International Crisis Group, 21st September 2010
မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲသည် တရုတ်နိုင်ငံအပေါ် ယင်း၏ အိမ်နီးချင်းအပေါ် ဆက်ဆံရေး၌ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ နိုင်ငံတကာက ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ဟု ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသော်လည်း တရုတ်ကမူ အဓိက ပြုပြင် ပြောင်းလဲမှုများ ပါဝင်လိမ့်မည် မဟုတ်သော မည်သည့် ရွေးကောက်ပွဲ ရလဒ်ကိုမဆို လက်ခံလိမ့်မည် ဖြစ်သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လက မြန်မာစစ်တပ်သည် ကိုးကန့်ကို တိုက်ခိုက်ခဲ့ရာ Beijing သည် အငိုက်မိသွားခဲ့ပြီး ဒုက္ခသည် (၃၀၀၀၀) ကျော် ယူနန် ပြည်နယ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်သည် ဖိအားပေးခြင်း၊ နေပြည်တော်နှင့် တရုတ်နယ်စပ်တွင် နေထိုင်ကြသော တိုင်းရင်းသားများအား စေ့စပ်ရန် ကြားဝင် ဆောင်ရွက်ခြင်းများ ပြုခဲ့သည်။ Obama အစိုးရ၏ တွေ့ဆုံ ဆွေးနွေးရေး မူဝါဒကြောင့် နှစ်နိုင်ငံ ပါဝါ ချိန်ညှိရေးတွင် စိန်ခေါ်မှုများ ဖြစ်ပေါ်လာခဲ့ သည်ဟု Beijing က ခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် တရုတ်က မြန်မာနိုင်ငံတွင် စွမ်းအင်နှင့် ပတ်သက်၍ ပိုမို ပါဝင်လာခဲ့သည်။
Beijing သည် နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုများကို ပေါင်းစည်းရန် ကြိုးစားလျက် ရှိရာ ထိပ်တန်းခေါင်းဆောင်များ သွားရောက် လည်ပတ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ ချေးငွေများ ပေးခြင်းနှင့် ကုန်သွယ်ခြင်းတို့ဖြင့် ခြေလှမ်း လှမ်းလျက် ရှိသည်။ သို့သော် တရုတ်သည် ယင်း၏ သြဇာ လွှမ်းမိုးမှုများ ထူထောင်ရာတွင် အကန့်အသတ်များ ကြုံတွေ့လျက် ရှိရာ မြန်မာနိုင်ငံ၏ သယံဇာတများကို တရုတ် ကုမ္ပဏီများက ဂုတ်သွေးစုပ်မှုအတွက် အတိုက်အခံများ ထွက်ပေါ်လာခြင်း၊ Beijing နှင့် ယူနန်ဒေသ ဆိုင်ရာ အစိုးရများ ကြားတွင် စိတ်ဝင်စားမှုနှင့် မူဝါဒ အကောင်အထည် ဖော်ရာတွင် ကွဲပြား ခြားနားမှုများ ထွက်ပေါ်လာခြင်းများ စသည်တို့ ဖြစ်သည်။
ကိုးကန့် ပဋိပက္ခနှင့် နယ်စပ်ရှိ တင်းမာမှုများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် Beijing သည် မြန်မာ တိုင်းရင်းသား အုပ်စုများအပေါ် ယင်း၏ သြဇာ လွှမ်းမိုးရေးအတွက် အသုံးချခံ ပစ္စည်း မဟာဗျူဟာ တစ်ခု အဖြစ် မမြင်တော့ပဲ ပြဿနာ ဖြစ်စေသော အန္တရာယ်ကောင်များအဖြစ် ပြောင်းလဲ ရှုမြင်လာသည်။ နေပြည်တော်သည် အဓိက အပစ်အခတ် ရပ်ထားသော တိုင်းရင်းသား အုပ်စုများအား စစ်တပ်လက် အောက်ခံ နယ်ခြားစောင့်တပ် ပြောင်းလဲရေး လုပ်ငန်း မအောင်မြင်မှုကြောင့် အစိုးရနှင့် တိုင်းရင်းသားများကြား ပဋိပက္ခ အသွင် ဆောင်လာမည်ကို တရုတ်အစိုးရက စိုးရိမ်စိတ် ဖြစ်ပေါ်လျက် ရှိသည်။ လတ်တလော တရုတ်၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ၀ါဒမှာ နေပြည်တော်နှင့် အဓိက တိုင်းရင်းသား အုပ်စုများကြား စေ့စပ် ဆွေးနွေးရေးကို ဖိအားပေးရန် အာရုံစိုက်ရေးပင် ဖြစ်သည်။ တိုင်းရင်းသား အုပ်စု အများစုကလည်း မြန်မာ အစိုးရက ယင်းတို့အား မတိုက်ခိုက်ရေးအတွက် Beijing က ဖိအားပေးနိုင်မည်ဟု ယုံကြည်လျက် ရှိပါသည်။ အချို့ကလည်း တရုတ်၏ ထောက်ခံမှုမှာ ယင်း၏ အကျိုးစီးပွားနှင့် လုံခြုံရေးအပေါ် မူတည်၍ ပြောင်းလဲသွားနိုင်ကြောင်း ယုံကြည်ကြသည်။
နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် နေပြည်တော်၏ ဦးစားပေး အစီအစဉ် ဖြစ်သည်။ စစ်တပ်၏ နိုင်ငံရေး အခန်းကဏ္ဍကို စနစ်တကျ အဖွဲ့အစည်းအသွင် ပြောင်းရန် ရည်ရွယ်၍ ၂၀၀၃ ခုနှစ်၊ သြဂုတ်လတွင် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီသို့ လမ်းပြမြေပုံ လုပ်ငန်းစဉ် (၇) ရပ်ကို ချမှတ်ခဲ့သည်။ ယခု လွှတ်တော် အဆင့်ဆင့်အတွက် ရွေးကောက်ပွဲများသည် လမ်းပြမြေပုံ၏ ပဉ္စမအဆင့် ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ လမ်းပြမြေပုံကို သော်လည်းကောင်း၊ ရွေးကောက်ပွဲကို သော်လည်းကောင်း စိတ်မ၀င်စားပါ။ ထွက်ပေါ်လာမည့် မြန်မာအစိုးရကို ပြည်တွင်းကရော နိုင်ငံတကာကပါ တရားဝင် အသိအမှတ်ပြုမှုက ယင်း၏ မဟာဗျူဟာနှင့် စီးပွားရေး စိတ်ဝင်စားမှုများကို အထောက်အကူ ပြုရေးကိုသာ Beijing က မျှော်လင့်ခြင်း ဖြစ်သည်။
Beijing ၏ တွက်ချက်မှုကို သက်ရောက်မှု ရှိသော အခြားအချက် နှစ်ခု ရှိသေးသည်။ တရုတ်က ယင်း၏ စွမ်းအင်ဆိုင်ရာ လုံခြုံမှုကိစ္စတွင် မြန်မာနိုင်ငံသည် ပို၍ အရေးကြီးသော ကဏ္ဍမှ ပါဝင်လာသည်ဟု မြင်သည်။ တရုတ်သည် ယခုအခါ မြန်မာနိုင်ငံမှ ဓာတ်ငွေ့ကို သယ်ရန်နှင့် အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ တင်သွင်းသော ရေနံစိမ်းများ ပို့ဆောင်ရေးအတွက် ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများကို မြန်မာနိုင်ငံကို ဖြတ်၍ တည်ဆောက်နေသည်။ ထို့အပြင် တရုတ် ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ရေအား လျှပ်စစ်ကဏ္ဍတွင် တရုတ်တို့၏ လိုအပ်ချက်ကြောင့် လျင်မြန်စွာ တိုးချဲ့ ရင်းနှီး မြှုပ်နှံလျက် ရှိသည်။ တရုတ်၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မဟာဗျူဟာကို သက်ရောက်မှု ရှိသော နောက်အချက် တစ်ခုမှာ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မူဝါဒပင် ဖြစ်သည်။ ယင်းသည် အမေရိကန်၏ တရုတ်ကို ၀န်းရံရေး မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး တရုတ်၏ မြန်မာနိုင်ငံ အပေါ် သြဇာလွှမ်းမိုးမှုတွင် အလားအလာ ကောင်းသော စိန်ခေါ်မှုအဖြစ် Beijing က ရှုမြင်သည်။
Beijing သည် မြန်မာနိုင်ငံတွင် ယင်း၏ စီးပွားရေးနှင့် နိုင်ငံရေး ဖြစ်တည်မှု အင်အား ကောင်းစေရန် တိုး၍ ကြိုးစားလျက် ရှိသည်။ တရုတ် ပေါ်လစ်ဗျူရို ဦးဆောင် ကော်မတီမှ အဖွဲ့ဝင် သုံးဦးသည် ၂၀၀၉ မတ်လမှ စ၍ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ ထိုသို့ သွားရောက်ပြီး အဓိက ရေအားလျှပ်စစ်များ၊ သတ္တု တူးဖော်ရေးများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လက်မှတ် ရေးထိုးပြီး စီးပွားရေး ဆက်ဆံမှုများ တိုးမြှင့်ခဲ့သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ တိုက်ရိုက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကဏ္ဍတွင် ထိပ်တန်းမှ ရှိနေရာ မကြာသေးမီက စီးပွားရေးအရ သဘော တူညီမှုများသည် ယင်း၏ ဦးဆောင် နေရာကို ပိုမို ချဲ့ထွင်မည် ဖြစ်သည်။
သို့သော် တရုတ်သည် ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေး ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အခက်အခဲ နှစ်ခုနှင့် ရင်ဆိုင်နေရသည်။ Beijing နှင့် ဒေသဆိုင်ရာ ယူနန် အစိုးရများ ကြားတွင် နယ်စပ် စီမံခန့်ခွဲရေး ကိစ္စနှင့် တိုင်းရင်းသား အုပ်စုများကို ချဉ်းကပ်ရာတွင် ခံယူ ချက်ခြင်း ကွဲပြားလျက် ရှိသည်။ Beijing က နယ်စပ် တည်ငြိမ်ရေးနှင့် ဒေသဆိုင်ရာ စီးပွားရေး ရည်မှန်းချက် အချို့ကို စွန့်လွှတ်ရန် လိုလားသည်။ သို့သော် ယူနန်ကမူ နယ်စပ် ကုန်သွယ်ရေးကို တန်ဖိုး ထားပြီး တိုင်းရင်းသား အုပ်စုများနှင့် အထူး ဆက်ဆံရေးကြောင့် ရရှိသော အကျိုးအမြတ်များကို မက်မောလျက် ရှိသည်။ မြန်မာနိုင်ငံတွင် တရုတ် ကုမ္ပဏီ အချို့၏ သယံဇာတ ထုတ်ယူရေး လုပ်ငန်းများသည် လူအများ၏ စိတ်မကျေနပ်မှုကို များစွာ ဖြစ်ပေါ်စေသည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အကျိုးအမြတ် ခွဲဝေမှု မညီမျှခြင်းနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ပျက်စီးမှုများ၊ လူ့အဖွဲ့အစည်းများကို ဇွတ်အတင်း ပြောင်းရွေ့ခိုင်းမှုများ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ဧပြီလက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲမှုများ နောက်ကွယ်တွင် အဆိုပါ မကျေနပ်မှုများ ရှိလိမ့်မည် ဖြစ်သည်။
တိုင်းရင်းသား နယ်မြေများကို ပိုမို ချုပ်ကိုင်နိုင်ရေးအတွက် နေပြည်တော်၏ မဟာဗျူဟာတွင် တရုတ်က ပါဝင်လျှက် ရှိသည်နှင့်အမျှ အဆိုပါ တိုင်းရင်းသား နယ်မြေများတွင် တရုတ်က အကြီးအကျယ် ရင်းနှီး မြှုပ်နှံလျက် ရှိကြောင်း တက်ကြွသူများက ဆိုသည်။ အထူးသဖြင့် သယံဇာတ ပေါများသော ကချင်ပြည်နယ်တွင် ဖြစ်သည်။
အဆိုပါ သတင်းမှာ ယူနန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အပါအ၀င် နှစ်နိုင်ငံ နယ်စပ် နှစ်ဖက်စလုံးတွင် တွေ့ဆုံ မေးမြန်းထားမှုများကို အခြေပြုထားသည်။ ထို့အပြင် Beijing၊ ကူမင်း၊ ရန်ကုန်၊ ချင်းမိုင်၊ ဘန်ကောက်၊ နယူးယောက်နှင့် ၀ါရှင်တန် ဒီစီတို့တွင်ပါ တွေ့ဆုံ မေးမြန်းထားခြင်းများ ပါဝင်သည်။ International Crisis Group သည် တရုတ်ပညာရှင်များ၊ တရုတ်အစိုးရ တာဝန်ရှိ သူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြန်မာအရပ်သား အဖွဲ့အစည်း အဖွဲ့ဝင်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ NGO များမှ တစ်ဦးချင်းကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံ စကား ပြောခဲ့ပြီး ဖြစ်သည်။ ယခု ကိစ္စသည် အထိမခံသော ကိစ္စ ဖြစ်နေခြင်းကြောင့် အင်တာဗျူး လုပ်သူများမှာ မည်သူမျှ အမည် မဖော်လိုကြပေ။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.