Transparency Myanmar

transparency.myanmar@gmail.com

တရုတ်-မြန်မာ ရေနံ ပိုက်လိုင်းအတွက် ဆိပ်ခံ တံတား တစ်ခု တည်ဆောက် လည်ပတ်ရန် မူဘောင် သဘော တူညီချက် တစ်ရပ်ကို တရုတ် ထိပ်တန်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ CNPC နှင့် Qingdao Port Group တို့ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း တရုတ် သတင်းစာ တစ်စောင်က ရေးသား ဖော်ပြသည်။

မူဘောင် သဘော တူညီချက်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို The China Petroleum Daily က ဖော်ပြခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် သယ်ဆောင်လာသော ရေနံများ ကုန်ချ သိုလှောင်ရန် နိုဝင်ဘာလက တည်ဆောက် ပြီးစီးသွားသော ဆိပ်ခံတံတား လည်ပတ် လုပ်ကိုင်ရေး တစ်စိတ် တစ်ပိုင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းရေနံ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင် တင်သွင်းမှု အခန်းကဏ္ဍ အတွက် လွန်စွာ အရေးကြီးကြောင်း၊ ယင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၏ ရွှေရောင် တံတားကြီး တစ်ခုဖြစ်ကြောင်း ညွှန်းဆို ရေးသားသည်။

ယင်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် စုစုပေါင်း ၂၂ သန်း သယ်ဆောင် တင်ပို့ပေးနိုင်မည် ဖြစ်ပြီး ယှဉ်လျက် သွယ်တန်းထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းမှာ တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်သည်ဟု The China Petroleum Daily က ရေးသား ဖော်ပြသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့ရေးကို CNPC က လုပ်ကိုင်မည် ဖြစ်သည်။

ပိုက်လိုင်း နှစ်ခုစလုံးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းမှ စတင်ကာ အရှေ့မြောက် ဘက်အတိုင်း တည့်တည့်သွားပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ ဝင်ရောက်မည် ဖြစ်သည်။ ရွှေလီမြို့မှ ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ဆက်သွယ်ပြီး ထိုမှတစ်ဆင့် ချုံကင်းနှင့် နန်နင်းမြို့များသို့ အသီးသီး ဝင်ရောက် အဆုံးသတ်မည်ဟု သိရသည်။

ယင်းပိုက်လိုင်း စီမံကိန်းကြီးများသည် တရုတ်နိုင်ငံသို့ စွမ်းအင် တင်သွင်းသည့် လမ်းကြောင်းများကို လုံးလုံးလျားလျား ပြောင်းလဲ သွားစေမည် ဖြစ်သည်။ ယခင်က တရုတ်နိုင်ငံသည် အာရပ်ကမ္ဘာနှင့် အရှေ့ အလယ်ပိုင်း ဒေသမှ စွမ်းအင်များ တင်သွင်းရာ၌ ရေကြောင်း ပိတ်ဆို့မှု များပြားပြီး ပင်လယ်ဓားပြ အန္တရာယ် ပေါများသော မလက္ကာ ရေလက်ကြားကို အမှီသဟဲ ပြုခဲ့ရသည်။ ပြည်တွင်းသို့ စွမ်းအင် တင်ပို့မှု အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မလက္ကာ ရေလက်ကြားမှ တစ်ဆင့် သယ်ဆောင် တင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုအတွက် တိုက်ရိုက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပြီး ငါးနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည် လက်နက်များ တီထွင်လာ နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသည်။

မြောက်ကိုရီးယားသည် ဒုံးကျည် အမြောက်အမြား ထုတ်လုပ် လာနိုင်လိမ့်မည် ဟူသော အချက်ကို မယုံကြည်ခဲ့ကြောင်း၊ ထုတ်လုပ်မည့် ဒုံးကျည်များမှာလည်း စွမ်းဆောင်နိုင်မှုတွင် အကန့်အသတ် ရှိမည်သာ ဖြစ်ကြောင်း မစ္စတာ ရောဘတ်ဂိတ်စ်က တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တော်တွင် သတင်းထောက်များကို ပြောကြားသည်။

"ကျွန်တော့် အထင် ပြောရရင် မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ထုတ်လုပ်လာနိုင် ပါလိမ့်မယ်။ ဒါပေမဲ့ အမြောက်အမြား ထုတ်လာနိုင်မှာတော့ မဟုတ်ပါဘူး" ဟု မစ္စတာ ဂိတ်စ်က ဆိုသည်။

"သူတို့ထုတ်တော့ ထုတ်လုပ် လာနိုင်လိမ့်မယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိနေလိမ့်မယ်" ဟုလည်း ဆက်လက် ပြောသည်။

မြောက်ကိုရီးယားတွင် တာဝေးပစ် ဒုံးကျည်အစင်း ၈၀၀ ခန့် ပိုင်ဆိုင်ပြီး အကွာအဝေး မျိုးစုံပစ်နိုင်သည့် ဒုံးကျည်အစင်း ၁၀၀၀ ကျော် ရှိသည်။ ထို့ပြင် မြောက်ကိုရီးယားသည် ဒုံးကျည်များနှင့် စစ်လက်နက် နည်းပညာများကို ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ကြောင်း၊ အဓိက ဝယ်ယူသည့် နိုင်ငံမှာ အီရန်ဖြစ်သည်။ ပြုံယမ်း၏ စစ်လက်နက်များတွင် ကီလိုမီတာ ၃၀၀၀ (မိုင်ပေါင်း ၁၈၆၀) ခန့်အထိ ပစ်နိုင်သော အလယ် အလတ်စား ဒုံးကျည်များလည်း ပါဝင်သည်ဟု တောင်ကိုရီးယား အစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

အဆိုပါ ဒုံးကျည်များသည် ဂျပန်နိုင်ငံ တစ်ခုလုံးသို့ ရောက်ရှိနိုင်သလို ဂူအမ်ကျွန်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကိုလည်း အန္တရာယ် ပေးနိုင်သည့် အနေအထား တွင်လည်း ရှိသည်။ လာမည့် ရက်သတ္တပတ် အတွင်း တရုတ်သမ္မတ ဟူဂျင်းတောင် အမေရိကန် ပြည်ထောင်စုသို့ လာရောက်စဉ် ၎င်းအနေဖြင့် သမ္မတ အိုဘားမား နှင့်အတူ မြောက်ကိုရီးယားကိစ္စ ဆွေးနွေးလိမ့်မည်ဟု ထင်မိကြောင်း မစ္စတာဂိတ်စ်က ဆိုသည်။

ခရီးစဉ်တွင် တရုတ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားအပေါ် ဖိအားပေးမှုများ ပြုလုပ်ရန် အိုဘားမားက ဟူဂျင်းတောင်ကို တွန်းအား ပေးမည်ဟု မျှော်လင့်ရသည်။ ယမန် နှစ်ကုန်ပိုင်းက မြောက်ကိုရီးယားက တောင်ကိုရီးယား ကျွန်းတစ်ခုသို့ အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး နျူကလီးယား အစီအစဉ်များကိုလည်း ထုတ်ဖော် ပြသခဲ့ရာ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်သည် အမေရိကန် ပြည်ထောင်စုနှင့် အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများနှင့် ရင်ဆိုင်နေရသော မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံအတွက် သံတမန်ရေးနှင့် စီးပွားရေးအရ အဓိက ကျောထောက် နောက်ခံ ပေးလျက် ရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ် အပါအဝင် အမေရိကန် အစိုးရ အရာရှိကြီးများက တရုတ်သည် ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ လျှော့ချရေးတွင် အဓိက ကျသော နေရာတွင် ရှိသည်ဟု ယုံကြည်ကြသည်။

မြောက်ကိုရီးယား၏ အမြောက်များဖြင့် ပစ်ခတ်မှုနှင့် တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှုတို့ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီး ပြုလုပ်ခဲ့မှုအား တရုတ်နိုင်ငံက ဝေဖန် ပြောဆိုခဲ့သည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာဆီယံ ဥက္ကဌ ရာထူး ရယူထားသည့် ၂၀၁၁ ခုနှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကြီး နှစ်ခုကို လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားသည်။

၁၈ နှင့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မေလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့တို့၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အာဆီယံ ဥက္ကဌ ရာထူးရယူထားစဉ် အာဆီယံ ကွန်မြူနစ်တီ မြှင့်တင်ရေးတွင် ထူးခြားသော တိုးတက်မှုများ ဖြစ်ထွန်းအောင် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု မစ္စတာ Marty Natalegawa က ပြောသည်။

အာဆီယံအဖွဲ့သည် အင်ဒိုနီရှားနိုင်ငံ ဂျကာတာတွင် ရုံးချုပ်ထားရှိပြီး အဖွဲ့ဝင်များမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း နှင့် ထိုင်းတို့ ဖြစ်ကာ လူဦးရေသန်း ၆၀၀ ခန့်ကို ကိုယ်စားပြုသည်။ "ယခု ၂၀၁၁ ခုနှစ်ထဲမှာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေရရှိပြီး လူ့အခွင့်အရေး လေးစား လိုက်နာပါမယ် ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် ဆောင်ရွက် ပေးသွားနိုင်မယ်လို့ ကျွန်တော်တို့ နိုင်ငံက မျှော်လင့်ထားပါတယ်" ဟု Marty Natalegawa က ပြောသည်။

အာဆီယံအဖွဲ့သည် ဒေသတွင်း ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင်း ချိုးဖောက်မှုများအပေါ် မသိကျိုးနွံ ပြုခဲ့သောကြောင့် ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခံရသည်။ အာဆီယံအဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အစီရင်ခံတင်ပြရန် လိုအပ်သောကြောင့် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အဆိုပါ ကော်မရှင်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သော မြန်မာနိုင်ငံအပေါ် အပြစ်ပေး အရေးယူရန် သြဇာအာဏာ မရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။ "ဒေသတွင်း ပြောင်းရွှေ့လုပ်သားတွေ အကာအကွယ် ပေးရေးကို သိသိသာသာ တိုးတက် ကောင်းမွန်လာအောင် အင်ဒိုနီးရှား နိုင်ငံက ကြိုးစား လုပ်ကိုင်သွားမှာပါ" ဟု နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

ထို့ပြင် အင်ဒိုနီးရှားသည် အာဆီယံဥက္ကဌ ရာထူး ရထားသည့် ကာလအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်း၌ တက်ကြွသော နိုင်ငံတစ်နိုင်ငံအဖြစ် ပိုမို ရပ်တည်သွားမည် ဖြစ်သည်ဟု ၎င်းက ကြေညာပြီး ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးမစ်ရှင်များ အတွက်လည်း ထည့်ဝင်မှုများ ပိုမို လုပ်ကိုင်သွားမည်ဟု ဆိုသည်။

"ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် တစ်လျှောက်လုံး အင်ဒိုနီးရှား နိုင်ငံရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်တွေအတွက် တပ်ဖွဲ့ဝင် အင်အား ၁၇၈၅ ဦး ဖြည့်ဆည်း ပေးခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၁၃ ရက် ၂၀၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော AAPP မှ 2189 Political Prisoners in Burma ကို တိုက်ရိုက် ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၈၉ ဦး ရှိ ယခင်လက ကိန်းဂဏန်း ၂၂၀၃ ဦးနှင့် နှိုင်းယှဉ်ကြည့်သော် အရေအတွက် လျော့သွားသည်ကို တွေ့ရသည်။ ဒီဇင်ဘာလ အတွင်းက နိုင်ငံရေး အကျဉ်းသား ၁၆ ဦး လွှတ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ဒီဇင်ဘာလ အတော အတွင်းက အနည်းဆုံး နိုင်ငံရေး အကျဉ်းသား တစ်ဦးကို ပြောင်းရွေ့ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၆ ဦးကို လွှတ်ပေးခဲ့သည်။ ဆန္ဒပြမှုကြောင့် ဒီဇင်ဘာလအတွင်း လူငါးဦး ဖမ်းဆီးခဲ့ကြောင်း မီဒီယာတွင် သတင်း ဖော်ပြခဲ့သည်။ ထို ဖမ်းဆီးထားမှုများကို အတည်ပြုချက် ရယူ နေသည့်အတွက် ယခုလ ကိန်းဂဏန်းများတွင် ပါဝင်ခြင်း မရှိပါ။

လမ်းပန်း ခက်ခဲသော အကျဉ်းထောင်များသို့ ရွေ့ပြောင်းခြင်း၊ ထိရောက်သော ဆေးကုသခွင့် မရရှိခြင်း စသော ဆိုးဝါး နိမ့်ကျသည့် အကျဉ်းထောင် အခြေအနေများကြောင့် အနည်းဆုံး အကျဉ်းသား ၁၄၂ ဦး ကျန်းမာရေး အခြေအနေ ဆိုးဝါးနေပြီး မြန်မာနိုင်ငံတစ်ဝှမ်း အကျဉ်းထောင် များရှိ နိုင်ငံရေး အကျဉ်းသား များစွာ အပေါ် ဆိုးဝါးစွာ ပြုမူ ဆက်ဆံမှုများ ဒီဇင်ဘာလအတွင်း ဆက်လက် ဖြစ်ပေါ်ခဲ့သည်။

ယခု ဖော်ပြမည့် ကိစ္စ တစ်ခုတည်းနှင့်ပင် နိုင်ငံရေး အကျဉ်းသားများ ကြုံတွေ့နေရသည့် အခြေ အနေများနှင့် သေကြေပျက်စီး ရသော အကျိုးဆက်များကို ထင်ရှားပေါ်လွင် စေပါလိမ့်မည်။ နိုင်ငံရေး အကျဉ်းသား သံဃာတော် တစ်ဦး ဖြစ်သူ ဦးနေမိန္ဒမှာ ဒီဇင်ဘာ ၈ ရက်နေ့က ပျံလွန် တော်မူသွားခဲ့သည်။ သူသည် အာဟာရ ချို့တဲ့မှု၊ နှိပ်စက် ညှင်းပန်းမှု၊ ဆေးကုသခွင့် လုံလောက်စွာ မရမှုတို့ကြောင့် ၁၉၈၈ နောက်ပိုင်း မြန်မာ အကျဉ်းထောင်များထဲတွင် အသက် ဆုံးရှုံးရသော ၁၄၆ ဦးမြောက် နိုင်ငံရေး အကျဉ်းသား ဖြစ်သည်။ ဦးနေမိန္ဒသည် စစ်ကြော မေးမြန်းမှုများတွင် နှိပ်စက် ညှင်းပန်း ခံရပြီး နောက်ပိုင်းတွင် မော်လမြိုင်ထောင်သို့ ရွှေ့ပြောင်းခံရပြီးနောက် ကျန်းမာရေး ချို့ယွင်းသွားခဲ့သည်။ ပါးစပ်တွင် အနာများ ပေါက်လာသဖြင့် အစာ စားခြင်းနှင့် ရေသောက်ရာတွင် အခက်အခဲ ရှိလာခဲ့သည်။ ထို့အပြင် အရေပြား ရောဂါများပါ ဖြစ်ပွားလာသဖြင့် ဆေးကုသခွင့် တောင်းဆိုသော်လည်း အာဏာပိုင်များက လျစ်လျူ ရှုခဲ့ကြသည်။ သူ၏ အလောင်းကို ၂၀၁၀ ဒီဇင်ဘာ ၉ ရက်တွင် သဂြိုလ် လိုက်သည်။

အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ နိုင်လင်း မှာလည်း ယင်း၏ အိမ်နှင့် မိုင် ၆၈၀ ဝေးသော စစ်ကိုင်းတိုင်း ကလေးထောင်သို့ အင်းစိန်ထောင်မှ ရွှေ့ပြောင်း ပို့ဆောင်ခြင်း ခံရသည်။ ယင်းသည် သွေးကင်ဆာ ရောဂါ (Leukemia) ခံစားနေရပြီး တစ်လလျှင် သွေးတစ်ပုလင်း သွင်းရန် လိုအပ်နေသဖြင့် ဆရာဝန် မရှိသော ကလေးထောင်တွင် လစဉ် သွေးသွင်းခြင်း မရှိပါက ယင်းသည်လည်း သေဆုံးသွားနိုင်သည်။

ယခုလ အတွင်း သတိပြုစရာ အချက်တစ်ခုမှာ နိုင်ငံရေး အကျဉ်းသား ၁၆ ဦး လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ကိစ္စသည် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှု တစ်ခုဟု ဆိုနိုင်သော်လည်း လွှတ်လာသူ အားလုံးသည် ယင်းတို့၏ ပြစ်ဒဏ် ကာလကို အပြည့်အ၀ ပေးဆပ်ခဲ့သူများ ဖြစ်ပြီး လျှော့ရက်ဖြင့် လွတ်မြောက်လာကြခြင်း မဟုတ်ပါ။ ယင်းတို့ အနက်မှ တစ်ဦးဆိုလျှင် သူမ၏ ကနဦး ပြစ်ဒဏ်ထက် ၄ လ ပို ကျခံခဲ့ရသူ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၉ရက် ၂၀၁၁ ရက်စွဲပါ Sify News မှ Bangladesh to claim 400 nautical miles in Bay of Bengal သတင်း ကို တိုက်ရိုက် ဘာသာပြန်သည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိမ်နီးချင်း မြန်မာ၊ အိန္ဒိယ နိုင်ငံတို့နှင့် အငြင်းပွားနေသော ဘင်္ဂလား ပင်လယ်အော် အတွင်း ရေပိုင်နက် ရေမိုင် ၄၀၀ သတ်မှတ် တောင်းဆိုထားခြင်းကို အခိုင်အလုံ သက်သေ ပြရန် ကြိုးစားသွားမည်ဟု တာဝန် ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

"ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်တော်တို့ရဲ့ ရေပြင် နယ်နိမိတ်နဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အထောက် အထားကို လာမယ့်လအတွင်း ကုလသမဂ္ဂထံ တင်ပြ သွားမှာပါ" ဟု နိုင်ငံခြားရေး ၀န်ကြီး ဒစ်ပူးမိုနီက အငြင်းပွား ရေပြင်နှင့် ပတ်သက်သည့် အထောက်အထားများ ပြည့်စုံအောင် ပြုစုပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဟိုက်ဒရိုကာဗွန်(ရေနံ) ရှာဖွေရာတွင် အလားအလာ ရှိသည်ဟု ယုံကြည်ရသော ဘင်္ဂလား ပင်လယ်အော် အထက်ပိုင်း အိန္ဒိယနှင့် မြန်မာအကြား ညှပ်နေသော နေရာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက အခြား နိုင်ငံတကာ ဥပဒေအဖွဲ့များ အကူအညီဖြင့် ပိုင်ဆိုင်ကြောင်း အထောက်အထား တင်ပြထားပြီး ဖြစ်သည်။

နယူးဒေလီနှင့် ရန်ကုန် (ယခု နေပြည်တော် အစိုးရ) တို့ကလည်း ယင်းတို့၏ အထောက်အထား များကို ကုလသမဂ္ဂထံ ယခင်နှစ်က တင်ပြထားကြပြီး ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာတို့က ဂျီသြမေတြီ တွက်ချက်မှုများပေါ် အခြေပြုသည့် တင်ပြမှုများအပေါ် ရပ်တည် နေကြသည့် အချိန်တွင် ဘင်္ဂလားဒေ့ရှ်ကမူ ယင်း၏ လူဦးရေ၊ စီးပွားရေး အဆင့်အတန်းနှင့် လိုအပ်ချက်များ အပေါ် အခြေပြုကာ စောဒကတက် တင်ပြထားသည်။ ယင်းတို့၏ ချဉ်းကပ်ပုံ နည်းလမ်းကို အခြား နိုင်ငံများစွာက သဘော ကျနေသည့် အချက်ကြောင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ များက မျှော်လင့်ချက် ထားနေကြခြင်း ဖြစ်သည်။

ရေပြင် အငြင်းပွားမှုများသည် အမြဲတမ်း လိုလိုပင် တိုင်းပြည်များစွာမှ ရေတပ်မတော်များအား အငြင်းပွား နယ်မြေသို့ စစ်သင်္ဘောများ စေလွှတ်ခြင်းကို ဖြစ်ပေါ်စေသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားတွင်လည်း ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး အတွက် ရေပြင် ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး ရေတပ် စေလွှတ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၁၂ ရက် ၂၀၁၁ ရက်စွဲ Bernama သတင်းမှ Thais barred from entering into Myanmar for safety ကို တိုက်ရိုက် ဘာသာပြန်သည်)

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ စစ်တပ် (DKBA) က ထိုင်းနိုင်ငံရေး သမားဟောင်း တစ်ဦးအား ယင်း၏ စီးပွားရေးအတွက် မြန်မာနိုင်ငံသို့ နယ်စပ် ဖြတ်ကူးစဉ် ဖမ်းဆီးထားမှုကြောင့် ထိုင်းနိုင်ငံ အနောက်မြောက်ဖက် Tak ပြည်နယ်ရှိ နယ်စပ် စခန်းများမှတဆင့် ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခြင်းကို တားမြစ်ထားလိုက်ကြောင်း ထိုင်းသတင်း အေဂျင်စီ (TNA) က သတင်း ပေးပို့ခဲ့သည်။

Tak ပြည်နယ် အုပ်ချုပ်ရေးမှူး Samart Loyfah က ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ထိုင်းလူမျိုးများအား Tak ပြည်နယ်ရှိ ထိုင်း-မြန်မာ နယ်စပ် စခန်းများမှ မြန်မာနိုင်ငံ အတွင်းသို့ သွားရောက်ခြင်းအား ယာယီ တားမြစ်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် DKBA သည် ထိုင်း Ruanijai Paltana ပါတီမှ အဖွဲ့ဝင်ဟောင်း၊ ထိုင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာန ၀န်ထမ်းဟောင်း Kriansak Bhumrungroj အား ဖမ်းဆီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ သို့သော် ထိုင်းအာဏာပိုင်များ သည် DKBA နှင့် အောင်မြင်စွာ ညှိနှိုင်းခဲ့ခြင်းကြောင့် ယင်းအား အင်္ဂါနေ့ ညနေက ပြန်လွှတ်ပေးခဲ့ သည်ဟု ဆိုသည်။

Samart က မြန်မာနှင့် ထိစပ်နေသော Tak ၏ နယ်မြေ ငါးခုတွင် ထိုင်း နယ်ခြားစောင့်ရဲနှင့် စစ်တပ်များသည် လုံခြုံရေးအတွက် ပိုမို တင်းကြပ်စွာ ကိုင်တွယ်လျက် ရှိပြီး မြန်မာစစ်တပ်နှင့် ကရင်တပ်များ ကြားတွင် စစ်ပွဲများ ပိုမိုဖြစ်ပွားလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Asian Age မှ 11 Jan 2011 ရက်စွဲပါ Battle continues near the Thai-Myanmar Border သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း တပ်ခ်ပြည်နယ် မဲဆောက်ခရိုင်အနီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် DKBA တပ်ဖွဲ့များအကြား တိုက်ပွဲသည် တနင်္လာနေ့က စတင် ဖြစ်ပွားခြင်း ဖြစ်ပြီး၊ မဲဆောက်ခရိုင် ကော့မနော အနီးမှ မြန်မာ စစ်သားများ၏ စခန်းတစ်ခုကို DKBA တပ်များက ဝိုင်းထားပြီး၊ အမြောက်များဖြင့် ပစ်ခတ်ခဲ့သလို မြန်မာ စစ်သားများကလည်း ကိုယ့်ကိုကိုယ် ကာကွယ်ရန် အပြင်းအထန် ပြန်လည် ပစ်ခတ်ကာ DKBA တပ်များ ရှေ့မတိုးနိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

အမြောက် ကျည်ဆံ ၁၁ ခု ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့ခြင်းကြောင့် မဲဆောက်ရှိ ထိုင်း-မြန်မာ နယ်ခြားကော်မတီ TBC အကြီးအကဲက မြဝတီမှ TBC ရုံးသို့ စာတစ်စောင် ပေးပို့ကာ မြန်မာ စစ်သားများ ပစ်မှတ်ကို သေချာစွာ ပစ်ခတ်ကြရန်နှင့် ထိုင်းနိုင်ငံတွင်းသို့ မပစ်ခတ်ကြရန် တိုက်တွန်းလိုက်သည်။ နယ်စပ်အနီး နေထိုင်သော ထိုင်းရွာသားများက ကော့မနောရှိ ၎င်းတို့၏ ပြောင်းခင်း၊ ပဲခင်းများ အတွင်းမှ မပေါက်ကွဲသေးသော အမြောက်ဆံများကို ဖယ်ရှားပေးရန် ထိုင်းတပ်ဖွဲ့များကို တောင်းဆိုထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Jan 12 2011 ရက်စွဲပါ  Aisa Times Unline မှ Sudha Remachandran ရေးသားသော Stilwell Rd to be reborn ကို တိုက်ရိုက် ဘာသာပြန်သည်။)

မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံးတွင် ၎င်း၏ အနောက်မြောက် ဒေသကို ဖြတ်၍ အိန္ဒိယနှင့် တရုတ်ကို ဆက်သွယ်ပေးသော သမိုင်းဝင် စတီးဝဲလ် (Stilwell) လမ်းကို ပြန်လည် ဖွင့်လှစ်ရန် ကာလရှည်ကြာ တုန့်ဆိုင်းနေမှုကို ရပ်ဆိုင်းသွားပြီဟု ယူဆရပေသည်။

အိန္ဒိယ ကုန်သည်ကြီးများ အသင်း Northeastern Initiative မှ ဥက္ကဌ Maherh Saharia က Stilwell လမ်း ပြန်လည် ဖွင့်လှစ်ခြင်းမှာ စဉ်းစားရန်ပင် ခက်ခဲလှသော ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ အစိုးရသည် ၃၁၂ ကီလိုမီတာ ရှည်သော မြစ်ကြီးနားမှ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ Pangsau နယ်စပ်ထိ လမ်းမအား ပြန်လည် ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ Yunnan Construction Engineering Group အား လုပ်ငန်း အပ်နှံခဲ့သည်။

တရုတ်ကုမ္ပဏီအား ကန်ထရိုက် အပ်နှံခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် သြဇာ လွှမ်းမိုးရေး အတွက် တရုတ်နှင့် ပြိုင်ဆိုင်လျက် ရှိသော အိန္ဒိယ အတွက်မူ ပြဿနာ တစ်ရပ်ပင် ဖြစ်သည်။ သို့သော် ယခု မြစ်ကြီးနား-တနိုင်း-Pangsau လမ်းပိုင်းအား ပြန်လည် ပြင်ဆင်ခြင်း လုပ်ငန်းသည် သုံးနိုင်ငံစလုံး အတွက် ကြီးမားသော အကျိုးအမြတ်များ ရနိုင်မည် ဖြစ်သည်။

Stilwell လမ်းမကြီးအား ပြန်လည် ဖွင့်လှစ်ခြင်းကြောင့် အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် စရိတ်တွင် ၃၀% ခန့် သက်သာသွားမည် ဖြစ်သည်။ လာမည့်နှစ် အနည်းငယ် အတွင်း အိန္ဒိယ-တရုတ် ကုန်းတွင်း ကုန်သွယ်ရေး တိုးမြှင့်ရေးကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

၁၇၃၆ ကီလိုမီတာ ရှည်သော Stilwell လမ်းမကြီး၏ မူရင်း အမည်မှာ လီဒိုလမ်းမကြီး ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်းက အာသံပြည်နယ် လီဒိုမှ ကူမင်းအထိ ဖောက်လုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ်က ဂျပန်က လမ်းတစ်ခုအား ဖြတ်တောက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ မဟာမိတ်များက ချန်ကေရှိတ်၏ ကူမင်တန်တပ်များအား ထောက်ပံ့နိုင်ရန် လီဒိုလမ်းကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန် စစ်တပ်မှ ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell က အမည်ပြောင်းခဲ့သည်။

အဆိုပါ လမ်းမကြီးသည် အာသံပြည်နယ် လီဒိုမှ စတင်ပြီး Arunachal Pradesh ရှိ Jairampur နှင့် Nampong တို့ကို ဖြတ်၍ Pangsau နယ်စပ် ဖြတ်ကျော် စခန်းသို့ ရောက်သည်။ ထိုမှ မြန်မာနိုင်ငံကို မြစ်ကြီးနားကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် ခရီးဆုံးသည်။ အဆိုပါ လမ်းမကြီးသည် အိန္ဒိယနိုင်ငံတွင် ၆၁ ကီလိုမီတာ ရှည်ပြီး၊ မြန်မာနိုင်ငံတွင် ၁၀၃၅ ကီလိုမီတာ ရှည်ကာ၊ တရုတ်နိုင်ငံတွင် ကီလိုမီတာ ၆၄၀ ရှည်လျားသည်။

စစ်ကြီး ပြီးသွားသည့်အခါ ထိုလမ်းကို အသုံးပြုမှု မရှိတော့ဘဲ အိန္ဒိယ အရှေ့မြောက် အပိုင်းနှင့် မြန်မာနိုင်ငံကို ဖြတ်သောလမ်း အများစုသည် သူပုန်များကြောင့် ပျက်စီးခဲ့ရသည်။ နောက်ပိုင်း မြန်မာနိုင်ငံ၏ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်သော မူဝါဒကြောင့် လည်းကောင်း၊ တရုတ်၊ မြန်မာနှင့် အိန္ဒိယ နိုင်ငံများကြား ဆက်ဆံရေး မကောင်းမှုကြောင့် လည်းကောင်း ထိုလမ်းကို မည်သူကမျှ အသုံးမပြုခဲ့ကြပေ။

ယခုအခါ အရာရာ အားလုံး ပြောင်းလဲသွားခဲ့ပြီး၊ သုံးနိုင်ငံ ဆက်ဆံရေးမှာလည်း အရေးပါစွာပင် တိုးတက်လာခဲ့ပြီး၊ ရလဒ် အနေဖြင့် ထိုလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ရန် စိတ်ဝင်စားလာခဲ့သည်။ သို့သော် လမ်းအပိုင်းများ အထူးသဖြင့် မြန်မာနိုင်ငံအပိုင်းမှ လမ်းများသည် အခြေအနေ ဆိုးရွားပြီး လမ်းပင် မရှိသလောက် ဖြစ်နေသည်။

မြစ်ကြီးနား-တနိုင်း-Pangsau လမ်းအပိုင်း ပြင်ဆင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလက သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့သည်ဟု Indian Express ၏ အဆိုအရ သိရှိရသည်။ အဆိုပါ စီမံကိန်းကို ယူနန် ဆောက်လုပ်ရေးနှင့် အစိုးရနှင့် အဆင်ပြေနေသော ယုဇန ကုမ္ပဏီတို့ ပူးတွဲ တာဝန်ယူ လုပ်ဆောင်မည် ဖြစ်သည်။

သုံးနိုင်ငံ အနက် တရုတ်နိုင်ငံသည် အဆိုပါ လမ်းပိုင်း ပြန်လည် ဖွင့်လှစ်ရေးကို စိတ်အား အထက်သန်ဆုံး ဖြစ်ပြီး၊ မြန်မာနိုင်ငံက စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်သည်။ Beijing သည် အဆိုပါလမ်း၏ တရုတ်နိုင်ငံ အပိုင်းကို ပြင်ဆင်ပြီး ဖြစ်ကာ၊ တရုတ်နိုင်ငံ၏ စူပါ အဝေးပြေး လမ်းမကြီး ကွန်ရက်နှင့် ချိတ်ဆက်ပြီး ဖြစ်သည်။ တရုတ်နိုင်ငံသည် Stilwell လမ်း ပြန်လည် ဖွင့်လှစ်ခဲ့ပါက ကုန်သွယ်မှုတွင် ကြီးမားသော အကျိုးအမြတ်များ ရနိုင်ရန် ရည်ရွယ်၍ ယူနန်တွင် အခြား အခြေခံ အဆောက်အဦလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးရေး လုပ်ဆောင်ပြီး ဖြစ်သည်။ ကူမင်းသည် ယူနန်၏ အရေးကြီးသော စက်မှု ဖွံ့ဖြိုးမှု ဗဟိုဌာန ဖြစ်နေပြီ ဖြစ်သည်။

အဆိုပါ လမ်းပိုင်းတွင် မြန်မာ စစ်တပ်က ချုပ်ကိုင်မှုတွင် အကန့်အသတ်များ ရှိသော သူပုန်များ ကြီးစိုးရာ ကချင်ဒေသကို ဖြတ်သန်းသွားရသည် ဖြစ်ရာ မြန်မာ အစိုးရသည် အဆိုပါ လမ်းပိုင်း ပြန်လည် ဖွင့်လှစ်ရန် တုန့်ဆိုင်းနေသည်။ လမ်းကောင်းသွားပါက သူပုန်များ၏ ရွေ့လျားမှုများ ပိုမို လွယ်ကူမည်ဟု ယူဆနေ၍ ဖြစ်သည်။

ယခု မြစ်ကြီးနား-ပန်ဆောင်လမ်း အပိုင်းအား ပြင်ဆင်ရန် ကန်ထရိုက် စာချုပ် လက်မှတ် ရေးထိုးလိုက်ခြင်းသည် Stilwell လမ်းမကြီး ပြန်လည် ဖွင့်လှစ်ရေး အတွက် နောက်ဆုံး အတားအဆီးကို ဖယ်ရှားလိုက် သကဲ့သို့ ရှိသည်။

၂၀၀၈ ခုနှစ်က မြန်မာ အစိုးရသည် နယူးဒေလီနှင့် အဆိုပါလမ်း ပြင်ဆင်ရေး ကိစ္စအား စကားပြောခဲ့ရာ၊ အိန္ဒိယက လမ်းပြင်ဆင်ရေး စီမံကိန်းအား ၎င်းတို့ လုပ်ကိုင်ရလိမ့်မည်ဟု မျှော်လင့် နေခဲ့သည်။ ယခု ကန်ထရိုက်သည် တရုတ်နိုင်ငံနှင့် လုပ်ကိုင်ရန် ဖြစ်သွားရာ နယူးဒေလီအဖို့ စိတ်မကောင်း ဖြစ်ရသော်လည်း အဆိုပါလမ်း ပြန်လည် ဖွင့်လှစ်ခြင်း အတွက် အိန္ဒိယနိုင်ငံတွင်လည်း အကျိုးများစွာ ဖြစ်ထွန်းမည် ဖြစ်သည်။

အဆိုပါ လမ်းမကြီးက ဆက်သွယ်ပေးမည့် ဒေသနှစ်ခု ဖြစ်သော အိန္ဒိယ အရှေ့မြောက်နှင့် တရုတ်၏ ယူနန်ပြည်နယ်များသည် စီးပွားရေးအရ ခေတ်နောက်ကျပြီး၊ ကုန်းတွင်းပိတ် ဒေသများ ဖြစ်ကြသည်။ ယခု Stilwell လမ်းမကြီးကြောင့် ဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးသည် အဆိုပါ ဒေသကြီးများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမည် ဖြစ်သည်။

၁၉၄၇ ခုနှစ်က အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဟု ပေါ်ထွက်လာခဲ့ရာ အရှေ့မြောက်ဒေသသည် ၎င်း၏ အနီးဆုံး ဆိပ်ကမ်းဖြစ်သော စစ်တကောင်းကို အသုံးပြုခွင့် ရပ်ဆိုင်းသွားခဲ့သည်။ ထို့ကြောင့် အရှေ့မြောက်ဒေသသည် နှစ်ပေါင်း ခြောက်ဆယ်ခန့် ကီလိုမီတာ ၁၆၀၀ အကွာရှိ ကာလကတ္တား ပင်လယ် ဆိပ်ကမ်းသို့ ကုန်းတစ်တန်၊ ရထားတစ်တန်ဖြင့် သွားရောက် အသုံးပြုခဲ့ရသည်။ ထို့ကြောင့် လက်ရှိအားဖြင့် အိန္ဒိယ အရှေ့မြောက်မှ ကုန်စည်များသည် တရုတ် သို့မဟုတ် အရှေ့တောင်အာရှ နိုင်ငံများသို့ ပို့ဆောင်ရန် ကိုးလ်ကတ္တား ဆိပ်ကမ်းမှ မလက္ကာ ရေလက်ကြားကို ဖြတ်၍ ပို့ဆောင်ရသည်။

"အရှေ့မြောက်က ကုန်စည်တွေကို ကုန်းလမ်းကနေ ကိုးလ်ကတ္တားထိ ပို့ရတာ ခုနှစ်ရက်လောက် ကြာပါတယ်။ တစ်ခါ သင်္ဘောနဲ့ တရုတ်ပြည်ကို သုံးလေးပတ်လောက် ကြာပြန်ပါတယ်။" ဟု Sahoria က ပြောသည်။ အရှေ့မြောက်မှ ကုန်စည်များကို Stilwell လမ်းမကြီးကို သုံးပြီး၊ ယူနန်ကို ပို့မည် ဆိုပါက နှစ်ရက် အတွင်း ရောက်ရှိမည် ဖြစ်သည်။

Stilwell လမ်းမကြီးသည် အိန္ဒိယနိုင်ငံ အခြား အစိတ်အပိုင်းများမှ ကုန်ပစ္စည်းများ တရုတ်သို့ ပို့မည် ဆိုပါက ယူနန်သို့ ဖြတ်လမ်းဖြစ်သောကြောင့် အကောင်းဆုံး ရွေးချယ်စရာ လမ်းမကြီး ဖြစ်လာမည် ဖြစ်သည်။

"ကမ္ဘာကြီးမှာ အဓိက ဖြစ်ပေါ် တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ နှစ်နိုင်ငံ နက်နဲတဲ့ ဆက်ဆံရေးဖြစ်ဖို့ အချိန် ဆုံးရှုံးလို့ မဖြစ်ပါဘူး။ အခွင့်အလမ်းတွေကို အမိအရ ယူသင့်ပါတယ်။" ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ဒီဇင်ဘာလက ၎င်း၏ အိန္ဒိယ ခရီးစဉ် အတွင်း ပြောကြားခဲ့သည်။

ထိုခရီးစဉ် အတွင်းက နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၀၉-၁၀ တွင် ၆၀ ဘီလီယံ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၁၀၀ ဘီလီယမ် ဒေါ်လာ ရောက်ရှိရန် သတ်မှတ်ခဲ့ကြသည်။ ယခု လက်ရှိအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ၁၉ ဘီလီယံ ဒေါ်လာ တရုတ်က အသာစီးရလျက် ရှိသည်။ Stilwell လမ်းမကြီးကို အသုံးပြု၍ တရုတ်က ကုန်သွယ်ရေး ဆက်လက် အသာစီးရသည့်တိုင် လမ်းမကြီးတစ်လျှောက်ရှိ ဒေသများ စီးပွားရေး တိုးတက်မှုများ ရှိလာမည် မလွဲပေ။

အိန္ဒိယ အရှေ့မြောက်ဒေသမှ မြန်မာနိုင်ငံကို ဖြတ်၍ အရှေ့တောင်အာရှဒေသသို့ ဆက်သွယ်သော လမ်းတစ်ခုမှာ မဏိပူရနှင့် မြန်မာကို ဆက်သွယ်ထားသော မိုရေး-တမူးလမ်း ဖြစ်သည်။ အာသံရှိ Numaligarh မှစသော အိန္ဒိယ၏ အမျိုးသား အဝေးပြေး လမ်းမကြီး အမှတ် ၃၉ သည် နာဂဒေသကို ဖြတ်၍ မိုရေးသို့ ဆက်သွယ်ထားသည်။ မိုရေး-တမူးလမ်း အပေါ် မျှော်လင့်ချက် များများထား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါလမ်းသည် တစ်နှစ်တွင် သုံးပုံတစ်ပုံခန့်သည် တိုက်ပွဲများ၊ မငြိမ်သက်မှုများကြောင့် ပိတ်ထားရလေ့ ရှိသည်။

ကုလားတန် ဘက်စုံသုံး တဆင့်ခံ ပို့ဆောင်ရေး စီမံကိန်းသည် ပြီးခဲ့သည့်လ နှောင်းပိုင်းက စတင်ခဲ့သည်ဟု သတင်းများ ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၃ တွင် ပြီးဆုံးမည်ဟု မျှော်လင့်ရပြီး၊ အဆိုပါ စီမံကိန်းသည် အနာဂတ်တွင် အရှေ့မြောက် မီဇိုရမ် ပြည်နယ်နှင့် ဘင်္ဂလား ပင်လယ်အော် ဆက်သွယ်ရာတွင် လွယ်ကူသွားမည်ဟု မျှော်လင့်ရပေသည်။

အဆိုပါ စီမံကိန်းတွင် မီဇိုရမ်မှ မြန်မာနိုင်ငံ ကလေးဝသို့ ဆက်သွယ်သောလမ်း ဖောက်လုပ်ရေးလည်း ပါဝင်သည်။ ကုလားတန်မြစ်အား ရေကြောင်းလမ်း အဖြစ် ကောင်းမွန်စွာ အသုံးပြုရန် ဖွံ့ဖြိုးရေး ပြုလုပ်မည် ဖြစ်ပြီး၊ စစ်တွေ ဆိပ်ကမ်း အခြေခံ အဆောက်အဦ တိုးတက်ရေးများ ပါဝင်မည် ဖြစ်သည်။ စစ်တွေသည် ရခိုင်ပြည်နယ် မြို့တော်ဖြစ်ပြီး၊ ၎င်းအနီးတွင် ကုလားတန်မြစ်သည် ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။

ထို့ကြောင့် အရှေ့မြောက်မှ ကုန်စည်များသည် ကုန်းလမ်း၊ မြစ်ကြောင်းများမှ တဆင့် စ်စတွေ ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ထိုမှတဆင့် အရှေ့တောင် အာရှနိုင်ငံသို့ ပင်လယ်ကို ဖြတ်၍ သယ်ဆောင်မည် ဖြစ်သည်။ စစ်တွေသည် ဆိပ်ကမ်းကြောင့် အရေးပါရုံမက ကမ်းလွန် သဘာဝဓာတ်ငွေ့ အတွက် ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ဖြစ်သည်။ တရုတ်နိုင်ငံ မြောက်ပိုင်းသို့ ဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး အတွက် ဆိပ်ကမ်းလည်း ဖြစ်သည်။

အိန္ဒိယသည် စစ်တွေ ဆိပ်ကမ်းကို မျက်စိကျရခြင်းမှာ အရှေ့မြောက်မှ ကုန်စည်များ အတွက် ပင်လယ် ထွက်ပေါက် ရရှိရေး သာမက၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး မကောင်း၍ ဒက္ကားသည် စစ်တကောင်း ဆိပ်ကမ်းကို အိန္ဒိယကုန်စည်များ အတွက် အသုံးမပြု ခွင့်မပေးသောကြောင့်၊ စစ်တွေ ဆိပ်ကမ်းကို အသုံးပြုနိုင်ရေးလည်း ပါဝင်သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သိသာစွာ တိုးတက်လာခဲ့ရာ ဒက္ကားသည် အိန္ဒိယ ကုန်စည်များ အတွက် စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုခွင့် ပေးရေး စိတ်ဝင်စားကြောင်း ပြသခဲ့သည်။

စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုပါက အိန္ဒိယ အနေဖြင့် စစ်တွေ၏ စီးပွားရေးအရ အရေးပါမှု လျော့ကျနိုင်မည်မှာ မလွဲပေ။ သို့သော် စစ်တွေမှာ အိန္ဒိယ အတွက် မဟာဗျူဟာအရ အရေးပါနေဆဲ ဖြစ်သည်။ "နိုင်ငံတွေဟာ ထွက်ပေါက်တွေ များများ အသုံးပြုရလေ တစ်နိုင်ငံတည်း အပေါ် မှီခိုရမှု လျော့သွားလေပါပဲ" ဟု Saharia က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Bangkok Post မှ 12 Jan 2011 ရက်စွဲပါ Karen Rebels hold Thai man hostage သတင်းကို ဘာသာပြန်ဆိုသည်။)

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ DKBA သည် မြန်မာပိုင်နက် အတွင်း ထိုင်းလူမျိုး တစ်ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ ဘတ် ၃ သိန်းဖြင့် ရွေးရန် တောင်းဆိုလျက် ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ကရီယင်ဆပ် ဟူသာ သိရှိရသေးသည့် ထိုင်းအမျိုးသားသည် တပ်ခ်ပြည်နယ် အန်ဖန်းခရိုင်၏ မျက်နှာချင်းဆိုင်ဖက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး၊ ၎င်းသည် အန်ဖန်းခရိုင် တန်ဘွန်မော့ကရိုမှ တာပါပူးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ကရီယင်ဆပ်သည် DKBA အုပ်စုတစ်စုနှင့် ငွေကြေးကိစ္စ စေ့စပ် ညှိနှိုင်းရန် အတွက် နယ်စပ်ကို ကူးကာ မြန်မာနိုင်ငံဖက်သို့ သွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားသည်။

သို့သော်လည်း ၎င်းသည် သဘောတူညီချက် မရရှိခဲ့ပဲ DKBA က ၎င်းကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ဘတ် ၃ သိန်းဖြင့် လာရောက် ရွေးယူရန် တောင်းဆိုထားသည်။

DKBA က ကရီယင်ဆပ်သည် ၎င်းတို့အား အထက်ပါ ငွေပမာဏ (ဘတ် ၃ သိန်း) ပေးစရာ ရှိသည်ဟု အခိုင်အမာ ဆိုသည်။

တပ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက အန်ဖန်းခရိုင် အကြီးအကဲ ချာဝန်ဆပ်ဂျိုင်စန်အား ကရီယင်ဆပ်၏ အရေးအတွက် DKBA နှင့် ဆက်သွယ်ရန် တာဝန် ပေးထားသည်။ သို့သော် ယခုတိုင် တုန့်ပြန်မှု မရှိသေးပါ။

ထို့အပြင် တန်ဘွန်း မဟာဝမ်ရှိ မယ်ကောင်ကန် ကျေးရွာနှင့် မျက်နှာချင်းဆိုင် မနောကျွန်း အနီးတွင် မြန်မာ စစ်တပ်နှင့် ကရင် DKBA တပ်ဖွဲ့များ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေမှုကို မဲဆောက်ခရိုင် အမှတ်(၄) ခြေလျင်တပ်မ၏ အထူးတပ်ဖွဲ့က မနေ့က စောင့်ကြည့်လျက် ရှိသည်။

K-81 အမြောက်ဆံ အတော်များများ ထိုင်းပိုင်နက် အတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ သတင်း ရပ်ကွက်က ဆိုသည်။ မဲဆောက်မှ ထိုင်း-မြန်မာ နယ်ခြား ကော်မတီ အဖွဲ့ဝင်များက မြဝတီမှ နယ်ခြား ကော်မတီအား စာတစ်စောင် ပေးပို့ကာ မြန်မာစစ်တပ်၏ အမြောက်ကျည်ဆံများ ထိုင်းနိုင်ငံဖက်သို့ မကျအောင် အာမခံရန် တောင်းဆိုထားသည်ဟုလည်း သိရှိရသည်။

အဆိုပါ ဒေသရှိ မြန်မာတပ်ဖွဲ့မှာ DKBA တပ်များ၏ ဝန်းရံမှု ခံနေရပြီး၊ မြန်မာ တပ်ဖွဲ့ဝင်များစွာ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိလျက် ရှိသည်ဟု သတင်းများ ရရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reliefweb မှ 11 Jan 2011 ရက်စွဲပါ U.S Government Provides Additional $ 1.5 million for Victims of Cyclone Giri သတင်းကို ဘာသာ ပြန်ဆိုသည်။)

အမေရိကန် ပြည်ထောင်စု အစိုးရနှင့် ပြည်သူများသည် ၂၀၁၀ အောက်တိုဘာလက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို တိုက်ခတ်သွားသော ဂီရိ ဆိုင်ကလုန်းကြောင့် ဒုက္ခ ရောက်နေသူများကို စားနပ်ရိက္ခာ အကူအညီ ဒေါ်လာ ၁.၅ သန်း ထပ်တိုး ကူညီရန် ကြေညာကာ နှစ်သိမ့် ဝမ်းမြောက်လျက် ရှိသည်။ ရေနှင့် သန့်ရှင်းရေး၊ အမိုးအကာ ပစ္စည်းများ အပါအဝင် အရေးပေါ် ကူညီ ထောက်ပံ့မှုများ အတွက် အမေရိကန် ဒေါ်လာ ၃ သိန်း ကနဦး ကူညီ လှူဒါန်းခဲ့ပြီးနောက် ယခု ဆက်လက် လှူဒါန်းခြင်း ဖြစ်သည်။

ဆိုင်ကလုန်း ဒဏ်ခံ ပြည်သူများ အတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ဒေါ်လာ ၁.၅ သန်းကို US Agency for International Development (USAID) က ကုလ သမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်ထံ ပေးအပ် လှူဒါန်းမည် ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာ ၂၂ ရက်က မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဂီရိ ဆိုင်ကလုန်း ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူပေါင်း ဒါဇင်နှင့် ချီ၍ သေဆုံးကာ ထောင်နှင့် ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့ပြီး အခြေခံ အဆောက်အဦးများနှင့် စိုက်ပျိုးမြေများကို ဆိုးဆိုးဝါးဝါး ပျက်စီး စေခဲ့သည်။

အဆိုပါ ဆိုင်ကလုန်း ဒဏ်ကြောင့် ရခိုင်ပြည်နယ် ဒေသခံများမှာ အခက်အခဲများ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်ပြီး၊ လူပေါင်း ၂ သိန်းကျော်မှာ စားနပ်ရိက္ခာ ကူညီ ထောက်ပံ့မှုကို လိုအပ်နေဆဲ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် ဒဏ်ခံ မြန်မာ ပြည်သူများကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၈၃ သိန်းကျော် လှူဒါန်းခဲ့ပြီးနောက် ယခု နောက်ဆုံး လူသားချင်း စာနာသော အကူအညီများကို ဆက်လက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခု ကူညီမှုသည် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေရသော မြန်မာ ပြည်သူများကို ကူညီလိုသော အမေရိကန် ပြည်ထောင်စု၏ စိတ်ဆန္ဒကို ထပ်မံ ပေါ်လွင်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.