Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By William Boot, 3rd April 2010

တရုတ် အင်ဂျင်နီယာများသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းသို့ ရောက်ရှိလာကြပြီး၊ မြန်မာနိုင်ငံ ကို ဖြတ်၍ ဆောက်လုပ်မည့် သဘာဝဓာတ်ငွေ့ နှင့် ရေနံ ပိုက်လိုင်း အတွက် ပြင်ဆင်ရေး လုပ်ငန်း များ စတင် ဆောင်ရွက်နေပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင် သတင်း ဌာန ဖြစ်သော Narinjara က ပြောကြားရာတွင် တရုတ်နိုင်ငံ China National Petroleum Corporation (CNPC) မှ တရုတ် အင်ဂျင်နီယာ ၅၀ ကျော်သည် ကျွန်းပေါ်တွင် မြေပြင်ဆင်မှု လုပ်ငန်းများ၊ စက်ယန္တရားကြီးများ ရောက်ရှိလာခြင်းများ၊ ဆိပ်ကမ်း ဆောက်လုပ်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

တရုတ်များသည် ကျောက်တောင်များကို ဖြို၍ လမ်းဖောက်ရန် နှင့် ဆိပ်ကမ်း အခြေခံများ ပြုလုပ်ရန် ကျောက်များ စုဆောင်းလျက် ရှိကြောင်း ဒေသခံများက ပြောကြသည်။

ပိုက်လိုင်း တစ်ခုသည် ရွှေသဘာဝ ဓာတ်ငွေ့မှ ဝယ်ယူထားသော သဘာဝဓာတ်ငွေ့များကို သယ်ယူမည် ဖြစ်ပြီး၊ နောက်ပိုက်လိုင်း တစ်ခုသည် အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ သယ်ယူလာသော ရေနံများကို ပိုက်လိုင်းထဲသို့ မောင်းထည့်ကာ တရုတ်ပြည်သို့ ပို့ဆောင်မည် ဖြစ်သည်။

CNPC သည် အဆိုပါ ပိုက်လိုင်းများနှင့် ရမ်းဗြဲဆီ ဆိပ်ကမ်း အတွက် ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း၊ စက်မှု ရပ်ကွက်မှ လာသော သတင်းများအရ သိရှိရသည်။

ရမ်းဗြဲမှ အချို့သော မြေများကို သိမ်းယူခဲ့သော်လည်း ဘာကိုမျှ အစားပေးခဲ့ခြင်း မရှိကြောင်း Narinjara သတင်းဌာနက ပြောသည်။

ရွှေ သဘာဝဓာတ်ငွေ့ကို ဦးဆောင် တူးဖော်သော တောင်ကိုရီးယား နိုင်ငံမှ ဒေဝူး အင်ဂျင်နီယာ လုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီမှ ပုဂ္ဂိုလ်များကိုလည်း အဆိုပါ လုပ်ငန်း ဒေသတွင် တွေ့ရကြောင်း Narinjara သတင်းက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asianage.com, 2nd April 2010

အိန္ဒိယ နိုင်ငံသည် ၎င်း၏ အရှေ့ဖက် အိမ်နီးချင်း နိုင်ငံငယ် မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် စစ်ဖက် ဆက်ဆံရေး၊ ခိုင်မြဲရေး မူဝါဒကို တိတ်တိတ်ဆိတ်ဆိတ်၊ ဖြေးဖြေး မှန်မှန် စတင် အကောင်အထည် ဖော်နေသည်။ အဆင့်မြင့် မြန်မာ စစ်တပ် ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ လာမည့် အပတ်တွင် လာရောက်ရန် ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံမည် ဖြစ်သည်။

အိန္ဒိယ အရှေ့မြောက် သူပုန်များကို ကိုင်တွယ်ရန် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စသည် ဦးစားပေး အစီအစဉ် ဖြစ်ဖွယ် ရှိသည်ဟု သိရသည်။ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့များကို ရှောင်ရှားရန် နယ်စပ် ဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ပြေးလေ့ ရှိသော အိန္ဒိယ အရှေ့မြောက် ဒေသ သူပုန်များကို ကိုင်တွယ်ရာတွင် မြန်မာ စစ်ဖက် အုပ်ချုပ်သူများထံမှ ပူးပေါင်း ဆောင်ရွက်မှု ရရှိရန် အိန္ဒိယက စိတ်စော နေသည်။ တရုတ်နှင့် နိုင်ငံရေးအရ ရင်းနှီးမှု ရှိသည်ဟု အမြဲတမ်း ယူဆထားကြသော မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေး ခိုင်မြဲစေရန် အိန္ဒိယ နိုင်ငံက လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း သတိကြီးစွာ ထား၍ ကြိုးပမ်းခဲ့သည်။

တောင်အာရှ နှင့် အရှေ့တောင် အာရှ၊ ခွဆုံတွင် တည်ရှိသော မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံအတွက် လုံခြုံရေး ရှုဒေါင့်အရ အရေးကြီးသည်။ လုံခြုံရေး ဆိုင်ရာ ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း မြှင့်တင်လျက် ရှိသည်ဟု လတ်တလော ထုတ်ပြန်သည့် ကာကွယ်ရေး ဝန်ကြီးဌာန နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေး ဦးစီးချုပ်၏ တစ်ပတ်ကြာ ခရီးစဉ်ကိုလည်း လတ်တလော အိန္ဒိယ နိုင်ငံက လက်ခံ ကြိုဆိုခဲ့ပြီး၊ နှစ်နိုင်ငံ တပ်မတော်များ အကြား ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို တည်ဆောက်ရန် ကြိုးစားခဲ့သည်။

အလားတူပင် အိန္ဒိယ နှင့် နီပေါ စစ်တပ်များ အကြား ရင်းနှီးသော ဆက်ဆံရေး တိုးတက်စေရန် ကြိုးစားသည့် အနေဖြင့် နီပေါ စစ်တပ် ဦးစီးချုပ်၏ ခရီးစဉ်ကိုလည်း မကြာမီက ဧည့်ဝတ်ပြု ကြိုဆိုခဲ့သည်။

အိန္ဒိယ တပ်မတော်၏ ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး VK Singh က "မဟာဗျူဟာမြောက် အရှေ့ဖက် ဒေသ အပေါ် အသစ် ပြန်လည် စဉ်းစား သုံးသပ်ရန် လိုအပ်သည်" ဟု ကြာသပတေးနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By William Boot, 3rd April 2010

မြန်မာနိုင်ငံသည် အနာဂတ်တွင် ဒေသတွင်း ငွေကြေး အကျပ်အတည်းများကို ကာကွယ်နိုင်ရန် အရှေ့ အာရှနိုင်ငံ ၁၃ နိုင်ငံ စုစုပေါင်း၍ တည်ထောင်ထားသော အမေရိကန် ဒေါ်လာ ဘီလီယံ ၁၂၀ ရှိသော ရန်ပုံငွေ တစ်ရပ်တွင် အနည်းငယ်သော အစိတ်အပိုင်း တစ်ခု ထည့်ဝင်ခဲ့သည်။

အဆိုပါ ရန်ပုံငွေကို နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် နိုင်ငံ အများအပြားသည် ဖြစ်လာနိုင်သည့် အကျပ်အတည်းများကို ငွေကြေး လဲလှယ်သည့် ပုံစံဖြင့် ကူညီ ထောက်ပံ့ရန် ရည်ရွယ်၍ ထူထောင်ထားခြင်း ဖြစ်သည်။

အဆိုပါ ရန်ပုံငွေ အဖွဲ့တွင် အာဆီယံ ဆယ်နိုင်ငံ အပြင် တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယားတို့ ပါဝင်သည်။

စာရွက်ပေါ်တွင် မြန်မာနိုင်ငံသည် ဒေါ်လာ သန်း ၆၀ နှင့် ညီသော ငွေများကို ချင်းမိုင် အစပြု၍ သဘောတူညီချက် (Chiang Mai Initiative) အရ ထည့်ဝင်မည် ဖြစ်ပြီး မတ်လကုန်တွင် စတင် သက်ရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံထက် နည်းသော ငွေပမာဏ ထည့်ဝင်သော နိုင်ငံ နှစ်ခုမှာ ဘရှုနိုင်း နှင့် လာအို တို့ဖြစ်သည်။

ဂျပန်နှင့် တရုတ်သည် ဒေါ်လာ ၃၈ ဘီလီယံစီ ထည့်ဝင်မည် ဖြစ်ပြီး၊ တောင်ကိုရီးယားက ဒေါ်လာ ဘီလီယံ ၂၀ ထည့်ဝင်ကာ အာဆီယံ နိုင်ငံများက ဒေါ်လာ ၂၄ ဘီလီယံ ထည့်ဝင်မည် ဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် ပြဿနာ ဖြစ်နေသော နိုင်ငံသည် ၎င်း၏ ကိုယ်ပိုင်ငွေနှင့် ဒေါ်လာကို လဲလှယ် ယူနိုင်ပြီး၊ ပြန်လည် ပေးဆပ်ရမည့် ကာလကို (၂) နှစ် သတ်မှတ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

CNN News, 3th April 2010

စနေနေ့၌ ဘန်ကောက်မြို့ လမ်းများပေါ်တွင် ပြည်သူ ထောင်ပေါင်း များစွာ ချီတက်ကာ ၇ ရက် သီတင်းပတ် အတန်ကြာနေပြီ ဖြစ်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တိုးချဲ့ ပြုလုပ်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ခန့်မှန်းချက် အရ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး အဖွဲ့ဝင် တစ်သောင်းကျော်သည် ဘန်ကောက် မြို့လယ်ခေါင်ရှိ အဆင့်မြင့် ဈေးဝယ် ကုန်တိုက်ကြီးများ အနီးမှ လမ်းဆုံ လမ်းခွများကို ပိတ်ဆို့ကာ ဆုတောင်း ရွတ်ဖတ် ခဲ့ကြသည်ဟု ဆိုသည်။

ရှပ်နီများဟု လူသိများသည့် အတိုက်အခံ အုပ်စုက လွှတ်တော်ကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုနေသည်။

ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား နှင့် အတိုက်အခံ အုပ်စု ခေါင်းဆောင်များ  တွေ့ဆုံခဲ့ပြီးနောက် စနေနေ့တွင် ဆန္ဒပြပွဲများ ထပ်မံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွင် ကျင်းပခဲ့သော တွေ့ဆုံမှုများမှာ သောင်မတင် ရေမကျ ဖြင့်သာ အဆုံးသတ်ခဲ့သည်။

ဆုတောင်း မေတ္တာပို့ ကခုန်နေသည့် ရှပ်နီ ဆန္ဒပြပွဲများ

ဆန္ဒပြသူများသည် မတ်လ ၁၄ ရက်က စတင်ခဲ့သော ဆန္ဒပြပွဲများကို ဆက်လက် ပြုလုပ်နေခြင်း ဖြစ်သည်။ မိမိတို့ ရည်မှန်းချက်များ ပြည့်ဝသည် အထိ ဆန္ဒပြပွဲများကို ဆက်လက် ပြုလုပ် သွားမည်ဟု ရှပ်နီ အဖွဲ့ဝင် တစ်ဦးက CNN သို့ ပြောကြားလိုက်သည်။

ဆန္ဒပြသူများသည် ၂၀၀၆ ခုနှစ် သွေးမြေ မကျ စစ်တပ် အာဏာသိမ်းမှုတွင် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသော ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်သည်။ သက်ဆင်သည် သက်တမ်းပြည့် တာဝန် ထမ်းဆောင်ဖူးသည့် တစ်ဦးတည်းသော ဝန်ကြီးချုပ် ဖြစ်ပြီး ယခုတိုင် အကြီးအကျယ် လူကြိုက်များနေဆဲ ဖြစ်သည်။

၎င်းအား အကျင့်ပျက် ခြစားသည်ဟု ဆိုကာ ခုံရုံးတင် စစ်ဆေးခဲ့ခြင်းကြောင့် ပြည်ပတွင် တိမ်းရှောင်နေရသော သက်ဆင်က နိုင်ငံရေး မနာလိုမှုကြောင့် စွပ်စွဲ ခံရခြင်းသာ ဖြစ်သည်ဟု ရှင်းလင်း ပြောကြားထားသည်။ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားသည် ဒီမိုကရေစီ နည်းကျ တင်မြှောက်ခံရသူ မဟုတ်ဟု ဆန္ဒပြသူများက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ အသစ် ပြန်လည် ကျင်းပရန် တောင်းဆို နေကြခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံမှ လာသော ရထားတစ်စီးသည် ဧပြီလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ နယ်စပ်မြို့သို့ ဆိုက်ရောက်လာရာ အာဏာရှင် ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် အိမ်နီးချင်း တရုတ်ပြည်သို့ လာရောက် လည်ပတ်ခြင်း ဖြစ်နိုင်သည် ဟူသော ထင်မြင် သုံးသပ်ချက်များလည်း ထွက်ပေါ်လာခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနများက ရေးသား ဖော်ပြသည်။ သို့သော် ကင်ဂျုံအီလ် အနေဖြင့် တရုတ်ပြည်သို့ အမှန်တကယ် ခရီး သွားရောက်ခြင်း ရှိ၊ မရှိ ဟူသည်ကို မည်သူမျှ အတည်မပြုနိုင်သေးပေ။

မြောက်ကိုရီးယားနိုင်ငံ နျူကလီယာ လက်နက် တပ်ဆင်မှု အစီအစဉ်များ အဆုံးသတ်ရေး အတွက် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းပွဲသို့ ပြန်လည် ဝင်ရောက်ရန် အမေရိကန် ပြည်ထောင်စု၊ တရုတ်နှင့် အာရှဒေသတွင်း အင်အားကြီး နိုင်ငံများက ဖိအားပေးနေခြင်းကြောင့် မစ္စတာ ကင်ဂျုံအီလ် တရုတ်ပြည်သို့ သွားသည့်ကိစ္စမှာ ဖြစ်နိုင်ခြေ ရှိသည်ဟု ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ၊ Yonhap သတင်းဌာနက မြောက်ကိုရီးယားမှ လာသော အထူးရထား တစ်စီးသည် တရုတ်နိုင်ငံ၊ Dandong မြို့သို့ ဧပြီလ ၃ ရက်နေ့ နံနက် အာရုံကျင်းချိန်တွင် ရောက်ရှိလာကြောင်း အမည် မဖော်လိုသော တောင်ကိုရီးယား အစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြရေးသားသည်။ အဆိုပါ အရာရှိ၏ အဆိုအရ အထူးရထားတွင် မစ္စတာ ကင်ဂျုံအီ လိုက်ပါလာနိုင်ကြောင်း (သို့မဟုတ်) အထူးရထားသည် ရှေ့ပြေး ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

သို့သော် ဧပြီလ ၄ ရက်၊ တရုတ်နိုင်ငံမှ ရသော သတင်းကို Yonhap သတင်းဌာနက ကိုးကား ဖော်ပြရာ၌ အဆိုပါ မီးရထားသည် ကုန်ပစ္စည်းများသာ တင်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုပြန်သည်။ အခြားသော တောင်ကိုရီးယား မီဒီယာများ ဖြစ်သော YTN ရုပ်သံဌာနနှင့် JoongAng Ilbo သတင်းစာကလည်း မြောက်ကိုရီးယား ကုန်ရထားတစ်စင်း တရုတ် နိုင်ငံသို့ ဆိုက်ရောက်လာသည်ဟု ရေးသား ဖော်ပြကြသည်။

သတင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရသည့် အခြားသော အကြောင်းကိစ္စမှာ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းအေဂျင်စီက ခေါင်းဆောင်ကြီး ကင်သည် အနုပညာ သရုပ်ပြပွဲ တစ်ရပ်သို့ တက်ရောက်ခဲ့သည်ဟု ထုတ်ဖော်ခဲ့၍ပင် ဖြစ်သည်။ သို့သော် အနုပညာ သရုပ်ပြပွဲ တက်ရောက်သည့် အချိန်နှင့် နေရာတို့ကို အတိအကျ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ သို့အတွက်ကြောင့် တောင်ကိုရီးယား ထိပ်တန်း မီဒီယာက ကင်ဂျုံအီလ် ထင်ကြေးပေး ရေးသားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား သမ္မတရုံးတော်မှ ထွက်ပေါ်လာသော သတင်းများအရ ကင်ဂျုံအီလ် တရုတ်ပြည်သို့ သွားရောက် လည်ပတ်မည့် ကိစ္စမှာ လွန်စွာ ဖြစ်နိုင်ခြေ ရှိကြောင်း သိရသည်။ ယခုအခါ အသက် ၆၈ နှစ် အရွယ်ရှိပြီ ဖြစ်သော မစ္စတာ ကင်ဂျုံအီလ်သည် ပြည်ပသို့ခရီး သွားရောက်လာခြင်း မရှိသလောက် နည်းပါးသည်။ ၂၀၀ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်ပြည်သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် လေသင်တုန်း ရောဂါ ခံစားခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သေးသည်။

တောင်ကိုရီးယား၏ ပင်မလျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ ဖြစ်သော အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIS) က မြောက်ကိုရီးယား ခေါင်းဆောင် တရုတ်ပြည်သို့ သွားရောက်နိုင်ခြင်း ရှိ၊ မရှိ ဟူသော ကိစ္စကို စုံစမ်း ထောက်လှမ်းနေခဲ့ကြောင်း ပြောကြားသည်။

ကင်ဂျုံအီလ် ခရီးသွားလာရာတွင် လုံခြုံရေးကို အလွန်အမင်း တင်းကြပ်မှုများ ပြုလုပ်လေ့ ရှိသည်။ မစ္စတာကင် ပါဝင်သော မီးရထားသည် အခြားသော ရထားနှစ်စင်းဖြင့် အတူ ခုတ်မောင်းတတ်သည်။ ရှေ့က ရထားတစ်စီးက ရထားလမ်းများ အန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိကို သိနိုင်ရန် ဦးစွာ ခုတ်မောင်းပြီး မစ္စတာကင် စီးနင်းသော ရထားနောက်မှ နေ၍ နောက်ထပ် ရထားတစ်စင်းက လိုက်လေ့ ရှိသည်။ နောက်ရထားတွင် လုံခြုံရေးတပ်ဖွဲ့များ အပြည့် လိုက်ပါလေ့ ရှိကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီများ၏ ပြောကြားချက်ကို ကိုးကားပြီး Chosun Ilbo သတင်းစာက ရေးသား ဖော်ပြသည်။

မစ္စတာ ကင်ဂျုံအီလ် စီးနင်းသော ရထားသည် လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး အစည်းအဝေး ခန်းမများ၊ ဧည့်ခံ ခန်းမများ၊ အိပ်ခန်းများ၊ နံရံကပ် တီဗီများနှင့် ခေတ်မီ ဆက်သွယ်ရေး စနစ်များ၊ အရေးကြီးကိစ္စများ သိရှိနိုင်ရေးနှင့် အရေးကြီး အမိန့်များ ထုတ်ပြန်နိုင်ရေးအတွက် ဂြိုလ်တု ဆက်သွယ်ရေးဖုန်းများ ပါဝင်သည်ဟု အဆိုပါ သတင်းစာ အဆိုအရ သိရသည်။

မစ္စတာ ကင်ဂျုံအီလ်သည် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် သဘောထား တင်းမာမှုနှင့် လိုက်လျောမှု မူဝါဒနှစ်မျိုး ကျင့်သုံးတတ်သူ ဖြစ်ရာ ယခုတစ်ကြိမ်တွင် တရုတ် အစိုးရက ကမကထ ပြုကျင်းပသော လက်နက် ဆွေးနွေးပွဲ စကားဝိုင်းသို့ ပြန်လည် ဝင်ရောက်မည်ဟု ကတိစကားကို သံတမန်ရေး လက်ဆောင်အဖြစ် ပေးကောင်း ပေးလာနိုင်သည်။ အကြောင်းမှာ မြောက်ကိုရီးယား နိုင်ငံအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေသော စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် စီးပွားရေး အကျပ်ရိုက်မှု များအတွက် တရုတ်ပြည်မှ အကူအညီ အထောက်အပံ့ ရယူနိုင်ရေးအတွက် ဖြစ်သည်။

မစ္စတာ ကင်ဂျုံအီလ် ခရီးစဉ်နှင့် ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှုများ ဧပြီ လဆန်းပိုင်းတွင် ထွက်ပေါ်လာရခြင်းမှာ တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ သံတမန်ရေးရာ အစီအစဉ်များကြောင့် ဖြစ်သည်။

တရုတ်သမ္မတ ဟူဂျင်းတောင်းသည် နျူကလီယာ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဧပြီလ ၉ ရက်နေ့တွင် မြောက်ကိုရီးယား ပါလီမန် အစည်းအဝေးကို ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

တရုတ်နိုင်ငံ တောင်ပိုင်း နှစ်ပေါင်း ၅၀ လောက်အတွင်း အဆိုးရွားဆုံးသော မိုးခေါင်ရေရှားမှု ဖြစ်ပေါ်လျက်ရှိရာ ထိုဒေသမှ လယ်ယာမြေများမှာ ကွဲအက်ခြောက်သွေ့နေပြီး လူသန်းပေါင်း များစွာလည်း သောက်သုံးရေ ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ မိုးခေါင်ရေရှားမှုက တရုတ်ပြည်သူ ပြည်သားများကို ပြဿနာ ဖြစ်ပေါ်စေရုံမျှ မကဘဲ တရုတ် ကွန်မြူနစ်အစိုးရနှင့် ဒေသတွင်း၊ အိမ်နီးချင်းနိုင်ငံ အစိုးရများ၏ ဆက်ဆံရေး တွင်ပါ အဖုအထစ်များ ဖန်တီးပေးနေသကဲ့သို့ ရှိသည်။

တရုတ်အစိုးရက ယခုနှစ်များ အတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ညီအစ်ကို အရင်းအချာ ကဲ့သို့သော ဆက်ဆံရေးမျိုး ထူထောင်ရန် အစွမ်းကုန် ကြိုးစားခဲ့သမျှအား သဲထဲရေသွန်ဖြစ်အောင် လုပ်နေသလိုလည်း ဖြစ်သည်။

တရုတ်နှင့်အတူ မဲခေါင်မြစ်ကို မျှဝေအသုံးပြုနေရသော နိုင်ငံများ (အထူးသဖြင့်ထိုင်းနိုင်ငံ) မှ လယ်သမားများနှင့် ငါးဖမ်းသမားများမှာ ယခုအခါ မိုးခေါင်ရေရှားမှု ဂယက်ကို ဆိုးဆိုးရွားရွား ခံစားနေရသည်။ တရုတ်နိုင်ငံ အစိုးရက မိမိတို့၏ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းများသည် သိပ္ပံနည်းကျ ဖြစ်သည်ဟု မည်သို့ပင် ဆိုနေသော်ငြား သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့များက မိုးခေါင်ရေရှားဖြစ်မှု၊ မဲခေါင်မြစ်ရေ နှစ် ၂၀ ခန့်အတွင်း ဆိုးဆိုးရွားရွား ကျဆင်းမှုတို့သည် တရုတ်ပြည်တွင် တာဝန်ရှိသည်ဟု စွပ်စွဲ ပြောဆိုနေပြီ ဖြစ်သည်။

သို့အတွက်ကြောင့် မဲခေါင်မြစ်ရေ ကျဆင်းမှု ဂယက်ရိုက်ခတ်ခြင်းခံရသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းတို့က အဆိုပါ မိုးခေါင်ရေရှားမှု နှင့်  ပတ်သက်၍ ထိုင်းနိုင်ငံတွင် ယခု ရက်သတ္တပတ်အတွင်း တွေ့ဆုံဆွေးနွေး ကြတော့မည်ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက  တရုတ်ပြည်နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ သတင်း အချက်အလက်များ ပိုမိုရရှိရေး အစရှိသည်တို့ကို တောင်းဆိုမည်ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn က ပြောဆိုသည်။

တိဘက်ကုန်းမြေမြင့် ဒေသမှ တောင်တရုတ် ပင်လယ်သို့ စီးဝင်သော မဲခေါင်မြစ်ရေ ကျဆင်းမှု ဖြစ်ပေါ်ရခြင်းမှာ တရုတ်ပြည်က မတရားထုတ်ယူ သုံးစွဲနေခြင်းကြောင့် ဖြစ်သည်ဟူသော ထင်မြင်ချက်များကို ဖျောက်ဖျက်ပစ်ရန် တရုတ်အစိုးရက စတင်ကြိုးပမ်းနေပြီဖြစ်သည်။

ပုံမှန်အားဖြင့် မီဒီယာများနှင့် ထိတွေ့မှုနည်းသော တရုတ်အစိုးရ အရာရှိကြီးများသည်ပင် အဆိုပါ ကိစ္စကြောင့် ယခုရက်သတ္တပတ်အတွင်း သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြပြီး မိုးခေါင်ရေရှားမှုသည် သဘာဝအကြောင်း ကိစ္စသက်သက်သာ ဖြစ်သည်ဟူသော အချက်ကို အများလက်သင့်ခံရန် ပြောဆိုခဲ့ကြ သည်။

"သတင်းတွေများများ ထုတ်ပြန်နိုင်မှ သတင်းမှားတွေကို ပယ်ဖျက်နိုင်မှာပါ" ဟု ထိုင်းနိုင်ငံ အခြေစိုက် တရုတ်သံရုံး၏ နိုင်ငံရေးရာဌာန အကြီးအကဲ Yao Wen က ပြောဆိုသည်။ နေလောင်ခံနေရပြီး အက်ကွဲကြောင်းများ ထောင်းထောင်းထနေသည့် မဲခေါင်မြစ် ကြမ်းပြင်ဓာတ်ပုံများ၊ မိကျောင်းပေါ်နေသည့် ရေတွင်းဓာတ်ပုံများ အပါအဝင် မဲခေါင်မြစ်ထဲတွင် ရေတူးနေသော အမျိုးသား တစ်ဦး၏ ဓာတ်ပုံများကို ပြသပြီး မစ္စတာ Yao Wen က ပြောဆိုခြင်းဖြစ်သည်။

"ဒီအသက်ကြီးကြီး အမျိုးသားဟာ အရင်တုန်းက ငါးဖမ်းသမားပါ၊ အခုတော့ သူ့မှာ ဘာမှလုပ်စရာ မရှိတော့ဘူး" ဟု ၎င်းက ပြောသည်။ မစ္စတာ Yao Wen နောက်ဆုံး ထုတ်ပြသော ဓာတ်ပုံမှာ အင်မတန် စိတ်မကောင်းစရာ ကောင်းလှသည်။

ကလေးငယ်တစ်ဦးက ရေပုံးထဲသို့ ရေများကို အငမ်းမရ ထည့်နေသည့် ပုံဖြစ်သည်။ "မိုးခေါင်ရေရှားတဲ့ အဖြစ်က ဘယ်လောက်ဆိုးလိုက်သလဲ ဆိုတာခင်ဗျားတို့မြင်မှာပါ။ ဒီအခြေအနေဟာ တော်တော့ကို ဆိုရွားလွန်း နေပါတယ်" ဟု ၎င်းကပြောဆိုသည်။

တရုတ်နိုင်ငံက ဆောက်လုပ်နေသော ရေကာတာများ ကိစ္စအပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၊ ပညာရှင်များစွာ ယနေ့အချိန်အထိ ဆွေးနွေးမှုများ ပြုလုပ် နေကြဆဲ ဖြစ်သည်။ မစ္စတာ Yao Wen သည်လည်း မဲခေါင်မြစ်ရေ ခန်းခြောက်သည့် အရေးကိစ္စအတွက် တရုတ်နိုင်ငံအနေဖြင့် နောက်ထပ် ရေကာတာ ဆောက်လုပ်မှုများကို အမြန်ဆုံး ရပ်တန့်ရန် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှ ပြည်သူများ၏ တောင်းပန် ပြောဆိုမှုများကို နားထောင်ခဲ့ရသည်။

"ဒီနေရာဟာ ကျွန်မတို့ ငါးဖမ်းတဲ့နေရာပါ၊ အစားအသောက်ရတဲ့ နေရာလည်း ဖြစ်ပါတယ်" ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်သော International Rivers မှ ထိုင်းလူမျိုး Pianporn Deetes ကပြောပါသည်။ "ကျွန်မတို့ မိသားစုတွေအတွက် စားစရာသောက်စရာ ရတဲ့နေရာပေါ့" ။

တရုတ်ပြည်၏ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်လတ္တံ့ဖြစ်သော ရေကာတာများက ထိုင်းနိုင်ငံမှ ငါးဖမ်းသမားများအား မည်သည့် အတိုင်းအတာအထိ အခက်အခဲ ဖြစ်စေသည် ဟူသောအချက်ကို ထုတ်ဖော်ပြီး မစ္စ Pianporn Deetes က တရုတ်ပြည်ကို ပြစ်တင်ပြောဆိုသည်။ ထို့ပြင်အကယ်၍ ရေကာတာများ ဆက်လက် တည်ဆောက်မည် ဆိုပါက အများပြည်သူနှင့်  ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်သင့်သည် ဟုလည်း သူမကပြောသည်။

လတ်လော စာရင်းပြုစုမှုအရ မဲခေါင်မြစ်အပါအဝင် ထိုမြစ်နှင့် နီးစပ်သော ဒေသများတွင် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၈၀ ခန့်ကို ပုံစံအမျိုးမျိုးဖြင့် တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသည်။

"ကျွန်မတို့ ပြောတာကို နားမထောင်ဘဲ ရှင်တို့ဘယ်လိုဆုံးဖြတ်မှာလဲ" ဟု ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်ဖွားဖြစ်သူ မစ္စ Pianporn Deetes က မေးခွန်းထုတ်သည်။

အခြားသော ကမ္ဘာ့နေရာအနှံ့အပြားတွင်လည်း ရေဝေမျှရယူမှု ဟူသည်မှာ နိုင်ငံရေး တစ်ရပ်ဖြစ်ပြီး တင်းမာမှုများစွာကို ဖန်တီးဖြစ်ပေါ်စေသည်။ ထိုင်းနိုင်ငံတွင်မူ ကျေးရွာပေါင်း ၁၄၀၀၀ ခန့်မှာ မိုးခေါင်ရေရှားမှု ဒဏ်ကို ခံစားနေရကြောင်း ထိုင်းအရာရှိတစ်ဦးက ပြောသည်။

"ရေတိုက်ပွဲ" ဟု သူကညွှန်းဆိုသည်။ ကောက်ပဲသီးနှံ စိမ်းလန်းစိုပြေရေး အတွက် လယ်သမားများ တိုက်ပွဲဝင်ကြရလိမ့်မည်ဟု ဆိုသည်။ မဲခေါင်မြစ်ကို ဝေမျှသုံးစွဲနေသည့် နိုင်ငံများအကြား ဆွေးနွေးမှုများသည် ပို၍ပင် ရှုပ်ထွေးနက်နဲလှသည်။ မဲခေါင်မြစ် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များ ရေးဆွဲရာတွင် ထိုမြစ်ကို မျှဝေသုံးစွဲနေသော နိုင်ငံနှင့် လူ့အဖွဲ့အစည်းများ၏ သဘောတရားကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့်ရှိသော လူ့အဖွဲ့အစည်းမျိုးရှိသည်။ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ် ထွန်းကားပြီး ကမ္ဘောဒီးယားက အာဏာရှင်ဆန်သော ဒီမိုကရေစီ စနစ် ကျင့်သုံးသည်။ လာအိုနှင့် ဗီယက်နမ်တို့မှာ ကွန်မြူနစ်အုပ်ချုပ်ရေးစနစ် ဖြစ်သည်။

တရုတ်ဘာသာဖြင့် လန်ကန် ခေါ် မဲခေါင်မြစ်တွင် အကောင်အထည်ဖော်မည့် တရုတ်နိုင်ငံ၏ အစီအစဉ်များကို ထိုင်းနိုင်ငံသား အများစုက သံသယ ဝင်နေကြသည်။ ဧပြီလ ၂ ရက်နေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် ပါမောက္ခတစ်ဦးက တရုတ်သံတမန် မစ္စတာ Yao ကို "ခင်ဗျား လွတ်လွတ်လပ်လပ် ပြောဖို့ခက်ခဲနေမယ်ဆိုတာ ကျွန်တော် သဘောပေါက် ပါတယ်၊ ဒီဆွေးနွေးပွဲမှာ လွတ်လွတ်လပ်လပ် ပြောလိုက်တာနဲ့ ဒါပြီးရင် ခင်ဗျား အလုပ်ဖြုတ် ခံရလိမ့်မယ် မဟုတ်လား" ဟု ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၊ Xiaowan ပြည်နယ်ရှိ မဲခေါင်မြစ်တွင် စတုတ္ထမြောက် တည်ဆောက်နေသော ရေကာတာကြောင့် မဲခေါင်မြစ်ရေ ကျဆင်းခြင်း ဖြစ်သည်ဟု အချို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက ပြောဆိုကြသည်။ ပြီးခဲ့သည့် နှစ် ဇူလိုင်လတွင် အဆိုပါ ရေကာတာထဲသို့ ရေထည့်သည့် လုပ်ငန်းကို စတင်ခဲ့သည်။

သို့သော် မိုးရာသီကုန်ဆုံးချိန်၊ နွေရာသီ စတင်သည်နှင့် တပြိုင်နက်တည်း အဆိုပါ လုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့ပါကြောင်း တရုတ်အရာရှိကြီးများက ပြောဆိုသည်။ မဲခေါင်မြစ် ကော်မရှင်မှ အမှုဆောင်အရာရှိ Jeremy Bird ၏အဆိုအရ ယခုရက်သတ္တပတ်များ အတွင်း ရေပြတ်လပ်မှုများ ပိုမိုဆိုးရွားလာပြီး ရေလမ်းကြောင်းများ ပြောင်းလဲသွားရာ တရုတ်နိုင်ငံက ယင်းရေကာတာထဲမှ ရေများကို ထုတ်လွှတ်ခဲ့ကြောင်း၊ သို့အတွက်ကြောင့် မြစ်ရေမြင့်တက်မှုများလည်း ဖြစ်ပေါ်လာကြောင်း သိရသည်။

မဲခေါင်မြစ် ကော်မရှင်ကို ၁၉၉၅ ခုနှစ်တွင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်အစိုးရတို့က ကမကထပြုကာ ဖွဲ့စည်းခဲ့သည်။ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံမှာ ကော်မရှင်အဖွဲ့ဝင် နိုင်ငံ မဟုတ်သော်လည်း သတင်းအချက် အလက်များ ဝေမျှမည်ဟူသော သဘောတူညီချက် ရယူထားသည်။

မစ္စတာ Jeremy Bird က မဲခေါင်မြစ်အောက်ပိုင်း ဒေသမှ နိုင်ငံများ မိုးခေါင်ရေရှားမှု ကိစ္စကို ထိန်းသိမ်း ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုမှာ အကန့်အသတ်ရှိသည်ဟု ဆိုသည်။ မဲခေါင်မြစ်သည် အမြဲပင်တစေ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သူကပြောသည်။

"မဲခေါင်မြစ်ဒေသမှာ မိုးခေါင်ရေရှားမှုနဲ့ ရေလွှမ်းမိုးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုတာ ကြာလှပါပြီ" ။ မဲခေါင်မြစ် အောက်ပိုင်းဒေသ ရေကာတာ တည်ဆောက်မှု (လာအိုနိုင်ငံတွင် လက်ရှိ တည်ဆောက်လျက်ရှိသည့် စီမံကိန်းအပါအဝင်) များကြောင့် မြစ်တွင်း ပြောင်းရွှေ့ကျက် စားလျက် ရှိသော ငါးများကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး အခြားသော ပြဿနာများကိုလည်း ဖြစ်ပေါ်စေခဲ့သည် ဟု မစ္စတာ Jeremy Bird အပါအဝင် အခြားသော ပညာရှင်များက ပြောဆိုကြသည်။

International Rivers အဖွဲ့မှ မစ္စ Pianporn Deetes ကတော့ မဲခေါင်မြစ်ရေ အတက်၊ အကျဖြစ်မှု၊ မိုးခေါင်ရေရှားမှုတို့နှင့် ပတ်သက်၍ ယခုလို ပြတ်ပြတ်သားသား ပြောဆိုသည်။ "ပူပြင်း ခြောက်သွေ့တဲ့ အချိန်မှာ မြစ်ရေမြင့်တက်လာတာကိုလည်း မလိုချင်သလို၊ စိုစွတ်တဲ့ မိုးရာသီမှာ မြစ်ရေကျဆင်းတာကိုလည်း မလိုချင်ပါဘူး။ ကျွန်မတို့က မြစ်ရေကို မြစ်ရေအတိုင်းပဲ မြင်ချင်ပါတယ်"

New York Times သတင်းစာမှ သတင်းဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အနှစ် ၂၀ အတွင်း ပထမဆုံး ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပင်မအတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင်များ အားလုံးက တညီတညွတ်တည်း ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများ (အာဆီယံ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ် က ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ခွင်အသစ်တစ်ခု ဖန်တီးခြင်း ဖြစ်သည်ဟု သုံးသပ်ပြီး နယူးယောက်တိုင်းမ် သတင်းစာကမူ ရွေးကောက်ပွဲသည် အနာဂတ်အတွက် ထူးခြားဆန်းကြယ်သည့် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဤသို့သော သုံးသပ်ချက်များ၊ ဝေဖန်ချက်များ မျိုးစုံထွက်ပေါ်နေသည့် ကြားတွင် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက "လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကျင်းပ ပေးမှာပါ" ဟု အခိုင်အမာသဘောဖြင့် ဆိုလာပြန်သည်။

သို့သော် အဓိကအတိုက်အခံ ပါတီဖြစ်သော NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ မှုကြောင့် ရွေးကောက်ပွဲဟူသော ကိစ္စသည် အဓိပ္ပာယ်မရှိ ရယ်သွမ်းသွေးစရာ အကြောင်းအရာအဖြစ် ပြည်သူများအကြား ပြောဆိုလျက် ရှိသည်။

အထက်ပါ ကိစ္စများအား သုံးသပ်နိုင်ရန်အတွက် Mother Jones မဂ္ဂဇင်းက အရေးကြီးသော အချက်ငါးချက်ကို ထုတ်ဖော် ရေးသားခဲ့သည်။ "မြန်မာရွေးကောက်ပွဲ အတုအယောင် ဖြစ်ရသည့် အကြောင်းရပ် ငါးပါး" ဟုဆိုသည်။

၁။ အစိုးရကိုယ်တိုင် လိမ်ညာနေသည်။ စစ်အစိုးရ ကိုယ်စားလှယ်အဖြစ် လှုပ်ရှား ဆောင်ရွက်လျက် ရှိသော နိုင်ငံရေးပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း) သည် ပြည်သူများအတွင်း ကျော်ကြားမှု ရရှိစေရန် လမ်းခင်းခြင်း၊ အခမဲ့ဆေးခန်းများ ဖွင့်လှစ်ခြင်း၊ အထက်တန်း ကျောင်းသားများအား ကျူရှင် အခမဲ့ပေးခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်ကာ ငွေကြေး ကျပ်သန်းပေါင်းများစွာ သုံးစွဲလျက် ရှိသည်။

အဆိုပါ လုပ်ငန်းများကို စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ မထွက်ပေါ်ခင် ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ မည်သည့် လှုပ်ရှားမှုများမှ လုပ်ကိုင်ခွင့် မရှိသော နိုင်ငံရေးပါတီများအနေဖြင့် တာမထွက်ခင် ကတည်းက ခြေလက် ရိုက်ချိုးခံလိုက်ရသလိုပင် ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေ ထွက်ပေါ်လာသော အချိန်သို့ ရောက်ရှိလာချိန်တွင် အဆိုပါ ကြံ့ဖွံ့အဖွဲ့သည် အခြားအတိုက်အခံ ပါတီများနှင့် နှိုင်းစာပါက အသာစီး အနေအထားမှ
လုပ်ကိုင်ခွင့်များ ပိုမိုရရှိ လာတော့သည်။ ဥပမာအားဖြင့် ပြောရလျှင် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရရှိပေ။ ထို့ကြောင့် နောက်ဆုံးတွင် NLD က ရွေးကောက်ပွဲမှ နုတ်ထွက်ရသည်အထိ ဖြစ်ခဲ့သည်။

၂။ ဗိုလ်ချုပ်များ အနိုင်မရရှိသည့်တိုင် "နိုင်" လျက်ရှိသည်။ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရက ကျင်းပပြုလုပ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ် လူထုဆန္ဒ ခံယူပွဲတွင် မြန်မာပြည်သူများက "ထောက်ခံပါသည်" ဟုပြောကာ မဲဆန္ဒ ၉၂ ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြု ပြခဲ့သည်။ အခြေခံဥပဒေကို တရားဝင်အောင် လုပ်ဆောင်နိုင်သည်၊ မလုပ်ဆောင်နိုင်သည်ကို အပထား။ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးစေခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခများကြား မှပင် ဤမျှလောက် မြင့်မားသော ဆန္ဒမဲများကို ရယူနိုင်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ဆန္ဒမဲဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

၃။ စစ်ဗိုလ်ချုပ်များက သူတို့မနိုင်ပါဟု ပြောသည့်တိုင်အောင် သူတို့ မဆုံးရှုံးပါ။ အခြေခံ ဥပဒေအရ ပါလီမန်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာရရှိမည် ဖြစ်သည်။ လက်ရှိ အစိုးရကပင် သမ္မတကို ရွေးချယ်ပေးမည် ဖြစ်သည်။ အကယ်၍ ပါလီမန် ကိုယ်စားလှယ်များက အာဏာကို အလွန်အမင်း အသုံးပြုမည် ဆိုပါက စစ်ယန္တရားက ၁၉၆၂၊ ၁၉၈၈ ခုနှစ်များက အတိုင်း နိုင်ငံတော် အာဏာကို အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်သည့် အနေအထားတွင် ရှိသည်။

ဤကိစ္စမျိုးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လွန်ခဲ့သော ရက်သတ္တပတ်က လိုအပ်လျှင် ထိုသို့ပြုမူမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောကြားခဲ့သေးသည်။

၎။ လက်ရှိ စစ်အာဏာရှင်များသာ ငွေကြေးဘဏ္ဍာကို ထိန်းချုပ်ကိုင်တွယ်မည် ဖြစ်သည်။ အစိုးရပိုင် များကို ပုဂ္ဂိလကပိုင်အဖြစ် ပြောင်းလဲရာတွင် အစိုးရစက်ရုံ၊ အလုပ်ရုံ၊ ရုံးစသည်တို့ကို လက်ရှိ ဗိုလ်ချုပ်များ၏ အပေါင်းအသင်း ရောင်းရင်းများကိုသာ ရောင်းချသည်ကို တွေ့ရသည်။အစိုးရသည် အစိုးရပိုင် အဆောက်အအုံ၊ မြေ၊ ရေနံတူးဖော်ရေးနှင့် ရေအားလျှပ်စစ် စီမံကိန်း၊ ဆိပ်ကမ်း၊ လေကြောင်း စသည်တို့ကို စစ်ခေါင်းဆောင်များနှင့် အပေါင်းအသင်းများ ကိုသာ ရောင်းချသည် ဖြစ်ရာ ရွေးကောက်ပွဲကြောင့် မည်သို့ပင် အပြောင်းအလဲများ ဖြစ်စေကာမူ နိုင်ငံ၏ စီးပွားရေးသည် သူတို့၏ လက်ဝယ်တွင်သာ ရှိနေမည်ဖြစ်သည်။

၅။ ခွဲခြားဆက်ဆံမှုများနှင့် စစ်ရာဇဝတ်မှုများ ရွေးကောက်ပွဲ ဥပဒေများကို အင်္ဂလိပ်နှင့် မြန်မာ ဘာသာနှစ်မျိုးဖြင့်သာ ထုတ်ပြန်ထားပေရာ သန်းနှင့်ချီသော တိုင်း ရင်းသားလူနည်းစုများ ဖတ်ရှုလေ့လာရန် ခက်ခဲလျက်ရှိသည်။

တွေ့ဆုံဆွေးနွေးမှုလည်း နည်းပါးပေရာ နိုင်ငံ၏ အရှေ့ပိုင်းဒေသများတွင် သွေးချောင်းစီးသည့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ အဆိုပါ လူနည်းစု တိုင်းရင်းသားများသည် ဆန္ဒမဲပေးပိုင်ခွင့်လည်း မရှိကြဘဲ အမြစ်ဖြတ် ချေမှုန်းမှုများဖြင့်သာ ရေဆိုင်နေရကာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းသို့ ရောက်ရှိရန် များစွာခက်ခဲလှပါသည်။

ကုလသမဂ္ဂ အရာရှိတစ်ဦးနှင့် အမေရိကန်လွှတ်တော်မှ ကိုယ်စားလှယ် ၅၀ ကျော်သည် မြန်မာစစ်အစိုးရ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို လူသားချင်း စာနာမှုအရ စုံစမ်းဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်လက်တွေ့တွင် မအောင်မြင်သေးပေ။ အာဆီယံ အထွေထွေ အတွင်းရေးမှူးက ရွေးကောက်ပွဲသည် ရှေ့သို့ တစ်လှမ်းတိုးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် မြန်မာ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ထည့်သွင်းပြောဆိုမှု မပြုပေ။

NLD အနေဖြင့် အခြားရွေးချယ်စရာ လမ်းများကို ရှာ၍မရနိုင်ဘူးလား။ သို့မဟုတ် ပိပိရိရိ လိမ်လည်သူများနှင့် ဆက်လက်လျှောက်လှမ်းပြီး မိမိ ကိုယ်ကိုယ် အဆုံးစီရင်သလို ဖြစ်သွား ပေမည်လော။

Mother Jones မဂ္ဂဇင်းမှ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 3 April 2010

          မြန်မာနိုင်ငံ စစ်ဖက်အုပ်ချုပ်သူ အစိုးရသည် နိုင်ငံရေး အဓမ္မပြုကျင့်သူ ဖြစ်ပြီး ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများကို ဆယ်စုနှစ် ၂ ခုမျှ ဦးဆောင်ခဲ့သည့် ပါတီကို ဖျက်ဆီးရန် ရည်ရွယ်နေသည်ဟု မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ NLD ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝင်းတင်က ပြောကြားလိုက်သည်။

          ကျွန်တော်တို့ရဲ့ ၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲကို သူတို့က ရုပ်သိမ်း ခွာချပစ်ချင်ကြတဲ့ အတွက် ကျွန်တော်တို့က အဝတ်အစားချွတ်ခံရတဲ့ အသက် ၂၀ မိန်းမပျိုလေးလိုဖြစ်နေပြီ။ ကျွန်တော်တို့ကို အဓမ္မကျင့်တဲ့ အထိတော့ ခွင့်မပြုနိုင်ပါဘူးဟု ၎င်းက ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောကြားကာ ရွေးကောက်ပွဲမဝင်ရန် ပါတီက ရွေးချယ်ခဲ့ခြင်း၏ အကြောင်းကို ရှင်းလင်းခဲ့သည်။

          အစိုးရကို ဒုတ်ထိုးအိုးပေါက် ဝေဖန်တတ်သူ ဦးဝင်းတင်က "NLD က အစိုးရကို အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ တံခါးဖွင့်ဖို့နဲ့ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုလား တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေကတော့ အရမ်းနည်းပါတယ်"ဟု ဆက်လက် ပြောကြားခဲ့သည်။

          လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီ ပါဝင်ခြင်းကို ခွင့်ပြုရန် လုံလောက်စွာ လိုက်လျောခွင့်ပြုသည့် ရွေးကောက်ပွဲ ဥပဒေကို အစိုးရက ထုတ်ပြန်လိမ့်မည်ဟု ၎င်းအပါအဝင် NLD  ခေါင်းဆောင်များက ရိုးသားစွာ ယုံကြည်မိခဲ့ကြသည်ဟု ဦးဝင်းတင်က ဝန်ခံပြောကြားသည်။

          ဒါပေမဲ့ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ရွေးကောက်ပွဲမှာ ဘယ်အပိုင်းမှ မပါ စေချင်ဘူး ဆိုတာကို ရွေးကောက်ပွဲ ဥပဒေက ရှင်းရှင်းလင်းလင်း "ထုတ်ပြ" လိုက်တာပါပဲ ဟု ၎င်းက ဆိုပါသည်။

          ပါတီမှတ်ပုံတင်ခွင့် ဥပဒေသစ်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းခံ ပါတီဝင်များကို ထုတ်ပယ်ရန် လိုအပ်သောကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ရန် NLD ပါတီက တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့သဖြင့် ယခုအခါ ပါတီဖျက်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

          လာမည့် တနင်္လာနေ့ အစည်းအဝေးတွင် NLD ခေါင်းဆောင်များသည် ဆက်လက် လှုပ်ရှားမည့် အစီအစဉ်များကို စဉ်းစား သုံးသပ်ကြမည်ဟု သိရသည်။

          စစ်အစိုးရအား ၎င်းတို့စီမံနေသော ရွေးကောက်ပွဲသည် လက်ခံနိုင်ဖွယ် မရှိဟူသော အသိပေး လွှာ ပေးပို့ရန်အတွက် နိုင်ငံတကာ အသိုင်းအဝန်းကို အားကိုးနေရသည်ဟု ၎င်းကအလေးအနက် ပြောကြားခဲ့သည်။

          ၎င်းက ဆက်လက်၍ " မြန်မာပြည်ရဲ့ နိုင်ငံရေး အနေအထားကို ထိန်းချုပ်ဖို့ အာဏာအကန့်အ သတ် ရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ဒီမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေ ကို သိတယ်ဆိုတဲ့ အကြောင်း တုန့်ပြန်ဖို့၊ ပြသဖို့ကို ကျွန်တော်တို့ လိုလားနေတာပါဟု ပြောကြားသည်။

          ပါတီ ဆက်လက် ရပ်တည်ရေးအတွက် အန္တရာယ်ရှိသည့် ဆုံးဖြတ်ချက် မချချအောင် NLD ဖိအား ပေးခံနေရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂက ယခင်အ ပတ်က ပြောကြားခဲ့သော်လည်း အစိုးရ၏ ရက်စက်ပြင်းထန်သော ရွေးကောက်ပွဲ ဥပဒေအပေါ်တုန့်ပြန် ဆောင်ရွက်မှုကို အပြစ် တင်ခဲ့ကြသည်။

          တစ်ချိန်ထဲတွင် ယခုအပတ် အစောပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရိုမြက "သူတို့ပါ တီအရေးကို သူတို့ဆုံးဖြတ်ဖို့ NLD မှာ လွတ်လပ်ခွင့်ရှိပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ် ပြု လေးစားပါတယ်"ဟု ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါကလည်း "ပါတီအားလုံးကို ဝင်ခွင့်ပေးမည့် ရွေးကောက်ပွဲ ကျင်းပရန် ကတိပေးထားခြင်းကို မြန်မာအစိုးရက အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ဂျကာတာ က မျှော်လင့်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်တွင် ပြောကြားခဲ့သည်။

          ဒေသတွင်းနှင့် နိုင်ငံတကာ၏ ထိရောက်သော တုန့်ပြန်မှုများကို NLD ခေါင်းဆောင်များက မြင် တွေ့ လိုကြသည်ဟု ဦးဝင်းတင်ကပြောကြားခဲ့သည်။ တရုတ်၊ အိန္ဒိယနဲ့ ဥရောပနိုင်ငံတွေရဲ့ ထုတ်ဖော် ပြောကြားမှုကို ကျွန်တော်တို့ ကြားချင်နေပါတယ်ဟု ၎င်းက ထပ်လောင်း ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Politician, By Saberi Roy,2 April 2010   

          မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ မပြီးနိုင်သော နေအိမ်အကျယ်ချုပ်ပုံပြင်တွင် မထင် မှတ်သော အပြောင်းအလဲများ၊ လှည့်စားမှုများတွေ့ရမည်ဖြစ်ပါသည်။ အများက ဒေါ်အောင်ဆန်းစု ကြည်သည် လာမည့်ရွေးကောက်ပွဲတွင် တနည်းနည်းနှင့်ပါဝင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သူမ၏ NLD ပါတီ ကလည်း စစ်အစိုးရကို ဖယ်ရှားနိုင်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်မျှော်လင့်ခဲ့ကြပါသည်။ သို့သော် အစိုးရသည် သူမအား နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်ခန့်ချုပ်နှောင်ထားခဲ့ပါသည်။ ယခုထွက်ပေါ်လာ သော ရွေးကောက်ပွဲဥပဒေအသစ်တွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ပါဝင်လိုပါက ပါတီ တွင်းရှိ အပြစ်ဒဏ်ကျခံနေရသော အဖွဲ့ဝင်များကို ထုတ်ပစ်ရမည်ဟုဆိုပါသည်။ ထို့ကြောင့်ပင် NLD က လာမည့်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါသည်။

          မြန်မာနိုင်ငံတွင် ဥပဒေများကို အစိုးရ လိုအပ်ချက်နှင့် အညီ လိုသလို ပြောင်းနိုင်သည်ဟု ယူဆရပါသည်။ ထိုအချက်သည် မြန်မာနိုင်ငံရှိ ဥပဒေနှင့်ပတ်သက်သော အရာများသည် အလိမ် အညာများသာ ဖြစ်ပြီး အများလက်ခံနိုင်စရာ မရှိ ဟူသော အချက်ကို အထင်ရောက်စေပါသည်။ အဆင့် အမြင့်ဆုံး တရားရုံးချုပ်ကပင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်အတွက် အသနားခံမှု ကို အကြောင်းပြချက်မပေးပဲ ပယ်ချခဲ့သည်ကိုသာ ကြည့်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် တရားဥပဒေနှင့် ပတ်သက်သော ကိစ္စရပ်များသည် အစိုးရ၏ လက်ထဲတွင်သာရှိသောကြောင့်၊ တိုင်းပြည်နှင့် အစိုးရကို အများလက်ခံနိုင်ဖွယ် ရှိမရှိ ကိစ္စမှာ အကြီးအကျယ် မေးခွန်းထုတ်ရမည့် ကိစ္စ ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ တရားဥပဒေစနစ်ကို အဖြေပေးရာတွင် ဥပဒေ၊ တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူများကို ကြည့်၍ အဖြေ ပေးနိုင်ပါသည်။ မြန်မာနိုင်ငံ၏ တရားသူကြီးများအတွက်မူ ဥပဒေ၏ မူလအခြေခံ ခံယူချက်များကပင် ကြည့်၍ ရယ်စရာကြီး ဖြစ်နေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အုတ်မြစ်သည် တရားဥပဒေ စနစ်အပေါ် မူလ အခြေခံရသည်ဖြစ်ရာ အကယ်၍ နိုင်ငံသားတစ်ဦးသည် ဥပဒေ၏ အကာအကွယ်၊ အထောက်အပံ့ မရှိခဲ့လျှင် ဥပဒေကိုမှီခိုနိုင်ဖွယ်မရှိတော့ပေ။

          အထက်က ဆိုခဲ့သော အဖြစ်အပျက်များသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးဖွဲ့စည်းပုံသည် မရိုး သားပဲ ညစ်ပတ်သည် ဆိုသည်ထက် ပိုမိုဆိုးရွားကြောင်း မီးမောင်းထိုး ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တရားဥပဒေနှင့်လူမူရေးစနစ်သည် ပျက်စီးလျက်ရှိပြီး၊ နိုင်ငံသားများသည် အစိုးရက ဖြည့်ဆီးပေးရမည့် အခြေခံ အကာအကွယ်ပေးမှုများ မရရှိဘဲ နေထိုင်နေကြရခြင်း ဖြစ်ပါသည်။

          ဒေါ်အောင် ဆန်းစုကြည်၏ အမှုမှ ထွက်ပေါ်လာသော အချက်များကို ကြည့်ခြင်းအားဖြင့်၊ ၎င်းသည်အစိုးရ၏ နိုင်ငံရေး ရာဇဝတ်မှု အကြောင်းအရာထက် ကျော်လွန်၍ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတိုင်းတွင် အတွင်းလှိုက် စား၍ ပုပ်သိုး ပျက်စီးနေပြီဖြစ်ကြောင်း ပြောပြလိုက်ခြင်းပင် ဖြစ်ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားဖက်မှ ရပ်တည်ပြီး သူမအား ထောက်ခံသူများမှာ မြန်မာအများစုကို ကိုယ်စားပြုပါသည်။ ၎င်းတို့သည် သူတို့နေထိုင်နေရသော ပျက်စီးနေသော ယဉ်ကျေးမှု၊ လူမှုရေး၊ တရားဥပဒေနှင့် နိုင်ငံရေးဝန်းကျင်မှ လွတ်မြောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီ မလိုအပ်ပေ။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံသားများ သို့မဟုတ် နိုင်ငံရေးဖြစ်စဉ်မှ အောင်မြင်မှုများ မမျှော်လင့်နိုင်ပေ။

နိုင်ငံရေးဖြစ်စဉ်များကို ဥပဒေဖြင့် ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။ ယခုအခြေအနေတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် သင့်တော်ပြီး လိုလည်း လိုအပ်နေပါသည်။ မကြာသေးမီက Guardian နှင့် အခြားသတင်းစာများတွင် ဖော်ပြချက်များ အရ ကုလသမဂ္ဂသည် အလွန်နောက်ကျနေပြီဖြစ်သော်လည်း မြန်မာခေါင်းဆောင်များကို စစ်ရာဇဝတ် မှုများအတွက် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပါသည်။ ထိုသို့ ကုလသမဂ္ဂ၏ တောင်းဆိုမှုသည် မြန်မာနိုင်ငံရှိလူ့အခွင့်အရေး ချိုးဖောက်မှုများတွင် မြန်မာခေါင်းဆောင်များ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် တရားစီရင်ရေး နယ်ပယ်အသီးသီးတွင် ပါဝင်ပတ်သက်နေသည် ဆိုသည်ကို ညွှန်ပြလိုက်ခြင်းပင် ဖြစ် ပါသည်။ နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး (ICC) က အဆိုပါ ချိုးဖောက်မှုများကို စစ်ရာဇဝတ်မှု အဖြစ် စဉ်းစားနိုင်ပါသည်။ ကုလသမဂ္ဂ၏ ကြီးမားသော ထောက်ခံပံ့ပိုးမှု ရရှိ၍ အဆိုပါ စစ်ရာဝတ်မှုများကို စုံစမ်း စစ်ဆေးခဲ့လျှင် မြန်မာခေါင်းဆောင်များ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်တွင် တရားရင် ဆိုင်မှုများနှင့် ကြုံတွေ့လာရမည် ဖြစ်ပါသည်။

မြန်မာစစ်အစိုးရအား နိုင်ငံတကာတရားရုံး (ICC) သို့ ပို့ဆောင်ရန် ကုလသမဂ္ဂ၏ လှုပ်ရှားမှုတွင် ဗြိတိသျှအစိုးရက ထောက်ခံ ကူညီမည်ဖြစ်ပါသည်။ Obama အစိုးရကလည်း မြန်မာနိုင်ငံအပေါ် သံတမန်ရေးအရ ဖိအားများ ပေါ်နေသော်လည်း စစ်ရာဇဝတ်မှု စုံစမ်းရေးကိစ္စတွင် ယခုအစ၌ ရေငုံနှုတ်ပိတ် နေပြီး၊ နောက်ပိုင်းတွင် အကူအညီ ပေးလာလိမ့်မည်ဟု ယူဆရပါသည်။ စစ်ရာဇဝတ်မှုများ စုံစမ်း စစ်ဆေးရေး ကိစ္စကို ထောက်ခံကူညီခြင်းသည် အမေရိကန်၏ နိုင်ငံရေးနှင့် ပတ်သက်သော စိတ်ပါဝင်စားမှုများနှင့်လည်း ကိုက်ညီမှုရှိပါသည်။ မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားနှင့် လည်းကောင်း၊ တရုတ်နှင့် လည်းကောင်း စစ်ရေးအရ ဆက်ဆံရေးများ ရှိနေခြင်းသည် အမေရိကန်ကို မသက်မသာ ခံစားရစေပါသည်။

ပြင်သစ်နှင့် အခြားဥရောပ တိုင်းပြည်များသည် ဗြိတိန်၏ မူဝါဒနောက်က လိုက်၍ ကုလသမဂ္ဂ၏ လှုပ်ရှားမှုကို ထောက်ခံ လာကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာသည် အခြေအနေများကို ပြောင်းပစ်လိုက်ပြီး မြန်မာအစိုးရ၏ နေ့ရက်များ အကန့်အသတ် ရှိလာပြီဖြစ်ကြောင်း အဓိပ္ပါယ် ဖွင့်ဆိုရလိမ့်မည် ဖြစ်ပါသည်။

ကုလသမဂ္ဂ၏ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုသည် နှစ်ပေါင်းများစွာ စောင့်စားလာရပြီး နောက်ဆုံး နိုင်ငံတကာ အသိုင်းအဝန်းမှ တစ်ခုခု ပြုလုပ်ကတိ ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ကုလသမဂ္ဂ၏ တောင်းဆိုမှုသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး လုပ်ငန်းစဉ်မှ ဝေးရာတွင် ထားရန် ဥပဒေအား အချိန်မရွေး ပြင်နိုင်ကြောင်း တရားဥပဒေ စနစ်က ရှင်းရှင်းလင်းလင်း ပြသပြီး နောက်တစ်ရက် အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          မြန်မာနိုင်ငံ၏ ဖြစ်ရပ်များသည် အမှန်တရားနှင့် တရားဥပဒေအကြား ခေတ်သစ် သင်ခန်းစာများ ပေးပါသည်။ လူ့အခွင့်အရေးနှင့် ဖိနှိပ်မှုအကြား ခေတ်သစ် သင်ခန်းစာ ယူစရာများ ထားခဲ့ပါသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံရေးကစားပွဲကို အချိန်ဆွဲလာသည်မှာ ကြာပြီဖြစ်ပါသည်။ ယခု အမေရိကန်၊ ဗြိတိန်၊ အခြားဥရောပ တိုင်းပြည်များ၊ ကုလသမဂ္ဂ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီတို့သည် မြန်မာပြည်သူများ၏ အခြေခံ ရပ်တည်မှုတွင်သာမက လူသားချင်းစာနာမှု၏ မြင့်မြတ်သော စိတ်ထားနှင့် ခံယူမှုကိုရပ်တည်၍ လုပ်ဆောင်မှုများကြောင့် နောက်ဆုံး အောင်ပွဲ ခံရမည်မှာ မလွဲပေ။

Saberi Roy ၏ New Twists in Burmese Politics ကို ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Tribune, 2nd April 2010

ဒေသတွင်း ပေါင်းစည်းမှုမှ ထွက်ပေါ်လာသော ရည်မှန်းချက် အဖြစ် အာဆီယံ အဖွဲ့သည် ဥရောပ ပုံစံ စုစည်းမည့် ဈေးကွက် တစ်ခုကို ၂၀၁၅ နောက်ဆုံးထား၍ အကောင်အထည် ဖော်နေသည်။ အာဆီယံ အဖွဲ့တွင် လူဦးရေ သန်းပေါင်း ၅၃၀ ကျော်သော ဈေးကွက် တစ်ခု ရှိနေသော်လည်း ကမ္ဘာ့ပို့ကုန် လုပ်ငန်း၏ ၆% မျှသာ စာရင်းရှိသည်ကို တွေ့ရှိရသည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား တို့ ပါဝင်သည်။

အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များသည် ဧပြီလ ၈ ရက်မှ ၉ ရက် အတွင်း ဟနွိုင်းတွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် တွေ့ဆုံကြရန် စီစဉ်ထားသည်။ အစည်းအဝေးတွင် ဒေသတွင်း ဆက်သွယ်မှု တိုးမြှင့်ရေးနှင့် အာဆီယံနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက်များ အကြား ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေးတို့ကို ဆွေးနွေးရန် မျှော်လင့် ထားသည်။

အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် လတ်တလော ထုတ်ပြန် ကြေညာခဲ့သည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ထွက်ပေါ်လာသော နိုင်ငံတကာ၏ အပြစ်တင်မှုများကိုလည်း တရားဝင် ဖြစ်စေ၊ တရားမဝင် ဖြစ်စေ ဆွေးနွေးကြမည့် လက္ခဏာ ရှိသည်။

မတ်လ ၁၀ ရက်နေ့က ကြေညာသော ရွေးကောက်ပွဲ ဥပဒေ အရ ပြစ်ဒဏ် ကျခံနေရသူ မည်သူကိုမဆို နိုင်ငံရေး ပါတီသို့ ဝင်ခွင့်မပြုဟု တားဆီးထားသည်။ ဤအချက်သည် NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ရာပေါင်း များစွာကို တားဆီးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေးသမား များစွာနှင့် ကျောင်းသား ခေါင်းဆောင်များသည် လက်ရှိ နှစ်များ အတွင်း ထောင်ဒဏ် ကျခံနေရသလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း ၁၈ လ သက်တမ်း တိုးထားသည့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရသည်။

မတ်လ ၁၁ ရက် ထုတ်ပြန်သော ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အခွင့်အရေးများ ရုတ်သိမ်းထားသည်။ ပြစ်ဒဏ် ချမှတ်ခံရသူ မှန်သမျှကို ရွေးကောက်ပွဲ မဝင်နိုင်ရန် တားဆီးထားသည်။ ယခု ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် ၁၉၈၉  ဥပဒေအရ ကျင်းပခဲ့သော ရွေးကောက်ပွဲများ ပျက်ပြယ်သွားပြီဟု ပြောကြားကာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း တရားဝင် ပယ်ဖျက်လိုက်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် နေရာ ၄၉၂ နေရာ အနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သော NLD ပါတီမှာ စစ်ဖက် အစိုးရ၏ ပစ်မှတ် ဖြစ်နေသည်။ ရွေးကောက်ပွဲ ဥပဒေသစ်အရ အထိန်းသိမ်းခံ ခေါင်းဆောင်ကို ထုတ်ပယ်၍ ပါတီကို မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ဖျက်သိမ်းခံရမည် ဖြစ်ကြောင်း ရွေးချယ်စရာ ပေးခဲ့သည်။

ယခုကဲ့သို့ မမျှတသည့် ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မတ်လ ၂၄ ရက်တွင် တံခါးပိတ် အစည်းအဝေးကို မဖြစ်မနေ ကျင်းပခဲ့သည်။ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့သော ၎င်းအစည်းအဝေးသည် လွန်ခဲ့သော သြဂုတ်လ နောက်ပိုင်း စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ နိုင်ငံရေး ဖြစ်ပေါ်မှုများကို လုံခြုံရေး ကောင်စီတွင် ပထမဆုံး ဆွေးနွေးမှု အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ လုပ်ငန်းစဉ် ဖြစ်စေလိုသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်ကို ဆုံးရှုံးစေသလို လုံခြုံရေး ကောင်စီမှ ယခင် ထုတ်ပြန်ခဲ့သော မျှော်လင့်ချက်များကို ပျက်ပြားစေခဲ့သည့် မြန်မာ့ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ စိုးရိမ် ပူပန်ကြောင်း ကောင်စီ အဖွဲ့ဝင် အများစုက ထုတ်ဖော် ပြောဆိုခဲ့ကြသည်ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mark Lyall Grant က ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း  မြန်မာ့ရေးရာ မိတ်ဆွေ နိုင်ငံများ အဖွဲ့နှင့် မတ်လ ၂၅ ရက်တွင် ကုလသမဂ္ဂ ဌာနချုပ်၌ တွေ့ဆုံကာ နောက်ဆုံး အခြေအနေများကို ဆွေးနွေးခဲ့သည်။ အဆိုပါ မိတ်ဆွေ နိုင်ငံများ အဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန် ပြည်ထောင်စု နှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည်။

မြန်မာစစ်ဖက် အစိုးရ ထုတ်ပြန်သော ဥပဒေ အပေါ် စိုးရိမ် ပူပန်မှုနှင့် မကျေနပ်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ပြသနေချိန်တွင် အာဆီယံ အဖွဲ့ကမူ ယခုအချိန်အထိ ရေငုံ နှုတ်ပိတ်နေဆဲ ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက်မှ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှား ၂ နိုင်ငံကသာ ရွေးကောက်ပွဲ ဥပဒေ အပေါ် ပွင့်လင်းစွာ မှတ်ချက် ပေးခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူး။ သူမနဲ့ သူမရဲ့ ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့် မပေးဘူး ဆိုရင်တော့ဗျာ၊ ဒါ တကယ့်ကို ရီစရာ ကောင်းတဲ့ ကိစ္စပဲ။ သူတို့ ပြောတဲ့ ဒီမိုကရေစီ လမ်းပြ မြေပုံနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လဘာတိုရိုမြူလိုက မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဤသည်မှာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် ပစ်ပယ်ရေး မူဝါဒကို ပြစ်တင် ဝေဖန်ခဲ့သည့် အာဆီယံ၏ ပုံရိပ်ပင် ဖြစ်သည်။ ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို စတင် ကျင့်သုံးသည်။ သို့သော်လည်း အာဆီယံထံမှ ၎င်းတို့ အဖွဲ့ဝင် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ကြာ ပြဿနာများ ပြေလည်အောင် ကူညီရန် မည်သည့် ပေါ်ပေါ်ထင်ထင် ကတိပေးမှုမှ ထွက်ပေါ်လာခြင်း မရှိခဲ့ပါ။

တာဝန်ရှိ ဒေသတွင်း အဖွဲ့တစ်ခု အဖြစ် အာဆီယံသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ အခြေခံ နိုင်ငံရေး အခွင့်အရေး ပိတ်ပင်မှုများနှင့် ပတ်သက်၍ ရေငုံ နှုတ်ပိတ်နေခြင်းကို ချိုးဖောက် ပြောင်းလဲရန် လိုအပ်သည်။ အဖွဲ့ဝင် နိုင်ငံများ၏ ပြဿနာများကို မားမားမတ်မတ် ရပ်တည် ကိုင်တွယ်ခြင်းဖြင့် အဖွဲ့၏ ပုံရိပ်နှင့် စွမ်းရည်ကို လေးစားထိုက်သော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု အဖြစ် တိုးတက် ပြောင်းလဲ စေလိမ့်မည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြဿနာ အဖြေ ရှာတွေ့ရန် ကြိုးစားသည့် အနေဖြင့် အာဆီယံက လက်တွေ့ကျကျ စတင် လုပ်ဆောင်ခဲ့ပါက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ထိရောက် ကောင်းမွန်သော ပံ့ပိုး ထောက်ခံမှုများ ရရှိနိုင်မည်မှာ သံသယ ရှိစရာ မလိုပါ။ အကယ်၍ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးတိုင်း၏ အခွင့်အရေးများ စတင် ပျိုးထောင်နိုင်ပြီး စစ်မှန်သော ဒီမိုကရေစီ အဖွဲ့အစည်း ဖြစ်လာသည့် တိုင်အောင် အာဆီယံမှာမူ အောင်မြင်သော၊ သန်စွမ်းသော ဒေသတွင်း အဖွဲ့တစ်ခု အဖြစ် တွေ့မြင်ရမည့် လက္ခဏာ မရှိသေးပါ။

အာဆီယံ အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံကို အဖွဲ့မှ ထုတ်ပယ်ရန် တောင်းဆိုခံရခြင်း မရှိသေးသော်လည်း အရှေ့တောင် အာရှ ဒေသ တစ်ခုလုံးကို အကြာမြင့်ဆုံး ပြည်တွင်းစစ် အကျပ်အတည်းများ အဖြေ ထွက်ပေါ်ရေး ကူညီရန် အတွက် စစ်အစိုးရ ခေါင်းဆောင်များနှင့် သာမကဘဲ တစ်နိုင်ငံလုံးနှင့် ညှိနှိုင်း ဆွေးနွေးရန် တိုက်တွန်းခံ နေရသည်။

(ဆောင်းပါးရှင် Nehginpao Kipgen သည် ခေတ်သစ် မြန်မာနိုင်ငံ (၁၉၄၇ - ၂၀၀၄) တွင် နိုင်ငံရေး အကျပ်အတည်းများ တိုးပွားလာခြင်းကို သုတေသန ပြုနေသူ ဖြစ်ပြီး အမေရိကန် အခြေစိုက် Kuki International Forum မှ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.