Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 3 April 2010

          မြန်မာနိုင်ငံ စစ်ဖက်အုပ်ချုပ်သူ အစိုးရသည် နိုင်ငံရေး အဓမ္မပြုကျင့်သူ ဖြစ်ပြီး ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများကို ဆယ်စုနှစ် ၂ ခုမျှ ဦးဆောင်ခဲ့သည့် ပါတီကို ဖျက်ဆီးရန် ရည်ရွယ်နေသည်ဟု မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ NLD ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝင်းတင်က ပြောကြားလိုက်သည်။

          ကျွန်တော်တို့ရဲ့ ၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲကို သူတို့က ရုပ်သိမ်း ခွာချပစ်ချင်ကြတဲ့ အတွက် ကျွန်တော်တို့က အဝတ်အစားချွတ်ခံရတဲ့ အသက် ၂၀ မိန်းမပျိုလေးလိုဖြစ်နေပြီ။ ကျွန်တော်တို့ကို အဓမ္မကျင့်တဲ့ အထိတော့ ခွင့်မပြုနိုင်ပါဘူးဟု ၎င်းက ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောကြားကာ ရွေးကောက်ပွဲမဝင်ရန် ပါတီက ရွေးချယ်ခဲ့ခြင်း၏ အကြောင်းကို ရှင်းလင်းခဲ့သည်။

          အစိုးရကို ဒုတ်ထိုးအိုးပေါက် ဝေဖန်တတ်သူ ဦးဝင်းတင်က "NLD က အစိုးရကို အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ တံခါးဖွင့်ဖို့နဲ့ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုလား တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေကတော့ အရမ်းနည်းပါတယ်"ဟု ဆက်လက် ပြောကြားခဲ့သည်။

          လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီ ပါဝင်ခြင်းကို ခွင့်ပြုရန် လုံလောက်စွာ လိုက်လျောခွင့်ပြုသည့် ရွေးကောက်ပွဲ ဥပဒေကို အစိုးရက ထုတ်ပြန်လိမ့်မည်ဟု ၎င်းအပါအဝင် NLD  ခေါင်းဆောင်များက ရိုးသားစွာ ယုံကြည်မိခဲ့ကြသည်ဟု ဦးဝင်းတင်က ဝန်ခံပြောကြားသည်။

          ဒါပေမဲ့ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ရွေးကောက်ပွဲမှာ ဘယ်အပိုင်းမှ မပါ စေချင်ဘူး ဆိုတာကို ရွေးကောက်ပွဲ ဥပဒေက ရှင်းရှင်းလင်းလင်း "ထုတ်ပြ" လိုက်တာပါပဲ ဟု ၎င်းက ဆိုပါသည်။

          ပါတီမှတ်ပုံတင်ခွင့် ဥပဒေသစ်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းခံ ပါတီဝင်များကို ထုတ်ပယ်ရန် လိုအပ်သောကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ရန် NLD ပါတီက တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့သဖြင့် ယခုအခါ ပါတီဖျက်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

          လာမည့် တနင်္လာနေ့ အစည်းအဝေးတွင် NLD ခေါင်းဆောင်များသည် ဆက်လက် လှုပ်ရှားမည့် အစီအစဉ်များကို စဉ်းစား သုံးသပ်ကြမည်ဟု သိရသည်။

          စစ်အစိုးရအား ၎င်းတို့စီမံနေသော ရွေးကောက်ပွဲသည် လက်ခံနိုင်ဖွယ် မရှိဟူသော အသိပေး လွှာ ပေးပို့ရန်အတွက် နိုင်ငံတကာ အသိုင်းအဝန်းကို အားကိုးနေရသည်ဟု ၎င်းကအလေးအနက် ပြောကြားခဲ့သည်။

          ၎င်းက ဆက်လက်၍ " မြန်မာပြည်ရဲ့ နိုင်ငံရေး အနေအထားကို ထိန်းချုပ်ဖို့ အာဏာအကန့်အ သတ် ရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ဒီမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေ ကို သိတယ်ဆိုတဲ့ အကြောင်း တုန့်ပြန်ဖို့၊ ပြသဖို့ကို ကျွန်တော်တို့ လိုလားနေတာပါဟု ပြောကြားသည်။

          ပါတီ ဆက်လက် ရပ်တည်ရေးအတွက် အန္တရာယ်ရှိသည့် ဆုံးဖြတ်ချက် မချချအောင် NLD ဖိအား ပေးခံနေရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂက ယခင်အ ပတ်က ပြောကြားခဲ့သော်လည်း အစိုးရ၏ ရက်စက်ပြင်းထန်သော ရွေးကောက်ပွဲ ဥပဒေအပေါ်တုန့်ပြန် ဆောင်ရွက်မှုကို အပြစ် တင်ခဲ့ကြသည်။

          တစ်ချိန်ထဲတွင် ယခုအပတ် အစောပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရိုမြက "သူတို့ပါ တီအရေးကို သူတို့ဆုံးဖြတ်ဖို့ NLD မှာ လွတ်လပ်ခွင့်ရှိပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ် ပြု လေးစားပါတယ်"ဟု ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါကလည်း "ပါတီအားလုံးကို ဝင်ခွင့်ပေးမည့် ရွေးကောက်ပွဲ ကျင်းပရန် ကတိပေးထားခြင်းကို မြန်မာအစိုးရက အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ဂျကာတာ က မျှော်လင့်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်တွင် ပြောကြားခဲ့သည်။

          ဒေသတွင်းနှင့် နိုင်ငံတကာ၏ ထိရောက်သော တုန့်ပြန်မှုများကို NLD ခေါင်းဆောင်များက မြင် တွေ့ လိုကြသည်ဟု ဦးဝင်းတင်ကပြောကြားခဲ့သည်။ တရုတ်၊ အိန္ဒိယနဲ့ ဥရောပနိုင်ငံတွေရဲ့ ထုတ်ဖော် ပြောကြားမှုကို ကျွန်တော်တို့ ကြားချင်နေပါတယ်ဟု ၎င်းက ထပ်လောင်း ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Politician, By Saberi Roy,2 April 2010   

          မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ မပြီးနိုင်သော နေအိမ်အကျယ်ချုပ်ပုံပြင်တွင် မထင် မှတ်သော အပြောင်းအလဲများ၊ လှည့်စားမှုများတွေ့ရမည်ဖြစ်ပါသည်။ အများက ဒေါ်အောင်ဆန်းစု ကြည်သည် လာမည့်ရွေးကောက်ပွဲတွင် တနည်းနည်းနှင့်ပါဝင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သူမ၏ NLD ပါတီ ကလည်း စစ်အစိုးရကို ဖယ်ရှားနိုင်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်မျှော်လင့်ခဲ့ကြပါသည်။ သို့သော် အစိုးရသည် သူမအား နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်ခန့်ချုပ်နှောင်ထားခဲ့ပါသည်။ ယခုထွက်ပေါ်လာ သော ရွေးကောက်ပွဲဥပဒေအသစ်တွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ပါဝင်လိုပါက ပါတီ တွင်းရှိ အပြစ်ဒဏ်ကျခံနေရသော အဖွဲ့ဝင်များကို ထုတ်ပစ်ရမည်ဟုဆိုပါသည်။ ထို့ကြောင့်ပင် NLD က လာမည့်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါသည်။

          မြန်မာနိုင်ငံတွင် ဥပဒေများကို အစိုးရ လိုအပ်ချက်နှင့် အညီ လိုသလို ပြောင်းနိုင်သည်ဟု ယူဆရပါသည်။ ထိုအချက်သည် မြန်မာနိုင်ငံရှိ ဥပဒေနှင့်ပတ်သက်သော အရာများသည် အလိမ် အညာများသာ ဖြစ်ပြီး အများလက်ခံနိုင်စရာ မရှိ ဟူသော အချက်ကို အထင်ရောက်စေပါသည်။ အဆင့် အမြင့်ဆုံး တရားရုံးချုပ်ကပင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်အတွက် အသနားခံမှု ကို အကြောင်းပြချက်မပေးပဲ ပယ်ချခဲ့သည်ကိုသာ ကြည့်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် တရားဥပဒေနှင့် ပတ်သက်သော ကိစ္စရပ်များသည် အစိုးရ၏ လက်ထဲတွင်သာရှိသောကြောင့်၊ တိုင်းပြည်နှင့် အစိုးရကို အများလက်ခံနိုင်ဖွယ် ရှိမရှိ ကိစ္စမှာ အကြီးအကျယ် မေးခွန်းထုတ်ရမည့် ကိစ္စ ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ တရားဥပဒေစနစ်ကို အဖြေပေးရာတွင် ဥပဒေ၊ တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူများကို ကြည့်၍ အဖြေ ပေးနိုင်ပါသည်။ မြန်မာနိုင်ငံ၏ တရားသူကြီးများအတွက်မူ ဥပဒေ၏ မူလအခြေခံ ခံယူချက်များကပင် ကြည့်၍ ရယ်စရာကြီး ဖြစ်နေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အုတ်မြစ်သည် တရားဥပဒေ စနစ်အပေါ် မူလ အခြေခံရသည်ဖြစ်ရာ အကယ်၍ နိုင်ငံသားတစ်ဦးသည် ဥပဒေ၏ အကာအကွယ်၊ အထောက်အပံ့ မရှိခဲ့လျှင် ဥပဒေကိုမှီခိုနိုင်ဖွယ်မရှိတော့ပေ။

          အထက်က ဆိုခဲ့သော အဖြစ်အပျက်များသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးဖွဲ့စည်းပုံသည် မရိုး သားပဲ ညစ်ပတ်သည် ဆိုသည်ထက် ပိုမိုဆိုးရွားကြောင်း မီးမောင်းထိုး ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တရားဥပဒေနှင့်လူမူရေးစနစ်သည် ပျက်စီးလျက်ရှိပြီး၊ နိုင်ငံသားများသည် အစိုးရက ဖြည့်ဆီးပေးရမည့် အခြေခံ အကာအကွယ်ပေးမှုများ မရရှိဘဲ နေထိုင်နေကြရခြင်း ဖြစ်ပါသည်။

          ဒေါ်အောင် ဆန်းစုကြည်၏ အမှုမှ ထွက်ပေါ်လာသော အချက်များကို ကြည့်ခြင်းအားဖြင့်၊ ၎င်းသည်အစိုးရ၏ နိုင်ငံရေး ရာဇဝတ်မှု အကြောင်းအရာထက် ကျော်လွန်၍ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတိုင်းတွင် အတွင်းလှိုက် စား၍ ပုပ်သိုး ပျက်စီးနေပြီဖြစ်ကြောင်း ပြောပြလိုက်ခြင်းပင် ဖြစ်ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားဖက်မှ ရပ်တည်ပြီး သူမအား ထောက်ခံသူများမှာ မြန်မာအများစုကို ကိုယ်စားပြုပါသည်။ ၎င်းတို့သည် သူတို့နေထိုင်နေရသော ပျက်စီးနေသော ယဉ်ကျေးမှု၊ လူမှုရေး၊ တရားဥပဒေနှင့် နိုင်ငံရေးဝန်းကျင်မှ လွတ်မြောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီ မလိုအပ်ပေ။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံသားများ သို့မဟုတ် နိုင်ငံရေးဖြစ်စဉ်မှ အောင်မြင်မှုများ မမျှော်လင့်နိုင်ပေ။

နိုင်ငံရေးဖြစ်စဉ်များကို ဥပဒေဖြင့် ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။ ယခုအခြေအနေတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် သင့်တော်ပြီး လိုလည်း လိုအပ်နေပါသည်။ မကြာသေးမီက Guardian နှင့် အခြားသတင်းစာများတွင် ဖော်ပြချက်များ အရ ကုလသမဂ္ဂသည် အလွန်နောက်ကျနေပြီဖြစ်သော်လည်း မြန်မာခေါင်းဆောင်များကို စစ်ရာဇဝတ် မှုများအတွက် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပါသည်။ ထိုသို့ ကုလသမဂ္ဂ၏ တောင်းဆိုမှုသည် မြန်မာနိုင်ငံရှိလူ့အခွင့်အရေး ချိုးဖောက်မှုများတွင် မြန်မာခေါင်းဆောင်များ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် တရားစီရင်ရေး နယ်ပယ်အသီးသီးတွင် ပါဝင်ပတ်သက်နေသည် ဆိုသည်ကို ညွှန်ပြလိုက်ခြင်းပင် ဖြစ် ပါသည်။ နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး (ICC) က အဆိုပါ ချိုးဖောက်မှုများကို စစ်ရာဇဝတ်မှု အဖြစ် စဉ်းစားနိုင်ပါသည်။ ကုလသမဂ္ဂ၏ ကြီးမားသော ထောက်ခံပံ့ပိုးမှု ရရှိ၍ အဆိုပါ စစ်ရာဝတ်မှုများကို စုံစမ်း စစ်ဆေးခဲ့လျှင် မြန်မာခေါင်းဆောင်များ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်တွင် တရားရင် ဆိုင်မှုများနှင့် ကြုံတွေ့လာရမည် ဖြစ်ပါသည်။

မြန်မာစစ်အစိုးရအား နိုင်ငံတကာတရားရုံး (ICC) သို့ ပို့ဆောင်ရန် ကုလသမဂ္ဂ၏ လှုပ်ရှားမှုတွင် ဗြိတိသျှအစိုးရက ထောက်ခံ ကူညီမည်ဖြစ်ပါသည်။ Obama အစိုးရကလည်း မြန်မာနိုင်ငံအပေါ် သံတမန်ရေးအရ ဖိအားများ ပေါ်နေသော်လည်း စစ်ရာဇဝတ်မှု စုံစမ်းရေးကိစ္စတွင် ယခုအစ၌ ရေငုံနှုတ်ပိတ် နေပြီး၊ နောက်ပိုင်းတွင် အကူအညီ ပေးလာလိမ့်မည်ဟု ယူဆရပါသည်။ စစ်ရာဇဝတ်မှုများ စုံစမ်း စစ်ဆေးရေး ကိစ္စကို ထောက်ခံကူညီခြင်းသည် အမေရိကန်၏ နိုင်ငံရေးနှင့် ပတ်သက်သော စိတ်ပါဝင်စားမှုများနှင့်လည်း ကိုက်ညီမှုရှိပါသည်။ မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားနှင့် လည်းကောင်း၊ တရုတ်နှင့် လည်းကောင်း စစ်ရေးအရ ဆက်ဆံရေးများ ရှိနေခြင်းသည် အမေရိကန်ကို မသက်မသာ ခံစားရစေပါသည်။

ပြင်သစ်နှင့် အခြားဥရောပ တိုင်းပြည်များသည် ဗြိတိန်၏ မူဝါဒနောက်က လိုက်၍ ကုလသမဂ္ဂ၏ လှုပ်ရှားမှုကို ထောက်ခံ လာကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာသည် အခြေအနေများကို ပြောင်းပစ်လိုက်ပြီး မြန်မာအစိုးရ၏ နေ့ရက်များ အကန့်အသတ် ရှိလာပြီဖြစ်ကြောင်း အဓိပ္ပါယ် ဖွင့်ဆိုရလိမ့်မည် ဖြစ်ပါသည်။

ကုလသမဂ္ဂ၏ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုသည် နှစ်ပေါင်းများစွာ စောင့်စားလာရပြီး နောက်ဆုံး နိုင်ငံတကာ အသိုင်းအဝန်းမှ တစ်ခုခု ပြုလုပ်ကတိ ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ကုလသမဂ္ဂ၏ တောင်းဆိုမှုသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး လုပ်ငန်းစဉ်မှ ဝေးရာတွင် ထားရန် ဥပဒေအား အချိန်မရွေး ပြင်နိုင်ကြောင်း တရားဥပဒေ စနစ်က ရှင်းရှင်းလင်းလင်း ပြသပြီး နောက်တစ်ရက် အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          မြန်မာနိုင်ငံ၏ ဖြစ်ရပ်များသည် အမှန်တရားနှင့် တရားဥပဒေအကြား ခေတ်သစ် သင်ခန်းစာများ ပေးပါသည်။ လူ့အခွင့်အရေးနှင့် ဖိနှိပ်မှုအကြား ခေတ်သစ် သင်ခန်းစာ ယူစရာများ ထားခဲ့ပါသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံရေးကစားပွဲကို အချိန်ဆွဲလာသည်မှာ ကြာပြီဖြစ်ပါသည်။ ယခု အမေရိကန်၊ ဗြိတိန်၊ အခြားဥရောပ တိုင်းပြည်များ၊ ကုလသမဂ္ဂ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီတို့သည် မြန်မာပြည်သူများ၏ အခြေခံ ရပ်တည်မှုတွင်သာမက လူသားချင်းစာနာမှု၏ မြင့်မြတ်သော စိတ်ထားနှင့် ခံယူမှုကိုရပ်တည်၍ လုပ်ဆောင်မှုများကြောင့် နောက်ဆုံး အောင်ပွဲ ခံရမည်မှာ မလွဲပေ။

Saberi Roy ၏ New Twists in Burmese Politics ကို ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Tribune, 2nd April 2010

ဒေသတွင်း ပေါင်းစည်းမှုမှ ထွက်ပေါ်လာသော ရည်မှန်းချက် အဖြစ် အာဆီယံ အဖွဲ့သည် ဥရောပ ပုံစံ စုစည်းမည့် ဈေးကွက် တစ်ခုကို ၂၀၁၅ နောက်ဆုံးထား၍ အကောင်အထည် ဖော်နေသည်။ အာဆီယံ အဖွဲ့တွင် လူဦးရေ သန်းပေါင်း ၅၃၀ ကျော်သော ဈေးကွက် တစ်ခု ရှိနေသော်လည်း ကမ္ဘာ့ပို့ကုန် လုပ်ငန်း၏ ၆% မျှသာ စာရင်းရှိသည်ကို တွေ့ရှိရသည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား တို့ ပါဝင်သည်။

အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များသည် ဧပြီလ ၈ ရက်မှ ၉ ရက် အတွင်း ဟနွိုင်းတွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် တွေ့ဆုံကြရန် စီစဉ်ထားသည်။ အစည်းအဝေးတွင် ဒေသတွင်း ဆက်သွယ်မှု တိုးမြှင့်ရေးနှင့် အာဆီယံနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက်များ အကြား ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေးတို့ကို ဆွေးနွေးရန် မျှော်လင့် ထားသည်။

အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် လတ်တလော ထုတ်ပြန် ကြေညာခဲ့သည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ထွက်ပေါ်လာသော နိုင်ငံတကာ၏ အပြစ်တင်မှုများကိုလည်း တရားဝင် ဖြစ်စေ၊ တရားမဝင် ဖြစ်စေ ဆွေးနွေးကြမည့် လက္ခဏာ ရှိသည်။

မတ်လ ၁၀ ရက်နေ့က ကြေညာသော ရွေးကောက်ပွဲ ဥပဒေ အရ ပြစ်ဒဏ် ကျခံနေရသူ မည်သူကိုမဆို နိုင်ငံရေး ပါတီသို့ ဝင်ခွင့်မပြုဟု တားဆီးထားသည်။ ဤအချက်သည် NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ရာပေါင်း များစွာကို တားဆီးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေးသမား များစွာနှင့် ကျောင်းသား ခေါင်းဆောင်များသည် လက်ရှိ နှစ်များ အတွင်း ထောင်ဒဏ် ကျခံနေရသလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း ၁၈ လ သက်တမ်း တိုးထားသည့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရသည်။

မတ်လ ၁၁ ရက် ထုတ်ပြန်သော ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အခွင့်အရေးများ ရုတ်သိမ်းထားသည်။ ပြစ်ဒဏ် ချမှတ်ခံရသူ မှန်သမျှကို ရွေးကောက်ပွဲ မဝင်နိုင်ရန် တားဆီးထားသည်။ ယခု ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် ၁၉၈၉  ဥပဒေအရ ကျင်းပခဲ့သော ရွေးကောက်ပွဲများ ပျက်ပြယ်သွားပြီဟု ပြောကြားကာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း တရားဝင် ပယ်ဖျက်လိုက်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် နေရာ ၄၉၂ နေရာ အနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သော NLD ပါတီမှာ စစ်ဖက် အစိုးရ၏ ပစ်မှတ် ဖြစ်နေသည်။ ရွေးကောက်ပွဲ ဥပဒေသစ်အရ အထိန်းသိမ်းခံ ခေါင်းဆောင်ကို ထုတ်ပယ်၍ ပါတီကို မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ဖျက်သိမ်းခံရမည် ဖြစ်ကြောင်း ရွေးချယ်စရာ ပေးခဲ့သည်။

ယခုကဲ့သို့ မမျှတသည့် ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မတ်လ ၂၄ ရက်တွင် တံခါးပိတ် အစည်းအဝေးကို မဖြစ်မနေ ကျင်းပခဲ့သည်။ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့သော ၎င်းအစည်းအဝေးသည် လွန်ခဲ့သော သြဂုတ်လ နောက်ပိုင်း စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ နိုင်ငံရေး ဖြစ်ပေါ်မှုများကို လုံခြုံရေး ကောင်စီတွင် ပထမဆုံး ဆွေးနွေးမှု အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ လုပ်ငန်းစဉ် ဖြစ်စေလိုသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်ကို ဆုံးရှုံးစေသလို လုံခြုံရေး ကောင်စီမှ ယခင် ထုတ်ပြန်ခဲ့သော မျှော်လင့်ချက်များကို ပျက်ပြားစေခဲ့သည့် မြန်မာ့ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ စိုးရိမ် ပူပန်ကြောင်း ကောင်စီ အဖွဲ့ဝင် အများစုက ထုတ်ဖော် ပြောဆိုခဲ့ကြသည်ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mark Lyall Grant က ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း  မြန်မာ့ရေးရာ မိတ်ဆွေ နိုင်ငံများ အဖွဲ့နှင့် မတ်လ ၂၅ ရက်တွင် ကုလသမဂ္ဂ ဌာနချုပ်၌ တွေ့ဆုံကာ နောက်ဆုံး အခြေအနေများကို ဆွေးနွေးခဲ့သည်။ အဆိုပါ မိတ်ဆွေ နိုင်ငံများ အဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန် ပြည်ထောင်စု နှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည်။

မြန်မာစစ်ဖက် အစိုးရ ထုတ်ပြန်သော ဥပဒေ အပေါ် စိုးရိမ် ပူပန်မှုနှင့် မကျေနပ်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ပြသနေချိန်တွင် အာဆီယံ အဖွဲ့ကမူ ယခုအချိန်အထိ ရေငုံ နှုတ်ပိတ်နေဆဲ ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက်မှ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှား ၂ နိုင်ငံကသာ ရွေးကောက်ပွဲ ဥပဒေ အပေါ် ပွင့်လင်းစွာ မှတ်ချက် ပေးခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူး။ သူမနဲ့ သူမရဲ့ ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့် မပေးဘူး ဆိုရင်တော့ဗျာ၊ ဒါ တကယ့်ကို ရီစရာ ကောင်းတဲ့ ကိစ္စပဲ။ သူတို့ ပြောတဲ့ ဒီမိုကရေစီ လမ်းပြ မြေပုံနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လဘာတိုရိုမြူလိုက မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဤသည်မှာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် ပစ်ပယ်ရေး မူဝါဒကို ပြစ်တင် ဝေဖန်ခဲ့သည့် အာဆီယံ၏ ပုံရိပ်ပင် ဖြစ်သည်။ ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို စတင် ကျင့်သုံးသည်။ သို့သော်လည်း အာဆီယံထံမှ ၎င်းတို့ အဖွဲ့ဝင် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ကြာ ပြဿနာများ ပြေလည်အောင် ကူညီရန် မည်သည့် ပေါ်ပေါ်ထင်ထင် ကတိပေးမှုမှ ထွက်ပေါ်လာခြင်း မရှိခဲ့ပါ။

တာဝန်ရှိ ဒေသတွင်း အဖွဲ့တစ်ခု အဖြစ် အာဆီယံသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ အခြေခံ နိုင်ငံရေး အခွင့်အရေး ပိတ်ပင်မှုများနှင့် ပတ်သက်၍ ရေငုံ နှုတ်ပိတ်နေခြင်းကို ချိုးဖောက် ပြောင်းလဲရန် လိုအပ်သည်။ အဖွဲ့ဝင် နိုင်ငံများ၏ ပြဿနာများကို မားမားမတ်မတ် ရပ်တည် ကိုင်တွယ်ခြင်းဖြင့် အဖွဲ့၏ ပုံရိပ်နှင့် စွမ်းရည်ကို လေးစားထိုက်သော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု အဖြစ် တိုးတက် ပြောင်းလဲ စေလိမ့်မည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြဿနာ အဖြေ ရှာတွေ့ရန် ကြိုးစားသည့် အနေဖြင့် အာဆီယံက လက်တွေ့ကျကျ စတင် လုပ်ဆောင်ခဲ့ပါက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ထိရောက် ကောင်းမွန်သော ပံ့ပိုး ထောက်ခံမှုများ ရရှိနိုင်မည်မှာ သံသယ ရှိစရာ မလိုပါ။ အကယ်၍ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးတိုင်း၏ အခွင့်အရေးများ စတင် ပျိုးထောင်နိုင်ပြီး စစ်မှန်သော ဒီမိုကရေစီ အဖွဲ့အစည်း ဖြစ်လာသည့် တိုင်အောင် အာဆီယံမှာမူ အောင်မြင်သော၊ သန်စွမ်းသော ဒေသတွင်း အဖွဲ့တစ်ခု အဖြစ် တွေ့မြင်ရမည့် လက္ခဏာ မရှိသေးပါ။

အာဆီယံ အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံကို အဖွဲ့မှ ထုတ်ပယ်ရန် တောင်းဆိုခံရခြင်း မရှိသေးသော်လည်း အရှေ့တောင် အာရှ ဒေသ တစ်ခုလုံးကို အကြာမြင့်ဆုံး ပြည်တွင်းစစ် အကျပ်အတည်းများ အဖြေ ထွက်ပေါ်ရေး ကူညီရန် အတွက် စစ်အစိုးရ ခေါင်းဆောင်များနှင့် သာမကဘဲ တစ်နိုင်ငံလုံးနှင့် ညှိနှိုင်း ဆွေးနွေးရန် တိုက်တွန်းခံ နေရသည်။

(ဆောင်းပါးရှင် Nehginpao Kipgen သည် ခေတ်သစ် မြန်မာနိုင်ငံ (၁၉၄၇ - ၂၀၀၄) တွင် နိုင်ငံရေး အကျပ်အတည်းများ တိုးပွားလာခြင်းကို သုတေသန ပြုနေသူ ဖြစ်ပြီး အမေရိကန် အခြေစိုက် Kuki International Forum မှ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အင်း ၊ ဘာလိုလို နဲ့ မြန်မာ သက်ကရာဇ် တစ်နှစ်ဟောင်းလို့ နှစ်ကူးချိန်တောင် ရောက်လုပါပေါ့ဗျာ ၊ နွေအပူထူးကို တလူးလူး တလိမ့်လိမ့် နဲ့ နှစ်သစ် ရယ် မြန်မြန် ကူးပါတော့ လို့ စိတ်ထဲ ဖြစ်မိပါတယ်။

ဒါပေသိ ၊ ပြကဒိန်ကြည့် လိုက်တော့ နှစ်ဦး ရဲ့ တန်ခူး က ၊ လ ၊ တောင် ပြည့်ပြီး လို့ လဆုတ်ရက်တောင် ရောက်နေပါပေါ့ ဗျာ ၊ မြန်မာ နှစ်ဆန်း တရက် နေ့ က တန်ခူးကို ကျော်လို့ ကဆုန်လ ထဲ တောင် ရောက် နေပါပဗျာ ၊ နှစ်သစ်ကူး ပြီးလို့ နောက် တပါတ် နေ ရင် ကဆုန် ညောင်ရေ ဆက်သွန်းရတော့မဲ့ ထူးတဲ့နှစ်ကြီးပါ။

ပြီးခဲ့တဲ့ မတ်လအတွင်း ရွေးကောက်ပွဲ ဥပဒေတွေ အမျိုးမျိုး ထွက်လာကြတာ ဝေဖန်သံတွေ ၊ ပြည်တွင်း ပြည်ပ သောသောညံ ပဗျာ ။ ဒီမိုကရေစီ အခွင့်ရေးတွေ အပြည့် ပေးထားတယ် ပြောကြပေမဲ့ ၊ တချို့သော အဖွဲ့အစည်းများ အတွက်ကတော့ နှုတ်သီးရှည် ကိုငှက်ကျားကို ၊ ပုဂံပြား နဲ့ ဟင်းရည် တိုက်ထားတဲ့ ပုံ ပေါ်နေပါတယ်။

သူ့အတွက်ကတော့ ထိုင်ကြည့် နေယုံကလွဲလို့၊ ဒီ ၊ ဒီ မို က ရေ စီ ၊ ဟင်းရည် ပုဂံပြားကြီး ကို ဘယ်လိုများ သောက်နိုင်ပမလဲဗျာ။ နာမည်ကြီး အန်အယ်ဒီ က တော့ မှတ်ပုံ မတင်တော့ ဘူး လို့ ကြေညာသံ ကြားရပါတယ်။ ဟင်းရည် မသောက် နိုင်တဲ့ အထဲ သူလဲပါနေပါတယ်။

ရှေ့လျောက် အန်အယ်ဒီက ဘယ်ပုံစံနဲ့ စခန်းသွားမယ် မသိပါဗျာ။ ဒီ အဖွဲ့ကြီး ကို နားလည်ရ တော်တော် ခက်ပါတယ်။ ဒီအဖွဲ့ကြီးရဲ့ ပင်မနိုင်ငံရေး အနှစ်သာရ က ဘာလဲ ဆိုတာ ခုထိ မသိ ရ သေးပါဘူး ၊ ထဲထဲဝင်ဝင် လုပ်နေတဲ့ သူ တွေ ကို ၊ ဗဟုသုတ အဖြစ် လိုက် မေးကြည့်တော့လဲ ၊ ခုထိ ၊ ဇဝေ ဇ၀ါ ပါ ဘဲ။

ပါတီ ထောင်ထားတာ နှစ် ၂၀ ကျော်ပါဘီ။ ဒီ ကာလ များ အတွင်း ကြေငြာချက် တွေ ထုတ်တယ် ၊ အင်တာတွေ ဗျူး တယ် ၊ ကန့်ကွက် စာ အမျိုးမျိုး ထုတ်တယ် ၊ အင်္ဂါဒေါင့် ပန်းလှူတယ်၊  ပင်နီ အကျီတွေ ၀တ်ပြီး အခါကြီး ရက်ကြီးတွေ မှာ လူစုပြီး အစည်းဝေးတွေ လုပ်တယ် ၊ ဒီ အပြင် တခြား အကြောင်း နဲ့ တော့ပါတီ မူဝါဒရေးရာတွေ ထုတ်ပြန်တာ ၊ နိုင်ငံရေး လမ်းစဉ်တွေ ချပြတာ မတွေ့ ရ သေးပါဘူး။

ဒီ ပါတီ ထဲ က လူကြီး တွေ က လဲ အတိတ် က နိုင်ငံရေး အသွင်အပြင် အမျိုးမျိုး သမိုင်းကြောင်း နောက်ခံ တွေ အမျိုးမျိုး နဲ့ ဆို တော့ ၊ ဒီ အဖွဲ့ က အရောင် အမျိုးမျိုး နဲ့ စပ် ပြီး ချုပ်ထားတဲ့ ထီးကြီး တခု ၊ အောက် ထဲ က လူ တွေ လို ဖြစ်နေပါတယ် ၊ ဒီ ပါ တီ မှ မဟုတ်ပါဘူး ၊ တခြား ပါတီ တွေ လဲ အတူ တူ ပါ ဘဲ ၊ ဒီ မို က ရေ စီ ရရှိရေးဆိုတဲ့ ယေဘုယျ ကြွေးကြော်သံက လွဲ ရင် ၊ ဘယ်သူမှ တိတိပပ ၊ မူဝါဒခိုင်ခိုင် မာမာ ပြောကြဆိုကြတာ မရှိသေး ပါဘူး ၊ ဒါက ၊ ကျွန်တော် က ဘေး က ကြည့်လို့ မြင်တဲ့ ကိုယ် ပိုင် အယူ အဆ ၊ အမြင်ပါ။

ဆက်ပြီး ကျွန်တော် ကြား ရတဲ့ သတင်းလေး ပြော ပါ ရ စေ။ ဟုတ်ချင် လဲ ဟုတ်မယ် ဟုတ်ချင် မှလဲ ဟုတ်ပါမယ် ၊ သတင်းကတော့ သတင်း ပါဘဲခင်ဗျ၊ အန်အယ်ဒီ က မှတ်ပုံ မတင်တော့ ဘူး ဆို တဲ့ နောက် မှာ ၊ အစိုးရ က အတော် အစဉ်းစားရ ကြပ်သွားပါတယ် တဲ့ ဗျ။ ဘက် ပြိုင် စရာ ၊ အဓိက ပြိုင်ဘက် ပါတီ မရှိတော့ လို့ ပါ တဲ့ ဗျ ။

အန်အယ်ဒီ က ပါတီ မှတ် ပုံတင် ပြီး ရွေးကောက် ပွဲ ၀င်ဘို့ ပြင် ဆင်လာ ရင် ၊ အစိုးရ က လဲ ကြံ့ ခိုင် ရေး အဖွဲ့ ကို ပါတီမှတ်ပုံတင်ပြီး ၊ ဘက်ညီအောင် ပြင်ဆင်ဘို့ စီ စဉ် ထား ပုံ ပါ ။ ဘောလုံး ပွဲ က လဲ ချိန်း ထား ပြီး နေ ပြီ ၊ တဘက် အသင်းက ၀င် မ ကစား တော့ ဘူး ဆို တော့ ၊ တသင်း ထဲ ဘယ် လို ကစား မှာ လဲ ခင် ဗျာ။

ဒိုင်း ဆု ကြီး ကို ၊ ဒိုင် လူကြီး က ဘဲ ယူ လိုက် ရရင် လဲ ၊ ကြည့် မ ကောင်း သေးဘူး ခင်ဗျ။ အခု ကြား ရ တာ က ၊ ကြံ့ ခိုင်ရေး က လဲ နိုင်ငံရေး ပါတီ ၊ မှတ် ပုံ မတင်တော့ ပါဘူး တဲ့။ပါ တီ ကြီး တခု အဖြစ် မ ထွက် တော့ ပါ ဘူး တဲ့ ခင်ဗျ။ ဒါ ပေ သိ ၊ ပြည်နယ် မြို့နယ် အလိုက် ၊ ပါတီ သေးသေး လေး တွေ တပုံ ကြီး ခွဲပြီး ထောင် ပါ လိမ့်မယ် တဲ့ ခင် ဗျ ၊ ဒီ တခါ ရွေးကောက် ပွဲ မှာ ၊ အဓိက ပါ တီ ကြီးတခု ထဲ က အပြတ် အသတ် အနိုင် ရ သွား တာ မျိုး တွေ့ ရ ဘို့ အကြောင်း မရှိပါ တဲ့ ပါတီစုံ ဆိုတာ ၊ တကယ့်ကိုပါတီစုံပါလား ၊ ပါတီတွေ စုံလှချီလား ၊ သောက်ကျိုးနဲအောင် စုံလွန်း လှချီလားလို့၊ စုပ် သတ်ရမှာ ပါတဲ့ခင်ဗျ ။

ပါတီ မှတ်ပုံတင်ရက် စေ့ကာနီးမှာ ၊ ပါတီတွေ တပုံကြီး ၊ မှတ်ပုံတင်ပါလိမ့်မယ်။ ဒီပါတီ အသေးလေးတွေ ကလဲ ၊ တတိုင်း တပြည်လုံး ၊ အနိုင်ရဘို့ စိတ်မကူးပါဘူးတဲ့ ခင်ဗျ ၊ ဒေသ တခု ချင်း ၊ သူ့ အရပ် ဒေသအလိုက် အနိုင်ရရေး ကိုဘဲ ၊အဓိက ကြိုးစားကြမှာ တဲ့ ခင်ဗျ ။ ဒါကတော့ ကြားရတဲ့ ၊ သတင်း အကြောင်း အရာပါ။

တိုင်းပြည်မှာ နိုင်ငံရေး ဦးဆောင်နိုင်တဲ့ လူတော်တွေ pro-change third force အများကြီး ပေါ်လာဘို့ အရေးကြီး ပါတယ်။ နိုင်ငံရေး လုပ်တဲ့ သူဟာ နိုင်ငံရေး နဲ့ တူအောင် လုပ်တတ် ကိုင်တတ် ရှိဘို့ အရေးကြီး ပါတယ် ၊ စိတ်ကောက် တတ်သလို ဆုံးဖြတ်ချက် ၊ တချိန်လုံး ၊ အနှစ် ၂၀လုံး ၊ တကဘာလုံးက ၀ိုင်းသနားနေတာခံနေချင်နေတဲ့ စိတ်၊ နို့သက်ခံစို့ ၊ နေချင်တဲ့စိတ်နဲ့ ၊ နိုင်ငံရေး လုပ်လို့မရပါဘူး အခြေအနေ နဲ့ အချိန် အခါကို နားလည်ဘို့ လိုပါတယ် ခင်ဗျာ ။

ဒီမိုကရေစီ ရင့်ကျက်နေတဲ့ ၊ ထိပ်တန်းနိုင်ငံ အမေရိကန်မှာ ၊ ပါတီအတွင်း ရွေးကောက်ပွဲ တွေ လုပ်တုံး ၊ အခု သမတ အိုဘားမား နဲ့ ဟီလာရီ ကလင်တန် ဘာတွေဖြစ်ခဲ့ သလဲ ၊ တယောက် နဲ့ တယောက် ဘယ်လို သဘောထား ကြလဲ ၊ အခု အိုဘားမား သမတ ဖြစ်တော့ ဟီလာရီ ကလင်တန် ကို ဘယ်လို ဆက်သုံးသွားလဲ ၊ ဒါတွေက နိုင်ငံရေးကို နိုင်ငံရေးလို ပီပီပြင်ပြင် လုပ်သွားတဲ့ ပုံစံတွေပါ။ ဘာမှ မကြာသေး ပါဘူး လေ့လာကြည့်ရင် ထင်သာမြင်သာပါတယ်။

အခု မဲပေးတဲ့ လူတွေရဲ့ ရွေးချယ်မှု မျက်လုံးပေါ်မှာ မူတည် ပါလိမ့်မယ်။ ၁၉၉၀ က လို (မဆလ) မဟုတ်တော့ရင် ပြီးရော ဆိုတဲ့ မျက်လုံးမျိုးတော့ မဟုတ်တော့ပါဘူး။ ဒါကလဲ ပါတီ တွေက ဂရုစိုက် သတိချပ်စရာ တခုပါ။

ကျွန်တော် ရဲ့ သဘော ကို ပြောရရင် ၊ နိုင်ငံရေးလုပ်ဘို့ ရည်ရွယ်ချက်ရှိရင် ၊ အရည်အချင်း ရှိရင် ၊ ရတဲ့ နေရာက ၊ စလိုက်စေချင် ပါတယ် ၊ အန်အယ်ဒီက ရွေးကောက် ပွဲမ၀င်တော့
လို့ အန်အယ်ဒီ ထဲက နိုင်ငံရေး လူတော်တွေ မကျန်ခဲ့ စေချင်ပါဘူး၊ နီးစပ်ရာ ပါတီစုလို့ဘဲ ဖြစ်ဖြစ် ၊ တသီးပုဂလဘဲ ဖြစ်ဖြစ် ၊ ဒေသတခုခုကို လက်တွေ့ ကျကျ ဥိးဆောင် ကြည့်စေချင်ပါတယ်။ ဒါမှလဲ အနာဂါတ် ရွေးကောက်ပွဲတွေ အတွက် အစဉ်အလာကောင်းတွေကို ၊ အခုထဲက ပေါ်လာစေချင်ပါတယ်။

ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒီ ၃ ချက်လုံးက အင်မတန် အရေးကြီးပါ တယ် ၊ ဒီ အထဲက တချက် တလေ အားပျော့သွားရင်တောင် ဖြစ်လာမဲ့ သမိုင်းအကျိုးဆက်က အင်မတန်ဆိုးရွားမှာပါ။ ဒါ က ကျွန်တော့် စိတ်ထဲက ခံယူချက်ပါ။ အစိုးရကို ဖားစရာ အကြောင်းမရှိပါ။

ပါတီတွေ မှတ်ပုံတင်ရက် ပြီးဆုံး သွားရင်တော့ ၊ ဘယ်သူတွေက ဘယ်ပုံစံနဲ့ ဘယ် နေရာ မှာ ၊ ဘာတွေလုပ်ကြ မှာလဲဆိုတာ ၊ ပုံကြမ်းတော့ တွေ့ရမှာပါ ပဗျား။

Myanmarcupid.net မှ azawgyi ရေးသားသည့် post ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, From The Peninsula, 3rd April 2010

အမေရိကန် ပြည်ထောင်စု အနေဖြင့် လာမည့် ရွေးကောက်ပွဲကိုသာ စိုးရိမ်ပူပန်မှုများ တိုးပွား မလာစေလိုဘဲ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို ကျယ်ပြန့်အောင် ဆောင်ရွက်ရာတွင်၊ လူဦးရေ အတော်များများကို လက်လှမ်းမီအောင် ကြိုးစားသင့်ကြောင်း၊ လေ့လာမှု တစ်ခုက ဆိုသည်။

နယးယောက် အခြေစိုက် Asia Society သည် ပြီးခဲ့သည့်နှစ်က သမ္မတ Obama အစိုးရ အဖွဲ့က မြန်မာအစိုးရနှင့် စတင် စကားပြောရန် ဆုံးဖြတ်ပြီး ကတည်းက အမေရိကန်ပါတီများမှ ခေါင်းဆောင်များ ပါဝင်သော လုပ်ငန်း အဖွဲ့တစ်ခု တည်ထောင်ပြီး ရှေ့ဆက်သွားမည့် လမ်းကြောင်း ရေးဆွဲရန် ပြုလုပ်ခဲ့သည်။

အဆိုပါ လေ့လာမှုသည် Obama ၏ ချဉ်းကပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့သော်လည်း ရှေ့တွင် ကြုံတွေ့ရမည့် အခက်အခဲများ အတွက်မူ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ မြန်မာ အစိုးရသည် အမေရိကန် ပြည်ထောင်စုနှင့် စကားပြောခြင်း အားဖြင့် လာမည့် ရွေးကောက်ပွဲကို တရားဝင်အောင် လုပ်လိမ့်မည် ဟု သတိပေးထားသည်။

အဆိုပါ လုပ်ငန်း အဖွဲ့က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တိုးတက်မှုများကို အခြေခံ၍ အရေးယူ ပိတ်ဆို့ထားမှုများကို ပိုမို တင်းကြပ်အောင် သော်လည်းကောင်း၊ ဖယ်ရှားရန် လည်းကောင်း ပြုလုပ်နိုင်ကြောင်း၊ သို့သော် NGO များ၊ လယ်သမားများနှင့် လုပ်ငန်းငယ်လေးများ ကဲ့သို့သော သာမန် ပြည်သူများကို အကူအညီများ ပေးရန် ပေါင်းကူးတံတား လုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။

''ဒါကို ကျွန်တော်တို့ လုပ်ပေးနိုင်တယ်လေ။ မြန်မာ ပြည်သူတွေနဲ့ အလုပ်လုပ်နိုင်ပါတယ်'' ဟု ဒီမိုကရက် သမ္မတလောင်း အရွေးခံဖူးသူ လုပ်ငန်း အဖွဲ့တွဲဘက် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ် Wesley Clark က လုပ်ငန်း အဖွဲ့ အစီရင်ခံစာ အတွက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့ လုပ်လိုတာကတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ ဦးတည်ချက် ချမှတ်ဖို့ပါပဲ။ ဘယ်လို ဦးတည်ချက်လဲ ဆိုတော့ မြန်မာ အစိုးရ ရှေ့ဆက်လှမ်းနိုင်မယ့် လမ်းဖြစ်ရမယ်။ ရှေ့ဆက်သွားရင်း အကျိုးရလဒ်တွေလည်း တွေ့မြင်နိုင်ရမယ် ဆိုတဲ့ လမ်းမျိုးပေါ့'' ဟု Clark က ပြောသည်။

နောက်ထပ် တွဲဖက် ဥက္ကဋ္ဌ တစ်ဦးမှာ ရီပတ်ပလစ်ကင် သမ္မတ George W Bush လက်အောက်မှ နိုင်ငံခြား အကူအညီ ပေးရေး ဒါရိုက်တာ ဖြစ်ခဲ့သူ Henrietta Fore ဖြစ်သည်။ အဆိုပါ လုပ်ငန်း အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် လူတိုင်းအား ငွေကြေး အကူအညီများ ပေးနေသော ဘီလျံနာ George Soros နှင့် နိုဗယ်ဆုရှင် စီးပွားရေး ပညာရှင် Amartya Sen တို့လည်း ပါဝင်သည်။

လာမည့် ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်ပြီးသည်။ ၁၉၉၀ ခုနှစ်က NLD သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပေးခြင်း မခံရရုံမက၊ ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကာလ အတော်များများ အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ ယခု အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်အား ပါတီတွင် ပါဝင်ခွင့် မရအောင် ပြုလုပ်ထားသည်ဟု တစ်ကမ္ဘာလုံးက ဝေဖန်မှုများနှင့် အတူ NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, By Myint Maung, 2nd April 2010

ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြည်သူများနှင့် ပိုမို ထိတွေ့ ဆက်ဆံရေး အတွက် နည်းလမ်းများ ရှာဖွေသွားမည် ဖြစ်ပြီး ပါတီ၏ အနာဂတ် လုပ်ငန်းစဉ်များတွင် လူမှုရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်သွားရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

''ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ဆက်လုပ်သွားမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာ ပြည်သူတွေ အတွက် အလုပ်လုပ်သွားပါမယ်။ ပြည်သူတွေ အကျိုးပြုမယ့် လုပ်ငန်းတွေနဲ့ အတူ အလုပ်အကျွေးပြုသွားပါမယ်'' ဟု NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမသို့ ပြောလိုက်သည်။

ဥပမာအားဖြင့် NLD သည် HIV နှင့် AIDS ဝေဒနာရှင်များအတွက် အလုပ်လုပ်ပေးမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများကို ထောက်ပံ့ ကူညီပေးသွားမည် ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) သည် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ အစည်းအဝေး ပြုလုပ်ခဲ့ရာ NLD ပါတီ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အခြား မဟာမိတ်များနှင့် အတူ လူမှုရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

အစိုးရ၏ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်သော အားဖြင့် NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် မှတ်ပုံတင်ရန် နောက်ဆုံးရက် ကျော်လွန်သွားပါက NLD သည် တရားဝင် ပါတီ အဖြစ်မှ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံရေး ရုပ်ပုံကားချပ်မှ ၎င်း၏ ကံကြမ္မာ မည်သို့ မည်ပုံ ရှိလာမည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

''ကျွန်တော်တို့ဟာ NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ အနာဂတ်မှာ တိုင်းရင်းသား နိုင်ငံရေး ပါတီများနဲ့ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်'' ဟု CRPP မှ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

CRPP အစည်းအဝေးသို့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ် အမှုဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ဦးအေးသာအောင်၊ ဦး PuCing Tsian Thang၊ ဦး Thaug Ko Thaug နှင့် အခြား CRPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

''ကျွန်တော်တို့ အားလုံးက NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လေးစားပါတယ်။ ပါတီ အတွက် ဂုဏ်ယူပါတယ်။ NLD နဲ့ CRPP ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်'' ဟု ဦးအေးသာအောင် က ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များက ပါတီ ဖျက်သိမ်းခံရသော်လည်း နိုင်ငံရေး ပါတီအဖြစ် ဆက်လက် လည်ပတ် ရပ်တည်ရေး အတွက် အမြင်ချင်း ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

English.people.com, 2nd April 2010

မြန်မာ အစိုးရသည် နိုင်ငံ၏ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်ရှိ ဒေသ ၂ ခု တွင် အစိုးရတပ် သြဇာခံ နယ်ခြားစောင့်တပ်များ ထပ်မံ ဖွဲ့စည်းခဲ့သည်ဟု နိုင်ငံပိုင် နေ့စဉ် သတင်းစာများတွင် သောကြာနေ့က ဖော်ပြခဲ့သည်။

တပ်ဖွဲ့များ ဖွဲ့စည်းခဲ့သော နယ်မြေ ၂ ခုမှာ မိုင်းတုန် မြို့နယ်မှ ပုံပါကျင်နှင့် မိုင်းယောင်း မြို့နယ်မှ မိုင်းယု တို့ ဖြစ်သည်ဟု New Light of Myanmar က သတင်း ထုတ်ပြန်သည်။

အဆိုပါ သတင်းတွင် နယ်ခြားစောင့်တပ်၏ ယခင် ခေါင်းဆောင်ပိုင်းကို အသေးစိတ် ဖော်ပြခြင်း မရှိပါ။

၁၉၈၈ နောက်ပိုင်း မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ အနက်မှ ၁၉၈၉ တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAF) အခြေစိုက်ရာ မိုင်းလားဒေသ (သို့) အထူးဒေသ ၄ နယ်မြေထဲတွင် အထက်ပါ ရှမ်း အရှေ့ နယ်မြေ ပါဝင်နေသည်။

လာမည့် ပါတီစုံ ရွေးကောက်ပွဲ အတွက် အခြေပြု စရာ ရွေးကောက်ပွဲ ဥပဒေကို ယခင်လက ကြေညာခဲ့ပြီး နောက် အစိုးရက အဆိုပါ နယ်မြေ ၂ ခုတွင် နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခု ဖွဲ့စည်းမှု မတိုင်မီ ယခင်နှစ်ကုန်ပိုင်း ကလည်း တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ကို အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့များမှာ ကချင် အထူးဒေသ (၁) မှ ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယား အထူးဒေသ (၂) မှ ကရင်နီ အမျိုးသား ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) နှင့် ရှမ်းမြောက် အထူးဒေသ (၁) မှ ကိုးကန့် တပ်ဖွဲ့တို့ ဖြစ်သည်။

ဆခုန်တိန့်ယိမ်း ဦးဆောင်သည့် NDA-K သည် ၁၉၈၉ ဒီဇင်ဘာလတွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲ ခဲ့ပြီး KNPLF က ၁၉၉၄ မေလ၊ ကိုးကန့်တပ်ဖွဲ့က ၁၉၈၉ မတ်လတွင် အသီးသီး အပစ်အခတ် ရပ်စဲခဲ့သည်။ ထိုစဉ်ကပင် ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ကိုင် ဆောင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားခဲ့သည်။

၂၀၀၃ ခုနှစ်က ထုတ်ပြန်ခဲ့သော ဒီမိုကရေစီ လမ်းပြမြေပုံမှ အဆင့် ၅ အရ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံ ဥပဒေ အခြေခံ၍ ယခုနှစ်ကုန်တွင် ကျင်းပမည် ဖြစ်ပြီး အသစ်ဖွဲ့စည်းမည့် အရပ်ဖက် အစိုးရထံ အာဏာ လွှဲပြောင်းပေးမည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.telegraphindia.com, 1st April 2010

လက်ရှိ အချိန်အခါတွင် အာဏာရှင် ကိုလူဆိုးတို့သည် ဒီမိုကရေစီ ရှိုးပွဲများကို လိုလိုလားလား ကျင်းပရန် စီစဉ်လျက် ရှိသည်။ စစ်ဖက် အစိုးရ၏ အဆင့် ၇ ဆင့် လမ်းပြမြေပုံကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံတွင် နောက်ဆုံး လမ်းလွဲသူ အဖြစ်သို့ ရောက်တော့မည် ဖြစ်သည်။ နိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများက ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် သူမ ဆုံးဖြတ်ခဲ့ခြင်း အပေါ် အံ့အားသင့်သူ အနည်းငယ်သာ ရှိပါလိမ့်မည်။

စစ်ဖက် အစိုးရ၏ အစီအစဉ်များ အဆင်ပြေ ချောမွေ့စေရန် ဟန်ပြ လှည့်စားထားသော အခြေခံ ဥပဒေသစ် နှင့် ရွေးကောက်ပွဲ ဥပဒေ ၂ ခု စလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို အခြား ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်အောင် ပြုလုပ်လိုက်ပြီ ဖြစ်သည်။ လိမ်လည်ထားသည့် ၂၀၀၈ ဆန္ဒခံယူပွဲမှ မွေးဖွားပေးခဲ့သော အခြေခံ ဥပဒေသည် စစ်အုပ်ချုပ်ရေး တရားဝင်အောင် ပြုလုပ်မည့် ကိရိယာ တစ်ခု ဖြစ်သည်မှာ ထင်ရှားလှသည်။ ထိုဥပဒေ အရ လွှတ်တော်နေရာ ၂၅% ကို စစ်တပ် အတွက် ဖယ်ထားသလို တပ်မတော် အကြီးအကဲကိုလည်း ရွေးကောက်ခံ အစိုးရထက် တန်ခိုးအာဏာ ကြီးအောင် ပြုလုပ်ပေးထားသည်။

ထို့အပြင် အစိုးရကို ဆန့်ကျင် ဝေဖန်သူများ အားလုံး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် မပါဝင်နိုင်အောင် ဥပဒေဖြင့် လက်တွေ့ကျကျ ဖယ်ရှားထားသည်။ ထောင်ဒဏ် ကျခံနေရသူ (သို့) ပြစ်ဒဏ် ကျခံနေရသူ မည်သူမဆို ရွေးကောက်ပွဲ မဝင်နိုင်အောင် အစိုးရက တားဆီးထားသည်။ ဤအချက်မှာ ထောင်ထဲတွင် ထိန်းသိမ်းခံနေရသော နိုင်ငံရေး သမား ၂ ထောင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လုပ်ငန်းစဉ်မှ ဖယ်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

ဤမျှ မကသေးပါ။ ဘာသာရေး အသင်း အဖွဲ့ဝင်များကို တားဆီး ပိတ်ပင်ထားသည့် အချက်ကလည်း စစ်အစိုးရ၏ ဒဏ်ကို ဆိုးဝါးစွာ ခံခဲ့ရသော သားကောင်များ ဖြစ်သလို၊ ထင်ရှားသည့် အစိုးရ ဆန့်ကျင် ဝေဖန်သူများထဲတွင် ပါဝင်နေသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဘေးဖယ်ထားရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ အထက်ပါ ဥပဒေများသည် ရွေးကောက်ပွဲများ၏ တရားမျှတမှုများကို မကျင်းပမီကပင် ဓားပြတိုက် ယူသွားခဲ့ပြီဟု ဆိုနိုင်သည်။

မည်သို့ပင် ဖြစ်စေ ဒီမိုကရေစီ လှုပ်ရှားသူ အချို့နှင့် NLD အတွင်းမှ အနည်းအကျဉ်းခန့်က ပါတီ၏ ဆုံးဖြတ်ချက်သည် မှားယွင်းသော လုပ်ဆောင်မှု ဖြစ်သည်ဟု ဆိုပါက အံ့သြကြလိမ့်မည် ဖြစ်သည်။ NLD ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့်မှ ရပ်ဆိုင်းခြင်း ခံရပါလိမ့်မည်။ NLD ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူများက မြန်မာနိုင်ငံတွင် ကာလရှည်ကြာ နှောင့်နှေးနေခဲ့သော ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးတွင် ပါဝင် လုပ်ဆောင်နိုင်မည့် ယခု အခွင့်အရေးကို လက်လွှတ်မခံသင့်ဟု စောဒက တက်လျက် ရှိသည်။

ယခု ကာလတွင် ၁၉၉၀ နောက်ပိုင်း တိုင်းပြည်၌ ပထဆုံး အကြိမ် ဖြစ်သော ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လွှတ်တော် ရှိခဲ့သော နောက်ဆုံးကာလမှာ ၁၉၆၂ ခုနှစ်က ဖြစ်သည်။

ဒီမိုကရေစီ အနည်းငယ် ရခြင်းသည် ဘာမှ မရတာထက် ပို၍ကောင်းပါသည်ဟု အချို့သူများက အငြင်းပွားနေသည်။ ဤသို့ အကောင်းမြင်မှုသည် မျှော်လင့်ချက် ကုန်ခမ်းမှုမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပြီး ကာလရှည်ကြာ ရက်စက်ခဲ့သော စစ် အစိုးရ အဆုံးသတ်သွားသည်ကို မြင်လိုကြခြင်းလည်း ဖြစ်သည်။

သို့ရာတွင် အကယ်၍ ရွေးကောက်ပွဲတွင် ပါဝင်ရန် NLD က ဆုံးဖြတ်ခဲ့ပါက စစ် အစိုးရထံ အညံ့ခံခြင်းနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်မှုအား လက်ခံခြင်း ဟူ၍သာ အဓိပ္ပာယ် ထွက်ပါလိမ့်မည်။ အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် စစ်အစိုးရက လုပ်ဆောင်ခြင်းကို လက်ခံရာ ရောက်သွားနိုင်ခြင်းပင် ဖြစ်သည်။

လွတ်လပ်သော ကမ္ဘာကြီးသည် စစ်အစိုး၏ ခြိမ်းခြောက်မှုကို ပြန်လည် စိန်ခေါ်ရမည် ဖြစ်ပြီး စစ်အစိုးရ၏ သရုပ်အမှန် ကို သိရှိနိုင်ရေး အတွက် လာမည့် ရွေးကောက်ပွဲများကို စောင့်ကြည့် ကြရပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 8th March 2010

          အမေရိကန် ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရအပေါ် ထိတွေ့ ဆက်ဆံရေး မူဝါဒ အပြောင်းအလဲတွင် ရှေ့ဆုံးက ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၀၃ ခုနှစ်ကတည်းက တွေ့ဆုံခဲ့သော လက်တဆုပ်စာ သံတမန် ဦးရေတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

          ၎င်းသည် DVB သို့ အမေရိကန်တို့ မူဝါဒ ပြောင်းရန် ကြေညာပြီးကတည်းက မြန်မာအစိုးရ၏ တိုးတက်မှု မရှိပုံများအတွက် ဝါရှင်တန်၏ စိတ်ကျေနပ်မှု မရရှိခြင်းအား ပြောကြားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော ပြောဆိုချက်များသည် တိုင်းပြည်အတွက် မျှော်လင့်ချက်များပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေး - ခင်ဗျားရဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက မြန်မာအစိုးရနဲ့ ဆက်ဆံရေး မှာ ဘာတိုးတက်မှုတွေ ရှိပါသလဲ။

Kurt Campbell - ပြီးခဲ့တဲ့ နိုဝင်ဘာလ ကျွန်တော်တို့ရဲ့ စူးစမ်း လေ့လာရေး ခရီးစဉ်မှာ တိုင်းပြည်တွင်းက နိုင်ငံရေး အဖွဲ့တွေ၊ စစ်တပ်က ပုဂ္ဂိုလ်တွေနဲ့ လူမှု အဖွဲ့အစည်းများက ပလေယာတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ အစိုးရကို ကျွန်တော်တို့ အကြံဥာဏ် အချို့ ပေးခဲ့ပါတယ်။ အဲဒါတွေကို ပလေယာ အမျိုးမျိုးနဲ့ ဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း ဒေသတွင်းက အဓိက ပလေယာတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့လည်း စကား ပြောခဲ့ပါတယ်။ ဥပမာအားဖြင့် နောက်ထပ် လှမ်းမယ့် အနီးဆုံး ခြေလှမ်းအတွက် လုပ်ငန်းစဉ်တွေအကြောင်း ပြောခဲ့ပါတယ်။ မြန်မာ အစိုးရကိုလည်း ကျွန်တော်တို့ ပေးတဲ့ အကြံဥာဏ်များနဲ့ ပတ်သက်ပြီး ထင်မြင် ယူဆချက်တွေ ပေးဖို့ အခွင့်အရေး ပေးလိုပါတယ်။ ကျွန်တော်တို့ စိတ်ရှည် သည်းခံမှုကို ပြဖို့ လိုပါတယ်။ ဒါပေမယ့်လည်း နေပြည်တော်က အစိုးရ အနေနဲ့ ရှေ့ဆက်ရမယ့် ခရီးစဉ်မှာ လမ်းညွှန်မှုတွေ ပေးဖို့လည်း လိုတယ်ဆိုတာ အားလုံး သဘောပေါက်ပါတယ်။

မေး - နိုဝင်ဘာ ပြီးကတည်းက  မြန်မာအစိုးရ အနေနဲ့ ခင်ဗျားတို့ လိုချင်တဲ့ ဦးတည်ရာ လမ်းကြောင်း သွားနေပြီ ဆိုတဲ့ လက္ခဏာတွေ တွေ့ရလား။

K.C - အခုထိတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို စိတ်ပူ စေရမယ့် လက္ခဏာ အချို့ကိုတော့ တွေ့ရတယ်။ တိုင်းရင်းသား အဖွဲ့အချို့နဲ့ နယ်စပ်မှာ ဖြစ်ပေါ်တဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ကို စိုးရိမ်မှုတွေ ဖြစ်စေပါတယ်။ သူတို့ရဲ့ ဖမ်းဆီးမှုအချို့နဲ့ လှုပ်ရှားမှုတွေဟာ လာမယ့် ရွေးကောက်နဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု ဖန်တီးပေးရမယ့် လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက် လားရာကို သွားနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကို သုံးသပ်ရမယ် ဆိုရင် အချို့ နေရာလေးတွေမှာ အသက်ကြီးတဲ့ နိုင်ငံရေးသမား အနည်းငယ် လွှတ်ပေးတာတို့ စတဲ့ တိုးတက်မှု အနည်းငယ်ပဲ ရှိတဲ့ နည်းတူ တစ်ချိန်တည်းမှာ ကျွန်တော်တို့ကို အမှန်တကယ် စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့ ခြေလှမ်း အချို့ကိုလည်း တွေ့နေရပါတယ်။

မေး - မြန်မာနဲ့ ဆက်ဆံရေး မပြုမီက ခင်ဗျား ပြောခဲ့တယ်။ ဒီလုပ်ငန်းစဉ်ဟာ ကြာမယ်။ နာကျင်မှုတွေ ရှိမယ်။ တစ်ဆင့်ချင်း သွားရမယ့် လုပ်ငန်းစဉ် ဖြစ်တယ်ဆိုတာ။ အခု ခင်ဗျား ထင်ထားတာထက် ပိုကြာမယ့် လုပ်ငန်းစဉ် တစ်ခုလို့ရော မခံစားမိဘူးလား။

K.C - မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖြစ်လာနိုင်တာတွေကို ပြင်ဆင်ဖို့ အတွက်ပါ။ ကျွန်တော် ထင်တယ်။ အမေရိကန် ပြည်ထောင်စုအတွက် အဓိက ကတော့ ကျွန်တော်တို့ ပြောမယ်။ ကျွန်တော်တို့ မူအတိုင်းပဲ ပြောမယ်။ ကျွန်တော်တို့ တန်ဖိုးထားတာ။ မိတ်ဆွေတွေ အတွက် ပြောမယ်။ ဒီလုပ်ငန်းစဉ်မှာ စိတ်ရှည်တာကို ပြဖို့နဲ့ မဆုတ်မနစ် လုပ်နေဖို့ပဲ လိုပါတယ်။ တစ်ညထဲနဲ့ ပြောင်းသွားမယ့် အခြေအနေ မဟုတ်ပါဘူး။ အနောက်နိုင်ငံ မိတ်ဆွေများ အနေနဲ့ကတော့ မဟာဗျူဟာ ကျပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် အရင်ပြောခဲ့တဲ့ စကားအတိုင်း နာကျင်မယ်၊ ခက်ခဲမယ်၊ စိန်ခေါ်မှုတွေ ရှိမယ်။ ထင်တာထက် ပိုကြာနိုင်တယ်လို့ ပြောပါမယ်။

မေး - မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှုတွေ တွေ့ရဖို့ ဘယ်လောက် စောင့်ရလိမ့်မယ်လို့ ခင်ဗျား ထင်သလဲ။

K.C - ကျွန်တော် မဖြေနိုင်ပါဘူး။ မသိပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး ဆက်ဆံရေးကနေ ရတဲ့ အကျိုးတွေကတော့ ရလဒ် အကောင်းအဆိုး အများကြီး ပြန်ရတတ်ပါတယ်။ တစ်ဖက်လူ ဘာတွေ စဉ်းစားတယ်ဆိုတာ သိအောင် ကြိုးစားနိုင်လာတဲ့ အကျိုးတွေ ရပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး သူဘာတွေ စဉ်းစားတယ်ဆိုတာ မှန်းဆရခက်တဲ့ အစိုးရမျိုးတွေနဲ့ အချိန် အကြာကြီး ဆက်ဆံခဲ့ရဖူးပါတယ်။ ကျွန်တော်တို့ နျူကလီယာ ပြန့်ပွားရေးနဲ့ ဆိုင်တဲ့ စိုးရိမ်ရတဲ့ သတင်း စကားတွေကို ပြောပြနိုင်ခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး လိုဟာမျိုးတွေပေါ့။ နောက်ပြီး တိုင်းပြည်တွင်း သွားမယ့် လမ်းကြောင်း အတွက် ဆွေးနွေးဖို့ ပါတီတွေ အားလုံး မျက်နှာစုံညီ စုခေါ်ပြီး ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု အတွက် ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေကို ချပြနိုင်ခဲ့တယ်။ အမေရိကန်နဲ့ အပြန်အလှန် ဆက်ဆံရေးကနေ ရမယ့် အခွင့်အရေးကို အသုံး ချသင့်ပြီး၊ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ချပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ရမယ့် ခရီးမှာ ကျွန်တော်တို့ အချက်ပြမှုတွေ၊ လမ်းညွှန်မှုတွေ လိုအပ်ပါလိမ့်မယ်။

မေး - ရှေ့ဆက်ရမယ့် လမ်းကြောင်းဟာ အစိုးရရဲ့ အခုနှစ် လှုပ်ရှားမှုတွေပေါ်မှာ အရမ်း မူတည်နေတယ်လို့ ခင်ဗျား ပြောခဲ့တယ်။ အဲဒါကို အကျယ်ချဲ့ ပြောပေးပါဦး။

K.C - အသေးစိတ်တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာတစ်ခုက ပလေယာတွေ ကြားထဲမှာ ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်မယ့် ပတ်ဝန်းကျင် ဖန်တီးဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ အရှင်းဆုံး တစ်ခုက နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ကို စိုးရိမ် ပူပန်မှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်တို့ ယုံကြည်တာ တစ်ခုက အခု တိုင်းရင်းသား အဖွဲ့တွေနဲ့ သူတို့ကို ကိုယ်စားပြုသူတွေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ အရေးကြီးတဲ့ ကဏ္ဍက ကပြကြရလိမ့်မယ် ဆိုတာပါပဲ။ အဲဒါအပြင် ဖော်ပြဖို့ လိုတဲ့ အရေးကိစ္စတွေ ရှိနေပါသေးတယ်။ စီးပွားရေး ကိစ္စတွေကအစ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ အဆုံး ကိစ္စရပ်တွေ အများကြီးပါ။ ဒါပေမဲ့ ဒီပုံမှန် မဟုတ်တဲ့ ခရီးရှည်ကြီးမှာ အမှန်တရားကတော့ အခြေခံ အကျဆုံး ခြေလှမ်းက စကြရမှာ ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မဆုတ်မနစ်သော လုံ့လနဲ့ အခြားနိုင်ငံများနဲ့ အုပ်စုဖွဲ့နိုင်မယ်ဆိုရင် ရှေ့ဆက်ရမယ့် မှန်ကန်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့ရလိမ့်မယ် ဆိုတာပါပဲ။

မေး - အမေရိကန်က မြန်မာအစိုးရနဲ့ ဆက်ဆံဖို့ စီစဉ်တော့ မြန်မာ အတိုက်အခံအဖွဲ့တွေ ကြားမှာ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ သူတို့ကို ဘာပြောလိုပါသလဲ။

K.C - ပထမဆုံး ပြောလိုတာက၊ အရေးအကြီးဆုံးက ကျွန်တော်တို့ရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒနဲ့ ကုလသမဂ္ဂနဲ့ အခြားမှာရှိတဲ့ အရေးကိစ္စတွေပေါ်မှာ ကျွန်တော်တို့မူနဲ့ ရပ်တည်ချက်တွေကို ပြန်ပြီး ညှိနှိုင်းတာ မလုပ်ပါဘူး။ တသမတ်တည်း အဲဒီလို ရပ်တည်နေမှာပါ။ အဲဒါကိုလည်း အစိုးရ ကိုယ်စား လှယ်တွေနဲ့ တွေ့တဲ့ အခါတွေမှာ ပြောပြပြီဖြစ်ပါတယ်။ နံပတ်နှစ်အချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တုန်းက သူမကလည်း ကျွန်တော်တို့ဘက်က အစပြုခဲ့တာကို ကြိုဆိုပါတယ်။ မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ထင်တယ်လို့ ပြောပါတယ်။ အခုအချိန်မှာ လုပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး အားဆေး တစ်ခုလည်း ဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ တတိယအုပ်စုကရော တိုင်းရင်းသား အဖွဲ့များကပါ NLD ကတောင် ဆက်ဆံမှုကို ကြိုဆိုတော့ ယုံကြည်မှု ပိုရှိလာပါတယ်။ NLD က စိုးရိမ်ပူပန်မှု အချို့ကို ဖော်ပြလာပါသေးတယ်။ အမှန်တရားကတော့ ကျွန်တော်တို့ တိုင်ပင်ဖို့ လိုပါတယ်။ သေချာ နားထောင်ဖို့ လိုပါတယ်။ ပြီးမှ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် သေချာ အကဲဖြတ်ပြီး အတွေ့အကြုံဟောင်းတွေနဲ့ ပေါင်းစပ်ပြီး ဒီအချိန်မှာ ချဉ်းကပ်ဖို့ အသင့်တော်ဆုံးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေး - အခု ရွေးကောက်ပွဲမှာ အမေရိကန်က ဘယ်နေရာက ပါလဲ။

K.C - ဒီကိစ္စမှာတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ အခု အခြေအနေနဲ့ တိုင်းပြည်တွင်းမှာ ရွေးကောက်ပွဲဟာ ရလဒ်ကောင်းတွေ ရနိုင်လိမ့်မယ် ဆိုတာကို သံသယ ရှိနေပါတယ်။ သေချာတာ တစ်ခုက အစိုးရကတော့ အစက ပြန်ပြီး စမှာ မဟုတ်တော့ဘူး။ ဆန္ဒခံယူပွဲကတောင် တရားမဝင်ဘူးလို့ တချို့က ပြောနေကြတယ်။ လူတိုင်း စိုးရိမ်နေတဲ့ အချက်တွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြည်တွင်း တွေ့ဆုံဆွေးနွေးပွဲမျိုး လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ အဓိကပါတီတွေ အတူတကွ ဆုံပြီး စိုးရိမ်တာတွေအတွက် အကောင်းဆုံး လုပ်ငန်းစဉ်ဆိုတာကို အစိုးရကလည်း ယုံကြည်မှု အပြည့်နဲ့ စသင့်တယ်လို့ ထင်ပါတယ်။

မေး - ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နာရီလောက် ဆွေးနွေးခဲ့တယ် ဆိုတော့ သူမနဲ့ ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။

K.C - အသေးစိတ် ပြောဖို့မသင့်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ သူမဟာ ကျွန်တော် တွေ့ဖူးသမျှထဲမှာ ချီးကျူးလောက်စရာ အကောင်းဆုံး တစ်ယောက်ပါပဲ။ သူမမှာ ကိုယ့် ကိုယ်ကို ယုံကြည်မှု၊ တည်ငြိမ်မှု၊ ကြီးမားစွာ ရှိပါတယ်။ သူမဟာ လူတိုင်းရဲ့ လေးစားမှု၊ အောင်မြင်မှု ရလောက်ပါပေတယ်။ ကျွန်တော် သူမကို မချီးကျူးဘဲ မနေနိုင်တဲ့ အချက်ကတော့ မြန်မာနိုင်ငံ အကြောင်း အများကြီးသိတာကိုလည်း မဟုတ်ဘူး။ ကမ္ဘာ့ပတ်ဝန်းကျင်အကြောင်း သိနေတာကိုလည်း မဟုတ်ဘူး။ အဲဒါတွေဟာ သူမကို အထီးကျန် ထားတဲ့ကြားက သိနေတာ။ ကျွန်တော် ချီးကျူးတာက သူမဟာ သူတစ်ပါးရဲ့ ခံစားချက်နဲ့ အခြေအနေကို နားလည်နိုင်တာနဲ့ သူမကို ဖမ်းထားတဲ့ သူတွေကို နားလည်နိုင်တာကိုပါပဲ။ သူမဟာ လူသားချင်း ကိုယ်ချင်းစာနိုင်တဲ့ စိတ်အပြည့်နဲ့ သူမကို အထီးကျန်ထားတဲ့ ဗိုလ်ချုပ် တွေရော လူတွေကိုရော ခွင့်လွှတ်နိုင်ခဲ့ပါတယ်။ ကျွန်တော် Nelson Mandela ကို လေးစားခဲ့တုန်းက သူဟာ Robben Island မှာ သူ့ကို ဖမ်းထားတဲ့ လူတွေကိုရော လူဖြူအစိုးရအပေါ်ကိုပါ ထားခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့ စိတ်ထားကို သွားပြီး သတိရစေခဲ့ပါတယ်။ ဒါဟာ သူမရဲ့ စိတ်အခံ အားကောင်းပြီး နူးညံ့တဲ့ စိတ်ဓာတ် ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

မေး - တစ်နေ့မှာ သူမနဲ့ အလုပ်လုပ်မယ်လို့ မျှော်မှန်းထားလား။

K.C - မှန်တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော် ပြောရမယ်ဆိုရင် ရှေ့ကို ဆက်ရမယ့် ခရီးဟာ ရှုတ်ထွေး မယ်။ စိန်ခေါ်မှုတွေ ရှိမယ်ဆိုတာပါပဲ။ သူမနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အလုပ်လုပ်ဖို့ မျှော်မှန်း ထားပါတယ်။ သူတို့နဲ့တင် မကပါဘူး။ အစိုးရ အဖွဲ့ထဲက လူတွေနဲ့လည်း အလုပ်လုပ်ဖို့ ပြင်ဆင်ထားပါတယ်။

မေး - မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေရော ဘာတွေ ရပါသေးသလဲ။

K.C - အချို့ အချက်တွေက သိပ်ကို သိမ်မွေ့တော့ အသေးစိတ် မဆွေးနွေးနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ကို စိုးရိမ်မှုတွေ ဖြစ်စေတဲ့ သူတို့ရဲ့ စစ်ရေးနဲ့ အခြား ဆက်ဆံရေးတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အချိန်နဲ့ စိုးရိမ်စရာတွေကို ရှင်းရှင်းလင်းလင်း သိပါတယ်။

မေး - နျူကလီယာ ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး မစိုးရိမ်ဘူးလား။

K.C - ကျွန်တော်တို့ အမြဲတမ်း ပူပန်နေရတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ အဲဒီကိစ္စ ရှေ့ဆက် လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အထူး ဂရုစိုက်ပြီး ကြည့်နေပါတယ်။

မေး - မြန်မာနိုင်ငံနဲ့ ပတ်သက်လာတော့ ခင်ဗျားတို့ရဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးကရော ဘယ်လို ရှိပါသလဲ။

K.C - မြန်မာနိုင်ငံကို ထောက်ခံ ကူညီနေတဲ့ အဓိက နိုင်ငံအချို့ ရှိပါတယ်။ သူတို့ အားလုံးနဲ့ သေချာစွာ စကားပြောပြီး ဆွေးနွေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ တရုတ်၊ ထိုင်း၊ စင်္ကာပူနဲ့ အိန္ဒိယနိုင်ငံ တို့ဟာ မြန်မာနိုင်ငံတွင်းမှာ တိုက်ရိုက် ပတ်သက်နေတဲ့ အဓိက ပလေယာတွေ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သေချာခွဲခြားပြီး ပြောရရင်တော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံ တို့ပါပဲ။ အဲဒီနှစ်နိုင်ငံနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ချင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တရုတ် မိတ်ဆွေတွေဟာ တွေ့ဆုံမှုတွေဟာ စိတ်ပါလက်ပါ ရှိတာကို တွေ့ရပါတယ်။ သူတို့ဟာ နယ်စပ်ဒေသတွေမှာ မတည်ငြိမ်တာကို တွေ့ချင်လိမ့်မယ် မထင်ဘူး။ မြန်မာနိုင်ငံတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေကို ငြိမ်းချမ်းစွာ လုပ်ဆောင် ထားတာကိုပဲ သူတို့ နှစ်သက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

မေး - နောက်ဆုံးတစ်ခု မေးလိုပါတယ်။ မြန်မာ ပြည်သူပြည်သားတွေကို ဘာသတင်းစကား ပါးလိုပါသလဲ။

K.C - မျှော်လင့်ချက်တွေ ရပ်တန့် မပစ်လိုက်ပါနဲ့လို့ ပြောလိုပါတယ်။ ကျွန်တော် ဟီလာရီကလင်တန်နဲ့ စကားပြောတုန်းက သူမအနေနဲ့ ရှေ့ဆက်ပြီး ဖိအားပေးသွားမယ်လို့ ပြောတော့ ကျွန်တော်အတော် အားတက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူနဲ့ ဆုံးဖြတ်ချက်တွေဟာ ကြီးကျယ်တဲ့ စေ့ဆော်ပေးတဲ့ အချက်တွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားပါမယ်လို့ ပြောလိုပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရက ကျင်းပပေးမည့် ဒီမိုကရေစီ ရွေးကောက်ပွဲအပေါ် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှုကို လာမည့် ရက်သတ္တပတ်အတွင်း ပြုလုပ်မည် ဖြစ်သည်။

အာဆီယံ ရေးရာ ဌာနမှ ညွှန်ကြားရေးမှူးချုပ် Vitavas Srivihok က မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် ဆွေးနွေးမှုကို ဧပြီလ ၇ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ အာဆီယံ ဒေသတွင်း အရေးကိစ္စများအတွက် ပြုလုပ်သော ဆွေးနွေးပွဲတွင် တစ်ပါတည်း ထည့်သွင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း ပြောကြားသည်။ အာဆီယံ ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော နိုင်ငံရေးသမား များ ပါဝင်ခွင့် ရမည် မဟုတ်သည့် ရွေးကောက်ပွဲအကြောင်းကို ညစာစားပွဲ ပြုလုပ်စဉ် ဆွေးနွေး ပြောဆိုကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် ထားရှိသည့် အာဆီယံ ခေါင်းဆောင်များ၏ အမြင်များသည် အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်မည့် ကြေညာချက်တွင် တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ဖွယ် ရှိသည် ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံမှ ခေါင်းဆောင်များ အနေဖြင့် အခြား အာဆီယံ ခေါင်းဆောင်များ၏
အမြင်နှင့် သုံးသပ်ချက်များကို နားထောင်ကောင်း နားထောင်မည် ဖြစ်သည်ဟု Vitavas က ဝန်ကြီးဌာန သတင်းရင်းမြစ်ကို ကိုးကား၍ ပြောဆိုသည်။ သို့သော် တွေ့ဆုံ ဆွေးနွေးမှုမှာ အပြုသဘော ဆောင်မှသာ မြန်မာ ခေါင်းဆောင်များ လက်သင့်ခံ နားထောင်မည် ဖြစ်သည်ဟုလည်း ဆိုပြန်သည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။ ယင်းသို့ သပိတ် မှောက်မှုကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပယ်ဖျက်ခံရမည် ဖြစ်သည်။

ဟနွိုင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများက ရာသီဥတု အပြောင်းအလဲ ကိစ္စ အပါအဝင် အခြားသော သဘောတူညီချက် စာချုပ် ၁၂ ခုကို လက်မှတ် ရေးထိုးကြရန် စီစဉ်ထားကြောင်း သိရသည်။

အာဆီယံ ခေါင်းဆောင်များသည် အာဆီယံ ဥပဒေ ရေးဆွဲသူများ နှင့်လည်း တွေ့ဆုံ ဆွေးနွေး ပြောဆိုကြမည် ဖြစ်သည်။ သို့သော် အာဆီယံ နိုင်ငံများမှ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူငယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေရန် စီစဉ်ထားခြင်း မရှိဟု ဆိုသည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.