရှိပြီး၊ ထိုအထဲတွင် ၁၉၉၀ ရွေးကောက်ပွဲက အရွေးခံရသော ပါလီမန် အမတ်လောင်း ၁၂ ဦး ပါဝင်ကြောင်း ဆိုသည်။

          အမေရိကန် ပြည်ထောင်စုနှင့် လူ့အခွင့်အရေး အဖွဲ့များက မြန်မာအစိုးရ၏ ရွေးကောက်ပွဲသည် အများ လက်ခံနိုင်မည့် လမ်းကြောင်းမှ သွေဖယ်နေပြီ ဖြစ်ကြောင်း သတိပေးခဲ့သည်။ အခြေခံဥပဒေတွင် အစိုးရအဖွဲ့၌ စစ်တပ်၏ ချုပ်ကိုင်မှုကို အာမခံထားပြီး ဖြစ်ကြောင်း၊ ယခု ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်မှုများ ပြုလုပ်ထားပြန်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Washingtonpost.com, 12th March 2010

          သမ္မတ Obama တက်လာစဉ်က အမေရိကန်ပြည်ထောင်စု ကြုံတွေ့နေရသော ပြဿနာများရှိနေသည့် နိုင်ငံခြားရေးမူဝါဒ အချို့၏ စိန်ခေါ်မှုများကို အပြုသဘောဆောင်သော ချစ်ကြည်စွာ ဆက်ဆံခြင်းဖြင့် တိုးတက်သော ရလဒ်များ ရရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

          ထိုအထဲတွင် မြန်မာနိုင်ငံကိစ္စလည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် လူဦးရေသန်း ၅၀ ကျော် ရှိသော အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အသိဥာဏ် ခေါင်းပါးသော စစ်အာဏာရှင် လက်အောက်တွင် မှားယွင်းစွာ အုပ်ချုပ်မှုများကြောင့် ဆင်းရဲမွဲတေလျက်၊ အဖက်ဖက်က ကျဆင်းခဲ့ပြီး၊ စစ်ပွဲများ ဖြစ်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ ထိုအချိန်တွင် သမ္မတ Obama သည် မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူမှုများကို ရုတ်သိမ်းခြင်းမပြုဘဲ ပြည်သူများအပေါ် ဖိနှိပ်မှုများ သက်သာစေရန် ရည်ရွယ်၍ နွေးထွေးသော ဆက်ဆံရေးကို ကိုင်စွဲခဲ့သည်။

          ယခုအပတ်တွင် မြန်မာအစိုးရက ဆက်ဆံရေး မအောင်မြင်ဟု အဓိပ္ပါယ်ရသော အဖြေပေးခဲ့သည်။ အစိုးရသည် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေထုတ်ပြန်ခဲ့ရာ အဓိပ္ပါယ် မရှိဟု ဆိုခြင်းထက် ပို၍ဆိုးရွားကြောင်း တွေ့ရှိရသည်။ အားလုံးက စိုးရိမ်နေသော အချက်မှာ ရွေးကောက်ပွဲတွင် မည်သူနိုင်နိုင် ပါလီမန်တွင် ဆုံးဖြတ်နိုင်သည့် အာဏာကို စစ်တပ်တွင်သာ ရှိရေးအတွက် ပြုလုပ်လိမ့်မည်ဟူသော အချက်ဖြစ်သည်။ ယခု ရွေးကောက်ပွဲဥပဒေ အသစ် ထွက်ပေါ်လာရာ ထိုအချက်မှာ တရားဝင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မပြုခဲ့ပါ။

         မြန်မာနိုင်ငံ၏ ကိစ္စမှာ သီးခြား၊ ခြားနားသော ကိစ္စဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် မငြင်းနိုင်သည့် အချက်တစ်ခုမှာ အတိုက်အခံသည် တရားဝင် ဖြစ်နေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်တိုင် သူမသည် နေအိမ်အကျယ်ချုပ်ဖြင့် နေရဆဲ ဖြစ်နေသည်။ ထို့ကြောင့် သူမနှင့် အခြား တရားဝင်နိုင်ငံရေးနှင့် ပတ်သက်သူများအား ကဏ္ဍတစ်ခုမှ ပါဝင်ခွင့် မပြုသမျှ မည်သည့် အရပ်သား အုပ်ချုပ်မှုကို ပြောင်းပြောင်း လက်ခံနိုင်ဖွယ် မရှိသေးပေ။

          အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ယခု ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသည် အသုံးမဝင်သော၊ အသုံးမကျသော (Mockery) ဒီမိုကရေစီ လုပ်ငန်းစဉ် ဖြစ်သွားစေပြီး၊ လာမည့် ရွေးကောက်ပွဲတွင် အများလက်ခံနိုင်မည့် အချက်များ မပါဝင်မှုကို ပြသနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် မေးစရာ ဖြစ်လာသည်မှာ Obama အစိုးရသည် မည်သို့ တုန့်ပြန်မည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။ အမေရိကန် အနေဖြင့်  မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့၏ လာဘ်စားမှုများမှ ရရှိထားသော ချမ်းသာကြွယ်ဝမှုများကို ပစ်မှတ်ထားသော ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ပိုမို လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဥရောပ သမဂ္ဂနှင့် မြန်မာနိုင်ငံကို ငွေကြေးဆိုင်ရာ ကိစ္စများ ပြေလည်အောင် ဆောင်ရွက်ပေးနေသော စင်္ကာပူနိုင်ငံကဲ့သို့သော နိုင်ငံများ၏ ပူးပေါင်းပါဝင်မှု ရှိရန် လိုအပ်သည်။ ထို့အပြင် မြန်မာအစိုးရ၏ တိုင်းရင်းသား လူမျိုးစုများအပေါ် ဆင်နွှဲနေသော စစ်ပွဲများနှင့် ဒုက္ခသည် ပြဿနာများအပေါ် သေချာစွာ ဖိအားပေးရန် လိုအပ်သည်။

          ယခုအပတ် ထွက်ပေါ်လာသော ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူ၏ အစီရင်ခံစာ အကြမ်းတွင် နှစ်ပေါင်းများစွာ ကျူးလွန်လာသော လူ့အခွင့်အရေးကို မှားယွင်းသော နည်းလမ်းဖြင့် စနစ်တကျ ချိုးဖောက်မှုများတွင် အစိုးရ၌ တာဝန်ရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့်ပင် အစိုးရ၏ မူဝါဒကို လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ် ကျူးလွန်မှုများတွင် အမည်းစက်များ ထင်စေသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စများအတွက် ကုမသမဂ္ဂက တာဝန်ပေးထားသူ Quintana သည် အစိုးရ၏ အထက်ပါ ကျူးလွန်မှုများအတွက် စုံစမ်း စစ်ဆေးရန် ကော်မရှင်တစ်ခု ဖွဲ့၍ တာဝန်ပေးရန် တိုက်တွန်းခဲ့သည်။

          Obama က လက်ကမ်း ကြိုဆိုခဲ့သော်လည်း၊ မြန်မာအစိုးရက ငြင်းဆန်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယခု နည်းလမ်း အသစ်ရှာရန် အချိန်ရောက်ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

11th March 2010

မြန်မာ အစိုးရက အသစ်ပြဋ္ဌာန်းလိုက်သည့် ရွေးကောက်ပွဲ ဥပဒေသည် နိုင်ငံရေး အဖြေရှာမှုနှင့် ဝါရှင်တန်နှင့် ဆွေးနွေးမှုတို့ကို ထိခိုက်စေသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဥပဒေကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ထုတ်ပြန် ကြေညာပြီးနောက် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပမည့် မဲရွေးပွဲများအတွက် ယခုတိုင် ရက် မသတ်မှတ်ရသေးပါ။

ထို့အပြင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလကမဂ္ဂ အထူး ကိုယ်စားလှယ်ကလည်း နိုင်ငံတွင်း၌ လူ့အခွင့်အရေးကို ကြီးမားစွာ စနစ်တကျ ချိုးဖောက်နေသည်ဟု စွပ်စွဲထားသည်။

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ရှိနိုင်သောကြောင့် စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် Tomas Ojea Quintana က တောင်းဆိုထားကြောင်း သတင်းထွက်လာသည်။

အလွန်စိတ်မကောင်းဖြစ်ရသည်

မြန်မာ စစ်ခေါင်းဆောင်များက ယခုနှစ်အတွင်း ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးရန် စီစဉ်နေသည်ဟုသာ ပြောကြားသည်။ မဲရွေးပွဲများကို တစ်ချိန်ချိန်တွင် ကျင်းပမည် ဟူသော အနေအထားဖြင့် ရွေးကောက်ပွဲ ဥပဒေကို ၎င်းတို့က ထုတ်ပြန်ခြင်း ဖြစ်သည်။

အထိန်းသိမ်းခံ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိက အတိုက်အခံ နိုင်ငံရေးသမား မြောက်မြားစွာကို ပါဝင်ရန် ခွင့်မပြုထားပါ။

လွန်ခဲ့သော နှစ်နှစ်က အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲများကို ဦးဆောင်သည့် ဘုန်းကြီးများကို ရည်ရွယ်သော စည်းကမ်းတစ်ခု အဖြစ် ဘာသာရေး အသင်းအဖွဲ့၊ အဖွဲ့ဝင်များကိုလည်း ရွေးကောက်ပွဲ ဝင်ခွင့် မပြုပါ။

ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် အမေရိကန်ပြည်ထောင်စု အနေဖြင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်၍ ပူပန်မိသည်ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော Mr. Campbell က ပြောကြားပါသည်။ Tomas Ojea Quintana ကလည်း ''တကယ်ကို စိတ်မကောင်းပါဘူး၊ ဒါဟာ ကျွန်တော်တို့ မျှော်လင့်ထားသလို မဖြစ်ဘဲ နှောင့်နှေး ကြန့်ကြာမှုကိုသာ ဖြစ်စေပါလိမ့်မယ်'' ဟု ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှု နည်းလမ်းတစ်ခုတည်းဖြင့် ထိရောက်မှု မရှိကြောင်း၊ ဒီမိုကရေစီ ထွန်းကားရေးကို အားပေးရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားသွားမည်ဟု ယခင်နှစ်က ပြောကြားခဲ့သည်။

အဓိက နိုင်ငံရေး အုပ်စုများအကြား တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို အားပေးရန် ကြိုးစားသည့် အနေဖြင့် အမေရိကန်က ချည်းကပ် ဆက်ဆံခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ယခု ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသစ်က ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုများကို နေရာပေးထားခြင်း မရှိဟု Campbell က ပြောသည်။

ဝါရှင်တန် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော မြန်မာအစိုးရနှင့် ဆက်လက် ဆွေးနွေး သွားမည် ဖြစ်သော်လည်း အရေးယူ ပိတ်ဆို့မှုများကို ဆက်လက်ချမှတ် ထားဦးမည်ဟု ၎င်းက ဆိုသည်။

ကျင့်ဝတ် ချိုးဖောက်မှု

မြန်မာ အာဏာပိုင်များ အပေါ် ပြင်းထန်သော ပြစ်တင် ဝေဖန်မှုများ ပါဝင်သည့် Mr. Quintana ၏ အစီရင်ခံကို ရရှိပြီးနောက် Campbell ၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ကြီးမားများပြား၍ စနစ်တကျ ပြင်ဆင် ကျူးလွန်သည့် ပုံစံ ဖြစ်သည်ဟု Quintana က ပြောကြားသည်။

ဖြစ်ရန်များသည့် အချက်တစ်ခုမှာ အထက်ပါ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ပါဝင်နေခြင်းပင် ဖြစ်သည်ဟု တနင်္လာနေ့တွင် ကုလသမဂ္ဂသို့ တင်ပြသော အစီရင်ခံစာတွင် Quintana က ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ တာဝန် ၃ ရပ်ဖြင့် သွားရောက်ခဲ့သော Mr. Quintana က ပြောကြားရာတွင် မြန်မာနိုင်ငံ၌ အခြေခံ အခွင့်အရေးများ ဖြစ်သော စားစရာ၊ နေစရာ၊ ကျန်းမာရေးနှင့် ပညာသင်ခွင့်တို့ ပိတ်ပင်ခံနေရသော ပြည်သူများစွာ ရှိနေဆဲ ဖြစ်သည် ဟု ဆိုသည်။

အနောက်မြောက်ပိုင်း ရိုဟင်ဂျာများအပေါ် ခြိမ်းခြောက်မှုများ၊ ကလေးစစ်သား စုဆောင်းမှု ပြဿနာများ အပါအဝင် နယ်စပ်ဒေသ တလျှောက် ဖြစ်ပွားနေသော ပဋိပက္ခများတွင် အရပ်သားများ အပေါ် နှိပ်စက်ကျူးလွန်နေမှုများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေကြောင်း Quintana က အလေးပေး တင်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 11th March 2010

အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို ကြာသပတေးနေ့က ဝေဖန် ပြောကြားခဲ့ရာ၊ မူဝါဒများကို မေးခွန်းထုတ်သည့် နိုင်ငံသားများကို ဘီဂျင်းက ကန့်သတ်မှုများ ချမှတ်ခဲ့မှုအပေါ် စိုးရိမ်ပူပန်မှုများ တိုးပွားလာရကြောင်း ဆိုခဲ့သည်။

ကြာသပတေးနေ့က ထုတ်ပြန်သော အမေရိကန် နိုင်ငံခြားရေးဋ္ဌာန၏ ၂၀၀၉ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားရာ၌ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးမှုများ၊ ခြိမ်းခြောက်မှုများ တိုးတက်လာခဲ့ကြောင်း၊ ပြည်သူများဖက်မှ အကျိုးဆောင်ပေးသော ဥပဒေ ပညာရှင်များအား ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများ ရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ အစီရင်ခံစာတွင် နီပေါ နိုင်ငံမှ ပြန်ပို့သော တိဗက် လူမျိုးအား နှိပ်စက်မှုများ၊ အဓမ္မ လုပ်အားပေးစေမှုများ ရှိကြောင်း အသေးစိတ် ရေးသား ဖော်ပြထားသည်။တရုတ်နိုင်ငံ Xinjiang ဒေသတွင် ဘာသာရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရ လည်းကောင်း ပြင်းထန်စွာ နှိပ်ကွပ်မှုများ ရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနက မြောက်ကိုးရီးယား လူ့အခွင့်အရေး မှတ်တမ်းများကလည်း ဆိုးရွားလှကြောင်း၊ ဥပဒေပြင်ပ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများနှင့် အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်လည်း အလားတူ ကိစ္စရပ်များ ရှိကြောင်း ဥပဒေပြင်ပ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများ၊ အစိုးရ တပ်ဖွဲ့များ ကျူးလွန်သော မုဒိန်းမှုများ၊ နှိပ်စက်မှုများကို ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ၎င်း၏ လုံခြုံရေး တပ်ဖွဲ့များသည် မတရားမှုများကို အရေးယူ မခံရသောကြောင့် မကြောက်မရွံ့ ကျူးလွန်လျက် ရှိကြောင်း သုံးသပ်ထားသည်။

အဆိုပါ အစီရင်ခံစာတွင် လာအိုနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြထားရာတွင် ပြည်သူများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ပုံနှိပ်ဖော်ပြခွင့်များကို ကန့်သတ်မှုများ ရှိကြောင်း ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ အကျင့်ပျက် လာဘ်စားမှုကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ လုံခြုံရေး အဖွဲ့များ၏ ရာဇဝတ်မှု သံသယရှိသူများ အပေါ် အင်အား အလွန်အကျွံ သုံးစွဲမှုကိုလည်း ဝေဖန်ထားသည်။

ဗီယက်နမ်၏ လူ့အခွင့်အရေး မှတ်တမ်းများမှာလည်း ပြဿနာများ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အတိုက်အခံ လှုပ်ရှားမှုများအား တားမြစ်ထားခြင်းနှင့် လွတ်လပ်စွာ ပုံနှိပ် ဖော်ပြခွင့်ကို ကန့်သတ်ထားခြင်း များရှိကြောင်း ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနသည် အင်ဒိုနီးရှား အစိုးရကို ရှားရှားပါးပါး ချီးကျူးခဲ့သည်။ ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားတွင် တိုင်းသူပြည်သားများ၏ လူ့အခွင့်အရေးကို ယေဘုယျအားဖြင့် လေးစားခဲ့သည်ဟု သုံးသပ်ထားသည်။ ပြဿနာ အချို့မူ ရှိနေသေးကြောင်း လုံခြုံရေး တပ်ဖွဲ့များမှ သတ်ဖြတ်မှုများ၊ ထောင်များ၏ ဆိုးရွားသော အခြေအနေများ၊ တရားစီရင်ရေး စနစ်တွင် လာဘ်စားမှုများ ရှိနေသးကြောင်း ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

Bangkok Post, 11th March 2010

တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေကို စည်းစည်းလုံးလုံး တုန့်ပြန်ကြရန် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူလူထုကို ကြာသပတေးနေ့တွင် တောင်းဆိုခဲ့သည်ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက AFP သို့ ပြောကြားသည်။

၂၀၀၂ ခုနှစ်က ပြန်လည် ထိန်းသိမ်းခြင်း ခံရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း မပြုနိုင်ရန် အစိုးရက ပိတ်ပင် တားမြစ် ထားသည်။ မြန်မာစစ်ဖက် အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ကြေညာပြီး ရက်အနည်းငယ် အတွင်း ယခုနှစ် ရွေးကောက်ပွဲများ အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သစ်ကို ခန့်အပ် တာဝန်ပေး လိုက်သည်။

ဒီမိုကရေစီ ခေါင်းဆောင်၏ နေအိမ်သို့ သွားရောက်ခဲ့သော ဦးဥာဏ်ဝင်း၏ အဆိုအရ ''ဒီလို တရားမမျှတတဲ့ ဥပဒေကို ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ ပေါင်းပြီး စည်းစည်းလုံးလုံး တုန့်ပြန်သွားရမယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

''ဒီလို တစ်ဖက်သက် ဖိနှိပ် ချုပ်ချယ်ထားတဲ့ ဥပဒေမျိုး ထွက်လာလိမ့်မယ်လို့တောင် သူမက ထင်မထားဘူး'' ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ယခု ထွက်လာသော ရွေးကောက်ပွဲ ဥပဒေသစ် အရ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီမှ ဖယ်ထုတ်ခြင်းကို ရင်ဆိုင်ရနိုင်သလို ပြစ်ဒဏ်ကျခံ နေရသူ တစ်ဦး အနေဖြင့် ယခုနှစ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရမည် မဟုတ်တော့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.