Transparency Myanmar

transparency.myanmar@gmail.com

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၃ ဒဿမ ၅၇၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ငါးနှစ်အတွင်း နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်ကြောင်း ပြည်တွင်း သတင်းဂျာနယ် တစ်စောင်က ရေးသား ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ထိုင်း-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၁ ဒဿမ ၅၉၃ ဘီလီယံ ဒေါ်လာ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်း (UMFCCI) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းမ် ဂျာနယ်က ရေးသား ဖော်ပြသည်။ မြန်မာနှင့် ထိုင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးများ အနေဖြင့် အပြန်အလှန် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ပုံမှန် ကုန်သွယ်ရေး နည်းတူ နယ်စပ် ကုန်သွယ်ရေးမှာလည်း ပြီးခဲသည့် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက မြင့်တက်ခဲ့သည်ကို တွေ့ရကြောင်း UMFCCI ဒုတိယ ဥက္ကဌ ဦးထွန်းအောင်၏ အဆိုအရ သိရသည်။ တာချီလိတ်၊ မြဝတီ၊ ကျိုင်းတုံ နှင့် မြိတ် ဒေသ နယ်စပ် ကုန်သွယ်ရေး တန်ဖိုးမှာ ၂၀၀၅-၂၀၀၆ ခုနှစ်တို့တွင် ဒေါ်လာ ၁၉၉ သန်း ရှိခဲ့ရာမှ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ၂၉၅ သန်းအထိ မြင့်တက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ပုံမှန် နိုင်ငံခြား ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံများတွင် ထိုင်းသည် ထိပ်ဆုံးနေရာမှ ရပ်တည်လျက် ရှိပြီး ထိုင်းပြီးလျှင် စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ တရုတ် (ဟောင်ကောင်)၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား နှင့် အင်ဒိုနီးရှားတို့ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေး မိတ်ဖက်တွင် ထိုင်းသည် ဒုတိယ နေရာတွင်သာ ရှိသည်။

ထိုင်းနိုင်ငံက မြန်မာသို့ အထည်အလိပ်၊ ဖိနပ်၊ ဆေးဝါး ထုတ်ကုန်၊ ဆန်၊ ရာဘာ၊ ကျောက်မျက်၊ မော်တော်ကား၊ ကွန်ပျူတာ နှင့် အီလက်ထရွန်နစ် ပစ္စည်းတို့ တင်ပို့ပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ သစ်တောထွက် ပစ္စည်းများ၊ ရေထွက်ကုန်များ၊ စိုက်ပျိုးရေး ထွက်ကုန်များ နှင့် သဘာဝ ဓာတ်ငွေ့များ တင်ပို့လျက် ရှိသည်။

တစ်ချိန်တည်းမှာပင် ထိုင်းသည် ဗြိတိန်နှင့် စင်ကာပူတို့ ပြီးလျှင် မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံအဖြစ် ရပ်တည်လျက် ရှိသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း ၂၁ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ထိုင်းနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၇ ဒဿမ ၄၁ ဘီလီယံ အထိ ရှိခဲ့သည်။ အဆိုပါ ပမာဏထဲမှ ၈၁ ဒဿမ ၇ ရာခိုင်နှုန်းမှာ လျှပ်စစ် စွမ်းအင်၊ ၈ ဒဿမ ၃၃ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှု၊ ၃ ဒဿမ ၁ ရာခိုင်နှုန်းမှာ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတို့တွင် ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်သည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတွင်း ရေလွှမ်းမိုးမှုနှင့် တိုက်ဖွန် မုန်တိုင်း တိုက်ခတ်မှုကြောင့် မြောက်ကိုရီးယား အုပ်ချုပ်ရေး ပါတီ၏ ကျင်းပလေ့ မရှိသလောက် နည်းပါးသည့် အစည်းအဝေးကြီးကို ရွှေ့ဆိုင်းထားကြောင်း တောင်ကိုရီးယား သတင်းဌာနများက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရေးသား ဖော်ပြသည်။ အဆိုပါ အစည်းအဝေးကြီးသည် မြောက်ကိုရီးယား၏ ခေါင်းဆောင် အပြောင်းအလဲကို ဆုံးဖြတ်မည့် ဆွေးနွေးပွဲ တစ်ခုဟုလည်း သတ်မှတ် ပြောဆိုခြင်း ခံနေရသည်။

ကွန်မြူနစ်ပါတီ ကွန်ဖရင့်ဟု ခေါင်းစဉ် ပေးထားသည့် အဆိုပါ ဆွေးနွေးပွဲသည် နှစ်ပေါင်း ၃၀ တာ ကာလအတွင်း မြောက်ကိုရီးယား နိုင်ငံရေးအတွက် လွန်စွာ အရေးကြီးသော ကိစ္စ တစ်ခုလည်း ဖြစ်သည်။

မူလက အဆိုပါ အစည်းအဝေးကို စက်တင်ဘာလ ပထမပတ် လောက်တွင် ကျင်းပမည်ဟု လျာထားခဲ့သော်လည်း ယခုအခါ အစည်းအဝေး ကျင်းပပြုလုပ်ရန် စီစဉ်နေသည့် အရိပ်အယောင် မတွေ့ရသေးကြောင်း တောင်ကိုရီးယား အရာရှိကြီးများက ပြောဆိုသည်။

မြောက်ကိုရီးယားတွင် မုန်တိုင်း တိုက်ခိုက်မှုကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ခြင်း၊ ရေလွှမ်းမိုးမှုများ ကြုံတွေ့နေရခြင်း အစရှိသည်တို့ကြောင့် ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကြီးကို ရွှေ့ဆိုင်းထားသည်ဟု မြောက်ကိုရီးယား အစိုးရ အရာရှိကြီးများက နိုင်ငံတကာ အေဂျင်စီများကို ထုတ်ဖော် ပြောဆိုခဲ့ကြောင်း Yonhap သတင်းဌာနက ကိုးကား ဖော်ပြသည်။

ယခုကဲ့သို့သော အချိန်တွင် အရေးကြီးသည့် ကွန်မြူနစ်ပါတီ ကွန်ဖရင့်ကြီး ကျင်းပ ပြုလုပ်ခြင်းသည် ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ကိုင်နေသူများ အပေါ် မထီမဲ့မြင် သဘောမျိုး ဖြစ်သွားမည်ကို ပြုံယမ်း အာဏာပိုင်များက စိုးရိမ်လျက် ရှိသည်ဟု Yonhap သတင်းဌာနက ဆိုသည်။ အစည်းအဝေးကြီး မည်သည့်အချိန် ကျင်းပမည် ဟူသော အချက်ကို မသိရှိရသေးဟု ယင်းသတင်းဌာနက ဖော်ပြသည်။

တောင်ကိုရီးယား လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ခု ဖြစ်သော Good Friends (မိတ်ဆွေကောင်းများ) အဆိုအရ ရေလွှမ်းမိုးမှုကြောင့် ပါတီ ကိုယ်စားလှယ်များ ခရီးသွားလာရန် အခက်အခဲ တွေ့ကြုံနေရခြင်းကြောင့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းထားခြင်း ဖြစ်သည်။ လတ်တလော အနေအထားတွင် အစည်းအဝေးကြီး ကျင်းပမည့် နေ့ရက်ကို မသတ်မှတ်ရ သေးသော်လည်း လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့ မတိုင်မီ ကာလအတွင်း ကျင်းပပြုလုပ်ဖွယ် ရှိသည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 16th Sept 2010

တောင်ကိုးရီးယားနှင့် စစ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပရန် မြောက်ကိုးရီးယားက အဆိုပြုခဲ့ကြောင်း ကြာသပတေးနေ့က သတင်း ထွက်ပေါ်လာခြင်းမှာ တင်းမာမှုများ ပြေလျော့လာသည့် နောက်ထပ် ထင်းရှားသော လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။

နှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံကျေးရွာတွင် စစ်ဖက်ဆိုင်ရာ ဆက်သွယ်မှု လမ်းကြောင်းမှတဆင့် လုပ်ငန်းအဆင့် ဆွေးနွေးပွဲများ ကျင်းပရန် ဗုဒ္ဓဟူးနေ့တွင် မြောက်ကိုးရီးယားက အဆိုပြုခဲ့သည်ဟု တောင်ကိုးရီးယား စစ်ဖက် အာဏာပိုင်များ၏ ပြောကြားမှုကို ကိုးကား၍ ယွန်ဟတ် သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုးရီးယားက နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များကို ကိုးကား၍ တောင်ကိုးရီးယား စစ်သင်္ဘောကို မြောက်ကိုးရီးယားက တိုဗီဒိုဖြင့် ပတ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မေလတွင် စွပ်စွဲခဲ့ပြီးနောက် ၂ နိုင်ငံ ဆက်ဆံရေး အေးစက် တင်းမာလာခဲ့ခြင်း ဖြစ်သည်။

မတ်လအတွင်းက ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသည့် စစ်သင်္ဘော နစ်မြုပ်မှုတွင် ၎င်းတို့ ပတ်သက်မှု မရှိဟု မြောက်ကိုးရီးယားက ငြင်းဆိုခဲ့ပြီး၊ ပြုံယမ်းကို သတိပေးသည့် အနေဖြင့် ပြုလုပ်သော စစ်ရေး လေ့ကျင့်မှုများကိုလည်း လက်တုန့်ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

သို့သော်လည်း ယခု လအတွင်း မြောက်ကိုးရီးယားက ၎င်းတို့ ဖမ်းဆီးထားသော တောင်ကိုးရီးယား သင်္ဘောမှ သင်္ဘောသား အဖွဲ့ကို ပြန်လွှတ်ပေးခဲ့သလို နှစ်ခြမ်းကွဲ ကိုးရီးယား ကျွန်းဆွယ်မှ ကွဲကွာနေသော မိသားစုများ ပြန်လည် တွေ့ဆုံရေးအတွက် အသစ် ထပ်မံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ဆိုးလ်ထံမှ ရေဘေး ကယ်ဆယ်ရေး အကူအညီများကိုလည်း လက်ခံခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Indiana University Media Relations, 15th Sept 2010

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ စစ်ဖက် အစိုးရအား လွပ်လပ်မျှတသော ရွေးကောက်ပွဲများ နိုဝင်ဘာလတွင် ကျင်းပစေရန် တိုက်တွန်း အားပေးရေး အပေါ် အာရုံစိုက်နေမည် ဆိုပါက အမှားအယွင်း လုပ်မသွားလိမ့်မည်ဟု တိုင်းရင်းသား အတိုက်အခံ အုပ်စုများအား အကြံဥာဏ် ပေးသူ Indiana University  မှ ဥပဒေ ပါမောက္ခက ပြောကြားလိုက်သည်။

Indiana University Maurer School of law မှ ဥပဒေ ပါမောက္ခ နှင့် Center for Constitutional Democracy ဒါရိုက်တာ ဖြစ်သူ David Willians က "ရွေးကောက်ပွဲတွေကို ဘေးဖယ်ထားလိုက်ပါဦး၊ ၂၀၀၈ အခြေခံ ဥပဒေက ဖုံးကွယ်တတ်တဲ့ အာဏာရှင် စစ်ဖက် အစိုးရ အာဏာဆက်ပြီး ထိန်းချုပ်နိုင်အောင် အာမခံချက် ပေးထားပြီးသားပါ'' ဟု ပြောကြားခဲ့သည်။

"နိုင်ငံတကာ အသိုင်းအဝိုင်း အဓိက အာရုံစိုက်ရမယ့် ကိစ္စက လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေ မဟုတ်ပါဘူး၊ ဒီကိစ္စ အစား ရွေးကောက်ပွဲ အပြီး အာဏာကို အမှန်တကယ် ချုပ်ကိုင်ထားမယ့် တပ်မတော်ရယ်၊ အရပ်ဖက် အစိုးရရယ် ၂ ဖွဲ့စလုံးကို တိုင်းပြည်ရဲ့ Stakeholders တွေ အထူးသဖြင့် တိုင်းရင်းသား အုပ်စုတွေနဲ့ စဉ်ဆက်မပြတ် ဒိုင်ယာလော့  ပြုလုပ်အောင် တိုက်တွန်း အားပေးဖို့ နည်းလမ်းတွေကို ကြိုးစား ရှာဖွေရမှာပါ'' ဟု Willians က ဆိုသည်။

နှစ် ၅၀ ကျော် ရာစုနှစ်ဝက် ပြည်တွင်းစစ်ကြောင့် မြန်မာ နိုင်ငံမှာ ဖွာလန်ကျဲ စုတ်ပြတ်နေခဲ့ပြီ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၁၉၆၂ မှစ၍ စစ်တပ်က အုပ်ချုပ်ခဲ့ပြီး ၁၉၈၉ တွင် ပြည်ထောင်စု မြန်မာနိုင်ငံဟု တရားဝင် အမည် ပြောင်းလဲခဲ့သည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဟု ခေါ်သော စစ်ဖက် အုပ်ချုပ်သူများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ နိုဝင်ဘာလတွင် အနိုင်ရ စေရန်အတွက် ဈေးကြီးလွန်းသော မှတ်ပုံတင်ကြေးများ၊ တိုတောင်းလွန်းသော နောက်ဆုံးရက်သတ်မှတ်မှုများ၊ ရွေးကောက်ပွဲ ဝင်ခွင့် ရှိသူကို ကန့်သတ်မှုများ အပါအဝင် အတိုက်အခံများ အပေါ် ပိတ်ပင်တားဆီး ချုပ်ချယ်ခြင်းဖြင့် ၎င်းတို့အတွက် သေချာအောင် ပြုလုပ်ပြီး ဖြစ်သည်ဟု Willians က ပြောကြားသည်။

မမျှတသော ရွေးကောက်ပွဲ ဥပဒေများကြောင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD  ပါတီကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ ရွေးကောက်ပွဲများမှ အရပ်ဖက်အစိုးရ ပေါ်ပေါက်လာနိုင်သော်လည်း အခြေခံဥပဒေက တပ်မတော်ကို လိုအပ်လျှင် အရေးပေါ် အခြေအနေ ကြေညာခွင့် ပေးထားပြန်သည်။ ၎င်းအရေးပေါ် အခြေအနေ ဆိုသည်မှာ အစိုးရကို ဖျက်သိမ်းကာ တပ်မတော်က တရားဝင် အာဏာ သိမ်းခြင်း ဖြစ်သည်။

အကယ်၍ အရပ်ဖက် အစိုးရတွင် လုပ်ပိုင်ခွင့် အမှန်တကယ် ရှိခဲ့မည်ဆိုလျှင် ဆယ်စုနှစ် များစွာကြာ ပြည်တွင်းစစ်ကြောင့် ကွဲပြားနေသည့် တိုင်းရင်းသား ဒေသများ အရေးကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံ အတွက် အမှန်တကယ် ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းမှာ လက်ရှိ အစိုးရ၊ ဒီမိုကရေစီ အတိုက်အခံများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် တိုက်ပွဲ ဝင်နေသော တိုင်းရင်းသား အုပ်စုများ အကြား ပြုလုပ်ရမည့် ၃ ပွင့်ဆိုင် ဒိုင်ယာလော့သာ ဖြစ်သည်ဟု Willians က ပြောကြားလိုက်သည်။

မည်သို့ပင်ဖြစ်စေ အာဏာနှင့် အပြန်အလှန် ပံ့ပိုးမှုအတွက် တပ်မတော်နှင့် ရင်ဆိုင် ယှဉ်ပြိုင်မည့် အရပ်ဖက် နိုင်ငံရေး သမား အုပ်စုအသစ်ကို ရွေးကောက်ပွဲက ဖန်တီး မွေးထုတ်လိမ့်မည်ဟု Willians ဆိုသည်။ သို့ဖြစ်ရာ အမေရိကန် ပြည်ထောင်စုနှင့် အခြား ကမ္ဘာ့နိုင်ငံများသည် အငြင်းပွားဖွယ် ရွေးကောက်ပွဲအပေါ် အာရုံစိုက် နေမည့်အစား အရပ်သား လွှတ်တော် ကိုယ်စားလှယ်အသစ်များ၊ တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်များနှင့် ဆက်ဆံရေးကို ထူထောင်ရမည်ဟု ၎င်းက ပြောကြားသည်။

ထို့နောက်တွင်မူ အကယ်၍ မြန်မာနိုင်ငံ၏ အနေအထား ပိုမို ပျော့ပြောင်းလာမည် ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဒီမိုကရေစီ အာဏာ ခွဲဝေမှုကို ရည်မှန်းချက် ထားကာ ဒိုင်ယာလော့ကို အားပေး မြှင့်တင်ရန် သြဇာ သုံးနိုင်လိမ့်မည် ဖြစ်သည်။

"တကယ်လို့ ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိမယ်ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး၊ အခြေခံ ဥပဒေအရ စစ်တပ်က ဆက်ပြီး အုပ်ချုပ်မှာ ဖြစ်သလို တိုင်းရင်းသား အုပ်စုတွေကလည်း အန္တရာယ်ရှိနေဆဲ ဖြစ်နေလို့ပါပဲ၊ ရွေးကောက်ပွဲတွေ မပြုလုပ်ခင် အခုအချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရွေးကောက်ပွဲ အလွန် လတွေ၊ နှစ်တွေ အပေါ်မှာ အာရုံစိုက်ထားသင့်ပါတယ်၊ အကြောင်းကတော့ တကယ့် အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်ဖို့ စောလွန်းနေလို့ပါ'' ဟု Willians က သုံးသပ် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 15th Sept 2010

အငြိမ်းစား ယူထားသော မြန်မာနိုင်ငံ၏ ထိပ်တန်း ဗိုလ်ချုပ်ကြီး သုံးဦးသည် အစိုးရ ထောက်ခံသော အဓိက နိုင်ငံရေး ပါတီမှ နေ၍ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် သိန်းစိန်၊ ရွှေမန်း နှင့် တင်အောင်မြင့်ဦး တို့သည် ပြီးခဲ့သည့် လက  စစ်တပ် ရာထူးမှ အငြိမ်းစားယူ၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ နေ၍ နေပြည်တော်ရှိ မြို့နယ်များတွင် ကိုယ်စားလှယ် လောင်းများ အဖြစ် မှတ်ပုံတင်ခဲ့ကြသည်။

"သူတို့ အမည်တွေကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီး သွားပါပြီး'' ဟု အမည် မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

စစ်အစိုးရက ရွေးကောက်ပွဲ အတွက် ပြင်ဆင်သည့် အနေဖြင့် စစ်တပ်တွင်းတွင် အပြောင်းအလဲများ အကြီးအကျယ် ပြုလုပ်ခဲ့ရာတွင် ၎င်းတို့သည် ရာထူးမှ အငြိမ်းစား ယူခဲ့သည်။ ရွေးကောက်ပွဲ ဝင်ရောက်ရန် အတွက် အရပ်သား ဖြစ်ရပ် လိုအပ်သည်။

"ဒီထိပ်တန်း ပုဂ္ဂိုလ် သုံးဦးဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ကိုယ်စားလှယ်များနှင့်သာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တခြား နိုင်ငံရေး ပါတီတွေက နေပြည်တော်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်း မထားလို့ပါပဲ"  ဟု နေပြည်တော်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (NUP) သည်လည်း စစ်အစိုးရ ထောက်ခံသော နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သည်။

ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီပေါင်း (၃၇) ခုမှ မှတ်ပုံ တင်ထားရာ၊ စစ်တပ် ကျောထောက် နောက်ခံပြု ပါတီများ ဖြစ်သော USDP နှင့် NUP တို့ကသာ အထက်၊ အောက်နှင့် ဒေသဆိုင်ရာ ပါလီမန် အဆင့်ဆင့်တွင် ကိုယ်စားလှယ်လောင်း အပြည့် ပါဝင်နိုင်မည် ဖြစ်သည်။

ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးသည် ဒေါ်လာ ၅၀၀ ရှိရာ၊ မြန်မာနိုင်ငံအဖို့ အတော်အတန် များသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသား တစ်ဦး၏ တစ်နှစ် ဝင်ငွေသည် ဒေါ်လာ (၆၀၀) ထက် နည်းသည်။

အကြီးဆုံး အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု ( NDF) သည် ရန်ပုံငွေ လုံလောက်မှု မရှိသောကြောင့် ကိုယ်စားလှယ်လောင်း (၁၆၀) သာ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။

မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေသစ်သည် ပါလီမန် အသစ် စတင်သည်နှင့် အသက်ဝင်မည် ဖြစ်ပြီး၊ စစ်တပ်သည် အောက်နှင့် အထက် ပါလီမန်များတွင် လေးပုံတစ်ပုံသော အမတ်နေရာကို ယူထားရာ ဥပဒေအားလုံး အတွက်  ဗီတိုအာဏာ ပေးထားသလို ဖြစ်သည်။

ပထမဆုံး အကြိမ် ပါလီမန်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်းများ ဖြစ်ကြသော ရွှေမန်းနှင့် တင်အောင်မြင့်ဦးတို့အား သမ္မတ အဖြစ် အမည်စာရင်း တင်သွင်းလိမ့်မည်ဟု အများက ယူဆနေကြသည်။

လက်ရှိ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း သမ္မတ အဖြစ် အမည်စာရင်း သွင်းဖွယ်ရှိကြောင်း လေ့လာသူများက ပြောသည်။

အခြေခံ ဥပဒေ အရ မြန်မာနိုင်ငံ၏ လာမည့် သမ္မတသည် "စစ်ရေး အတွေ့အကြုံ ရှိရမည်" ဟု ဆိုသည်။ သို့သော် ၎င်းသည် ရွေးချယ် တင်မြှောက်ခံရသော ကိုယ်စားလှယ် တစ်ဦး ဖြစ်ရန် မလိုအပ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UN News Center, 15th Sept 2010

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီ (၁၀) ခုအား ဖျက်သိမ်းခဲ့ခြင်းကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ အာဏာပိုင်များအား နိုဝင်ဘာ ရွေးကောက်ပွဲတွင် အားလုံး အပြည့်အဝ ပါဝင်ရေးအတွက် တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် လက ဘန်ကီမွန်းက ရွေးကောက်ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်နိုင်ရေး အတွက် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အာဏာပိုင်များအား တောင်းဆိုခဲ့သည်။ ဘန်ကီမွန်းသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ထပ်ခါ တလဲလဲ တောင်းဆိုခဲ့သည်။

ပြန်လည် မှတ်ပုံတင်ခြင်း မပြုသော NLD နှင့် အခြား ပါတီလေးခု အပါအဝင်၊ ပါတီဆယ်ခုအား ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းအား ဘန်ကီမွန်း အနေဖြင့် စိုးရိမ်ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် Martin Nesirky က သတင်းထောက်များသို့ ယနေ့ပြောကြားခဲ့သည်။

"အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် ယခု တစ်ကြိမ်တွင်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အပြည့်အဝ ပါဝင်နိုင်ရေး အတွက် မြန်မာ အာဏာပိုင်တွေကို ထပ်မံ တိုက်တွန်းပါတယ်'' ဟု Nesirky က ပြောကြားခဲ့သည်။ နိုင်ငံပေါင်း တစ်ဒါဇင်ကျော် ပါဝင်သော  မြန်မာ နိုင်ငံ၏ မိတ်ဆွေများ အဖွဲ့နှင့် ဒေသတွင်း အဖွဲ့ကြီး တစ်ခုသည် နယူးယောက်တွင် စက်တင်ဘာလ (၂၇) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂ၏ ရုံးများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းရာ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်းနှင့် ဘန်ကီမွန်း အနေဖြင့် မြန်မာ အာဏာပိုင်များနှင့် ဆက်သွယ်ရာတွင် ကျေနပ်မှု မရှိမှုများအား ဖော်ပြခဲ့သည်ဟု ၎င်းက ပြန်ပြောင်း ပြောပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား ကွဲကွာနေကြသည့် မိသားစုများ ပြန်လည် ပေါင်းစည်းရေး စတင်ရန် မြောက်ကိုရီးယား ဘက်က အဆိုပြုမှုကို တောင်ကိုရီးယားက အပြုသဘော ဆောင်စွာ စဉ်းစားလျက် ရှိကြောင်း ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။

စက်တင်ဘာလ ပထမပတ်အတွင်း တောင်ကိုရီးယား ကြက်ခြေနီအဖွဲ့က မြောက်ကိုရီးယား ကြက်ခြေနီ အဖွဲ့အတွက် ရေဘေး ဒုက္ခသည်များ ကူညီ ထောက်ပံ့ငွေ ဒေါ်လာ ၈ ဒဿမ ၄ သန်း ပေးပို့မည်ဟု ထုတ်ဖော် ပြောဆိုပြီးနောက် မြောက်ကိုရီးယား ဘက်က ကွဲကွာနေသော မိသားစုများ ပြန်လည် ပေါင်းစည်းရေး ပြုလုပ်ရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။ အဆိုပါ ကမ်းလှမ်းမှုကြောင့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံမှု ပုံစံ လုံးလုံးလျားလျား ပြောင်းလဲသွားဖွယ် ရှိသည်။

ကိုရီးယား ကောက်ရိတ်သိမ်း ပွဲတော် ရုံးပိတ်ရက်တွင် ကွဲကွာလျက် ရှိသော မိသားစုများ ယာယီ ပြန်လည် ပေါင်းစည်းရေး အစီအစဉ် တစ်ရပ် ပြုလုပ်ရန် မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့ တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့ကို အဆိုပြုထားသည်။ အဆိုပါ ရုံးပိတ်ရက်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ မြောက်ကိုရီးယား နိုင်ငံ Geumgang တောင် အပန်းဖြေ စခန်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း KCNA သတင်းဌာနက ဆိုသည်။

"ကွဲကွာနေတဲ့ မိသားစုတွေရဲ့ ခံစားချက်တွေ သက်သာစေဖို့ ပြန်လည် ပေါင်းစည်း တွေ့ဆုံမယ့် ကိစ္စအပေါ် တောင်-မြောက်ကိုရီးယား နှစ်ဖက်စလုံးက ကောင်းစွာ နားလည် သဘော ပေါက်ထားပါတယ်" ဟု မြောက်ကိုရီးယား ကြက်ခြေနီ အဖွဲ့ အကြီးအကဲ Chang Jae-eon က တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့ အကြီးအကဲထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံမှ ကွဲကွာနေသော မိသားစုဝင်များ တွေ့ဆုံ ပေါင်းစည်းပွဲကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလက ကျင်းပ ပြုလုပ်ခဲ့သည်။

Korea Times သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပါတီအဖြစ်မှ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာလိုက်သည်။ NLD နှင့်အတူ အခြား နိုင်ငံရေး ပါတီ ၉ ခုမှာလည်း တရားဝင် ပယ်ပျက်သွားပြီ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာများ၏ ရေးသား ဖော်ပြချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD အပါအဝင် နိုင်ငံရေးပါတီ ငါးခုသည် တရားဝင် ပါတီအဖြစ် ဆက်လက် ရပ်တည်ရန် လာရောက် လျှောက်ထားခြင်း မရှိခဲ့သောကြောင့် ပါတီအဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာများက ရေးသား ဖော်ပြသည်။ ရွေးကောက်ပွဲ ဥပဒေများ တရား မျှတမှု မရှိသောကြောင့် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် NLD ပါတီ ပျက်ပြယ်သွားပြီ ဖြစ်သည်ဟု အတည်ပြု ပြောဆိုမှုများ ရှိခဲ့သော်လည်း ယခု နိုင်ငံပိုင် မီဒီယာများက NLD ပယ်ပျက်သွားမှုကို ထုတ်ပြန်ခြင်းသည် ပထမဆုံး ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သောကြောင့် NLD နည်းတူ ဖျက်သိမ်းခံလိုက်ရသော အခြား ပါတီများမှာ ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ နှင့် 'ဝ' အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့ ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် လျှောက်ထားသော နိုင်ငံရေး ပါတီ ၄၂ ခုအနက် နောက်ထပ် ပါတီ ငါးခုမှာ ရွေးကောက်ပွဲတွင် လွှတ်တော် မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးခုတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်သဖြင့် နိုင်ငံရေး ပါတီအဖြစ်မှ မှတ်ပုံတင်ထားမှု ပျက်ပြယ်ပြီး ပါတီကိုလည်း ဖျက်သိမ်းခံလိုက်ရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို အနောက် နိုင်ငံများနှင့် အစိုးရ ဆန့်ကျင်ရေး အုပ်စုများက စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန်သာ ရည်ရွယ်ပြီး အတုအယောင် သက်သက် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ပြစ်တင် ဝေဖန်လျက် ရှိသည်။

စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၅ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ယခု ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း သူမအနေဖြင့် ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ စစ်အစိုးရ ထုတ်ပြန်သော ဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူများ ပါဝင်သည့် နိုင်ငံရေး ပါတီများ အနေဖြင့် ၎င်းတို့ကို ထုတ်ပယ်မှသာ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိမည် ဖြစ်သည်။ သို့အတွက်ကြောင့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်တွင်လည်း ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် လျှောက်ထားမှု မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော စည်းမျဉ်း ဥပဒေအရ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် မှတ်ပုံတင်ကြေး ငါးသိန်း(ဒေါ်လာ ၅၀၀ ခန့်) ပေးသွင်းရမည် ဖြစ်ရာ နိုင်ငံရေး ပါတီများ အခက်အခဲ ဖြစ်လျက် ရှိသည်။ အဆိုပါ ငွေကြေး ပမာဏသည် သာမန် မြန်မာ ပြည်သူ အများစုအတွက် လအတော် အတန် ကြာမှ ရနိုင်သည့် ဝင်ငွေ ပမာဏ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်သွားသူများ ဦးစီး ထူထောင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က နိုဝင်ဘာ ၇ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများ အနေဖြင့် ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြား အစီအစဉ်မှ နေ၍ ၁၅ မိနစ်ကြာ မဲဆွယ် စည်းရုံးခွင့် ပြုမည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်သည်။ သို့သော် ယင်းသို့ မဲဆွယ်မှု ပြုလုပ်ရန် ရက်သတ္တ တစ်ပတ် ကြိုတင်၍ လျှောက်ထားရမည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.time.com, 14th September 2010

ကောင်းမြင့်ထွဋ်အား စစ်ထောက်လှမ်းရေးက ရန်ကုန်ရှိ ၎င်း၏ အိမ်မှ မျက်နှာကို အဝတ် စည်း၍ တတိယအကြိမ် ခေါ်ဆောင်သွားစဉ်က ၎င်းသည် အသက် ၁၅ နှစ်သာ ရှိသေးသည်။ အချိန်မှာ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ အောင်မြင်မှုကို အစိုးရက အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့အပြီး ခြောက်လ အကြာတွင် ဖြစ်သည်။ "သူတို့ အတော် နှိပ်စက်တာဗျ" ဟု သူက ပြောသည်။ စစ်ဆေးသူများသည် ၎င်းက ရိုက်နှက်ရင်း နိုင်ငံရေးကို စွန့်လွှတ်ရန် ပြောကြာသည်ဟု ပြန်ပြောသည်။ "ဒါပေမယ့် ကျွန်တော် မစွန့်လွှတ်နိုင်ပါဘူး" ဟု သူက ပြောလိုက်သည်။ သူသည် ထောင်ထဲတွင် ခြောက်နှစ် နေခဲ့ရသည်။

ယခု အနှစ် နှစ်ဆယ် ကြာသောအခါ ကောင်းမြင့်ထွဋ်သည် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ ထိပ်တိုက် တွေ့ဆုံမှု နည်းသော လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သူသည် ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်မှ တသီး ပုဂ္ဂလ အမတ် အဖြစ် အရွေးခံမည် ဖြစ်ပြီး ရန်ကုန် မြို့တော်ဝန် အောင်သိန်းလင်းနှင့် မဲဆန္ဒနယ် တစ်ခုတည်း ယှဉ်ပြိုင်မည် ဖြစ်သည်။ "ဒီတရား မဝင်တဲ့ အစိုးရကို ဆန့်ကျင်လာတာ နှစ် ၂၀ ရှိပါပြီ။ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင်၊ အခြေအနေတွေက ပိုဆိုးဖို့ပဲ ရှိတော့တယ်" ဟု ၎င်းက ပြောသည်။ NLD ၏ ဝါဒ ဖြစ်သော ရွေးကောက်ပွဲအား သပိတ် မှောက်ခြင်းသည် စစ်အစိုးရအား မပြိုင်ဘဲ အနိုင်ရသလို ဖြစ်သွားမည် ဖြစ်ကြောင်း ၎င်းက ငြင်းချက် ထုတ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် နိုင်ငံ ပြင်ပရှိ မြန်မာ့ နိုင်ငံရေး အုပ်စုများသည် ကောင်းမြင့်ထွဋ်နှင့် အခြား ရွေးကောက်ပွဲ ဝင်မည့် သူများ၏ အစီအစဉ်ကို ကန့်ကွက်နေကြသည်။ "သူတို့ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်မှုဟာ အစိုးရရဲ့ ထာဝရ အာဏာရှင် စနစ် ဖြစ်အောင် ကြိုးစားမှုကို အကူအညီ ပေးသလို ဖြစ်သွားမှာပေါ့" ဟု သပိတ်မှောက်ရန် စည်းရုံးနေသည့် U.S Campaign for Burma မှ နိုင်ငံရေး အကျဉ်းသားဟောင်း အောင်ဒင်က ပြောသည်။ အစိုးရသည် ထိန်းသိမ်း ခံနေရသူများကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပိတ်ပင်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို NLD နှင့် ခွဲလိုက်သလို ဖြစ်သည်။ "ဗမာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တာဟာ တောင်အာဖရိကရဲ့ အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကနေ Nelson Mandela ကို ဖယ်ထုတ်လိုက်တာနဲ့ အတူတူပဲ" ဟု အောင်ဒင်က ပြောသည်။ စစ်အစိုးရသည် ရွေးကောက်ပွဲ အပြီး တစ်ပတ်အကြာ နိုဘယ်ဆုရှင်၏ နေအိမ် အကျယ်ချုပ် ကာလ ကုန်ဆုံးပါက သူမအား ပြန်လွှတ်မလွှတ် စောင့်ကြည့်ကြရမည် ဖြစ်သည်။

ကောင်းမြင့်ထွဋ်နှင့် NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) တို့က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပေါ်လာသော မည်သည့် အခွင့်အလမ်းမဆို လုံးဝ မရသည်ထက် စာလျှင် ပိုကောင်းပါသည်ဟု ဆိုကြသည်။ သို့သော် အတိုက်အခံ ပါတီ အများစုက သြဂုတ်လ ၁၃ ရက်နေ့က ရွေးကောက်ပွဲရက် ကြေညာအပြီး ပြင်ဆင်ရန် အချိန် အနည်းငယ်သာ ရရှိခြင်း၊ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြး ဒေါ်လာ ၅၀၀ (ငါးသိန်းကျော်) မှာ များပြားခြင်းနှင့် မဲဆွယ် စည်းရုံးမှု အတွက် ကန့်သတ်မှု များပြားခြင်းများသည် ၎င်းတို့ ကိုယ်စားလှယ်များ ကျရှုံးရန် ဆင်ထားခြင်း ဖြစ်ကြောင်း ပြောခဲ့ကြသည်။ ကောင်းမြင့်ထွဋ်၏ နိုင်ငံရေး ပါတီဖြစ်သော မြန်မာ ဒီမိုကရေစီ ကွန်ဂရက်သည် ကိုယ်စားလှယ်လောင်းများ အတွက် မှတ်ပုံတင်ကြေး မတတ်နိုင်၍ လက်လျှော့ခဲ့ရ၍ ကောင်းမြင့်ထွဋ်မှာ တစ်ဦးတည်း ဝင်ပြိုင်ရန် ဖြစ်လာခဲ့ရသည်။

ပါတီ ရန်ပုံငွေ စုဆောင်းရန် နည်းလမ်း အနည်းငယ်သာ ရှိရာ အတိုက်အခံ ပါတီကြီးများပင် တစ်ပြည်လုံး ပါဝင် ယှဉ်ပြိုင်နိုင်ရန် အတော် ရုန်းကန်ရကြောင်း NDF ဥက္ကဌ ဦးခင်မောင်ဆွေက ပြောသည်။ အတိုက်အခံ နိုင်ငံရေးသမားများ အများပြည်သူရှေ့တွင် အလှူငွေ ကောက်ခံခြင်းကို အာဏာပိုင်များက ဥပဒေနှင့် မညီကြောင်း ပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ် အကျယ်ချုပ်ဖြင့် နေနေရပြီး၊ အတိုက်အခံကလည်း မသန်စွမ်း ဖြစ်လျက် ရှိရာ ထပ်မံ ကွဲပြဲပြီး အင်အား ချိနဲ့ခြင်း မရှိအောင် ရှောင်ကြရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရှုံးသည် ဖြစ်စေ၊ နိုင်သည် ဖြစ်စေ အတိုက်အခံ ပါတီများသည် အနာဂတ်တွင် ပို၍ အတူ လက်တွဲ အလုပ်လုပ်ကြရမည်ဟု ဦးခင်မောင်ဆွေက ပြောသည်။ "ရွေးကောက်ပွဲ ပြီးသွားရင် ပါလီမန်မှာ ကျွန်တော်တို့ ပူးပေါင်းကြရပါမယ်" ဟု ၎င်းက ဆိုသည်။

သပိတ်မှောက်ရေး မမှောက်ရေး ငြင်းခုန်နေသော နှစ်ဖက်လုံးမှ သဘော တူညီသော အချက် တစ်ခုမှာ ကောင်းသော ရလဒ်များ ထွက်ပေါ်လာရန် မဖြစ်နိုင် ဟူသော အချက်ပင် ဖြစ်သည်။ ပါလီမန်၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် နေရာပေါင်း ၄၉၈ နေရာ ရှိသည့် အနက် NDF သည် ၁၅၀ ခန့်သာ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် တစ်နိုင်ငံလုံး အပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ စစ်တပ်မှ ၂၅ % ၁၆၆ နေရာ အလိုအလျောက် ရပြီး ဖြစ်သည်။ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့်တိုင် ကိန်းဂဏန်းများအရ အတိုက်အခံဖက်မှ မျက်နှာသာ ပေးရန် ခဲယဉ်းမည် ဖြစ်သည်။

မရှင်းလင်းသော အချက်မှာ ရွေးကောက်ပွဲ အပြီး ပါလီမန် အဆင့်ဆင့် မည်သို့ လည်ပတ်ကြမည် ဆိုသည့် အချက် ဖြစ်သည်။ အတိုက်အခံ ပါလီမန် အမတ်များ ပြောရေး ဆိုခွင့်ကို မည်သည့် အတိုင်းအတာ အထိ ပေးမည်နည်း။ မြန်မာနိုင်ငံတွင် ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီး ကတည်းက သက်ဝင် လှုပ်ရှားသော ပါလီမန် ဆိုသည်မှာ ပျောက်ကွယ်ခဲ့ရသည်။ USDP ပါတီ ဧပြီလ တည်ထောင်ပြီး ကတည်းက မကြာခဏ တွေ့ဆုံခဲ့သူ ရန်ကုန် အခြေစိုက် အနောက်နိုင်ငံ သံတမန် တစ်ဦးက ၎င်း၏ ခံစားချက်ကို ဖော်ပြရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလကို ကြည့်ရသည်မှာ တိုး၍သာ မကောင်းမြင်လာရကြောင်း ဆိုသည်။ "ကျွန်တော် ထင်တယ်။ အတိုက်အခံကို သူတို့ နေရာ ပေးလိမ့်မယ် မထင်ဘူး" ဟု ၎င်းက ပြောသည်။

ကောင်းမြင့်ထွဋ် အနေဖြင့် ၎င်းအား စစ်တပ်က အတိတ်ကာလတွင် ပြင်းထန်စွာ နှိပ်စက်မှုများအား မေ့ပစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှာ အစိုးရ အပေါ် ယုံကြည်မှု တစ်စုံတစ်ရာသော အဆင့်အထိ လိုအပ်သည်။ အစိုးရကလည်း ယုံကြည်ရန် အနည်းငယ်သာ ထိုက်တန်သော အစိုးရ ဖြစ်သည်။ အရာရာသည် စစ်တပ်၏ လက်ထဲတွင် ရှိသည် ဆိုသော်လည်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာမလားဟု လောင်းကစား ပြုနေရသလို ခံစားရကြောင်း သူက ပြောသည်။ "ကျွန်တော့် ရည်ရွယ်ချက်ကတော့ နိုင်ငံရေးသမား ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် လိုအပ်တာက တရားဝင် အသိအမှတ် ပြုမှုပါပဲ။ ဒီတရားဝင် အသိအမှတ် ပြုမှုဟာ မြန်မာပြည် အတွက် အကောင်းဆုံးပါပဲ" ဟု သူက ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 15th September 2010

နိုဝင်ဘာ ရွေးကောက်ပွဲ မပြုလုပ်မီ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပါအဝင် အခြားပါတီ ၉ ခု ဖျက်သိမ်းမှုကို မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့ သတင်းတွင် ဖော်ပြသည်။ နိုင်ငံရေး ပါတီအနေဖြင့် ဆက်လက် လှုပ်ရှားရေး အတွက် မှတ်ပုံတင် လျှောက်ထားရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဥပဒေအရ ဖျက်သိမ်းခဲ့သည့် ပါတီ ၅ ခုတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီလည်း ပါဝင်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်ကို ကိုးကား၍ နိုင်ငံပိုင် မီဒီယာက ကြေညာသည်။

ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပါတီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းကိစ္စကို တာဝန်ရှိ ပုဂ္ဂိုလ်များက အတည်ပြု ပြောဆိုမှုများ ရှိသော်လည်း NLD ပါတီ ဖျက်သိမ်းမှုကို နိုင်ငံပိုင် မီဒီယာမှ ကြေညာသည်မှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

မှတ်ပုံတင်ရန် ပျက်ကွက်မှုကြောင့် ဖျက်သိမ်းခံရသော အခြားပါတီများမှာ ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ် ပါတီနှင့် ဝ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့ ဖြစ်သည်။

နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင် ခွင့်ပြုထားသော ပါတီ ၄၂ ခု အနက်မှ နိုင်ငံရေး ပါတီ ၅ ခုမှာ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရန် လိုအပ်ချက်များကို ဆောင်ရွက်နိုင်ခြင်း မရှိသည့် အတွက် ဖျက်သိမ်းခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။ အဆိုပါ ရွေးကောက်ပွဲသည် လက်ရှိ စစ်အုပ်ချုပ်ရေးကို အရပ်ဖက် မျက်နှာဖုံး တပ်ရန် ရည်ရွယ်သည့် မျက်လှည့်ပြမှုသာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံများက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချလျက် ရှိသည်။

လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ကာလ ကြာမြင့်စွာ ထိန်းသိမ်းခြင်း ခံနေရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်၍ လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် အစိုးရက ပိတ်ပင်ထားသည်။ လွန်ခဲ့သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် သူမ၏ ပါတီ အပြတ်အသတ် အနိုင် ရရှိခဲ့စဉ်က ၎င်းရလဒ်ကို စစ်အုပ်ချုပ်သူများက အသိအမှတ် မပြုဘဲ အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.