IRIN News, 8th June 2010
လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေး ဖိနှိပ် ချုပ်ချယ်မှုများ အပါအဝင် ဆင်းရဲ မွဲတေမှုများကြောင့် မြန်မာနိုင်ငံတွင်းမှ စွန့်ခွာ ထွက်ပြေးလာသော အိုးမဲ့အိမ်မဲ့များအတွက် ထိုင်းမြန်မာ နယ်ခြား တစ်လျှောက် ဆောက်လုပ်ပေးထားသော ဒါဇင်နှင့် ချီသော ဒုက္ခသည် စခန်းများတွင် အမ်ပိုင့် စခန်းလည်း ပါဝင်သည်။ အဆိုပါ စခန်းတွင် လူပေါင်း ၂၇,၀၀၀ ခန့် လက်ခံထားသည်ဟု ကရင် ဒုက္ခသည် ကော်မတီ၏ အဆိုအရ သိရသည်။ ထိုင်းဥပဒေအရ အိုးမဲ့အိမ်မဲ့များအား ဒုက္ခသည် စခန်းမှ ထွက်ခွာခြင်းကို တားမြစ်ထားသော်လည်း နေ့စားအလုပ် အတွက် ဒုက္ခသည်များ သွားလာခွင့်ကို အာဏာပိုင်များက မကြာခဏ ခွင့်ပြုပေးခဲ့သည်။
ရခိုင်တိုင်းရင်းသား မောင်ဝင်း (အမည်မှန် မဟုတ်) အသက် ၃၆ နှစ်က စခန်းပြင်ပတွင် ဖမ်းဆီးခြင်း ခံရသော ၎င်း၏ဖြစ်ရပ်ကို IRIN သတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
"အနီးအနားမှာ အလုပ်ရှာဖို့ နေ့ခင်းပိုင်းတွေမှာ အများဆုံး ကျွန်တော် စခန်းကနေ ထွက်ပါတယ်။ နေ့စားအလုပ် အတွက် အလုပ်ကြမ်းသမားတွေကို မနက် ၄ နာရီလောက်မှာ လာခေါ်လေ့ ရှိတဲ့နေရာကို ရောက်အောင် မနက်အစောကြီး စခန်းက ထွက်ပြီး ၅ ကီလိုမီတာလောက် လမ်းလျှောက်သွားရတယ်။ ညနေ ၅ နာရီဆိုရင် စခန်းကို ပြန်ပါတယ်။
ကျွန်တော် တစ်ရက်ကို ဘတ် ၈၀ (၂.၅၀ အမေရိကန်ဒေါ်လာ) ရတယ်။ ထိုင်း အလုပ်သမားတွေကတော့ ဒီထက် ၂ ဆ ပိုရတယ်။ ကျွန်တော်တို့ကတော့ ဈေးပေါတယ်။ ဘာအခွင့်အရေးမှ မရှိဘူး။ ဒါပေမယ့် ပိုက်ဆံရဖို့က ဒီတစ်နည်းပဲ ရှိပါတယ်။ အလုပ်မရှိရင် ကျွန်တော်တို့ကို ပေးတဲ့ စားစရာ ခွဲတမ်းလေးနဲ့ အသက်ရှင်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် အလုပ်ရှာဖို့ စခန်းကနေ ထွက်တဲ့သူ ပိုများလာပြီး၊ နေ့စား အလုပ်ရဖို့ အခွင့်အရေး ပိုနည်းလာပါတယ်။ ရာနဲ့ချီတဲ့ လူတွေဟာ နေ့တိုင်း စခန်းအပြင်ဘက် ထွက်ပြီး အလုပ်ရှာနေကြတဲ့အခါမှ အနီးအနားမှာ အလုပ်မရှိတော့ဘူး။ ဒါကြောင့် ဝေးဝေး ပိုသွားပြီး အလုပ်ရှာရတယ်။
စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ဖို့ တစ်ပတ်ကို တစ်ကြိမ် အမ်ဖန်းကို သွားရပါတယ်။ နောက်ဆုံးတစ်ခေါက် အမ်ဖန်းကို သွားဖို့ လုပ်နေတုန်း လမ်းဘေး စစ်ဆေးရေးဂိတ်မှာ စခန်းအပြင်ကို ထွက်မှုနဲ့ အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။
ထောင်ထဲမှာ အစောင့်တွေက သူတို့အတွက် အုတ်ခဲသယ်ခိုင်းတယ်။ မိန်းမကလည်း ကျွန်တော့်ကို စားစရာ ပို့ပေးဖို့ ရဲကို ပိုက်ဆံပေးရတယ်။ ဒီတော့ ရှိတာလေးတွေ ချရောင်းရတာပေါ့။
ကျွန်တော် မြန်မာပြည်ကနေ ၁၉၉၀ မှာ ထွက်ပြေးခဲ့တာပါ။ ကျွန်တော်တို့ ဒေသခံ ရခိုင် ခေါင်းဆောင် တစ်ယောက်ကို ထောင်ထဲမှာ သေဒဏ်ပေးပြီးတဲ့နောက် ကျွန်တော်တို့ ဆန္ဒပြခဲ့သေးတယ်။ ဒီနောက်တော့ ရခိုင်မှာ နေဖို့ အန္တရာယ် သိပ်များလာလို့ ထွက်ပြေးခဲ့တာပါ။
၁၉၉၀ ကနေ ၁၉၉၄ အထိ မဲလစခန်းမှာ ဦးလေးနဲ့အတူ နေခဲ့တယ်။ ဒီနောက်တော့ မဲဆောက်က စက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။ အဲဒီအချိန်တုန်းက ရဲတွေ အနှောင့်အယှက်ပေးတာ ခံရပေမယ့် အဖမ်းမခံရအောင် ရှောင်နိုင်ခဲ့တယ်။ ၂၀၀၅ ကျတော့ မဲဆောက်မှာ ကျွန်တော့် မိန်းမနဲ့ တွေ့ပြီး အိမ်ထောင်ကျတယ်။
အခုအချိန်မှာတော့ နိုင်ငံသား စိစစ်ရေး အစီအစဉ်သစ်ကြောင့် စက်ရုံမှာ အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီမှာ အလုပ်လုပ်ခွင့်ရချင်ရင် မြန်မာအစိုးရဆီမှာ မှတ်ပုံတင်ရမယ်လို့ ပြောပါတယ်။
တကယ်တမ်းကျတော့ ဒီကိစ္စက မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် စခန်း အနီးအနားမှာပဲ အလုပ်လုပ်ဖို့ ကြိုးစားရုံပဲ ရှိပါတော့တယ်။ အလုပ်ရနိုင်မယ် ဆိုရင်ပေါ့လေ။"
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.