Transparency Myanmar

transparency.myanmar@gmail.com

The Nation, 28th June 2010

ထားဝယ်ဆိပ်ကမ်းကို အဓိက ဆိပ်ကမ်း အဖြစ် အဆင့်မြင့်ရန် ထိုင်းအစိုးရက ယခင် အပတ်တွင် သဘောတူလိုက်ပြီးနောက်တွင် အနောက်ဖက် ကမ်းခြေ၏ ရေနက် ဆိပ်ကမ်းအဖြစ် နောက်တစ်ကြိမ် ထွန်းတောက်လျက် ရှိကာ၊ ဆာတွန်ရှိ ပတ်ဘာရာ ဆိပ်ကမ်းမှာမူ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကြောင့် သာမန် ဆိပ်ကမ်းအဖြစ်သာ အသုံးဝင်တော့မည် ဖြစ်သည်။

ထားဝယ် ဆိပ်ကမ်းသည် မဟာမဲခေါင် ဒေသခွဲ အတွင်းရှိ ကုန်းတွင်း လမ်းကြောင်းများနှင့် ချိတ်ဆက်ရန် မျှော်လင့်ထားကာ အဆိုပါ ဒေသတွင်းရှိ ထိုင်းနိုင်ငံသည် အရှေ့မှ အနောက်သို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်ရာတွင် အချိန် တိုတောင်းခြင်း၊ ကုန်ကျစရိတ် နည်းပါးခြင်းတို့ကြောင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး လှုပ်ရှားမှုတိုင်း၏ ဗဟိုအချက်အချာ ဖြစ်လာသည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား ဦးဆောင်သော အမျိုးသား ကုန်စည် ပို့ဆောင်ရေး ဖွံ့ဖြိုးမှု ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယခင်အပတ်က ကျင်းပခဲ့ရာ အမျိုးသား ကုန်စည် ပို့ဆောင်ရေး ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာ အစီအစဉ်မှာ ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

ထားဝယ်-ကန်ချနာဘူရီ ဖြတ်လမ်းကို ဖြတ်သန်းသွားသည့် ကုန်းတွင်း လမ်းကြောင်းများကို အသုံးပြုခြင်းဖြင့် တောင်တရုတ် ပင်လယ်နှင့် အင်ဒါမန် ပင်လယ်အကြား ကုန်စည် ပို့ဆောင်ချိန်ကို ၆ ရက်အထိ လျော့ချနိုင်ရန် အထောက်အကူ ရမည် ဖြစ်ပြီး ရေယာဉ် ထူထပ်သော မလက္ကာ ရေလက်ကြားကို အသုံးပြုပါက ၁၆ ရက် မှ ၁၈ ရက် အထိ ကြာမြင့်သည်ဟု ပို့ဆောင်ရေး ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။

ပတ်ဘာရာ ဆိပ်ကမ်းမ၏ှာမူ တနှစ်လျှင် ပေ ၂၀ ကွန်တိန်နာ တစ်သန်းထက် မကျော်သော ဝန်ဆောင်မှုကို ပေးမည့် ပြည်တွင်း ဆိပ်ကမ်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

မြန်မာ အရှေ့တောင်ပိုင်း ထားဝယ်၌ ဘတ်ငွေသန်း ၃၀၀ ကျော် ကုန်ကျရန် မျှော်လင့်ထားသည့် အကြီးစား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ထားဝယ် ဆိပ်ကမ်းမှာ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ဘတ်ငွေ သန်း ၅၀ ကုန်ကျမည့် ဆိပ်ကမ်းအပြင် ဧက ၂၀၀၀၀၀ ရှိ မြေပေါ်တွင် စက်မှုဇုံနှင့် လူနေ အဆောက်အဦးများ၊ ကားလမ်းနှင့် ရထားလမ်း ကွန်ယက်များ ပါဝင်သော အကြီးစား စီမံကိန်း ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းကို ယခုနှစ် စတင်ရန် မျှော်လင့်ထားပြီး ၂၀၂၀ တွင် အပြီးသတ်မည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်း ဖြစ်သော အီတာလီယံ-ထိုင်း ကုမ္ပဏီ၏ စီမံချက် ဖြစ်သော အထက်ပါ စီမံကိန်းအတွက် ကုမ္ပဏီက မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ဖော်ကိုင်ဘက်များ ရှာဖွေနေသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီသည် အရှေ့တောင် အာရှ၏ ဖြတ်လမ်းသစ် တစ်ခုဖြစ်သော ထားဝယ်-ကန်ချနာဘူရီ အဝေးပြေး လမ်းမကြီး တိုင်းတာခြင်းနှင့် တည်ဆောက်ခြင်း ကန်ထရိုက် လုပ်ငန်းကို မြန်မာ အာဏာပိုင်များထံမှ ရရှိခဲ့ပြီးနောက် ၂၀၀၈ တွင် အထက်ပါ စီမံကိန်းနှင့် ပါဝင် ပတ်သက်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်-ကန်ချနာကူရီ ၄လမ်းသွား အဝေးပြေးလမ်း တည်ဆောက်မှုကို မကြာမီ စတင်မည် ဖြစ်ကာ ၂၀၁၃ တွင် ပြီးစီးရန် မျှော်လင့်ထားသည်။

ကုန်သွယ်ရေး ဒုတိယ ဝန်ကြီး အလွန်ခွန် သွန်လာဘွတ်သည် အဝေးပြေးလမ်း စီမံကိန်း စတင်မှု အပါအဝင် ကန်ချနာဘူရီ စစ်ဆေးရေးဂိတ်ရှိ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို မြှင့်တင်ရန် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များနှင့် စေ့စပ် ဆွေးနွေးရန် အတွက် ယခုနှစ် အစောပိုင်းမှ စ၍ မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့သည်။

ဤစီမံကိန်းသည် ထိုင်း ကန်ထရိုက်တာများ၏ မြန်မာပြည်တွင်း ဆောက်လုပ်ရေး စီမံကိန်းများ အတွက် ဘိလပ်မြေ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေး စက်ပစ္စည်း ယန္တရားများ လွတ်လပ်စွာ စီးဆင်းမှု သာမကပဲ ထားဝယ်ဆိပ်ကမ်းကို အသုံးပြုကာ ထိုင်းနိုင်ငံ ကုန်းတွင်း လမ်းကြောင်းမှ အင်ဒါမန် ပင်လယ်သို့ ဆက်သွယ်မည့် ဘက်စုံသုံး ပို့ဆောင်ရေး စနစ်တစ်ခုကိုပါ ဖန်တီးပေးမည် ဖြစ်သည်။

ထို့အပြင် အရှေ့-အနောက် စီးပွားရေး စင်္ကြန်လမ်း (အဝေးပြေး R-9) ၊ တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်း၊ တရုတ်နိုင်ငံ တောင်ပိုင်းမှ လာအို၊ ဗီယက်နမ်ကို ဖြတ်၍ စင်္ကာပူသို့ လည်းကောင်း၊ ထိုင်း၊ မလေးရှားသို့ လည်းကောင်း ဆက်သွယ်သည့် မြောက်ပိုင်း-တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်း စသော ရထားလမ်း၊ ကားလမ်း ပါဝင်သည့် ကုန်းတွင်းလမ်းကြောင်း များစွာနှင့် ထားဝယ်-ကန်ချာနာဘူရီ ဖြတ်လမ်းကို ဆက်သွယ်နိုင်မည် ဖြစ်သည်။

 နိုင်ငံရေး ကိစ္စရပ်များ

ထားဝယ် ဆိပ်ကမ်းတွင် ကုန်တန်ချိန် ၃၀၀,၀၀၀ တင်ဆောင်ထားသော မည်သည့် သင်္ဘောမဆို ဆိုက်ကပ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း အမျိုးသား ကုန်စည် ပို့ဆောင်ရေး မဟာဗျူဟာနှင့် ပတ်သက်၍ အစိုးရ၏ ယခုအကြိမ် ဆုံးဖြတ်မှုသည် အချို့ပို့ဆောင်ရေး လုပ်ငန်းရှင်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ၎င်းတို့က အစိုးရ၌ နိုင်ငံရေး ရည်ရွယ်ချက် ရှိသည်ဟု ယူဆနေကြသည်။

ထားဝယ် ရေနက် ဆိပ်ကမ်းသည် နိုင်ငံရေး ကိစ္စရပ်များကြောင့်ပင် အဓိက ဆိပ်ကမ်း တစ်ခုအဖြစ် မီးမောင်း ထိုးခံနေရခြင်း ဖြစ်သည်။ အစိုးရက ပတ်ဘာရာ ဆိပ်ကမ်းကို ယခုအထိ မတို့ထိရဲခြင်းမှာ တောင်ပိုင်းနေ ပြည်သူများက သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ခရီးသွား စီးပွားရေးလုပ်ငန်း အပေါ် ထိခိုက်မည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်သည်ဟု ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း သတင်းရပ်ကွက် ပြောကြားသည်။ အကယ်၍ အစိုးရက ထားဝယ် ဆိပ်ကမ်းကို အဓိက ဆိပ်ကမ်းအဖြစ် အသုံးပြုမည် ဆိုပါက ခဲတစ်လုံးနှင့် ငှက်များစွာ ထိမှန်လိမ့်မည်ဟု နောက်ထပ် သတင်းရပ်ကွက် တစ်ခုက ပြောကြားသည်။

သေချာသည်မှာ မြန်မာနိုင်ငံက အကျိုးအမြတ် အများစုကို ရရှိသွားမည့် အချက် ဖြစ်သည်။

ဒုတိယအချက်မှာ ထိုင်းပင်လယ်ကွေ့တွင် လုပ်စားနေကြသည့် သင်္ဘောလိုင်းများမှာ အင်ဒါမန် ပင်လယ်တွင် လုပ်ငန်းများ ပိုမို ရရှိကာ ထားဝယ် ဆိပ်ကမ်းမှ အကျိုးအမြတ် ရရှိကြမည် ဖြစ်သည်။

တတိယ အချက်မှာ စက်မှုဇုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များသည်လည်း ထိုဒေသတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ပိုမို ရရှိကြမည် ဖြစ်သည်။ အကယ်၍ အရှေ့ဖက် ကမ်းရိုးတန်း ရာယောင်းမြို့ မက်တာဖွတ် စက်မှုဇုံမှ ထုတ်လုပ်သူ အချို့ ထားဝယ်သို့ ရွှေ့ပြောင်း ထုတ်လုပ်ခဲ့ပါက အစိုးရ အပေါ်တွင် လေထုညစ်ညမ်းမှု ဆိုင်ရာ ဖိအားများ လျော့ကျသွားမည် ဖြစ်သည်။

ထိုအခါ အစိုးရ အနေဖြင့်လည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ ထွက်ပေါ်နေသည့် ပတ်ဘာရာ ဆိပ်ကမ်းကို အဓိက ရေနက် ဆိပ်ကမ်းအဖြစ် ဆက်လက် အကောင်အထည် ဖော်ပါက မြင့်တက်လာနိုင်သည့် ဖိအားများကိုလည်း ရင်ဆိုင်ရတော့မည် မဟုတ်ပါ။

"အစိုးရ အနေနဲ့ နောင်အချိန် တော်တော်ကြာမှပဲ အနောက်ဖက် ဝင်ပေါက် ကိုယ်ပိုင် အဓိက ဆိပ်ကမ်းနဲ့ တောင်ဖက် ကမ်းရိုးတန်း စက်မှုဇုံကို အကောင်အထည် ဖော်သင့်ပါတယ်" ဟု ပြောကြားသူမှာ ထိုင်းကုန်စည် ပို့ဆောင်ရေး အသင်းချုပ် ဥက္ကဌ ကရစ်ကလာ ဆွန်သီမတ် ဖြစ်သည်။

"နောက်ဆုံးကျရင်တော့ ကိုယ့်နှာခေါင်းနဲ့ ကိုယ် အသက်ရှူရမှာပေါ့ဗျာ" ဟု ၎င်းက ဆိုသည်။

သာမာဆတ် စီးပွားရေး သင်တန်းကျောင်းမှ ဒါရိုက်တာ၊ တွဲဖက် ပါမောက္ခ ရုတ်သံဘာနမ်ရောင်ကမူ "မည်သည့် မဟာဗျူဟာကို တိုင်းပြည်က အသုံးပြုမည် ဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်" ဟု ပြောကြားသည်။

"တကယ်လို့ ၂၀၂၀ မှာ အာဆီယံဟာ ဈေးကွက်တစ်ခုတည်း ဖြစ်လာမယ်ဆိုတဲ့  ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုကို ကျွန်တော်တို့ ယုံကြည်တယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ထားဝယ်ဆိပ်ကမ်းဟာ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အနားသတ် နိုင်ငံတွေ (ဘင်းမ်စတက်) စတဲ့ အနောက်ဖက်ဒေသ ဈေးကွက်တွေကို သွားဖို့ အဓိက ဆိပ်ကမ်းတစ်ခု၊ ထွက်ပေါက်တစ်ခု အဖြစ် အသုံးတော်ခံနိုင်မှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ် ဒုတိယ ဥက္ကဌ တာနစ်ဆိုရပ်က "လက်ရှိ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းနေရသည့် ရေလမ်းကြောင်းမှာ အလွန် ကြပ်ညှပ် ပြွတ်သိပ်နေကြောင်း၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး ပုံစံသည် လာမည့် ၁၀ နှစ် အတွင်း ကုန်းမှ ပင်လယ် (သို့) ပင်လယ်မှ ကုန်းကြောင်း ပုံစံမှ ပင်လယ်-ကုန်းကြောင်း ပေါင်းကူးတံတား ပုံစံသို့ ပြောင်းလဲသွားဖွယ် ရှိပြီး ပို့ဆောင်ရေး စရိတ် ချွေတာရေး အတွက် နောက်ထပ် ရွေးချယ်စရာ ဖြစ်လာကြောင်း" ပြောကြားသည်။

ထိုင်းနိုင်ငံ အနေဖြင့် ရေကြောင်း ဆက်စပ် ပို့ဆောင်ရေး လုပ်ငန်းမှ အကျိုးအမြတ်များ အသုံးချ၊ ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် 'ကြိုးကိုင်အစီအစဉ်' နှင့် 'လက်တွေ့အသုံးချ အစီအစဉ်' တို့ ရှိထားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

မည်သို့ပင် ဖြစ်စေ၊ ဒေသတွင်း ကုန်စည် ပို့ဆောင်မှု အချက်အချာ ဖြစ်လာရန် အတွက် ထိုင်းနိုင်ငံတွင် အရှေ့-အနောက် ဆက်သွယ်နိုင်သည့် ရေနက်ဆိပ်ကမ်း အပါအဝင် ပို့ဆောင်ရေး ပုံစံအားလုံးနှင့် အကျုံးဝင်သည့် ရှင်းလင်းသော ကုန်စည် ပို့ဆောင်ရေး စီမံချက် တစ်ခု ရှိထားသင့်သည်ဟု ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

စာချုပ်အားဖြင့် ဆိုရသော် အစိုးရ အနေဖြင့် အမျိုးသား သင်္ဘောလိုင်း၊ သင်္ဘောကျင်း လုပ်ငန်းနှင့် ဆက်စပ် စက်မှုလုပ်ငန်းများ အတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း ရေးဆွဲထားသင့်ကြောင်း တင်ပြလိုက်ရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment