The Japan Times, By Nyunt Swe, 2nd May 2010
(ရေးသားသူ ညွန့်ဆွေသည် အလွတ်တန်း သတင်းစာ ဆရာတစ်ဦး ဖြစ်ပြီး၊ NLD မြို့နယ် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ကာ၊ ၁၉၉၁ ခုနှစ်မှစ၍ တိုကျိုမြို့တွင် နေထိုင်နေသူ ဖြစ်သည်။)
မြန်မာ အစိုးရသည် စိတ်ဝင်စားသော အဖွဲ့များကို နိုင်ငံရေးပါတီ ဖွဲ့၍ မှတ်ပုံတင်ရန် ရက်ပေါင်း ၆၀ အချိန်ပေးခဲ့ရာ ကြာသပတေးနေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။ မှတ်ပုံမတင်သော ပါတီများသည် ရွေးကောက်ပွဲ ဥပဒေ အသစ်အရ ပါတီအဖြစ် ဆက်လက် တည်ရှိခွင့် ရပ်ဆိုင်းသွားမည် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြေညာခဲ့ပြီးဖြစ်ရာ၊ အစိုးရက ပါတီအား မဖျက်သိမ်းရေးအတွက် ဥပေဒကြောင်းအရ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချထားသည်။ အချို့လူများက ထိုကိစ္စကို သတ္တိရှိသော လုပ်ရပ်ဟု မြင်ကြသည်။ သို့သော် အဆိုပါ ဆုံးဖြတ်ချက်သည် အမြင်မကျယ်ဘဲ၊ အဓိပ္ပာယ် မရှိသော လုပ်ရပ် ဖြစ်သည်။
ကျွန်ုပ်သည် အသက် ၆၄ နှစ်တွင်မှ တိုကျို တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး၊ အကြွေး ဒေါ်လာ ၅၀၀၀၀ ခန့် တင်ကျန်ခဲ့သည်။ သို့သော် အဆိုပါ အတွေ့အကြုံမှ ဗဟုသုတ အများကြီး တိုးခဲ့ရသည်။ အပြောင်းအလဲသည် လေထဲတွင် ရှိနေပြီ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေလိုသော ပုံစံအတိုင်းမူ ဖြစ်လိမ့်မည် မဟုတ်ပေ။
ကမ္ဘာကြီး အနေဖြင့် ယုံချင်ယုံ မယုံချင်နေ၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အတွက် ဦးတည်နေပါပြီ။ သို့သော် အသွင်ကူးပြောင်းရေး ကာလမှာ အချိန်ယူရမည် ဖြစ်သည်။ စစ်အာဏာရှင် စနစ်ကို အာဏာရှင်ဆန်သော ပါလီမန် ပုံစံသစ်ဖြင့် အစားထိုးမည် ဖြစ်ပြီး၊ လက်ရှိ အစိုးရ၏ လူများကပင် ဦးဆောင်၍ အကန့်အသတ်ဖြင့် ဖြေလျော့ပေးမှုများ ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။ နောက်ဆုံး တဖြည်းဖြည်းနှင့် နိုင်ငံရေး ဒီမိုကရေစီကို ဖွင့်ပေးသွားမည် ဖြစ်သည်။
အားကောင်းပြီး၊ တပည့်များ အပေါ် မီးသေ၍ ညီညွတ်နေစေသော စစ်တပ် အစိုးရ အောက်တွင် တရားမျှတပြီး ဒီမိုကရေစီကျသော ရွေးကောက်ပွဲ တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ခြင်းသည် အတွေးအခေါ် တိမ်သည်ဟု ပြောရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်အစိုးရ ရှိသော မည်သည့် တိုင်းပြည်မှ ထိုသို့ ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။ မြန်မာ စစ်တပ်သည် တိုင်းပြည်ကို ရက်ရက်စက်စက် အုပ်ချုပ်ရင်း အနာဂတ်အတွက် ဒီမိုကရေစီကို စကားပြောလျက် ရှိသည်။ အဆိုပါ သဘာဝများကို ၁၉၈၆ ခုနှစ်က Guillermo O' Donnell နှင့် C. Philippe Schmitter တို့က "Transition from Authoritarian Rule: Tentative Conclusion About Uncertain Democracies" စာအုပ်တွင် ရေးသားထားခဲ့သည်။
သို့သော် အတိတ်က အခြား စစ်အစိုးရများ ဒီမိုကရေစီသို့ ပြောင်းလဲသွားခြင်းများ ရှိခဲ့သည်။ ချီလီနိုင်ငံကို ကြည့်ပါ။ ချီလီနိုင်ငံသည် ရိုင်းစိုင်းသော Pinochet အာဏာရှင်စနစ်မှ လက်ရှိ ဒီမိုကရက်တစ် အစိုးရသို့ ပြောင်းသွားခဲ့သည်။ ၁၉၈၀ ခုနှစ်က ချီလီ အတိုက်အခံပါတီ အများစုသည် Pinochet ၏ အခြေခံဥပဒေကို အစက ဆန့်ကျင်ခဲ့ကြသည်။ သို့သော် ၎င်းတို့ အခြား နည်းလမ်း ရှာမရသည့် အဆုံး ၁၉၈၆ ခုနှစ် နောက်ပိုင်းတွင် အများစုက လက်ခံလာကြရသည်။ နောက်သုံးနှစ် ကြာသောအခါ အတိုက်အခံသည် တစ်ပြည်လုံး မဲအပြတ်အသတ် ရရှိကာ အနိုင်ရပြီး၊ တိုင်းပြည်ကို Pinochet ၏ အခြေခံ ဥပဒေဖြင့် အုပ်ချုပ်ခဲ့သည်။ ချီလီနိုင်ငံသည် နိုင်ငံရေးအရ အခွင့်အလမ်း ရရှိသောအခါ လွန်ခဲ့သော ၁၆ နှစ်က ဒီမိုကရေစီ နည်းလမ်းမကျစွာ ရေးဆွဲထားသော အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် လုံးဝ ဒီမိုကရေစီ ကျသော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် နှိပ်စက်ခံရမှုများ၊ ထောင်ချခံရမှုများကို ခံစားခဲ့ကြရသည်။ သို့သော် မတရား ဖိနှိပ်မှုများကို ကြံ့ကြံ့ခံပြီး ထိပ်တိုက် ရင်ဆိုင်ခြင်းကို ခေါင်းဆောင်မှုဟု အဓိပ္ပာယ် ဖွင့်ဆို၍ မရပေ။ နိုင်ငံရေး ဆိုသည်မှာ ငြိမ်သက်နေသော အရာတစ်ခု မဟုတ်ပေ။
မြန်မာ စစ်အစိုးရသည် ကြိုက်နှစ်သက်စရာ ကောင်းသည်ဟု ကျွန်ုပ် မဆိုလိုပေ။ သို့သော် အတိုက်အခံက အဆင်သင့် မဖြစ်သေးပေ။ စစ်အစိုးရ အနေဖြင့် ၎င်းတို့ ခေါင်းဆောင်များ၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်သောအားဖြင့်၊ ၎င်းအား ဆန့်ကျင်သူများ၏ တောင်းဆိုမှုများကို ဘယ်သောအခါမျှ မလိုက်လျောရန် ပိုမို ဆုံးဖြတ်လာသည်။
အနောက်နိုင်ငံများက မြန်မာ အစိုးရအား အရေးယူ ပိတ်ဆို့ခြင်းအားဖြင့် လည်းကောင်း၊ အရှက်ရစေရန် ပြုလုပ်၍ လည်းကောင်း ဒဏ်ခတ်ခဲ့သည်။ သို့သော် တစ်ကမ္ဘာလုံးက မဟုတ်ပါ။ တရုတ်နှင့် ရုရှားသည် လိုအပ်သော အကူအညီများပေး၍ အကာအကွယ် ပေးထားသည်။ အာဆီယံ အဖွဲ့ကြီးမှာလည်း အဖွဲ့ဝင် နိုင်ငံများက သူ့ပြဿနာနှင့် သူ ရှိကြလေရာ၊ မြန်မာနိုင်ငံ အပေါ် ဘာမျှ သက်ရောက်မှု မရှိပေ။ အဖွဲ့ကြီး၏ စည်းမျဉ်းများကလည်း အကန့်အသတ်များ ရှိနေပြန်သည်။
အဆိုပါ နိုင်ငံတကာနှင့် ပတ်သက်သော အမှန်တရားများကို ကြည့်၍၊ အတိုက်အခံ အနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲကို သပိတ်မှောက်၍ ပါတီ မှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက်ကို သတ်မှတ်ရက် မတိုင်မီ ပြန်လည် စဉ်းစားသင့်သည်။ ၁၉၉၀ ခုနှစ်က ၎င်းအပေါ် မဲဆန္ဒ အပြည့် ပေးခဲ့ကြသော ပြည်သူလူထုကြီးကို မေ့မထားသင့်ပေ။ စွန့်မသွားသင့်ပေ။
ဟုတ်ပါသည်။ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို လက်ခံလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပစ်ပယ်ရာ ရောက်သည်။ သို့သော် အနာဂတ်တွင် ၎င်းတို့အား ပါတီတွင် ပြန်လည် ပါဝင်စေရန် အခွင့်အလမ်း ရလာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပစ်ရန် ကိစ္စမှာ အသစ်အဆန်းတော့ မဟုတ်ပေ။ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှ ကန့်သတ်ခြင်းမှာလည်း ယခုမှ ပထမဆုံး အကြိမ် မဟုတ်ပေ။ စစ်အစိုးရသည် သူမ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံ ဥပဒေ ၇၄ (က) ကို အသုံးပြု၍ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၀ ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပြုလုပ်ခဲ့ဖူးသည်။ ယခု ထပ်မံ၍ သူမအား ရွေးကောက်ပွဲ မဝင်နိုင်စေရန်မက ပါတီ အဖွဲ့ဝင် အဖြစ်ပါ မပါနိုင်အောင် အစိုးရက အခြေခံ ဥပဒေကို အသုံးပြု၍ ပြုလုပ်ခဲ့ပြန်သည်။
အဆိုပါ ကန့်သတ်ချက်များသည် မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ ၊ တချိန်တွင် မြန်မာ ပြည်သူများက အဆုံးအဖြတ် ပေးသွားရမည် ဖြစ်သည်။ ယခု လောလောဆယ်တွင်မူ မြန်မာ ပြည်သူများ အဖို့ ထိုသို့ ဆုံးဖြတ်ပိုင်ခွင့် မရှိသေးပေ။ ထို့ကြောင့် ပါတီ ဆက်လက် ရှင်သန်ရေးနှင့် ပါလီမန်တွင် နေရာ အတော်များများ ယူထားနိုင်ရေး အတွက် တည်ဆဲ ဥပဒေများကို လိုက်နာရမည်သာ ဖြစ်သည်။ အထူးသဖြင့် အစိုးရအား မည်သူမျှ ထိရောက်သော ပြောင်းလဲမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
NLD အနေဖြင့် ပါလီမန်တွင် နေရာ အတော်များများ အနိုင်ရရန် အခွင့်အရေး အများကြီး ရှိနေသေးသည်။ သို့သော် ရွေးကောက်ပွဲအား သပိတ်မှောက်ပြီး၊ တရားမဝင် ပါတီအဖြစ် တံဆိပ်ကပ်ခြင်းသည် ပြည်သူများကို ပစ်ပယ်ခြင်းပင် ဖြစ်သည်။ ပါတီ နိုင်ငံရေး ပြင်ပမှ အလုပ်လုပ်ခြင်း၊ လူမှုရေး လုပ်ငန်းများနှင့် လည်းကောင်း၊ မိမိပိုင်ခွင့်များဖြင့် တွန်းလှန်ခြင်းဖြင့် လည်းကောင်း ဒီမိုကရေစီ ရယူရန် ကြိုးစားခြင်းများသည် ယခု မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ နေ့ခင်းမက်သော အိပ်မက်သာလျှင် ဖြစ်လိမ့်မည်။ NLD အနေဖြင့် ပို၍ လက်တွေ့ ကျသင့်သည်။
ယခုအခါ တိုင်းရင်းသား ပါတီများ အပါအဝင် ပါတီ အများအပြား မှတ်ပုံတင်လျက် ရှိသည်။ အနောက်နိုင်ငံများက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ယခု နှစ်ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပတော့မည် ဖြစ်သည်။ NLD မှ မဟုတ်သော နိုင်ငံရေးသမားများကို မယုံကြည်ရသူများ၊ မျိုးချစ်စိတ် မရှိသူများ၊ အကျင့်ပျက် ခြစားမည့်သူများ၊ အခွင့်အရေးသမားများ အဖြစ် စွပ်စွဲနေခြင်းများသည် အခြေအမြစ် မရှိဘဲ ဒီမိုကရေစီ နည်းလမ်း မကျပေ။ မြန်မာ ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ငြီးငွေ့နေပြီ ဖြစ်ပြီး၊ အပြောင်းအလဲတစ်ခုကို လိုချင်နေကြပြီ ဖြစ်သည်။
ဖြစ်ပေါ်လာမည့် အစိုးရသစ်သည် အရပ်သား တစ်ဝက် အစိုးရ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ အရပ်သား နိုင်ငံရေးသမားများနှင့် စစ်သားများ အတူတွဲ၍ အလုပ်လုပ်ရလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် အချိန်ကြာလာသည်နှင့် အမျှ အစိုးရကို ဒီမိုကရေစီ ဆန်လာရေး အတွက် နိုင်ငံရေး အခွင့်အလမ်း အချို့ ပွင့်လာလိမ့်မည်ဟု မျှော်လင့်သည်။ စစ်အစိုးရနှင့် အရပ်သား နိုင်ငံရေးသမားများ အကြားတွင် လိုအပ်နေသော နှစ်ဦးနှစ်ဘက် ယုံကြည်မှုသည် ဆက်ဆံရေးဖြင့်သာ တည်ဆောက်ယူရမည် ဖြစ်သည်။ ကျွန်ုပ်တို့တွင် ဤနည်းလမ်းမှတပါး ရွေးစရာ မရှိပေ။
NLD ရွေးကောက်ပွဲတွင် ပါဝင်ခြင်းအားဖြင့် အစိုးရ၏ ရွေးကောက်ပွဲကို အများက လက်ခံလိမ့်မည် ဖြစ်သည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ အစိုးရက ထိုအချက်ကို သိပ်ဂရုစိုက်လှသည်တော့ မဟုတ်ပေ။ NLD သည် အကယ်၍ သူ၏ မဟာမိတ် ပါတီတစ်ခု မချန်ရစ်ဘဲ ဖျက်သိမ်းခဲ့မည်ဆိုလျှင်၊ မြန်မာပြည် အတွက် ဒီမိုကရေစီရေး ကြိုးပမ်းပါမည်ဟု ကတိပြုထားသော NLD ပါတီဝင်များ အနေဖြင့် ပြည်သူလူထုကို လှည့်စားသလို ဖြစ်ချေတော့မည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.