Transparency Myanmar

transparency.myanmar@gmail.com

BBC News, 3rd May 2010

          အတိုက်အခံ ရှပ်နီ ဆန္ဒပြသူများနှင့် ရှေ့မတိုး နောက်မဆုတ် တင်းမာနေမှုကို  အဆုံးသတ်ရန် အတွက် နိုဝင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ၎င်းအနေနှင့် အဆင်သင့် ရှိကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားက ပြောကြားလိုက်သည်။

မည်သည့် ရွေးကောက်ပွဲမဆို ၎င်း၏ စေ့စပ် ညှိနှိုင်းရေး လမ်းညွှန်မြေပုံအရ သတ်မှတ် ထားသော အခြေအနေများပေါ်တွင် မူတည်ကြောင်း အဘီဆစ်က ပြောကြားခဲ့သည်။

မတ်လ ၁၄ ရက်က စတင်ခဲ့သော ရှပ်နီအုပ်စုများ၏ ဘန်ကောက် မြို့တော်တွင် ဆန္ဒပြမှုများကြောင့် မြို့တော်၏ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

ပြန်လည် စေ့စပ် ညှိနှိုင်းရေး အစီအစဉ်ကို အသေအချာ စဉ်းစား သုံးသပ်မည်ဟု ဆန္ဒပြ ခေါင်းဆောင် ဂျာတူပွန်ပရွန်ပန်က ပြောကြားသည်။

"သူ့ရဲ့ အဆိုပြုချက်ကို အသေအချာ စဉ်းစား သုံးသပ်ပြီး ဆွေးနွေးပြီးမှ ကျွန်တော်တို့ရဲ့ အနေအထားကို ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ လက်ခံတာပဲ ဖြစ်စေ၊ ပယ်ချတာပဲ ဖြစ်စေ။ အလောသုံးဆယ် မလုပ်နိုင်ပါဘူး" ဟု ရှပ်နီ ခေါင်းဆောင်က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

အကောင်းဆုံး ဖြေရှင်းမှု

ပြန်လည် စေ့စပ် ပေါင်းစည်းရေး အတွက် ၎င်းချမှတ်ထားသော အစီအစဉ်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက် မိန့်ခွန်း ပြောကြားစဉ် ဝန်ကြီးချုပ်က ရွေးကောက်ပွဲ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အစီအစဉ်တွင် ဘုရင်စနစ်ကို လေးစားရေး၊ လူမှုရေး မညီမျှမှုများကို ဖြေရှင်းရန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ သတင်း မီဒီယာများ မှန်ကန်မျှတရေး၊ လတ်တလော လူများ သေဆုံးခဲ့သည့် အခြေအတင် ဖြစ်ရပ်များကို လွတ်လပ်စွာ စုံစမ်း စစ်ဆေးရေး၊ အခြေခံ ဥပဒေ ပြန်လည် ပြုပြင်ရန် အတွက် လိုအပ်ချက်ကို ဆွေးနွေးရေး စသည်တို့ ပါဝင်သည်။

"အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ အချိန်ကြာကြာ မလိုဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြန်လည် စေ့စပ် ညှိနှိုင်းတဲ့ အစီအစဉ် အောင်မြင်ပြီဆိုရင် နိုဝင်ဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အစိုးရက အဆင်သင့်ပါပဲ" ဟု အဘီဆစ်က ပြောကြားသည်။

"လောလောဆယ်မှာ ဒီနည်းက အကောင်းဆုံး ဖြေရှင်းနည်းပဲလို့ ကျွန်တော် ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ဆိုသည်။

လတ်တလောက ဘန်ကောက်မြို့တော်၏ ဈေးဝယ်ရပ်ကွက်မှသည် တောင်ဘက် စီးပွားရေး ရပ်ကွက်အထိ ကျယ်ပြန့်သော နယ်မြေကို ရှပ်နီများက သိမ်းပိုက်ထားလျက် ရှိသည်။

ရှပ်နီများက အဘီဆစ်၏ အစိုးရသည် တရားဝင် အစိုးရ မဟုတ်ဟု စွပ်စွဲခဲ့ကြပြီး၊ ၃ လ အတွင်း ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားကြသည်။

မတ်လ ၁၄ ရက် နောက်ပိုင်း ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သော အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုများတွင် လူ ၂၇ ဦး သေဆုံးပြီး ၁၀၀၀ ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ ဆုံးရှုံးမှုများ ဖြစ်ပွားနေသဖြင့် ဆန္ဒပြမှုများ ပြီးဆုံးအောင် ပြုလုပ်ရန် ဝန်ကြီးချုပ် အဘီဆစ် အပေါ်တွင် ကြီးမားသော ဖိအားများ ကျရောက်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, news.yahoo.com, 3rd May 2010

          မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ရှားရှားပါးပါး ပြည်ပ ခရီးစဉ် အဖြစ် ဆင်းရဲချွတ်ခြုံ ကျနေသည့် ၎င်း၏ မြောက်ကိုရီးယားနိုင်ငံအား အများဆုံး လှူဒါန်းနေသော တရုတ်နိုင်ငံသို့ ၎င်း၏ သံချပ်ကာ မီးရထား တစ်စင်းဖြင့် သွားရောက်သည့် လက္ခဏာ ရှိသည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

          တရုတ်နိုင်ငံသည် မြောက်ကိုရီးယား အပေါ် အလွှမ်းမိုးဆုံး နိုင်ငံဖြစ်ပြီး ကင်ဂျုံအီ၏ ယခင် တရုတ် ခရီးစဉ်များသည် ဒေသတွင်း လုံခြုံရေးအပေါ် စိုးရိမ် ပူပန်မှုများကို လျှော့ချသည့် ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်။

          "တရုတ်နယ်စပ် ဒန်ဒေါင်း မြို့တော်ကို အထူး ရထားရောက်ရှိတဲ့ သတင်းကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ဥက္ကဌကြီး ကင်ဂျုံအီ လိုက်ပါလာဖို့ ဖြစ်နိုင်ခြေ များတယ်လို့ ယုံကြည်ရပါတယ်" ဟု တောင်ကိုရီးယား အစိုးရ အရာရှိ တစ်ဦးက ယွန်ဟတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

          'ကင်' ၏ ခရီးစဉ်နှင့် ပတ်သက်သော အလားတူ သတင်းတစ်ပုဒ်ကို ယွန်ဟတ် သတင်းဌာနက လွန်ခဲ့သော လပိုင်းတွင် ထုတ်ပြန်ခဲ့ဖူးသော်လည်း ထိုစဉ်က 'ကင်' ကို တင်ဆောင်လာသည်ဟု ယူဆသော ရထားသည် ခရီးသည် မပါသော ကုန်ရထား တစ်စင်းသာ ဖြစ်ကြောင်း နယ်ခြား တာဝန်ကျ အရာရှိများက ပြောဆိုခဲ့ပြီးနောက် အဆိုပါ သတင်းကို ပြန်လည် ပြင်ဆင်ခဲ့ဖူးသည်။

ယခု  သွားရောက်မှုမှာ ၂၀၀၈ ခုနှစ်က သံသယ ဖြစ်ဖွယ် ဦးနှောက် သွေးကြောပြတ် ဝေဒနာမှ ပြန်လည် သက်သာလာသော 'ကင်' အတွက် ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်သည်။

အငြင်းပွား ရေပြင် နယ်နိမိတ် အနီးတွင် တောင်ကိုရီးယား ရေတပ် သင်္ဘောတစ်စင်းကို မြောက်ကိုရီးယားတို့က တိုက်ခိုက်ခဲ့သည်ဟု 'တောင်' ဖက်က သံသယ ရှိနေသဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာ၍ ယခု ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သော စစ်သင်္ဘော ပေါက်ကွဲ နစ်မြုပ်မှုသည် ၁၉၅၀ - ၅၃ တွင် ကိုရီးယား စစ်ပွဲအပြီး နောက်ပိုင်း လူသေမှု အများဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ဖွယ် ရှိသည်။

ပြုံးယမ်းက တစ်နှစ်ကျော် သပိတ်မှောက် ထားခဲ့သော ဘေဂျင်းက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေသည့် နိုင်ငံတကာ နျူကလီယာ လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲများသို့ ပြန်လာရေး အတွက် အပြန်အလှန်အားဖြင့် ယိမ်းယိုင်နေသော မြောက်ကိုရီးယား စီးပွားရေးကို ထိန်းမတ်နိုင်ရန် ဘဏ္ဍာရေး အကူအညီ ရရှိရေး အတွက် တရုတ်နိုင်ငံသို့ 'ကင်' လာရောက်ခြင်း ဖြစ်နိုင်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

'ကင်' ၏ ၂၀၀၀  ခုနှစ် တရုတ် ခရီးစဉ် အပြီးတွင်မူ တောင်ကိုရီးယား ခေါင်းဆောင်နှင့် ထိပ်သီး ဆွေးနွေးပွဲကို ပြုံးယမ်း၌ တခဏချင်း ကျင်းပနိုင်ခဲ့ပြီး မြောက်ကိုရီးယားတွင် အဓိက ဖက်စပ် ဖွံ့ဖြိုးရေး စီမံကိန်း ၂ ခုကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် တရုတ် ခရီးစဉ်တွင်မူ မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ကျင်းပရန် တွန်းအားပေးနိုင်ခဲ့သည်။

၂၀၀၉ ခုနှစ် မေလက မြောက်ကိုရီးယား၏ နျူကလီယာဗုံး စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက တင်းကြပ်သော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သဖြင့် ပြုံးယမ်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်ရန် ဖိအားများ ကျရောက်နေသည်။ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများသည် မြောက်ကိုရီးယား၏ ယိမ်းယိုင်နေသော စီးပွားရေးကို ထိခိုက်စေခဲ့ပြီး ယခင်နှစ်က ပြုလုပ်ခဲ့သော ငွေကြေးတန်ဖိုး ပြောင်းလဲမှုကြောင့် ငွေကြေး ဖောင်းပွမှု ဖြစ်ပွားကာ ဖြစ်တောင့်ဖြစ်ခဲ လူထု အုံကြွမှုများ ရှိခဲ့သည်။

၂၀၀၆ ခုနှစ်က ကင်၏ ခရီးစဉ်တွင် ၎င်း၏ သံချပ်ကာ မီးရထားဖြင့် နယ်စပ်ကို ဖြတ်ကျော်ကာ မြောက်ကိုရီးယားသို့ လုံခြုံစိတ်ချစွာ ပြန်မရောက်မချင်း မြောက်ကိုရီးယား အစိုးရ သတင်း မီဒီယာက ကြေညာခြင်း မပြုခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 3rd May 2010

          အီရန်၏ နျူကလီယာ ရည်မှန်းချက်များသည် ကမ္ဘာကို အန္တရာယ်ကြီးအောင် ပြုလုပ် နေသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်သည်။

အီရန် အနေဖြင့် တာဝန်ယူရန် ပြင်ဆင်ထားသင့်ကြောင်း ကုလသမဂ္ဂတွင် ပြုလုပ်သော နျူကလီယာ မပြန့်ပွားရေး စာချုပ်ဆိုင်ရာ ညီလာခံတွင် သူမက ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

အီရန် သမ္မတ မာမွတ် အာမက် ဒီနီဂျက်က "နျူကလီယာ နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုလိုသူများအား နျူကလီယာ လက်နက် ပိုင်ဆိုင်သော နိုင်ငံများက ခြိမ်းခြောက်နေသည်" ဟု  စောစောပိုင်းက စွပ်စွဲခဲ့သည်။

၎င်း၏ မိန့်ခွန်း ပြောကြားမှုကို အမေရိကန်၊ ယူကေ နှင့် ပြင်သစ် ကိုယ်စားလှယ်များက အစည်းအဝေးခန်းမှ ထွက်ခွာ ကန့်ကွက်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စုသည် ရာစုနှစ် တစ်ဝက်ကျော်မျှ လျှို့ဝှက်ထားခဲ့သော ၎င်း၏ နျူကလီယာ လက်နက် အင်အား အရေအတွက်ကို ထုတ်ဖော် ကြေညာမည်ဟု ဝန်ကြီး ကလင်တန်က ပြောကြားခဲ့သည်။

အမေရိကန်က ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နျူကလီယာ လက်နက် ဖျက်သိမ်းမှု စနစ်အတွင်း ပွင့်လင်း မြင်သာမှု တိုးတက်လာရန်နှင့် အခြားနိုင်ငံများ လိုက်ပါ ကျင့်သုံးရေးကို တိုက်တွန်း အားပေးရန် ဖြစ်သည်ဟု သူမက ဆိုသည်။

"ဒီနေ့ကစပြီး အမေရိကန် ပြည်ထောင်စုဟာ လက်နက်တိုက်ထဲမှာ သိုလှောင်ထားတဲ့ နျူကလီယာ လက်နက် အရေအတွက်နဲ့ ၁၉၉၁ ကစပြီး ဖျက်သိမ်းခဲ့တဲ့ လက်နက် အရေအတွက်ကို လူသိရှင်ကြား ထုတ်ပြန်မှာ ဖြစ်ပါတယ်" ဟု သူမက ပြောကြားခဲ့သည်။

"ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုဟာ လက်နက် ဖျက်သိမ်းရေး အစီအစဉ်ကို ကိုယ်တိုင် အကောင်အထည် ဖော်လိမ့်မယ်ဆိုတဲ့ အချက်ကို သံသယ ရှိနေသူတွေ အတွက်တော့ ဒါဟာ ကျွန်မတို့ရဲ့ သမိုင်းမှတ်တမ်းပါ။ ဒါဟာ ကျွန်မတို့ရဲ့ ကတိပါ။ သူတို့က လုံးဝ အမှားခံလို့ မရတဲ့ အချက်ပြမှုကို ပို့လိုက်တာပါ" ဟု သူမက ပြောဆိုခဲ့သည်။

ထို့နောက် အချိန်တို အတွင်းမှာပင် အမေရိကန် ကာကွယ်ရေးဌာနက ၎င်း၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသော နျူကလီယာ ထိပ်ဖူး စုစုပေါင်း ၅၁၁၃ ခု ရှိကြောင်း ထုတ်ဖော် ကြေညာလိုက်သည်။

ဝန်ကြီး ကလင်တန်သည် သူမ၏ မိန့်ခွန်းတွင် အီရန်ကို မှန်မှန် ဝေဖန်ခဲ့ပြီး "သမ္မတ အာမက် ဒီနီဂျက်သည် အမေရိကန်နှင့် အခြား နိုင်ငံများ အပေါ် ငြီးငွေ့စရာကောင်းသော၊ မှားယွင်းသော၊ တစ်ခါတစ်ရံ ရိုင်းစိုင်းသော စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်" ဟု စွပ်စွဲလိုက်သည်။

အီရန်သည် တာဝန်ယူမှုကို ရှောင်ရှားရန် ကြိုးစားသည့် အနေဖြင့် ၎င်း၏ လုပ်ဆောင်မှု မှတ်တမ်း အပေါ် အများက အာရုံစိုက်နေခြင်းကို ရှောင်လွှဲရန် မည်သည့် ကိစ္စမဆို ပြုလုပ်လိမ့်မည်ဟုလည်း သူမက ပြောကြားသည်။

ယနေ့ အစည်းအဝေး ခန်းမအတွင်း ရှိနေသော နိုင်ငံများအနက် အီရန်သည် နျူကလီယာ လုံခြုံမှုဆိုင်ရာ လုပ်သင့်သည့် တာဝန်များကို လုံးဝ လိုက်လျော လုပ်ဆောင်ခြင်း မရှိကြောင်း   နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က သတ်မှတ်ထားသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်ဟုလည်း သူမက ဆိုသည်။

"အီရန်ဟာ လုံခြုံရေး ကောင်စီနဲ့ IAEA ကို အာခံ စိန်ခေါ်ခဲ့ပြီး နျူကလီယာ မပြန့်ပွားရေး အစီအစဉ်ရဲ့ အနာဂတ်ကိုလည်း ဖျက်လိုဖျက်ဆီး လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပစ်ပယ်မှုနဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာပါ" ဟု သူမက ပြောကြားသည်။

အီရန်၏ ယူရေနီယမ် သန့်စင်ရေး အစီအစဉ်ကြောင့် ၎င်းနိုင်ငံအပေါ် စတုတ္တမြောက် ကုလသမဂ္ဂ စီးပွားရေး အရေးယူ ပိတ်ဆို့မှု အစီအစဉ်များ ချမှတ်ရန် အခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို အမေရိကန်က လတ်တလော ဆွေးနွေးညှိနှိုင်းနေသည်။

တီဟီရန်ကမူ ၎င်း၏ နျူကလီယာ အစီအစဉ်သည် ငြိမ်းချမ်းရေး အတွက် သီးသန့် သုံးစွဲရန် ဖြစ်သည်ဟု ခုခံ ငြင်းဆိုနေသည်။

နျူကလီယာ မပြန့်ပွားရေး သဘောတူညီချက် NPT တွင် ကြီးမားသော လိုက်လျောမှုများ ပါဝင်သည်ဟု BBC သံတမန်ရေးရာ သတင်းထောက် Jonathan Marcus က ပြောကြားသည်။

အဓိက နျူကလီယာ ပါဝါ ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ ယခင် ဆိုဗီယက် ယူနီယံ၊ တရုတ်၊ ယူကေနှင့် ပြင်သစ်တို့က နောက်ဆုံး အဆင့်တွင် လက်နက် ဖျက်သိမ်းကြရန် သဘောတူ ထားကြသည်။ အခြား လက်မှတ် ရေးထိုးခဲ့ကြသော နိုင်ငံများကလည်း နျူကလီယာ လက်နက် လုံးဝ မထုတ်လုပ်ရန်နှင့် အပြန်အလှန်အားဖြင့် အရပ်ဖက်သုံး နျူကလီယာ နည်းပညာကို အပြည့်အဝ ရရှိရန် သဘောတူခဲ့ကြသည်။

သို့ရာတွင် မူလလက်ဟောင်း နျူကလီယာ လက်နက်နိုင်ငံများက ၎င်းတို့ တာဝန်ရှိသော လက်နက် ဖြုတ်သိမ်းမှုကို ထိထိရောက်ရောက် ပြုလုပ်ခြင်း မရှိဟု ဝေဖန် ဆန်းစစ်သူများက အငြင်းပွားနေသဖြင့် အထက်ပါ သဘောတူညီချက်မှာ လျော့တိလျော့ရဲ ဖြစ်လာသည့် လက္ခဏာ ရှိသည်ဟု BBC သတင်းထောက်က ပြောဆိုသည်။

အီရန် သမ္မတ အာမက် ဒီနီဂျက်က ၎င်း၏ မိန့်ခွန်းတွင် နျူကလီယာ ပါဝါနိုင်ငံများ၏ လက်နက် ဖျက်သိမ်းမှု ပျက်ကွက်ခြင်းကို ဝေဖန် ပြစ်တင်ခဲ့ပြီး "သူတို့ရဲ့ နျူကလီယာ လက်နက် ထုတ်လုပ်မှု၊ သိုလှောင်မှုနဲ့ အရည်သွေး မြှင့်တင်မှုတွေကြောင့် တခြားနိုင်ငံတွေကလည်း ကိုယ်ပိုင်လက်နက် ထုတ်နိုင်မှ တရားမျှတမယ်လို့ ယူဆလာတာပေါ့" ဟု ပြောကြားခဲ့သည်။

"နျူကလီယာဗုံးက လူသားတွေကို ဖျက်ဆီးမယ့် မီးစတစ်ခုပါ။ ကာကွယ်ရေး လက်နက် မဟုတ်ပါဘူး။ နျူကလီယာ လက်နက် ပိုင်ဆိုင်မှုဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ သူတပါးကို အနှောင့်အယှက် ဖြစ်စေတဲ့ ရှက်စရာ ကိစ္စတစ်ခုပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Project Syndicate, By Wesley K. Clark, Henrielta H. Fore, Suzanne DiMaggio, 3rd May 2010

          Obama အစိုးရသည် အမေရိကန် - မြန်မာ ဆက်ဆံရေးတွင် လမ်းကြောင်းအသစ် ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဆယ်စုနှစ်နှင့် ချီ၍ မြန်မာနိုင်ငံ အစိုးရကို ပြောင်းလဲစေရေး အတွက် အထီးကျန် ပြုရန် ကြိုးစားခဲ့ခြင်းမှ အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သောကြောင့် ဖြစ်သည်။ မြန်မာ အစိုးရသည် ယခုနှစ် ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လျက်ရှိရာ ခြားနားသော ရလဒ်တစ်ခုခုကို ရရန်အတွက် ကြိုးစားကြည့်ရန် အချိန်ပင် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အာဏာရှင် အဆန်ဆုံးသော အစိုးရများတွင် တစ်ခု အပါအဝင် ဖြစ်သော မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရန် ကြိုးစားမှုသည် အမှန်တကယ်တွင် မလွယ်လှပေ။ Obama အစိုးရ ပေးသော သတင်းအချက်များ အပေါ် မြန်မာ ခေါင်းဆောင်များက အပေါင်းလက္ခဏာ ဆောင်သော တုန့်ပြန်မှုများ ပြုလုပ်လိမ့်မည် ဆိုသည့် အချက်ကို သက်သေပြစရာ မရှိပေ။ Obama အစိုးရ အဓိက ပေးခဲ့သော အချက်များမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်ကို လွှတ်ပေးရန် တောင်းဆိုမှုနှင့် အတိုက်အခံများနှင့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုပြုရန်၊ တရားမျှတ၍ အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဖြစ်စေရန်တို့ ဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများသည် နိုင်ငံတကာ၏ ကန့်ကွက် ပြောဆိုမှုများကို ခံရပြီး ရွေးကောက်ပွဲကို အများ လက်ခံနိုင်ဖွယ် မရှိဟု ညွှန်ပြနေသဖွယ် ဖြစ်သည်။

ပြီးခဲ့သည့် နွေနှင့်ဆောင်း အကူးကာလက ကျွန်ုပ်တို့သည် Asia Society ၏ အကူအညီဖြင့် မြန်မာနိုင်ငံနှင့် အကောင်းဆုံး ဆက်ဆံရေးလမ်းကြောင်း ရှာဖွေနိုင်ရန် လုပ်ငန်းအဖွဲ့ စုဝေးခဲ့ကြသည်။ ကျွန်ုပ်တို့သည် အမေရိကန်က မြန်မာ အာဏာပိုင်များကို လည်းကောင်း၊ မြန်မာလူ့အဖွဲ့အစည်း အတွင်းရှိ အကျင့်ပျက်နေသော အစိတ်အပိုင်းများကို လည်းကောင်း မသိလိုက် မသိဖာသာ အားပေးသလို ထောက်ခံမှုများ မရှိရေး အတွက် သေချာစေရန် ပြုလုပ်ရမည် ဖြစ်ကြောင်း နိဂုံး ကောက်ချက်ချခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန် အနေဖြင့် အစကတည်းက ကန့်သတ်မှုများ အလွန် ပြင်းထန်ခဲ့လျှင်လည်း၊ မြန်မာနိုင်ငံအား အာဏာရှင်စနစ် စွန့်ပစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်း ပြန်ဝင်ရန် ကူညီပေးရာတွင် ထိရောက်သော ကဏ္ဍမှ ပါဝင်နိုင်ရေး အတွက် ထိုပြင်းထန်သော ကန့်သတ်မှုကပင် မိမိကိုယ်မိမိ နေရာမရ ဖြစ်တတ်ပြန်သည်။

ယခုကဲ့သို့သော မသေချာ မရေရာသည့် ကာလမျိုးတွင် ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံ အပေါ်ထားမည့် အမေရိကန်၏ မူဝါဒသည် တိုင်းပြည်တွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်သည့် အပေါ် အခြေခံ စဉ်းစားသည့် မူဝါဒမျိုး ချမှတ်ရန်ကိုသာ ထောက်ခံနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ် ဆက်ဆံရေး ဝါဒရော ပြုပြင်ပြောင်းလဲရေးကို အားပေးသော အရေးယူမှုများ ပြုလုပ်သော ဝါဒကိုပါ အသုံးပြုရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုများ မရှိသောကြောင့် လည်းကောင်း၊ နိုင်ငံရေး အတိုက်အခံများကို အစိုးရက နှိပ်ကွပ်မှုများကြောင့် လည်းကောင်း၊ Obama အစိုးရသည် မြန်မာနိုင်ငံ အပေါ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အရေးယူ ပိတ်ဆို့ရေးကို ဆက်လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သည်။

ထို့အပြင် အမေရိကန် အနေဖြင့် ယခု ထပ်မံ လုပ်သင့်သည်များလည်း ရှိနေသေးသည်။ အမေရိကန် အနေဖြင့် မြန်မာ ခေါင်းဆောင်များနှင့် သာမက၊ မြန်မာနိုင်ငံတွင်းရှိ အဖွဲ့ပေါင်းစုံနှင့် တွေ့ဆုံ၍ စစ်တပ်၊ ဒီမိုကရေစီ အဖွဲ့များနှင့် တိုင်းရင်းသားများကြား အမျိုးသား ပြန်လည် ပေါင်းစည်းမှု ဖြစ်နိုင်မည့် တွေ့ဆုံ ဆွေးနွေးမှု အတွက် အားပေးရမည် ဖြစ်သည်။ အမေရိကန် အနေဖြင့် စီးပွားရေးနှင့် မဆိုင်သော အရေးယူမှု အချို့ကို ရုတ်သိမ်းပေးခဲ့ပါလျှင် တရားဝင် နှစ်နိုင်ငံ ဆက်ဆံရေးကို ကြိုဆိုလိုက်သလို ဖြစ်ပြီး၊ ဆက်သွယ်ရေးတွင် ပို၍ သက်တောင့်သက်သာ ရှိလာမည် ဖြစ်သည်။ တရားဝင်ရော တရားမဝင် လမ်းကြောင်းများပါ ပွင့်သွားမည် ဖြစ်သည်။ အထူးသဖြင့် ယခုလို နိုင်ငံရေးအရ ပြောင်းလဲမှုများ ဖြစ်ပေါ်ရန် အလားအလာ ကောင်းသော အချိန်မျိုးတွင် လမ်းကြောင်းများ ပွင့်လာခြင်းသည် အမေရိကန်၏ သြဇာ လွှမ်းမိုးမှုကို ပိုမို အားကောင်းလာစေမည် ဖြစ်သည်။

မြန်မာ ပြည်သူများကို တိုက်ရိုက် ထိတွေ့ လက်လှမ်းမီနိုင်ရေး အတွက် အမေရိကန်သည် အကူအညီပေးရေး အစီအစဉ်များကို စကေးမြှင့်၍ တိုးတက် ပေးသင့်သည့်အပြင် နယ်စပ်တွင် ပေးနေသော အကူအညီများကို ဆက်လက် ထိန်းသိမ်းထားရမည်။ NGO များကို ပေးနေသော အကူအညီများကို တိုးချဲ့ပေးသင့်ပြီး၊ အမေရိကန်၏ အကူအညီများသည် လယ်သမား အငယ်စားများနှင့် အလတ်တန်းစားနှင့် အသေးစား စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထားသင့်သည်။ Fulbright and Humphrey Schdar အစီအစဉ်အရ ပညာရေး ဖလှယ်မှု အစီအစဉ်များ၊ ယဉ်ကျေးမှု လက်တံဆန့် လှုပ်ရှားမှုများကို တိုးချဲ့သင့်သည်။ အဆိုပါ အစီအစဉ်များသည် မြန်မာလူ့အဖွဲ့အစည်း အတွင်း တိုးတက်ရေး လုပ်ဆောင်နိုင်သော အားကောင်းသည့် အေးဂျင့်များ မွေးထုတ်ပေးနိုင်ပြီး၊ အုပ်ချုပ်ပုံကောင်းသော စနစ်သို့ တိုးတက်လာစေနိုင်သည်။

အကယ်၍ မြန်မာ ခေါင်းဆောင်များသည် နိုင်ငံရေးအရ ကန့်သတ်မှုများ စတင် ဖြေလျော့ပေးသည့် အချိန်၊ စီးပွားရေး ပြောင်းလဲမှုများ စတင်သည့် အချိန်၊ လူ့အခွင့်အရေး တိုးတက်လာမည့် အချိန်မျိုးတွင် အမေရိကန်၏ မူဝါဒသည် ပိုမိုအားကောင်းစွာ ပြောင်းလဲ ချမှတ် ကျင့်သုံးသင့်သည်။ အကယ်၍ မြန်မာ အစိုးရက အထက်ပါ တိုးတက်မှုများ ပြသလာခြင်း မရှိပါက အရေးယူမှုများ ပိုမို တင်းကြပ်စေရန် အမေရိကန် အတွက် ဖိအား ရှိလာစေမည် ဖြစ်သည်။ အကယ်၍ အခြား လုပ်ဆောင်ရန် နည်းလမ်း မရှိတော့ဘဲ ပိုမို အားကောင်းသော အရေးယူမှုများကို ချမှတ်ရတော့မည် ဖြစ်ပါက အမေရိကန် အနေဖြင့် EU နှင့် အာဆီယံ အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်း၍ ပစ်မှတ်သီးသန့် ရည်ရွယ်သော ငွေကြေးနှင့် ဘဏ်နှင့်ပတ်သက်သော အရေးယူမှုများ ချမှတ်ရမည်ဖြစ်ပြီး၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ လက်ဝေခံများ အပေါ် ထိရောက်မှုရှိရေး သေချာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။

အကယ်၍ ခြားနားသော ဖြစ်စဉ်များ ထွက်ပေါ်လာခဲ့လျှင်လည်း အမေရိကန်သည် လူ့စွမ်းအား တည်ဆောက်ရေး၊ အုပ်ချုပ်ရေး သင်ကြားမှုများတွင် အကူအညီများပေး၍ မိမိ၏ အခန်းကဏ္ဍကို ပိုမို တက်ကြွစွာ လမ်းဖွင့်ပေးသင့်ပြီး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အတွက် နိုင်ငံတကာ၏ အားပေး ကူညီမှုများကိုလည်း လုပ်ဆောင်ပေးရမည် ဖြစ်သည်။ ဦးစားပေး လုပ်ဆောင်သင့်သည့် ကိစ္စတစ်ခုမှာ သဘာဝဓာတ်ငွေ့များ ရောင်းချရသော ငွေများကို စာရင်းဇယား သေချာထားရှိရေး၊ နိုင်ငံအတွက် အရေးတကြီး လိုအပ်သော နေရာများတွင် ပြန်လည် အသုံးပြုနိုင်ရေးတို့ အတွက် သင့်တော်သော ယန္တရားတစ်ခု ဖြစ်ပေါ် တိုးတက်ရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ချိန်ညှိရာတွင် အမေရိကန် အနေဖြင့် ၎င်း၏ နိုင်ငံခြားရေး မူဝါဒသည် မည်သည့် အောင်မြင်မှုများ ရနိုင်မည်နည်း ဆိုသည်ကို အမြင်ရှင်းရှင်းနှင့် အမှန်တရားကို ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်တွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုသည် အားကောင်းလာနေသော အာဆီယံ အိမ်နီးချင်းများလောက် မရှိပေ။ ထို့ကြောင့် အမေရိကန်သည် ၎င်းမူဝါဒ၏ ဗဟိုချက်မကို ခွဲခြမ်း စိတ်ဖြာ သုံးသပ်သင့်သည်။ ထိုသို့ ပြုလုပ်ရာတွင် အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဂျပန်တို့ ကဲ့သို့သော အဓိက ဇာတ်ကောင်များနှင့် ပူးပေါင်း ဆွေးနွေး သုံးသပ်သင့်သည်။

မည်သည့်ဘက်က ကြည့်ကြည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး နိုင်ငံများအနက် တစ်ခု ဖြစ်ရာ၊ မျိုးဆက်နှင့် ချီ၍ မဟုတ်လျှင်သော်မှ လက်ရှိ အောက်သို့ ထိုးဆင်းနေသော အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်နှင့် ဒီမိုကရက်တစ် အစိုးရကောင်းနှင့် ကြွယ်ဝသော လူ့အဖွဲ့အစည်း အတွက် အခြေခံများ ဖန်တီးပေးရန်၊ ဆယ်စုနှစ်များစွာ အချိန်ယူရနိုင်သည်။ ထို့ကြောင့် အမေရိကန် အနေဖြင့် မြန်မာ ခေါင်းဆောင်များကို အပေါင်းလက္ခဏာ ဆောင်သော ဦးတည်ချက်သို့ သွားရန် ဖိအား မပြတ်ပေးပြီး၊ မြန်မာနိုင်ငံ၏ အချိန်ကြာမည့် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်၏ အလှည့်အပြောင်းများ အကွေ့အပတ်များ အပေါ် ထိရောက်စွာ ပြုပြင်လွယ်စွာ တုန့်ပြန်ပြီး ကိုယ့်နေရာ ကိုယ်ယူတတ်ရန် လိုအပ်လှပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် သင့်ခံရသူများအတွက် ပေးရန် ကျန်ရှိ နေသေးသည့် နိုင်ငံတကာ ရန်ပုံငွေများ ထပ်မံပေးအပ်ရန် Oxfam အဖွဲ့က တောင်းခံလိုက်ကြောင်း သိရသည်။

Oxfam ၏ အဆိုအရ နာဂစ်မုန်တိုင်း ဖြစ်ပေါ်သည့် အချိန်မှစ၍ ယခုအချိန်ထိ ပေးမည်ဟု ကတိပြုထားသည့် အလှူငွေ စုစုပေါင်း၏ လေးပုံတစ်ပုံသာ ရရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခုအခါ မုတ်သုံရာသီ အတွင်းသို့ ချဉ်းကပ် ဝင်ရောက်နေပြီ ဖြစ်ရာ နေထိုင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး စသည့် ကဏ္ဍတို့အတွက် အကူအညီ အထောက်အပံ့များ ပိုမို လိုအပ်နေပြီ ဖြစ်ကြောင်း Oxfam က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် အတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံးပြီး ၂ ဒဿမ ၅ သန်းခန့် လူမှုဘဝ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်တိုက်ဆိုသလို ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့ရာ စစ်အစိုးရက နောက်ဆုံးတွင် နိုင်ငံခြား အကူအညီများ ဝင်ရောက်ခွင့် ပြုခဲ့သည်။ သို့သော် ယခုအခါ နိုင်ငံခြား အကူအညီများမှာ တဖြည်းဖြည်းချင်း လျော့နည်းလာပြီး မိမိတို့ အနေဖြင့် ပြန်လည် နာလန်ထူရေး လုပ်ငန်းစဉ်များကို လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်လာရကြောင်း Oxfam က သတိပေး ထောက်ပြသည်။

"ကျွန်မအထင် ပြောရရင် မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့တွေ ဆက်ပေးရေး၊ မပေးရေး ကိစ္စအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သဘောထားတွေ ဆက်ပြီး ကွဲလွဲ နေကြတယ်" ဟု Oxfam ၏ အရှေ့အာရှရေးရာ ဒါရိုက်တာ Sarah Ireland က ပြောကြားသည်။ မြန်မာနိုင်ငံသို့ မုတ်သုံ ရာသီဥတု ကျရောက်တော့မည် ဖြစ်ရာ နာဂစ်ဒဏ်သင့် ဒေသ နေရေးထိုင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ကိစ္စတို့ကို ဦးစားပေး ကူညီရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တစ်လျှောက်တွင် နာဂစ် ဒဏ်သင့်သူများ အတွက် လိုအပ်ချက်များ ပိုမို များပြားလျက် ရှိသည်။ လပွတ္တာမြို့နယ်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက "နာဂစ် ဖြစ်ပြီးကတည်းက အကူအညီ အထောက်အပံ့ အချို့ ရောက်လာပါတယ်။ ဒါပေမဲ့ အခုတော့ အကူအညီ ပေးရေး အေဂျင်စီ တွေက သူတို့ရဲ့ လုပ်နေတာတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ လူအများစုဟာ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ တချို့ မိသားစုတွေ ဆိုရင် အိမ်တစ်အိမ်ကို မျှပြီး နေထိုင်နေကြရပါတယ်" ဟု မိန့်ကြားသည်။

Oxfam ၏ အကူအညီ ပေးရေး ရန်ပုံငွေ တောင်းခံချက်ကို ကုလသမဂ္ဂကလည်း လိုက်လံ ပြောဆို ပေးထားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည့်တိုင် လွတ်လပ်ပြီး တရားမျှတမှု ရှိမည့်ပုံ မပေါ်ပေ။ ပြီးခဲ့သည့် မတ်လ အတွင်း စစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများကလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်အား ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင် ဟန့်တားထားသည်။

၂၀၀၈ ခုနှစ်အတွင်း ထွက်ပေါ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကြည့်ပြန်လျှင် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သူများ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံပိုင်ခွင့် မရရှိပေ။ ထို့ကြောင့် တစ်ချိန်က ဗြိတိန်နိုင်ငံသား တစ်ဦးနှင့် အိမ်ထောင်ကျဖူးခဲ့သူ ဒေါ်အောင်ဆန်းစုကြည်မှာ ဝင်ရောက် အရွေးခံပိုင်ခွင့် မရှိသူများ စာရင်းသို့ ရောက်သွားရပြန်သည်။ ထို့ပြင် ပြစ်ဒဏ်ကျ ခံရသူများ အနေဖြင့် နိုင်ငံရေး စည်းရုံးမှုများ သို့မဟုတ် နိုင်ငံရေး ပါတီတွင် ပါဝင်ကာ အထက် လွှတ်တော်နှင့် အောက်လွှတ်တော် တို့အတွက် ပါဝင်ယှဉ်ပြိုင်မှုများ ပြုလုပ်ခွင့် မရှိဟု ရွေးကောက်ပွဲ ဥပဒေက တားမြစ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဖိတ်ခေါ်ဘဲ အိမ်တွင်းသို့ ဇွတ်အတင်း ဝင်ရောက်လာသူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို လက်ခံတွေ့ဆုံခဲ့မှုကြောင့် နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံ ပြစ်ဒဏ် ကျခံထားရပေရာ ထိုရွေးကောက်ပွဲ ဥပဒေအရ ထပ်မံ ငြိစွန်းရပြန်သည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ အင်အား အကြီးဆုံး အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် ကော်မရှင်တွင် မှတ်ပုံတင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ် ပစ်ရမည်သာ ဖြစ်သည်။ ဤသို့သော အနေအထားများက နှစ်ပေါင်း ၂၂ နှစ်တာမျှ ဒီမိုကရေစီ တိုက်ပွဲဝင်လာသော NLD ကို ကော်မရှင်တွင် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အခြေအနေမျိုး ဆိုက်ရောက်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း ၈၀ ကျော် ရရှိကာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့တိုင်အောင် ၁၉၈၈ ခုနှစ်တွင် အာဏာ သိမ်းပိုက်ခဲ့သော စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို မသိကျိုးနွံပြုကာ NLD အား အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပေ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး ဇာတ်ခုံပေါ်မှ ပျောက်ကွယ်အောင် ကြိုးပမ်းနေခြင်းကို ကြည့်လျှင် သူမတွင် လူထု၏ ခိုင်မာသော ထောက်ခံမှု ရရှိနေသည်ကို မနှစ်မြို့ကြောင်း ဖော်ပြနေသကဲ့သို့ ရှိသည်။

ယခု အချိန်အထိ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်းမှာ ၁၉ ပါတီ ဖြစ်သည်။ အဆိုပါ ပါတီအများစုမှာ စစ်အစိုးရကို ထောက်ခံ လိုလားသူများဟု ယူဆရသည်။ ထိုထဲမှ တစ်ခုတည်းသော ပါတီသာ အတိုက်အခံ ဖြစ်သည်ဟု ယုံကြည်ရသည်။ အထက် လွှတ်တော်နှင့် အောက်လွှတ်တော်မှ အမတ်နေရာ စုစုပေါင်း၏ လေးပုံ တစ်ပုံကို စစ်တပ်ဘက်မှ ရရှိအောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သူ့အလိုလို ဝေစု ခွဲပေးနေသည်ကို တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှု မူဝါဒများ အောင်မြင်မှု မရှိသလို အမေရိကန် ပြည်ထောင်စု၏ စေ့စပ် ညှိနှိုင်းရေး ဗျူဟာမှာလည်း မည်သို့မျှ အလုပ်မဖြစ်ပေ။ ထို့အတူ အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် အာဆီယံအဖွဲ့သည်လည်း မြန်မာ စစ်အစိုးရအပေါ် မည်သို့မျှ သြဇာ လွှမ်းမိုးနိုင်မှု မရှိပေ။ မြန်မာအရေးနှင့် ပတ်သက်လာလျှင် အာဆီယံသည် အားနည်း နုံချာသူ တစ်ဦးအဆင့် လောက်သာ ရှိသည်။

ရွေးကောက်ပွဲကို NLD သပိတ်မှောက် လိုက်ခြင်းကြောင့် မဲပေးမည့် မြန်မာနိုင်ငံသားများ အနေဖြင့် စစ်မှန်သော ရွေးချယ်မှု ပြုလုပ်နိုင်မည့် အခွင့်အလမ်း ပယ်ပျောက် သွားတော့မည်ဟု ဆိုနိုင်သည်။ သို့သော် ရွေးကောက်ပွဲ ဟူသော အကြောင်းကိစ္စ ရှိခြင်းကြောင့် တစ်နည်းအားဖြင့် ပြည်သူလူထု၏ အသံကို ကြားရနိုင်မည် ဖြစ်သည်။

The Japan Times သတင်းစာ၏ ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 2nd May 2010

ဘန်ကောက် မြို့တော်ကို သီတင်းပတ် ၇ ပတ်ခန့် မလှုပ်ရှားနိုင်အောင် ပြုလုပ်ခဲ့ကြသည့် ဆန္ဒပြပွဲများ ပြီးဆုံးအောင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရန် အစိုးရအား တောင်းဆိုမှုများ မြင့်တက်လာသော်လည်း မာရှယ်လော ကြေညာရန် အစီအစဉ် မရှိကြောင်း ထိုင်းဝန်ကြီးချုပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခုအခါ အနည်းဆုံး လူ ၂၇ ဦးခန့် သေဆုံးခဲ့ပြီ ဖြစ်ပြီး၊ တိုင်းပြည်၏ ဒေါ်လာ သန်းပေါင်း များစွာ နစ်နာ ဆုံးရှုံးကာ လူထု အုံကြွမှုများ ဖြစ်ပွားလာရန် မီးမွှေးနေသော လိပ်ခဲတည်းလည်း အခြေအနေကို ထိုင်းလူမျိုးများစွာက လွန်စွာ စိတ်ပျက်နေကြပြီ ဖြစ်သည်။

လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန် မျှော်လင့်ထားသော အစိုးရ အဖွဲ့ အရေးပေါ် အစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီးဗားက "ယခု ပြဿနာကို အဆုံးသတ်ရန် အတွက် အစိုးရ၌ အစီအစဉ် ရှိသည်" ဟု ပြောကြားခဲ့သော်လည်း မည်သည့် အစီအစဉ် ဖြစ်ကြောင်း ပြောကြားရန် ၎င်းက ငြင်းဆိုခဲ့သည်။

"အစိုးရက ရှင်းရှင်းလင်းလင်း ကိုင်တွယ် ဆောင်ရွက်နေတယ် ဆိုတာကို အခိုင်အမာ ပြောလိုပါတယ်။ တာဝန် အားလုံးဟာ ကျွန်တော့်အပေါ်မှာ ရှိနေတာပါ။ ဆုံးဖြတ်ချက်တိုင်းကိုလည်း ချမှတ်ပြီးပါပြီ။ အကောင်းဆုံး ရလဒ်တွေ ရဖို့ အတွက် လောလောဆယ် အကောင်အထည် ဖော်နေတဲ့ အဆင့်မှာ ရှိပါတယ်" ဟု ဝန်ကြီးချုပ်က ၎င်း၏ အပတ်စဉ် ရုပ်သံ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အလျှော့ပေး လိုက်လျောမှု အချို့ကို ပြုလုပ်ရန် ဆန္ဒရှိကြောင်း အဘီဆစ်က ထုတ်ဖော် ပြောကြားခဲ့သော်လည်း မည်သို့သော ဆုံးဖြတ်ချက်များ ဖြစ်သည် ဆိုသည်ကိုမူ ၎င်းက ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

"အခုလို အကြမ်းမဖက် ဥပဒေ ချိုးဖောက်တာတွေကို ရပ်တန့်ပစ်ရပါမယ်။ ဒါပေမယ့် နိုင်ငံရေးအရ တောင်းဆိုမှုတွေကိုတော့ အစိုးရက လျစ်လျူမရှုပါဘူး" ဟု ၎င်းက ဆိုသည်။

လက်ရှိ အစိုးရသည် ဘန်ကောက် ရေပေါ်ဆီ အသိုင်းအဝိုင်း နှင့် စစ်တပ်၏ တရားမဝင် ရုပ်သေးရုပ်သာ ဖြစ်သည်ဟု ယူဆထားကြသော 'ရှပ်နီ' များက အဘီဆစ် နှုတ်ထွက်၍ လွှတ်တော် ဖျက်သိမ်းကာ ရွေးကောက်ပွဲ အသစ် ကျင်းပရန် တောင်းဆိုနေကြသည်။

အဘီဆစ်သည် ဆန္ဒပြသူများနှင့် လူသိရှင်ကြား လိုက်လျော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ထောင်ပေါင်းများစွာသော ရှပ်နီများအား ဘန်ကောက်မြို့လည် လမ်းများပေါ်တွင် ပိတ်ဆို့ စခန်းချနေမှုကို စွန့်လွှတ်စေရန် နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာ စည်းရုံးနိုင်လိမ့်မည်ဟု ယုံကြည်နေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ သွေးစွန်းရန် သေချာသလောက် ဖြစ်နေသော နှိမ်နင်း ဖြိုခွဲမှုမျိုးကိုမူ ၎င်းက လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။

သို့ရာတွင် မာရှယ်လော (အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေ) ကြေညာစေရန် လိုလားနေသည့် အစိုးရ ထောက်ခံသော ဆန္ဒပြသူများ၏ တောင်းဆိုချက်များကိုမူ သဘောတူ လိုက်လျောရန် ၎င်းအနေဖြင့် မလိုလားပါဟု အဘီဆစ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

"အခုအချိန်ထိ ကျွန်တော်တို့ (အစိုးရနှင့်စစ်တပ်) ဆွေးနွေးခဲ့တာကတော့ ဒီအနေအထားမှာ မာရှယ်လော ထုတ်ပြန်ဖို့ မလိုအပ်ဘူးလို့ ယူဆထားကြပါတယ်" ဟု ၎င်းက ဆိုသည်။

မည်သို့ပင် မာရှယ်လော ကြေညာပါစေ၊ မိမိတို့က လျစ်လျူရှုမည်သာ ဖြစ်ကြောင်း ရှပ်နီများက ပြောကြားထားသည်။

"သူတို့ မာရှယ်လော ကြေညာရင်တောင် ကျွန်တော်တို့က အိမ်ပြန်မှာ မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်နေကြမှာပါ" ဟု ရှပ်နီခေါင်းဆောင် နာတာဝပ် ဆိုင်ကူးက ပြောကြားသည်။

ဆန္ဒပြသူများနှင့် အစိုးရ အကြား စေ့စပ် ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်နေခြင်းနှင့်အတူ ရှေ့မတိုး နောက်မဆုတ် အခြေအနေကို လျှော့ချကာ ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြပြီး နိုင်ငံတကာမှ ပါဝင် ပတ်သက်ရန် တောင်းဆိုမှုများလည်း ကြီးထွားလာသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ပျက်ပြားသွားခဲ့ပြီဟု The International Crisis Group ဥာဏ်ကြီးရှင် အုပ်စုက စနေနေ့တွင် ပြောကြားခဲ့ပြီး၊ ယခု လိပ်ခဲတည်းလည်း အခြေအနေမှ မကြေညာသော ပြည်တွင်းစစ် အထိ ယိုယွင်း ပျက်စီးသွားနိုင်သဖြင့် စိုးရိမ် ပူပန်ကြောင်း အလေးအနက် ဖော်ပြခဲ့သည်။

ဖြစ်နိုင်ပါက အရှေ့တိမော သမ္မတ ဂျိုဆေးရာမို့စ်ဟော်တာ ဦးဆောင်၍ ပြည်ပမှ ကြားဝင် စေ့စပ်ရေးကို အထက်ပါ အုပ်စုက လိုလားနေပြီး၊ နှစ်ဖက်စလုံးမှ ခေါင်းမာမှုကို အလျှော့ပေးကြရန်နှင့် ရွေးကောက်ပွဲ အသစ်နှင့် အမျိုးသားရေးအရ စည်းလုံးသော အစိုးရ အဖွဲ့တို့ကို ပြင်ဆင်ရေး အတွက် ကူညီရန် အားပေး တိုက်တွန်းလျက် ရှိသည်။

နိုင်ငံခြားမှ ကြားဝင် စေ့စပ်သူများ ဝင်ရောက် ညှိနှိုင်းရေး ကြိုးပမ်းမှုများကို အစိုးရက အကြိမ်ကြိမ် ပယ်ချခဲ့သည်။

နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့ကလည်း အကြမ်းဖက်မှုများ အဆုံးသတ်ကြရန် ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များအား တောင်းဆိုထားသည်။

လက်ရှိ အနေအထား ပိုဆိုး မသွားခင် အုပ်စုတွေ အားလုံးက သူတို့ရဲ့ ထောက်ခံသူတွေကို ဇက်ကြိုးသတ်ဖို့၊ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အဖြေထွက်အောင် စေ့စပ် ညှိနှိုင်းကြဖို့ လိုအပ်ပါတယ်ဟု Human Rights Watch မှ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောကြားလိုက်သည်။

ဆန္ဒပြသမားများ ခြေကုန်လက်ပမ်း ကျလာကာ မကြာမီ အိမ်ပြန်ကြရန် မျှော်လင့်ကြောင်း အစိုးရ အရာရှိ အချို့က ထုတ်ဖော် ပြောကြားခဲ့သော်လည်း ရှပ်နီ ခေါင်းဆောင် တစ်ဦးက စနေနေ့က ပြောကြားရာတွင် မြို့တော်လမ်းများ ပေါ်ရှိ မိမိတို့ အင်အားကို မြှင့်တင်ရန် နောက်ထပ် အင်အားဖြည့်သူများ လာနေကြသည်ဟု ဆိုသည်။

ရှပ်နီများသည် ဆန္ဒပြ နယ်မြေ အစွန်ရှိ ဆေးရုံတစ်ရုံသို့ အတင်း ဝင်ရောက်ကာ ၎င်းတို့၏ လူနာများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် တာဝန်ကျ ဆရာဝန်များအား သတိပေးခဲ့မှုကြောင့် ယခု ရက်ပိုင်း အတွင်း ပိုမို ပြစ်တင် ဝေဖန်ခံနေရသည်။

ဆေးရုံအား ပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှားခြင်းဖြင့် အပြောင်းအလဲကို ပြသရန် ကြိုးစားခဲ့သော အချို့ ဆန္ဒပြ ခေါင်းဆောင်များအကြား သဘောထား ကွဲစရာ ဖြစ်ခဲ့သော အထက်ပါ ဆေးရုံ စီးနင်းမှုကို ဆေးရုံအား နေသားတကျ ပြန်ဖြစ်စေလိုသော အခြား ခေါင်းဆောင်များကသာ ပြန်လည် ပြင်ဆင်နိုင်ပါလိမ့်မည်။ စနေနေ့ မွန်းလွဲပိုင်းတွင်မူ ၎င်းတို့က ဆေးရုံအား ပိတ်ဆို့ထားမှုကို ပြန်လည် ဖယ်ရှားပေးခဲ့ကြသည်။

ဆေးရုံအား လုပ်ငန်း ပြန်လည် လည်ပတ်ခွင့်ပြုရန် စစ်ဆင်ရေး အစီအစဉ် တစ်ခုကို အစိုးရက အမိန့်ပေးခဲ့သည်ဟု အဘီဆစ်က ပြောကြားခဲ့သော်လည်း မည်ကဲ့သို့ လုပ်ဆောင်မည် ဆိုသည်ကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခြင်း မရှိပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Oxfam GB.UK, 30th April 2010

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းဒဏ်ခံ ပြည်သူများအား ကျွမ်းကျင်မှု မြှင့်တင်ကာ ဝင်ငွေတိုးလာရန် "Oxfam" ၏ လေ့ကျင့် သင်တန်းပေး အစီအစဉ်က မည်ကဲ့သို့ ကူညီနေသည် ဆိုသည်ကို Ben Noikorn က ဤသို့ လေ့လာနေသည်။

အသက် ၄၀ အရွယ်ရှိ မင်းဇော်အား Oxfam သက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု သင်တန်းသို့ ယခင်နှစ် ဇန်နဝါရီလက တက်ရောက်ခဲ့ပြီး နောက်ပိုင်း ၎င်း၏ လက်ရှိဘဝ နှင့်ပတ်သက်၍ မေးမြန်းသည့်အခါ 'မယုံနိုင်စရာပါပဲဗျာ' ဟု ၎င်းက ရေရွတ်လိုက်သည်။

"တကယ့်ကို မယုံနိုင်စရာပါ။ ကျွန်တော့်ရဲ့ ကျန်တဲ့ ဘဝတလျှောက် ပုံမှန်ဝင်ငွေ ရရှိအောင် ဒီ ၂လ သင်တန်းက အမှန်တကယ်ကို အာမခံပေးခဲ့ပါတယ်" ဟု မင်းဇော်က ဆိုသည်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းကြောင့် သက်မွေးဝမ်းကျောင်း လုပ်ငန်း ဆုံးရှုံးသွားသူများအား ကူညီရေး အစီအစဉ်အရ Oxfam က ထောက်ပံ့ ကူညီသည့် စက်ပစ္စည်း ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းကို ၎င်းက ရည်ညွှန်းခြင်း ဖြစ်သည်။

၎င်း၏ ဘဝကို ပြောင်းလဲသွားစေသည်ဟု အတည်ပြု ပြောဆိုခဲ့သော သင်တန်းသို့ မင်းဇော် အပါအဝင် သင်တန်းသား ၁၀ ဦး တက်ရောက်ခဲ့သည်။ မင်းဇော်သည် နာဂစ် မတိုင်မီက ပြောင်းဖူး ရောင်းခဲ့သော်လည်း ဆိုင်ကလုန်းက လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို လုံးဝ ဖျက်ဆီးလိုက်သည့်အခါ မင်းဇော်ကဲ့သို့ ဈေးသည်လေးများမှာ အထူးသဖြင့် အထိနာခဲ့သည်။ ယခု ၎င်း၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးလိုက်သည့်အခါ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာကာ အိုးမကွာ အိမ်မကွာ ဝင်ငွေ ရှာနိုင်ခွင့်ရသွားပြီး မသန်မစွမ်း သမီးငယ်ကိုလည်း စောင့်ရှောက်နိုင်ပြီ ဖြစ်သည့် ၎င်းအတွက် အလွန် အရေးကြီးသော ဘဝ တစ်ဆစ်ချိုးပင် ဖြစ်သည်။

ယခင်ကမူ မင်းဇော်သည် ဖောက်သည်များ၏ အိမ်သို့ သွားရောက်ကာ စက်ပစ္စည်း အသေးအဖွဲ့များကို စစ်ဆေး ပြုပြင်ရသူမျှသာ ဖြစ်သည်။ ယခုအခါ ၎င်း၏ ကျွမ်းကျင်မှု အပေါ် ယုံကြည် စိတ်ချလာကြပြီး ဖောက်သည်များ ပိုမို ရရှိကာ နေအိမ်တွင်ပင် လုပ်ငန်း ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်သည်။ စက်ပစ္စည်း အကြီးစားများကိုလည်း ပြင်ဆင်ရန် အပ်နှံနေကြပြီး ဖြစ်သည်။ "အခုတော့ သမီးလေးကိုလည်း စောင့်ရှောက်နိုင်ပါပြီ။ နို့မဟုတ်ရင် အမျိုးသမီးက ကလေးတစ်ဖက်နဲ့ ဈေးရောင်း၊ ထမင်းချက်၊ အိမ်အလုပ်တွေနဲ့ မနိုင်ဘူးပေါ့ဗျာ၊ ခုတော့ တော်တော့်ကို အဆင်ပြေနေပါပြီ" ဟု ၎င်းက ဖွင့်ဟသည်။

မင်းဇော်သည် စက်ပြင်အလုပ်နှင့် ပတ်သက်၍ အခြေခံ ဗဟုသုတ ရှိထားပြီး ဖြစ်သော်လည်း ယခု သင်တန်းကြောင့် ကျွမ်းကျင်မှုနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးတက်လာခဲ့ပြီး ဖောက်သည်များထံမှ ယုံကြည်မှုကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။

"သင်တန်းတက်ပြီးနောက် လုပ်ငန်းက တိုးတက်လာတယ်။ ဖောက်သည်တွေက ဒီရွာကတင် မကဘူး။ အနီးအနား ရွာတွေကလည်း ပါတယ်။ အခု တစ်ရက်ကို အနည်းဆုံး ၂၀၀၀ ကျပ် ကနေ ၁၀၀၀၀ ကျပ်အထိ ဝင်ငွေ ရှိတယ်" ဟု မင်းဇော်က ပြောကြားခဲ့ပြီး မိန်းမ၏ အိမ်ဆိုင် ဝင်ငွေနှင့် ပေါင်းလိုက်လျှင် အခြေအနေ အလွန်ကောင်းနေပြီး၊ မွေးစကပင် စကားမပြောနိုင်သည့် သမီးအတွက် လိုအပ်သော ဆေးဝါးများကို ဝယ်ယူနိုင်ပြီ ဖြစ်သည်။

ကျုံဒါးချောင်းရွာမှ သင်တန်းသား တစ်ဦး ဖြစ်သူ အသက် ၁၉ နှစ် အရွယ် သူရကလည်း သင်တန်းတက် အပြီးတွင် လုပ်ငန်း အပေါ် ယုံကြည် စိတ်ချမှု ပိုရှိလာသည်ဟု ပြောကြားသည်။

"သင်တန်းမတက်ခင်က ပြောင်းဖူး ရောင်းတယ်။ တခြား စက်ပြင်ဆရာတွေ ပြင်တာကို ကြည့်ပြီး လေ့လာတယ်။ လက်ထောက် စက်ပြင် ဖြစ်လာတော့ အသေးအဖွဲတွေ ပြင်တယ် ဟု သူရက Oxfam သို့ ပြောသည်။ အခု သင်တန်းတက်ပြီးတော့ စက်ပစ္စည်းတွေ အလုပ်လုပ်ပုံနဲ့ ဘယ်လို ပြင်ရမယ် ဆိုတာကို တကယ် သဘောပေါက်သွားပြီလေ" ဟု ၎င်းက ဆိုသည်။

သင်တန်းအပြီး ကိုးလ အကြာတွင်မူ သူရအား အလုပ်အပ်သူ အရေအတွက် သိသိသာသာ တိုးလာပြီ ဖြစ်သည်။ အနာဂတ်တွင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်ရန် အိပ်မက်ကိုပင် စတင် စိတ်ကူးနိုင်ပြီ ဖြစ်သည်။

သူရသည် အကြီးစား ပြင်ဆင်မှုများ အတွက် ၁၀၀၀၀ ကျပ် နှင့် အသေးစား ပြင်ဆင်မှုများ အတွက် ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ်ခန့် ဝင်ငွေ ရရှိနေသည်။ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများကို အများဆုံး ပြင်ဆင်ရခြင်း ဖြစ်သည်။ သူရ ပြောင်းဖူးရောင်းစဉ်က တစ်ရက် ၅၀၀ ကျပ်ခန့်သာ ရခဲ့သည်။

"အခု တစ်သိန်းခွဲလောက် စုမိနေပြီ။ ကျွန်တော်က ဂဟေလုပ်ငန်းကိုပါ တွဲလုပ်ချင်တာပါ။ ငါးသိန်းလောက်တော့ ရင်းဖို့လိုတယ်လို့ ထင်ပါတယ်။ ၂ နှစ် ၃ နှစ် အတွင်း အိပ်မက်တွေ တကယ် ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်" ဟု သူရက အပြုံးမျက်နှာဖြင့် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Wall Street Journal, 3rd May 2010

ထိပ်တန်း မြန်မာ ခေါင်းဆောင်များသည် ၎င်းတို့၏ စစ်တပ် ရာထူးများမှ ထွက်ကာ ရွေးကောက်ပွဲ ဝင်ရန် ပါတီ တည်ထောင်လိုက်ခြင်းဖြင့် ရွေးကောက်ပွဲတွင် မဲအစစ်အမှန် ဖြစ်ရေး အလားအလာများ အတွက် သံသယသစ်များ ထွက်ပေါ်လာသည်။

ဝေဖန် သုံးသပ်သူများက ပြောကြားရာတွင် ပြီးခဲ့သည့် အပတ်က ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြား ၂၂ ဦးသည် ပြီးခဲ့သည့် အပတ်က စစ်တပ် ရာထူးများမှ နုတ်ထွက်ခြင်းသည် ပါလီမန်တွင် စစ်တပ်မှ ၂၅ % သော နေရာယူ၍ တိုင်းပြည်တွင် အာဏာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက် မရိုးသားသောနည်းဖြင့် အကွက်ဆင် လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အကယ်၍ စစ်တပ်မှ ခေါင်းဆောင်များ ပိုမို၍ ယူနီဖောင်း ချွတ်၍ အရပ်သား လုပ်လာပါက၊ ၎င်းတို့ ပါလီမန် နေရာ အတော်များများကို သိမ်းပိုက် နိုင်လိမ့်မည် ဖြစ်သည်။

မြန်မာ ထိပ်တန်း ခေါင်းဆောင်မှုကို စစ်တပ် အသွင်မှ ပြောင်းလဲပစ်လိုက်ခြင်းသည် ဖိနှိပ်မှုကို လှပအောင် တန်ဆာဆင်၍ အသွင်ပြောင်းခြင်းသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ Human Rights Watch မှ သုတေသနပြုသူ David Mathieson က ပြောသည်။ မြန်မာ အစိုးရကို ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း နိုင်ငံရေး ဆန့်ကျင်သူ နှစ်ထောင်ကျော်အား ထောင်သွင်း အကျဉ်းချမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ပြုလုပ်သည်ဟု စွပ်စွဲခဲ့ကြသည်။

မြန်မာ အစိုးရသည် နိုင်ငံခြား သတင်းစာ ဆရာများကို စကားပြောခဲ့သည် ဖြစ်ရာ၊ အစိုးရနှင့် ထိတွေ့ရန် ကြိုးစားမှု မှန်သမျှသည် မအောင်မြင်ခဲ့ပေ။ တိုင်းပြည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲသည် တရားမျှတလိမ့်မည် ဖြစ်ကြောင်း ယခင်က ပြောခဲ့သည်။

ဧပြီလ ၂၆ ရက်နေ့က ဦးသိန်းစိန်နှင့် အခြား ခေါင်းဆောင်များ စစ်တပ် ရာထူးများမှ နုတ်ထွက်ခဲ့ကြောင်း အစိုးရ မီဒီယာ သတင်းများအရ သိရှိရပြီး၊ ကက်ဘိနက် ရာထူးများကိုမူ ဆက်ယူထားမည်ဟု မျှော်လင့်ရပေသည်။ ကြာသပတေးနေ့ကမူ ၎င်းနှင့် အခြား ၂၆ ဦးတို့သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့သည်။

အချို့ ဝေဖန် သုံးသပ်သူများက ရွေးကောက်ပွဲသည် လက်ရှိ အစိုးရကို တရားဝင်အောင် ပြုလုပ်ပေးသည်ဟု ဆိုသော်လည်း အတိုက်အခံ အဖွဲ့များ အတွက် ပိုမို၍ ပြောဆိုနိုင်ရေး တံခါးသော့ ဖွင့်လာနိုင်ကြောင်း ဆိုသည်။ နိုင်ငံရေးပါတီ ၂၀ ကျော် ပါဝင်ရန် လျှောက်ထားလျက် ရှိကြပြီး၊ အချို့ကို နာမည်ကြီး အတိုက်အခံများ ခေါင်းဆောင်ကြသည်။ ထိုအထဲမှ အချို့မှာ ပါလီမန် အမတ် နေရာရနိုင်ကြောင်း မျှော်လင့်မှုများ ရှိခဲ့သည်။

ဝေဖန် သုံးသပ်သူများ ခန့်မှန်းသော အချက်တစ်ခုမှာ အရပ်သား ပါတီများ ပိုမိုလာရေး အတွက် အစိုးရ၏ ကြိုးပမ်းမှုများသည် ထိပ်တန်း စစ်ခေါင်းဆောင်များကြား ဝေဖန်မှုများကို ပိုမို လမ်းဖွင့်ပေးမည့် သဘောရှိသည် ဆိုခြင်း ဖြစ်သည်။ အချို့ စစ်ခေါင်းဆောင်များသည် ၎င်းတို့နေရာ ဆက်လက် ယူထားနိုင်ရေး အတွက် ပြည်သူ၏ ထောက်ခံမှုကို သီအိုရီအရ ရယူရလိမ့်မည် ဖြစ်သည်။ သို့သော် မရှင်းလင်းသည့် အချက်တစ်ခုမှာ အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတကြောင်း သေချာစေရန် နိုင်ငံတကာမှ လေ့လာသူများကို ခွင့်ပြု မပြုဆိုသော အချက်ပင် ဖြစ်သည်။ ယခု နောက်ဆုံး အဖြစ်ကို ကြည့်ပါက လက်ရှိ ခေါင်းဆောင် အချို့သည် လူငယ် ခေါင်းဆောင်များကို အာဏာလွှဲ၍ အငြိမ်းစားယူရန် ရည်ရွယ်ချက်ရှိပုံ မရကြောင်း၊ အချို့ မြန်မာ ပြည်တွင်း နေထိုင်သူများက မျှော်လင့်ထားခဲ့သလို ဖြစ်သည်။

တင်းမာမှုများက ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။ ရန်ကုန်တွင် ဧပြီလ ၁၅ ရက်နေ့က ဗုံးပေါက်ကွဲမှု အပါအဝင် ယခု အပတ်များ အတွင်း ဗုံးပေါက်ကွဲမှု အနည်းဆုံး ၇ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ယခု ဗုံးပေါက်မှုများ နောက်ကွယ်မှ မည်သူ စီစဉ် ညွှန်ကြားသည် ဆိုသည်ကို မသိရှိရသေးသလို၊ ရေအားလျှပ်စစ်များတွင် ဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်မှု ရှိမရှိကိုလည်း မသိရှိရသေးပါ။

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တွင်လည်း စိုးရိမ်မှုများ ပိုမို မြင့်တက်လာလျက် ရှိနေသည်။ အဆိုပါ ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်များက ထိန်းချုပ်ထားပြီး၊ မြန်မာ အစိုးရက ရွေးကောက်ပွဲ မတိုင်မီ အဆိုပါ နယ်မြေများတွင် တိုင်းရင်းသားများ ချုပ်ကိုင်မှု လျှော့ချနိုင်ရန် ကြိုးပမ်းချက်အား ဆန့်ကျင်ကြမှုကြောင့် ဖြစ်သည်။

မြန်မာ စစ်ခေါင်းဆောင်များက တိုင်းရင်းသား အဖွဲ့များကို မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် တောင်းဆိုလျက်ရှိရာ၊ သတ်မှတ်ထားသော နောက်ဆုံးရက်မှာ ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အများစုက ငြင်းဆန်လျက် ရှိသည်။ မြန်မာ စစ်တပ်က အဆိုပါ ဒေသများတွင် တပ်များ ပိုမိုချထားလျက် ရှိရာ ဒေသခံများ အနေဖြင့် ထိတ်လန့်ဖွယ် ပဋိပက္ခများ ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ အဖျက်သမားများက ရည်ရွယ်ချက်ဖြင့် အန္တရာယ် ပြုလျက်ရှိသည်ဟု ပြောကြားကြောင်း စနေနေ့က အစိုးရ သတင်းစာ New Light of Myanmar တွင် ဖော်ပြထားကြောင်း Associated Press က သတင်းပေးပို့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Japan Times, By Nyunt Swe, 2nd May 2010

(ရေးသားသူ ညွန့်ဆွေသည် အလွတ်တန်း သတင်းစာ ဆရာတစ်ဦး ဖြစ်ပြီး၊ NLD မြို့နယ် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ကာ၊ ၁၉၉၁ ခုနှစ်မှစ၍ တိုကျိုမြို့တွင် နေထိုင်နေသူ ဖြစ်သည်။)

မြန်မာ အစိုးရသည် စိတ်ဝင်စားသော အဖွဲ့များကို နိုင်ငံရေးပါတီ ဖွဲ့၍ မှတ်ပုံတင်ရန် ရက်ပေါင်း ၆၀ အချိန်ပေးခဲ့ရာ ကြာသပတေးနေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။ မှတ်ပုံမတင်သော ပါတီများသည် ရွေးကောက်ပွဲ ဥပဒေ အသစ်အရ ပါတီအဖြစ် ဆက်လက် တည်ရှိခွင့် ရပ်ဆိုင်းသွားမည် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြေညာခဲ့ပြီးဖြစ်ရာ၊ အစိုးရက ပါတီအား မဖျက်သိမ်းရေးအတွက် ဥပေဒကြောင်းအရ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချထားသည်။ အချို့လူများက ထိုကိစ္စကို သတ္တိရှိသော လုပ်ရပ်ဟု မြင်ကြသည်။ သို့သော် အဆိုပါ ဆုံးဖြတ်ချက်သည် အမြင်မကျယ်ဘဲ၊ အဓိပ္ပာယ် မရှိသော လုပ်ရပ် ဖြစ်သည်။

ကျွန်ုပ်သည် အသက် ၆၄ နှစ်တွင်မှ တိုကျို တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး၊ အကြွေး ဒေါ်လာ ၅၀၀၀၀ ခန့် တင်ကျန်ခဲ့သည်။ သို့သော် အဆိုပါ အတွေ့အကြုံမှ ဗဟုသုတ အများကြီး တိုးခဲ့ရသည်။ အပြောင်းအလဲသည် လေထဲတွင် ရှိနေပြီ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေလိုသော ပုံစံအတိုင်းမူ ဖြစ်လိမ့်မည် မဟုတ်ပေ။

ကမ္ဘာကြီး အနေဖြင့် ယုံချင်ယုံ မယုံချင်နေ၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အတွက် ဦးတည်နေပါပြီ။ သို့သော် အသွင်ကူးပြောင်းရေး ကာလမှာ အချိန်ယူရမည် ဖြစ်သည်။ စစ်အာဏာရှင် စနစ်ကို အာဏာရှင်ဆန်သော ပါလီမန် ပုံစံသစ်ဖြင့် အစားထိုးမည် ဖြစ်ပြီး၊ လက်ရှိ အစိုးရ၏ လူများကပင် ဦးဆောင်၍ အကန့်အသတ်ဖြင့် ဖြေလျော့ပေးမှုများ ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။ နောက်ဆုံး တဖြည်းဖြည်းနှင့် နိုင်ငံရေး ဒီမိုကရေစီကို ဖွင့်ပေးသွားမည် ဖြစ်သည်။

အားကောင်းပြီး၊ တပည့်များ အပေါ် မီးသေ၍ ညီညွတ်နေစေသော စစ်တပ် အစိုးရ အောက်တွင် တရားမျှတပြီး ဒီမိုကရေစီကျသော ရွေးကောက်ပွဲ တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ခြင်းသည် အတွေးအခေါ် တိမ်သည်ဟု ပြောရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်အစိုးရ ရှိသော မည်သည့် တိုင်းပြည်မှ ထိုသို့ ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။ မြန်မာ စစ်တပ်သည် တိုင်းပြည်ကို ရက်ရက်စက်စက် အုပ်ချုပ်ရင်း အနာဂတ်အတွက် ဒီမိုကရေစီကို စကားပြောလျက် ရှိသည်။ အဆိုပါ သဘာဝများကို ၁၉၈၆ ခုနှစ်က Guillermo O' Donnell နှင့် C. Philippe Schmitter တို့က "Transition from Authoritarian Rule: Tentative Conclusion About Uncertain Democracies" စာအုပ်တွင် ရေးသားထားခဲ့သည်။

သို့သော် အတိတ်က အခြား စစ်အစိုးရများ ဒီမိုကရေစီသို့ ပြောင်းလဲသွားခြင်းများ ရှိခဲ့သည်။ ချီလီနိုင်ငံကို ကြည့်ပါ။ ချီလီနိုင်ငံသည် ရိုင်းစိုင်းသော Pinochet အာဏာရှင်စနစ်မှ လက်ရှိ ဒီမိုကရက်တစ် အစိုးရသို့ ပြောင်းသွားခဲ့သည်။ ၁၉၈၀ ခုနှစ်က ချီလီ အတိုက်အခံပါတီ အများစုသည် Pinochet ၏ အခြေခံဥပဒေကို အစက ဆန့်ကျင်ခဲ့ကြသည်။ သို့သော် ၎င်းတို့ အခြား နည်းလမ်း ရှာမရသည့် အဆုံး ၁၉၈၆ ခုနှစ် နောက်ပိုင်းတွင် အများစုက လက်ခံလာကြရသည်။ နောက်သုံးနှစ် ကြာသောအခါ အတိုက်အခံသည် တစ်ပြည်လုံး မဲအပြတ်အသတ် ရရှိကာ အနိုင်ရပြီး၊ တိုင်းပြည်ကို Pinochet ၏ အခြေခံ ဥပဒေဖြင့် အုပ်ချုပ်ခဲ့သည်။ ချီလီနိုင်ငံသည် နိုင်ငံရေးအရ အခွင့်အလမ်း ရရှိသောအခါ လွန်ခဲ့သော ၁၆ နှစ်က ဒီမိုကရေစီ နည်းလမ်းမကျစွာ ရေးဆွဲထားသော အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် လုံးဝ ဒီမိုကရေစီ ကျသော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် နှိပ်စက်ခံရမှုများ၊ ထောင်ချခံရမှုများကို ခံစားခဲ့ကြရသည်။ သို့သော် မတရား ဖိနှိပ်မှုများကို ကြံ့ကြံ့ခံပြီး ထိပ်တိုက် ရင်ဆိုင်ခြင်းကို ခေါင်းဆောင်မှုဟု အဓိပ္ပာယ် ဖွင့်ဆို၍ မရပေ။ နိုင်ငံရေး ဆိုသည်မှာ ငြိမ်သက်နေသော အရာတစ်ခု မဟုတ်ပေ။

မြန်မာ စစ်အစိုးရသည် ကြိုက်နှစ်သက်စရာ ကောင်းသည်ဟု ကျွန်ုပ် မဆိုလိုပေ။ သို့သော် အတိုက်အခံက အဆင်သင့် မဖြစ်သေးပေ။ စစ်အစိုးရ အနေဖြင့် ၎င်းတို့ ခေါင်းဆောင်များ၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်သောအားဖြင့်၊ ၎င်းအား ဆန့်ကျင်သူများ၏ တောင်းဆိုမှုများကို ဘယ်သောအခါမျှ မလိုက်လျောရန် ပိုမို ဆုံးဖြတ်လာသည်။

အနောက်နိုင်ငံများက မြန်မာ အစိုးရအား အရေးယူ ပိတ်ဆို့ခြင်းအားဖြင့် လည်းကောင်း၊ အရှက်ရစေရန် ပြုလုပ်၍ လည်းကောင်း ဒဏ်ခတ်ခဲ့သည်။ သို့သော် တစ်ကမ္ဘာလုံးက မဟုတ်ပါ။ တရုတ်နှင့် ရုရှားသည် လိုအပ်သော အကူအညီများပေး၍ အကာအကွယ် ပေးထားသည်။ အာဆီယံ အဖွဲ့ကြီးမှာလည်း အဖွဲ့ဝင် နိုင်ငံများက သူ့ပြဿနာနှင့် သူ ရှိကြလေရာ၊ မြန်မာနိုင်ငံ အပေါ် ဘာမျှ သက်ရောက်မှု မရှိပေ။ အဖွဲ့ကြီး၏ စည်းမျဉ်းများကလည်း အကန့်အသတ်များ ရှိနေပြန်သည်။

အဆိုပါ နိုင်ငံတကာနှင့် ပတ်သက်သော အမှန်တရားများကို ကြည့်၍၊ အတိုက်အခံ အနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲကို သပိတ်မှောက်၍ ပါတီ မှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက်ကို သတ်မှတ်ရက် မတိုင်မီ ပြန်လည် စဉ်းစားသင့်သည်။ ၁၉၉၀ ခုနှစ်က ၎င်းအပေါ် မဲဆန္ဒ အပြည့် ပေးခဲ့ကြသော ပြည်သူလူထုကြီးကို မေ့မထားသင့်ပေ။ စွန့်မသွားသင့်ပေ။

ဟုတ်ပါသည်။ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို လက်ခံလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပစ်ပယ်ရာ ရောက်သည်။ သို့သော် အနာဂတ်တွင် ၎င်းတို့အား ပါတီတွင် ပြန်လည် ပါဝင်စေရန် အခွင့်အလမ်း ရလာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပစ်ရန် ကိစ္စမှာ အသစ်အဆန်းတော့ မဟုတ်ပေ။ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှ ကန့်သတ်ခြင်းမှာလည်း ယခုမှ ပထမဆုံး အကြိမ် မဟုတ်ပေ။ စစ်အစိုးရသည် သူမ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံ ဥပဒေ ၇၄ (က) ကို အသုံးပြု၍ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၀ ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပြုလုပ်ခဲ့ဖူးသည်။ ယခု ထပ်မံ၍ သူမအား ရွေးကောက်ပွဲ မဝင်နိုင်စေရန်မက ပါတီ အဖွဲ့ဝင် အဖြစ်ပါ မပါနိုင်အောင် အစိုးရက အခြေခံ ဥပဒေကို အသုံးပြု၍ ပြုလုပ်ခဲ့ပြန်သည်။

အဆိုပါ ကန့်သတ်ချက်များသည် မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ ၊ တချိန်တွင် မြန်မာ ပြည်သူများက အဆုံးအဖြတ် ပေးသွားရမည် ဖြစ်သည်။ ယခု လောလောဆယ်တွင်မူ မြန်မာ ပြည်သူများ အဖို့ ထိုသို့ ဆုံးဖြတ်ပိုင်ခွင့် မရှိသေးပေ။ ထို့ကြောင့် ပါတီ ဆက်လက် ရှင်သန်ရေးနှင့် ပါလီမန်တွင် နေရာ အတော်များများ ယူထားနိုင်ရေး အတွက် တည်ဆဲ ဥပဒေများကို လိုက်နာရမည်သာ ဖြစ်သည်။ အထူးသဖြင့် အစိုးရအား မည်သူမျှ ထိရောက်သော ပြောင်းလဲမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

NLD အနေဖြင့် ပါလီမန်တွင် နေရာ အတော်များများ အနိုင်ရရန် အခွင့်အရေး အများကြီး ရှိနေသေးသည်။ သို့သော် ရွေးကောက်ပွဲအား သပိတ်မှောက်ပြီး၊ တရားမဝင် ပါတီအဖြစ် တံဆိပ်ကပ်ခြင်းသည် ပြည်သူများကို ပစ်ပယ်ခြင်းပင် ဖြစ်သည်။ ပါတီ နိုင်ငံရေး ပြင်ပမှ အလုပ်လုပ်ခြင်း၊ လူမှုရေး လုပ်ငန်းများနှင့် လည်းကောင်း၊ မိမိပိုင်ခွင့်များဖြင့် တွန်းလှန်ခြင်းဖြင့် လည်းကောင်း ဒီမိုကရေစီ ရယူရန် ကြိုးစားခြင်းများသည် ယခု မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ နေ့ခင်းမက်သော အိပ်မက်သာလျှင် ဖြစ်လိမ့်မည်။ NLD အနေဖြင့် ပို၍ လက်တွေ့ ကျသင့်သည်။

ယခုအခါ တိုင်းရင်းသား ပါတီများ အပါအဝင် ပါတီ အများအပြား မှတ်ပုံတင်လျက် ရှိသည်။ အနောက်နိုင်ငံများက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ယခု နှစ်ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပတော့မည် ဖြစ်သည်။ NLD မှ မဟုတ်သော နိုင်ငံရေးသမားများကို မယုံကြည်ရသူများ၊ မျိုးချစ်စိတ် မရှိသူများ၊ အကျင့်ပျက် ခြစားမည့်သူများ၊ အခွင့်အရေးသမားများ အဖြစ် စွပ်စွဲနေခြင်းများသည် အခြေအမြစ် မရှိဘဲ ဒီမိုကရေစီ နည်းလမ်း မကျပေ။ မြန်မာ ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ငြီးငွေ့နေပြီ ဖြစ်ပြီး၊ အပြောင်းအလဲတစ်ခုကို လိုချင်နေကြပြီ ဖြစ်သည်။

ဖြစ်ပေါ်လာမည့် အစိုးရသစ်သည် အရပ်သား တစ်ဝက် အစိုးရ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ အရပ်သား နိုင်ငံရေးသမားများနှင့် စစ်သားများ အတူတွဲ၍ အလုပ်လုပ်ရလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် အချိန်ကြာလာသည်နှင့် အမျှ အစိုးရကို ဒီမိုကရေစီ ဆန်လာရေး အတွက် နိုင်ငံရေး အခွင့်အလမ်း အချို့ ပွင့်လာလိမ့်မည်ဟု မျှော်လင့်သည်။ စစ်အစိုးရနှင့် အရပ်သား နိုင်ငံရေးသမားများ အကြားတွင် လိုအပ်နေသော နှစ်ဦးနှစ်ဘက် ယုံကြည်မှုသည် ဆက်ဆံရေးဖြင့်သာ တည်ဆောက်ယူရမည် ဖြစ်သည်။ ကျွန်ုပ်တို့တွင် ဤနည်းလမ်းမှတပါး ရွေးစရာ မရှိပေ။

NLD ရွေးကောက်ပွဲတွင် ပါဝင်ခြင်းအားဖြင့် အစိုးရ၏ ရွေးကောက်ပွဲကို အများက လက်ခံလိမ့်မည် ဖြစ်သည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ အစိုးရက ထိုအချက်ကို သိပ်ဂရုစိုက်လှသည်တော့ မဟုတ်ပေ။ NLD သည် အကယ်၍ သူ၏ မဟာမိတ် ပါတီတစ်ခု မချန်ရစ်ဘဲ ဖျက်သိမ်းခဲ့မည်ဆိုလျှင်၊ မြန်မာပြည် အတွက် ဒီမိုကရေစီရေး ကြိုးပမ်းပါမည်ဟု ကတိပြုထားသော NLD ပါတီဝင်များ အနေဖြင့် ပြည်သူလူထုကို လှည့်စားသလို ဖြစ်ချေတော့မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.