Transparency Myanmar

transparency.myanmar@gmail.com

(21 ဇန်နဝါရီ 2011 ရက်စွဲပါ CNN မှ Hu warps up U.S. trip ကို ဘာသာ ပြန်ဆိုသည်)

တရုတ်သမ္မတ ဟူကျင့်တောင်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို သောကြာနေ့က ပြီးဆုံးခဲ့ပြီး၊ သမ္မတ Obama ၏ မွေးရပ် ချီကာဂိုသို့ ထွက်ခွာသွားခဲ့သည်။

၎င်းသည် တရုတ်ပိုင် ကားအပိုပစ္စည်း ကုမ္ပဏီ၊ တရုတ် လေစွမ်းအင် ကုမ္ပဏီနှင့် Walter Payton Collage Preparatory Hight School ရှိ တရုတ်ဘာသာ စကားနှင့် ယဉ်ကျေးမှု စင်တာ Confucius Institute သို့ သွားရောက် လည်ပတ်ခဲ့သည်။

ကြာသပတေးနေ့က အမေရိကန် မြို့တော်တွင် အမေရိကန် စီးပွားရေး ဦးဆောင်သူများအား ပြောကြားခဲ့ရာတွင် Beijing သည် ပိုမို နီးကပ်သော ဆက်ဆံရေးနှင့် ပိုမို ကြီးမားသော ယုံကြည်မှုတို့ကို အမေရိကန် ပြည်ထောင်စုနှင့် ကိစ္စရပ် အမျိုးမျိုးတွင် တည်ဆောက်ရန် ကြိုးစားနေကြောင်း ပြောခဲ့သည်။

တရုတ်၏ စီးပွားရေးနှင့် စစ်ရေးကို တိုးတက်လာမှုနှင့် ပတ်သက်၍ အများ၏ စိုးရိမ်မှုများကို ၎င်းက တရုတ်နိုင်ငံသည် ချုပ်ကိုင်နိုင်ရေး အတွက် သို့မဟုတ် နယ်ပယ် ချဲ့ထွင်ရေး မူဝါဒများကို လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

တရုတ် ခေါင်းဆောင်သည် တိဗက်နှင့် ထိုင်ဝမ်တို့နှင့် ပတ်သက်သော အထိမခံသည့် နိုင်ငံရေး ကိစ္စများ အတွက် တောင်းပန်ခြင်း မရှိပဲ၊ ထိုကိစ္စရပ်များအား တရုတ်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်ကြောင်း၊ ၎င်း၏ မူလ အကျိုးစီးပွားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် တရားဥပဒေ စိုးမိုးသော ဆိုရှယ်လစ် နိုင်ငံတစ်ခုကို ထူထောင်နေခြင်း ဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။ ဝါရှင်တန်နှင့် Beijing အကြား ဆက်ဆံရေးမှာလည်း သာတူ ညီမျှရေးနှင့် အပြန်အလှန် လေးစားရေးအပေါ် အခြေခံသော ဆက်ဆံရေး ဖြစ်ရန် လိုအပ်ကြောင်း ဆိုသည်။

အဆိုပါ မှတ်ချက် စကားများကို အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသား ကော်မတီ၊ အမေရိကန်-တရုတ် စီးပွားရေး ကောင်စီနှင့် အခြား အဖွဲ့များက တည်ခင်းသော နေ့လည်စာ စားပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကြာသပတေးနေ့ အစောပိုင်း ကလည်း ဟူကျင့်တောင်သည် Capitol Hill သို့ သွားရောက်ခဲ့သည်။ Capitol Hill မှ ကွန်ဂရက် ခေါင်းဆောင်များသည် Beijing ၏ လူ့အခွင့်အရေးနှင့် ကုန်ပစ္စည်း အတု ပြုလုပ်ခြင်း ကာကွယ်မှု အခွင့်အရေး ကတိကဝတ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်လေ့ ရှိသော နေရာ ဖြစ်သည်။ ၎င်းသည် ဆီးနိတ် အများစု ခေါင်းဆောင် Harry Reid၊ D-Nevada နှင့် ပြောခွင့်ရ ပုဂ္ဂိုလ် John Boehner၊ R-Ohiဝ အပါအဝင် အခြားသူများနှင့် တွေ့ဆုံခဲ့သည်။ ၎င်း ဆီနိတ်တာများသည် ဗုဒ္ဓဟူးနေ့ညက တရုတ် ခေါင်းဆောင်အား အိမ်ဖြူတော်မှ တည်ခင်းသော နိုင်ငံတော် ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ယခုအပတ် အစောပိုင်းက ဆီနိတ်တာ Reid က ဟူကျင့်တောင်အား "အာဏာရှင်" ဟု ခေါ်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကရော ၎င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်ကပါ ထိုသဘောထား မရှိတော့ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

Boehner က ပြောကြားရာတွင် ကြာသပတေးနေ့က ဆွေးနွေးမှုများတွင် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ တိုးတက်လာမှုများ အတွက် စိုးရိမ်မှုများ အကြောင်းလည်း ပါဝင်ကြောင်း ဆိုခဲ့သည်။

တွေ့ဆုံမှုမှာ ကောင်းမွန်ခဲ့ကြောင်း၊ ယခု ဆွေးနွေးသော အကြောင်းအရာများ ဆက်လက် ဆွေးနွေး ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း Boehner ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် Liu Xiaobo အား အကျဉ်းချထားမှု အပါအဝင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများကိုလည်း ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြောင်း ကွန်ဂရက် နိုင်ငံခြားရေး ကော်မတီမှ ထိပ်တန်း ဒီမိုကရက် ကာလီဖိုးနီးယား ကိုယ်စားလှယ် Boward Berman ၏ အဆိုအရ သိရှိရသည်။

"ဆက်ဆံရေး ကောင်းကောင်း မွန်မွန် ရတယ်လို့ မညွှန်းလိုပါဘူး။ တရုတ် သမ္မတ ဆီကနေ သူတို့မှ နည်းလမ်းတွေ ရှိပါတယ်ဆိုတဲ့ ယေဘုယျ ဆန်တဲ့ အသိအမှတ် ပြုမှုကိုသာ ရရှိခဲ့ပါတယ်" ဟု Berman က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဟူကျင့်တောင်သည် သမ္မတ Obama နှင့် အိမ်ဖြူတော်တွင် တံခါးပိတ် ဆွေးနွေးခဲ့ပြီး၊ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး အကျပ် အတည်းများ၊ နိုင်ငံတကာ လုံခြုံရေး၊ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

Obama အစိုးရ တာဝန် ရှိသူများက Obama ၏ ဟူကျင့်တောင်နှင့် တွေ့ဆုံခြင်းသည် နှစ်နိုင်ငံ စီးပွားရေး တိုးတက်မှုကို မီးမောင်း ထိုးပြနိုင်ခဲ့သည်ဟု ဆိုခဲ့ပြီး၊ အမေရိကန် ကုမ္ပဏီများမှ တရုတ်သို့ ကုန်ပစ္စည်း ဒေါ်လာ(၄၅) ဘီလျံဖိုး တင်ပို့ရန် Beijing ၏ သဘော တူညီမှု ရခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကန်ထရိုက်ကြောင့် အမေရိကန်တွင် အလုပ်အကိုင် နေရာ (၂၃၄၀၀၀) ခန့် အတွက် အထောက် အကူ ဖြစ်ကြောင်း အိမ်ဖြူတော်၏ အဆိုအရ သိရှိရသည်။

ခေါင်းဆောင် နှစ်ဦးသည် လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ အမြင်မတူမှုများ ဆက်လက် ရှိနေမည်ကို သိရှိကြသော်လည်း၊ အဆိုပါ ကိစ္စများအတွက် ပွင့်ပွင့်လင်းလင်း နည်းလမ်းများ အပေါ်တွင် အခြေခံ၍ အလုပ် လုပ်သွားရန် သဘော တူကြကြောင်း Obama  ၏ အဆိုအရ သိရှိရသည်။

လူ့အခွင့်အရေး ကိစ္စရပ်များ တရုတ်နိုင်ငံတွင် အထိမခံသည့် ကိစ္စဖြစ်နေရာ၊ ယခု ဟူကျင့်တောင်၏ ခရီးစဉ်တွင် လူ့အခွင့်အရေး ကိစ္စရပ်များ ပြောဆိုရာ၌ CNN မှ လွှင့်ထုတ်မှုများကို တရုတ်ပြည်တွင် ဆင်ဆာ ဖြတ်ခဲ့သည်။ ဟူကျင့်တောင်မှ လူ့အခွင့်အရေး ကိစ္စ ပြောသည်ကိုပင် ဆင်ဆာ ဖြတ်ခဲ့သည်။

အိမ်ဖြူတော် အနီးတွင် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြသခြင်းများ အားလည်း ဆင်ဆာ ဖြတ်တောက်ခဲ့သည်။

မည်သို့ပင် ဆိုစေ Obama က ဟူကျင့်တောင်၏ ခရီးစဉ်အား တရုတ်-အမေရိကန် ဆက်ဆံရေး နောင်နှစ်သုံးဆယ် အတွက် အုတ်မြစ် ချနိုင်ရန် အခွင့်အရေးပင် ဖြစ်ကြောင်း ချီးမွမ်း ပြောဆိုခဲ့သည်။

 ဟူကျင့်တောင်ကလည်း အင်အားကြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် မဟာဗျူဟာ အရ အရေးပါပြီး ကမ္ဘာကြီးပေါ်တွင် လွှမ်းမိုးနိုင်ရေး အတွက် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲတွင် Obama က သမ္မတ ဟူကျင့်တောင်ထံမှ အမေရိကန်နှင့် ကုန်သွယ်ရာတွင် ပို၍ ညီမျှသော ဝန်းကျင် ဖန်တီးပေးရန် ကတိများ ရရှိပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် ငွေကြေးမှာ တန်ဖိုး အောက်ကျနေဆဲ ဖြစ်ကြောင်း၊ ထိုကိစ္စမှာ အမေရိကန်၏ Beijing နှင့် ကုန်သွယ်ရေး ညီမျှမှုကို ဖြစ်စေသော အဓိက အကြောင်း ဖြစ်ကြောင်း Obama က ပြောခဲ့သည်။

စီးပွားရေး မူဝါဒတွင် အဓိက ကျသော ခြားနားမှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ သို့သော် Beijing အနေဖြင့် ထိုခြားနားမှုများကို ဆက်လက် ကြိုးစား ဖြေရှင်းသွားမည် ဖြစ်သည်ဟု ဟူကျင့်တောင်က ကတိပြု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Nation သတင်းစာမှ 22 Jan 2011 ရက်စွဲပါ Burma closes borders in Tak province သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ပဋိပက္ခ ဖြစ်ပွားမှု အပါအဝင် လုံခြုံရေး အကြောင်း ပြချက်များကို ရည်ညွှန်းကာ တပ်ခ်ပြည်နယ် သာခီလတ် နယ်စပ် စစ်ဆေးရေး ဂိတ်နှင့် ပေါ့ဖရားခရိုင်မှ နယ်စပ် ဝင်ပေါက် တစ်ခုကို ပိတ်ထားလိုက်သည်ဟု သိရှိရသည်။

သာစီလတ်ဂိတ်နှင့် ၄၅ ကီလိုမီတာခန့် အကွာတွင် မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် လက်နက်ကိုင် အုပ်စုများ အကြား ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ပြီးနောက် အဆိုပါ စစ်ဆေးရေး ဂိတ်မှ ဂိတ်ပေါက် ၁၈ ခု ကို ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ကြားသိရသည်။

ထိုင်းကုန်သည်များက သာခီလတ် စစ်ဆေးရေး ဂိတ်ပေါက်များတွင် ကုန်ပစ္စည်းများကို စုပုံထားကာ နယ်စပ် ပြန်ဖွင့်လျှင် ဖွင့်ခြင်း သယ်ယူ ပို့ဆောင်ရန် စောင့်မျှော်နေကြသည်။

ပေါ့ဖရား ခရိုင်မှ ထိုင်းနိုင်ငံသား ၄ ဦးကို မြန်မာ စစ်သားများက နယ်စပ် ခိုးဝင်မှုဖြင့် ဖမ်းဆီး ခဲ့ပြီးနောက် ဒေသခံ နေထိုင်သူများအား နောက်ထပ် အသိပေး ကြေညာမှု မရှိခင် မြန်မာ နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်း မပြုရန် တားမြစ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(21 Jan 2011 ရက်စွဲပါ New York Times သတင်းစာမှ Seth Mydans ရေးသားသော Documentary Shows rare lork at dissent in Myanmar Military ကို ဘာသာပြန်သည်။)

မြန်မာ စစ်တပ်သည် ဒီမိုကရေစီရေး ဆန္ဒပြသူများကို ချေမှုန်းခြင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်နေသော တိုင်းရင်းသား အုပ်စုများကို ဖိနှိပ်ခြင်းများကြောင့် အရှေ့တောင် အာရှတွင် အဆိုး အပြော အခံရဆုံး စစ်တပ် ဖြစ်သည်။

အင်အား လေးသိန်းရှိ မြန်မာ စစ်တပ်သည် ညီညွတ်မှု၊ ဆုပေး ဒဏ်ပေး စနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးခြင်းနှင့် စစ်တပ်တွင်း ဆန့်ကျင်မှု အနည်းငယ်သာ တွေ့ရှိရခြင်း တို့ကြောင့် ကောင်းမွန် သည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော် စစ်တပ်၏ အောက်ခြေ အဆင့်များတွင် စစ်တပ်ကို မယုံကြည်သော၊ အလွန် ကြောက်ရွံ့သော အသိုင်းအဝိုင်းမှ လူများ ဝင်ရောက်ကြကြောင်း၊ ၎င်းတို့မှာ ပုံမှန် အလုပ်နှင့် ခံစားခွင့်များ အတွက် ဝင်ရောက်ခြင်း ဖြစ်ကြောင်း စစ်သားဟောင်း ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံဘက်သို့ ကူးပြောင်း လာသော အသက် ၄၈ နှစ်ရှိ မျိုးမြင့်က ဆိုသည်။

မျိုးမြင့်သည့် "Burma Soldier" ဟုခေါ်သော သတင်းမှတ်တမ်း ကားသစ်တွင် အဓိက ဇာတ်ကောင် ဖြစ်ပြီး၊ အဆိုပါ ဇာတ်ကားတွင် စစ်မြေပြင်မှ သူ၏ ဘဝကို ဖော်ပြထားသည်။ ၎င်းသည် စစ်မြေပြင်မှ သူ၏ ဘဝကို ဖော်ပြထားသည်။ ၎င်းသည် စစ်မြေပြင်တွင် ခြေတစ်ဖက်နှင့် လက်တစ်ဖက် ဆုံးရှုံးခဲ့ပြီး၊ အတိုက်အခံသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် ထောင် ၁၅ နှစ် ကျခဲ့ပြီး၊ ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းမှတဆင့် အမေရိကန် ပြည်ထောင်စုသို့ ၂၀၀၈ တွင် ရောက်ရှိခဲ့သည်။

"စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေက အာဏာ ဆုပ်ကိုင်ပြီး၊ ပြည်သူတွေကို ဖိနှိပ်နေပေမယ့်လည်း စစ်သား အများစုကတော့ ကျွန်တော့်လိုပါပဲ။ စစ်တပ်ထဲ ဝင်လာရတာလည်း နေ့စဉ် ဘဝ အသက်ရှင်ဖို့ ငွေရှာဖို့ အတွက် ဝင်လာကြရတာပါ" ဟု ၎င်းနေထိုင်သော Indiana ရှိ Fort Wayne မှနေ၍ တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"စစ်တပ်ထဲမှာလည်း အတိုက်အခံကို တိတ်တိတ်ကလေး ထောက်ခံတဲ့ စစ်သားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်တွေကို ထုတ်မပြရဲကြပါဘူး။ ကြီးလေးတဲ့ ထောင်ဒဏ်တွေ ကျနိုင်တယ်လေ" ဟု ၎င်းက ဖြည့်စွက် ပြောခဲ့သည်။

"ဒီရုပ်ရှင်ကို ကြည့်ပြီးရင်တော့ တချို့ စစ်သားတွေဟာ ၎င်းတို့က ပြည်သူတွေကို ဆက်ဆံပုံ၊ ပြုမူပုံတွေကို ကောင်သလား၊ ဆိုးသလား၊ မှားသလား၊ တရားလား၊ မတရားလား ဆိုတာကို ပြန်စဉ်းစား လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။

ရုပ်ရှင်သည် ငြိမ်သက်ပြီး၊ ဂရုပြု၍ ပြသထားပြီး၊ တနေရာတွင် မျိုးမြင့်မှ ၎င်း၏ ဖြတ်သန်းခဲ့ရသော ခရီးရှည်ကြီးကို မျက်ရည်ဝဲ၍ ပြောပြခဲ့သည်။ ဒုက္ခသည် စခန်းများတွင် မြန်မာ စစ်တပ်က တိုင်းရင်းသားများ၏ ရွာများကို တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုများလည်း ပြသထားသည်။ အဆိုပါ ရုပ်ရှင်၏ ဒါရိုက်တာမှာ အိုင်းရစ်လူမျိုး စာရေးဆရာနှင့် ဓာတ်ပုံဆရာ Nic Dunlop ဖြစ်ပြီး၊ ၎င်းက အစိုးရ ဆန့်ကျင်သူ အုပ်စုများ အန္တရာယ်များ ကြားမှ ရယူထားသော ထူးခြားသော ပုံရိပ်များလည်း ထည့်သွင်းထားသည်ဟု ဆိုသည်။

Mr Dunlop က ပြောကြားရာတွင် ၎င်းအနေဖြင့် အထက်ပါ သတင်းစကားများ ဖြန့်စေရန် ခိုးကူး အဆင့်ဆင့်ဖြင့် ကြိုးစားမည်ဟု ဆိုသည်။

အဆိုပါ ရုပ်ရှင်အား HBO မှ လာမည့်နှစ်တွင် ပြသမည် ဖြစ်ပြီး၊ ၎င်းနှင့် ၎င်း၏ထုတ်လုပ်သူ တို့သည် ရုပ်ရှင်ကို မြန်မာ ဘာသာဖြင့်ပါ ပြုလုပ်ထားပြီး၊ မြန်မာ နိုင်ငံတွင်းသို့ DVD ဖြင့် ခိုးကူးများဖြင့် ဖြန့်ဝေရန် စီစဉ်ထားပြီး၊ အင်တာနက်သို့ပါ တင်ပြမည်ဟု ဆိုသည်။

"ကျွန်တော်တို့ကတော့ ဒီရုပ်ရှင်ကို မြန်မာတွေ ကော်ပီ ကူးနိုင်သမျှ ကူးပြီး ဖြန့်ဖို့ အားပေးလိုပါတယ်။ လူတွေကို တမူ ထူးတဲ့ သမိုင်းကြောင်း တစ်ခု သိရှိစေလိုပါတယ်။ စစ်တပ်က ထွက်တဲ့ လူတစ်ယောက်ရဲ့ အသံတွေ ကြားစေချင်ပါတယ်" ဟု Mr. Dunlop က ပြောသည်။

"ဒီအထဲမှာ မျှော်လင့်မထားတဲ့ အဖြစ် အပျက်တွေ ပါပါတယ်" ဟု ၎င်းက အစောပိုင်းက ထုတ်ခဲ့သော သတင်းမှတ်တမ်းကား "Burma VJ" ကို ညွှန်း၍ ပြောခဲ့သည်။ "သူတို့ဟာ သတင်း အချက် အလက်တွေနဲ့ ပုံတွေကို အခက်အခဲတွေ ကြားက ကြီးမားတဲ့ အန္တရာယ်တွေ ကြားကနေ အပြင် ရောက်အောင် ထုတ်ခဲ့တယ်" ဟု ဆိုသည်။

အဆိုပါ "Burma VJ" ကို Anders Ostergaard က ရိုက်ကူး၍၊ ၂၀၀၇ စက်တင်ဘာလ ဘုန်းတော်ကြီး အရေး အခင်းတွင် စစ်တပ်၏ ကြမ်းတမ်းစွာ တုန့်ပြန်ပုံ အကြောင်း ဗီဒီယို ဂျာနယ်လစ် တစ်ဦး၏ မှတ်တမ်း တစ်စိတ် တစ်ပိုင်း ပါဝင်သည်။

"အခု ကျွန်တော်တို့က ပြောင်းပြန် လုပ်ပစ်မှာလေ။ ကျွန်တော်တို့ ရုပ်ရှင်ကို မြန်မာ နိုင်ငံတွင်းမှာ ခိုးကူးတွေနဲ့ တရားမဝင် ဖြန့်ပစ်လိုက်မှာ" ဟု Mr Dunlop က ပြောသည်။

Mr Dunlop သည် မြန်မာ နိုင်ငံတွင်းနှင့် ပြင်ပရှိ ပရိသတ်များသို့ သတင်းစကား ပေးပို့ခဲ့သည်။ အဆိုပါ သတင်း စကားမှာ ၎င်းရေးသားသော ကမ္ဘောဒီးယားမှ Khmer Rouge ထောင် အကြီးအကဲ Duch ဟု လူသိများသော Kaing Guek Eav အကြောင်း ရေးထားသော "The Lost Executioner" (Bloomsbury 2005) တွင်လည်း ရေးသားထားသည်။

Mr Dunlop သည် ၁၉၉၉ ခုနှစ် Duch ကို ကမ္ဘောဒီးယား၏ ဝေးလံ ခေါင်းပါးသော အရပ် တစ်ခု၌ တွေ့ခဲ့စဉ်က ဓာတ်ပုံဆရာ တစ်ဦး အဖြစ် လုပ်ကိုင်နေသည်။ နောက်ဆုံးတွင် Duch သည် တရားရုံးသို့ ရောက်ရှိခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်က တရားရုံးက အပြစ် ရှိကြောင်း ချမှတ်ခဲ့သည်။ Duch ကို ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သည်။ အခြား လေးဦးမှာလည်း ယခု နှစ်တွင် တရားရုံးသို့ တင်ပို့ထားသည်။

"ကျွန်တော် သိချင်တာ တစ်ခုက ကမ္ဘောဒီးယားရဲ့ ဆင်းရဲတဲ့ အရပ် တစ်ခုက လာတဲ့ သာမန်လူလို့ ထင်ရတဲ့ လူတစ်ဦးက နှစ်ဆယ် ရာစုမှာ အဆိုးဆုံး လူသတ်ကောင် ဘယ်လို ဖြစ်သွားသလဲ ဆိုတာပါပဲ" ဟု Mr Dunlop က ၎င်း၏ စာအုပ် နိဒါန်းတွင် ရေးသားထားသည်။

မြန်မာသည်လည်း အလားတူ စိန်ခေါ်မှုများကို ကြုံနေရပြီဟု ၎င်းက ပြောသည်။

"မြန်မာနိုင်ငံရဲ့ ပြဿနာတွေထဲက တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုတဲ့ အမှန်တရား ဘက်တော်သားတွေကို လူဆိုးအုပ်စုက စိတ်ရော ကိုယ်ပါ နှစ်မြှုပ် တိုက်ခိုက်တဲ့ အချိန်ဟာ ဖတ်ကောင်းတဲ့ ဇာတ်လမ်း တစ်ခုလို ဖြစ်နေတာပါပဲ" ဟု Dunlop က ဆိုသည်။

"ကျွန်တော် ထင်ပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေကို သော်လည်းကောင်း၊ အစိုးရတွေကို သော်လည်းကောင်း အပြစ်တင်ရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမယ့် အတိတ်ကိုတော့ ပြန်ကြည့်ရပါလိမ့်မယ်။ ကမ္ဘာကြီးဟာ လူကောင်းနဲ့ လူဆိုး၊ သူ့ဘက်နဲ့ ကိုယ့်ဘက်၊ အဖြူနဲ့ အမည်း ခွဲခြားထားခြင်း မရှိပေမယ့် ဒီကွဲပြားမှု ကန့်လန့်ကာ ပါးပါးလေးကို ဇာချဲ့နေကြတာပါ။ တကယ်လို့ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ဒီလို အစွန်းနှစ်ဖက် ခွဲတဲ့နည်းနဲ့ ကြည့်ရှုတာကို ရပ်လိုက်မယ်ဆိုရင် ဒီရာဇဝတ်မှုတွေကို တားဆီး နိုင်အောင် ကြိုးစားဖို့ ကြီးမားတဲ့ အခွင့်အရေး ရလာမှာပါ" ဟု ၎င်းက ဆိုသည်။

၁၉၇၀ ခုနှစ် နှောင်းပိုင်းများတွင် ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့သော ခမာရု အစိုးရနှင့် မြန်မာနိုင်ငံမှ တပ်မတော် အစိုးရ ကိစ္စများနှင့် ပတ်သက်ပြီး ၎င်းက ပြောကြားရာတွင် "ပြစ်မှု ကျူးလွန်သူတွေရဲ့ ဒုစရိုက် ကမ္ဘာကို ကြည့်တတ်ဖို့၊ အထောက်အထား ဖြစ်ရပ်တွေကို စဉ်းစား ဆင်ခြင် တတ်ဖို့နဲ့ ပြည်သူတွေ အနေနဲ့လည်း သူတို့ကို ကြောက်စရာ သတ္တဝါတွေလို့ မြင်နေတာထက် သက်ရှိ လူသားတွေလို့ မြင်ကြဖို့က အရေးကြီးပါတယ်။ ဒါမှသာ ကျွန်တော်တို့ အားလုံးဟာ လက်ရှိ အနေအထား တွေထဲက ဒီလို အရာကိစ္စ မျိုးတွေကို ဖြေရှင်း လုပ်ဆောင်နိုင်စွမ်း ရှိမှာပါ" ဟု ဆိုသည်။

ဥပမာ အနေဖြင့် မျိုးမြင့်က အင်တာဗျူးတွင် ပြောကြားသည့် အတိုင်း မြန်မာနိုင်ငံတွင် ၁၉၈၈ နှင့် ၂၀၀၇ ဒီမိုကရေစီ ဆန္ဒပြပွဲများတွင် အရပ်သားများအား ပစ်ခတ်ခဲ့သော စစ်သားများသည် ခွဲထွက်ရေး တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ခိုက်ရသည့် စစ်မြေပြင် အနှံ့အပြားတွင် ဒုက္ခ ပေါင်းစုံနှင့် တွေ့ကြုံ ရင်ဆိုင်ကြရသည်ဟု ဆိုသည်။

"စစ်သားတွေက ပညာ မတတ်သလို နိုင်ငံရေးလည်း နားမလည်ပါဘူး။ ဆန္ဒပြပွဲကို ထောက်ခံသူ၊ အစိုးရကို အတိုက်အခံ လုပ်သူ မှန်သမျှဟာ ရန်သူတွေ ဖြစ်တယ်။ ဒီလိုလူတွေကို သတ်ခွင့် ရှိတယ်လို့ နားသွင်း ခံထားရသူတွေသာ ဖြစ်ပါတယ်။ သူတို့ အတွက်တော့ ဒီလို သတ်ဖြတ်မှုတွေဟာ တရား မျှတရုံတင် မကပဲ မလုပ်မဖြစ် ဆောင်ရွက်ရတာပါ။ တပ်မတော်သားတို့၏ တာဝန်ပေါ့ဗျာ" ဟု မျိုးမြင့်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 21 Jan 2011 ရက်စွဲပါ Unbowed China Leader warns U.S သတင်းကို ဘာသာ ပြန်ဆိုသည်။)

နိုင်ငံတော် ခရီးစဉ်တွင် ဖိအားပေးခြင်းကို လက်မခံသည့် တရုတ် သမ္မတ ဟူကျင်းတောင်က ထိုင်ဝမ်နှင့် တိဘက် အရေးကိစ္စတွင် ဖိအားမပေးရန် အမေရိကန် ပြည်ထောင်စုကို ကြာသပတေးနေ့တွင် သတိပေးလိုက်ပြီး၊ အင်အား ကြီးလာသော အာရှ ပါဝါ တရုတ်နိုင်ငံသည် ပူးပေါင်း ဆောင်ရွက်မှု ရရှိရန်သာ ကြိုးစားခဲ့ကြောင်း အခိုင်အမာ ပြောဆိုလိုက်သည်။

အိမ်ဖြူတော်တွင် ပြုလုပ်သော ဂုဏ်ပြု ညစာ စားပွဲ အပြီးနောက် တစ်ရက်တွင် Capital Hill သို့ သွားရောက် လည်ပတ်စဉ် တရုတ်နိုင်ငံက ဖမ်းဆီးထားသော နိုဘယ်ဆုရှင် လူကျားဘို ကိစ္စ အပါအဝင် စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန် ထိပ်တန်း လွှတ်တော် အမတ်များက သမ္မတ ဟူကျင်းတောင်ကို ဖိအား ပေးခဲ့ကြခြင်းကြောင့် လှိုက်လှဲမှု မရှိသော ဧည့်ခံ ကြိုဆိုမှုကို ရင်ဆိုင်ခဲ့ရသည်ဟု သိရှိရသည်။

ထို့နောက်တွင် သမ္မတ ဟူကျင်းတောင်က အမေရိကန် စီးပွားရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များအား မိန့်ခွန်း ပြောကြားရာ၌ နှစ်နိုင်ငံ အပြန်အလှန် လေးစားကြရန် တိုက်တွန်းခဲ့ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးသည် တစ်ဖက် အသာ ရလျှင် အခြားတစ်ဖက်ကို ဆုံးရှုံးစေသည့် ပုံစံမျိုး မဟုတ်ဟု  ပြောဆိုခဲ့သည်။

ထိုင်ဝမ်နှင့် တိဘက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာ၊ အာဏာ ပိုင်ဆိုင်မှုနှင့် သက်ဆိုင်ကာ ၎င်းဒေသများသည် တရုတ်နိုင်ငံ၏ မဏ္ဍိုင် အကျိုးစီးပွားများ အဖြစ် ကိုယ်စား ပြုနေသည်ဟု တရုတ် ခေါင်းဆောင်က ဆိုသည်။

"ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ အဓိက အကျိုး စီးပွားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို နှစ်နိုင်ငံ စလုံးက ကောင်းစွာ ကိုင်တွယ်နိုင်တဲ့ အချိန်မျိုးမှာ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ချောမွေ့ပြီး၊ မှန်မှန် တိုးတက်တယ် ဆိုတာကို ပြသနေပါတယ်" ဟု သမ္မတ ဟူက ပြောကြားသည်။

"ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အဆက်မပြတ် ခက်ခဲမှုကို ကြုံတွေ့ရမှာပါ။ တင်းမာမှုတွေတောင် ရှိလာနိုင်ပါတယ်" ဟု ၎င်းက သတိပေး ပြောကြားသည်။

တရုတ် ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့သော တရုတ် ခေါင်းဆောင်က ထူထောင်ခဲ့သော ကိုယ်ပိုင် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းနှင့် ၁၉၅၀  ခုနှစ်များက တရုတ် တပ်ဖွဲ့များ စေလွှတ်ခဲ့ဖူးသော ဗုဒ္ဓဘာသာ တိဘက် နိုင်ငံတို့ကို တရုတ်နိုင်ငံ၏ ပိုင်နက် အစိတ်အပိုင်းများ အဖြစ် ဘေဂျင်းက သတ်မှတ် ယူဆ ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Strait Times မှ 20 Jan 2011 ရက်စွဲပါ Taiwan may test missiles again after flop သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်ဝမ် နိုင်ငံတွင် ယခု သီတင်းပတ် စစ်ရေး လေ့ကျင့်မှုများ၌ ဒုံးကျည် ပစ်ခတ်မှုများ မအောင်မြင် ခဲ့ခြင်းကြောင့် စိတ်ဆိုးနေသော သမ္မတ မာရင်ကျိုးက ထိပ်တန်း စစ်ဖက် ခေါင်းဆောင်များကို ရှားရှား ပါးပါး ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် ထိုင်ဝမ်က ဒုံးကျည် စမ်းသပ်မှုများက အသစ် ပြုလုပ်ရန် စဉ်းစားနေသည်ဟု တာဝန်ရှိသူ တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားသည်။

အင်္ဂါနေ့က လက်တွေ့ ပစ်ခတ် လေ့ကျင့်စဉ် အတွင်း ဒုံးကျည် ၁၉ စင်းအနက် ၆ စင်းမှာ ပစ်မှတ် လွဲချော်ခြင်း၊ မပေါက်ကွဲခြင်းတို့  ဖြစ်ပွားခဲ့ခြင်းကြောင့် သမ္မတ မာရင်ကျိုးက ၎င်းအနေဖြင့် ကျေနပ်မှု မရှိကြောင်း၊ ထပ်မံ လေ့ကျင့်ရန် တိုက်တွန်းကြောင်း လူသိရှင်ကြား ဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း ထိုင်ဝမ် စစ်ဖက်က "ရလဒ်များမှ လက်ခံနိုင်သည့် အနေအထား ရှိကြောင်း၊ လေ့ကျင့် ပစ်ခတ်စဉ် မအောင်မြင်ခဲ့သော ဒုံးကျည် အမျိုးအစား ၃ မျိုးကို ပြန်လည် စမ်းသပ်ရန် စီစဉ်နေကြောင်း ခုခံ ပြောကြားခဲ့သည်" ဟု Liberty Times က သတင်း ရင်းမြစ်ကို တိုးကားခြင်း မရှိပဲ ဖော်ပြထားသည်။

ပြန်လည် စမ်းသပ်ရမည့် ဒုံးကျည် အမျိုးအစားများမှာ ပြည်တွင်းဖြစ် တိုင်းချင်း II အမေရိကန်လုပ် စပဲရိုးနှင့် ပြင်သစ်လုပ် မီကာတို့ ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

"ဒီနှစ် ဒုတိယ ခြောက်လပိုင်းမှာ ပြုလုပ်မည့် နောက်ထပ် စစ်ရေး လေ့ကျင့်မှု အစီအစဉ်မှာ ပြန်လည် စမ်းသပ်မှာပါ။ ဒါပေမယ့် အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပါဘူး" ဟု အမည် မဖော်လိုသော ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက AFP သို့ ပြောကြားသည်။

၁၉၄၉ တွင် ပြည်တွင်းစစ် အပြီးမှစ၍ ကိုယ်ပိုင် အုပ်ချုပ်သော ထိုင်ဝမ်နိုင်ငံကို ထူထောင်ခဲ့သော်လည်း ဘေဂျင်းက ထိုင်ဝမ်ကျွန်းသည် ပြည်မကြီး၏ အစိတ်အပိုင်းသာ ဖြစ်သည်ဟု သတ်မှတ်ထားဆဲ ဖြစ်ပြီး ပြန်လည် ရယူရန် အင်အား သုံးမည့် အလားအလာကို လုံးဝ စွန့်လွှတ်ခြင်း မရှိသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Irrawaddy သတင်းဌာနမှ Suu Kyi meets Thai FM သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြနှင့် ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးတွင် သောကြာနေ့ မနက်က တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများက ပြောကြားသည်။

"တွေ့ဆုံ ဆွေးနွေးမှုက လုံးဝ ပွင့်လင်းမှု ရှိပါတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး" ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ယခု တွေ့ဆုံမှုသည် သူမနှင့် အခြားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး တို့အကြား ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 19 Jan 2011 ရက်စွဲပါ China police open fire on protesters: fights group သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယခု သီတင်း ပတ်ကုန်က ဆန္ဒပြသော လူအုပ်ထဲသို့ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အလုပ်သမား တစ်ရာကျော်က လုပ်ခလစာ နည်းပါးမှုကို ဆန္ဒပြရန် ဂွမ်ဇီဒေသ ဝူကျိုး မြို့တော်ရှိ အစိုးရ အဆောက်အဦသို့ ချီတက်စဉ် ရဲတပ်ဖွဲ့က ပိတ်ဆို့ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု Information Center for Human Rights & Democracy အုပ်စုက ပြောဆိုသည်။

ဟောင်ကောင် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ပြောကြားရာတွင် အနည်းဆုံး လူငါးဦးမှာ သေနတ် ကျည်ဆံ ထိမှန်ခံရပြီး၊ လူ ၂၀ ခန့် ဆေးရုံတက် ကုသနေရကြောင်းနှင့် အချို့မှာ သေနတ် ဒဏ်ရာကြောင့် ဖြစ်ပြီး၊ အချို့မှာ ဖြိုခွင်း နှိမ်နင်းခံရစဉ် ဒဏ်ရာ ရသွားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အမည် မဖော်လိုသော ဝူကျိုး ဆေးရုံမှ ဝန်ထမ်း တစ်ဦးက ပြောကြားရာတွင်မူ ဆန္ဒပြသူ ၁၈ ဦး ဆေးရုံတက် ကုသနေရပြီး ၎င်းတို့အားလုံး သေနတ် ဒဏ်ရာ ရရှိထားသည်ဟု ဆိုသည်။

သို့သော်လည်း လူနာများအား မည်သူက ပစ်ခတ်ခဲ့သည် ဆိုသည်ကို သူမက ပြောကြားရန် ငြင်းဆိုခဲ့ပြီး AFP သတင်းဌာနကလည်း ရဲတပ်ဖွဲ့က လူအုပ်ထဲသို့ အမှန်တကယ် ပစ်ခတ်ခဲ့ခြင်း ဟုတ်/ မဟုတ်ကို လွတ်လွတ်လပ်လပ် သတင်းယူ အတည်ပြု နိုင်ခဲ့ခြင်း မရှိပါ။

ဝူကျိုးမြို့ ချန်ကျိုးခရိုင်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက အဆိုပါ ကိစ္စကို AFP သို့ အတည်ပြု ပြောကြားခဲ့ပြီး၊ အလုပ်သမားများ၏ လုပ်ခ လစာကြောင့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြား ရဲတပ်ဖွဲ့ တစ်ခုက ကိုင်တွယ် ဖြေရှင်းခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကိုရီးယား ကျွန်းဆွယ် ဒေသတွင်း တင်းမာမှုများ လအတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရန် တောင်ကိုရီးယား နိုင်ငံက သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော် တောင် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများကို အဓိက ဖြစ်ပွားစေခဲ့သည့် ဖြစ်ရပ်ကြီးနှစ်ခု ဖြစ်သော ချိုနန်စစ်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် တောင်ကိုရီးယားပိုင် ကျွန်းသို့ အမြောက်ဖြင့် ပစ်ခတ်ခံရမှုတို့ ဆွေးနွေးပွဲ အာဂျင်ဒါတွင် ပါဝင်မှသာ လက်သင့်ခံမည် ဖြစ်ကြောင်း ဆိုးလ်က ဆိုသည်။

ပြုံယမ်း ကွန်မြူနစ် အစိုးရကမူ ချိုနန်စစ်သင်္ဘောအား တော်ပီတို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်သည် ဟူသော ကိစ္စကို ငြင်းပယ်ပြီး အမြောက်များဖြင့် ပစ်ခတ်မှုသည် မိမိအား ရန်စလာသောကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။

ယခုကဲ့သို့ တောင်ကိုရီးယားက ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီ လိုက်သည့် ကိစ္စအား အမေရိကန် ပြည်ထောင်စုက "အပြုသဘော ဆောင်သော အရိပ်လက္ခဏာ" ဟု သတ်မှတ် ဖော်ပြကာ ကြိုဆိုလိုက်သည်။

မည်သို့ပင်ဆိုစေ ကျယ်ပြန့်သော စေ့စပ် ညှိနှိုင်းမှုများ ပြန်လည် စတင်ရန် အလှမ်း ဝေးနေသေးကြောင်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Mark Toner က ပြောကြားသည်။

"အဓိပ္ပာယ် ပြည့်ဝတဲ့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ကျွန်တော်တို့ ပြန်လည် မစတင်နိုင်ခင် အချိန်မှာ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ လုပ်ရမှာတွေ အများကြီးရှိတယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက ဆိုသည်။ မြောက်ကိုရီးယားက ယခု ဇန်နဝါရီလ အတွင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းချက် မျိုးစုံ ပြုလုပ်ခဲ့သော်လည်း တောင်ကိုရီးယားက ပယ်ချခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိကြီးများ ပြောဆိုချက်အရ ယခု နောက်ဆုံး ပြုလုပ်သည့် ကမ်းလှမ်းချက်တွင် ယုံပြွန်ကျွန်းသို့ အမြောက် ပစ်ခတ်မှုနှင့် ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှု တို့အပေါ် အကျေအလည် ဆွေးနွေးမည့် အစီအစဉ် ပြုလုပ်ပါမည်ဟု ပါရှိကြောင်း သိရသည်။

တောင်ကိုရီယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား၏ ကမ်းလှမ်းချက်ကို လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း၊ သို့သော် မြောက်ကိုရီးယား အနေဖြင့် နှစ်နိုင်ငံ အကြား တင်းမာမှု ဖြစ်ပေါ်စေခဲ့သော ဖြစ်ရပ်ကြီး နှစ်ခုအပေါ် တာဝန်ယူမည့် လုပ်ရပ်များ လုပ်ကိုင်ပေးရန် မဖြစ်မနေ လိုအပ်ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝါရှင်တန်သို့ ရောက်ရှိနေသော တရုတ်သမ္မတ ဟူဂျင်းတောင်နှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့က ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ကိုရီးယားကျွန်းဆွယ် ဒိုင်ယာလော့ခ် စတင်ရန် တိုက်တွန်းထားသည်။ ဟူဂျင်းတောင်နှင့် အိုဘားမားတို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်းသို့ တိုက်တွန်း လိုက်ခြင်း ဖြစ်သည်။

"တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တိုးတက် ကောင်းမွန်သော ဆက်ဆံရေး အရေးပါမှုကို အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့က အထူးပင် အလေးထားပါသည်" ဟု နှစ်နိုင်ငံ ခေါင်းဆောင်တို့က ရေးသား ဖော်ပြသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာ ဖြစ်သော KCNA သတင်းဌာနက အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြုံယမ်း အစိုးရနှင့် ပွင့်လင်းသော ဆွေးနွေးမှုများ ပြုလုပ်ရန် ဆော်သြသည်။

"မြောက်ကိုရီးယား နိုင်ငံအပေါ် ထားရှိသည့် ရန်လိုသော မူဝါဒကို ပြန်လည် ဆန်းစစ်ရန် အမေရိကန် ပြည်ထောင်စုကို ကောင်းစွာ အကြံပြုလိုသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် ဒိုင်ယာလော့ခ် လမ်းကြောင်းပေါ်သို့ ပြန်လည် တက်ရောက်ရန်လည်း လိုအပ်သည်" ဟု KCNA က ဆိုသည်။

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စုလည်း ပါဝင်သည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သည်။ ယင်းသို့ နုတ်ထွက်ပြီးများ မကြာမီ အချိန်တွင် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကမူ မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဒိုင်ယာလော့ခ် ပြန်လည် လက်ခံ ပြုလုပ်ပေးရန် အဆိုပြု သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံသည် ပြီးခဲ့သည့်နှစ် မတ်လအတွင်း လူ ၄၆ ဦး သေဆုံးသော ချိုနန်စစ်သင်္ဘော တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ဆက်ဆံရေး အလွန်အမင်း တင်းမာခဲ့ရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) သည် ဒေသတွင်း သင့်တင့် လျောက်ပတ်သော ဈေးနှုန်းဖြင့် မြန်နှုန်းမြင့် ကွန်နက်ရှင် ရရှိနိုင်မည့် ကိုယ်ပိုင် အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်းကို လာမည့် ၂၀၁၅ ခုနှစ်မှ စ၍ ပိုင်ဆိုင်လာဖွယ် ရှိကြောင်း သိရသည်။

မလေးရှား သတင်း ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဒါတွတ် ဆရီဒါရာဇစ် အဆိုအရ ၁၀ ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် နည်းပညာ ဆိုင်ရာ ဝန်ကြီးများ ဆွေးနွေးပွဲတွင် အာဆီယံ တယ်လီ ဆက်သွယ်ရေး ဝန်ကြီးများက အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

သို့သော် အာဆီယံ အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်း အောင်မြင်စွာ လည်ပတ်နိုင်ရန် သုတေသနနှင့် ပြင်ဆင်မှုများစွာ ပြုလုပ်ရန် ကနဦး လိုအပ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ နောင်ကာလတွေမှာ ကျင်းပမယ့် အာဆီယံ တယ်လီ ဆက်သွယ်ရေး အရာရှိကြီးများနဲ့ ဝန်ကြီးများ ဆွေးနွေးပွဲတွေမှာ အဲဒီကိစ္စ (အာဆီယံ အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်း) က ပေါ်ပြူလာ ဖြစ်လာမယ် ဆိုတာ ကျွန်တော် မြင်ယောင်မိနေပါတယ်" ဟု မစ္စတာ ဒါတွတ် ဆရီဒါရာ ရာဇစ်က မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသော Asean ICT Masterplan 2015 ဖွင့်ပွဲ အခမ်းအနားတွင် သတင်းထောက်များကို ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို နှစ်ရက်တာမျှ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ အုပ်ချုပ်ရေး မြို့တော်သစ် နေပြည်တော်၌ ယခု နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဟု သိရသည်။

အင်တာနက် အိပ်ချိန်း ဟူသည် Third Party Network တစ်ခုမှ တစ်ဆင့် ချိတ်ဆက်ပေးခြင်းထက် ကွန်ယက်များ အချင်းချင်း တိုက်ရိုက် ချိတ်ဆက်ပေးသော ပွိုင့်တစ်ခု အဖြစ် အဓိက လည်ပတ် လုပ်ကိုင် ပေးခြင်းမျိုးကို ဆိုလိုသည်။ အင်တာနက် အိပ်ချိန်း ရှိခြင်းကြောင့် အင်တာနက် သုံးသူများ စားရိတ်စက သက်သက် သာသာဖြင့် မြန်နှုန်းမြင့် အင်တာနက် ကွန်နက်ရှင်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိ အနေအထားတွင် အာဆီယံ ဒေသမှ အင်တာနက် သုံးသူများမှာ စင်ကာပူ သို့မဟုတ် အမေရိကန် ပြည်ထောင်စုမှ Web Server များမှ တစ်ဆင့် လွှတ်တင်သော ဝက်ဘ်ဆိုက်များကို အသုံးပြုနေခြင်း ဖြစ်သည်။ အကြောင်းမှာ စင်ကာပူနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် နိုင်ငံတကာ တယ်လီ ဆက်သွယ်ရေး ကေဘယ်များ ပိုမို ရှိထားပြီး လုပ်ကိုင် လည်ပတ်သည့် စရိတ်စက ချိုသာသည့် အနေအထားတို့ ရှိနေသောကြောင့် ဖြစ်သည်။

ဒိုမိန်းနာမည် ဟူသည် အင်တာနက်တွင် ကိုယ်ပိုင် စီမံ အုပ်ချုပ်ခွင့် ရသော၊ လုပ်ပိုင်ခွင့် ရရှိသော နယ်ပယ်တစ်ခုကို ညွှန်းဆိုသော အသိအမှတ်ပြု လေဘယ် တစ်ခုကို ဆိုလိုသည်။ လက်ရှိ အနေအထားတွင် ဥရောပ သမဂ္ဂ၏ ဒိုမိန်း နာမည်မှာ ".eu" ဖြစ်ရာ အကယ်၍ အာဆီယံ ဒိုမိန်း နာမည်ရမည် ဆိုပါက ၎င်းနှင့် အလားသဏ္ဍာန် တူသည့် နာမည်မျိုး ဖြစ်လာဖွယ် ရှိသည်။

Bernama မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းမှ 20 January 2011 ရက်စွဲပါ "US, China Want North Korea to End Provocation" ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား၏ ဆက်လက် ကျူးကျော် ရန်စမှုများ ရပ်ဆိုင်းစေရန် ဝါရှင်တန်နှင့် ဘေဂျင်းက ဆန္ဒ ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက တရုတ် ခေါင်းဆောင် ဟူဂျင်းတောင်နှင့် ထိပ်သီး ဆွေးနွေးပွဲ အပြီး ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

"ကိုရီးယား ကျွန်းဆွယ် ပေါ်က တင်းမာမှုတွေကို လျှော့ချဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်၊ မြောက်ကိုရီးယား အနေနဲ့ ဆက်လက် ကျူးကျော် ရန်စမှုတွေကို ရှောင်ရှား ရပါလိမ့်မယ်" ဟု သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူဂျင်းတောင် နှင့်အတူ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အိုဘားမားက ကိုရီးယား ကျွန်းဆွယ် နျူကလီယာ လုံးဝ ကင်းစင်ရေးသည် အရာ အားလုံးထက် အရေးပါသော ပန်းတိုင် ဖြစ်ရမည်ဟု ယင်းနှင့် သမ္မတ ဟူဂျင်းတောင်တို့ သဘော တူညီခဲ့ကြသည်ဟု ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရှင်းရှင်းလင်းလင်း ဆက်လက် ကြေညာ ရမှာကတော့ မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်မှု အစီအစဉ်ဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ တာဝန်နဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် ဝတ္တရားတွေကို ချိုးဖောက်တာ ဖြစ်တယ် ဆိုတဲ့ အချက်ပါပဲ" ဟု သမ္မတ အိုဘားမားက ဆက်လက် ပြောကြားသည်။

ယခင်နှစ်က တောင်ကိုရီးယားရှိ အရပ်သားများ နေထိုင်ရာ ဒေသကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယား စစ်သင်္ဘော တစ်စင်းကိုလည်း ပစ်ခတ် နှစ်မြှုပ်ခဲ့သည်ဟု စွပ်စွဲ ခံရသော မြောက်ကိုရီးယား နိုင်ငံ၏ မှီခိုရာ အဓိက မဟာမိတ်မှာ တရုတ်နိုင်ငံ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.