Transparency Myanmar

transparency.myanmar@gmail.com

(The Asian Age မှ 11 Jan 2011 ရက်စွဲပါ Battle continues near the Thai-Myanmar Border သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း တပ်ခ်ပြည်နယ် မဲဆောက်ခရိုင်အနီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် DKBA တပ်ဖွဲ့များအကြား တိုက်ပွဲသည် တနင်္လာနေ့က စတင် ဖြစ်ပွားခြင်း ဖြစ်ပြီး၊ မဲဆောက်ခရိုင် ကော့မနော အနီးမှ မြန်မာ စစ်သားများ၏ စခန်းတစ်ခုကို DKBA တပ်များက ဝိုင်းထားပြီး၊ အမြောက်များဖြင့် ပစ်ခတ်ခဲ့သလို မြန်မာ စစ်သားများကလည်း ကိုယ့်ကိုကိုယ် ကာကွယ်ရန် အပြင်းအထန် ပြန်လည် ပစ်ခတ်ကာ DKBA တပ်များ ရှေ့မတိုးနိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

အမြောက် ကျည်ဆံ ၁၁ ခု ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့ခြင်းကြောင့် မဲဆောက်ရှိ ထိုင်း-မြန်မာ နယ်ခြားကော်မတီ TBC အကြီးအကဲက မြဝတီမှ TBC ရုံးသို့ စာတစ်စောင် ပေးပို့ကာ မြန်မာ စစ်သားများ ပစ်မှတ်ကို သေချာစွာ ပစ်ခတ်ကြရန်နှင့် ထိုင်းနိုင်ငံတွင်းသို့ မပစ်ခတ်ကြရန် တိုက်တွန်းလိုက်သည်။ နယ်စပ်အနီး နေထိုင်သော ထိုင်းရွာသားများက ကော့မနောရှိ ၎င်းတို့၏ ပြောင်းခင်း၊ ပဲခင်းများ အတွင်းမှ မပေါက်ကွဲသေးသော အမြောက်ဆံများကို ဖယ်ရှားပေးရန် ထိုင်းတပ်ဖွဲ့များကို တောင်းဆိုထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Jan 12 2011 ရက်စွဲပါ  Aisa Times Unline မှ Sudha Remachandran ရေးသားသော Stilwell Rd to be reborn ကို တိုက်ရိုက် ဘာသာပြန်သည်။)

မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံးတွင် ၎င်း၏ အနောက်မြောက် ဒေသကို ဖြတ်၍ အိန္ဒိယနှင့် တရုတ်ကို ဆက်သွယ်ပေးသော သမိုင်းဝင် စတီးဝဲလ် (Stilwell) လမ်းကို ပြန်လည် ဖွင့်လှစ်ရန် ကာလရှည်ကြာ တုန့်ဆိုင်းနေမှုကို ရပ်ဆိုင်းသွားပြီဟု ယူဆရပေသည်။

အိန္ဒိယ ကုန်သည်ကြီးများ အသင်း Northeastern Initiative မှ ဥက္ကဌ Maherh Saharia က Stilwell လမ်း ပြန်လည် ဖွင့်လှစ်ခြင်းမှာ စဉ်းစားရန်ပင် ခက်ခဲလှသော ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ အစိုးရသည် ၃၁၂ ကီလိုမီတာ ရှည်သော မြစ်ကြီးနားမှ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ Pangsau နယ်စပ်ထိ လမ်းမအား ပြန်လည် ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ Yunnan Construction Engineering Group အား လုပ်ငန်း အပ်နှံခဲ့သည်။

တရုတ်ကုမ္ပဏီအား ကန်ထရိုက် အပ်နှံခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် သြဇာ လွှမ်းမိုးရေး အတွက် တရုတ်နှင့် ပြိုင်ဆိုင်လျက် ရှိသော အိန္ဒိယ အတွက်မူ ပြဿနာ တစ်ရပ်ပင် ဖြစ်သည်။ သို့သော် ယခု မြစ်ကြီးနား-တနိုင်း-Pangsau လမ်းပိုင်းအား ပြန်လည် ပြင်ဆင်ခြင်း လုပ်ငန်းသည် သုံးနိုင်ငံစလုံး အတွက် ကြီးမားသော အကျိုးအမြတ်များ ရနိုင်မည် ဖြစ်သည်။

Stilwell လမ်းမကြီးအား ပြန်လည် ဖွင့်လှစ်ခြင်းကြောင့် အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် စရိတ်တွင် ၃၀% ခန့် သက်သာသွားမည် ဖြစ်သည်။ လာမည့်နှစ် အနည်းငယ် အတွင်း အိန္ဒိယ-တရုတ် ကုန်းတွင်း ကုန်သွယ်ရေး တိုးမြှင့်ရေးကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

၁၇၃၆ ကီလိုမီတာ ရှည်သော Stilwell လမ်းမကြီး၏ မူရင်း အမည်မှာ လီဒိုလမ်းမကြီး ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်းက အာသံပြည်နယ် လီဒိုမှ ကူမင်းအထိ ဖောက်လုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ်က ဂျပန်က လမ်းတစ်ခုအား ဖြတ်တောက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ မဟာမိတ်များက ချန်ကေရှိတ်၏ ကူမင်တန်တပ်များအား ထောက်ပံ့နိုင်ရန် လီဒိုလမ်းကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန် စစ်တပ်မှ ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell က အမည်ပြောင်းခဲ့သည်။

အဆိုပါ လမ်းမကြီးသည် အာသံပြည်နယ် လီဒိုမှ စတင်ပြီး Arunachal Pradesh ရှိ Jairampur နှင့် Nampong တို့ကို ဖြတ်၍ Pangsau နယ်စပ် ဖြတ်ကျော် စခန်းသို့ ရောက်သည်။ ထိုမှ မြန်မာနိုင်ငံကို မြစ်ကြီးနားကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် ခရီးဆုံးသည်။ အဆိုပါ လမ်းမကြီးသည် အိန္ဒိယနိုင်ငံတွင် ၆၁ ကီလိုမီတာ ရှည်ပြီး၊ မြန်မာနိုင်ငံတွင် ၁၀၃၅ ကီလိုမီတာ ရှည်ကာ၊ တရုတ်နိုင်ငံတွင် ကီလိုမီတာ ၆၄၀ ရှည်လျားသည်။

စစ်ကြီး ပြီးသွားသည့်အခါ ထိုလမ်းကို အသုံးပြုမှု မရှိတော့ဘဲ အိန္ဒိယ အရှေ့မြောက် အပိုင်းနှင့် မြန်မာနိုင်ငံကို ဖြတ်သောလမ်း အများစုသည် သူပုန်များကြောင့် ပျက်စီးခဲ့ရသည်။ နောက်ပိုင်း မြန်မာနိုင်ငံ၏ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်သော မူဝါဒကြောင့် လည်းကောင်း၊ တရုတ်၊ မြန်မာနှင့် အိန္ဒိယ နိုင်ငံများကြား ဆက်ဆံရေး မကောင်းမှုကြောင့် လည်းကောင်း ထိုလမ်းကို မည်သူကမျှ အသုံးမပြုခဲ့ကြပေ။

ယခုအခါ အရာရာ အားလုံး ပြောင်းလဲသွားခဲ့ပြီး၊ သုံးနိုင်ငံ ဆက်ဆံရေးမှာလည်း အရေးပါစွာပင် တိုးတက်လာခဲ့ပြီး၊ ရလဒ် အနေဖြင့် ထိုလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ရန် စိတ်ဝင်စားလာခဲ့သည်။ သို့သော် လမ်းအပိုင်းများ အထူးသဖြင့် မြန်မာနိုင်ငံအပိုင်းမှ လမ်းများသည် အခြေအနေ ဆိုးရွားပြီး လမ်းပင် မရှိသလောက် ဖြစ်နေသည်။

မြစ်ကြီးနား-တနိုင်း-Pangsau လမ်းအပိုင်း ပြင်ဆင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလက သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့သည်ဟု Indian Express ၏ အဆိုအရ သိရှိရသည်။ အဆိုပါ စီမံကိန်းကို ယူနန် ဆောက်လုပ်ရေးနှင့် အစိုးရနှင့် အဆင်ပြေနေသော ယုဇန ကုမ္ပဏီတို့ ပူးတွဲ တာဝန်ယူ လုပ်ဆောင်မည် ဖြစ်သည်။

သုံးနိုင်ငံ အနက် တရုတ်နိုင်ငံသည် အဆိုပါ လမ်းပိုင်း ပြန်လည် ဖွင့်လှစ်ရေးကို စိတ်အား အထက်သန်ဆုံး ဖြစ်ပြီး၊ မြန်မာနိုင်ငံက စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်သည်။ Beijing သည် အဆိုပါလမ်း၏ တရုတ်နိုင်ငံ အပိုင်းကို ပြင်ဆင်ပြီး ဖြစ်ကာ၊ တရုတ်နိုင်ငံ၏ စူပါ အဝေးပြေး လမ်းမကြီး ကွန်ရက်နှင့် ချိတ်ဆက်ပြီး ဖြစ်သည်။ တရုတ်နိုင်ငံသည် Stilwell လမ်း ပြန်လည် ဖွင့်လှစ်ခဲ့ပါက ကုန်သွယ်မှုတွင် ကြီးမားသော အကျိုးအမြတ်များ ရနိုင်ရန် ရည်ရွယ်၍ ယူနန်တွင် အခြား အခြေခံ အဆောက်အဦလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးရေး လုပ်ဆောင်ပြီး ဖြစ်သည်။ ကူမင်းသည် ယူနန်၏ အရေးကြီးသော စက်မှု ဖွံ့ဖြိုးမှု ဗဟိုဌာန ဖြစ်နေပြီ ဖြစ်သည်။

အဆိုပါ လမ်းပိုင်းတွင် မြန်မာ စစ်တပ်က ချုပ်ကိုင်မှုတွင် အကန့်အသတ်များ ရှိသော သူပုန်များ ကြီးစိုးရာ ကချင်ဒေသကို ဖြတ်သန်းသွားရသည် ဖြစ်ရာ မြန်မာ အစိုးရသည် အဆိုပါ လမ်းပိုင်း ပြန်လည် ဖွင့်လှစ်ရန် တုန့်ဆိုင်းနေသည်။ လမ်းကောင်းသွားပါက သူပုန်များ၏ ရွေ့လျားမှုများ ပိုမို လွယ်ကူမည်ဟု ယူဆနေ၍ ဖြစ်သည်။

ယခု မြစ်ကြီးနား-ပန်ဆောင်လမ်း အပိုင်းအား ပြင်ဆင်ရန် ကန်ထရိုက် စာချုပ် လက်မှတ် ရေးထိုးလိုက်ခြင်းသည် Stilwell လမ်းမကြီး ပြန်လည် ဖွင့်လှစ်ရေး အတွက် နောက်ဆုံး အတားအဆီးကို ဖယ်ရှားလိုက် သကဲ့သို့ ရှိသည်။

၂၀၀၈ ခုနှစ်က မြန်မာ အစိုးရသည် နယူးဒေလီနှင့် အဆိုပါလမ်း ပြင်ဆင်ရေး ကိစ္စအား စကားပြောခဲ့ရာ၊ အိန္ဒိယက လမ်းပြင်ဆင်ရေး စီမံကိန်းအား ၎င်းတို့ လုပ်ကိုင်ရလိမ့်မည်ဟု မျှော်လင့် နေခဲ့သည်။ ယခု ကန်ထရိုက်သည် တရုတ်နိုင်ငံနှင့် လုပ်ကိုင်ရန် ဖြစ်သွားရာ နယူးဒေလီအဖို့ စိတ်မကောင်း ဖြစ်ရသော်လည်း အဆိုပါလမ်း ပြန်လည် ဖွင့်လှစ်ခြင်း အတွက် အိန္ဒိယနိုင်ငံတွင်လည်း အကျိုးများစွာ ဖြစ်ထွန်းမည် ဖြစ်သည်။

အဆိုပါ လမ်းမကြီးက ဆက်သွယ်ပေးမည့် ဒေသနှစ်ခု ဖြစ်သော အိန္ဒိယ အရှေ့မြောက်နှင့် တရုတ်၏ ယူနန်ပြည်နယ်များသည် စီးပွားရေးအရ ခေတ်နောက်ကျပြီး၊ ကုန်းတွင်းပိတ် ဒေသများ ဖြစ်ကြသည်။ ယခု Stilwell လမ်းမကြီးကြောင့် ဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးသည် အဆိုပါ ဒေသကြီးများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမည် ဖြစ်သည်။

၁၉၄၇ ခုနှစ်က အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဟု ပေါ်ထွက်လာခဲ့ရာ အရှေ့မြောက်ဒေသသည် ၎င်း၏ အနီးဆုံး ဆိပ်ကမ်းဖြစ်သော စစ်တကောင်းကို အသုံးပြုခွင့် ရပ်ဆိုင်းသွားခဲ့သည်။ ထို့ကြောင့် အရှေ့မြောက်ဒေသသည် နှစ်ပေါင်း ခြောက်ဆယ်ခန့် ကီလိုမီတာ ၁၆၀၀ အကွာရှိ ကာလကတ္တား ပင်လယ် ဆိပ်ကမ်းသို့ ကုန်းတစ်တန်၊ ရထားတစ်တန်ဖြင့် သွားရောက် အသုံးပြုခဲ့ရသည်။ ထို့ကြောင့် လက်ရှိအားဖြင့် အိန္ဒိယ အရှေ့မြောက်မှ ကုန်စည်များသည် တရုတ် သို့မဟုတ် အရှေ့တောင်အာရှ နိုင်ငံများသို့ ပို့ဆောင်ရန် ကိုးလ်ကတ္တား ဆိပ်ကမ်းမှ မလက္ကာ ရေလက်ကြားကို ဖြတ်၍ ပို့ဆောင်ရသည်။

"အရှေ့မြောက်က ကုန်စည်တွေကို ကုန်းလမ်းကနေ ကိုးလ်ကတ္တားထိ ပို့ရတာ ခုနှစ်ရက်လောက် ကြာပါတယ်။ တစ်ခါ သင်္ဘောနဲ့ တရုတ်ပြည်ကို သုံးလေးပတ်လောက် ကြာပြန်ပါတယ်။" ဟု Sahoria က ပြောသည်။ အရှေ့မြောက်မှ ကုန်စည်များကို Stilwell လမ်းမကြီးကို သုံးပြီး၊ ယူနန်ကို ပို့မည် ဆိုပါက နှစ်ရက် အတွင်း ရောက်ရှိမည် ဖြစ်သည်။

Stilwell လမ်းမကြီးသည် အိန္ဒိယနိုင်ငံ အခြား အစိတ်အပိုင်းများမှ ကုန်ပစ္စည်းများ တရုတ်သို့ ပို့မည် ဆိုပါက ယူနန်သို့ ဖြတ်လမ်းဖြစ်သောကြောင့် အကောင်းဆုံး ရွေးချယ်စရာ လမ်းမကြီး ဖြစ်လာမည် ဖြစ်သည်။

"ကမ္ဘာကြီးမှာ အဓိက ဖြစ်ပေါ် တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ နှစ်နိုင်ငံ နက်နဲတဲ့ ဆက်ဆံရေးဖြစ်ဖို့ အချိန် ဆုံးရှုံးလို့ မဖြစ်ပါဘူး။ အခွင့်အလမ်းတွေကို အမိအရ ယူသင့်ပါတယ်။" ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ဒီဇင်ဘာလက ၎င်း၏ အိန္ဒိယ ခရီးစဉ် အတွင်း ပြောကြားခဲ့သည်။

ထိုခရီးစဉ် အတွင်းက နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၀၉-၁၀ တွင် ၆၀ ဘီလီယံ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၁၀၀ ဘီလီယမ် ဒေါ်လာ ရောက်ရှိရန် သတ်မှတ်ခဲ့ကြသည်။ ယခု လက်ရှိအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ၁၉ ဘီလီယံ ဒေါ်လာ တရုတ်က အသာစီးရလျက် ရှိသည်။ Stilwell လမ်းမကြီးကို အသုံးပြု၍ တရုတ်က ကုန်သွယ်ရေး ဆက်လက် အသာစီးရသည့်တိုင် လမ်းမကြီးတစ်လျှောက်ရှိ ဒေသများ စီးပွားရေး တိုးတက်မှုများ ရှိလာမည် မလွဲပေ။

အိန္ဒိယ အရှေ့မြောက်ဒေသမှ မြန်မာနိုင်ငံကို ဖြတ်၍ အရှေ့တောင်အာရှဒေသသို့ ဆက်သွယ်သော လမ်းတစ်ခုမှာ မဏိပူရနှင့် မြန်မာကို ဆက်သွယ်ထားသော မိုရေး-တမူးလမ်း ဖြစ်သည်။ အာသံရှိ Numaligarh မှစသော အိန္ဒိယ၏ အမျိုးသား အဝေးပြေး လမ်းမကြီး အမှတ် ၃၉ သည် နာဂဒေသကို ဖြတ်၍ မိုရေးသို့ ဆက်သွယ်ထားသည်။ မိုရေး-တမူးလမ်း အပေါ် မျှော်လင့်ချက် များများထား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါလမ်းသည် တစ်နှစ်တွင် သုံးပုံတစ်ပုံခန့်သည် တိုက်ပွဲများ၊ မငြိမ်သက်မှုများကြောင့် ပိတ်ထားရလေ့ ရှိသည်။

ကုလားတန် ဘက်စုံသုံး တဆင့်ခံ ပို့ဆောင်ရေး စီမံကိန်းသည် ပြီးခဲ့သည့်လ နှောင်းပိုင်းက စတင်ခဲ့သည်ဟု သတင်းများ ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၃ တွင် ပြီးဆုံးမည်ဟု မျှော်လင့်ရပြီး၊ အဆိုပါ စီမံကိန်းသည် အနာဂတ်တွင် အရှေ့မြောက် မီဇိုရမ် ပြည်နယ်နှင့် ဘင်္ဂလား ပင်လယ်အော် ဆက်သွယ်ရာတွင် လွယ်ကူသွားမည်ဟု မျှော်လင့်ရပေသည်။

အဆိုပါ စီမံကိန်းတွင် မီဇိုရမ်မှ မြန်မာနိုင်ငံ ကလေးဝသို့ ဆက်သွယ်သောလမ်း ဖောက်လုပ်ရေးလည်း ပါဝင်သည်။ ကုလားတန်မြစ်အား ရေကြောင်းလမ်း အဖြစ် ကောင်းမွန်စွာ အသုံးပြုရန် ဖွံ့ဖြိုးရေး ပြုလုပ်မည် ဖြစ်ပြီး၊ စစ်တွေ ဆိပ်ကမ်း အခြေခံ အဆောက်အဦ တိုးတက်ရေးများ ပါဝင်မည် ဖြစ်သည်။ စစ်တွေသည် ရခိုင်ပြည်နယ် မြို့တော်ဖြစ်ပြီး၊ ၎င်းအနီးတွင် ကုလားတန်မြစ်သည် ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။

ထို့ကြောင့် အရှေ့မြောက်မှ ကုန်စည်များသည် ကုန်းလမ်း၊ မြစ်ကြောင်းများမှ တဆင့် စ်စတွေ ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ထိုမှတဆင့် အရှေ့တောင် အာရှနိုင်ငံသို့ ပင်လယ်ကို ဖြတ်၍ သယ်ဆောင်မည် ဖြစ်သည်။ စစ်တွေသည် ဆိပ်ကမ်းကြောင့် အရေးပါရုံမက ကမ်းလွန် သဘာဝဓာတ်ငွေ့ အတွက် ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ဖြစ်သည်။ တရုတ်နိုင်ငံ မြောက်ပိုင်းသို့ ဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး အတွက် ဆိပ်ကမ်းလည်း ဖြစ်သည်။

အိန္ဒိယသည် စစ်တွေ ဆိပ်ကမ်းကို မျက်စိကျရခြင်းမှာ အရှေ့မြောက်မှ ကုန်စည်များ အတွက် ပင်လယ် ထွက်ပေါက် ရရှိရေး သာမက၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး မကောင်း၍ ဒက္ကားသည် စစ်တကောင်း ဆိပ်ကမ်းကို အိန္ဒိယကုန်စည်များ အတွက် အသုံးမပြု ခွင့်မပေးသောကြောင့်၊ စစ်တွေ ဆိပ်ကမ်းကို အသုံးပြုနိုင်ရေးလည်း ပါဝင်သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သိသာစွာ တိုးတက်လာခဲ့ရာ ဒက္ကားသည် အိန္ဒိယ ကုန်စည်များ အတွက် စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုခွင့် ပေးရေး စိတ်ဝင်စားကြောင်း ပြသခဲ့သည်။

စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုပါက အိန္ဒိယ အနေဖြင့် စစ်တွေ၏ စီးပွားရေးအရ အရေးပါမှု လျော့ကျနိုင်မည်မှာ မလွဲပေ။ သို့သော် စစ်တွေမှာ အိန္ဒိယ အတွက် မဟာဗျူဟာအရ အရေးပါနေဆဲ ဖြစ်သည်။ "နိုင်ငံတွေဟာ ထွက်ပေါက်တွေ များများ အသုံးပြုရလေ တစ်နိုင်ငံတည်း အပေါ် မှီခိုရမှု လျော့သွားလေပါပဲ" ဟု Saharia က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Bangkok Post မှ 12 Jan 2011 ရက်စွဲပါ Karen Rebels hold Thai man hostage သတင်းကို ဘာသာပြန်ဆိုသည်။)

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ DKBA သည် မြန်မာပိုင်နက် အတွင်း ထိုင်းလူမျိုး တစ်ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ ဘတ် ၃ သိန်းဖြင့် ရွေးရန် တောင်းဆိုလျက် ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ကရီယင်ဆပ် ဟူသာ သိရှိရသေးသည့် ထိုင်းအမျိုးသားသည် တပ်ခ်ပြည်နယ် အန်ဖန်းခရိုင်၏ မျက်နှာချင်းဆိုင်ဖက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး၊ ၎င်းသည် အန်ဖန်းခရိုင် တန်ဘွန်မော့ကရိုမှ တာပါပူးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ကရီယင်ဆပ်သည် DKBA အုပ်စုတစ်စုနှင့် ငွေကြေးကိစ္စ စေ့စပ် ညှိနှိုင်းရန် အတွက် နယ်စပ်ကို ကူးကာ မြန်မာနိုင်ငံဖက်သို့ သွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားသည်။

သို့သော်လည်း ၎င်းသည် သဘောတူညီချက် မရရှိခဲ့ပဲ DKBA က ၎င်းကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ဘတ် ၃ သိန်းဖြင့် လာရောက် ရွေးယူရန် တောင်းဆိုထားသည်။

DKBA က ကရီယင်ဆပ်သည် ၎င်းတို့အား အထက်ပါ ငွေပမာဏ (ဘတ် ၃ သိန်း) ပေးစရာ ရှိသည်ဟု အခိုင်အမာ ဆိုသည်။

တပ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက အန်ဖန်းခရိုင် အကြီးအကဲ ချာဝန်ဆပ်ဂျိုင်စန်အား ကရီယင်ဆပ်၏ အရေးအတွက် DKBA နှင့် ဆက်သွယ်ရန် တာဝန် ပေးထားသည်။ သို့သော် ယခုတိုင် တုန့်ပြန်မှု မရှိသေးပါ။

ထို့အပြင် တန်ဘွန်း မဟာဝမ်ရှိ မယ်ကောင်ကန် ကျေးရွာနှင့် မျက်နှာချင်းဆိုင် မနောကျွန်း အနီးတွင် မြန်မာ စစ်တပ်နှင့် ကရင် DKBA တပ်ဖွဲ့များ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေမှုကို မဲဆောက်ခရိုင် အမှတ်(၄) ခြေလျင်တပ်မ၏ အထူးတပ်ဖွဲ့က မနေ့က စောင့်ကြည့်လျက် ရှိသည်။

K-81 အမြောက်ဆံ အတော်များများ ထိုင်းပိုင်နက် အတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ သတင်း ရပ်ကွက်က ဆိုသည်။ မဲဆောက်မှ ထိုင်း-မြန်မာ နယ်ခြား ကော်မတီ အဖွဲ့ဝင်များက မြဝတီမှ နယ်ခြား ကော်မတီအား စာတစ်စောင် ပေးပို့ကာ မြန်မာစစ်တပ်၏ အမြောက်ကျည်ဆံများ ထိုင်းနိုင်ငံဖက်သို့ မကျအောင် အာမခံရန် တောင်းဆိုထားသည်ဟုလည်း သိရှိရသည်။

အဆိုပါ ဒေသရှိ မြန်မာတပ်ဖွဲ့မှာ DKBA တပ်များ၏ ဝန်းရံမှု ခံနေရပြီး၊ မြန်မာ တပ်ဖွဲ့ဝင်များစွာ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိလျက် ရှိသည်ဟု သတင်းများ ရရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reliefweb မှ 11 Jan 2011 ရက်စွဲပါ U.S Government Provides Additional $ 1.5 million for Victims of Cyclone Giri သတင်းကို ဘာသာ ပြန်ဆိုသည်။)

အမေရိကန် ပြည်ထောင်စု အစိုးရနှင့် ပြည်သူများသည် ၂၀၁၀ အောက်တိုဘာလက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို တိုက်ခတ်သွားသော ဂီရိ ဆိုင်ကလုန်းကြောင့် ဒုက္ခ ရောက်နေသူများကို စားနပ်ရိက္ခာ အကူအညီ ဒေါ်လာ ၁.၅ သန်း ထပ်တိုး ကူညီရန် ကြေညာကာ နှစ်သိမ့် ဝမ်းမြောက်လျက် ရှိသည်။ ရေနှင့် သန့်ရှင်းရေး၊ အမိုးအကာ ပစ္စည်းများ အပါအဝင် အရေးပေါ် ကူညီ ထောက်ပံ့မှုများ အတွက် အမေရိကန် ဒေါ်လာ ၃ သိန်း ကနဦး ကူညီ လှူဒါန်းခဲ့ပြီးနောက် ယခု ဆက်လက် လှူဒါန်းခြင်း ဖြစ်သည်။

ဆိုင်ကလုန်း ဒဏ်ခံ ပြည်သူများ အတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ဒေါ်လာ ၁.၅ သန်းကို US Agency for International Development (USAID) က ကုလ သမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်ထံ ပေးအပ် လှူဒါန်းမည် ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာ ၂၂ ရက်က မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဂီရိ ဆိုင်ကလုန်း ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူပေါင်း ဒါဇင်နှင့် ချီ၍ သေဆုံးကာ ထောင်နှင့် ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့ပြီး အခြေခံ အဆောက်အဦးများနှင့် စိုက်ပျိုးမြေများကို ဆိုးဆိုးဝါးဝါး ပျက်စီး စေခဲ့သည်။

အဆိုပါ ဆိုင်ကလုန်း ဒဏ်ကြောင့် ရခိုင်ပြည်နယ် ဒေသခံများမှာ အခက်အခဲများ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်ပြီး၊ လူပေါင်း ၂ သိန်းကျော်မှာ စားနပ်ရိက္ခာ ကူညီ ထောက်ပံ့မှုကို လိုအပ်နေဆဲ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် ဒဏ်ခံ မြန်မာ ပြည်သူများကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၈၃ သိန်းကျော် လှူဒါန်းခဲ့ပြီးနောက် ယခု နောက်ဆုံး လူသားချင်း စာနာသော အကူအညီများကို ဆက်လက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခု ကူညီမှုသည် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေရသော မြန်မာ ပြည်သူများကို ကူညီလိုသော အမေရိကန် ပြည်ထောင်စု၏ စိတ်ဆန္ဒကို ထပ်မံ ပေါ်လွင်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Manila Bulletin မှ 10 Jan 2011 ရက်စွဲပါ Mario B Casayuran ၏ Suu Kyi sees ASEAN role in restoring democracy ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ဒေါ်အောင်ဆန်း စုကြည်သည် သူမ၏ တိုင်းပြည်တွင် ဒီမိုကရေစီ အင်စတီကျူးရှင်းများ ပြန်လည် ထွန်းကားအောင် တည်ဆောက်ရာတွင် အရှေ့တောင် အာရှနိုင်ငံများ အသင်း (Asean) အာဆီယံက အရေးကြီးသော ကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ယုံကြည်နေကြောင်း Sen.Loren Legarda ၏ ပြောကြားမှု အရ သိရှိရသည်။

ရန်ကုန် မြို့တော်တွင် ဒီမိုကရေစီ ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် Legarda က စစ်ဖက် အစိုးရ အုပ်ချုပ်လျက် ရှိနေသေးသော တိုင်းပြည်တွင် ဒီမိုကရေစီ စနစ် ပြန်လည် ထွန်းကားလာအောင် လုပ်ဆောင်ရာတွင် တက်ကြွသော ကဏ္ဍမှ ဆက်လက် ပါဝင်ရန် ဖိလစ်ပိုင် အစိုးရကို တောင်းဆိုလိုက်သည်။

မြန်မာ့ နိုင်ငံရေး နယ်ပယ်နှင့် ပတ်သက်သည့် အာဆီယံ၏ ကဏ္ဍသည် အိုင်ဗရီကို့စ် နိုင်ငံမှ နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာတွင် အရေးပါသော ကဏ္ဍမှ ပါဝင်နေသည့် အာဖရိကနိုင်ငံများ၏ ပုံစံမျိုး ဖြစ်သင့်သည်ဟု Legarda က ပြောကြားသည်။

"နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ "မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည် ထွန်းကားရေးဟာ လမ်းခုလပ်မှာပဲ ရှိနေတယ်" ဆိုတဲ့ အချက်ကို သင်္ကေတ ပြလိုက်တာပါ။ ဒီမိုကရေစီ အတွက် အောင်ပွဲ တစ်ခုလို့ ဆိုရမယ့် လွတ်မြောက်မှု တိုက်ပွဲ တစ်ခုအဖြစ် သူမ လွတ်လာတာကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ အခုအချိန်မှာ အာဆီယံ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ ဖိလစ်ပိုင် နိုင်ငံဟာ မြန်မာ အာဏာပိုင်တွေကို တိုင်းပြည်ရဲ့ နိုင်ငံရေး ကိစ္စတွေမှာ နိုင်ငံသား အားလုံးကို ပါဝင် ပတ်သက် ခွင့်ပြုမယ့် မျှတတဲ့ နိုင်ငံရေး စနစ်ကို ဦးတည်တဲ့ ခိုင်မာတဲ့ လုပ်ဆောင်မှုတွေ လုပ်ကြဖို့ ဆက်ပြီး တောင်းဆိုရမှာပါ" ဟု Legarda က ဆိုသည်။

Legarda က ဒေါ်အောင်ဆန်းစုကြည် ပြောသည့်အတိုင်း မြန်မာ နိုင်ငံသားများ အားလုံး လွတ်လပ်စွာ ပါဝင်နိုင်သည့် "အားလုံးနှင့် ဆိုင်သော နိုင်ငံရေး လုပ်ငန်းစဉ်" အောက်တွင် မြန်မာ့ ရွေးကောက်ပွဲများ ကျင်းပမှသာ သူမ ပါဝင် ယှဉ်ပြိုင်မည်ဟု ပြောကြားသည်။

"ဖွံ့ဖြိုး တိုးတက်မှုကို ကောင်းစွာ လုပ်ဆောင်ပေးတဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်လာအောင် အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေကို ကူညီရာမှာ ကျွန်တော်တို့ အားလုံး ပါဝင်ဖို့ လိုအပ်နေပါပြီ။" "ဒေါ်အောင်ဆန်းစုကြည်က သူမ အကျယ်ချုပ်က လွတ်မြောက် လာပြီးနောက် သူမကို တယ်လီဖုန်း ခေါ်ဆို နှုတ်ဆက်တဲ့ အတွက် သမ္မတ အကွီနိုကို ကျေးဇူးတင်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အမြင်နှင့် စိုးရိမ် ပူပန်မှုတွေကို ထုတ်ဖော် ပြောဆိုရာမှာ ကျွန်တော်တို့ရဲ့ သမာ သမတ် ရှိမှုနဲ့ နိုးကြားမှုတွေကိုလည်း သူမက ဆက်ပြီး ကျေးဇူး တင်နေမှာပါလို့ ပြောပါတယ်" ဟု Legarda က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(SteelGuru ၏ 10 Jan 2011 ရက်စွဲပါ Daewoo International to start Myanmar gas project by 20B သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ A-1 နှင့် A-3 ကမ်းလွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့ ရင်းမြစ်များကို ၂၀၁၃ မေလ နောက်ဆုံးထား၍ စောနိုင်သမျှ စောစော စတင် ထုတ်ယူနိုင်မည့် အစီအစဉ်များကို POSCO က ပူးပေါင်း ပါဝင်နေခြင်းကြောင့် ဒေဝူး အင်တာနေရှင်နယ် ဦးဆောင်သည့် မြန်မာ ဓာတ်ငွေ့ စီမံကိန်းသည် မှန်မှန် တိုးတက်လျက် ရှိသည်။

သဘာဝ သယံဇာတ ရှာဖွေရေး ဆိုင်ရာ ကိုရီးယား-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် စီးပွားရေး သုတပညာ ဝန်ကြီးဌာနမှ အရာရှိများ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလကုန်တွင် လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း ကမ်းလွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့ ရင်းမြစ်များကို အတူတကွ ရှာဖွေကာ စီးပွားဖြစ် ထုတ်ယူမည့် သဘောတူ စာချုပ်များ ခိုင်မြဲစေရန် နှစ်ဖက်စလုံးက သဘောတူခဲ့သည်။

နှစ်နိုင်ငံ အစိုးရများ ကျောထောက် နောက်ခံ ပံ့ပိုးထားသော မြန်မာ ဓာတ်ငွေ့စီမံကိန်းသည် ဒေဝူး၏ အဓိက စီးပွားရေး စီမံကိန်းများထဲမှ တစ်ခု ဖြစ်သည်။ ဓာတ်ငွေ့သိုက် ၂ ခုမှ ရှယ်ယာ ၅၁% ကို ဒေဝူးက ပိုင်ဆိုင်သည်။

ဒေဝူးအပြင် အိန္ဒိယ၏ National Natural Gas Clearinghouse (၁၇%)၊ Myanmar Oil and Gas Enterprise (၁၅%)၊ Korea Gas Corporation (၈.၅%) တို့ကလည်း စီမံကိန်းတွင် ရှယ်ယာဝင်များ အဖြစ် ပါဝင်ကြသည်။

အဆိုပါ ကမ်းလွန် ဓာတ်ငွေ့သိုက် ၂ ခုတွင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၄.၅ ဘီလျံနှင့် ၇.၈ ဘီလျံ အသီးသီး ရှိမည်ဟု ခန့်မှန်းထားသည်။ ထုတ်လုပ်မှု စတင်သည့် အချိန်တွင် ဓာတ်ငွေ့သိုက်များမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀၀ နှုန်းဖြင့် နှစ် ၃၀ ထုတ်ယူနိုင်မည်ဟု မျှော်လင့်ထားကြသည်။

၎င်းဓာတ်ငွေ့များကို China National Petroleum Co-operation ၏ လက်အောက် အဖွဲ့ခွဲ CNUOC သို့ ရောင်းချပေးမည် ဖြစ်ကာ မြန်မာနိုင်ငံနှင့် တရုတ် ကုန်းတွင်းပိတ်ဒေသကို ဓာတ်ငွေ့ပိုက်များ သွယ်တန်းရန် စီစဉ်နေသည်။ အဆိုပါ အစီအစဉ်ကို ယခု လက်ရှိ အချိန်အထိ ငွေကြေး ကဏ္ဍတွင် အောင်မြင်စွာ စီမံ ဆောင်ရွက်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၈ ရက် ၂၀၁၁ ရက်စွဲပါ The New York Times သတင်းစာမှ Barak Obama ရေးသားသော In Sudan, an Election and a Beginning ဆောင်းပါးကို တိုက်ရိုက် ဘာသာပြန်သည်)

အတိတ်ကို ထားခဲ့ကာ သမိုင်းတွင် စာမျက်နှာ အသစ် ရေးထိုးခွင့် ဆိုသည်မှာ မျိုးဆက်တိုင်း ရနိုင်သော အခွင့်အလမ်း တစ်ခု မဟုတ်ပေ။ သို့သော် ယနေ့တွင်မူ နှစ်ပေါင်း ငါးဆယ်ခန့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး လူပေါင်း နှစ်သန်းခန့် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာကို ဒုက္ခသည်များ ဖြစ်စေခဲ့သော ဆူဒန် တောင်ပိုင်း လူထုမှာ အခွင့်အရေး တစ်ခု ရရှိခဲ့ပြီဖြစ်သည်။

လာမည့် သီတင်းပတ် အလွန်တွင် ဆူဒန်နိုင်ငံ တောင်ပိုင်းမှ သန်းပေါင်း များစွာသော လူထုကြီးသည် ဆူဒန်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ဆက်လက် ရပ်တည် မည်လော၊ သို့မဟုတ် လွတ်လပ်သော နိုင်ငံအဖြစ် ဖွဲ့စည်း မည်လော ဆိုသည်ကို မဲပေးကြတော့မည် ဖြစ်သည်။ ဆူဒန် ခေါင်းဆောင်များက ဆောင်ရွက် ပေးခဲ့သော ဤလုပ်ငန်းစဉ်သည် ဒုက္ခပင်လယ် ဝေခဲ့ကြရသည့် လူများမှ ငြိမ်းချမ်းရေးနှင့် သာယာ ၀ပြောရေး လမ်းစဉ်သို့ လိုက်မည်လော သို့မဟုတ် သွေးချောင်း စီးခဲ့သည့် အတိတ် ဖြစ်ရပ် မျိုးကို ပြန်လျှောက် မည်လောဟု ဆုံးဖြတ်ရာတွင် များစွာ အထောက်အကူ ဖြစ်မည် ဖြစ်သည်။ ဤကိစ္စ၏ အကျိုးဆက်များသည် ဆူဒန်အတွက် သာမက အာဖရိက ဆဟာရ အောက်ပိုင်းနှင့် ကမ္ဘာကြီး သို့တိုင် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ယခု သမိုင်းဝင်မည့် ဆန္ဒမဲပေး အစီအစဉ်သည် ဆူဒန် ပြည်တွင်းစစ်ကို ရပ်ဆိုင်းသွားစေ ခဲ့သော ၂၀၀၅ ငြိမ်းချမ်းရေး သဘော တူညီချက်၏ အဓိက အစိတ်အပိုင်းဖြစ်ပြီး၊ အကောင်အထည် ဖော်ရန် ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်ရေး ကြာမြင့်ခဲ့သည့် လုပ်ငန်းစဉ်ကြီး ဖြစ်သည်။ သို့သော် ပြီးခဲ့သော လများက အစီအစဉ် အတိုင်း ပြင်ဆင်မှုများ ပြုလုပ် နေသော်လည်း ဤဆန္ဒခံယူပွဲ ဖြစ် မဖြစ် မသေချာသည့် အခြေအနေများ ရှိခဲ့သည်။ ထို့ကြောင့်ပင် စာရေးသူသည် ဆူဒန်မှ ခေါင်းဆောင်များ နှင့် ကမ္ဘာတစ်ဝှမ်းမှ ခေါင်းဆောင်များကို ပြီးခဲ့သည့် စက်တင်ဘာလက စုစည်းကာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆန္ဒခံယူပွဲ ကျင်းပရေးအတွက် အခိုင်အမာ ယုံကြည်ကြောင်းနှင့် ရလဒ် မည်သို့ ထွက်လာမည် ဖြစ်စေကာမူ ဆူဒန် တောင်ပိုင်းမှ ပြည်သူများ၏ ဆန္ဒကို လေးစားရန် ပြောကြား ခဲ့ကြသည်။

အရေးကြီးသော ခြေလှမ်း တစ်ရပ်အဖြစ် ဆူဒန် မြောက်ပိုင်းနှင့် တောင်ပိုင်းမှ ခေါင်းဆောင်များ သည် နိုင်ငံပေါင်း လေးဆယ်ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကျောထောက် နောက်ခံ ပြုမှု နှင့်အတူ ဆန္ဒမဲပေးမှု အချိန်မှီ ပြီးစီးရေး၊ ငြိမ်းချမ်းမှု ရှိရေး၊ လွတ်လပ်မှု ရှိရေးနှင့် အများ လက်ခံမှု ရှိရေး၊ ဆူဒန် လူမျိုးများ၏ ဆန္ဒနှင့် တစ်ထပ်တည်း ကျရေးများ သေချာစေရန် ပူးပေါင်း လုပ်ဆောင်ကြရန် သဘောတူခဲ့သည်။ ယခု ဆန္ဒခံယူပွဲ အချိန်မီ ထွက်ပေါ်လာခြင်းသည် အထက်ပါ  ဆူဒန်များ၏ ပူးပေါင်း ဆောင်ရွက်မှုကို လေးစား အသိအမှတ် ပြုရမည် ဖြစ်သည်။ မကြာသေးမီကမှ ဆူဒန် အစိုးရက ပြောကြားရာတွင် အကယ်၍ မိမိတို့ လွတ်လပ်စွာ ရပ်တည်ရေးကို ရွေးချယ်ခဲ့ပါက ပထမဆုံး အသိအမှတ် ပြုရမည်မှာ တောင်ပိုင်း ဖြစ်လိမ့်မည်ဟု ဆိုသည်။

ယခုအခါ ဆူဒန်လူမျိုး အားလုံးသည် မိမိတို့ဖြစ်ချင်သည်များ ဆန္ဒြုပည့်ဝရေး ဆုံးဖြတ်ချက် ချရာတွင် စုစည်း ညီညွတ်မှုရှိရေးအား ကမ္ဘာက စောင့်ကြည့် နေကြပြီ ဖြစ်သည်။ ဆန္ဒခံယူပွဲ ကျင်းပရာတွင် ဆန္ဒမဲပေးသူများ မဲရုံများသို့ သွားရောက်ရန် ခွင့်ပြုရမည်ဖြစ်ပြီး ဆန္ဒမဲပေးရာတွင် ခြိမ်းခြောက်မှုများ၊ ခြောက်လှန့်မှုများ မရှိပဲ လွတ်လပ်စွာ မဲပေးနိုင်ရမည် ဖြစ်သည်။ ဖက် အားလုံးသည် ပြည်သူများ၏ ဆန္ဒဖော်ထုတ်မှုကို ဟန့်တားစေမည့် သို့မဟုတ် တင်းမာမှုကို ဖြစ်စေမည့် ရန်စမှုများ၊ မီးထိုးပေးမှုများ ကို ရှောင်ရှား ကြရမည် ဖြစ်သည်။

မဲအားလုံးကို ရေတွက်ရမည် ဖြစ်ပြီး အားလုံးသည် ရလဒ်ကို ကြိုတင် အကဲဖြတ်ခြင်းကို ငြင်း ဆန်ရမည် ဖြစ်သည်။ ရလဒ်ကို အများက လက်ခံ အသိအမှတ်ပြုရေးအတွက် ဆန္ဒခံယူပွဲ ကြီးကြပ် သော ကော်မရှင်အား ကြားဝင် စွက်ဖက်မှုများ၊ ဖိအားပေးမှုများမှ ကင်းလွတ်ရမည် ဖြစ်သည်။ ယခု ဆန္ဒ ခံယူပွဲ မတိုင်မီ ရက်ပိုင်းများတွင် ဆူဒန်မြောက်ပိုင်းနှင့် တောင်ပိုင်းမှ ခေါင်းဆောင်များသည် ပြင်းထန်သော ဆိုးရွားသည့် အဖြစ်အပျက်များ မဖြစ်ရေးနှင့် အထီးကျန်ပြုမှုများမှ ကျယ်ကျယ်ပြန့်ပြန့် မတည်ငြိမ်မှုများသို့ ကူးပြောင်း မသွားရေး တို့အတွက် ပူးပေါင်း လုပ်ဆောင် ကြရမည် ဖြစ်သည်။ တဖန် နောက်ဆုံး ရလဒ် စောင့်နေသည့် အချိန်များတွင် မည်သည့်ဖက်ကမျှ အင်အားသုံး၍ လိုချင်သည့် အဖြေထွက်ရန် လုပ်ဆောင်ခြင်းကို မည်သည့် အခြေအနေနှင့်မျှ ခွင့်မပြုရန် လိုအပ်သည်။

ဆန္ဒမဲပေးခြင်း အောင်မြင်မှုသည် အောင်ပွဲပင် ဖြစ်ပြီး အာဖရိက၏  ဒီမိုကရေစီနှင့် တရားမျှတ ရေး ခရီးရှည်ကြီးအတွက် ရှေ့ဆက်ရေးအတွက် အားဆေးတစ်ခုပင် ဖြစ်သည်။ ဆူဒန် နိုင်ငံတွင် ငြိမ်းချမ်းရေး အဓွန့်ရှည်ရေး အတွက်မူ ယခု ဆန္ဒခံယူပွဲအပြင် များစွာ လုပ်စရာများ ကျန်နေ ပေသေး သည်။

၂၀၀၅ ခုနှစ်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြည့်အ၀ အကောင်အထည် ဖော်ရမည် ဖြစ်ပြီး ရည်မှန်းချက် ပြည့်မြောက်ရန် ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ နယ်စပ် အငြင်းပွားမှုများ၊ တောင်ပိုင်းရော မြောက်ပိုင်းပါ ပါဝင်သည့် Abyei ဒေသ၏ အနေအထားတို့မှာ ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုအပ်ပါသည်။ ဆူဒန်လူမျိုးအားလုံး၊ အထူးသဖြင့် မြောက်ပိုင်းမှ တောင်ပိုင်း သားများနှင့် တောင်ပိုင်းမှ မြောက်ပိုင်းသားများ၊ အထူးသဖြင့် တိုင်းရင်းသားများ၏ နိုင်ငံသားဖြစ်ခွင့်နှင့် လုံခြုံမှုကို အကာအကွယ် ပေးရမည် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သည့် ရေနံမှ ရရှိသော ၀င်ငွေများကို ခွဲဝေ အသုံးပြုရာတွင် ပွင့်လင်း မြင်သာမှု ရှိရေးအတွက် အစီအစဉ်များ လုပ်ဆောင်ရမည် ဖြစ်သည်။ ဒုက္ခသည်များ ပြန်လာရေးကို အထူးစောင့်ရှောက်မှုများဖြင့် စီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ပြီး၊ နောက်ထပ် လူသားချင်း မစာနာသော အဖြစ်ဆိုးကြီး ထပ်မဖြစ်အောင် ကာကွယ်ရမည် ဖြစ်သည်။

အကယ်၍ တောင်ပိုင်းကသာ လွတ်လပ်ရေးအတွက် ရွေးချယ်ပါက အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် နှစ်နိုင်ငံလုံး အနေဖြင့် တည်ငြိမ်စွာနှင့် စီးပွားရေးအရ အောင်မြင်သည့် အိမ်နီးချင်း နိုင်ငံများအဖြစ် ထွက်ပေါ် ရပ်တည် လာနိုင်စေရေးကို အလေးထား လုပ်ဆောင် ပေးကြရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ ကံကြမ္မာများသည် တစ်ခု နှင့်တစ်ခု ဆက်စပ် နေခြင်းကြောင့် ဖြစ်သည်။ အတိအကျ ဆိုရလျှင် တောင်ပိုင်း ဆူဒန်၏ ပြည်သူများ လိုလား တောင့်တသော နိုင်ငံရေးနှင့် စီးပွားရေး မျှော်မှန်းချက်များ အတွက် ဖြည့်ဆီးရန် ရေရှည် လုပ်ငန်းတွင် ပါတနာများ လိုအပ်နေသည်။

နောက်ဆုံး အနေဖြင့် ပြောရလျှင် ဆူဒန် အနောက်ပိုင်း ဒါဖာ ဒေသတွင် ငြိမ်းချမ်းရေး မတည် မြဲလျှင် ဆူဒန်တွင် ငြိမ်းချမ်းရေး မတည်မြဲနိုင်ပါ။ မသိနားမလည်သော ဒါဖာ လူမျိုးများ ထောင်ပေါင်း ရာချီ၍ သေဆုံးမှုများ၊ လွန်ခဲ့သော ငါးနှစ်ခန့်က စာရေးသူ အိမ်နီးချင်း ချပ်(Chad)နိုင်ငံ ဒုက္ခသည် စခန်းတွင် တွေ့ခဲ့ရသော ဒုက္ခသည်များ၏ ဘ၀များမှာ ဘယ်သောအခါမျှ မသင့်ပေ။ ဤတွင်လည်း ကမ္ဘာကြီးက စောင့်ကြည့်လျက် ရှိသည်။ ဆူဒန်အစိုးရသည် နိုင်ငံတကာ စောင့်ထိန်း လိုက်နာမှုများ ကို ဖြည့်ဆီးပေးရမည် ဖြစ်သည်။ အရပ်သားများကို တိုက်ခိုက်မှုအား ရပ်ဆိုင်း ရမည် ဖြစ်သည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဖွဲ့များနှင့် အကူအညီ ပေးရေးလုပ်သားများကို လိုအပ် နေသည့် နေရာများထိ လက်လှမ်းမီအောင် လွတ်လပ်ခွင့် ပေးရမည် ဖြစ်သည်။

ဆူဒန် ခေါင်းဆောင်များအား မိမိ စက်တင်ဘာလက ပြောထားသည့်အတိုင်း အမေရိကန် ပြည်ထောင်စုသည် ဒါဖာမှ ပြည်သူများကို စွန့်လွတ်မည် မဟုတ်ပါ။ ထိုနေရာမှ ပြဿနာ အကျပ် အတည်းကို အဆုံးသတ်ရန် မိမိတို့၏ သံတမန်ရေး ကြိုးပမ်းမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ သက်ဆိုင်ရာ အုပ်စုအားလုံးကို ဆွေးနွေးပွဲဝိုင်းသို့ ခေါ်ယူရန်အတွက် အခြားနိုင်ငံများ အနေဖြင့် ယင်းတို့၏သြဇာကို အသုံးပြုရမည် ဖြစ်ပြီး မှန်ကန်သော ရည်ရွယ်ချက်ဖြင့် ယင်းတို့၏ သြဇာကို အသုံးပြုရမည် ဖြစ်ပြီး မှန်ကန်သော ရည်ရွယ်ချက်ဖြင့် စေ့စပ် ညှိနှိုင်း ပေးကြရမည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပါဝင်သော ရာဇ၀တ် ကျူးလွန်မှုများအတွက် တာဝန်ယူမှု အပါအ၀င် ဒါဖာတွင် ငြိမ်းချမ်းရေး တည်တံ့စေရန် မိမိတို့ အပြင်းအထန် ဆက်လက် တောင်းဆို သွားမည်။

ဆူဒန် ပြည်သူ အားလုံး ယင်းတို့နှင့် ထိုက်တန်သည့် ငြိမ်းချမ်းရေးနှင့် တိုးတက်ပြောင်းလဲမှုကို သိမြင် နားလည်အောင် ကူညီရာတွင် မိမိတို့၏ နိုင်ငံတကာ မိတ်ဆွေများနှင့်အတူ အမေရိကန် ပြည်ထောင်စုက ဦးဆောင်ကဏ္ဍမှ ဆက်လက် ပါဝင်မည့် ဆူဒန် ခေါင်းဆောင်များထံ မိမိ၏ ကမ်းလှမ်း ချက်ကို ယနေ့ထပ်မံ ပြောကြားလိုသည်။ အကယ်၍ သင်တို့ လိုက်နာရန် တာဝန် ရှိသည်များကို ဖြည့်ဆည်းကာ ငြိမ်းချမ်းရေးကို ရွေးချယ်မည်ဆိုပါက အမေရိကန်ပြည်ထောင်စု ဥပဒေအရ အကြမ်းဖက် ၀ါဒ အားပေးသော နိုင်ငံများ စာရင်းမှ ဆူဒန်ကို ပယ်ဖျက်ပေးမည့် လုပ်ငန်းစဉ်က စတင်ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းခြင်း အပါအ၀င် အမေရိကန်ပြည်ထောင်စုနှင့် ပုံမှန် ဆက်ဆံရေး လမ်းပွင့်လာမည်ဟု ထပ်မံ ပြောကြားလိုက်သည်။ ထိုသို့ မဟုတ်ပါက နိုင်ငံတကာ တာဝန် ၀တ္တရားများကို မလိုက်နာပဲ မခန့်လေးစား ပြုမူသူများအနေဖြင့် ဖိအားနှင့် ခွဲခြားပစ်ပယ်မှုကို ပိုမို ရင်ဆိုင် ရလိမ့်မည်။

ဆူဒန် ပြည်သူ သန်းပေါင်းများစွာဟာ သူတို့ရဲ့ ရှေ့ရေးကို ဆုံးဖြတ်ရန်အတွက် ဆန္ဒမဲပေးရန် ပြင်ဆင် နေကြသည်။ ယခု အချိန်သည် ခေါင်းဆောင်များ၏ ရဲရင့်မှုနှင့် အမြော်အမြင်က ပြည်သူများ ကို ကောင်းမွန်သော နေ့ရက်ဆီသို့ လမ်းပြနိုင်မည့် အခိုက်အတန့် ဖြစ်သည်။ မှန်ကန်သော ရွေးချယ်မှု ပြုလုပ်သူများကို သမိုင်းက မေ့ထားမည် မဟုတ်ပါ။ ယင်းတို့သည် အမေရိကန် ပြည်ထောင်စု၏ ပုံမှန် မိတ်ဆွေများ အဆင့်ကို ရရှိလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Radio Australia News မှ 8 Jan 2011 ရက်စွဲပါ "Laos to open stock exchange this week" ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့နောက်ဆုံး စတော့ အိတ်ချိန်းသစ်ကို လာအို နိုင်ငံတွင် ယခု အပတ် အတွင်း စတင် ဖွင့်လှစ် ရောင်းဝယ်ရန် စီစဉ်လျက် ရှိသည်။

Lao Securities Exchange (LSX)၏ ဥက္ကဌ က ယခု စတော့ အိတ်ချိန်း ဖွင့်လှစ်မှုသည် တစ်ရက်လျှင် ၂ ဒေါ်လာ (သို့) ၂ ဒေါ်လာပင် မရသည့် ပြည်သူ အများစု ရှိနေသော ဆင်းရဲ နွမ်းပါးသည့် နိုင်ငံ တစ်နိုင်ငံ အတွက် မှတ်တိုင်တစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယခု ပေါ်ပေါက်လာမည့် စတော့ ဈေးကွက်သည် ကုမ္ပဏီများ ရှင်သန် ကြီးထွားရန် အတွက် အရေးကြီးသော ရင်းနှီး မတည်ငွေ ရရှိနိုင်စေမည် ဖြစ်ပြီး မူလ ရှိပြီးသော နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်ကို အပြန်အလှန် အားဖြည့်ပေးမည်ဟု ဒီသ်ဘိုဘန် မိုလာရတ် က ပြောကြားသည်။

လာအိုနိုင်ငံသည် LSX တွင် ရှယ်ယာ 49 % ပိုင်ဆိုင်ကာ စတော့ဈေးကွက် အော်ပရေတာ အဖြစ် ပါဝင်မည့် တောင်ကိုးရီးယားထံမှ နည်းပညာနှင့် ငွေကြေး အကူအညီများ ရရှိထားပြီး အိမ်နီးခြင်း ထိုင်းနိုင်ငံ ထံမှလည်း အကြံဥာဏ်များ ရယူခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Radio Australia News မှ 7 Jan 2011 ရက်စွဲပါ "Taiwan monitoring China's new stealth Jet" ကို ဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် နိုင်ငံသည် တရုတ်နိုင်ငံ၏ ပထမဆုံး စတဲ့လ် တိုက်လေယာဉ် တီထွင် ထုတ်လုပ်မှုကို အနီးကပ် စောင့်ကြည့်လျက် ရှိပြီး အမေရိကန် ပြည်ထောင်စု ထံမှ အဆင့်မြင့် တိုက်လေယာဉ် ရရှိ အောင် ကြိုးစားသွားမည်ဟု ထိုင်ဝမ် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက ယင်း၏ J 20 အမျိုးအစား (ရေဒါဖြင့် ဖမ်း၍ မရသော) စတဲ့လ် တိုက်လေယာဉ် နမူနာ ပုံစံကို ထုတ်လုပ် ပြီးစီးကာ ယခုလအတွင်း စမ်းသပ် ပျံသန်းမှုများ စတင် ပြုလုပ်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ယူဆိုင်တူက အထက်ပါအတိုင်း တုန့်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ J20 သည် ယင်းထက် ပိုမို အဆင့်မြင့်သော အမေရိကန် ပြည်ထောင်စု၏ F22 တိုက်လေယာဉ်ကို ယှဉ်ပြိုင်နိုင်သည့် အဆင့်သို့ ရောက်ရန် နှစ်အတန်ကြာ ဦးမည်ဖြစ်ပြီး လက်တွေ့ တိုက်ပွဲဝင်နိုင်သည့် အဆင့်သို့ရောက်ရန် နှစ်တော်တော် ကြာဦးမည်ဟု အမေရိကန် ပြည်ထောင်စု ရေတပ်က အခိုင်အမာ ပြောကြားသည်။

သို့သော်လည်း လေ့လာဆန်းစစ်သူများက ပြောကြားရာတွင် ယခု သတင်းများသည် တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်လျက် ရှိသော ထိုင်ဝမ်တွင် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ် စေသည်ဟု ဆိုသည်။

"နှစ်နိုင်ငံအကြား အင်အား ချိန်ခွင်လျှာ ကွာဟမှု ကြီးထွားလာတဲ့ အတွက်ကြောင့် ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး တောင့်တင်းဖို့ လိုအပ်နေပါပြီ"ဟု ယူဆိုင်တူက သတင်းထောက်များအား ပြောကြားခဲ့သည်။

"ကျွန်တော်တို့မှာ အဆင့်မြင့် တိုက်လေယာဉ် အမျိုးအစား လိုအပ်နေပါပြီ။ အမေရိကန် ပြည်ထောင်စုကနေ ဂျက် တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ ကျွန်တော်တို့ တောင်းဆို ထားတာကို ထပ်ပြီး ဖိအား ပေးရပါလိမ့်မယ်"ဟု ယင်းက ဆိုသည်။

ထိုင်ဝမ်နိုင်ငံက အမေရိကန် ပြည်ထောင်စုထံမှ F16 C နှင့် D အမျိုးအစား ဂျက် တိုက်လေယာဉ် ၆၆ စင်းဝယ်ယူရန် ၂၀၀၇ အစောပိုင်းတွင် တင်ပြထားခဲ့သော်လည်း ဘီဂျင်း၏ ဒေါသထွက်မှုကို စိုးရိမ်သည့် အတွက် ၀ါရှင်တန်က စာချုပ်ကို ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက မှတ်ချက်ပေးသည်။

ထိုင်ဝမ်သို့ လက်နက် ရောင်းချမှု မှန်သမျှကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး ထိုင်ဝမ်ကျွန်းသည် ပြန်လည် ပေါင်းစည်းရန် စောင့်ဆိုင်းနေသော တရုတ်နိုင်ငံ၏ ပိုင်နက် အစိတ် အပိုင်း တစ်ခုသာ ဖြစ်သည်ဟု သတ်မှတ် ယူဆထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Nation သတင်းစာ မှ 5 Jan 2011 ရက်စွဲပါ "The court denies bail for seven red shirt leaders" ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် ယခင်နှစ် ဧပြီလနှင့် မေလတွင် ဖြစ်ပွားခဲ့သော သွေးစွန်းသည့် အဓိကရုဏ်းများ နှင့် ဆက်နွယ်မှုကြောင့် အကြမ်းဖက်မှုဖြင့် တရားစွဲ ဖမ်းဆီးထားသော ရှပ်နီခေါင်းဆောင် ၇ ဦး၏ ယာယီ အာမခံ လွှတ်ပေးရန် တတိယအကြိမ် လျှောက်ထားမှုကို ထိုင်းတရားရုံးက အင်္ဂါနေ့တွင် ငြင်းဆန်လိုက်သည်။

တရားရုံးက အထောက်အထား (သို့) ခုခံချေပမှု အသစ်များ တင်ပြခြင်း မရှိဟု အကြောင်းပြသည်။ တရား စွဲခံရသူများ၏ ရှေ့နေက ၁၅ ရက်အတွင်း အယူခံလွှာ တင်သွင်းမည်ဟု ဆိုသည်။

အထိန်းသိမ်းခံ ရှပ်နီခေါင်းဆောင် ၇ ဦးမှာ နာသာဝပ်ဆိုင်ကူး၊ စမ်တူဂျရာစန်၊ ကိုကောပီကူသောင်၊ နီဆစ်ဆင်သူပရိုင်၊ ကွမ်ချိုင်းပရိုင်ပါနာ၊ ၀ိဖြူသလန်၊ ပတ်တနာဖြူထိုင်း နှင့် ယိုဝါရစ်ချပ်အာလောင်း တို့ ဖြစ်သည်။

ရှပ်နီ ခေါင်းဆောင် တစ်ဦးဖြစ်သူ သီဒါသဝေါင်ဆပ် က တနင်္ဂနွေနေ့တွင် စီစဉ်ထားသော ချီတက် ဆန္ဒပြပွဲကို ဟန့်တားမှုများ ရှိနေသော်လည်း အစီအစဉ် အတိုင်း ပြုလုပ်သွားမည်ဟု ပြောကြား သည်။

ထိုင်းနိုင်ငံ ဥပဒေ အသင်း (Law Society of Thailand) က အာမခံ လျှောက်ထားမှုများကို ကူညီ ပြင်ဆင်ပေးရန် အတွက် ခုခံချေပမှု ရှေ့နေ အဖွဲ့သို့ ပူးပေါင်း ဆောင်ရွက်ပေး ခဲ့ခြင်းကြောင့် ယခု တစ်ကြိမ်တွင် ရှပ်နီခေါင်းဆောင် ၇ ဦး လွတ်လာဖွယ် ရှိသည်ဟု ရှေ့နေအဖွဲ့က အကောင်းဖက်မှ ရှုမြင် ခဲ့ကြပုံ ရသည်။

ထို့ကြောင့် ရှပ်နီခေါင်းဆောင် သီဒါသဝေါင်ဆပ်က ယင်း၏ လုပ်ဖော် ကိုင်ဖက် ခေါင်းဆောင် ၇ ဦးအတွက် အာမခံ ငွေတင်သွင်းရန် ဘတ်ငွေ ၂၁ သန်း (စင်ကာပူ ဒေါ်လာ ၈၉၆၀၀၀) ကို ငွေသား သတ်သတ်ဖြင့် သယ်ဆောင်ကာ တရားရုံးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.