Transparency Myanmar

transparency.myanmar@gmail.com

The Economist, 8th April 2010

ယခုကဲ့သို့ ပိုးသား လမ်းမကြီးများ မပေါ်ပေါက်မီ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ကျော်ကတည်းက အာရှ၏ ကူးသန်း ရောင်းဝယ်ရေးတွင် သယ်ယူ ပို့ဆောင်ရေး၌ ကုန်းပိုင်း မဟုတ်ဘဲ ကမ်းရိုးတန်း တလျှောက်၊ ကျွန်းချင်း ဆက်ကာ ပင်လယ်ကို အသုံးပြုခဲ့ ကြရသည်။ အစ ပထမတွင် လေကို အသုံးပြု ရွက်လွှင့်ခဲ့ပြီး၊ နောက်ပိုင်း ဒီဇယ်ဖြင့် မောင်းနှင်သော သင်္ဘောများကို အသုံးပြု လာကြသည်။ စစ်ပြီးခေတ် အာရှ၏ အံ့ဖွယ် ပုံပြင်တွင် ရေကြောင်း သွားလာရေးကို ထိပ်ဆုံးက ထည့်ပြောရမည် ဖြစ်သည်။ ပထမ ဦးဆုံး ဂျပန်၊ ထို့နောက် တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ် နှင့် စင်္ကာပူ၊ နောက်ဆုံး မြောက်ကိုရီးယားနှင့် မြန်မာ မှလွဲ၍ အရှေ့တောင် အာရှနှင့် အရှေ့အာရှ နိုင်ငံ အားလုံးသည် ထုတ်ကုန် တင်ပို့မှုကို အခြေခံသော စီးပွားရေး ပုံစံကို ကျင့်သုံးလာ ခဲ့ကြသည်။ တရုတ်နိုင်ငံ၏ နိုးထလာမှုသည် ပင်လယ် ရေကြောင်း သွားလာရေး၏ အကူအညီ မပါလျှင် ဘာမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ အာရှ၏ အံ့ဖွယ် တိုးတက်မှုတွင် သင်္ဘောဖြင့် ကုန်သေတ္တာ သယ်ယူမှု ကဏ္ဍ မရှိလျှင် ယုံနိုင်ဖွယ် ရှိလိမ့်မည် မဟုတ်ပေ။

အာရှတိုက်၏ လုံခြုံရေး အတွက် စည်းမှာလည်း ရေမျက်နှာပြင်သည် ကျယ်ပြန့်စွာ ကာရံထားသည်။ ၁၉၄၁ မှ ၁၉၄၅ ထိ ပစိဖိတ် စစ်ပွဲကတည်းက အမေရိကန် ပြည်ထောင်စုသည် ရေတပ် အင်အားနှင့် သြစတြေးလျမှ ဂျပန်ထိ ကျွန်းအနားသတ် မဟာမိတ်များ မှတဆင့် ငြိမ်းချမ်းရေးကို တွန်းအား ပေးခဲ့သည်။ အမေရိကန်၏ လွှမ်းမိုးမှုကို စိန်ခေါ်မည် ဆိုလျှင် ပင်လယ်ပြင်မှာသာ ဖြစ်လိမ့်မည် ဖြစ်သည်။ တရုတ် နှင့် အိန္ဒိယတို့၏ စစ်ရေး ပါဝါ နိုးထလာမှုသည် ၎င်းတို့၏ ရေတပ်များ ကြီးမားစွာ တိုးပွားလာမှုကြောင့် ဖြစ်ပေသည်။

သို့သော် ဆစ်ဒနီရှိ Lowy Institute မှ Anthony Bubato နှင့် Malcolm Cook တို့က The American Interest တွင် ငြင်းချက် ထုတ်ရာ၌ အဆိုပါ ရှုထောင့်မှ အမြင်များသည် အသုံးဝင်မှု အကန့်အသတ်များကို ကျော်လွန်၍ တိုးပွားလာနေသည်ဟု ဆိုသည်။ အာရှတိုက် ကုန်းတွင်းပိုင်း နယ်မြေ ပိုင်နက် အတွက် ကုန်ကျစရိတ်များကို ပြန်လည် ပုံဖော်ရန် စတင်လိုသော ပြင်းပြသည့် ဆန္ဒအား မျက်နှာဖုံး စွပ်၍ တံဆိပ်ကပ်ခြင်းသာ ဖြစ်သည်။ နှစ်ဆယ် ရာစု တစ်ခုလုံး နီးပါး အာရှတိုက်၏ ကုန်းမြေ အများဆုံး ပိုင်ဆိုင်ကြသော အင်အားကြီး သုံးနိုင်ငံ ဖြစ်သည့် တရုတ်၊ အိန္ဒိယ နှင့် ယခင် ဆိုဗီယက် ယူနီယံ တို့သည် နိုင်ငံတကာနှင့် ဖလှယ်မှု အနည်းအကျဉ်းသာ ရှိပြီ၊ တိုက်ကြီးများ ကုန်းတွင်းပိုင်း တနံတလျား တိုးတက်မှုများမှာ မပြောပလောက်ပေ။ သို့သော် ယခု ပြောင်းလဲသွားပြီ ဖြစ်သည်။

အာရှတိုက် ကုန်းတွင်းပိုင်းကို ဖြတ်၍ မျဉ်းဖြောင့် ဆွဲသော လမ်းမသစ်ကြီးများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။ ပြီးခဲ့သော ဒီဇင်ဘာလက ကာဇက်စတန် နှင့် ဥဇဘက် ကစ္စတန် တို့ကို ဖြတ်၍ Turkmenistan မှ တရုတ်သို့ ကီလိုမီတာ ၇၀၀၀ (မိုင် ၄၄၀၀) ရှည်သော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို ဖွင့်လှစ်ခဲ့သည်။ ရုရှားနှင့် တရုတ်တို့သည် Russian Far East မှ တရုတ် အထိ ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိ ရေနံ ပိုက်လိုင်း စီမံကိန်းကို လုပ်ဆောင်နေသည်။ အီရန် - ပါကစ္စတန် ပိုက်လိုင်းကလည်း တည်ဆောက်လျက် ရှိပြီး တဖြည်းဖြည်း အိန္ဒိယ သို့မဟုတ် တရုတ် အထိ တိုးချဲ့ သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တောင်ကိုရီးယား နှင့် အိန္ဒိယတို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ သဘာဝ ဓာတ်ငွေ့ ပို့လွှတ်ရေး အတွက် စီမံကိန်းကြီးကို အကောင်အထည် ဖော်လျက် ရှိသည်။

လမ်းမကြီးများ ကွန်ရက်များကိုလည်း တိုးချဲ့လျက်ရှိရာ တရုတ်နှင့် အိန္ဒိယ (အာဖကန်နစ္စတန်တွင်ပါ တိုးချဲ့လျက် ရှိသည်) တို့က ခေါင်းဆောင်ကြသည်။ မြေလမ်းများသာ ရှိသော မြန်မာနိုင်ငံကလည်း တရုတ်၏ အဝေးပြေး လမ်းမကြီး စီမံကိန်းတွင် ဝင်ရောက်လာသည်။ လမ်းမကြီး အသစ်များသည် မဲခေါင်မြစ် တလျှောက်ရှိ အိမ်နီးချင်း နိုင်ငံများကို တစ်စုတစ်စည်းတည်း ဖြစ်စေသည်။ ဗဟိုအာရှတွင်လည်း လမ်းဖောက်လုပ်မှု စီမံကိန်းများကို တွေ့ရလေသည်။

ရထားလမ်းများကလည်း အပြင်းပြဆုံး ဆန္ဒများကို ထင်ဟပ်သည်။ တရုတ်နိုင်ငံသည် ဟိမဝန္တာမှ တိဗက် လာဆာမြို့ အထိ ရထားလမ်းကို ဖောက်လုပ်ပြီး ဖြစ်ရာ ၂၀၀၆ ခုနှစ် ကတည်းက လူငါးသန်းကျော် စီးနင်းခဲ့ကြပြီး ဖြစ်သည်။ ယခု တရုတ်သည် ထိုရထားလမ်းကို နီပေါ၊ ဘင်္ဂလားဒေ့ရှ် နှင့် ဘူတန် အထိ ဆက်လက် ဖောက်လုပ် လိုသည်။ ကျည်ဆံ ရထား အနေဖြင့် လက်ရှိ တရုတ်နိုင်ငံမှ  စတင် လုပ်ဆောင်နေမှုများသည် အရှည်ဆုံးနှင့် အမြန်ဆုံး ဖြစ်သည်။ တရုတ် အစိုးရသည် ကျည်ဆံ ရထား ကွန်ရက်ကို အာရှကို ဖြတ်ကာ ဥရောပ အထိ ဖောက်လုပ်ရန် စီမံကိန်း ရှိသည်။ အဓိက လမ်းကြောင်း သုံးခုကို အဆိုပြုထားရာ နိုင်ငံ ၂၄ နိုင်ငံ ဆက်သွယ်ရမည် ဖြစ်ပြီး တောင်ဖက် စင်္ကာပူမှ အနောက်ဖက် ဂျာမနီ အထိ ဖြစ်သည်။ (တရုတ် ပြည်မကြီးမှ ထိုင်ဝမ် အထိ ဥမင်လိုဏ်ဖြင့် စတင်မည် ဖြစ်သည်။) ၂၀၂၅ ခုနှစ်တွင် ရှန်ဟဲမှ လန်ဒန် အထိ ၂ ရက် ခရီးသာ ကြာမည် ဖြစ်ကြောင်း၊ တရုတ် ရထား ဝန်ကြီးဌာနက ယုံကြည်လျက် ရှိသည်။

အဆိုပါ ရည်မှန်းချက် အတွက် အတားအဆီးမှာ (နိုင်ငံရေးကိစ္စ ထည့်သွင်း တွက်ချက်ခြင်း မရှိဘဲ) ကြီးမားသော ငွေကြေး လိုအပ်ချက်ပင် ဖြစ်သည်။ အဆိုပါ စီမံကိန်းများသည် အာရှမှ လူများ၏ ပုံရိပ်ကို အဓိပ္ပာယ် ဖော်ဆောင်နေခြင်းပင် ဖြစ်သည်။ ကမ္ဘာကြီး တစ်ခုလုံးနှင့် အားကောင်းသော ကုန်သွယ်ရေး အဆက်အသွယ်များသည် ကမ်းရိုးတန်းပေါ်တွင်သာ မှီခိုရမှု ရှိတော့မည် မဟုတ်ပေ။ အာရှတိုက်ကို ဖြတ်သော ဆက်နွယ်မှုများသည် အရေးပါလာပြီ ဖြစ်သည်။ ဒေသတွင်း အချင်းချင်း ကုန်သွယ်ရေးသည် ပြင်ပကမ္ဘာနှင့် ကုန်သွယ်ရေးသည် ပြင်ပကမ္ဘာနှင့် ကုန်သွယ်ရေးထက် နှစ်ဆခန့် တက်လာသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဘာမှ မဟုတ်သော်လည်း တရုတ်သည် ယခုအခါ အိန္ဒိယ၏ အကြီးဆုံး ပါတနာ ဖြစ်လာနေသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ယခုနှစ်တွင် ပမာဏ အများဆုံး ဒေါ်လာ ဘီလီယံ ၆၀ ရှိမည် ဖြစ်သည်။ ဗဟို အာရှ၏ တရုတ်နှင့် ကုန်သွယ်မှုသည် ၁၉၉၀ ခုနှစ်က ဒေါ်လာ သန်းပေါင်း ၁၆၀ သာ ရှိခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင် ဒေါ်လာ ၇ ဘီလီယံထိ တက်လာသည်။ တရုတ်သည် အရှေ့ အလယ်ပိုင်း အတွက် အကြီးဆုံး ပို့ကုန် လုပ်ငန်းရှင် ဖြစ်လာသည်။ တရုတ် အရှေ့ပိုင်း Zhejiang နယ်မှ Yiwu မြို့သည် ကြီးမားသော လက်ကား ဈေးကြီးရှိရာ ထိုမြို့မှ ဗလီတွင် ရှစ်ခိုးသော ကြီးမားသော ပမာဏရှိ မူဆလင်များကို ကြည့်ခြင်းဖြင့် အဆက်အဆံ ပမာဏကို သိနိုင်သည်။ အာရှတိုက်ကြီး၏ အနောက်ဘက် အစွန်းကို ကြည့်လျှင် အာရှတိုက်၏ အဆုံးသည် မည်သည့်နေရာတွင် ရှိသည် ဆိုသည်ကို သိပင် မသိနိုင်အောင် ကျယ်ပြန့်နေပြီ ဖြစ်သည်။

ယခု အာရှတိုက်ကြီး၏ အတွေးအမြင်သစ်များသည် ရေကြောင်း သွားလာမှုကိုလည်း မထိခိုက်စေပါ။ တစ်ခါတစ်ရံ ပိုမို အားကောင်းစေရန် ပြုလုပ်ပေးသည်။ အိန္ဒိယ ပညာရှင် C.Raja Mohan က ထောက်ပြရာတွင် အာရှတိုက်ကြီး ဖွံ့ဖြိုး တိုးတက်မှုသည် ဝေးလံသော နေရာမှ လူဦးရေများကို နိုင်ငံတကာ ဈေးကွက်နှင့် ထိတွေ့အောင် အကူအညီ ပေးရာ၌ ကုန်းတွင်းပိတ် ဒေသကို ပင်လယ်နှင့် ဆက်သွယ်ရန် လမ်းကြောင်း ပေးခြင်းများ ပါဝင်သည်။ ဥပမာအားဖြင့် တရုတ်ပြည် အနောက် တောင်ပိုင်းကို ဘင်္ဂလား ပင်လယ်အော်သို့ ဆက်သွယ်ပေးခြင်းမျိုး ဖြစ်သည်။ တချိန်တည်းမှာပင် အခြေခံ အဆောက်အအုံများ တိုးတက်လာမှုသည် ရေကြောင်း သွားလာမှု လုပ်ငန်းကို တိုးတက်စေသည်။ တရုတ်သို့ သယ်ယူသော ရေနံစိမ်းများ၏ ငါးပုံလေးပုံသည် မလက္ကာ ရေလတ်ကြားကို ဖြတ်၍ သယ်ယူနေရဆဲ ဖြစ်သည်။ အင်အား တိုးတက်လာမှု ကြားတွင် သယံဇာတ ပြိုင်ဆိုင်မှုများနှင့် ပင်လယ် ရေပိုင်နက် ကာကွယ်ရေး အတွက် ရေကြောင်း မဟာဗျူဟာ ပညာရှင်များကို (Naval Strategists) နှစ်ပေါင်း များစွာ အလုပ်ပေးထားဆဲ ဖြစ်သည်။

ကုန်းပေါ်တွင် ပြိုင်ဆိုင်မှုများသည် ပူးပေါင်း ဆောင်ရွက်မှုကို ဖြစ်စေသလား။ ပဋိပက္ခကို ဖြစ်စေသလား ဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲ ဖြစ်သည်။ မတည်ငြိမ်မှုများကလည်း ရှိနေပြန်ရာ ဗဟို အာရှမှ ဆိုးသွမ်းသော အစိုးရများနှင့် တရုတ်နှင့် အိန္ဒိယတွင် ရှိနေသော စိတ်ညစ်ညူးဖွယ် လူဦးရေများကလည်း ပါဝင်သည်။ ကြီးမားသည့် အိမ်နီးချင်းများ၏ စည်းရုံး သိမ်းသွင်း ခိုင်းစေမှုကို နိုင်ငံငယ်လေးများက မည်သို့ တုံ့ပြန်သနည်း ဆိုသည့် အပေါ်တွင်လည်း မူတည် နေပြန်သည်။ ဗဟို အာရှမှ လူအားလုံးက ၎င်းတို့၏ အစိုးရများ တရုတ်နှင့် စွမ်းအင် ကိစ္စ ဆက်ဆံနေသည်ကို ကြိုက်လှသည်တော့ မဟုတ်ပေ။ တောင်အာရှသား အများအပြားကလည်း အိန္ဒိယ၏ ဆောင့်ကြွားကြွား အမူအယာကို သဘော မကျလှပေ။ ယခု ရုရှားကလည်း အနောက်ဖက်မှ သူများအပေါ် သြဇာ လွှမ်းမိုးနိုင်ရန် အလိုရှိနေပြန်သည်။

အာရှတိုက် ကုန်းတွင်းပိုင်းတွင် အာရှတိုက်၏ ရေကြောင်းတွင် အမေရိကန် ပါဝင်သကဲ့သို့၊ ငြိမ်းချမ်းရေးကို အားဖြည့်ပေးမည့် သူမရှိပေ။ မည်သည့် အသစ် ဖွဲ့သော အဖွဲ့များ၊ ဥပမာအားဖြင့် တရုတ်၊ ရုရှားနှင့် ဗဟို အာရှ နိုင်ငံများ ပါဝင်သော ရှန်ဟဲ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့များတွင်မျှ အမေရိကန် ပါဝင်လာခြင်း မရှိပေ။ အီရန်၏ နျူကလီယာ အစီအစဉ်များ အပေါ် အမေရိကန်၏ ဖိအားများကလည်း တရုတ် နှင့် ရုရှား၏ စွမ်းအင် စိတ်ဝင်စားမှုများကြောင့် ထိရောက်မှု မရှိလှပေ။ အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ အနေနှင့် စစ်အင်အား ကြီးမားစွာ ရှိနေသော်လည်း ပြန်လည် ထွက်ခွာလိုပြီ ဖြစ်သည်။ တဖန် မြန်မာနိုင်ငံ၏ ရိုင်းပျသော အစိုးရ အပေါ် အမေရိကန်က သြဇာ လွှမ်းမိုးနိုင်ရန် ကန့်သတ်မှုများ ဆက်ဆံမှုများဖြင့် ကြိုးစားလာသည်။ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က စီးပွားရေး မူဝါဒ ရှေ့တင်၍ မြန်မာနိုင်ငံနှင့် ပိုမို ကောင်းမွန်သော အဆက်အသွယ်များ ရှိလာသောကြောင့် အမေရိကန်က ဝင်ရောက် ကြိုးစားရခြင်း ဖြစ်သည်။ Messrs Bubalo နှင့် Cook က ပြောရာတွင် အနောက်နိုင်ငံများ အနေဖြင့် အာရှ ရေကြောင်း ကဏ္ဍတွင် ပိုမို အလေးပေးမိပါက၊ အာရှ ကုန်းတွင်းပိုင်း ကဏ္ဍသစ် ဖွင့်လှစ်လာပြီး ရှုပ်ထွေးလာပါက၊ အနောက်နိုင်ငံများ အနေဖြင့် မျက်မမြင်ကဲ့သို့ ဘာကိုမျှ မတတ်နိုင်သော အခြေအနေ ဆိုက်နိုင်ကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment