BBC News, 8th April 2010
ဗီယက်နမ်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကိစ္စကို ထိပ်ဆုံးတွင် ထည့်သွင်းရန် အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။
ယခု အာဆီယံ ထိပ်သီး အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တည်ဆောက်ရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် ဖိအားပေးရန် ဒေသတွင်း ဥပဒေပြု အမတ် ၁၀၀ ခန့်က အာဆီယံ ခေါင်းဆောင်များသို့ အသနားခံစာ တင်သွင်းခဲ့သည်။
ဘန်ကောက် ဆန္ဒပြပွဲများကြောင့် တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာထားရသည် ဖြစ်ရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ်သည် ထိပ်သီး အစည်းအဝေးသို့ မတက်ရောက်နိုင်ပေ။
အဘီဆစ်သည် ဟနွိုင်းနှင့် ဘန်ကောက်ကို လွန်းပျံ သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း အခြေအနေမှာ ရှုပ်ထွေးလာသောကြောင့် တိုင်းပြည်မှ ထွက်ခွာရန် ဆန္ဒ မရှိတော့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယခု အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အဓိက အာရုံပြုမည့် ကိစ္စမှာ ဒေသတွင်းနှင့် အိမ်နီးချင်း ကုန်သွယ်ဖက် ပါတနာများ အကြား ဆက်ဆံရေး တိုးတက်လာရေး အတွက် ဖြစ်သည်။
တက်ရောက်လာကြသော ကိုယ်စားလှယ်များ အကြားတွင် ကျယ်ပြန့်သော အမြင်မတူ ခြားနားမှုများ ရှိနေသော်လည်း ၂၀၁၅ တွင် လူသန်း ၆၀၀ ပါဝင်သော လွတ်လပ်သော ဈေးကွက် အဖွဲ့ကြီး ဖွဲ့စည်းနိုင်ရေးကို အဓိက ဦးစားပေး ဆွေးနွေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မြန်မာ အပေါ် ဆုံးဖြတ်ချက် ခိုင်မာသော လုပ်ဆောင်မှု ပြုလုပ်ရန် ဒေသတွင်း ဥပဒေပြု အမတ်များ လက်မှတ် ရေးထိုး၍ ထိပ်သီး အစည်းအဝေးသို့ တင်ပြထားသည်။
ပြီးခဲ့သည့် လက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဥပဒေများ ထုတ်ထားပြီး အချို့ အာဆီယံ အဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အစီအစဉ်ကို ဝေဖန်ခဲ့သည်။ အချို့ နိုင်ငံများမှ ကိုယ်စားလှယ်များက ပြောကြားရာတွင် ဟနွိုင်း ထိပ်သီး အစည်းအဝေးတွင် မြန်မာ့ အရေးကို ဆွေးနွေးရေး တင်ပြရန် ရည်ရွယ်သည်ဟု ဆိုသည်။
ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှားတို့က မြန်မာနိုင်ငံတွင် စစ်မှန်ပြီး အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဖြစ်ရန် တောင်းဆိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံများ ပါဝင်နိုင်ရေးကို တောင်းဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပြီးခဲ့သည့် အပတ်က ပါတီ မှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် အလားအလာ အများကြီး ရှိပြီး အလွန်တရာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။ မြန်မာ အစိုးရက လွတ်လပ် ပွင့်လင်းပြီး၊ ဒီမိုကရေစီ ကျကျ လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ကတိကဝတ်များ ပြောကြားခဲ့ပြီး ဖြစ်ရာ ထိုကတိများကို လက်တွေ့ အကောင်အထည် ဖော်သည်ကို မိမိတို့ မြင်တွေ့လိုကြောင်း Marty က ပြောကြားခဲ့သည်။
ထိပ်သီး အစည်းအဝေးတွင် ခေါင်းဆောင်များ ဆွေးနွေးမည့် မူကြမ်းအရ စီးပွားရေး အတွက် ငွေထည့်သွင်း ပေးရမှုများ မည်သို့ အမြန်ဆုံး ရပ်ဆိုင်းရမည် ဆိုသည်ကို လည်းကောင်း၊ ဒေသတွင်း အခြေခံ အဆောက်အအုံများ ဆောက်လုပ်မှု အရှိန်မြှင့်ရေးကို လည်းကောင်း၊ ရာသီဥတု ပြောင်းလဲမှု အတွက် လုပ်ဆောင်စရာများကို လည်းကောင်း ပါဝင်သည်။
တောင်တရုတ် ပင်လယ်တွင် တရုတ်၏ အချုပ်အချာ အာဏာနယ် တိုးချဲ့ တောင်းဆိုမှုကို ဒေသတွင်း ချဉ်းကပ် ဆွေးနွေးရေးကိုလည်း ဆွေးနွေးလိုကြောင်း အစည်းအဝေး မတိုင်မီက အိမ်ရှင် ဟနွိုင်းက ပြောကြားခဲ့သည်။
အတွေးအမြင်မှ လုပ်ဆောင်မှုများ ဆီသို့ (From Vision to Action) ဆိုသည့် အာဆီယံ၏ ဆောင်ပုဒ် နှင့်အညီ နိုင်ငံရေး ကိစ္စများထက် စီးပွားရေး ကိစ္စများကိုသာ ဦးစားပေးဖွယ် ရှိသည်။
ထိပ်သီး အစည်းအဝေး၏ အဓိက အချက်များတွင် စီးပွားရေး အသိုင်းအဝိုင်း တစ်ခု ထူထောင်ရေး ပါဝင်ကြောင်း ဗီယက်နမ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Pham Quang Vinh က ပြောသည်။
အာဆီယံသည် တိုးတက်ပြီး စီးပွားရေး အခြေအနေ ရှိပြီးသော အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် ဘရူးနိုင်း တို့ကို မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယားတို့နှင့် ပေါင်းစည်းနိုင်ရေး အတွက် ကြိုးစားသွားမည် ဖြစ်သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.