Transparency Myanmar

transparency.myanmar@gmail.com

Sydney Morning Herald, By Sean Turnell, 15th Nov 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခြင်းသည် ကမ္ဘာ တဝှမ်းလုံးက အလွယ်တကူ ခံစားနိုင်သည့် အပျော်လှိုင်းများ ကူးစက်သွားစေသည့် အဖြစ်အပျက် ဖြစ်သည်။

နယ်လဆင် မင်ဒဲလားကို ဖြစ်နိုင်ခြေ ခြွင်းချက် တစ်ခု အဖြစ် ထား၍ ဒေါ်အောင်ဆန်း စုကြည်သည် ကြီးကျယ်သော ရဲရင့်မှု၊ တာဝန်သိမှု၊ မေတ္တာ ကရုဏာ ကြီးမားမှု၊ သူမအား လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ချုပ်နှောင် ထားကြသည့် သူများအပေါ် သာမန် မဟုတ်သော ခွင့်လွှတ် သည်းခံမှု စသော အရည် အသွေးများ ပြည့်ဝနေသည့် အားလျှော်စွာ သူမကဲ့သို့ ချစ်ခင် လေးစား ကြည်ညိုခြင်း ခံရသော ကမ္ဘာသိ ခေါင်းဆောင် လက်ရှိ အချိန်တွင် နောက်တစ်ယောက် မရှိနိုင်ပါ။

သို့သော်လည်း သူမ၏ လွတ်မြောက်မှုမှာ အချုပ်အနှောင် ပုံစံ တစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းသည့် သဘောမျှသာ ဖြစ်သော အမှန်တရားကြောင့် ယခု အချိန် ခံစား နေရသော အပျော်မှာ ကြာကြာ ခံမည် မဟုတ်ပါ။

လက်ရှိ မြန်မာ နိုင်ငံ ဟူသော အကြီးမားဆုံး အကျဉ်းထောင်ကြီးတွင်  သူမ၏ ၅၅ သန်းသော ပြည်သူများ နှင့်အတူ ပူးပေါင်း ရခြင်းသာ ဖြစ်သည်။

တစ်ချိန် တစ်ခါက အရှေ့တောင် အာရှ၏ အချမ်းသာဆုံး နိုင်ငံ တစ်ခု ဖြစ်ခဲ့ပြီး၊ နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်ရေး၏ အကျိုးဆက်ကြောင့် ယခုအခါ အဆင်းရဲဆုံး ဖြစ်သွားသော "ရွှေအဆင်း နိုင်ငံ" သည် အဓမ္မ ခိုင်းစေခြင်း ဆိုင်ရာ အလွန် ဆိုးဝါးသော လူ့အခွင့်အရေး ညှင်းပမ်းမှုများ၊ ပုံမှန် အစုလိုက် အပြုံလိုက် မုဒိန်းကျင့်မှုများ၊ တိုင်းရင်းသား လူမျိုးစုများ အပေါ် တိုက်ခိုက်မှုများ၊ အဆိုးဆုံး အာဏာရှင် အစိုးရများနှင့် ကိုက်ညီသည့် ကြမ်းတမ်းသော လုပ်ရပ်များ အပြည့်အဝ ရှိနေသော နယ်မြေ တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

မင်ဒဲလားနှင့် မတူသော အချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အပြောင်းအလဲ သိသာ ထင်ရှားနေသော နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာ၍ မရခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် f.w.de Klerk မရှိပါ။ Mikhail Gorbachev မရှိပါ။

သို့သော်လည်း ရဲရင့်သော အမျိုးသမီး တစ်ဦး၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်နှင့် ဂရုဏာ အကြင်နာ ကင်းမဲ့၍ အကောင်း တစ်ကွက်မှ မရှိသော အစိုးရ၏ လက်အောက်တွင် ဒုက္ခ ပေါင်းစုံ ရင်ဆိုင်နေရသော သန်းနှင့် ချီသည့် ပြည်သူများ ရှိနေသည်။

နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သော ရယ်စရာ ရွေးကောက်ပွဲ အတုမှ အာရုံ လွှဲပြောင်းရေးမှာ မြန်မာစစ် အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းဖြင့် မျှော်လင့်ထားသော ရလဒ်များ အနက်မှ တစ်ခု ဖြစ်သည်။

နောက်တစ်ခုမှာ ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ဦးတည်ချက် ပြောင်းလဲကာ ၎င်းတို့အား ထိပ်ဆုံးသို့ ပို့ဆောင် ပေးထားသော အာဏာကို လက်လွှတ်ရန် ဆန္ဒ ရှိသည်။ သဘာဝ ဓါတ်ငွေ့များ ရောင်းချမှုမှ တဆင့် ကြွယ်ဝ ချမ်းသာကာ ၎င်းတို့ စိတ်ကြိုက် သုံးစွဲနေသော အခြေအနေကို လက်လွှတ်ရန် ဆန္ဒ ရှိသည်ဟု ကျန်တစ်ကမ္ဘာလုံးက ယုံကြည် လာကြရေးပင် ဖြစ်သည်။

အမှန် တကယ်မှာ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် စီးပွားရေး ပါဝါ စသော အမှန်တရားများကို လေ့လာပြီးမှသာ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှု အပေါ် နိုင်ငံတကာ၏ တုန့်ပြန်မှုကို တိုင်းတာရမည် ဖြစ်သည်။

ယခု အချိန်မှာ သြစတြေးလျ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်များ စသော နိုင်ငံများက မြန်မာ စစ်ဖက် ခေါင်းဆောင်များ အပေါ် ချမှတ်ထားသော ဖိအားများကို လျှော့ပေးရမည့် အချိန် မဟုတ်ပါ။

မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အဆက်အသွယ်များ အပေါ် ရည်ရွယ်ချက် ချမှတ် ထားသည့် တင်းကြပ်သော စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် တိုးချဲ့ ပြုလုပ်သွားရန် လိုအပ်နေသည်။

အဆိုပါ အရေးယူ ပိတ်ဆို့မှုမျိုးမှာ နိုင်ငံသား အများစု ဘဏ်စာရင်းပင် ဖွင့်နိုင်ခြင်း မရှိသည့် မြန်မာ နိုင်ငံမှ သာမန် ပြည်သူများကို ထိခိုက်စေလိမ့်မည် မဟုတ်ပါ။ သို့သော် ရည်ရွယ်သော ပစ်မှတ်ကို တိကျစွာ ချိန်ရွယ်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းနှင့် စစ်အစိုးရက စုဆောင်း ဖြုန်းတီးနေသော ရန်ပုံငွေများကို ပစ်မှတ်ထားသည့် ငွေကြေး ပိတ်ဆို့ အရေးယူမှုများသည် "တစ်စုံတစ်ရာ ပြောင်းလဲလာရန် မျှော်လင့်ချက်နှင့် လွတ်မြောက်ရေး အတွက် အရာရာကို စွန့်စားရန် ပြင်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော သူများကို အကောင်းဆုံး ချီးကျူး ဂုဏ်ပြုရန် အတွက် ယာဉ်ယန္တရား တစ်ခု ဖြစ်သင့်သည်။

Sean Turnell သည် Macquane University မှ တွဲဖက် ပါမောက္ခ တစ်ဦး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနသို့ ပုံမှန် အကြံပေးလေ့ ရှိပြီး  အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထွက်ဆို ခဲ့ဖူးသူ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Telegraph, By Malcolm Moore, 14th November 2010

စနေနေ့က အသက် (၆၅) နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး လိုက်ခြင်းကြောင့် တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ရှိအားဖြင့် နိုဘယ် ဆုရှင်အား ဖမ်းဆီး ထားသော တစ်ခု တည်းသော နိုင်ငံ ဖြစ်လာသည်။

အသက် (၅၄) နှစ်ရှိ Liu Xiaobo မှာ ပြီးခဲ့သည့် အောက်တိုဘာလက နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်ပြီး၊ ၎င်းအား တရုတ်နိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆို ထားသော Charter 08 ကို ပူးတွဲ ရေးသားခဲ့မှုကြောင့် အစိုးရအား ပျက်စီးရန် ကြံရွယ် လုပ်ဆောင်မှုဖြင့် လွန်ခဲ့သော တစ်နှစ်က ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ခြောက်ဦးသည် ဟီရိုရှီးမား မြို့တွင် နှစ်ပတ်လည် တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။ "ကျွန်မ တစ်ခုခု ပြောဖို့ လိုမယ်လို့ ခံစားနေရတယ်" ဟု မြေမြှုပ်မိုင်းများ ဖျက်သိမ်းရန် ကြိုးပမ်းမှုဖြင့် ၁၉၉၇ ခုနှစ်က နိုဘယ်ဆု ရရှိခဲ့သော Jody Williams က ပြောကြားခဲ့သည်။

"ကျွန်မတို့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦး ထောင်ထဲမှာ ရှိနေပါသေးတယ်။ တရုတ်နိုင်ငံရဲ့ ဖိအား ပေးမှုတွေကို ရင်ဆိုင်ပြီး တိတ်ဆိတ် မနေနိုင်ပါဘူး။ Liu Xiaobo ကို မေ့မထားသင့်ပါဘူး။ ကျွန်မတို့ ညီအစ်မ တစ်ဦး ဖြစ်တဲ့ အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့သလို မဆုတ်မနစ် ကြိုးစားဖို့ လိုပါတယ်" ဟု သူမက ထည့်သွင်း ပြောကြားသွားခဲ့သည်။

၁၉၈၉ ခုနှစ် Tiananmen ရင်ပြင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တရုတ်ကျောင်းသား ခေါင်းဆောင်ဟောင်း Wu'er Kaixi က ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တရုတ် အစိုးရအား Liu Xiaobo ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ရန် တိုက်တွန်းခဲ့သည်။

"အတိတ်က အတိတ်ပါပဲ။ အခုကတော့ ကျွန်တော်တို့ ရှေ့ဆက်ဖို့ပဲ ကြည့်ရပါမယ်။ ပြန်လည် ပေါင်းစည်းရေး စိတ်ဓာတ်နဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို အသုံးချရပါလိမ့်မယ်။ ဒါဟာ ပြဿနာတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ" ဟု တိဗက် ဘာသာရေး ခေါင်းဆောင် Dalai Lama က ပြောကြားခဲ့သည်။

အင်အား သုံးခြင်းသည် ခေတ်မမှီတော့သည့် နည်းလမ်း ဖြစ်သည်။ နိုဘယ်ဆုရှင် ခြောက်ဦးသည် တရုတ်ပြည်အား ပိုမို ဖိအားပေးရေး အတွက် ကြေညာချက် ထုတ်ပြန်ရန် ပြင်ဆင် ထားခဲ့သည်။ သို့သော် ဟီရိုရှီးမားတွင် ဂျပန်အစိုးရ တာဝန် ရှိသူများက တရုတ်နှင့် ဂျပန်ကြားတွင် နောက်ထပ် တင်းမာမှုများ မဖြစ်စေရေး တောင်းဆိုမှုကြောင့် ကြေညာချက် မထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီအကြီးအကဲ Thorbjoern Jagland က ဒေါ်အောင်ဆန်း စုကြည်အား ၁၉၉၁ ခုနှစ်က ချီးမြှင့်ခြင်း ခံရသော သူမ၏ နိုဘယ်ဆုကို လာရောက်ယူရန် Oslo သို့ ဖိတ်ကြားခဲ့သည်။

ထို့အပြင် ယခုနှစ်အတွက် Liu  ၏ ဆုကိုလည်း မည်သူ လက်ခံယူမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တရုတ် အာဏာပိုင်များသည် ၎င်း၏ ဆုအတွက် စိတ်ဆိုး မာန်ဆိုးဖြင့် တုန့်ပြန်ခဲ့ပြီး၊ ၎င်း၏ ဇနီးအား နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။ ၎င်းအား ထောက်ခံသူများ၏ လှုပ်ရှားမှုများကိုလည်း ကန့်သတ်မှုများ ပြုလုပ်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The While House: Office of the Press Secretary, 7th November 2010

မြန်မာ နိုင်ငံမှ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများသည် လွတ်လပ်မှု၊ မျှတမှု မရှိသည့် အပြင် တရားဝင် ရွေးကောက်ပွဲများနှင့် စပ်လျဉ်း၍ နိုင်ငံတကာက လက်ခံထားသော စံနှုန်းများ နှင့်လည်း ကိုက်ညီခြင်း မရှိပါ။ အဆိုပါ ရွေးကောက်ပွဲများသည် အခြေခံမှစ၍ မှားယွင်းနေသော လုပ်ငန်းစဉ် ပေါ်တွင် အခြေပြု ထားပြီး အားလုံး ပါဝင် သက်ဆိုင်မှုနှင့် ပွင့်လင်း မြင်သာမှုတို့ အပေါ် စစ်အစိုးရက ဆက်လက် ဖိနှိပ် ချုပ်ချယ်လိုခြင်းကို ညွှန်ပြနေသည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ အထင်ရှားဆုံး ပြစ်ချက်များ အနက်မှ တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို စစ်အစိုးရက ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားကာ လုပ်ငန်းစဉ်တွင် ပါဝင်ရန် အခွင့်အလမ်း မှန်သမျှကို ပိတ်ပင်ထားခြင်း ပင်ဖြစ်သည်။ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲဥပဒေများနှင့် ပြောင်ပြောင်တင်းတင်း မျက်နှာလိုက်သော ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံ၏ ဦးဆောင် အတိုက်အခံ ပါတီ NLD ကို အသံတိတ်၍ ဘေးရောက် သွားစေရန် သေချာအောင် ပြုလုပ်ခဲ့သည်။ လက်ရှိ အစိုးရသည် တိုင်းရင်းသား လူမျိုးစုများ မှတ်ပုံတင်မှုကို ပိတ်ပင်ခြင်း၊ တိုင်းရင်းသား နယ်မြေများတွင် ရွေးကောက်ပွဲကို ဖျက်သိမ်းခြင်း၊ ပါဝင် ယှဉ်ပြိုင်မည့် ဒီမိုကရေစီနှင့် အတိုက်အခံ ကိုယ်စားလှယ် လောင်းများ ကြီးမားသည့် အခက်အခဲများ ရင်ဆိုင်ရစေရန် မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်ကို သေချာ ပြင်ဆင် စီစဉ်ထားခြင်း စသည်တို့ကိုလည်း ပြုလုပ်ခဲ့သည်။ အဆုံးစွန် ဆိုရသော် အစိုးရက အတိုက် အခံများနှင့် ဆွေးနွေးရေးကို ပယ်ချပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ဟောပြောခွင့်၊ စည်းဝေးခွင့် တို့ကို တားမြစ် ချုပ်ချယ်ထားသည့် အချိန်မျိုးတွင် ကျင်းပသည့် ရွေးကောက်ပွဲများမှာ လက်ခံ ယုံကြည် နိုင်ဖွယ်ရာ မရှိပါ။

ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံ၏ အနေအထားကို သီတင်းပတ် အလိုက်၊ လပိုင်း အလိုက် နီးနီး ကပ်ကပ် လေ့လာ စောင့်ကြည့်သွားမည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ လက်တွေ့ အခြေအနေများနှင့် မြန်မာ အာဏာပိုင်များ၏ လုပ်ဆောင်မှုများပေါ် မူတည်၍ ဖိအားပေးမှုနှင့် တွေ့ဆုံ ညှိနှိုင်းမှု မဟာဗျူဟာကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်သည်။ မြန်မာ အာဏာပိုင်များထံ ကျွန်ုပ်တို့ တောင်းဆိုထားသည့် "ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ၊ ချက်ချင်း လွှတ်ပေးရေး၊ လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှု ရပ်ဆိုင်းရေး၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်သိစွာ စတင် ကိုင်တွယ်ရေး၊ အချိန် လွန်နေပြီ ဖြစ်သော တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ရန် ဒီမိုကရေစီ အုပ်စုများနှင့် တိုင်းရင်းသား အုပ်စုများကို ဖိတ်ခေါ်ရေး" စသည့် အချက်များ ကိုလည်း ထပ်မံ တောင်းဆို လိုက်သည်။ စေတနာ စစ်မှန်၍ သက်ဆိုင်သူ အားလုံး ပါဝင်သော ဒိုင်ယာလော့ ဆွေးနွေးမှုက သာလျှင် လူ့အခွင့်အရေးကို မြှင့်တင်ပြီး နိုင်ငံသားများ အတွက် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်မည့် မှန်ကန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပို့ပေးနိုင်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 12th November 2010

ကနေဒါ အစိုးရ အာဏာပိုင်များသည် ကနေဒါ ပြည်တွင်း လေကြောင်းလိုင်း တစ်ခုနှင့် ၎င်း၏ အထွေထွေ မန်နေဂျာဟောင်း မြန်မာနိုင်ငံသို့ လေယာဉ် တစ်စီးနှင့် လေယာဉ် အစိတ်အပိုင်းများ တရားမဝင် တင်ပို့ခြင်း အတွက် တရား စွဲဆိုခဲ့သည်။ Canada Border Services Agency က ပြောကြားရာတွင် Kenn Borek Air သည် Havilland DHC-6 တွင် အော်တာ လေယာဉ် တစ်စီးနှင့် လေယာဉ် အစိတ် အပိုင်း (၁၄၉) ခုအား မြန်မာ နိုင်ငံသို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာတွင် တရားဝင် ပါမစ် မရှိပဲ တင်ပို့ခဲ့ကြောင်း စုံစမ်း စစ်ဆေးသူများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ကနေဒါ နိုင်ငံ ဥပဒေတွင် စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ အစိုးရ ခွင့်ပြုချက် မရပဲ ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန် တားမြစ် ထားသည်။ ထို့ကြောင့် အစိုးရ အာဏာပိုင်များက Calgary အခြေစိုက် လေကြောင်းလိုင်းနှင့် ၎င်း၏ အထွေထွေ မန်နေဂျာဟောင်း Stephen Penikett အား ကနေဒါ အကောက်ခွန် အက်ဥပဒေနှင့် ထုတ်ကုန် သွင်းကုန် ခွင့်ပြုချက် အက်ဥပဒေတို့အား ချိုးဖောက်မှုဖြင့် ကြာသပတေးနေ့က တရားစွဲခဲ့သည်။

အကောက်ခွန် ဥပဒေ ချိုးဖောက်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ငါးသိန်းခန့် ပေးဆောင်ရနိုင်ပြီး၊ ထုတ်ကုန် ဥပဒေ ချိုးဖောက်မှုအတွက် အများဆုံး ထောင်ဒဏ် (၁၀) နှစ် ချမှတ် ခံရနိုင်သည်။ Calgary တရားရုံးက အဆိုပါ အမှုကို ဒီဇင်ဘာ (၁၄) ရက်တွင် ကြားနာရန် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 11th November 2010

တရုတ်နိုင်ငံ၏ ငွေဖောင်းပွမှု နှုန်းမှာ ၂ နှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ကုန်ဈေးနှုန်း မြင့်တက်မှု အားလျှော့သွားအောင် အစိုးရက ကြိုးပမ်းခဲ့သော်လည်း စားသောက်ကုန် ဈေးနှုန်းများ တက်လာခဲ့ခြင်းကို များစွာ ကျေးဇူး တင်ရပေမည်။

စက်တင်ဘာ ငွေဖောင်းပွမှုနှုန်း ၃.၆ % ရှိရာမှ အောက်တိုဘာလတွင် မျှော်လင့် ထားသည်ထက် ကျော်ပြီး ၄.၄ % သို့ ရောက်ရှိခဲ့သည်ဟု စာရင်းအင်း ဗျူရိုက ဆိုသည်။ ကုန်ဈေးနှုန်း တက်မှုကို ထိန်းချုပ်ရန် အစိုးရ အနေဖြင့် ယခုထက်ပိုမို လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းတို့က ပြောကြားသည်။

စီးပွားရေး အလောသုံးဆယ် ကြီးထွားမှုနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းရန်အတွက် အတိုးနှုန်း မြှင့်ခြင်းနှင့် ဘဏ်ချေးငွေ ထိန်းချုပ်မှု အပါအဝင် ဆောင်ရွက်ချက် အတော်များများကို ဘေဂျင်းက စတင် လုပ်ဆောင်ခဲ့သည်။

လက်လီ ဈေးနှုန်းများ ၁၈.၆ % တက်သွားချိန်တွင် တရုတ် နိုင်ငံ၏ စက်မှုကဏ္ဍ ထုတ်လုပ်မှုမှာ အောက်တိုဘာလတွင် ယခင်နှစ်ကထက် ၁၃.၁ % မြင့်တက်ခဲ့သော်လည်း ၁၃.၃ % မြင့်တက်ခဲ့သော စက်တင်ဘာလထက် အနည်းငယ် လျော့သွားသည်။

ငွေဖောင်းပွမှုနှုန်း တက်လာခြင်း

"ကုန်ဈေးနှုန်းရဲ့ ဖိအားက ကြီးလာပါတယ်။ ဒါက မက်ခရို စီးပွားရေး ဆိုင်ရာ ထိန်းချုပ်မှုတွေ ကြီးထွား လာတာကို ပြသနေတာပါ" ဟု စာရင်းအင်း ဗျူရိုမှ  ရှင်လိုင်ယွန်က ပြောကြားသည်။ "ဒီကိစ္စကြောင့် အတိုးနှုန်းတွေ မြင့်လာမယ့် အလားအလာ ရှိနေပါတယ်" ဟု အကဲခတ် ပညာရှင်က ဆိုသည်။

ငွေဖောင်းပွမှုနှုန်း တက်လာခြင်းကို ချက်ချင်း သတိပြုမိသည်ဟု ပြောဆိုခဲ့သော Royal Bank of Canada မှ Brian Jacksonက "လတ်တလော ပိုပြီး ခုန်တက် လာတာကို တွေ့ရပါတယ်" ဟု ပြောကြားခဲ့သည်။

"အမေရိကန် ပြည်ထောင်စုက ဖွံ့ဖြိုးမှုကို လှုံ့ဆော်ဖို့ အတွက် သူ့ရဲ့ စီးပွားရေး နယ်ပယ်ထဲကို ဒေါ်လာ ဘီလီယံ ၆၀၀ လောင်းထည့်နေတဲ့ မူဝါဒဟာ တရုတ်နိုင်ငံရဲ့ ကုန်ဈေးနှုန်းကို ဆက်လက် ဖိအားပေးဖွယ် ရှိပါတယ်" ဟု ရှင်လိုင်ယွန်က ဆိုသည်။

"အမေရိကန်က အသစ် ထပ်မံ ချမှတ်တဲ့ "ပြည်ပ နိုင်ငံများ ငွေကြေးစီမံမှု ပျော့ပြောင်းရေး မူဝါဒ" ဟာ ရင်းနှီးငွေ မြောက်မြားစွာ ထွက်ပေါ်လာစေပြီး တရုတ် စီးပွားရေး အပေါ် သိသာ ထင်ရှားတဲ့ သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အမေရိကန်၏ လတ်တလော ချမှတ်သည့် အဆိုပါ မူဝါဒကို ဒေါ်လာငွေ တန်ဖိုးချရန် ကြိုးစားမှု တစ်ခု အဖြစ် အချို့ နိုင်ငံများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။

ငွေကြေး ထိန်းချုပ်မှုနှင့် ကမ္ဘာ့ ကုန်သွယ်ရေး ဟန်ချက် မညီမှု ကိစ္စကို ဆိုးလ်တွင် ပြုလုပ်မည့် G-20 အစည်းအဝေးတွင် ဆွေးနွေးကြလိမ့်မည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bloom berg, 4th November 2010

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ Italian-Thai Development ကုမ္ပဏီသည် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုံ တည်ဆောက်ရန် အတွက် ဒေါ်လာ ၈.၆ ဘီလျံ တန်ဖိုးရှိ ကန်ထရိုက် စာချုပ်ကို မြန်မာ အစိုးရနှင့် လက်မှတ် ရေးထိုးခဲ့သည်ဟု ဒုတိယ ဥက္ကဋ္ဌ အာနန် အမရာ ပါလာက ပြောကြားသည်။

ဘန်ကောက်၏ အနောက်ဖက် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) မရှိတရှိ အကွာ ထားဝယ်တွင် တည်ရှိသော စီမံကိန်းသည် ဥရောပနှင့် အရှေ့ အလယ်ပိုင်းသို့ ကုန်စည် တင်ပို့မည့် ပို့ကုန်သမားများ အတွက် နောက်ထပ် လမ်းကြောင်း တစ်ခု ဖော်ထုတ်ပေးမည် ဖြစ်သည်။ စီမံကိန်းအတွက် ငွေကြေး ထောက်ပံ့ရေး ကိစ္စကိုမူ ဆွေးနွေးနေဆဲ ဖြစ်သည်ဟု အာနန်က ဆိုသည်။

"ထိုင်းအစိုးရက ဒီစီမံကိန်းကို ထောက်ပံ့ချင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အီတာလျံထိုင်းက သူတို့နဲ့ အသေးစိတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။ အခုချိန် ထိတော့ တရားဝင် မဆွေးနွေး ရသေးပါဘူး" ဟု အာနန်က တယ်လီဖုန်းဖြင့် ပြောကြားသည်။

အထက်ပါ အဆိုပြုချက်ကို လေ့လာခဲ့သော ထိုင်းကုန်သည်ကြီးများ အသင်း ဒုတိယ ဥက္ကဋ္ဌ တာနစ်ဆိုရတ်၏ စကားအရ အဆိုပါ ထားဝယ် ဆိပ်ကမ်း စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အဓိက ဆိပ်ကမ်းနှင့် စက်မှုဇုန်ထက် ဆယ်ဆ ပိုကြီးလိမ့်မည်ဟု သိရသည်။ ဂျပန် နိုင်ငံ၏ အကြီးဆုံး သံမဏိ ထုတ်လုပ်သူ Nippon Steel Corp နှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင် ကုမ္ပဏီ PTT Plc တို့သည်လည်း ၎င်းစီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရန် စဉ်းစားနေသည်ဟု တာနစ်က ယခင်လက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းတွင် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ၊ စက်မှု စီးပွားရေးဇုံ၊ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းများနှင့် ၈ လမ်းသွား အဝေးပြေးတို့ ပါဝင်သည်ဟု ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (NESDB) ၏ အဆိုအရ သိရှိရသည်။

ယခု စီမံကိန်းက ဒေသတွင်း လက်တံဆန့်ရန် ကြိုးစားနေသော မော်တော်ကား ထုတ်လုပ်သူများနှင့် ရေနံ ဓာတု ကုမ္ပဏီများကို အကျိုး ဖြစ်ထွန်း စေလိမ့်မည်ဟု ဆိုသည်။

ဦးပိုင် ကုမ္ပဏီ

"ထိုင်းနိုင်ငံနဲ့ ပင်လယ် ရပ်ခြားက ပုဂ္ဂလိက ကုမ္ပဏီ များစွာက ထားဝယ် စီမံကိန်းမှာ ရင်းနှီး မြှုပ်နှံသူများ၊ အကောင်အထည် ဖော်သူများ အဖြစ် ပါဝင်ဖို့ ဆန္ဒ ရှိနေကြပါတယ်" ဟု NESDB မှ ပညာရှင် ချောင်ပွန်က ပြောကြားသည်။ အီတာလျံထိုင်းက ဒီကုမ္ပဏီတွေနဲ့ ဘဏ္ဍာငွေ ပူးပေါင်း မတည်ဖို့ အတွက် ဦးပိုင် ကုမ္ပဏီ တစ်ခု ဖွဲ့စည်းသွားဖို့ အလားအလာ ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံ များမှ ရင်းနှီး မြှုပ်နှံသူများက ထားဝယ် စီမံကိန်းကို စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုထားကြသည်ဟု NESDB ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ပိုရာမီတီ ဗီမိုဆီရီ က ယခင်လက ပြောကြားခဲ့သည်။ လမ်းများ၊ ဆိပ်ကမ်းများ စက်မှုဇုံ အတွက် အချိန် ညှိနှိုင်းမှုမှာ စီမံကိန်းအပေါ် မူတည်၍ နှစ် ၄၀ မှ နှစ် ၆၀ အတွင်း အမျိုးမျိုး ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

အီတာလျံထိုင်း၏ ရှယ်ယာများမှာ SET ညွှန်းကိန်းတွင် ဖော်ပြ ထားသည်ထက် ၂ ဆ တက်ကာ ယခုနှစ်တွင် ၈၅ % မြင့်တက်ခဲ့သည်။ ကုမ္ပဏီ၏ ရှယ်ယာများသည် မနေ့က ၇ % တက်ခဲ့ပြီးနောက် ယနေ့မနက် ၁၀း၄၈ တွင် ၀.၉ % ထပ်မံ မြင့်တက်ကာ ၅.၄၅ ဘတ်သို့ ရောက်ရှိခဲ့သည်။

နိုဝင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်သော စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားတွင် အီတာလျံထိုင်း အမှုဆောင်များနှင့် မြန်မာ အစိုးရတို့ ကန်ထရိုက် လက်မှတ် ရေးထိုးခဲ့ကြသည်ဟု အာနန်က ပြောကြားသည်။ အတည်ပြုချက် ရရှိရန်အတွက် တင်ပြရမည့် ဒီဇိုင်း လုပ်ငန်းကို အပြီးသတ် နေချိန်တွင် အသေးစား တည်ဆောက်မှု လုပ်ငန်းကို ချက်ချင်း စတင် နိုင်မည်ဟုလည်း သိရှိရသည်။

အဆိုပြုထားသော အဝေးပြေး လမ်းကြောင်း နယ်မြေတွင် လှုပ်ရှားနေသော မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာကို ထိန်းချုပ်နိုင်ရန် မြန်မာ အစိုးရက ကြိုးစား ရုန်းကန်လျက် ရှိသည်။ စီမံကိန်း လမ်းကြောင်း အနီး ထိုင်းနိုင်ငံ အတွင်း၌လည်း မြန်မာ ဒုက္ခသည် ၅၀၀၀ ခန့်အတွက် ဒုက္ခသည် စခန်း တစ်ခုကို ကုလ သမဂ္ဂက ထူထောင်ထားသည်။

အီတာလျံထိုင်း ကုမ္ပဏီကို ၁၉၅၈ တွင် အီတလီနှင့် ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ချစ်ကြည် ရင်းနှီးမှု မှတဆင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ဘန်ကောက်၏ အဓိက နိုင်ငံတကာ လေဆိပ်နှင့် မိုးပျံ ရထားလမ်းများကို တည်ဆောက်ပေး ခဲ့သည့်အပြင် ဒေသတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Independent, 12th November 2010

(၇) နှစ် ထိန်းသိမ်းထားသည် ဆိုသည့်  အဖြစ်မှာ ဆိုးလွန်းလှသည်။ သို့သော် လွတ်မြောက်ခြင်းသည် အဆိုးဆုံး ဖြစ်စေမည်လော။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် လွတ်မြောက်လာသည် ရှိသော် သို့မဟုတ် ကောလ ဟာလများ အတိုင်း ယခု ညနေတွင် လွတ်လာခဲ့သည် ရှိသော် သူမ၏ နိုင်ငံရေး ဘဝ၏ စိန်ခေါ်မှုကို တွေ့ကြုံရလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် သူမ နောက်ဆုံးအကြိမ် အပြင်တွင် ရှိသည့် အချိန်နှင့် စာလျှင် အသွင်အပြင်က အစ သိသိသာသာ ပြောင်းသွားပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် သူမ လွတ်မြောက်စဉ် ၂၀၀၂ ခုနှစ်က သူမ၏ ပါတီ NLD သည် လူမုန်းများသော အစိုးရကို ဆန့်ကျင်သော တစ်ခုတည်းသော ပါတီအဖြစ် ရပ်တည်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိမှုတည်း ဟူသော အသာစီး ရရှိမှုကလည်း အငြင်းပွားဖွယ် မရှိသော အချက် ဖြစ်ခဲ့သည်။

ယခု တစ်ကြိမ်တွင်မူ သူမ လွတ်မြောက်လာလျှင် ရွေးကောက်ပွဲ အတွက် မှတ်ပုံ တင်ရန် ငြင်းပယ်မှုကြောင့် အစိုးရ၏ ဖျက်သိမ်းမှု ခံရသော ပါတီ၏ ခေါင်းဆောင် ဖြစ်နေခြင်းပင် ဖြစ်သည်။ အတိုက်အခံ ကဏ္ဍတွင် ပြိုင်ဘက်များနှင့် ပြည့်နေသည်။ အဓိကမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)  ဖြစ်ပြီး၊ NLD မှ ခွဲထွက်လာသူ ဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် (၁၆) နေရာ အနိုင် ရရှိထားသည်။ သူမ မည်သူ့ ကိုယ်စား စကားပြောမည်နည်း။ သူမ၏ ပလက်ဖောင်း ကရော ဘာလဲ။

မှန်သည် ဆိုသည်ထက် ပို၍ ထင်ရှားသော ပြဿနာများ ကလည်း ရှိနေသေးသည်။ ယခုအခါ ရွေးကောက်ပွဲအပေါ် အစိုးရ၏ လုပ်ဆောင်မှုမှာ လုံးဝ လက်ခံနိုင်ဖွယ် မရှိ ဆိုသည်မှာ ထင်ရှားလာပြီ ဖြစ်ရာ သူမ၏ မဆုတ်မနစ် ရပ်တည်နေခဲ့သော ရွေးကောက်ပွဲကို သပိတ် မှောက်ခြင်းမှာ ဟန်ကျ နေသေးတော့သည်ဟု ပြောရသည်ထက် ပိုမှန်နေပေသည်။ အကယ်၍ ရွေးကောက်ပွဲကို မနက်ဖြန် မှန်မှန်ကန်ကန် ပြုလုပ်ပေးမည် ဆိုလျှင်၊ သူမသည် ၁၉၉၀ ကကဲ့သို့ အောင်မြင်မှုမျိုး ရရန် သူမ၏ ပါတီကို ဦးဆောင်လိမ့်မည် ဖြစ်သည်။ ဗိုလ်ချုပ်များကလည်း ထိုအချက်ကို သိ၍ သူမအား သော့ခတ်၍ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သူမကတော့ လွတ်မြောက်လာသည်နှင့် အစိုးရ လစ်လျူရှုထား၍ မရနိုင်သော တစ်ဦးတည်းသော ဒီမိုကရေစီ ကိုယ်စား စကားပြောမည့်သူ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ထိုအချက်ကြောင့် အစိုးရသည် သူမနှင့် စကားပြောရန် သဘောတူ လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိုကိစ္စမှာ ၎င်းတို့ နောက်ဆုံး အဆင့်မှသာ စဉ်းစားမည့် အချက် ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ် အတွင်း (၁၈) နှစ်ခန့်ကို သူမနှင့် သူမ၏ လုပ်ဖော် ကိုင်ဖက်များကို ဘေးဖယ်ထားသော အတုအယောင် ဒီမိုကရေစီ အခင်းအကျင်းကို ပုံဖော်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် အတွက်မူ ကြီးမားသော လူအုပ်ကြီးအား စကား ပြောခြင်းဖြင့် သူမအား မတရား ပြန်လည် ဖမ်းဆီးစေရန် လုပ်ဆောင်ခြင်းထက် ရိုးစင်းသော ကိစ္စ ရှိတော့မည် မဟုတ်ပေ။ သို့သော် ခါးသီးသော အတွေ့အကြုံ အရ ထိုသို့ လုပ်ပါက သူမအား ပြန်လည်၍ ထိန်းသိမ်း ထားမည်မှာ မုချ ဖြစ်သည်။

သူမ၏ အမှန်တကယ် နိုင်ငံရေး စိန်ခေါ်မှုမှာ ဗိုလ်ချုပ်များကို သူမနှင့် တွေ့ဆုံ ဆွေးနွေးရေး စားပွဲသို့ အရောက် ခေါ်နိုင်ရေးပင် ဖြစ်သည်။ လွန်ခဲ့သည့် ခုနှစ်နှစ် အတွင်း ၎င်းတို့နှင့် ရှားရှားပါးပါး စကားပြောခွင့် ရခဲ့စဉ်က၊ သူမသည် ၎င်းတို့အား သေချာစွာ ကိုင်တွယ်ရန် လိုအပ်ပုံကို ပြသခဲ့သည်။ ဥပမာအားဖြင့် ပြည်သူလူထု၏ တရားစီရင်မှုဖြင့် ၎င်းတို့အပေါ် ခြိမ်းခြောက်မှုများ မပြုတော့ပဲ၊ အရေးယူ ပိတ်ဆို့မှုများကြောင့် ဖြစ်လာသည့် ပြဿနာများကို ရှာဖွေရန် သဘော တူခဲ့ခြင်းမျိုး ဖြစ်သည်။ ပျော့ပျော့ ပြောင်းပြောင်း လုပ်ကိုင်ခြင်းသည် လမ်းမပေါ် ထွက်ခြင်းထက် ပို၍ ကောင်းသည် ဟုတော့ အာမခံချက် မရှိသော်လည်း၊ အနည်းဆုံးတော့ တစ်ခုခု အသစ်တော့ ဖြစ်မည် ဖြစ်သည်။

တစ်ချိန်တည်းတွင် သူမ လုပ်ကိုင်ရန် လိုအပ်သည့် တစ်ခုမှာ အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ဆိုးဝါးစွာ ပျက်စီးသွားသော သူမ၏ ပါတီကို တစ်ခုခု လုပ်ပေးရန် လိုသည့် အချက် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလွန် ကောင်းသော ခေါင်းဆောင် တစ်ဦး ဖြစ်ကောင်း ဖြစ်မည် ဖြစ်သော်လည်း နိုင်ငံရေး ပင်လယ်ကြောတွင် စီးမျောရန် စီးနိုင်ရန် သင့်တော်သော ရွက်လှေတစ်စီး လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် သူမသည်သာ တစ်ဦးတည်း အာဏာပိုင်သူ တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 9th November 2010

ဆင်းရဲ မွဲတေမှုနှင့် အစာရေစာ ပြတ်လပ်မှု မြင့်တက်လာခြင်းကို တားဆီးရန် အတွက် ထိရောက်မှု မရှိသော စိုက်ပျိုးမှု နည်းလမ်းများကို ပြင်ဆင်ကာ ကမ္ဘာ့ဆန် ထုတ်လုပ်မှုကို မြှင့်တင်ရန် အရေးပေါ် လုပ်ဆောင်ဖို့ လိုအပ် နေသည်ဟု ကျွမ်းကျင်သူများက ကမ္ဘာ့ဆန် ကွန်ဂရက်တွင် အင်္ဂါနေ့က ပြောကြားခဲ့ကြသည်။

"ကျွန်တော်တို့ အခု ချက်ခြင်း လုပ်ဆောင် ရမှာပါ။ နောက်အပတ်၊ နောက်လ၊ နောက်နှစ် မဟုတ်ပါဘူး၊ ဒီနေ့ စရမှာပါ" ဟု ကုလ သမဂ္ဂ လယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့ အကြီးအကဲ Kanayo Nwanze က ဟနွိုင်း ကွန်ဂရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆန်သည် ကမ္ဘာ့ လူဦးရေ ထက်ဝက်ခန့် ဖြစ်သော လူဦးရေ ၃ ဘီလျံကျော် အတွက် အဓိက အစားအစာ ဖြစ်နေပြီး ဆန်စိုက်ပျိုး ထုတ်လုပ်သော ဒေသများမှာ တစ်ရက်လျှင် ၁.၂၅ ဒေါ်လာပင် မရသည့် အစွန်းရောက် ဆင်းရဲ နွမ်းပါးသော လူဦးရေ သန်း ၅၆၀ နီးပါး နေထိုင်ရာ ဒေသများ ဖြစ်သည်။

လက်ရှိ နည်းလမ်းများကို ပြန်လှန် ပြင်ဆင်ခြင်း မပြုလုပ်ပါက ရုတ်တရက် မြင့်တက်လာသော ဆန်ဝယ်အားက ထုတ်လုပ်မှုကို မကြာမီ အတွင်း ကျော်တက် သွားလိမ့်မည်ဟု နိုင်ငံတကာ ဆန်သုတေသန အဖွဲ့အစည်း IRRI မှ Robert Ieigler က ဖိုရမ်သို့ ပြောကြားသည်။

အထက်ပါ နည်းလမ်းများတွင် အထွက် တိုးမှု နှေးကွေးခြင်းနှင့် သဘာဝ သယံဇာတာ စီမံခန့်ခွဲမှု မမှန်ကန်၊ မပြည့်ဝခြင်းတို့ ပါဝင်သည်ဟု ၎င်းကဆိုသည်။

ဗီယက်နမ်သည် ထိုင်းနိုင်ငံ၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဆန်တင်ပို့သော နိုင်ငံ ဖြစ်သော်လည်း နိုင်ငံ၏ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကဏ္ဍသည် လူဦးရေ လျှင်မြန်စွာ တိုးပွားလာခြင်း၊ သဘာဝ ဘေးအန္တရာယ် မကြာခဏ ပိုမို ကျရောက်မှုများ အပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းက ပြောကြားသည်။

"စားနပ်ရိက္ခာ လုံခြုံမှု သေချာစေဖို့ လုပ်ဆောင်ရေးဟာ စီးပွားရေး ကိစ္စအတွက်၊ လူသားချင်း စာနာတဲ့ ကိစ္စအတွက်သာ မကပါဘူး။ နိုင်ငံတွေနဲ့ ကမ္ဘာလုံး ဆိုင်ရာ လူမှု-နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိစေဖို့ အတွက်လည်း ထိထိ ရောက်ရောက် သက်ရောက်မှု ရှိပါတယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ အစာရေစာ မလုံလောက်သူ ၀.၅ % နေထိုင်နေသော အာရှဒေသတွင် စားနပ်ရိက္ခာ လုံခြုံမှု တိုးတက် လာစေရန် အတွက် အာရှ နိုင်ငံများ အနေဖြင့် ဆန်စိုက်ပျိုး ထုတ်လုပ်မှု သိသာစွာ တိုးမြင့်ရေးနှင့် ကောင်းစွာ စီမံ ခန့်ခွဲရေး တို့ကို လုပ်ဆောင်ရန် လိုအပ်သည်ဟု ဖော်ပြထားသော IRRI ၏ အစီရင်ခံစာ ထုတ်ပြန် အပြီးတွင် အထက်ပါ ၃ ရက်ကြာ ညီလာခံကို ကျင်းပခြင်း ဖြစ်သည်။

အာရှတိုက်တွင် ကမ္ဘာ့ ဆန်စပါး ၉၀ % စိုက်ပျိုး ထုတ်လုပ်နေပြီး ဆန်စပါး ကုမ္ပဏီ လုပ်ငန်းပေါင်း ၂၀၀ ကျော် ရှိသည်ဟု သိရှိရသည်။

သက္ကရာဇ် ၂၀၅၀ တွင် လူဦးရေ သန်း ၉ ထောင် ရှိလာမည့် လျှင်မြန်စွာ ကြီးထွားလာသော ကမ္ဘာ့ လူဦးရေကို စားနပ်ရိက္ခာ ဖူလုံစေရန် ယခု ညီလာခံက ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆန်ကွန်ဂရက် ကမကထ ပြု စီစဉ်သူ စိုက်ပျိုးရေး ဝန်ကြီး Cao Duc Phat ၏ အဆိုအရ သိရှိရသည်။

၎ နှစ် တစ်ကြိမ် ကျင်းပသည့် ဆန်ကွန်ဂရက်သည် ကမ္ဘာ့အကြီးဆုံး ဆန်လုပ်ငန်း နယ်ပယ် စည်းဝေးပွဲကြီး ဖြစ်ပြီး သုတေသန ပညာရှင်များ၊ ကုန်သည်များ၊ စိုက်ပျိုးရေး ဝန်ကြီးများ၊ အာရှတိုက်နှင့် ကမ္ဘာ တလွှားမှ အခြား ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀၀ ကျော် အတူတကွ စုဝေး ကြခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 8th November 2010

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ဖြစ်လိုသော အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက်ကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အားပေး ထောက်ခံလိုက်သည်။

၃ ရက်ကြာ ခရီးစဉ်၏ အပြီးသတ်၊ အိန္ဒိယ ပါလီမန်တွင် မိန့်ခွန်း ပြောကြားစဉ် သမ္မတ အိုဘားမားက အိန္ဒိယ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့သည်။

ကုလ သမဂ္ဂ၏ ထိပ်ပိုင်း စားပွဲတွင် နေရာ ရရန် နှစ်ပေါင်း များစွာ ကြိုးစား စည်းရုံးနေသော အိန္ဒိယနိုင်ငံကို ၎င်း၏ မှတ်ချက်များက နှစ်သိမ့် ကျေနပ် စေပါလိမ့်မည်။

အိန္ဒိယ အနေဖြင့် ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နေရာကို ချက်ချင်း ရလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း၊ မစ္စတာ အိုဘားမား ပြောကြားသည့် အတိအကျ မသိနိုင်သော ကုလသမဂ္ဂ ပြုပြင် ဖွဲ့စည်းမှုမှာ နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း အကဲခတ် လေ့လာသူများက ပြောကြားသည်။

အမေရိကန် ခေါင်းဆောင်က ဝါရှင်တန်-ဒေလီ ဆက်ဆံရေးသည် ယခု ရာစုနှစ်၏ ထင်ရှားသော လုပ်ဖော် ကိုင်ဖက်များ စာရင်း ဝင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

တရားဥပဒေ ရှေ့မှောက်သို့

"ကမ္ဘာ့ ခေါင်းဆောင် ၂ နိုင်ငံ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အတွက် လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လာမယ့် ၂ နှစ်ပြီးရင် လုံခြုံရေး ကောင်စီမှာ အိန္ဒိယနိုင်ငံ တာဝန်ယူတဲ့ အချိန်မှာပေါ့" ဟု သမ္မတ အိုဘားမားက ပြောကြား လိုက်ချိန်တွင် လက်ခုပ် သြဘာသံများ ဆူညံသွားသည်။

"အမေရိကားက ကြိုဆိုနေတဲ့ အဆက်မပြတ် ရှင်သန် တည်တံ့မယ့် နိုင်ငံတကာ အာဏာ တစ်ရပ်မှာ အရည်အချင်း ရှိတဲ့၊ ထိရောက်မှု ရှိတဲ့၊ သိက္ခာရှိတဲ့၊ တရားဝင်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီး ဖြစ်လာဖို့ ကိစ္စ ပါဝင်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီလို ပြောရတဲ့ အကြောင်းကတော့ လာမယ့်နှစ်တွေ အတွင်းမှာ အိန္ဒိယနိုင်ငံ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြုပြင် ဖွဲ့စည်းဖို့ ကျွန်တော် လေ့လာ နေလို့ပါပဲ" ဟု ၎င်းက ပြောကြားသည်။

လက်ရှိ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဗြိတိန်နှင့် ရုရှားတို့ ဖြစ်သည်။

အိန္ဒိယအတွက် နောက်ထပ် အရေးကြီးသော အချက်တစ်ခုမှာ ၎င်း၏ ဒေသတွင်း ပြိုင်ဖက် ပါကစ္စတန်မှ စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ သမ္မတ အိုဘားမားက ပြောကြားခဲ့မှု ဖြစ်သည်။

"ပါကစ္စတန် ခေါင်းဆောင်တွေဆီ ကျွန်တော်တို့ အခိုင်အမာ ဆက်လက် တောင်းဆိုရမှာ ကတော့ သူတို့ရဲ့ နယ်စပ်စည်း အတွင်းမှာ အကြမ်းဖက် သမားတွေ ဘေးကင်းစွာ ခိုလှုံနေတာဟာ လက်ခံ နိုင်စရာ မရှိဘူး ဆိုတဲ့ အချက်ပါပဲ၊ မွန်ဘိုင်း တိုက်ခိုက်မှု နောက်ကွယ်က အကြမ်းဖက် သမားတွေကို တရားဥပဒေ ရှေ့မှောက်ကို ပို့ဆောင် ရမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် မွန်ဘိုင်း (ဘုံဘေ) တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများကို အမှတ်တရ နေရာသို့ စနေ၊ တနင်္ဂနွေတွင် အိုဘားမား သွားရောက်ခဲ့သည် ဟုလည်း သိရှိရသည်။

အရေိကန် သမ္မတသည် အမေရိကန် ပို့ကုန်များ မြှင့်တင်ရန် ရည်ရွယ်သည့် အာရှ ၁၀ ရက် ခရီးစဉ်တွင် အင်ဒိုနီးရှား၊ တောင်ကိုးရီးယားနှင့် ဂျပန် နိုင်ငံများသို့ ဆက်လက် သွားရောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 4th November 2010

စကာင်္ပူ နိုင်ငံသည် စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရန် အကောင်းဆုံး နိုင်ငံ ဖြစ်နေဆဲဟု ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစီရင်ခံစာ အရ သိရှိရသည်။

ကုမ္ပဏီများ စီးပွားရေး လုပ်ရန် ဖြေလျှော့ပေးမှု အပေါ် နိုင်ငံပေါင်း ၁၈၃ နိုင်ငံအား အဆင့် သတ်မှတ်သည့် ကမ္ဘာ့ဘဏ် ၂၀၁၁ စီးပွားရေး အစီရင်ခံစာတွင် စကာင်္ပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်ခြင်း ဖြစ်သည်။

စီးပွားရေး လုပ်ငန်း စတင်ရန် လွယ်ကူမှု ချေးငွေ ရရှိနိုင်မှု အပေါ် မှတ်ကျောက် တင်သည့် အနေဖြင့် နိုင်ငံများကို အဆင့် သတ်မှတ်ရာတွင် ဗြိတိန်နိုင်ငံက အဆင့် (၄) နေရာနှင့် ချပ်ဒ် နိုင်ငံက အောက်ဆုံး အဆင့်တွင် ရှိနေသည်။

ကာဇက်စတန်ကမူ ပြီးခဲ့သော တစ်နှစ်လုံး အတိုးတက်ဆုံး ပြသခဲ့သည်။

ဂျော်ဂျီယာ ကမူ လွန်ခဲ့သော ၅နှစ်အတွင်း ကြီးကြီးမားမား တိုးတက်မှု ရှိခဲ့ကြောင်း တွေ့မြင်ရသည်။

ကုမ္ပဏီ တည်ထောင်ရန် အကောင်းဆုံး နိုင်ငံများ-

Source: ကမ္ဘာ့ဘဏ် ၂၀၁၁ စီးပွားရေး အစီရင်ခံစာ

(၁) စကာၤပူ

(၂) ဟောင်ကောင်

(၃) နယူးဇီလန်

(၄) ယူနိုက်တက် ကင်းဒမ်း(ဗြိတိန်)

(၅) အမေရိကန် ပြည်ထောင်စု

(၆) ဒိန်းမတ်

(၇) ကနေဒါ

(၈) နော်ဝေး

(၉) အိုင်ယာလန်

(၁၀) ၾသစေၾတးလ်

၂၀၀၄ နောက်ပိုင်း ထုတ်ပြန်ခဲ့သော နှစ်ပတ်လည် စီးပွားရေး အစီရင်ခံစာသည် စံညွှန်း မှတ်ကျောက် (၉) ခု အပေါ်တွင် လေ့လာ တင်ပြခြင်း ဖြစ်သည်။

အကဲဖြတ်ရာတွင် လေ့လာသည့် အခြားအချက် ၇ ချက်မှာ အခွန် ပေးဆောင်မှု၊ နယ်စပ် ကုန်သွယ်ရေး၊ ပိုင်ဆိုင်မှု မှတ်ပုံ တင်ခြင်း၊ ဆောက်လုပ်ရေး ပါမစ် ရရှိနိုင်မှု၊ စီးပွားရေး လုပ်ငန်း ပိတ်သိမ်းမှု၊ ကန်ထရိုက် စာချုပ်ပါ အချက်များ လိုက်နာရန် ဖိအား ပေးနိုင်မှု၊ ရင်းနှီး မြှုပ်နှံသူများ အကာအကွယ် ပေးမှုတို့ ဖြစ်သည်။

အစီရင်ခံစာတွင် တိုင်းပြည်၏ အခြေခံ အဆောက်အဦး၊ လုပ်သား အင်အားစု ကျွမ်းကျင်မှု စွမ်းရည်နှင့် လုံခြုံရေး စသော ကျယ်ပြန့်လွန်းသည့် အခြေအနေ များကိုမူ လေ့လာခြင်း မပြုပါ။

ဟောင်ကောင်က အဆင့်(၂)၊ နယူးဇီလန်က အဆင့်(၃)၊ အမေရိကန် ပြည်ထောင်စုက ဗြိတိန်၏ နောင်တွင် အဆင့် (၅) အသီးသီး ရပ်တည်နေကြပြီး ထိပ်ဆုံးမှ ၅ နိုင်ငံ စလုံးမှာ ယခင်နှစ်က အဆင့်အတိုင်း အလားတူ ပြန်လည် ရရှိကြခြင်း ဖြစ်သည်။

၁၈၃ နိုင်ငံ လေ့လာမှု စစ်တမ်းတွင် ၁၁၇ နိုင်ငံမှာ ၂၀၀၉ ဇွန်လမှ ၂၀၁၀ မေလ အကြား စီးပွားရေး ဦးစားပေး ဥပဒေသစ်များ အကောင်အထည် ဖော်ခဲ့ကြသောကြောင့် ၂၀၁၁ အစီရင်ခံစာတွင် အကြုံး ဝင်ခဲ့ကြသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။

အစိုးရ အဖွဲ့များက ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ကိစ္စရပ်များကို တုန့်ပြန် ဆောင်ရွက် ခဲ့ကြသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးနှင့် စီးပွားရေး အကြပ်အတည်းကို တွန်းလှန်သည့် အနေဖြင့်  ကမ္ဘာတလွှားမှ မူဝါဒ ချမှတ်သူ အစိုးရများက ပြည်တွင်း ကုမ္ပဏီများ စတင်မှုနှင့် လည်ပတ်မှု လွယ်ကူစေရန် ပြီးခဲ့သော တစ်နှစ်လုံး အဆင့်ဆင့် ဆောင်ရွက် နိုင်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အချို့ စီးပွားရေး နိုင်ငံများ အခြားသူများထက် ပိုမို ပြင်းထန်စွာ ထိခိုက်ခဲ့ချိန်တွင် စီးပွားရေး ကုမ္ပဏီ လုပ်ငန်းများ စတင်ရန်၊ နှင့် လည်ပတ်ရန် လွယ်ကူမှု (သို့) ခက်ခဲမှု ရှိ/မရှိ၊ ထိရောက်သော တရား စီရင်ရေးနှင့် ကြွေးမြီမဆပ်မှု အရေး ယူခြင်းများ ရှိ/မရှိ၊ ယင်းအချက်များက ကုမ္ပဏီများ၏ အကျပ်အတည်း ကျော်လွှားနိုင်မှုနှင့် အခွင့်အလမ်း သစ်များကို လျင်မြန်စွာ ဖမ်းဆုပ်မှုအပေါ် လွှမ်းမိုးနိုင်မှု စသည်တို့ကို လေ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

ယခု နောက်ဆုံး စီးပွားရေး အစီရင်ခံစာ၌ ဒေသအလိုက် ပိုင်းခြား လေ့လာထားရာ၊ အရှေ့ ဥရောပနှင့် ဗဟိုအာရှဒေသမှ တိုင်းပြည်များသည် ပြီးခဲ့သော ၁၂ လအတွင်း စီးပွားရေး လုပ်ငန်းများ လွယ်ကူစေရန် အများဆုံး လုပ်ဆောင်ခဲ့ကြပြီး တိုင်းပြည်အားလုံး၏ ၈၄ % မှာ စီးပွားရေး ဦးစားပေး ပြုပြင် ပြောင်းလဲမှု အနည်းဆုံး တစ်ခုကို လုပ်ဆောင် နိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ကမ္ဘာတလွှား တိုးတက်မှု အရှိဆုံး မှတ်တမ်း ဝင်ခဲ့သည့် ကာဇက်စတန်သည် ၎င်း၏ ကုမ္ပဏီ ဆိုင်ရာ ဥပဒေများ ပြင်ဆင်ခြင်း၊ ကုမ္ပဏီ လုပ်ငန်း စတင်ရန် လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ခြင်း၊ ဆောက်လုပ်ခွင့် ပါမစ် ရရှိမှု လွယ်ကူ ရိုးရှင်းစေခြင်းတို့ အပါအဝင် ဆောင်ရွက်ချက် များစွာကို ပြုလုပ်ခဲ့သည်။

အရှေ့ အာရှနှင့် ပစိဖိတ် ဒေသသည်လည်း ဒေသတွင်း နိုင်ငံ လေးပုံ သုံးပုံခန့်က ကုမ္ပဏီများ၏ ရှင်သန် နိုင်မှု လွယ်ကူစေရန် အနည်းဆုံး ပြုပြင် ပြောင်းလဲမှု တစ်ခုစီ ပြုလုပ်ကြခြင်းဖြင့် အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့သော နောက်ထပ် ဒေသ တစ်ခု အဖြစ် ရပ်တည်ခဲ့သည်။

လက်တင် အမေရိကန်နှင့် ကာရစ်ဘီယန် နိုင်ငံများမှာမူ စီးပွားရေး ဦးစားပေး ပြုပြင် ပြောင်းလဲမှု တစ်ခုစီ (သို့) ပို၍ ပြုလုပ်သော နိုင်ငံ ၄၇ % သာ ရှိသောကြောင့် တိုးတက်မှု အနည်းဆုံး နိုင်ငံအဖြစ် မြင်တွေ့ကြရသည်။

စကာင်္ပူ၏ အရည်အချင်း

စကာင်္ပူ နိုင်ငံ ထိပ်ဆုံးမှ ဦးဆောင်နေခြင်းမှာ အကြောင်းရင်း များစွာ ရှိသည်ဟု အစီရင်ခံစာ ပူးတွဲ ရေးသားသူ ဒါလီယာ ခါလီဖာက BBC သို့ ပြောကြားသည်။

"စကာင်္ပူဟာ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ကျွန်မတို့ရဲ့ အစီရင်ခံစာမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်" ဟု သူမက ဆိုသည်။

"စကာင်္ပူဟာ ပို့ကုန်နဲ့ သွင်းကုန် လုပ်ငန်းအတွက် စွမ်းဆောင်ရည် အကောင်းဆုံး နေရာ အဖြစ် ရိုးရိုးလေး ရပ်တည်နေပါတယ်။ ဥပမာ ပြောရရင် ရှင့်အနေနဲ့ ကုန်စည်တွေ တင်ပို့ဖို့နဲ့ တင်သွင်းဖို့ အတွက် အထောက်အထား ၄ ခုပဲ လိုပါတယ်။ ဒီအချက်ဟာ ကမ္ဘာ့ အကောင်းဆုံး လုပ်ထုံးလုပ်နည်း တစ်ခု ဖြစ်နေဆဲ ပါပဲ။ ရင်းနှီး မြှုပ်နှံသူတွေနဲ့ လူနည်းစု ရှယ်ယာစုတွေကို အကာအကွယ် ပေးရာမှာလည်း စကာင်္ပူက ဦးဆောင် နိုင်ငံတစ်ခုပါ" ဟု သူမက ဆက်လက် ပြောဆိုသည်။

လတ်တလော ကမ္ဘာဒုတိယ အကြီးဆုံး စီးပွားရေး အင်အားကြီး ဖြစ်လာသော တရုတ်မှာမူ စကာင်္ပူနှင့်များစွာ ပြတ်ကျန်ရစ်ကာ အဆင့် (၇၉) တွင် ရပ်တည်နေသည်။

ဗြိတိန်၏ ချီးမွမ်းစရာ

ဗြိတိန်နှင့် ပတ်သက်၍ ခါလီဖာက ပြောကြားရာတွင် ၎င်းနိုင်ငံ၌ ကုမ္ပဏီများ ချေးငွေရရှိရန် လွယ်ကူမှုနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် ခိုင်မာသော ဥပဒေကြောင်း အခွင့်အရေးများ ရှိနေမှုကြောင့် အစီရင်ခံစာတွင် ချီးကျူး ဂုဏ်ပြုထားသည်ဟု ဆိုသည်။

ချေးငွေ သတင်း အချက်အလက် ဆိုင်ရာ ဗြိတိန်၏ ထိရောက်သော စနစ်နှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို တရားရုံးများတွင် ကိုင်တွယ်ဖြေရှင်းမှု မြန်ဆန်ခြင်းတို့ကို အစီရင်ခံစာ ထုတ်ဖော် ရည်ညွှန်းထားသည်။

အာဖရိက တိုက်တွက် စွမ်းဆောင်ရည် အကောင်းဆုံးမှာ မောရစ်သျှ နိုင်ငံဖြစ်၍ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၂၀) တွင် ရှိနေသည်ဟု သိရသည်။

အဆင့် ၂၂ ဂျာမဏီ၊ အဆင့် ၂၅ ဘယ်လ်ဂျီယံ၊ အဆင့် ၂၆ ပြင်သစ်၊ အဆင့် ၂၇ ဆွစ်ဇာလန်၊ အဆင့် ၃၀ နယ်သာလန် တို့ ပါဝင်သည့် အနောက်ဥရောပ တိုင်းပြည်များကို မောရစ်သျှက အနိုင်ယူ သွားခြင်းပင် ဖြစ်သည်။

အဆင့်ကောင်း ရရှိသော အခြား အာဖရိက နိုင်ငံများမှာ တောင်အာဖရိက (၃၄) နှင့် ဘော့ဆွာနာ (၅၂) တို့ဖြစ်သည်။ အဆင့် ၅၈ ရရှိသည့် ရဝမ်ဒါမှာ ယခင်နှစ် အဆင့် ၇၀ မှ တက်လာခြင်း ဖြစ်ပြီး၊ လွန်ခဲ့သော ၁၂ လနှင့် ၅ နှစ်အတွင်း ဒုတိယ တိုးတက်မှု အရှိဆုံး တိုင်းပြည် ဖြစ်သည်။

ချဒ် နိုင်ငံကမူ စွမ်းဆောင်ရည် အဆိုးဝါးဆုံး အဖြစ် ၂ နှစ် ဆက်တိုက် ရပ်တည်ခဲ့သည်။

ကျယ်လောင်သော အသိပေးမှု

စီးပွားရေး လုပ်ရန် အကောင်းဆုံး တိုင်းပြည်များ စာရင်းတွင် မက္ကဆီကိုက အဆင့် ၃၅၊ ပီရူးက ၃၆ ရရှိကြပြီး အဆင့် ၃၉ သို့ တဆင့် ကျသွားသော ကိုလံဘီယာကို ကျော်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ဝဲယိမ်း သမ္မတ ဟူရိုချားဗက်စ် ဗင်နီဇွဲလားမှာမူ ဒေသတွင်း စီးပွားရေး လုပ်ကိုင်ရန် အဆိုးဝါးဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်ကာ ကမ္ဘာ့အဆင့် ၁၇၂ တွင် ရှိနေသည်။ အရှေ့ အလယ်ပိုင်းမှ ဆော်ဒီ အာရေဗီယားကမူ စွမ်းဆောင်ရည် အကောင်းဆုံး အဆင့် (၁၁) ရရှိပြီး ၎င်း၏ နောက်မှ ဘာရိန်းက ၂၈၁ အစ္စရေးက ၂၉ ဖြင့် အသီးသီး ရပ်တည်နေသည်။

"ကုမ္ပဏီတွေ စီးပွားရေး လုပ်လို့ လွယ်ကူအောင် ပြုလုပ်နေတဲ့ နိုင်ငံတွေကို များများ ပိုတွေ့လာရတာ ဝမ်းသာ ကျေနပ်စရာပါ" ဟု ခါလီဖာက ဖြည့်စွက် ပြောကြားသည်။

"အခု အသိပေးမှုက ကျယ်လောင်တယ်၊ ကြည်လင်တယ်၊ နိုင်ငံတွေ အနေနဲ့ အငယ်စားနဲ့ အလတ်စား ကုမ္ပဏီတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်ရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးဟာ သိပ်ကို အရေးကြီးတယ် ဆိုတာကို သိရှိသွားကြပါပြီ" ဟု သူမက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.