Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား လူမျိုးများ အကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်သွားနိုင် လိမ့်မည်ဟု တရုတ် နိုင်ငံက ယုံကြည်ပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်သည် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် မြန်မာ နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထမဆုံးသော သဘောထား တုံ့ပြန်ချက် တစ်ရပ် ဖြစ်သည်။

"မြန်မာနိုင်ငံ အနေနဲ့ အဆင့် ၇ ဆင့်ပါ နိုင်ငံရေး လမ်းပြ မြေပုံအတိုင်း ဆက်လက် အကောင်အထည် ဖော်သွားနိုင်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု ရှိရေး၊ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး စတာတွေကို ဆက်လက် ထိန်းသိမ်း သွားနိုင်မယ်လို့ တရုတ်နိုင်ငံက ယုံကြည် မျှော်လင့်လျက် ရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei က ပြောကြားသည်။

မြန်မာနိုင်ငံ ရှေ့ဆက်သွားမည့် နိုင်ငံရေး လမ်းပြ မြေပုံကို မြန်မာ အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး စစ်အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေး စနစ်သို့ လွှဲပြောင်းပေးရန် ဦးတည်ထားခြင်း ဖြစ်သည်။

မကြာသေးမီ ရက်သတ္တပတ်က ကျင်းပ ပြီးစီးသွားသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲသည် အဆိုပါ လမ်းပြ မြေပုံတွင် ပါဝင်သော အဆင့်တစ်ခု ဖြစ်သည်။ သို့သော် ယင်းရွေးကောက်ပွဲသည် စစ်အုပ်ချုပ်မှု စနစ်အောက်သို့ အရပ်ဘက် အုပ်ချုပ်ရေးကို သွတ်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲ တစ်ရပ်သာ ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ Hong Lei အား နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု၊ သူမနှင့် မြန်မာ အစိုးရအကြား ဒိုင်ယာလော့ခ် ပြုလုပ်ရန် တရုတ်နိုင်ငံက အားပေး အားမြှောက် ပြုခဲ့ခြင်း ရှိ၊မရှိ ဟူသော အရေး ကိစ္စတို့နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက ဖြေကြားမှု မပြုခဲ့ပေ။

တရုတ်သည် တောင်ပိုင်း ဒေသဆီမှ အိမ်နီးချင်း မြန်မာနိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားလျက် ရှိသည်။ အထူးသဖြင့် ဘိန်းဘုရင်များ၊ သူပုန် တပ်ဖွဲ့များ ခြေကုပ်ယူ လှုပ်ရှားလျက် ရှိသော တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဒေသတစ်လျှောက် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်း ထားနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ တရုတ် အစိုးရသည် မြန်မာ စစ်အစိုးရနှင့် အနီးကပ် ချစ်ကြည်ရင်းမှုနှင့် ဆက်ဆံမှု ရှိသည့်တိုင် ပြည်တွင်းမှ အစိုးရ အတိုက်အခံ များနှင့်လည်း အဆက်အသွယ်များ ရရှိထားသည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်တစ်နေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် အနီးကပ် ချစ်ကြည် ရင်းနှီးမှု ရရှိထားမှုများ ရှိသော်လည်း တရုတ်နိုင်ငံ အပေါ် ရန်သူအဖြစ် ရှုမြင်မှု မရှိပါကြောင်း ထုတ်ဖော် ပြောဆိုသည်။ မြန်မာ စစ်အစိုးရသည် ဒေါ်အောင်ဆန်း စုကြည်အား နှစ်ပေါင်း ၂၀ တာ ကာလ အတွင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

တရုတ် နိုင်ငံသည် လက်ရှိ မြန်မာနိုင်ငံ ဘဏ္ဍာရေး နှစ်အတွင်း အမေရိကန် ဒေါ်လာ ၈ ဒဿမ ၁၇ ဘီလီယံ တန်ဖိုး ဝင်ရောက် ရင်းနှီး မြှုပ်နှံခဲ့ကြောင်း မြန်မာနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သော တရားဝင် စာရင်း ဇယားများက ဆိုသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ စွမ်းအင် ထုတ်လုပ်ရေး အခန်းကဏ္ဍတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားသည်။ (ရေအား လျှပ်စစ် ထုတ်လုပ်ရေးတွင် ၅ ဘီလီယံ ဒေါ်လာ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး အခန်းကဏ္ဍတွင် ၂ ဒဿမ ၁၅ ဘီလီယံ ဒေါ်လာ)။ သို့သော် မြန်မာ စစ်အစိုးရက ထုတ်ပြန်သော တရားဝင် စာရင်း ဇယားများသည် ယုံကြည် စိတ်ချရမှု မရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြန်မာ နိုင်ငံသည် တရုတ် နိုင်ငံအတွက် အိန္ဒိယ ပင်လယ်ပြင် ထွက်ပေါက် တစ်ခု ဖြစ်လျက် ရှိရာ ရေနံ၊ သဘာဝ ဓာတ်ငွေ့များ တင်သွင်းမှုနှင့် တရုတ် အနောက် တောင်ပိုင်း၊ ကုန်းတွင်းပိတ် ဒေသမှ ကုန်ပစ္စည်များ တင်ပို့မှု တို့အတွက် များစွာ အထောက်အကူ ပြုလျက် ရှိရုံသာမက တရုတ် စစ်ဘက် အခြေစိုက် စခန်းများ ထားရှိရေး၊ ကင်းထောက်လှမ်းရေး စခန်းများ ဖွင့်လှစ်ရေး အစ ရှိသည်တို့ အတွက်ပါ အထောက်အကူ ပြုလျက် ရှိသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th November 2010

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နှစ်ရက် အကြာတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံ ငြိမ်းချမ်းသော တော်လှန်ရေး အတွက် ရည်မှန်းကြောင်း ပြောခဲ့သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးချုပ်တွင် BBC အား ပြောကြားရာ၌ မြန်မာ နိုင်ငံတွင် တဖြည်းဖြည်း ဒီမိုကရေစီ ရလာမည်မှာ သေချာကြောင်း၊ သို့သော် မည်မျှ ကြာမည်ကို သူမ မသိကြောင်း ဆိုသည်။

စစ်ဗိုလ်ချုပ်များနှင့် စကားပြောရန် မည်သည့် အခွင့်အရေးကို မဆို အသုံးချမည်ဟု သူမက ပြောကြားခဲ့သည်။

သူမအား ရွေးကောက်ပွဲ ကျင်းပ အပြီး ခြောက်ရက် အကြာတွင် စစ်အစိုးရက လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ပါတီသည် လွန်ခဲ့သည့် အနှစ် နှစ်ဆယ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း၊ အာဏာ ရယူခွင့် မပေးခဲ့ပါ။

ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင်မူ အကြီးဆုံးဖြစ်သော စစ်တပ် နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က အနိုင် ရခဲ့သော်လည်း၊ အနောက် နိုင်ငံများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟု ရှုတ်ချခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်

BBC ကမ္ဘာ့ ရေးရာ အယ်ဒီတာ John Simpson က ပြောကြားရာတွင် အင်တာဗျူးကို အချို့ လုံခြုံရေး တာဝန်ရှိသူများက NLD ရုံးချုပ်လမ်း၏ တဖက်မှ စောင့်ကြည့် နေသော်လည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် စစ်အစိုးရအား ပြုတ်ကျ သွားစေရန်  သူမ မလိုလားကြောင်း၊ သို့သော် ပြောင်းလဲမှု ပြုလုပ်ရန်နှင့် တိုင်းပြည်အတွက် ပိုမို ကောင်းအောင် လုပ်ဆောင် ပေးရန်သာ လိုလားကြောင်း ဆိုသည်။

"စစ်တပ် ကျဆုံး သွားတာကို ကျွန်မ မကြည့်လိုပါဘူး။ စစ်တပ်ဟာ စွမ်းရည် မြင့်မားတဲ့ လေးစား လောက်တဲ့ အဆင့်တစ်ခုမှာ မြင်တွေ့လိုပါတယ်။ စစ်မှန်တဲ့ မျိုးချစ်စိတ် ကိုလည်း တွေ့လိုပါတယ်" ဟု သူမက ပြောသည်။

"ပြည်သူ လူထု ဘာကို လိုလားတယ် ဆိုတာ ရှင်းနေတယ်လို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေက လုံခြုံမှုနှင့် လွတ်လပ်ခြင်းကို အခြေခံတဲ့ ပိုမို ကောင်းတဲ့ ဘဝကိုပဲ လိုချင်တာပါ" ဟု သူမက ပြောသည်။

သူမ၏ လွတ်လပ်ခွင့်များကို ကန့်သတ်မှုများ ပြုလုပ်ခြင်းများ အတွက် မည်သို့မျှ ထိခိုက်မှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားခဲ့သည်။

သို့သော် သူမ၏ ပြောဆိုမှုများ လုပ်ဆောင်မှုများ အတွက် စစ်အစိုးရက ထပ်မံ၍ သူမအား အကျဉ်းချ ထားဦးမည် ဆိုပါကလည်း ခံယူရန် လုံးဝ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သူမက ဆိုသည်။

နိုဘယ် ဆုရှင်သည် လွန်ခဲ့သည့် (၂၁) နှစ်အတွင်း (၁၅) နှစ်ခန့် အထိန်းသိမ်း ခံခဲ့ရသည်။ သူမသည် နေအိမ် အကျယ်ချုပ် ကာလပြီး ဆုံးသည့် စနေနေ့က ပြန်လည် လွတ်မြောက်ခဲ့သည်။

တနင်္ဂနွေနေ့က သူမအား ထောက်ခံသော အလွန်အမင်း ပျော်ရွှင်နေသည့် ထောင်ပေါင်း များစွာသော လူအုပ်ကြီးသည် သူမ၏ စကား ပြောမှုကို နားထောင်ရန် စုရုံး ရောက်ရှိခဲ့ကြရာ၊ သူမက မြန်မာ ပြည်သူများ စည်းလုံးကြရန် တိုက်တွန်းခဲ့သည်။

အကြီးဆုံး အမေရိကန် သံတမန် သံရုံးယာယီ တာဝန်ခံ Larry Dinger က BBC သို့ ပြောကြားရာတွင် အမေရိကန် အနေဖြင့် အခြား ဘာမျှ မလုပ်လိုကြောင်း၊ အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည် တို့အကြား ရင်ကြား စေ့ရေးကိုသာ အားပေးလိုကြောင်း ဆိုသည်။

"ပွင့်ပွင့် လင်းလင်း ပြောရရင်၊ သူမ၏ ဖြစ်ပေါ် ပြောင်းလဲမှု၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် ပြောင်းလဲမှုတွေကို အမေရိကန်က အဆုံးအဖြတ် ပြုရမှာ မဟုတ်ပါဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အမြင် ပြောရရင် မြန်မာ ပြည်သူ တွေကပဲ လုပ်ကြရမှာပါ" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ အကောင်းဆုံး လုပ်ပေး နိုင်တာကတော့ နေပြည်တော်က အစိုးရရယ်၊ တိုင်းရင်းသား အုပ်စုတွေရယ်၊ ဒီမိုကရက်တစ် အသိုင်းအဝိုင်းက အမျိုးမျိုးသော ပလေယာတွေကို ကိုယ့်ကိစ္စ ဝိုင်းဝန်း ဖြေရှင်းကြဖို့ အဖက်ဖက်က အားပေး နိုင်ရုံပါပဲ" ဟု ၎င်းက ဆိုသည်။

ဒေသတွင်းတွင် အာဆီယံ နိုင်ငံများကြားတွင် သူမ၏ လွတ်မြောက်မှု အတွက် စိတ်အား ထက်သန်မှု အဆင့် အမျိုးမျိုး ရှိကြသည်ဟု BBC မှ  Vaudine England က သတင်း ပေးပို့ခဲ့သည်။

အာရှတိုက်၏ ဒီမိုကရေစီ နိုင်ငံများသည် ကြေညာချက်များ ထုတ်ပြန်၍ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရေး မျှော်လင့်ကြောင်း သူမအား ထောက်ခံ ခဲ့ကြသည်။

"နောက်ထပ် စိန်ခေါ်မှု တစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူမအား ထောက်ခံသူ တွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ အတွက် အဖြေအတွက် အစိတ်အပိုင်းများ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲရေးမှာ တိုးတက်အောင် လုပ်ပေးတဲ့ အစိတ်အပိုင်းက ပါဝင် နိုင်ရေးပါပဲ" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောသည်။

ဂျပန် နိုင်ငံခြားရေး ဌာန သတင်း ထုတ်ပြန်ရေး အတွင်းရေးမှူး Satoru Sato ကလည်း ထိုအမြင်ကိုပင် ထောက်ခံ ပြောကြားခဲ့သည်။

"အခု ကျွန်တော်တို့က မြန်မာ အစိုးရကို လူ့အခွင့်အရေး ကိစ္စ တိုးတက်ရေး၊ ဒီမိုကရေစီ ပြောင်းလဲမှု တိုးတက်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေမှာ အပေါင်း လက္ခဏာ ဆောင်တဲ့ ကိစ္စတွေ ဖြစ်လာဖို့ မျှော်လင့်နေပါတယ်" ဟု Sato က ပြောသည်။

ထိုင်းဝန်ကြီးချုပ် Abhisit က ပြောကြားရာတွင် အဖြစ် အပျက် တစ်ခုလောက်နှင့် ကြီးမားသော ပြောင်းလဲမှု ဖြစ်ရန် လုံလောက်ပြီဟု မထင်စေ ကြလိုကြောင်း ဆိုသည်။

"စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲလွန် ကာလတွေမှာ ဘယ်လို ပုံပေါ်လာမလဲ ဆိုတာတွေ စောင့်ကြည့် ရပါမယ်"ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် တရုတ်၊ စကာင်္ပူနှင့် အိန္ဒိယတို့ နှင့်အတူ မြန်မာ နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။ နယ်စပ်မှ ဒုက္ခသည်များ လျော့ကျရေး အတွက် ထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံ၏ တည်ငြိမ်ရေးကို လိုလားသူ ဖြစ်သည်။

တရုတ်၊ စကာင်္ပူနှင့် ဗီယက်နမ်တို့မှာ ဒေါ်အာင်ဆန်း စုကြည်၏ လွတ်မြောက်မှုနှင့် ပတ်သက်၍ အနည်းငယ်စီသာ ပြောကြားကြကြောင်း BBC သတင်းထောက်က ပြောသည်။

အချို့ သုံးသပ်သူများက ပြောကြားရာတွင် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသည် မြန်မာ နိုင်ငံအပေါ် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ အတွက် အရေးယူ ပိတ်ဆို့မှုများ ပြောင်းလဲ သွားရေးကို ဖြစ်စေမည် ဆိုပါက၊ မြန်မာ့ စီးပွားရေးတွင် တရုတ်၏ ဦးဆောင်မှု ကဏ္ဍမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင် ရနိုင်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Gulf Times, 16th November 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ အစိုးရက လွှတ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂအား အရှေ့တီမော သမ္မတ Jose Ramos Horta က ယမန်နေ့က တိုက်တွန်းလိုက်သည်။

လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့တွင် အကျယ်ချုပ် ကျခံနေရာမှ စနေနေ့တွင် လွတ်မြောက် လာခြင်းအပေါ် ပျော်ရွှင်မိကြောင်း Ramos Horta က ထုတ်ဖော် ပြောကြားခဲ့သည်။

"၁၅ နှစ်ကျော်ကျော် အကြောင်းမရှိပဲ  အကျယ်ချုပ် ဖမ်းဆီး ခံနေရာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမှုကြောင့် ကျွန်တော် အလွန် ပျော်ရွှင်မိပါတယ်။ ဒါကို ကောင်းတဲ့ အရာ တစ်ခု အဖြစ် ကျွန်တော် ရှုမြင်ပါတယ်။ ဒီလို လွှတ်ပေးခဲ့တဲ့ မြန်မာ စစ်ဖက် အစိုးရလည်း ဂုဏ်ပြု ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"မြန်မာ နိုင်ငံ အပေါ် တင်းကြပ်တဲ့ အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကားနဲ့ ဥရောပ ၂ ဖွဲ့စလုံးက အရေးယူမှုတွေ ရုတ်သိမ်း သွားစေဖို့ ကျွန်တော် မျှော်လင့်ပြီး စောင့်စားနေပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

အရေးယူမှုများသည် မြန်မာ ပြည်သူများကို မရည်ရွယ်ပဲ စစ်အစိုးရကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဝါရှင်တန်နှင့် ဘရပ်ဆယ်က ပြောကြားလျက် ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲ နွမ်းပါးသော တိုင်းပြည်အပေါ် စီးပွားရေး အရ ပိတ်ဆို့ထားခြင်းသည် ကောင်းမွန်သော ကျင့်ဝတ် မဟုတ်ဟု ၎င်းက မှတ်ချက် ပေးသည်။

အနှစ် ၅၀ စစ်အုပ်ချုပ်ရေး ခိုင်မြဲစေရန် ရည်ရွယ်သည့် လှည့်စားမှု တစ်ခုသာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက် နိုင်ငံ ခေါင်းဆောင်များက ပြစ်တင် ဝေဖန်ခဲ့ကြသော ရွေးကောက်ပွဲများကို ပြုလုပ်ပြီး တစ်ပတ် နီးပါး အကြာတွင် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters , 15th November 2010

အမေရိကန် ပြည်ထောင်စုသည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တွင် အရေးယူ ပိတ်ဆို့မှုများကို အကဲဖြတ်လျက် ရှိရာ မြန်မာနိုင်ငံမှ တပ်မတော် နောက်ခံ အစိုးရသစ်နှင့် ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်နေသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားသည်။

"လာမယ့် သီတင်းပတ်တွေမှာ အစည်းအဝေးတွေ ရှိပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး "ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ အစိုးရက ဘယ်လို ဆက်ဆံသလဲ ဆိုတာကို ဝါရှင်တန် အနီးကပ် စောင့်ကြည့် သွားမှာပါ" ဟု ဖြည့်စွက် ပြောဆိုသည်။

"မြန်မာနိုင်ငံနဲ့ အရင်ကနဲ့ မတူတဲ့ ပုံစံ တစ်မျိုးနဲ့ ဆက်ဆံဖို့ ကျွန်တော်တို့ ကြိုတင် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံဖက်က လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်" ဟု Crowley က ပြောကြား သော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပါ။ "ကျွန်တော်တို့ရဲ့ မူဝါဒ ပြောင်းလဲဖို့ အတွက် သူတို့ဖက်က တစ်ခုမက လုပ်ဆောင်ကြမှာပါ" ဟု ၎င်းက ဆိုသည်။

တပ်မတော် နောက်ခံပါတီ အနိုင် ရရှိသွားပြီ၊ စစ်အစိုးရ၏ အုပ်ချုပ်မှု သက်ဆိုး ရှည်ရန် ရည်ရွယ်သည့် အတုအယောင် အဖြစ် ပြည်ပ လေ့လာသူများက ကန့်ကွက်ခဲ့ကြသည့် ရွေးကောက်ပွဲများကို နိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများက ကျင်းပပေးခဲ့ပြီးနောက် တစ်ပတ်ခန့် အကြာတွင် ၇ နှစ် ဆက်တိုက် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် တရားဝင် နိုင်ငံရေးအရ ရပ်တည်ခွင့် ရှိမည် မဟုတ်သော်လည်း အထူးသဖြင့် အရေးယူ ပိတ်ဆို့မှု ကိစ္စနှင့် ပတ်သက်ပြီး အနောက် နိုင်ငံများနှင့် အိမ်တွင်းပုန်း စစ်ခေါင်းဆောင်များ အကြား ဆက်သွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ တစ်ချိန်က ထောက်ခံခဲ့သော အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အနောက် နိုင်ငံများနှင့် ဒိုင်ယာလော့ စတင် ပြုလုပ်ရန် ဆန္ဒရှိကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ အဆိုပါ အရေးယူ ပိတ်ဆို့မှုများသည် စစ်ဖက် အုပ်ချုပ်သူ များထက် မြန်မာ ပြည်သူများကိုသာ ထိခိုက် စေခဲ့သည်ဟု ယခုအခါ လေ့လာသူများက ပြောဆိုထားသည်။

အနောက် နိုင်ငံများကလည်း သယံဇာတ ကြွယ်ဝသော တိုင်းပြည်မှ ၎င်းတို့ ကြီးမားစွာ စွန့်လွှတ် ထွက်ခွာခဲ့ရပြီး အိမ်နီးချင်း တရုတ်၊ ထိုင်းနှင့် အိန္ဒိယ နိုင်ငံများက အရင်းအနှီးများ သွန်ထည့်ကာ အပြေးအလွှား နေရာ ဝင်ယူသည့် အခြေအနေကို ဖြစ်ပေါ် စေခဲ့သည့် အရေးယူ ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် စိတ်ဝင်စား နေကြပြီ ဖြစ်သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား အာဏာ ရလာပြီးနောက် စတင်ခဲ့သည့် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာအာဏာပိုင်များ အကြား ရလဒ်မဲ့ ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲ ဖြစ်လာမည့် ဆွေးနွေးပွဲများ ထပ်မံ ပြုလုပ်ရန် အတွက် အမေရိကန်၏ မျှော်လင့်ထားမှု အသေးစိတ်ကို Crowley က ပြောကြားရန် ငြင်းဆိုသည်။

"အဲဒီနိုင်ငံမှာ အစိုးရသစ် ပေါ်လာမှာပါ။ တရားဝင် နိုင်ငံရေး လုပ်ငန်းစဉ်က တဆင့် အာဏာ ရလာတာ မဟုတ်တာကတော့ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့ဆုံ ညှိနှိုင်းဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်" ဟု Crowley က ပြောကြားသည်။

မြန်မာ နိုင်ငံအပေါ် ထားရှိမည့် အမေရိကန် ပြည်ထောင်စု၏ မူဝါဒသည် တွေ့ဆုံ ဆွေးနွေးမှုနှင့် အရေးယူ ပိတ်ဆို့မှုကို ဆက်လက် ပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆိုပါ တိုင်းပြည်တွင် ပိုမို ကျယ်ပြန့်၍ အားလုံးနှင့် သက်ဆိုင်သော နိုင်ငံရေး လုပ်ငန်းစဉ် ပေါ်ထွက်လာအောင် အားပေး တိုက်တွန်း သွားရန် ဆက်လက် ရည်ရွယ်သည်ဟု ၎င်းက ဆိုသည်။

သမ္မတ အိုဘားမားက ၎င်းလေးစားသော သူရဲကောင်း တစ်ဦး အဖြစ် စနေနေ့က ချီးကျူး ဂုဏ်ပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာကို အမေရိကန် ပြည်ထောင်စုက အထူးပင် အလေးထား အာရုံစိုက် သွားမည် ဟုလည်း Crowley က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို မြန်မာအစိုးရက ဘယ်လို တုန့်ပြန်သလဲ ဆိုတာကို ကျွန်တော်တို့ ဂရုတစိုက် စောင့်ကြည့်နေမှာပါ။ အရင်တုန်း ကတော့ သူမကို အချိန် အတိုင်းအတာ တစ်ခု လွှတ်ထား ပေးပြီးရင် အကြောင်းရှာပြီး ထပ်ဖမ်းဆီးခြင်း ခံရလေ့ ရှိပါတယ်။ ဒီလိုမျိုး ထပ်ဖြစ်မှာကို ကျွန်တော်တို့ မမြင်ချင်ပါဘူး" ဟု ၎င်းက ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

စစ်ဗိုလ်ချုပ် ကြီးများနှင့် သဘော မတူနိုင်သော အကြောင်း အရင်းများကို ဖယ်ရှားပြီး စားပွဲ တစ်ခုတွင် ထိုင်ကာ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ "ကျွန်မတို့ တတွေ ဆွေးနွေး ပြောဆိုရမယ့် အကြောင်း အရာတွေ အများကြီး ရှိပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တစ်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနချုပ်တွင် စကား ပြောဆိုရာ၌ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံသူ ပရိသတ် ၅၀၀၀ ကျော် တက်ရောက် ခဲ့ကြသည်။ မြန်မာ နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ ထောက်ခံ အားပေးသူများအား ဒေါ်အောင်ဆန်း စုကြည်က အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောဆိုပြီး မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

အနာဂတ် ကာလ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အတွက် လုပ်သားတစ်ဦး အဖြစ် ဆက်လက် ရပ်တည် သွားမည် ဖြစ်သည်ဟုလည်း သူမက ဆိုသည်။

BBC သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဒီမိုကရေစီ အရေး တက်ကြွစွာ လှုံ့ဆော် စည်းရုံးသူ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်မည့် အခြေအနေမျိုး မရှိခဲ့ကြောင်း၊ သို့သော် ပြန်လည် ဖမ်းဆီး ထိန်းသိမ်းခံရမည့် အလားအလာများ ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်က သိရှိထားကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်း စုကြည်သည် နှစ်ပေါင်း ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ သို့သော် အခြား ဒီမိုကရေစီ လိုလားသော နိုင်ငံရေးသမားများ ဖမ်းဆီး အကျဉ်းချ ခံရခြင်းထက် မိမိနေအိမ် အကျယ်ချုပ် ကျခံရခြင်းက ပို၍ ကောင်းမွန်မည် ဖြစ်ကြောင်း ပြောဆိုသည်။

"ကျွန်မကိုယ် ကျွန်မ ဒီမိုကရေစီ အတွက် လုပ်သား တစ်ယောက်လို့ပဲ ထင်ပါတယ်။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီရေး အတွက် အလုပ် လုပ်နေတဲ့ သူတွေထက် ကျွန်မကို ပိုသိကြတာဖြစ်မှာပါ။ ကျွန်မရဲ့ အခန်းကဏ္ဍ ကလည်း အဲဒီလို ဒီမိုကရေစီအတွက် အလုပ် လုပ်ကြတဲ့သူ တစ်ယောက် လိုပါပဲ။ ကျွန်မ အနေနဲ့လည်း အဲဒီ အခန်းကဏ္ဍကနေ ဆက်လက် လုပ်ကိုင်သွားမှာပါ" ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပ ပြုလုပ်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီး ရက်သတ္တ တစ်ပတ်ခန့် အကြာတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမှုကို ရရှိထားသည့် နိုင်ငံရေး ပါတီသာ အနိုင် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ အနိုင် ရရှိခဲ့သည်။ ယခု တစ်ကြိမ် ကျင်းပ ပြုလုပ်သည့် ရွေးကောက်ပွဲ အတွက် ဥပဒေများသည် တရား မျှတမှု မရှိသောကြောင့် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ သပိတ် မှောက်ကြောင်း NLD ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ပြန် ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က အဆိုပါ ရွေးကောက်ပွဲ တရား မျှတမှုနှင့် ပတ်သက်၍ "မေးစရာ မေးခွန်းတွေ အများကြီး၊ အများကြီး ရှိပါတယ်" ဟု ဆိုသည်။

မြန်မာ နိုင်ငံ အမျိုးသား ရင်ကြား စေ့ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်က "ကျွန်မတို့ တတွေ တစ်စားပွဲ တည်းမှာ ထိုင်ပြီး မတူညီတဲ့ ကိစ္စတွေကို ဖြေရှင်း ကြရမှာပါ။ သဘော မတူကြတဲ့ ကိစ္စတွေကို သဘောတူဖို့၊ သဘော မတူညီတဲ့ အကြောင်း အရာတွေကို တတ်နိုင် သလောက် ဖယ်ရှားဖို့၊ သဘော မတူရင်လည်း ဘာကြောင့် သဘော မတူဘူး ဆိုတာကို သိအောင် လုပ်ဖို့ ကြိုးစား ကြရမှာပါ" ဟု ဆိုသည်။

UKPA မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Sydney Morning Herald, By Sean Turnell, 15th Nov 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခြင်းသည် ကမ္ဘာ တဝှမ်းလုံးက အလွယ်တကူ ခံစားနိုင်သည့် အပျော်လှိုင်းများ ကူးစက်သွားစေသည့် အဖြစ်အပျက် ဖြစ်သည်။

နယ်လဆင် မင်ဒဲလားကို ဖြစ်နိုင်ခြေ ခြွင်းချက် တစ်ခု အဖြစ် ထား၍ ဒေါ်အောင်ဆန်း စုကြည်သည် ကြီးကျယ်သော ရဲရင့်မှု၊ တာဝန်သိမှု၊ မေတ္တာ ကရုဏာ ကြီးမားမှု၊ သူမအား လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ချုပ်နှောင် ထားကြသည့် သူများအပေါ် သာမန် မဟုတ်သော ခွင့်လွှတ် သည်းခံမှု စသော အရည် အသွေးများ ပြည့်ဝနေသည့် အားလျှော်စွာ သူမကဲ့သို့ ချစ်ခင် လေးစား ကြည်ညိုခြင်း ခံရသော ကမ္ဘာသိ ခေါင်းဆောင် လက်ရှိ အချိန်တွင် နောက်တစ်ယောက် မရှိနိုင်ပါ။

သို့သော်လည်း သူမ၏ လွတ်မြောက်မှုမှာ အချုပ်အနှောင် ပုံစံ တစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းသည့် သဘောမျှသာ ဖြစ်သော အမှန်တရားကြောင့် ယခု အချိန် ခံစား နေရသော အပျော်မှာ ကြာကြာ ခံမည် မဟုတ်ပါ။

လက်ရှိ မြန်မာ နိုင်ငံ ဟူသော အကြီးမားဆုံး အကျဉ်းထောင်ကြီးတွင်  သူမ၏ ၅၅ သန်းသော ပြည်သူများ နှင့်အတူ ပူးပေါင်း ရခြင်းသာ ဖြစ်သည်။

တစ်ချိန် တစ်ခါက အရှေ့တောင် အာရှ၏ အချမ်းသာဆုံး နိုင်ငံ တစ်ခု ဖြစ်ခဲ့ပြီး၊ နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်ရေး၏ အကျိုးဆက်ကြောင့် ယခုအခါ အဆင်းရဲဆုံး ဖြစ်သွားသော "ရွှေအဆင်း နိုင်ငံ" သည် အဓမ္မ ခိုင်းစေခြင်း ဆိုင်ရာ အလွန် ဆိုးဝါးသော လူ့အခွင့်အရေး ညှင်းပမ်းမှုများ၊ ပုံမှန် အစုလိုက် အပြုံလိုက် မုဒိန်းကျင့်မှုများ၊ တိုင်းရင်းသား လူမျိုးစုများ အပေါ် တိုက်ခိုက်မှုများ၊ အဆိုးဆုံး အာဏာရှင် အစိုးရများနှင့် ကိုက်ညီသည့် ကြမ်းတမ်းသော လုပ်ရပ်များ အပြည့်အဝ ရှိနေသော နယ်မြေ တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

မင်ဒဲလားနှင့် မတူသော အချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အပြောင်းအလဲ သိသာ ထင်ရှားနေသော နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာ၍ မရခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် f.w.de Klerk မရှိပါ။ Mikhail Gorbachev မရှိပါ။

သို့သော်လည်း ရဲရင့်သော အမျိုးသမီး တစ်ဦး၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်နှင့် ဂရုဏာ အကြင်နာ ကင်းမဲ့၍ အကောင်း တစ်ကွက်မှ မရှိသော အစိုးရ၏ လက်အောက်တွင် ဒုက္ခ ပေါင်းစုံ ရင်ဆိုင်နေရသော သန်းနှင့် ချီသည့် ပြည်သူများ ရှိနေသည်။

နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သော ရယ်စရာ ရွေးကောက်ပွဲ အတုမှ အာရုံ လွှဲပြောင်းရေးမှာ မြန်မာစစ် အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းဖြင့် မျှော်လင့်ထားသော ရလဒ်များ အနက်မှ တစ်ခု ဖြစ်သည်။

နောက်တစ်ခုမှာ ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ဦးတည်ချက် ပြောင်းလဲကာ ၎င်းတို့အား ထိပ်ဆုံးသို့ ပို့ဆောင် ပေးထားသော အာဏာကို လက်လွှတ်ရန် ဆန္ဒ ရှိသည်။ သဘာဝ ဓါတ်ငွေ့များ ရောင်းချမှုမှ တဆင့် ကြွယ်ဝ ချမ်းသာကာ ၎င်းတို့ စိတ်ကြိုက် သုံးစွဲနေသော အခြေအနေကို လက်လွှတ်ရန် ဆန္ဒ ရှိသည်ဟု ကျန်တစ်ကမ္ဘာလုံးက ယုံကြည် လာကြရေးပင် ဖြစ်သည်။

အမှန် တကယ်မှာ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် စီးပွားရေး ပါဝါ စသော အမှန်တရားများကို လေ့လာပြီးမှသာ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှု အပေါ် နိုင်ငံတကာ၏ တုန့်ပြန်မှုကို တိုင်းတာရမည် ဖြစ်သည်။

ယခု အချိန်မှာ သြစတြေးလျ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်များ စသော နိုင်ငံများက မြန်မာ စစ်ဖက် ခေါင်းဆောင်များ အပေါ် ချမှတ်ထားသော ဖိအားများကို လျှော့ပေးရမည့် အချိန် မဟုတ်ပါ။

မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အဆက်အသွယ်များ အပေါ် ရည်ရွယ်ချက် ချမှတ် ထားသည့် တင်းကြပ်သော စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် တိုးချဲ့ ပြုလုပ်သွားရန် လိုအပ်နေသည်။

အဆိုပါ အရေးယူ ပိတ်ဆို့မှုမျိုးမှာ နိုင်ငံသား အများစု ဘဏ်စာရင်းပင် ဖွင့်နိုင်ခြင်း မရှိသည့် မြန်မာ နိုင်ငံမှ သာမန် ပြည်သူများကို ထိခိုက်စေလိမ့်မည် မဟုတ်ပါ။ သို့သော် ရည်ရွယ်သော ပစ်မှတ်ကို တိကျစွာ ချိန်ရွယ်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းနှင့် စစ်အစိုးရက စုဆောင်း ဖြုန်းတီးနေသော ရန်ပုံငွေများကို ပစ်မှတ်ထားသည့် ငွေကြေး ပိတ်ဆို့ အရေးယူမှုများသည် "တစ်စုံတစ်ရာ ပြောင်းလဲလာရန် မျှော်လင့်ချက်နှင့် လွတ်မြောက်ရေး အတွက် အရာရာကို စွန့်စားရန် ပြင်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော သူများကို အကောင်းဆုံး ချီးကျူး ဂုဏ်ပြုရန် အတွက် ယာဉ်ယန္တရား တစ်ခု ဖြစ်သင့်သည်။

Sean Turnell သည် Macquane University မှ တွဲဖက် ပါမောက္ခ တစ်ဦး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနသို့ ပုံမှန် အကြံပေးလေ့ ရှိပြီး  အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထွက်ဆို ခဲ့ဖူးသူ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Telegraph, By Malcolm Moore, 14th November 2010

စနေနေ့က အသက် (၆၅) နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး လိုက်ခြင်းကြောင့် တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ရှိအားဖြင့် နိုဘယ် ဆုရှင်အား ဖမ်းဆီး ထားသော တစ်ခု တည်းသော နိုင်ငံ ဖြစ်လာသည်။

အသက် (၅၄) နှစ်ရှိ Liu Xiaobo မှာ ပြီးခဲ့သည့် အောက်တိုဘာလက နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်ပြီး၊ ၎င်းအား တရုတ်နိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆို ထားသော Charter 08 ကို ပူးတွဲ ရေးသားခဲ့မှုကြောင့် အစိုးရအား ပျက်စီးရန် ကြံရွယ် လုပ်ဆောင်မှုဖြင့် လွန်ခဲ့သော တစ်နှစ်က ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ခြောက်ဦးသည် ဟီရိုရှီးမား မြို့တွင် နှစ်ပတ်လည် တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။ "ကျွန်မ တစ်ခုခု ပြောဖို့ လိုမယ်လို့ ခံစားနေရတယ်" ဟု မြေမြှုပ်မိုင်းများ ဖျက်သိမ်းရန် ကြိုးပမ်းမှုဖြင့် ၁၉၉၇ ခုနှစ်က နိုဘယ်ဆု ရရှိခဲ့သော Jody Williams က ပြောကြားခဲ့သည်။

"ကျွန်မတို့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦး ထောင်ထဲမှာ ရှိနေပါသေးတယ်။ တရုတ်နိုင်ငံရဲ့ ဖိအား ပေးမှုတွေကို ရင်ဆိုင်ပြီး တိတ်ဆိတ် မနေနိုင်ပါဘူး။ Liu Xiaobo ကို မေ့မထားသင့်ပါဘူး။ ကျွန်မတို့ ညီအစ်မ တစ်ဦး ဖြစ်တဲ့ အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့သလို မဆုတ်မနစ် ကြိုးစားဖို့ လိုပါတယ်" ဟု သူမက ထည့်သွင်း ပြောကြားသွားခဲ့သည်။

၁၉၈၉ ခုနှစ် Tiananmen ရင်ပြင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တရုတ်ကျောင်းသား ခေါင်းဆောင်ဟောင်း Wu'er Kaixi က ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တရုတ် အစိုးရအား Liu Xiaobo ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ရန် တိုက်တွန်းခဲ့သည်။

"အတိတ်က အတိတ်ပါပဲ။ အခုကတော့ ကျွန်တော်တို့ ရှေ့ဆက်ဖို့ပဲ ကြည့်ရပါမယ်။ ပြန်လည် ပေါင်းစည်းရေး စိတ်ဓာတ်နဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို အသုံးချရပါလိမ့်မယ်။ ဒါဟာ ပြဿနာတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ" ဟု တိဗက် ဘာသာရေး ခေါင်းဆောင် Dalai Lama က ပြောကြားခဲ့သည်။

အင်အား သုံးခြင်းသည် ခေတ်မမှီတော့သည့် နည်းလမ်း ဖြစ်သည်။ နိုဘယ်ဆုရှင် ခြောက်ဦးသည် တရုတ်ပြည်အား ပိုမို ဖိအားပေးရေး အတွက် ကြေညာချက် ထုတ်ပြန်ရန် ပြင်ဆင် ထားခဲ့သည်။ သို့သော် ဟီရိုရှီးမားတွင် ဂျပန်အစိုးရ တာဝန် ရှိသူများက တရုတ်နှင့် ဂျပန်ကြားတွင် နောက်ထပ် တင်းမာမှုများ မဖြစ်စေရေး တောင်းဆိုမှုကြောင့် ကြေညာချက် မထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီအကြီးအကဲ Thorbjoern Jagland က ဒေါ်အောင်ဆန်း စုကြည်အား ၁၉၉၁ ခုနှစ်က ချီးမြှင့်ခြင်း ခံရသော သူမ၏ နိုဘယ်ဆုကို လာရောက်ယူရန် Oslo သို့ ဖိတ်ကြားခဲ့သည်။

ထို့အပြင် ယခုနှစ်အတွက် Liu  ၏ ဆုကိုလည်း မည်သူ လက်ခံယူမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တရုတ် အာဏာပိုင်များသည် ၎င်း၏ ဆုအတွက် စိတ်ဆိုး မာန်ဆိုးဖြင့် တုန့်ပြန်ခဲ့ပြီး၊ ၎င်း၏ ဇနီးအား နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။ ၎င်းအား ထောက်ခံသူများ၏ လှုပ်ရှားမှုများကိုလည်း ကန့်သတ်မှုများ ပြုလုပ်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The While House: Office of the Press Secretary, 7th November 2010

မြန်မာ နိုင်ငံမှ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများသည် လွတ်လပ်မှု၊ မျှတမှု မရှိသည့် အပြင် တရားဝင် ရွေးကောက်ပွဲများနှင့် စပ်လျဉ်း၍ နိုင်ငံတကာက လက်ခံထားသော စံနှုန်းများ နှင့်လည်း ကိုက်ညီခြင်း မရှိပါ။ အဆိုပါ ရွေးကောက်ပွဲများသည် အခြေခံမှစ၍ မှားယွင်းနေသော လုပ်ငန်းစဉ် ပေါ်တွင် အခြေပြု ထားပြီး အားလုံး ပါဝင် သက်ဆိုင်မှုနှင့် ပွင့်လင်း မြင်သာမှုတို့ အပေါ် စစ်အစိုးရက ဆက်လက် ဖိနှိပ် ချုပ်ချယ်လိုခြင်းကို ညွှန်ပြနေသည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ အထင်ရှားဆုံး ပြစ်ချက်များ အနက်မှ တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို စစ်အစိုးရက ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားကာ လုပ်ငန်းစဉ်တွင် ပါဝင်ရန် အခွင့်အလမ်း မှန်သမျှကို ပိတ်ပင်ထားခြင်း ပင်ဖြစ်သည်။ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲဥပဒေများနှင့် ပြောင်ပြောင်တင်းတင်း မျက်နှာလိုက်သော ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံ၏ ဦးဆောင် အတိုက်အခံ ပါတီ NLD ကို အသံတိတ်၍ ဘေးရောက် သွားစေရန် သေချာအောင် ပြုလုပ်ခဲ့သည်။ လက်ရှိ အစိုးရသည် တိုင်းရင်းသား လူမျိုးစုများ မှတ်ပုံတင်မှုကို ပိတ်ပင်ခြင်း၊ တိုင်းရင်းသား နယ်မြေများတွင် ရွေးကောက်ပွဲကို ဖျက်သိမ်းခြင်း၊ ပါဝင် ယှဉ်ပြိုင်မည့် ဒီမိုကရေစီနှင့် အတိုက်အခံ ကိုယ်စားလှယ် လောင်းများ ကြီးမားသည့် အခက်အခဲများ ရင်ဆိုင်ရစေရန် မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်ကို သေချာ ပြင်ဆင် စီစဉ်ထားခြင်း စသည်တို့ကိုလည်း ပြုလုပ်ခဲ့သည်။ အဆုံးစွန် ဆိုရသော် အစိုးရက အတိုက် အခံများနှင့် ဆွေးနွေးရေးကို ပယ်ချပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ဟောပြောခွင့်၊ စည်းဝေးခွင့် တို့ကို တားမြစ် ချုပ်ချယ်ထားသည့် အချိန်မျိုးတွင် ကျင်းပသည့် ရွေးကောက်ပွဲများမှာ လက်ခံ ယုံကြည် နိုင်ဖွယ်ရာ မရှိပါ။

ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံ၏ အနေအထားကို သီတင်းပတ် အလိုက်၊ လပိုင်း အလိုက် နီးနီး ကပ်ကပ် လေ့လာ စောင့်ကြည့်သွားမည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ လက်တွေ့ အခြေအနေများနှင့် မြန်မာ အာဏာပိုင်များ၏ လုပ်ဆောင်မှုများပေါ် မူတည်၍ ဖိအားပေးမှုနှင့် တွေ့ဆုံ ညှိနှိုင်းမှု မဟာဗျူဟာကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်သည်။ မြန်မာ အာဏာပိုင်များထံ ကျွန်ုပ်တို့ တောင်းဆိုထားသည့် "ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ၊ ချက်ချင်း လွှတ်ပေးရေး၊ လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှု ရပ်ဆိုင်းရေး၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်သိစွာ စတင် ကိုင်တွယ်ရေး၊ အချိန် လွန်နေပြီ ဖြစ်သော တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ရန် ဒီမိုကရေစီ အုပ်စုများနှင့် တိုင်းရင်းသား အုပ်စုများကို ဖိတ်ခေါ်ရေး" စသည့် အချက်များ ကိုလည်း ထပ်မံ တောင်းဆို လိုက်သည်။ စေတနာ စစ်မှန်၍ သက်ဆိုင်သူ အားလုံး ပါဝင်သော ဒိုင်ယာလော့ ဆွေးနွေးမှုက သာလျှင် လူ့အခွင့်အရေးကို မြှင့်တင်ပြီး နိုင်ငံသားများ အတွက် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်မည့် မှန်ကန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပို့ပေးနိုင်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 12th November 2010

ကနေဒါ အစိုးရ အာဏာပိုင်များသည် ကနေဒါ ပြည်တွင်း လေကြောင်းလိုင်း တစ်ခုနှင့် ၎င်း၏ အထွေထွေ မန်နေဂျာဟောင်း မြန်မာနိုင်ငံသို့ လေယာဉ် တစ်စီးနှင့် လေယာဉ် အစိတ်အပိုင်းများ တရားမဝင် တင်ပို့ခြင်း အတွက် တရား စွဲဆိုခဲ့သည်။ Canada Border Services Agency က ပြောကြားရာတွင် Kenn Borek Air သည် Havilland DHC-6 တွင် အော်တာ လေယာဉ် တစ်စီးနှင့် လေယာဉ် အစိတ် အပိုင်း (၁၄၉) ခုအား မြန်မာ နိုင်ငံသို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာတွင် တရားဝင် ပါမစ် မရှိပဲ တင်ပို့ခဲ့ကြောင်း စုံစမ်း စစ်ဆေးသူများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ကနေဒါ နိုင်ငံ ဥပဒေတွင် စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ အစိုးရ ခွင့်ပြုချက် မရပဲ ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန် တားမြစ် ထားသည်။ ထို့ကြောင့် အစိုးရ အာဏာပိုင်များက Calgary အခြေစိုက် လေကြောင်းလိုင်းနှင့် ၎င်း၏ အထွေထွေ မန်နေဂျာဟောင်း Stephen Penikett အား ကနေဒါ အကောက်ခွန် အက်ဥပဒေနှင့် ထုတ်ကုန် သွင်းကုန် ခွင့်ပြုချက် အက်ဥပဒေတို့အား ချိုးဖောက်မှုဖြင့် ကြာသပတေးနေ့က တရားစွဲခဲ့သည်။

အကောက်ခွန် ဥပဒေ ချိုးဖောက်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ငါးသိန်းခန့် ပေးဆောင်ရနိုင်ပြီး၊ ထုတ်ကုန် ဥပဒေ ချိုးဖောက်မှုအတွက် အများဆုံး ထောင်ဒဏ် (၁၀) နှစ် ချမှတ် ခံရနိုင်သည်။ Calgary တရားရုံးက အဆိုပါ အမှုကို ဒီဇင်ဘာ (၁၄) ရက်တွင် ကြားနာရန် ရှိသည်။