Oxfam GB.UK, 30th April 2010
မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းဒဏ်ခံ ပြည်သူများအား ကျွမ်းကျင်မှု မြှင့်တင်ကာ ဝင်ငွေတိုးလာရန် "Oxfam" ၏ လေ့ကျင့် သင်တန်းပေး အစီအစဉ်က မည်ကဲ့သို့ ကူညီနေသည် ဆိုသည်ကို Ben Noikorn က ဤသို့ လေ့လာနေသည်။
အသက် ၄၀ အရွယ်ရှိ မင်းဇော်အား Oxfam သက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု သင်တန်းသို့ ယခင်နှစ် ဇန်နဝါရီလက တက်ရောက်ခဲ့ပြီး နောက်ပိုင်း ၎င်း၏ လက်ရှိဘဝ နှင့်ပတ်သက်၍ မေးမြန်းသည့်အခါ 'မယုံနိုင်စရာပါပဲဗျာ' ဟု ၎င်းက ရေရွတ်လိုက်သည်။
"တကယ့်ကို မယုံနိုင်စရာပါ။ ကျွန်တော့်ရဲ့ ကျန်တဲ့ ဘဝတလျှောက် ပုံမှန်ဝင်ငွေ ရရှိအောင် ဒီ ၂လ သင်တန်းက အမှန်တကယ်ကို အာမခံပေးခဲ့ပါတယ်" ဟု မင်းဇော်က ဆိုသည်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းကြောင့် သက်မွေးဝမ်းကျောင်း လုပ်ငန်း ဆုံးရှုံးသွားသူများအား ကူညီရေး အစီအစဉ်အရ Oxfam က ထောက်ပံ့ ကူညီသည့် စက်ပစ္စည်း ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းကို ၎င်းက ရည်ညွှန်းခြင်း ဖြစ်သည်။
၎င်း၏ ဘဝကို ပြောင်းလဲသွားစေသည်ဟု အတည်ပြု ပြောဆိုခဲ့သော သင်တန်းသို့ မင်းဇော် အပါအဝင် သင်တန်းသား ၁၀ ဦး တက်ရောက်ခဲ့သည်။ မင်းဇော်သည် နာဂစ် မတိုင်မီက ပြောင်းဖူး ရောင်းခဲ့သော်လည်း ဆိုင်ကလုန်းက လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို လုံးဝ ဖျက်ဆီးလိုက်သည့်အခါ မင်းဇော်ကဲ့သို့ ဈေးသည်လေးများမှာ အထူးသဖြင့် အထိနာခဲ့သည်။ ယခု ၎င်း၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးလိုက်သည့်အခါ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာကာ အိုးမကွာ အိမ်မကွာ ဝင်ငွေ ရှာနိုင်ခွင့်ရသွားပြီး မသန်မစွမ်း သမီးငယ်ကိုလည်း စောင့်ရှောက်နိုင်ပြီ ဖြစ်သည့် ၎င်းအတွက် အလွန် အရေးကြီးသော ဘဝ တစ်ဆစ်ချိုးပင် ဖြစ်သည်။
ယခင်ကမူ မင်းဇော်သည် ဖောက်သည်များ၏ အိမ်သို့ သွားရောက်ကာ စက်ပစ္စည်း အသေးအဖွဲ့များကို စစ်ဆေး ပြုပြင်ရသူမျှသာ ဖြစ်သည်။ ယခုအခါ ၎င်း၏ ကျွမ်းကျင်မှု အပေါ် ယုံကြည် စိတ်ချလာကြပြီး ဖောက်သည်များ ပိုမို ရရှိကာ နေအိမ်တွင်ပင် လုပ်ငန်း ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်သည်။ စက်ပစ္စည်း အကြီးစားများကိုလည်း ပြင်ဆင်ရန် အပ်နှံနေကြပြီး ဖြစ်သည်။ "အခုတော့ သမီးလေးကိုလည်း စောင့်ရှောက်နိုင်ပါပြီ။ နို့မဟုတ်ရင် အမျိုးသမီးက ကလေးတစ်ဖက်နဲ့ ဈေးရောင်း၊ ထမင်းချက်၊ အိမ်အလုပ်တွေနဲ့ မနိုင်ဘူးပေါ့ဗျာ၊ ခုတော့ တော်တော့်ကို အဆင်ပြေနေပါပြီ" ဟု ၎င်းက ဖွင့်ဟသည်။
မင်းဇော်သည် စက်ပြင်အလုပ်နှင့် ပတ်သက်၍ အခြေခံ ဗဟုသုတ ရှိထားပြီး ဖြစ်သော်လည်း ယခု သင်တန်းကြောင့် ကျွမ်းကျင်မှုနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးတက်လာခဲ့ပြီး ဖောက်သည်များထံမှ ယုံကြည်မှုကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။
"သင်တန်းတက်ပြီးနောက် လုပ်ငန်းက တိုးတက်လာတယ်။ ဖောက်သည်တွေက ဒီရွာကတင် မကဘူး။ အနီးအနား ရွာတွေကလည်း ပါတယ်။ အခု တစ်ရက်ကို အနည်းဆုံး ၂၀၀၀ ကျပ် ကနေ ၁၀၀၀၀ ကျပ်အထိ ဝင်ငွေ ရှိတယ်" ဟု မင်းဇော်က ပြောကြားခဲ့ပြီး မိန်းမ၏ အိမ်ဆိုင် ဝင်ငွေနှင့် ပေါင်းလိုက်လျှင် အခြေအနေ အလွန်ကောင်းနေပြီး၊ မွေးစကပင် စကားမပြောနိုင်သည့် သမီးအတွက် လိုအပ်သော ဆေးဝါးများကို ဝယ်ယူနိုင်ပြီ ဖြစ်သည်။
ကျုံဒါးချောင်းရွာမှ သင်တန်းသား တစ်ဦး ဖြစ်သူ အသက် ၁၉ နှစ် အရွယ် သူရကလည်း သင်တန်းတက် အပြီးတွင် လုပ်ငန်း အပေါ် ယုံကြည် စိတ်ချမှု ပိုရှိလာသည်ဟု ပြောကြားသည်။
"သင်တန်းမတက်ခင်က ပြောင်းဖူး ရောင်းတယ်။ တခြား စက်ပြင်ဆရာတွေ ပြင်တာကို ကြည့်ပြီး လေ့လာတယ်။ လက်ထောက် စက်ပြင် ဖြစ်လာတော့ အသေးအဖွဲတွေ ပြင်တယ် ဟု သူရက Oxfam သို့ ပြောသည်။ အခု သင်တန်းတက်ပြီးတော့ စက်ပစ္စည်းတွေ အလုပ်လုပ်ပုံနဲ့ ဘယ်လို ပြင်ရမယ် ဆိုတာကို တကယ် သဘောပေါက်သွားပြီလေ" ဟု ၎င်းက ဆိုသည်။
သင်တန်းအပြီး ကိုးလ အကြာတွင်မူ သူရအား အလုပ်အပ်သူ အရေအတွက် သိသိသာသာ တိုးလာပြီ ဖြစ်သည်။ အနာဂတ်တွင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်ရန် အိပ်မက်ကိုပင် စတင် စိတ်ကူးနိုင်ပြီ ဖြစ်သည်။
သူရသည် အကြီးစား ပြင်ဆင်မှုများ အတွက် ၁၀၀၀၀ ကျပ် နှင့် အသေးစား ပြင်ဆင်မှုများ အတွက် ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ်ခန့် ဝင်ငွေ ရရှိနေသည်။ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများကို အများဆုံး ပြင်ဆင်ရခြင်း ဖြစ်သည်။ သူရ ပြောင်းဖူးရောင်းစဉ်က တစ်ရက် ၅၀၀ ကျပ်ခန့်သာ ရခဲ့သည်။
"အခု တစ်သိန်းခွဲလောက် စုမိနေပြီ။ ကျွန်တော်က ဂဟေလုပ်ငန်းကိုပါ တွဲလုပ်ချင်တာပါ။ ငါးသိန်းလောက်တော့ ရင်းဖို့လိုတယ်လို့ ထင်ပါတယ်။ ၂ နှစ် ၃ နှစ် အတွင်း အိပ်မက်တွေ တကယ် ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်" ဟု သူရက အပြုံးမျက်နှာဖြင့် ပြောကြားခဲ့သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.