မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက် ရှိသော စွမ်းအင် တူးဖော်ရေး စီမံကိန်းကြီးများကို အပြီးသတ် အကောင်အထည် ဖော်ရန်နှင့် နှစ် ၆၀ သက်တမ်းရှိ ခိုင်မာသော နှစ်နိုင်ငံ ဆက်ဆံမှု အင်အား တိုးတက် ကောင်းမွန်လာရေးကို ဆက်လက် အကောင်အထည် ဖော်ရန် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သန္နိဋ္ဌာန် ချမှတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ တရုတ် ဝန်ကြီးချုပ်အဖြစ် ပထမဆုံး လာရောက် လည်ပတ်ခဲ့သူ မစ္စတာ ဝမ်ကျားပေါင်နှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့သည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး၊ ဆက်သွယ်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေး နှင့် အကူအညီ ပေးရေး ဆိုင်ရာ သဘော တူညီချက်များကို မစ္စတာ ဝမ်ကျားပေါင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြုလုပ်နိုင်ခဲ့သည်။
မစ္စတာ ဝမ်ကျားပေါင်နှင့် မြန်မာ ပြည်တွင်းရေးနှင့် ပတ်သက်၍ အကျဉ်းချုံး ဆွေးနွေးမှု ပြုစဉ် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်က မြန်မာ အစိုးရသည် နိုင်ငံရေး လမ်းပြမြေပုံ အတိုင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ ဒီမိုကရေစီ ရွေးကောက်ပွဲများကိုလည်း ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးသည် နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းသွားရန် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာစစ်တပ်က နယ်စပ်ဒေသရှိ တရားမဝင် လက်နက် ထုတ်လုပ်ရေး စက်ရုံကို စစ်အင်အား သုံးပြီး ဖြိုပြီး တိုင်းရင်းသား လက်နက် ကိုင်အုပ်စုနှင့် စစ်မက် ဖြစ်ပွားခဲ့ရာ ထိုဒေသတွင် နေထိုင်သော ပြည်သူ သုံးသောင်းခန့် တရုတ်ပြည်ထဲသို့ ဒုက္ခသည်များအဖြစ် ဝင်ပြေးခဲ့ရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ ဝန်ကြီးချုပ် နှစ်ဦးသည် သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ၂၀၀၈ ခုနှစ် နှောင်းပိုင်းတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံပိုက်လိုင်းနှင့် ဒေါ်လာ ၁ ဒဿမ ၀၄ ဘီလီယံ တန်ဖိုးရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းကို သဘော တူညီခဲ့ကြသည်။ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်း ဆောက်လုပ်မှုကို ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် စတင် လုပ်ကိုင်ခဲ့သည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခုကို မျဉ်းပြိုင်ပုံစံဖြင့် သွယ်တန်းခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ နယ်စပ်မြို့ ဖြစ်သော ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ ဝင်ရောက်မည် ဖြစ်သည်။ ရေနံ ပိုက်လိုင်းမှာ ယူနန်ပြည်နယ်၊ မြို့တော် ကူမင်းတွင် အဆုံးသတ်မည် ဖြစ်ပြီး ကီလိုမီတာ ၂၈၀၆ ရှည်လျားမည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှာ Guizhou နှင့် Guangxi မြို့များသို့ ဆက်လက် သွယ်တန်းမည် ဖြစ်သည်။
ထို ရေနံပိုက်လိုင်းသည် တရုတ်ပြည်၏ ရေနံ တင်သွင်းမှု လမ်းကြောင်းကို လုံးလုံးလျားလျား ပြောင်းလဲပစ်မည် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။ တရုတ်သည် အရှေ့ အလယ်ပိုင်းနှင့် အာဖရိက ဒေသများမှ ဝယ်ယူသော ရေနံများကို ပြည်တွင်းသို့ တင်ပို့ရာ၌ ပင်လယ်ဓားပြ အန္တရာယ် များပြားသော မလက္ကာ ရေလက်ကြားကို ရှောင်ရှားနိုင်ရေး အတွက် အဆိုပါ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
ယင်း စွမ်းအင်ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းများသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေကြောင်း China Institute of Contemporary International Relations မှ သုတေသန ပညာရှင် Song Qingrun က ပြောကြားသည်။
မြန်မာနိုင်ငံတွင် အရင်းအနှီးနှင့် နည်းပညာ အခက်အခဲများကြောင့် ထုတ်ဖော် အသုံးမပြု ရသေးသော စွမ်းအင် သယံဇာတ ရင်းမြစ် မြောက်မြားစွာ ရှိသည်။ စွမ်းအင် စီမံကိန်းများသည် အလုပ်အကိုင် အခွင့်အလမ်းပေါင်း မြောက်မြားစွာကို ဖြစ်ပေါ် ဖန်တီးပေးနိုင်သလို ဒေသခံများ အနေဖြင့်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အထောက်အပံ့များ ရရှိစေနိုင်ကြောင်း Song Qingrun က ပြောကြားသည်။
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော တရုတ် စီမံကိန်းများ အားလုံးသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိကြောင်း ၎င်းက ဆိုသည်။
တရုတ်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုရန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
China Daily သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.