Transparency Myanmar

transparency.myanmar@gmail.com

(19 ဇန်နဝါရီ 2011 ရက်စွဲပါ Reuters သတင်းဌာန၏ U.S, Chinese Companies to meet with Hu and Obama ဆောင်းပါးကို ဘာသာ ပြန်သည်)

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့တွင် ကြီးမှူးကျင်းပမည့် တရုတ်သမ္မတ ဟူကျင့်တောင်နှင့် ဆွေးနွေးပွဲတွင် တက်ရောက်မည့် စီးပွားရေး ဦးဆောင်များတွင် General Electric ၊ Micorsoft ၊ Goldman Sachs၊ Coca-Cola၊ Boeing၊ Intel and Carlyle အုပ်စုများမှ အမှုဆောင်များ တက်ရောက် လိမ့်မည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Obama သည် အဆိုပါ အစည်းအဝေးတွင် တရုတ် နိုင်ငံသို့ အမေရိကန်မှ ပို့ကုန်များ တိုးတက်လာရေး၏ အရေးကြီးပုံနှင့် အမေရိကန် အလုပ်အကိုင် သန်းပေါင်း များစွာ ရရှိရေး  အထောက်အကူ ပြုမည့် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေး များကို မီးမောင်း ထိုးပြလိမ့်မည်ဟု အိမ်ဖြူတော်မှ ဆိုသည်။

အမေရိကန် စီးပွားရေး ဦးဆောင်များ အနက်မှ တက်ရောက်ကြမည်ဟု မျှော်လင့်ရသူများမှာ

_                    Microsoft Corp မှ အမှုဆောင် အရာရှိချုပ်  Steve Ballmer

_                    Goldman Sach မှ အမှုဆောင်အရာရှိချုပ် Lloyd Blankfein

_                    Motorola မှ တွဲဖက် အမှုဆောင်အရာရှိချုပ် Greg Brown

_                    General Electric မှ အမှုဆောင်အရာရှိချုပ် Jeff Immelt

_                    Coca-Cola မှအမှုဆောင် အရာရှိချုပ် Muhtar Kent

_                    Boeing မှ အမှုဆောင်အရာရှိချုပ် Jim Mc Nerney

_                    Carlyle Group မှ မန်နေဂျင်းဒါရိုက်တာ David Rubenstein တို့ဖြစ်ကြသည်။

တရုတ်နိုင်ငံ စီးပွားရေး ခေါင်းဆောင်များ အနက်မှ တက်ရောက်ကြမည့် အမေရိကန်တွင် ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီများ အနက်မှ

_        Lenovo တည်ထောင်သူ Liu Chuanzhi

_        China Investment Corp ဥက္ကဋ္ဌ Lou Jiwei

_        Wanxiang Group တည်ထောင်သူ Lu Guanqiu

_        Haier မှ အမှုဆောင်အရာရှိချုပ် Zhang Ruimin တို့ ပါဝင်ကြမည်ဖြစ်သည်။

အမည် မဖော်လိုသူ အမေရိကန် စက်မှုလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် အိမ်ဖြူတော်သည် ကုမ္ပဏီအချို့ ပါဝင်သော တရုတ်နှင့် စီးပွားရေး သဘော တူညီချက် အချို့ ကြေညာလိမ့်မည်ဟု ၎င်းက ထင်ကြောင်း ပြောကြားခဲ့သည်။

"မေးစရာ မေးခွန်းကြီး တစ်ခုကတော့ Boeing ရောင်းချမှုကြီး ရှိခဲ့မလား ဆိုတာရယ်၊ အကယ်၍ ရောင်းချမှု ရှိခဲ့ရင် လေယာဉ် အသစ်တွေလား ဒါမှမဟုတ် ပိုက်လိုင်းမှာ ရှိပြီးသား လေယာဉ်တွေလား မသိနိုင်သေးပါဘူး" ဟု ၎င်းက ပြောသည်။

"အိမ်ဖြူတော်ဟာ အခြား သဘော တူညီချက်တွေ ရှိနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်၊ GE ကလည်း စွမ်းအင် သဘောတူညီမှု အချို့ ရှိပါတယ်၊ ကျွန်တော် နားလည်တာကတော့ အိမ်ဖြူတော်က ကိန်းကဏန်း ပမာဏ အများကြီးကို ကြေညာချင်ပုံ ရတယ်" ဟု ၎င်းကပင် ပြောသည်။

တရုတ် အစိုးရ အေဂျင်စီများနှင့် နိုင်ငံပိုင် လုပ်ငန်းများသည် ခိုးကူး အစား တရားဝင် Software များကို အသုံးပြုခြင်း ရှိမရှိ လွတ်လပ်သော စာရင်းစစ်များ ထား၍ စစ်ဆေးခွင့် ပြုရန် သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်လိမ့်မည်ဟု Obama အစိုးရ တာဝန် ရှိသူများက မျှော်လင့်နေသည်။

Microsoft မှ Software အမြောက် အမြား ရောင်းချနိုင်ရေး အတွက် တရုတ် အစိုးရက တရားဝင် Software ဝယ်ယူရေး ဘတ်ဂျက် ခွင့်ပြုရေး ကတိကိုလည်း အလို ရှိကြောင်း စက်မှု လုပ်ငန်း တာဝန် ရှိသူက ပြောသည်။

သို့သော် အမေရိကန် ကုန်သွယ်ရေး တာဝန် ရှိသူတို့သည် ပြီးခဲ့သည့် လက တရုတ်နှင့် ဆွေးနွေးရာတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုးတက်မှု ရှိမရှိ အင်္ဂါနေ့က ပြောကြားခဲ့ခြင်း မရှိပေ။

ထို့အပြင် အမေရိကန် ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး တာဝန်ရှိသူ တို့သည် အမေရိကန် အမဲသားများ တရုတ် ဈေးကွက်တွင် ပြန်ဖွင့်ရေး အတွက် ညှိနှိုင်းမှု အောင်မြင်ခြင်း ရှိမရှိကိုလည်း မှတ်ချက် ပြုခဲ့ခြင်း မရှိပေ။

Obama အစိုးရမှ ငွေတိုက် အတွင်းဝန် Tim Geithner ၊ ကူးသန်း ရောင်းဝယ်ရေး အတွင်းဝန် Gary Locke နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် Ron Kirk တို့လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် ကြမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 18 Jan 2011 ရက်စွဲပါ "Japan to host FM meet with China, South Korea" သတင်းကို ဘာသာ ပြန်ဆိုသည်)

မျှော်လင့် ထားသော သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီတွင် တရုတ်၊ တောင်ကိုးရီးယား နိုင်ငံများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဂျပန် နိုင်ငံက လက်ခံ ကျင်းပမည်ဟု အင်္ဂါနေ့ သတင်းများက ဖော်ပြသည်။

အဆိုပါ အစည်းအဝေးကို မတ်လ ၁၉နှင့် ၂၀ ရက်များတွင် ကျိုတိုမြို့၌ ကျင်းပမည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဂျီမေဟာရာ ကတရုတ်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများအား အဆို ပြုထားကြောင်း အမည် မဖော်လိုသော အစိုးရ သတင်း ရပ်ကွက်ကို ကိုးကား၍ Kyodo News နှင့် Jiji Press သတင်း ဌာနများက ပြောကြားသည်။

ဂျပန်နိုင်ငံသည် အာရှ အိမ်နီးချင်း နှစ်နိုင်ငံနှင့် နှစ်စဉ် ကျင်းပနေကျ သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ယခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး နေရာနှင့် နေ့ရက်ကိုမူ မသတ်မှတ် ရသေးဟု သိရှိရသည်။

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ကင်ဆမ်ဟွန်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီတို့နှင့် တွေ့ဆုံမည့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြောက်ကိုးရီးယား၏ စစ်ရေး ကျူးကျော် ရန်စမှုကြောင့် ဒေသတွင်း တင်းမာလာမှုများနှင့်  ရပ်ဆိုင်းနေသော နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲ ကိစ္စများကို အဓိက ဆွေးနွေးကြမည်ဟု မျှော်လင့်ရကြောင်း Kyodo News က သတင်း ထုတ်ပြန်သည်။

ဂျပန် ဝန်ကြီးချုပ် နာတိုခန်၊ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်တို့ ပါဝင်မည့် သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ဇွန်လ တဝိုက်တွင် ကျင်းပရန် တိုကျိုက မျှော်လင့်ထားသည်ဟု Kyodo News က ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်နဝါရီ 18 , 2011 ရက်စွဲပါ Upstream Online.com မှ  Goldpetrol re-enter Burmese wells ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

စကာင်္ပူတွင် မှတ်ပုံတင် ထားသော Interral Resources က ပြောကြားရာတွင် ၎င်း ၆၀ % ပိုင်ဆိုင်သော လက်ခွဲ တစ်ခု ဖြစ်သည့် Goldpetrol Joint Operating ကုမ္ပဏီသည် မြန်မာနိုင်ငံ ရေနံချောင်းနှင့် ချောက်ရှိ ရေနံတွင်းများသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီး ရေနံ ထုတ်လုပ်သူများ အဖြစ် မှတ်ပုံ တင်ခဲ့သည်ဟု ဆိုသည်။

Goldpetrol သည် ရေနံချောင်းရှိ ရေနံတွင်းများကို ပြန်လည် တူးဖော်ခဲ့ရာ ပြီးခဲ့သည့် လက တွင်းအမှတ် YNG-2459 အား ပြန်လည် တူးဖော် ပြီးစီးပြီး တစ်ရက်လျှင် (၂၂) စည် ထွက်ရှိသည်။ အဆိုပါ တွင်းကို ၁၉၃၁ ခုနှစ်က စတင် တူးဖော်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်တွင် ပြန်လည် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ချောက်ရှိ ရေနံတွင်းများသို့ ဝင်ရောက် တူးဖော်ခဲ့ရာ တွင်းအမှတ် ချောက်-950 တွင် တစ်ရက်လျှင် (၃၂) စည် ပုံမှန် ထွက်ရှိသည်။ အဆိုပါ တွင်းသည် ၁၉၅၆မှ ၁၉၈၂ ခုနှစ်အတွင်း ရေနံစိမ်း ၂၀၆၀၀၀ စည် ထွက်ရှိခဲ့ပြီး ဖြစ်သည်။

Interral က ဖြည့်စွက် ပြောကြားရာတွင် Goldpetrol သည် ပြီးခဲ့သည့် နှစ်က အချို့ ရေနံတွင်းများ ပြန်လည် တူးဖော်ခဲ့ရာ တစ်ရက်လျှင် စည်ပေါင်း (၉၀) အထိ ထွက်ရှိခဲ့သည်ဟု ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(18 ဇန်နဝါရီ 2011 ရက်စွဲပါ The Jakarta Post မှ ခေါင်းကြီးပိုင်း ဖြစ်သော Disturbing Myanmar ကို တိုက်ရိုက် ဘာသာ ပြန်သည်)

ပြီးခဲ့သော ရက်သတ္တပတ်ကုန်က အင်ဒိုနီးရှား လွန်ဘွတ်ကျွန်းတွင် ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အံ့အား သင့်စရာများ ရှိလာမည်ဟု မျှော်လင့်သူ နည်းပါးသော်လည်း အာဆီယံ ၁၀ နိုင်ငံ အုပ်စုက မြန်မာ နိုင်ငံ အပေါ်မှ အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် တိုက်တွန်းလိုက်သည့် အချိန်တွင် တုန်လှုပ်သွားကြသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။

မြန်မာ အစိုးရက ပြဋ္ဌာန်းသော အခြေခံ ဥပဒေကို မိတ်ဆက်ခြင်း၊ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းတို့သည် အင်ဒိုနီးရှားနှင့်  အခြား အာဆီယံ အဖွဲ့ဝင်များအတွက် သတိကြီးစွာ ထားကာ အကောင်းဖက်မှ ရှုမြင်ရမည့် အခင်းအကျင်းများ ဖြစ်သော်လည်း ထိုမျှထက် မပိုသင့်ပါ၊ ယင်းကိစ္စများသည် အင်ဒိုနီးရှား နိုင်ငံအပေါ် နိုင်ငံတကာ၏ ယုံကြည်မှု တန်ဖိုးကို ထိခိုက် ခံရလောက်အောင် မထိုက်တန်သည်မှာ သေချာသည်။

ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းအား အကြောင်းပြစရာ အဖြစ် အသုံးပြုကာ ငြင်းခုံ စောဒက တက်နေခြင်းသည် အပြစ် အနာအဆာ မကင်းသလို ရင့်ကျက်မှု မရှိသေးဟု ဆိုနိုင်ပေသည်။

နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကို ဝင်ခွင့် မပြုရန် ကန့်သတ် တားမြစ်ထားခြင်းကို အင်ဒိုနီးရှား နိုင်ငံခြားရေး မူဝါဒ လေ့လာသူများက ပြစ်တင် ဝေဖန်ခဲ့သည့် အတိုင်း အဆိုပါ ရွေးကောက်ပွဲများကို အစွန်းရောက်အောင် တင်းကြပ်လွန်းသော အခြေအနေများ အောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တစ်နည်း ပြောရလျှင် ကမ္ဘာတစ်ဝှမ်းမှ လက်ခံထားကြသော ရွေးကောက်ပွဲ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ဝေဖန်ခြင်း လုပ်ငန်းကို ခွင့်မပြုသည့် လုပ်ငန်းစဉ် တစ်ခုသာ ဖြစ်သည်ဟု ဆိုရသည်။

လွတ်လပ်စွာ ပြောဆိုခွင့်၊ လူထု ချီတက်ပွဲများဖြင့် အစိုးရကို ဝေဖန်ခွင့် သတင်းစာ လွတ်လပ်ခွင့် စသည် တို့မှာလည်း လုံးဝ လစ်လပ်နေဆဲ ဖြစ်သည်။

ကျွန်ုပ်တို့ အနေဖြင့် မြန်မာ နိုင်ငံသားများ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ မိမိတို့ ရည်မှန်းချက်များကို အာဏာရ အစိုးရကဲ့သို့ အခွင့်အရေး အတူ ရရှိသည့် အတိုက်အခံ နိုင်ငံရေး ပါတီမှ တဆင့် ဖော်ထုတ်နိုင်ရေးတို့ ရရှိအောင် အာဆီယံ ဝန်ကြီးများနှင့် ခေါင်းဆောင် အနေဖြင့် လူသိရှင်ကြား ကတိပြုနိုင်ရေး ဆွဲဆောင် စည်းရုံးလိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ တွန်းတင် လိုက်သလို ရှိသော်လည်း၊ အာဏာပိုင်များ အန္တရာယ် ရှိလာသည့် အခါ နိုင်ငံရေးနှင့် ပတ်သက်သည်များ၊ တိုင်းရင်းသားများအား နှိပ်ကွပ်ခြင်း ပြုလုပ်မှုများအား ရပ်ဆိုင်းသွားစေမည့် အာမခံချက်များ ရှိလာလေမလား။ မေးခွန်း၏ အဖြေမှာ အာမခံချက် မရှိနိုင်သေးဟု ဆိုရချေမည်။

အစိုးရသည် လွန်ခဲ့သော သုံးနှစ်က ရွှေဝါရောင် တော်လှန်ရေး ဖြစ်စဉ်က ကဲ့သို့ နိုင်ငံရေးကို စစ်အင်အား သုံးပြီး မရှက်မကြောက် ဖြေရှင်းလေ့ ရှိရာ ကျွန်ုပ်တို့၏ သံသယများကို မပြတ်သော သတိဖြင့် ဆက်ထားကာ ကြည့်နေသင့်ပေသည်။

၂၀၀၈ ခုနှစ်က အခြေခံ ဥပေဒကို ဂျိုးဇက်စတာလင် ဂုဏ်ယူသော ၉၂ % ဖြင့် အတည်ပြုခဲ့ရာ ကျွန်ုပ်တို့ ဘာမျှ မလုပ်နိုင်ခဲ့ပေ။

မြန်မာ နိုင်ငံတွင် မသေချာမှုများ ဆက်လက် ရှိနေဆဲ ဖြစ်နေချိန်တွင် အာဆီယံ အနေဖြင့် မိမိ ဖြစ်တည်မှုကိုပင် အန္တရာယ်ကြီးစွာ ခံစားလာနိုင်သည်ဟု ကျွန်ုပ်တို့ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရသည်။ အင်ဒိုနီးရှားသည် မြန်မာနိုင်ငံတွင် လမ်းဖွင့်သွားရေး လုပ်ငန်းစဉ်ကို အားပေးသင့်သည်။ သို့သော် ဘာလုပ်ရမှန်း မသိသော ခက်ခဲသော အခြေအနေတွင် စစ်အစိုးရကြောင့် မိမိ သိက္ခာတော့ အကျ မခံသင့်ကြောင်း ရေးသားလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Straits Times မှ 18 Jan 2011 ရက်စွဲပါ "Hu upbeat, resists U.S pressure an yuan" သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ် သမ္မတ ဟူကျင်းတောင်က အမေရိကန် ပြည်ထောင်စုနှင့် "zero sum" စစ်အေးတိုက်ပွဲ ပုံစံ ဆက်ဆံရေးကို အဆုံးသတ်ကြရန် တိုက်တွန်းကာ ပူးပေါင်း ဆောင်ရွက်မှု အသစ် ပြုလုပ်ကြရန် အဆိုပြု လိုက်သော်လည်း တရုတ်နိုင်ငံက ၎င်း၏ ယွမ်ငွေ သန်မာအောင် အဘယ်ကြောင့် ပြုလုပ်သနည်း ဟူသော အငြင်းပွားမှုများကိုမူ ခုခံ ကာကွယ်ခဲ့သည်။

အမှန်စင်စစ် အနာဂါတ်တွင် အမေရိကန် ငွေကြေးက တရုတ် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများကို ဆက်လက် စိုးရိမ်ပူပန် စေဦးမည့် လက္ခဏာ အဖြစ် ဟူကျင်းတောင်က "ဒေါ်လာ အခြေပြု နိုင်ငံတကာ ငွေကြေးစနစ်သည် ခေတ်ဟောင်း ပစ္စည်း ဖြစ်သွားပြီ၊ ခေတ်မမှီတော့" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အားလုံး ခြုံငုံ၍ ကြည့်လျှင်မူ ယခု တစ်ပတ် ဝါရှင်တန်သို့ ရောက်ရှိလာမည့် သမ္မတ "ဟူ"သည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး အပေါ် အကောင်း မြင်သည့် ဖက်တွင် ရှိနေသည်ကို အနေရိကန် သတင်းစာ နှစ်စောင် ဖြစ်သည့် Wall Street Journal၊ Washington Post တို့နှင့် ရှားရှား ပါးပါး အင်တာဗျူးတွင် မြင်တွေ့ရသည်။

"zero sum စစ်အေးတိုက်ပွဲ သဘောထားကို ကျွန်တော်တို့ စွန့်လွှတ်ကြရမှာပါ၊ တစ်ဦးနဲ့ တစ်ဦးရဲ့ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း ရွေးချယ်မှုကိုလည်း လေးစားရမှာပါ"ဟု တရုတ် သမ္မတက ထုတ်ဖော် ပြောဆိုလိုက်သည်။ သမ္မတ ဟူကျင်းတောင်က ဆက်လက်၍ စွမ်းအင် ရင်းမြစ် အသစ်များ၊ သန့်ရှင်းသော စွမ်းအင်၊ အခြေခံ အဆောက်အဦး တိုးတက်ရေး၊ လေကြောင်းနှင့် အာကာသ စသော နယ်ပယ်များတွင် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် အကြံ ပြုထားသည်။

၎င်းက တရုတ်နိုင်ငံမှ နိုင်ငံခြား ကုမ္ပဏီများကို ထပ်မံ အာမခံသည့် အနေဖြင့် ယင်း စီးပွားရေး လုပ်ငန်းများကို အကျိုး ဖြစ်ထွန်းစေမည့် ဥပဒေနှင့် စည်းကမ်းများကို တိုးတက်အောင် ဘေဂျင်းက ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဝါရှင်တန်နှင့် ဘေဂျင်း နှစ်ဘက် စလုံးက စိုးရိမ်နေကြသော ဒေသ ဖြစ်သည့် ကိုးရီးယား ကျွန်းဆွယ် တင်းမာမှု ဖြေရှင်းရေး အတွက် သဘောထား အမြင်နှင့် ပတ်သက်၍လည်း ဟူကျင်းတောင်က စိတ်အား ထက်သန်စွာ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(၁၇ ဇန်နဝါရီ ၂၀၁၁ ရက်စွဲပါ BBC News မှ Sino-US Ties Worse in 2010 Says China Survey ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် နှစ်က တရုတ်- အမေရိကန် ဆက်ဆံရေးသည် အဆိုးဆုံး ဖြစ်ခဲ့ကြောင်း တရုတ် လူဦးရေ၏ ထက်ဝက်ကျော်က ယုံကြည်ကြသည်ဟု နိုင်ငံပိုင် မီဒီယာတွင် စာရင်း ကောက်ယူမှု၏ အဆိုအရ သိရှိရသည်။

အချို့ ၈၀% ကမူ ဆက်ဆံရေး အေးခဲသွားရမှု အတွက် ဝါရှင်တန်ကို အပြစ်တင်ကြကြောင်း စစ်တမ်းက ဆိုသည်။

သို့သော် အများစုကမူ ဆက်ဆံရေး ပြန်လည် တည်ငြိမ် တိုးတက်လာသည်ဟု ယုံကြည် ကြသည်ဟု စစ်တမ်းက ဖြည့်စွက် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်း ကောက်ယူမှု ဖော်ပြချက်မှာ အင်္ဂါနေ့တွင် တရုတ် သမ္မတ ဟူကျင်းတောင် ဝါရှင်တန်သို့ မရောက်ရှိမီ တစ်ရက်အလိုတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ် သမ္မတသည် ဗုဒ္ဓဟူးနေ့ တစ်ရက်လုံး အမေရိကန် သမ္မတနှင့် ဆွေးနွေးရန် ရှိပြီး နှစ်နိုင်ငံ စလုံးအတွက် ခက်ခဲသော နှစ်အပြီးတွင် ဆက်ဆံရေး ချောမွေ့ရေးအတွက် ဆွေးနွေးလိမ့်မည်ဟု ယူဆရသည်။

ကုန်သွယ်မှုနှင့် ငွေကြေး ကိစ္စများအပြင် မြောက်ကိုရီးယား ကိစ္စကလည်း ဆွေးနွေးမည့် အကြောင်းအရာများတွင် လွှမ်းမိုးလိမ့်မည်ဟု မျှော်လင့်ရသည်။

လူ ၁၄၄၃ ဦးအား မေးမြန်းခဲ့သော အဆိုပါ စစ်တမ်း ကောက်ယူမှုကို China Daily သတင်းစာနှင့် Horizon Research Consultancy Group တို့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၉၀ % ကျော်က တရုတ်- အမေရိကန် ဆက်ဆံရေးကို အရေးကြီးကြောင်း ရှုမြင်သည်က ယင်းက ဆိုသည်။ အသက်(၃၀) အောက် မျိုးဆက်များက မျိုးဆက်ဟောင်းများ ထက်စာလျှင် ဝါရှင်တန် အပေါ် ပိုမို၍ အပေါင်း လက္ခဏာ ဆောင်သော အမြင်များ ရှိကြသည်။

အချို့ ၅၃% ကမူ ကမ္ဘာ့ စီးပွားရေး ထိပ်သီး နှစ်နိုင်ငံသည် ၂၀၁၀ တွင် ဆက်ဆံရေး ပျက်ယွင်းခဲ့ကြောင်း၊ ငါးပုံပုံ လေးပုံးကျော်က အမေရိကန်- ဂျပန် လုံခြုံရေး မဟာမိတ်သည် တရုတ်နိုင်ငံကို ခြိမ်းခြောက်နေသည်ဟု ယုံကြည်လျက် ရှိသည်။

သို့သော် China Daily က ပြောကြားရာတွင် လူအများစုက စစ်တမ်း ကောက်ယူရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ်လာပြီး တိုးတက်မှုများ ရှိလာသည်ဟု ယုံကြည်ကြောင်း ဆိုသည်။

တစ်ဝက် ကျော်ကျော်ကမူ ဝါရှင်တန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထား နိုင်ရေးမှာ အရေးကြီးသည်ဟု ခံယူထားသည်ဟု စစ်တမ်း ကောက်ယူရာတွင် တွေ့ရှိရသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Aliran Online မှ 17 January 2011 ရက်စွဲပါ Malaysia Looks to Burma's Oil and Gas Offers ကို ဘာသာ ပြန်ဆိုသည်)

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက စီးပွားရေး အရ ဆက်လက် ဖိအားပေးနေသည့် အချိန်တွင် မြန်မာနိုင်ငံက ကမ်းလှမ်းသည့် အခွင့်အလမ်းများကို ရင်းနှီး မြှုပ်နှံရန် ကြိုးစားနေသည့် အာဆီယံ မိတ်ဆွေ နိုင်ငံများမှာ ရတက် မအေး ဖြစ်နေကြသည်ဟု Chinland Guardian က သတင်း ဖော်ပြလိုက်သည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုမှ အမြတ် အစွန်း ဝင်ငွေများမှာ မငြင်းဆန် နိုင်လောက်အောင် ဖြားယောင်း နိုင်စွမ်း ရှိသည့် အားလျော်စွာ ရွှေမြန်မာ ဒေသမှ ကမ်းလှမ်းသော စီးပွားရေး အခွင့်အလမ်းကို မျက်စိကျနေသည့် ကုမ္ပဏီများ ပို၍ များသည်ထက် များလာအောင် ဆွဲဆောင်လျက် ရှိသည်။

လတ်တလောတွင် မလေးရှား ပြည်ပ ကုန်သွယ်မှု တိုးတက်ရေး ကော်ပိုရေးရှင်း (Matrade) က ယင်းတို့သည် မြန်မာနိုင်ငံမှ ကမ်းလှမ်းသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း နယ်ပယ်မှ အဓိက စီးပွားရေး အခွင့်အလမ်းများကို စိစစ်နေသည်ဟု ပြောကြားခဲ့သည်။

၂၀၁၀ ဒီဇင်ဘာတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ခဲ့ပြီးနောက် Matrade က ပြောကြားရာတွင် အရှေ့တောင် အာရှ ကုန်းမြေမှ အကြီးဆုံး မြန်မာနိုင်ငံသည် ရေရှည် အကျိုးအမြတ် ရှိမည့် စီးပွားရေး အခွင့်အလမ်းများကို မလေးရှားတို့အား ကမ်းလှမ်းခဲ့သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ရေနံနှင့် ဓာတ်ငွေ့ ကဏ္ဍ၏ လျင်မြန်သော တိုးတက် ဖြစ်ပေါ်မှုက မလေးရှား စီးပွားရေး လုပ်ငန်းရှင်များကို ရေရှည် အခွင့်အလမ်းများ ကမ်းလှမ်းခဲ့ပြီး မြန်မာနိုင်ငံသည် မလေးရှား စီးပွားရေး သမားများ အတွက် ကျွမ်းကျင်မှု စွမ်းရည် ပြသရမည့် နေရာ တစ်နေရာ ဖြစ်သည်ဟု Matrade ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားသည့် အတိုင်း Malay Daily သတင်းစာက ဖော်ပြထားသည်။

Matrade ၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် အဆင့် ၄၀ နှင့် အဆင့် ၇၇ အကြီးဆုံး သဘာဝ ဓာတ်ငွေ့သိုက်နှင့် ရေနံသိုက်များ ရှိနေသည့် တိုင်းပြည် ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ကမ်းနီးနှင့် ကမ်းလွန် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် ပါဝင် လုပ်ကိုင်နေကြသော နိုင်ငံတကာ ကုမ္ပဏီများတွင် Rimbunan Petroqus and Petronas (မလေးရှား)၊ MPRL E&P Limited  (ဗြိတိန်)၊ CNOOC၊ CNPC၊ North Petro-Chem နှင့် Sinopec (တရုတ်)၊ Essar နှင့် ONGC Videsh (အိန္ဒိယ)၊ Silver Wave (စင်ကာပူ)၊ Daewoo International (တောင်ကိုရီးယား)၊ PTTEP (ထိုင်း)၊ Petro Vietnam (ဗီယက်နမ်) အစရှိသော ကုမ္ပဏီများ ပါဝင်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်နဝါရီ 17 ၊ 2011 ရက်စွဲပါ Express India မှ Gireesh Chandra Prasad ရေးသားသော Payment dispute thwarts India's fule export plan to Burma ကို ဘာသာပြန်သည်)

အိန္ဒိယ နိုင်ငံပိုင် ရေနံ လုပ်ငန်း၊ တန် (၂.၇) သန်းရှိ Numaligarh ရေနံချက် စက်ရုံမှ ထွက်ရှိသော ရေနံထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ရန် စီစဉ်လျက် ရှိရာ သဘော မတူညီမှု အချို့ ဖြစ်ပေါ်လျက် ရှိသည်။ RBI၊ SBI နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့သည် မြန်မာ စစ်အစိုးရက ရေနံထွက် ပစ္စည်းများ အတွက်ငွေကို ရူပီးငွေဖြင့် ပေးချေရန် အဆိုပြုချက်ကို ပယ်ချခဲ့သည်။ အိန္ဒိယက ငွေပေးချေမှုကို ဒေါ်လာဖြင့်သာ ပြုလုပ်လိုခြင်းကြောင့် ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယ နိုင်ငံပိုင် Oil India သည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန် ဆန္ဒရှိရာ မြန်မာနိုင်ငံနှင့် ရေရှည် ရောင်းချရေး စာချုပ် ချုပ်ဆိုရန် ဆွေးနွေးလျက် ရှိသည်။

မြန်မာနိုင်ငံနှင့် သဘော တူညီမှု မရရှိခြင်းသည် အိန္ဒိယ၏ ရေနံ ရောင်းဝယ်ရေးတွင် မသေချာ မရောရာမှုများထဲမှ တစ်ခုသာ ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံလိုအပ်ချက် စတုတ္ထ အကြီးဆုံးနိုင်ငံ ဖြစ်ပြီး အီရန်နိုင်ငံက ရေနံစိမ်း တင်သွင်းရာတွင် အနည်းငယ် မသေချာမှုများ ကြုံတွေ့ရလျက် ရှိသည်။ အိန္ဒိယနိုင်ငံသို့ ဆော်ဒီ အာရေဗျ နိုင်ငံက ရေနံစိမ်း အများဆုံး တင်ပို့ပြီး၊ အီရန်နိုင်ငံက ဒုတိယ အများဆုံး တင်ပို့သည်။ အိန္ဒိယသည် ရေနံစိမ်း ၈၀ % တင်သွင်းပြီး၊ ထွက်ရှိသော ရေနံထွက် ပစ္စည်းများ အနက်မှ ၃၀ % ကို နိုင်ငံခြားသို့ ပြန်လည် ရောင်းချသည်။

"Oil India က လောင်စာဆီ ရောင်းရငွေကို ရူပီးနဲ့ လက်ခံမယ် ဆိုတာကို ဘဏ္ဍာရေး ဝန်ကြီးဌာနက သဘော မတူပါဘူး။ မြန်မာနိုင်ငံက ရေရှည် ရူပီးနဲ့ ငွေပေးချေဖို့ ဘယ်လောက် သေချာလို့လဲ။ ရူပီးဘယ်က ရမှာလဲ။ အိန္ဒိယ အနေနဲ့ကတော့ ဒေါ်လာနဲ့ပဲ လိုချင်ပါတယ်" ဟု မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်းမှုများကို အနီးကပ် သိရှိသူ တစ်ဦးက ပြောသည်။ "အခုတော့ Oil India က သူ့ရဲ့ ရေနံထွက် ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဘို့ ကြိုးစားနေပါတယ်" ဟု ၎င်းက ပြောသည်။ သို့သော် အိန္ဒိယ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့်လည်း ကုန်သွယ်မှု သဘော တူညီချက် မရရှိသေးကြောင်း၊ ဆွေးနွေးရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ယခုအခါ Oil India သည် Numaligarh ရေနံချက် စက်ရုံမှ ထွက်သော ပစ္စည်းများကို ပြည်တွင်းသုံး အဖြစ်သာ ရောင်းချလျက် ရှိပြီး အဓိကအားဖြင့် Bharat Petroleum ကော်ပိုရေးရှင်းနှင့် India oil ကော်ပိုရေးရှင်းသို့ ရောင်းချသည်။ အစိုးရက ပြည်တွင်းတွင် လောင်စာဆီကို သတ်မှတ် ဈေးနှုန်းဖြင့်သာ ရောင်းချရန် ကန့်သတ်ထားခြင်းကြောင့်  ဖြစ်ပေါ်လာသော အရှုံးများကို ရောင်းဝယ်ရေး ကုမ္ပဏီများကသာ ခံစားကြရပြီး၊ ရေနံချက် စက်ရုံများက ခံစားရခြင်း မရှိပေ။ ရေနံချက် စက်ရုံများသည် အိန္ဒိယတွင် ဓါတ်ဆီနှင့် ဒီဇယ်အတွက် ကုန်သွယ်ရေး ညီမျှမှု ဈေးနှုန်း (၈၀% သွင်းကုန် ဈေးနှုန်းနှင့် ၂၀% ထုတ်ကုန် ဈေးနှုန်း) ရရှိသည်။ ၎င်းတို့သည် LPG နှင့် ရေနံဆီ အတွက် သွင်းကုန် ညီမျှမှု ဈေးနှုန်း ရရှိသည်။

ယခုအခါ အိန္ဒိယ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် တီဟီရန်သို့ ရောက်ရှိနေပြီ၊ ရေနံစိမ်း တင်သွင်းမှု သေချာစေရေး အတွက် အဖြေရှာ ဆွေးနွေးလျက် ရှိသည်။ အိန္ဒိယသည် ၂၀၀၉-၁၀ တွင် ရေနံထွက် ပစ္စည်း ၅၀,၉၇၄,၀၀၀ မက်ထရစ်တန် တင်ပို့ခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်က ထက်စာလျှင် ၃၈% တိုးတက်လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းမှ 17 Jan 2011 ရက်စွဲပါ "Vietnam's community party to vote on Leaders" ကို ဘာသာ ပြန်ဆိုသည်)

ဗီယက်နမ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု ပုံစံကို ခေတ်မီ စေရေးနှင့် ငွေဖောင်းပွလာမှု ပြဿနာ ရင်ဆိုင် ဖြေရှင်းရေး ကြိုးပမ်း အားထုတ်မှုများကို ဦးဆောင်မည့် ခေါင်းဆောင်သစ်များကို ဗီယက်နမ် အာဏာရ ကွန်မြူနစ် ပါတီက တနလာင်္နေ့တွင် ရွေးချယ် တင်မြှောက်သွားမည် ဖြစ်သည်။

စစ်ကြောင့် ပျက်စီးခဲ့ရသော ဗီယက်နမ်တွင် စစ်အပြီး ၂၅ နှစ် အကြာ၌ အာဏာ တင်းကြပ်သော စီးပွားရေး စနစ်ကို စွန့်ခွာကာ လွတ်လပ်သော ဈေးကွက်ကို အားပေးသည့် ဒိုမွိုင် မူဝါဒကို စတင်ခဲ့သော်လည်း ယခင် အပတ်က နိုင်ငံပိုင် စီးပွားရေး ကဏ္ဍ၏ အရေးပါမှု အနေအထားကို အတည်ပြုခဲ့သောကြောင့် ကွန်မြူနစ် ပါတီ၏ ယခု အရေးပါသော ပြောင်းလဲ ဦးတည်မှုကို ဝေဖန် ဆန်းစစ်သူများက သံသယ ရှိနေကြသည်။

ကွန်မြူနစ် ပါတီ ထူထောင်သူနှင့် ပထမဆုံး သမ္မတ ဟိုချီမင်း၏ ပုံရိပ်များ လွှမ်းခြုံနေသော ညီလာခံ ခန်းမဆောင်တွင် တစ်ဦးကို တစ်ဦး "ရဲဘော်" ဟု သုံးနှုန်းကြသည့် ကွန်မြူနစ် ပါတီဝင် ကိုယ်စားလှယ် ၁၄၀၀ နီးပါးသည် ၎င်းတို့၏ ငါးနှစ် တစ်ကြိမ် ပါတီ ညီလာခံ ကျင်းပရန် ဗုဒ္ဓဟူးနေ့မှ စ၍ စုဝေးခဲ့ကြသည်။

အဆုံးအဖြတ် ပေးသော တင်းမာသည့် ခေါင်းဆောင်များအား စီးပွားရေး ပြုပြင် ပြောင်းလဲရန်၊ ဆိုးဝါးသော ငွေဖောင်းပွမှု၊ အခက်အခဲ ရင်ဆိုင်နေရသည့် ငွေကြေး၊ ကုန်သွယ်ရေး လိုငွေပြမှု၊ နိုင်ငံပိုင် လုပ်ငန်းများ၏ စွမ်းဆောင်ရည် မပြည့်ဝမှု တို့ကို ဖြေရှင်း ကိုင်တွယ်ရန် တောင်းဆိုသံများ ညံနေသည် ဟုလည်း သိရှိရသည်။

"အခု အချိန်မှာ စစ်ပွဲကာလ တုန်းကလို တိုင်းပြည် အတွက် စွန့်လွှတ်ရဲတဲ့သူ များများ မရှိတော့ပါဘူး" ဟု ကိုယ်စားလှယ် ငုယင်ချီဒန်းက ပြောကြားခဲ့ခြင်းကို VN Express သတင်း ဝက်ဘ်ဆိုက်က ပြန်လည် ဖော်ပြထားသည်။

ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အတွက် ရဲရင့်သောာ ခေါင်းဆောင်များကို ရွေးချယ် တင်မြှောက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကိုယ်စားလှယ် ဒန်းက လိုက်စားမှုကြောင့် အတိဒုက္ခ ရောက်နေသော နိုင်ငံမျိုးတွင် ခက်ခဲ ကြမ်းတမ်းသော လုပ်ငန်းများကို ဆန္ဒ ပြင်းပြစွာ ဆောင်ရွက်လိုသော ခေါင်းဆောင်များအား ရွေးချယ် တင်မြှောက်ကြရမည်ဟု အခြား ကိုယ်စားလှယ်များက အလေးအနက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters သတင်းမှ17 Jan 2011 ရက်စွဲပါ "S-E Asia seeks  common ground with China"

အရှေ့တောင် အာရှ နိုင်ငံများက အငြင်းပွား တောင်တရုတ် ပင်လယ်ပြင်တွင် အကျိုးတူ နယ်ပယ်ကို ရှာဖွေရန် ကြိုးစား ခဲ့ကြခြင်းကြောင့် အာရှတိုက်၏ ရေပြင် ပိုင်နက် အငြင်းပွားမှုများမှာ ထိန်းချုပ် မရသည့် အခြေအနေသို့ ရောက်ရှိ သွားနိုင်ပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်လျက် ရှိသည်ဟု အင်ဒိုနီးရှားက တနင်္ဂနွေနေ့တွင် သတိ ပေးလိုက်သည်။

အဓိက ရေလမ်းကြောင်းများနှင့် နီးကပ်ပြီး ရေနံသိုက်များ တွေ့ရှိရန် အလားအလာ ရှိသော တောင်တရုတ် ပင်လယ်မှ စပရက်တလီ ကျွန်းစု ကဲ့သို့ ဒေသများကို ထိန်းချုပ်နိုင်ရန် အတွက် မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့ အခြေအတင် ငြင်းခုံခဲ့ကြသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ် နိုင်ငံတို့ တိုက်ပွဲများပင် ဖြစ်ပွားခဲ့ဖူးသည်။

"တကယ်လို့ သေသေချာချာ မစီမံနိုင်ဘူး ဆိုရင် ဒီပြဿနာတွေက ထိန်းမရအောင် ဖြစ်သွားနိုင်ပါတယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ တနင်္ဂနွေနေ့က ရိုက်တာနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။

တရုတ်နှင့် ဂျပန် အကြားရှိ နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ရေပြင်ပိုင်နက် အငြင်းပွားမှုများမှ ဘေးအန္တရာယ်များတွင် အရှေ့တောင် အာရှ နိုင်ငံများ ပတ်သက်မှု မရှိခြင်းကို နာတာလီဂါဝါက ထောက်ပြ ပြောဆိုခဲ့သည်။ ယခင်နှစ်က ဖြစ်ပွားခဲ့သော ရေပြင် နယ်နိမိတ် ပြဿနာများတွင် တောင်ကိုရီးယား ကျွန်းပေါ်သို့ မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ ဈေးကွက်ကို လှုပ်ခါ သွားစေခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံများသည် ၂၀၀၂ ခုနှစ်က တောင်တရုတ် ပင်လယ် နှောင်ကြိုးမဲ့ စီမံခန့်ခွဲမှု ကြေညာ စာတမ်းကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ရေပြင် ပိုင်နက် တောင်းဆိုသူ အများစုမှာ ၎င်းတို့ အခိုင်အမာ တောင်းဆိုနေသော  ကျွန်းစုများ တဝိုက် (သို့) ကျွန်းများ ပေါ်တွင် ခရီးသွား စီးပွားရေး လုပ်ငန်းကို အကောင်အထည် ဖော်နေကြခြင်းကြောင့် သက်ဆိုင်သော နိုင်ငံ အားလုံးကို စိတ်ရှည် သည်းခံကြရန် တိုက်တွန်းထားသည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူဝမ်က တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ တရုတ်နိုင်ငံသည် အဆိုပါကိစ္စ နှင့်ပတ်သက်၍ ရှေ့တိုး ဆောင်ရွက်ရန် လိုလားနေပြီး အာဆီယံ နိုင်ငံများကလည်း အကျိုးတူ နယ်ပယ်ကို ရှာဖွေလျက် ရှိကြသည်ဟု ဖော်ပြ ပြောဆိုခဲ့သော်လည်း အာဆီယံ၏ ဖြစ်နိုင်ခြေ စေ့စပ် ညှိနှိုင်းမှု အနေအထားကိုမူ ၎င်းက ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.